Wednesday, December 29, 2010

တို့ဘဝ တို့ ကမ္ဘာ အပိုင်း (၁၈)

သို့သော်လည်း ထိုအချိန်တွင် ကောင်ကြီးဂျိုးသည် ပီလွန်၏ တရားဒေသနာကို မကြားတော့ပေ။ သူသည် အိပ် မောကျနေပြီဖြစ်၏။ ကောင်ကြီးဂျိုးသည် လှုပ်လှုပ်ရှားရှားမနေရလျှင် သူ့မျက်လုံးများကို ဘယ်တော့မှ ကျယ်ကျယ် ဖွင့်ထားနိုင်သူ မဟုတ်။

ပီလွန်ကတော့ သူ့နေရာ၌ အေးအေးဆေးဆေး ထိုင်ကာ သူတွေ့ထားသည့် နေရာကို မမှိတ်သော မျက်စိ များဖြင့် စောင့်ကြည့်လျက်ရှိသည်။ ကောင်းကင်သည် ညိုမှိုင်းမှိုင်းဖြစ်လာသည်။ မြူနှင်း များ နောက်ကွယ်မှ အရုဏ် သည် ဖြည်းဖြည်းချင်း ထိုးဖောက်ဝင်ရောက်စပြုပြီး မထင်မရှားဖြစ်နေသော ထင်းရှူးပင် များသည် ပီပီပြင်ပြင် ရုပ်လုံးပေါ်လာကြသည်။ လေသည်လည်း ငြိမ်သွားခဲ့လေပြီ။ ချုံကြိုချုံကြား မှ ယုန်များသည် ခုန်ဆွခုန်ဆွ လုပ်ကာ ထွက်လာကြသည်။ အိပ်ချင်လွန်းအားကြီးသဖြင့် မျက်ခွံများ လေးလျက်ရှီ သော ပီလွန် သည် စိတ်ကတော့ ပျော်ရွှင်တက်ကြွလျက်ပင်ရှိလေသည်။
အလင်းရောင်ဝင်လာသောအခါ သူသည် ကောင်ကြီးဂျိုးကို ခြေထောက်ဖြင့် ကန်၍ နှိုးပြီး " ဟေ့ ဂျိုး၊ ထတော့ ဒင်နီဆီသွားဖို့ အချိန်ကျပြီ၊ လင်းနေပြီဟ " ဟုပြောသည်။

ထို့နောက် ဥစ္စာသိုက်ဟု သတ်မှတ်ထားသော နေရာ၌ ချထားသော ထင်းရှူးသား လက်ဝါးကပ်တိုင်ကို ဆက်၍သုံးရန် မလိုတော့သဖြင့် ဖျတ်ခနဲ ကော်ယူပြီး လွှင့်ပစ်လိုက်သည်။ ပြီးတော့ ညက ဆွဲထားသည့် စည်းဝိုင်းကို ပြန်ဖျက်သည်။ " ကဲ ပြီးသွားပြီ၊ အခုချိန်မှာ အမှတ်အသားတွေ ထားခဲ့လို့ မဖြစ်တော့ဘူး၊ အနီးအနားက သစ်ပင်တွေနဲ့ ကျောက်တုံးကျောက်ခဲတွေကို ကြည့်ပြီး ဒီနေရာကို မှတ်မိနေအောင်တော့ လုပ်ထားဦးမှ "
" ငါတို့ အခုချက်ချင်း ဘာပြုလို့ မတူးသေးတာလဲကွာ" ဟု ကောင်ကြီးဂျိုးက မေးသည်။

" သြ မင်းက တော်တိလာဖလက်ရပ်ကွက်ထဲက ရှိသမျှလူ အကုန်ထွက်ပြီး ငါတို့ကို ကူညီစေချင်လို့လား " ဟု ပီလွန်က ငေါ့တော့တော့လေသံဖြင့် ပြောသည်။
သူတို့သည် ပတ်ဝန်းကျင်ကို ဂရုတစိုက်လေ့လာကြသည်။

" ညာဘက်မှာ သစ်ပင်သုံးပင် အစုလိုက်ရှိတယ်၊ ဘယ်ဘက်မှာ နှစ်ပင်၊ ဟိုဘက်မှာ ချုံဖုတ်တစ်ခုနဲ့ ဒီဘက်မှာ ကျောက်တုံးတစ်တုံး " သူရေရွတ်သည်။ နောက်ဆုံးတွင် သူတို့သည် ထိုနေရာမှ ထွက်လာခဲ့ကြသည်။ လျှောက်လာနေကြရင်းမှလည်း လမ်းကို သတိထား၍ မှတ်လာကြသည်။
ဒင်နီ၏ အိမ်တွင် ပင်ပန်းမောဟိုက်နေကြသော သူငယ်ချင်းများနှင့် ပြန်လည် ဆုံတွေ့ကြသည်။ " မင်း တွေ့ခဲ့ လား" ဟု သူငယ်ချင်းများက အားတက်သရော ဆီး၍မေးကြသည်။
" ဟင့်အင်း၊ မတွေ့ဘူး" ဟု ပီလွန်က ဂျိုးမပြောမီ သူက လက်ဦးအောင် ကပျာကယာဖြေသည်။

" ပက်ဘလိုက သူ အလင်းရောင်ကို မြင့်တယ်လို့ထင်တယ်၊ ဒါပေမယ့် သူ အဲဒီနေရာမရောက်ခင် ပြန်ပျောက် သွားတယ်၊ ပြီးတော့ ပင်လယ်ဓားပြကလည်း အဘွားအိုသရဲမကြီးတစ်ကောင်ကို မြင်ခဲ့တယ်။ သေသွား တဲ့ သူ့ခွေးက အဲဒီ အဘွားကြီး သရဲမ ဆီမှာ ရောက်နေသတဲ့ "
ပင်လယ်ဓားပြက ပြုံးသည်။ " သရဲမအဘွားကြီးက ကျုပ်ကို လှမ်းပြောတယ်၊ ကျုပ်ခွေးက သူ့ဆီမှာ ပျော်နေ သတဲ့"
" ဟောဒီမှာ ကောင်ကြီး၈ျိုး၊ စစ်တပ်က ပြန်လာတာ" ဟု ပီလွန်က ပြောသည်။

" ဟယ်လို ဂျိုး"
" မင်းတို့က နေရာကောင်းလေးတစ်ခုကို ရထားကြတာကိုးကွ" ဟု ဂျိုးက ရေရွတ်ကာ ကုလားထိုင်တွင် ၀င်ထိုင်သည်။
" မင်း ငါ့အိပ်ရာပေါ်တော့ လာမအိပ်နဲ့" သူ့အိမ်တွင် ဂျိုးကပ်၍နေတော့မည်ဟု နားလည်လိုက်သော ဒင်နီက လှမ်းပြောသည်။ ကုလားထိုင်ပေါ်၌ ဂျိုးထိုင်နေပုံမှာ ပိုင်စိုးပိုင်နင်း နိုင်လွန်းလှသဖြင့် ဤအိမ်မှ ကုတ်နှင့် ကော် ၍ ချသည့်တိုင်အောင် ခွာတော့မည်မဟုတ်ဟု ဒင်နီက ယူဆသည်။

ပင်လယ်ဓားပြသည် သူ့လက်တွန်းလှည်းကို ထုတ်၍ ထင်းခွေရန် ထွက်သွားသည်။ ကျန်လူငါးဦးကတော့ မြူနှင်းများကို ထိုးဖောက်၍ ကျလာသော နေရောင်အောက်တွင် လဲလျောင်းကာ အိပ်ပျော်ခြင်းသို့ ရောက်ကြ လေ၏။

ညနေစောင်းကာမှပင် သူတို့အားလုံး နိုးကြသည်။ သို့သော်လည်း လဲနေရာမှ ချက်ချင်းမထ။ ခြေများ လက်များ ဆန့်တန်းကာ အပျင်းထုတ်နေကြသေးသည်။ ထို့နောက် ထထိုင်ပြီး အောက်ဘက် ပင်လယ်ကွေ့ ဆီသို့ မျှော် ကြည့်သည်။ အညိုရောင် ရေန့တင်သင်္ဘောတစ်စင်းသည် ပင်လယ်ပြင်ဆီသို့ ဦးတည်၍ ခုတ်မောင်း သွားလျက် ရှိလေသည်။ စားပွဲပေါ်တွင် ပင်လယ်ဓားပြထားခဲ့သည့် စက္ကူအိတ်များ၊ အိတ်များထဲတွင် သူရလာသည့် အစား အစာများ ရှိသည်။ သူတို့သည် အိတ်များထဲမှ အစားအစာ ကို ထုတ်ယူပြီး ခွဲဝေစားကြသည်။
ကောင်ကြီးဂျိုး သည် အိမ်ဝင်းထဲမှ ထွက်သွားသည်။ " ငါ အခုပဲ ပြန်လာမယ် " ဟု ပီလွန်ကို လှမ်းပြောသည်။

ပီလွန် က စိတ်မချသော မျက်လုံးများငြဖ့် ဂျိုးထွက်သွားရာဘက်သို့ မျှော်ကြည့်နေသည်။ ဂျိုးသည် ထင်းရှူး တောဘက် သို့ သွားနေခြင်းမဟုတ်။ မွန်ထရေးမြို့တွင်းသို့ ဦးတည်၍ သွားနေခြင်းဖြစ်၏။ အိမ်ထဲ၌ ကျန်နေ ခဲ့သော သူငယ်ချင်း လေးယောက်သည် ငြိမ်ဆိတ်စွာ ထိုင်၍ ပျင်းရိငြီးငွေ့စွာဖြင့် ညပိုင်းအရောက်ကို မျှော်လင့် စောင့်စား နေကြသည်။

နေ၀င်ဖျိုးဖျအချိန်တွင် ကောင်ကြီးဂျိုး ပြန်ရောက်လာသည်။ သူနှင့် ပီလွန်သည် အခြားလူများ မကြား နိုင်အောင် ခြံဝင်းအတွင်းသို့ ဆင်း၍ တိုင်ပင်စရာ ရှိသည်များကို တိုင်ပင်ကြသည်။
" ငါတို့ မစ္စက်မော်ရေးဆီက ပစ္စည်းတွေ ခဏသွားငှားမယ်" ဟု ပီလွန်က ပြောသည်။ " သူ့ကြက်ခြံဘေးမှာ ထောင်ထားတဲ့ ဂေါ်ပြားတစ်လက်နဲ့ ပေါက်ချွန်းတစ်လက်ဆိုရင် အလုပ်ဖြစ်တယ် "
မိုးစုပ်စုပ်ချုပ်၍ အမှောင်ထုဖုံးလာသောအခါ သူတို့နှစ်ယောက် အိမ်မှ ထွက်သည်။ " ဂျိုးရဲ့ သူငယ်ချင်း ကောင်မလေး တွေနဲ့ သွားတွေကလိုက်ဦးမယ် " ဟု ပီလွန်က ဒင်နီတို့ကို အသိပေးခဲ့သည်။ သူတို့သည် မစ္စက် မော်ရေးအိမ် သို့ တိတ်တိတ်ဝင်ပြီး ပစ္စည်းများငှားသည်။

ထို့နောက် ကောင်ကြီးဂျိုးသည် လမ်းမဘေးတစ်နေရာရှီ ပေါင်းမြက်များကို ဖြဲ၍ အထဲမှ ၀ိုင်တစ်ဂါလံပုံးကို ထုတ်ယူ လိုက်သည်။
" ရတနာတွေကို မင်းက အရက်နဲ့ လဲလာခဲ့ပြီပေါ့လေ" ဟု ပီလွန်က ဒေါသတကြီး အော်မေးသည်။ " မင်းဟာ သစ္စာဖောက် လောက်ကောင်၊ ခွေးတစ်ကောင်က မွေးတဲ့ခွေး"
ကောင်ကြီးဂျိုးက လေသံပျော့ပျော့်ဖြင့် ပီလွန်ကို ချော့သည်။ " ရတနာတွေ ဘယ်နေရာမှာ ရှိနေတယ် ဆိုတာ ငါ လုံးဝမပြောခဲ့ပါဘူး ပီလွန်ရာ၊ ငါပြောခဲ့တာက ငါတို့ရတနာသိုက်တစ်ခု တွေ့ထားတယ်၊ ဒါပေမယ့် အဲဒီသိုက် က ဒင်နီအတွက်ထားတာ၊ ဒင်နီလက်ထဲ ရတနာတွေ ရောက်သွားတဲ့အခါမှာ ငါက သူ့ဆီက ငွေတစ်ဒေါ်လာ ချေးပြီး ၀ိုင်ဖိုးပေးမယ်၊ အခု ၀ိုင်တစ်ဂါလံ အကြွေးရောင်းလိုက်လို့ ပြောခဲ့တာပါ "

" အဲသလောက် ပြောရုံကလေးနဲ့ သူတို့က မင်းစကားကို ယုံကြည်ပြီး ၀ိုင်အကြွေး ပေးမတဲ့လားကွဟင်" ဟု ပီလွန် က ဒေါသတကြီးဖြင့် မေးပြန်သည်။
" အေး ... အဲအဲ " ကောင်ကြီးဂျိုးသည် တွန့်ဆုတ်ဆုတ်ဖြစ်လျက်ရှိ၏။ " ငါ တစ်ဒေါ်လာ ပြန်ဆပ်မယ်ဆိုတာ ယုံကြည်အောင် ပစ္စည်းတစ်ခု ထားခဲ့တယ်ကွ"
ပီလွန်သည် ပို၍ ဒေါသကြီးလာပြီး ဂျိုး၏ လည်ပင်းကို ခုန်၍ဆွဲပြီး ညှစ်ထားသည်။ " မင်း ဘာပစ္စည်း ထားပစ် ခဲ့ သလဲ"

" စောင်လေးတစ်ထည်ပဲ ပေးခဲ့တာပါ ပီလွန်ရာ" ဟု ဂျိုးက ငိုသံပါဖြင့် ပြောသည်။ " တစ်ထည်ဆိုမှ တစ်ထည် တည်းပါကွာ"
ပီလွန် က ဂျိုးကို အားကုန်ထုတ်၍ လှုပ်ယမ်းသည်။ သို့သော်လည်း ဂျိုး၏ ကိုယ်လုံးမှာ အလွန်ကြီးမား လေးလံလှ သဖြင့် သူ့ကိုယ်သူ ခါယမ်းသလိုသာ ဖြစ်လျက်ရှိသည်။ " ဘာစောင်လဲကွဟေ၊ ဘာစောင်လဲ" ဟု အော်သည်။ " ဟေ့ကောင် ပြောလေကွာ၊ မင်းခုခိုး လာတဲ့စောင်က ဘာစောင်လဲ "

ကောင်ကြီးဂျိးက ငိုသည်။ " ဒင်နီ့ စောင်နှစ်ထည်တည်းက တစ်ထည်ပါကွာ၊ တကယ်ပြောတာပါ၊ တစ်ထည် တည်းပါ သူ့မှာ နှစ်ထည်ရှိတယ်မဟုတ်လား။ အဲဒါ ငါက အသေးဆုံးတစ်ထည်ကို ယူခဲ့တာပါ၊ ငါ့ကို မလုပ်ပါနဲ့ ကွာ၊ ဟိုမှာ ကျန်ခဲ့တဲ့တစ်ထည် က အကြီးပါ၊ ငါတို့ရတနာတွေကို တွေ့တဲ့အခါ သူ့စောင်ကို ပြန်ရွေးပေး မှာပါ"
ပီလါန်က သူ့ကို တအားတွန်း၍ လှည့်လိုက်ပြီး ခြေထောက်နှင့်ဆောင့်၍ ဆောင့်၍ ကန်သည်။ " ၀က်ကောင်" ဟုခေါ်သည်။ " ခွေးသူခိုး၊ မင်းစောင်ကို ပြန်ပြီး တောင်းပေးရင် ပေး၊ မပေးရင် မင်းကို အသေသတ်မယ်"

ကောင်ကြီးဂျိုးက ချော့ဖို့အားထုတ်သည်။ " ဒင်နီ့ စောင်နှစ်ထည်တည်းက တစ်ထည်ပါကွာ၊ တကယ် ပြောတာပါ၊ တစ်ထည်တည်းပါ သူ့မှာ နှစ်ထည်ရှိတယ် မဟုတ်လား။ အဲဒါ ငါက အသေးဆုံး တစ်ထည်ကို ယူခဲ့တာပါ၊ ငါ့ကို မလုပ်ပါနဲ့ကွာ၊ ဟိုမှာ ကျန်ခဲ့တဲ့တစ်ထည်က အကြီးပါ။ ငါတို့ရတနာတွေကို တွေ့တဲ့အခါ သူ့ စောင် ကို ပြန်ရွေးပေးမှာပါ"
ပီလွန်က သူ့ကို တအားတွန်း၍ လှည့်လိုက်ပြီး ခြေထောက်နှင့် ဆောင့်၍ ဆောင့်၍ ကန်သည်။ " ၀က်ကောင် လ ဟု ခေါ်သည်။ " ခွးသူခိုး၊ မင်းစောင်ကို ပြန်ပြီးတောင်းပေးရင်ပေး၊ မပေးရင် မင်းကို အသေသတ်မယ် "

ကောင်ကြီးဂျိုး က ချော့ဖို့အားထုတ်သည်။ " ငါတို့နှစ်ယောက် ဒင်နီကောင်းစားဖို့အတွက် ဘယ်လောက် အပင် ပန်းခံပြီး လုပ်နေရတယ်ဆိုတာကို ငါတွေးမိလို့ပါကွာ" ဟု သူကပြောသည်။ " ပြီးတော့ ဒင်နီ့အနေနဲ့ စောင် အသစ် တစ်ရာတောင် ၀ယ်နိုင်မှာဆိုတော့ သူဝမ်းသာမှာပဲလို့လည်း ငါတွေးမိပါသေးတယ်ကွ"
" ဟေ့ကောင် ငြိမ်ငြိမ်နေစမ်း" ဟု ပီလွန်က ပြောသည်။ " မင်း ဟို စောင်ပဲရအောင် ပြန်ယူပေးရမယ်၊ မယူ ပေးရင် မင်းကို ကျောက်ခဲနဲ့ စိစိညက်ညက် ကြေအောင်ထုမယ်" သူသည် ၀ိုင်းပုံဖော့ဆို့ကိုဖွင့်ကာ သူ့ဒေါသ ကို ပြေစေရန် တစ်ကျိုက်နှစ်ကျိုက်မျှ မော့သည်။ ပြီးတော့ ၀ိုင်ပုံးကို ပြန်ပိတ်လိုက်သည်။ ဂျိုးက သူ့ကိုပါ တိုက်ရန် ပြောသော်လည်း တစ်စက်ကလေးမျှပင် မပေးချေ။ " ဒီစောင်ခိုးတဲ့အတွက် ရတနာသိုက်တူးရင် မင်းတစ်ယောက် တည်း ဒိုင်ခံပြီး တူးရမယ်သိလား၊ ဂေါ်ပြားနဲ့ ပေါက်ချွန်းကိုယူလာလိုက်ခဲ့"

ကောင်ကြီးဂျိုးသည် ခွေးလိမ္မာလေးတစ်ကောင်သဖွယ် တစ်ချက်မျှ ညည်းလိုက်ပြီး ပီလွန်ခိုင်းသည့်အတိုင်း နာ ခံသည်။ သူသည် အမှန်ဘက်က ရပ်တည်နေသော ပီလွန်ကို မဆန့်ကျင်ရဲ။
ယမန်နေ့ည က သူတို့တွေ့ခဲ့သော နေရာကို ရုတ်တရက် ရှာမတွေ့သဖြင့် နှစ်ယောက်သား အချိန် အတော်ကြာ မျှ တ၀ဲလည်လည် ဖြစ်နေသည်။ ပီလွန်က တန်းစီ၍ ပေါက်နေသော သစ်ပင်သုံးပင်ကို လက်ညှိုး ထိုးပြပြီး " ဟော ဟိုမှာ တွေ့ပြီ" ဟု ပြောလိုက်သည့်အခါ အချိန်အတော်ကြီး နောက်ကျ လျက်ရှိလေပြီ။

သူတို့သည် ညက တွေ့ခဲ့သည့် ချိုင့်ခွက်ကလေးကို မတွေ့တွေ့အောင် ရှာကြသည်။ ကောင်းကင်တွင် မြူနှင်း များ ကင်းစင်နေသော ညဖြစ်၍ လရောင်သည် သူတို့အား ကူညီပံ့ပိုးပေးလျက်ရှိလေသည်။
တူးဖော်၇မည့် တာဝန်ကို သူမယူဟု ဆုံးဖြတ်ထားပြီးဖြစ်သော ပီလွန်က ရတနာသိုက်တူးဖော်ရေးအတွက် ညွှန် ကြားချက်အသစ်တစ်ခု ထုတ်ပြန်သည်။ " ငွေမြှုပ်တဲ့ လူတွေဟာ တစ်ခါတစ်လေ အိတ်ကြီးတွေနဲ့ ထည့်ပြီး မြှုပ်တက်ကြတယ်ကွ" ဟုပြောသည်။ " အ၀တ်အိတ်ဆိုတာမျိုးက မြေကြီးထဲမှာ ကြာကြာ မြှုပ်ထားရင် ဆွေးမြည့်ပြီး စုတ်ပြဲကုန်တတ်တယ်၊ တကယ်လို့ ဒီနေရာတင်ကွက်ပြီး တည့်တည့်တူသွားရင် အကုန်လုံး ရချင်မှ ရမယ် " ဟု သူက ပြောပြောဆိုဆို ချိုင့်ခွက်ကလေးပတ်လည်မှ စက်ဝိုင်း တစ်ခု ဆွဲလိုက်သည်။ " ကဲ၊ တွေ့လား ဒီမျဉ်းကြောင်းအတိုင်း ပတ်ပတ်လည်သာ တူးပေတော့ ဒါဆိုရင် အိတ်စုတ် လို့ ဘေးမှာ ထွက်ကျနေတဲ့ ငွေတွေ ကိုပါ ရနိုင်တယ် "

" မင်းကတော့ မတူဘူးလား" ဟု ကောင်ကြီးဂျိုးက မေးသည်။
ပီလွန် ဒေါသကြီးလာပြန်သည်။ " မင်းက ငါ့ကို စောင်သူခိုးလို့ ထင်နေသလားဟင်" ဟု အော်ကြီး ဟစ်ကျယ် မေးသည်။ " မင်းက ငါ့ကို နေစရာ၊ အိပ်စရာပေးထားတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ အိပ်ရာပေါ်က ပစ္စည်းကို ခိုးတဲ့ သူခိုးတစ်ကောင်လို့များ ထင်နေသလား"
" ကောင်ပြီလေ၊ ဒါပေမယ့် ငါတစ်ယောက်တည်းတော့ မတူးနိုင်ဘူး" ဟု ကောင်ကြီးဂျိုးက ပြန်ပြောသည်။

ပီလွန်သည် မနေ့ညက သူ့လက်ဝါးကပ်တိုင်လုပ်ပြီး လွှင့်ပစ်ခဲ့သော ထင်းရှူးသားတစ်ချောင်းကို ကောက်ကိုင်ပြီး ကောင်ကြီးဂျိုးဆီ ကပ်သွားသည်။ " သူခိုး၊ သစ္စာမရှိတဲ့လူရဲ့ ၀က်၊ အခုချက်ချင်း ဂေါ်ပြား ကို ယူခဲ့စမ်း"

ကောင်ကြီးဂျိုး၏ သတ္တိသည် အဝေးသို့ ပြေးထွက်သွားသည်။ သူသည် မြေကြီးပေါ်၌ ချထားသော ဂေါ်ပြား ကို ကောက်ကိုင်၏။ အကယ်၍သာ ကောင်ကြီးဂျိုး၏ စိတ်သည် သန့်ရှင်းစင်ကြယ်ခဲ့ပါမူ ပီလွန် ခိုင်းသော အလုပ်ကို မလုပ်နိုင်ဟု အကျောက်အကန် ငြင်းဆန်လိမ့်မည်ဖြစ်၏။ မည်သို့ပင်ဖြစ်စေ မှန်ကန်သော အကြောင်းတရား ဘက်မှ ရပ်တည်ခြင်းဟူသော လက်နက်နှင့် ထင်းရှူးသားတုတ်တည်းဟူသော ရုပ်ဝတ္ထုလက်နက်များ ကိုင် ဆောင်ထားသည့် ပီလွန်ကို ကြောက်ရွံ့သောစိတ်က အဆမတန် ကြီးမားလျက် ရှိသဖြင့် ပြန်လှန်၍ မငြင်းတော့ဘဲ လက်မြှောက်အရှုံးပေးသည်။

ကောင်ကြီးဂျိုးသည် မြေတူးမြေကော်ရသည့်အလုပ်ကို အလွန်ရွံရှာစက်ဆုပ်သူဖြစ်သည်။ ဂေါ်ပြား ကိုင်ရသည့် အလုပ်မှာ သူ့အတွက် လုံးဝဆွဲဆောင်မှုမရှိသော အလုပ်တစ်ခုဖြစ်၏။ ထိုအလုပ်၏ ရည်မှန်းချက် မှာ တစ်နေရာမှ မြေကြီးကိုယူ၍ နောက်တစ်နေရာသို့ ပုံပေးရခြင်းဖြစ်ရာ အလွန်မိုက်မဲပြီး အကျိုးမရှိသော အလုပ် တစ်ခုဟု သူယူဆသည်။ ထို့ကြောင့်လည်း ဂေါ်ပြားတစ်ချောင်းနှင့် ကော်ရ ပုံရသည့်အလုပ်သည် လက်တွေ့ အားဖြင့် ဘာမှမရသည့် အလုပ်ဟု သူထင်သည်။ ဤအလုပ်ကို သူမကြိုက်ခြင်း မှာ အခုမှမဟုတ်၊ ဟိုတုန်းကတည်းကဖြစ်သည်။ သူ စစ်ထဲဝင်ခဲ့ခြင်းသည် စစ်တိုက်လို၍ ဖြစ်၏။ သို့သော်လည်း သူသည် ဂေါ်ပြား တစ်လက်နှင့် တူးရဆွရသည့် အလုပ်မှတစ်ပါး အခြား ဘာအလုပ် ကိုမှ မလုပ်ခဲ့ရ။

ပီလွန်သည် သူ့ကို စောင့်ကြည့်နေသည်။ နေမကောင်း၍၊ ဆာ၍၊ အားနည်း၍ဟု အကြောင်းပြနိုင်စရာ လမ်းမရှိ။ ပြီးတော့ ပီလွန်သည် တောင်းပန်၍၊ အသနားခံ၍ ရမည့်လူစားမဟုတ်။ ဒင်နီ၏ စောင်ကို ခိုးထားသည့် အမှုက သူ့အပေါ် ပတ်နေခြင်းသည် ပို၍ဆိုးသည်။ သို့သော်လည်း သူသည် တူးရင်းဆီရင်းမှ ညည်းသည်။ တဖျစ်တောက် တောက် ရေရွတ်၍ မကျေနပ်ခြင်းကို ဖော်ပြသည်။ သူ့ လက်ဖ၀ါးတွေ ပေါက်ကုန်ပြီ ဟုပြောကာ လက်ဖ၀ါးများကို ပြသည်။ ပီလွန်ကတော့ နည်းနည်းကလေးမှ မလျှော့။ ဆက်တူး ဖို့သာ ခိုင်းသည်။

သန်းခေါင်ချိန် ရောက်လာသည်။ တွင်းသည် ဆက်တူးဖို့သာခိုင်းသည်။ မွန်ထရေးမြို့ဘက်မှ ကြက်တွန်သံများကို ကြားလာရ၏။ လသည် သစ်ပင်များ၏ နောက်သို့ ရောက်သည်အထိ လျှောဆင်းသွားခဲ့ လေပြီ။ ကောင်ကြီးဂျိုး မှာ မေပန်းနွမ်းနယ်လျက်ရှိပြီ။ သို့သော်လည်း ပီလွန်က အရပ်မခိုင်း။ နေ့၏ အလင်းရောင် ၀င်မလာမီ ကလေးမှာပင် ကောင်ကြီးဂျိုး၏ လက်ထဲမှ ဂေါ်ပြားသည် မာကျောသော အရာဝတ္တုတစ်ခုနှင့် ထိမိ သည်။
" ဟေး တွေ့ပြီကွ ပီလါန် " ဟု ဂျိုးက အော်သည်။

ဂေါ်ပြားနှင့် ထိမိသော အရာဝတ္ထုသည် ခပ်ကြီးကြီးလေးထောင့်စပ်စပ်။ သူတို့သည် အရူးအမူး ဆက်တူးကြ သည်။ မှောင်မှိက်နေဆဲဖြစ်၍ ပစ္စည်းကို ကောင်းစွာ မမြင်ရသေး။
" သတိထားတူးကွ" ဟု ပီလွန်က ပြောသည်။ " ပစ္စည်းကို မခိုက်မိစေနဲ့"
ပီလွန်က လက်ဖြင့်နှိုက်ကာ စမ်းကြည့်သည်။ သူ့လက်နှင့် ထိတွေ့မိသော အရာဝတ္ထုသည် သတ္ထုပြားလိုလို ဘာလိုလို။ သူသည် တွင်းထဲသို့ ငုံ့ကြည့်သည်။ မြင်ရသည်မှာ ၀ိုးတိုးဝါးတား။ အင်္ဂတေကိုင်ထားသော လေးထောင့်စပ်စပ် ကျောက်ပြားတစ်ချပ်။ အပေါ်ဘက်တွင် အညိုရောင် သတ္ထုအ၀ိုင်းတစ်ချပ်။ သတ္ထုပြား ပေါ်၌ ရေးထိုးထားသည့် စာလုံးများကို ပီလွန်က တစ်လုံးချင်း ပေါင်းဖတ်သည်။

" အမေရိကန်ပြည်ထောင်စု မြေတိုင်းဌာန၊ ၁၉၁၅၊ အမြင့်ပေ ၆၀၀"
ပီလွန် စိတ်ပျက်လက်ပျက်ဖြစ်ကာ အရုပ်ကြိုးပြတ် ထိုင်ချလိုက်သည်။
" ရတနာသိုက် မဟုတ်ဘူးလား" ဟု ကောင်ကြီးဂျိုးက စိတ်ထိခိုက်နေသဖြင့် မေးသည်။

ဆက်ရန်
.

No comments: