Thursday, September 30, 2010

သူတို့အားလုံး ရဲ့အသက် ကျွန်မလက်ထဲမှာ အပိုင်း (၄)

ခြံစည်းရိုးအောက်မှ ထမင်းဘူး

တစ်နေ့တွင် ဂျာမန်စစ်ဗိုလ်တစ်သိုက် စက်ရုံကိုလာပြီး စစ်ဆေးသည်။ သူတို့ ကျွန်မအနားရောက်တော့ ကျွန်မ သတိလစ်ပြီး ခွေကျသွားသည်။ သတိရလာတော့ ရုံးခန်းတစ်ခုထဲမှ ခုံတန်းလျား တစ်ခု ပေါ်ရောက်နေကြောင်း သိလိုက်၏။

စားပွဲနောက် တွင် အသက်ကြီးကြီး ဗိုလ်မှူးတစ်ယောက် ထိုင်နေသည်။ မျက်မှန်ထူထူကြီးနှင့်။ အသက် ၆၀ လောက်ရှိပြီ။ ကျွန်မ နာမည်ကိုမေးပြီး သူ စကားစသည်။
" မင်းကြောင့် စက်ရုံရဲ့ ကုန်ထုတ်လုပ်မှု ကျဆင်းသွားပြီ၊ မင်းဒါလောက် နေထိုင်မကောင်းဖြစ်နေရင် ... "
" နေကောင်း ပါတယ် ဗိုလ်မှူး၊ ကျွန်မ အခြေအနေ သိပ်မဆိုးပါဘူး၊ ကျွန်မကို တခြားမပို့ပစ်ပါနံ့နော်၊ ကျွန်မ ပိုပြီး ကြိုးစားလုပ်ပါ့မယ် "
ဗိုလ်မှူးအဘိုးကြီး ခဏတွေ စဉ်းစားနေသည်။

" မင်း ဂျာမန်စကားက တော်တော် နိပ်တာပဲ၊ ငါတို့ အရာရှိ စားသောက်ခန်းမှာဆိုရင် မင်းနဲ့ဖြစ် မလား၊ မီးဖိုချောင် နဲ့ အိမ်သန့်ရှင်းရေးအလုပ်မျိုး မင်းလုပ်တတ်သလား "
ကျွန်မ ထခုန်မိမတတ် ၀မ်းသာသွားသည်။
" ဟုတ်ကဲ့၊ ဗိုလ်မှူး၊ ကျွန်မလုပ်နိုင်ပါတယ် "

သူက အိမ်ပြန်နားဖို့အတွက် လက်မှတ်တစ်စောင်နှင့် မနက်ဖြန် ၇ နာရီတွင် အလုပ်ဝင်ဖို့ စာတစ်စောင် ရေးပေးသည်။ ပြန်ထွက်လာပြီး စာပါလိပ်စာကို တစ်ချက်ကြည့်လိုက်သည်။ ဗိုလ်မှူးဧဒွတ် ရုဂ်မာ။
ခမ်းနားသော်လည်း အိုမင်းနေပြီဖြစ်သည့် ဟိုတယ်ကြီးတစ်ခုတွင် ကျွန်မ အလုပ်ဝင်ရသည်။ ဂျာမန် စစ်ဗိုလ်များကို ထမင်းစားခန်းကြီးထဲတွင် နံနက်စာ၊ နေ့လည်စာနှင့် ညစာ ၃ ကြိမ် ကျွေးရ၏။
သူတို့ တတွေသည် သား ငါး ဆီဦးထောပတ်တွေကို အလျှံပယ် စားသောက်နေကြ၏။ လူတွေ ငတ်ပြတ် ပြီး မ၀ရေစာစားနေကြရသည်ကို သတိရလျှင် ကျွန်မခေါင်း ရီဝေအုံခဲလာတော့၏။
သည်နေရာတွင် ရက်သတ္တပတ်ပေါင်းများစွာ လုပ်သက်ကလေးရလာတော့ ထမင်းချက်ကြီးကို စကားပြော ဖို့ ကျွန်မသတ္တိ မွေးနိုင်လာသည်။

" မစ္စတာရှုဇ်၊ ဒီကပိုတဲ့ဟင်းလျာကလေးတွေကို ကျွန်မ အဒေါ်နဲ့ အစ်မအတွက် ယူသွားလို့ရမလား ဟင်"
ထမင်းချုက်ကြီးက သဘောကောင်းသည်။ ကျွန်မအပေါ် ကြင်ကြင်နာနာဆက်ဆံသည်။ သားငါး၊ ဟင်းသီး ဟင်းရွက်နှင့် ပေါင်မုန့်တွေကို ထမင်းချိုင့်နှင့်ထည့်ပြီး အိမ်ယူသွားခွင့်ပေးသည်။ ကျွန်မ ရင်တွေ ခုန်ပြီး အပျော်ကြီးပျော်သွားမိသည်။ ဂျာနီနာတစ်ယောက် တစ်နေ့တခြား ပိန်ကျလာပြီး ပါးချောင် နားချောင် ကျနေပြီလေ။

နိုဝင်ဘာလ တစ်မနက်တွင် အပေါ်ထပ်ကပွဲခန်းမဆောင်တွင် ရှုဇ်က ကျွန်မကို စားပွဲကုလားထိုင်တွေ ခင်းခိုင်းပါသည်။ ညစာစားပွဲရှိသည်တဲ့။ အလင်းရောင်ဝင်အောင် ကတ္တီပါ ခန်းဆီးတွေ ဖယ်လိုက်ပြီး အပြင် ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
ခန်းမဆောင်မှာ ဟိုတယ်၏ အနောက်ဘက်ပိုင်းတွင်ရှိသည်။ သည်ဘက်ကို ကျွန်မတစ်ခါမှ လှမ်းမ ကြည့်ဖူးပါ။ လက်စသတ်တော့ ဟိုတယ်နောက်က ၀င်းကြီးမှာ သံဆူးကြိုးတွေ ခတ်ထားသည့် ဂလင်းနစ် ဂျူးသုံ့ပန်း စခန်းကြီးပါလား။

စားသောက်နေရင်း သူတို့အချင်းချင်း ဂျူးတွေ၏ ပြဿနာကို ပြောသံကြားရတတ်ပါသည်။ သို့သော် ကျွန်မသည် အာရုံစိုက်ပြီး နားထောင်ဖို့ အချိန်မရပါ။ ကိုယ့်အလုပ်နှင့်ကိုယ် အမြဲတမ်း မနိုင်မနင်း မဟုတ်လား။ အမှန်အတိုင်းဝန်ခံရလျှင် ကိုယ့်ပြဿနာနှင့်ကိုယ်မို့ ဂျူးကိစ္စ ကျွန်မခေါင်းထဲဝင်ချိန် သိပ်မရှိ လှပါ။ အိမ်သားတွေ ၀၀လင်လင် စားရဖို့နှင့် ကိုယ် ကိုယ်တိုင် အနေ ချောင်ဖို့၊ အစားချောင်ဖို့လောက်သာ ဦးစားပေး နေရချိန်ဖြစ်ပါ၏။

စားပွဲတွေချ၊ ကုလားထိုင်တွေစီနှင့် တစ်နာရီလောက် ကြာသွားသည်။ တိတ်ဆိတ်နေသည့် ခန်းမကြီးမှ သေနတ်သံ တွေ ကျွန်မကြားလိုက်သည်။ ဘုရား ဘုရား၊ ကားပေါ်မှ အဆင်းတွင် ထွက် ပြေးကြသည့် ဂျူးတွေ ကို လိုက်ပစ်နေခြင်းပါလား။

အညိုရောင်ယူနီဖောင်းနှင့် စစ်သားများသည် ကားပေါ်မှ ခုန်ဆင်းကာ မြင်မြင်သမျှ လိုက်ပစ်နေ၏။ ယေက်ျားတွေ မိန်းတွေ ကလေးတွေ လမ်းပေါ်တွင် အတုံးအရုံး။ အော်ဟစ် ညည်းညူသံများကို မှန်ပြူတင်း မှ မသဲမကွဲကြားနေရ၏။ ဂျာမန်စစ်ခွေးတို့၏ မာန်ဖီဟိန်းဟောက် ဆွဲကိုက်သံတွေက နှလုံး သွေးပျက် ချင်စရာ။ လမ်းပေါ်မှ နှင်းခဲတို့သည် သွေးရောင်အတိဖုံးလွှမ်းသွားလေပြီ။ ကျွန်မ ကိုယ်တိုင် အပစ်ခံ ရသလို လန့်အော်မိမတတ်ဖြစ်သွား၏။

ဂျာမန်တို့ ဂျူးပြဿနာရှင်းပုံကို ကျွန်မ မျက်ဝါးထင်ထင် တွေ့လိုက်ရခြင်းဖြစ်ပါ၏။
နောက်တစ်နေ့တွင် ကျွန်မ ပုံမှန်အတိုင်း အလုပ်ဆင်းပါသည်။ သို့သော် သည်ဟိုတယ်ကြီး၏ နောက်ဖေး တွင် ဂျူးတွေကို လှောင်ထားသည့် အကျဉ်းစခန်းရှိနေသည်ဟူသည့် အသိက ကျွန်မ နှလုံးသားကို တစစ်စစ် နာကျင်နေစေပါသည်။ ကျွန်မ သည်အတိုင်း မနေနိုင်ပါ။ တစ်ခုခုတော့ လုပ် ရမည်။

နေ့လယ်စာကျွေးပြီးချိန်တွင် မီးဖိုဆောင်ထဲမှာ ကျွန်မ တစ်ယောက်တည်းရှိနေသည်။ သည်အခွင့် အရေးကို ကျွန်မစောင့်နေသည်မှာ ကြာပြီ။
ပုံးတစ်ပုံး ကို ဆွဲပြီး ထွက်လာခဲ့၏။ ဟိုတယ်နံဘေးလမ်းကလေးအတိုင်း လျှောက်သွား၏။ သံဆူး ကြိုးခတ် ထားသည့် ဟိုတယ် နောက်ဘက်နံရံတွင် လမ်းကလေးဆုံးသည်။
ဟိုတယ် ရှေ့ပိုင်းကို တစ်ချက် ပြန်ကြည့်လိုက်သည်။ လူသူလေးပါး အရိပ်အယောင်မတွေ့ရ။

" ဂျူးတွေကို အကူအညီပေးလျှင် သေဒဏ် "
နေ့စဉ် မြင်တွေ့ကြားသိနေရသည့် သတိပေးကြေညာချက်။
ခါးစည်းရင်ဖုံးထဲတွင် ၀ှက်ယူလာသည့် သတ္တုဇွန်းကြီးကို ထုတ်ပြီး နှင်းတောထဲတွင် တွင်းတူးလိုက် သည်။ ပုံးကြီးထဲ မှ သတ္တုထမင်းဘူးထဲတွင် ထောပတ်တွေ၊ ပန်းသီးတွေ၊ အပြည့်အသိပ် ကျွန်မ ထည့်ယူလာ၏။ တွင်းထဲ တွင် ထမင်းဘူးကိုထည့်ပြီး ခပ်သုတ်သုတ် ပြန်လာခဲ့သည်။ အမှိုက်သွန်ပြီး ပြန်လာပုံဖြင့် မီးဖိုဆောင် သို့ ခပ်တည်တည်ပြန်ဝင်ခဲ့၏။

နောက်တစ်နေ့တွင် ထမင်းဘူးကို ကျွန်မသွားကြည့်သည်။ ဘူးခွံသက်သက်ကိုသာတွေ့ရ၏။
နောက်နေ့နောက်နေ့များတွင် လူလစ်သည့်အချိန်တိုင်း ကျွန်မသည် အလုပ်ကို နိစ္စဓူဝ ဆက်လုပ် သည်။ မယောင်မလည်နှင့် အမှိုက်ပုံး ကိုင်ပြီး ဆွဲထွက်သွားသည်။ ခြံစည်းရိုးအောက်တွင် စားစရာတွေ ၀ှက်ထားခဲ့သည်။
ကျွန်မလုပ်နေပုံက ဆင့်ပါးစပ် နှမ်းပက်နေသလို ဖြစ်နေမှန်း ကျွန်မသိပါသည်။ သို့သော် သည်ထက်ပိုပြီး ကျွန်မ လုပ်နိုင်စွမ်းဘာမျှ မရှိပါ။
---------------------
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၂၉) အဆက် (၂)

မျက်နှာဖြူတွေက တိုင်းရင်းသား အလုပ်သမား တွေကို သုံးနှစ် ကန်ထရိုက် စနစ်နဲ့ ငှားရမ်း ခေါ်ယူ ခိုင်းခဲ့ ကြတယ်။ ဒါပေမဲ့ အလုပ်သမား တချို့က ကန်ထရိုက် မစေ့မီ အလုပ်က ထွက်သွားကြတယ်။ တချို့ ကတော့လည်း သုံးနှစ် ပြည့်အောင် လုပ်ပြီးမှ ထွက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် စိန်တွင်းတွေမှာ အလုပ် လုပ်ပြီး ကိုယ့်အရပ် ဒေသကို ပြန်တဲ့အခါ စိန်တွေ ပါသွားတာချည်း ပါပဲ။

စိန်တွေကို နည်းမျိုးစုံနဲ့ ကြံဖန် ခိုးထုတ် သွားကြတယ်။ စိန်တွေကို သူတို့ကိုယ်မှာ ဝှက်ယူပုံကလည်း စုံလို့ပါပဲ။ ဆံပင်ထဲမှာ ဝှက်ထားတာတို့၊ ဖိနပ်ထဲ ဝှက်တာတို့၊ ပါးစပ်ထဲ ငုံပြီး ထုတ်သွားတာတို့ မရရအောင် ကြံဖန်ခိုးထုတ် ကြတယ်။ ဒီလိုနည်းတွေနဲ့ ခိုးထုတ်သွားတဲ့ စိန်တွေရဲ့ ပမာဏဟာ ကာရက် ပေါင်း ထောင်သောင်းမက ရှိခဲ့တယ်။

ဓသို့သော်လည်း ဒါမျိုးဆိုတာက အမြဲ ထာဝစဉ် ဆက်တည် နေနိုင်တာ မဟုတ်လေတော့ နောက်ပိုင်း အခြေအနေက တစ်မျိုး ပြောင်းလာခဲ့တယ်။ တိုင်းရင်းသား လူမည်း အလုပ်သမားတွေကို သုံးနှစ် ကန်ထရိုက်စနစ်နဲ့ ငှားရမ်း ခေါ်ယူ လိုက်ပြီဆိုရင် အဲဒီ သုံးနှစ် ကာလအတွင်း သံဆူးကြိုး ပတ်ပတ်လည် ကာရံထားတဲ့ ဝင်းကြီးတွေ အတွင်းမှာပဲ နေကြရတယ်။

ဓကန်ထရိုက် အချိန်စေ့လို့ ကိုယ့်ရပ် ကိုယ့်ရွာ ပြန်တော့ မယ်ဆိုရင်လည်း အလုပ်သမားတိုင်းကို တစ်ကိုယ်လုံး စေ့စေ့စပ်စပ် ရှာဖွေရုံမက သီးသန့် တဲတွေမှာ ဆယ်ရက်တိတိ ထားပြီး ရှာဖွေ စစ်ဆေးတယ်။ အဲဒီအချိန်မှာ လူမည်း အလုပ်သမားတွေကို မျက်နှာဖြူ ဆရာဝန်တွေက ခန္ဓာကိုယ် တစ်ခုလုံး၊ ဒွာရပေါက် တွေပါမကျန် အသေးစိတ် ရှာဖွေ စစ်ဆေးတယ်။ စိန်တွေကို ဗိုက်ထဲမျိုချပြီး ခိုးထုတ်တာမျိုးလည်း ရှိတာမို့ နေရပ် ပြန်ကာနီး အလုပ်သမားတွေကို ကြက်ဆူဆီ ဝမ်းနုတ်ဆေး တွေတိုက်ပြီး မစင်ထဲတောင် စိန်တွေကို တွေ့လိုတွေ့ငြား ရှာဖွေ ကြသေးတယ်။

ဓအဲဒီလို အဖက်ဖက်က လိုလေသေး မရှိအောင် စေ့စေ့စပ်စပ် ရှာဖွေကြားထဲက မာတာဘယ်လီ အလုပ်သမား တွေက စိန်ကို ကြံဖန် ခိုးထုတ် သွားနိုင် ခဲ့ကြတယ်။ တင်းတင်း ကျပ်ကျပ် ရှာဖွေ စစ်ဆေးမှု ကြောင့် ခိုးထုတ်တဲ့ စိန်ပမာဏ နည်းတော့ နည်းလာတယ်။ ဒါပေမဲ့ ထုတ်သွားတဲ့ စိန်အားလုံးဟာ မြောက်ဘက် စူးစူးမှာရှိတဲ့ မာတာဘယ်လီ ခေါင်းဆောင် လိုဘင်ဂူလာဆီကို ရောက်သွားကြတယ်။

ဓကောင်းပြီ အဲဒီလို မာတာဘယ်လီ တိုင်းရင်းသား အလုပ်သမားတွေ ခိုးထုတ်ခဲ့တဲ့ စိန်တွေဟာ ဘယ်လောက် များသလဲလို့ မေးစရာ ရှိတယ်။ တိတိကျကျ ပြောနိုင်ဖို့ ခဲယဉ်း သော်လည်း ခန့်မှန်း ကြည့်လို့ တော့ ရတယ်။  ဤနေရာတွင် ဖွန်ဂါဘီရာသည် တွန်ဂါတာဘက်သို့ လှည့်၍ပြောသည်။

ရဲဘော် တွန်ဂါတာ ခင်ဗျား၊ ဘာဇိုဆိုတဲ့ မာတာဘယ်လီ အမျိုးသားအကြောင်း ခင်ဗျား ကြားဖူးပါ လိမ့်မယ်။ ဘာဇိုဟာ ဂန်ဒန်ဆိုသူရဲ့သား ဖြစ်ပါတယ်။ ခင်ဗျား အဘိုးရဲ့ ဖခင်လည်း ဖြစ်တယ်။ အလွန် ရက်စက် ကြမ်းကြုတ်ပြီး ရဲတင်းနဲ့ လူတွေ ခုတ်သတ်ရာမှာ နာမည်ကြီး ခဲ့တယ်လေဗျာ။ ဒီလူ ဘာဇိုဟာ ကင်ဘာလီ စိန်တွင်းက ထွက်သွားတော့ သူ့ရဲ့ခါးမှာ စိန်တွေ အပြည့် ခါးပတ်ထဲ ထည့်ပတ်ပြီး ခိုးထုတ်သွားတယ်။ ဘာဇို အနေနဲ့ နောက်တစ်ခု နာမည်ကြီးခဲ့တာက သူဟာ ကျူပ်တို့ ရှိုနာလူမျိုး အမြောက် အမြားကို သတ်ပစ်ခဲ့တယ်ဆိုတဲ့ အချက်ပါပဲ။

ဓဒါကို ထားလိုက်ပါတော့၊ ကျုပ် ပြောလိုတာက ဘာဇိုက ခိုးထုတ်လာပြီး မာတာဘယ်လီ ခေါင်းဆောင် လိုဘင်ဂူလာဆီကို ယူလာပေးတဲ့ စိန်တွေရဲ့ အလေးချိန်ဟာ ငှက်ကုလားအုပ် ဥဆယ်လုံးရဲ့ အလေးချိန်နဲ့ ညီမျှတယ်လို့ အဆိုရှိတယ်။ နှိုင်းယှဉ်ပြရမယ် ဆိုရင် ငှက်ကုလားအုပ်ဥ တစ်လုံးဟာ ကြက်ဥနှစ်ဒါဇင်ရဲ့ အလေးချိန်လောက် ရှိတယ်။ ဒီတော့ ဘာဇို ခိုးယူပြီး လာပေးလို့ လိုဘင်ဂူလာ ရခဲ့တဲ့ စိန်တွေဟာ ဒီနေ့ ကာလ ပေါက်ဈေးနဲ့ ဆိုရင် စတာလင်ပေါင် အနည်းဆုံး သိန်းငါးဆယ်ဖိုးလောက် ရှိလိမ့်မယ်။
 
နောက်တစ်ခု ကျုပ်တို့ သတင်းရရှိ ထားတာကတော့ မာတာဘယ်လီ ခေါင်းဆောင် လိုဘင်ဂူလာမှာ ပထမ တန်းစား စိန်တွေ အပြည့်ပါတဲ့ အိုးကြီးငါးလုံး ရှိခဲ့တယ်လို့ ဆိုတယ်။ အိုးတစ်လုံးရဲ့ ပမာဏက တစ်ဂါလန်ပုံးလောက် ရှိတယ်ဆိုတော့ စိန်ကောင်း စိန်သန့် ငါးဂါလန်လောက် ရှိမယ် ဆိုပါတော့။ အဲဒီ စိန်တွေသာ လက်ဝယ်ရလိုက်ရင် ကမ္ဘာ့ စိန်...စိန်...စိန်ဈေးကွက် တစ်ခုလုံး လှုပ်ရှားသွားအောင် ဖန်တီးနိုင်တဲ့ အခြေအနေမျိုး ရှိလာနိုင်တယ်။

    ဓလူတွေ လက်ဆင့်ကမ်း ပြောခဲ့ကြတဲ့ ပါးစပ်ရာဇဝင်အရ သိရတာ တစ်ခုလည်း ပြောရဦးမယ်။ လိုဘင်ဂူလာဟာ သူ့ကို အကြံဉာဏ်ပေးဖို့ လူမျိုးစုခေါင်းဆောင်တွေ ပါဝင်တဲ့ အကြံပေး ပုဂ္ဂိုလ် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထားခဲ့တယ်။ ဒီအဖွဲ့ဝင်တွေနဲ့ ဘုရင် ဘိုဘင်ကူလာအနေနဲ့ သူ့လက်ဝယ်ရရှိထားတဲ့ စိန်တွေကို ထုတ်ကြွားချင်လို့ပဲလား မပြောတတ်ဘူး၊ တစ်ည အကြံပေးအဖွဲ့ဝင် လူကြီးတွေရှေ့မှာ လိုဘင်ဂူလာက တစ်ကိုယ်လုံး တုံးလုံးချွတ်ပြီး သူ့ဇနီးတွေက သူ့ကိုယ်မှာ ဆီတွေလိမ်းပေးကြတယ်။ ပြီးတော့ ခန္ဓာကိုယ်မှာ စိန်တွေ နေရာမလပ်နိုင်အောင် ကမ်းပေးလိုက်ကြတယ်။

ဒီတော့ လိုဘင်ဂူလာရဲ့ တစ်ကိုယ်လုံး မှာ စိန်တွေအပြည့် ကပ်ပေးလိုက်ကြတယ်။ ဒီတော့ လိုဘင်ဂူလာရဲ့ တစ်ကိုယ်လုံးမှာ စိန်တွေအပြည့် ဖုံးအုပ်နေတော့တာပေါ့။ သူဟာ တန်ဖိုးအားဖြင့် စတာလင်ပေါင် သန်းတစ်ရာလောက်ရှိတဲံ စိန်တွေ ခြေဆုံးခေါင်းဆုံး ဖုံးလွှမ်းထားတဲ့ ကျောက်ရုပ်တစ်ခုလို ဖြစ်သွားသတဲ့။
    "ကိုင်း….ကျုပ်အနေနဲ့ ခင်ဗျားတို့ရဲ့မေးခွန်းကို ဖြေချင်တာက ဒါပါပဲ။

    မာတာဘယ်လီလူမျိုးတို့ရဲ့ ဘုရင် လိုဘင်ဂူလာဟာ ကမ္ဘာပေါ်မှာ တစ်နေရာတည်း တစ်ချိန်တည်း စိန်ရတနာ အများဆုံး လက်ဝယ်ရရှိခဲ့သူတစ်ယောက် ဖြစ်တယ်။ အခုခေတ် လန်ဒန်မြို့က ဒီဘီယား ကမ္ဘာ့စိန်ရောင်းဝယ်ရေး ကုမ္ပဏီကြီးမှာတောင် ဘယ်တုန်းကမှ ဒါလောက်များများ စိန်တွေ မရှိခဲ့ဖူးပါဘူး။
    "ဒီအတောအတွင်း ကမ္ဘာပေါ်မှာ အကြွယ်ဝဆုးဖြစ်နေတဲ့ ရို့ဒ်ဆိုသူက ကင်ဘာလီစိန်တွင်းမှာနေရင်းက သူတို့ရဲ့ ဗြိတိသျှအင်ပိုင်ယာကြီးကို ပိုပြီး တိုးချဲ့ချင်တဲ့ ဆန္ဒဖြစ်ပေါ်လာတယ်။ သူ့အနေနဲ့ ကင်ဘာလီရဲ့ မြောက်ဘက်မှာရှိတဲ့ နယ်မြေတွေကို မျက်စိကျမိတယ်။ တစ်နည်းအားဖြင့် ရိုဒ့်ဟာ မြောက်ပိုင်းနယ်မြေကိုသိမ်းပိုက်ချင်တဲ့စိတ် ဖြစ်လာတယ်။ နောက်ဆုံးကျတော့ သူဟာ ကင်ဘာလီက စိန်တွင်းတွေကိ အပိုင်စီးခဲ့သလို မြောက်ဘက်နယ်မြေဒေသ (အခု ဇင်ဘာဘွေနိုင်ငံဖြစ်လာတဲ့နေရာ)ကို ရအောင် သိမ်းပိုက်နိုင်ခဲ့တယ်။

    "သူဟာ နည်းပရိယာယ် အလွန်ကြွယ်ဝသူပီပီ ပထမတော့ မာတာဘယ်လီလူမျိုးတို့ရဲ့ ဘုရင် လိုဘင်ဂူလာဆီကို ကိုယ်စားလှယ်တွေ သ့တမန်သဘော စေလွှတ်ပြီး လိုဘင်ဂူလာရဲ့ ပိုင်နက်နယ်မြေအတွင်းမှာရှိတဲ့ သတ္တုတွင်းတွေကို ကာကွယ်စောင့်ရှောက် ပေးပါ့မယ်လို့ ကတိပြုပြီး သတ္တုတူးဖော် ထုတ်လုတ်ရေးကိုပါ လုပ်ပေးပါမယ်လို့ စကားကမ်းလှမ်းခဲ့တယ်။ သူစကားကမ်းလှမ်းတဲ့ နယ်မြေဆိုတာက အလွန်ကျယ်ဝန်းပြီး ရှိုနာတိုင်းရင်းသားတို့ နေထိုင်ရာ နယ်မြေလည်း အပါအ၀င်ဖြစ်တယ်။

    "ရိုဒ့်ဆိုသူဟာ စီးပွားရေး အကွက်မြင်ထားပြီးသူ ဖြစ်တဲ့အတိုင်း အာဖရိကတိုက်မှာ စီးပွားကုန်သွယ်ရေး ကုမ္ပဏီတစ်ခု တည်ထောင်ဖွင့်လှစ်ဖို့ တရားဝင် ခွင့်ပြုမိန့် စာချွန်တော်ရရှိအောင် အင်္ဂလန်ပြည်က ဗြိတိသျှဘုရင်မကြီးဆီက လျှောက်ထားရယူပြီး ဖြစ်တယ်။ တစ်နည်းအားဖြင့် သူ့ရဲ့ စီးပွားကုန်သွယ်ရေး ကုမ္ပဏီကို ဗြိတိသျှဘုရင်မကြီးက တရားဝင် ထောက်ခံအားပေးမှု ရရှိတယ်ဆိုတာ ကြေညာနိုင်အောင် လုပ်လိုက်တာပါပဲ။

    နောက်မဆကြာခင်မှာပဲ ရိုဒ့်ဟာ လက်နက်ကိုင် ပုဂ္ဂလိက တစ်ဖွဲ့တစ်ဖွဲ့ကို စေလွှတ်ပြီး နယ်မြေတွေကို ၀င်ရောက်သိမ်းပိုက်လိုက်တယ်။ မာတာဘယ်လီဘုရင် လိုဘင်ဂူလာဟာ လုံးဝမမျှော်လင့်တဲ့ လက်နက်ကိုင် ကျူးကျော်တိုက်ခိုက်မှုကို ရင်ဆိုင်ရတော့ အလွန်အံ့အားသင့်သွားတာပေါ့။ ဒါပေမဲ့ ဘာမှမတတ်နိုင်ဘူး ခေတ်မီ လက်နက်ကိုင်တပ်ကို ဘယ်လိုမှ ယှဉ်ပြိုင်ရင်ဆိုင်လို့ မရဘူး။ ပထမတော့ သူ့အနေနဲ့ ကန့်ကွက်အရေးဆိုကြည့်ပါသေးတယ်ဓ၊ သို့သော်လည်း ဘယ်လိုအကြောင်းမှ မထူးဘူး။

    "အမှန်တော့ မျက်နှာဖြူ လူမျိုးတွေက လိုဘင်ဂူလာကို အပြတ်ချေမှုန်းဖို့ ပရိယာယ်ဆင်လိုက်တာဖြစ်တယ်။ ဒါကို လိုဘင်ဂူလာက မရိပ်မိဘဲ စိတ်တိုလာပြီး လက်နက်ကိုင် ခုခံတိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်မိတယ်။ မျက်နှာဖြူတွေက အဲဒီအကွက်ကို တမင်ဆင်လိုက်တာပဲ။ လိုဘင်ဂူလာရဲ့ တပ်တွေကို မျက်နှာဖြူတွေက စက်သေနတ်တွေနဲ့ ပစ်ခတ်ပြီး ခပ်ကြမ်းကြမ်း တိုက်ခိုက် နှိမ်နင်းတော့တာပဲ။ လိုဘင်ဂူလာလည်း နဂိုက သတ္တိမရှိသူပီပီ မြောက်ဘက်ကို ထွက်ပြေးတိမ်းရှောင်သွားခဲ့တယ်။ သူတို့နဲ့အတူ သူ့ဇနီးတွေရယ်၊ နောက်လိုက် အချို့ရယ်၊ သူပိုင်ဆိုင်တဲ့ ကျွဲ၊နွား တိရိစ္ဆာန်တွေရယ် အပြင် သူ့ရဲ့ လျှို့ဝှက်ကိုယ်ပိုင်ပစ္စည်းဖြစ်တဲ့ စိန်ရွှေရတနာတွေကို ယူသွားတယ်။

    "မျက်နှာဖြူ တပ်ဖွဲ့ငယ်တစ်ဖွဲ့ကတော့ ပထမပိုင်းမှာ လိုဘင်ဂူလာနောက်ကို လိုက်တိုက်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ သူတို့မှာ လူအင်အားက သိပ်မများလေတော့ မာတာဘယ်လီတွေက ဒီအချက်ကို သိတဲ့အတွက် တောတွင်းတစ်နေရာမှာ ချုံခိုတိုက်လိုက်တာ မျက်နှာဖြူ တပ်သား တစ်ယောက်မကျန် ကျဆုံးကုန်တယ်။

    "မျက်နှာဖြူတွေကက နောက်တပ် လူအင်အားများများနဲ့ လိုက်တိုက်ဖို့ ကြံစည်သော်လည်း မိုးရာသီ ရောက်လာတဲ့အတွက် ဆက်မလိုက်နိုင်တော့ဘူး။ ဒီဒေသက ခင်ဗျားတို့သိတဲ့အတိုင်း မိုးကျလာပြီဆိုရင် မြစ်တွေ၊ ချောင်းတွေ ရေလျှံပြီး သွားရေး လာရေး အလွန်ခက်ခဲတယ်။ ဒါကြောင့်လည်း လိုဘင်ဂူလာဟာ သူ့ရဲ့ရတနာတွေနဲ့အတူ ထွက်ပြေးလွတ်မြောက်ခဲ့တယ် ။

    "သူဟာ မြောက်စူးစူးဘက်ကို ဦးတည်ချက်ရယ်လို့ မရှိဘဲ ဆက်လက်သွားရာက တစ်နေရာရောက်တော့ ဆက်သွားဖို့ စိတ်ကုန်လာတယ်။ သူရောက်ရှိတဲ့ နေရာက သဘာဝ မြေရိုင်းသက်သက်ဖြစ်ပြီး လူသူလုံးဝမရှိနေရာဖြစ်တယ်။ ဒါပေမဲ့ လိုဘင်ဂူလာက အဲဒီနေရာမှာပဲ အခြေစိုက်ပြီး မာတာဘယ်လီနိုင်ငံ တည်ထောင်ဖို့ ဆုံးဖြတ်လိုက်တယ် အဲဒီအချိန်မှာ လိုဘင်ဂူလာဟာ စိတ်ဓာတ်အလွန် ကျဆင်းနေပြီ ဖြစ်တယ်။ လူ့ဘ၀မှာ ဆက်နေချင်စိတ်လည်း မရှိတော့ဘူး။

    "ဒါနဲ့ ဖအေတူ မအေကွဲ ညီတော် ဂန်ဒန်ကို အခေါ်လွှတ်ပြီး မာတာဘယ်လီတိုင်းရင်းသားများ ကို စည်းရုံးစုစည်းဖို့နဲ့ တိုင်းပြည်ပြန်လည် တည်ထောင်ဖို့ ညွှန်ကြားတယ်။ လိုဘင်ဂူလာဟာ နောက်ဆုံးအချိန်ထိ သတ္တိကြောင်သူပီပီ ဘ၀ကို ရင်မဆိုင်ဝံ့တော့ဘူး။ ဒါကြောင့် သူ့ရဲ့ တိုင်းရင်း ဆေးဆရာ (မှော်ဆရာ)ကို ခေါ်ပြီး အင်မတန် အဆိပ်ပြင်းတဲ့ ဆေးတစ်မျိုး ဖော်စပ်ခိုင်းတယ်။ နောက်ဆုံး မတော့ လိုဘင်ဂူလာဟာ အဲဒီအဆိပ်ကို သောက်ပြီး သူ့ကိုယ်သူ သတ်သေသွားတာပါပဲ။

    "သူ့ရဲ့ညီ ဂန်ဒန်က လိုဘင်ဂူလာရဲ့ အလောင်းကို ဂူကြီးတစ်ခုအတွင်းမှာ မတ်တတ် ထောင်ထား လိုက်တယ်။ သူ့ရဲ့ အလောင်းပတ်ပတ်လည်မှာ လိုဘင်ဂူလာက သက်ရှိထင်ရှားရှိစဉ်က ပိုင်ဆိုင်တဲ့ ပစ္စည်းတွေ စုပုံထားလိုက်တယ်။ သူ့ရဲ့အာဆီဝိုင် ဓားရှည်တွေ၊ ဥဒေါင်းတောင်၊ ငှက်တောင်ဦးထုတ်တွေ၊ သားမွေးခြုံထည်တွေ၊ ခင်းအိပ်တဲ့ ဖျာလိပ်ပါမကျန် သေနတ်လက်နက်များ အပါအ၀င် စုပုံထား လိုက်တယ်။ နောက်ဆုံး လိုဘင်ဂိုလာ ပိုင်ဆိုင်တဲ့ စိန်တွေကိုလည်း အလောင်းနားမှာပဲ ထားလိုက်တယ်။

    "အလောင်းကို ကျားသစ်ရေတစ်ခုနဲ့ ဖုံးအုပ်ပြီး ထိုင်လျက်ပုံဖြစ်အောင် ပြုပြင်ထားလိုက်တယ်။ သူ့ခြေရင်း နားမှာမှ ငါးဂါလန် ဘီယာပုံးတွေနဲ့ စိန်တွေကို ထည့်ထားလိုက်တယ်။ သူ့ခြေရင်းနားမှာမှ ငါးဂါလန် ဘီယာပုံးတွေနဲ့ စိန်တွေကို ထည့်ထားလိုက်တယ်လို့ ဆိုတယ်။ ပြီးတော့ အဲဒီလိုဏ်ဂူရဲ့ ၀င်ပေါက်ကိုလည်း လုံခြုံအောင် အသေပိတ်ထားလိုက်တယ်။ ဂူပေါက်ဝကို ဘယ်သူမှ ရှာမတွေ့အောင်လည်း ကျောက်တုံးကျောက်ခဲတွေ၊ မြေကြီးတွေနဲ့ ဖုံးအုပ်ထားလိုက်တယ်။ အားလုံး ပြီးတော့မှ ဂန်ဒန်ဟာ နောက်လိုက်မာတာဘယ်လီ လူမျိုးတွေကို ပြန်ခေါ်ထွက်သွားတယ်။

    "နောက်ပိုင်းမှာ သူတို့ဟာ ရိုဒ့်ရဲ့ ကုမ္ပဏီမှာ ကျေးကျွန်(အလုပ်ကြမ်းသမား) တွေ ဖြစ်လာတယ်။ ဒါတွေ ဘယ်တုန်းက ဖြစ်ခဲ့တာလဲလို့မေးရင် ၁၈၉၄ခု မိုးရာသီ ကာလက ဖြစ်ခဲ့တယ်လို့ ပြောရပါမယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ကိုးဆယ်လောက်ကဆိုတော့ သိပ်မကြာသေးပါဘူးလို့ ဆိုနိုင်ပါတယ်။

    "အဲဒီလိုဏ်ဂူက ဘယ်နေရာမှာလဲလို့ မေးစရာရှိပါတယ်။ ကျုပ်တို့ အခုထိုင်နေတဲ့ နေရာနဲ့ သိပ်မဝေး လှပါဘူး။ ဒီနေရာက မိုင်နှစ်ဆယ် ပတ်ဝန်းကျင်လောက်မှာပဲရှိမယ်။ မာတာဘယ်လီဘုရင် လိုဘင်ဂူလာ ဟာ မြောက်စူးစူးဘက်ကို တိုက်ရိုက်သွားပြီး ဇမ်ဘေဇီမြစ်ကြီးနားကို ရောက်လုဆဲဆဲကျမှ စိတ်ဓာတ် ကျပြီး သူ့ကိုယ်သူ အဆုံးစီရင်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ သိရတယ်။
    "စိန်ရတနာတွေရှိတဲ့ လိုဏ်ဂူတည်ရှိရာနေရာကို သိတဲ့ အသက်ထင်ရှားရှိသူ တစ်ယောက် ယောက်ရှိပါ သလားလို့ မေးရင် ကျုပ်က ရှိပါတယ်လို့ ဖြေရလိမ့်မယ်"

    ဤတွင် ဖွန်ဂါဘီရာသည် စကားကို ဖြတ်လိုက်ပြီးနောက် တစ်စုံတစ်ခု ရုတ်တရက် သတိရဟန်ဖြင့် တွန်ဂါတာ အား-
    "ကျုပ်မေ့နေလို့ ခွင့်လွှတ်ပ်။ မိတ်ဆွေကြီးကို သောက်စရာ တစ်ခုခုပေးဖို့ မေ့သွားတာပါ"ဟု ပြောလိုက်ပြီး နောက် ဖန်ခွက်တစ်လုံးကို ရေခဲရေထည့်ကာ သူကိုယ်တိုင် တွန်ဂါတာလက်သိုက လှမ်းပေး လေသည်။
    တွန်ဂါတာလည်း ဖန်ခွက်ကိုယူ၍ ဖြည်းဖြည်းချင်း သောက်လေသည်။

    ထို့နောက် ဖွန်ဂါဘီရာသည် သူ၏နေရာတွင် ပြန်ထိုင်လိုက်ပြီး မျက်နှာဖြူလူကြီးအား-
    "ကျုပ်ပြောနေတာ ဘယ်ရောက်သွားပါလိမ့်"ဟု မေးလိုက်ရာ ဗိုလ်မှူးကြီး ဘူခါရင်က-
    "စိန်တွေရိတဲ့ လိုဏ်ဂူအကြောင်း ပြောနေတယ်" ဟု ဖြည်းဖြည်း ပြန်ဖြေလိုက်သည် ထိုအချိန်၌ သူ၏ မျက်လုံး များသည် လောဘရမ္မက်ထွက်သည့် အသွင်ဆောင်နေသည်
    "သြော်…ဟုတ်ပြီ၊ ကျုပ်ဆက်ပြောပါ့မယ်။ လိုဘင်ဂူလာဟာ သူမသေမီသူ့ညီ ဂန်ဒန်ကို စိန်ရတနာတွေ အသက်နဲ့လဲပြီး စောင့်ရှောက်ဖို့ တာဝန်ပေးခဲ့တယ်လို့ ဆိုတယ်။

အဲဒီတုန်းက သူပြောခဲ့ပုံက တစ်နေ့ကျရင် ငါ့လူတွေဟာ ဒီစိန်တွေကို လိုအပ်ကောင်း လိုအပ် လာလိမ့်မယ်၊ မင်းနဲ့တကွ မင်းရဲ့ သားစဉ်မြေးဆက်က အဲဒီ အချိန်တိုင်အောင် စိန်တွေကို ကောင်းကောင်း စောင့်ရှောက်ရမယ်လို့ ပြောခဲ့တယ်လို့ အဆိုရှိတယ်။ ဒီနည်းအားဖြင့် မာတာဘယ်လီ ဘုရင် အမျိုးအနွယ် ကူမာလို မိသားစု လက်ထက်အထိ ဒီလျှို့ဝှက်ချက်ဟာ တစ်ဆင့်ပြီးတစ်ဆင့်ေ၇ာက်ရှိ လာခဲ့တယ်။ သူတို့ထဲက သားကြီးတစ်ယောက် အရွယ်ရောက်လာပြီဆိုရင် သူ့ဖခင်၊ သို့မဟုတ် ဘိုးအေက စိတ်တွေရှိတဲ့ လိုဏ်ဂူနေရာကို ခေါ်သွားပြီးပြထားလေ့ ရှိတယ်"

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

မဝင်းမြင့် (ငယ်ယုံပူဘော်) အပိုင်း (၂ဝ)

မေမေခင်သည် အံကြိတ် တောက်ခေါက်လိုက်ပြီး ပိုးပ၀ါတစ်ထည်ကို လည်မှာစည်းကာ စိတ်မြန် ကိုယ်မြန်ဖြင့် အိမ်ပေါ်မှ ဆင်းလိုက်သည်။ စာဖတ်ဟန်ဆောင်ပြီး မေမေခင် အရိပ်အကဲ ကြည့်နေ သော မောင်မောင်မျိုးက ...
"ခင် ဘယ်သွားမလို့လဲ ... "
ဟု လှမ်းမေးလိုက်၏။

မေမေခင် က လေသံပြတ်ပြတ်ဖြင့် ဖြေသည်။ ထို့နောက် ခြေလှမ်းသွက်သွက်ဖြင့် အိမ်ပေါ်မှ ဆင်း သည်။
"တစ်ယောက် ထဲ မသွားနဲ့လေ၊ ကိုမျိုးပါ လိုက်ခဲ့မယ်"
မောင်မောင်မျိုးက ပြောပြောဆိုဆိုဖြင့် မေမေခင်ကို မီအောင် ခြေလှမ်းသွက်သွက်ဖြင့် လိုက်လာ၏။ တစ်ယောက်ကိုတစ်ယောက် စကားမပြောကြဘဲ ခရီးတွင်အောင်သာ လာခဲ့ကြရာ ကိုအောင်စိုး၊ မိမိလေး နှင့် နောင်ဘုရားတို့ နေထိုင်ရာ ခြံကြီးသို့ ရောက်လာကြ၏။

မေမေခင် အမြင်မှာ ခြံကြီးတစ်ခြံလုံတွင် အသုံးကျသော အပင်ဟူ၍ မရှိဘဲ၊ ညောင်ပင်ကြီးတွေ လက်ပံပင်ကြီးတွေ ပေါက်ပင်ကြီးတွေသာ ရှိသည်။ ဤတောစိုး သစ်ပင်ကြီးတွေနှင့် ချုံတွေ မြက်ရိုင်းတွေ ရှုပ်ထွေးနေသော ဤခြံကြီးထဲဝယ် ရှေးဆန်လှသော ကျွန်းသားအိမ်အို အိမ်ဟောင်း ကြီးကို မြင်ရ ကြည့်ရသည်မှာ မေမေခင် စိတ်ထဲတွင် ကြည်လင်ခြင်း မရှိချေ။ လူသံ သူသံဟူ၍ လုံးဝမကြာရ။ သစ်ပင်ကြီးတွေကို လေခတ်၍ တဖျတ်ဖျတ် တရှဲရှဲ မြည်သံသည် အလိုလို စိတ်အားငယ်စေသည်။ ကောင်မလေး ၏ အရိပ်အရောင်ကို မမြင်ရချေ.
"အိမ်ကြီး ကြည့်ရတာ ..."

မေမေခင် အိမ်ကြီးထဲ မ၀င်သေးဘဲ အိမ်ရှေ့ရှိ ညောင်မုတ်ဆိတ်ပင်ကြီးအောက်မှာ ခြေလှမ်းတုံ့ရပ် ကာ ခပ်တိုးတိုး ပြောလိုက်သည်။ မောင်မောင်မျိုးက ခပ်တိုးတိုး ရယ်လိုက်၏။
"ဘာဖြစ်လို့လဲ ခင်၊ အိမ်ကြီးက ဟောင်းနေလို့လား"
မောင်မောင်မျိုးက မေးသည်။

"ဟောင်းတာက အကြောင်း မဟုတ်ပါဘူး၊ တောစိုးသစ်ပင်ကြီးတွေ အုပ်ဆိုင်း မှောင်ရီနေတဲ့ အိမ်အိုကြီးမှာ လူသူ အရိပ်အယောင် အသံ ဘာမှ မကြားရတော့ စိတ်ထဲမှာ တစ်မျိုးပဲ၊ ဒီနေရာ  ဒီအိမ်မျိုးမှ ရှင့်အစ်ကိုနဲ့ မရီး က နေတတ်ပလေတယ်"
အိမ်အိုကြီးနှင့် တောကြီးမျက်မည်း ဖြစ်နေသော ခြံကြီးကို ကြည့်ပြီး မေမေခင်က ဖြေသည်။

"ကဲ ... လာ အိမ်ထဲကို အစ်ကိုနဲ့ မမမိကို ခင် လိုက်လာလိမ့်မယ် ဆိုတဲ့အကြောင်း ကောင်မလေး ပြောထား နှင့်ဖို့ မှာလိုက်တယ်၊ အိမ်ထဲမှာ ကောင်မလေး ရှိပါတယ် လာ ..."
"မောင်မောင်မျိုးက ပြောပြီး၊ မေမေခင်ကို ထူးထူးခြားခြား ယုယ ကြင်နာစွာဖြင့် လက်ဆွဲပြီး အိမ်ကြီးထဲ ခေါ်သွားသည်။ မေမေခင်သည် အိမ်ကြီးနှင့် ခြံကြီးကို စိတ်ထဲက မသိုးမသန့် ဖြစ်မိ သော်လည်း ကောင်မလေးကို ပြန်ခေါ်လိုသော စိတ်ဆန္ဒဖြင့် လိုက်လာခဲ့သည်။ အိမ်အိုကြီးကား အပြင်ဘက်မှ ကြည့်ရုံဖြင့် မသိသာပေ၊ အိမ်ထဲရောက်မှ ပိုပြီး စိတ်ချောက်ချားစရာ ကောင်းနေ သည်။ အိမ်တွင်းမှာ သန့်ရှင်း ကြည်လင်မှု ဆိုသည်ဝေးစွ၊ ခြေချရမည်ကိုပင် ရွံစရာကောင်းအောင် ကြမ်းပြင်မှာ ဖုန်တွေ အမှိုက် တွေက ပြန့်ကျဲပေလူးနေသည်။

"သြော် ... မိမိလေးခမြာ ဖဲရိုက်နေရတာနဲ့ မအားနိုင်အောင် ဖြစ်လို့ အိမ်မှာ တံမြက်စည်းတောင် မလှည်းနိုင်ရှာပါလား"
ဟု မေမေခင်က တွေးမိ၏။
အိမ်ကြီး၏ ပုံစံမှာ ဘယ်လိုစိတ်ကူးနှင့် ဆောက်ထားခဲ့လေသည် မသိ။ အဆောင်ဆောင် အခန်း ခန်းတွေ ထုတ်ထားပြီး၊ ပတ်လည် ၀န်းရံထားသော ၀ရန်တာတွေနှင့် အချိုးမကျ ပုံပန်းမကျဘဲ၊ လူသာမန်နေသော အိမ် နှင့်ပင် မတူ။ ဤခြံကြီးနှင့် ဤအိမ်ကြီးကို ကိုအောင်စိုးနှင့် မိမိလေးက တော်တော်၊ နောင်ဘုရားက အလွန် အမင်း သဘောတွေ့ နှစ်ခြိုက်ခြင်း ဖြစ်ကြောင်း မေမေခင်က သိထားရသည်။

မေမေခင် စိတ်ထဲတွင်ကား ဤအိမ်ကြီးသည် ရှေးယခင်က အလှူရှင် တစ်ဦးတစ်ယောက် ဆောက်လှူ ခဲ့သည့် တောကျောင်းဇရပ်ပေလား၊ သို့တည်းမဟုတ် တစ်စုံတစ်ခုသော ရည်ရွယ်ချက် ဖြင့် အသုံးပြုရန် စိတ်ကူးရှိသလို ဆောက်ထားသော အဆောက်အဦးပေလား၊ စိတ်မနှံ့သူ တစ်ယောက် သူ စိတ်ထင်ရာ မြင်ရာ ပုံသဏ္ဍာန် ဆောက်သွားလေသလားဟု တွေးမိသည်။ အ၀င်အထွက် တံခါးပေါက်များမှာ ကျယ်ကျယ် ၀န်းဝန်း မရှိချေ။  ပြတင်းပေါ က်တွေကို အိမ်ကြီး ပမာဏနှင့် မမျှအောင် သေးသေးသည်။ ပြတင်းပေါက် တွေကို စေ့ငှအောင် မဖွင့်သောကြောင့် အိမ်အိုကြီးအတွင်းမှာ အလင်းရောင်က လုံလောက်စွာ မရဘဲ မှိုင်းမှိုင်းမှောင်မှောင် ဖြစ်နေသည်။

မောင်မောင်မျိုးက စကားတစ်ခွန်းမှ မပြောဘဲ မေမေခင့်လက်ကို ဆွဲကာ ကွေ့ကောက်သော အခန်း ကြားလမ်း တွေမှ တစ်ခုသော အခန်းဆီသို့ ဦးတည်ပြီး သွားနေသည်။ တံခါးပိတ်ထားသော အခန်း တစ်ခု ရှေ့သို့ ရောက်သောအခါ မောင်မောင်မျိုးက ရပ်လိုက်၏။ တံခါးကို အသာအယာ တွန်းကြည့်သောအခါ တံခါးက အသံမမြည်ဘဲ ပွင့်သွားသည်။ မောင်မောင်မျိုးက ခြေသံကို ညင်သာစွာနင်းခြင်း၊ အသံမပြုရန် စကားမပြောရန် တီးတိုးလေသံဖြင့် အချက်ပေး သတိပေးခြင်း များပြုပြီး မေမေခင့်လက်ကိုဆွဲကာ အခန်း ထဲ ၀င်သွားသည်။ မေမေခင်က ဘာမှန်းမသိရသေး သဖြင့် မောင်မောင်မျိုး၏ ညွှန်ကြားချက် အတိုင်း လိုက်နာကာ ခြေကို အသာအယာနင်းပြီး ၀င်လိုက် သွားရသည်။

မောင်မောင်မျိုးနောက်မှ ၀င်လိုက်သွားရသော မေမေခင်သည် သူ မြင်ရသော ရှုခင်းကို များစွာ အံ့အားသင့်မိတော့သည်။
အခန်း တစ်နေရာ တွင် စင်မြင့်လိုလို တစ်ပေကျော် အမြင့်ရှိသည့် ပိတ်ဖြူ ပိတ်နီ ခင်းထားသော တန်းပေါ် မှာ အုန်းငှက်ပျောပွဲတွေက စီရရီ ရှိနေသည်။ အလင်းရောင် လုံလောက်စွာ မရသည့် မှောင်တရီခန်းထဲမှာ ပွဲတွေ နှင့်တူ ပူဇော်ထားသော ကျောက်ဖယောင်းတိုင် သုံးတိုင်၏ အရောင်က နီဝါ၀ါ လင်းနေသည်။ သို့သော် အခန်းတံခါးမကိုလည်း ပိတ်ထားသည်။

ပြတင်း တွေကိုလည်း အစေ့ အငှ မဖွင့်ဘဲထားသော ဤအခန်းကျယ်ကြီးအတွင်းမှာ ကျောက်ဖယောင်းတိုင် သုံးတိုင်၏ အရောင်က လျှပ်စစ်မီးရောင်လို မလင်းသဖြင့် မှုန်မှိုင်းမှိုင်းသာ ဖြစ်နေ၏။ ကန်တော့ပွဲတွေ ရှေ့တည့်တည့် အဖိုးတန် ကော်ဇောတစ်ချပ်ပေါ်တွင်ကား အရုပ်ကြီး တစ်ရုပ် ဟု ထင်ရလောက် အောင်ပင် တည်ငြိမ်စွာ ထိုင်နေသော လူတစ်ယောက်ကို တွေ့ရသည်။ မေမေခင် မျက်စိအမြင် တွင် ထိုလူအရွယ်သည် မောင်မောင်မျိုးအစ်ကို ကိုအောင်စိုးနှင့် သက်တူရွယ်တူလောက် ရှိပေမည်။ နီညိုရင့်ရောင် လုံချည်၊ ဆွတ်ဆွတ်ဖြူသော ရှပ်လက်ရှည်အင်္ကျီ၊ ဆံပင်ရှည်ကို သျှောင်တစောင်း ဆံမြိတ်ချထုံးထားပြီး ပန်းရောင် ပိုးပ၀ါကို မင်းသားပေါင်း ပေါင်းထားသည်။ ထိုလူ ဥပဓိရုပ်ကား မဟာဆီ မဟာသွေး မင်းသားကြီးတစ်ပါးကဲ့သို့ ခန့်ညားချောမော၍ မြင်ရသူစိတ်မှာ ကြည်ညို အားကိုးစေသော ရုပ်ရည်မျိုး ဖြစ်သည်။

ထိုပုဂ္ဂိုလ်ကား သူ့လင်တော်မောင်သည် မရီးသြဇာ နာခံပြီး မျက်စိမှိတ် ယုံကြည်နေသော နောင်ဘုရား ဆိုသူ ဖြစ်ပေမည်ဟု မေမေခင်က မြင်လျှင်မြင်ခြင်း သိလိုက်သည်။
နောင်ဘုရားရှေ့ တူရူတွင်ကား ကိုအောင်စိုးနှင့် မိမိလေးတို့သည် အလွန်အမင်း ရိုသေလေးစားစွာ ပုဆစ်ဒူးတုပ်ပြီး ကျုံ့ကျုံ့ယုံ့ယုံ့လေး ထိုင်နေကြသည်။ ထိုထက်ပိုပြီး မေမေခင် အံ့သြရသည်ကား တက္ကသိုလ်ကျောင်းထွက် ဘွဲ့ရပြီးသား ခေတ် ပညာတတ် အရာရှိကြီးဖြစ်သူ မောင်မောင်မျိုးသည် နောင်ဘုရားရှေ့မှ ထိုင်ပြီး လေးလေးမြတ်မြတ် ကြည်ညိုစွာ ရှိခိုးကန်တော့လိုက်ခြင်းပင် ဖြစ်သည်။
မေမေခင် ကမူ မထိုင်ဘဲ တံခါးဝနားမှာ မတ်တတ်ရပ်လျက်ကပင် သူ့ကောင်မလေးကို ရှာကြည့် သည်။ မိမိလေး၏ နောက်ပါးဝယ် မျက်လုံးလေးဝိုင်းကာ ကြောက်ရွံ့စွာ ထိုင်နေသော ကောင်မလေးအား မေမေခင် က ဦးခေါင်းညိတ် ခေါ်လိုက်သောအခါ အားကိုးရပြီဖြစ်သော ကောင်မလေးက မိမိလေး နောက်ပါး မှာ ထိုင်နေရာမှ လျင်မြန်စွာ ထလာသည်။ မေမေခင်က ကောင်မလေးကို အခန်းပြင်ဘက် တွန့်ပို့ လိုက်၏။

တည်ငြိမ်စွာ ထိုင်နေသော နောင်ဘုရားက မေမေခင်ကို မျက်လွှာပင့်ပြီး မျက်လုံးဝင့်ကြည့်လိုက် သည်။ ကောင်မလေး ထသွားသည်ကို သိလိုက်သော ကိုအောင်စိုးနှင့် မိမိလေးက နောင်ဘုရား မျက်လုံးဝင့်ရာကို လှည့်ကြည့် သောအခါ တံခါးဝမှာ မတ်တတ်ရပ်လျက်ပင် ရှိနေသော မေမေခင်ကို မြင်ကြသည်။ ကောင်မလေး ကား အခန်းအပြင်ဘက် ရောက်နေပြီ ဖြစ်သည်။
နောင်ဘုရား ကိုအောင်စိုးနှင့် မိမိလေးတို့က မောင်မောင်မျိုး မျက်နှာကို ပြိုင်တူ ကြည့်လိုက်ကြ၏။ နှုတ်မှ တစ်စုံ တစ်ရာ မပြောကြသော်လည်း ...
ဆူလို အောက်လိုက်တာလေ နှုတ်မဆက်တာမဟုတ်ဘူး မနက်ဖြန် ၆နာရီခွဲ စောင့်နေနော် ဆက်ဆက် လာခဲ့မယ်

"မင်းမယား ဘယ်လိုလဲ၊ နောင်ဘုရားကို မရိုမသေ မတ်တတ်ကြီး ရပ်နေတာက မယုံဘူး၊ အရေး မလုပ်ဘူး၊ အလကားဟာတွေ ဆိုတဲ့ သဘောနဲ့ ကန့်လန့်တိုက် အရွဲ့တိုက် အမူအရာတွေ လုပ်ပြ နေတာလား၊ မင်းမယားကို မင်း နိုင်အောင် မကိုင်နိုင်ဘူးလား ... "
ဟူသော သဘောအဓိပ္ပာယ်ကို သူတို့သုံးယောက်လုံး၏ မျက်နှာနှင့် မျက်လုံးက အသေအချာ ဖော်ပြ နေကြသည်။ ဤသည်ကို မောင်မောင်မျိုးရော မေမေခင်ပါ ကောင်းကောင်း နားလည်လိုက် ကြသည်။ မောင်မောင်မျိုးသည် မေမေခင်၏ အပြုအမူကို မျက်သွားသည်။ မျက်နှာက ပကတိ အမူအရာမှ တင်းသွား သည်။

"ခင် ဘယ်လိုလုပ်နေတာလဲ"
မောင်မောင်မျိုးက မေး၏။
"ခင် ဘာလုပ်နေလို့လဲ ... "

မေမေခင်က ရပ်နေလျက်ကပင် မေးခွန်းကို မဖြေဘဲ ပြန်မေးလိုက်သည်။ မေမေခင် အနေဖြင့်ကား သူ့ကောင်မလေးကို ပြန်ခေါ်ဖို့လာခြင်းသာဖြစ်ရာ၊ ယခု ကောင်မလေးကို ပြန်ရနေပြီဖြစ်၍ ရပ်နေ စရာမလိုဘဲ ပြန်သွားရန်သာ ဖြစ်သည်။ သို့သော် သူတို့ အသက်ပေးယုံကြည်နေသော နောင်ဘုရား ဆိုတာကြီးကို ထိုင်နေသော ကော်ဇောသည် သူ့မိဘလက်ထက်ကပင် ၀ယ်ထားသည့် ရှေးခေတ် တန်ဖိုး တစ်ထောင်ကျော် ပေးရသည့် သားမွေးအစစ် ကော်ဇောနှင့် တူလှသဖြင့် ကောင်မလေးကို ပို့ခိုင်းသော အထုပ် ဆိုသည်မှာ ဤကောဇောဖြစ်နေမည်လားဟု သိလိုစိတ်ဖြင့် အသေအချာ ကြည့်ချင်သောကြောင့် ရုတ်တရက် မပြန်ခြင်း ဖြစ်သည်။

"ခင် စကားကို သတိထားပြောပါ၊ အခု ထိုင် ... နောင်ဘုရားကို ဦးခိုက်ကန်တော့လိုက်"
မောင်မောင်မျိုးအသံတွေ မာလာသည်။

"ထိုင်လေ မေမေခင် ... နောင်ဘုရားကို ဦးခိုက်ပါ၊ တို့တတွေကို ကောင်းကျိုးချမ်းသာပေးဖို့ ကြွလာတဲ့ နောင်ဘုရား ကို ဦးထိပ်ထား ပူဇော်သင့်ပါတယ်"
တစ်ခါမှ မသုံးဘူးသော လေသံဖြင့် ထူးထူးခြားခြား သာယာပျော့ပျောင်းစွာ မိမိလေးက ပြောသော် လည်း မေမေခင်က မှုန်မှိုင်းမှိုင်း အလင်းရောင်မှာ မြင်နေရသော ကော်ဇောကိုသာ ဂရုစိုက်ကြည့် နေသဖြင့် မိမိလေး စကားကို သတိမထားနိုင်ချေ။ မေမေခင် နောက်ပါးက ကောင်မလေး နံရံကွယ် မှာကပ်င်္ပြီး လက်တစ်ဖက် ထဲသာထွက်ကာ မေမေခင်ကို နောက်ကနေပြီး ဆွဲခေါ်နေသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, September 29, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၂၉) အဆက် (၁)

ခင်ဗျား အခုပြောသလို အရင်က တစ်ခါ မှ မစဉ်းစားမိဘူး ဘာဘဲဖြစ်ဖြစ် အခု ဇင်ဘာဘွေမှာ ကျုပ်တို့ ရှိုနာလူမျိုး တွေက အပြီးသတ် အောင်ပွဲရသူ ဖြစ်တယ် ဒီတော့ သမိုင်းကို ပြန်ပြင်ရေးဘို့ ကျုပ်တို့မှာ အခွင့်အရေး မရှိဘူး
ကောင်းပါပြီ ဆက်ပြောပါဦး ခင်ဗျား ပြောတာတွေ ကျုပ် စိတ်ဝင်စား မိပါတယ်..

ဟုတ်ကဲ့ ပြောပါမယ် ၁၈၆၈ ခုနျစ်ကျတော့ မီဇီလီကာဇီဟာ သေဆုံးသွားတယ် သူသေတော့ သူ့နောက်လိုက် တွေက အလောင်းကို မသဂြိုလ် ဘဲ ငါးဆယ့် ခြောက်ရက် တိတိ ထားခဲ့တယ် ဆိုတာ လည်း တစ်မျိုးစိတ်ဝင်စားစရာပါဘဲ ဒါလောက်ကြာကြာထားတော့ အလောင်းက ပုတ်ပွပြီး အပုပ်နံ့တွေ တထောင်းထောင်း ထွက်နေတာပဲတဲ့ ဒါဟာလည်း မာဘယ်လီလူမျိုးတို့ရဲ့ ဝါသနာ စရိုက်တစ်ခုထင်ပါရဲ့..
ဖွန်ဂါဘီရာ သည် စကားကို ခေတ္တဖြတ်ထားလိုက်ပြန်သည်၊ တွန်ဂါတာက သူတို့ လူမျိုးအပေါ် ထိပါး ပုတ်ခတ် ပြောသည်ကို ပြန်လည် ကန့်ကွက် လိမ်မည့်ဟု မျှော်လင့်၍ ရပ်လိုက်ခြင်းဖြစ်သည်။
သို့ရာတွင် တွန်ဂါတာသည် မည်သို့မျှ ပြန်မပြောဘဲ နှုတ်ပိတ်၍ နေလိုက်သည်။ ဒီတော့ မှ ဖွန်ဂါဘီရာက ဆက်ပြောလေသည်။

မီဇီလီကာဇီ သေဆုံးသွားတော့ သူ့သားတစ်ယောက်က အမွေအရိုက်အရာကို ဆက်ခံခဲ့တယ် သူ့နာမည် က လိုဘင်ဂူလာတဲ့ အဲဒီတိုင်းရင်းသား ဘာသာ စကားလုံးပဲ အင်္ဂလိပ်လို ပြန်လိုက်ရင် လကဲ့သို့ လျှင်မြန်သော သူ လို့ အဓိပ္ပါယ် ရတယ်။ လူက ဝဝဖိုင်ဖိုင် နဲ့ အလွန် ကောက်ကျစ် စဉ်းလဲပြီး သူ့အဖေ လိုဘဲ အလွန်သတ်ဖြတ် လေ့ရှိတယ် သွေးဆာတဲ့ လူတစ်ယောက်ဆိုပါတော့ သို့သော်လည်း သူ က မာတာဘယ်လီ လူမျိုးတို့ရဲ့ အကြီးအကဲ အဖြစ် အမွေအရိုက်အရာ ဆက်ခံချိန်မှာဲ့ သူ မရှု့မလှ ကျဆုံး ဖို့ရာ အကြောင်း ဖြစ်လာစေမယ့် အခြေအနေနှစ်ရပ် ဟာလည်း ဖြစ်ပေါ်လာတယ်။

ပထမအချက်က တောင်ဘက်စူးစူး အလွန်ဝေးလံတဲ့ နေရာမှာ မျက်နှာဖြူ လူမျိုးတွေက မြေကြီးထဲက အလွန် လှပပြောင်လက်တဲ့ အရာဝတ္ထူ သစ်မျိုးကို တွေ့ရှိသွားတဲ့ အချက်ပဲ၊ ဒုတိယ အချက်ကတော့ အာဖရိက တိုက် မိုင်ပေါင်းများစွာဝေးတဲ့ မြောက်ဘက်က ကျွန်းကြီး တကျွန်း က မျက်နှာဖြူ လူငယ်တဦး ဟာ ကျန်းမာရေး အတွက် လေကောင်း လေသန့်ရအောင် ဆိုပြီး သဘောင်္တစ်စင်းနဲ့ ပင်လယ်ခရီး ထွက်လာ လိုက်ရာ က အာဖရိကတိုက်ကြီးကို ရောက်ရှိလာတဲ့ အချက်ဖြစ်တယ်။

လှပပြောင်လက်တဲ့ အရာဝတ္ထု (စိန်ရတနာ) တွေ ရတဲ့ နေရာကို မျက်နှာဖြူလူမျိုးတွေက ကင်ဘာလီ လို့ အမည်ပေးလိုက်ကြတယ် အဲဒါက ဟိုအချိန်က အင်္ဂလန် နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး မစ္စတာကင်ဘာလီ ဆိုသူကို ဂုဏ်ပြု မှည့်ခေါ်လိုက်တာဘဲ။ ဂုဏ်ပြုစရာကောင်းတဲ့ အချက်ကတော့ မျက်နှာဖြူ လူမျိုးတွေက အာဖရိက တိုက် ဒေသခံ တိုင်းရင်းသား များသာ ပိုင်ဆိုင်ထိုက်တဲ့ စိန်ရတနာ တွေကို ဓါးမြတိုက် လုယူ သလို တူးဖော်ယူကြတာကို နိုင်ငံခြားရေးဝန်ကြီး ကင်ဘာလီက အပြစ်မရှိဘူး တရားတယ်လို့ အသိအမှတ် ပြုခဲ့တဲ့ အတွက်ပဲလို့ ဆိုကြတယ်၊

ကျန်းမာရေး ချို့တြဲ့လို့ အင်္ဂလန် နိုင်ငံက သဘောင်္တစ်စင်းနဲ့ အာဖရိက တိုက်ကို ရောက်လာသူ လူငယ် ရဲ့ နာမည်က ရိုဒ် လို့ခေါ်တယ် သူဟာ ကျန်းမာရေး မကောင်း ပေမယ့် အလွန် ဥာဏ်ထက်မြက်သူ ဖြစ်တယ်။ တရားသဖြင့် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သူ့အကျိုးရှိဖို့ဆိုရင် ဘာမဆို ပြတ်ပြတ် သားသား လုပ်တတ်တယ်။ ဒေသခံတုင်းရင်း မာတာဘယ်လီ ဘုရင်တွေထက်လည်း ပိုပြီးဥာဏ်များ သူဖြစ်တယ် အကျိုးအမြတ်ရှိမယ် ဆိုရင် လိမ်ရမှာလည်း ဝန်မလေးဘူး

ဒါကြောင့်လည်း ရိ့ဒ် ဆိုသူဟာ တဖြည်းဖြည်း နဲ့ တိုင်းရင်းသားတွေ အပေါ် အမျိုးမျိုး ကလိမ်ကျ အမြတ် ထုတ်ရင်း နောက်ဆုံးကျတော့ စိန်ရတနာထွက်တဲ့ မြေယာ အားလုံးနီးပါး သူတစ်ယောက်တည်း ပိုင်ဆိုင် လာတယ် တစ်နည်းအားဖြင့် ရို့ဒ်ဟာ ကမ္ဘာပေါ်မှာ အကြွယ်ဝဆုံး လူတစ်ယောက် ဖြစ်လာတယ်။

သို့သော်လည်း ပြောင်လက်လှပတဲ့ ကျောက်မြက်ရတနာ (စိန်) တွေ တူးဖော်ထုတ် လုပ်ဖို့က အလုပ် သမား အမြောက်အများ လိုအပ်တယ် လိုတာမှ အလုပ်သမားအင်အား သောင်းချီပြီးလိုတယ် မျက်နျာဖြူ လူမျိုး တွေရဲ့ ဝါသနာ စရိုက်အရ အလုပ်ကြမ်းလုပ်ဖို့ လိုလာပြီ ဆိုရင် တိုင်းရင်းသားတွေ ကိုပဲ မျက်စိကျ တယ် မဟုတ်ပါလား

ရိုဒ့်ဟာ အလွန်လိမ္မာပါးနပ်သူပီပီ တိုင်းရင်းသား လူမည်းတွေကို သူ့ဆီမှာ အလုပ်သမား တွေအဖြစ် ဝင်လုပ် အောင် မက်လုံးပေးပြီး စည်းရုံး ခဲ့တယ် အစားအသောက် အခမဲ့ ကျွေးပြီး အပေါစား သေနတ် တစ်လက် နဲ့ လစာငွေ အနည်းငယ်ပေးတာကို ဥာဏ်ပညာ အမြော်အမြင် နည်းတဲ့ တိုင်းရင်းသား အလုပ်သမား တွေ မငတ်ရုံ တမယ် အလွန်နည်းနဲ့ လစာ ရကြသော်လည်း လုပ်ငန်းရှင် ရိုဒ့် ကတော့ ဒေါ်လာငွေ သန်းပေါင်းများစွာ ကြွယ်ဝတဲ့ မီလျှံနာ သူဌေးကြီး ဖြစ်လာခဲ့တယ်

ကင်ဘာလီစိန်တွင်း တွေမှာ လာရောက် အလုပ်လုပ်ခဲ့ ကြတဲ့ တိုင်းရင်းသား လူမည်းတွေထဲမှာ မာတာဘယ်လီ အမျိုးသားလူငယ်တွေ ပါဝင်ခဲ့တယ်။ အမှန်တော့ ဒီလူငယ်တွေ ဟာ မာတာဘယ်လီ လူမျိုး တို့ရဲ့ အကြီးအကဲ လိုဘင်ဂူလာကိုယ်တိုင် က လျှိုဝှက် တာဝန် ပေး လွှတန်လိုက်လိုက လာအလုပ် လုပ်ခဲ့ကြခြင်းဖြစ်တယ်။ လိုဘင်ဂူလာ ကိုယ်တိုင် က လျှိုဝှက် ညွှန်ကြားချက် ပေးလိုက်တာကတော့ မျက်နှာဖြူပိုင် စိန်တွင်းတွေမှာ အလုပ်လုပ်ရင်း တတ်နိုင်သလောက် စိန်ရတနာ တွေကို ခိုးပြီး သူ့ဆီကို ယူလာ ပေးဖို့ပဲ ဖြစ်တယ်။ လိုဘင်ဂူလာ ကိုယ်တိုင် ဟာ သူခိုး ဓါးပြတစ်ယောက်ဖြစ်ကြောင်း ကျုပ်စောစော က ပြောခဲ့ပြီးပြီမဟုတ်လား။

သူ့ညွန်ကြားချက်အတိုင်း မာတာဘယလီ လူငယ် အမြောက်အများဟာ ကင်ဘာလီစိန်တွင်းတွေ မှာ သွာားရောက် အလုပ်လုပ်ပြီး မျက်နှာဖြူ တွေ အလစ်မှာ ယူခဲ့တဲ့ စိန်တွေက အကြီးဆုံး အရည်အသွေးနဲ့ အကောင်းဆုံး စိန်ကြီးတွေ ဖြစ်တယ်။ စိန်လုံးရေ ဘယ်လောက် ခိုးယူခဲ့တယ် ဆိုတာတော့ ဘယ်လိုမှ အတိအကျ မပြောနိုင်ဘူး။ အလွန် များတယ်လို့သာ ပြောနိုင်တယ်။
မာတာဘယ်လီ အလုပ်သမားတစ်ယောက်ကို မျက်နှာဖြူ ရဲတပ်ဖွဲ့က ဖမ်းမိတော့ ဒီလူဟာ (၃၄၈) ကာရက် ရှိတဲ့ စိန်တွေ ပါးစပ်က မျိုချလိုက်တယ်လို့ သိရတယ်။

အဲဒီစိန်ရဲ့ တန်ဖိုးက ဟိုခေတ်က စတာလင်ပေါင် ၃၀၀၀ ထောင်လောက် ရှိပြီး ဒီနေ့ မျက်မှောက် ခေတ် ကာလ တန်ဖိုးဆိုရင် စတာလင်ပေါင် သုံးသိန်းကျော် တန်တယ်။ နောက် အလုပ်သမားတစ်ဦး ကတော့ သူ့ရဲ့ ပေါင်ကို အနာခံပြီး ဓါးနဲ့လှီးခွဲလိုက်သတဲ့ အဲဒီပေါင်က ဒဏ်ရာထဲမှာ အလေးချိန် ကာရက် နှစ်ရာ ရှိတဲ့ စိန်ကြီး တစ်လုံးကို ဝှက်ထားခဲ့တယ် ။ ဒီစိန်ကြီး ဆိုရင် အခု ကာလတန်ဘိုး စတာလင်ပေါင် သိန်းနှစ်ဆယ် လောက် တန်မယ်။

ဗိုလ်ချုပ်ဖွန်ဂါဘီ၇ာ က ကရားမှ ရေလွှတ်သလို စကားကို အဆက်မတ်ြပြောနေချိန်တွင် မျက်နှာဖြူ လူကြီး ဘူခါရင်သည် စိတ်မဝင်စားသလို ဟန်မျိုးဖြင့် နေခဲ့ရာ အခုတော့ စိန်ရတနာ အကြောင်း ကြားရသောအခါ ရုတ်ခြည်း စိတ်ဝင်စားလာပုံ ရကာ ရှေ့သို့ ရှေ့သို့ တိုး၍ နားစိုက် ထောင်လေသည်။
ဖွန်ဂါဘီရာ က ဆက်ပြောလေသည်။

စိန်ခိုးထုတ်သွားတဲ့ လူတချို့ကို မျက်နှာဖြူရဲက ဖမ်းမိခဲ့ပေမဲ့ မမိလိုက်တဲ့ မာဘယ်လီ စိန်သူခိုး အမြောက် အများ လွတ်ခဲ့ကြတယ်။ ဒါဟာလည်း အကြောင်းရှိပါတယ်။ စိန်တူးဖော်ရေး လုပ်ငန်း စတင် လုပ်ခဲ့တဲ့ ဟိုခောတ်က ဘာမှ စနစ်တကျ မရှိသေးလေတော့ တိုင်းရင်းသား လူမည်း အလုပ်သမား တွေဟာ ဓါးမရှိ တံခါးမရှိ သွားချင်ရာသွား လာချင်ရာလာ လွတ်လပ်စွာ လှုတ်ရှား သွားလာနိုင်တဲ့ အခြေအနေ မျိုး ရှိခဲ့တယ်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

သူတို့အားလုံး ရဲ့အသက် ကျွန်မလက်ထဲမှာ အပိုင်း (၃)

ပြန်လည်၍ တွေ့ဆုံသည့်တိုင်

မိသားစုနှင့် ကျွန်မ ကွဲကွာသွားသည်မှာ နှစ်နှစ်နီးပါးကြာသည်။ ၀ိုင်းထိုင်ကြပြီး ဖြစ်ကြောင်းရယ်မှ ကုန်စင် အမျိုးမျိုး ကို တစ်လှည့်စီပြောကြ၏။
စစ်သည် လူတိုင်းကို ပုံသဏ္ဍာန်အမျိုးမျုးဖြင့် ဖျက်ဆီးပစ်ခဲ့လေပြီ။ ကျွန်မ နောက်ဆုံးမြင်ခဲ့သည့် မာမူစီယာ၏ ပိတုန်းရောင် ကေသာမှာ ငွေရောင်အတိဖြစ်သွား၏။ ဖေဖေတာတုစ်မှာ အလုပ်ပြုတ်ခဲ့ ပြီး ဖိနပ်ချုပ် သမားဖြစ်နေပြီ။ သည်အလုပ်ကိုတောင် ခိုးကြောင်ခိုးဝှက် လုပ်ရသည်တဲ့။ သို့သော် ကျွန်မတို့ အဖေ ကံကောင်းပါသည်။ ဘာသတင်းမှ မကြားရဘဲ ပျောက်သွားသည့်လူတွေ အများကြီး မဟုတ်လား။

မိသားစုနှင့် ပြန်လည်ဆုံဆည်းခဲ့ပါပြီ။ သို့သော် ကျွန်မ အချစ်ဆုံးအစ်မ ဂျာနီနာတစ်ယောက် လိုနေ သေးသည်။ သူအိမ်ပြန်ရောက်လို့ ထမင်းစားခန်းထဲဝင်လာပြီး ကျွန်မကို လှမ်းမြင်တော့ ကြက်သေ သေသွားသည်။
ပြီးမှ "အိုင်ရင်း" ဟုအော်ပြီး ပြေးချလာသည်။ ကျွန်မတို့ ညီအစ်မ တစ်ယောက်ကိုတစ်ယောက် အားရ ပါးရ ပြေးဖက်ကြသည်။ ကျန်ညီအစ်မ ၃ ယောက်လည်း ကျွန်မတို့နှစ်ယောက်ကို ၀ိုင်းဖက်ကြ သည်။ ငိုလည်းငိုကြ၏။ ပြီးတော့ တစ်ပြိုင်တည်း အတင်းဖက်ကာ ရယ်ကြပြန်သည်။

ဘေးမသီ ရန်မခ ပြန်လည်တွေ့ဆုံကြခြင်းအတွက် ထိုညက ဒေါ်လေးအိမ်တွင် ၀တ်ပြုဆုတောင်းပွဲ ကလေး လုပ်ကြသည်။
ကျွန်မတို့အိမ်၊ ကျွန်မတို့ပိုင်ပစ္စည်းအားလုံးနှင့် ဓာတ်ပုံတွေ၊ စာအုပ်တွေ အားလုံးဆုံးခဲ့ပြီ။ ဘာဆို ဘာမှ မကျန်တော့။ မနက်စာ ညစာကို အနိုင်နိုင်ရှာစားနေကြရသော်လည်း ကျွန်မတို့အားလုံး ပြန်လည် ဆုံဆည်း ခဲ့ကြပြီ။ ကျွန်မတို့ မိသားစု အလွန်အင်မတန် ကံကောင်းပါ၏။

နောက်တစ်နေ့တွင် ဂျာနီနာက မြို့ထဲကို လျှောက်ပြသည်။ ဘယ်ကြည့်လိုက် ကြည့်လိုက် ဂျာမန်စစ်သား တွေချည်း။ ကြည်းတပ်စစ်ဗိုလ်တွေ၊ အညိုရောင်ယူနီဖောင်းနှင့် ဟစ်တလာ၏ ကိုယ်ရံတော် ထောက်လှမ်း ရေး တပ်ဖွဲ့တွေ။

ကပ်ထားလိုက်သည့် ပိုစတာတွေကလည်း နေရာလပ် မကျန်သလောက်ပင်။ အားလုံး ဂျူးဆန့်ကျင် ရေး၊ ဂျူးသုတ်သင်ရေး ကြွေးကြောသံတွေ၊ ရုပ်ပြောင်တွေ၊ သရော်စာတန်းတွေချည်း။ ဂျာနီနာက ကျွန်မကို ဂလင်းနစ် ဟုခေါ်သည့် ရာဒမ်မြို့၏ ဂျူးရပ်ကွက်သို့ ခေါ်သွားသည်။ အိမ်တိုင်းကို သံဆူး ကြိုးတွေ ခတ်ထားပြီး ဂျာမန်စစ်သားတွေ စစ်ခွေးတွေ စောင့်နေ၏။
ဂျာနီနာ က ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်ပြီး တိုးတိုးပြောသည်။

" အဲဒါဂလင်းနစ် ဂျူးသုံ့ပန်းစခန်းပဲ။ ဂလင်းနစ်မှာရှိတဲ့ ဂျူးတွေရော၊ တောပိုင်းက ဂျူးတွေကိုပါ ဒီမှာ စုထားတယ်။ ပြီးမှ အားလုံး ၀ါလိုဝါကို ပို့မှာတဲ့ "
" အဲဒါ ဘာအဓိပ္ပာယ်လဲဟင် "
" အဲဒါတော့ ဘယ်သူမှ မသိကြဘူး အိုင်ရင်း "
ကိုဇလိုဝါဂိုရာ မှာတုန်းက တားတုစ်က ကြွေထည်မြေထည်စက်ရုံတစ်ရုံမှာ ဒီဇိုင်းဆရာလုပ်ခဲ့ဖူးမှန်း ဂျာမန် တွေ သိသွားတော့ ဇူလိုင်လထဲမှာ သူ့ကို လာခေါ်သွားကြပါလေရော။ ကျွန်မတို့ မိသားစုအားလုံး အရမ်း စိတ်ပူ နေကြရပါသည်။

ရက်သတ္တပတ်ပေါင်းများစွာ အဖေ့သတင်း ဘာမှမကြားရတော့ ကျွန်မတို့အားလုံးပိုပြီး စိုးရိမ်လာကြ သည်။ မကြာခင်ဖေဖေ့ဆီမှ စာတစ်စောင်ရောက်လာသည်။ စာကိုဖတ်ပြီး မေမေမာမူစီယာ တက် မတတ် ချက်မတတ် ငိုကြွေးပါလေတော့၏။
ဖေဖေ့စာထဲတွင် ဂျာမန်တွေအတွက် အလုပ်လုပ်ပေးနေသည့် ဂျာမန်အလိုတော်ရိဟု စွပ်စွဲပြီး မိတ် ဟောင်း ဆွေဟောင်း တွေက စကားမပြောကြတော့ကြောင်း၊ ကျွန်မတို့ အိမ်ကြီးပေါ်ကိုလည်း လူစိမ်း သူစိမ်း တွေ တက်နေကြသည့် အကြောင်းများကို ဖေဖက နာနာကြည်းကြည်း ရေးထားသည်။

သူ့ကိုယ်သူ ပြန်ထိန်းနိုင်သည့်အချိန်တွင် မေမေက ဆုံးဖြတ်ချက်တစ်ခုကို အခိုင်အမာချလိုက်သည်။ သမီး ၃ ယောက်ကိုခေါ်ပြီး အဖေရှိရာ ကိုဇလိုဝါဂိုရာကို ပြန်မည်တဲ့။ ပိုလန် သူကလေးများကို ဂျာမနီပို့ပြီး စစ်တပ် ဆောင်ကြာမြိုင် များတွင် အလုပ်လုပ်ခိုင်းသည့် သတင်းကို မေမေကြားပြီးသားဖြစ်ပါသည်။ သည့် အတွက် ကျွန်မနှင့် ဂျာနီနာကို ခေါ်မသွားဘဲထား ခဲ့မည်တဲ့။
အတူတူ လိုက်ပါရစေဟု ကျွန်မတို့ ငိုယိုတောင်းပန်သော်လည်း မရပါ။

ဘူတာရုံလိုက်ပို့သည့်အချိန် အထိ ကျွန်မတို့ အကြိမ်ကြိမ် ထပ်ပြောပါသေးသည်။ မေမေက ခေါင်းမာစွာ ပယ်ချခဲ့ပါသည်။
ညီအစ်မ နှစ်ယောက်သည် မျက်စိသူငယ်နှင့် ကျန်ရစ်ခဲ့ပြီး နောက်ပိုင်းတွင် အိပ်၍လည်းမပျော်တော့ ပါ။ အိပ်ပျော် ပြန်လျှင်လည်း အိပ်မက်ဆိုးများနှင့် လန့်နိုးလာရသည်က ခပ်များများ မိသားစုပြန်လည်ဆုံ ဆည်း ပြီး သည်လောက် မြန်မြန်ဆန်ဆန် ပြန်ခွဲရလိမ့်မည်ဟု ကျွန်မတို့ လုံးဝမမျှော်လင့်ခဲ့ ကြပါ။

ကျွန်မနှင့်ဂျာနီနာ တစ်အိပ်ရာတည်းတွင် တစ်ယောက်လက်ကို တစ်ယောက်ကိုင်ပြီး အိပ်ကြသည်။ အိမ်ကြီး သည် ပို၍ပို၍ ခြောက်သွေ့လာ၏။ ဂျာမန်တို့သည် ပိုလန်သူကလေးများကို အခြားနေရာ များတွင်လည်း အသုံးချဖို့လုပ်နေကြောင်း ကျွန်မတို့ နားသို့ ရောက်လာသည်။
တနင်္ဂနွေ တစ်ရက် ဘုရားကျောင်းတွင် ကျွန်မ ဒူးထောက်ဝတ်ပြုနေစဉ် စစ်ဖိနပ်သံတွေ၊ တံခါးထုသံ တွေ ကြားလိုက်ရသည်။ တစ်ပြိုင်တည်းတွင် စစ်သားတွေ ၀ုန်းဒိုင်းကြဲဝင်လာပြီး " ထွက်၊ ထွက်၊ အားလုံးထွက်" ဟု အော်ကာ သေနတ်နှင့်ချိန်ရင်း အပြင်ထွက်ခိုင်းပါသည်။

ပြီးတော့ ကလေးတွေနှင့် သက်ကြီးရွယ်အိုတွေကို တစ်ဖက်၊ လူရွယ်လူလတ်ပိုင်းကို တစ်ဖက် အုပ်စု ခွဲလိုက်ကြသည်။ ထို့နောက် ကျွန်တို့ကို စစ်ကားတွေပေါ်သို့ စုပြုံမောင်းတင်ပြီး ငပိသိပ်၊ ငါးချဉ်သိပ် ခေါ်သွားပါတော့သည်။

ဂျာမန် တို့သည် စစ်ပစ္စည်းထုတ်လုပ်မှုအတွက် အလုပ်သမားတွေ အမြောက်အမြားလိုနေသည်။ ကျွန်မက ရာဒမ် ခဲယမ်း မီးကျောက်စက်ရုံ ထုပ်ပိုးရေးဌာနတွင် တာဝန်ကျသည်။
စက်ရုံထဲတွင် အသံဗလံတွေ ဆူညံကာ ဓာတုပစ္စည်းအခိုးအငွေ့တွေကလည်း လေထုထဲတွင် အသက် မရှုနိုင်အောင် ပျံ့လွင့်နေ၏။ ပင်ပန်းလွန်းသည်ပြင် လေထုညစ်ညမ်းမှုနှင့် အာဟာရချို့တဲ့မှု ကြောင့် ကျွန်မ သည် မေ့မြောလဲကျသွားတော့မလို မကြာခဏ ဖြစ်နေ၏။

နာရီပေါင်းများစွာ မတ်တတ်ရပ်ပြီး နားခွင့်မပေးဘဲ အလှလုပ်ကြရ၏။ သည်အတွက် လုပ်ခကြေး ငွေတစ်ပြား တစ်ချပ်မှ မရကြပါ။ ကျွန်မတို့သည် ဂျာမန်တို့၏ ကျေးကျွန်တွေ ဖြစ်နေလေပြီ။
--------------------------
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

မဝင်းမြင့် (ငယ်ယုံပူဘော်) အပိုင်း (၁၉)

မောင်မောင်မျိုးက ပေါ့စေလိုလို့ ကြောင်ရုပ်ထိုးကာမှ ဆေးအတွက် လေးသွားသည်။
"ဟုတ်တယ်၊ အဲဒီအကြောင်း ဖော်ချင်လို့ လက်စွပ်ပျောက်တဲ့ကိစ္စ မေးတာ၊ ရှင့်မရီးက အဲဒီ လက်စွပ်ကို တစ်သောင်းထဲနဲ့ ငွေဖြစ်ပြီးရော ရောင်းလိုက်တာ ရှင် မသိလို့ပဲလား၊ သိရက်နဲ့ မြုံနေ တားလား ... "
"ဟေ့ ... ဟေ့ ... ခင် ... မမမိကို အရမ်းမစွပ်စွဲနဲ့၊ လက်စွပ်ကျောက်က ရုံးမှာပျောက်တာကွ၊ မမမိနဲ့ ဘာမှ မဆိုင်ဘူး"
မောင်မောင်မျိုးက ပျာပျာသလဲ ကာကွယ်သည်။

မေမေခင်က ဆက်ပြော၏။
"ရှင့်ဘာသာရှင် ဘယ်မှာပဲ ပျောက်စေကာမူ၊ ခင့် မြလက်စွပ်ကို ရှင့်မရီး ရောင်းတာတော့ အမှန်ပဲ၊ နောက်ပြီး ရှင့်နောင်ဘုရားဆိုတာကြီးကို ရှင်တို့အထက် အကြီးဆုံး အရာရှိကြီးရဲ့ မိန်းမက အသေး အလဲ ကြည်ညိုကိုးကွယ်နေတာ၊ အရာရှိကြီးရဲ့ မိန်းမ မွေးနေ့မှာ သူ ကိုးကွယ်တဲ့ နောင်ဘုရားက သိဒ္ဓိ တင်ထား သော နီလာ လက်စွပ်တစ်ကွင်း လက်ဖွဲ့ကြောင်းကိုကား ရုံးသူရုံးသားများ၏ ပါစပ်း သတင်းအရ မောင်မောင်မျိုး ကြားခဲ့ဖူးသည်။

သူ ရာထူးတကတာနဲ့ ဒါတွေနဲ့ ဘာဆိုင်သလဲ။ နောင် ဘုရားသည် ဤအရာရှိ ကတော်ကြီးကို ဖြူသည် မဲသည် ဟူ၍ပင် မမြင်ဘူးကြောင်း၊ သူ့သီလ သမာဓိ တန်ခိုးအားဖြင့် အဓိဌာန်ပြု မေတ္တာပို့ခြင်းဖြင့်သာ ရာထူးရသည်ဟု မရီးတော် မိမိလေး စကားအရ မောင်မောင်မျိုးက ရိုးသားစွာ နားလည်ထားရှာသည်။

"နားထောင်လို့တော့ အကောင်းသား၊ ဆက်ပြောစမ်းပါဦး ခင်ရဲ့၊ ကိုယ့်မယား ဒဏ္ဍာရီလုပ်ဇာတ် အပြောကောင်းမှန်း အခုမှ သိရတာ နောက်ကျလိုက်တာ ... "
မောင်မောင်မျိုးက သရော်လှောင်ပြောင်စွာ ပြောသော်လည်း၊ မေမေခင်ကမူ ချက်ကျလက်ကျ အကွက် စေ့စေ့ ဆက်ပြောပြသည်။

"ကွင်းဆက်တွေ ရှင် စဉ်းစားကြည့်လေ၊ မြလက်စွပ်ကို ရှင် ကြည်ကြည်ဖြူဖြူ ချွတ်ပေးခဲ့သလား ...၊ ဘယ်လိုနည်းနဲ့ ရသွားဆိုတာကတော့ ကာယကံရှင်ပဲ သိမှာပေါ့၊ မြလက်စွပ် လာဘ်တံစိုးပေးပြီး ရှင့်ကို ရာထူးတိုးပေးခိုင်းတယ် ဆိုတာလောက်မှ မစဉ်းစားမိဘူးလား၊ လက်စွပ်ရောင်းငွေထဲက တံစိုးပေးပြီး ကျန်ငွေကို ရှင့်မရီး နာမည်ကြီး တရုတ်တန်းက ဖဲဝိုင်းမှာ ရှုံးတယ်ဆိုတာရော သိပြီးပြီ လား ... "
မောင်မောင်မျိုး မျက်နှာပျက်သွားသည်။

"ဒါတွေ ဘယ်သူက လာအစီရင်ခံထားလဲ၊ ခင့်ဘာသာ လုပ်ကြံဇာတ်ခင်းတာလား ... "
"လူ့သတင်း လူချင်းဆောင်တာလေ"

မေမေခင်က ထောက်လှမ်းခိုင်းသည်မှာ ကိုအောင်စိုးနှင့် မိမိလေးတို့ ဘာကြောင့် အလုပ်ပြုတ် လာသည် ဟူသော အကြောင်းမျှသာ ဖြစ်သည်။ သို့သော် အထူးစုံစမ်းထောက်လှမ်းရေးဌာနမှာ ရှိ နေသော ကိုမင်းဇင်က မေမေခင် စုံစမ်းခိုင်းသည်မျှမကဘဲ သူတို့ သတင်းကြားရသမျှကို သိရသမျှ ကို တယ်လီဖုန်း ဖြင့် စုံလင်အောင် လှမ်းပြောသည်။ ထိုအခါ မြလက်စွပ်ပျောက်ခြင်း၊ မိမိလေးက မြလက်စွပ်ကို ရောင်းခြင်း၊ အရာရှိကတော်ကြီးက နောင်ဘုရားကို ယုံကြည်ကိုးကွယ်ခြင်း၊ နောင်ဘုရားက သုံးထောင် တန် သိဒ္ဓိတင်ပြီး နီလာလက်စွပ်ကို အရာရှိကတော်ကြီးအား ခမဲပေး ခြင်း၊ မောင်မောင်မျိုး အမှုထမ်း ဌာနမှာ မောင်မောင်မျိုး တိုးမြှင့်ခန့်ထားခြင်း ခံရသော ရာထူးနေရာ သည် အမှန်ကလည်း တိုးချဲ့ ခန့်ထားရန် သက်ဆိုင်ရာဌာနအနေဖြင့် ရည်ရွယ်ထားရာ ထားပြီး နေရာသာ ဖြစ်ခြင်း၊ တရုတ်တန်းက နာမည်ကြီးဖဲဝိုင်းတွင် မိမိလေး ငွေတွေ ထောင်ချီပြီး ရှုံးခြင်း စသည့် ကွင်းဆက်တွေကို ဆက်လိုက် သောအခါ မောင်မောင်မျိုး ရာထူးတိုးခြင်းမှာ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်ပြီး ရသင့်ထိုက်၍ ရသော ရာထူး သာ ဖြစ်သည်။

ဤအကြောင်းတွေကို မေမေခင်က မောင်မောင်မျိုးကို စုံစေ့စွာ ပြောပြသော်လည် မောင်မောင်မျိုး က နားမ၀င်ပေ။ သူ့မရီး ပြောသည့် နောင်ဘုရား တန်ခိုးကြောင့် ရာထူးတိုးရသည် ဟူ၍ မရီးသြဇာ နာခံကာ စွဲမြဲစွာ ယုံနေသည်။
"နောင်ဘုရားဟာ တကယ် သူတော်စင် အစစ်နော်၊ ခင် မပြောကောင်းတာတွေ မပြောနဲ့"
မောင်မောင်မျိုးက လေသံမာမာဖြင့ ဟန့်တားသည်။ မေမေခင်သည် နောင်ဘုရားအကြောင်း ဆက်မပြောတော့ဘဲ ဆိတ်ဆိတ်နေလိုက်၏။ ဆိတ်ဆိတ်နေလိုက်သော အကြောင်းရင်းကား ...၊ "ဒီလူကို ကျွန်တော် တို့ ခြေရာခံနေတယ်" ဟူသော မောင်မင်းဇင် စကားကို သတိရ၍ ရှေ့ဆက် ပြောလျှင် စကား အမှား ပါသွားမည်စိုး ၍ ဆိတ်ဆိတ်နေလိုက်ခြင်း ဖြစ်သည်။

မေမေခင်က သူ့အကြောင်းနှင့်သူ ဆိတ်ဆိတ်နေလိုက်ခြင်းကို မောင်မောင်မျိုး အယူအဆတွင်  နောင်ဘုရားဟာ တကယ် သူတော်စင် အစစ် ဟူသော စကားအား မေမေခင် နားဝင်လက်ခံသွားပြီ ဟု ယုံကြည်လိုက်သည်။ ထို့ကြောင့် စိတ်အားထက်သန်သော အသံဖြင့် တိုက်တွန်းသည်။
"နောင်ဘုရားဆီကို တစ်ခါလောက် ခင် လိုက်ခဲ့စမ်းပါလား၊ သေသေချာချာ အနီးကပ် လေ့လာ ပေါင်းကြည့်ရင် သိပ်ကြည်ညို နှစ်လိုစရာ ကောင်းပါတယ်၊ နောင်ဘုရားကို ခင် တစ်ခါမှ မမြင်ဖူး သေးဘူး နော် ... "

"သူ့ကိုမှ ခင် စိတ်မ၀င်စားတာ၊ မမြင်ဖူးချင်ပါဘူး"
မေမေခင်က ဘုကျကျ ဖြေသည်။
"မဟုတ်သေးဘူး ခင်၊ နောင်ဘုရားကတောင် ပြောနေသေးတယ်၊ ခင့်ကို သူ လူကိုယ်တိုင် မမြင်ဘူး ပေမယ့် အာရုံယူကြည့်လို့ မြင်တယ်တဲ့၊ သူ့နှမလေးလို ကရုဏာထား ရှိတယ်၊ တစ်ခါလောက် ခေါ်ခဲ့ပါဦး လို့ ခဏ ခဏ မှာတယ် ... "
မေမေခင်က အဓိပ္ပာယ်ပါပါ ပြုံးပြီး ပြောသည်။

"နောင်ဘုရား ဆိုတဲ့လူမျိုးကို ဖဲသမားပဲ ကြည်ညိုကိုးကွယ်မှာ၊ ခင့်လိုလူကတော့ ဝေးဝေးက ရှောင်မယ် ရှင်ရေ့"
"ခင်ဟာ ... ဘယ်လိုပဲ ဘာစကားကိုပဲ ပြောပြော မမမိကိုပဲ ထိခိုက် ပုတ်ခတ်ပြောနေတာပဲ၊ ဘာလဲ မမမိ ကို မလိုဘူးလား ..."
မောင်မောင်မျိုးက စိတ်ဆိုးသံဖြင့် မေး၏။ ထိုအခါ မေမေခင်ကလည်း ပွင့်ပွင့်လင်းလင်း ပြောသည်။
"ခင်က လိမ်လည်ကောက်ကျစ် မပြောတတ်ဘူး ဘွင်းဘွင်းပဲ၊ ဟုတ်တယ် ... ရှင့်မရီးကို မလိုဘူး"
"ခင့်ကို ဘာလုပ်နေလို့လဲ မမမိကို မလိုရတာလဲ"

"ဟင် ... ခင့်ကို ဘာလုပ်နေတာလဲ ဟုတ်လား၊ ဖြစ်မှ ဖြစ်ရလေ၊  ရှင်မို့လို့ မေးရက်ပလေ၊ ရှင့်မရီး က ခင့်လင် ကို သြဇာပေး ကြိုးကိုင်ခြယ်လှယ်၊ ခင့်လင်လုပ်ာကို တစ်ပြားမကျန် ပိုင်စိုးပိုင်နင်း သိမ်းယူပြီး ခင့်ကို စိတ်ဆင်းရဲအောင် လုပ်နေတာ ရှင် မသိဘူးဆိုတော့ ရှင့်ကိုယ်နဲ့ ရှင့်မရီးစိတ်ဖြစ် နေလို့ မသိတာ လား"
"ခင် စကားပြော မရမ်းနဲ့နော်"
"ရမ်းတာ မဟုတ်ဘူး ... တည့်တည့်မှန်အောင် ပြောတာ လင်မယားချင်း စကာပြောရင်း အခြေအနေက တင်းမာလာသည်။ မောင်မောင်မျိုးသည် အစ်ကိုနှင့် မရီးစကား မြေ၀ယ်မကျ နားထောင်လိုက်နာဖို့သာ တတ်သည်။ မရီးသြဇာ နာခံပြီး နောင်ဘုရားကို ယုံကြည် ကိုးကွယ်ဖို့သာ တတ်သည်။ ချက်ကျကျ ပြောနေသော မေမေခင်၏ စကားကိုကား ပြနချေနိုင်စွမ်း မရှိချေ။ ပြန်ချေရအောင်ကလည်း သူ့ဘက်က ဘာအချက် အလက်မှ ခိုင်ခိုင်လုံလုံ မရှိချေ။ သို့သော် သူချစ်သော အစ်ကိုနှင့် မရီးကို ထိခိုက်ပြောသော၊ သူ ယုံကြည်ကိုးကွယ်သည့် နောင်ဘုရားကို အကြည်ညိုမဲ့စွာ ပုတ်ခတ်ပြောသော ဇနီးသည်ကို စိတ်ထဲမှာ မျက်သည် ထက် မျက်လာသည်။ နောင်ဘုရားက ...

"ညီငယ့်ဇနီးကို နောင်ဘုရားထံ ခေါ်ခဲ့ပါဦး၊ သူ့မှာ အမှောင့်ပယောဂ ကပ်နေလို့သာ ညီငယ်တို့ မောင်နှမကို မကောင်းထင်နေတာ၊ နောင်ဘုရား ကယ်ချွတ်ပါ့မယ် ... ရအောင်ခေါ်ခဲ့"
ဟူသော မိန့်ခွ်းတော်သံရိပ်ကို ဦးထိပ်ထက် ရွက်ဆင်ထားသူ ဖြစ်သည်။ သူက နောင်ဘုရားနှင့် မရီးတော်ကို သိက္ခာတင်သမျှ၊ မေမေခင်က အချက်ကျကျ အပုပ်ချသောအခါ စိတ်ထဲတွင် မေမေခင်ကို အကြိတ်အခဲ ကြီးလာသည်။ မေမေခင်ကလည်း နောင်ဘုရား ဆိုသူက ခေါ်ခြင်းမှာ မိမိလေနှင့် တစ်ကျိတ်တည်း တစ်ဥာဏ်တည်း တိုင်ပင်ပြီး ခေါ်ခြင်းသာ ဖြစ်မည်။ ထိုသို့ခေါ်ခြင်း ကလည်း ကောင်းသော ခေါ်ခြင်း မဟုတ်၊ သူတို့သြဇာ နာခံအောင် သွေးဆောင်သိမ်းသွင်းပြီး ပစ္စည်းချူရန် ကြံကြခြင်း သာ ဖြစ်မည်ဟု ကွက်ကျော်မြင်ထားသဖြင့် စိတ်ထဲက ချဉ်ရင်းစွဲ ရှိသည် အလျောက် ဆန့်ကျင်ဘက် စကားတွေချင်း ပြောနေခြင်း ဖြစ်သည်။

မောင်မောင်မျိုးသည် မေမေခင်ကို မျက်ညှိုးသောအကြည့်ဖြင့် စူးစူးစိုက်စိုက်ကြည့်ကာ မေမေခင် အပါးမှ သုန်သုန်မှုန်မှုန်ဖြင့် ထွက်သွားလေတော့သည်။

(၉)

စိတ်ဆင်းရဲစရာနှင့် ဒေါသဖြစ်စရာတို့ ထွေးကာ လုံးကာဖြင့်ပင် အချိန်ကုန်မှန်း မသိ ကုန်လာခဲ့ရာမှ ဒေါက်တာမြသွင်အေးသည် အထက်မြန်မာပြည် မြို့တစ်မြို့သို့ လက်ထောက်ဆရာဝန်အဖြစ်ဖြင့် ပြောင်းရွှေ့ သွားရသည်။
"အားမငယ်ပါနဲ့ သူငယ်ချင်း ... ကံကောင်းရင် တစ်နှစ် နှစ်နှစ်လောက်နဲ့ ရန်ကုန်ဆေးရုံတွေကို ပြန်ရောက်ချင် ရောက်လာမှာပါ၊ ကိုမင်းဇင်လဲ ရှိနေသားပဲ၊ တယ်လီဖုန်းနဲ့ အဆက်အသွယ် ရနေ မှာပါ၊ မြကလဲ စာမပြတ်ရေးမယ်၊ ခင်သာ နေကောင်းအောင် ဂရုစိုက်နေနော်"

အားငယ်ရှာသော မေမေခင်ကို ဒေါက်တာမြသွင်အေးက အားပေးမှာကြားပြီး ပြောင်းရွှေ့သွား သည်။ ကိုမင်းဇင်ကမူ မောင်မောင်မျိုး၏ သိမ်ဖျင်းသော သဘောထားကြောင့် အိမ်ကို မလာဘဲ၊ အဆင်သင့်တိုင်း ဖုန်းဆက်အားပေးသည်။ သို့သော် ကိုမင်းဇင်အနေဖြင့် အလုပ်တာဝန်က ကြီးလေး များပြားသည့် အလျောက် လိုအပ်လျှင် ရက်ရှည်ခရီး ထွက်နေရတတ်သည်ဖြစ်ရာ မေမေခင်ကုဖုန်းဆက်သည့်အခါ မတွေ့ရသည်က များသည်။

ဒေါက်တာမြသွင်အေးက အားပေးခဲ့သည့်အတိုင်း မေမေခင်သည် ဒေါက်တာမြသွင်အေး ရန်ကုန် ပြောင်းလာ မည်ကိုသာ မျှော်လင့်ခြင်းကြီးစွာဖြင့် စောင့်မျှော်နေခဲ့ရှာသည်။ ဤအတွင်းမှာပင် အခြေအနေက တစ်မျိုး ဖြစ်လာခဲ့လေသည်။
တစ်နေ့တွင် မေမေခင်သည် ကိစ္စတစ်ခုဖြင့် မြို့ထဲ ထွက်သွားရာမှ ပြန်လာသောအခါ ထမင်းချက် အမျိုးသမီးကြီးက မျက်နှာမကောင်းဘဲ ဖြစ်နေသည်။ မေမေခင် အပြင်သွားရာမှ ပြန်လာလျှင် ကြို နေကျ လက်တိုလက်ဟောင်း အဖော်ထားသော မိန်းကလေး ထွက်လာသည်ကို မမြင်ရချေ။ အိမ်ရှေ့ခန်း တွင် ကား မောင်မောင်မျိုးသည် အင်္ဂလိပ်ဝတ္ထုတစ်ပုဒ်ကို ဖတ်နေသည်။
ထမင်းချက် အမျိုးသမီးကြီးက မေမေခင် ၀ယ်လာသော ပစ္စည်းကို လှမ်းကြိုယူငင်ပြီး မီးဖိုဆောင် ၀င်သွားသောအခါ မေမေခင်က ၀င်လိုက်သွားသည်။
"ကလေးမလေးရော"
မီးဖိုဆောင်ထဲမှ ကလေးမလေးကို မတွေ့၍ မေမေခင်က မေးသောအခါ ထမင်းချက် အမျိုးသမီးက အသံ အုပ်အုပ်ဖြင့် ဖြေသည်။
"မမခင်လဲ အိမ်က ထွက်သွားရော အစ်ကိုက ကောင်မလေးခေါ်ပြီး ဘာမှန်းမသိတဲ့ အထုပ် တစ်ထုပ်ကို ဟို သူ့မရီး အိမ် ပို့ခိုင်းတယ်၊ နောက်ပြီး မှာလိုက်တယ်၊ နင့်အစ်မနဲ့ ငါနဲ့ လာခေါ်မှာ ပြန် ရမယ်၊ နင်တစ်ယောက် ထဲ ပြန်မလာရဘူးလို့ မှာပြီး လွှတ်လိုက်တယ်၊ ကောင်မလေးလဲ ကြောက်ေ တာ့ သွားရတာ ပေါ့ မမခင်"

မေမေခင်သည် မောင်မောင်မျိုး ဘာသဘောနှင့် ဤသို့ပြုမူသည်ကို ချက်ချင်းသိသည်။ သူ့နောင်ဘုရား ဆိုသူကြီး က မေမေခင်ကို ခေါ်၍ မရသည့်အတွက် ကောင်မလေကို အကြောင်းရှာ ခိုင်းလိုက်ခြင်း ဖြစ်သည်။ ကောင်မလေးသည် မေမေခင် လိုက်မခေါ်လျှင် မည်သည့်နည်းနှင့်မှ ပြန်ဝံ့မည် မဟုတ်ချေ။ ကိုအောင်စိုး၊ မိမိလေးနှင့် နောင်ဘုရားတို့က ပြန်လွှတ်မည် မဟုတ်သော ကြောင့် စိတ်ဆင်းရဲစွာ မနေချင်ဘဲ နေရရှာပေတော့မည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, September 28, 2010

သူတို့အားလုံး ရဲ့အသက် ကျွန်မလက်ထဲမှာ အပိုင်း (၂)

ချောင်ပိတ်အမိခံရခြင်း

ဂျာမန်တပ်မကြီးတွေ ကျွန်မတို့ရာဒမ်ဆီကို ချီတက်လာနေပြီ။ ပိုလန်ုတပ်မတော်သည် ဆုတ်ပြီးရင်း ဆုတ်ပေး နေရသည်။ တပ်မတော်အရာရှိများက ဆရာဝန်၊ ဆရာမတွေကို သူတို့နှင့်အတူ ရှေ့တန်း ထွက် ဖို့ စည်းရုံးတော့ ဘာမှ စဉ်းစားမနေဘဲ ကျွန်မစာရင်းပေးလိုက်သည်။
ဒဏ်ရာရ စစ်သားတွေ အပြည့်တင်လာသည့် သူနာပြုကားပေါ်သို့ ကျွန်မတက်လိုက်သည်။ ကားကို တိုက်ပွဲ ဖြစ်နေသည့် နေရာတွေနှင့်ဝေးရာသို့မောင်းရင်း မောင်းရင်း ဆိုဗီယက်နယ်စပ် လစ်သူအေး နီးယားနယ် ထဲရောက်လာခဲ့ကြသည်။

စစ်တပ်ဂိုဒေါင်ကြီးတစ်လုံး၏ အပြင်ဘက်တွင် ကျွန်မတို့ စခန်းချလိုက်ကြ၏။ ကျွန်မတို့အားလုံး လူ ၂၀၀ ကျော်သည်။
ပင်ပန်း နွမ်းနယ်နေပုံ ရသည့် ဗိုလ်ချုပ်တစ်ယောက် ထွက်လာပြီး ကျွန်မတို့ကို သတင်းအခြေအနေကို ပြောပြသည်။
" ခုပဲ ကြေးနန်းရတယ်၊ ပိုလန်ကို ဆိုဗီယက်နဲ့ ဂျာမန်တွေ တစ်ဝက်စီ ခွဲယူလိုက်ကြပြီတဲ့။

တို့အခု ဆိုဗီယက်မြေပေါ်မှာ မတ်တတ်ရပ်နေကြတာ။ ပိုလန်ဆိုတာ မရှိတော့ဘူး။ ငါတို့မှာ တိုင်းပြည် မရှိတော့ဘူး "
ဝါးအစည်းပြေသွားလေပြီ။ နိုင်သမျှ ပစ္စည်းကို သယ်ပိုးကာ တစ်ယောက်တစ်ပေါက် ဆူညံအော် ဟစ်ကာ သစ်တောထဲသို့ လူတွေသွားနေကြ၏။ ကျွန်မလည်း တိုင်းပြည်မရှိတော့သော တပ်ပျက်ကြီးနှင့်အတူ လစ်သူ အေးနီးယား တောနက်ကြီး ထဲသို့ ပါသွားခဲ့ရပါတော့၏။ စစ်သတင်းများကို နားစွင့်ရင်း ကျွန်မတို့ သွားနေကြ ရသည်။ ရံခါတွင် တစ်နေရာတည်းမှာ ရက် အတန်ကြာ စခန်းချရသည့် အခါများလည်း ရှိ၏။ ယူကရိန်း သို့ ဦးတည်ချီတက်ရသည်များလည်း ရှိ၏။

စခန်းချဖို့ ရေကြည်ရာ၊ မြက်နုရာများ ရှာဖွေကြ၏။ ငြိမ်းငြိမ်းချမ်းချမ်းနေရမည့် တစ်နေရာမှမတွေ့။
ဤသို့ဖြင့် ၁၉၄၀ ပြည့်နှစ်ထဲတွင် ၀င်လာသည်အထိ ကျွန်မတို့မှာ တောနက်အတွင်းဝယ် တလည် လည်ဖြစ် နေဆဲ။ လူစုတွေလည်း ကွဲကုန်ပြီ။ ကျွန်မတို့အဖွဲ့တွင် ကျွန်မအပါအ၀င် သူနာပြု ၃ ယောက်နှင့် စစ်သား ၄ ယောက်သာ ကျန်တော့၏။

လာဗော့အနီးမှ တစ်ရွာတွင် စခန်းချနေခိုက် ကျွန်မ အပြင်ဘက်ကို ချောင်းကြည့်နေသည်။ ကျွန်မ အဖော် တွေက မှောင်မဲနေသည့် အိမ်ကြီးထဲတွင် ၀င်နေကြ၏။ အိမ်ကြီး၏ နံရံကို ကျွန်မ ခပ်တင်းတင်း ကျောပေး ရပ်နေရင်း ကြောက်စိတ်တွေ တဖွားဖွားပေါ်လျက်ရှိ၏။ ကျွန်မတို့ရှေ့ရေးက မတွေးဝံ့စရာပင်။ ဆိုဗီယက် စစ်သား တွေက နေရာအနှံ့မှာ ရှိနေကြသည်။ ကမန်မတို့တွေ့သွားရင် သူတို့ ဘာလုပ်ကြမှာပါလိမ့်။ ရာသီဥတု မှာ သာတောင့်သာယာအေးမြနေ၏။ ထိုစဉ်မှာပင် ဆိုဗီယက်ကင်းလှည့်စစ်ကားတစ်စင်းသည် ရှေ့မီး ကို အသားကုန်ထိုးကာ ကျွန်မတို့ရှိရာသို့ တရကြမ်းမောင်းလာနေသည်ကို လှမ်းမြင်လိုက်ပါ သည်။

ကျွန်မ ဘာမှစဉ်းစားမနေတော့ပါ။ ခွန်အားရှိသမျှ တောထဲသို့ စွတ်ပြေးချလာခဲ့ပါသည်။ ဆိုဗီယက် စစ်သား တွေက အော်ဟစ်ပြီး ကျွန်မနောက်မှ ပြေးလိုက်လာသံများအတိုင်းသား ကြားနေရ၏။ ကျွန်မက လေ၏ အလျင်ဖြင့် ဆက်ပြေးသည်။
ကျွန်မအကြောင်း ညှပ်ပြောစရာတစ်ခုရှိပါသည်။ ကျွန်မသည် ယောက်ျားသားများရှေ့တွင် အလွန် ရှက်တတ် သည့် မိန်းကလေးဖြစ်ပါ၏။ ရည်းစားသနာဟူ၍လည်း တစ်ဦးတလေမျှမရှိခဲ့ဖူးပါ။ ယောက်ျား ကလေး တစ်ဦး၏ အနမ်းကိုလည်း မခံဖူးသေးပါ။ ကျွန်မသည် ဘာသာရေးကို ယုံကြည်စွာ ကိုင်းရှိုင်း သည်။ ဘုရင်ဂျီဘာသာဝင် မိန်းကလေးတစ်ဦးဖြစ်ပါသည်။

နောက်မှ လိုက်လာသည့် စစ်သားများက ကျွန်မကို လှမ်းမပစ်ကြပါ။ ကျွန်မကို အမိဖမ်းပြီး ရိုက်နှက်ကြ ပါသည်။ ကျွန်မ သတိလစ်သွားသည်။ သည်တော့မှ သူတို့ကျွန်မကို စိတ်ကြိုက် အဓမ္မ ပြုကျင့်ကြပါသည်။ ပြီးမှ သေပြီအထင်ဖြင့် ကျွန်မကို နှင်းတောထဲမှာ သည်အတိုင်းထားခဲ့ကြသည်။ သို့သော် ကြယ်ရောင် အောက်မှ နှင်းလွင်ပြင်တွင် ကျွန်မအသက်မသေခဲ့ပါ။ အခြားဆိုဗီယက်စစ် ကြောင်းတစ်ခုက ကျွန်မကို တွေ့သွားပြီး ခေါ်သွားကြသည်ဟု နောက်မှ သိရ၏။

ကျွန်မ သတိရလာတော့ ဆေးရုံတစ်ရုံမှာ ရောက်နေကြောင်း သိလိုက်၏။ ယူကရိန်းပြည်နယ်၊ လာဗော့မြို့ကလေး၏ အရှေ့ဘက်၊ ကီလိုမီတာ ၁၀၀ အကွာမှ တာနိုပိုဆေးရုံသို့ ကျွန်မ ရောက်နေခြင်းဖြစ်သည်။ ကျွန်မသည် တပ်နီတော်၏ သုံ့ပန်းတစ်ယောက်ဖြစ်သွားလေပြီ။

ကျွန်မ နေကောင်းလျှင် ကောင်းချင်း သူတို့က ဆေးရုံတွင်ပင် အလုပ်ဝင်ခိုင်းပါသည်။ လုပ်ဖော် ကိုင်ဖက် ဆရာမ များနှင့် ဆရာဝန်များက ကျွန်မအပေါ် ညှာညှာတာတာရှိကြပါ၏။ သို့သော် အလုပ်ထဲတွင် ကျွန်မ စိတ်မပါ နိုင်ပါ။ မိသားစုဆီသို့သာ စိတ်က ရောက်နေပါသည်။ အသက်ကိုစွန့်ရ စွန့်ရ၊ အိမ်ပြန်ဖို့ ကျွန်မ နည်းလမ်း ရှာရန် ဆုံးဖြတ်လိုက်သည်။
ကျွန်မဘ၀ကို စာနာသည့် ဆရာဝန်တစ်ဦး၏ အကူအညီဖြင့် အခြားနာမည်တစ်ခုကို ယူပြီး တာနိုပိုမှ ကျွန်မ ထွက်ပြေးခဲ့ပါသည်။ စစ်ပြေးဘ၀ကို နောက်တစ်ကြိမ်ပြန်ရောက်ခဲ့ခြင်းဖြစ်ပါ၏။ ဆိုဗီယက် တပ်မတော် နှင့် တွေ့လျှင် ချက်ချင်း ပြန်အဖမ်းခံရမည်ဖြစ်သည်။

ကိဗ်နှင့် မလှမ်းမကမ်းရွာကလေးတစ်ရွာမှာ တစ်နျစ်နီးပါး၊ ပုန်းနေပြီး တောဆေးရုံကလေးတွင် အလုပ် ၀င်လုပ် နေလိုက်သည်။ ၁၉၄၁ ခုနှစ်၊ မတ်လထဲတွင် ကျွန်မ ခရီးထွက်ဖို့ အခြေအနေပေးလျှင် ပေးချင်း အဒေါ်ရှိရာ ရာဒမ်သို့ ကျွန်မတန်းလစ်ခဲ့သည်။ ဒေါ်လေး ဟယ်လင်ဆီရောက်လျှင် မိဘများနှင့် ညီအစ်မတတွေ၏ သတင်းကို ကြားရလိမ့်မည်ဟူသည့် မျှော် လင့်ချက်ဖြင့် ကျွန်မ စွန့်စားခန်းဖွင့်ခဲ့ခြင်းဖြစ်ပါသည်။

ရာဒမ်သည် ဗုံးဒဏ်ကြောင့် လုံးဝပျက်စီးနေပြီ။ မြို့ပျက်ကြီးထဲတွင် ဒေါ်လေးအိမ်ကိုရှာရင်း ကျွန်မ ရင်တွေ တုန်နေသည်။ ဒေါ်လေးကို ရှာမတွေ့ရင် ကျွန်မ ဘာဆက်လုပ်ရမည်လဲ။
ဒေါ်လေးအိမ်ကို ကျွန်မ ရှာမတွေ့ခဲ့သော်လည်း အိမ် တစ်အိမ်ရှေ့တွင် ကောင်မလေး တစ်ယောက်ကို ကျွန်မ လှမ်းမြင်လိုက်သည်။ အနက်ရောင် ဆံပင်ကောက်ကောက် ကလေးနှင့်။ ကျွန်မကို သေသေ ချာချာ ကြည့်ပြီး အိမ်ထဲသို့ တအားအော်ပြီး ပြေးဝင်သွား၏။

" အိုင်ရင်းရယ် အိုင်ရင်းပြန်လာပြီ "
မြင်ကွင်း အားလုံးဝါးသွားသည်။ ချက်ချင်းကျွန်မ မျက်ဝန်းထဲတွင် မျက်ရည်တွေ ပြည့်လျှံသွား၏။ နှုတ်မှ တိုးတိုး ကလေးထွက်သွားသည်။
" ဘရွန်ညာ "

ညီမအငယ်ဆုံးကလေးပါလား။
အိမ်ထဲမှ ဆူဆူညံညံအသံတွေ ကြားလိုက်ရသည်။ တစ်ပြိုင်တည်းတွင် မာမူစီယာနှင့်တားတုစ် တံခါးဝ တွင် ဘွားခနဲပေါ်လာသည်။ လှောင်အိမ်ထဲက ငှက်ကလေးတစ်ကောင် လွတ်ထွက်သွားသလို ကျွန်မ နှလုံးသား သည် မိုးယံ သို့ ပျံတက်သွားပါလေပြီ။
--------------------
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

မဝင်းမြင့် (ငယ်ယုံပူဘော်) အပိုင်း (၁၈)

မေမေခင်က စကားပြောရသည်မှာ များသွား၍ မောဟန်ဖြင့် နားနေလိုက်သည်။ မေမေခင် နှုတ်ဆိတ် သွားနေခိုက်မှာ အချိန်ယူ စဉ်းစားလိုက်ရသော မောင်မောင်မျိုးက အချက်တစ်ခု သတိရ လိုက်သည်။
"ကိုမျိုး ရာထူးတက်၊ လခတိုးတဲ့ ကိစ္စကော ဘာပြောချင်သေးလဲ၊ ဒီကိစ္စ အဆိပ်ဖြေနည်းလား၊ ဆေးကျမ်းထဲမှာ ပါလား၊ ခေါင်ရန်းပွင့် လိုသေးလား"
မောင်မောင်မျိုးက ဤတစ်ချက်မှာ မေမေခင် ရှုံးပြီဟု သေချာပေါက် ယူဆကာ ၀င့်ဝင့်ကြွားကြွား ပြန်မေးသည်။ မေမေခင်က ဣနြေ္ဒမပျက်ပင် ပြန်လည်မေးခွန်းထုတ်လိုက်၏။
"ရှင်နဲ့ လက်ထပ်တဲ့နေ့က အမှတ်တရ မင်္ဂလာဦး လက်ဆောင်အဖြစ် ခင်ကိုယ်တိုင် ၀တ်ပေးခဲ့တဲ့ မြလက်စွပ် ကြီး ဘယ်ရောက်သွားသလဲ"

ထိုမြလက်စွပ်ကြီးမှာ မေမေခင်တို့ ဘိုးဘွားလက်ထက်ကစပြီး အမြတ်တနိုး သိမ်းဆည်းလာသည့် မိုးကုတ်တွင်းထွက် မြအစစ် ဖြစ်သည်။ မြရတနာသည် အလွန်ဆတ်သော ကျောက်မျိုးဖြစ်၍ အပြစ် အနာအဆာ လွတ်ကင်းသော မြကား ရှားပါးလှသည်။ ယခု မြလက်စွပ်ကား ဆိုစရာ အပြစ်အနာ အဆာဟူ၍ လုံးဝကင်းစင်ပြီး အရည်ကောင်းလှသောကြောင့် ကာလပေါက်ဈေးနှင့်ဖြတ်လျှင် နှစ် သောင်းကျော် တော့ ပစ်စလတ်ခတ် တန်နေသည်။ မန်ကျည်းစေ့ ပမာဏထက်ကြီး၍ မြင်ရသူအဖို့ မျက်စိ အေးလွန်းသဖြင့် မောင်မောင်မျိုးကို မြင်တွေ့သူတိုင်းသည် လက်မှာ ၀တ်ထားသော မြ လက်စွပ်ဆီသို့သာ မျက်လုံးရောက်သွားကြသူချည်း ဖြစ်သည်။ ဤမြလက်စွပ်ကို တစ်သက်တာ အားကိုးခိုလှုံရမည့် ချစ်သော ခင်ပွန်းအား မေမေခင်က ချစ်လက်ဆောင်အဖြစ် လက်ထပ်သည့်နေ့ က အမြတ်တနိုး ကိုယ်တိုင်ဝတ်ပေးခဲ့သည်။ ယခု ထိုမြလက်စွပ် ပျောက်ဆုံးခဲ့လေပြီ။

"လွန်ခဲ့တဲ့ နှစ်လကျော်ကပဲ ပျောက်သွားပါပြီဆိုတာ ခင် သိရက်သားနဲ့၊ ဘာကြောင့် အသစ်လုပ် မေးနေရတာလဲ"
မောင်မောင်မျိုးက ငေါက်ငမ်းသော လေသံဖြင့် ဖြေသည်။
"ဟေ့ ... ကိုမျိုး မေးတဲ့မေးခွန်းကို မဖြေဘဲ ဘာဖြစ်လို့ မဆိုင်တာ မေးခွန်းထုတ်နေရတာလဲ"
"ဆိုင်လာပါလိမ့်မယ်၊ မေးတာသာ ဖြေစမ်းပါ။ ခင် မေးတာ မဖြေရင် ရှင် ရာထူးတက်ကာ ရှင့် နောင်ဘုရားကြီး ကြောင့်ဆိုတာ လုံးဝ လက်မခံဘူး"
"ဘာဆိုင်လဲ ..."

"အို ... ဆိုင်လာလိမ့်မယ်လို့ ပြောတယ် ဟုတ်လား၊ တကယ်ပါ ရှင့်နောင်ဘုရားကြီးကြောင့် ရာထူး တက်တာ မှန်ပါတယ်၊ မြလက်စွမ်ပျောက်တာနဲ့လဲ ဆိုင်ပါတယ်၊ သိချင်ရင် ခင် မေးတာပြော"
နောင်ဘုရားကြောင့် ရာထူးတက်တာမှန်ကြောင်း မေမေခင်နှုတ်မှ ဖွင့်ဟလိုက်သောအခါ မောင်မောင်မျိုး ကျေနပ်သွားသည်။ ထို့ကြောင့် သူ မည်ကဲ့သို့ လက်စွပ်ပျောက်ကြောင်း ပြောပြ သည်။
ထိုနေ့က ရုံးပိတ်ရက်ဖြစ်နေ၍ မောင်မောင်မျိုးသည် အစ်ကိုဖြစ်သူ ကိုအောင်စိုးနေအိမ်မှာ တစ်နေ ကုန်သွားနေသည်။ မောင်မောင်မျိုးအနေဖြင့် အိမ်မှာ ငြီးငွေ့သည်။ သူကိုယ်တိုင်က အစ်ကိုနှင့် မရီးကို ပါးစပ်ထဲငုံထားလုမျှ မြတ်နိုးစုံမက်သော စိတ်ဖြင့် ထိပ်ပေါ်တင်ထားသည်။ အစ်ကိုနှင့် မရီး သြဇာနာခံပြီး ဇနီးမယားကို ပစ်ပစ်ခါခါ လုပ်သည်။

နှိမ်သည်။ အိမ်စရိတ် တစ်ပြားမျှ မပေးတော့ဘဲ လခအားလုံးကို အစ်ကိုနှင့် မရီးလက်အပ်သောအခါ မေမေခင် အနေဖြင့် ဤလင်မျိုးကို မြတ်နိုး ယုယလိုစိတ် ရှိပါတော့မည်လော။ အကြောင်းကြောင်းသော စိတ်ဆင်းရဲမှုတွေကြောင့် လင်နှင့် မယား မကြည်လင် မရွှင်ပျဘဲ ယုယပြုစုမှုတွေ လျော့ပါးလာသောအခါ မောင်မောင်မျိုးသည် သူတို့ ဘက်က လွန်ထားသည်ကို ပြန်မတွေးဘဲ မေမေခင်ကို ငြီးငွေ့လာသည်။ ထိုအခါ ချောမောလှပ သော ရုပ်ရည်နှင့် လိုက်ဖက်ညီစွာ ချစ်ခင်ကြင်နာ မြတ်နိုးစရာကောင်းသော စကားတွေကို ပြောတတ်သော၊ ယုယုယယ ဆက်ဆံတတ်သော မရီးတော် မိမိလေးထံမှ စိတ်လက်ရွှင်ကြည်မှုကို ရနေသည်။ မိမိလေးကား ထမင်းဟင်း ချက်စားသည် မဟုတ်၊ နာမည်ကြီး ဟိုတယ်တစ်ခုမှ ကြိုက် သည့် ထမင်းဟင်းကို လပေး မှာစားနေကြခြင်း ဖြစ်သည်။ ထို့ကြောင့်သာလျှင် မောင်မောင်မျိုး ၏ လခတစ်ပြားမကျန် အပ်နေရခြင်း ဖြစ်သည်။

လက်စွပ်ပျောက်သည့်နေ့က ရုံးပိတ်ရက် ဖြစ်သည့်အလျောက် မောင်မောင်မျိုး ရောက်လာ သောအခါ မိမိလေးက ဆီးကြိုပြီး မတ်တော်မောင်ကို ညွှန်ကြားလိုက်သည်။
"မျိုးရေ ... အိမ်အောက်ထပ် နောင်ဘုရား ဖိုထိုးတဲ့အခန်းကို မျိုးနဲ့ မိမိတို့ သန့်ရှင်းရေး လုပ်ကြရ အောင်၊ နောင်ဘုရားနဲ့ မောင်ကတော့ အိမ်ဦးက ဓိဌာန်ခန်းထဲမှာ ကန်တော့ပွဲ ပြင်နေကြလေရဲ့၊ ကန်တော့ပွဲ ပြင်ပြီးရင် သူတို့နှစ်ယောက်လုံး တစ်နေကုန် ဓိဌာန်ဝင်ကြမှာ၊ အဲဒါကြောင့် သန့်ရှင်း ရေးလုပ်ဖို့ မိမိ တစ်ယောက် ထဲမနိုင်လို့ မျိုးကို စောင့်နေတာ"

မိမိလေးသည် ရုပ်ရည်က ငေးကြည့်လောက်အောင် ချောလှသည်သာ မဟုတ်သေး။ အသံက သာသည်။ လေယူလေသိမ်း ပြောဟန် မျက်နှာပေးတို့က တစ်ဖက်သား နာခံတိမ်းညွှတ်အောင် ဆွဲဆောင်မှု ရှိလှသည်ဖြစ်ရာ စိတ်ဆင်းရဲမှုကြောင့် ကင်းကင်းနေသော မေမေခင်ကို ငြီးငွေ့လေ မောင်မောင်မျိုအဖို့ မိမိလေး နှင့် ပိုမိုရင်းနှီးလေ ...

"သန့်ရှင်းတာပေါ့၊ ကဲ ... လာ ... မမမိ"

မောင်မောင်မျိုးက အိမ်အောက်ထပ် ၀င်ပြီး အဂ္ဂိရတ်ထိုးသော အခန်းကို တံခါးမကြီးကို ပြတင်း ပေါက်တွေရော ဖွင့်လိုက်သည်။
အခန်းတစ်ခန်းလုံးမှာ ခြေချစရာပင် မရှိချေ။ လုံကွဲတွေ၊ ပြာတွေ၊ မီးသွေးမှုန်တွေ၊ ဖိုဆွဲရင်း စားသောက်ထားသော စက္ကူစ၊ ဖက်ရွက်စတွေ၊ ဆေးလိပ်တိုတွေက ပြန့်ကျဲရှုပ်ပွနေသည်။ မီးညှပ် သုံးခုက မြေပေါ်မှာ ကိုးရိုးကားရား ကျနေပြီး ရေထည့်ထားသော စဥ့်အင်တုံထဲမှာ အနည်း အမှိုက် တွေ ကျနေသော နောက်ကျိနေသည့်ရေတွင် ခြင်တွေ အုပ်ဖွဲ့ပေါက်ပွားနေ၏။
"တကတဲတော်၊ ဟိုဆရာတပည့်နှစ်ယောက် လုပ်ထားလိုက်တာ ကြည့်စမ်းပါဦး မျိုးရယ်၊ မိမိက ရွံတတ်တာနဲ့တော့ ခက်နေပါပြီ"

မသက်မသာ ညည်းလိုက်သော မိမိလေး၏ အသံနှင့် မျက်နှာကပင် ချစ်စရာ သနားစရာ ကောင်းနေသည်။ မောင်မောင်မျိုးက မိမိလေးမျက်နှာကို ကြင်နာစွာ ကြည့်ပြီး ...
"မမမိ ဘာမှမလုပ်ပါနဲ့၊ မမမိလက် ဖြူဖြူလှလှလေးတွေ ပေလူး ညစ်ပတ်ကုန်ပါမယ်၊ ထိုင်နေ မမမိ ပင်ပန်းမှာကိုလဲ ကျွန်တော် သနားတယ်"
မောင်မောင်မျိုးက ပြောပြောဆိုဆို ၀တ်ထားသော အပေါ်အင်္ကျီကို ချွတ်နေသည်။
"မျိုးကသာ မိမိကို သနားတာပါ၊ မျိုး နောင်တော်က မသနားလို့သာ ဒီအလုပ်ကို မိမိကို ခိုင်းတာ ပေါ့"

မောင်မောင်မျိုးက သူ့အစ်ကိုနှင့် ပတ်သက်ပြီး ဝေဖန်ချက်မပေးဘဲ ပြုံးရုံသာ ပြုံးနေသည်။ ၀တ် ထားသော လုံချည်ကို တိုတိုပြင်ဝတ်လိုက်သည်။ ထို့နောက် မီးသွေးမှုန်တွေကို အမှိုက်တောင်းထဲ ကျုံးထည့်သောအခါ မီးသွေးမှုန် အစအနကလေးတွေက လက်စွပ်မြကျောက်အောက်သို့ ၀င်သွား ကာ အသားကို ခုနေ စူးနေ၍ စလုံးစခုဖြင့် အနေခက်နေသောကြောင့် မောင်မောင်မျိုးက မြလက်စွပ်ကို ချွတ်ကာ နံရံကြွက်လျှောက်တန်းပေါ် တင်ထားလိုက်ပြီးမှ သန့်ရှင်းရေးကို ချွေးတလုံး လုံးဖြင့် ပြီးအောင် အားကြိုးမာန်တက် လုပ်နေသည်။

ပေလူးညစ်ပတ် ပွကြဲနေသော အခန်းတစ်ခုလုံး လုံကွဲတွေ အမှိုက်တွေ၊ ပြာတွေ၊ မီးသွေးမှုန်တွေ စင်သွားလေပြီ။ ရေထည့်သော စဥ့်အင်တုံကြီးကို ရေဟောင်းသွန်ပစ် ဆေးကြောကာ ကြည်လင် သန့်စင်သော ရေသစ် ထည့်ပြိးလေပြီ။ ပြာမှုန် မီးသွေးမှုန် ဖုန်မှုန့်တွေ ထုတက်နေသော ဖားဖိုကြီး လည်း သန့်ရှင်းပြောင်စင်သွားလေပြီ။ တုံးလုံးပက်လက်လဲနေသော လုံကောင်းတွေကို ဆေးကြော သုတ်သင်ကာ နေရာတကာ စီတန်းထားပြီးလေပြီ။ ဖိုထိုးလျှင် အဆင်သင့်သုံးနိုင်ရန် မီးသွေးကို အနေတော် ခွဲစိတ်ပြီး တောင်းတစ်လုံးအပြည့် ပြင်ဆင်ထည့်ထားပြီး မောင်မောင်မျိုးသည် ချွေးဒီး ဒီးကျ အောင် မောလေပြီ။

"မျိုးကို မိမိ သနားလိုက်တာ၊ သိပ်မောသွားလားဟင် ... "
ပေလူးနေသော မောင်မောင်မျိုး၏ လက်တစ်ဖက်ကို ယုယချစ်ခင်စွာ ဆုပ်ကိုင်ပြီး မိမိလေးက မေး သည်။
"နည်းနည်းတော့ မောတာပေါ့ မမမိရယ် ... ကိစ္စမရှိပါဘူး"
မောင်မောင်မျိုးက ကျေနပ်စွာ ဖြေသည်။

"ကဲ ... လာ မျိုး ရေချိုစမ်း ... မိမိကိုယ်တိုင် ရေလောင်းပေးမယ်၊ မျိုး ပင်ပန်းသွားတာ မိမိကြောင့်ပဲ၊ တကယ်ပါ မျိုးကို မိမိ သနားသွားတယ်"
မိမိလေးက ပြောပြောဆိုဆို မောင်မောင်မျိုး၏ လက်မောင်းကို သူ့ရင်ခွင်မှာ ကပ်ပြီး ပိုက်ဖက် ကာ ရေချိုးသည့်နေရာသို့ ခေါ်သွားသည်။ မရီးတော် မိမိလေး၏ ယုယကြင်နာမှုမှာ သာယာကြည်နူး သွားသော မောင်မောင်မျိုးသည် မိမိလေး ဆွဲခေါ်သွားရာ မငြင်းမဆန်ပါသွားရင်း သူ့စိတ်ထဲမှာ ချွတ်ထားခဲ့သော မြလက်စွပ်ကြီးကို လုံးဝ သတိမရတော့ချေ။ သူ သတိရနေသည်ကား ...
"မမမိက ငါ့ကို သိပ်ကြင်နာယုယတာပဲ၊ တို့မောင်နှမ အခုလို ချစ်ခင်ကြင်နာတာကို အိမ်က အကျင့် ယုတ်မာက အလကား ၀န်တိုစိတ်ပွားပြီး ငါ နားမချမ်းသာအောင်ပဲ ပြောနေတယ်၊ ဟင်း ... မေမေခင်ရယ် မမမိလို ခင် သဘောထားမြင့်မြတ်ရင် ဘယ်လောက် ငါ ပျော်လိုက်မလဲ"

ဟု မနှစ်လို မကြည်ဖြူသည့်စိတ်ဖြင့် မေမေခင်ကို သတိရ အပြစ်တင်နေမိသည်။
တစ်နေကုန် ပျော်ရွှင်ကြည်နူးစွာနေပြီး ညနေ အိမ်ပြန်ခါနီးမျ ချွတ်ထားခဲ့သော လက်စွပ်ကို သတိရ သည်။ မောင်မောင်မျိုးက ကပျာကသီ ဖိုဆွဲခန်းထဲ ဆင်းသွား၏။ လက်စွပ်ကား မရှိတော့ချေ။
မောင်မောင်မျိုးသည် တွေတွေကြီး မတ်တတ်ရပ်နေသည်။ တန်ဖိုးမနည်းသော ပစ္စည်းဖြစ်၍ နှမြော သည်။ သို့သော် လက်စွပ်ကား အစအန ရှာမရအောင်ပင် ပျောက်သွားလေပြီ။ လက်စွပ်ကို သူကိုယ်တိုင် ချွတ်ပြီး သူကိုယ်တိုင် အခန်းနံရံ ကြွက်လျှောက်ပေါ်မှာ တင်ထားသည်။ ဤသို့ ချွတ်ပြီး ဤသို့ တင်ထားသည်ကို မိမိလေးကိုပင် သူ မပြောမိ၍ မိမိလေး သိမည် မဟုတ်။ တစ်နေကုန် ကြာမြင်ခဲ့ပြီး ယခုမှ ပျောက်ကြောင်း သိရသည်မှာ မည်သူ တစ်ဦးတစ်ယောက်မှ ယူငင်ထားမည် မဟုတ်ချေ။

သိက္ခာ သမာဓိရှိ၍ တန်ခိုးအစွမ်းနှင့် ပြည့်စုံသော သူတော်စင် နောင်ဘုရား၊ တမိဝမ်းတွင်း အတူဆင်းလာသည့် အစ်ကိုရင်း ကိုအောင်စိုး၊ သူ့အပေါ်မှာ မောင်ရင်း အသွင် ချစ်ခင်ယုယ ကြင်နာလှသော မမမိ၊ ဤပုဂ္ဂိုလ်သုံးယောက်ကား သူ့လက်စွပ်ကို ယူမည် မဟုတ်ကြောင်း မောင်မောင်မျိုးက အသေအချာ ယုံကြသည်သည်။ ယခုလို လက်စွပ်ပျောက် ကြောင်း သိရလျှင် သူတို့သုံးယောက် နေခက်ထိုင်ခက် ဖြစ်ကြတော့မည်။ သူတို့အိမ်မှာ ပစ္စည်း ပျောက်ခြင်းဖြစ်၍ သူတို့ကို သံသယရှိလေမလား ဟူသော စိတ်ဖြင့် မချမ်းမြေ့မှု၊ စိတ်အနှောင့် အယှက် ရှိမှု ဖြစ်လာလျှင် မကောင်းပေ။ ဤဖိုဆွဲခန်းသို့ နောင်ဘုရားနှင့် ကိုအောင်စိုးက လုံးဝ မ၀င်သေး။ မရီးတော် မိမိလေးကလည်း သူနှင့်အတူ ဖိုဆွဲခန်းမှ ထွက်လာပြီး သည့်နောက် ပြန်မ၀င်တော့ပေ။
"ကြွက်လျှောက်ပေါ် တင်ထားလို့ ကြွက်ချီသွားတာများ ဖြစ်လေမလား ..."

"မောင်မောင်မျိုးက အားလျော့စွာ တွေးပြီး လက်စွပ်ပျောက်ကြောင်းကို နောင်ဘုရား၊ ကိုအောင်စိုး နှင့် မိမိလေးကို လုံးဝ အသိမပေးတော့ဘဲ မြံနေလိုက်လေသည်။
မေမေခင်က မေးသောအခါတွင်မူ အကျယ်ချဲ့ မဖြေဘဲ ...
"ရုံးမှာ သတိထားကြည့်မိမှ မြကျောက် မရှိတော့ဘဲ ထွက်ကျပျောက်ဆုံးနေကြောင်း တွေ့ရသည်။ ကျန်ရစ်သော ရွှေကို ပန်းတိမ်မှာ ရွှေသားချည်း လက်စွပ်ရိုးရိုးလုပ်ရန် အပ်နှံထားခဲ့ကြောင်း မှင်သေ သေ ဖြင့် ဖြေကြားခဲ့သည်။ မေမေခင်က လက်စွပ်နှင့် ပတ်သက်၍ နောက်ထပ်တစ်ခွန်းမှ မေးမြန်း ခြင်း မရှိတော့သည့်အတွက် စိတ်အေးလက်အေး မေ့ပျောက်သလောက်ရှိရာမှ ယခု နောင်ဘုရား တန်ခိုးတော်ကြောင့် ရာထူးတက်၊ လခ တိုးလာကြောင်း ပြောမိသည်တွင် မေမေခင်က ပြန်မေး လိုက်ခြင်း ဖြစ်သည်။

"ခင့်ကို ဖြေခဲ့ပြီးပါပြီကော၊ မြကျောက်က ဘယ်အချိန်က ဘယ်နေရာ ကျွတ်ကျရစ်ခဲ့မှန်း မသိပါ ဘူးလို့ ... "
"ဒီမှာ ခင်ပြောတာတွေ ဆုံးအောင် နားထောင်စမ်းပါဦး၊ ရှင့် အစ်မတော် ရှင့်မရီးတော်ပေါ့လေ၊ ဖဲရိုက်လွန်းအားကြီးတော့ ဖဲရှုံးတယ်၊ ဖဲကြွေးတွေ တင်တယ်၊ ဒါကြောင့် ကြွေးရှင်တွေက အရှက်မခွဲ ရအောင် ရှင့်အစ်ကိုက ဖဲကြွေးတွေဆပ်နိုင်ဖို့ လာဘ်စားရတယ်၊ အဲဒီ လာဘ်စားမှုကြောင့် အလုပ် ပြုတ်လာ ... "

အစ်ကို အလုပ်ပြုတ်လာကြောင်းသာ သိသည်။ ဘာကြောင့်ပြုတ်သည်ကို အစ်ကိုက မပြော။ မောင်မောင်မျိုးကလည်း အစ်ကိုနှင့် မရီးစိတ်မကောင်းဖြစ်မည်စိုး၍ မမေးဘဲ စိတ်ချမ်းသာမှုဖြစ် အောင်သာ ဆောင်ရွက်ပေးခဲ့သည်။ ယခု မေမေခင်က တပ်အပ်သေချာ ပြောသောအခါ ...
"ဘယ်သူပြောလဲ ... "

ဟု မောင်မောင်မျိုး မမေးလိုတော့ပေ။ မေးလျှင် သူ့အစ်ကိုနှင့် သူ့မရီး သိက္ခာကျသည်ထက် ကျတော့မည် ကို စဉ်းစားမိသည်။ မေမေခင်ကလည်း သူငယ်ချင်း မောင်မင်းဇင်ထံမှ သိထားသမျှ အားလုံး ပြောတော့ မည်သာ ဖြစ်သည်။ သို့သော် မောင်မောင်မျိုးက လိမ္မာပါးနပ်စွာ ပိတ်လိုက်၏။
"ကဲပါ ခင်ရယ်၊ ကိုကိုတို့ အလုပ်ပြုတ်တဲ့အကြောင်း စိတ်မကောင်းစရာတွေ မပြောပါနဲ့တော့၊ ကိုမျိုး ရာထူးတက်တဲ့ကိစ္စတောင် စကားပြတ်သွားပြီ"

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၂၉)

အခန်း(၂၉)

ဗိုလ်ချုပ်ဖွန်ဂါဘီရာ ယာယီနေထိုင်သည့်အခန်းတွင် သူနှင့် ရုရှဗိုလ်မှူးကြီး ဘူခါရင်တို့ ထိုင်နေ ကြလေသည်။
သူတို့နှင့် မျက်နှာချင်းဆိုင်ဘက်တွင် ခုံတန်းတစ်ခု ချထားသည်။
လက်နက်ကိုင် အစောင့်များသည် တွန်ဂါတာအား ပွေ့ချီခေါ်လာပြီးနောက် ခုံတန်းရှည်တွင် ထိုင် စေလေသည်။

တွန်ဂါတာမှာ အားပြတ်နေသော်လည်း သတိမလစ်သဖြင့် သူ့အား ကူညီဖေးမ၍ တွဲထားသူ စစ်သား များ၏ လက်ကို ခပ်ကြမ်းကြမ်းတွန်းဖယ်ပစ်လိုက်သည်။
ထို့နောက် သူ၏ ရှေ့တည့်တည့်တွင် ထိုင်နေသူ ဖွန်ဂါဘီရာနှင့် မျက်နှာဖြူလူကြီး (ဘူခါရင်)အား ခပ်တည်တည် စိုက်ကြည့်နေလိုက်သည်။

ဖွန်ဂါဘီရာက ရှိုနာအမျိုးသား ကက်ပတိန်အား တစ်စုံတစ်ခု အမိန့်ပေးလိုက်ပြီးနောက် စစ်သား တစ်ယောက်သည် အညံ့စား စောင်တစ်ထည်ယူထား၍ တွန်ဂါတာ၏ပခုံးတွင် လွှမ်းခြုံပေးလိုက် သည်။
ဖွန်ဂါဘီရာက ရှိုနာဘာသာဖြင့် နောက်ထပ် အမိန့်ပေးလိုက်ပြန်သည်။ ထိုအခါ ကက်ပတိန်သည် အပြင်ဘက်သို့ ထွက်သွားပြီး ပြန်ဝင်လာသောအခါ လင်ပန်းတစ်ခုတွင် ဗော့ဒ်ကာအရက် တစ်ပုလင်းနှင့် ၀ီစကီ တစ်ပုလင်း၊ ဖန်ခွက်တစ်လုံး၊ ရေခဲများနှင့် ချိုင့်တစ်ခုကိုပါ ယူဆောင်ထားလေ သည်။

တွန်ဂါတာသည် အလွန်ရေငတ်နေသူ ဖြစ်သော်လည်း ရေချိုင့်ကို လုံးဝလှမ်းမကြည့်ဘဲ နေ၏။ သူ သည် စိတ်ကို ချုပ်ထိန်းလျက် ဖွန်ဂါဘီရာ၏ မျက်နှာကိုသာ စူးစိုက်ကြည့်နေလိုက်သည်။
"ဟုတ်ပြီ ဒါမှ ကျုပ်တို့ဟာ လူမည်းတို့ရဲ့ ထုံးတမ်းစဉ်လာနဲ့ ညီညွတ်မယ်။ ရဲဘော်ဝန်ကြီး တွန်ဂါတာက ရှိုနာဘာသာ စကားမတတ်ဘဲ အလွန်တောကျတဲ့ မာတာဘယ်လီဘာသာပဲ တတ် ကျွမ်းလေတော့ ကျုပ်တို့ အားလုံး နားလည်တဲ့ အင်္ဂလိပ်ဘာသာစကားနဲ့ပဲ ပြောကြမယ်"

ဤသို့ပြောရင်း ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် ဗော့ဒ်ကာနှင့် ၀ီစကီအရက်ကို ဖန်ခွက်များထဲ ငှဲ့ကာ ရေခဲတုံး များပါ ထည့်လိုက်သည်။
အလွန်ရေငတ်နေသူ တွန်ဂါတာအဖို့ ယမကာခွက်များကို မြင်လျှင် သောက်ချင်စိတ် ဖြစ်ပေါ်လာမိ သော်လည်း စိတ်ကို ချိုးနှိမ်ကာ ဖွန်ဂါဘီရာ၏ မျက်နှာကိုသာ စိုက်ကြည့်နေလေသည်။
ဖွန်ဂါဘီရာ သည် တွန်ဂါတာအား ကြည့်၍ စကားပြောလေသည်။

"အခုဟာက ဆွေးနွေးညှိနှိုင်းပွဲ သဘောမျိုးပါပဲ။ ဟောဒီပုဂ္ဂိုလ်က (မျက်နှာဖြူ လူကြီးအား ညွှန်ပြ လျက်) အာဖရိကတိုက် သမိုင်းသုတေသီတစ်ဦး ဖြစ်တယ်။ သူ့အနေနဲ့ အာဖရိကတိုက်ကြီး အကြောင်း ရေးသားထားသမျှ စာအုပ်စာတမ်း အားလုံးကို ဖတ်ရှုလေ့လာထားပြီးပြီ။ ဒီမယ် တွန် ဂါတာ ခင်ဗျားဟာ မာတာဘယ်လီ လူမျိုးရဲ့ ခေါင်းဆောင် ကူမာလိုအဆက်အနွယ် ဖြစ်တယ်။ ဒီ ခေါင်းဆောင်တွေနဲ့တကွ မာတာဘယ်လီ လူမျိုးတွေဟာ ဒီနယ်မြေရဲ့ တရားဝင်ပိုင်ဆိုင်သူ ရှိုနာ များအပေါ် အစဉ်တစိုက် နှိပ်စက် ညှဉ်းပန်း ခဲ့တယ်။

တိုက်ခိုက် အနိုင်ကျင့်ခဲ့ကြတယ်။ အခု ကျုပ် ပြောမယ့်အကြောင်းတွေကို ခင်ဗျားတို့နှစ်ယောက်စလုံး သိကောင်း သိနေပါလိမ့်မယ်။ သို့သော် လည်း စိတ်ရှည်ရှည်ထားပြီး နားထောင်စေချင်ပါတယ်"
ဖွန်ဂါဘီရာသည် စကားကို ခေတ္တဖြတ်၍ ၀ီစကီအရက်အနည်းငယ် သောက်လိုက်သည်။
ရုရှလူမျိုး ဘူခါရင်နှင့် တွန်ဂါတာတို့ကမူ ဘာမှမပြောဘဲ ဆိတ်ဆိတ်နေကြရာ ဖွန်ဂါဘီရာသည် သူ ၏ စကား ကို ဆက်ပြောလေသည်။

"ရေလည်အောင် ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာ့ငါးဆယ်က အတိတ်ကို ပြန်သွားရပါ မယ်။ အဲဒီတုန်းက ဇူးလူးလူမျိုး ဘုရင်ချာကာရဲ့ လူယုံတော် အချစ်တော် ဖြစ်သော်လည်း စစ်တိုက် ရလို့ ရရှိခဲ့တာတွေကို ချာကာဘုရင်ကို မပေးအပ်ခဲ့ဘူး။ သူ့နာမည်က မီဇီလီကာဇီလို့ခေါ်တယ်။ သူဟာ ဇူးလူးအနွယ် ကူမာလိုတိုင်းရင်းသားလူမျိုး အုပ်စုဝင် မာရှိုဘာနီရဲ့သား ဖြစ်တယ်။ ဒီလူက ပထမဆုံး မာတာဘယ်လီ လူမျိုး ဖြစ်တယ်လို့လည်း ဆိုနိုင်တယ်။

အလျဉ်းသင့်လို့ ပြောရမယ်ဆို ရင် ဒီလူဟာ သူကတစ်ဆင့် ပေါက်ဖွားလာတဲ့ မာတာဘယ်လီ လူမျိုး တွေကို သူ့ရဲ့အကျင့်စရိုက် တွေ အမွေပေးခဲ့တယ်။ သူကိုယ်တိုင်က လူတွေဆီက တိုက်ခိုက် လုယက်တဲ့ အပြင် လူသတ်သမား မုဒိမ်းသမားတစ်ဦးလည်း ဖြစ်တယ်၊ သူခိုးလည်း ဖြစ်တယ်။ သူ့ဘုရင်ဆီကတောင် ပြန်ခိုး ခဲ့တဲ့လူ ဖြစ်တယ်။ စစ်တိုက်လို့ရတဲ့ ပစ္စည်းတွေကို ချာကာဘုရင်ရဲ့ ဝေစု မပေးဘဲ နေခဲ့တာဟာ ခိုးတာ နဲ့ ဘာထူးသလဲ။ တကယ်တော့ မီဇီလီကာဇီဟာ သတ္တိမရှိဘဲ သူရဲဘောကြောင်သူ ဖြစ်တယ်။ ချာကာ ဘုရင်က သူ့ကို အရေးယူဖို့ အခေါ်လွှတ်လိုက်တော့ မလာဘဲ ထွက်ပြေးလမ်းရှောင်သွားခဲ့တယ်"

ဤနေရာတွင် ဖွန်ဂါဘီရာသည် တွန်ဂါတာအား ပြုံးလိုက်ပြီးမှ ဆက်ပြောသည်။
"ဒါကြောင့် မာတာဘယ်လီလူမျိုးတို့ စတင်ပေါက်ဖွားခဲ့တဲ့ မီဇီလီကာဇီဟာ သူခိုး၊ ဓားပြ၊ လူသတ် သမား၊ သူရဲဘောကြောင်သူ ဖြစ်တယ်။ သူကတစ်ဆင့် ပေါက်ဖွားခဲ့တဲ့ မာတာဘယ်လီ လူမျိုးအား လုံးဟာလည်း တောက်လျှောက် ဒီလို စရိုက်မျိုးရှိခဲ့တာဟာ ဒီနေ့အထိပဲ ဆိုပါတော့။

"ဒါနဲ့ပဲ ဒီလူဟာ သူ့ဘက်ပါတဲ့ ဇူးလူးလူမျိုး စစ်သည်တချို့နဲ့အတူ မြောက်ဘက်ကို ထွက်ပြေးလာ ခဲ့တယ်။ သူသွားရာ လမ်းတစ်လျှောက်က အင်အားနည်းတဲ့ တိုင်းရင်းသားလူမျိုး အုပ်စုငယ်တွေကို လည်း တိုက်ခိုက် နှိပ်စက်ခဲ့တယ်။ ဒေသခံကျေးရွာတွေကလည်း ကျွဲနွားတိရစ္ဆာန်တွေ၊ မိန်းမပျို ကလေး တွေ ကိုလည်း ဖမ်းခေါ်သွားတယ်။ မီဇီလီကာဇီနဲ့ အပေါင်းပါ မာတာဘယ်လီလူရမ်းကား တွေ လက်ချက်နဲ့ အပြစ်ကင်းမဲ့သူတွေ သိန်းချီပြီး သေဆုံးခဲ့ရတယ်လို့လည်း အဆိုရှိခဲ့တယ်။

ဒီလို နဲ့ ကြမ်းချင်တိုင်းကြမ်း၊ ရမ်းချင်တိုင်းရမ်းပြီး မြောက်စူးစူးဘက်ကို ထွက်လာလိုက်တာ တစ်ချိန်ကျ တော့ အနောက်တောင်ဘက်ကလာတဲ့ ဘိုးဝါးလူမျိုးတွေနဲ့ ဆုံခဲ့တယ်။ ဘိုးဝါးတွေဆိုတာက သူ့ ထက်တောင် ပိုပြီး သတ်ရဲဖြတ်ရဲတဲ့ လူတွေဖြစ်တယ်။ မီဇီလီကာဇီရဲ့ နောက်လိုက်တွေကို ဘိုးဝါး လူမျိုး တွေက ရက်ရက်စက်စက် သတ်ဖြတ်လိုက်ကြတယ်။ မီဇီလီကာဇီကတော့ သတ္တိကြောင်သူ ပီပီ မြောက်ဘက် ကို ထွက်ပြေးတယ်"
ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် ဖန်ခွက်ထဲမှ ရေခဲတုံးများကို လှုပ်၍ သောက်လိုက်ပြီးနောက် စကား ဆက်ပြန် လေသည်။

"မီဇီလီကာဇီဟာ မြောက်ဘက် ဆက်သွားရင်း လင်ပိုပိုမြစ်ကို ဖြတ်ကျော်လိုက်တော့ အလွန်သာ ယာပြီး နေချင့်စဖွယ်ကောင်းတဲ့ မြေယာတွေကို သွားတွေ့ရတယ်။ စိမ်းလန်းစိုပြည်တဲ့ မြက်ခင်းပြင် ကြီးတွေရှိပြီး ရေကောင်းရေသန့်လည်း အလွန်ပေါတဲ့ နေရာမျိုး ဖြစ်တယ်။ အဲဒီနေရာမှာ နေထိုင် သူ ဒေသခံလူမျိုးတွေကတော့ တစ်ချိန်က မြို့ကြီးပြကြီးတွေ တည်ဆောက်နိုင်ခဲ့သူ လူမျိုးတစ်မျိုး ရဲ့ အဆက်အနွယ်တွေ ဖြစ်တယ်။ ဒါပေမဲ့ မီဇီလီကာဇီက ဒီလူတွေကို အထင်သေး ရှုတ်ချရုံမက တိရစ္ဆာန်တွေလို သဘောထား ဆက်ဆံခဲ့တယ်။

လူတွေကို တောလိုက်အမဲပစ်သလို အကြောင်း မဲ့သက်သက် သတ်ပစ်ခဲ့တယ်။ မသတ်ဖြစ်တဲ့ လူတွေကိုတော့ သူတို့ မာတာဘယ်လီ စစ်သည် တွေခိုင်းဖို့ ငွေဝယ်ကျွန်အဖြစ် ဖမ်းဆီးနှိပ်စက်ခဲ့တယ်။ ဒေသခံ မိန်းကလေးတွေကိုလည်း စော်ကား တယ်၊ အဓမ္မသိမ်းပိုက်တယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က မိန်းကလေးတွေ ကိုယ်ဝန်ရှိပြီး သားသမီး မွေးလာရင် ယောက်ျားလေးဆိုရင် ကြီးလာတဲ့အခါ သူတို့ဘက်က စစ်တိုက်ဖို့ စစ်သည်အသစ် တွေ ဖြစ်လာနိုင်တယ်လို့ ယူဆသတဲ့။ ဒီအချက်တွေကို ခင်ဗျားက အာဖရိကတိုက် သမိုင်းလေ့လာ ခဲ့သူအနေနဲ့ သိပြီး ထင်ပါတယ်"
ဖွန်ဂါဘီရာက အဆုံးသတ်စကားကို ထိုရုရှဗိုလ်မှူးကြီးဘက်သို့ လှည့်၍ ပြောလေရာ ဘူခါရင်က လည်း ခေါင်းညိတ်လိုက်သည်။

"သိသင့်သလောက် သိပါတယ်။ ဖြစ်ပျက်ခဲ့တာတွေကိုလည်း သိပြီး ဖြစ်ပါတယ်။ သို့သော်လည်း ခင်ဗျား သုံးသပ်ပြသလိုတော့ ကျုပ်မသုံးသပ်မိဘူး။ ခင်ဗျားက ရှုထောင့်တစ်ခု က အမြင် နဲ့ ပြောတာ ကိုး။ ကျုပ် အခုစဉ်းစားကြည့်တော့ သမိုင်းဆိုတာ ဖြစ်ရပ်မှန်တွေချည်း မှတ်တမ်းတင်ထားတာ မဟုတ်ဘဲ စစ်ပွဲအောင်နိုင်သူတွေက သူတို့လိုရာ ဆွဲရေးကြတာဘဲလို့ မြင်လာမိတယ်။
ဘူခါရင်၏ စကားအဆုံးတွင် က ဖွန်ဂါဘီရာ က ရယ်မောလိုက်သည်။

ဆက်ရန်

.
>>>ဆက်ဖတ်ရန်>>> >>

Monday, September 27, 2010

သူတို့အားလုံး ရဲ့အသက် ကျွန်မလက်ထဲမှာ အပိုင်း (၁)

ဖြစ်ရန်မှန်
 
In my hands
 
Irene Gut Opdyke
with Jennifer Armstrong
သတိပေးသံတွေကို အိုင်ရင်းဂတ်
ဆက်ကာဆက်ကာ ကြားနေရသည်။
ပိုစတာတွေကိုလည်း နေရာတကာမှာ မြင်နေရသည်။
" ဂျူးတွေကို အကူအညီပေးသူမှန်သမျှ သေဒဏ်ပေးခံရမည် "
ပိုလန်ကို နင်းခြေသိမ်းပိုက်ထားသည့်
နာဇီတို့၏ သုံ့ပန်းဘ၀ရောက်နေသည့်
အိုင်ရင်းဂတ်သည် ယင်းအန္တရာယ်တွေကို လုံးဝမမှုခဲ့ပေ။
ဂျာမန်နာဇီတို့၏ ကြောက်မက်ဖွယ်
ရက်စက် ရိုင်းစိုင်းမှုတို့သည် အိုင်ရင်းကို
ဒေါသအမျက် ချောင်းချောင်း ထွက်စေခဲ့၏။
တန်ပြန် တိုက်ခိုက်ချင်စိတ်တွေ တဖွားဖွားပေါ်လာစေခဲ့၏။
စွန့်စားအားထုတ်မှုတို့သည် မဟာသမုဒ္ဒရာထဲသို့ ရေကလေးတစ်ပေါက်
ကျသလောက်မျှ ရှိစေဦး၊ သူကတော့ အံတုဖို့ သန္နိဋ္ဌာန်ချထားခဲ့ပြီးပြီ။

အန္တရာယ်စက်ကွင်းထဲက လျှို့ဝှက်ချက်

    စက်သေနတ်သံတွေ၊ ပေါက်ကွဲသံတွေကြောင့် ကျွန်မ လန့်နိုးသည်။ အိပ်ရာပေါ်တွင် ၀ုန်းခနဲ ထထိုင်ကာ ဘာတွေ ဖြစ်ကုန်ပါလိမ့်ပြီး ဟိုကြည့်၊ သည်ကြည့် ကြည့်လိုက်မိ၏။ အလင်းရောင်ကာ ခန်းဆီး ကို အသာဖယ်ပြီး အပြင်ကိုလှမ်းကြည့်လိုက်တော့ ပို၍ ကျယ်လောင်သော ပေါက်ကွဲသံများကို နားပွင့် မတတ်ကြားရပြန်သည်။
၁၉၄၃ ခုနှစ်၊ မနက်ခင်းဖြစ်ပါ၏။ တာနိုပိုတစ်မြို့လုံးရှိ ဂျူးတွေကို နာဇီတို့အပြတ်ရှင်းနေခြင်းဖြစ် သည်။

အသံဗလံတွေကို ကျွန်မ ထိတ်လန့်ခြင်းနှင့်အတူ ရင်နင့်စွာ နားထောင်နေမိပါသည်။ ထိုစဉ်က ၂၅ နှစ်မျှသာ ရှိသေးသော ကျွန်မသည် နာဇီတို့ ခိုင်းစေသမျှ လုပ်ပေးနေရသည့် သုံ့ပန်းဝန်ထမ်းတစ်ဦး ဖြစ်ပါသည်။

ဂျာမန်အရာရှိများ၏ စားသောက်ခန်းတွင် ကျွန်မ အလုပ်လုပ်ရသည်။ ဂျူးသုံ့ပန်းများကို ခိုင်းစေ ထားသည့် အ၀တ်လျှော် စက်ခန်းကိုလည်း ကျွန်မ တာဝန်ယူရပါသည်။
အ၀တ်အစား ကမန်းကတန်းလဲပြီး ဂျာမန်အရာရှိတွေ၊ သူတို့အတွင်းရေးမှူးတွေ တဖွဲဖွဲ ရောက်လာ နေသည့် စားသောက်ခန်းသို့ ကျွန်မဆင်းလာခဲ့သည်။ သည်နေ့ သူတို့ စကားနည်းနေကြသည်။ ရွှင် ရွှင်ပျပျမရှိကြ။ ပြီးခဲ့သည့်ညက အပျော်ကြူး၊ အမူးလွန်ထားသဖြင့် သူတို့အားလုံး အရက်နာကျနေ ကြသောကြောင့်ဖြစ်၏။ ဟိုမှာဘက် နံရံများ၏ အတွင်းတွင် လူတွေ မချိမဆန့် သေကျေပျက်စီးနေ ကြသည့် ထိုသူတို့၏ အသံဗလံများသည် သူတို့ကို ပို၍ ခေါင်းကိုက်စေသဖြင့် သူတို့ပို၍ မကြည် မသာ ဖြစ်နေကြ၏။

ကျွန်မ၏ တာဝန်မှာ ဣနြေ္ဒမပျက် သူတို့ကို နံနက်စာကျွေးဖို့ ဖြစ်သည်။ လုံးဝ ခြေလှမ်းမှား၍မဖြစ်ပါ။ အလွန်အင်မတန် အန္တရာယ်ပြွမ်းသည့်လမ်းကို ကျွန်မလျှောက်နေရခြင်း ကြောင့်ဖြစ်ပါ၏။ သည်နေ့မနက် ဝေလီဝေလင်း အချိန်က ဂျူးအလုပ်သမား ၆ ယောက်ကို (ကျွန်မအထင်) စိတ်အချရဆုံး၊ အလုံခြုံဆုံး နေရာတွင် ကျွန်မ၀ှက်ထားခဲ့သည်မဟုတ်လား။ ကျွန်မ၏ လျှို့ဝှက်အခန်းက နာဇီတပ်မှူး ဧဒွတ် ရုဂ်မာ၏ ကိုယ်ပိုင်သီးသန့်ရေချိုးခန်းဖြစ်ပါ၏။

အလုပ်လုပ်နေရင်း ဗိုလ်မှူး၏အခန်းဆီကို ကျွန်မ ပြေးကြည့်ချင်လှပြီ။ ကျွန် မိတ်ဆွေတွေ၏ အခြေ အနေကို ကြည်ချင်လှပြီ။ အခြေအနေပေးသည်နှင့်တစ်ပြိုင်တည်း အပေါ်ထပ်သို့ ကမန်းကတန်း ပြေးတက် ခဲ့တော့၏။
ရေချိုးခန်းတံခါး ဟ နေသည်။ လှစ်ခနဲဝင်ပြီး တံခါးကို နောက်ပြန်ပိတ်လိုက်၏။ သူတို့ အခြေအနေ ကို မေးဖို့ အသံပြုမည့်ဆဲဆဲတွင် ကျွန်မနောက်မှ တံခါးပြန်ပွင့်သွားသည်။ ချာခနဲ ကျွန်မ ပြန်လှည့်လိုက်၏။ ကိုယ်ရံတော်တပ် အညိုရောင် ယူနီဖောင်းဝတ် စစ်သားတစ်ယောက် တံခါးလက်ကိုင်ဘုပေါ်တွင် လက်တင် လျက် ကျွန်မကို ကြောင်ကြည့်နေသည်။ ပြီးမှ အရမ်းအား နာသွားပုံဖြင့် ကျွန်မကို တောင်းပန် သည်။

ကျွန်မ တစ်ကိုယ်လုံး အေးခဲတောင့်တင်းသွား၏။ သို့သော် ကျွန်မ ဟန်ကိုယ့်ဖို့ လုပ်နိုင်ခဲ့၏။
" ရှင်ဒီမှာ ဘာလာလုပ်တာတုံး "
" ကျွန်တော် ကျွန်တော် တာဝန်နဲ့ပါ "
သူက သူ့ကိုယ်သူ ဣနြေ္ဒဆည်ပြီး ပြန်မေးသည်။
" ခင်ဗျားကော ဒီမှာ ဘာလုပ်နေတာတုံး "
" ကျွန်မ က ဗိုလ်မှူးရုဂ်မာရဲ့ အိမ်ဖော်ပါ၊ ကျွန်မ သန့်ရှင်းရေးလုပ်မလို့၊ ရှင်တဆိတ်ဖယ်ပေးပါ"

" ကောင်းပါပြီ ဖရောင်လိန် "
သူ ရှက်ကိုးရှက်ကန်းနှင့် ထွက်သွားသည်။ ရေချိုးခန်းထဲကို ခေါင်းပြူပြီးဝေ့ကြည့်လိုက်လျှင် ခန်းဆီးပါးပါး ကလေး၏ နောက်တွင် တင်ပျဉ်ခွေထိုင်နေသည့် အီဒါဟော်လာကို တန်းမြင်ရမည်မှာ မုချဖြစ်ပါသည်။
အခြေအနေကို ခဏစောင့်ကြည့်ပြီး ကျွန်မ တံခါးကို သော့ချလိုက်သည်။ ပြီးမှ သက်ပြင်း ရှည်ရှည်ကြီး ချနိုင် ခဲ့ပါ၏။

" အိုင်ရင်း "
အီဒါက လေသံကလေးဖြင့် အသံပြုသည်။
" နင် သိပ်အန္တရယ်များတယ်အိုင်ရင်း၊ ငါတို့ကို သူတို့လက်အပ်လိုက်တော့ "
" ဘာလို့အပ်ရမှာလဲ၊ ကိုယ်ရဲတော်တပ်တွေ ပြန်သွားရင် ဘာလုပ်ရမယ်ဆိုတာ အိုင်ရင်းပြောမယ်၊ အိုင်ရင်း ပြန်မလာ မချင်း ဘာမှမလုပ်နဲ့ ကြားလား "

---------------
မုန်တိုင်း၏အစ

အစောပိုင်းနှစ်များတွင် ကျွန်မသည် ပိုလန်သူကလေးပီပီ ရည်ရွယ်ချက်တစ်ပွေ့ တစ်ပိုက်ကြီးဖြင့် မိုးထိအောင် လှေကားထောင်ချင်ခဲ့၏။ စွန့်စားခန်းတွေ ဖွင့်သည်။ ပြီးတော့ နေ့စဉ်မှတ်တမ်းတွေ ရေးသည်။ ကျွန်မ၏ စိတ်ကူးအိပ်မက်များထဲတွင် ကျွန်မသည် အမြဲတမ်း အသက်ပေါင်းများစွာကို ကယ်တင်သည့် အခန်း၊ အများအတွက် သက်စွန့်ဆံဖျား ကယ်ဆယ်ရေးအခန်းများမှ ပါဝင်ခဲ့၏။
မေမေ့ ကို ကျွန်မတို့ညီအစ်မတတွေက "မမ်မူစီယာ"ဟု ခေါ်ကြသည်။ သိပ်စိတ်ကူးမယဉ်ဖို့၊ လက်တွေ့ ကျကျ အလုပ်မျိုးလုပ်ဖို့ မမ်မူစီယာက ဆုံးမလေ့ရှိသည်။
ညီအစ်မ ၄ ယောက်နှင့်အတူ လူနာများနှင့် မရှိဆင်းရဲသားများအား အစားအစာများဝေငှဖို့ ကျွန်မတို့ ကူညီရသည်။

ကျွန်မ၏ မိဘများသည် လူတိုင်းအပေါ် ညှတာတတ်သူ၊ စာနာတတ်သူများဖြစ်ပါသည်။ အဖေ့ကို ကျွန်မတို့ ညီအစ်မတတွေ စာနာတတ်သူများဖြစ်ပါသည်။ အဖေ့ကို ကျွန်မတို့ ညီအစ်မတတွေက တာတုစ်ဟုခေါ်သည်။ အနာတရဖြစ်လာသည့် တိရစ္ဆာန်များ၊ လက္ခဏာပါးရှားသည့် အိမ်နီးချင်းများ၊ နာမကျန်းဖြစ်လာသည့် မျက်နှာစိမ်းများအတွက် မမ်မူစီယာနှင့်တာတုစ်က အမြဲ တမ်းတံခါးဖွင့်ထားသည်။

မိဘနှစ်ပါး၏ အားပေးမှုကြောင့်ပင် ကျွန်မသည် ၁၉၃၈ ခုနှစ်တွင် ကြက်ခြေနီတပ်ဖွဲ့ဝင် ဖြစ်လာခဲ့ပြီး ရာဒမ်ဆေးရုံ သူနာပြု သင်တန်းကျောင်းတွင် သူနာပြုသင်တန်းတက်ဖြစ်ခဲ့သည်။ သည်တုန်းက ကျွန်အ အသက် ၁၉ နှစ်။ ရာဒမ်ဆိုသည့် မြို့ကလေးမှာ ကျွန်မတို့နေသည့် ကိုဇလိုဝါဂိုရာနှင့် ကီလိုမီတာ ၂၀၀ ဝေးသည်။
အမေ့ညီမ ဒေါ်လေးဟယ်လင်က ရာဒမ်တွင် နေသည်။ တစ်ခါတစ်လေသာ ညစာသွားစားဖြစ်ပြီး အခန်းအောင်း စာကျက်နေသည်ကများပါသည်။

ကျောင်းသားတွေ အစုလိုက်၊ အစုလိုက်၊ လက်ချင်းချိတ်ကာ မျိုးချစ်ကြွေးကြော်သံ သီချင်းများ၊ သံပြိုင်ဆိုပြီး ချီတက်နေကြသည်ကို ကျွန်မ၏ ပြူတင်းပေါက်မှ လှမ်းမြင်နေရပါသည်။ ဟစ်တလာက ပိုလန်ကို ခြိမ်းခြောက်နေပြီဟူသည့် သတင်းများ ကျွန်မတို့ နိုင်ငအ၀ှန်း ပြည့်နေပါပြီ။

ပထမနှစ်ပြီးလို့ ကျောင်းပိတ်ရက် အိမ်အပြန်တွင် ကျွန်မတို့ မြို့ကလေး လုံးလုံးကြီးပြောင်းလဲသည် ကိုတွေ့ရပါသည်။ ကိုဇလိုဝါ ဂိုရာမြို့ကလေးမှာ ပိုလန်နှင့် ဂျာမန်နယ်စပ်မှ နယ်ခြားမြို့ကလေးဖြစ် ပါသည်။ ကျွန်မတို့ အိမ်နီးနားချင်းအများစုမှာ ဂျာမန်အနွယ်များဖြစ်ကြပြီး ကျွန်မတို့၏ မျိုးရိုးအမည် သည်ပင် "ဂတ်" ဖြစ်နေသဖြင့် ဂျာမန်သွေးမကင်းဟု ပြောနေကြသူများရှိပါသည်။
ကျွန်မ အံ့သြမဆုံးဖြစ်ရသည့် ကိစ္စမှာ ကိုဇလိုဝါဂိုရ မြို့သား အချို့က ပိုလန်မိရိုးဖလာကိုစွန့်ပြီး နေ့ ချင်းညချင်း ဂျာမန်အရေခွံ လဲလိုက်ခြင်းဖြစ်ပါသည်။ ပိုပြီး နားမလည်နိုင်သည့်အဖြစ်မှာ ဈေးဆိုင် အချို့တွင် " ဂျူးတွေရောင်းသည့် ပစ္စည်းမ၀ယ်ကြနဲ့ " ဟူသည့် စာတန်းများ ချိတ်ထားခြင်းဖြစ်၏။

အချို့ဆိုင်များတွင် " လွတ်လပ်သောပိုလန်နိုင်ငံဖြစ်ချင်လျှင် ဂျူးတွေကိုရှစ်ပစ်" ဟုပင် ရေးကပ် ထားသည်။ ဘာသာအယူဝါဒ ကွဲပြားမှုကြောင့် လူလူချင်းအဆင့်အတန်း ခွဲပစ်ခြင်းကို ကျွန်မ လုံးဝ နားမလည်နိုင်ပါ။ ခုတော့ တကယ်ဖြစ်လာနေပါပြီ။ ဟစ်တလာကြောင့် သည်ကိစ္စ ပေါ်လာခြင်း ဖြစ်ပါ၏။

၁၉၃၉ ခုနှစ်သည် မိသားစုနှင့် ပျော်ရွှင်စွာနေခဲ့ရသည့် ကျွန်မ၏ နောက်ဆုံးနှစ်ဖြစ်ပါသည်။ သို့သော် သည်လိုဖြစ်လာလိမ့်မည်ဟူ၍ ကျွန်မတို့ လုံးဝ ကြိုမသိခဲ့ကြပါ။ ကျွန်မ ရာဒမ်ကို သြဂုတ် လထဲမှာ ပြန်လာခဲ့ပါသည်။ ထိုလ ၂၃ ရက်နေ့မှာပင် ဆိုဗီယက်နှင့် ဂျာမန်နိုင်ငံတို့ တစ်နိုင်ငံနှင့် တစ်နိုင်ငံ မကျူးကျော်ရေးစာချုပ် ချုပ်လိုက်ကြသည်။ " သည် သတင်းကြောင့် ပိုလန် ဘာဖြစ်လာ နိုင်သလဲ " ဟူသည့် ပြဿနာကို လူတွေ အမျိုးမျိုး ထင်ကြေးပေးနေကြ၏။ သည်တိုင်းပြည် နှစ်ပြည်ကြားတွင် ကျွန်မတို့ နိုင်ငံသည် အကာအကွယ်မဲ့စွာဖြင့် ငြိမ်ငြိမ်ကလေး ကုပ်နေရသည်။
သူတို့ ဘာလုပ်ကြမှာလဲ၊ ပိုလန်ကို ကြက်ကလေး ငှက်ကလေး ဖမ်းသလို ဖမ်းပြီး စားသောက်ဝါးမျို ပစ်ကြ မှာလား။

မုန်တိုင်းကျသည့် နေ့မှာ စက်တင်ဘာလ ၁ ရက်နေ့ဖြစ်သည်။ ဆေးရုံမှ ကျွန်မ အိမ်ပြန်အလာ လမ်းပေါ် တွင် လူရှင်းနေ၏။ လေယာဉ်ပျံသံတွေ ကောင်းကင်တွင် ဆူညံသွားသည်။ ဘုရား၊ ဘုရား၊ ဂျာမန် ဗုံးကျဲလေယာဉ် တွေ အုပ်လိုက်ကြီးပါလား။ အတန်းလိုက် အတန်းလိုက် ပျံလာနေခြင်းဖြစ်၏။ တစ်ဆက် တည်း ပေါက်ကွဲသံတွေ နားပွင့်မတတ် ကျွန်မ ကြားလိုက်ရသည်။
လေထဲတွင် ဆင်းလာနေသည့် ဗုံးတွေ၏ တရွှီရွှီမြည်သံ။ ပြီးတော့ ပေါက်ကွဲသံတွေ အ၀ီစိပွက်သလို ဆူညံ သွားတော့၏။

ကွင်းပြင်တစ်ဖက်မှ တိုက်ကြီးတစ်လုံးသည် ကျွန်မ မျက်စိအောက်တွင်ပင် တစ်စစီဖြစ်သွားသည်။ ဆိုဖာကြီးတစ်လုံး လမ်းပေါ်ကို လွင့်စဉ်ကျလာ၏။ မတ်တတ်ကြီး သတိလစ်နေသူတစ်ယောက်လို ကျွန်မ ကြောင်ပြီး အတောင့်သား ရပ်နေမိသည်။ ထိုစဉ် တစ်စုံတစ်ယောက်က ကျွန်မလက်ကို ဆွဲပြီး " ဟေ့ လာ၊ တို့ဆေးရုံပြန်ပြေးမှ ဖြစ်မယ်" ဆိုကာ ပြန်လှည့်ပြေးကြသည်။ ကြည့်လိုက်တော့ ဆေးရုံမှ အလုပ်သင် ဆရာဝန် ကလေးတစ်ယောက်။

ကျွန်မတို့ ဆေးရုံရောက်တော့် လူနာတွေနှင့် မြင်မကောင်း၊ ရှုမကောင်း ဖြစ်နေပြီ။ လူနာခုတင်တွေ ပေါ်မှာ၊ ကြမ်းပြင်ပေါ်မှာ၊ ကုလားထိုင်တွေပေါ်မှာ၊ လှေကားထစ်တွေပေါ်မှာ အနှံ့အပြား။
မကြာခင် စစ်သားလူနာတွေပါ ရောက်လာသည်။ ဂျာမန်တွေက အနောက်ပိုင်း ပိုလန်ကို လျှပ်တစ်ပြက် အတွက် သိမ်းလိုက်ပြီတဲ့။
ကြောက်မက်ဖွယ်ရာ ဧရာမ ဒဏ်ရာကြီးတွေကို ဆေးထည့်၊ ပတ်တီးစည်းရင်း ကျွန်မလက်တွေ တဆတ် ဆတ် တုန်နေသည်။ ကျွန်မ၏ အချစ်ဆုံးမိသားစုသည် ဂျာမန်တို့ သိမ်းပိုက်နယ်မြေအတွင်းသို့ ကျရောက် သွားလေပြီ။ သူတို့နှင့် ကျွန်မပြန်လည်၍ တွေ့ဆုံနိုင်ကြပါ တော့မည်လား။
-------------------------
ဘာသာပြန် - တင်မောင်မြင့်
ဆက်ရန်
.

>>>ဆက်ဖတ်ရန်>>> >>

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၂၈) အဆက်

တွန်ဂါတာ သောက်နေစဉ် ရှိုနာကက်ပတိန်သည် ဇလုံကို ပြန်ယူ၍ သူကိုယ်တိုင် အနည်းငယ် သောက်လိုက်သည်။ သို့သော် ရေကို ပလုတ်ကျင်း၍ ချက်ချင်းပြန်ထွေးပစ်လိုက်ပြီး တွန်ဂါတာအား ပြုံးဖြဲဖြဲ နှင့် ကြည့်လေသည်။
ထို့နောက် ကျန်ရေကို တွန်ဂါတာအား မ တိုက်တော့ဘဲ မြေကြီးပေါ်သို့ သွန်ချပစ်လိုက်သည်။ ရေသောက် ၍ မ၀သေးမှန်းသိ၍ တမင်သက်သက် နှိပ်စက်သည့်အနေဖြင့် ရေသွန်ပစ်လိုက်ခြင်းဖြစ်သည်။
ထို့နောက် ရှိုနာကက်ပတိန်သည် သူ၏လူများအား အမိန့်ပေးလိုက်ရာ စစ်သည်အားလုံး ပြန်ထွက် သွားကြ လေသည်။

တွန်ဂါတာ တစ်ယောက်တည်းသာလျှင် ယင်ကောင်တွေ အုံနေသော လူသေအလောင်းများနှင့်အတူ ကျန်ရစ် လေသည်။
နေ၀င်ဖျိုးဖျအချိန်တွင် စစ်သားများပြန်ရောက်လာလေသည်။ တုပ်နှောင်ထားသော ကြိုးများကို ဖြတ်လိုက် ရာ တွန်ဂါတာသည် အားအင်ချည့်နဲ့လွန်းသဖြင့် မတ်တတ်ပင် မရပ်နိုင်ဘဲ ယိုင်လဲကျသွားလေ သည်။ စစ်သားများသည် သူ့အားဝိုင်းပွေ့ထူလျက် သူနေထိုင်ရာ တဲဆီသို့ ခေါ်သွားကြလေသည်။

တဲအတွင်း၏ အခြေအနေမှာ လူနေသည့် အိမ်ခန်းတစ်ခန်းနှင့် မတူချေ။ ပရိဘောဂပစ္စည်းဟူ၍ ဘာမှ မရှိ။ ကြမ်းပြင်က သစ်သားကြမ်းခင်းမဟုတ်ဘဲ ရိုးရိုး ရွှံ့ဖြင့်သာ ပြုလုပ်ထားသော ကြမ်းဖြစ်လေသည်။
အခန်းထောင့်တစ်နေရာတွင် အိမ်သာအဖြစ် အသုံးပြုရန် သုံ့းတစ်ပုံးသောက်ရေအတွက် ရေဇလုံတစ်လုံး နှင့် ပြောင်းဖူးဖြင့် ပြုလုပ်ထားသော မုန့်ထည့်ထားသည့် သံပန်းကန်တစ်ချပ်တို့သာလျှင် ရှိသည်။
ပြောင်းဖူးမုန့်မှာ ကိတ်မုန့်သဘော ပြုလုပ်ထားသော်လည်း ဆားတွေ အဆမတန် ထည့်ဖုတ်ထားသဖြင့် စားလျှင် အလွန်ငန်ပြီး ရေဆာလာမည်ဖြစ်သည်။ စားပြီးသည်နှင့် ရေငတ်ခြင်းဒဏ်ကို အလူးအလဲ ခံရမည် ဖြစ်သည်။

သို့ဖြစ်လင့်ကစား တွန်ဂါတာအနေဖြင့် ခွန်အားရှိလာရန်အတွက် ဆားငန်ငန်ပြောင်းဖူးမုန့်ကို ဇွတ်ပင် စားရမည် ဖြစ်ပေသည်။
တွန်ဂါတာက သံဇလုံထဲမှ ရေတစ်ဝက်ကိုသောက်ပြီး ကျန်တစ်ဝက်ကို နော်တစ်နေ့နံနက် သောက်ရန် ချန်ထား လိုက်သည်။
ထို့နောက် သူသည် ရွှံ့ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေလိုက်သည်။ တဲ၏အမိုးက သွပ်မိုးဖြစ်င နေပူရှိန်ကြောင့် အလွန်ပူအိုက်လေသည်။ သို့သော် နံနက်စောစောကျလျှင် အလွန်အေး လိမ့်မည် ဟု လည်း တွန်ဂါတာက သိထားပေသည်။

လဲလျောင်းအနားယူနေသော်လည်း သူ၏ တစ်ကိုယ်လုံးမှာ နာကျင်ကိုက်ခဲလျက်ရှိလေသည်။
အကျဉ်းစခန်း၏ ပြင်ပ၌ မှောင်နေပြီဖြစ်ရာ ကွင်းထဲပစ်ထားသော မာတာဘယ်လီလူမျိုးနှစ်ဦး အလောင်းများ ကိုတောခွေးရိုင်းများက အုပ်လိုက်ဝိုင်း၍ ကိုက်စားနေကြပြီဖြစ်ရာ တောခွေးများ၏ အသံ ဆူဆူညံညံ ကြားနေ ရလေသည်။

အသံတွေ ဆူညံနေသော်လည်း အလွန် ပင်ပန်းနွမ်းနယ်နေသူ တွန်ဂါတာသည် အိပ်ပျော်သွားလေသည်။
အိပ်ရာမှ ပြန်နိုးလာသောအခါ အရုဏ်တက်နေပြီဖြစ်၍ အပြင်ဘက်မှ အမိန့်ပေးသံများ ကြားနေရ လေသည်။
တွန်ဂါတာသည် သံဇလုံထဲမှ ရေလက်ကျန်ကို သောက်ပြီးနောက် ကိုယ်လက်သန့်စင်လေသည်။
မကြာမီ တဲတံခါးပွင့်လာပြီး လက်နက်ကိုင် စစ်သားများ ၀င်လာလေသည်။

" ဟေ့ ... မာတာဘယ်လီ တိရစ္ဆာန်၊ အပြင်ဘက်ကို ထွက်စမ်း"
ဤသို့ ရိုင်းပျစွာ ငေါက်ငမ်းလျက် စစ်သားများသည် တွန်ဂါတာအား စစ်ရေးပြကွင်းအစွန်ရှိ လူသတ် ကားစင် များရှိရာ သို့ ခေါ်ထုတ်သွားလေသည်။
သေဒဏ်ပေးခံရမည့် မာတာဘယ်လီ အခြားအမျိုးသားသုံးဦးတို့က စစ်ရေးပြကွင်းအစွန်ရှိ လူသတ် ကားစင် များရှိရာသို့ ခေါ်ထုတ်သွားလေသည်။
သေဒဏ်ပေးခံရမည့် မာတာဘယ်လီ အခြားအမျိုးသားသုံးဦးတို့က ကြိုတင်ရောက်ရှိနှင့်နေပြီဖြစ်သည်။

တွန်ဂါတာသည် စိတ်ကို တင်း၍ ကိုယ်ကို တည့်မတ်စွာ မတ်တတ်ရပ်နေလိုက်သည်။ သူ့အား ယနေ့တော့ မုချကွပ်မျက် လိမ့်မည်ဟုလည်း ထင်မိသည်။
မွန်းတည့်ချိန်သာသာတွင် ပါးကွက်အာဏာသား ရိုင်ဖယ်သေနတ်ကိုင် တပ်ဖွဲ့က မာတာဘယ်လီ တိုင်းရင်းသား သုံးဦးတို့အား ပစ်သတ်လိုက်ကြသည်။
ဒီတစ်ခါတော့ တွန်ဂါတာသည် ယမန်နေ့ကလို မိမိရဲဘော်များ အသတ်ခံရခါနီးသီချင်းဟစ်အော် ဆိုသလို မဆိုနိုင် တော့ချေ။ သူသည် သီဆိုရန် ကြိုးစားကြည့်သော်လည်း သူ၏ လည်ချောင်းမှ အသံထွက် မလာဘဲ ဖြစ်နေသည်။

မွန်းလွဲပိုင်းသို့ရောက်သောအခါ တွန်ဂါတာ၏ မျက်လုံးများသည် ကြည့်၍ ကောင်းစွာမကြည်လင်တော့။ မှုန် ၀ါးဝါးဖြစ်လာသည်။ ခန္ဓာကိုယ်သည်လည်း မတ်မတ်ရပ်မနေနိုင်တော့ဘဲ ယိုင်လဲကျမလို ဖြစ်လာသော ကြောင့် စိတ်ကိုမနည်းကြိုးစား၍ တင်းထားရလေသည်။ ထို့ပြင် မခံမရပ်နိုင်အောင်ပင် ရေအလွန် ငတ်လာ သည်။
တွန်ဂါတာသည် မျက်လုံး မစုံမှိတ်၍ အံကြိတ်ကာ ဝေဒနာကို ကြိုးစား၍ ခံစားနေရစဉ် -
ဗိုလ်ချုပ် ဖွန်ဂါဘီရာအသံကို ရုတ်တရက် ကြားလိုက်ရသည်။ ဤတွင် တွန်ဂါတာသည် ချက်ချင်းပင် ခွန်အား ပြည့်လာသလို ဖြစ်လာတော့သည်။

ဦးခေါင်းကိုထောင်၍မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ဖွန်ဂါဘီရာ၏ မျက်နှာကို မြင်ရပြီး အလွန် မုန်းတီး စက်ဆုပ် မိလေသည်။
ဗိုလ်ချုပ်ဖွန်ဂါဘီရာသည် စစ်မြေပြင်၌ ၀တ်ဆင်သည့် ယူနီဖောင်းဝတ်စုံ ၀တ်ထားသော ဦးခေါင်းတွင် သံပရာခွံ ဦးထုပ်ပျော့ဆောင်းထားလေသည်။ သူ၏ ဘေးနားတွင် တွန်ဂါတာလုံးဝ မမြင်ဖူးသော မျက်နှာဖြူ လူမျိုးတစ်ဦး လိုက်ပါလာသည်ကို တွေ့ရသည်။

ထိုလူသည် အရပ်မြင့်မြင့် ပိန်ပိန်ပါးပါး အသက်ခပ်ကြီးကြီး လူတစ်ယောက်ဖြစ်သည်။ အပြာရောင် အဆင်း ရှိသော မျက်လုံးများ၏ စူးရှပုံမှာ မြွေဟောက် တစ်ကောင်နှင့်တူပြီး တွန်ဂါတာသည် ထိုလူကြီး အား မြင်မြင်ချင်း မုန်းတီးမိလေသည်။
မျက်နှာဖြူ လူကြီးသည် တွန်ဂါတာအား ဆရာဝန်တစ်ဦးက လူနာကို ကြည့်သလို ကြည့်နေပေသည်။

ထိုအခိုက် ဗိုလ်ချုပ် ဖွန်ဂါဘီရာက မျက်နှာဖြူကြီးအား စကားပြောလေသည်။
" ခင်ဗျားအနေနဲ့ ရဲဘော်ဝန်ကြီး တွန်ဂါတာကို ဒီအခြေအနေမျိုးနဲ့ မြင်ရတာ ၀မ်းနည်းပါတယ်။ သူက ကိုယ်အလေးချိန် အများကြီး ကျသွားပြီး အားနည်းနေပါတယ် "
ဖွန်ဂါဘီရာ က သရော်သလို ဟန်မျိုးဖြင့် ပြောလေသည်။ သို့သော် မျက်နှာဖြူကြီးက စိတ်ဝင်စားပုံ မရချေ။

ဤတွင် ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် အနီးရှိ ကက်ပတိန်အားလှမ်း၍
" ဟေ့ ... ဒီအကျဉ်းသားကို ရဲတိုက်ထဲ ခေါ်လာခဲ့" ဟု အမိန့်ပေးလိုက်သည်။
တွန်ဂါတာမှာ လုံးဝ မလှုပ်ရှားနိုင်လောက်အောင် အားအင် ချည့်နဲ့နေပြီဖြစ်ရာ စစ်သည်များက သူ့အား ထမ်း၍ ခေါ်သွားကြရလေသည်။
---------------------
အခန်း (၂၉) ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

မဝင်းမြင့် (ငယ်ယုံပူဘော်) အပိုင်း (၁၇)

(၈)

လင်ယောက်ျား၏ လုပ်စာဟူ၍ မမြင်ရ မကိုင်ရ မစားရသည်မှာ မေမေခင်အဖို့ အတော်ပင် ကြာညောင်း ခဲ့လေပြီ။ မောင်မောင်မျိုး အစ်ကိုနှင့် မရီးသည် အိမ်ကိုလာစေကာမူ မေမေခင်ကို တည်တည်မှန်မှန်သာ သေည်။ အရောတ၀င် ခင်မင်ရင်းနှီးစွာ မေးမြန်း ခေါ်ပြော နှုတ်ဆက်ခြင်း မရှိဘဲ၊ ငါ့ညီ ငါ့မတ်ကိုသာ ငါ အရေးလုပ်မည်ဟူသော တစ်ဖက်သတ် စိတ်မျိုး ရှိနေပါလျက်က မေမေခင်အဖို့ မခံချိစရာ ကိစ္စတစ်ခုက ပေါ်လာပြန်သည်။ ထိုကိစ္စကား ကိုအောင်စိုးနှင့် မိမိလေး တို့၏ ညွှန်ကြားချက်ကို နားနှစ်ဖက်မှာ မဖိတ်မစင် ထည့်သွင်းလာပြီး၊ နှုတ်ခံတွင်းမှ ထွက်လာသော မောင်မောင်မျိုး၏ စကားများ ဖြစ်သည်။

"ဟေ့ ... ဒီမှာ ခင်ရေ ဘယ်သွားနေလဲ၊ မောင့်အနား ခဏလာစမ်းပါဦး ခင်ရယ်"
မောင်မောင်မျိုးနှင့် မျက်နှာချင်းမဆိုင်မိအောင် အတတ်နိုင်ဆုံး ရှောင်နေသော မေမေခင်၏ နားထဲ သို့ မောင်မောင်မျိုး ၏ အသံက သာယာနာပျော်ဖွယ် ချိုအေးစွာ ၀င်လာသဖြင့် မေမေခင်က တော်တော်လေး အံ့အား သင့်သွားသည်။ သို့သော် မောင်မောင်မျိုး၏ ချိုသာပျော့ပျောင်းခြင်း ကား စင်ကြယ်သန့်ရှင်းခြင်း မရှိ ဟူ၍ မေမေခင်က အတတ်တွေး၏။ သူက အလိမ္မာသုံးရင် ငါကလဲ အလိမ္မာသုံးမှ သင့်မည်ဟု စဉ်းစား ကာ ...

"ဟုတ်ကဲ့ လာပါပြီ"
ဟု အာဏာတသံ၊ ဒေါသသံ၊ နာကြည်းသံတွေ ကင်းစင်ပြီး ကြည်လင်သော အသံမျိုး ဖြစ်စေလျက် မေမေခင်က ဟန်မပျက်ထူးကာ မကြည်သည့်နှလုံးကို မျက်နှာအပြုံးဖြင့် ဖုံးလွှမ်း၍ မောင်မောင်မျိုး ရှိရာ ရောက်လာ သည်။
"ထိုင်စမ်းပါဦး ခင်ရယ်"

မောင်မောင်မျိုးက သူ့ဘေးမှာကပ်လျက် ထိုင်ခိုင်းသဖြင့် မေမေခင်က ထိုင်လိုက်သည်။ ဘာကိစ္စ ခေါ်တာလဲ၊ ဘာပြောမလို့လဲ စသည့်စကားတွေကို မေမေခင်က စတင်မမေးဘဲ၊ မောင်မောင်မျိုးက မေးလျှင် ပြောသည်။ ခေါ်လျှင် ထူးသည်။ လာခဲ့ပါဦးဆိုလျှင် အနားသို့လာသည်။ အကြောင်းကိစ္စ တစ်ခုခု ပေါ်လျှင် မောင်မောင်မျိုး အလိုကျ ဖြစ်နိုင် မဖြစ်နိုင်ကို ပြတ်သားတိုတောင်းစွာ လိုရင်းကို သာ ပြောသည်။ ဤပုံစံမျိုးဖြင့် မေမေခင် နေလာခဲ့သည်မှာ ကြာပြီဖြစ်၍ ယခုလည်း ဤပုံစံအတိုင်း ပင် ခေါ်၍ ထူးသည်။ လာခဲ့ပါဆို၍ လာသည်၊ ထိုင်ပါဆို၍ ထိုင်သည်။ မေမေခင် နှုတ်မှ စတင်၍ အသံမထွက်ချေ။ မောင်မောင်မျိုး က ၀မ်းသာရွှင်လန်းသောအသံဖြင့် ပြောသည်။

"ကိုမျိုး ရာထူးတက်ပြီး လခတိုးတာ ခင် သိလား"
"ဘယ်သူ့ပြောလို့ ခင် သိရမှာလဲ၊ အခုမှ ကြားရတာ"
"ဟုတ်ပါတယ်လေ၊ အခု ကိုမျိုးက အသိပေးပြီ ဟုတ်လား"
ရာထူးတက်၊ လခ တိုးသွားသည်ကို မေမေခင်က သိပြီးဖြစ်သော်လည်း သူ့ကို အရေးတယူ ပြောခြင်းမရှိ၍ မမေးခဲ့ချေ။ ယခုမှ တယုတယ အနားခေါ်ပြီး အသိပေး ပြောခြင်းသည် အကြောင်းရှိ ရမည်ဟု မေမေခင် က တွေးပြီး ဆိတ်ဆိတ်နေသည်။

"ကိုမျိုး ရာထူးတက်သွားတာ နောင့်ဘုရား တန်ခိုးတော်ကြောင့် ခင်ရဲ့၊ အစက မမမိ ပြောနေတာ ကို ကိုမျိုး မယုံဘူး၊ နောင်ဘုရား စွမ်းတယ်ဆိုတာ အခုတော့ ကိုမျိုး ကိုယ်တွေ့ပဲခင်"
မေမေခင်က နက်နဲသော အဓိပ္ပာယ်ဆောင်သည့်အပြုံးကို ပြုံးသည်။
"ခင် မယုံလို့ ပြုံးတာလား၊ နောင်ဘုရား တကွယ်စွမ်းတာနော် မောင်မောင်မျိုးက အားပါးတရ ပြော၏။
"ဆိုပါဦး၊ ဘယ်လိုစွမ်းတာလဲ"

"ခင်က သိပ်လေးနက်ပုံ မရဘူး၊ နောင်ဘုရားနဲ့ မမမိတို့ ဘယ်လို စတွေ့လာတယ်ဆိုတာက ချီပြော မှ ခင် သဘောပေါက် အရည်လည်လာမှာ၊ နားထောင်နော် ... "
မေမေခင်က ဦးခေါင်းညိတ်သည်. မောင်မောင်မျိုါ်သည် သူအလွန်အမင်း ယုံကြည်ကိုးကွယ်နေ သော နောင်ဘုရားနှင့် သူ ချစ်သော မရီးတော် မိမိလေးတို့ စတင်တွေ့ဆုံရာ ဇာတ်လမ်းကို မိမိလေး ပြောသည့် လေသံ အတိုင်း မျက်စိအာရုံတွင် ရုပ်ပုံထင်လာအောင် ပြောပြလိုက်သည်။

မိမိလေးတို့ တာချီလိတ်မှာ အမှုထမ်းနေစဉ်မှာ တစ်နေ့တွင် မိမိလေးသည် မိတ်ဆွေအိမ်တစ် အိမ်ကို အလည်သွားသည်။ ထိုအိမ်ရှင်မိန်းမနှင့် မိမိလေးသည် အကြောင်းကိစ္စတစ်ခုကို ငြင်းခုံရာ မှ၊ တော်တော် ပင် အဆင်မပြေဖြစ်ကာ မိမိလေးသည် စိတ်ဆိုးမာန်ဆိုးဖြင့် အိမ်ပြန်လာခဲ့သည်။ ထိုနေ့ည မှာပင် မိမိလေး မှာ ထူးခြားဆန်ကြယ်သော ဝေဒနာတစ်ခုကပ်ရောက်လာခဲ့သည်။
မိမိလေးသည် အိမ်သို့ရောက်ပြီး မကြာမီမှာပင် ၀မ်းဗိုက်ထဲမှ မခံမရပ်နိုင်အောင် နာသည်၊ ပူလောင် သည်၊ ရပ်တည်ခြင်းငှာ မစွမ်းနိုင်တော့ဘဲ ကြမ်းပြင်ပေါ်မှာ မချိမဆန့် လူးလှိမ့်နေရတော့၏။
"မောင်ရယ် ... မိကို မကယ်နိုင်တော့ဘူးလား"

မချိမဆန့် ဝေဒနာ ခံစားနေရာမှ မိမိလေးသည် သနားစဖွယ် ပြောရှာသည်။ အန်ထုတ်လိုသည့် လက္ခဏာဖြင့် မကြာခဏ ပျို့သည်။ ပျို့လျက်နှင့် အန်ဖတ်က မထွက်သောအခါ ပိုမိုဆိုးဝါးသော ဝေဒနာ ကို ခံစားရသည်။ ဖြူဝင်းလှပသော မျက်နှာလေးမှာ ပြင်းထန်စွာ ခံစားရသော ဝေဒနာ ကြောင့် နီသွားလိုက်၊ ပြာသွားလိုက် ဖြစ်နေသည်။ ၀င်းထိန်ရွှန်းလဲ့သော မျက်လုံးမှ မျက်ရည်ပူများ ဖြိုင်ဖြိုင် စီးကျလာသည်။
"မောင်ရယ်"

လင်ယောက်ျား ကိုအောင်စိုးကို အားကိုးခြင်းကြီးစွာဖြင့် ခေါ်ရှာသည်။ အသက်တမျှ ချစ်လှသော ဇနီး၏ မချိမဆန့် ဝေဒနာခံဏားနေပုံကို မရှုရက် မမြင်ရက်အောင် ဖြစ်နေသည်။ ကိုယ်ခန္ဓာခြင်း လဲပြီး ဝေဒနာခံ လို့ ဖြစ်နိုင်လျှင်လဲ လဲလိုက်ချင်သည်။ ကိုအောင်စိုးသည် ဦးခေါင်းမီးလောင်သလို ဖြစ်ကာ သွေးရူး သွေးတန်း ထိတ်လန့်စိုးရိမ်ခြင်းကြီးစွားဖြင့် ဘာလုပ်ရမည်မသိ ဖြစ်နေသည်။ ဆေးဆရာ သွားခေါ်ရန်မှာ မိမိလေး ကို တစ်ယောက်တည်း မထားခဲ့ရက်ပေ။ ကိုအောင်စိုးသည် မိမိလေးကို ယုယကြင်နာစွာ ပိုက်ဖက် ထားလျက်ကပင် ...
"လာကြပါဦး ... ကူညီကြပါဦး၊ ကျွန်တော့်မိန်းမ သေရပါတော့မယ် ... "

ဟု အိမ်နားနီးချင်းတွေကို ဟစ်ခေါ်လိုက်လေသည်။ ကိုအောင်စိုးခေါ်သံကြောင့် အိမ်နားနီးချင်းတွေ က ပြေးလာကြသည်။ ဤလူစုထဲမှာ တစ်ယောက်သောသူက ...
"ဟာ ဒါ မရိုးဘူး ပယောဂပဲ၊ ဘယ်ဆေးဆရာမှ မခေါ်နဲ့၊ နောင်ဘုရားကို သွားပင့်မယ်"
ဟု ပြောပြောဆိုဆို အိမ်ပေါ်မှ ဆင်းပြေးသည်။ အချို့က ဆရာဝန်ခေါ်ရန် အကြံပေးသည်။ ကိုအောင်စိုး ကား ဘာလုပ်ရမည် မသိ၊ ရင်ခွင်ထဲက ဝေဒနာသည် ချစ်ဇနီးကို မျက်တောင်မတ် ငုံ့ကြည့်ရင်း ...
"ခင်ဗျားတို့ ကောင်းတယ်ထင်တာသာ လုပ်ကြပါ၊ ကျွန်တော့်ဇနီး အသက်ချမ်းသာဖို့ပဲ အရေးကြီးပါ တယ်"
ဟု အားလုံးကို ပုံအပ်နေသည်။

ဤတွင် ဆရာဝန် ခေါ်လိုသူကလည်း ကပျာကသီ ပြေးဆင်းသွားသည်။ ကိုအောင်စိုး အနေဖြင့် ကား နောင်ဘုရားဖြစ်စေ၊ ဆရာဝန်ဖြစ်စေ ဦးစွာ ရောက်လာသူလက်ထဲ အပ်တော့မည်သာ ဖြစ်၏။ ဆရာဝန် ပင့်သူ ပြန်မလာမီ၊ နောင်ဘုရားဆိုသူက လာပင့်သူနှင့်အတူ ဦးစွာရောက်လာသည်။ မြင်ရ သူအဖို့ အားကိုကြည်ညိုဖွယ်ရာ၊ ခင်မင်နှစ်လိုဖွယ်ရာ ချောမောလှပ ခံ့ညားသော နောင်ဘုရား သည် မသက်မသာ ညည်းညူနေသော မိမိလေးကို သေချာစွာ ကြည့်ပြီး အေးမြတည်ငြိမ်သော အသံဖြင့် မေးသည်။
"ဘယ်လို ခံစားရလဲ နှမကြီး"

"၀မ်းထဲက ပူတယ်၊ နာတယ်၊ အန်ချင်တယ် ... "
မိမိလေး အသံမှာ ပြောအားပင် မရှိတော့သလို လေသံသဲ့သဲ့သာ ထွက်တော့သည်။
"အစာရှိလား ... "
မိမိလေးက ဦးခေါင်းလှုပ်ရုံမျှ ညိတ်ပြသည်။

"ဘာတွေလဲ ... "
"ဟိုအိမ်က ထမင်းစားခဲ့တယ်၊ ဆိတ်သားဆီပြန်ဟင်း၊ ဆူးပန်းရွက်ချဉ်ရေ၊ နောက်ပြီး ဆိတ်နို့ သောက် အမယ်လေး ... "
လေသံမျှဖြင့် ပြောနေသော မိမိလေးသည် စကားပင် မဆုံးနိုင်ချေ။ ၀မ်းဗိုက်ထဲမှ ဝေဒနာကြောင့် မချိ မဆန့် ညည်းလိုက်သည်။
"တော်ပြီ ဆက်မပြောနဲ့တော့ နောင်ဘုရား သိပြီး၊ နှမကြီး ချမ်းသာစေရမှာပေါ့ကွယ်"

နောင်ဘုရားသည် သူ လွယ်လာသော ထူးဆန်းလှပသည့် အညိုရောင် ပိုးလွယ်အိတ်ကြီးထဲမှ ရွှေရေး ယွန်အစ်ငယ်ကလေးကို ယူထုတ်သည်။ ထို့နောက် ယွန်းအစ်ငယ်ထဲမှ ရွှေရောင်စက္ကူဖြင့် ထုပ်ထားသော အထုပ်ကို လျင်မြန်စွာ ဖြေရင်း ရေသန့်သန့်တစ်ခွက်နှင့် ပန်းကန်လုံးငယ်တစ်လုံး ကို တောင်းသည်။ ပန်းကန်လုံးငယ် ထဲ မှာ ရွှေရောင်စက္ကူထုပ်မှ ဆေးမှုန့်ကို ထည့်သည်။ ရေအနည်း ငယ်နှင့် ဖျော်ပြီး နှုတ်မှ အသံမထွက်ဘဲ လေးငါးခွန်း မန်းမှုတ်ပြီး မိမိလေးကို တိုက်သည်။ မိမိလေး သည် ထိုဆေးကို သောက်ပြီး ခေတ္တမှ ရှုံ့မဲ့ညည်းညူနေရာမှ တစ်ချက်မျှပျို့ကာ အားရပါးရ အန်ချ လိုက်လေသည်။

ထို့နောက် သက်သာဟန်ဖြင့် ကိုအောင်စိုး၏ ရင်ခွင်မှာ မှိန်းနေစဉ်၊ နောင်ဘုရားသည် လွယ်အိတ် ထဲမှ သံမဏိ ဓားတစ်ချောင်းကို ထုတ်ယူသည်။ ကိုအောင်စိုးနှင့် မိမိလေးက အထင်ကြီး အားကိုစွာ ဖြင့် နောင်ဘုရား ကို မော့ကြည့်ကြသည်။ နောင်ဘုရားက လေးနက်တည်ငြိမ်စွာသော အသံဖြင့် ကြားရသူ ကြက်သီး မွေးညင်း ထစေရန် ပြောသည်။
"ကျွန်ုပ်သည် မေတ္တာကမ္မဌာန်းကို ပွားများကာ သတ္တ၀ါများအနက်မှ ကျွန်ုပ် ကယ်ခွင့်ရသူကို ကယ်တင်ရန် ဓိဌာန်ခဲ့သည်၊ ယခုဝေဒနာသည် နှမကြီးကို ကယ်ခွင့်ကြုံသည်၊ မိုက်မဲလှစွာသော စိတ်ဖြင့် တစ်ဖက်သား ကို သေကြေအောင် အစာသွင်းသူအား ကျွန်ုပ် မေတ္တာရှေ့ထား ခွင့်လွှတ် ကာ ဝေဒနာသည်ကိုသာ ကယ်တင် မည်ဖြစ်၍ ဤနှမကြီး၏ ၀မ်းဗိုက်ထဲမှာ ကျန်နေသေးသော ဒုက္ခ ပေးမည့် သွေးပုပ်များသည် ကျွန်ပ် ဓားစကြာတန်ခိုးကို ထိစေသတည်း၊ ကျွန်ုပ်အာဏာကို နာခံစေ သတည်း"

အမိန့်ပြန်ဆို ပြီးဆုံးသောအခါ နောင်ဘုရားသည် သံပရာသီးတစ်လုံးကို တောင်းသည်။ သံပရာသီး ရသောအခါ ကိုအောင်စိုး လက်ထဲထည့်ပြီး မိမိလေး၏ ၀မ်းဗိုက်ပေါ်မှာ သံပရာသီးကို လှိမ့်စေ သည်။
"၀မ်းထဲမှာ ကျန်နေသေးသရွေ့ ရောဂါများ ဤသံပရာသီးထဲမှာ ၀င်စေ၊ သံပရာသီးကို ကျွန်ုပ် ဓားစကြာ ဖြင့် ခွဲပြမည်၊ ဒုက္ခပေးမည့် သွေးပင်းများကို ကြည့်ကြ ... "

နောင်ဘုရားက ပြောပြောဆိုဆို ကိုအောင်စိုးထံ သံပရာသီးတောင်းသည်။ အလွန်အမင်း ယုံကြည် နေပြီဖြစ်သော ကိုအောင်စိုးက သံပရာသီးကို ရိုသေစွာ လှမ်းပေးသည်။ နောင်ဘုရားသည် လူအများ ရှေ့မှာပင် သံပရာသီးကို သူ့လက်ထဲမှ သံဓားငယ်ဖြင့် ထက်ခြမ်းခွဲလိုက်သောအခါ အတွင်းသားသည် သံပရာသီး အသား မဟုတ်တော့ဘဲ ရဲရဲနီသော သွေးအတိ ဖြစ်နေသည်။ တစ်စက်စက် စီးကျနေသော အရည် များသည် သံသရာရည် မဟုတ်ဘဲ သွေးရည်များ ဖြစ်နေသည်။ ၀ိုင်းအုံကြည့်ရှုနေသော လူစု၏ အံ့သြသံ မှာ တညီတညာတည်း ထွက်လာသည်။
"ရော့ နှမကြီး ... ဒီဆေးမှုန့် နည်းနည်းထပ်သောက်လိုက်"

စောစောက ရေဖျော်တိုက်ခဲ့သော ဆေးမှုန့်ကိုပင် ထပ်တိုက်သည်။ မိမိလေးသည် အနည်းငယ် ထပ်မံ အန်ပြီးနောက် မောပန်းနုန်းခွေသည်က လွဲပြီး လူကောင်းပကတိ ဖြစ်သွားသည်။ ကိုအောင်စိုးနှင့် မိမိလေး တို့ကား နောင်ဘုရား၏ ခြေအစုံကို ဦးဖြင့်တိုက်ကာ ဦးခိုက် ပူဇော်ကြ သည်။ ထို့နောက်တွင် အသက် သခင် ကျေးဇူးရှင်ဖြစ်သော နောင်ဘုရားကို အိမ်ဦးခန်းတင်ကာ ကိုးကွယ်မှု ပူဇော်ထားရာမှ ယခု ပြောင်းရွှေ့ လာရာမှာ ကိုအောင်စိုးနှင့် မိမိလေးကို သံယောဇဉ် ကြီးလှသော နောင်ဘုရားသည် နီးနီး စောင့်ရှောက် ရန် တစ်ပါတည်း လိုက်လာခဲ့ခြင်း ဖြစ်သည်။
"ဆရာဝန် သွားပင့်တဲ့လူက ဘယ်ရောက်သွားလဲ"

မောင်မောင်မျိုး စကားဆုံးသောအခါ မေမေခင်က ခပ်ပြုံးပြုံး မျက်နှာဖြင့် မေးသည်။
"ဆရာဝန်က ခွဲလက်စ လူနာတစ်ယောက်ကို လက်လွှတ်မရတော့ မလိုက်လာနိုင်တော့ဘူး၊ လိုက်လာလဲ ဘာတတ်နိုင်မှာလဲ၊ နောင်ဘုရား အစွမ်းကြောင့်သာ မမိ အခုထက်တိုင် အသက် ထင်ရှား ရှိနေတာပေါ့"
"ဟား ဟား ဟား ဟား ... "

ဝါးလုံးခွဲသလို ရုတ်တရက် ရယ်ချလိုက်သော မေမေခင်ကို မောင်မောင်မျိုးကို လန့်သွားသည်။ အံ့အားသင့်စွာ မျက်လုံးပြူးကြည့်နေသည်။ ကိုအောင်စိုးနှင့် မိမိလေးတို့ ရန်ကုန် ရောက်လာသည့် အချိန်ကစပြီး အိမ်ထောင်ရေး စိတ်ဆင်းရဲမှု ကြုံလာခဲ့ရသော မေမေခင်သည် ယခုလို အူလိုက် သည်းလိုက် အသံကျယ်ကျယ် အော်ဟစ်ရယ်မောမည် ဝေးစွ၊ လင်မယားချင်း မျက်နှာချင်း မဆိုင် မိအောင် ကြိုးစားရှောင်ခဲ့သည်။ ယုတ်စွအဆုံး အိပ်ရာဝင်လျှင်ပင် မောင်မောင်မျိုး အိပ်ပျော် လောက်သည့် ဆယ့်တစ်နာရီ လောက်မှ ၀င်အိပ်ပြီး မနက်မိုးမလင်းမီ အိပ်ရာက ထသွားတတ် သည်ကို ကိုမောင်မောင်မျိုး သိခဲ့ပြီး ဖြစ်သည်။ မလွှဲသာ၍ မျက်နှာချင်းဆိုင်ရလျှင်လည်း ရမည်းသင်းစား သီလ၀နှင့် မောင်နှမ အရင်း တော်သလားဟု ထင်မှားရသော မျက်နှာထားမျိုးသာ မောင်မောင်မျိုး မြင်ခဲ့ရသည်။ ယခုမူ ပထမ ပြုံးသည်။ ထို့နောက် ၀ါးလုံးကွဲ ရယ်သည်။ အဘယ် မှာလျှင် မောင်မောင်မျိုး မထိတ်မလန့် ဘဲ နေပါမည်နည်း။

"ခင် ရယ်တာ ... ဘာသဘောလဲ"
မောင်မောင်မျိုးက မေမေခင် မျက်နှာကို အကဲခတ်သလို စေ့စေ့ကြည့်မေးသည်။ မေမေခင်က မျက်နှာကို တည်လိုက်ပြီးမှ ပြော၏။
"နောင်ဘုရား စွမ်းတယ်ဆိုလို့ ရယ်တာပါ"
"မမမိ ယခုထက်တိုင် ကျန်းမာနေတာ စွမ်းတာမဟုတ်လို့ ဘာလဲ၊ ကိုယ် အခု ရာထူးတက် လခတိုး တာ နောင်ဘုရား စွမ်းတာမဟုတ်လို့ ဘာလဲ"
မောင်မောင်မျိုးလေသံက မာလာသည်။

"ဒါလောက် ဘုန်းတန်ခိုးကြီးရက်နဲ့ ရှင့်အစ်ကို အလုပ်ပြုတ်လာတာ မကယ်နိုင်ဘူးလား"
"ခင့်စကားက နောင်ဘုရားကို ယုံကြည်မှုကင်းတဲ့ စကား၊ သရော်ပြောင်လှောင်တဲ့ စကားပဲ၊ ထောင်တန် တဲ့စကား ရယ်ရင်ပေါ့တယ်တဲ့၊ ခင် စကားကို စည်းကမ်းမဲ့ မပြောပါနဲ့"
မောင်မောင်မျိုး လေသံက မာရာမှ စိတ်ဆိုးသံနှောလာသည်။
"ခင် သရော်တာ မဟုတ်ဘူး၊ ရှင်တို့တတွေ နောင်ဘုရားဆိုတာကြီးရဲ့ အလိမ်မိနေကြလို့ ပြောတာ"

စိတ်ထဲက နာကြည်းခံပြင်းချက်တွေကြောင့် မေမေခင်သည် လင်ယောက်ျားကို ကိုမျိုးဟူသော ယုယချစ်ခင်သည့် အသုံးအနှုန်းမျိုး မသုံးတော့ဘဲ လက်ရမ်းလက်ဆသာ ပြောတော့သည်။ "ရှင်" ဟူသော တစိမ်းဆန်ဆန် စကားလုံးကို အစားထိုး သုံးလာခဲ့သည်။
"ခင်နော် ... ပြောလေ ကဲလေပါလား၊ ပြောစမ်း ... နောင်ဘုရား ဘယ်လိုလိမ်တယ်ဆိုတာ ပိုင်ပိုင် နိုင်နိုင် ရှိမှပြော၊ ယုတ္တိမရှိဘဲ သိက္ခာချရပြီးရော စိတ်မျိုးနဲ့ အရမ်းစွပ်စွဲရင် ကိုမျိုး သည်းမခံဘူး"
မောင်မောင်မျိုး က ဆတ်ဆတ်ထိမခံ ပြောသည်။

"ကောင်းပါပြီ ... ခင်ကလဲ လိမ်မှန်း သေသေချာချာသိလို့ ပြောတာကို သေသေချာချာ နားထောင်၊ ရှင့်မရီးတော်ကို ကျွေးလွှတ်လိုက်တယ်ဆိုတာက အောက်လမ်းပညာရဲ့ အပင်းသွင်းလွှတ် မဟုတ် ဘူး၊ ဆိတ်သားနဲ့ ဆူးပန်းရွက်ဆိုတာ လုံးဝ မတည့်ဘူး၊ ဆန့်ကျင်ဘက်ဓာတ်တွေ၊ နှစ်ခုရောစားရင် အဆိပ် ဖြစ်လာတယ်၊ ဆိတ်သားဟင်း ဆူးပန်းရွက်ဟင်းရောစားပြီး ဆိတ်နို့ သောက်လာတယ် ဆိုတော့ အဆိပ် မဖြစ်ရင် ခံနိုင်မလား၊ မယုံရင် မြန်မာဆေးပညာကို ကျွမ်းကျင်တဲ့ သမားတော်ကြီး တွေ မေးကြည့်၊ အဲဒါမှ မယုံသေးရင် ရှင်ကိုယ်တိုင် ချက်ပြီးစားကြည့်ပါလား ... အကြောင်းသိရ အောင်"
မောင်မောင်မျိုးက ရုတ်တရက် ဘယ်လိုပြန်ချေရမှန်း မသိဘဲ၊ မေမေခင် မျက်နှာကို ငေးကြည့်နေ ပြီးမှ ပြန်ပြောသည်။

"ဘာပဲဖြစ်ဖြစ် နောင်ဘုရားရဲ့ မန်းမှုတ်ကုသတဲ့ ဆေးက စွမ်းတာ အမှန်တဲ့၊ နောင်ဘုရား ဘယ်လောက် သဘောထားမြင့်မြတ်သလဲဆိုတာ မမမိကို အစာသွင်းလွှတ်တဲ့ အိမ်ရှင်ကို မေတ္တာ ထား ခွင့်လွှတ် ရမယ်လို့ တရားပြတာကြောင့် ကိုကိုနဲ့ မမမိက သည်းခံခဲ့ကြတာ"
"မိပြန်ပြီ တစ်ချက်"
မေမေခင်က ဆို၏။

"ဘာမိတာလဲ"
မောင်မောင်မျိုးက မကျေမနပ် ဆိုသည်။
"အလိမ်မိတာလေ၊ ရှင့်အစ်ကိုနဲ့ မရီးက ထမင်းကျွေးလွှတ်တဲ့ အိမ်ရှင်ကို လက်တုံ့ပြန်ရင် အရေးယူ တိုင်ကြားရင် ရှင့်မရီး စားသောက်လာတဲ့ ဟင်းတွေကို ဓာတုဗေဒက စစ်မှာကိုး၊  အဲဒီတော့ ရောစားလို့ မသင့်တဲ့ အစာရိုးရိုးဖြစ်ကြောင်း ပေါ်လွင်လာမှာပေါ့၊ အဲဒီတော့ သူ့မန်းမှုတ် ဟန်ဆောင် တိုက်တဲ့ ဆေး ဟာ ဘာလဲဆိုတာ လူတွေ သိကုန်မှာကိုး၊ ဒါကြောင့် တရားရေအေး တိုက်ကျွေး တာပေါ့"
"နောင်ဘုရားရဲ့ အစွမ်းထက်တဲ့ဆေးကို ခင်က မရှုတ်ချပါနဲ့၊ သူ မမန်းမမှုတ်ဘဲ စွမ်းမလား"

"အမယ်လေး စွမ်းပါသော်ကောရှင်၊ ဒီမှာ ... ရှင် မြန်မာဖြစ်ရက်နဲ့ မြန်မာ့အဖိုးတန် စာပေတွကို မဖတ်ဘူး သေးတော့ နောင်ဘုရား ဆိုတာကြီး လိမ်သမျှ ယုံနေရတာပေါ့၊ ဒီမှာ ... ရတနာကောသ ကျမ်းဆိုတဲ့ ကျမ်းစာအုပ် ကို ရှင် သေသေချာချာ ဖတ်စမ်း၊ ရှင် အလိမ်ခံရတာ သိလာလိမ့်မယ်"
မောင်မောင်မျိုး စိတ်တိုလာသည်။
"ပြောစမ်းပါ ခင့် ကျမ်းစာတော်ကြီးက ဘယ်လိုဆိုထားလို့လဲ"

"ရတနာကောသကျမ်းထဲမှာ အောင်မဲဖြူ၊ အောင်မဲညို အောင်မဲနီ ဆိုတဲ့ အဖိုးတန် ပန်းသုံးမျိုး ရှိတယ်။ ဒီပန်းသုံးမျိုး အခြောက်လှမ်း အမှုန့်ကြိတ် စားသုံးရင် ကိုယ်ခန္ဓာ ယောင်ရမ်းတာ၊ လည်ချောင်းနာတာတွေ ပျောက်တယ်၊ အစားမှားလို့ အဆိပ်ဖြစ်တာကို နိုင်တယ်၊ ရှင့်မရီး အစာ အဆိပ်ဖြစ်တာကို ဒီပန်းခြောက်မှုန့် တိုက်လိုက် တာပေါ့၊ အဆိပ်ဖြစ်နေတဲ့အစာတွေ အကုန်ပြန်အန် ထွက်သွားတယ်၊ ၀မ်းလျှော သွားတယ် ဆိုရင် ဘယ်မှာ သေနိုင်တော့မလဲ"

"ဒါဖြင့် သံပရာသီးထဲက သွေးတွေ ထွက်လာတာကရော"
မေမေခင်က ချက်ကျကျ ပြောနေသည်များ မချေပနိုင်သည်တွင် မောင်မောင်မျိုးက မေးခွန်းတွေ သာ ထုတ်နေသည်။
"ရှင်ဟာလေ ခေတ်ပညာတတ်တစ်ယောက် ဖြစ်ရက်နဲ့ ဘာကြောင့် မစူးစမ်းဘဲ အရမ်းမဲ့ ယုံနေရ တာလဲ၊ ခေါင်ရန်းပန်း ဆိုတာရော သိလား"
"သိတယ် ... အဲဒါ ဘာဖြစ်လဲ"

"ခေါင်းရန်းပန်းပွင့်က အရောင်မျိုးစုံ ရှိတယ်၊ အနီရောင် ခေါင်ရန်းပွင့်ကို ဓားသွားနှစ်ဘက်လုံးမှာ နေ့တိုင်းတိုက်ပေး၊ အနည်းဆုံး တစ်နေ့ လေးငါးကြိမ်ပေါ့၊ ဖြစ်နိုင်ရင် အကြိမ်များများပေါ့၊ စိတ်ရှည် ဖို့ လိုတယ်၊ စိတ်ရှည်မှလဲ သူများကို ပိပိရိရိ လိမ်နိုင်မှာ မဟုတ်လား၊ သုံးနှစ်လောက် ခေါင်ရန်းပန်း ပွင့်အနီနဲ့ နေ့တိုင်း တိုက်ပေးထားတဲ့ ဓားကို သံပရာသီးလှီးကြည့်၊ သံပရာသီးက သွေးရောင်လို နီ သွားတယ်၊ ဘယ်လိုဓာတ်မျိုး ၀င်သွားတယ်ဆိုတာတော့ ခင် မရှင်းတတ်ဘူး၊ လိမ်ချင်တဲ့ ပယောဂ ဆရာတွေ၊ မျက်လှည့် ဆရာတွေ လက်သုံး အဖိုးတန်နည်းပဲ၊ ရှင့် နောင်ဘုရားဆိုတာကြီးက အဲဒီ နည်းနဲ့လိမ်တာ၊ မယုံရင် သူ့ဓားကို ရအောင်တောင် လာခဲ့၊ ရှင်ကိုယ်တိုင် သံပရာသီး ရွေးကိုင်ပြီး လှီးကြည့်ပါလား"

မောင်မောင်မျိုး ဘာပြန်ပြောရမှန်း မသိတော့ချေ။ မေမေခင် စကား နားဝင်သဘောပေါက်၍ကား မဟုတ်။ သူကိုယ်တိုင်ရော အစ်ကိုရော မရီးရော ယုံကြည်လွန်း၊ ကြည်ညိုလွန်းနေသော နောင်ဘုရား၏ အစွမ်း တွေကို ထိခိုက် ပုခတ် ပြောနေသော မေမေခင်ကို သူ ဘယ်လို နည်းသုံးပြီး နိုင်အောင် ချေပါမည်လဲဟု အချက် ရှာမရဘဲ ဖြစ်နေသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, September 26, 2010

သဒိုး အပိုင်း (၄)

ဒိုးကလေးက လှည်းကြုံတောင် တင်ပေးလိုက်သေးတာပါ။ ပန်းညိုက လှည်းနောက်မြီးမှာ တင်ပလွှဲ ကလေးတိုင်ရင်းက အစ်ကို သွားမနော တဲ့။
သည့်နောက်တော့ တစ်ပတ်တစ်ရက်တန်သည် နှစ်ရက်တန်သည် ကုက္ကိုကုန်း ကို ပန်းညို ရောက်လာ တတ်တယ်။ ရောက်လာတိုင်းလည်း ဒိုးကလေးရှိတာချည်းပဲ။ ပန်းညိုက သူလာမယ့် ရက်ကြို ပြောထား တော့ ဒိုးကလေးက ဘယ်ရွာမှ မသွားတော့ဘူး။ ပန်ညိုနောက်ကျရင် တောင်မျှော် တတ်ပြီ။ ပန်းညို လာတော့လည်း ရွာထဲက အိမ်ပေါက်စေ့ သူပဲလိုက်ပို့တယ်။ စပ်ရောင်းပေးတယ်။ ဒိုးကလေး ကိုယ်တိုင်လည်း အမဲသားတစ်တွဲ ယူဖြစ်အောင်ယူတော့ တစ်အိမ်လုံး အမဲညှင်းတွေနဲ့ ဖြစ်ကုန်ပြီး။

"ငဒိုးရေ....အမေတို့လည်း အမဲညှင်းတွေများနေပြီး...... ငါ့သားမလဲ ပန်းညိုပါ ညှင်းချင်နေပြီ လားဟဲ့.. .. မုဆိုးမတော့ မမှန်းလိုက်ပါနဲ့တော်........ သားသတ် ဖားသတ်နဲ့ အကုသိုလ်ကြီး သဲ့ဟာတွေ ရပ်တန်း က ရပ်တော့..."
"အမေက လုပ်ကရော့မယ်....... သနားလို့ပါဗျ..... ကျုပ်ကကော ယူမှာတဲ့လား.... မဟုတ်တာ"
"ယူမယူတော့ မပြောတတ်ဘူး...... တစ်ရွာလုံးက ပြောကြလှပြီ...... အမဲသားသည်ကတော်တော် တော့်သားက ရှေ့နောက်နေသာတဲ့။ မယူချင်လို့လည်း မရဘူးတဲ့........ ဒိုးကလေးဇွတ်ရောင်း လို့ ၀ယ်ရသာ များပတဲ့....... ကောင်းရော့လား...... မင်းဟာက......"

"သူတို့ဝယ်တော့ စားရသာပေါ့ဗျာ......... သူဟာသူ့ ဈေးလာရောင်းတာ ရောင်းပါစေဗျာ....... ခမျာ ကျုပ် တို့ အားကိုးရှာလို့ လာသာပါ အမေရာ....."
"အားကိုးရှာလို့ ပြောနေသာဟဲ့....... တစ်သက်လုံး ဘုန်းကြီးလိုနေလာပြီး အမဲသားသည် ကျမှ ဓာတ်ကျ........ မင်းမလည်း ခုမှ အိမ်မြဲတော့သယ်....."
"ခက်ပါ့ ကောဗျာ"

ခက်ပါ့ကော်ဗျာ၊ ခက်ပါ့ကောဗျာနဲ့ ရှေ့လည်းစကားမစဆတ်တတ်တော့ဘူး။ ဟုတ်တော့လည်း ဟုတ်ပါရဲ့။ ဒိုးကလေး၊ ဒိုးကလေးနဲ့ ရွာ့အပျို နုနုထွတ်ထွတ် ကလေးတွေကြား ရေပန်းစားနေရာက ကြိုက်မယ့်ကြိုက်တော့ အမဲသားသည် မုဆိုးမ သားတစ်ယောက်အမေကို ကြိုက်မိနေပါပကော။ ဒိုးကလေးစိတ်ထဲ ရွာဆယ်ရွာ မိန်းမချော ပြိုင်ပွဲများလုပ်ရင် ပန်းညိုက ပထမဆု ရမယ်လို့ တောင် ထင်မိတယ်။ ရွာကတော့ ရစရာမရှိအောင် ပြောကြတာပေါ့။ ရွာအပျိုတွေက အဆိုးဆုံး။ ဒိုးကလေး များပြော လိုက်ကြတာ နှစ်ပြားမတန်ဘူး။

"ဒိုးကလေး ဒိုးကလေးနဲ့ သံဒိုးမဟုတ်ပေါင်အေ....... ခုံဖိနပ်ပြီးတို ဒိုးပါ..... အိုးခြမ်းကွဲဒိုးပါ...... တစ်ရက်က ရေတွင်းမှာ အိုးပင့်ပေးရ မလားတဲ့ လုပ်းသေးသာ......... ကျုပ်ဟာကျုပ် ပင့်နိုင်သယ် အမဲသားစော် နံမစိုးလို့ လို့ပြောလိုက်သယ်........."

"ငါကကော ဘာထူးတုန်း......... လမ်းမှာတွေတော့ ငါက ဟိုဘက်ရှောင် သွားလိုက်သယ်....... ဒိုးကလေး က ဘယ်လိုဖြစ်သာ တုန်ဟတဲ့.... ယင်ကောင်တွေအုံလို့တော်ရေလိုက် ပြန်ပက်လိုက် တော့....... အံမယ်...... မျက်စိမျက်နှာတွေများ ပျက်လို့......."

ဒိုးကလေးအဖေ ဘကြီးပျားအုံကလေည်း ဆုံးမရှာပါရဲ့။ မရပါဘူး။ ဒိုးကလေးက ပန်းညိုမလာတဲ့  ရက်တွေဆိုရင် ညောင်ကားယားမှာ။ ပန်းညိုလာမယ့် ရက်များမတော့ ကုက္ကိုကုန်းမှာ။
"သဒိုးသမီးကလည်း ဖြစ်ရသေး...... လင်သေမုဆိုးမကည်း ဖြစ်ရသေး...... ကလေးတစ်ယောက် ကလည်းပါသေး......... အမဲသားလည်ရောင်းရတဲ့ မိန်းမကလည်း ဖြစ်သေး... မင့်ဟာက န၀ါဖင်ဖြူပါ ကောကွာ..... လူခိုက်ဖို့ ရှိတော့သာပါလား....."

ဖအေပြောလည်း ပြောပြောပါ။ နောက်ရက်တွေမျာ ပန်းညို ကုက္ကိုကုန်း မရောက်လာတော့ဘူး။ ဒိုးကလေးလည်း ရွာပြန်မရောက်တော့ပါဘူး။ ဒိုးကလေးနဲ့ ပန်းညိုညောင်ကားယားမှာ ပေါင်းနေကြ ပြီဆိုတဲ့သတင်းပဲ ရောက်လာခဲ့တယ်။ မအေ ဒေါ်မှုံကြီးမျး မတ်တတ်က ပစ်လဲတဲ့ အထိ စိတ်ထိ ခိုက် ရှာခဲ့တယ်။ ဘကြီးပျားအုံကတော့ မအေဖြစ်သူကိုပဲ အပြစ်တင်တာပါ။ ဆုံးမတိုင်း ရှေ့က ကာဆီးကာဆီ လုပ်ခဲ့တာ မဟုတ်လား။

"အမဲသားသည်နဲ့ ညားတော့ည်း ၀မ်းတွင်းသား စားရသာပေါ့ မယ်မှုံရာ........"
ဖအေက သည်လိုအရွဲ့စကာလောက် ပြောနိုင်တော့တာပါ။ မိဘရယ်လို့ ဒိုးကလေးကို ဘယ်တုန်းက မှ ပြောလို့ဆိုလို့ မရခဲ့တာ၊ ခုမှပြောလို့လည်း မရတော့ဘူး ဆိုးတာသိကြပြီကိုး။ ဖြစ်သမျှအကြောင်း အကောင်းလို့သာ သဘောထားလိုက်ကြရတော့တာ ပေါ့လေ။ ဒိုးကလေးကတော့ ဖအေမအေ ကိုရော ရွာကိုရော ပြန်စောင်းတောင် မကြည့်တော့ပါဘူး။ ကုက္ကို ကုန်းရွာသားဘ၀ကနေ ညောင်ကားယားရွာသား တဖြစ်လဲ သွားတာပဲ ရိှတယ်။

ရွာကလည်း သည်ကိစ္စ အေးအေးဆေးဆေးရှိမှ ပြန်စဉ်းစားကြတယ်။ ဒိုးကလေးက လူပေါ်ကြော့်ပဲ။ ဘယ်ဟာများ လက်ကြောတင်းခဲ့လို့လဲ။ မိဘခမျာ အိုကြီးအိုမ ဘ၀သာရောကြရော၊ ရေတစ်ပေါက် ခပ်မတိုက်ခဲ့ဖူးဘူး။ ထင်းတစ်ပွေ့ ခွေမပေးခဲ့ဘူးဘူး။ မနက်မိုးလင်းတာနဲ့ ပိုဆိုးဒယဥ့်တိုက်နဲ့ ထွက်တော့တာ မဟုတ်လား။ ရွာတစ်ရွာ သုံးရက်နဲ့ ရွာဆယ်ရွာ တစ်ပတ်ပတ်တာနဲ့ တစ်လကုန် ရောဆိုတဲ့လူ။ ဆယ်နှစ်ပတ် ပတ်တော့ တစ်နှစ်။ သည်လိုနဲ့ သည်အရွယ်ကြီးသာ ရောရော၊ ရွာရိုး ကိုးပေါက်နဲ့ ပြီးရတာ ကြာလှပေါ့။

ဘာလုပ်နေမှန်းလည်း မသိ၊ ဘာဝင်ငွေမှာလည်းမရှိ။ မိဘများ ပင်ပငန်းတကြီး ရှာဖွေထားတဲ့ ပိုက်ဆုံ ခါးထိုးပြီး ဖြုန်းနေတာပဲ မဟုတ်လား။ မြို့သားဂိုက် ဖမ်းထား တဲ့ တောသားယောင်ချာချာဆိုတာ ပန်းညိုကို ယူတော့မှ မြင်လာကြတယ်။

မိန်းကလေးတွေခများလည်း သည်လိုပဲ တွေးကြတယ်။ တို့စိတ်ကူးယဉ်ခဲ့တဲ့ ဒိုးကလေးဆိုတာ လက်စသပ်တော့ လဲမှို့လို လွင့်နေတဲ့ လူပါဘားပေါ့။ ညည်လိုတွေးမိကြတော့လည်း ဒိုးကလေး မုဆိုးမယူတာကို မနာကြာတေ့ပါဘူး။ တန်ရာ တန်ရာ ရတာပဲလို့ တွေးကြတယ်။ မိဘနှစ်ပါးက တော့ သူတကာတွေ တွေးသလို ဘယ်တွေးပါ့မလဲ။ သားကိုး။

ကိုယ့်သားအချိုး ဟုတ်တာ မဟုတ်တာထား။ မုဆိုးမနဲ့ ညားတာကျတော့ စိတ်ထဲမကောင်းကြဘူး။ ဒင်းတို့ လင်မယား ကုက္ကိုကုန်းကို ခြေမချရဘူး၊ မိဘနှစ်ပါး သေတာတောင် မလာရဘူးလို့ လူကြုံနဲ့ မှာလို့ကြတယ်။ ဒိုးကလေးကလည်း မပူပါဘူး။ အလကားနေရင်းတောင် ကုက္ကိုကုန်း ကပ်တာမှ မဟုတ်တာ။ ပန်းညိုကို ယူတေ့ကော ဘယ်သူက ဘာနာစရာလိုလို့လဲလို့ ခံယူထားပြီးသား။ ကိုက္ကိုကုန်း မကပ်ရ နေပေါ့။ ရွာကိုးရွာတောင် ကျန်သေးတဲ့ဟာ သွားပါလေ့ဗျာလို့တောင် စကားပြန်လိုက်သေး တာပါ။

ဆက်ရန်
.
စာဖတ်သူများ သို့

သဒိုး ဆက်ရန် ကိုတော့ နောက် တပတ် ၁ဝရက် လောက်နေမှ တင်နိုင်ပါမယ်ဗျာ... အခန်း ဆက်ဖြစ် နေတာ မထွက်သေးလို့ပါ.. ။

ကျနော် တင်မဲ့ စာအုပ်တွေကို ကျနော့် ကလေး တွေ ကို တအုပ်ခြင်းစီ ပေးထား ရပါတယ်.. သူတို့ အားတဲ့ အချိန်မှာ တနေ့စာတနေ့ အလျှင်မှီအောင် ရိုက်ပေးကြပါတယ်... တချို့လည်း စာရွက်တွေ နဲနဲ ပိုနေပေမဲ့ ကျနော့် ကို နောက်နေ့ အလုပ်ရှုတ်မှာ ဆရာမ ရှိတာလေး ချွေတင်ပါ လို့ ပြောပါတယ်.. အင်း တနေ့လုပ်မှ တနေ့ စားလေးလို့သာ မှတ်လိုက်ပါတော့...။

ကြားဖြတ် ကျနော် တင်ချင်တဲ့ စာမျိုးကိုတော့ ရိုက်သင် ကလေး တွေကို အားရင် ရိုက်ခိုင်းရပါတယ်....။

ဟိုနေ့တွေက တင်ရမဲ့ စာတွေနည်း နေတဲ့ အတွက် ရိုက်ပြီးသား ရှိတဲ့ စာကို ရောတင် လိုက်တာပါ... အားနာ ပါတယ်ဗျာ ထွက်ထွက်ခြင်း တင်လိုက်ပါ့မယ်..။

လေးစားစွာဖြင့်
ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>