Thursday, February 24, 2011

မဝင်းမြင့် ၏ ပဏ္ဍုသေလာ အပိုင်း (၁၃)

" ကဲ ... ဆိုပါအုံးကိုဦး၊ ဘာအရေးကြပီးတယ်ဆိုတာ "
ကြည်ကြည်နွဲ့ က စလိုက်သောအခါ မောင်တင်ဦးက လှည့်ပတ်သွယ်ဝိုက်ပြောခြင်းမရှိဘဲ အချိန် မကုန်စေ ရန် လိုရင်းကိုသာ ငှဲ့ထိုးပြောလေသည်။
" ကိုဦးအလုပ်ပြုတ်သွားပြီနွဲ့ရဲ့၊ တလသုံးရာဝင်ငွေမရှိတော့ဘူး၊ နောက်အလုပ်တခု ရဘို့ဆိုတာက တော် တော်ခဲယဉ်း တဲ့ အခြေအနေဆိုတာ နွဲ့နားလည်ပြီးသားဘဲ။ ရသည့်တိုင်အောင် အလွန်ဆုံးရပါမှ နွဲ့လို သုံးကျပ် ဆယ့်ငါးပြား ဘဲဖြစ်မှာ၊ အဲဒီတော့ အရင် ကိုယ်တို့နှစ်ယောက် စီစဉ်ထားတာ အကောင်အထည်ပေါ် မှာ မဟုတ်တော့ဘူး နွဲ့"

ကြည်ကြည်နွဲ့က ဘာမှ မပြန်မပြောသေးဘဲ မောင်တင်ဦး မျက်နှာကို ငေးကြည့်နေသည်။ မောင်တင်ဦး၏ အလုပ်သည် ဆယ်တန်းအောင်သူ တယောက်အဖို့ မမြှောင်မှန်းသော လစာကို ရနေသော်လည်း တသက်တာ တည်မြဲမည်မဟုတ်ဘဲ အချိန်အခါကို ကန့်သတ်ထားသော အလုပ်၊ မလိုအပ်တော့သော အချိန် မှာ ထွက်ရမည့် အလုပ်ဖြစ်ကြောင်း ကြည်ကြည်နွဲ့က သိထားပြီးဖြစ်၍ မောင်တင်ဦး အလုပ်လက်မဲ့ ဖြစ်ရ သည့် ကိစ္စကို မေးမြန်းရန်လည်းမလို။ အံ့သြခြင်းလည်းမဖြစ်ပေ။ မောင်တင်ဦးအနေဖြင့် တလသုံးရာ မျှ သော လစာဖြင့် ဤအလုပ်ကို သုံးနှစ်ကျော်ကျော်ပင် လုပ်ခဲ့ရသည်မှာ အတော်အသင့် စုမိခဲ့ကြောင်းသိပြီး ဖြစ်သည်။

" ကိုဦး ဘယ်လိုစီစဉ်ချင်လဲ"
ဖခင်သေဆုံး အလုပ်လက်မဲ့ဖြစ်နေသော ချစ်သူကို ကြင်နာသောစိတ်ဖြင့် ကြည်ကြည်နွဲ့က မေးသည်။
" ကိုယ်တို့လက်ထပ်တဲ့ ကိစ္စကိုလဲ ငွေကုန်မခံဘဲ ရပ်ရွာလူကြီး ဆယ်ယောက်လောက်ကို သင့်တော် သလို ကျွေးမွေးပြီး အသိအမှတ်ပြုလိုက်တာပေါ့နွဲ့ရယ်။ လက်ထပ်ပွဲ အကျယ်ချဲ့လို့ ကုန်မဲ့ငွေကို အဖတ်တင် အောင် လုပ်လိုက်ရင် မကောင်းဘူးလား "
ကြည်ကြည်နွဲ့ က စဉ်းစားသလို ငြိမ်နေသည်။ မောင်တင်ဦးက ဆက်ပြော၏။

" အစကတော့ ဒီလိုမရည်ရွယ်ပါဘူး၊ အခုကိုဦး အလုပ်လက်မဲ့ဖြစ်သွားလို့ ငွေအကုန် မခံသင့်တော့ဘူးလို့ ရှေ့ရေးတွေးပြီး ဆုံးဖြတ်ရတာပါ။ လူတွေ ဖိတ်ကျွေးလို့ ကုန်မဲ့ ငွေကို နွဲ့ လက်ဝတ်လက်စား တခုခုဝယ် ၀တ်ပေါ့။ ဒါက နွဲ့လဲ တင့်တင့်တယ်တယ် ၀တ်ဆင်ရသေးတယ်။ သေရေးရှင်ရေး ပေါ်လာရင်လဲ သူများဆီ မျက်နှာအောက်ချစရာ မလိုဘဲ ငွေပေါ်နိုင်တယ်။ အရေးကြီးတာက ဒို့နှစ်ယောက် ကြွေးလွတ်မြီးလွတ် သောက မရှိဘဲ သစ္စာရှိရှိ ကြင်နာသွားဘို့သာ အရေးကြီးပါတင်နွဲ့ရယ်။ မင်္ဂလာအခမ်း အနား တစုံတခု ဖြစ်တော့ ကြီးကြီးကျယ်ကျယ်လုပ်တဲ့ မင်္ဂလာဆောင်ကြီးက လာမကယ်ပါဘူး"
မောင်တင်ဦး စကားကို ကြည်ကြည်နွဲ့က သသဘောပေါက်သွားသည်။

" ကိုဦး အစီအစဉ်ကောင်းပါတယ်"
ကြည်ကြည်နွဲ့က သဘောတူစကားပြောရင်း သူ့မိဘတွေသိသွားလျှင် " ညီး အလျှော့ပေးလှချေကလား" ဟူသော စကားဖြင့် စိတ်မချမ်းသာစရာတွေ ကြားရအုံးမယ်ကို တွေးလိုက်မိ၏။
" အဖေနဲ့ အမေကို ကန်တော့ဘို့ ပြောထားတဲ့ ငွေငါးရာကတော့ ပျက်ကွက်လို့ မဖြစ်ဖူးထင်တယ် ကိုဦး"
မိဘအမူအကျင့် သဘောထားကို သိထားပြီးသော ကြည်ကြည်နွဲ့က ဆက်ပြောလိုက်သည်။

" ဟာ ... ဒါကတော့ ပျက်လို့ ဘယ်ဖြစ်နိုင်မလဲ။ ကိုဦးမှာ မိဘမှ ရှိတာမဟုတ်ဘဲ။ ကန်တော့စရာ နွဲ့ မိဘ တွေ ဘဲ ရှိတာ ကန်တော့ရမှာပေါ့"
မောင်တင်ဦး စကားကြောင့် ကြည်ကြည်နွဲ့က များစွာ သနားသွားသည်။
" ကိုဦး စိတ်မကောင်းဖြစ်တာက အလုပ်လက်မဲ့ ဖြစ်သွားတော့ တလတရာ ထောက်ပံ့ပါ့မယ်လို့ ပေးထားတဲ့ ကတိ ပျက်ရတာ ကို နွဲ့မိဘတွေ ဘယ်လိုထင်မလဲဆိုတာဘဲ တွေးနေမိတယ်။ နွဲ့ကတော့ ကိုဦးကို ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုယူဆသလဲ ပွင့်ပွင့်လင်းလင်းသာ ပြောပါနွဲ့ရယ်"

မောင်တင်ဦးက ပြောနေရင်းပင် ကြည်ကြည်နွဲ့မျက်နှာကို အကဲခတ်သည်။ သို့သော် ကြည်ကြည်နွဲ့မျက်နှာက ပျက်ခြင်းမှုန်ခြင်း ပြောင်းလဲခြင်းမရှိ။ ပကတိအသွင်သာ ရှိနေသည်။ ကြည်ကြည်နွဲ့ ကမဆိုင်းမတွပင် ပြန်ပြောသည်။
" ဒါကတော့ ကိုဦးရယ် စကားပုံရှိတယ်မှုတ်လား။ ၀မ်းမ၀ရင် ဆွမ်းတော်မတင်နိုင်ဘူးဆိုတာ။ အဲဒီအတိုင်း ပေါ့။ မိဘရယ်လို့ ပေးချင်ကျွေးချင်ပေမဲ့ အဆင်မပြေတဲ့အကြောင်းတွေ ဖြစ်လာတော့လဲ ဘယ်တတ်နိုင် ပါ့ မလဲ၊ အလုပ်အကိုင် အဆင်ပြေလို့ ငွေကြေးချောင်လည်တော့လဲ ကန်တော့တာပေါ့။ ကိုဥိးရော နွဲ့ကော မိဘ တွေကို တသက်လုံး ပြစ်ထားမယ်ဆိုတဲ့ စေတနာမှမရှိတာ။ စိတ်ကောင်းကောင်းထားပါ ကိုဦးရယ်"

စိတ်စေတနာကောင်းဖြင့် တရားမျှတစွာ ပြောသော ကြည်ကြည်နွဲ့၏ သဘောထားကို မောင်တင်ဦးသည် များစွာမှ တန်ဘိုးထား လေးစားမိသည်။ ထို့ကြောင့် သူ့စီစဉ်ချက်ကို ပြောပြသည်။
" အခု ကိုယ့်လက်ထဲမှာ စုဆောင်းထားသမျှ အမေ့လက်ဝတ်လက်စားလေးပါ ပေါင်မယ်ဆိုရင် ငွေငါး ထောင် နီးပါးတော့ ရှိပါတယ်နွဲ့။ ရန်ကုန်မြို့လိုနေရာမှာ အိမ်အပိုင်ဆိုတာက တော်တော့ကို အသက်ရှူ ချောင် နေပြီ။ အဲဒီတော့ နွဲ့အနေနဲ့ သုံးကျပ်ဆယ့်ငါးပြားကို လုပ်မနေနဲ့။ အိမ်ထိန်းသိမ်းကြည့်ရှု ဘို့၊ နောက်ပိုင်း လုံခြုံဘို့သာ ဂရုစိုက်၊ ဒီငွေကိုရင်းပြီး ကိုဦးအလုပ်တခုခုလုပ်မယ်၊ အစဦးတော့ အတွေ့အကြုံ အလေ့  အကျင့် မရှိလို့ နဲနဲတော့ ကသီမှာပေါ့။ ဒါပေမဲ့ အလုပ်က လူကိုသင်သွားမှာပါ"

ကိုဦး ဘာလုပ်မယ်စိတ်ကူးလဲ"
" စာပေထုတ်ဝေခွင့် မှတ်ပုံတင်ရအောင်လျှောက်၊ မရလဲ ၀တ္ထုတအုပ်အတွက် တခါရိုက် သုံးလေးရာ ပေးငှားရမှာပေါ့၊ နာမည်ကြီးစာရေးဆရာတွေဆီက စာမူတောင်းပြီး စာအုပ်ရိုက်မယ်၊ ဒီအလုပ်က လယ်လယ်ပတ်ပတ်လုပ်နိုင်ရင် ကိုယ့်ဘို့ ၀၀လင်လင် စားဖို့ သောက်ဖို့ ကျန်တယ်နွဲ့၊ အဲဒီတော့ မိဘတွေ ကိုလဲ ထောက်ပံ့နိုင်စရာ ဖြစ်လာပါလိမ့်မယ်"

မောင်တင်ဦး အစီအစဉ်ကို -
"နွဲ့သဘောကျတယ် ကိုဦး"
ဟု ကြည်ကြည်နွဲ့က လှိုက်လှိုက်လှဲလှဲ ထောက်ခံသည်။
" ကဲ ကိုယ်တို့နှစ်ယောက်ရှေ့ရေးက စိတ်အေးရပြီပေါ့။  မိဘတွေကို ပြောပြအုံးနော်"
" ပြောပြပါ့မယ်"
" အဖိုးကြီး က ဂျီကျအုံးမလားမသိဘူး"
" လိုက်လျော့လိမ့်မယ်ထင်ပါတယ်"

ကြည်ကြည်နွဲ့က မယုတ်မလွန်ဖြေသည်။ သူ့အဖေအမေ အကြောင်း သူအသိဆုံးဖြစ်သည်။ လက်ထပ်လျှင် သူ့အပေါင်းအသင်းတွေကို တိုက်ကျွေးရန်အတွက် အရက်ဘိုး ငွေသတ်သတ်ပေးရမည်ဟု မူးမူးရူးရူး နှင့် ပြောထားဘူးသော စကားရှိသည်။ ယခု အရက်ဖိုးငွေလည်း ပေးနိုင်မည်မဟုတ်၊ လက်ထပ်ပွဲကလည်း အကျဉ်းရုံး မည်။ တလတရာ ထောက်ပံ့မှုကလည်း ဖျက်လိုက်ရသည်။ မောင်တင်ဦးအခြေအနေ၊ မောင်တင် ဦး အစီအစဉ် တွေကလည်း အတိုက်အခံပြုရန် လုံးဝ မသင့်လျော်ကြောင်း ကြည်ကြည်နွဲ့က စဉ်းစားမိသည်။ သူ့အဖေ အရက်သမားကမူ မည်သည့်နည်းနှင့်မျှ ကျေနပ် လက်ခံမည်မဟုတ်။

သူ့အဖေကသာမဟုတ်။ သူ့ အမေကလည်း ဤနည်းအတိုင်းပင် မကျေမနပ် ပြောကြဆိုကြ ဆူကြပူကြမည်ကို အတပ်တွေးမိသော ကြည်ကြည်နွဲ့က ချစ်သူမောင်တင်ဦးကို သနားကြင်နာခြင်းဖြင့် လိုက်လျောကာ အမူအယာ မပျက်နေရသော်လည်း မိဘကို ရင်ဆိုင်ရမည့် အရေးတွေးကာ ရင်လေးမိရှာလေသည်။

ကြည်ကြည်နွဲ့ပြန်သွားပြီး တပတ်အကြာဝယ်၊ သူ့မိဘတွေက မည်သို့သဘောထားကြောင်းသိရန် မောင်တင်ဦး က ကြည်ကြည်နွဲ့အိမ်သို့ လိုက်သွားသည်။ ခက်ထန် တင်းမာသော ဦးသာညွန့် နှင့် ဒေါ်ကြည် မျက်နှာ ကိုလည်းကောင်း၊ စိတ်မချမ်းသာမှုကြောင့် နွမ်းနယ်ချောင်ကျသွားသော ကြည်ကြည်နွဲ့မျက်နှာကို လည်းကောင်း၊ မောင်တင်ဦးက မသက်မသာ မြင်လိုက်ရသည်။

မောင်တင်ဦး ရောက်လျှင် ရောက်ချင်း နားမလည်နိုင်အောင် အပြောင်းအလဲတခုကို မြင်လိုက်ရ၏။ ထိုအပြောင်းအလဲကား သူ့ကို မြင်သည်နှင့်တပြိုင်နက် ခက်ထန်တင်းမာသော ဦးသာညွန့်နှင့် ဒေါ်ကြည်တို့၏ မျက်နျာများသည် သူတို့လင်မယားချင်း တယောက်မျက်နှာ တယောက်ကြည့်ပြီး ဘာမှ မဖြစ်သလို ပကတိ မျက်နှာထား များသို့ လျှင်မြန်စွာ ပြောင်းလဲသွားကြခြင်းပင်ဖြစ်၏။ ရုတ်တရက်သော် မောင်တင်ဦးက နားမလည် နိုင်အောင် ဖြစ်သွားသည်။ သို့သော် သူတို့ကိစ္စအကြောင်း နှင့် သူတို့မျက်နှာ အမူအယာ ဖြစ်နေသည်။ ငါနှင့် သက်ဆိုင်မည်မဟုတ်ချေ။ ထို့ကြောင့်သာ ပကတိ မျက်နှာသို့ ပြန်ပြောင်း သွားခြင်း ဖြစ်မည် ဟု စိတ်သက်သာသည့်ဘက်က လှည့်တွေးလိုက်ရသည်။

မောင်တင်ဦး ထိုင်မိသည်ဆိုလျှင် ဦးသာညွန့် နှင့် ဒေါ်ကြည်က မောင်တင်ဦး နှင့် မျက်နှာချင်းဆိုင်နေရာမှာ လာထိုင်လိုက်၏။ မောင်တင်ဦး သတိထားလိုက်မိသည့် အချက်တခုရှိသည်။ ထိုအချက်ကား ဦးသာညွန့် ရော ဒေါ်ကြည်ပါ နှစ်ယောက်ပြိုင်တူ မျက်စောင်း အရှိန်ကြောင့် ကြည်ကြည်နွဲ့ မျက်နှာပျက်ပျက်ဖြင့် အခန်း ထဲ ၀င်သွားခြင်းဖြစ်သည်။ ဒေါ်ကြည့်မျက်နှာကို ကြည့်ပြီး မောင်တင်ဦးက စကားစပြော၏။

" ကြည်ကြည်နွဲ့ ပြောပြလို့ ဒေါ်ဒေါ်တို့အားလုံး သိပြီးပြီ ထင်ပါတယ်"
" အေးကွဲ့ ... သမီးကပြောပြတယ်"
ဒေါ်ကြည်က ဒေါသသံ၊ စိတ်ဆိုးသံ၊ မကြည်ဖြူသံ လုံးဝ မပါဘဲ၊ ပကတိအသံမျိုးဖြင့် ပြောသောအခါ မောင်တင်ဦး စိတ်ထဲမှာ သက်သာရာရသွားည်။ ဒေါ်ကြည် ပြောသော စကားသည် မဆုံးသေးကြောင်း တပိုင်း တစ ဖြင့် ဖြတ်ထားကြောင်း မောင်တင်ဦးက သဘောပေါက်၏။

" ဟုတ်ကဲ့ ဒေါ်ဒေါ်၊ ကျွန်တော့် အစီအစဉ်ကို ဒေါ်ဒေါ်နဲ့ ဦးလေးတို့ ဘယ်လိုသဘော ထားတယ်ဆိုတာ သိပါရစေ"
ယောက္ခမလောင်း နှစ်ယောက်ကို မောင်တင်ဦးက ရိုရိုသေသေပင် မေး၏။
" အစီအစဉ်ကတာ့ ငြင်းစရာမရှိဘူးလေ၊ မောင်တင်ဦးအလုပ်ကမှ အဆင်မပြေဘဲကိုး။ အဲဒီတော့ ခလေး နှစ်ယောက် စိတ်ချမ်းသာသလို စီစဉ်တာကို ဒေါ်ဒေါ်တို့က လိုက်လျောပါတယ်။ အဲတခုတော့ ဒေါ်ဒေါ် ပြော ချင်တယ် ကွဲ့၊ ဒါကိုလဲ မောင်တင်ဦး လိုက်နာစေချင်တယ် "

ဒေါ်ကြည်၏ လေသံနှင့် စကားက လူကြီးဆန်လှသဖြင့် မောင်တင်ဦးစိတ်ထဲမှာ မိဘလိုပင် မှတ်ထင် လိုက်မိသည်။ တခုဒေါ်ဒေါ် ပြောချင်သည် ဆိုခြင်းမှာ သူ့လင်ဦးသာညွန့်လို မူးယစ်သောက်စားမည်စိုး၍ အရက်သေစာကို ရှောင်ကြဉ်ရန် ဆိုဆုံးမမည့် စကားဟု မောင်တင်ဦးက ယူဆ၏။ ထို့ကြောင့် နှစ်သိမ့်သော အသံဖြင့် ပြန်ပြောသည်။
" ပြောပါ ဒေါ်ဒေါ် သားသီးနဲ့ မိဘဘဲ ဆိုဆုံးမတာ နာခံပါ့မယ်"

" အေး ... ဒေါ်ဒေါ် ပြောချင်တာကတော့ မင်းတို့ လက်မထပ်ခင်မှာဘဲ မင်းနေတဲ့အိမ်ကို သမီးနာမည်နဲ့ အပြီး အပိုင်လွှဲပေးစေချင်တယ်"
ဒေါ်ကြည်၏နငတ်မှ မောင်တင်ဦး လုံးဝ မမြှော်လင့်သော စကားထွက်လာသည်။ မောင်တင်ဦးသည် ဘာပြန် ပြောရမည်မသိတော့ဘဲ ဒေါ်ကြည်ကိုသာ ခပ်ကြောင်ကြောင် ပြန်ကြည့်နေတော့၏။
"ဘယ်လို လဲကွဲ့၊ နာခံပါ့မယ်ဆိုပြီး ပါးစပ်က ဘာသံမှလဲ မထွက်ပါလား"

ဒေါ်ကြည်က ထပ်ဆင့်ပြောလိုက်၏။ မောင်တင်ဦးသည် သူ့အိမ်ကလေးကို မျက်စေ့ထဲမှာ ပြန်မြင်လိုက် သည်။ ကွယ်လွန်သူ မိဘနှစ်ပါးက ထားရစ်ခဲ့သော အမွေအနှစ် ဤအိမ်ကလေးသည် ယခုကာလ တန်ဘိုး နှင့် တွက်သော် သုံးသောင်းခွဲလောက်တော့ ပစ္စလက္ခ ထိုက်တန်သည်။ ဒေါ်ကြည်တို့ ရည်ရွယ်ချက်ကို မောင်တင်ဦး ရိပ်စားမိ၏။ ဤအိမ်ပေါ်မှာ တစုတဝေး တက်နေလိုကြကြောင်း ဖွင့်ပြော ဘူး သည်။ ယခု ကြည်ကြည်နွဲ့ နံမည်ကို လွှဲလိုက်ပါက သူတို့အမေတက်လာလျှင် မောင်တင်ဦး အနေဖြင့် မည် သို့မျှ ပြောပိုင်ခွင့် မရှိတော့ချေ။ အလွန်အမင်း စိတ်မချမ်းသာမှု ဖြစ်လာလျှင် မောင်တင်ဦးအဖို့ ခြေလွှတ်လက်မဲ့ ဆင်းပြေး ရမည်သာဖြစ်၏။

အတန်ကြာမှ မောင်တင်ဦးက ဖြေ၏။
" နံမည်လွှဲနေဘို့ မလိုပါဘူး ဒေါ်ဒေါ်ရယ်၊ ကျွန်တော်တို့ ဗုဒ္ဓဘာသာ ဗမာတွေဘဲ၊ ဇနီးမောင်နှံ ဖြစ်လာပြီ ဆိုရင် ရှိသမျှပစ္စည်း လင်မယားနှစ်ယောက် အညီအမျှ ပိုင်ဆိုင်ရမှာပေါ့၊ လင်သေမယားရ။ မယားသေလင်ရ ဆိုတဲ့အတိုင်းပါ၊ ကျွန်တော့်ပစ္စည်း ကြည်ကြည်နွဲ့ကလွဲလို့ ပိုင်မဲ့သူမရှိပါဘူး"

" မဟုတ်သေးဘူးလေ၊ မဟုတ်သေးဘူး။ မင်းက ငါ့သမီးကို ဟင်းရွက်ကဇွန်းလို လူကလေး ဆယ်ယောက် လောက်နဲ့ အကျဉ်းရုံး လက်ထပ်မယ်ဆိုတာတွေ၊ ဒို့ကို တလတရာထောက်ပံ့မယ်ဆိုပြီး ပျက်ကွက် တာတွေ ကို ဒို့က အလျှော့ပေးလိုက်လျောနေပြီဘဲ။ အိမ်ကို ပိုင်နိုင်အောင် နံမည်လွှဲမှဖြစ်မယ်။ နောင်ခါ အခု ပေးထားတဲ ကတိတွေပျက်သလို ဒီအိမ်ပိုင်ဆိုင်မှုလဲ ပျက်အုံးမယ်ဆိုရင် ဒို့နွားကျမှာပေါ့ကွဲ့၊ မင်းအိမ်ကို နံမည် လွှဲပါ"

တရားနည်းလမ်းမကျသော စကားကို ဇွတ်ပြောနေသော ယောက္ခမလောင်းအား မောင်တင်ဦးက အငေး သားကြည့်နေသည်။ သူ့သမီးကို ဟင်းရွက်ကဇွန်းလို သဘောမထားဘဲ ရှေ့ရေးကို အရှည်တွေးကာ လူလို သူလို တင့်တယ်အေးချမ်းစွာ နေထိုင်စားသောက်သွားနိုင်ဘို့ ရည်ရွယ်သည့် စေတနာကို အဘယ်ကြောင့် သဘော မပေါက်ပါသနည်း။ ကြည်ကြည်နွဲ့ကပင် ရေလည်အောင် မပြောပြ၍ပေလားဟု မောင်တင်ဦးက တွေးနေသည်။

" မင်း မလွှဲနိုင်ဘူးလား "
ဒေါ်ကြည်ကမေး၏။
မောင်တင်ဦး သည် စိတ်ကို ခိုင်မာစွာ ဆုံးဖြတ်လိုက်သည်။ အဖေ နှင့် အမေ ဦးခေါင်းချသွားသော ဤအိမ်ပေါ် က သူမသေဘဲ မဆင်းလို မခွဲခွာလို၊

ဆက်ရန်
.

1 comment:

Anonymous said...

THANK YOU