Friday, November 18, 2011

မောင်သော်က ၏ ညနေခင်းများ, အပိုင်း (၁၉)

ပင်စင်နာတစ်ဦး၏ အာလူးမှတ်တမ်း (၈)
အင်တာနေရှင်နယ် သင်္ကြန်

ကျွန်တော်တို့ဟာ ရိုးရာသင်္ကြန်၊ ၀ံသာနုခေတ်ရဲ့ ရယ်တာပေါ့သင်္ကြန်၊ ဂျပန်ခေတ်ရဲ့ ယောရောရှိသင်္ကြန်၊ နိုင်ငံရေးခေတ် စီးပွားရေးသမားများရဲ့ သရုပ်ပျက်သင်္ကြန်တို့ကို ဖြတ်သန်းလာပြီးတဲ့နောက် မျက်မှောက် ခေတ် ရိုးရာယဉ်ကျေးမှုသင်္ကြန် ကို ကြုံရပြန်တယ်။ ဖလဲတို့ ဘဲလ်တို့နဲ့ ရှိတ်ဆွဲတဲ့ သင်္ကြန်ပေမို့ကိုးလို့ ခေတ် စာဆိုများ စာဖွဲ့ကြလိမ့်မယ် ထင်ပါတယ်။
မြန်မာတို့ ရဲ့ ရိုးရာနှစ်သစ်ကူးသင်္ကြန်ကို လူမျိုးတိုင်း၊ ဘာသာဝင်တိုင်း အလွန်စိတ်ဝင်စားကြတယ်။ ၀င်ရောက် ဆင်နွှဲကြတယ်။ သင်္ကြန်ခါရဲ့ ရိုးရာယဉ်ကျေးမှုအနှစ်သာရကို မသိသော်တိုင်မှ အပြင်ပန်း အားဖြင့် ကစားပျော်ကြပုံကို သိမြင်ကြရုံနဲ့ ၀င်ရောက်ဆင်နွှဲကြတယ်။

သင်္ကြန်ရဲ့ ယဉ်ကျေးမှု အနှစ်သာရကို သိတဲ့ အခါမှာ ပိုလို့ ကြည်နူးကြတယ်။ မြန်မာပြည်မှာ ခေတ္တ သော် လည်းကောင်း၊ နှစ်ကာလအတန်ကြာသော် လည်းကောင်း နေထိုင်တဲ့ နိုင်ငံခြားသားမှန်သမျှဟာ သင်္ကြန် အခါကာလ ကို တသသ သတိရကြစမြဲပင် ဖြစ် တယ်။ မနှစ်သင်္ကြန်တုန်းက အမှတ်မထင် နိုင်ငံခြားသား တစ်ဦး နဲ့ သင်္ကြန်မှာ တွေ့ဆုံခဲ့ရလို့ သူ့ကို ရန်ကုန် မြို့တစ်ပတ် မဏ္ဍပ်တွေ လည်ပြပြီး သင်္ကြန်ပွဲတော် နွှဲပျော် နေကြပုံတွေကို ပြသခဲ့တယ်။ သူကလည်း တစ်ဖက်က သင်္ကြန်မှာ ၀င်ပျော်ပါးလိုက်၊ တစ်ဖက် က လည်း မှတ်တမ်းတင် ရေစိုတာတောင်မှ သူက စိတ်မ ဆိုးခဲ့ပါဘူး။

သူဟာ ကမ္ဘာလှည့်ခရီးသွားပီပီ အတိုင်းတိုင်း အပြည်ပြည် ရောက်ခဲ့သော်လည်း ယခုလို တိုင်း ပြည်နဲ့ လူမျိုး နဲ့ ချီပြီး လူတန်းစားမရွေး အရူးအမူးကစားတဲ့ ပျော်ပွဲမျိုး မတွေ့ဖူးသေးကြောင်း ၀န်ခံပါတယ်။ ယခု သူ အမေရိကပြန်ရောက်တာ တစ်နှစ်ရှိသွားပြီဖြစ်သော်လည်း သင်္ကြန်ပွဲတော်ကို ယခုတိုင် သတိရနေ လျက် ရှိသေးကြောင်း တဖွဖွ စာရေးပြောလေ့ရှိပါတယ်။ မြန်မာပြည်မှာရှိကြတဲ့ နိုင်ငံခြားသား သံ အမှုထမ်း များဟာလည်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အထူးစီစဉ်ပေးချက်အရ သင်္ကြန်ပွဲတော် နွှဲပျော်ရခြင်းကို အထူး နှစ်သက်ကြပါတယ်။

အဲဒီလို နိုင်ငံခြားသားများပင် ၀င်ရောက်နွှဲပျော်လာပြီမို့ မြန်မာ့ရိုးရာသင်္ကြန်ဟာ နိုင်ငံ တကာချစ်ကြည်ရေးသရုပ် ဆောင်လာပြီမို့ မြန်မာ့ရိုးရာ သင်္ကြန်ဟာ နိုင်ငံတကာချစ်ကြည်ရေးသရုပ် ဆောင် လာပြီး " အင်တာနေရှင်နယ် " သင်္ကြန်ဖြစ်လာပါပြီ။
ကျွန်တော် တစ်ယောက်အနေနဲ့ကတော့ သင်္ကြန်ကာလမှာ တစ်ရံရောအခါက အလွန်ပျော်ခဲ့တယ်၊ အရူး အမူး ပျော်တယ်၊ သဲသဲမဲမဲ ပျော်တယ်။ နောက်တော့ ကိုယ်တိုင်ကိုယ်ကျ ၀င်မပါတော့သော်လည်း ဘေးက ပွဲကြည့်သူအနေနဲ့ ပျော်တယ်။ နောက်တော့ မပျော်တော့ဘူး။ နောက်တော့ ကြောက်တယ်။ နောက်တော့ မြင်ပြင်းကပ်တယ်၊ ရွံလာတယ်၊ အော့နှလုံးနာတယ်။

ဒါဟာ မဆန်းပါဘူး၊ အသက်အရွယ်က စကားပြောခြင်းသာဖြစ်ပါတယ်။ သင်္ကြန်ကို ရွံမုန်းတော့ ဘုန်းကြီး ကျောင်း ရောက်တယ်။ ရိပ်သာရောက်တယ်၊ ကမ္မဌာန်းကျောင်းရောက်တယ်။ ဒါက ဘာသာရေးဘက် ဦးစား ပေးတဲ့လူ။ အနှီလူများက သုံးလေးရက်တိုင် ပုတီးကိုင်တဲ့နည်းတူ အခြားသူများကလည်း သုံးရက် လုံးလုံး ပုလင်းကိုင်တဲ့ လူများလည်း ရှိကြပါတယ်။ ဒါက ဘာသာရေးမှ ဆန့်ကျင်ဘက်အရပ်ဆီသို့ မျက်နှာ မူသူများ ရဲ့ အခါတွင် ယမကာပုလင်းအား ထုတ်ခြင်း။ အားလုံးဟာ သူ့နည်းနဲ့သူ၊ ကိုယ့်နည်းနဲ့ကိုယ် ချမ်းသာမှု ကို ရှိ ကြနေကြတဲ့ လူသားများသာ ဖြစ်ကြပါတယ်။

သင်္ကြန်တွင်း ခရီးသည်

သင်္ကြန်တွင်း မှာ သနားစရာအကောင်းဆုံးလူများကတော့ သင်္ကြန်တွင်း ခရီးသည်များ ဖြစ်ကြပါတယ်။ မလွဲ မရှောင်သာ လို့ ခရီးသွားကြတဲ့နေရာမှာ ခရီးသွားယာဉ်များအနက် အထူးသဖြင့် ပုဂ္ဂလိကပိုင် တက္ကစီ မော်တော်ယာဉ်များဟာ ရှာလို့မတွေ့အောင် ဖြစ်သွားပါတယ်။ တွေ့ပြန်ရင်လည်း တောင်းဆိုပြန်တဲ့ ဈေးက သူတို့ နှုတ်ခမ်းဖျားမို့ ထွက်ရက်ပေမဲ့လည်း၊ ကြားရသူနားဝမှာတော့ သံပူရည်လောင်းတဲ့ ဈေးနှုန်း ကို မတရား တောင်းဆိုတတ်ကြတယ်။ ဂိတ်ဆိုတာလည်းမရှိ။ ကြီးကြပ်သူဆိုတာလည်း မရှိ၊ သတ်မှတ် ဈေးနှုန်း ဆိုသည်မျာ ဝေလာဝေး၊ ခရီးသည်၏ လည်ချောင်းသွေးကို ဓားတုံးတုံးနှင့် လှီးသည့်ပမာ မခံချိ မခံသာ တောင်းဆိုတတ်ကြတယ်။ သို့အတွက် သင်္ကြန်တွင်း၌ အကောင်းဆုံးမှာ လုံးဝ ခရီး မသွားခြင်း သာဖြစ်တယ်။

သင်္ကြန်မတိုင်မီ ရက်သတ္တနှစ်ပတ်လောက်အလိုကတည်းက လေယာဉ်၊ မီးရထား၊ သင်္ဘော၊ ခရီးစဉ်အား လုံး မှာ နွေရာသီရက်အား ခရီးသွားများနဲ့ ပြည့်ကြပ်နေတယ်။ ငပလီတော့ စိတ်မကူးလေနဲ့၊ တရုတ်တန်း တစ်ခု လုံး ငပလီရောက်နေကြပြီ။ အအေးဆိုင်၊ ခေါက်ဆွဲဆိုင်၊ လက်ဖက်ရည်ဆိုင်၊ မိတ်ကပ်ဆိုင်၊ ရောင်စုံ ဓာတ်ပုံ ဆိုင်၊ နေ့ချင်းပြီးဓာတ်ပုံဆိုင်တွေနဲ့ စီးပွားအရှာကောင်းတဲ့ ပေါက်ဖော်များရဲ့ ကမ်းခြေဖြစ်နေပြီ။

သင်္ဘောခရီးလမ်းမှာ သင်္ဘောသစ်ကြီးတွေနဲ့ ခရီးစဉ်သစ်တွေ ပြေးဆွဲနေပီ ဆိုပေမဲ့လည်း ခရီးသွားလူထုရဲ့ အင်အား နဲ့ မမျှမတဖြစ်နေတယ်။ ဟားခါး၊ မြစ်ကြီးနား၊ တောင်ကြီးသင်္ဘောလက်မှတ် ၀ယ်ရဖို့တောင် မလွယ် ပါဘူး။ လက်မှတ်အတွက် အမြတ်တိုးပေး အပိုကြေးတစ်ရာကျပ်၊ တန်းစီထားတဲ့နေရာ ရောင်းစား တာတောင်မှ ၅၀ိ က ၃၀ိ အထိ ဈေးရှိတယ်။ အဲဒီလို သင်္ဘောနဲ့ ခရီးသည်မမျှဖြစ်နေတဲ့အချိန်မှာ သင်္ဘော တစ်စင်းဟာ ဆိပ်ကမ်းမြို့တစ်မြို့မှာ ရက်အတန်ကြာ ရပ်နားနေတော့ ပိုလို့ဆိုးတာပေါ့။ သင်္ဘောတစ်စီးရဲ့ ၀င်ငွေ ဟာ ပင်လယ်ခရီးလမ်းမှာ ရှိတယ်။ ဆိပ်ကမ်းမျာ မရှိဘူး။ ဆိပ်ကမ်းမှာ ကပ်ရက်ကြာလေ ထွက်ငွေ ပြလေပဲ။

ဒီရက်ပိုင်းအတွင်းမှာ ရောက်ပြီး ပြန်ထွက်စနစ်ကို အတတ်နိုင်ဆုံး လုပ်ပေးရင် ပိုအဆင်ပြေပါ လိမ့်မယ်။ နောက်ပြီး ဆိုးတာက ဘယ်သင်္ဘော ဘယ်ရက်မှာ ထွက်မယ်ဆိုတာ အတိအကျ မပြောနိုင်တာ၊ ပြောခွင့် မရှိတာဘဲ။ လက်မှတ်ရောင်းတဲ့အထိ အတိအကျမပြောနိုင်ဘဲ ၉ ရက်ခန့်တွင် ထွက်ပါလိမ့်မည်လို့ ကြေညာ ရတာကတော့ အတော်ခွကျပါတယ်။  " ခန့် " ဆိုတဲ့ စကားလုံးတစ်လုံးပြုတ် အောင် မလုပ်တတ်ကြ တော့ဘူးလား။ " ခန့် " ဆိုတဲ့ စကားလုံး မသုံးသင့်ပါဘူး။

"တိုး" ကျူရှင်များ
" ခန့် " စကားလုံးလိုပဲ ရွံမုန်းစရာကောင်းတဲ့ နောက်စကားလုံးတစ်လုံး "တိုး"ဆိုတဲ့ စကားလုံးပဲ။ တန်းစီတိုး လည်း ပါသပေါ့။ ဒါပေမဲ့ ကျွန်တော် ပြောလိုတာကတော့ အရှက်မရှိတဲ့ "တိုး" ကျူရှင်များပါပဲ။ ကျူရှင် ဆရာ တစ်ယောက်ဟာ ဘယ်လောက်များ အရှက်မရှိသလဲဆိုရင် ဒီနှစ်စာမေးပွဲ ဘယ်ဘာသာ ရပ် မေးခွန်း မှာ ဆရာ့ ကျူရှင်က ဘယ်နှစ်ပုဒ် "တိုး" တယ်လို့တောင် ကြေညာတယ်။ လက်စသတ်တော့ သူတို့ ဟာက မေး ခွန်းနဲ့ စွတ်တိုးရင် အောင်မှာကို အဓိကသင်ကြားတာကိုး။

ကလေးတွေကို စာတတ်စေဖို့ သင်တာမှ မဟုတ် ဘဲ၊ ကျူရှင်ဆရာ " စပေါ့ " (Spot) အရိုက်ကောင်းလေ အောင်ချက် ကောင်းလေနေမှာပေါ့။ တချို့ကျူရှင် များဘယ်လောက်သိက္ခာမဲ့သလဲဆိုရင် ဆရာက ပညာရေးဌာန နဲ့ မီးသေ တယ်။ မေးခွန်းထုတ်တဲ့ ပုဂ္ဂိုလ်များ နဲ့ ကျွမ်းတယ်လို့ တီးတိုးသတင်းလွှင့်ပြီး ကျောင်းသားခေါ်သေးတယ်။ သူတို့သိက္ခာမဲ့ပုံသာမက ပညာရေး ဌာနကိုပါ ထိခိုက်စော်ကားပြောရာ ကျ ပါတယ်။

အဲဒီဆရာများရဲ့ "တိုး" စနစ်ကြောင့် ကလေးတွေ စာမေးပွဲမျာ မ "တိုး" ရင် မအောင်ရုံတင်မက မတတ် တာပါ အဖတ်တင် ကျန်ရစ်ခဲ့တယ်။ မအောင်လည်းမအောင်၊ မတတ်လည်း မတတ်တာတွေ ဖြစ်ကုန်ကြရ တယ်။ အဲဒီတော့ ကလေးတွေမှာ အထပ်ထပ် နစ်နာရပါတယ်။ ကလေးတွေအပေါ်မှာ တတ်သိနားလည် စေချင်တဲ့ စေတနာသာ အဓိကထားသင်ပါ။ အောင်ဖို့က သူ့အလိုအလျောက် လိုက်လာပါလိမ့်မယ်။ တတ် ရင် အောင်မျာသေချာပါတယ်။ တတ်ရင် အောင်မှတ်က မခဲယဉ်းပါဘူး။ အဲဒီအခါမှာအောင်လည်းအောင် မယ်၊ တကယ်လည်း တတ်မယ်။ စပေါ့ရိုက်ပြီး အောင်တာကတော့ "တိုး"မှပဲ အောင်မယ်၊ အောင်လည်း ဘာမှ မတတ်ပါဘူး။ ဒါကြောင့် တိုးဆရာများကို ဟိုးဆရာလို့ ပြောလိုပါတယ်။

ဆရာတွေဘက်မှာ အပြစ်ပြောစရာရှိသလို ကျောင်းသားတွေလည်း လမ်းလွဲနေကြတယ်။ အသင်အပြ ကောင်းတဲ့ ဆရာဆီမျာ ကျောင်းသားတိုးမှာကတော့ သဘာဝကျပါတယ်။ ဒါပေမဲ့ တချို့ကျောင်းသား (အထူးသဖြင့် ကျောင်းသူ) များဟာ ဆရာရုပ်ချောသလား၊ အသက်ငယ်ရဲ့လား၊ ရုပ်ရှင်မင်းသား ဘယ်သူ နဲ့တူတယ်၊ သိပ်ရယ်ရတာပဲ၊ သီချင်းဆိုလည်းကောင်းတယ်၊ ဘယ်ကျူရှင်ဆရာက သင်တန်းမစမီမှာ ဘယ်စတီရီယိုတေးနဲ့ ဖျော်ဖြေတယ်၊ စပီကာကောင်းတယ်ဆိုတဲ့ အချက်တွေပေါ်မှာ အဓိကထားနေကြ တယ်။

ပိုဆိုးတာက (သားသမီးချင်းမစာ ပြောတယ်လည်းမထင်ပါနဲ့) ဆရာရုပ်ချောရင် သူတို့က စပြီး ယိသဲ့သဲ့ လုပ်ချင်ကြတယ်။ ဆရာကလည်း ယိသဲ့သဲ့ စကားလေးတွေ ပြန်ပြောရင် သူတို့က စိတ်မဆိုးတဲ့ပြင် ပိုခိုက် ကြသေးသဗျ။ အံ့ရော။ အံ့ရော။ အဲဒါ ကျူရှင်ဆရာတစ်ဦးရဲ့ လက်တွေ့ဘ၀ ပြောပြချက်ပါ။ အသက်ကြီး တဲ့၊ အတွေ့အကြုံရင့်တဲ့ ဆရာကြီးတွေ ဘယ်လောက်အသင်အပြကောင်းစေ၊ သူတို့လေးတွေက စိတ်မ၀င် စားပါတဲ့ "အာစရိယ ဂုံဏောလေးတော့ ပစ်ရပါပြီ။

အဲ … သူတို့လေးတွေအကြိုက် အလိုလိုက်တဲ့ဆရာ ကိုလူချောများကလည်း ပြဇာတ်မင်းသား ကျနေ တာပဲ။ လက်ချာတစ်နာရီသာသာ အတွင်းမှာ ဖော့ကရစ်ရောင်စုံအင်္ကျီ သုံးလေးထည် လဲပြလိုက် သေးတယ်။ ဟယ် … ဆရာက စောစောက၀တ်တဲ့ အပြာရောင်ကလေးထက် ခုဝတ်ထားတဲ့ အ၀ါနုရောင် နဲ့ လည်း ပိုလိုက်သနော်၊ ခဏကြာရင် ဘာအရောင်လဲမယ် မသိဘူးလို့ စောင့်ကြည့်နေကြတဲ့ ကျောင်းသူ များဖြစ်လာ ကြတယ်။ ဒီတပည့်တွေနဲ့ ဘာပညာများ ရကြမလဲ။ လာမယ့် ပညာရေးနှစ်မှာ ဒီစိတ်ထားတွေ ကင်းနိုင်ကြ ပါစေလို့ ဆုတောင်းလိုက်ရပါတယ်။

စာပေလုပ်သားအဖွဲ့ကြီး

စာပေလုပ်သားများ အထူးမျှော်လင့်တောင့်တနေကြတဲ့ စာပေညီလာခံကြီး ကျင်းပပြီးစီးသွားလို့ ပထမ အကြိမ် စာပေလုပ်သားအဖွဲ့ကြီးကို အောင်မြင်စွာ ဖွဲ့စည်းပြီးခဲ့ပါပြီ။ စာပေညီလာခံမှာ ဆိုရှယ်လစ် သရုပ်ဖော် စာပေများ ထွန်းကားလာရေးအတွက် အဓိကထား ဆွေးနွေးသွားကြညပီး သရုပ်ပျက်စာပေ အထူး သဖြင့် ရုပ်ပြစာအုပ်များကို အုပ်သွားကြပါတယ်။ စာပေစိစစ်ရေး မူဝါဒများကိုလည်း ပြန်လည် သုံးသပ် ကြဖို့ အစီအစဉ်တွေ သိရတာ ၀မ်းသာစရာပါပဲ။ ကျွန်တော် ပိုမိုနှစ်ထောင်းအားရ ဖြစ်မိတာ က တော့ စာပေ လုပ်သားပိုင် သမ၀ါယမ ထုတ်ဝေရေး များ ပေါ်ထွန်းလာတော့မှာကို ကြိုဆိုရပါတယ်။

ဒီနေ့စာပေထုတ်ဝေသူများမျာ မနူးမနပ် စာဖတ်ပရိသတ်များ ကြိုက်လို့ အောတိုက်တွေ့နေကြတဲ့ ဒိုင်းညောင့် နဲ့ ရှောင်လင်သိုင်း၊ ကွန်ဖူးသိုင်း စာပေတွေဟာ တန့်သွားသလောက် တန့်သွားပါပြီ။ စာပေလုပ် သား အဖွဲ့ကြီးဟာ အဲဒီလိုစာပေများကို လိုအပ်သလို နှိပ်ကွပ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ စာပေ လုပ်သား အဖွဲ့ဝင်များ ဟာလည်း အဲဒီလိုစာအုပ်မျိုးကို အငှားဆိုင်မျ မိမိကလေးများ ငှားလာတဲ့အခါ ရက်တွက် ပိုပေး ရသည် ထိ ယူမဖတ်ကြဖို့ သတိပြုရမှာ ဖြစ်ပါတယ် ခင်ဗျား ။     ။

နှစ်သစ်မှာ ရွှင်လန်းကြပါစေ …။
သောင်းပြောင်းထွေလာရယ်စရာ၊ မေ၊ ၁၉၈၀
.

1 comment:

စံပယ်ချို said...

သင်္ကြန်ရက်တွေကို ခရီးထွက်ရမှာ ဂျက်လဲကြောက်တယ်
ရေကစားထွက်တာလဲဝါသနာမပါဘူးအမရွှေစင်ရေ
နောက်ပြီးကျူရှင်ဆရာလေ ဟုတ်ပါ့ အပြင်မှာလဲအဲဒီလိုအဖြစ်မျိုးတွေ့ဖူးတယ် ဆရာချောချောဆိုရင် တစ်ချို့မိန်းကလေးတွေက
သိက္ခာတွေမရှိတော့ဘူးလေ