Saturday, May 29, 2010

မောင်ပေါ်ထွန်း ဘာသာပြန် ကမ္ဘာရန် အပိုင်း (၂၆)

အခန်း (၂၆)

၁၉၄၅ ခုနှစ်၊ မေလ ၇ ရက်နေ့တွင် ပြင်သစ်နိုင်ငံ အရှေ့မြောက်ပိုင်း ' ရိမ်းစ်' မြို့၌ ဂျာမန်ဗိုလ်ချုပ်ကြီး အက်လ်ဖရက်ဂျိုဒယ်က အကန့်အသတ်မရှိ လက်နက်ချစာချုပ်ကို တရားဝင် လက်မှတ်ရေးထိုးသည်။
စစ်အောင်ပွဲနှင့် စစ်ကြီးပြီးဆုံးသည့် အထိမ်းအမှတ်ပွဲသို့ တက်ရောက်ရန် အေဘယ်သည် နယူး ယောက် မြို့သို့ ပြန်ရောက်လာခဲ့သည်။ သည်လိုနှင့် နယူးယောက်မြို့တော် လမ်းမများပေါ်တွင် ယူနီဖောင်း ၀တ်လူငယ်တွေ ပျားပန်းခတ်မျှ ကြိတ်ကြိတ်တိုး စည်ကားလာပြန်သည်။ သို့သော် သည်အကြိမ် တွင်ကား သူတို့၏ မျက်နှာပေါ်တွင် စိုးရိမ်ကြောက်လန့်ခြင်း အရိပ်အရောင် လုံးမရှိတော့ဘဲ ပျော်ရွှင် ၀မ်းမြောက်ခြင်း အရိပအရောင်များသာ ဖုံးလွှမ်းလျက်ရှိကြသည်။

သူတို့တစ်တွေ ၀မ်းသာရွှင်မြူးနေကြသော်လည်း အေဘယ်ကတော့ ၀မ်းမသာနိုင်။ ခြေတစ်ဖက် လက်တစ်ဖက် ပြတ်နေသူများ၊ မျက်စိ စုံလုံးကန်းနေသူများနှင့် အမာရွတ်ကြီးတွေနှင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေသူများကို မြင်ရသောအခါ အေဘယ်မှာ အထူးပင် မချိတင်ကဲ ၀မ်းနည်းခြင်း ဖြစ်မိလေသည်။ မိုင်ပေါင်း လေးထောင်ကျော်မျှ ဝေးလံသော တစ်နေရာတွင် စာရွက်ပေါ်၌ သက်ဆိုင်သူများက လက်မှတ် တစ်ချက် ထိုးလိုက်ခြင်းဖြင့် ဒုတိယအကြိမ် ကမ္ဘာ့လူသတ်ပွဲကြီး ပြီးဆုံးသွားခဲ့သော်လည်း အဆိုပါ လူငယ်များအဖို့ရာတွင်ကား စစ်ကြီးသည် ဘယ်နံရောအခါမျှ ပြီးဆုံးနိုင်စရာ မရှိတော့။ စစ်ကြီးက သူတို့ တစ်တွေ အား သေရာပါ တံဆိပ်အမှတ်အသားများကို ရာသက်ပန် ခတ်နှိပ်နှင်းအပ်လိုက်ပြီ မဟုတ်ပါလား။

အေဘယ်သည် ဗိုလ်မှူးကီးဝတ်စုံဖြင့် ' နယူးယောက်နယ်စား ' ဟိုတယ်ထဲသို့ ၀င်လာသောအခါ သူ့ကို တစ်ယောက်မျှ မမှတ်မိကြ။
သူတို့က ဘာကြောင့်များ သူ့ကို မမှတ်မိကြပါလိမ့်။
လွန်ခဲ့သော သုံးနှစ်တုန်းက သူတို့က သူ့ကို အရပ်ဝတ် အရပ်စားဖြင့် နောက်ဆုံးအကြိမ် မြင်လိုက်ကြ ရစဉ်က သူ့မျက်နှာတွင် ယခုလို ဇရာ၏ အရေးအကြောင်းများ လုံးဝမရှိသေး။ အားမာန်ပြည့်နှင့် နုပျို လန်းဆန်း နေဆဲပင် ရှိသေးသည်။

ယခုတော့ သူသည် အသက် ၃၉ နှစ်ထက် ရင့်ရော်အိုစာခဲ့ပြီ။ ကမ္ဘာ့စစ်ကီးက သူ့နဖူးတွင် ပေါ်လွင်သော အရေးအကြောင်းများကို မှတ်သားပေးလိုက်ပြီ။
သူသည် ဓာတ်လှေကားဖြင့် ၄၂ ထပ်ရှိ သူ့ရုံးခန်းသို့ တက်လာခဲ့သည်။ လုံခြုံရေး အစောင့်က သူ့အား အခန်းမှားလာပြီထင်တယ်ဟု ဆီးပြောသည်။
' ဂျော့နော်ဗက် ဘယ်မှာလဲ ' သူက ခပ်တည်တည်ဖြင့် ပြန်မေးလိုက်သည်။

' ဒါဖြင့် သူနဲ့ စကားပြောချင်တယ်၊ ခဏ ဖုန်းဆက်ပေးစမ်းပါ '
' ဘယ်သူ ဆက်တာလို့ ပြောလိုက်ရပါ့မလဲ '
ဤတွင် လုံခြုံရေးအစောင့်က လှည့်ပင် မကြည့်တော့ဘဲ တစ်ချိုးတည်း သုတ်ခြေတင် ထွက်ခွာသွား တော့ သည်။

*
ဂျော့၏ ကြားနေကျအသံ လိုင်းဝင်လာသည်။
အကြောင်းစုံ သိရ၍ အေဘယ်က တော်တော်ဝမ်းသာမိသည်။ ထို့ကြောင့် နယူးယောက်တွင် ညမအိပ်တော့ ဘဲ မိုင် ၈၀၀ ကျော်ဝေးသော ရှီကာဂိုသို့ လေယာဉ်ဖြင့် ညတွင်းချင်း လိုက်သွားရန် ဆုံးဖြတ် လိုက်သည်။
သူသည် ဂျော့၏ လုပ်ငန်းဆိုင်ရာ အစီရင်ခံစာများကို အပြည့်အစုံယူလာပြီး လေယာဉ်ပေါ်တွင် ဖတ်လာ ခဲ့သည်။

စစ်အတွင်း နယ်စားကုမ္ပဏီသည် စီးပွားရေးဖြစ်ထွန်းခဲ့ကြောင်း တွေ့ရသည်။ အေဘယ်မရှိတုန်းတွင် ဂျော့ က လုပ်ငန်းအ၀၀ကို နိုင်နိုင်နင်းနင်း စီမံအုပ်ချုပ်ထားနိုင်ခဲ့သည်။ ဟိုတယ်အမှုထမ်းတွေ တော်တော် များများ စစ်ထဲလိုက်ပါသွားကြရသည့် တိုင်အောင် လုပ်ငန်းကို လုံးဝမထိခိုက်။ နှစ်စဉ် အမြတ်ငွေတွေက မြင့်မြဲ မြင့်နေသည်။ သည်လိုဖြစ်ရသည်မှာလည်း အမေရိကန်တစ်ပြည်လုံးတွင် စစ်သားတွေနှင့် ပြည်သူ တွေ အပြောင်းအရွှေ့များပြီး ဟိုတယ်များတွင် လူတွေ ပြည့်နေခဲ့သောကြောင့်ပင် ဖြစ်သည်။ အေဘယ်က စစ်ပြန်ဟိုတယ်အမှုထမ်းများအနက်မှ အတော်ဆုံးလူများကို တခြားဟိုတယ်တွေထက် ဦးအောင် သူ့ဟိုတယ်များတွင် ပြန်လည်ခန့်ထားရန် ဆုံးဖြတ်လိုက်သည်။

မက်ဒ်ဝေး လေဆိပ်ရောက်သောအခါ ဂျော့က လေယာဉ်ကွင်းဂိတ်ဝတွင် အသင့်ကြိုနေသည်ကို တွေ့ရ သည်။ ဂျော့က ရုပ်ရည်များစွာ ပြောင်းလဲမသွား၊ နည်းနည်းဝပြီး ဆံပင်နည်းနည်း ပါးသွားတာပဲ ရှိသည်။
သူငယ်ချင်းနှစ်ယောက် မျက်နှာချင်းဆိုင်ရာ တစ်ယောက်အကြောင်း တစ်ယောက် တစ်နာရီခန့်မျှ အပြန် အလွန် ဖောက်သည်ချကြပြီးသောအခါ သုံးနှစ်တာမျှ ကွာဟနေခဲ့ကြသော ကြားကာလသည် တစ်စပ်တည်း ဖြစ်သွားသည်။ အေဘယ်သည် ဘယ်ကိုမျှ မသွားခဲ့ဘဲ အလုပ်ခွင်တွင်ပင် အမြဲတမ်း ရှိနေခဲ့ သလို ဖြစ်သွားသည်။ သစ္စာရှိ၍ တာဝန်ကျေပွန်သော သူငယ်ချင်းအတွက် အေဘယ်က ဂုဏ်ယူ ၀မ်းသာ မိသည်။ သူတို့ နှစ်ယောက်အား ဖူးစာဆုံအောင် ဖန်တီးပေးခဲ့သော ' မြှားနတ် ' သင်္ဘောကြီးကိုလည်း ကျေးဇူး တင် မိသည်။

အေဘယ်သည် အိမ်သို့ တန်းမပြန်သေးဘဲ ရှိကာဂိုနယ်စားဟိုတယ်ကို လှည့်လည် စစ်ဆေးကြည့်သည်။ စစ်အတွင်း အစစ အရာရာ ရှားပါးမှုကြောင့် အဆောက်အအုံ အတွင်းအပြင်နှင့် ပရိဘောဂများ၏ အရောင် အဆင်းများ တော်တော် ပျက်ပြယ် ယိုယွင်းနေသည်ကို တွေ့ရသည်။ ဒါတွေအားလုံး အမြန်ဆုံး ပြန်ပြီး ပြုပြင်မွမ်းမံရဦးမည်ဟု အေဘယ်က စိတ်ထဲတွင် တေးမှတ်ထားလိုက်သည်။
လောလောဆယ် ကိစ္စကတော့ ဇနီးနှင့် သမီးတို့အား သွားတွေ့ရန် ဖြစ်သည်။

သမီးဖြစ်သူ ဖလော်ရင်တီနာကို မြင်လိုက်ရသောအခါ အေဘယ်က ၀မ်းသာအံ့သြ ဖြစ်နေမိသည်။ ဖလော် ရင်တီနာက ၁၁ နှစ်တောင် ရှိသွားပြီ။ ချောကလည်း အလွန်ချောသည်။
သို့သော် ဇနီးသည် ဇာဖီယာနှင့် ပြန်တွေ့ရသောအခါတွင်ကား အေဘယ်မှာ ၀မ်းမသာရဘဲ စိတ်ဆင်းရဲမှု နှင့်သာ ကြုံရသည်။ လွန်ခဲ့သော သုံးနှစ်အတွင်း ဂျော့အနေဖြင့် ဘာမှ ပြောင်းလဲမှု မရှိသော်လည်း ဇာဖီယာ ကတော့ တော်တော်ကြီးကို ပြောင်းလဲနေသည်ကို တွေ့ရသည်။

ဇာဖီယာမှာ အသက် ၃၈ နှစ်သာ ရှိသေးသော်လည်း အရွယ်နှင့်မလိုက်အောင် အိုစာနေသည်။ ကိုယ်ခန္ဓာ ကလည်း ယခင်ကထက် နှစ်ဆလောက် ၀သွားသည်။
အဆိုးဆုံးကတော့ သူတို့လင်မယားနှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် အတွေးအမြင်ချင်း မတူ ကြခြင်း ပင်ဖြစ်သည်။ သူတို့နှစ်ယောက်၏ ဆက်ဆံရေးသည် ယခင်အတိုင်း ပြန်ဖြစ် မလာနိုင် တော့ကြောင်း မကြာခင်မှာပင် အေဘယ်က သဘောပေါက်မိတော့သည်။

ဇာဖီယာသည် လင်ဖြစ်သူအား ယုယမှုလည်း မရှိ၊ လင်ဖြစ်သူ၏ လုပ်ငန်းအောင်မြင်မှုအတွက် ဂုဏ်ယူရကောင်းမှန်းလည်း လုံးဝမသိ။
ဤသို့ဖြစ်ရသည့်အတွက် အေဘယ်အနေဖြင့် တော်တော်ပင် ၀မ်းနည်းမိသည်။ သို့သော် သူက တတ်နိုင် သမျှတော့ ကြိုးစားကြည့်သည်။ သူ့လုပ်ငန်း၊ သူ့ဘ၀တွင် ဇာဖီယာလည်း ထက်ကြပ်မကွာ ပါဝင်လာရန် စည်းရုံး တွဲခေါ်ကြည့်သည်။ သို့သော် ဇာဖီယာက ဘယ်လိုမှ တုံ့ပြန်မှုမပြ။

သည်အတိုင်းဆိုလျှင် သူတို့ အိမ်ထောင်ရေး အဆင်မှ ပြေပါတော့မလားဟု အေဘယ်က စိုးရိမ်မကင်း ဖြစ်မိ သည်။ သို့ဖြင့် လူတို့လင်မယားသည် တစ်နေ့ထက် တစ်နေ့ နီးလျက်နှင့်ဝေးဝေးလာသည်။ အေဘယ်သည် ဇာဖီယာ၏ ရုပ်ရည်ကိုလည်း စိတ်မ၀င်စားတော့။ စိတ်ဓာတ်ကိုလည်း မလေးစားတော့။
ကြာတော့ သူက အကြောင်းအမျိုးမျိုးပြကာ ရှီကာဂိုမှ ဝေးရာသို့သာ မကြာခဏ သွားနေတော့သည်။

သူသည် ကျောင်းပိတ်ရက်တွင် သမီးငယ် ဖလော်ရင်တီနာကိုခေါ်ပြီး တခြားမြို့များရှိ နယ်စား ဟိုတယ်များ သို့ ခရီးရှည် သွားရောက်လည်ပတ်သည်။ စစ်မြေပြင်မှ ပြန်လာပြီးနောက် ပထမခြောက်လအတွင်းတွင် ယင်းသို့ပင် အမြဲလိုလို ခရီးထွက်နေခဲ့သည်။
သို့ဖြင့် တစ်နှစ်အတွင်း သူ့ဟိုတယ်အားလုံးသည် သူမျှော်လင့်ထားသည့်အတိုင်းပင် ကျေနပ်လောက် အောင် စံချိန်မီလာခဲ့ကြသည်။ သည်ထက်သည် ပိုမိုတိုးချဲ့ရေးကိုသာ အမြဲတမ်း အကြံထုတ်လျက်ရှိသည်။

နောက်သုံးလပတ် ကုမ္ပဏီ အစည်းအဝေးတွင် အေဘယ်က မစ္စတာ ကာတစ်ဖင်တန်အား သူ့အကြံကို ထုတ်ဖော်ပြောပြလိုက်သည်။
' မက္ကစီကိုနိုင်ငံနဲ့ ဘရာဇီးနိုင်ငံတွေမှာလည်း ဟိုတယ်သစ်ဖွင့်ဖို့ အချိန်တော်ပြီလို့ ဈေးကွက်သုတေသန အဖွဲ့က အကြံပေးပါတယ်။ သူတို့က တခြားသင့်တော်မည့် နေရာတွေကိုလည်း ဆက်လက် လေ့လာနေ ကြတယ်၊ အင်း ... ' မက္ကစီကိုစီးတီးနယ်စား ' ပြီးတော့ ' ရီယိုဒီဂျာရိုနယ်စား ' မဆိုးဘူး၊ အလုပ်ဖြစ်မှာပဲ '
အေဘယ်က သူ့စိတ်ကူးနှင့်သူ တော်တော် သဘောကျနေသည်။

' ကောင်းပါတယ် ' မစ္စတာဖင်တန်က ထောက်ခံသည်။ ' လုပ်ချင်ရင် လုပ်နိုင်ပါတယ်၊ အဆောက်အအုံ လုပ်ဖို့အတွက် သီးသန့်ရန်ပုံငွေကလည်း အလုံအလောက် ရှိတာပဲ၊ ခင်ဗျားမရှိတုန်း ပိုက်ဆံတွေ တော်တော် စုမိထားတယ်၊ ကြိုက်တဲ့နေရာမှာ ဆောက်လို့ရပါတယ်၊ ဒါနဲ့ ဒီအတိုင်းဆို ခင်ဗျားတော့ တစ်ကမ္ဘာလုံးအနှံ့ ဟိုတယ်တွေ လိုက်ဆောက်တော့မယ် ထင်တယ် မစ္စတာရို့စနော့စကီး၊ ဒီအလုပ်ကို ခင်ဗျား ဘယ်တော့မှ ရပ်မယ် ဆိုတာ ဘုရားသခင်မှပဲ သိတော့မယ် ထင်ပါရဲ့ '

' တစ်နေ့တော့ ပိုလန်နိုင်ငံ ၀ါဆောမြို့မှာလည်း နယ်စားဟိုတယ်တစ်ခု ဖွင့်ရဦးမယ် မစ္စတာ ဖင်တန်၊ အဲဒါပြီးမှပဲ ဘယ်တော့ရပ်မလဲဆိုတာ စဉ်းစားရမှာပဲ၊ ကျွန်တော်က ဂျာမန်တွေကိုတော့ အောင်ပွဲခံပြီးပြီ၊ ရုရှတွေကိုလည်း အောင်ပွဲခံရဦးမှာပဲ '
မစ္စတာဖင်တန်က ရယ်သည်။ (တကယ်ပင် ထိုနေ့ညနေပိုင်းတွင် သူ့မိန်းမနှင့် တွေ့တော့ ၀ါဆောတွင် နယ်စားဟိုတယ် ဆောက်ဖို့ ဆုံးဖြတ်ပြီးကြောင်း သူက ထုတ်ဖော်ပြောခဲ့သည်။ )
' ဒါနဲ့ လက်စတာဘဏ်ကိစ္စက ဘယ်လိုလဲ၊ ကျွန်တော် ဘယ်လို ၀င်လို့ရမှာလဲ '

အေဘယ်က ရုတ်တရက် ခေါင်းစဉ်ပြောင်းသွားသဖြင့် မစ္စတာဖင်တန်မှာ စိုးရိမ်မကင်း ဖြစ်သွားမိသည်။ အေဘယ်သည် မစ္စတာလီရွိုင်းသေဆုံးရခြင်းမှာ ၀ီလျံကိန်း၏ ပယောဂကြောင့် ဖြစ်သည်ဟု စွဲမြဲစွာ ခံယူထားပြီး ၀ီလျံကိန်းအပေါ်တွင် လက်စားချေရန် ကြံနေပြီဟု တွေးမိ၍ မစ္စတာဖင်တန်က စိုးရိမ်မိခြင်း ဖြစ်သည်။
သူက စပါယ်ရှယ်ဖိုင်တွဲကို ဖွင့်လိုက်ပြီး ဖတ်ပြသည်။

' လက်စတာ၊ ကိန်း အင် ကုမ္ပဏီရဲ့ ရှယ်ယာတွေကို လက်စတာမိသားစုဝင် ၁၄ ဦး၊ ယခင် အမှုထမ်းဟောင်း နှင့် လက်ရှိအမှုထမ်းခြောက်ဦး၊ ပြီးတော့ မစ္စတာကိန်းတို့က ပိုင်ကြတယ်၊ မစ္စတာကိန်းက ရှစ်ရာခိုင်နှုန်း ပါဝင်တယ် '
' အဲဒီတော့ လက်စတာ မိသားစုတစ်ယောက်ကများ ရှယ်ယာပြန်ရောင်းဖို့ အခြေအနေ မရှိဘူးလား '
' သင့်တော်တဲ့ ဈေးပေးရင်တော့ ရောင်းမှာပဲ၊ မစ္စတာ လက်စတာရဲ့ သမီးမစ္စ ဆူဆန်လက်စတာက သူ့ရှယ်ယာ ကို ပြန်ရောင်းချင်တယ်လို့ ပြောတယ်၊ ပြီးတော့ ဒုတိယဥက္ကဋ္ဌဟောင်း မစ္စတာ ပီတာပါဖစ် ကလည်း သူ့ရှယ်ယာကို ပြန်ရောင်းချင်နေတယ် '

' သူတို့နှစ်ယောက်က ဘယ်နှစ်ရာခိုင်နှုန်းစီ ပိုင်ကြသလဲ '
' ဆူဆန်က ခြောက်ရာခိုင်နငန်း၊ ပါဖစ်က နှစ်ရာခိုင်နှုန်း '
' သူတို့က ဘယ်လောက်ဈေးခေါ်သလဲ '
မစ္စတာဖင်တန်က ဖိုင်တွဲကို ပြန်လှန်နေသည်။ အေဘယ်က လက်စတာဘဏ်၏ နောက်ဆုံးနှစ်ပတ်လည် အစီရင်ခံစာ ကို လှန်ကြည့်လိုက်သည်။ သူ့မျက်လုံးများက အခန်း (၇)ခန်းကို အာရုံသွားစိုက်မိသည်။

မစ္စတာဖင်တန်က ပြောသည်။
' မစ္စဆူဆန်လက်စတာက သူပိုင်တဲ့ ခြောက်ရာခိုင်နှုန်း ရှယ်ယာအတွက် ဒေါ်လာ နှစ်သန်း တောင်းတယ်၊ မစ္စတာပါဖစ်ကတော့ နှစ်ရာခိုင်နှုန်းအတွက် ဒေါ်လာတစ်သန်းတောင်းတယ် '
' မစ္စတာပါဖစ်က တော်တော် လောဘကြီးတာပဲ၊ အဲဒီတော့ ကျွန်တော်တို့က သူ မရောင်းမဖြစ်တဲ့ အခြေအနေမျိုး ရောက်လာတဲ့အထိ စောင့်ကြည့်နေရမယ်၊ မစ္စဆူဆန် လက်စတာရဲ့ ရှယ်ယာကို အမြန်ဆုံး ၀ယ်ယူ လိုက်ပါ၊ ဒါပေမဲ့ ဘယ်သူဝယ်တယ်ဆိုတာ မသိပါစေနဲ့၊ မစ္စတာပါဖစ်ရဲ့ အခြေအနေကို စောင့်ကြည့် ပီး သူ စိတ်ပြောင်းလာတဲ့ခါ ကျွန်တော့်ကို ပြောပါ '
မစ္စတာဖင်တန်က တဟွတ်ဟွတ်နှင့် ချောင်းဆိုးနေသည်။

' ဘယ်လိုဖြစ်တာလဲ မစ္စတာဖင်တန်၊ တစ်ခုခုများ အနှောင့်အယှက် ဖြစ်သွားလို့လား '
မစ္စတာဖင်တန်က ခေတ္တတုံ့ဆိုင်းနေပြီးတော့ မှ -
' အို ... မဖြစ်ပါဘူး၊ ကျုပ် ဘာမှမဖြစ်ပါဘူး '
' အဲဒီတော့ အဲဒီစာရင်းကို ကြီးကြပ်ဖို့အတွက် ကျွန်တော် လူတစ်ယောက် တွေ့ထားတယ်။ သူ့ကို မစ္စတာဖင်တန်လည်း သိချင်သိမှာပါ၊ နာမည်က ဟင်နရီ အော့စဘွန်း ... တဲ့ '
' လွှတ်တော်အမတ် ဟင်နရီအော့စဘွန်းလား '

' ဟုတ်ပါတယ်၊ မစ္စတာဖင်တန်နဲ့ ရင်းနှီးလို့လား '
' မရင်းနှီးပါဘူး၊ နာမည်ကြီးလို့ သိနေတာပါ '
မစ္စတာဖင်တန်၏ စကားတွင် အော့စဘွန်းအား မလိုလားသည့် အရိပ်အရောင် ပါနေသည်။

သို့သော် အေဘယ်က ယင်းအချက်ကို မသိချင်ယောင်ဆောင်နေလိုက်သည်။ တကယ်တော့ ဟင်နရီ အော့စဘွန်းအကြောင်းကို သူလည်း ချေးခါးအူမသိထားပြီး ဖြစ်သည်။ သို့သော် အော့စဘွန်းတွင် အခြား ကောင်းသော အရည်အချင်းများလည်း ရှိသေးသဖြင့် အေဘယ်က သူ့ရည်ရွယ်ချက်နှင့်သူ အသုံးချလို၍ အလုပ်တာဝန်ပေးခြင်းဖြစ်သည်။ ပြီးတော့လည်း တစ်ယောက်နှင့်တစ်ယောက်သာ ဖော်၍ မပြောကြ သော်လည်း သူတို့နှစ်ယောက်စလုံးတွင် ၀ီလျံကိန်းနှင့်ပတ်သက်၍ တူညီသော ခံစားချက်များ ရှိထား ကြသည် မဟုတ်ပါလား။

' ကျွန်တော်က မစ္စတာ အော့စဘွန်းကို နယ်စားကုမ္ပဏီမှာ ဒါရိုက်တာလူကြီးတစ်ယောက်အဖြစ် ၀င်လုပ်ဖို့ ကမ်းလှမ်းထားတယ်၊ သူ့ကို လက်စတာဘဏ်စာရင်းအတွက် အထူးတာဝန်ပေးမယ်၊ ဒီကိစ္စကိုလည်း ဘယ်သူမှ မသိစေရဘူး၊ ထိပ်တန်း လျှို့ဝှက်ချက်တစ်ရပ်အဖြစ် လျှို့ဝှက်ထားရမယ် '
' ကောင်းပါတယ်၊ ခင်ဗျားကြိုက်လို လုပ်ပါ '

မစ္စတာဖင်တန်က စိတ်မချမ်းသာစွာဖြင့် ပြန်ပြောသည်။ သူ့စကားကြောင့် အေဘယ်က တစ်မျိုး တစ်မည် များ ထင်သွားလေမည်လားဟုလည်း တွေးလိုက်မိသည်။
' အဲဒီတော့ မစ္စဆူဆန်လက်စတာနဲ့ ကိစ္စပြတ်ပြီးတဲ့အခါ ကျွန်တော့်ကို ပြန်ပြောပါ '
' ကောင်းပါပြီ မစ္စတာရို့စနော့စကီး '
ဖင်တန်က ခေါင်းမဖော်ဘဲ ပြန်ပြောလိုက်သည်။

အေဘယ်သည် နေ့လယ်စာစားရန် နယ်စားဟိုတယ်သို့ ပြန်လာခဲ့သည်။ ဟင်နရီ အော့စဘွန်းက သူ့ကို အသင့်စောင့်နေသည်။
' ဟလို ... လွှတ်တော် အမတ်မင်း '
ဆင်ဝင်အောက်တွင် ရပ်နေသော အော့စဘွန်းအား အေဘယ်က နှုတ်ဆက်လိုက်သည်။
' ဟလို ... နယ်စားကြီး '
နှစ်ယောက်သား သဘောကျစွာ ရယ်လိုက်ကြသည်။ ထို့နောက် လက်ချင်းဆွဲကာ စားသောက်ခန်းထဲ ၀င်လာခဲ့ကြပြီး အခန်းထောင့်စားပွဲတွင် ထိုင်ကြသည်။
စားပွဲထိုးတစ်ယောက်အား ၀တ်စုံတွင် ကြယ်သီးတစ်လုံး ပြုတ်နေသဖြင့် အေဘယ်က အနားခေါ်ပြီး သတိ ပေး ဆုံးမလိုက်သည်။
' ခင်ဗျား မိန်းမ နေကောင်းရဲ့လား အေဘယ် '

' နေကောင်းလိုက်သမှ ၀ပြဲနေတာပဲ၊ မစ္စတာအော့စဘွန်းရဲ့ ဇနီးကကော ဘယ့်နှယ်လဲ '
' သူလည်း သိပ်ကောင်းပေါ့ '
' ဒါနဲ့ ဘာသတင်းထူးသလဲ '
' အတ္တလန္တာမြို့အတွက် ခွင့်ပြုချက်ကျတော့မယ်၊ နောက် ... သုံးလေးရက်ဆိုရင် လိုအပ်တဲ့ စာရွက် စာတမ်းတွေ ထုတ်ပေးတော့မယ်၊ လဆန်းရင် အတ္တလန္တာနယ်စား ဟိုတယ် ဆောက်လုပ်ရေး စနိုင်ပြီ'
' ဒါပေမဲ့ ကျွန်တော်တို့က တရားမ၀င်တဲ့သဘောနဲ့ ရတဲ့ခွင့်ပြုချက်မျိုးတော့ မလိုချင်ဘူး မစ္စတာ အော့စဘွန်း '
' ဟုတ်ပါတယ်၊ အဲဒီလို မဖြစ်စေရပါဘူး၊ ခင်ဗျားနဲ့ အပြိုင်တင်တဲ့ လူတွေက လန့်သွားကြပါပြီ '

အော့စဘွန်းက ရယ်လိုက်သည်။
' ဒီလိုကြားရတာ ၀မ်းသာပါတယ်၊ မစ္စအော့စဘွန်း၊ ကျွန်တော်က ဥပဒေနဲ့ ဆန့်ကျင်တာဆိုရင် လုံးဝမလုပ်ချင်လို့ပါ '
' ဘာမှမဖြစ်ပါဘူး၊ ဒီအတွက် လုံးဝမပူပါနဲ့၊ တကယ်တော့ အဖြစ်မှန်ကို ခင်ဗျားနဲ့ ကျွန်တော်တို့ပဲ သိတာပါ '
' ကောင်းပါတယ်ခင်ဗျား၊ ဒီတော့ မစ္စတာအော့စဘွန်းဟာ ကျွန်တော့်အတွက် အကျိုးဆောင်ပေးလာတာ တော်တော်ကြာပါပြီ၊ အဲဒီအတွက် ကျွန်တော်က လက်ဆောင်ကလေးတစ်ခု ပြန်ပေးချင်နေတယ်၊ နယ်စား ကုမ္ပဏီမှာ ဘုတ်အဖွဲ့ဝင် ဒါရိုက်တာ လူကြီးအဖြစ် လုပ်နိုင်ပါ့မလား '

' ဘယ့်နှယ်မေးပါလိမ့် အေဘယ်၊ တကယ်သာ မှန်ရင်တော့ ၀မ်းသာမဆုံး ဖြစ်စရာပေါ့ '
' မစ္စတာအော့စဘွန်းဟာ ဒီပြည်နယ်နဲ့ မြို့နယ်ပါမစ်တွေကို အမြန်ဆုံး ရရှိနိုင်အောင် အကူအညီပေးခဲ့တယ်၊ ကျွန်တော့်မှာက အဲဒီဗျူရိုကရက် အရာရှိတွေ၊ နိုင်ငံရေး သမားတွေနဲ့သွားပြီး ဆက်ဆံနေဖို့ အချိန်မရဘူး '
' ခင်ဗျားရဲ့ လက်ဆောင်က တော်တော် ရက်ရောတာပဲ အေဘယ် '

'မစ္စတာအော့စဘွန်း ရသင့်တာထက် နည်းတောင် နည်းနေပါသေးတယ်၊ အဲဒီတော့ မစ္စတာ အော့စဘွန်း အနေနဲ့ အရေးကြီးတဲ့ တာဝန်ကို ယူစေချင်တယ်။ ဒီကိစ္စကို ထိပ်တန်းလျှို့ဝှက်ထားဖို့တော့ လိုအပ်တယ်၊ မစ္စတာအော့စဘွန်းအနေနဲ့ အချိန်တော့ သိပ်မကုန်ပါဘူး၊ ကိစ္စကတော့ ဘော့စတွန်းက ကျွန်တော်တို့ နှစ်ယောက်ရဲ့ ဘုံရန်သူဖြစ်တဲ့ မစ္စတာဝီလျံကိန်းကို နည်းနည်းပါးပါး လက်စားချေဖို့ ကိစ္စပါပဲ '
စားပွဲထိုးမှူးက အမဲကြော်နှင့် ယုန်သားကြော်များ လာချပေးပြီး ပြန်ထွက်သွားသည်။

ဝီလျံကိန်းအား လက်စားချေရေး စီမံကိန်းကို အေဘယ်က အသေးစိတ် ပြောပြရာ အော့စဘွန်းက အလွန်စိတ်ဝင်စားစွာဖြင့် နားထောင်နေသည်။

*
၁၉၄၆ ခုနှစ်၊ မေလ ၈ ရက်နေ့မှ နောက်ဆုံး လေးရက်အကြာတွင် အေဘယ်သည် ' ဥရောပ အောင်ပွဲ ' တစ်နှစ်မြောက် အထိမ်းအမှတ်ကို တက်ရောက်ရန် နယူးယောက်သို့ ပြန်လာခဲ့သည်။ သမီးငယ် ဖလော်ရင် တီနာကိုလည်း သူနှင့်အတူ ခေါ်လာခဲ့သည်။

အေဘယ်က ပိုလန်အမျိုးသား စစ်ပြန်စစ်မှုထမ်းဟောင်း တစ်ထောင်ကျော်တို့အား နယ်စားဟိုတယ်တွင် ညစာ စားပွဲဖြင့် ဂုဏ်ပြုဧည့်ခံသည်။
၁၉၄၃ ခုနှစ် နောက်ပိုင်း ပြင်သစ်နိုင်ငံရှိ ပိုလန်တပ်များ၏ စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး ကာဇင်မားစ် ဆိုစကော့စကီး လည်း အထူးဧည့်သည်တော်အဖြစ် တက်ရောက်သည်။
ဧည့်ခံပွဲညတွင် နယူးယောက်နယ်စား ဟိုတယ်စားသောက်ခန်းတစ်ခုလုံး ထိန်ထိန်လင်းလျက် ဧည့်ပရိသတ် တွေ ကြိတ်ကြိတ်တိုး စည်ကားနေသည်။ စားပွဲအလုံးပေါင်း ၁၂၀ ပေါ်တွင် အမေရိကန် အလံနှင့် ပိုလန် အမျိုးသားအလံများကို ခင်းထားသည်။ ဒုတိယကမ္ဘာစစ်အတွင်းက အောင်ပွဲရ ဗိုလ်ချုပ်ကြီး များ ဖြစ်ခဲ့ကြသော အိုက်ဆင်ဟောင်းဝါး၊ ပေတန်၊ ဘရက်ဒလေ၊ ဟော့ဂျက်စ်၊ ပါဒါရူစကီးနှင့် ဆိုကော့စကီး စသော ဗိုလ်ချုပ်ကြီးများ၏ ဓာတ်ပုံကားချပ်ကြီးများကို နံရံပည့်ချိတ်ဆွဲထားသည်။

အေဘယ်က အလယ်စားပွဲတွင် ထိုင်သည်။ သူ့လက်ယာဘက်တွင် ဗိုလ်ချုပ်ကြီး ဆိုစကော့စကီးထိုင်ပြီး လက်ဝဲဘက်တွင် ဖလော်ရင်တီနာထိုင်သည်။
ဗိုလ်ချုပ်ကြီးက မိန့်ခွန်းပြောရန် ထိုင်ရာမှ ထရပ်လိုက်သည်။
' လေးစားအပ်သော ဧည့်သည်တော်များခင်ဗျား ... အားလုံးသိကြပြီးအတိုင်း ဒုတိယ ဗိုလ်မှူးကြီး အေဘယ်ရို့ စနော့စကီးဟာ ပိုလန်၊ အမေရိကန် ချစ်ကြည်ရေးအတွက် ကိုယ်ကျိုးကို အများကြီးစွန့်ခဲ့သူ ဖြစ် ပါတယ်၊ စစ်အတွင်းက ဒီဟိုတယ်ကြီးကို စစ်ဌာနချုပ်အဖြစ် ဖွင့်လှစ်ခွင့်ပြုခဲ့တာဟာ ထင်ရှားတဲ့ သာဓကပါပဲ၊ ဒါကြောင့်မို့ သူ့ကို ပိုလန်စစ်ပြန် စစ်မှုထမ်းဟောင်းများအဖွဲ့ရဲ့ ဥက္ကဋ္ဌအဖြစ် ရွေးချယ် တင်မြှောက် ဖို့ ကျုပ်က အလေးအနက် ထောက်ခံပါတယ်ခင်ဗျား '

လက်ခုပ်သံများ သဲသဲညံသွားသည်။
ထို့နောက် ဗိုလ်ချုပ်ကြီးက အေဘယ်၏ စစ်အတွင်း စွမ်းဆောင်မှုများကို ဆက်လက် ပြောကြားသည်။ အထူးသဖြင့် ရီမာဂျင်တိုက်ပွဲတွင် ကျဆုံးသူနှင့် ဒဏ်ရာရသူများအား သက်စွန့်ဆံဖျား သွားရောက်သယ်ယူ ခဲ့ပုံ ကို ချီးကျူးပြောကြားသည်။
ဗိုလ်ချုပ်ကြီးက နေရာတွင် ပြန်ထိုင်သောအခါ ပရိသတ်များက ထိုင်ရာမှထ၍ လက်ခုပ်တီးကြသည်။ အေဘယ် က ဒန်းဇစ်ဘော်ဒကာ အရက်ခွက်ကို မြှောက်လျက် တုံ့ပြန်လိုက်သည်။ ဖလော်ရင်တီနာမှာ သူမ ၏ ဖခင်အတွက် ဂုဏ်ယူမဆုံး ဖြစ်နေသည်။

နောက်တစ်နေ့တွင် သတင်းစာတွေက အေဘယ်အကြောင်းကို ဓာတ်ပုံများ ဝေေ၀ဆာဆာဖြင့် တခမ်း တနား ဖော်ပြကြသည်။ ထိုနေ့ တစ်မနက်လုံး အေဘယ်သည် ဓာတ်ပုံဆရာတွေ၊ သတင်းထောက် တွေ နှင့် အလုပ်ရှုပ် နေတော့သည်။
ညနေပိုင်းကျတော့ အေဘယ်မှာ တစ်ယောက်တည်း ဖြစ်ကျန်ရစ်တော့သည်။ ဗိုလ်ချုပ်ကြီးက တခြားပွဲ တစ်ပွဲသို့ တက်ရောက်ရန် လော့စ်အိန်ဂျယ်လိစ်မြို့သို့ ထွက်ခွာသွားသည်။ ဖလော်ရင်တီနာ က လိတ်ခ်ဖောရစ် သို့ ကျောင်းတက်ရန် ပြန်သွားသည်။ ဂျော့က ရှီကာဂိုသို့ ပြန်သွားသည်။ အော့စဘွန်းက ၀ါရှင်တန် သို့ပြန်သည်။

အေဘယ်မှာ ဟိုတယ်ကြီးတွင် တစ်ယောက်တည်းပင် ကျန်ရစ်တော့သည်။ သူက ရှီကာဂိုရှိ ဇနီးသည် ထံသို့ လည်း ပြန်ချင်စိတ် လုံးဝမရှိ။
သို့ဖြင့် သူသည် ညစာ စောစာစားပြီးနောက် ဟိုတယ်လုပ်ငန်း အပတ်စဉ် အစီရင်ခံစာများကို အေးအေး လူလူ လေ့လာဖတ်ရှုရန် ဆုံးဖြတ်လိုက်သည်။
သူသည် သူ၏ သီးသန့်ခန်းသို့ သွားရန် ဓာတ်လှေကားဖြင့် အောက်ထပ်သို့ ဆင်းလာခဲ့သည်။ အောက်ထပ် သို့ ရောက်သောအခါ ဧည့်လက်ခံဌာနသို့သွားပြီး ထိုညနေတွင် ဧည့်သည် ဘယ်နှစ်ယောက် စာရင်း ၀င်ကြောင်း ကြည့်ရှုစစ်ဆေးသည်။

ဧည့်ခန်းတစ်နေရာတွင် ရုပ်ရည်ချောမောသော အမျိုးသမီးတစ်ယောက် တည်းခိုရေး ပုံစံ ဖြည့်နေသည်ကို ရုတ်တရက် မြင်လိုက်သည်။ သူက အမျိုးသမီးကို မှတ်မိသလိုလိုထင်မိသည်။ ဘေးတိုက်ဖြစ်နေ၍ မမှတ်မိ။ အမျိုးသမီး က အသက် ၃၀ ကျော် အရွယ်။
ထိုအမျိုးသမီးက ပုံစံဖြည့်ပြီးသောအခါ အေဘယ်ဘက်သို့ လှည့်ကြည့်ပြီး -
' ဟင် ... အေဘယ်၊ တွေ့ရတာ ၀မ်းသာလိုက်တာ '
' ဘုရားရေ .... မယ်လာနီ၊ မင်းကို ငါ မှတ်တောင် မမှတ်မိချင်သလိုပဲ '

' ရှင့်ကိုတော့ လူတိုင်းမှတ်မိပါတယ် အေဘယ် '
' တကယ်ပြောတာပါ၊ မင်း နယူးယောက်မှာ ရှိနော ငါ လုံးဝမသိဘူး '
' ကျွန်မ ဒီညပဲ ရောက်လာတာပါ၊ ကျွန်မတို့ မဂ္ဂဇင်းအတွက် အလုပ်ကိစ္စကလေး ရှိနေတာနဲ့ '
' ဒါဖြင့် မင်းက အခု သတင်းစာဆရာမကြီး လုပ်နေပြီပေါ့ ဟုတ်လား အေဘယ်က မယုံနိုင်သလိုဖြင့် မေးလိုက် သည်။

' မဟုတ်ပါဘူး၊ ကျွန်မ မဂ္ဂဇင်းထုတ်ဝေရေး ကုမ္ပဏီတစ်ခုမှာ စီးပွားရေးအတိုင်ပင်ခံ ၀င်လုပ်နေတာပါ၊ ကုမ္ပဏီက ဒါးလက်မြို့မှာ ဌာနချုပ်ဖွင့်ထားတယ်၊ အခု နယူးယောက်ကို ဈေးကွက်သုတေသနပြုဖို့ ရောက် လာတာ '
' သိပ် စိတ်ဝင်စားစရာ ကောင်းတာပဲ မယ်လာနီ '
' ထင်သလောက် မဟုတ်ပါဘူး အေဘယ်၊ ကျွန်မက အလကားနေ အလကားဆိုပြီး အပျင်းပြေ ၀င်လုပ်နေတာပါ '
' ဒါတွေ ထားပါဦးလေ၊ အေးအေးဆေးဆေး စကားပြောကြတာပေါ့၊ ဒီညနေ ငါနဲ့အတူ ညစာ စားပါလား '
' ကောင်းပါတယ်၊ ဒါပေမဲ့ ကျွန်မ ရေမိုးချိုးပြီး အ၀တ်အစား လဲချင်သေးတယ်၊ ရှင့် စောင့်နိုင်ပါ့မလား၊ အားနာ စရာကြီး '
' အိုး ... ဘာလို့ အားနာရမှာလဲ၊ တခြားလူတွေမှတ်လို့ ...၊ ရပါတယ်၊ ငါ စောင့်နေပါ့မယ်၊ အဲဒီတော့ မင်းကိစ္စပြီးရင်သာ စားသောက်ခန်း လျှောက်လာခဲ့ပါ၊ နောက်တစ်နာရီ လောက်အတွင်းပေါ့ '
သူမက ပြုံးပြပြီး ဓာတ်လှေကားဆီသို့ လျှောက်သွားသည်။ အေဘယ်၏ နှာခေါင်းတွင် ရေမွှေးနံ့လှိုင်သွား သည်။

အေဘယ်သည် စားသောက်ခန်းသွားပြီး သူ့စားပွဲတွင် ပန်းတွေ လတ်လတ် ဆတ်ဆတ်မရှိ ကြည့်သည်။ မီးဖိုခန်းသွားပြီး မယ်လာနီအတွက် အထူးဟင်းလျာတွေ ကိုယ်တိုင်မှာသည်။
ထို့နောက် ပြန်လာခဲ့ညပီး စားပွဲတွင် ထိုင်သည်။ သူက နာရီတကြည့်ကည့်နှင့် မယ်လာနီအလာကို မျှော်နေ သည်။ အခန်းတံခါးဆီသို့ ခဏခဏ လှမ်းကြည့်နေမိသည်။
မယ်လာနီက မိနစ်အနည်းငယ် နောက်ကျပြီးမှ ပေါ်လာသည်။ သို့သော် နောက်ကျရကျိုးနပ်သည်။

သူမသည် အကောင်းစားဝတ်စုံကို ကြော့နေအောင် ၀တ်လာခဲ့သည်။ တစ်ခန်းလုံး ပြိုးပြိုးပြက်ပြက် လင်းလက်သွားသလို ထင်ရသည်။
စားပွဲထိုးမှူးက သူမအား အေဘယ် ထိုင်နေသော စားပွဲသို့ ခေါ်လာခဲ့သည်။ အေဘယ်က ထိုင်ရာမှထ၍ ကြိုဆိုသည်။ စားပွဲထိုးတစ်ယောက်က အကောင်းစား ' ကရပ်ဝိုင် ' ပုလင်းကို ဖောက်ပြီး ဖန်ခွက်နှစ်ခွက်ထဲ လောင်းထည့် သည်။

' လှိုက်လှဲဝမ်းသာ ကြိုဆိုပါတယ် မယ်လာနီ ' အေဘယ်က ဖန်ခွက်ကို မြှောက်လိုက်သည်။ ' အခုလို မင်းကို နယ်စား ဟိုတယ်မှာ တွေ့ရတာ ဂုဏ်ယူပါတယ် '
' ကျွန်မလည်း ' နယ်စား ' နဲ့ တွေ့ရတာ ၀မ်းသာပါတယ်ရှင်၊ အထူးသဖြင့် သူ့ရဲ့ အောင်ပွဲနေ့မျိုးမှာ တွေ့ရ လို့ပေါ့ '
' ဘာပြောတာလဲ မယ်လာနီ '
' သြော် ... ကျွန်မက ရှင့်ရဲ့ ညစာ စားပွဲကြီးအကြောင်း ' နယူးယောက်ပို့စ်ထ်' သတင်းစာထဲမှာ ဖတ်ရလေတယ်၊ ရီမာဂျင်တိုက်ပွဲမှာ ရှင့်ရဲ့ စွန့်စားခန်းကတော့ အသည်းယားစရာကြီးပဲနော်၊ သူတို့က ရှင့်ကို သိပ်ပြီး အသားပေးရေးထားကြတာပဲနော် '

' အလကားပါ၊ ပုံကြီးချဲ့ ရေးထားကြတာ '
' ရှင်က နေရာတကာမှာ သိပ်ပြီး လူသိမှာကြောက်တာပဲ၊ ကျွန်မကတော့ သတင်းစာထဲ ရေးထားတာတွေ အားလုံး မှန်တယ်လို့ ယုံပါတယ် '
အေဘယ်က သူမ ဖန်ခွက်ထဲသို့ ၀ိုင်အရက်လောင်းထည့်ပေးလိုက်သည်။
' တကယ်တော့ မင်းနဲ့တွေ့ရတာ ငါ နည်းနည်းကြောက်နေသလိုပဲ ဆိုတာသာ အမှန်ပါ မယ်လာနီ '

' အို ... မဟုတ်တာပဲရှင်၊ နယ်စားကြီးက တခြားတစ်ယောက်ယောက်ကိုများ ကြောက်နေရသေးသတဲ့လား၊ ကျွန်မတော့ ယုံနိုင်ပေါင်တော် '
' ဟုတ်ပါတယ်၊ ငါက မင်းတစ်ခါကပောသလို တောင်ပိုင်းသား လူကြီး လူကောင်းတစ်ယောက်မှ မဟုတ်တာပဲ '
' အင်း ... ရှင်ကတော့ ကျွန်အပေါ် အမြဲတမ်း အငြိုးထားနေတာပဲနော် ' သူမက ရယ်လိုက်သည်။

' ဒါနဲ့ ... ရှင် ... ဟို ... ပိုလန်သူ ချောချောကလေးနဲ့ လက်ထပ်ဖြစ်သလား '
' ဟုတ်တယ် ဖြစ်တယ် '
' အဆင်ပြေရဲ့လား '
'  မပြေပါဘူး၊ အသက် ၄၀၊ လူပုံက ပုတ်လောက်၊ ငါတော့ ဘယ်လိုမှ ကြည့်လို့မရတော့ဘူး '
' ပြီးတော့ သူက ရှင့်ကို သဘောမပေါက်ဘူးလို့ ပြောဦးမယ် မဟုတ်လား '
' ဒါနဲ့ မင်းကော အိမ်ထောင်ရှင်တွေ့ပြီလား '

' သြော် ... ဟုတ်ကဲ့၊ ကျွန်မ ခုနက ရှင်ပြောတဲ့ တောင်ပိုင်းသား လူကြီးလူကောင်းန့ လက်ထပ်လိုက် တယ်လေ '
' ဂုဏ်ယူဝမ်းသာပါတယ် မယ်လာနီ '
' ဒါပေမဲ့ မနှစ်က သူ့ကို ကျွန်မ ကွာရှင်းလိုက်ပြီလေ၊ ရသင့်တာတွေလည်း တော်တော် ရလိုက်ပါတယ် '
' အို ... စိတ်မကောင်းပါဘူး မယ်လာနီ၊ ကဲ ... တစ်ခွက် လုပ်လိုက်ပါဦး '
' ရှင်က ကျွန်မကို စည်းရုံးနေတာလား အေဘယ် '

' ထမင်းစားပြီးမှပေါ့ မယ်လာနီ '
' ဒါဆို ရှင့်ကို သတိပေးရလိမ့်ယ်၊ ကျွန်မ ယောက်ျားနဲ့ ကွာရှင်းပြီးကတည်းက ဘယ်ယောက်ျားမှ အနားအကပ်မခံခဲ့ဘူး '
' သြော် ... ဟုတ်လား၊ ဟုတ်ကဲ့ ... ငါ သတိထားပါ့မယ်၊ ငါနဲ့ ငါ့အခန်းသွားပြီး အေးအေး ဆေးဆေး ကော်ဖီ သောက်ကြ ရအောင်လား '
' ကျွန်မ အဲဒီလို ဖိတ်ပါစေလို့ ကျိတ်ပြီး ဆုတောင်းနေတာရှင့် '
နှစ်ယောက်သား ရယ်လိုက်ကြသည်။

*
' ကျွန်မ တစ်ညလုံး မနေနိုင်ဘူး၊ အေဘယ်၊ မနက်အစောကြီး ချိန်းထားတာ ရှိနေတယ်၊ ကျွန်မ နည်းနည်း အိပ်လိုက်ပြီး မိုးမလင်းခင် ပြန်မှဖြစ်မယ် '
' တကယ်ပြောနေတာလား '
' တကယ်ပါ၊ ကျွန်မ ၀မ်းနည်းပါတယ် ဒါလင် '
သူမက အိပ်ရာထဲမှ လူးလဲထပြီး ရေချိုးခန်းထဲ ၀င်သွားသည်။ မကြာမီ ပြန်ဝင်သွားပြီး အ၀တ်အစား လဲနေ သည်။
' တို့နှစ်ယောက် ဒီလိုပဲ ခဏခဏ တွေ့ကြရအောင်နော် မယ်လာနီ ' အေဘယ်က အိပ်ရာထဲမှ လှမ်းပြော လိုက် သည်။

' တွေ့နိုင်ပါစေလို့ ကျွန်မလည်း ဆုတောင်းပါတယ် '
အေဘယ်က အိပ်ရာမှထပြီး မယ်လာနီအတွက် တံခါးဖွင့်ပေးသည်။ ပြီးတော့ တံခါး ပြန်ပိတ်လိုက်ပြီး ခုတင်ဘေးမှ တယ်လီဖုန်းကို ကောက်ကိုင်လိုက်သည်။
' မစ္စမယ်လာနီလီရွိုင်းက ဘယ်အခန်း ယူထားသလဲ ' တစ်ဖက်မှ ခေတ္တငြိမ်နေသည်။ စာရွက်လွန်သံများ ကြားနေရသည်။ အေဘယ်က ဂနာမငြိမ်စွာဖြင့် စားပွဲကို လက်နှင့်ပုတ် ကစားနေသည်။
' အဲဒီနာမည်နဲ့ တစ်ယောက်မျမရှိပါဘူး ဆရာ' တစ်ဖက်မှ ပြန်ပြောသည်။ ' ဒီမှာ ကျွန်တော်တို့ လက်ခံထား တာက မစ္စမယ်လာနီဆီတန်၊ ဒါးလက်မြို့၊ တက်ဆက်ပြည်နယ်လို့လည်း တွေ့ရပါတယ်၊ မနက်ဖြန်မနက် ပြန်ထွက် ဖို့ ပြောထားပါတယ် ဆရာ '

' ဟုတ်ပါတယ်၊ အဲဒီအမျိုးသမီးပါပဲ၊ သူ့စာရင်းကို ငါ့စာရင်းထဲ လွှဲထည့်လိုက်ပါ '
' ကောင်းပါပြီ ဆရာ '
အေဘယ်က တယ်လီဖုန်းကို ပြန်ချလိုက်သည်။ ထို့နောက် ရေအေးနှင့် တစ်ဝချိုးပစ်လိုက်သည်။ ပြီးတော့ အ၀တ် အစား လဲသည်။ မီးဖိုမီး ပြန်ပိတ်လိုက်သည်။ အိပ်ရာပေါ် လှဲချလိုက်သည်။ အခန်းမီး လှမ်းပိတ်လိုက် သည်။ ပြီးတော့ အသံထွက်ပြီး ကျိန်ဆဲလိုက်သည်။

' ခွေးသူတောင်းစားမ '
ထိုမှ နောက်ပိုင်းတွင်တော့ အေဘယ်နှင့် ဇာဖီယာတို့၏ အိမ်ထောင်ရေးသည် တစ်နေ့ထက် တစ်နေ့ အခြေအနေ ဆိုးရွားလာခဲ့တော့သည်။
အေဘယ်သည် ဇာဖီယာဆီသို့ လုံးဝမသွားတော့ဘဲ စားပွဲထိုးမယ်ကလေးများ၊ တခြား ဧည့်သည် အမျိုးသမီး များနှင့်သာ ပျော်ပါးနေတော့သည်။
သည်လိုနှင့် ဇာဖီယာက အလွတ်စုံထောက်ငှားပြီး သူ၏ ခြေပုန်းခုတ်လုပ်ရပ်များကို ထောက်လှမ်းနေ ကြောင်း၊ သိရှိရသောအခါ အေဘယ်က လုံးဝအံ့သြခြင်း မဖြစ်မိ။
နောက်ဆုံး ဇာဖီယာက အေဘယ်နှင့် ကွာရှင်းပြတ်စဲရန် တရားရုံးတွင် လျှောက်ထားလိုက်သည်။

အေဘယ်က သမီးကလေး၏ မျက်နှာကို ထောက်ထားပြီး သည်လိုပဲ ပိုနေမြဲ၊ ကျားနေမဲ နေသွားကြရန် ဇာဖီယာအား အတန်တန် ဖျောင်းဖျပြောဆိုသည်။ သို့သော် ဇာဖီယာက လုံးဝလက်မခံ။ ငြင်းဆန်မြဲ ငြင်းဆန် နေသည်။

သို့ဖြင့် အေဘယ်က လက်လျှော့လိုက်ရပြီး သမီးကလေးအား သူနှင့်အတူ နေထိုင်ခွင့်ပြုရန် ပြန်လည် တောင်းဆိုသည်။ ပထမတွင် ဇာဖီယာ သဘောမတူ။ နောက်ဆုံး သူမအား ရှီကာဂိုမှ အိမ်အပြင်၊ ဒေါ်လာ ငါးသိန်းပေးမည်ဟု ပြောတော့မှ သမီးငယ်အား လစဉ် နောက်ဆုံးပတ် စနေ၊ တနင်္ဂနွေနေ့များတွင် သူမ ဆီသို့ ပို့ပေးရန် ခြွင်းချက်ဖြင့် သဘောတူလိုက်လေသည်။

သည်နောက်တော့ အေဘယ်သည် နယူးယောက်သို့ မမြဲတမ်း ပြောင်းလာခဲ့တော့သည်။ သို့သော် သူက တစ်နေရာတွင် အမြဲမနေ။ စိတ်ကူးပေါ်တိုင်း တောင်ပိုင်း၊ မြောက်ပိုင်း တစ်ခွင်သို့ ခရီးထွက်ကာ သူ၏ ဟိုတယ်များကိုသာ လှည့်လည် စစ်ဆေးရင်း အချိန်ကုန်လွန်စေသည်။ ထို့ကြောင့် ဂျော့က သူ့အား ပြည်ပြေး ' ရှီကာဂိုနယ်စားကြီး ' ဟူ၍ပင် နောက်ပြောင် ခေါ်ဝေါ်လေသည်။
...............................................
အခန်း (၂၇) ဆက်ရန်
.

No comments: