အခန်း (၉) ဒုပိုင်း
'ဒီနေရာပဲကွ'ဟု ဂျိုစီကရေရွှတ်သည်။
'ဒီနေရာဟာ အကောင်းဆုံးနေရာပဲ၊ တခြားလူတွေ ဘာကြောင့်မလာကြတာလဲ …. ဂျိုစီ'
'ထမင်းဆိုင်နဲ့ဝေးလို့ကွ'ဟု ပြောကာ ဂျိုစီကရယ်သည်။
'သူတို့ကငါးလဲမျှားချင်တယ်၊ အရက်လဲသောက်ချင်တယ်၊ အလုပ်နှစ်ခုကို တပြိုင်တည်း လုပ်ချင်ကြ တာကိုး ကွ'
ဂျိုစီသည် စက်ရုံရှေ့သို့ရောက်လာသည့် လူသွားလမ်းအတိုင်းလိုက်သည်။ နီကိုလတ်စ်က ဘေးမှ ကပ်၍ ခြေဖျား ထောက်လျှောက်သည်။ တောင်ကြားတလျှောက်တွင် နွေးနွေးထွေးထွေး ရှိလှပေ သည်။ အပြာရောင် အိုင်းရစ်ပန်းများသည် ဖူးပွင့်ဝေဆာလျက် ရှိကြသည်။ စက်ရုံအဟောင်းအပျက် ကြီးဖြစ်သည်။ ခေါင်းမိုးပင် မရှိတော့။ ရေညှိများထူထပ်စွာ တက်နေသော ဘီးကြီးများမလည်မပတ် ရသည်မှာ နှစ်များမှာ ကြာခဲ့ပြီ ထင်၏ ။
စက်ရုံအ၀င်တွင် မြစ်ဘက်ကို မျက်နှာပြုလျက်ရှိသော ကျောက်လှေကားတခုရှိသည်။ ဂျိုစီသည် သူ့ပစ္စည်း ကိရိယာ တန်ဆာပလာများကို ထိုကျောက်လှေကား၌ချသည်။ သူသည်တလုံးစီ၏ ထိပ်ဘက် အပေါက်မှာ နေ၍ ငါးမျှားတံကို ထိုးသွင်းသည်။ ဈေးအပေါဆုံး ငါးမျှားတံများဖြစ်သော် လည်း ဂျိုစီသည် တယုတယနှင့် တရို တသေကိုင်သည်။
'ခင်ဗျားငါးမျှားရတာကို သိပ်သဘောကျသလား… ဂျိုစီ'ဟု နီကိုလတ်စ်က မေးသည်။
'ငါအကြိုက်ဆုံးအလုပ်တခုပဲကွ'ဟု ဂျိုစီကဖြေသည်။ 'မင်းကော ၀ါသနာမပါဘူးလား'
'ကျွန်တော်လဲဝါသနာပါပါတယ်၊ ဒါပေမဲ့ဗျာ၊ ငါးမျှားခွင့်တခါမှ မရခဲ့ဘူးဗျ'
'အခု မင်းမျှားရတော့မှာပဲကွ'ဂျိုစီကပြုံးသည်။ 'မင်းငါးမျှားယင်တော့ ငါးစာနဲ့ပဲ မျှားမှဖြစ်မယ်ကွ၊ မင်းက ငယ်သေးတော့ ကြိုးကိုအဝေးကြီးပစ်ပြီး မျှားလို့မဖြစ်သေးဘူး၊ ဟောဒီမှာလာကြည့်၊ ငါပြမယ်၊ မြစ်ငါးတွေ အရူး အမူး ဖြစ်အောင် ကြိုက်တဲ့အစာ'
ဂျိုစီသည် ကျောပိုးအိတ်အတွင်းမှ သံဗူးဝိုင်းလေးတလုံးကိုထုတ်၍ အဖုံးကိုဖွင့်ကာ သူ့လက်ဖ၀ါးပေါ် သို့ မှောက်ချ လိုက်၏ ပိုးတုံးလုံးအသေတကောင်…။ သူသည် ပိုးတုံးလုံးကောင်ကို ငါးမျှားချိတ်တွင် တပ်လိုက် ပြီး နီကိုလတ်စ်၏ လက်မောင်းကိုဆွဲကာ ကျောက်လုံးကြီးများဖြင့် ပြုလုပ်ထားကာ ရေကာတာ တနေရာ တွင် ခြေထောက်နှစ်ဖက်ကို တွဲလောင်းချ၍ ထိုင်ခိုင်းသည်။ ငါးမျှားတံကြီးကို ရေထဲသို့ပစ်ချလိုက်ပြီး ငါးမျှားတံ ကို နီကိုလတ်စ်၏လက်ထဲသို့ ထည့်ပေးလေသည်။
'အစာကို ငါးဟပ်ထင်တအားဆောင့်ဆွဲလိုက် ဟုတ်လား'
'ခင်ဗျားက ကျွန်တော်နဲ့ အဝေးကြီးသွားနေမှာလား'
'မသွားပါဘူးကွာ၊ စိတ်ချပါ'ဂျိုစီက ရေကာတာ၏အမြင့်ပိုင်းရှိ တနေရာကိုညွှန်ပြသည်။ 'အဲဒီနေရာမှာ ငါ နေမယ်'
ပထမတော့ နီကိုလတ်စ်သည် ကောင်းကောင်းမထိုင်တတ်။ ငါးမျှားတံကို လက်နှစ်ဘက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ပြီး တောင့်တောင့်မတ်မတ်ကြီးထိုင်နေမိသည်။ တဝေါဝေါကျဆင်းလျက်ရှိ သော ရေလုံးကြီး များ ကိုကြည့်ကာ ခေါင်းမူးချင်သလိုလိုပင်ဖြစ်သည်။ ရေကန်ထဲသို့ လိမ့်ကျသွား မည်ကို စိုးရိမ်သော စိတ်ကလည်း ဖိစီးနေသဖြင့် လိုအပ်သည်ထက်ပိုပြီး သတိထားနေမိသည်။ ကြာလာတော့လည်း တဖြည်း ဖြည်း နှင့် သူ့ကိုယ်သူယုံကြည်မှုဝင်လာကာ ကြောက်စိတ်ပျောက် သွားသည်။
ဂျိုစီဆက်ဆံပုံမှာ သူ့အားမကျန်းမမာဖြစ်နေသော ကလေးသူငယ်တယောက်ကို ဆက်ဆံပုံမျိုး မဟုတ်။ ကျန်းမာ သန်စွမ်းသော လူငယ်တယောက်ကို ဆက်ဆံသည့်အနေအထားဖြစ်သည်။ ဤဆက်ဆံမှု ကြောင့် သူ့မှာ များစွာဝမ်းသာအားတက်ရသည်။ ပီတိဖြစ်ရ၏ သူသည် အောက်သို့ ကျမသွားစေရန် သတိကြီးစွာ ထားပြီး ဂျိုစီဘက်လှည့်ကြည့်သည်။ ဂျိုစီသည် ရေစီးထဲတွင် ရပ်နေ သည်။ သူ့လက်ထဲမှ ငါးမျှားတံကြီးကို မြှောက်၍ ပစ်လိုက်၊ ပြန်သိမ်းလိုက်၊ ပြန်ပစ်လိုက်နှင့် အလုပ်ရှုပ်လျက်ရှိသည်။ တကြိမ်တွင် ရေစီးထဲမှ ငါးတကောင် ခုန်ထွက်လာသည်ကို သူမြင်လိုက်မိ သည်ထင်၏ ။ သို့သော်လည်း အထင်မျှသာဖြစ်၏ ။ အတိအကျ မပြောနိုင်။ သူ့ဖင်အောက် ကျောက်တုံးကြီးများသည် နွေးနွေးထွေးထွေးရှိလှပေသည်။
ရုတ်တရက် သူ့ငါးမျှားတံသည် အသက်ဝင်လာသည်။ ငါးမျှားတံ၏ ထိပ်ပိုင်းသည် ရှေ့သို့ ကွေးကျ သွားလိုက် ပြန်တက်လာလိုက်နှင့် တယိမ်းယိမ်းတနွဲ့နွဲ့ ဖြစ်လာနေသည်။ ရေပြင်အောက် တနေရာ မှ လှုပ်ရှားမှု တခုနှင့် အလေးအပင်တခု။
'ငါးဟပ်ပြီကွ'ဟု စိတ်ထဲက ကျိတ်၍အော်လိုက်မိသည်။ ကြောက်လန့်တကြားဖြစ်ကာ ဂျိုစီအား လှည့် ကြည့် မိသည်။ ဂျိုစီကတော့ သူ့ကိုမမြင်။ သူနှင့်ဂိုက်တရာခန့်အကွာတွင် သူ့အားကျောပေး ၍ ရပ်နေ သည်။ အော်ခေါ်ရန် စိတ်ကူးပေါ်လာသေးသည်။ သို့သော်လည်း တဝေါဝေါကျနေသော ရေသံများကြောင့် ကြားမည်မထင်။ သူ့ဘာသာသူ လုပ်ရမည့်အလုပ်…။ ဖြစ်အောင်လုပ်မည်ဟူ သော မာနစိတ် ကလေး ၀င်လာသည်။
သူသည် ငါးမျှားတံကြိုးရစ်ဘီးကို ကသောကမျောရစ်သည်။ ငါးမျှားတံအနှောင့်သည် သူ့ရင်ဘတ်ကို မကြာခဏ ထိုးမိသော်လည်း သူသတိမထားနိုင်။ ငါးမျှားချိတ်တွင် ချိန်မိနေပြီဖြစ် သော ငါးသည် အကြိတ် အနယ် ရုန်းကန်တိုက်ခိုက်လျက်ရှိသည်။ သူကလည်း ပြန်လွတ်သွားမည်ကို စိုးရိတ်သောစိတ်ဖြင့် ရစ်ဘီးကို တရကြမ်း ရစ်သည်။ ငါးသည် ရေထဲမှခုန်ပျံ၍ပါလာပြီး သူ့ရင်ဘတ်ကို လာရိုက်မိသည်။ ၀မ်းသာ လွန်းသော အရှိန်ဖြင့် နီကိုလတ်စ်၏ နှလုံးသားကို တဆတ်ဆတ်ခုန်လျက်ရှိလေသည်။
'အကြီး….အကြီးပဲ၊ အကြီး…ကြီးပဲ၊ လှလိုက်တဲ့ ငါး…ကြီး' သူသည် အမောတကောနှင့် အသက်ကို ပင် မှန်မှန် မရှုနိုင်။ 'ပြန်များလွတ်သွားမလား၊ ပြန်လွတ်သွားမှဖြင့်….'
နီကိုလတ်စ်သည် သတိကြီးစွာထား၍ ကြိုးကိုရစ်သည်။ အခုတော့လည်း ငါးသည် မောဟိုက်လျက် ရှိလေပြီ။ သူဆွဲရာနောက်သို့ တကောက်ကောက် လိုက်ပါလာသည်။ ရေစပ်နားရောက်လုလုတွင် သူသည် ငါးမျှားတံ ကို အသာချပစ်ခဲ့ပြီ ရေစပ်အထိဆင်း၍ ကြိုးကိုဆွဲတင်သည်။
သူ ငါးတကောင်ရပြီ။ မည်သူ့အကူအညီမှမပါဘဲ သူကိုယ်တိုင် ဖမ်းမိသောငါး။ ပထမတော့ ဂျိုစီထံ အပြေး အလွှား သွား၍ ပြလိုက်မည်ဟု ကြံမိသေးသည်။ ပြီးတော့မှ စိတ်တမျိုးပြောင်းသွားသည်။ အခုမပြသေး။ သူသည် ငါးကို ငါးမျှားချိတ်မှ ဖြုတ်ယူလိုက်ပြီး ကျောက်ခဲတလုံးကို ခေါင်းကိုတချက် ထုလိုက်သည်။ ထို့နောက် မလှမ်းမကမ်းရှိ ဒရင်ကောက်ပင်များကြားသို့ ထိုးသွင်းထားလိုက်သည်။ ခဏမျှအကြာတွင် နီကိုလတ်စ် သည် စောစောကနေရာတွင် အကျအနထိုင်ကာ နောက်တကြိမ် ငါးထပ်အဟပ်ကို မျှော်လင့် စောင့်စားလျက် ရှိလေ၏ ။
ဂျိုစီရောက်လာသောအခါ နေ့ခင်းတနာရီ ထိုးနေလေပြီ။ ထိုအချိန်တွင် နီကိုလတ်စ်မှာ ငါးနှစ်ကောင် ထပ်မိ ထားပြီ။ ပထမဆုံးရသည့် အကောင်လောက်တော့ မကြီး။ သို့သော်လည်း သုံးကောင်ဆို တော့ အားတက် စရာ ဖြစ်သည်။
'ကံကောင်းရဲ့လားကွ'ဟု ဂျိုစီကမေးသည်။
ရင်ထဲတွင် အောင့်အည်းမျိုသိပ်ထားရသမျှသည် အခုမှပင် ပွင့်ထွက်လာသည်။ နီကိုလတ်စ်သည် ဂျိုစီထံ အပြေး အလွှား သွားကာ လက်မောင်းကိုဖမ်းဆွဲပြီး သူ့ငါးများထားရာ နေရာသို့ခေါ်လာသည်။
'ဒီမှာဗျ၊ ဒီမှာကြည့်ပါဦး၊ အကြီးကြီးတွေပဲ၊ သိပ်လှတဲ့အကောင်ကြီးတွေဗျ၊ ပထမဆုံး မိတဲ့ကောင်က အကြီးဆုံး ပဲသိလား၊ ကျွန်တော် သူ့ကိုစပြီးမိတော့ အသက်တောင်မရှုနိုင်ဘူး၊ တကယ်ပဲ၊ ပျော်လိုက်တာလဲ အလွန်ပဲ၊ ဒါပေမယ့်ရအောင် ဆွဲယူပြီးဖြုတ်ယူနိုင်တယ်၊ ကျွန်တော်တခါမှ ငါးမမျှားဖူးဘူး…ဂျိုစီ၊ သိလား၊ သိပ်ပျော်စရာ ကောင်းတာပဲ၊ ပြီးတော့…၊ ဟာ…ကျွန်တော်မေ့သွား တယ်၊ ခင်ဗျားကော ရတယ် မဟုတ်လား၊ ဘယ်နှစ်ကောင်ရလဲဟင်'
ဂျိုစီ၏ ကျောပိုးအိတ်ထဲဝယ် ငါးလေးကောင်….၊ သို့သော်လည်း သူဖမ်းမိသည့် ငါးများအတွက် အရေး လုပ်၍ စကားမပြော။ နီကိုလတ်စ်ငါးသုံးကောင်အထိ ရသည့်အတွက် ကျေနပ်အားရလျက် ရှိသည်။ သူ၏ ဘောင်းဘီ အောက်ပိုင်းမှာ စိုရွဲလျက်ရှိ၏ နေပူကျဲတဲအောက်တွင် ရပ်နေခဲ့ရခြင်းဖြစ်၍ သူ့မျက်နှာမှာ ချွေးသီး ချွေးပေါက် များဖြင့် စိုရွဲလျက် ရှိလေသည်။
'ကဲငါတို့ နေ့လယ်စာစားကြမယ်၊ ငါတော့ ဆာလှပြီ၊ မင်းကောဆာရောပေါ့'
သူသည် လှေကားထစ်ပေါ်တွင် ထိုင်ချလိုက်ပြီး သတင်းစာစက္ကူတရွက်ဖြင့် ပတ်ထားသည့် ပေါင်မုန့်ကြမ်း တလုံး နှင့် ဒိန်ခဲတုံးကို ထုတ်သည်။ ကျောပိုးအိတ်ထဲမှ ကြက်သွန်နီတလုံးကိုပါ ထုတ်သည်။ ထို့နောက် ခါးကြားမှ ဓားဖြင့် ကြက်သွန်ကို အခွံနွာသည်။ ထိုအခါကျမှပင် နီကိုလတ်စ် သည် သူနံနက်စာ မစားခဲ့ရ သေးသည့် အဖြစ်ကို သတိရကာ အပြင်းအထန် ၀မ်းဟာလာလေသည်။ သူသည် ဂျိုစီ၏ဘေးတွင် ပယ်ပယ် နယ်နယ် ထိုင်ချလိုက်ကာ မက်ဂ်ဒါလီးနားထည့်ပေးလိုက်သော ခြင်းကိုဖွင့်သည်။
အထဲတွင် ကြက်ဥပြုတ်များ၊ ကြက်ကြော်တကောင်၊ ပေါင်မုန့်ချပ်များနှင့် ထောပတ်၊ သစ်သီး လတ်လတ် ဆတ်ဆတ် များ၊ စုံနေအောင် ထည့်ပေးထားသည်ကို တွေ့ရသည်။ သူတယောက်တည်း ကုန်အောင် စားနိုင်မည် မဟုတ်၊ သူ့မိတ်ဆွေ ဂျိုစီ ကိုပါ ခွဲဝေမျှတကျွေးနိုင်မည် ဖြစ်သည်။
ပထမတော့ ဂျိုစီကသူပေးသည်ကို မယူ။ သူကျွေးသည်ကိုမစား။ နူးညံ့သော အစားအစာများမှာ သူ စားနေကျ မဟုတ်၍ မစားချင်ဟုငြင်းသည်။ မျက်စိမျက်နှာပျက်က စိတ်မကောင်း ဖြစ်နေပုံရသော နီကိုလတ်စ် ၏ အဖြစ်ကိုမြင်သော အခါကျမှ ရယ်ရယ်မောမောနှင့် တယောက်တ၀က်စီ အညီအမျှ ခွဲစားမည် ဟု ဆိုသည်။
ပူနွေးသောနေရောင်ခြည်အောက်တွင် မြေကြီးပေါ်ထိုင်၍ မြစ်ရေစီးသံကို နားထောင်၍ စားရသည့် အစားအစာမှာ မြိန်လှပါဘိခြင်း…။ နီကိုလတ်စ်သည် ဂျိုစီခွဲဝေပေးသည့် ပေါင်မုန့်ကြမ်းနှင့်ကြက်သွန်ကို တကြိမ် တခါ မှ စားဖူးခဲ့သူမဟုတ်။ သူ့စိတ်က အရသာရှိလိမ့်မည် မဟုတ်ဘူး ထင်ခဲ့၏ အခု လက်တွေ့ စားကြည့် တော့ ထူးထူးခြားခြားအရသာရှိနေသည်ကို တွေ့ရ သည်။ ဂျိုစီကလည်း သူခွဲပေးသည့် ကြက်သား ကို ကြိုက်ပုံပေါ်၏။
သူသည် အစား စားနေယင်းက ဒရင်ကောက်ပင်များကြားတွင် ချထားသည့် သူ့ငါးများကို စိတ်မချ သည့်နှယ် မကြာ…မကြာလှည့် ကြည့်သည်။ နှစ်ယောက်သား ငါးမျှားခြင်းအကြောင်းကို စိတ်ဝင်တစား ပြောမိကြသည်။ ဂျိုစီက ရာသီအလိုက် ရေချိုငါးများ နေရာပြောင်းရွေ့ ကျက်စားတတ်ပုံနှင့် အလျင့် အလျင် က ငါးမျှားယင်းကြုံ ခဲ့ရသည့် သူ့အတွေ့အကြုံများကို ပြောပြနေသည်။
နီကိုလတ်စ် အဖို့တော့ ဂျိုစီ ပြောသမျှသည် အထူးအဆန်း အံ့သြဖွယ်ရာတွေချည်းဖြစ်သည်။ ဘယ်လောက် ကြာကြာ ပြောပြော ငြီးငွေ့မသွား။ နားထောင်မည်သာဖြစ်၏ သို့သော်လည်း နီကိုလတ်စ် မျက်နှာ ပေါ်တွင်ပေါ်နေသည့် ပင်ပန်းနွမ်းနယ်မှုကို ဂျိုစီက သတိထားမိသဖြင့် စကားကို ဖြတ်ကာ ထိုင်ရာမှ ထရပ် လိုက်သည်။
'မင်း ကနေ့အိပ်ရာကအစောကြီး ထခဲ့ရတာကွ၊ မင်းတရေးတမော အိပ်ဦးမှဖြစ်မယ်'
ဂျိုစီသည် သူ့ဓားဖြင့် ကျောက်ခက်ပင်ကိုင်းများကို ခုတ်ကာ စက်ရုံ၏အရိပ်အောက်တွင် ဖြန့်ခင်းပြီး သူ့အကျီ င်္ဖြင့် အပေါ်မှအုပ်လိုက်သည်။
'ကဲ…အိပ်၇ာခင်းပြီးပြီ၊ မင်းခဏတဖြုတ်အိပ်လိုက်ဦး'
နီကိုလတ်စ်က ဂျိုစီ၏စကားကို နားထောင်သည်။ သူသည် ခြေပစ်လက်ပစ် လှဲချလိုက်၏ သူ့လက်နှစ်ဘက် ကို ခေါင်းအောက်သို့သွင်းလိုက်ပြီး မြစ်ဘက်သို့ ပြန်လျှောက်သွားသော ဂျိုစီကို လှမ်းကြည့်သည်။ ဂျိုစီ သည် ပန်းကန်များကို ဆေးကြောကာ မက်ဂ်ဒါလီးနား၏ လက်ဆွဲခြင်းထဲသို့ ပြန်ထည့်နေသည်။ ဖက်ရွက် များ ခူးကာ ငါးများကို ထုပ်နေသည်။ နေပူရှိန်သည် တက်လာလျက် ရှိ၏ ။ တိတ်ဆိတ် ငြိမ်သက်ခြင်း သည် တောင်ကြားလွင်ပြင်တခုလုံးကို လွမ်းခြုံထားသည်။ မြစ်ရေစီးဆင်းသံသဲ့သဲ့သည် တခါတရံ သူ့နားဆီသို့ ရောက်လာသည်။ ပျင်းရိငြီးငွေ့စွာ တွန်ကျုး လျက်ရှိသော ငှက်တကောင်၏အသံ…။ ငှက်သံရော ခြောက်ခြောက် သွေ့သွေ့ နိုင်လွန်းလှ ချေသည်။ ထို့နောက် မျက်စိများမှတ်သွားလေသည်။
ဂျိုစီပြန်လာသောအခါ နီကိုလတ်စ်တယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လျက်ရှိလေပြီ။ ပထမ တော့ ဂျိုစီ သည် သူ့နေရာပြန်ပြီး ငါးထပ်မျှားရန် စိတ်ကူးသည် သို့သော်လည်း မောမောပန်းပန်းနှင့် ပိုးလိုး ပက်လက် လန် ၍ အိပ်နေရှာသော နီကိုလတ်စ်ကို ကြည့်လိုက်မိသောအခါ စိတ်ပြောင်းသွား သည်။ သူသည် နီကိုလတ်စ် ဘေးတွင် အသာဝင်၍လှဲလိုက်ကာ အပြစ်ကင်းစင်သော နီကိုလတ်စ်၏ မျက်နှာကို ငေးစိုက် ကြည့်နေမိ၏ ဘာကြောင့်ရယ်မသိ။ ဤသူငယ်အပေါ်တွင် ခင်မင်သော စိတ်နှင့် သနားကြင်နာသော စိတ် တို့သည် ဖြစ်ပေါ်လျက်ရှိသည်။ နူးညံ့သောပါးပြင်နှစ်ဘက်ပေါ်သို့ ရှည်လျားသော မျက်တောင်ကော့ များ၏ အရိပ်သည် ကျလျက်ရှိ၏ နို့နှစ်ရောင်ပေါက်နေသော သွားများသည် ညီညာလှပလှပေ၏။
ဂျိုစီ အနေဖြင့် နီကိုလတ်စ်နှင့်မတူသည့် သူ့အဖြစ်ကို ပြန်သတိရနေမိသည်။ ဂျိုစီမွေးဖွားကြီးပြင်း ခဲ့ရသည့် ဘ၀မှာ ခက်ခဲကြမ်းတမ်းလှချေသည်။ သူ့အဖေသေသောအခါ သူ့အသက်မှာ ဆယ့်နှစ်နှစ်မျှသာ ရှိသေးသည်။ နောက်လအနည်းငယ်မျှ ကြာသောအခါ သူ့အားကျောင်းမှ နုတ်ကာလယ်ထဲသို့လွှတ်၍ အလုပ် လုပ်ခိုင်းသည်။ သူသည် ဆင်းရဲခြင်းဒုက္ခကိုလည်းကောင်း၊ အလုပ်အပေါ် မှ ခေါင်းပုံဖြတ်ခြင်းနှင့် မိသားစု တစုကို ရှာဖွေကျွေးမွေးနေရသူတစ်ဦးအပေါ် အပြင်းအထန်ဖိစီးနှိပ်စက်နေတတ်သည့် သောက၏ အကြောင်း တို့ကိုလည်းကောင်း အရွယ် မရောက် လူလားမမြောက်မီကတည်းက နားလည် သဘောပေါက် ခဲ့ရသူ ဖြစ်၏ ။
သူသည်အကျိုးမရှိ အရာမထင်သော စိတ်ကူးယဉ်မှုများနှင့် ပေါ့တန်သော စိတ်သာယာမှုများကို အရသာ ခံနိုင်ခဲ့သူ တဦး မဟုတ်ပေ။ ဆင်းရဲခြင်းဒဏ်ကို ခါးစည်း၍ခံခဲ့ရသဖြင့် ကြံ့ခိုင်သော စိတ်မဆုတ်မနစ်သော ဇွဲ၊ မိမိကိုယ် ကိုသာ အားကိုးလိုသော သတ္တိများကို စောစောစီးစီးရရှိခဲ့သူဖြစ်သည်။
သူ၏၀ါသနာ၊ သူ၏စိတ်ပါဝင်စားမှုနှင့် ကျွမ်းကျင်မှုတို့ကြောင့် ပီလိုတာဘောလုံး အားကစားတွင် ထူးချွန် ထင်ရှားခဲ့၏ ။ ဤထူးချွန်မှုကြောင့် သူ့မှာခင်မင်ရင်းနှီးသူ အသိမိတ်ဆွေများ တိုးခဲ့ရ၏ ပြီးတော့ သူ့မှာအမေ၊ ညီမလေးငါးယောက်နှင့် အဘိုးပက်ဒရိုတို့ရှိသည်။ သူတို့အားလုံးသည် သူချစ်ရမည့် လူများ ဖြစ်သည်။ ထိုလူစုမှလွဲလျှင် သူ့မှာသံယောဇဉ်တွယ်စရာလူသည် ရှိနိုင်စရာ အကြောင်းမရှိ။
သို့သော်လည်း အခုသူ့မျက်စိရှေ့မှောက်၌ ဤသူငယ်သည် ဘယ်ကဘယ်လိုလုပ်ပြီး ပေါ်ပေါက် လာလေ သည်မသိ။
သံယောဇဉ်ဖြစ်စရာ၊ ချစ်ခင်တွယ်တာစရာ လူသားတဦးအဖြစ်နှင့် ရောက်လာခဲ့ ၏ ဤသူငယ်အား သနားသော စိတ်၊ အကာအကွယ်ပေးလိုသော စိတ်များသည် သူ့ရင်၌ ကိန်းအောင်းလာခဲ့ရ၏ ဘာကြောင့် ထိုကဲ့သို့ဖြစ်ရပါသနည်း။ ဒါကိုတော့ သူလုံးဝမသိ။ သူသိနေသည်မှာ တခုတည်းသာရှိ၏ ။ ဤသူငယ်နှင့် ခင်မင် ရင်းနှီးခွင့် ရသည့်အတွက် သူ့မှာ အတိုင်းအဆ မသိနိုင်လောက်အောင် ကြည်နူးဝမ်းမြောက် နေခြင်း ပေတည်း။
ဂျိုစီသည် သူ၏အသိဥာဏ်နှင့် အတွေ့အကြုံများကို ပေါင်းစပ်၍ ဥာဏ်မီသရွေ့ စဉ်းစားဆင်ခြင် ကြည့်မိ သည်။ သူတဦးတည်းသာ ချစ်ခင်လိုသော ကောင်စစ်ဝန်၏ မေတ္တာသည် နီကိုလတ်စ်အား သူ့ပတ်ဝန်းကျင် လောကနှင့် ကင်းကွာသွားစေမည့် တံတိုင်းကြီးဖြစ်စပြုနေလေပြီ။ မကြာခဏ ဖျားတတ်နာတတ်သော သူ၏ ကျန်းမာရေးချို့တဲ့ မှုသည် နီကိုလတ်စ်အာ ကာယမသန်စွမ်းမှုကို ဖြစ်ပေါ်လာအောင် ဖန်တီး ပေးလျက် ရှိ၏။ သူ့အဖေ၏ မနာလိုဝန်တိုစိတ်သည် နီကိုလတ်စ်၏ ငယ်ရွယ်နုနယ်၍ သစ်လွင် လန်းဆန်း သော စိတ်ကို ဖျက်ဆီးနင်းချေစ ပြုလျက်ရှိလေပြီ။
ကောင်စစ်ဝန်၏ ဆင်ခြင်တုံတရား ကင်းမဲ့လွန်းလှသော အယူသည်းမှု၊ ပြင်းထန်လွန်းလှသော အတွေး အခေါ် အယူအဆနှင့် စိတ်နေစိတ်ထား၊ မိုက်မဲလွန်းလှသော မာန်မာန၊ ဤအရာ အားလုံး ကိုပေါင်းစပ် ကြည့်လိုက် သည့်အခါ ဂျိုစီ၏ ရင်သည် ပူလောင်လာသည်။ ဤအရာ အားလုံး၏ ဒဏ်ကို ခံရမည့် သားကောင် သည် နီကိုလတ်စ်ပင် ဖြစ်ပေတော့မည်။ နီကိုလတ်စ်အား ဤဘ၀မှ လွတ်မြောက် စေချင် လှပါ၏။ အပြင်းအထန် ဖိနှိပ်ချုပ်ချယ်၍ထားသော ပတ်ဝန်းကျင်မှ သူ့သဘာဝအတိုင်း ရိုးရိုး အေးအေး ကလေး နေရသော ဘ၀သို့ သူ ပို့ပေးချင်လှပါ၏။
နီကိုလတ်စ် နိုးလာချိန်တွင် နေစွယ်အတော်ကျိုးနေပေပြီ။ သူသည် မျက်လုံးများကိုဖွင့်ကာ ပတ်ဝန်းကျင် ကိုပြူးတူးပြဲတဲနှင့်ကြည့်သည်။ ‘ ကျွန်တော်တို့ ငါးထပ်မျှားဦးမှာလား ‘
ဂျိုစီက မိုးကောင်းကင် ထက်ရှိ နေကို မေးငေါ့ပြသည်။ ပတ်ဝန်းကျင်မှာ အအေးဓာတ် မသိမသာ ၀င်စ ပြုနေပြီ။
‘ ငါတို့ ပြန်ကြဖို့ အချိန်တော်ပြီထင်တယ်ကွ …’
‘ ဟာ…ဂျိုစီကလဲ ဗျာ…’
ဂျိုစီကပြုံး၍ ခေါင်းခါသည်။ သူ့လက်တဘက်ကို နီကိုလတ်စ်၏ ပခုံးပေါ် လှမ်းတင်လိုက်၏။
‘ တို့သွားမှဖြစ်မယ်ကွ၊ ဘတ်စ်ကားမမီပဲ နေလိမ့်မယ်…၊ ဒါပေမယ့် မပူပါနဲ့ကွာ၊ ငါတို့နှစ်ယောက် နောက်တခေါက် လာကြသေးတာပေါ့’
နောက်တခေါက် ဤနေရာသို့ ထပ်၍ လာကြဦးမည်။ နီကိုလတ်စ်သည် ဤစကားကိုကြားရသော အခါ ကျေနပ် သွားသည်။ သူသည် ခုန်ထလာပြီး ၀မ်းသာအားရ တချက်အော်လိုက်လေသည်။
နှစ်ယောက်သား ငါးမျှားတံများသိမ်းကြသည်။ အမှိုက်သရိုက်များကို စွန့်ပစ်ကြသည်။ အတိုအထွာ ပစ္စည်း များကို သိမ်းဆည်းပြီး ပြန်ထည့်ကြသည်။ အလာတုန်းကလိုမဟုတ်။ နီကိုလတ်စ်က သူ့ ပစ္စည်းများကို သူ့ဘာသာသူ သယ်မည်ဟု ဆိုသည်။ ထို့နောက် နှစ်ယောက်သားအတူတူတွဲ၍ တောင်ကုန်းပေါ်သို့ တက်လာ ခဲ့ကြလေ၏။
အခန်း (၁ဝ) ဆက်ရန်
.

1 comment:
ဂျိုစီကတော်တယ်နော်.. နီကို့အဖေရဲ့စိတ်ကိုမြင်တယ်။
နီကိုလေးသနားပါတယ်။
ဘာတွေဆက်ဖြစ်မလဲ အမြန်သိချင်တယ်ကွာ..
Post a Comment