ပင်စင်နာတစ်ဦး၏ အာလူးမှတ်တမ်း (၁၀)
စာကလေးအမွေးနုတ်
စာကလေးအမွေးနုတ်
" ထားဝယ်သွားရေလား" နှင့် " ထားဝယ်ပြန်လေလား " ဆောင်းပါး၏ အဆက်ဟု ယူဆမည်ဆိုကလည်း ဖြစ်နိုင် ပါသည်။ ဆောင်းပါးရှင် တစ်ဦး၏ တာဝန်မှာ ခရီးသွားလာသည့်အခါများ၌ မိမိကြုံတွေ့ ခဲ့ သည် များ ကို မှတ်တမ်းတင်ရန် တစ်ဆင့်ဖောက်သည်ချရန်ဖြစ်သည်နှင့်အညီ ခရီးသွားခိုက် တွေ့မြင်ခဲ့ရသည့် အကြောင်း အရပ်တစ်ချက်အပေါ်တွင် မိမိ၏ ထင်မြင်သုံးသပ်ချက်ကို တင်ပြရမည်လည်းဖြစ်သည်။ ဆောင်းပါးရှင် ၏ အယူအဆတစ်ရပ်သည် စာဖတ်ပရိသတ်နှင့် ကိုက်ညီသည်လည်းရှိပေမည်၊ မကိုက်ညီ သည်လည်း ရှိပေ မည်။ တင်ပြခွင့်ရခြင်းသာ ပဓာနဖြစ်လျက် ဆောင်းပါးရှင်၏တင်ပြချက်ကို လက်ခံရန် မလိုပါ။ ဆောင်းပါးရှင် သည် အရာရာတွင် ဆုံးဖြတ်ပိုင်ခွင့် ရှိသောပညာရှင်မဟုတ်ပါ။
အာဏာပိုင် ပုဂ္ဂိုလ်လည်း မဟုတ်ပါ။ အတွေ့ အကြုံကို တင်ပြသည်ဆိုရာတွင် မူလတန်း ကျောင်းသားငယ် သည်လည်း စာရေးတတ်လျှင် သူ့အတွေ့အကြုံကို တင်ပြနိုင်မည်သာဖြစ်သည်။ စာစီစာကုံး တစ်ပုဒ် ကောင်းစွာရေးတတ်လျှင် လုံလောက် ပြီဟု ဆိုရမည်ဖြစ်သည်။ သို့ဆိုလျှင် ခြားနားချက် ကား အဘယ်မှာနည်း။ ခြားနားချက်ကား အတွေ့ အကြုံ တစ်ရပ်အပေါ်တွင် ရှုမြင်သည့် ရှုထောင့် နှင့် ရေးဟန် သားဟန်သာလျှင် ဖြစ်တော့သည်။
စာရေးသူသည် လောကကို ရွဲ့စောင်းစောင်း Oblique Angle သာလျှင် ရှုမြင်တတ်ပါသည်။ ရွဲ့ စောင်းစောင်း ကြည့်ခြင်းမှာ တည့်တည့် မကြည့်ဝံ့၊ မကြည့်ရဲ၍သော်လည်းကောင်း ဖြစ်ချင်ဖြစ်မည်။ လူပုဂ္ဂိုလ် ၏ ကိုယ်ဟန် အနေအထားကပင် ရွဲ့စောင်းနေသောကြောင့်လည်း ဖြစ်ကောင်းဖြစ်မည်။ မည်သို့ ဆိုစေကာမူ ရွ့စောင်းသောအမြင်ဟူသည်မှာ ဟာသဆန်သော အမြင်တစ်ရပ်ဟု သဘောပေါက်ကြလျှင်မူ ကောင်း လေစွ။ ဟာသဆန်သောအမြင်သည် လောကကို ထော်လော်ကန့်လန့်တိုက်သော အမြင် နှင့်လည်း များစွာခြားနားသေးသည်ကို ထပ်မံ သဘောပေါက်သော် ပို၍ ကောင်းလေစွ။
တစ်ဖန် ရေးဟန်။ ကလောင်ကိုင်သူများသည် မိမိ၏ ကိုယ်ပိုင်ရေးဟန်ရှိတတ်ကြသည်။ စာရေးသူတစ်ဦး၏ ရေးဟန် သည် မိမိနှစ်သက်သော ရေးဟန်နှင့် ကိုက်ညီသည်လည်းရှိမည်၊ ကြိုက်လိုသော်မှလည်း ကြိုက်မည်။ သို့သော် မိမိမကြိုက်သောကြောင့် မကောင်းဟု သတ်မှတ်ရန်မှာမူ အတ္တနောမတိ ဆန်လှသည်။ မိမိမကြိုက်ခြင်းနှင့် ဆောင်းပါးမကောင်းခြင်းသည် တစ်ခြားစီဖြစ်၏။ ပမာဆိုသော် သောင်းပြောင်း ထွေလာ ကိုအမိုက်ခံ ထုတ်ဝေနေသည့် အထောက်တော်လှအောင်၏ ရေးသားဟန်ကို ကျွန်တော် မကြိုက်ပါ။
ကျွန်တော် မကြိုက်ခြင်းသည် ကျွန်တော် မကြိုက်ခြင်းသာလျှင်ဖြစ်၏။ (ရှုပ်မသွားတန် ကောင်းဟု ထင်ပါ သည်။) ကျွန်တော် မကြိုက်ခြင်းကြောင့် သူ့ဆောင်းပါးများမကောင်းဟု ကျွန်တော် မဆိုလိုပါ။ ကျွန်တော် မကြိုက် သော်လည်း ကြိုက်သည့်သူ ဒုနဲ့ဒေး ရှိနေကြခြင်းကြောင့် အထောက်တော်လှအောင် ဟု နာမည် တစ်လုံး နှင့် မြေပဲဆားလှော်ရောင်းသော် ချမ်းသာလောက်ပြီ။ အနှီ အထောက်တော် လှအောင် အား သင်း အရေးအသား မျိုးမှ အခြားရေးသားနည်းမျိုးစုံ ပြောင်းသွားစေရန် ဖိကွပ်သောနေ့သည် လှအောင် ပျက်စီးသည့်နေ့ မည် သတည်း။
ကျွန်တော့် ဆောင်းပါးများသည် ယခင်ဆောင်းပါးများကဲ့သို့ ဖတ်၍ မရယ်ရပါ။ မရယ်ရသောကြောင့် မကောင်းပါ။ (၀ါ) ယခင်ကကဲ့သို့ မကြိုက်ပါဟု ပြောလာသူများအား လုံလောက်သောအဖြေကို ကျွန်တော် ပေးပြီး ဖြစ်ပြီထင်ပါသည်။ ထိုထက် ရှင်းအောင်ဆိုရသော် ကျွန်တော့်လက်ကို ကျွန်တော် ရိုက်ချိုးချင်နေ သည်မှာ ကြာပြီဖြစ်သည်။ ကျွန်တော့်လက်ကလည်း မိုက်တွင်းနက်လှသည်။ အထေ့အငေါ့ အကော်အခတ် ကလေး များနှင့် ခပ်သောရေးတတ်သည်။ သရော်စာနှင့် ဆော်စာကို ခွဲခြားသိမြင်နိုင်စွမ်းရှိလျှင် မောင်သော်က သည် ရယ်ရပါမည်။ သို့မဟုတ်သော် နန်းနို့ဂျွတ်-နို့ဒေါက်ခ ဖြစ်ရပါသည်။ စာကလေး အမွေးနုတ်သူရယ် …
ဟိုဘက်ခြံက လယ်သမားလေး
အမေရိကန်လွတ်မြောက်ရေးစစ်ပွဲတွင် ဗြိတိသျှနယ်ချဲ့များနှင့် အမေရိကန် လွတ်မြောက်ရေးတပ်များ ရင် ဆိုင် တွေ့ကြသည်။ အမေရိကန်ကိုလိုနီများက တပ်များစုရုံးဖွဲ့စည်းကာ ကွန်ဂရက်၏ အမိန့်အာဏာအား ဖြင့် လယ်သမားတစ်ဦးဖြစ်သူ ဂျော့ဝါရှင်တန်ဆိုသူအား ဗိုလ်ချုပ်ခန့်အပ်လျက် ကိုလိုနီဆန့်ကျင်ရေး တိုက်ပွဲ ၀င်ခဲ့ကြသည်။ ဗြိတိသျှတပ်များကို ဦးဆောင်သည့် ဗိုလ်ချုပ်ဟိုးဝီး၏ တပ်များနှင့် အမေရိကန် ဗိုလ်ချုပ် ဂျော့ ၀ါရှင်တန် ၏ တပ်များ စစ်မြေပြင်တစ်နေရာ၌ တွေ့ဆုံကြသည်။
ဗြိတိသျှဗိုလ်ချုပ် က အမေရိကန်တပ်များ၏ အကြီးအကဲ သေနာပတိဖြစ်သူဂျော့ဝါရှင်တန်ထံသို့ စာ တစ်စောင် ပေးပို့ရာ၌ ဂျော့ဝါရှင်တန်၏ ဗိုလ်ချုပ်ဟူ သောရာထူးကို အသိအမှတ်မပြုသည့်အနေဖြင့် လူကြီးမင်း ဂျော့ဝါရှင်တန် (George Washington esq) ဟူ၍ စာအိတ်တွင် လိပ်တပ် ပေးပို့ခဲ့သည်။ ဂျော့ဝါရှင်တန် က စာအိတ်ပေါ်တွင် လိပ်စာမူထားသည်ကို တစ် ချက်သာကြည့်ပြီးနောက် " သြော် … ဂျော့ဝါရှင်တန် ကို ပေးရမှာလား။ သူ့ကို ကျုပ်သိပါတယ်။ စစ်ပွဲပြီးလို့ အိမ်ပြန်ရောက်တော့ ဆက်ဆက်ပေး လိုက်ပါ့မယ် "ဟု စာပို့လာသူ အင်္ဂလိပ်စစ်ဗိုလ်အားပြောကာ စာကို ဖောက်မဖတ်ဘဲ အိတ်တွင်း ထည့် လိုက်သည်။ သံတမန်ရေးရာတွင် နောကြေနေသည့် ဗြိတိသျှ များကလည်း နောက်၌ အကဲ မစမ်းသာ တော့ပဲ " ဗိုလ်ချုပ်ဂျော့ဝါရှင်တန်" ဟူ၍ ထိုက်တန်စွာ လိပ် မူသောအခါကျမှ စာကို ဖောက်ဖတ် တော့သည်။
နောင် နှစ်ပေါင်းအတန်ကြာ၍ အမေရိကန်လွတ်မြောက်ရေး စစ်ပွဲများသည်လည်း သမိုင်းစာအုပ်ဖြစ်လာ သော အချိန်ခါ၌ ဂျော့ဝါရှင်တန် အကြောင်းရေးသားလိုသည့် စာရေးဆရာတစ်ဦးက ဂျော့ဝါရှင်တန်၏ မွေးရပ် ဇာတိမြေသို့ သွားရောက်ကာ အချက်အလက်များစုဆောင်းသည်။ အမေရိကန်ပြည်ထောင်စု၏ ပထမ ဦးဆုံးသော နိုင်ငံတော်သမ္မတကြီးအကြောင်း ရေးသားရန်ဖြစ်၏။ လက်လှမ်းမီသမျှစုံစမ်းရာတွင် အဖွားအို တစ်ဦးအား သွားတွေ့မေးရာ၌ -
" သြော် … ဂျော့လား … သိသားပဲ။ ဟိုဘက်ခြံက လယ်သမားကောင်လေးပဲ" ဟု ဖြေလိုက်လေသည်။
ရွာဘုရား ရွာသား မရိုသေဟူသော မြန်မာစကားသည်လည်း ရှိပါသည်။ သို့သော် ကျွန်တော်သည် ထားဝယ် မြို့သို့ ရောက်ရှိခဲ့ရာ၌ မြန်မာပြည်ဖက်ဆစ်တော်လှန်ရေးတွင် ဦးစွာ သေနတ်ဖောက်ခဲ့သူ ဗမာ့ ကာကွယ်ရေး တပ်မတော်မှ ဗိုလ်မှူးကြီးဗထူးအား ဂုဏ်ပြုအပ်သည့် အထိမ်းအမှတ်ဟူ၍ တစ်စုံတစ်ရာမျှ မတွေ့ခဲ့ရပါ။ ထားဝယ်သား ဗိုလ်မှူးကြီးဗထူး အတွက် လမ်းတစ်သွယ်၏ အမည်သည်ပင် ဗထူးလမ်းဟူ၍ မရှိပါ။ အထက် မြန်မာပြည်မန္တလေးမြို့တွင် အားကစားကွင်းကို ဗထူးကွင်း၊ ရှမ်းပြည်တွင် ဗထူးမြို့ဟူ၍ ဂုဏ်ပြုကြပါလျက် သူ၏မွေးရပ်ဇာတိမြေတွင် ဗိုလ်မှူးကြီးဗထူးအား ဂုဏ်ပြုသည့် အထိမ်းအမှတ် တစ်ခုခု ကို မတွေ့ခဲ့ရခြင်း အတွက် ၀မ်းနည်းရပါသည်။ ခုံဝင်းဒပ်ရပ်တစ်နေရာ၌ " အဲ ဟိုဟာ ဗိုလ်မှူးဗထူးအိမ်" ပဲ ဟူ၍ ပြသောအခါကျမှ အိမ်တစ်ဆောင်ကို တွေ့ခဲ့ရပါသည်။ သြော် … ဗိုလ်မှူးကြီးဗထူး တစ်ယောက် လည်း ထား ၀ယ်မြို့တွင် " ဟိုဘက်ခြံက ကောင်ကလေး" ဖြစ်နေရှာသည်ဟုသာ ကျွန်တော် မှတ်ယူ လိုက် ရပါသည်။
သိုက်စောင့်များနှင့်တွေ့ခြင်း
ထားဝယ်တွင် ရှေးဟောင်းပစ္စည်းများအတော်အသင့် ရှိတန်သရွေ့ရှိသေးသည်။ စစ်ဘေးမီးဘေးကို အကြိမ်ကြိမ် ခံရသည့်ကြားမှပင် ရှာတတ်ဖွေတတ်လျှင် တွေ့နိုင်ပေသေးသည်။ မြို့သက်ကလည်း ရှည် လှပြီဖြစ် သည်။ အေဒီသက္ကရာဇ် ၁၆ ရာစုနှစ် တောင်ငူခေတ်တွင် တည်ထားခဲ့သည့် မြို့ဖြစ်ခြင်းကြောင်း သမိုင်း သုတေသီများအတွက် သမိုင်း၏ မှတ်တိုင်များလည်း များစွာအထောက်အကူရနိုင်သည်။
တဖြည်းဖြည်း လွှမ်းမိုးစပြုလာနေပြီဖြစ်သော ဟွန်ဒါယဉ်ကျေးမှုနှင့် စပရိုက်ယဉ်ကျေးမှုတို့၏ လှိုင်းလုံးများ အောက် တွင် များမကြာခင် ဖုံးလွှမ်းသွားပေဦးတော့မည်။ အဟောင်းနှင့် အသစ်တို့သည် နေရာချင်း ပြိုင်လျက် အားလုလျက်ရှိနေကြသည်။ အိမ်ဟောင်းကြီးများထက်တွင် ဖိုင်ဘာပန်းကန် ခွက်ယောက်၊ စတိန်းလက်စတီး အိမ်သုံးပစ္စည်း ပလတ်စတစ်ဇလုံနှင့် ဖော်မီကာ စားပွဲခင်းများ ထည်ဝါစွာ နေရာယူ နေကြသည်။
ကုန်းဘောင်ခေတ် ၏ ပွတ်လုံးတိုင် ကျွန်းသားဗီရိုကြီးများ၊ ယိုးဒယားပန်းကန်နှင့် ဒေါင်းမြီးကွက်ဖော် အလှပြင် မှန်ဗီရို များမှာ ဖုံအလိမ်းလိမ်းနှင့် ချောင်ထိုးခံနေရပြီဖြစ်သည်။ အိမ်တစ်အိမ်တွင် ပရုပ်သားနှင့် ပြုလုပ် ထားသည့် ဧရာမ သေတ္တာကြီးတစ်လုံးကို တွေ့ရသည်။ အ၀တ် အထည်များထည့်ထားသော် ပိုးမကိုက် ဟုဆို၏။ သို့သော် ကျွန်တော် စိတ်ဝင်စားသည်မှာ သေတ္တာ၏အဖုံးနှင့် ရှေ့မျက်နှာစာ ၀ဲယာ တို့တွင် ထွင်းထားသည့် အနုပညာမြောက်လျသော ရုပ်ကြွများသာ ဖြစ်သည်။
လက်ရာမှာ နုလှ စိပ်လှသည်။ ဂန္ဓာလရာဇ်တိုင်းဖြစ်လက်ရာ ရှေးနိပါတ်တော်လာ တရုတ်ရာဇ၀င် များမှ ဇာတ်ဝင်ခန်း များကို ထွင်းထုထားသည်။ သေတ္တာပိုင်ရှင်ဖြစ်သူ အဘိုးကြီး က ငါးထောင်ပေးသော် လည်း မရောင်းသေးပြီ ဟု ဆိုသည်။ သေတ္တာပိုင်ရှင်ကြီးသည် သူ့သေတ္တာကို သူသေသည်အထိ စောင့် သွားမည့် ဟန် ရှိ၏။ သက်ရှိထင်ရှားရှိနေသေးသည့် သေတ္တာသိုက်စောင့်အဘိုးကြီးသည် အရေးဆိုလျှင် သေတ္တာ ကိုသာ ထမ်းပြေးရန် အစဉ်နိုးကြားစွာ ရှိနေသည်။
နောက်ထပ်၍လည်း သိုက်စောင့်တစ်ဦးနှင့် တွေ့ရသေးသည်။ သူ့အသက်သည် ရှစ်ဆယ်နားကပ်နေပြီ။ သူ စောင့်သည့် သိုက် မှာတော့ ဘုမ္မိသိုက်။ ရှေးယခင် အစိုးရလက်ထက်ကတည်းက အင်္ဂလိပ် သတ္တုတွင်း သမားများ နှင့် လက်တွဲကာ ထားဝယ်ဝန်းကျင်မှ ခဲမဖြူ၊ အဖြိုင်နက် စသည်တို့ကို တူးဖော်လာခဲ့သည့် ၀ါရင့် သတ္တု တွင်းသမားကြီးဖြစ်၏။ ယခုမူ ငွေကြေးအားဖြင့် ချွတ်ခြုံကျအောင် မွဲနေပြီဖြစ်သော်လည်း စိတ်ဓာတ် အားဖြင့် မူ တစ်စက်ကလေးမျှ မမွဲသေးသည့် ဦးချန်တီးဖြစ်သည်။ သတ္တုတူးဖော်ရေး အကြောင်း ကို ပြောရလျှင် သူ့ မျက်လုံးများမှာ အရောင်တောက်လာသည်။ သူ့အသံမှာ မာလာ သည်။ သူ့ လှုပ်ရှားမှု များမှာ ဖြတ်လတ်သွက် လက်ဆဲဖြစ်၏။
" ဒီမှာ ဆရာကြီး၊ ထားဝယ်ဟာ မိုင်းမြို့တော်၊ ထားဝယ်ပတ်ဝန်းကျင်တစ်ဝိုက်မှာ တိုင်းပြည်အတွက် သုံး မကုန် နိုင်တဲ့ မြေအောက်ရတနာတွေ သတ္တုတွေရှိနေတယ်။ ကျွန်တော် နှစ်ပေါင်းခြောက်ဆယ် အတွေ့ အကြုံ ရှိပါတယ်။ အင်္ဂလိပ်တွေနဲ့ ယှဉ်လုပ်ခဲ့တယ်။ ဒီနေ့ ကျွန်တော် မွဲနေပါပြီ။ ဒါအရေးမကြီးပါဘူး။ ပိုက်ဆံ ဟာ ကျွန်တော့်အတွက် ဘာအဓိပ္ပာယ်မှ မရှိတော့ဘူး။ မကြာခင်လည်း သေတော့မှာပဲဟာ၊ ဒါပေမဲ့ ကျွန်တော် မသေခင်မှာ ကျွန်တော်သိထားတာတွေ တတ်ထားတာတွေနဲ့ တိုင်းပြည်ကို အကျိုးပြုခဲ့ ချင်တယ်။
ကျွန်တော့် ကို လုပ်ကိုင်ခွင့်နဲ့ လိုအပ်တဲ့အကူအညီသာပေးပါ။ တစ်နှစ် နှစ်နှစ်အတွင်းမှာ သတ္တုတွေ တန်ချိန် များစွာ ထွက်ရပါစေမယ်ဟုတ်လား " ဦးချန်ကီးက ကျွန်တော် စာရေးသူအား စိတ်အား ထက်သန်စွာ ပြော သည်။
" ဟုတ်ပါတယ်၊ အခုလည်း နိုင်ငံတော်က ဆောင်ရွက်လျက်ပဲ မဟုတ်လား။ ဒီနယ်တစ်ဝိုက်မှာ ဟိန္ဒား သတ္တု တွင်း တို့ ဟာမြင်းကြီး တို့မှာလည်း လုပ်ဆောင်နေကြတာပဲ " ကျွန်တော်က လူတတ်ကြီးလုပ်ကာ အချိုသပ် ထားရန် ကြိုးစားသည်။
" ဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့ ဆရာကြီးသိထားစေချင်တာက တောကြောက်တဲ့လူ၊ မိုးကြောက်တဲ့လူ၊ ကျွတ် ကြောက် တဲ့ မိုင်းတူးသမား၊ မျှော့ကြောက်တဲ့ ယာသမား။ မိုးရွာရင် စခန်းက မထွက်ချင်တဲ့ သတ္တုသမား နဲ့တော့ ဝေးပါသေးတယ်။ ဒီမှာ ဆရာကြီး ကျွန်တော်တို့က မိုးရွာလေ တောတိုးလေပဲ။ မိုးရေနဲ့ တောင် ကိုဖြိုတယ်၊ ဒိုင်းနမိုင်း ထက် အားကိုးတယ်၊ မှက်ခြင် ဖြုတ်နဲ့ နပန်းလုံးနေရတာကို ပျော်တယ် "
" ဟုတ်ပါတယ် … ဟုတ်ပါတယ် "
" အခု ကျွန်တော်တို့ရဲ့ သတ္တုတွေ ဘယ်ရောက်ကုန်ပြီလဲ၊ ဘယ်မှမရောက်ပါဘူး။ မြေလွှာအောက်မှာရှိပါ တယ်။ ကျွမ်းကျင် တဲ့ လူ အပင်ပန်းခံနိုင် အဆင်းရဲခံနိုင်တဲ့ လူတွေနဲ့ ဖိတူးရင်ရမှာပဲ။ ချန်ကီး မသေခင်မှာ တစ်ပွဲတစ်လမ်း တော့ နိုင်ငံအတွက် လုပ်ပေးခဲ့ချင်တယ်။ အဲလေ ကျုပ်ကလည်း နောက်ထပ် မိုင်းမတူးရ သေးရင် မသေနိုင်သေးပါဘူး "
ဦးချန်ကီး သည် သူ့အသက်အရွယ်ကပင် သူ့အား အခြားဆွဲဆောင်မှုကို မပြုနိုင်။ သူသည် စိတ်ဓာတ် လည်း မ ကျ။ သူငယ်ပြန်နေသည်လည်း မဟုတ်၊ သူ ယခုထိ အသက်ရှင်သေးခြင်းကို ယခုမှ ကျွန်တော် နားလည် တော့သည်။ သူသည် အသက်ရှင်လျက် သိုက်စောင့်ဖြစ်နေပါတကား။ သူစောင့်နေသည်မှာ ထား ၀ယ် မြို့နယ် မှ သတ္တုသိုက်။
ကျွန်တော်သည် ခုံဝင်းဒပ်ရပ်ကွက် ၂ လမ်းနေ ဦးချန်ကီးအိမ်မှ ပြန်ထွက်လာသည်၌ သိုက်စောင့်ကြီး ဦးချန်ကီး ၏စကားသံသည် ကျွန်တော့်နားဝယ် ရစ်ဝဲလျက်ပါလာခဲ့သည်။
" ထားဝယ် ဟာ မိုင်းမြို့တော် " တဲ့။
*
ပြီးတော့ တစ်ဖန် အမှန်သိကြစေလိုသည်မှာ -
အမှန်သိကြစေလိုသည်မှာ ဆိုခြင်းကြောင့် အမှားကို ၀န်ခံရာ၌ သိုင်းကွက်နှင့် "ရှောင်ကွန်နရီ "လုပ် သွားခြင်း ဖြစ်ပါသည်။
လွန်ခဲ့သောအပတ် "ထားဝယ်သွား ရေလား" တွင် ကျွန်တော်က ရေးခဲ့မိသည်။ စစ်မှုထမ်းဟောင်း စားသောက်ဆိုင် ၌ (ဘီးငန်းကြော်-ဘဲငန်းကြော်)ဟူ၍ …။ ကျွန်တော့် မျက်လုံးများ မကောင်းတော့ပါ။ မျက်မှန် ပါဝါ ထပ်ဆောင်းရပါမည်။ ဘီးငန်းကြော် မဟုတ်ပါတဲ့။ ထားဝယ်စကား ကျွမ်းကျင်သူ ဆရာတစ်ဦး က ပြောလာသည်။ ဘီးဝန်ကြော် (၀လုံးနသတ်)ဖြစ်ပါ၏။ ဘီးဝန်းကြော်ဟူသည် မှာ ထားဝယ် တွင် " ဆန်ကြာဇံကြော် "ဖြစ်ကြောင်းပါ ခင်ဗျား။
ဆက်ရန်
.