(၂၅)
လူမည်းအမျိုးသား နှစ်ယောက်က ဦးဆောင်ကာ မြောက်ဘက်သို့ သွားရာနောက်သို့ မင်းဖရက်သည် အမှောင်ထု ထဲတွင် လျင်မြန်စွာ လှုပ်ရှားလိုက်ပါသွားသည်။ ဖခင်ဖြစ်သူက မိမိအား ချိုးချိုးနှိမ်နှိမ် ပြောလိုက်သည့် အတွက် စိတ်ထဲ၌ မခံချင်စိတ်နှင့်အတူ အံတုလိုစိတ်၊ ခိုင်မာပြတ်သားလိုစိတ်များ ပေါက်ဖွား လာခဲ့သည်။ ဖခင်က မိမိအား တကျည်ကျည်တကျာကျာ ငိုနေသော လူပျော့ကလေး ဟု ခေါ်ခဲ့သည်။
"အခု ငါလူကြီး ဖြစ်ပြီ၊ နောက်ဘယ်တော့မှ မငိုဘူး၊ ငါ လူကြီးတစ်ယောက်ဆိုတာကို နေ့စဉ်နေ့တိုင်း သက်သေ ထူပြရမယ်၊ ကျွန်တော် ဖေဖေ့ကို လက်တွေ့ပြမယ်၊ ဖေဖေ ကျွန်တော့်ကို စောင့်ကြည့်နေလို့ ရမယ် ဆိုယင် ကျွန်တော့်အတွက် ဖေဖေဘယ်တော့မှ အရှက်မရစေရတော့ပါဘူး"
မင်းဖရက်သည် ဆ၀ပ်ဟင်းဒရစ်၏ နောက်မှ လိုက်ရင်း သူ့ကိုယ်သူ ပြောနေသည်။ သို့သော် သူ့အဖေ တစ်ယောက် တည်း တောင်ထိပ်ပေါ်၌ သေလုမြောပါး ဖြစ်နေသည်ကို ပြန်တွေးမိသောအခါ ၀မ်းနည်း လာ ပြန်သည်။ ခိုင်မာပြတ်သားရမည်ဟု သန္နိဌာန်ချလိုက်သော်လည်း မျက်ရည်များက အလိုလို စီးကျ လာ သည်။
"ကျွန်တော် လူကြီး ဖြစ်ပြီ၊ ကျွန်တော့်အတွက် ဖေဖေ ဂုဏ်ယူရပါစေ့မယ်၊ ကျွန်တော် ဘုရားသခင်ရှေ့ မှာ ကတိသစ္စာ ပြုပါတယ်"
မင်းဖရက် က အံကြိတ်ပြီး ပြောလိုက်သည်။ တကယ်တော့လည်း သူသည် ဟင်းဒရစ်နီးပါးအရပ်မြင့် နေပြီ ဖြစ်သည်။ သူ၏ ရှည်လျားသော ခြေထောက်များက မမောမပန်းတမ်း လျှောက်နိုင်နေပြီ။ တစ်ညလုံး လျှောက် လာရာတွင် သူ့ခြေလှမ်းက တစ်ချက်လေးမျှ နှေးမသွား။ ပါးစပ်ကလည်း တစ်ချက် တလေမှ မညည်းညူ။ နံနက်ပိုင်း နေသစ်ပင်တစ်ဖျားလောက်ရောက်ချိန်တွင် သူတို့မြစ်ကမ်းသို့ ရောက်သွား ကြသည်။
ရေသောက်ပြီးပြီးချင်း ဟင်းဒရစ်က သူတို့အား ပြန်တက်စေပြီး၊ မြောက်ဘက်သို့ ခေါ်သွားပြန်သည်။ သူတို့သည် ပြေးလွှားရှောင်တိမ်းမှု အမျိုးမျိုးဖြင့် ခရီးနှင်ကြသည်။ နေ့ဘက်တွင် မြစ်နှင့်ဝေးဝေးသွားပြီး မိုပါနီ တောအုပ်များထဲ ၀င်ပြီး ပုန်းနေသည်။ ညဘက်တွင် မြစ်သို့ ပြန်ချဉ်းကပ်ပြီး ရေသောက်ကာ အမှောင်ထု ထဲ၌ မြစ်ကမ်းအတိုင်း ခရီးဆက်ကြသည်။
သူတို့ ၁၂ညလုံးလုံး ခရီးပြင်းနှင်လာပြီးသောအခါ ဟင်းဒရစ်သည် သူတို့နောက်မှ လိုက်လာသူ မရှိ တော့ ကြောင်း ယတိပြတ်ဆုံးဖြတ်လိုက်သည်။
"ကျွန်တော်တို့ ဘယ်တော့မြစ်ကို ဖြတ်မှာလဲ ဟင်းဒရစ်"
မင်းဖရက် က မေးလိုက်သည်။
"ဘယ်တော့မှ မဖြတ်ဘူး" ဟင်းဒရစ်က ပြန်ဖြေသည်။
"မြစ်ကို ဖြတ်ပြီး ပေါ်တူဂီပိုင်နက်ထဲကို သွားဖို့၊ ဆင်စွယ်ကုန်သည် အယ်လ်ဝက်စ်ဒီဆန်းတော့စ်နဲ့တွေ့ ဖို့၊ နောက်ပြီး လူအန်ဒါ ကို ခရီးဆက်ဖို့ ကျွန်တော်အဖေက အစီအစဉ်ဆွဲပေးလိုက်မယ် မဟုတ်လား"
"ဟုတ်တယ်လေ၊ အဲဒါက မင်းအဖေရဲ့ အစီအစဉ်ပဲ၊ ဒါပေမယ့် အခုမင်းအဖေက တို့နဲ့အတူ ရှိနေတာမှ မဟုတ်ဘဲ၊ အဲဒီမြောက်ဘက်မှာ ငါလိုလူစိမ်းလူမည်းတစ်ယောက်အတွက် ရပ်တည်စရာ နေရာမရှိဘူး၊ ပေါ်တူဂီ တွေဟာ ဂျာမန်တွေ၊ အင်္ဂလိပ်တွေ၊ ဘိုဝါးတွေထက် ပိုဆိုးတယ်၊ သူတို့ဟာ တို့ရဲ့ စိန်တွေကို လိမ်လည် လှည့်ဖြားပြီး ယူလိမ့်မယ်၊ တို့ကို ခွေးရိုက်သလို ရိုက်နှက်လိမ့်မယ်၊ သူတို့ရဲ့ အလုပ်ကြမ်း စခန်း တွေ ဆီကို တို့ကို ပို့လိမ့်မယ်၊ ဒီတော့ ငါတို့ရဲ့ ညီအစ်ကိုတော်တွေရှိတဲ့ အိုဗန်ဘိုနယ်မြေကိုပဲ ပြန် သွားမယ်၊ အဲဒီက လူတိုင်းဟာ မိတ်ဆွေတွေ၊ အဲဒီမှာ ငါတို့ တိရစ္ဆာန်လို မဟုတ်ဘဲ လူလို နေနိုင် မယ်"
"ရဲ က ကျွန်တော်တို့ကို လိုက်ရှာမှာပေါ့" မင်းဖရက်က စောဒက တက်လိုက်သည်။
"ဘယ်သူမှ လိုက်ရှာမှာ မဟုတ်ဘူး၊ ဒီကိစ္စမှာ တို့ ကို ဘယ်သူမှ မတွေ့အောင် မင်းအဖေလုပ်ကိုင်ခဲ့ တာ ပြန် စဉ်းစား ပါဦး"
"ဒါပေမယ့် ခင်ဗျားဟာ ကျွန်တော့် ဖေဖေရဲ့ မိတ်ဆွေ ဆိုတာ သူတို့သိတယ်၊ ခင်ဗျားဆီ သူတို့ လာကြ လိ့မ်မယ်"
"ငါတို့ရဲ့ အိုဗန်ဘိုနယ်မြေမှာ ငါ့နာမည် က ဟင်းဒရစ် မဟုတ်ဘူး၊ ငါဟာ ဘယ်မှ မသွားပါဘူး၊ ငါတို့ လူမျိုးစု နယ်မြေ မှာပဲ တစ်လျှောက်လုံး ရှိနေပါတယ်လို့ သက်သေတစ်ထောင်လောက်က ကျိန်တွယ် အစစ်ခံ ကြလိမ့်မယ်၊ လူဖြူတွေကို လူမည်းတွေအားလုံးက အတူတူပဲ မြင်တယ၊် ငါ့မှာ သိပ်တော်တဲ့ ညီ တစ်ယောက် ရှိတယ်၊ တို့စိန်တွေကို ဘယ်နေရာမှာ ဘယ်လို ရောင်းပေးရမယ်ဆိုတာ သူသိလိမ့် မယ်၊ ငါရထား တဲ့ စိန်တွေဆိုယင် နွားကောင်းကောင်း အကောင် ၂၀၀ နဲ့ မိန်းမ၀၀ ဆယ်ယောက်လောက် တော့ ထပ်ဝယ်နိုင်မယ်၊ ဒီတော့ တို့အိမ်ကိုပဲ ပြန်မယ်ကွာ"
"ဒီလိုဆို ကျွန်တော့်အတွက် ဘယ်လိုလုပ်မလဲ ဟင်းဒရစ်၊ ခင်ဗျားတို့ နယ်မြေကိုလဲ ကျွန်တော် မလိုက် နိုင်ဘူး"
"မင်းအတွက် နေရာနဲ့ အစီအစဉ် ငါ့မှာ ရှိပါတယ်၊ မင်းအဖေက ငါ့ကို ယုံကြည်စိတ်ချလို့ မင်းကို အပ် လိုက်တာပါ၊ မင်းကြောက်စရာ ဘာမှ မလိုဘူး၊ မင်းအတွက် လုံခြုံစိတ်ချရတဲ့နေရာကို ပို့ပြီးမှ ငါသွားမှာ ပါကွာ" ဟင်းဒရစ်က မင်းဖရက်အား ဖခင်တစ်ယောက်က သားငယ်ဖက်သလို ပခုံးကို တယုတယ ဖက် လိုက် သည်။
"ခင်ဗျားသွားယင် ကျွန်တော်တစ်ယောက်တည်း ကျန်နေမှာပေါ့၊ ကျွန်တော့်မှာ ဘာမှ ရှိမှာ မဟုတ်ဘူး"
ဟင်းဒရစ် က ပြန်မဖြေနိုင်ဘဲ ဖြစ်နေသည်။ မင်းဖရက် ပခုံးပေါ်မှ လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ပြော လိုက်သည်။
"ကဲ ... ခရီး ဆက်ကြဦးစို့၊ ရှေ့ဆက်ရမယ့် ခရီးက ကြမ်းလဲ ကြမ်းတယ် ဝေးလဲလဲဝေးတယ်"
ထိုညတွင်ပင် သူတို့မြစ်မှခွာပြီး အနောက်တောင်ဘက်သို့ ပြန်လှည့်သည်။ ကြောက်စရာကောင်းသော ပစ်ဂမီ လူပုလေး များ၏ နယ်မြေကို ဘေးမှပတ်ပြီး ရှောင်ကွင်းသွားသည်။ သူတို့သည် တတ်နိုင်သမျှ လူသူ မတွေ့အောင် ရှောင်ကွင်းသွားသည်။ လိုသာဒီလာရေးအား တောင်ထိပ်၌ ထားခဲ့ပြီးနောက် အရက်၂၀ မြောက်နေ့ ညနေပိုင်းတွင်း ဟင်းဒရစ်တို့ ရွာဘေးရှိ တောင်ပုလေးပေါ်သို့ ရောက်သွားသည်။
တောင်ပေါ်တွင် ပုန်းပြီး ရွာကို သူတို့ လှမ်းကြည့်နေကြသည်။ ရွာမှာ သင်ငယ်တဲကလေးများကို လေးလုံး တစ်စု ငါးလုံးတစ်ခု ဆောက်ထားသည်။ ထင်းမီးခိုးအနံ့က သူတို့ဆီ ရောက်လာသည်။ ထို့အပြင် ပြောင်းဖူးဖုတ် အနံ့ နှင့် ကျွဲနွား မစင်နံ့များလည်း ရသည်။ ကလေးများ ရယ်မော်အော်ဟစ်သံ၊ မိန်းမများ ၏ စကားပြောသံများကိုလည်း လှမ်းကြားရသည်။ မိန်းမများ ရေအိုးရွက်ပြီး ရေခပ်ဆင်းသည်ကိုလည်း မြင် ရသည်။
သို့ရာတွင် သူတို့ရွာအနီးသို့ မချဉ်းကပ်သေးပေ။ ချုံပုတ်များထဲတွင်ပင် ပုန်းအောင်းနေပြီး ထူးခြားသော လက္ခဏာ ရှိ မရှိ စောင့်ကြည့်နေသည်။ အန္တရာယ်အနည်းငယ် ရှိနိုင်သည်ဟု ထင်ရသော လှုပ်ရှားမှုမျိုး တွေ့လျှင် ဟင်းဒရစ် နှင့် ကလိန်းဘွိုင်တို့ ခေါင်းချင်းဆိုင် တိုင်ပင်ကြသည်။ နောက်ဆုံး မင်းဖရက် သည်းမခံ နိုင်တော့ဘဲ မေးလိုက်သည်။
"ဘာလို့ ဒီလောက်ကြာအောင် စောင့်နေရတာလဲ ဟင်းဒရစ်"
"မိုက်မဲတဲ့ နွားရိုင်း တွေဟာ ထောင်ခြောက်ထဲ ၀င်တိုးတာကွ၊ အန္တရာယ် မရှိတာ သေချာမှ တို့ တောင် အောက် ဆင်းပြီး ရွာထဲ ၀င်မယ်"
မွန်းလွဲပိုင်း တွင် လူမည်းလူငယ်တစ်ယောက်သည် ဆိတ်တစ်အုပ်ကို မောင်းပြီးတောင်စောင်းပေါ် တက် လာသည်။ ဟင်းဒရစ်က တိုးတိုး နှင့် ညင်ညင်သာသာလေး လေချွန်လိုက်သည်။ ကောင်ကလေးက သူတို့ ပုန်း နေသော နေရာသို့ စိုးရိမ် ထိတ်လန့်သည့်အသွင့်ဖြင့် စိုက်ကြည့်နေသည်။
ဟင်းဒရစ်က လေထပ်ချွန်လိုက်သည်။ ထိုအခါ ကောင်ကလေးသည် သူတို့နေရာကို ခပ်ရွံ့ရွံ့ဖြင့် လေးဘက်တွား တက်လာသည်။ ဟင်းဒရစ်ကို မြင်သောအခါ သူ့ဆီသို့ တစ်ရှိန်ထိုး ပြေးလာတော့ သည်။ ဟင်းဒရစ် က အားပါးတရ ရယ်လိုက်ပြီး ကောင်ကလေးကို ပွေ့ချီကာ သူ့ပေါင်ပေါ်သို့ တင်ထား လိုက် သည်။ ကောင်ကလေးသည် အားရ၀မ်းသာ ဖြစ်သွားသည်။
"ဒါ ငါ့သားကွ"
ဟင်းဒရစ် က မင်းဖရက်အား ပြောပြလိုက်သည်။ ထို့နောက် ကောင်ကလေးကို မေးခွန်းများ မေးပြီး အဖြေ ကို အသေအချာ နားထောင်ကာ မင်းဖရက်အား ပြန်ပြောပြသည်။
"ရွာထဲ မှာ လူစိမ်း မရှိဘူးတဲ့၊ ရဲတွေ ရောက်လာပြီး င့ါကို မေးတယ်တဲ့၊ အခု သူတို့ ပြန်သွားကြပြီ"
ဟင်းဒရစ် သည် ကလေးချီထားရင်း တောင်အောက်သို့ ဆင်းကာ ရွာဆီသို့ ဦးတည်သွားသည်။ တဲစုများ အနား အကြီးဆုံး တဲစု ဆီသို့ သွားသည်။ အိမ်များကို မျက်နှာချင်းဆိုင် ၀ိုင်းပြီး ဆောက်ထားသည်။ အလယ် ကောင် မြေကွက်တွင် မိန်းမလေးယောက် ပြောင်းဆန်ဖွပ်နေကြသည်။
ဟင်းဒရစ်ကို မြင်သောအခါ မိန်းမကြီးတစ်ဦးက သံသေးသံကြောင်ဖြင့် အော်ပြီး သူ့ဆီသို့ ပြေးလာ သည်။ သူ့ ပုံ မှာ ရှေးအမယ်အိုကြီးပုံ ဖြစ်သည်။ ပါးရေ နားရေများ တွံ့နေပြီး သွားလည်း မရှိတော့ပေ။ အဘွားကြီး က ဟင်းဒရစ် ရှေ့ တွင် ဒူးထောက်ထိုင်ချလိုက်ပြီး ဟင်းဒရစ်၏ ထွားကျိုင်းသန်စွမ်းလှသော ခြေထောက် နှစ်ဖက် ကို ဖက်ကာ တတွတ်တွတ် ပြောနေသည်။
"အဲဒါ ငါ့အမေ လေကွာ"
ဟင်းဒရစ်က မင်းဖရက်အား ပြောလိုက်သည်။ ထို့နောက် သူ့အမေကို ဟင်းဒရစ်က ညင်သာစွာ ဆွဲထူ လိုက် သည်။ အခြားမိန်းမများပါ သူတို့သားအမိကို ၀ိုင်းလာကြပြီး ဆူညံစွာ ပြောဆိုကြသည်။ တစ်ခဏ အကြာ တွင် ဟင်းဒရစ် က သူတို့အား မောင်းထုတ်လိုက်သည်။
ဟင်းဒရစ် က မင်းဖရက်အား လှမ်းပြောလိုက်သည်။
"မင်း ကံကောင်းတယ် မာနီ၊ မင်းကို မိန်းမတစ်ယောက်ပဲ ယူခွင့်ပြုမယ်တဲ့"
အဝေးဆုံး နေရာရှိ တဲစု အ၀င် ခုံပုကလေးအပေါ်တွင် လူတစ်ယောက် ထိုင်နေသည်။ ဤနေရာမှ ဆူညံ အော်ဟစ် ပြောဆိုနေသံများကို လုံးဝ အလေးမထားပေ။ ဟင်းဒရစ် က ထိုသူ့ဆီသို့ လျှောက်သွား သည်။ သူသည် ဟင်းဒရစ် ထက် အများကြီး ငယ်ပုံရသည်။ သို့သော် အလုပ်ကြမ်းသမားတစ်ယောက် ဖြစ်ကြောင်း မာကျော သန်မာသော ကြွက်သားများက ဖော်ပြနေသည်။ ပြီးတော့ သူ့ကိုယ်သူ ယုံကြည် မှု အပြည့် အ၀ ရှိသော ပုံလည်း ပေါ်သည်။ ဥာဏ်ပညာ အမြော်အမြင် ရှိပုံလည်း ရသည်။ မက်ကော လေး ရေးသော "အင်္ဂလန်သမိုင်း" စာအုပ်ထူကြီးကိုင်ထားသည်ကို တွေ့သောအခါ မင်းဖရက် အံ့အား သင့် သွားသည်။
သူက ဟင်းဒရစ်အား အေးဆေးတည်ငြိမ်စွာပင် ဆီးကြို နှုတ်ဆက်သည်။ ဟင်းဒရစ်က သူ့အား မင်းဖရက် နှင့် မိတ်ဆ်ကပေးသည်။
"ဒါ ငါ့ရဲ့ လူလိမ္မာညီလေးလေ၊ အဖေတူ အမေကွဲ ညီအစ်ကိုပေါ့၊ သူက အာဖရိက လူဖြူစကားလဲ တတ်တယ်၊ အင်္ဂလိပ်စကား ဆို ငါ့ထက်တောင် ပိုကောင်းသေးတယ်၊ စာအုပ်တွေလဲ ဖတ်တယ်၊ သူ့ အင်္ဂလိပ် နာမည်က မိုးဇက် တဲ့"
"ခင်ဗျား ကို တွေ့ရတာ ၀မ်းသာပါတယ် မိုးဇက်" မင်းဖရက်က နှုတ်ဆက်သည်။
"ခင်ဗျား ကို တွေ့ရတာလဲ ၀မ်းသာပါတယ်၊ လူဖြူကောင်ကလေး" မိုးဇက်က ပြန်နှုတ်ဆက်သည်။
"ကျွန်တော့်ကို ကောင်လေး လို့ မခေါ်ပါနဲ့၊ ကျွန်တော် ကောင်လေး မဟုတ်ဘူး" မင်းဖရက်က ချက်ချင်း တုံ့ပြန် သည်။
ဟင်းဒရစ် နှင့် မိုးဇက်တို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ပြီး ပြုံးလိုက်ကြသည်။ ဟင်းဒရစ်က မင်းဖရက် အား ပြောပြသည်။
"မိုးဇက် က ဟာနီသတ္တုတွင်းမှာ အလုပ်ကြပ်ကွ"
ဟင်းဒရစ် က သူ့ညီ အလုပ်တော်ပုံ၊ ရာထူးရှိပုံတို့ကို ဟိမ၀န္တာချဲ့ပြီး ရှင်းပြည်။ မိုးဇက်က ခေါင်းခါပြီး ငြင်း လိုက်သည်။
"အခု ကျွန်တော် အလုပ် မရှိတော့ဘူး အစ်ကိုကြီး၊ လွန်ခဲ့တဲ့ တစ်လလောက်ကပဲ အလုပ်ပြုတ်ခဲ့ပြီ၊ ဒါကြောင့် အခု ကျွန်တော် နေပူထဲ ထိုင်ပြီး ဘီယာသောက်လိုက်၊ စာဖတ်လိုက်၊ တောင်တွေး မြောက်တွေး တွေးလိုက်လုပ်နေရတာ"
သူတို့ အားလုံး ရယ်လိုက်ကြသည်။ မိုးဇက်က အမျိုးသမီးတစ်ယောက်ကို လက်ခုပ်တီးခေါ်ပြီး ပြောလိုက် သည်။
"ဘီယာ ယူခဲ့ဟေ့၊ ငါ့အစ်ကို ဘယ်လောက်ရေငတ်နေတယ်ဆိုတာ မင်းမမြင်ဘူးလား"
ဟင်းဒရစ် သည် အနောက်ဥရောပ အ၀တ်အစားကို မ၀တ်တော့ဘဲ ပို၍ သက်သောင့်သက်သာ ရှိသော အ၀တ် ကို ၀တ်သည်။ ငြိမ်းချမ်းသော ကျေးရွာဘ၀ထဲ၌ နစ်မြုပ်သွားသည်။ စိတ်အေးချမ်းသာယာစွာ အတော်ကြာ နေပြီးနောက် အရေးကြီးသည့် အပိုင်း ကို တွေးရသည့်အချိန်သို့ ရောက်လာသည်။
မိုးဇက် က ခေါင်းတညိတ်ညိတ်ဖြင့် ပြောလာသည်။
"ဟုတ်တယ်၊ ရဲတွေ ဒီကို လာသွားတယ်၊ ၀င်းဟုပ်မြို့က လူဖြူတွေရဲ့ နောက်လိုက်ခွေးလူမည်းရဲ နှစ်ယောက် ပဲ၊ ကိုယ့်လူမျိုးစုအပေါ် သစ္စာဖောက်တဲ့အတွက် ရှက်စရာကောင်းတဲ့ ကောင်တွေ၊ ယူနီဖောင်း တော့ ၀တ်မလာဘူး၊ ဒါပေမယ့် သူတို့ကိုယ်က ပုလိပ်နံ့ ထွက်နေတယ်။ သူတို့ ဒီမှာ ရက် အတော်ကြာကြာ နေ သွားတယ်၊ ဆ၀ပ်ဟင်းဒရစ် လို့ ခေါ်တဲူ့တစ်ယောက်အကြောင်ကို လိုက်မေး တယ်၊ ပထမတော့ ပြုံးပြုံး ရွှင်ရွှင် ချိုချိုသာသာ မေးတယ်၊ နောက်တော့ စိတ်ဆိုးလာတယ်၊ ခြိမ်းခြောက် လာတယ်၊ ဒီက မိန်းမတချို့ ကိုလဲ ရိုက်တယ်၊ ခင်ဗျား အမေ ပါ ပါတယ်"
ဟင်းဒရစ် မေးကြောကြီးများ ထောင်လာသည်ကို သူတို့ မြင်လိုက်ရသည်။
"အဘွားကြီး က အိုပေမယ့် မာတယ်၊ သူ့အဖို့ အရိုက်အနှက် ခံရတာ မဆန်းပါဘူး၊ ကျွန်တော်တို့အဖေ က ရိုက် နေကျ မဟုတ်လား၊ အရိုက်အနှက်ခံရပေမယ့် အဘွားကြီးက ဆ၀ပ်ဟင်းဒရစ်ဆိုတာ မသိဘူး၊ မကြားဖူးဘူး လို့ပဲ ဖြေတယ်၊ ဒီမှာ ဆ၀ပ်ဟင်းဒရစ် ကို သိသူတစ်ယောက်မှ မရှိဘူး၊ နောက်ဆုံး ခွေးသား နှစ်ယောက် လက်လျှော့ပြီး ပြန်သွားရတယ်"
"သူတို့ ပြန်လာကြဦးမှာပဲ"
ဟင်းဒရစ် က ပြောလိုက်ရာ မိုးဇက်က ခေါင်းညိတ်ထောက်ခံလိုက်သည်။
"ဟုတ်တယ်၊ လူဖြူတွေဟာ ကိစ္စတစ်ခုကို ဘယ်တော့မှ မမေ့ဘူး၊ ငါးနှစ် ဆယ်နှစ်ကြာလဲ မမေ့ဘူး၊ လွန်ခဲ့တဲ့ ၂၅နှစ်လောက်က လူသတ်မှုအတွက် တစ်လောက ပရီတိုးရီးယားမြို့မှာ တရားခံကို ကြိုးပေး သတ် လိုက်ကြတယ်လေ၊ သူတို့ ပြန်လာကြဦးမှာပါပဲ"
စကားဝိုင်းဖွဲ့ပြောရင်း ဘီယာအိုးကို တစ်ယောက်တစ်လှည့် လက်ဆင့်ကမ်းသောက်နေကြသည်။
"ဟာနီသတ္တုတွင်း သွားတဲ့ လမ်းပေါ်မှာ စိန်တွေ အများကြီး ဓားပြတိုက်ခံရတဲ့ကိစ္စ လူတွေ ပြောနေကြ တယ်၊ ခင်ဗျား နဲ့ အမြဲတမ်း လက်တွဲ တိုက်ခိုက်ခဲ့တဲ့လူ၊ ပင်လယ်မှာ ခင်ဗျားနဲ့ အတူတူ ငါးသွားဖမ်းခဲ့တဲ့ လူ၊ အဲဒီလူဖြူတိုက်တာလို့ လူတိုင်းက ပြောနေကြတယ်၊ အဲဒီစိန်တွေ ဓားပြတိုက်တဲ့အချိန်တုန်းက ခင်ဗျား သူနဲ့ အတူတူ ရှိတယ်လို့လဲ ပြောကြတယ်၊ ဒီတော့ ခင်ဗျားကို မိယင်ကြိုးစင်တင်မှာ သေချာ တယ်"
မိုးဇက်စကား ကို ဟင်းဒရစ်က ဟက်ခနဲ ရယ်ပြီး ပြန်ပြောသည်။
"ဒါတွေက အလကားပြီးလုံးတွေပါကွာ၊ ငါလဲ ကြားပြီပါပြီ၊ အဲဒီ လူဖြူဟာ ဘယ်သူဆိုတာ ပြောတဲ့ လူတွေ မသိကြ ပါဘူး၊ အဲဒီလူနဲ့အတူပါတဲ့ လူတွေကိုလဲ ဘယ်သူမှ မြင်ရတာ မရှိပါဘူး"
ထို့နောက် ဟင်းဒရစ် က မျက်ရိပ်ပြလိုက်ရာ၊ သူ့သားကလိန်းဘွိုင် သည် ၀ှက်ထားသော နေရာမှ အိတ်တစ်လုံး ကို သွားယူပြီး သူ့အဖေရှေ့တွင် ချပေးလိုက်သည်။ ဟင်းဒရစ် က အိတ်ဖုံးကို ဖွင့်လိုက်ပြီး အထဲ မှ အထုပ်ကလေး များကို တစ်ထုပ်ချင်း နှိုက်ယူပြီး မြေမာပေါ်၌ စီတန်းချထားလိုက်သည်။ စုစုပေါင်း အညိုရောင် အထုပ် ၁၄ထုပ် ဖြစ်သည်။
ဟင်းဒရစ် ညီ မိုးဇက် က အထုပ်တစ်ထုပ် ကို ကောက်ယူပြီး ချိပ်တံဆိပ်ကိုး မောင်းချဓားဦးဖြင့် ထိုးခွာ ဖွင့် လိုက်သည်။
"တံဆိပ်ကတော့ ဟာနီသတ္တုတွင်းရဲ့ တံဆိပ်ပဲ" သူက ပြောသည်။
ထို့နောက် အထုပ် မှ စက္ကူကို ဖြည်းဖြည်းချင်း ခွာ၍ ဖွင့်လိုက်သည်။ အထုပ်ထဲမှ ပစ္စည်းများကို စစ်ဆေး ကြည့်ရှု နေသော အမူအရာ က လုံးဝပြောင်းမသွားပေ။ ဖွင့်ပြီးသော အထုပ်ကို ဘေးတွင် ချထားလိုက်ပြီး နောက်တစ်ထုပ် ကို ထပ်မံ ဖွင့်လိုက်သည်။ အထုပ် ၁၄ထုပ်စလုံး ဖွင့်ပြီးသည်အထိ မိုးဇက်က ဘာမျှ မပြောသေးပေ။ စိန်များကိုသာ ကြည့်ရှု လေ့လာနေသည်။
"မင်း ဒီ စိန်တွေကို ငါတို့ကို ရောင်းပေးနိုင်မလား"
ဟင်းဒရစ်က မေးလိုက်ရာ၊ မိုးဇက်က ခေါင်းခါလိုက်သည်။
"ဒီလောက်များများ စိန်တွေကို ကျွန်တော်တစ်ခါ မှ မတွေ့ဖူးဘူး၊ ဒီစိန်တွေ အားလုံးကို တစ်ခါတည်း ရောင်းဖို့ ကြိုးစားယင်တော့ ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်သွားမယ်၊ ဒီကိစ္စ ဘယ်လိုအကောင်း ဆုံး လုပ်ရမယ် ဆိုတာ တွေးရမယ်၊ ဒါပေမယ့် လောလောဆယ်မှာတော့ ဒီသေမင်းတမန်စိန်တွေကို ဒီရွာမှာ ထားလို့ မဖြစ်ဘူး"
နောက်တစ်နေ့မနက် အရုဏ်တက်ချိန်တွင် ဟင်းဒရစ်၊ မိုးဇက်နှင့် ကလိန်းဘွိုင်တို့သည် ရွာမှ ထွက်သွားပြီး တောင်စောင်း ပေါ်သို့ တက်သွားသည်။ တောထဲတွင် သစ်ပင်ကြီးတစ်ပင် တွေ့ရသည်။ ဟင်းဒရစ် ငယ်ငယ် သိုးကျောင်းသား ဘ၀တည်းက ရှိနေသော အပင်ကြီး ဖြစ်သည်။ ထိုအပင်ကြီး၏ ပေ၃၀ခန့် အမြင့်နေရာ၌ သစ်ခေါင်းပေါက် ရှိသည်။ ဇီးကွက်ဖိုမအသိုက် သစ်ခေါင်းပေါက် ဖြစ်သည်။
ကလိန်းဘွိုင်က စိန်အိတ်ကို ယူကာ ထိုသစ်ခေါင်းပေါက်သို့ တက်ပြီး အထဲ၌ သေသေချာချာ ဖွက်ထား လိုက် သည်။ ဟင်းဒရစ်နှင့် မိုးဇက်တို့က အောက်မှ စောင့်ကြည့်နေကြသည်။
ထို့နောက် ရက်အတန်ကြာသောအခါ မိုးဇက်က သူ့အစ်ကို ဟင်းဒရစ်အား သူ့အတွေးအမြင်ကို ပြောပြ သည်။
"ဒီမှာ အစ်ကို ဒီနေရာ နဲ့ ဒီဘ၀ မှာ ကျွန်တော်တို့ ဆက်မနေသင့်တော့ဘူး၊ အစ်ကို စိတ်ဂနာမငြိမ် ဖြစ်နေ တာ ကျွန်တော် တွေ့ပါတယ်၊ အစ်ကို ဟာ ရန်သူ ရောက်လာယင် ရင်ဆိုင်ဖို့ အဝေးကို မျှော်မျှော် ကြည့် နေတာပဲ ကျွန်တော် မြင်ပါတယ်၊ ဒီဘ၀ဟာ အစတုန်းကတော့ သိပ်သာယာတယ်၊ ဒါပေမယ့် အခုတော့ ငြီးငွေ့စရာ ကောင်းနေပြီ၊ ဒီက ဘီယာအရသာကလဲ လျှာမှာ ခါးလာပြီ၊ လူတစ်ယောက်ဟာ သူလုပ်ခဲ့တဲ့ ရဲဝံ့တဲ့ အရာတွေကို တွေးနေတယ်၊ ပိုပြီး ရဲရဲဝံ့ဝံ့ လုပ်စရာတွေက တခြားတစ်နေရာက စောင့်နေတယ်"
ဟင်းဒရစ် က သူ့စကားကို နားထောင်ပြီး ပြုံးပြကာ ပြန်ပြောသည်။
"မင်းဟာ အဘက်ဘက်က ကျွမ်းကျင်လိမ္မာတဲ့သူပဲ ငါ့ညီ၊ မင်းဟာ လူတစ်ယောက်ရဲ့ ခေါင်းထဲမှာ ဘာတွေ ရှိတယ်ဆိုတာ သိနေတယ်၊ အဲ့ဒီလူရဲ့ လျှို့ဝှက်အတွေးတွေကိုလဲ မင်းသိနေတယ်"
"ကျွန်တော် တို့ ဒီမှာနေလို့ မဖြစ်ဘူး အစ်ကို၊ သေမင်းတမန် စိန်တွေကို ဒီမှာဆက်ပြီး သိမ်းထားဖို့က သိပ်အန္တရာယ် များတယ်၊ ရောင်းဖို့ ကလဲ သိပ်အန္တရာယ်များတယ်"
"ဆက်ပြောပါ၊ ငါနားထောင်နေတယ်"
ဟင်းဒရစ် က ခေါင်းညိတ်ပြရင်း စကားထောက်ပေးလိုက်သည်။
"ကျွန်တော့်မှာ လုပ်စရာ ကိစ္စတွေ ရှိတယ်၊ အဲဒီကိစ္စတွေကတော့ ကျွန်တော်ရဲ့ ရည်မှန်းချက်ပန်းတိုင် လို့ ကျွန်တော် ယုံကြည်တယ်၊ ဒီကိစ္စကို ကျွန်တော် ဘယ်သူမှ မပြောဖူးဘူး၊ အစ်ကိုတို့တောင် မပြောခဲ့ ဖူးဘူး"
"ဒါဖြင့် အခုပြောကွာ"
"လူဖြူတွေက နိုင်ငံရေး ခေါ်တဲ့ကိစ္စပဲ၊ ဒီနိုင်ငံရေး ကိစ္စမှာ ကျွန်တော်တို့ လူမည်းတွေဟာ အပယ်ခံ ဖြစ် နေတယ်"
"မင်းက စာအုပ်တွေ အများကြီး ဖတ်ထားတယ်၊ ဒါပေမယ့် ဒီနိုင်ငံရေးက တို့အတွှက် ဆုလာဘ်တို့၊ အမြတ်အစွန်း တို့ ရမယ့်ကိစ္စ မဟုတ်ဘူး၊ နိုင်ငံရေးကိုတော့ လူဖြူတွေ လုပ်ဖို့ပဲ ထားလိုက်စမ်းပါကွာ"
"အစ်ကို မှားနေတယ် အစ်ကို၊ နိုင်ငံရေးနဲ့ ယှဉ်လိုက်ယင် အစ်ကို့စိန်တွေက အသေးအဖွဲ့တွေ ဖြစ် သွားမှာပါ၊ ပြက်ရယ် မပြုပါနဲ့ အစ်ကို"
ဟင်းဒရစ်သည် ပါးစပ်ကို ဖွင့်ပြီးမှ ပြန်ပိတ်လိုက်သည်။ သူသည် ထိုကိစ္စကို ယခင်က မတွေ့ခဲ့ဖူးပေ၊ သူ့ရှေ့ ရှိ ညီငယ်သည် သူ့ထက် ထက်မြက်ပြီး အတွေးအခေါ် အယူအဆကောင်းသူ၊ ဥာဏ်ပညာရှိသူ ဖြစ်သည်။
"ဒီမှာ အစ်ကို ကျွန်တော် ဆုံးဖြတ်ပြီးပြီ၊ ကျွန်တော်တို့ ဒီကခွာမယ်၊ ဒီနေရာဟာ ကျွန်တော်တို့အတွက် နွားခြေရာ ခွက် လောက်ပဲ ရှိတာပါ။ ပင်လယ်ပြင် မဟုတ်ပါဘူး"
ဟင်းဒရစ် က ခေါင်းညိတ်လိုက်သည်။ ထိုအတွေးသည် သူ့အတွက် အနှောင့်အယှက် မဖြစ်ပေ။ သူ့ဘ၀ တစ်လျှောက်လုံး ယခု တစ်ဖန် ခရီးပြန်သွားရာမှာ အဆန်းမဟုတ်တော့ဘဲ အသင့် ဖြစ်နေသည်။
"ဒီရွာကတင် ခွာမှာတင် မဟုတ်ဘူး၊ ဒီမြေကပါ ခွာမှာ အစ်ကို"
"ဒီမြေကခွာမယ် ... ဟုတ်လား"
ဟင်းဒရစ်က အံ့အားသင့်သလိုဖြင့် စိုက်ကြည့်ပြီး မေးလိုက်သည်။
"ဟုတ်တယ်၊ ဒီမြေက ခွာရမယ်၊ ဒီမြေဟာ ကျွန်တော်တို့အတွက်ရော၊ စိန်တွေအတွက်ရော သိပ် ကျဉ်းမြောင်း နေတယ်"
"ဒါဖြင့် တို့ဘယ်သွားမှာလဲ"
မိုးဇက်က လက်ကာ ပြလိုက်သည်။
"ဒါကိုတော့ မကြာခင် ထပ်ဆွေးနွေးတာပေါ့၊ ပထမဆုံး လုပ်ရမှာက အစ်ကိုနဲ့ပါလာတဲ့ လူဖြူ ကောင်ကလေး ကို အလျင် ရှင်းပစ်ဖို့ပဲ၊ သူက စိန်တွေထက်ပိုပြီး အန္တရာယ် ရှိသေးတယ်၊ သူ ကျွန်တော် တို့နဲ့ ရှိနေယင် လူဖြူတွေ ကျွန်တော်တို့ဆီ မြန်မြန် ရောက်လာအောင် မြှူဆွယ်သလို ဖြစ်နေလိမ့်မယ်၊ သူ့ကိစ္စ ကို အစ်ကို ရှင်းပြီးယင် ကျွန်တော်တို့ ရှေ့ဆက်လုပ်စရာတွေ လုပ်ဖို့ ကျွန်တော် စီစဉ်ပါ့မယ်"
ဆ၀ပ်ဟင်းဒရစ် သည် ကိုယ်ခန္ဓာရော စိတ်ဓာတ်ပါ စွမ်းပကားကြီးသူ ဖြစ်သည်။ သူသည် ဘာကိုမျှ မကြောက်တတ်၊ ဘာမဆို လုပ်ရဲသည်။ လုပ်ဝံ့သည်။ သို့သော် သူ့ရှေကမှ ဦးဆောင်မှုပေး သူနောက် သို့သာ လိုက်ပြီး လုပ်တတ်သူ ဖြစ်သည်။
"ကဲ ... ငါ့ညီ၊ မင်းပြောတဲ့အတိုင်း ငါလုပ်မယ်ကွာ"
ဆ၀ပ်ဟင်းဒရစ်က သဘောတူလိုက်သည်။ သဲကန္တာရမှ ကျောက်တောင်ပေါ်တွင် သေလုမြေပါးဖြင့် ထားခဲ့ရသော မိမိအား ထာဝရဦးဆောင်နေသူ၏ နေရာတွင် အစားထိုးရန် လူတစ်ယောက်တော့ တွေ့ပြီ ဟု ဟင်းဒရစ် စိတ်ထဲက အလိုလို သိလိုက်သည်။
ဆက်ရန်
.
1 comment:
ကျေးဇူးပါ အစ်မရေ...
Post a Comment