Wednesday, February 23, 2011

လေအဟုန်လျှပ်စီး နဲ့ အမြင့်ခရီး ကို လှမ်းခဲ့တယ် အပိုင်း (၃၅)

အဲဒီရက်သတ္တပတ် နောက်ဆုံးနေ့မှာ ကျွန်တော် နဲ့ တွမ် ကနက်တီးကပ်ကို ကားနဲ့ထွက်ခဲ့ကြပါတယ်။ ဟို ရောက်တော့ ဂျေးဝေါ့ကာ လင်မယားနဲ့ ညစာအတူစားကြတယ်။ ဂျေးရဲ့ဇနီး အီလင်းနဲ့လည်း TED  ညီလာခံ မှာ ကျွန်တော်ဆုံခဲ့တာပါ။ ဂျေးရဲ့စာကြည့်တိုက်ဟာ ပြတိုက်ကြီးတစ်ခုလို ကြီးကျယ်ပါတယ်။ စာကြည့်တိုက် နဲ့ မတူဘဲ တကယ့်ပြတိုက်ကြီးနဲ့ တူနေတာကတော့ မျက်နှာကြက်မှာ ဆိုဗီယက် စပွတ်နစ်ဂြိုဟ်တု ပုံတူ တွဲလောင်းဆွဲထားတာရယ် ပထမဆုံး ကွန်ပျူတာ၊ ပထမဆုံး ရေဒီယိုနဲ့ မရေမတွက် နိုင်အောင် များပြားတဲ့ ရှေးဟောင်းပစ္စည်းတွေကြောင့် ပါ။

အဲဒီအထဲ မှာ နာဇီတွေ သုံးသွားတဲ့ ကွန်ပျူတာခေတ်ဦး စက်တစ်ချို့တောင် ပါပါသေးတယ်။ ကျွန်တော့် အကြိုက်ဆုံး ကတော့ တောမတ်စ် အက်ဒီဆင်ရဲ့ ပထမဦးဆုံး မီးလုံးလေးပါပဲ။ ကျွန်တော့်မှာ ကားမီးလုံး လေး တစ်လုံးလင်းဖို့ လုပ်လိုက်ရတာ  ဖတ်ဖတ်ကိုမောလို့။ ဘုရား ဘုရား ဒီပုဂ္ဂိုလ်က တစ်ကမ္ဘာလုံး လင်းအောင် လုပ်ပေးခဲ့တဲ့သူပဲ။ ဂျေးရဲ့ စာကြည့်ခန်းကြီးထဲမှာ ရပ်ပြီးရွာက စာကြည့်ခန်းလေးကို ပြန်သတိရ နေတယ်။ စာအုပ်စင် သုံးခုပဲရှိတဲ့ စာကြည့်ခန်း ကလေးလေ။ ကမ္ဘာလောက်ကြီးတယ်လို့ ကျွန်တော်ထင်ခဲ့တဲ့ အခန်းလေး ပေါ့။

နယူးယောက်မှာ ရက်ပေါင်းများစွာ လည်ပတ်ပြီးတော့ ခရစ္စမတ်နေ့အရောက်မှာ ကယ်လီဖိုးနီးယား ကို ကျွန်တော် ရယ် တွမ်ရယ်၊ တွမ့်အစ်မ မိသားစုရယ် ထွက်ခဲ့ကြတယ်။ လော့စ်အိန်ဂျလိစ် ရောက်တော့ စန်တာမော်နီကာ ကမ်းခြေကို ကားနဲ့ထွက်ခဲ့ပြီး ပစိဖိတ်သမုဒ္ဒရာထဲမှာ ရေလွှာသင်ဖြူး ငါးပျံမြူးနေကြတဲ့ လျှောစီးပရိသတ် ကို ကျွန်တော် ငေးကြည့်နေခဲ့မိတယ်။ အဲဒီမှာ ပုလင်းကွဲတွေပေါ် ဖိနပ်မပါဘဲ လျှောက်ပြီး ပါးစပ်ထဲက မီးလျှံတွေ မှုတ်ထုတ်နေတဲ့ လူတစ်ယောက်နဲ့ လည်း ကျွန်တော် စကားပြောဖြစ်ခဲ့သေးတယ်။

နောက်တစ်နေ့မှာ  စန်ဒီယေးဂိုး တောရိုင်းတိရိစ္ဆာန် ဥယျာဉ်ကို သွားကြည့်ကြတယ်။ သစ်ကုလားအုတ်တွေ၊ ရေမြင်းတွေ၊ ကြံ့တွေ ၊ဆင်တွေနဲ့ မျောက်တွေကတော့ ကျွနတော့်အတွက် အထူးအဆန်း မဟုတ် တော့ ပါဘူး။ ကျွန်တော်တို့ တိုင်းပြည်မှာ များ သွားရင်းလာရင်း အမြဲတမ်း မြင်တွေ့နေရတဲ့ အကောင်တွေလေ။ မိုင်တစ်သောင်းကျော်ဝေးတဲ့ အမေရိကန်မှာ လာကြည့်နေရာ တာကိုတွေးပြီးတော့ ကျွန်တော်ရယ်နေမိတယ်။

နောက်တစ်နေ့ကျတော့ သဲကန္တာရကို ဖြတ်မောင်းပြီး လပ်စ်ဗီးဂတ်စ်မှာ ကျင်းပနေတဲ့ လျှစ်စစ်ပြပွဲ တစ်ခုကို သွားကြည့်ကြတယ်။ ကျွန်တော့် အတွက်အံ့သြကုန်နိုင်ဖွယ်တွေချဉ်းပါပဲ။ သဘောအကျ ဆုံးကတော့ နေရောင်ခြည်သုံး လျှစ်စစ်ပစ္စည်းတွေပါ။ Blue Tooth တယ်လီဖုန်းက ခေါင်းစွပ် နားကြပ်လေးကို နားရွက် မှာ ချိတ်ထားလိုက်ရုံနဲ့ နေရောင်ခြည်က ခင်ဗျားရဲ့တယ်လီဖုန်းကို အားသွင်းနိုင်သတဲ့ဗျ။ အဲဒီညက သန္တာကျွန်း ဟိုတယ်မှာ တည်းကြတယ်။ ကားတွေ၊ ဆုကြီးတွေ မဲဖောက်ပေးတယ်ဆိုတဲ့ နာမည်ကြီး မိုတယ်ပေါ့။ ရေကူးဝတ်စုံဝတ်အမျိုး သမီးလေးတွေက ဧည့်သည်တွေကို အချိုရည်ပုလင်းတွေ အခမဲ့ လိုက်ဝေလို့။ ကာစီနိုရုံထဲရောက်တော့ စက်တွေထဲကနေ ဝေါခနဲဝေါခနဲ ထွက်ကျနေတာကိုကြည့်ပြီး ကျွန်တော် အသက်ရှူမှားနေတယ်။

'ဟေ့  ၀ီလျှံ၊ ပျော်ရဲ့လားကွ'
လူသံတွေ ဆူညံနေတော့ တွမ်က အသံကျယ်ကျယ်အော်မေးရတယ်။ ကျွန်တော်က သွားတွေ အဖွေးသား ပေါ်အောင် ရယ်ပြီး ပြန်ပြောလိုက်တယ်။
' ပျော်တယ် အစ်ကို၊ အရမ်းပဲ'
ဒါပေမဲ့ အဲဒီညမှာ အိပ်ခါနီးတော့ မာလာဝီကိုပြန်သတိရတယ်။ အမေ့ကို လွမ်းနေတယ်။ ကျွန်တော့် လေရဟတ် ပန်ကာလည်သံတွေ ကြားယောင်နေတယ်။
နောက်ပိုင်း မှာ အမေရိကန်တစ်ခွင် ခရီးတွေ ထွက်နေရပေမယ့် အိမ်ကိုပဲသတိရရနေတယ်။

ကာလီဖိုးနီးယားက ပမ်းစပ်ရင်းရောက်တော့လည်း မာလာဝီကို သတိရနေတာပဲ။ လေရဟတ် တွေဆီ ရောက်တော့ ပိုသတိရတာပေါ့။ လေရဟတ်တွေက ဓာတ်အားကိုယူပြီး လည်နေတဲ့ အဖြူရောင် လျှပ်စစ်ဓာတ်အား တာဘိုင်ကြီးတွကိုကြည့်ပြီး ကျွန်တော် ရင်သပ်ရှုမော ဖြစ်ရပြန်တယ်။ ပေတစ်ရာ ပန်ကာ ရွက်ကြီးတွေဟာ ခပ်မှန်မှန် လည်ပတ်နေတယ်။

ကျွန်တော်အိပ်မက် မက်နေတဲ့ လေရဟတ်မျိုးကြီးတွေလေ၊ သံစင်ကြီးတွေက ပေ ၂၀၀ကျော် မြင့်တယ်။ Windtec  ဆိုတဲ့ကုမ္ပဏီ အင်ဂျင်နီယာချုပ်က ကျွန်တော့်ကို စက်ရုံထဲ လိုက်ပြတယ်။ နံရံတစ်ခုမှာ ကွန်ပျူတာ တစ်လုံးက သင်တင်းအချက်အလက်တွေကို အကုန်ပြနေတယ်။ ဗို့အားအ၀င်အထွက်၊ လေတိုက်နှုန်း၊ ပန်ကာရွက်လည်ပတ်နှုန်းတွေကို အားလုံး မြင်နေရတယ်။ လေပြင်းလာရင် ပန်ကာရွက်တွေ လိုတာထက် ပိုမလည်အောင်  ကွန်ပျူတာကပဲ ထိန်းပေးတယ်။

တာဘိုင်တစ်လုံးရဲ့ စွမ်းအင်ထုတ်လုပ်မှုက ဗို့အား ၁၂၅၀၀  ရှိတယ်။ သူတို့ကုမ္ပဏီတစ်ခုတည်းက ထုတ်နေ တဲ့ မီဂါဝပ်စုစုပေါင်းက ၆၀၀ကျော်တယ်တဲ့။ အဲဒီဓာတ်အားကို မြေအောက်ကြိုးတွေနဲ့ ကယ်လီဖိုင်းနီးယား တောင်ပိုင်းက နေအိမ်တွေကို ဖြန့်ဝေပေးတယ်။ ၆၀၀မီဂါဝပ်ဆိုတာ မာလာဝီ တစ်နိုင်ငံလုံးကို ပေးနိုင်တဲ့ ဓာတ်အား ပမာဏဖြစ်ပါတယ်။ (ဒီနေ့ကျွန်တော်တို့နိုင်ငံမှာ သုံးနေတဲ့ လျှပ်စစ်ဓာတ်အား စုစုပေါင်း ၂၂၄မီဂါဝမ် ပဲ ရှိပါတယ်။

ကျွန်တော့်အိပ်မက်ထဲမှာ အမြဲတမ်းမြင်မတ်ခဲ့တဲ့ မြင်ကွင်းဟာ ကျွန်တော့်ရှေ့တည့်တည့်မှာ ရောက်နေပါပြီ။ လေထဲမှာ စက်ဝိုင်းပြည့် လည်ပတ်ပြီး ရှုမဆုံးတော့တဲ့ ပန်ကာရွက်ကြီးတွေကို မော့ကြည့်နေမိတယ်။ ပြီးပထမဦးဆုံး ရွာစာကြည့်တိုက်က စာအုပ်ထဲမှာ မြင်ဖူးတဲ့ပုံကို သွားသတိရ မိတယ်။ ငတ်မွတ်ခြင်း၊ မှောက်မိုက်ခြင်း လမ်းတွေကို ဖြတ်သန်းပြီး ကျွန်တော် လျှောက်ခဲ့ရတဲ့ ခရီးဟာ ရှည်လျားလှပါကလား။ အဲဒီ နေရာမှာ ရပ်ပြီး ဘယ်အရပ်ကို ဦးတည်ရမှာပါလိမ့် ဆိုပြီး ကျွန်တော်တွေးနေမိတယ်။

ကျွန်တော် ဘာဆက်လုပ်ရမလဲ။ ဒါလောက်အဝေးကြီးလျှောက်လာခဲ့ပြီးမှ ကျွန်တော့်အနာဂတ်က ဘာပါလိမ့်။ တာဘိုင်စက်ကြီးတွေကို ကျော်ပြီးဟိုမှာဘက်က တောင်တန်းတွေကို လှမ်းကြည့်လိုက် တယ်။ ကျွန်တော့် မြင်ကွင်းထဲမှာ တောင်တန်းတွေဟာ လေရဟတ်ကြီးတွေနဲ့ ရောသွားပြီး လည်ပတ် နေပါတော့တယ်။ ကြည့်နေရင်း၊ ကြည့်နေရင်း ဒီမြင်ကွင်းက ကျွန်တော့်ကို တစ်စုံတစ်ခုများ ပြောနေသလား လို့ စိတ်ထဲထင်လာတယ်။ ကျွန်တော့်မှာ ရေရေရာရာဆုံးဖြတ် ထားတာဘာမှမရှိသေးပါလား။

အာဖရိကတိုက်ကိုပြန်မယ်၊ ကျောင်းပြန်တက်မယ်၊ အဟောသိကံ အချိန်တွေကို  ပြန်အလျှောက်ပေးမယ်။ တာဘိုင် တွေ တည်ဆောက်ပုံ အကြောင်းပဲ သင်ဖြစ်မလား။ သစ်တောပြုန်းနေတဲ့ မာလာဝီလွင်တီးခေါင်မှာ သစ်ပင်တွေပဲ စိုက်ဖြစ်မလား။ ကျွန်တော့်အိမ်က လေရဟတ်မျိုး သူများတွေ  လိုက်ဆောက်လာရင် သင်ကြားပေး ဖြစ်မလား။ အစိုးရကို အားမကိုးဘဲ ကိုယ့်မြေပေါ်မှာ ကိုယ်တိုင် မီးရအောင် လုပ်ဖို့ပဲ ပညာပေး စည်းရုံးဖြစ်မလား။ မသေချာသေးပါ။ အဲဒါတွေ အားလုံး တစ်ပြိုင်တည်း  လုပ်ဖြစ်ကောင်းလည်း  လုပ်ဖြစ် ပါလိမ့်မယ်။ ဘာကိုပဲ လုပ်ဖြစ်လုပ်ဖြစ် ကျွန်တော့်ကိုယ်တွေ့ နံပါတ်တစ် သင်ခန်းစာကိုပဲ အခြေခံမှာပါ။ ကျွန်တော် ကြိုးစားတယ်။ အဲဒီတော့ ဖြစ်သွားတယ်။

ဆက်ရန်
.

No comments: