Monday, June 28, 2010

ရွှေစင်ဦး ကြိုက်တဲ့ အညာစာဟင်းလေးများ (၇)



ဒီနေ့တော့ ရွှေစင်ဦး http://www.shwezinu.com လေး ရတဲ့ အထိမ်းအမှတ် အဖြစ် အညာဟင်း လေး နဲ့ ဧည့်ခံပါတယ်ဗျာ...တောင်းဆိုသူ များလည်း ဆန္ဒ ပြည့်ဝပါစေ...။

အလုပ်တခု အောင်မြင်သွားတဲ့ အခါ မှာ ကျေးဇူးတင်ထိုက်သူများ ကို ကျေးဇူးတင်စကားပြောရပါတယ် ..... ပထမ ဆုံး ကျနော့်ရဲ့ ဘလောဂ့်လေးမှာ စာလာဖတ်ကြ ... လာလည်ကြတဲ့ ချစ်မိတ်ဆွေများပါ... ကျနော် ဟာ မိတ်ဆွေ များ အဲလို အားပေးကြတဲ့ အတွက် ဆက်လက်ပြီး ရှင်သန်ချင်တဲ့ စိတ်ကြောင့် ဒီ .com လေး ကို တည်ဆောက်ပါတယ်...။

ဒုတိယ ကတော့ တည်ဆောက်တဲ့ အခါ အကူအညီ ပေးခဲ့ကြတဲ့ ကိုးကိုးအိမ် နတ်ဆိုးလေး  မိုးကောင်းကင် ညီမချော (အစိမ်းရောင်လွင်ပြင်) ပိုင်ရှင် ဘလော့ဂါ များအားလည်း အထူးကျေးဇူးတင်ရှိပါတယ်...။

နောက်ဆုံး ကျေးဇူးတင် စကားပြောကြားရမဲ့ သူများကတော့ ကျနော့် ဘလော့ဂ် လေး ဖွင့် မရတဲ့ အတွက်  စိတ်ပူခဲ့ ကြသူများ နဲ့  မေးလ် ဂျီတော့ စီဘောက်စ် မှ တဆင့် သတင်းမေးခဲ့ .... ပေးခဲ့ ကြတဲ့ မိတ်ဆွေ အားလုံး နဲ့ ပို့စ် တခု သီးသန့် တင်ပြီး စိတ်ပူပေးတဲ့ ညီမငယ် ဧပယ်လ်ဖူး ပူးတေ လေးအားလည်း ကျေးဇူးတင်ရှိပါတယ်ဗျာ... ကျနော့် ရဲ့ စိတ်လောကြီး မှု့ကို သီးခံ ဖြေရှင်း ပေးခဲ့ကြတဲ့ သက်ဆိုင်သူ များကို လည်း ကျေးဇူးပါ....   အားလုံး အားလုံး ကျေးဇူးပါ....။

သြ ... အရေးကြီးသူများ ကျန်နေတော့ မလို့ ရွှေစင်ဦး ရဲ့ အခု ဆိုရင် ချက်ခြင်း အလိုလိုက် ပေးကြတဲ့ ချစ်ချစ်ကြီး နဲ့ ချစ်ညီမ (စည်းစိမ်ရှင်) တို့ကိုလည်း ကျေးဇူးပါ.. နောက်လည်း လိုအပ်ရင် ဒီလိုဘဲ အလိုလိုက် ကြ ပါနော်....။

ကဲ ဒီနေ့ အညာဟင်းလေး ချက်လိုက်ကြရအောင်

ကျနော်တို့ မန္တလေး မှာ ဒီလိုအချိန် (ဝါဆို ဝါခေါင်) ဆိုရင် လေကြမ်းကြမ်း တွေ တိုက်ပါတယ်.... ဒါဆိုရင် မန္တလေး ကလူတွေ အားလုံး ရေကြီး ပြီ ဆိုတာ သိကြပါပြီ... ဒါမှမဟုတ်ရင်လည်း တယောက်နဲ့ တယောက် သတင်း ပေးနေကြပါတယ်... မြစ်ဆိပ် မှာ ရေတွေ တက်နေပြီဟေ့ ဆိုရင် အားလုံး သဘောပေါက်ကြပြီး.. ကိုယ် အားတဲ့ အချိန် မှာ ကိုယ့် ဆိုင်ရာ ဆိုင်ရာ များနဲ့ မြစ်ဆိပ် ကို သွားပြီးတော့ ရေကြည့်ကြပါတယ်... လမ်းဘေးမှာ ကပ်လာတဲ့ သဘောင်္ကြီးတွေ ကို ငေးကြပါတယ်.. ဒါ မန္တလေး ထုံးစံ ပါ....။

နောက်ပြီး မြစ်ဆိပ် မှာ စစ်ကိုင်းသွားတဲ့ လမ်းတလျှောက်ပေါ့လေ... ငါး ပုဇွန်တွေ ဖမ်းနေတာ ကြည့်ရင်း အပြန်ကြ... ဝယ်ပြန်လေ့ရှိပါတယ်.. ဟင်းသီးဟင်းရွက် ဝယ်ချင်ရင်လည်း ရေမြုတ်သွားတဲ့ ရှမ်းကလေး ကျွန်း ရှေ့က လမ်းဘေး မှာ အကုန်ဝယ် လို့ ရပါတယ်...။

အိမ်ရောက်ရင် ချက်ပြုတ်စားသောက်ကြပြီး ရေတွေ အကြောင်း သတင်းလုပ်ပြောကြပါတယ်... ကျနော် လည်း မန္တလေးသူပါ ... နောက်ပြီး ကျနော် က ရေတွေကို ချစ်တယ်... ဧရာဝတီ ကိုချစ်တယ် ငယ်ငယ်တုန်း က ဆိုရင် သဘောင်္ တစီး ဝယ်ပြီး မြစ်ထဲမှာ သဘောင်္ ကို အိမ်လုပ် နေဘို့ ကို စိတ်ကူးရှိတယ်... ၊ သွားချင်ရာ သွား အချိန်တန်ရင် ကပ်ချင်တဲ့ ကမ်း ကပ်ပေါ့ ... ဘဝကို ရေထဲမှာ အဲလို ကို ဖြတ်သန်းပြစ်ချင်တာပါ... ။

တနေ့က ညီမ Rita(Evergreen) ရေးတဲ့ ပိုစ် တခု မှာ မြို့မှာ ရေကြီးတဲ့ အကြောင်း ပျော်စရာ လွမ်းစရာ လေး ရေးထား တယ်.. ကျနော် လည်း ရေတွေကြည့်ဘို့ သတိရသွားတယ်.... မနေ့က နဲနဲ အလုပ်ပါးတာနဲ့ သွားလိုက် တယ်... ရေ တွေ တက်နေပါပြီ... သဘောင်္တွေ လည်း လမ်းဘေးမှာ ရောက်စပြုနေပါပြီ.... အပြန်ကြ ... ပုဇွန် တွေ ဝယ်လာတယ်.. ဒီနေ့ ချက်စားပါတယ်... ၊  အသား မစား ငါး မစား တဲ့ ချစ်ချစ်ကြီး ကို  တခါ တလေ ကျွေးရတာပါ...   စားသွားကြပါနော်... ကဲ ပုဇွန် ဟင်းက တခွက် ... ။

နောက်တခါ မန်းကျီးသီး စိမ်းချက်လေး စားချင်လို့ ဈေးကဝယ်ခဲ့ဘို့ မှာ လိုက်ပါတယ်.. ကျနော်တို့ အညာမှာတော့ မန်းကျီးသီးစိမ်း ပေါ်ချိန် ရောက်ရင် မန်ကျီးသီးစိမ်းချက်ကတော့ နေ့တိုင်းလိုလို ချက်ပါတယ်... ထမင်းဝင်တဲ့ အပြင် လူတိုင်း ကြိုက်ကြတာကိုး....

ကဲ မန်းကျီးသီး စိမ်းလေး ချက်ရအောင်....

မန်းကျီးသီး နုနုလေး တွေကိုအညှာလေး တွေ ချွေပြီး ရေစင်စင် ဆေးပါတယ်... ရေစစ်အောင် လုပ်ပြီးရင် နဲနဲခြင်း ညက်နေအောင်ထောင်းပါတယ်... ထောင်းတဲ့ အချိန်မှာ ဆားလေး နဲနဲ ခြင်းစီ ထဲ့ ထောင်းရ ပါတယ်... အရောင်ညို မသွားဘဲနဲ စိမ်းစိမ်းလေး ဖြစ်နေအောင်ပါ...။

ကြက်သွန်ဖြူ နီ ဆီသတ် ပါတယ်... ငရုပ်သီးကြမ်း ပုဇွန်ခြောက် (အခုတော့ ပုဇွန်စို သေးသေးလေး တွေ ထဲ့ထားပါတယ်) ငပိ အချိုမှုန့် ထည့်ပါတယ်... မန်ကျီးသီးထောင်းထားတာ ထဲ့ပါတယ်... ၊ ရေနဲနဲလေး ထဲ့ ပြီး ခြောက်အောင် ကြော်ရပါတယ်... ကျက်ခါနီးရင် ငရုပ်သီးစိမ်း လေး အုပ်လိုက်ပါတယ်... ကောင်းမှ ကောင်းပါ .. စားလို့ရပါပြီဗျာ.. မန်ကျီးသီးစိမ်း ကြော်တခွက်.....။

နောက်တခွက်ကတော့ ဆန်လှော် မျှစ်စိမ်း ဟင်းရည်ပါ... မျှစ်စိမ်း တွေ လက်ဆောင်ရတာနဲ့ ၂ရက်လောက် ရေမြုတ်အောင် ထဲ့ ပြီး အခါးရည်ထွက်သွားအောင် စိမ်ထားပါတယ်... နောက်ပြီး ဆားရည် ထဲမှာ ခပ်ပါးပါး  လှီးထားရပါတယ် ... ချက်တဲ့ အခါ ဆန် လက်တဆုတ်လောက် အရင်ဆေး ပြီး အိုးထဲမှာ နဲနဲလေး ညိုလာအောင် လှော်ပါတယ်.. ဆန်လှော်နံ့ လေးမွှေးလာမှ... ဆီလေး တပေါက်နှပေါက်.. ကြက်သွန် ဖြူနီ လေးနဲနဲ ထဲ့ ပုဇွန်ခြောက်ထောင်း ထဲ့ရပါတယ် တချို့လည်း ပုဇွန်အစို ထဲ့ ပါတယ်... ပြီးမှ မျှစ်ထဲ့ ပြီး မွှေးလာအောင် ဟင်းရည်ကျအောင် တည်ရပါတယ်ဗျာ.. ကဲစားကြစို့ မျှစ်စိမ်း ဆန်လှော်ဟင်းရည် တခွက်...။

ရွှေစင်ဦး ကတော့ ထမင်းတောင် သိပ်မစားဘူး ဆန်လှော်ဟင်း သောက်တာများတယ်.. အရမ်း ကြိုက် ပါတယ်..။

နောက်တခွက် ကတော့ ငါးချဉ် အစိမ်းသုတ် ပါဘဲ.. ဒါကတော့ အိမ်မှာ ခဏ ခဏ သုပ်နေကြဆိုတော့ သုပ် မပြတော့ဘူးဗျာ... ဒါလည်း လက်ဆောင်ရတာ.. အများကြီးဘဲ လိုချင်သူများ လာရောက် တောင်းယူ နိုင်ပါ တယ်..။

ကဲ ... အမှတ်တရ ထမင်းပွဲလေး နဲ့ဧည့်ခံပြီးပါပြီ... ကြွရောက် စားသုံးသူများ အားလုံးကို ကျေးဇူးတင်ရှိပါ ကြောင်း နဲ့ ရွှေစင်ဦး တတ်နိုင်သမျှ စာဖတ်သူများအတွက် ဆက်လက်တင်ဆက် ပေးမည် ဖြစ်ပါကြောင်း ပြောကြားရင်း နဲ့ အဆုံးသတ်လိုက်ပါပြီဗျာ....။

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.

21 comments:

ဧပရယ်လ်ပူး@ပူးတေ said...

မမရေ.. အကုန်လုံး အကြိုက်တွေချည်းပဲ။ ပုဇွန်လဲ ကြိုက်တယ်။ မျှစ်စိမ်းဆန်လှော်ဟင်းတော့ တခါမှ မစားဖူးပေမယ့် မျှစ်ဆိုရင် ဘာမျှစ်ဖြစ်ဖြစ်ကြိုက်ပြီးသားပဲ။ မျှစ်ချဉ်လဲ ကြိုက်တာပဲ။ မကျည်းသီးစိမ်းကြော်ကတော့ အသည်းစွဲပဲ။ မန်ကျည်းသီးစိမ်းတွေ ပေါ်နေပြီပေါ့ဟုတ်လားမမ။ အိမ်ကိုမှာရဦးမယ်...ငါးချဉ်သုတ်တော့ မစားဖူးသေးဘူး။ ဒါပေမယ့် စားကောင်းမယ့်ပုံပဲ။ ပုဇွန်ချဉ်တော့ စားဖူးတယ်။ ကြိုက်တယ်။ အကုန်ကြိုက်တယ်မမရေ.. မန္တလေးတောင်ပြေးလာချင်သွားပြီ...:) ရုံးမှာဗိုက်ဆာနေတုန်း ဒီပို့စ်ဖတ်မိတာ ရင်နာတယ်ကွာ...

အဟိ :D ဒါနဲ့ လူကြီးအရာသွင်းပြီး (လူရာသွင်းပြီး) ကျေးဇူးတင်တယ်ပြောထားလို့ ဝမ်းသာမိပါတယ်။ ဂယ်ပြောတာ။

မမ ဒေါ့ကွန်အသစ်လေးနဲ့ ပျော်ရွှင်ပါစေ...

ချစ်ညီမ
ပူးတေ

နတ်ဆိုးလေး said...

ဆရာမရေ ဟင်းင်္ခက်တွေ ကြည့်ပြီး သွားရည်ယိုလာပြီ စိတ်မထိန်းနိုင်ရင် တကယ်လာစားမိတော့မယ်
ဟီးဟိး

လင့်ခ် ပြောင်းမချိတ်ရသေးလို့ ခုမှ လာလည်ရင်းနဲ့ ချိတ်လိုက်ပြီ
ပျော်ရွှင်ပါစေနော်
ဆရာမ

လသာည said...

ဟင်းတွေငေးရတာ ပျော်စရာ လွမ်းစရာကြီး..
မျှစ်စိမ်းဟင်းရည်ကို မြေလတ်(ညီမ့မွေးရပ်)ကတော့ မျှစ်စပ်ဟင်းရည်လို့ ခေါ်တယ်။ အဲဒီဟင်း တအားကြိုက်တာ။ ငါးချဉ်သုပ်နဲ့ စားလိုက်ရရင် မီးဖိုချောင်ထဲ ၀င်လိုက်ထွက်လိုက် စားတော့တာပဲ။

စာဖတ်သူတွေကို အလိုလိုက်ပြီး အညာဟင်းလေး တင်ပေးတာကိုလည်း ကျေးဇူးတင်ပါတယ်လို့...

လသာည လာပြောသွားပါတယ်း)))

ကိုအောင် said...

အမ လင့်ခ်ကို ကျနော် ချိတ်တာ အဆင်မပြေသေးဘူး
ဘာမှားနေလဲ မပြောတတ်ဘူး၊ သူများတွေဆီက ပတ်
ပြီး လာရတယ်။ ကျနော် ပြောတဲ့ “မုန့်ပေါင်း” လုပ်
နည်းလေး ရှိရင် ကျနော့်ဆီ အီးမေးလ်နဲ့ ပို့ပေးပါ
အုံး၊ အမ အမြဲတမ်း ပျော်ရွှင်ပါစေ။

မေဓာဝီ said...

ဗိုက်ဆာတယ် မရွှေစင်ရေ ... မန်ကျည်းသီးစိမ်းငပိချက် အရမ်းကြိုက်တာ။ စားချင်လိုက်တာ။ မျှစ် ဆန်လှော်ဟင်းတော့ မစားဖူးဘူး။ ငါးချဉ်သုတ်လဲ ကြိုက်တယ်။
ကျမက ဒီနေ့ ငါးကလေး အိုးကပ်၊ ပဲနီလေးဟင်းရည်၊ ချဉ်ဖတ်ကြော်။ ဟဲဟဲ ကြုံလို့ ကြွားသွားတာ။
ဦးရီးတော်အိမ်ရောက်နေလို့ ဖွယ်ဖွယ်ရာရာ ချက်စားဖြစ်တာ မရွှေစင်ရေ။ အင်တာနက်ကတော့ မိုဘိုင်းဘရော့ဘန်း ဖြစ်နေလို့ အရင်လို လိုင်းသိပ်မကောင်းဘူး။ အေးဆေးမှ စာတွေ သေချာဖတ်ပါမယ်။ လောလောဆယ် ဟင်းတွေကို သွားရည်အရင်ကျသွားတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီနေ့ချက်တဲ့ဟင်း အားလုံးကြိုက်တယ် အစ်မရေ
မျှစ်ဆန်လှော်ကတော့ အိမ်မှာအမြဲစားခဲ့ရတယ်.. ခုအိမ်နဲ့ဝေးနေချိန်တော့ မစားရတာကြာပေါ့.. အမေ့လက်ရာလေးကို သတိရသွားပြီ..
ပုဇွန်လေးကလည်း ဒီတစ်ခွက်လုံး တစ်ယောက်တည်း ကုန်တယ်ဆိုရင်ယုံပါ့မလား..
မန်ကျည်းသီးစိမ်းချက်ကတော့ တကယ့်ကို ခံတွင်းမြိန်မှာသေချာပါရဲ့ .. ငရုပ်သီးလေး ပုဇွန်လေးနဲ့မြင်ယုံနဲ့ စားချင်စရာပါ..
ဘလော့ဒိုမိန်းအသစ်လေးနဲ့ အတူ ဟင်းကောင်းလေးတွေနဲ့ဧည့်ခံတာ ကျေးဇူးပါအစ်မရေ...
ဘလော့ပင်လယ်ကြီးကို ဆက်လက်ကူးခတ်ကြပါစို့..း)

အင်ကြင်းသန့် said...

မမရွှေစင်....ဟင်းတွေလာစားသွားတယ်....မျှစ်ဆန်လှော်ဟင်း တစ်ခါမှ မစားဘူးလို့ အ၀သောက်သွားတယ်....ငါ့အစ်မ ဘလော့ပင်လယ်ပြင်ကြီးမှာ ဒီထက်မက အောင်မြင်မှုတွေရရှိပြီး ခရီးဆုံးထိ ပျော်ရွှင်စွာ အနှောက်အယှက် ကင်းစွာ ကူးခတ်နိုင်ပါစေ.....

ချစ်ညီမလေး

မောင် လေး said...

မကျီးသီးချက်လေးတော့အရမ်းလွမ်းတယ်..
မျှစ်ဆန်လှော်ဟင်းတော့မစားဖူးဘူး..
ခေါက်ဆွဲပြုတ်သောက်ပြီးဖတ်နေတာ... ကိုယ့်ဘဝကိုတော်
တော်စိတ်နာသွားတယ်။ပြန်ရောက်ရင်တော့ ဗိုက်ကားအောင်စာပလိုက်ဦးမယ်

မြစ်ကျိုးအင်း said...

အညာစာ အညာစာ နဲ့ နိင်ဂံဂျား ကလူတွေကို သရေယိုအောင် နှိပ်စက်နေတယ်ပေါ့။

ဘောလုံးပွဲ ကိုက်နေလို့ မကျည်းသီးစိမ်း ချက်လေးတော့ စားချင်သား...။

မြတ်နိုး said...

အမ ..မန်ကျည်းသီးစိမ်းထောင်း စားချင်တယ်။

ပုစွန်ထုပ်ကတော့ စားချင်တော့ဘူး။
အမမျှစ်ဟင်းရည်လေးလဲစားချင်တယ်။

ကိုဇော် said...

အဟေး. . .
အနော်လည်း ဒီနေ့ ပုစွန်ထုပ်ချက်စားတာ. .
ကျန်တဲ့ ဟင်းတွေတော့ ချားချင်သား. . ဂလု. .

Rita said...

ပုစွန် ဒီမှာပေါပေမယ့် ဗမာပြည်က ပုစွန်ကို ဘယ်လိုမှ မမီနိုင်ဘူး ထင်နေမိတယ်။ ပုစွန်မှ မဟုတ်ပါဘူးလေ။ ဘယ်အသားဖြစ်ဖြစ်ပါ။

ခိုင်နုငယ် said...

အမရေ..အိမ်သစ်လေးလည်းလာလည်ရင်း
အမချက်ကြွေးတာကိုလည်းလာအားပေးရင်း
အရောက်လာခဲ့ပါတယ်။
ချက်ကြွေးတာတွေထဲမှာတော့မန်ကျည်းသီးချက်နဲ့
မျှစ်ဟင်းချိုစားချင်လိုက်တာ.
မစာရတာကြာပေါ့....။

Anonymous said...

ရှုမငြီးတဲ့ ရတနာတစ်ပွင့်လို
တစ်စိမ့်စိမ့်ကြည့်လိုမဝ
ညအိပ်ချိန်တွေကိုတောင်
ခိုးယူငင်သွားတဲ့ အရာ
သားသမီးတစ်ယောက်လို
မွေးထုတ်ပြီးချိန်က စပြီး
သူ့ဘ၀ သူကမ္ဘာဟာ ငြိမ်းချမ်းမှု့တွေ
အတိပြီးသွားသလို
အရာရာတိုင်းအတွက် ကောင်းကျိုးကိုဖြစ်စေ လို့
.com လေး ကမ္ဘာတိုင်တည်စေ။


ချစ်ညီမ
seesein


သဒ္ဓါလှိုင်း said...

အော်........မမရွှေစင်.
ဖတ်လိုက် တံတွေးမျိုချလိုက်..နောက်တမျိုးဖတ်လိုက်.
တံတွေးမျိုချလိုက်ရနဲ့..
ပုဇွန်၊ မန်ကျည်းသီးစိမ်းကြော်၊ ငါးချဉ်သုပ်၊ မျှစ်၊ အရမ်း
ကြိုက်တဲ့ဟင်းတွေချည်းပဲ.. ဒါပေမဲ့ ဆန်လှော်မျှစ်စိမ်း
ဟင်းရည်တော့မသောက်ဖူးဘူးမမ..။
အကြိုက်ဆုံးဟင်းတွေချက်ကျွေးတဲ့မမရွှေစင်ကျေးဇူး..
အပြေးကိုလာစားချင်တာ..
ခင်တဲ့
ညီမသဒ္ဓါ

sosegado said...

ဆန်လှော် မျှစ်စိမ်း ဟင်းရည်ကို သူငယ်ချင်း ကရင်မလေး ချက်တာ၊ သူက ပင်စိမ်းရွက်တွေထည့်တယ်၊ မရွှေစင်နဲ့ ပုံချင်းကတော့တူတူပဲ အရွက်မပါတာကလွဲလို့၊ စားလို့ကောင်း။

sy said...

အန်တီိရွှေဇင်။
အခု .com ကြီးကို google reader မှာ ထည့်လို့မရဘူး။ feed မပေးဘူးပြောတယ်။ ပြင်ပေးပါအုံး။


စာဖတ်သူ

SHWE ZIN U said...

အခုတော့ ပြန်ပြင်ထားပါတယ် စာဖတ်သူရေ

ပြန်လုပ်ကြည့်ပါအုန်း ရရင်လည်း ပြောပါအုန်းနော်


ကျေးဇူးပါ
ခင်မင်စွာဖြင့်
ရွှေစင်ဦး

စူးနွယ်လေး said...

မကြိုက်တာ တခုမှမပါဘူး အားလုံးကြိုက်.....:)

sy said...

အခု google reader မှာ feed ပေါ်ပီ။ ကျေးဇူးပါ အန်တီရွှေဇင်။

ကိုယ်တွေ့များများရေးပါ နော :D

september rain(moe) said...

မျှစ်ဆန်လှော်ုံးကြိုက်တယ် မကျီးသီးချက်စားချင်လိုက်တာ.....
စာလည်းဖတ်လို.ကောင်းပေါ့။....:)