Saturday, July 28, 2012

ဦးဝင်းတင် ဘာသာပြန် ဥတ္တရအလင်း, အပိုင်း (၂၃) ဇာတ်သိမ်း

''လင်ကောင်မပေါ်မွေးတဲ့ သောက်ရူးကလေးပေါ့ဗျာ'' ညေးက အနီးမှ ဖြတ်သွားရင်း စမစ်ကို လှမ်းပြောသည်။
ညေးနှင့် ဆရာဝန်တို့နှစ်ဦးသား လူနာတင်ကားပေါ်သို့ တက်သွားကြသည်။ စမစ် အကြောင်သား ကြည့်နေ သည်။
စိတ်တင်းပြီး လှုပ်မည်ကြံကာရှိသေး။ ဓာတ်လှေကားထဲမှ လူနှစ်ယောက် အလောင်းသယ်လာကြ သည်။ စမစ် မျက်စိမှိတ် ထားရန် ကြိုးစားသည်။ မှိတ်မရ။ မကြည့်ချင် မြင်ရက်သား ဖြစ်နေသည်။ အလောင်း ကို လူနာတင် ကားထဲ သွင်းလိုက်သည်။ လူတစ်ယောက် ဒူးထောက်ပြီး ဓာတ်ပုံရိုက်နေဟန် ကို ပွင့်နေသော တံခါးမကြီးမှ လှမ်း၍ မြင်လိုက်ရသေးသည်။
ကို ဆက်ဖတ်ရန်....

(၁၄)

ကြာသပတေးနေ့က မိုးသက်မုန်တိုင်းကြီး ကျခဲ့သည်။ နောက်ပိုင်းတွင် လွန်ခဲ့သည့် လေးရက်လုံးလုံး ရာသီဥတု ထူးထူးခြားခြား သာယာနေသည်။ နွေခေါင်ခေါင် အလား ဖြစ်နေတော့၏။
မယ်လ်ကမ်မိတ်တလန် ၏ ပြောင်းဖူးဈေးထဲမှဖြတ်ကာ ဥတ္တရအလင်း သတင်းစာတိုက် ဘက် သို့ လျှောက် လာသည်။ ရာသီက ပူနိုင်လွန်းလှသည်ဟု ထင်မိသည်။ သူ ၀တ်ထားသည့် ၀တ်စုံနက် က ကျပ်စပြု လာသဖြင့် ပို၍ ပူသလို ဖြစ်နေသည်။
သေမှုသေခင်း စစ်ဆေးသည့် မြို့တော်ခန်းမ မှာ လှောင်ပိတ်နေသည်။ မြို့တော်ခန်းမတွင် ဤမျှ လူပြည့်သည်ကို သူ တစ်ခါမှ မကြုံစဖူး။ အပြင်ထွက်လာခဲ့မှ သက်သာရာရတော့၏။ တံခါးပေါက်နားတွင် ထိုင်နေခဲ့ ၍ စောစောထွက် လာနိုင်ခဲ့ခြင်းဖြစ်သည်။

သတင်းစာတိုက်ပေါ်သို့ တက်လာသည်။ သူတစ်ယောက်သာ အစောဆုံးပြန်ရောက်သည်ဟု ထင်မိသည်။ သို့သော် မစ်မော့ဖတ် က ရောက်နှင့်နေ၏။ အခန်းတံးခါးဖွင့်ထားသည်။ ပြတင်းပေါက်များ ကို ဖွင့်နေသည့် မစ်မော့ဖတ် ကို သူလှမ်းမြင်သည်။ မိတ်တလန် ရပ်လိုက်သည်။ ''အင်း . . .တစ်စခန်းတော့ သိမ်းသွားပြန်ပြီပေါ့လေ'' မစ်မော့ဖတ် က ချက်ချင်း စကားမပြန်။ ပြီးမှ မှုန်တေတေပြောသည်။

''အင်းလေ . . . ပြီးသွားပြီပေါ့''
မစ်မော့ဖတ် ခြေကုန်လက်ပန်းကျပုံ ပေါက်နေ၏။ သူ့တစ်ကိုယ်လုံး အနက်ဝတ်ထား၏။ သူ့မျက်နှာက အပူရှိန်ကြောင့် ညစ်ပုပ်ပုပ်ဖြစ်နေ၏။ သူ့မျက်နှာထားက ထူးထူးခြားခြား အမြင်ကတ်စရာ။ သို့သော် စကားစမြည် ပြောစရာ ရှိ၍ မိတ်တလန် အခန်းထဲ ၀င်လာခဲ့သည်။
''ဟင်နရီ ခံနိုင်ရည် ရှိသားပဲ''
''ကျွန်မ ထင်ထားတာထက်တောင် ခံနိုင်သေးတယ်။ အမှုလိုက်ကလည်း ကူရှာသားပဲ''
မစ်မော့ဖတ် က ဦးထုပ်ကို ချွတ်သည်။ တံခါးနောက်တွင် ခပ်ကြမ်းကြမ်း ချိတ်လိုက်သည်။

''အင်း လူငယ်တွေ သနားစရာပဲနော်။ တကယ့် အဟောသိကံပဲ။ နှမြောစရာပါ။ ဒေးဗစ်သာ သူကြံတဲ့အတိုင်း လုပ်နိုင်လိုက် ရင် ဒီလောက် အဟောသိကံဖြစ်မှာ မဟုတ်ဘူး။ ၀က်ခြံထဲမှာ ညေး တောင့်တောင့်ကြီး ထိုင်နေတာ ကြည့်ပြီး ကျွန်မတောင် ပစ်သတ်ချင်စိတ် ပေါက်လာတယ်။ ဒါပေမဲ့ ဒေးဗစ်လိုပဲ အလွဲလွဲ အချော်ချော် ဖြစ် မှာပါပဲလေ''  ''ဟင်နရီကိုယ်စား သူ လုပ်လိုက်တာ ကောင်းတာပေါ့'' မိတ်တလန် က ဖြည်းဖြည်းပြော သည်။

''လူတိုင်း ထင်မြင်ချက်ကလည်း ဒီအတိုင်းပဲ။ မြို့လူထုကတော့ ပေ့ဘက်မှာပဲ ရှိနေတာပါ။ ကိစ္စ၀ိစ္စတွေပြီး သွား ရင် ဥတ္တရအလင်း ကတော့ သိက္ခာပိုတက်လာမှာပေါ့လေ''
မစ်မော့ဖတ် က မျက်မှောင်ကြုတ်လိုက်၏။
''ဖြစ်နိုင်တာပေါ့လေ။ ဒီကိစ္စကသာ မပေါ်ရင် သတင်းစာကတော့ နာမည်ပျက်ကောင်းတုန်း ရှိဦး မှာပေါ့။ ပေ့ကတော့ လူထုမေတ္တာကြောင့်ပါတို့၊ လူသားကရုဏာကြောင့်ပါတို့ ဆိုတာတွေ ပြောဦးတော့ မှာပေါ့'' မစ်မော့ဖတ် က လျှစ်စစ်ရေနွေးအိုးဖြင့် ရေနွေးကြိုသည်။

''လက်ဖက်ရည် ဖျော်မလို့။ ဒီလိုနေ့မျိုး ဒါပဲ လုပ်စရာရှိတာပဲ။ တကယ့်နေ့ပါပဲရှင်. . . ရှင်ကော သောက် ပါဦးလား'' ''ကောင်းသားပဲ''
မိတ်တလန် က မစ်မော့ဖတ်ကို ကြည့်နေသည်။
မစ်မော့ဖတ် သည် ဗီရိုထဲမှ ပန်းကန်များကို ယူသည်။ အံဆွဲထဲမှ သကြားနှင့် လက်ဖက်ခြောက်ကို ထုတ်သည်။ ရေအေးပိုက်ပေါ်မှ နို့ပုလင်းကို ဆွဲသည်။
မစ်မော့ဖတ် က စကားဆက်ပြောနေသည်။ သေမှုသေခင်း စစ်ဆေးမှုက သူ့စိတ်ထဲတွင် စွဲနေဆဲပင်။

''ကျွန်မ တကယ် မသတီတာတော့ စမစ်ပဲ။ ကော်ရာကို သူ စောင့်ကြည့်ဖို့ ကောင်းကြောင်း၊ ဘာကြောင်း နဲ့ပြောပြီး မျက်ရည်ခံထိုးပုံကတော့ ကလီကမာ လုပ်တာပဲ။ ကုန်စုံဆိုင်ရှင် မစ္စစ်ဒေးက ကော်ရာ ဆိပ်ခံတံတား ဘက်ကို ထွက်ပြေးတော့ အော်ပြီးတားတဲ့အကြောင်း၊ တားမရတဲ့အကြောင်း ပြောကတည်းက သူက မျက်ရည်စမ်းစမ်း လုပ်ချင်နေပြီ။ သူလို လူမျိုးကများ ကော်ရာကို အလွမ်းသယ်နေရတယ်လို့ ရှိသေး။ ပါးရိုက်ပစ်လိုက်ချင်တယ်''
''သနားစရာ သတ္တ၀ါပါဗျာ။ လည်စင်းခံနေရှာတာပါ။ ကျွန်တော်တော့ သူ့အတွက် စိတ်တောင် မကောင်းဘူး''
''စိတ်မကောင်း ဖြစ်မနေပါနဲ့ ရှင်။ စမစ် သတင်းများကြားချင်ရင် ပြောစရာရှိပါ့''
''ဘာပါလိမ့်ဗျာ'' ''ဟင်နရီက သူ့ကို အလုပ်ခန့်လိုက်ပြီလေ''
''ဘာ'' ''ကြော်ငြာဌာနမှူးတဲ့ ရှင်ရေ့. . .'' ''ဘုရားရေ. . ." မိတ်တလန် တအောင့်လောက် ငိုင်သွားသည်။

''ခင်ဗျား ပြောချင်သလို ပြောပေါ့လေ။ ဒီကလိယုဂ်ခေတ်ကြီးမှာ သူတော်ကောင်းဆိုတာနဲ့ နီးစပ်တာရယ် လို့တော့ ပေ့ တစ်ယောက် တည်း ကျွန်တော်တွေ့ဖူးသေးတယ်''
မစ်မော့ဖတ်က ခေါင်းရမ်းသည်။
''နှလုံးကောင်း ၀မ်းကြီးလူစားဆိုတာ အဲဒါမျိုးပဲ။ သူ့အဖေဆို ဒါမျိုး ဘာရလိမ့်မလဲ။ စမစ်လို လူမျိုး ကို မြင်လိုက်တာ နဲ့ ဆောင့်ကို ကန်ထုတ်ပစ်မှာ''
''ခင်ဗျား ကလည်း ပေ့အပေါ် ပစ်ပစ်ခါခါ နိုင်လွန်းပါတယ်ဗျာ။ အမြဲတမ်းကိုပဲ''
မိတ်တလန်က လက်ဖက်ရည်ခွက်ကို လှမ်းယူရင်းပြောသည်။

''ဒီ သုံးလေးနှစ်မှာ သူ ကြုံးရုန်းလုပ်ခဲ့ရတာလည်း ထည့်တွက်ပါဦးလေ။ နှလုံးရောဂါကြီးကလည်း ရှိသေးတယ်။ ပြီးတော့ အခု ကိစ္စ။ ဒေးဗစ်ကို သူ ဘယ်လောက် သံယောဇဉ်တွယ်တယ်ဆိုတာ ခင်ဗျားလည်း သိသားပဲ''
''ဟုတ်ပါတယ်။ ချစ်စရာကောင်းတဲ့ ဒေးဗစ်ကလေးပါပဲ''
မစ်မော့ဖတ်သည် လက်ဖက်ရည် တမြုံ့မြုံ့သောက်နေသည်။ လက်ဖက်ရည်ခွက်ပေါ်မှ ကျော်ကာ မိတ်တလန် ကို မသာမယာ လှမ်းကြည့်လိုက်၏။ ပြီးမှ . . .
''ဒါပေမဲ့ သူ တတမ်းတတ ဖြစ်နေမှာကတော့ ကော်ရာပါ'' ဟု ပြောလိုက်၏။
မိတ်တလန် ကြားဝင်မပြောနိုင်မီမှာပင် မစ်မော့ဖတ်က ဆက်ပြောသွားသည်။

''သူကိုယ်တိုင် သိချင်မှလည်း သိမှာပေါ့လေ။ ဒါပေမဲ့ ကော်ရာ့ကို သူ ချစ်နေတာရှင့်။ သူ့ကိုလည်း အပြစ်မတင်ပါဘူးလေ။ တကယ်တမ်းပြောရင် သူ့ကို ကျွန်မ ချီးတောင်ချီးကျူးပါသေးတယ်။ ကော်ရာက တကယ့် မိန်းမပဲ။ ခင်တတ်တယ်။ ချစ်တတ်တယ်။ ချစ်တဲ့ခင်တဲ့လူကိုလည်း လိုချင်တယ်။ ဒေးဗစ်က အဲဒီလို လူစားမဟုတ်ဘူး။ စိတ်ပြန်ကြောင်လာတော့ ပိုဆိုးတော့တာပေါ့။ ကော်ရာကို ပိဋကတ်အိုးကွဲ စာအုပ်ကြီးတွေ ဖတ်ခိုင်း လို့ ဖတ်ခိုင်း။ ဂုမ္ဘာန်တစ်ထောင် စောင့်တဲ့ အတိုင်း လုပ်လိုလုပ်နဲ့ပေါ့လေ။ ကော်ရာကတော့ ဘာမှ မပြောဖူးပါဘူး။ ကျွန်မ သိတာပေါ့။ ဒေးဗစ် ကို သူခင်တယ်။ မြတ်နိုးတယ်။ သနားတယ်။ ဒါပေမဲ့ ဒါနဲ့ မပြီးသေးဘူး" "ပေါက်ကရတွေ ပြောမနေစမ်းပါနဲ့ဗျာ" မိတ်တလန်က ခပ်ထန်ထန် စကားဖြတ်ပစ်သည်။

"ဒါမျိုးတွေ ပြောနေဖို့ အချိန် မဟုတ်ပါဘူး"
"ဒါတော့ ဒါပေါ့။ ဒါပေမဲ့ ကျွန်မ သိနေတာ ကြာလှပြီ။ စလီဒန်မှာ ဟင်နရီ ပျော်တယ်။ ကော်ရာ မရောက်ခင်က ဒီလောက် မပျော်ဘူး။ ဒီလောက်လည်း မသွားဘူး။ ကော်ရာ့အတွက်ဆိုရင် ဒီလောက် မပျော်ဘူး။ ဒီလောက် လည်း မသွားဘူး။ ကော်ရာ့အတွက်ဆိုရင် ဘာမဆို သူ လုပ်မှာပဲ။ ဥတ္တရအလင်းကိုတောင် လက်လွှတ်ရ လွှတ်ရ ဆိုတဲ့ အထိပဲ။ ပင်လယ်ကမ်းစပ်မှာ ကော်ရာ့ အလောင်း ပြန်တွေ့ပြီးလို့ လူးဝစ် လာပြောတော့ အနားမှာ ကျွန်မ ရှိနေသားပဲ။ သူ့မျက်နှာကို ရှင်မြင်စေချင်တယ်။ သူ ဘာပြောတယ်မှတ်လဲ။ ဒဏ်ရာတွေ ဘာတွေများ ရသေး သလား ကွာ။ ရုပ်ပျက်ဆင်းပျက်များ ဖြစ်သေးသလားကွာတဲ့။ မဖြစ်ပါဘူးလို့ လူးဝစ်က ပြောမှ ဘုရားသခင် ရဲ့ ဂုဏ်ကျေးဇူးပါပဲ ကွယ်တဲ့"
မဲလ်ကမ် က မစ်မော့ဖတ်ကို ငေးကြည့်နေသည်။ နားကြားပြင်းတော့ ကပ်သည်။ သို့သော် ကြားလည်း ကြားချင် သည်။

"မစ်မော့ဖတ်။ ဟင်နရီကို ဘာကြောင့်များ ဒီလောက် ကဏ္ဍကောဇလုပ်နေရတာလဲဗျာ။ ပြီးတော့ လည်း သူ့အဖေ နဲ့ပဲ အမြဲနှိုင်းပြောနေတာပဲ" ဟု သူ့နှုတ်မှ လွှတ်ခနဲ ထွက်သွားသည်။
မစ်မော့ဖတ်က ချက်ချင်းမဖြေ။ ခဏကြာမှ ...
"ကဏ္ဍကောဇ မလုပ်ပါဘူး။ သူက ကျွန်မ စိတ်ကြိုက် ဥတ္တရအလင်း အယ်ဒီတာ ချုပ်မျိုး မဟုတ်တာ တစ်ခု ပါပဲ။ ပျော့လွန်းတယ်။ ၀ုန်းဒုန်းကျဲရမယ့် ကိစ္စမျိုးမှာ လည်စင်းခံတယ်။ သူ့အဖေက ဒီလို မဟုတ်ဘူး။ ဟိုလူက တကယ့်ယောကျာ်း" "ခင်ဗျား အထင်ကြီးတာလည်း ပါလို့ ဖြစ်မှာပေါ့"
"ဟုတ်တယ်လေ။ အထင်ကြီးတယ်" မစ်မော့ဖတ်၏ လေသံက ဗြုန်းခနဲ ဘာမထိသံ ပေါက်လာသည်။

"အဲဒီလို လူစားမျိုးဖြစ်လို့ချည်း လေးစားတာ မဟုတ်သေးဘူး။ ကျွန်မအတွက် လုပ်ပေးခဲ့တာတွေ လည်း ရှိသေး တယ်။ ကျွန်မအတွက် သူ အိမ်ကလေးတစ်လုံးဝယ်ပေးတဲ့အကြောင်း ရှင်ကြားဖူးပြီ ရောပေါ့"
"နည်းနည်းပါးပါးတော့ ကြာဖူးပါတယ်" မိတ်တလန်က မယုတ်မလွန် ပြောသည်။ မစ်မော့ဖတ် နှုတ်မတွန့်တော့။
"ဟုတ်တယ်။ ကျွန်မ ကိုယ့်ဝင်းကိုယ့်ခြံကလေးနဲ့ မြို့ပြင်မှာ နေချင်တာ သူ သိတယ် ... တစ်နေ့တော့ ... ကျွန်မ တစ်သက် ဘယ်တော့မှ မမေ့နိုင်ဘူး ... ကျွန်မ ကို အိမ်ဂရန် လာပေးတယ်။ ကျွန်မ လစာထဲက အရစ်ကျ ဆပ်မယ် လုပ်တော့ သူက ရယ်ရုံရယ်နေတယ်။ တစ်ခါတလေ ပန်းခူးလာခဲ့တဲ့။ ဒါပဲ ပြောတယ်။ ဒါကြောင့် ဒီနေ့အထိ ကျွန်မ ရုံးကို နေ့တိုင်း ပန်းယူလာနေတာပေါ့"
မစ်မော့ဖတ် တအောင့် စကားရပ်လိုက်၏။ မိတ်တလန် အနားတွင် ရှိနေသည်ကိုပင် မေ့နေဟန် တူ၏။

"သူ့မိန်းမ ဆုံးပြီးတဲ့နောက်ပိုင်းမှာ စနေနေ့ညနေပိုင်းကို ကျွန်မဆီ ၀င်လာတတ်တယ်။ ဆေးတံ တစ်ဆုံဖွာ၊ ဘီယာတစ်ခွက်သောက်ပေါ့လေ။ သူက ဘာတန်တံဆိပ်ဘီယာကို ကြိုက်တယ်။ ကျွန်မ လည်း အဲဒီဘီယာပဲ အိမ်မှာ အမြဲဆောင်ထားတယ်"

မစ်မော့ဖတ်က စကားပြတ်သွားသည်။ မိတ်တလန်က သူ့ကို စိုက်ကြည့်နေမှန်း သတိပြုလိုက်မိ သည်။ ရှက်သွေး ရဲခနဲ ဖျန်းသွားသည်။ သူ ရှက်သွေးဖျန်းသည်ကို မိတ်တလန် မြင်ဖူးသည်မှာ ဤတစ်ကြိမ်သာ။ သူတို့ နှစ်ယောက် စလုံး မိနစ်အတန်ကြာ စကားတစ်ခွန်းမှ မဟဖြစ်ကြ။ ငြိမ်လွန်း ၍ နေရထိုင်ရ ကသိ ကအောက် ဖြစ်လာသည်။ မိတ်တလန် ထရပ်လိုက်၏။
"ကဲ ... အလုပ်လုပ်ကြဦးစို့။ ဘိုးတော်မရှိတုန်း အချောင်ခိုသလို ဖြစ်နေရင် မကောင်းဘူး။ အလုပ်ကြုံး လုပ်ကြမှ ဖြစ်မယ့် အချိန်ရောက်လာပြီ။ အများကြီးကို လုပ်ကြရမှာ။ ဒီနေ့ နေ့လယ် ၁၂နာရီမှ ဌာနမှူး အစည်းအဝေး လုပ်မယ်။ တခြားလူတွေလည်း ပြောလိုက်ဦး။ လက်ဖက်ရည် တိုက်တာ ကျေးဇူးပါပဲဗျာ"
မိတ်တလန် သူ့အခန်း ဆက်သွားသည်။ လာမည့် သုံးလအတွက် အစီအစဉ်များကို စဉ်းစားသည်။

ဟင်နရီပေ့ ခွင့်ရက်ရှည်ယူထားစဉ် သတင်းစာလုပ်ငန်း တာဝန်အများစုမှာ သူ့တာဝန်ချည်းလိုလို ဖြစ်တော့မည်။
ထိုအခိုက် မှာပင် တံခါးခေါက်သံ ကြားလိုက်ရသည်။ ဖန်းဝစ် ၀င်လာသည်။ တယ်လီ ပရင်တာ ကြေးနန်း စာရွက်ရှည်တစ်ရွက် ကို ကိုင်ထားသည်။
"အခုပဲ ၀င်လာတဲ့ အေပီသတင်းဆရာရေ့"
"ဘာတဲ့တုံးကွ" "အဏုမြူစက်ရုံကြီး နေရာကိစ္စ စိတ်ပြောင်းကြပြန်ပြီနဲ့ တူပါရဲ့ ဆရာရယ်"
"ဘာ ..." မိတ်တလန် လွှတ်ခနဲ အလန့်တကြားအော်လိုက်မိသည်။

"ဒီကို မလာကြတော့ဘူးလား"
"လာပုံ မပေါက်တော့ဘူးပေါ့။ ဆူသာလန် ရှိုင်းယာနယ် ကုန်းမြင့်ဒေသ ကို မျက်စိကျပြန်ပြီနဲ့ တူပါတယ်။ အဲဒီ နယ်ကို စဉ်းစားနေတယ်တဲ့။ မနေ့က လွတ်တော်ထဲမှာ အတွင်းဝန်က ကြေညာ သွားတယ်လေ"
မယ်လ်ကမိတ်တလန်က တယ်လီပရင်တာ ကြေးနန်းသတင်းကို ဖတ်ကြည့်သည်။

"မင်းကော နားလည်နိုင်ရဲ့လား။ ဘုရားမ လို့ ဒီငနဲ စကားမြဲပါစေကွာ"
"ပြောတဲ့အတိုင်းပဲ ဖြစ်မှာပါ။ ဆူသာလန်က အကွက်အကွင်း ပိုကျတယ်လို့ ပြောထားတာပဲဟာ ဆရာရယ်"
"မြတ်စွာဘုရား" မိတ်တလန်က ရေရွတ်လိုက်၏
"တို့တွေ ဒီမှာ အေး အေးနေကြရဦးမယ့် သဘောပေါ့။ အနည်းဆုံး အတော်ကြာကြာလေး ပိုပြီးတော့ အေးအေးနေကြ ရဦးမှာပေါ့လေ"
ဖန်းဝစ် ထွက်သွားသည်။ မိတ်တလန် တစ်ယောက်တည်း ထိုင်ပြီး ၀န်ကြီးဌာနတစ်ခု ဇဝေဇ၀ါ မရောမရာ လုပ်ရုံ သက်သက်ဖြင့် ပေါ်ပေါက်ရသည့် အချင်းဖြစ်ရပ် တစ်သီကြီးကို စဉ်းစားနေမိလေ ၏။ လျှောမွေး ဗာရာဏသီချဲ့ သည့် အတ်တလေစီမံကိန်းသာ ဂြိုဟ်မမွှေလျှင် နှစ်နှစ်လုံးလုံး အရည်မရ အဖတ်မရ သူတစ်ပြန် ကိုယ်တစ်ပြန် ချခဲ့ရ သည့် ပဋိပက္ခကို ရင်ဆိုင်ရဖွယ် မရှိပါတကား။ ထိုပဋိပက္ခကို မရှုမလှ ဇာတ်သိမ်းစေခဲ့သည့် ကြေကွဲစရာ့ အဖြစ်ဆိုး ကိုလည်း ကြုံတွေ့ရဖွယ် မရှိပါ တကား။

မိတ်တလန်သည် စိတ်ကို အနိုင်နိုင် တင်းလိုက်သည်။ အနာဂတ်ကိုသာ ရှေ့ရှုလိုက်သည်။ ဌာနမှူး အစည်းအဝေး အစီအစဉ်များကို တစ်ခုချင်းရေးမှတ်နေသည်။ နာရီဝက်ခန့် အရှိန်မှန်မှန် အလုပ် လုပ်နေသည်။
ထိုအခိုက် တွင် နားယဉ်ပါးသော အသံတစ်ခုကို စင်္ကြံမှ ကြားလိုက်ရသည်။ ခေါင်းထောင်ကြည့်မိ ၏။ မလှုပ်မယှက် ငြိမ်နေမိ၏။ နားဝေတိမ်တောင် ဖြစ်နေမိ၏။ ဟင်နရီပေ့၏ ခြေသံကို သူ ကောင်းကောင်း အမှတ်သညာ မထား မိသေးပါကလားဟု တွေးဖြစ်နေမိ၏။ ထိုစဉ် တံခါးပွင့်လာ သည်။ ဟင်နရီပေ့ ၀င်လာ သည်။

မိတ်တလန် ငေါက်ခနဲ ထရပ်လိုက်သည်။
"ဘယ့်နဲ့ ဟင်နရီ ... ခင်ဗျား အိမ်တန်းပြန်ပြီး နားနေပြီ ထင်တာ"
"ခဏတစ်ဖြုတ် ၀င်လာတာပါဗျာ။ ကားလည်း အောက်မှာ စောင့်နေတာပါတယ်"
ပေ့ သည် စားပွဲစွန်းကို မှီရပ်နေသည်။ သူ့မျက်နှာက ခါတိုင်းထက် ပို၍ ဖြူဖတ်ဖြူရော် ဖြစ်နေ၏။ လောကဓံကို ကြံ့ကြံ့ခိုင်နိုင်သည့် ရုပ်လက္ခဏာကား သူ့မျက်နှာ ပေါ်လွင်နေလေသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သည့် အပြောင်းအလဲ ဒဏ်ရာ ဒဏ်ချက်တို့သည် သူ့မျက်နှာတွင် အထင်းသားပေါ်နေသည်။

သို့သော် မိတ်တလန် ထင်သလောက် အထိနာဟန် မတူ။
ရုပ်ပိုင်း အားဖြင့်လည်း အားပြည့် မာန်ပြည့် မဟုတ်။ စိတ်ပိုင်းအားဖြင့်လည်း ရဲသွေးတစ်စက်ကလေး မပြ။ သို့ပြလျက် သူ ဘယ်လိုများ ကြံ့ကြံ့ခံနိုင်စွမ်း ရှိပါလိမ့်။ သက်တမ်းတစ်လျှောက်လုံး သစ္စာရှိရှိ၊ သိက္ခာရှိရှိ၊ လူထု အပေါ် စေတနာ ရှိရှိ၊ ကတိစောင့်စည်းမှု ရှိရှိ၊ ကိုယ်ကျင့်တာဝန် များကို စွဲစွဲမြဲမြဲ ကျင့်သုံးခဲ့ခြင်း၊ ရိုးရိုးကျင့်၊ မြင့်မြင့်ကြံ၊ မှန်မှန်ပြော ကိုယ်ကျင့်တရား များကို မလွတ်တမ်း ကျင့်ကြံ ခဲ့ခြင်းတို့ကြောင့်သာ ဤသို့ ကြံ့ကြံ့ ခံနိုင်စွမ်းရှိခြင်း ဖြစ်ပေလိမ့်မည်ဟု မိတ်တလန် တွေးမိသည်။

"ခင်ဗျားနဲ့ ကျွန်တော် တော်တော်နဲ့ တွေ့နိုင်ကြမှာ မဟုတ်ဘူး။ ကျွန်တော်တို့ ပင်လယ်ခရီးရှည် ထွက်တော့မယ် ဆဲဆဲ သူတို့ နဲ့ ပြဿနာပေါ်လာတာပဲ။ အဲဒီကို သွားလိုက်ဦးမယ်။ ပထမပြောချင် တာကတော့ ဥတ္တရအလင်းမှာ ခင်ဗျား လည်း အစုစပ်ပါရအောင် စီစဉ်ထားတယ်ဆိုတာပဲ။ အဲဒါ ခင်ဗှားကို အသိပေးဖို့။ အစုစုပ် စာချုပ်ဆွဲပေးဖို့ လည်း ရှေ့နေကို ပြောပြီးပြီ။ ကျွန်တော် ခရီးမထွက် ခင် လက်မှတ်ထိုးသွားမယ်"
မိတ်တလန် ပိတ်ပိတ်သား ငြိမ်နေ၏။ ဟန်ဆောင်မှု ကင်းကင်းရှင်းရှင်း ရိုးသားပွင့်လင်းသော သူ့မျက်နှာကြီးတွင် တအောင့်လောက် သွေးရောင်ပျောက်သွားသည်။ ပြီးမှ သွေးရောင်ပြန်လွှမ်း လာသည်။ ပို၍ ရဲရဲ တွတ်တွတ်ကြီး ဖြစ်တော့သည်။

နှစ်ပေါင်းများစွာ တည်တည်ငြိမ်ငြိမ် ကြိုးကြိုးကုတ်ကုတ် လုပ်ခဲ့ရာမှ ယခုကဲ့သို့သော ကမ်းလှမ်း ချက်မျိုးကို မမျှော်မကိုး ရရှိလိုက်သည်မှာ မျက်စိပြာမတတ် အံ့အားအသင့်ကြီး သင့်စေသည်။ မနည်းစိတ်ထိန်းထားရသည်။ စိတ်ခိုင်ခိုင် ချုပ်တည်းထားသည့်ကြားမှ သူ့အသံက သိုးသိုးသိသိ တုန်တုန်ရီရီ ဖြစ်နေသေးသည်။ ထိုအသံဖြင့် စကားပြန် သည်။ "ပြောစရာ မရှိသလောက်ပါပဲ ဟင်နရီ ...။ ကျေးဇူးတင်တယ် ... ဆိုတာ တစ်ခုပါပဲ ..."
"ဒါဖြင့် ဒီကိစ္စပြတ်ပြီ" ပေ့ က အလေးအနက် ဆက်ပြောသည်။

"ကျွန်တော့်စိတ်ထဲ မှာ ရှိနေတာတစ်ခု ကျန်သေးတယ်။ ခင်ဗျားများ အံ့အားသင့်သွားမလားတော့ မသိဘူး။ ပြောကောင်းရဲ့လားလည်း ကျွန်တော်တော့ မသိဘူး။ ဒါပေမဲ့ ဒီပြီးခဲ့တဲ့ လေးရက်အတွင်း ကျွန်တော့် အပေါ် ထားခဲ့တဲ့ စေတနာတွေ၊ ကရုဏာတွေ ... ဒါတွေဟာ ဒီမြို့လူထုရဲ့ မေတ္တာပဲ"
မစ်မော့ဖတ် ခနိုးခနဲ့ ဟောကိန်း ထုတ်ထားသည့်စကားကို မိတ်တလန် ကြားယောင်လာမိသည်။

"ကိုယ့်စည်းကမ်း ကိုယ်ဖောက်ပြီး ပုဂ္ဂိုလ်ရေးကိစ္စကလေးတစ်ခု ရေးရမလားလို့ စဉ်းစားမိတယ်။ ဒီတစ်ကြိမ် တည်းပါပဲ။ ကျွန်တော် စိတ်ကူးထားတာကို ခင်ဗျားလည်း သဘောပေါက်မှာပါ။ စာဖတ် ပရိသတ်ဆီကို ရေးတဲ့ ကျွန်တော့် ရဲ့ သ၀ဏ်လွှာ ဆိုပါတော့လေ။ ကျွန်တော့ရဲ့ ပုဂ္ဂိုလ်ရေး ယုံကြည်ခံယူချက်ကို အတည်ပြုတာရယ် ... မြို့လူထု နယ်လူထုရဲ့ ယုံကြည်မှု၊ ထောက်ခံမှုကို ဂါရ၀ ပြုတာရယ် ... ကျွန်တော်တို့ ဘယ်လို ဒုက္ခသုက္ခမျိုးကြုံကြုံ သတင်းစာကို လှေခွက်ကျန် အလံ မလှဲစတမ်း ထုတ်မြဲထုတ်သွားမယ်ဆိုတာ အာမ၀န်တာ ခံတာရယ် ..." "အဲဒီ သဘောထားအတိုင်း ကျွန်တော် ရေးရင် ကောင်းပါ့မလား။ ခင်ဗျား ဘယ်လို သဘောရသ လဲ။ သိမ်များ သိမ်နေသလား" "ရေးပါဗျာ။ ခင်ဗျားအဖို့လည်း ကောင်းတယ်။ အားလုံးအဖို့လည်း အကျိုး ရှိတယ်"။ မိတ်တလန်က တစ်ချက်ကလေး ဆုတ်ဆိုင်းခြင်း မရှိ။ ခိုင်ခိုင်မာမာ၊ ပြတ်ပြတ်သားသား တိုက်တွန်း သည်။

ပေ့ မျက်နှာ မသိမသာ ၀င်းကြည်သွားသည်။
"ဒါဖြင့် ရေးမယ်ဗျာ။ ကျေးဇူးပါပဲ မယ်လ်ကမ်ရေ"
ပေ့ အခန်းထဲမှ ထွက်သွားသည်။ အတော်ကြာအောင် မိတ်တလန် ထိုင်နေသေးသည်။ ပြီးမှ သတင်းခန်းသို့ ထွက်လာခဲ့သည်။ မိတ်တလန် စင်္ကြံမှ လျှောက်လာသည်။ ဟင်နရီပေ့၏ အခန်းရှေ့မှ ဖြတ်သွားသည်။
စားပွဲတွင်ထိုင်၊ ကိုယ်ကိုခပ်ကိုင်းကိုင်းငုံ့၊ ခေါင်းကို လက်တစ်ဖက်ဖြင့် ထောက်ကာ နက်ဖြန်ထုတ် ဥတ္တရအလင်း တွင် ဖော်ပြရန် လူထုထံ သ၀ဏ်လွှာကို မှန်မှန်ကြီး ရေးနေသည့် ဟင်နရီပေ့အား ပွင့်နေသော အခန်း တံခါးပေါက်မှနေ၍ မိတ်တလန် လှမ်းမြင်လိုက်ရလေ၏။

ဝင်းတင်
ပြီးပါပြီ
.

No comments: