Wednesday, September 29, 2010

မဝင်းမြင့် (ငယ်ယုံပူဘော်) အပိုင်း (၁၉)

မောင်မောင်မျိုးက ပေါ့စေလိုလို့ ကြောင်ရုပ်ထိုးကာမှ ဆေးအတွက် လေးသွားသည်။
"ဟုတ်တယ်၊ အဲဒီအကြောင်း ဖော်ချင်လို့ လက်စွပ်ပျောက်တဲ့ကိစ္စ မေးတာ၊ ရှင့်မရီးက အဲဒီ လက်စွပ်ကို တစ်သောင်းထဲနဲ့ ငွေဖြစ်ပြီးရော ရောင်းလိုက်တာ ရှင် မသိလို့ပဲလား၊ သိရက်နဲ့ မြုံနေ တားလား ... "
"ဟေ့ ... ဟေ့ ... ခင် ... မမမိကို အရမ်းမစွပ်စွဲနဲ့၊ လက်စွပ်ကျောက်က ရုံးမှာပျောက်တာကွ၊ မမမိနဲ့ ဘာမှ မဆိုင်ဘူး"
မောင်မောင်မျိုးက ပျာပျာသလဲ ကာကွယ်သည်။

မေမေခင်က ဆက်ပြော၏။
"ရှင့်ဘာသာရှင် ဘယ်မှာပဲ ပျောက်စေကာမူ၊ ခင့် မြလက်စွပ်ကို ရှင့်မရီး ရောင်းတာတော့ အမှန်ပဲ၊ နောက်ပြီး ရှင့်နောင်ဘုရားဆိုတာကြီးကို ရှင်တို့အထက် အကြီးဆုံး အရာရှိကြီးရဲ့ မိန်းမက အသေး အလဲ ကြည်ညိုကိုးကွယ်နေတာ၊ အရာရှိကြီးရဲ့ မိန်းမ မွေးနေ့မှာ သူ ကိုးကွယ်တဲ့ နောင်ဘုရားက သိဒ္ဓိ တင်ထား သော နီလာ လက်စွပ်တစ်ကွင်း လက်ဖွဲ့ကြောင်းကိုကား ရုံးသူရုံးသားများ၏ ပါစပ်း သတင်းအရ မောင်မောင်မျိုး ကြားခဲ့ဖူးသည်။

သူ ရာထူးတကတာနဲ့ ဒါတွေနဲ့ ဘာဆိုင်သလဲ။ နောင် ဘုရားသည် ဤအရာရှိ ကတော်ကြီးကို ဖြူသည် မဲသည် ဟူ၍ပင် မမြင်ဘူးကြောင်း၊ သူ့သီလ သမာဓိ တန်ခိုးအားဖြင့် အဓိဌာန်ပြု မေတ္တာပို့ခြင်းဖြင့်သာ ရာထူးရသည်ဟု မရီးတော် မိမိလေး စကားအရ မောင်မောင်မျိုးက ရိုးသားစွာ နားလည်ထားရှာသည်။

"နားထောင်လို့တော့ အကောင်းသား၊ ဆက်ပြောစမ်းပါဦး ခင်ရဲ့၊ ကိုယ့်မယား ဒဏ္ဍာရီလုပ်ဇာတ် အပြောကောင်းမှန်း အခုမှ သိရတာ နောက်ကျလိုက်တာ ... "
မောင်မောင်မျိုးက သရော်လှောင်ပြောင်စွာ ပြောသော်လည်း၊ မေမေခင်ကမူ ချက်ကျလက်ကျ အကွက် စေ့စေ့ ဆက်ပြောပြသည်။

"ကွင်းဆက်တွေ ရှင် စဉ်းစားကြည့်လေ၊ မြလက်စွပ်ကို ရှင် ကြည်ကြည်ဖြူဖြူ ချွတ်ပေးခဲ့သလား ...၊ ဘယ်လိုနည်းနဲ့ ရသွားဆိုတာကတော့ ကာယကံရှင်ပဲ သိမှာပေါ့၊ မြလက်စွပ် လာဘ်တံစိုးပေးပြီး ရှင့်ကို ရာထူးတိုးပေးခိုင်းတယ် ဆိုတာလောက်မှ မစဉ်းစားမိဘူးလား၊ လက်စွပ်ရောင်းငွေထဲက တံစိုးပေးပြီး ကျန်ငွေကို ရှင့်မရီး နာမည်ကြီး တရုတ်တန်းက ဖဲဝိုင်းမှာ ရှုံးတယ်ဆိုတာရော သိပြီးပြီ လား ... "
မောင်မောင်မျိုး မျက်နှာပျက်သွားသည်။

"ဒါတွေ ဘယ်သူက လာအစီရင်ခံထားလဲ၊ ခင့်ဘာသာ လုပ်ကြံဇာတ်ခင်းတာလား ... "
"လူ့သတင်း လူချင်းဆောင်တာလေ"

မေမေခင်က ထောက်လှမ်းခိုင်းသည်မှာ ကိုအောင်စိုးနှင့် မိမိလေးတို့ ဘာကြောင့် အလုပ်ပြုတ် လာသည် ဟူသော အကြောင်းမျှသာ ဖြစ်သည်။ သို့သော် အထူးစုံစမ်းထောက်လှမ်းရေးဌာနမှာ ရှိ နေသော ကိုမင်းဇင်က မေမေခင် စုံစမ်းခိုင်းသည်မျှမကဘဲ သူတို့ သတင်းကြားရသမျှကို သိရသမျှ ကို တယ်လီဖုန်း ဖြင့် စုံလင်အောင် လှမ်းပြောသည်။ ထိုအခါ မြလက်စွပ်ပျောက်ခြင်း၊ မိမိလေးက မြလက်စွပ်ကို ရောင်းခြင်း၊ အရာရှိကတော်ကြီးက နောင်ဘုရားကို ယုံကြည်ကိုးကွယ်ခြင်း၊ နောင်ဘုရားက သုံးထောင် တန် သိဒ္ဓိတင်ပြီး နီလာလက်စွပ်ကို အရာရှိကတော်ကြီးအား ခမဲပေး ခြင်း၊ မောင်မောင်မျိုး အမှုထမ်း ဌာနမှာ မောင်မောင်မျိုး တိုးမြှင့်ခန့်ထားခြင်း ခံရသော ရာထူးနေရာ သည် အမှန်ကလည်း တိုးချဲ့ ခန့်ထားရန် သက်ဆိုင်ရာဌာနအနေဖြင့် ရည်ရွယ်ထားရာ ထားပြီး နေရာသာ ဖြစ်ခြင်း၊ တရုတ်တန်းက နာမည်ကြီးဖဲဝိုင်းတွင် မိမိလေး ငွေတွေ ထောင်ချီပြီး ရှုံးခြင်း စသည့် ကွင်းဆက်တွေကို ဆက်လိုက် သောအခါ မောင်မောင်မျိုး ရာထူးတိုးခြင်းမှာ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်ပြီး ရသင့်ထိုက်၍ ရသော ရာထူး သာ ဖြစ်သည်။

ဤအကြောင်းတွေကို မေမေခင်က မောင်မောင်မျိုးကို စုံစေ့စွာ ပြောပြသော်လည် မောင်မောင်မျိုး က နားမ၀င်ပေ။ သူ့မရီး ပြောသည့် နောင်ဘုရား တန်ခိုးကြောင့် ရာထူးတိုးရသည် ဟူ၍ မရီးသြဇာ နာခံကာ စွဲမြဲစွာ ယုံနေသည်။
"နောင်ဘုရားဟာ တကယ် သူတော်စင် အစစ်နော်၊ ခင် မပြောကောင်းတာတွေ မပြောနဲ့"
မောင်မောင်မျိုးက လေသံမာမာဖြင့ ဟန့်တားသည်။ မေမေခင်သည် နောင်ဘုရားအကြောင်း ဆက်မပြောတော့ဘဲ ဆိတ်ဆိတ်နေလိုက်၏။ ဆိတ်ဆိတ်နေလိုက်သော အကြောင်းရင်းကား ...၊ "ဒီလူကို ကျွန်တော် တို့ ခြေရာခံနေတယ်" ဟူသော မောင်မင်းဇင် စကားကို သတိရ၍ ရှေ့ဆက် ပြောလျှင် စကား အမှား ပါသွားမည်စိုး ၍ ဆိတ်ဆိတ်နေလိုက်ခြင်း ဖြစ်သည်။

မေမေခင်က သူ့အကြောင်းနှင့်သူ ဆိတ်ဆိတ်နေလိုက်ခြင်းကို မောင်မောင်မျိုး အယူအဆတွင်  နောင်ဘုရားဟာ တကယ် သူတော်စင် အစစ် ဟူသော စကားအား မေမေခင် နားဝင်လက်ခံသွားပြီ ဟု ယုံကြည်လိုက်သည်။ ထို့ကြောင့် စိတ်အားထက်သန်သော အသံဖြင့် တိုက်တွန်းသည်။
"နောင်ဘုရားဆီကို တစ်ခါလောက် ခင် လိုက်ခဲ့စမ်းပါလား၊ သေသေချာချာ အနီးကပ် လေ့လာ ပေါင်းကြည့်ရင် သိပ်ကြည်ညို နှစ်လိုစရာ ကောင်းပါတယ်၊ နောင်ဘုရားကို ခင် တစ်ခါမှ မမြင်ဖူး သေးဘူး နော် ... "

"သူ့ကိုမှ ခင် စိတ်မ၀င်စားတာ၊ မမြင်ဖူးချင်ပါဘူး"
မေမေခင်က ဘုကျကျ ဖြေသည်။
"မဟုတ်သေးဘူး ခင်၊ နောင်ဘုရားကတောင် ပြောနေသေးတယ်၊ ခင့်ကို သူ လူကိုယ်တိုင် မမြင်ဘူး ပေမယ့် အာရုံယူကြည့်လို့ မြင်တယ်တဲ့၊ သူ့နှမလေးလို ကရုဏာထား ရှိတယ်၊ တစ်ခါလောက် ခေါ်ခဲ့ပါဦး လို့ ခဏ ခဏ မှာတယ် ... "
မေမေခင်က အဓိပ္ပာယ်ပါပါ ပြုံးပြီး ပြောသည်။

"နောင်ဘုရား ဆိုတဲ့လူမျိုးကို ဖဲသမားပဲ ကြည်ညိုကိုးကွယ်မှာ၊ ခင့်လိုလူကတော့ ဝေးဝေးက ရှောင်မယ် ရှင်ရေ့"
"ခင်ဟာ ... ဘယ်လိုပဲ ဘာစကားကိုပဲ ပြောပြော မမမိကိုပဲ ထိခိုက် ပုတ်ခတ်ပြောနေတာပဲ၊ ဘာလဲ မမမိ ကို မလိုဘူးလား ..."
မောင်မောင်မျိုးက စိတ်ဆိုးသံဖြင့် မေး၏။ ထိုအခါ မေမေခင်ကလည်း ပွင့်ပွင့်လင်းလင်း ပြောသည်။
"ခင်က လိမ်လည်ကောက်ကျစ် မပြောတတ်ဘူး ဘွင်းဘွင်းပဲ၊ ဟုတ်တယ် ... ရှင့်မရီးကို မလိုဘူး"
"ခင့်ကို ဘာလုပ်နေလို့လဲ မမမိကို မလိုရတာလဲ"

"ဟင် ... ခင့်ကို ဘာလုပ်နေတာလဲ ဟုတ်လား၊ ဖြစ်မှ ဖြစ်ရလေ၊  ရှင်မို့လို့ မေးရက်ပလေ၊ ရှင့်မရီး က ခင့်လင် ကို သြဇာပေး ကြိုးကိုင်ခြယ်လှယ်၊ ခင့်လင်လုပ်ာကို တစ်ပြားမကျန် ပိုင်စိုးပိုင်နင်း သိမ်းယူပြီး ခင့်ကို စိတ်ဆင်းရဲအောင် လုပ်နေတာ ရှင် မသိဘူးဆိုတော့ ရှင့်ကိုယ်နဲ့ ရှင့်မရီးစိတ်ဖြစ် နေလို့ မသိတာ လား"
"ခင် စကားပြော မရမ်းနဲ့နော်"
"ရမ်းတာ မဟုတ်ဘူး ... တည့်တည့်မှန်အောင် ပြောတာ လင်မယားချင်း စကာပြောရင်း အခြေအနေက တင်းမာလာသည်။ မောင်မောင်မျိုးသည် အစ်ကိုနှင့် မရီးစကား မြေ၀ယ်မကျ နားထောင်လိုက်နာဖို့သာ တတ်သည်။ မရီးသြဇာ နာခံပြီး နောင်ဘုရားကို ယုံကြည် ကိုးကွယ်ဖို့သာ တတ်သည်။ ချက်ကျကျ ပြောနေသော မေမေခင်၏ စကားကိုကား ပြနချေနိုင်စွမ်း မရှိချေ။ ပြန်ချေရအောင်ကလည်း သူ့ဘက်က ဘာအချက် အလက်မှ ခိုင်ခိုင်လုံလုံ မရှိချေ။ သို့သော် သူချစ်သော အစ်ကိုနှင့် မရီးကို ထိခိုက်ပြောသော၊ သူ ယုံကြည်ကိုးကွယ်သည့် နောင်ဘုရားကို အကြည်ညိုမဲ့စွာ ပုတ်ခတ်ပြောသော ဇနီးသည်ကို စိတ်ထဲမှာ မျက်သည် ထက် မျက်လာသည်။ နောင်ဘုရားက ...

"ညီငယ့်ဇနီးကို နောင်ဘုရားထံ ခေါ်ခဲ့ပါဦး၊ သူ့မှာ အမှောင့်ပယောဂ ကပ်နေလို့သာ ညီငယ်တို့ မောင်နှမကို မကောင်းထင်နေတာ၊ နောင်ဘုရား ကယ်ချွတ်ပါ့မယ် ... ရအောင်ခေါ်ခဲ့"
ဟူသော မိန့်ခွ်းတော်သံရိပ်ကို ဦးထိပ်ထက် ရွက်ဆင်ထားသူ ဖြစ်သည်။ သူက နောင်ဘုရားနှင့် မရီးတော်ကို သိက္ခာတင်သမျှ၊ မေမေခင်က အချက်ကျကျ အပုပ်ချသောအခါ စိတ်ထဲတွင် မေမေခင်ကို အကြိတ်အခဲ ကြီးလာသည်။ မေမေခင်ကလည်း နောင်ဘုရား ဆိုသူက ခေါ်ခြင်းမှာ မိမိလေနှင့် တစ်ကျိတ်တည်း တစ်ဥာဏ်တည်း တိုင်ပင်ပြီး ခေါ်ခြင်းသာ ဖြစ်မည်။ ထိုသို့ခေါ်ခြင်း ကလည်း ကောင်းသော ခေါ်ခြင်း မဟုတ်၊ သူတို့သြဇာ နာခံအောင် သွေးဆောင်သိမ်းသွင်းပြီး ပစ္စည်းချူရန် ကြံကြခြင်း သာ ဖြစ်မည်ဟု ကွက်ကျော်မြင်ထားသဖြင့် စိတ်ထဲက ချဉ်ရင်းစွဲ ရှိသည် အလျောက် ဆန့်ကျင်ဘက် စကားတွေချင်း ပြောနေခြင်း ဖြစ်သည်။

မောင်မောင်မျိုးသည် မေမေခင်ကို မျက်ညှိုးသောအကြည့်ဖြင့် စူးစူးစိုက်စိုက်ကြည့်ကာ မေမေခင် အပါးမှ သုန်သုန်မှုန်မှုန်ဖြင့် ထွက်သွားလေတော့သည်။

(၉)

စိတ်ဆင်းရဲစရာနှင့် ဒေါသဖြစ်စရာတို့ ထွေးကာ လုံးကာဖြင့်ပင် အချိန်ကုန်မှန်း မသိ ကုန်လာခဲ့ရာမှ ဒေါက်တာမြသွင်အေးသည် အထက်မြန်မာပြည် မြို့တစ်မြို့သို့ လက်ထောက်ဆရာဝန်အဖြစ်ဖြင့် ပြောင်းရွှေ့ သွားရသည်။
"အားမငယ်ပါနဲ့ သူငယ်ချင်း ... ကံကောင်းရင် တစ်နှစ် နှစ်နှစ်လောက်နဲ့ ရန်ကုန်ဆေးရုံတွေကို ပြန်ရောက်ချင် ရောက်လာမှာပါ၊ ကိုမင်းဇင်လဲ ရှိနေသားပဲ၊ တယ်လီဖုန်းနဲ့ အဆက်အသွယ် ရနေ မှာပါ၊ မြကလဲ စာမပြတ်ရေးမယ်၊ ခင်သာ နေကောင်းအောင် ဂရုစိုက်နေနော်"

အားငယ်ရှာသော မေမေခင်ကို ဒေါက်တာမြသွင်အေးက အားပေးမှာကြားပြီး ပြောင်းရွှေ့သွား သည်။ ကိုမင်းဇင်ကမူ မောင်မောင်မျိုး၏ သိမ်ဖျင်းသော သဘောထားကြောင့် အိမ်ကို မလာဘဲ၊ အဆင်သင့်တိုင်း ဖုန်းဆက်အားပေးသည်။ သို့သော် ကိုမင်းဇင်အနေဖြင့် အလုပ်တာဝန်က ကြီးလေး များပြားသည့် အလျောက် လိုအပ်လျှင် ရက်ရှည်ခရီး ထွက်နေရတတ်သည်ဖြစ်ရာ မေမေခင်ကုဖုန်းဆက်သည့်အခါ မတွေ့ရသည်က များသည်။

ဒေါက်တာမြသွင်အေးက အားပေးခဲ့သည့်အတိုင်း မေမေခင်သည် ဒေါက်တာမြသွင်အေး ရန်ကုန် ပြောင်းလာ မည်ကိုသာ မျှော်လင့်ခြင်းကြီးစွာဖြင့် စောင့်မျှော်နေခဲ့ရှာသည်။ ဤအတွင်းမှာပင် အခြေအနေက တစ်မျိုး ဖြစ်လာခဲ့လေသည်။
တစ်နေ့တွင် မေမေခင်သည် ကိစ္စတစ်ခုဖြင့် မြို့ထဲ ထွက်သွားရာမှ ပြန်လာသောအခါ ထမင်းချက် အမျိုးသမီးကြီးက မျက်နှာမကောင်းဘဲ ဖြစ်နေသည်။ မေမေခင် အပြင်သွားရာမှ ပြန်လာလျှင် ကြို နေကျ လက်တိုလက်ဟောင်း အဖော်ထားသော မိန်းကလေး ထွက်လာသည်ကို မမြင်ရချေ။ အိမ်ရှေ့ခန်း တွင် ကား မောင်မောင်မျိုးသည် အင်္ဂလိပ်ဝတ္ထုတစ်ပုဒ်ကို ဖတ်နေသည်။
ထမင်းချက် အမျိုးသမီးကြီးက မေမေခင် ၀ယ်လာသော ပစ္စည်းကို လှမ်းကြိုယူငင်ပြီး မီးဖိုဆောင် ၀င်သွားသောအခါ မေမေခင်က ၀င်လိုက်သွားသည်။
"ကလေးမလေးရော"
မီးဖိုဆောင်ထဲမှ ကလေးမလေးကို မတွေ့၍ မေမေခင်က မေးသောအခါ ထမင်းချက် အမျိုးသမီးက အသံ အုပ်အုပ်ဖြင့် ဖြေသည်။
"မမခင်လဲ အိမ်က ထွက်သွားရော အစ်ကိုက ကောင်မလေးခေါ်ပြီး ဘာမှန်းမသိတဲ့ အထုပ် တစ်ထုပ်ကို ဟို သူ့မရီး အိမ် ပို့ခိုင်းတယ်၊ နောက်ပြီး မှာလိုက်တယ်၊ နင့်အစ်မနဲ့ ငါနဲ့ လာခေါ်မှာ ပြန် ရမယ်၊ နင်တစ်ယောက် ထဲ ပြန်မလာရဘူးလို့ မှာပြီး လွှတ်လိုက်တယ်၊ ကောင်မလေးလဲ ကြောက်ေ တာ့ သွားရတာ ပေါ့ မမခင်"

မေမေခင်သည် မောင်မောင်မျိုး ဘာသဘောနှင့် ဤသို့ပြုမူသည်ကို ချက်ချင်းသိသည်။ သူ့နောင်ဘုရား ဆိုသူကြီး က မေမေခင်ကို ခေါ်၍ မရသည့်အတွက် ကောင်မလေကို အကြောင်းရှာ ခိုင်းလိုက်ခြင်း ဖြစ်သည်။ ကောင်မလေးသည် မေမေခင် လိုက်မခေါ်လျှင် မည်သည့်နည်းနှင့်မှ ပြန်ဝံ့မည် မဟုတ်ချေ။ ကိုအောင်စိုး၊ မိမိလေးနှင့် နောင်ဘုရားတို့က ပြန်လွှတ်မည် မဟုတ်သော ကြောင့် စိတ်ဆင်းရဲစွာ မနေချင်ဘဲ နေရရှာပေတော့မည်။

ဆက်ရန်
.

No comments: