Sunday, May 30, 2010

မောင်ပေါ်ထွန်း ဘာသာပြန် ကမ္ဘာရန် အပိုင်း (၂၇)

အခန်း (၂၇)

ဝီလျံ၏ စားပွဲပေါ်တွင် စာကို ဖြန့်တင်ထားသည်။ သူက ကောက်ယူပြီး တတိယအကြိမ် ထပ်ဖတ်သည်။
' အေဘယ်ရို့စနော့စကီးက လက်စတာဘဏ်မှာ ဘာကြောင့် ရှယ်ယာဝင်ချင်ရတာလဲ။ သူက အော့စဘွန်း ကို သူ့ကုမ္ပဏီမှာ ဘာဖြစ်လို့ ဒါရိုက်တာ ခန့်တာလဲ'
ဝီလျံ က အကြောင်းရင်းကို ဘယ်လိုတွေးလို့မှမရ။ ထို့ကြောင့် တယ်လီဖုန်းကို ကောက်ကိုင်လိုက်သည်။

မစ္စတာ ကိုဟင်အသစ်မှာ သူ့ဖခင်နှင့် တစ်ပုံတည်းဖြစ်သည်။ ထို့ကြောင့် အရှေ့ ၆၈လမ်းမှ ၀ီလျံ၏ အိမ်သို့ ရောက်သော အခါ သူ့ကိုယ်သူ မိတ်ဆက်နေစရာမလိုတော့။ သူ့ခေါင်းတွင် ဆံပင်ပါးပါးနှင့် အနည်းငယ် ဖြူစ ပြုနေပြီ။
ဝီလျံက မစ္စတာဒီယပ်ကိုဟင်အား စိုက်ကြည့်နေသည်။
' ကျွန်တော့်ကို မှတ်မိဘူးလား မစ္စတာကိန်း' မစ္စတာကိုဟင်က မေးလိုက်သည်။

' ဟာ ... ဘယ့်နှယ် မမှတ်မိပဲနေပါ့မလဲ၊ ကျွန်တော်နဲ့ ခင်ဗျားတို့က ဟားဗက်တုန်းက စကားရည်လုပွဲကြီး တောင် အကြီး အကျယ် လုပ်ခဲ့ကြသေးတာပဲ၊ ၁၉၂၀ ခုနှစ်တုန်းကပေါ့ '
' ၁၉၂၈ ကပါ၊ အဲဒီတုန်းက ခင်ဗျားတို့ဘက်က နိုင်သွားတယ်လေ '
' ဟုတ်တာပေါ့၊ ကျွန်တော်တို့က အရင်းရှင်စနစ်ဘက်က၊ ခင်ဗျားတို့က ဆိုရှယ်လစ်စနစ်ဘက်က စကားရည် လုခဲ့ကြတာ၊ အခု ခင်ဗျားက အရင်းရှင်တစ်ယောက်အတွက် ရှေ့နေလိုက်ပေးရမယ်ဆိုတော့ ဖြစ်ပါ့မလား '

ဝီလျံက ပြောပြီး ရယ်လိုက်သည်။ ထို့နောက် ထိုင်ရာမှထပြီး မစ္စတာကိုဟင်နှင့် လက်ဆွဲနှုတ်ဆက်သည်။ သူတို့ နှစ်ယောက်သည် တစ်ခအတွင်းတွင် တက္ကသိုလ် ကျောင်းသားများ ပြန်ဖြစ်သွားကြသည်။
ဝီလျံက ပြောပြီး ရယ်လိုက်သည်။ ထို့နောက် ထိုင်ရာမှထပြီး မစ္စတာကိုဟင်နှင့် လက်ဆွဲနှုတ်ဆက်သည်။ သူတို့ နှစ်ယောက်သည် တစ်ခဏအတွင်းတွင် တက္ကသိုလ် ကျောင်းသားများ ပြန်ဖြစ်သွားကြသည်။
ဝီလျံက ပြုံးလိုက်ပြီး -
' ကျောင်းတုန်းက ခင်ဗျားက လုံးဝအရက်မသောက်ခဲ့ဘူးနော်၊ ခုကော ဘာသောက်မလဲ '

' ကျေးဇူးတင်ပါတယ်၊ ကျွန်တော် အခုလည်း အရက်မသောက်ပါဘူး၊ ကျွန်တော်လည်း အရင်းရှင် ဖြစ်နေ ပြီဗျ '
ထို့နာက် သူက သူ့ဖခင်ထံမှ ပခုံးလွှဲယူထားလိုက်ရသော ' ရို့စနော့စကီးအော့စဘွန်း အမှုတွဲ ' ဖိုင်ကို လှန် ကာ စုံစမ်းသိရှိထားပြီးသမျှကို ရှင်းပြသည်။
ဝီလျံက သူ သိချင်သောအချက်များ ပြောပြသည်။

' အခု ဆက်လုပ်စေချင်တာက သူတို့နှစ်ယောက်ရဲ့ လှုပ်ရှားမှု အသေးစိတ်ကို အမြန်ဆုံး အစီရင်ခံစာ တင်စေချင်တယ်၊ နောက်ကိုလည်း အလျင်ကလိုပဲ သုံးလတစ်ကြိမ် မှန်မှန် အစီရင်ခံစာတင်ပါ၊ အားလုံးကို အတတ်နိုင်ဆုံး လျှို့လျှို့ဝှက်ဝှက် လုပ်ဖို့ကိုတော့ အထူးသတိပြုပါ၊ ဒီကိစ္စကို ခင်ဗျားကပဲ အားလုံးတာဝန် ယူစေချင်တယ်၊ အေဘယ်ရို့စနော့စကီးက လက်စတာဘဏ်မှာ ဘာကြောင့် ရှယ်ယာဝင်ရတာလဲ၊ ဒေးဗစ် လီရွိုင်း သေဆုံးရတာ ကျွန်တော့်ကြောင့်လို့ သူက အခုအထိ ထင်နေတုန်းပဲလား၊ အော့စဘွန်းက ဒီကိစ္စ မှာ ဘယ်လိုပတ်သက်နေတာလဲ၊ ရို့စနော့စကီးနဲ့ ကျွန်တော်နဲ့ တွေ့ဆုံဆွေးနွေးရင် အကျိုးရှိ ပါ့မလား၊ အထူးသဖြင့် ထိုအချိန်က ရစ်ခ်ျမွန့်ကုမ္ပဏီကို ပိုက်ဆံထုတ်မချေးဖို့ ဆုံးဖြတ်တာ ကျွန်တော် မဟုတ် ပါဘူး၊ တခြားဘုတ်အဖွဲ့ဝင်တွေက ဆုံးဖြတ်တာပါလို့ ထုတ်ပြောလိုက်ရကောင်းမှာလား၊ ဒီမေးခွန်း အားလုံး ရဲ့ အဖြေကို ကျွန်တော် မြန်နိုင်သမျှ မြန်မြန် သိချင်တယ်၊ ဒါမှ ကျွန်တော့်ဘဏ် ဒါရိုက်တာအဖွဲ့ကို အမြန်ဆုံး တင်ပြပြီး လိုအပ်သလို ဆက်လက်ဆောင်ရွက်နိုင်မယ် '

သာဒီယပ်ကိုဟင်က လက်စွဲသားရေအိတ်ကို ပြန်ပိတ်လိုက်ပြီး -
' အခုလို ခင်ဗျား နာလန်ထခါစရှိသေးတဲ့အချိန်မှာ ဒီလိုပြဿနာနဲ့လာပြီး ရင်ဆိုင်ရတာ ကျွန်တော် စိတ်မကောင်းပါဘူး၊ ကျွန်တော် အမြန်ဆုံး ဖြစ်နိုင်အောင် ကြိုးစားပြီး လုပ်လိုက်ပါ့မယ်၊ ပြီးတော့ ခင်ဗျားဆီ လာပြီး တင်ပြပါ့မယ် ' သူက တံခါးဝသို့ လျှောက်သွားရာမှ နောက်ပြန်လှည့်လျက် -
' ဒါနဲ့ ရီမာဂျင်တိုက်ပွဲမှာ ခင်ဗျား စွမ်းဆောင်ခဲ့တာတွေအတွက် ကျွန်တော် အများကြီး ဂုဏ်ယူပါတယ် မစ္စတာကိန်း '
*
ဝီလျံသည် နောက်တစ်လနှစ်လအတွင်းတွင် လုံးဝ ကျန်းမာလာခဲ့သည်။ မျက်နှာနှင့် ရင်ဘက်မှာ အမာရွတ် များမှာလည်း သာမန် ခြစ်ရာလေးလောက်သာ ထင်တော့သည်။
ရက်များ မကြာမီတွင် သူတို့မိသားစုသည် အနောက်အင်းဒီးစ်ကျွန်းစုသို့ အပန်းဖြေခရီးထွက်ကြသည်။ လန်ဒန် မြို့သို့လည်း နှစ်ပတ်တာမျှ ၀င်ရောက်၍ လည်ပတ်ခဲ့ကြသည်။
နယူးယောက် သို့ ပြန်ရောက်သောအခါ ကိတ်က လင်တော်မောင်အား အိမ်တွင် ဆက်လက် အနားယူ နေသေး ရန် တိုက်တွန်းသည်။ သို့သော် ၀ီလျံက အနားမယူတော့ဘဲ အလုပ်ခွင်သို့ တန်းဝင်လာသည်။
သို့ဖြင့် သူသည် ပြဿနာပေါင်း သောင်းခြောက်ထောင်နှင့် ၀င်တိုးမိလျက်သား ဖြစ်ရတော့သည်။

သူ ပြန်ဝင်လာသောအခါ စီးပွားရေးလောကသည် ယခင်ကနှင့် မတူတော့ဘဲ အတော်ကြီးကို ပြောင်းလဲနေ ပြီဖြစ်ကြောင်း တွေ့ရသည်။ အမေရိကန်ဘဏ်လုပ်ငန်းကို ဒုတိယကမ္ဘာစစ်ကြီးကြောင့် အတွေ့အကြုံ အများကြီး ရလိုက်သော လူငယ်မျိုးဆက်သစ်က ဦးဆောင်ကြိုးကိုင်လျက်ရှိနေပြီ။
ဒုတိယအကြိမ် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရလိုက်သော ဟယ်ရီထရူးမင်းကလည်း စီးပွားရေးကို မူသစ်၊ ပေါ်လစီသစ်များဖြင့် အထူးထိန်းကြပ်ကွပ်ကဲလျက် ရှိသည်။
ရှေ့နေ သာဒီယပ်ကိုဟင် ထံမှ ပထမဆုံးအကြိမ် အစီရင်ခံစာ ရောက်လာသည်။

ဝီလျံက စိတ်ဝင်စားစွာဖြင့် ကမန်းကတန်း လှန်လှောဖတ်ရှုသည်။
အေဘယ်ရို့စ်နော့စကီးသည် လက်စတာဘဏ်တွင် နောက်ထပ် အစုရှယ်ယာများ ၀ယ်ယူရန် ဆက်လက် ကြိုးစား နေဆဲဖြစ်သည်။ သူသည် မစ္စတာလက်စတာ၏ သေတမ်းစာအရ အမွေရလိုက်သူ အားလုံး နီးပါး သို့ ချဉ်းကပ်ခဲ့သည်။ သို့သော် မစ္စတာဆူဆန်လက်စတာ တစ်ဦးတည်းထံမှသာ ရှယ်ယာများ ၀ယ်ယူ ရရှိခဲ့သည်။ သ ဆူဆန်က ၀ီလျံ၏ ရှေ့နေနှင့် လုံးဝအတွေ့မခံ။ သူမအနေဖြင့် ရှယ်ယာတွေ ရောင်းပစ် ရလောက် အောင် ငွေရေးကြေးရေး အခက်အခဲမရှိသေးကြောင်း ၀ီလျံသိသည်။

ဒါနဲ့များ ဒီလိုလူမျိုးကို ရောင်းပစ်လိုက်တာ မိုက်လိုက်လေခြင်း ဟူဆန်ရယ် ...။
ဝီလျံ တော်တော် စိတ်မကောင်း ဖြစ်သွားပါသည်။ သူက အစီရင်ခံစာကို ဆက်ဖတ်လိုက်သည်။
ဟင်နရီအော့စဘွန်းအား ၁၉၄၇ ခုနှစ် မေလထဲတွင် နယ်စားကုမ္ပဏီ၏ ဘုတ်အဖွဲ့ဝင် လူကြီးတစ်ဦးအဖြစ် ခန့်ထား ခဲ့သည်မှာ မှန်သည်။ သူ၏ အထူးတာဝန်က လက်စတာဘဏ်မှ ရှယ်ယာများကို ကြီးကြပ်ရန် ဖြစ်သည်။ အရေးကြီးသောအချက်မှာ အေဘယ်သည် ဆူဆန်၏ ရှယ်ယာများကို သူ့နာမည်ကိုသော်လည်း ကောင်း၊ အော့စဘွန်းနာမည်ကိုသော်လည်းကောင်း လုံးဝမသုံးဘဲ ၀ယ်ယူခြင်းပင်ဖြစ်သည်။

ဘယ်လိုပင်ဖြစ်ဖြစ်၊ ယခုအချိန်တွင် အေဘယ်သည် လက်စတာဘဏ်တွင် ရှယ်ယာ ခြောက်ရာခိုင်နှုန်း ပိုင်သွားပြီ။ ပီတာပါဖစ်၏ ရှယ်ယာနှစ်ရာခိုင်နှုန်းကိုလည်း ဒေါ်လာခုနစ်သိန်းခွဲဖြင့် ၀ယ်ယူရန် ကမ်းလှမ်း လျက် ရှိသည်။ သည်အတိုင်းဆိုလျှင် အေဘယ်သည် ၀ီလျံကဲ့သို့ပင် ရှယ်ယာ ရှစ်ရာခိုင်နှုန်းကို မကြာမီ ပိုင်ဆိုင် လာနိုင်စရာရှိသည်။
ဝီလျံက ပို၍ စိုးရိမ်သည်မှာ အေဘယ်၏ ဟိုတယ်လုပ်ငန်းသည် လက်စတာဘဏ်တိုက်ထက် နှစ်စဉ် အမြတ်ငွေ ပိုမိုရှိနေခြင်းပင်ဖြစ်သည်။ အေဘယ်၏ နယ်စားဟိုတယ်လုပ်ငန်းသည် နာမည်ကျော် ဟီလတန် နှင့် ရှယ်ရာတန် ဟိုတယ်လုပ်ငန်းကြီးများနှင့်အပြိုင် လိုက်လျက်ရှိနေပြီ။

ဝီလျံက အေဘယ်ရို့စနော့စကီးနှင့် ပထမဆုံး တွေ့ဆုံမဆွေးနွေးရသေးဘဲနှင့် သည်ကိစ္စကို ဘုတ်အဖွဲ့ကို တင်ပြသင့် မသင့် စဉ်းစားကြည့်သည်။ ဘာမှ ဆုံးဖြတ်ချက်မချဖြစ်။
သို့ဖြင့် အိပ်မပျော်သော ညပေါင်းများစွာကို ကုန်လွန်စေပြီးနောက်မှာ သူက ဇနီးသည် ကိတ်ကို ပြောပြပြီး ထင်မြင်ချက် တောင်းခံမိသည်။
' ဘာမှ မလုပ်ပါနဲ့ဦး ' ကိတ်က အကြံပေးသည်။ ' မောင် စိုးရိမ်သလို သူက အဖျက်သဘောနဲ့ ၀င်လာတာ လားဆိုတာ အတိအကျ သိရအောင် စောင့်ကြည့်နေပါဦး၊ အမှန်က ဒီကိစ္စဟာ မောင် ထင်သလောက် မကြီးကျယ်ဘဲ လက်ဖက်ရည်ခွက်ထဲ မုန်တိုင်းထတာ လောက်ပဲ ဖြစ်ချင်ဖြစ်မှာပါ '

' ဟင်နရီအော့စဘွန်းကို သူ့ရဲ့လက်ပါးစေအဖြစ် ခန့်ထားတာထောက်ရင် မုန်တိုင်းက လက်ဖက်ရည် ခွက်ထဲက လျှံတက်ပြီး အပြင်ကိုပါ တိုက်ခတ်နိုင်တယ်၊ ဒီကိစ္စ ပေါ့ပေါ့တွက်လို့ မဖြစ်ဘူး ကိတ်၊ ဒါကြောင့်မို့ သူ့ ရည်ရွယ်ချက် အမြန်ဆုံးသိအောင် လုပ်ရမယ်၊ လက်ပိုက်ပြီး ထိုင်ကြည့်နေလို့ မဖြစ်ဘူး '
' စောင့်ကြည့် ပါဦးလေ၊ သူ စိတ်ပြောင်းသွားပြီး ဖြစ်ချင်လည်း ဖြစ်နိုင်ပါတယ်၊ ရှင်တို့နှစ်ယောက် အဆက် အသွယ် လုံးဝမရှိတာကလည်း နှစ်ပေါင်းနှစ်ဆယ်လောက်တောင် ရှိသွားပြီပဲ '
' အဲ ... လူဆိုးကြီး အယ်လ်ကပုန်းက ထောင်ကလွတ်တဲ့နေ့ကျမှ စိတ်ပြောင်းသွားချင် ပြောင်းသွားလိမ့်မယ်၊ တို့ က အတိအကျပြောလို့ ဘယ်လိုမှမရနိုင်ဘူးကိတ်၊ ဒါပေမဲ့ သတိ ရှိထားတာကတော့ မမှားနိုင်ဘူးပေါ့ '

ကိတ်က ဘာမှဆက်မပြော။ သို့သော် ၀ီလျံက ကိတ်၏ စကားကို နားထောင်ပြီး ခပ်အေးအေးပင် စောင့် ကြည့်နေသည်။ သည်ကြားထဲ ရှေ့နေ သာဒီယပ်ကိုဟင်၏ အစီရင်ခံစာကိုလည်း မှန်မှန်ဖတ်နေသည်။ ထွေထွေ ထူးထူး ထူးခြားချက်တော့ ဘာမှမရှိ။
ကိတ် ၏ ထင်မြင်ချက်အတိုင်းပဲ ဖြစ်ပါစေဟုသာ သူက ဆုတောင်းနေမိတော့သည်။
..........................................
အခန်း (၂၈)
.

2 comments:

မြတ်နိုး said...

အမ..ရှဲ့ရှဲ့နီ..

အမ ၀ီလျံကအမြော်အမြင်ရှိသလို ..သူ့ဇနီးကလည်း အထောက်အကူရတယ်။တော်သေးတယ်။

ကာရံဆူး said...

မမရွှေစင်ရေ...ဘာသာပြန်တွေကို အစကနေ စဖတ်ချင်တာ...အချိန်မရသေးတော့...အစ်မ အသစ်တွေကိုလဲ လိုက်လို့ မမီဘူး ဖြစ်နေတယ်...စာဖတ်ရတာ အရမ်း သဘောကျပါတယ်...အစ်မဆီ အေးအေးဆေးဆေး လာဖတ်ဖို့ ဧည့်စာရင်းပါ တိုင်လိုက်ဦးမယ်...:P