Sunday, February 20, 2011

မဝင်းမြင့် ၏ ပဏ္ဍုသေလာ အပိုင်း (၁ဝ)

"မေဂျာဝှိုက် သောက်မိတာက အဆိပ်ရည်ဖြစ်လို့ မေဂျာဝှိုက်သေသွားတာလား ဒက်ဒီ"
"ဟဲ့ သားရဲ့ ၀ှိုက်တီ သေ မှ ဒီအကြောင်းတွေကို ဘယ်သူကပြန်ပြောနိုင်တော့မှာလဲ။ သူမသေလို့သာ ပြန် ပြော နိုင် လို့ ဒက်ဒီတို့ သိရတာဘဲကွယ်"
အတွင်းဝန်ကြီးက ဖြေသည်။

"ဒါဖြင့် သူကအဲဒီမှာ အရက်မူးသလိုဖြစ်ပြီး အိပ်ပျော်သွားတာမျိုးပေါ့ ဟုတ်လား ဒက်ဒီ"
"အေးပေါ့ အိပ်ဆေးသောက်မိလို့ အိပ်ပျော်သွားတဲ့သဘောပေါ့"
"နောက် သူ အဲဒီနေရာက ဘယ်လိုပြန်ထွက်လာလဲ ဒက်ဒီ"
"ဘယ်လိုပြန်ထွက်လာတယ်ဆိုတာ သူကိုယ်တိုင်လဲ မသိတော့ဘူး၊ ဒက်ဒီက ဒုတိယကမ္ဘာစစ်အတွင်း က လေတပ်မတော် အရာရှိတယောက်ဆိုတာ သားသိတယ် မဟုတ်လား"
"အေး ဒက်ဒီတို့လေတပ်ကို သတင်းရောက်လာတယ်၊ ၀ှိုက်တီနဲ့ စစ်သားတရာ ဗမာပြည်နယ်စပ်ထဲဝင် ပြီး အစအန ရှာမရအောင် အဆက်အသွယ်လုံးဝမရတော့ဘဲ ပျောက်နေပြီဆိုတဲ့ သတင်းရတော့ လေ ယာဉ်ပျံနဲ့ တောတွေ တောင်တွေပေါ်က ၀ဲပျံပြီး ရှာကြဖွေကြတာပေါ့။

အဲဒီမှာ ချင်းတွင်းမြစ်ကမ်းခြေတ နေရာ ရေစပ်မှာ သတိမေ့လဲနေတဲ့ ဗြိတိသျှတပ်မတော်စစ်ယူနီဖောင်းနဲ့ လူတယောက်ကိုတွေ့တယ်။ လေယာဉ်ပျံကို နိမ့်နိမ့်ဝဲပြီး မှန်ပြောင်းနဲ့ကြည့်တော့ ၀ှိုက်တီ ဖြစ်နေမှန်းသိရတာပါ။ အဲဒီတော့ ဗမာပြည် ထဲ ရောက်နေတဲ့ မဟာမိတ်တပ်တွေကလဲ တောနင်းရှာ နေကြတော့ အဆုံးမှာ ရှိတဲ့တပ်ကို သတင်းပို့ ပြီး ၀ှိုက်တီကို သယ်ယူလာပြီး သတိပြန်ရအောင် ဆေးကု ရတာ ပေါ့ကွယ်"
"သူ ဘယ်လိုဖြစ်နေသလဲ ဒက်ဒီ"
"သတိမေ့နေတာလေ"
"ဆရာဝန်တွေက ဘာပြောလဲ"

"အင်မတန်ပြင်းတဲ့ အိပ်ဆေးတခု သောက်မိဟန်တူကြောင်း၊ သတိမေ့နေတာ အနည်းဆုံး ငါးရက် လောက် ရှိပြီဖြစ်ကြောင်း၊ ဒါပေမဲ့ အံ့သြစရာကောင်းတာက ဒီအိပ်ဆေးကြောင့် မေဂျာဝှိုက်ရဲ့နှလုံးတွေ၊ သွေးကြောတွေ၊ ကိုယ်ခန္ဓာအနေအထားတွေ၊ အားအင်တွေ မှတ်ဥာဏ်တွေမှာ လုံးဝမထိခိုက်ဘူးလို့ ဆရာဝန်ကြီး တွေက တညီတညွတ်တည်း ဆုံးဖြတ်တယ်"
"သိပ်စွမ်း သိပ်ထက်မျက်တဲ့ အိပ်ဆေးပါလား"  မောင်တင်အုန်းက တအံ့တသြပြော၏။

"အေးကွဲ့၊ အင်မတန်မှ သိပ္ပံထွန်းကားပါတယ်ဆိုတဲ့ အခုခေတ်မှာ လကမ္ဘာဆီကိုသာ သွားနိုင်ကြတယ် ဒီလို အိပ်ဆေးမျိုး ဘယ်ပါရဂူမှ မဖော်နိုင်သေးဘူးနော် မောင်တင်ဦး"
အတွင်းဝန်ကြီး က ငြိမ်ပြီးနှုတ်ဆိတ်နေသော မောင်တင်ဦးကို လှည့်ပြောသည်။
"ဟုတ်ပါတယ် အန်ကယ်လ်"
"ကဲပါ ဒက်ဒီရယ်.... ဆက်ပြောပါအုံး"
မောင်တင်အုန်း က တောင်းဆို၏။

"အေး... အေး... ဆရာဝန်ကြီးတွေက သူ့ကိုဆေးကုရတယ်ဆိုတာက ထိထိရောက်ရောက် မကုလိုက်ရ ပါဘူး၊ ဘယ်လို ဖြစ်လဲ၊ ဘယ်လိုကုရင်ကောင်းမလဲလို့ လေ့လာဆွေးနွေးနေတုန်းဘဲ ၀ှိုက်တီက သူ့အလို အလျောက် အိပ်ရာ က နိုးသလို နိုးလာတယ်၊ သူက လန်းလန်းဆန်းဆန်းဘဲကွ"

"သိပ်ကောင်းတဲ့ ဆေးဘဲနော် ဒက်ဒီ"
မောင်တင်အုန်းက ချီးကြူးလိုက်ပြန်သည်။
"အေး... တကယ်ကောင်းတဲ့ ဆေးဘဲသား"
"မေဂျာဝှိုက်က သူ့အဖြစ်တွေ ပြောပြတာ ယုံကြရဲ့လား"
မောင်တင်အုန်း အမေးကို အတွင်းဝန်ကြီးက ၀မ်းနည်းဟန်ဖြင့် ဦးခေါင်းခါရမ်းသည်။

"သူ့စစ်သားတွေ တရာလုံးလုံး အစအနမမြင်ရအောင် ပျောက်သွားတာကို လုံလောက်တဲ့ အကြောင်းမ ပြနိုင်ဘဲ ထူးဆန်းတဲ့ တောင်ထိပ်ပေါ်က အလင်းရောင်အကြောင်းတွေ၊ တန်ဘိုးမဖြတ်နိုင်တဲ့ ဗုဒ္ဓဆင်း တုတော် အကြောင်းတွေ၊ လူချော မိန်းမချောအကြောင်းတွေကိုသာ တအံ့တသြပြောပြီး သူ ချင်းတွင်း မြစ်ကမ်းပါး ဘယ်လိုရောက်လာလဲဆိုတာလဲ မေးမရဘူး၊ ဒီတော့ အထက်အရာရှိတွေက မေဂျာဝှိုက်ကို ရိုးသားမှု့ မရှိဘူးလို့ ယူဆပြီး အမှုဖွင့်စစ်ဆေး မေးမြန်းရာထူးချတာတွေ လုပ်တော့ သူ့စိတ်ထဲ ဘယ်လို ခံစား ရတယ်မသိဘူး သား၊ သူ့ကိုယ်သူ သတ်သေသွားတယ်"
''ဟောဗျ- ဖြစ်ရလေ၊ မေဂျာဝှိုက် တကယ်များ ရူးလာသလား ဒက်ဒီ'' မောင်တင်အုန်းက စိတ်မကောင်း သံဖြင့် ပြောသည်။

''မရူးဘူးလား သူ့ကိုအကျယ်ချုပ်နဲ့ သားခိုက် ဒက်ဒီကိုယ် တိုင်မေးကြည့်တယ်၊ ငယ်ငယ်ထဲက ညီအ ကိုအရင်းလို ချစ်လာခဲ့ကြတဲ့ သူငယ်ချင်းဘဲ၊ သူမလိမ်ဘူး၊ ဒက်ဒီ့ကို ဒီအတိုင် ပြောသွားတာတွေဟာ အမှန် တွေဘဲ လို့ ဒက်ဒီယုံကြည်တယ်လေ''
''အဲ-တောင်ထိပ်ပေါ်မှာ ပေါ်လာတဲ့ မှန်ပြောင်းနဲ့တောင် ကြည့်မဖြစ်တဲ့ အလင်းရောင်ကြီးကလဲ ဘာမှန်း မသိ ဘူးလားဒက်ဒီ''

''အင်း-ဒါတွေဟာ တကယ့်လျှို့ဝှက်ချက်တွေ ဖြစ်မှာပေါ့၊ ၀ှိုက်တီလဲ သေပြီဆိုတော့ ဒီအလင်းရောင် အကြောင်း ထူးဆန်းတဲ့ ခြုံထည်၊ သူရောက်ခဲ့တဲ့ ဗုဒ္ဓဆင်းတုရှိရာ ကမ္ဘာလေး၊ ဘာမှန်းမသိရအောင် ပျောက်သွားတဲ့ စစ်သားတွေ ဆိုတာကတော့ ဒက်ဒီတို့လဲ စဉ်းစားလို့ ဥာဏ်မမှီတော့ဘူးကွဲ့''
အတွင်းဝန်ကြီးက စကားအဆုံးသတ်ပြီး ထိုင်ရာမှထကာ ခြေလက်ဆန့်အညောင်းဖြေပြီး-
''ဒီနေ့ အဖို့တော့ တော်လောက်ပြီဟေ့''

ဟု ပြုံးပြုံးရယ်ရယ်ပြောကာ လဘက်ရည့်စားပွဲမှ ထမည့်ဟန် ပြင်လိုက်သောအခါ မောင်တင်အုန်းက ကပျာ ကသီ မေးခွန်းတခုကို မေးလိုက်သည်။
''နေပါအုံး ဒက်ဒီ၊ မေဂျာဝှိုက်က သူ့ ကိုယ်သူ သတ်သေ မယ်ဆိုတာ ဘာကြောင့်လို့ တစွန်းတစမှ မဖော်ပြ ခဲ့ဘူးလား၊ ဟို-ဗုဒ္ဓဆင်းတုတော်ကြီးကို တခုခုလုပ်ခဲ့မိသလား၊ မအပ်မရာ တခုခုကြံစည်ခဲ့ မိသလား။ ဥပမာ ဆိုပါတော့ ဒက်ဒီရယ်၊ အဖိုးတန် ရတနာတွေကို သူတနည်းနည်းနဲ့ ရအောင်ယူလိုတဲ့ စိတ်ညစ်မှု တွေဘာတွေများ ဖြစ်သွားသလား''
မောင်တင်အုန်း၏ စကားဆိုလိုချက်ကား ဗုဒ္ဓဆင်းတုတော်နှင့် တစုံတခုပတ်သက်သော ''ခိုက်သည်'' ဟူသော အဖြစ်မျိုးဖြစ်သွားသလားဟူ၍ ဆိုလိုကြောင်း မောင်တင်ဦးက စဉ်းစားမိသည်။ သူ့ သားစကား ကို ကြား မှ အတွင်းဝန်ကြီးက တစုံတခုက်ု သတိရတလို မျက်မှောင်ကုပ်ကာ အတန်ငယ် စဉ်းစားနေပြီးမှ ပြော၏။

''အေး... သားပြောမှ ဒက်ဒီသတိရတယ်၊ ၀ှိုက်တီပြောခဲ့တဲ့ စကားတွေထဲမှာ ဒက်ဒီပြောဘို့ မေ့ကျန်ခဲ့ တာတခုရှိတယ်၊ ဟို- ဗုဒ္ဓဆင်းတုတော်ကြီး သွန်းတားတဲ့။ ရွှေဆိုင် ရွှေခဲ့ဟာ ဖယောင်းတုံးကြီးလို အိနေ ဟန်တူတယ်တဲ့။ ဘာကြောင့်လဲ ဆိုတော့ သူ့လက်နဲ့ မထိရမကိုင်ရပေမဲ့ ရတနာတွေ စီခြယ်ထားပုံဟာ ပန်းတိမ်သမားတွေ လုပ်သလို စွန်ကုပ်နဲ့ တွယ်ထားတာတွေ မဟုတ်ဖူးတဲ့။ ရွှေပေါ်မှာ အသားလွတ် ရှောက်စီပြီး လက်နဲ့ ဖိမြှုပ်ထားတာမျိုးဖြစ်တယ်တဲ့။ ဆင်းတုတော်ကြီးရဲ့ သင်္ကန်းအောက်နား အစွန်ဆုံး မှာ ရတနာတခု ပြုတ်ကျနေတဲ့ ချိုင့်ခွက်ကို သူအသေအချာ ကြည့်ခဲ့မိတာတဲ့။ 

အဲဒီချိုင့်ခွက်က ထွက် ကျနေတဲ့ စိန်လုံးဟာလဲ သူရပ်နေတဲ့ရှေ့ သူ့ခြေထောက်နဲ့ ကျောက်ပြားအကြားမှာ ရှိနေတယ်တဲ့။ ၀ှိုက်တီလဲ မသိမသာ စိန်လုံးကို ခြေချောင်းကလေးတွေနဲ့ ကုပ်ညှပ်ယူလာပြီး ထိုင်ခိုင်းလိုက်လို့ ထိုင်ရ တဲ့အချိန်မှာ ဘယ်သူမှ မမြင်အောင်အမှတ်မဲ့ ယူပြီးဘောင်းဘီအိတ်ထဲ ထည့်လာခဲ့ တယ် တဲ့ သားရယ်'

''အဲဒီစိန်လုံး ဒက်ဒီ့ကို ပြသွားသလား။ ဘယ်လောက်ကြီးသလဲ''
မောင်တင်အုန်းက စိတ်အားထက်သန်စွာမေးသည်။
''အေး... သူအချုပ်ထဲ ရောက်နေခိုက် ဒက်ဒီက စားသောက်စရာ ကလေးတွေ သွားပို့ရင်း မေးမြန်းတာ နဲ့ သူလဲ အခုတင်က ပြောခဲ့တာတွေ အားလုံးပြောပြပြီး သူ့ အင်္ကျီချုပ်ရိုးထဲ ထည့်ဝှက်ထားတဲ့ စိန်လုံးကို ထုတ်ပြ လို့ ဒက်ဒီမြင်ခဲ့ပါတယ်၊ ဒက်ဒီ့စိတ်ထင်တော့ ဆယ်ရတီ ကျော်မယ်ထင်တယ်''
''ဟုတ်လား စိန်က တော်တော်ကောင်းသလား ဒက်ဒီ''

''ဟာ ကောင်းတာတော့မပြောနဲ့။ ဒါလောက် ကောင်းတဲ့ စိန်မျိုး၊ အပြစ်အနာကင်းပြီး ကောင်းကင်မှာ တောက်ပ နေတဲ့ သောကြာကြယ်တို့၊ ကြားသပတေးကြယ်တို့ ဆိုတာတွေဟာ ဒီစိန်နဲ့စာရင် ဖန်ကွဲ ပုလင်းကွဲ လိုတောင် ဖြစ်သွားမယ်ထင်တယ်။ ဒါလောက်ကောင်းတယ်သား''
''ဒါဖြင့် မြတွေ ပတ္တမြားတွေလဲ ဒီအတိုင်းဘဲ ကောင်းမှာဘဲနော် ဒက်ဒီ''
''ကောင်းတယ် လို့ သူပြောသွားတာဘဲ သားရဲ့''
''သူသေတော့ အဲဒီစိန် ဘယ်ရောက်သွားလဲ''

''ဒါတော့ ဒက်ဒီလဲ မသိတော့ဘူး။ တာဝန်တခုနဲ့ တခြားရောက်နေတယ်ကွဲ့...''
အခိုက် အတန့် စကားပြတ်သွားပြီးနောက်-
"မေးစရာ ပြောစရာလဲ ကုန်ပါပြီသားရယ်၊ ဒက်ဒီလဲ လုပ်စရာရှိတာကလေး အစသတ်လိုက်အုံးမယ်"
အတွင်းဝန်ကြီး က ပြောပြောဆိုဆို ထသွားသည်။

"ခင်ဗျား ဘယ်လိုသဘောရသလဲ"
မောင်တင်အုန်းက ငြိမ်နေသော မောင်တင်ဦးကို လှည့်မေးသည်။
"ဘာကိုဆိုလိုတာလဲ ကိုတင်အုန်း"
"မေဂျာဝှိုက် ပြောစကားတွေ သူသေပုံတွေ ဒီစိန်ပျောက်သွားတာတွေလေ"
"ဒါကတော့ ကျွန်တော့်ကိုယ်တွေ့လဲမဟုတ်ဘူး။ ဖြစ်ခဲ့တဲ့ ကာယကံရှင်ကလဲ ကျွန်တော်တို့လူမျိုးမဟုတ်ဘဲ ခင်ဗျား တို့ လူမျိုးဖြစ်နေတယ်ဆိုတော့ ကျွန်တော့အနေနဲ့ ဘာမှထင်မြင်ချက်မပေးတတ်ပါဘူး ဗျာ"

မောင်တင်ဦးက အစွန်းအစလွတ်အောင် ပြောလိုက်၏။ သို့သော် သူ့စိတ်ထဲတွင်ကား မေဂျာဝှိုက်အဘို့ တိတ်တဆိတ် ယူလာခဲ့သောစိန်သည် မသုံးအပ် မစားအပ်သည့် ရတနာဖြစ်၍ အသက် သို့ တိုင်အောင် ထိခိုက် သွားသည်ဟု စိတ်ထဲမှယူဆမိသည်။
မေဂျာဝှိုက် ၏ အတွေ့အကြုံနှင့် သူ့အဖေတွေ့ခဲ့ရသောအဖြစ်သည် တခုတည်းပင်ဖြစ်လေသလား။ "အ ဆက်အစပ် ရှိလေသလား" ထူးဆန်းသည်ကတော့ အမှန်ပင်ဖြစ်ရာ ဘခင်အား စုံစေ့အောင် မေးမြန်း မည် ဟု စိတ်ကူးလိုက်လေသည်။

မောင်တင်ဦး ရုံးဆင်း အိမ်ပြန်ရောက်လာသည့်အချိန်မှာ ဘခင်ဖြစ်သူ ဦးအောင်ကို အပြင်းဖျားလျက် အိပ်ရာထဲ မှာလဲနေသည်ကို မမြှော်လင့်ဘဲ တွေ့ရလေတော့သည်။
"အဖေ... ဘယ်လိုဖြစ်တာလဲ၊ ဘယ်အချိန်က ဖျားတာလဲ"
မောင်တင်ဦးက စိုးရိမ်စွာမေးမြန်းရင်း စမ်းသပ်ကိုင်တွယ်ကြည့်သည်။ ဦးအောင် ၏ အသားသည် မီးခဲတ မျှ ခြစ်ခြစ် တောက် ပူလောင်နေသည်ကို တွေ့ရ၏။

"အဖေ မနက်အိပ်ရာက ထစကထဲက နေမကောင်းဘူး သား၊ ငါ့သားအလုပ်သွားရာမှာ စိတ်အနှောင့် အ ယှက် ဖြစ်နေမှာစိုးလို့ အဖေဘာမှမပြောတာ။ နေ့လယ်က သားဝယ်ထားတဲ့ ကိုဒါနင်ဆေးပြားသောက် ပြီး ချွေးအောင်း ကြည့်တယ်။ ချွေးတစက်မှ မထွက်ဘဲ အနေရဆိုးသထက်ဆိုးလာတယ်ကွယ်"
ဦးအောင်က တုန်ရီပန်းဟိုက်စွာပြောပြ၏။
"ကျွန်တော်ဆရာဝန် သွားခေါ်မယ် အဖေ"
မောင်တင်ဦးကပြောရင်း ဘခင်ကို စောင်ခြုံ ပေးခဲ့ပြီးနောက် "ခဏလေး... နော်... အဖေ"  ဟုပြောကာ အိမ်ပေါ်မှလျင်မြန်စွာ ဆင်းသွား။ သူတို့အလုပ်သွားသည့်အခါ စီးနေကျကားမှတ်တိုင်မှ ငါး ပြ ခရီး အကွာတွင် ဆေးကုခန်းတခုဖွင့်ထားသည်ကို သွားရင်းလာရင် မောင်တင်ဦးကသတိထားခဲ့မိ၏။ ထို့ကြောင့် ဤဆေးခန်း ကို ရည်စူးပြီးထွက်လာခဲ့သည်။ ဆရာဝန်မှာ ဆေးခန်းတွင် လူနာပြည့်နေက မည်သည့်နည်း နှင့်မှ ပင့်ခေါ်ရာလိုက်မည်မဟုတ်ကြောင်း တွေးမိသောအခါ စိတ်ထဲမှာ စိုးရိမ်သွားသည်။

ဤဆရာဝန်ကိုပင့်မရလျှင် ဆရာဝန်ရှာရသည်နှင့် အချိန်နှောင့်နှေးကာ ဘခင်မှာ ဝေဒနာတိုးတော့မည် ဟု စဉ်းစားပြီး စိတ်ဆင်းရဲမိ၏။ ထိုအခိုက် လိုင်းကား က ရောက်လာသည်။ မောင်တင်ဦးက ကားအရှိန်မ သေခင် မှာ ကပျာကသီပြေးပြီး ကားပေါ်အတင်းတိုးခွေ့တက်မိသည်။

မောင်တင်ဦး တွေးထင်မြှော်လင့်သည့်အတိုင်းပင် ဆရာဝန်တယောက်ကို အိပ်အရောက်ပင့်ခေါ်ရမည် မှာ အတော်ပင် ခက်ခဲသည်ကို တွေ့ရသည်။ ညနေအချိန်ဟူသည်မှာ ဆေးတိုက်တွင် လူနာကျချိန်ဖြစ် ၍ ဆရာဝန်တွေကလည်း လာနေကျဖောက်သည်ကို အပျက်ခံပြီး အပြင်ကို မလိုက်လိုကြချေ။ ဆေး တိုက်ပိတ်ချိန် ထိ ဆိုင်းနိုင်လျှင် ဆိုင်းပါဟုသော အနူးအညတ်ပြောပြသည်။ မောင်တင်ဦး အနေဖြင့် မ ဆိုင်းနိုင်ချေ။ တယောက်တည်း ဆေးတိုက် တကာ လှည့် ရှာသည်မှာ ညကိုးနာရီ ထိ အဆင်မပြေ၍ မောင်တင်ဦး က စိတ်ပျက်စွာ နောက်တနေ့ ဘခင်ကို ဆေးရုံတင်မည်ဟု ပြောရာ ဦးအောင်က ဆေးရုံ မတက်လိုချေ။ အငှားကားခေါ်ပြီး ဘခင်ကို ဆေးတိုက်ပို့ပြသကုရတော့မည်ဖြစ်၏။

မောင်တင်ဦး သည် ခွင့်ယူပြီး ဘခင်ကို တတ်စွမ်းသရွေ့ ကုသပါသော်လည်း ဦးအောင်သည် ဝေဒနာကို တပတ် မျှသာခံစားပြီး ကွယ်လွန်သွားရှာလေတော့သည်။ တဦးတည်းသော ချစ်ခင်တွယ်တာစရာ သံ ယောဇဉ် နှောင်ကြိုးတင်းစရာ ဘခင်ကြီးဖြစ်၍ မောင်တင်ဦးမှာ များစွာစိတ်ထိခိုက်မိရှာသည်။ ဘခင်၏ ဈာပနာ ကိစ္စ တွင် ကြည်ကြည်နွဲ့နှင့် သူ့မိဘနှစ်ယောက်စလုံး နေ့ရောညပါ လာရောက်ကူညီအားပေးကြ သည်။ ရက်လည် ဆွမ်းကျွေး ပြီးသောအခါ ကြည်ကြည်နွဲ့၏မိခင်က မောင်တင်ဦးကို ပွင့်ပွင့်လင်းလင်း ပင် ပြောသည်။

"မင်းတယောက်ထဲ နေရေး စားရေးမှာ အဆင်ပြေမယ်မဟုတ်ဘူး၊ ပူဆွေးနေလို့လဲ မင်းအဖေက ပြန် လာမှာ မဟုတ်တော့တာကိုလဲ စဉ်းစားအုံး မောင်တင်ဦးရဲ့၊ ဒီတော့... ဒီတော့... မင်းလဲစိတ်ပြေ လက် ပျောက်ဖြစ်၊ နေရေး စားရေးလည်း အဆင်ပြေသွားအောင် ကြည်ကြည့်နွဲ့နဲ့ လက်ထပ်ပေါ့ကွယ်။ ကြီး ကြီး ကျယ်ကျယ်ကြီး ချဲ့နေဘို့လဲ မလိုပါဘူး။ လက်ထပ်ပြီးရင် ဒီမှာဘဲ အားလုံး စုစုရုံးရုံး နေကြမယ် ဆိုရင် မင်းအဘို့ လဲ အလွမ်းပြေနေသာသွားတာပေါ့ မဟုတ်ဘူးလား"

ဆက်ရန်
.

1 comment:

Anonymous said...

Thank you