Tuesday, September 28, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၂၉)

အခန်း(၂၉)

ဗိုလ်ချုပ်ဖွန်ဂါဘီရာ ယာယီနေထိုင်သည့်အခန်းတွင် သူနှင့် ရုရှဗိုလ်မှူးကြီး ဘူခါရင်တို့ ထိုင်နေ ကြလေသည်။
သူတို့နှင့် မျက်နှာချင်းဆိုင်ဘက်တွင် ခုံတန်းတစ်ခု ချထားသည်။
လက်နက်ကိုင် အစောင့်များသည် တွန်ဂါတာအား ပွေ့ချီခေါ်လာပြီးနောက် ခုံတန်းရှည်တွင် ထိုင် စေလေသည်။

တွန်ဂါတာမှာ အားပြတ်နေသော်လည်း သတိမလစ်သဖြင့် သူ့အား ကူညီဖေးမ၍ တွဲထားသူ စစ်သား များ၏ လက်ကို ခပ်ကြမ်းကြမ်းတွန်းဖယ်ပစ်လိုက်သည်။
ထို့နောက် သူ၏ ရှေ့တည့်တည့်တွင် ထိုင်နေသူ ဖွန်ဂါဘီရာနှင့် မျက်နှာဖြူလူကြီး (ဘူခါရင်)အား ခပ်တည်တည် စိုက်ကြည့်နေလိုက်သည်။

ဖွန်ဂါဘီရာက ရှိုနာအမျိုးသား ကက်ပတိန်အား တစ်စုံတစ်ခု အမိန့်ပေးလိုက်ပြီးနောက် စစ်သား တစ်ယောက်သည် အညံ့စား စောင်တစ်ထည်ယူထား၍ တွန်ဂါတာ၏ပခုံးတွင် လွှမ်းခြုံပေးလိုက် သည်။
ဖွန်ဂါဘီရာက ရှိုနာဘာသာဖြင့် နောက်ထပ် အမိန့်ပေးလိုက်ပြန်သည်။ ထိုအခါ ကက်ပတိန်သည် အပြင်ဘက်သို့ ထွက်သွားပြီး ပြန်ဝင်လာသောအခါ လင်ပန်းတစ်ခုတွင် ဗော့ဒ်ကာအရက် တစ်ပုလင်းနှင့် ၀ီစကီ တစ်ပုလင်း၊ ဖန်ခွက်တစ်လုံး၊ ရေခဲများနှင့် ချိုင့်တစ်ခုကိုပါ ယူဆောင်ထားလေ သည်။

တွန်ဂါတာသည် အလွန်ရေငတ်နေသူ ဖြစ်သော်လည်း ရေချိုင့်ကို လုံးဝလှမ်းမကြည့်ဘဲ နေ၏။ သူ သည် စိတ်ကို ချုပ်ထိန်းလျက် ဖွန်ဂါဘီရာ၏ မျက်နှာကိုသာ စူးစိုက်ကြည့်နေလိုက်သည်။
"ဟုတ်ပြီ ဒါမှ ကျုပ်တို့ဟာ လူမည်းတို့ရဲ့ ထုံးတမ်းစဉ်လာနဲ့ ညီညွတ်မယ်။ ရဲဘော်ဝန်ကြီး တွန်ဂါတာက ရှိုနာဘာသာ စကားမတတ်ဘဲ အလွန်တောကျတဲ့ မာတာဘယ်လီဘာသာပဲ တတ် ကျွမ်းလေတော့ ကျုပ်တို့ အားလုံး နားလည်တဲ့ အင်္ဂလိပ်ဘာသာစကားနဲ့ပဲ ပြောကြမယ်"

ဤသို့ပြောရင်း ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် ဗော့ဒ်ကာနှင့် ၀ီစကီအရက်ကို ဖန်ခွက်များထဲ ငှဲ့ကာ ရေခဲတုံး များပါ ထည့်လိုက်သည်။
အလွန်ရေငတ်နေသူ တွန်ဂါတာအဖို့ ယမကာခွက်များကို မြင်လျှင် သောက်ချင်စိတ် ဖြစ်ပေါ်လာမိ သော်လည်း စိတ်ကို ချိုးနှိမ်ကာ ဖွန်ဂါဘီရာ၏ မျက်နှာကိုသာ စိုက်ကြည့်နေလေသည်။
ဖွန်ဂါဘီရာ သည် တွန်ဂါတာအား ကြည့်၍ စကားပြောလေသည်။

"အခုဟာက ဆွေးနွေးညှိနှိုင်းပွဲ သဘောမျိုးပါပဲ။ ဟောဒီပုဂ္ဂိုလ်က (မျက်နှာဖြူ လူကြီးအား ညွှန်ပြ လျက်) အာဖရိကတိုက် သမိုင်းသုတေသီတစ်ဦး ဖြစ်တယ်။ သူ့အနေနဲ့ အာဖရိကတိုက်ကြီး အကြောင်း ရေးသားထားသမျှ စာအုပ်စာတမ်း အားလုံးကို ဖတ်ရှုလေ့လာထားပြီးပြီ။ ဒီမယ် တွန် ဂါတာ ခင်ဗျားဟာ မာတာဘယ်လီ လူမျိုးရဲ့ ခေါင်းဆောင် ကူမာလိုအဆက်အနွယ် ဖြစ်တယ်။ ဒီ ခေါင်းဆောင်တွေနဲ့တကွ မာတာဘယ်လီ လူမျိုးတွေဟာ ဒီနယ်မြေရဲ့ တရားဝင်ပိုင်ဆိုင်သူ ရှိုနာ များအပေါ် အစဉ်တစိုက် နှိပ်စက် ညှဉ်းပန်း ခဲ့တယ်။

တိုက်ခိုက် အနိုင်ကျင့်ခဲ့ကြတယ်။ အခု ကျုပ် ပြောမယ့်အကြောင်းတွေကို ခင်ဗျားတို့နှစ်ယောက်စလုံး သိကောင်း သိနေပါလိမ့်မယ်။ သို့သော် လည်း စိတ်ရှည်ရှည်ထားပြီး နားထောင်စေချင်ပါတယ်"
ဖွန်ဂါဘီရာသည် စကားကို ခေတ္တဖြတ်၍ ၀ီစကီအရက်အနည်းငယ် သောက်လိုက်သည်။
ရုရှလူမျိုး ဘူခါရင်နှင့် တွန်ဂါတာတို့ကမူ ဘာမှမပြောဘဲ ဆိတ်ဆိတ်နေကြရာ ဖွန်ဂါဘီရာသည် သူ ၏ စကား ကို ဆက်ပြောလေသည်။

"ရေလည်အောင် ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာ့ငါးဆယ်က အတိတ်ကို ပြန်သွားရပါ မယ်။ အဲဒီတုန်းက ဇူးလူးလူမျိုး ဘုရင်ချာကာရဲ့ လူယုံတော် အချစ်တော် ဖြစ်သော်လည်း စစ်တိုက် ရလို့ ရရှိခဲ့တာတွေကို ချာကာဘုရင်ကို မပေးအပ်ခဲ့ဘူး။ သူ့နာမည်က မီဇီလီကာဇီလို့ခေါ်တယ်။ သူဟာ ဇူးလူးအနွယ် ကူမာလိုတိုင်းရင်းသားလူမျိုး အုပ်စုဝင် မာရှိုဘာနီရဲ့သား ဖြစ်တယ်။ ဒီလူက ပထမဆုံး မာတာဘယ်လီ လူမျိုး ဖြစ်တယ်လို့လည်း ဆိုနိုင်တယ်။

အလျဉ်းသင့်လို့ ပြောရမယ်ဆို ရင် ဒီလူဟာ သူကတစ်ဆင့် ပေါက်ဖွားလာတဲ့ မာတာဘယ်လီ လူမျိုး တွေကို သူ့ရဲ့အကျင့်စရိုက် တွေ အမွေပေးခဲ့တယ်။ သူကိုယ်တိုင်က လူတွေဆီက တိုက်ခိုက် လုယက်တဲ့ အပြင် လူသတ်သမား မုဒိမ်းသမားတစ်ဦးလည်း ဖြစ်တယ်၊ သူခိုးလည်း ဖြစ်တယ်။ သူ့ဘုရင်ဆီကတောင် ပြန်ခိုး ခဲ့တဲ့လူ ဖြစ်တယ်။ စစ်တိုက်လို့ရတဲ့ ပစ္စည်းတွေကို ချာကာဘုရင်ရဲ့ ဝေစု မပေးဘဲ နေခဲ့တာဟာ ခိုးတာ နဲ့ ဘာထူးသလဲ။ တကယ်တော့ မီဇီလီကာဇီဟာ သတ္တိမရှိဘဲ သူရဲဘောကြောင်သူ ဖြစ်တယ်။ ချာကာ ဘုရင်က သူ့ကို အရေးယူဖို့ အခေါ်လွှတ်လိုက်တော့ မလာဘဲ ထွက်ပြေးလမ်းရှောင်သွားခဲ့တယ်"

ဤနေရာတွင် ဖွန်ဂါဘီရာသည် တွန်ဂါတာအား ပြုံးလိုက်ပြီးမှ ဆက်ပြောသည်။
"ဒါကြောင့် မာတာဘယ်လီလူမျိုးတို့ စတင်ပေါက်ဖွားခဲ့တဲ့ မီဇီလီကာဇီဟာ သူခိုး၊ ဓားပြ၊ လူသတ် သမား၊ သူရဲဘောကြောင်သူ ဖြစ်တယ်။ သူကတစ်ဆင့် ပေါက်ဖွားခဲ့တဲ့ မာတာဘယ်လီ လူမျိုးအား လုံးဟာလည်း တောက်လျှောက် ဒီလို စရိုက်မျိုးရှိခဲ့တာဟာ ဒီနေ့အထိပဲ ဆိုပါတော့။

"ဒါနဲ့ပဲ ဒီလူဟာ သူ့ဘက်ပါတဲ့ ဇူးလူးလူမျိုး စစ်သည်တချို့နဲ့အတူ မြောက်ဘက်ကို ထွက်ပြေးလာ ခဲ့တယ်။ သူသွားရာ လမ်းတစ်လျှောက်က အင်အားနည်းတဲ့ တိုင်းရင်းသားလူမျိုး အုပ်စုငယ်တွေကို လည်း တိုက်ခိုက် နှိပ်စက်ခဲ့တယ်။ ဒေသခံကျေးရွာတွေကလည်း ကျွဲနွားတိရစ္ဆာန်တွေ၊ မိန်းမပျို ကလေး တွေ ကိုလည်း ဖမ်းခေါ်သွားတယ်။ မီဇီလီကာဇီနဲ့ အပေါင်းပါ မာတာဘယ်လီလူရမ်းကား တွေ လက်ချက်နဲ့ အပြစ်ကင်းမဲ့သူတွေ သိန်းချီပြီး သေဆုံးခဲ့ရတယ်လို့လည်း အဆိုရှိခဲ့တယ်။

ဒီလို နဲ့ ကြမ်းချင်တိုင်းကြမ်း၊ ရမ်းချင်တိုင်းရမ်းပြီး မြောက်စူးစူးဘက်ကို ထွက်လာလိုက်တာ တစ်ချိန်ကျ တော့ အနောက်တောင်ဘက်ကလာတဲ့ ဘိုးဝါးလူမျိုးတွေနဲ့ ဆုံခဲ့တယ်။ ဘိုးဝါးတွေဆိုတာက သူ့ ထက်တောင် ပိုပြီး သတ်ရဲဖြတ်ရဲတဲ့ လူတွေဖြစ်တယ်။ မီဇီလီကာဇီရဲ့ နောက်လိုက်တွေကို ဘိုးဝါး လူမျိုး တွေက ရက်ရက်စက်စက် သတ်ဖြတ်လိုက်ကြတယ်။ မီဇီလီကာဇီကတော့ သတ္တိကြောင်သူ ပီပီ မြောက်ဘက် ကို ထွက်ပြေးတယ်"
ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် ဖန်ခွက်ထဲမှ ရေခဲတုံးများကို လှုပ်၍ သောက်လိုက်ပြီးနောက် စကား ဆက်ပြန် လေသည်။

"မီဇီလီကာဇီဟာ မြောက်ဘက် ဆက်သွားရင်း လင်ပိုပိုမြစ်ကို ဖြတ်ကျော်လိုက်တော့ အလွန်သာ ယာပြီး နေချင့်စဖွယ်ကောင်းတဲ့ မြေယာတွေကို သွားတွေ့ရတယ်။ စိမ်းလန်းစိုပြည်တဲ့ မြက်ခင်းပြင် ကြီးတွေရှိပြီး ရေကောင်းရေသန့်လည်း အလွန်ပေါတဲ့ နေရာမျိုး ဖြစ်တယ်။ အဲဒီနေရာမှာ နေထိုင် သူ ဒေသခံလူမျိုးတွေကတော့ တစ်ချိန်က မြို့ကြီးပြကြီးတွေ တည်ဆောက်နိုင်ခဲ့သူ လူမျိုးတစ်မျိုး ရဲ့ အဆက်အနွယ်တွေ ဖြစ်တယ်။ ဒါပေမဲ့ မီဇီလီကာဇီက ဒီလူတွေကို အထင်သေး ရှုတ်ချရုံမက တိရစ္ဆာန်တွေလို သဘောထား ဆက်ဆံခဲ့တယ်။

လူတွေကို တောလိုက်အမဲပစ်သလို အကြောင်း မဲ့သက်သက် သတ်ပစ်ခဲ့တယ်။ မသတ်ဖြစ်တဲ့ လူတွေကိုတော့ သူတို့ မာတာဘယ်လီ စစ်သည် တွေခိုင်းဖို့ ငွေဝယ်ကျွန်အဖြစ် ဖမ်းဆီးနှိပ်စက်ခဲ့တယ်။ ဒေသခံ မိန်းကလေးတွေကိုလည်း စော်ကား တယ်၊ အဓမ္မသိမ်းပိုက်တယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က မိန်းကလေးတွေ ကိုယ်ဝန်ရှိပြီး သားသမီး မွေးလာရင် ယောက်ျားလေးဆိုရင် ကြီးလာတဲ့အခါ သူတို့ဘက်က စစ်တိုက်ဖို့ စစ်သည်အသစ် တွေ ဖြစ်လာနိုင်တယ်လို့ ယူဆသတဲ့။ ဒီအချက်တွေကို ခင်ဗျားက အာဖရိကတိုက် သမိုင်းလေ့လာ ခဲ့သူအနေနဲ့ သိပြီး ထင်ပါတယ်"
ဖွန်ဂါဘီရာက အဆုံးသတ်စကားကို ထိုရုရှဗိုလ်မှူးကြီးဘက်သို့ လှည့်၍ ပြောလေရာ ဘူခါရင်က လည်း ခေါင်းညိတ်လိုက်သည်။

"သိသင့်သလောက် သိပါတယ်။ ဖြစ်ပျက်ခဲ့တာတွေကိုလည်း သိပြီး ဖြစ်ပါတယ်။ သို့သော်လည်း ခင်ဗျား သုံးသပ်ပြသလိုတော့ ကျုပ်မသုံးသပ်မိဘူး။ ခင်ဗျားက ရှုထောင့်တစ်ခု က အမြင် နဲ့ ပြောတာ ကိုး။ ကျုပ် အခုစဉ်းစားကြည့်တော့ သမိုင်းဆိုတာ ဖြစ်ရပ်မှန်တွေချည်း မှတ်တမ်းတင်ထားတာ မဟုတ်ဘဲ စစ်ပွဲအောင်နိုင်သူတွေက သူတို့လိုရာ ဆွဲရေးကြတာဘဲလို့ မြင်လာမိတယ်။
ဘူခါရင်၏ စကားအဆုံးတွင် က ဖွန်ဂါဘီရာ က ရယ်မောလိုက်သည်။

ဆက်ရန်

.

2 comments:

kztk said...

thanks .........

လသာည said...

ဖတ်ပြီးစ်။ ကောင်းတယ်း)

“သမိုင်းဆိုတာ ဖြစ်ရပ်မှန်တွေချည်း မှတ်တမ်းတင်ထားတာ မဟုတ်ဘဲ စစ်ပွဲအောင်နိုင်သူတွေက သူတို့လိုရာ ဆွဲရေးကြတာဘဲလို့ ထင်တယ်”
အဲဒီလို နပိုလီယန်ပြောခဲ့ဖူးတာ ပြန်သတိရမိတယ်။

ပိုစ်အတွက် ကျေးဇူးတင်ပါတယ်။