(၃)
ကျွန်တော်သည် ထိုအမျိုးသားခေါင်းဆောင်ကြီး နှစ်ဦးတို့၏သမိုင်းကြောင်းများကို ဖြန့်ကြက်တွေး တော နေမိရင်း နောက်ဆုံးတွင် မြန်မာနိုင်ငံသား ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ပြောကြား ခဲ့ဖူးသော အဆိုအမိန့်တစ်ခုကိုသာ သတိရနေမိပါတော့သည်။
"နိုင်ငံရေးဝါဒ တွေ မည်မျှပင် အားကောင်းပါစေ၊ အမျိုးသားရေးဝါဒကိုမူ ဘယ်သောအခါမှ လွှမ်းမိုး နိုင်လိမ့်မည် မဟုတ်ပေ။"
မိုးသစ်ဝေ
ကိုးကားစာရင်း
၁။ မောင်ထွန်းသူ - (ဘာသာပြန်) ဆိုင်ဂုံ
၂။ တက္ကသိုလ်နေဝင်း - ဗိုလ်ချုပ်အောင်ဆန်း၏လွတ်လပ်ရေး ကြိုးပမ်းမှုမှတ်တမ်း
၃။ မောင်ကျော်ရင် - ဗိုလ်ချုပ်အောင်ဆန်း၏နိုင်ငံရေးဂန္ထဝင်
မန္တလေးထဲက ဗိုလ်ချုပ်လမ်း
"စာအုပ်တစ်အုပ်ကိုဖတ်လျှင် စာအုပ်ကိုကျော်လွန်၍ မြင်နိုင်ရမည်။ သို့မှသာ ပညာတည်းဟူသော အဆီအနှစ် ကိုရပေမည်။"
အောင်ဆန်း
"တစ်ကမ္ဘာလုံးဟာ၊ ယခုအခါ ခေတ်ပြောင်းနေတဲ့ အချိန်အခါကြီးဖြစ်တယ်။ ကျွန်တော်တို့လည်း ကမ္ဘာကြီး နဲ့ အတူ နောက်မကျအောင် လိုက်ကြစို့။ ကမ္ဘာ့ဇာတ်ခုံကြီးမှာ ကမ္ဘာ့တေးသံလိုက်၍ ကနိုင် တဲ့ ဗမာ (မြန်မာ) ပြည်ကြီးဖြစ်အောင် ဖန်တီးပြုပြင်ကြစို့။"
အောင်ဆန်း
စာပေ စာတမ်းငယ်... မှ အိုးဝေမဂ္ဂဇင်း ၁၉၄၉ (၁၃၁၀ ခု)
မန္တလေးရဲ့ဟေမန္တ ဒီဇင်ဘာဆောင်းရက်တွေဟာ အေးရှလို့၊ အအေးလှိုင်းကျနေရော့သလား မသိ၊ အေး လိုက်တာ၊ ဒီရက်မှာ မနက် ၅ နာရီလောက်ထ ကျုံးနံဘေးမှာ လမ်းလျှောက်လို့ နှင်းမှုန်ပျပျဝေ ဝေထဲမှာ ၁၂၁၈ က တည်ခဲ့သော မန္တလေးရဲ့ပဒေသာရာဇ် မြို့တော်အိုကြီးက ၁၃၆၈ ခုနှစ်မှာ ၁၅၀ ပြည့်ခဲ့ ပါရောလား။ ကျွန်တော်နဲ့ လမ်းလျှောက်လိုက်လာကြတဲ့ တူလေး စောစစ်နိုင်ကို နဲ့ တူလေး ထွန်းတက်နီ တို့ ညီအစ်ကို နှစ်ယောက်က ခြေလှမ်းတွေသွက်လို့။ တစ်ခါက ထီးသံ၊ စည်သံ၊ နန်းသံ တွေနဲ့ တလူလူ လွင့် ခဲ့တဲ့ မြို့ရိုးအိုကြီးထဲက နန်းတော်တွေ၊ ဗုတ်တလုပ်ကန်တွေက ပဒေသရာဇ် ဒေါင်းတံဆိပ်နဲ့ အိပ်ပျော်၊ အိပ်မောကျလို့။ ကျုံးရေသေထဲက ပျံလွင့်လာတဲ့ နရီသံမဲ့ရေဒီယိုသံက ကျွန်တော့်ကို လှုပ်နှိုး လိုက်တယ်။ ကမ္ဘာကြီးထဲမှာ ကမ္ဘာကြီးရဲ့ရင်ခုန်သံတွေက ကျုံးနံဘေးမှာ တောင် လာပွင့်လို့။
ကျွန်တော် တို့ တူဝရီးသုံးယောက် ကျုံးနံဘေးက လမ်းလျှောက်ရင်း နာရီစင်ကြီးဆီ၊ ဘွန်ဆိုင်းနာရီ စင်ဖြစ် နေတဲ့ နာရီစင်ကြီးရှိရာဆီ ၂၆ လမ်းကနေ အောက်ဆင်းလာကြတယ်။ လမ်းလျှောက်ပြန်သူ၊ သွားသူတွေနဲ့ လှုပ်ရှားနေတဲ့ ဆောင်းမနက်ခင်းကို ချွေးစတွေနဲ့ အာခံလိုက်ကြပြီ။ ဆောင်းအအေး ဓာတ်ထဲက နေတောင် ၂၁ ဒီဇင်ဘာ ၂၀၀၈ မနက်ခင်း ၆ နာရီထိုးဖို့ ငါးမိနစ်အလိုမှာ ငလျင်လှုပ် သွားတယ်။ သြော်... ဆောင်းမနက်ခင်း ထဲမှာတောင် အအေးလှိုင်းတွေကြားကနေ မန္တလေးမှာ ငလျင်လှုပ်သွားပါရောလား။ ကျွန်တော် ရယ်၊ စောစစ်နိုင်ကိုရယ် သွန်းထွတ်ဦးရယ် နာရီစင်နား ရောက်သွားတော့ ဘွန်ဆိုင်နာရီစင်ကြီး ရင်ပေါ် က လမ်းဆီ ရောက်သွားပေါ့။ ဩော်... ကျွန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်မှာ လျှောက် နေတာပါလား။ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ် ရောက်နေတာပါ။
ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်မှာ သံတိုင်ကြီးတွေနဲ့ ရပ်နေတဲ့ ကြော်ငြာဘုတ်ကြီးတွေက ကျွန် တော်တို့ကို ငုံ့ကြည့် ပါရောလား။ ဈေးချိုတော်သစ်ကြီးရှေ့က ဖြတ်လာကြတော့ ဆောင်းမနက်ခင်း မန္တလေးဟာ မှုန်တဝါးဝါး နဲ့ ဘွားခနဲ ပေါ်လာတော့မယ်။ ၂၇ လမ်းဖြတ်၊ ၂၈ လမ်းကျော်၊ ၂၉ လမ်း ဝါးတန်းထိပ် မှာ တော့ ဈေးကားတွေနဲ့ဆူလို့ ညံလို့...။
၁ ပေမီးချောင်းလေးတွေ ထွန်းပြီး ရောင်းနေ တဲ့ ဆောင်းသီးနှံကုန်စိမ်းသည်တွေ ဖြစ်ကြတဲ့... ခရမ်းချဉ်သီး သည် တွေ၊ မုန်လာထုပ်သည်တွေ၊ ပန်းမုံလာသည်တွေ၊ မုန်ညှင်းရွက်သည်တွေ၊ အာလူးသည် တွေ၊ ပဲစိမ်းသည်တွေရဲ့ အသံတွေနဲ့ ဝေ စီနေတဲ့ ကုန်စိမ်းမနက်ခင်းရှေ့က ဖြတ်တော့ ထွန်းဦး စာအုပ်ဆိုင် တံခါးတွေကပိတ်လို့၊ စာအုပ် တွေက ဆိုင်ထဲကနေ အိပ်ခြင်းမဲ့အတောင်ပံတပ်ပြီး မန္တလေးမြို့ အနှံ့ ခြေဆန့်ပျံသန်းလို့...။
ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးက ယူနီစန်ကလေးကလည်း လှုပ်ရှားစပြုပြီး လှုပ်လှုပ်ရှားရှားနဲ့။ ဟော ယူနီစန် နဲ့ မျက်နှာချင်းဆိုင်က ထီဆိုင်တွေကလဲ အိပ်လို့ ပိတ်လို့။ ထီဆိုင်တွေနောက်မှာ တစ်ခါက ဒါ ဟံသာဝတီ သတင်းစာတိုက်ပါလား။ ဩော်... ခုတော့ ရတနာပုံသတင်းစာတိုက်ပေါ့။ အဲဒီရှေ့က ဈေးတန်းလှည်း တွေရှောင်ရင်း၊ ဈေးကားတွေရှောင်ရင်း လမ်း ၃၀ ကနေ ကျော်ဖြတ် ၃၁ လမ်းထိပ် ရောက်တော့... "ဓမ္မသာလာ"ခန်းမကြီးကလည်း သူ့တံခါးတွေကိုပိတ်ထားတုန်း စက်မှုလား၊ စက်မှုလား၊ စစ်ကိုင်း လား၊ တောင်မြို့လားဆိုတဲ့ စပယ်ယာခေါ်သံတွေက ဗိုလ်ချုပ် အောင်ဆန်းလမ်းမကြီးပေါ်မှာ လျှံကျလို့။
၃၂ လမ်းထိပ်ရောက်တော့ ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ ၃၂ လမ်းထိပ်က ပွဲထိုင်ကိတ် နဲ့ အအေး ဆိုင် လည်း မရှိရှာတော့ပါလား။ ပွဲထိုင်လက်ဖက်ရည်၊ နံပြား၊ စွပ်ပြုတ်၊ ရေခဲမုန့်၊ မုန့်တီ တို့ဟာ အင် မတန် နာမည်ကြီး ခဲ့တာပေါ့။ သူ့တောင်ဘက်မှာ ဝင်းလိုက်ရုပ်ရှင်ရုံကြီးရှိတယ်။ ဝင်းလိုက်ရုပ်ရှင်ရုံ ကြီးကတော့ ဒီနေ့တိုင် ပြည်သူတွေအတွက် အပမ်းဖြေစရာအဖြစ် ရှိနေပါသေးတယ်။ ဂန္တဝင်ဇာတ် မင်းသားကြီး ရွှေမန်းတင်မောင် နေထိုင်သွားခဲ့တဲ့၊ ခေါင်းချသွားခဲ့တဲ့ တိုက်ကြီးကလဲ ပရိဘောဂဆိုင် ကြီးဖြစ်လို့။ ၃၃ လမ်းထိပ် က လူထုစာအုပ်တိုက်ကတော့ ဦးလေး (လူထုဦးလှနဲ့) ဒေါ်ဒေါ် (လူထု ဒေါ်အမာ) တို့ မရှိ တော့ပေမယ့် စာအုပ်တိုက်အနေနဲ့ကတော့ ရှိနေဆဲပါပဲ။
ဗိုလ်ချုပ်အောင်ဆန်းလမ်း နဲ့ ၃၃ လမ်းထောင့်က အောင်သပြေ မိုးကာဆိုင်ကြိးဟာ အရင်က ဒေါ်နှင်းပွင့် ဆေးပြင်းလိပ်ခုံ ပေါ့။ အဲဒီအရင်က မြေကွက်လပ်ကြီးလေ အဲဒီမြေကွက်လပ်ကြီးပေါ်မှာ ကျွန်တော့် အမေကြီးပွား (အမေကြီးဒေါ်ချစ်ပွားပြောတဲ့) ဗေဒါကြီးဟာ ဆိုင်းဘုတ်တပ်စရာမလိုဘူး။ ဒါပေမဲ့ မန္တလေး အလှူ တွေမှာ ဗေဒါကြီးပါမှ ပြီးသတဲ့လေ။ ဟုတ်ကဲ့၊ ဟုတ်ပါတယ်။ အဲဒီနေရာရွာ ရွာစား ကျော်စိန်ဗေဒါကြီး နဲ့ လေဘာတီ အမေဒေါ်မြရင် တို့ အငြိမ့်ညွန့်ပေါင်း ကခဲ့တဲ့နေရာပေါ့။
လက်ဆယ်ကန် ယပ်ဝင်း (၅၆၅ ရပ်ကွက်ထဲက) ဘုရားတကာ ဦးထင်၊ ဒေါ်မမလေးတည်ထားတဲ့ "မဟာလောက ဇိနရံသီ"ဘုရားပွဲတော်ဖြစ်တဲ့ နတ်တော်လပြည့်နေ့မှာပေါ့။ မန္တလေးမှာ ရွာစားကြီး စိန်ဗေဒါ နဲ့၊ လေဘာတီမမြရင်တို့ ကခဲ့ကြတဲ့ အငြိမ်ညွန့်ပေါင်းဟာ အင်မတန်နာမည်ကြီးခဲ့တာပေါ့။ အဲဒီမှာ နာမည်ကျော် နဂါးဒေါ်ဦးရဲ့ နဂါးဆေးလိပ်ခုံနဲ့ ကြုံဝှာကြားထဲဝင်သွားရင် ကျွန်တော် မွေးဖွား ရာ လက်ဆယ်ကန် ယပ်ဝင်း... ဇာတိပေါ့။ ကျွန်တော့်ဇာတိ မြေသင်းခဲတွေကြားမှာ အနုပညာပွင့် တွေ ဝေလို့။ ဝင်း ထဲက မဟာလောက ဇိနရံသီ ဘုရားဘေးမှာ သျှန်တက္ကသိုလ် ဆိုတာရှိတယ်။ အောင်သျှန်(မန်းတက္ကသိုလ်)ရဲ့ ကျောင်းပေါ့။ ဒီကျောင်းမှာ ဆရာဂျမ်းလာတယ်၊ ဆရာစွမ်း လာ တယ်၊ ဆရာ မောင်သာနိုး လာတယ်၊ ဆရာဦးအေးကျော် (မန်းတက္ကသိုလ် မြန်မာစာ) လာတယ်၊ ဦးဆန်းထွန်း လာတယ်၊ အောင်သျှန် (မန်းတက္ကသိုလ်)ရဲ့ "လေမဟုတ် အလုပ်နဲ့သက်သေပြမယ်" ဆိုတဲ့ သျှန်တက္ကသိုလ် ပေါ့။
ကျွန်တော်တို့ တူဝရီးသုံးယောက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်မှာရှိတဲ့ လမ်းအနောက်ဘက် ခြမ်းက မန်းမြို့တော် လက်ဖက်ရည်ဆိုင်မှာ ထိုင်လိုက်ကြတော့ အတိတ်ရုပ်ပုံလွှာ ကားချပ်တွေက ပေါ် လာတယ်။ ဩော် ကျွန်တော်တို့ထိုင်နေတာ တကယ့်နေရာပါလား။ မန်းမြို့တော်ကဖေးရဲ့ တောင်ဘက် ကြုံဝှာ ခေါက်ဆွဲဆိုင် ဘေးမှာ လက်ဆည်ကန်ရှိတယ်။ လက်ဆည်ကန်မင်းသမီးက လက်နဲ့ဆည် ခဲ့တဲ့ကန်မို့ လက်ဆည်ကန်လို့ ခေါ်ပါသတဲ့။ ဒီလက်ဆည်ကန်က ၈၄ လမ်းလို့ခေါ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးရဲ့ အနောက်ဘက်မှာရှိတဲ့ လက်ဆည်ကန်ယပ်ဝင်းအရှေ့ထိပ်မှာရှိ တဲ့ လက်ဆည်ကန်ကို ကိုယ်စား ပြုပြီးခေါ်တဲ့ လက်ဆည်ကန်ပေါ့။ ကျွန်တော်တို့ အဘိုးအဘွားတွေ ဖြစ်တဲ့ "ကိုမောင်ကို၊ မချစ်ပွား ပေယပ်တောင်လုပ်ငန်း"ရှိလို့ လက်ဆည်ကန် ယပ်ဝင်းပေါ့၊ ဒါ လက် ဆည်ကန်လေ။
ဒီလက်ဆည်ကန်မှာ သခင်ဘဟိန်း ထိုင်ခဲ့ဖူးပါသတဲ့။ ဒီလက်ဆည်ကန်မှာ ဗိုလ်ချုပ်အောင်ဆန်း လာခဲ့ဖူး သတဲ့။ ဒီလက်ဆည်ကန်မှာ ဒဂုန်တာရာ ခဏနေခဲ့ဖူးသတဲ့။ ဒီမှာ ကျွန်တော် ဖတ်ပြပါရစေ။ ကဲ... နှလုံးသား နဲ့ နားထောင်။
ရှမ်းပြည် အသွားတွင် ကျွန်တော်သည် လက်ဆည်ကန်ရှိ ကိုဘဟိန်း၏ မိဘများအိမ်တွင် ရက်သတ္တ တစ်ပတ် ခန့် တည်းခိုရလေသည်။ ထိုအခါ သူ၏ဖခင် ဦးမှင်က သူ့ကို စကားမပြော၊ မခေါ်ဘဲ နေသော အခိုက်ဖြစ်၏။ သို့သော် ရှမ်းပြည်တွင် လည်ပတ်သောအခါ အချမ်းလုံအောင်ဆို၍ သားအ တွက် ရှူးဖိနပ် ကို ကိုယ်တိုင်ဆေးသုတ်ပေးရှာ၏။ ဤမျှ သားကို ယုယ၏။
တစ်ည ကျွန်တော်တို့ရှိစဉ် သခင်အောင်ဆန်းသည် မန္တလေးသို့ နိုင်ငံရေးကိစ္စနှင့်လာခိုက်ဖြစ်၍၊ ကိုဘဟိန်း ထံ သို့ အလည်လာ၏။ ကိုဘဟိန်း အပြင်သို့ထွက်နေသဖြင့် သခင်အောင်ဆန်းသည် ဦးမှင်နှင့် စကား ပြောလျက်ရှိ၏။ ကိုဘဟိန်းအကြောင်းရောက်သွားသောအခါ ဖခင်ဦးမှင်က "သူ့ကို ကျုပ်တို့က ဘယ်လောက်၊ အရိပ်တကြည့်ကြည့်နဲ့ ချစ်ရပေမယ့် သူက မိဘကို နိုင်ငံရေးလောက် ချစ်တာမဟုတ်ဘူး" ဟု ပြောလေသည်။
သခင်အောင်ဆန်း နှုတ်ဆက်၍ ပြန်သွားသောအခါ၊ ဦးမှင်သည် ကျွန်တော်ဘက်သို့လှည့်၍ "ကို အောင်ဆန်း နဲ့ ဘဟိန်း ဟာ အတူတူပဲ၊ သူတို့က နိုင်ငံရေးကို မိဘထက် အပုံကြီးချစ်တယ်"ဟု ပြော လေသည်။
ဒါ... မဟာကဗျာဆရာကြီး ဒဂုန်တာရာ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ရေးခဲ့တဲ့ "ဗဟိန်း သို့မဟုတ် ကဗျာ" ဆိုတဲ့စာထဲကပေါ့။ ၈၄ လမ်း ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်က (၃၂ နဲ့ ၃၃ ကြားက) လက်ဆည်ကန် မှာ သခင်ဗဟိန်း နေခဲ့ဖူးတယ်။ ဒဂုန်တာရာ ၈ ပတ်ခန့် အလည်လာဖူးတယ်။ ဗိုလ် ချုပ်အောင်ဆန်း လာဖူးတယ်။ ဩော်... ဒီနေ့တော့ ရာဇဝင်သမိုင်းဖတ်စာထဲမှာ လက်ဆည်ကန် ဟာ ထိန်ထိန်တောက်လို့။ သမိုင်းဇာတ်ကောင်တွေနဲ့ လှုပ်ရှားဖြတ်သန်းခဲ့ကြတဲ့ "ရာဇဝင်ကို ဖြတ် သန်းခြင်း"ထဲက ဂန္ထဝင် လက်ဆည်ကန်ပါလား။
သခင်ဗဟိန်း ဆုံးပါးကွယ်လွန်သွားတဲ့အခါ လွမ်းဆွတ်အောက်မေ့ဖွယ် ကဗျာတစ်စကို ဆရာဒဂုန် တာရာက အလင်္ကာကဗျာပေါင်းချုပ် စာမျက်နှာ ၁၀၈ မှာ ဖော်ပြခဲ့တဲ့ "လီနင်ဂူ"ကဗျာထဲမှာ ဟော သလို မော်ကွန်းထိုးခဲ့တယ်။
ရင်းတွင်း၌ကား
လှိုက်ဖိုရှိုက်မက်၊ တသက်သက်တည့်
ပေါ်လျက်လာသည်၊ မျက်ရည်ပျံ့ဆွတ်
လွတ်လပ်ရေးအတွက်၊ တိုက်ပွဲရက်တွင်
အသက်ဆုံးရ၊ သခင်ဗဟိန်း
စိမ်းစိမ်းမြေ့မြေ့၊ အောက်မေ့စိတ်မှန်း
တမ်းတညွတ်ညွတ်၊ လွမ်းဆွတ်ဆွတ်မိ
မပြတ်စည်းရုံး၊ တိုက်ရဦးမည်
မဆုံးသေးသည့်၊ တော်လှန်ရေး။
သခင်ဘဟိန်းကို မြေမြှပ်သဂြုင်္ိဟ်ခဲ့တဲ့နေရာဟာ မန္တလေးရဲ့အနောက်ထောင့် စိန်ပန်းရပ်မှာရှိတဲ့ ရွာ ဟိုင်းဈေး အနောက်ဘက် ရွာဟိုင်းသင်္ချိုင်းမှာ ဖြစ်ပါတယ်။ ဒီသင်္ချိုင်းမှာ ကျွန်တော့်အဖေ ဦးခင် မောင်တို့၊ အမေကြီးဒေါ်ချစ်ပွားတို့၊ အမေကြီးဒေါ်ငွေယုံတို့၊ ညီ ထွန်းဦးတို့ကို သဂြုင်္ိဟ်ခဲ့တဲ့နေရာပါ။ ဒီရွာဟိုင်း သင်္ချိုင်း ထဲမှာ မြို့မငြိမ်း အုတ်ဂူရှိတယ်။ သခင်ဘဟိန်း အုတ်ဂူရှိတယ်။ မော်ဒန်ပန်းချီဆရာကြီး ဘဏ်ခင်မောင် ရဲ့မြေပုံရှိတယ်။ သခင်ဘဟိန်းကို သဂြုင်္ိဟ်တဲ့နေ့ မန္တလေးကို ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် လာရောက်ပြီး ဝမ်းနည်းမိန့်ခွန်းကို ပြောခဲ့တာကို သိလိုက်ရတော့ သမိုင်းတစ်ကွက် ထဲက သမိုင်း ရုပ်ပုံလွှာ တွေက တဖျတ်ဖျတ်နဲ့ စီကာစဉ်ကာ မှန်ကူကွက်ထဲက ထွက်ကျသတဲ့။ ဗိုလ် ချုပ်အောင်ဆန်း လမ်းမကြီးပေါ်ကနေ လက်ဆည်ကန်ရင်ခွင်ထဲက ကျွန်တော့်အတွေး ဝိဥာဉ်လိပ် ပြာက ခြင်္သေ့ လည်ပြန်နဲ့ အတိတ်ရုပ်ပုံလွှာထဲကနေ ပစ္စုပ္ပာန်ပါမက အနာဂတ်ရင်ခွင်ဆီ ပျံသန်းလို့။ သခင်အောင်ဆန်း ရဲ့ စာရုပ်ပုံလွှာနဲ့ လူရုပ်ပုံလွှာက ဖျတ်ခနဲ၊ ဖျတ်ခနဲ ပေါ်လာပါတော့တယ်။ ဩော်... အာဂ စာရေးဆရာ အောင်ဆန်း။
မောင်နွေထက်
.
No comments:
Post a Comment