ခုမှ ကျွန်တော့်ကို နားလည်တဲ့ လူတွေနဲ့ တွေ့ရတာပါလားဆိုတာ ပထမဆုံးအနေနဲ့ ကျွန်တော် သဘော ပေါက် လာပါတယ်။ ကျွန်တော့်ရင်ဘတ်ပေါ်မှာ ဖိထားတဲ့ အလေးချိန်တွေ ညီလာခံ ခန်းမကြီးထဲက ကြမ်းပြင်ပေါ် ကို ပြုတ်ကျသွားခဲ့ပါပြီ။ နောက်ဆုံးမှာ ကျွန်တော်နေသာ ထိုင်သာ ရှိသွားပြီး ပေါ့ပေါ့ပါးပါး ဖြစ်လာ ပါတယ်။ ခုမှ ခင်မင်ချင်စရာကောင်းတဲ့လူတွေထဲ ရောက်နေတာပါ လားဆိုပြီး ရင်ထဲ နွေးသွား ပါတော့တယ်။
နောက်နှစ်ရက်လုံးလုံး သူတို့နဲ့ တစ်သားတည်းလို ဖြစ်နေပါတယ်။
"တစ်ဆိတ်၊ ဓာတ်ပုံတွဲရိုက်ရအောင်လား ၀ီလျံ"
"တို့နဲ့အတူ နေ့လယ်စာ စားရအောင်ကွာ"
ကျွန်တော် စင်ပေါ်မှာ စွတ်တင်လိုက်တာကို သူတို့တတွေ သဘောကျနေကြတယ်။ ဆောင်ပုဒ်ကို ဖြစ်သွားပြီး ကျွန်တော့်ကို မြင်ရင် လှမ်းအော်ကြတယ်။ "ကျွန်တော် ကြိုးစားတယ်၊ အဲဒီတော့ ဖြစ်သွားတယ်"
ကျွန်တော် အရမ်းပျော်နေပါတယ။ မိဘတွေနဲ့ ဂီးလ်ဘတ်တို့၊ ဂျက်ဖရီတို့ မြင်စမ်းစေချင်လိုက်တာ၊ သူတို့ တွေ့ရင် ဂုဏ်ယူလိုက်ကြမယ့် ဖြစ်ခြင်း။
ကျွန်တော့်ဘ၀ဇာတ်ကြောင်းဟာ တွမ်ရဲ့ နှလုံးသားကို ဖမ်းစားနေပုံရပါတယ်။ သူလည်း ငယ်ငယ်တုန်းက လျှပ်စစ် ရူး ရူးခဲ့ဖူးတယ်တဲ့။ သူက ကျွန်တော့်ကို မေးတယ်။ ကျွန်တော့်ရဲ့ ဘ၀ ပန်းတိုင်ဟာ ဘာလဲတဲ့။ ကျွန်တော့်မှာ ပန်းတိုင်နှစ်ခု ရှိတဲ့အကြောင်း။ ကျောင်ပြီးအောင် နေချင် တာနဲ့ ကျွန်တော်တို့ မိသားစု စိုက်ခင်း တွေ ရေရအောင် လေရဟတ်အကြီးကြီး ဆောက်လုပ်ပြီး ရေသွယ်ပေးချင်တဲ့အကြောင်း ပြောပြ လိုက်ပါတယ်။
"ဒါမှ ကျွန်တော်တို့ နောက်တစ်ခါ မငတ်မှာလေ အစ်ကို"
မာလာဝီ မှာ ဒီလိုစိတ်ကူးမျိုးဟာ အိပ်မက်အဖြစ်နဲ့ပဲ ပျောက်ကွယ်သွားမှာပါ။ ဒါပေမဲ့ TEDမှာ ရောက်နေတဲ့ လူ တွေဟာ သြဇာတိက္ကမ ကြီးမားတဲ့ လူတွေ ဖြစ်တဲ့အကြောင်း၊ ကျွန်တော့် ကျောင်းစရီတ်လောက်ဟ အသေး အဖွဲ့ကိစ္စဖြစ်တဲ့အကြောင်း၊ လေရဟတ်ဆောက်ဖို့ကိစ္စကလည်း တင်ပြပြီး အကူအညီ တောင်းရန် ရနိုင်တဲ့ အကြောင်း တွမ်က ရှင်းပြပါတယ်။ ကျွန်တော်ဟာ စွန့်ဦး တီထွင်သူတစ်ယောက် ဖြစ်နေလို့၊ စီမံချက် ကို သေသေချာချာရေးပြီး ပါဝါပွိုင့်နဲ့ လှလှပပ ရိုက်တင် လိုက်ရင် ကျွန်တော့်ပန်းတိုင် နှစ်ခုစလုံး ပြီးမြောက် အောင်မြင် နိုင်ပါတယ်တဲ့။
"မင်းဟာ "ဆီလီကွန်တောင်ကြား" တစ်ခု တည်ဆောက်နေတာကွ၊ ငါ မင်းရဲ့ ဘုတ်အဖွဲ့ဝင် လူကြီး လုပ်မယ်၊ တို့စီမံချက်ကို အားလုံး သိအောင် လျှောက်ပြမယ်ကွာ။ သူတို့ ကူညီကြမှာပါ"
ဆီလီကွန် တောင်ကြားအကြောင်း ကျွန်တော် ဘာတစ်ခုမှ မသိပါဘူး။ ဒါပေမဲ့ သူ ကျွန်တော့်ကို ကူညီမယ် ဆိုတဲ့အတွက် ၀မ်းသာနေမိပါတယ်။ ညီလာခံ ကျန်တဲ့ရက်ပိုင်းတွေမှာ ကျွန်တော်တို့ နှစ်ယောက် လက်ပ်တော့ပ်ကလေး တစ်ကိုင်ကိုင်နဲ့ အမေရိကန် လုပ်ငန်းရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူ တွေကို ချဉ်းကပ်ပြီး ကျွန်တော်တို့ ရဲ့ စီမံချက်ကို တင်ပြကြပါတယ်။ တွမ်က အဲဒီလို ပုဂ္ဂိုလ်တွေကို ညစာဝိုင်းမှာရော၊ သူတို့ တည်းနေတဲ့ ဟိုတယ်တွေကိုပါ လိုက်ပြီး ကျွန်တော့် ဇာတ်လမ်းကို ပြောပြ ပါတယ်။ စီမံချက်ကို တင်ပြ ပါတယ်။ ကျွန်တော်တို့ ချဉ်းကပ်တဲ့ လူတိုင်း အကူအညီပေးဖို့ သဘော တူကြပါတယ်။ တချို့က ချက်ချင်း ဒေါ်လာတစ်ရာတန်တွေ အထပ်တိုက် ထုတ်ပေးကြတယ်။
ဂျွန်ဒိုဝါဆိုတာ ဒီနေ့ကမ္ဘာမှာ ထိပ်ဆုံးရောက်နေတဲ့ လုပ်ငန်းရှင်ကြီးပေါ့။ ကျွန်တော်တို့ စီမံချက်မှာ သူက နံပါတ်တစ် ရင်းနှီးမြှုပ်နှံသူ ဖြစ်လာတယ်။ တစ်ပြိုင်တည်းမှာပဲ Sun Microsystems ရဲ့ သိပ္ပံ ပညာရှင် ဂျွန်ကေ့ခ်ျ လို၊ Pricelime.com ရဲ့ စွန့်ဦးတင်ထွင်သူ ဂျေးဝေါ့ကာလို လူတွေပါ ပါလာကြ တယ်။ ဒီပုဂ္ဂိုလ်ကြီး တွေကို ကျွန်တော် ဘယ်တော့မှ ကျေးဇူးမမေ့ပါဘူး။ သူတို့တစ်တွကို ဘုရား သခင် ကောင်းချီးပေး ပါစေလို့လည်း အမြဲဆုတောင်း ပေးပါတယ်။
ညီလာခံပြီးတော့ အိမ်မပြန်ဘဲ တွမ်က ကျွန်တော်နဲ့အတူ မာလာဝီကို လိုက်လာခဲ့ပါတယ်။ ပြီးတော့ ကျွန်တော် တိုးချဲ့ဆောက်လုပ်မယ့် လေရဟတ်အတွက် လိုတဲ့ပစ္စည်းတွေ ရှာဝယ်ပေးတယ်။ ကျွန်တော် နေဖို့ ကျောင်းကောင်းကောင်း လိုက်ရှာပေးတယ်။ လီလွန်းဂွေကို ပြန်ရောက်ရောက်ချင်း ကျွန်တော်တို့ လက်ကိုင်ဖုန်း နှစ်လုံး ၀ယ်လိုက်ကြတယ်။ တစ်လုံးက အိမ်အတွက်၊ တစ်လုံးက ကျွန်တော်ကိုင်ဖို့။ ဒီတော့ အိမ် နဲ့ အဆက်အသွယ် မပြတ်တော့ဘူးပေါ့။ အိမ် အလွမ်း ဝေဒနာ လျော့ပါးစေပြီပေါ့။
ပြီးတာနဲ့ ဒေါက်တာအမ်ချာဇိုင်းကိုပါ ခေါ်ပြီး ကျွန်တော်နဲ့ တွမ် ရွာကို ပြန်လာခဲ့ကြတယ်။ ရွာထဲကို ဖုန်တထောင်းထောင်းနဲ့ ကားမောင်း ၀င်သွားကတည်းက ကျွန်တော့်လေရဟတ်ကို လှမ်းမြင်နေရပါ ပြီ။ ခါတိုင်း လိုပဲ လှပနေမြဲ၊ ကျက်သရေရှိနေမြဲပါ။ ပန်ကာရွက်ကြီးတွေ ချာချာလည်နေပုံက ကြည့်လို့ ကောင်းလှတယ်။ တွမ်က လေရဟတ်ကြီးကို အကြာကြီး စောင့်ကြည့်နေပြီးမှ ဓာတ်ပုံတွေ အမျိုးမျိုး ရိုက် ယူပါတယ်။
"ဟေ့ ၀ီလျံ၊ နိပ်တယ်ဟေ့၊ အရမ်းနိပ်တယ်၊ အနုပညာမြောက်တဲ့ ဖန်တီးမှု တစ်ခုပဲ"
ကျွန်တော်က သူ့ကို ခြံထဲ လျှောက်ပြပါတယ်။ ပြီးတော့ ကားဘက်ထရီ အဟောင်းတွေ၊ မီးလုံး အကျွမ်းတွေ၊ ရေဒီယိုအပျက်တွေနဲ့ လယ်ထွန်စက်ပစ္စည်း အတိုအစတွေ စုပုံနေတဲ့ ကျွန်တော့် အခန်းကို ကြည့်ပြီး သူ ရယ် ပါတယ်။ "စွန့််ဦး တီထွင်သူအားလုံးရဲ့ အိမ်တွေမှာ ဒီလိုပဲ ရှုပ်ပွနေမယ် ထင်တယ်" လို့ မှတ်ချက်ချပါတယ်။ ပြီးတော့ ကျွန်တော်က မီးခလုတ်တွေနဲ့ ဆိုက်ကစ်ဘရိတ်ကာကို လိုက်ပြပါတယ်။ တွမ်က မှတ်ချက် ပေးပြန်ပါတယ်။
"ငါ ထင်တာထက်ပိုပြီး စိတ်ဝင်စားစရာ ကောင်းတယ်ကွ"
ကျွန်တော် ရယ်နေလိုက်ပါတယ်၊ သရောကြီးခိုင်းတဲ့အကြောင်း ကြားရရင် သူ ဘယ်လိုနမလဲ မသိဘူး။
လီလွန်းဂွေကို ပြန်ရောက်တော့ ကာပူဇူဆေးရုံကြီးမှာရှိတဲ့ Boabob Health ကို သွားပြီး ဆိုယာပီနဲ့ တွေ့တယ်။ နောက်ပိုင်းမှာ မိုက်မက်ကေးနဲ့လည်း တွေ့ခဲ့ရတယ်။ Boabab ဟာ ၂၀၀၀ ပြည့်နှစ်မှာ ဗြိတိသျှကနေဒါကပြား ကွန်ပျူတာ ပညာရှင် ဂယ်ရီဒေါကကလပ်စ် တည်ထောင်တဲ့ NGO တစ်ခု ဖြစ်ပါတယ်။ သူက ကျန်းမာရေးဝန်ကြီးဌာနမှာလည်း ကျန်းမာရေး မှတ်တမ်းတွေ စေတနာ့ဝန်ထမ်း ကောက် ယူခဲ့ဖူးတယ်။ တော်တော် ခေတ်နောက်ကျနေတဲ့ မှတ်တမ်းတွေကို အခြေပြုပြီး အလုပ် လုပ်ရတော့ သူတော်တော် ခေါင်းခဲခဲ့ရတယ်။ စုတ်ပြတ်နေတဲ့ လူနာမှတ်တမ်း စာအုပ်တွေထဲမှာ ခဲတံနဲ့ ဖြစ်ကတတ်ဆန်း ရေးထား တာတဲ့။ လူနာတွေက ဆရာဝန်နဲ့တွေ့ဖို့ နေပူကျဲကျဲထဲမှာ လေးနာရီစောင့်ရတယ်။ ဒါတွေကို ကြည့်ပြီး ဂယ်ရီ စိတ်ဓာတ်အကျကြီး ကျသွားတယ်။ အဲဒီတော့မှ သူကိုယ်တိုင် ဒီလုပ်ငန်းကို စ ထောင်တယ်။
ဂယ်ရီဟာ ပစ်ဘတ်ဂ်ကို ပြန်ရောက်တဲ့အခါမှာလည်း ကွန်ပျူတာအလုံးပေါင်းများစွာနဲ့ မနားမနေ အလုပ်လုပ်နေတာပါပဲ။ အာဖရိကလို ခေတ်နောက်ကျနေတဲ့ ဆေးရုံတွေမှာ လူနာမှတ်တမ်း ထားရှိ ဖို့၊ ကျန်းမာရေး ဆေးမှတ်တမ်းစနစ်ကျဖို့ သူက ဆော့ဖ်ဝဲတစ်ခု အောင်အောင်မြင်မြင် ရေးနိုင်ခဲ့ပါ တယ်။ သူရေး တဲ့ ဆော့ဖ်ဝဲဟာ လူတိုင်း အလွယ်တကူ သုံးစွဲနိုင်ပြီး အမေရိကန်ဆေးရုံကြီးတွေမှာ သုံးနေတဲ့ စနစ် ထက် ပိုကောင်းတယ်လို့ သိရပါတယ်။
ကျွန်တော်တို့ ရောက်တဲ့နေ့က ဂယ်ရီ ကနေဒါကို ခွင့်ပြုနေချိန်ပါ။ ဒါကြောင့် မိုက်ခ်၊ ဆိုယာပီနဲ့ ပီတာချီယွမ်ဘိုတို့က ကျွန်တော်တို့ကို သူတို့ လုပ်ငန်းခွင်အကြောင်း လိုက်ရှင်းပြတယ်။ ပီတာက Boabab ရဲ့ ဟဒ်ဝဲ ပညာရှင်ပါ။ မိုက်က Make မဂ္ဂဇင်းဟာ ကျွန်တော့်လက်စွဲ ဖြစ်နေပါပြီ) ဂယ်ရီက သူ လေရဟတ်လျှပ်စစ် ထုတ်နိုင်ရင် ကျေးလက်ဆေးခန်းတွေကို ပေးဖို့ စဉ်းစားထားတယ်။ သူ အသုံးပြုတဲ့ ထောင်လိုက် မော်တာလိုမျိုး ခုမှ ကျွန်တော် မြင်ဖူးပါတယ်။ ပီတာက သရုပ်ပြပွဲကလေး လုပ်ပြပါတယ်။ မော်တာ ကလေးတစ်ဖက်မှာ လျှပ်စစ်လွန်သွားနဲ့ ဖမ်းထားပြီး ၀င်ရိုးကို လည်စေပါ တယ်။ ထွက်လာတဲ့ ကြိုးနှစ်ချောင်းက ဗို့မီတာကို ၀င်ထားပါတယ်။ ဗို့မီတာကလေးကို ကြည့်ပြီး ကျွန်တော် အရမ်း သဘောကျ သွားပါတယ်။ မော်တာလည်နေတုန်း ကြည့်လိုက်တော့ ဗို့အားပြမြား ကလေး ၄၈မှာ ပြနေပါတယ်။ ကျွန်တော့်ဒိုင်နမိုထက် လေးဆအားများတာပေါ့။
"ဘယ်လိုထင်လဲ"
မိုက်က ကျွန်တော့်ကို မေးပါတယ်။
"တကယ့် အံ့ဖွယ်သုတပါပဲ ခင်ဗျာ"
ပြီးတော့ သူက မော်တာကလေးကော၊ ဗို့မီတာပါ ဖြုတ်ပြီး ကျွန်တော့်ကို လက်ဆောင်ပေးလိုက် ပါတယ်။ ကောင်းကင်ကြီးဟာ ကျွန်တော့်အတွက် ပိုကျယ်သထက် ကျယ်သွားပါပြီ။
မိုက် နဲ့ ဆိုယာပီက အကြီးစား ဘက်ထရီတွေအကြောင်းလည်း ရှင်းပြပါတယ်။ ပိုပြီး တည်ငြိမ်တဲ့ အားများတဲ့ ဓာတ်အား ထုတ်နိုင်ကြောင်းတွေ ရှင်းပြပါတယ်။ ကျွန်တော်က စမ်းချင်လှပြီ။ ဒါနဲ့ တွမ်နဲ့ ကျွန်တော် မြို့ထဲ ထွက်ပြီး နေရောင်ခြည်သုံး ဆိုလာဓာတ်အားပစ္စည်း အရောင်းဆိုင်မှာ ဘက်ထရီ နှစ်လုံး ၀ယ်လိုက်ပါတယ်။ ပြီးတော့ ဆိုလာမီးလုံးလေးလုံးနဲ့ မီးအား အစားသက်သာတဲ့ မီးချောင်း တွေ၊ ၀ိုင်ယာကြိုးခွေတွေ ၀ယ်လိုက် ပါတယ်။ ကျွန်တော်တို့ တစ်အိမ်လုံး မီးကြိုးတွေ ပြင်ရိုက်တော့ မယ်လေ။
မီးသမားတွေကိုပါ ရွာခေါ်လာပြီး သုံးရက်လုံးလုံး အိမ်မှာ မီး ပြန်ရိုက်ပါတယ်။ ဖြစ်ကတတ်ဆန်း လုပ်ထားတဲ့ ကျွန်တော့်ဝိုင်ယာကြိုးတွေကို အားလုံး ဖြုတ်ချပစ်လိုက်ပါပြီ။ လေရဟတ်နဲ့ အိမ်ကို မြောင်းတူးပြီး မြေအောက်ကြိုးနဲ့ သွယ်ပါတယ်။ မီးလုံးတွေ၊ မီးခေါင်းတွေ၊ ခလုတ်တွေကို အားလုံး အသစ်လဲလိုက်ပါတယ။ (ကျွန်တော့် လက်ဖြစ် ပစ္စည်းဟောင်းတွေကို သိမ်းထားပါတယ်။ ကျွန်တော့်ဘ၀ အစပိုင်းကို ပြဖို့ပါ)
ကြိုးအသစ်တွေကို ပီဗွီစီပိုက်လုံးတွေထဲ ထည့်ပြီး သွယ်ပါတယ်။ မြေအောက်လိုင်းကိုလည်း အလားတူပဲ ပီဗွီစီ နဲ့ ဆွဲတာပါ။ မီးလောင်မှာကို လုံးဝ မပူရတော့ပါဘူး။ လေရဟတ်ပေါ်မှာလည်း မိုးကြိုးလွှဲ တပ်လိုက်ပါတယ်။ အိမ်ထဲ အိမ်ပြင် အားလုံး မီးထိန်ထိန်လင်းသွားပါပြီ၊ အလင်းရောင် ပိုပြန့်အောင် မှုန်မှိုင်းမှိုင်း ရွှံ့အုတ်နံရံတွေကို ရေဆေးအဖြူရောင် သုတ်လိုက်ပါတယ်။ ခေါင်မိုးပေါ် မှာ ဆိုလာပြား တပ်လိုက်တော့ ဓာတ်အားအ၀င် ပိုများလာပါတယ်။ နောက်ဆုံးမှာတော့ အိမ်တိုင်း ဒီလို ဆိုလာပြားတွေ ၀ယ် တတ်နိုင်လာမှာပါ။ အဲဒီ နေရောင်ခြည် ဓာတ်အားကို ဘက်ထရီမှာ သိုလှောင်ပြီး သုံးရင် တစ်ရွာလုံး မီးလင်း တော့မှာပါ။
သတ်မှတ်ထားတဲ့ အသက်ထက်လွန်နေတော့ ကျွန်တော့်ကို ဘယ်ကျောင်းကမှ လက်မခံပါဘူး။ နောက်ဆုံးကျမှ လီလွန်းဂွေ ABCCA သာသနာပြု ကျောင်းက လက်ခံပါတယ်။ ကျောင်းနာမည်က African Bible College Academy ပါတဲ့။ စကော့တလန်သာသနာပြုအဖွဲ့က ဖွင့်ထားတဲ့ ကျောင်းပါ။ ကျောင်းအုပ်ဆရာကြီး ချပ်ဝီလ်ဆင်က အမေရိကန်လူမျိုး။ ကယ်လီးဖိုးနီးယားနယ်သား၊ ကျွန်တော့်ဆရာမ လောရိလီမက္ကလင်းက ကနေဒါသူ။
စာတွေအများကြီး နောက်ကျနေပေမယ့် ဆရာကြီးနဲ့ ဆရာမက ကျွန်တော့်ကို ၀င်ခွင့်ပြုကြပါတယ်။ ဆရာမ လောရိလီ က တစ်ခုပဲ တောင်းဆိုပါတယ်။ အိမ်မပြန်ရဘူးတဲ့၊ လီလွန်းဂွေမှာ အိမ်ရှာပြီး နေရမယ်တဲ့။
ဆွေမရှိ မျိုးမရှိ ကျွန်တော့်အကြောင်းသိနေတဲ့ ဂယ်ရီက သူ့အိမ်မှာ နေခွင့်ပေးပါတယ်။ ကိုယ်ပိုင် အခန်းနဲ့၊ စာရေးစားပွဲ နဲ့ လူလူသူသူ ဖြစ်သွားပါပြီ။ အိမ်ဖော် နန်စီကလည်း ကောင်းကောင်း ချက်ကျွေးတော့ အိမ်ကို သတိရ ဖို့တောင် အချိန်မရှိတော့ပါဘူး။ ကျွန်တော့်အတွက်တော့ နတ်ပြည် ရောက်နေသလိုပါပဲ။ ဒါပေမဲ့ မီးတော့ ခဏခဏ ပျက်ပါတယ်။ အဲဒီလို မှောင်ကျသွားတဲ့အခါတိုင်း ကျွန်တော်တို့ တစ်ရွာလုံး မီးလင်းရေး စီမံကိန်း ခေါင်းထဲဝင်ဝင်လာတတ်ပါတယ်။ ဂယ်ရီက မင်းသွားလေရော မင်းလေရဟတ်ကို ယူလာခဲ့ဖို့ ကောင်းတယ် လို့ ကျွန်တော့်ကို နောက်ပါတယ်။
ဂယ်ရီ ဟာ ကျွန်တော့်ဆရာ၊ ကျွန်တော့်မိတ်ဆွေ၊ ကျွန်တော့်အစ်ကိုကြီး တစ်ယောက်လို ဖြစ်လာပါ တယ်။
သူက အင်္ဂလန်မှာ အပျော်တမ်း လေယာဉ်မှူး လုပ်ခဲ့ဖူးတယ်။ နောက် ကနေဒါ ပြောင်းလာ ပြီး ရဟတ်ယာဉ်တွေ မောင်းသေးတယ်တဲ့။ အဲဒီတော့ လေယာဉ်ပျံအင်ဂျင်တွေအကြောင်း ကျွန်တော် စပ်စု တော့တာပေါ့ ။ ဂယ်ရီက ရဟတ်ယာဉ်ပျံသန်းပုံစနစ်ကို အသေးစိတ်ရှင်းပြတယ်။ ပန်ကာရွက်ကြီးတွေက လေကို စုပ်ယူပုံ၊ နောက်ပြီး ဆုံလည် လည်ပတ်ပြီး လေယာဉ်ကို ထိန်းပုံတွေကို ကျွန်တော် နားလည်အောင် ပြောပြတယ်။ ပြီးတော့ ကျွန်တော့်အင်္ဂလိပ်စကား အသံထွက်တွေလည်း ပြင်ပေးတ်။ ကျွန်တော်တို့ ချီချီဝါ တွေက စကားပြောရင် "လ"နဲ့ "ရ" မကွဲ ဘူး။ သူက ကျွန်တော့်ကို မှန်ရှေ့မှာ ရပ်ခိုင်းပြီး ပြောတယ်။
"ကဲ့ ၀ီလျံ၊ ငါ့ လျှာကို သေသေချာချာ ကြည့်ထား။ ပြီးတော့ မှန်ထဲ ကြည့်ဆို၊ လိုက်ဘရယ်ရီ"
"လိုက်ဘဘယ်လီ"
"မဟုတ်ဘူး၊ လိုက် ဘ-ရယ်-ရီ"
"လိုက်-ဘ-လယ်-လီ"
ABCCA မှာ ကွန်ပျူတာလည်း သင်ရတယ်။ အင်တာနက်လည်း လုပ်ရတယ်။ လွန်ခဲ့တဲ့နှစ်လက ကွန်ရက် ဆိုတာ ကျွန်တော် ဘာမှန်းမသိခဲ့ဘူး။ ဒီနေ့တော့ ကော်လိုရာဒိုက ဆရာတွေနဲ့ ကျွန်တော် နေ့တိုင်း စကားပြော နေပြီ။ ကျွန်တော်တို့အတန်းမှာ ကျောင်းသား ၁၂ယောက်ပဲ ရှိတယ်။ အမေရိကန်နဲ့ ကနေဒါယန် နဲ့ ကိုရီးယား ကျောင်းသားတွေပါ။ အီသီယိုးပီးယားက ကောင်လေး တစ်ယောက်နဲ့ ကောင်မလေး တစ်ယောက်။ မူလတန်းကျောင်းမှာတော့ မာလာဝီကလေးတွေ အများကြီး ရှိတယ်။ အထက်တန်းမှာ တိုင်းရင်းသားဆိုလို့ ကျွန်တော်တစ်ယောက်ပဲ ပါ တယ်။ ကျောင်းလခတွေ တစ်လ ဒေါ်လာ ငါးထောင် ဆိုတော့ မာလာဝီကျောင်းသားတွေ မတက်နိုင်ကြဘူး။ ပထမတော့ အင်္ဂလိပ်စာ အားနည်းလို့ ရှက်မိတယ်။ ၅နှစ်သား ကလေးတွေ ကျွန်တော့်ထက် မှန်အောင် ပြောနိုင်တာ တွေ့ရတော့ သိမ်ငယ်မိတယ်။ ဒါပေမဲ့ ကျွန်တော့် အင်္ဂလိပ်စာဆရာ မစ္စတာ ဘလက်ဆင်းချီကာကိုလာက ကျွန်တော့်ကို စိတ်မပျက်ဖို့ အားပေး တယ်။
ဆရာ ဘလက်ဆင်းကလည်း ဒိုဝါနာက ရွာလေးတစ်ရွာမှာ မွေးတဲ့ လူဆင်းရဲ မာလာဝီလူမျိုး တစ်ယောက်ပါ။ မူလတန်းကျောင်းဆရာဘ၀နဲ့ သားသမီးလေးယောက်ရှိတဲ့ အိမ်ထောင်စုကို ၀၀လင်လင် မကျွေးနိုင်ပါဘူး။ အငတ်ဘေးတုန်းက လူတွေအများကြီး သေကြတဲ့အထဲမှာ သူ့အဖေ ပါသွားတယ်။ သူ့တပည့်တွေလည်း အများကြီး ပါသွားတယ်။ အဲဒီမှာ စိတ်ဓာတ် ကျကျနဲ့ တပ်ထဲ ၀င်ဖို့ လီလွန်းဂွေကို ဘတ်စ်ကားနဲ့ လိုက်လာတယ်။ စစ်တပ် ဂိတ်ဝကို ၀င်မယ့်ဆဲဆဲမှာ ရွာက ညီအစ်ကိုဝမ်းကွဲတစ်ယောက် လိုက်လာပြီး သူ့ကိုခေါ်တယ်။ ဟိုး လပေါင်းများစွာက ABCCA မှာ တငထားတဲ့ သူ့ရဲ့ပညာသင်ဆု ရတဲ့အကြောင်း လိုက်ပြောတာ။
သူ ဘွဲ့ရတော့ အသက် သုံးဆယ်ကျော်နေပြီ။ ဘွဲ့ရပြီးမှ ABBCA မှာ အထက်တန်းပြဆရာ အလုပ်ကို ရတာတဲ့။
"ခက်တယ်ဆိုပြီး ဘယ်တော့မှ စိတ်မပျက်နဲ့၊ ဘယ်တော့မှ လက်မမြှောက်နဲ့၊ ဆရာ့ကို ကြည့်လေ၊ အသက်ကြီး မှ ဘွဲ့ရတာ၊ အလုပ်တစ်ခုကို စွဲစွဲမြဲမြဲသာ လုပ်၊ စိတ်ပါလက်ပါ နှစ်ပြီး လုပ်၊ ဖြစ်စေချင်တာ ဖြစ်တာ ချည်းပဲ"
ဆက်ရန်
.

No comments:
Post a Comment