Saturday, March 23, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၅၃)

ဘယ်လိုပဲဖြစ်ဖြစ် ကောင်းကောင်းဆိုးဆိုး ဘ၀ခရီးလမ်းကိုတော့ ဆက်လက်လျှောက်နေရမှာပါပဲ။ ဦးမြလှိုင် အတွက် ခရီးဆက်ရမဲ့ မြေပုံ Mapက ကမ္ဘာရဲ့တစ်ဖက်ခြမ်းမှာ ဖြစ်လေတော့ သားသမီး တွေ လျှောက်နေဆဲလမ်းနဲ့ အလှမ်းကွာဝေးလွန်းတာအတွက် နှစ်ဦးနှစ်ဖက်နှလုံးသား နာကျင်စွာ ခံစားကြရဦးမှာတော့ သေချာလှပါတယ်။
ရှင်တော်ဘုရား ကိုယ်တိုင်က "ချစ်သောသူများနဲ့ ကွေကွင်းရခြင်း ဆင်းရဲ"ကို အဘိဏှ သုတ်တော် မှာ အထင်အရှားဟောကြားထားခဲ့တာပဲလေ။
ကို ဆက်ဖတ်ရန် .....

အပိုင်း (၅၅)

မိသားစုဘ၀ ဆိုတာ အချိန်အခါသေးသေးလေးတွေနဲ့ စုစည်းထားတဲ့ မေတ္တာခရီးပါပဲ။ တစ်ဦးနဲ့တစ်ဦး အနစ်နာ ခံခြင်း၊ ရိုင်းပင်းခြင်း၊ စေတနာထားခြင်းတွေနဲ့အတူ ရုန်းကန်ရ တာတွေ၊ ရင်ဆိုင်ရ တဲ့ ပြဿနာတွေ လည်း အမြောက်အမြား။ လူပင်ပန်းစိတ်ပင် ပန်းရှိကြပေမဲ့ မေတ္တာအအရင်းခံပြီး စည်းလုံးမှု ရှိကြတာကြောင့် အပြုံးအပျော် မပျက်ကြတဲ့ သားသမီးတွေရဲ့ ကြည်လင်တဲ့ မျက်နှာလေးတွေ မိခင် တစ်ယောက် အနေနဲ့ ကြည်နူးအား တက်ရပါရဲ့။
နေ့စဉ်တွေ့ရတဲ့ ရိုးရိုးကိစ္စလေးတွေက တန်ဖိုးထားရှုမြင်တတ်ရင် ပျော်စရာတွေ့နိုင်တာပါ ပဲ။ ကြီးကြီး အပျော်တွေ က ခဏခဏ ရောက်လာခဲ့ပေမဲ့ အသေးလေးတွေက ခံစားတတ်ရင် အမြဲတမ်းကို ရနိုင်ပါ တယ်နော်။
အခုလည်း အိမ်ဆည်းလည်းမြေးလေးတွေရလာတော့ ကျွန်မတို့ အိမ်လေးထဲစနေ၊ တန င်္ဂနွေရက်တွေဆို စိုပြည် လို့။ သားတွေ သမီးတွေတင်မကဘဲ မြေးနှစ်ယောက်ပါတိုးလာ တာမို့ အော်ရဟစ်ရ၊ ဆူရပူရ၊ ရယ်မောရ နဲ့ လက်မလည်နိုင်ဘူး။ အေးကြည်မ ရောက်လာ ရင် ကျွန်မမြေးတွေ မြန်မာ စကားပြော တတ်တော့မယ် ထင်မှတ်ထားပါတယ်။ ကလေးတွေ ကမြန်မာ စကားတတ်မလာ ဘဲ အေးကြည်မက ဘိုလို တရွှတ်ရွှတ်မှုတ်နေတော့တယ်။

ခန့်စန္ဒီ က သူ့မောင်လေးကို ဗိုလ်ကျနေရင် "This is your brother, be nice" တဲ့။ အေးကြည်မက ဘိုလို ဆူပူလေ ရဲ့။
သူ့မောင်လေး မတ်တတ်ရပ်နေ တာ ထိုင်ခိုင်းဖို့ပြောချင်တော့ ခန့်စန္ဒီက "ခန့်သီဟ" မတ် တတ်ဒေါင်း (Down) တဲ့။ မြန်မာစကား အကျိုးအပဲ့ဖြစ်ကုန်တာ ကြည့်ပြီးကျွန်မရဲ့ မဟာစီမံကိန်း ကြီးပါမတ်တတ်ဒေါင်း သွားလေရဲ့။
ဒီလို နဲ့သင်္ကြန်အချိန် နီးကပ်လာပါရော။ ကျွန်မသားလတ် ကိုရွှေစင်နဲ့တူတော်မောင် ကိုအောင်ဇော်မောင် အပြင် Tampoမြို့က ကိုရာရာတို့တစ်တွေ ဦးစီးတည်ထောင် ဖွဲ့စည်း ထားတဲ့ ဖလော်ရီဒါ မြန်မာသူငယ်ချင်းများအသင်းက မြန်မာသင်္ကြန်ပွဲကျင်းပကြမယ်ဆိုပြီး ကာလီဖိုးနီးယား မှာရောက်ရှိနေ တဲ့ အဆိုကျော်ကိုသိန်းတန် (မြန်မာပြည်)နဲ့ ကိုင်ဇာ၊ မေခလာ တို့ကို ဖျော်ဖြေ ဖို့ဖိတ်ကြားလိုက်တော့ အဲဒီနှစ်က စာဖွဲ့လောက်အောင် စည် ကားအောင်မြင်တဲ့ သင်္ကြန်ပွဲတော် ဖြစ်မြောက် သွားတာမို့ ချီးကျူးဂုဏ်ယူစရာပါပဲ။

အဆိုတော်တွေ ကျွန်မအိမ်မှာ စုပြီးတည်းကြတော့ အိမ်နဲ့ လူနဲ့ကအပြည့် တသောသော နဲ့ညညထိုင်ပြီး ၀ိုင်းဖွဲ့ကြ တဲ့ စကားဝိုင်းအတွက် လက်ဖက်သုပ်ပေးရတာလည်း လက်မလည်နိုင်အောင်ပါပဲ။ အဲဒီနှစ်ကစပြီး နာမည်ရ လိုက်တဲ့ သင်္ကြန်ပွဲတော်ဟာ နောက်ပိုင်း ဦးစီးတည် ထောင်ခဲ့တဲ့ကိုရွှေစင်၊ ကိုအောင်ဇော်မင်းနဲ့ ကိုရာရာတို့ ဖလော်ရီဒါမှာမရှိကြတော့ပေမဲ့ လက်ကျန်အမှုဆောင် ဒေါ်ခင်မမနဲ့ အဖွဲ့ ၀င်တွေက ဆက်လက်ကြိုးပမ်းကြတာကြောင့် အခုထက်တိုင်ဆယ်နှစ်ကျော်ကြာမှ နှစ်စဉ် နာမည်ကြီး အဆိုတော် များနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် အောင်မြင်စည်ကားစွာ ကျင်းပနိုင်ဆဲမို့ အစဉ်အလာ မပျက်အောင် ထိန်းသိမ်းနိုင်တဲ့ လူငယ်များအသင်းအမှုဆောင်အဖွဲ့ကို ချီးကျူးရပါတယ်။
အဲဒီလို အပျော်သေးသေးလေးတွေနဲ့ ဖြတ်သန်းလာခဲ့ရာက ဘ၀ဆိုတာ တစ်ပြေးညီသာ ယာဖြောင့်ဖြူးနေ တာ မဟုတ်ဘဲ အတက်အကျ၊ အဆိုးအကောင်း၊ အလှည့်အပြောင်းတွေ ကရှိစမြဲမို့ ကျွန်မ တို့မိသားစုအတွက် ရင်မှာထိခိုက်နာကျင်ရမဲ့ အဖြစ်ကလေးတစ်ခုက ရောက်ရှိလာပါတယ်။ အိမ်မှာမိသားစု တစ်ပိုင်းလို မွေးထားတဲ့ခွေးကလေးပါရှယ် ကျန်းမာ ရေး၊ ကျဆင်းလာခြင်းပါပဲ။ ခွေးပေမဲ့ ကျွန်မတို့ အားလုံးကသူ့ကိုမိသားစုလို ဆက်ဆံခဲ့ ကြတာလေ။ သူကလည်း သူ့ကိုယ်သူ ခွေးလို့ ထင်မှတ်ပုံမရပါဘူး။

အိုင်ကျူကလည်း ခပ်မြင့်မြင့်၊ ဘ၀င်ကလည်းခပ်မြင့်မြင့်။ အိပ်ရာပေါ်တက်အိပ်လိုက် ရင်လည်းခေါင်းရင်း မှ။ ပြီးတော့်လူတစ်ယောက် လို ခေါင်းအုံးနဲ့ အိပ်သေးတာ်။ ခွေးဆိုတာ အသီးအနှံ စားတယ်လို့ တစ်ခါမှ မတွေ့ဖူးပါဘူး။ ဒီကောင်ကျ အသီးအနှံမျိုးစုံကြိုက် လိုက်တဲ့ဖြစ်ခြင်း။ ဖရဲသီးဆို ဟပ်တပ်ကိုဆွဲလို့။ ငှက်ပျော်သီး၊ သခွားသီး အကုန်ကြိုက်။ မနက်ဆို နှို့မှုန့်၊ ဘီစကစ်၊ နေ့လယ်ငှက်ပျော်သီး၊ ဖရဲသီးပေါ်ပင်စာ သစ်သီးတွေ စား၊ ညနေကျမှသူ့ခွေးစာကို ကျွေးရတာပါ။
သူအမုန်းဆုံး က တဖုန်းဖုန်းနဲ့ နားငြီးအောင်အသံကုန်မြည်အောင် စီးတတ်တဲ့မော်တော် ဆိုင်ကယ် သမားတွေပါပဲ။ ကျွန်မနဲ့အတူ ကားပေါ်ပါလာလို့ လမ်းပေါ်မှာမော်တော်ဆိုင် ကယ်သမား မတွေ့လိုက်နဲ့။ ဆွေ့ဆွေ့ခုန်ပြီး တအားထိုးဟောင်တော့တာ ရုပ်ပျက်ဆင်း ပျက်ပါပဲ။ အကောင် သာ သေးတယ်။ ဘယ်သူ့ကိုမှကြောက်တာ မဟုတ်ဘူး။ လမ်းထွက် လျှောက်ကြရင်း သူ့ထက်သုံးလေးဆ ကြီးတဲ့ခွေးကြီးတွေတွေ့လည်း ထိုးလိုက်တာ။ သူ့မာန်ကို ကြောက်ပြီးခွေးကြီးတွေက ထွက်ပြေးရတဲ့ထိ။

ဘယ်လောက်စွာစွာ လောကကြီးမှာ သူကြောက်တဲ့အရာတော့ ရှိပါသေးတယ်။ လျှပ်စီးတွေလက်၊ မိုးတွေချုန်းပြီး မိုးကြိုးတွေ ပစ်ရင် သူ့မှာနေစရာ မရှိတော့ဘူး။ ကျွန်မတို့ နေတဲ့သန္တာစမ်းကလည်း Ever Glades (အဲဗားဂလိပ်စ်)လို့ခေါ်တဲ့ နွံတောကြီးနဲ့တစ် ဆက်တည်းဖြစ်နေတာမို့ သဘာဝအရ တခြားနေရာတွေ ထက် လျှပ်စီးပိုလက်တယ်။ မိုးပို ပြီးခြိမ်းတယ်။ ကျွန်မတစ်သက်နဲ့ တစ်ကိုယ်ဒါလောက် လျှပ်စီး လက် တာမျိုး ကြုံဖူးပါဘူး။ မိုးညိုပြီဟေ့ဆိုရင် လျှပ်စီးလျှပ်နွယ်တွေ တစ်မိုးလုံးအပြည့် အချောင်းလိုက် တဖျိုးဖျိုး တဖျပ်ဖျပ် နေရာမလပ်မြင်တွေ့ရတော့တာပါပဲ။
ပါရှာ ကလည်း ခွေးလည်။ အရေးဆိုဘယ်သူ့ကို အားကိုးရမယ် ဆိုတာသူသိတယ်။ မိုးချုန်း ပြီဆိုတာနဲ့ အိမ်မှာ ယောက်ျား မားမားဖြစ်တဲ့ သားရွှေစင်ရဲ့ ခုတင်ပေါ်ပြေးတတ်တော့ တာပဲ။ သားရင်ခွင် ထဲ ခေါင်းကလေး ပုပြီး အတင်းဝင်တိုးတာ မြင်ရတော့ သူ့ကိုသနားရပြန် ရော။

မနှစ်က ပါရှာလေဖြတ်သွားပါတယ်။ နောက်ခြေထောက်လေး နှစ်ချောင်းကကောင်း ကောင်း မလျှောက်နိုင် ဘဲ တရွတ်ဆွဲနေတာ နဲ့ချက်ချင်း တိရိစ္ဆာန်ဆေးရုံကို ခေါ်သွားပြရ တယ်ပေါ့။ ဆရာဝန်က အကုန် စမ်းသပ်ကြည့်ပြီး အသက်သိပ်ကြီးလို့ဖြစ်တာ ကုလို့ရမှာ မဟုတ်ဘူး။ အကောင်းဆုံး က ဝေဒနာ မခံစား ရအောင် ဆေးထိုးပြီး အိပ်ခိုင်းလိုက်ပါလို့ အကြုံပြုပါတယ်။ ဒီမှာ ခွေးကြောင် တိရိစ္ဆာန်တွေ ရောဂါ ကျွမ်းနေပြီ ဆိုရင် ဆရာဝန်တွေက အများအားဖြင့် Put him to sleepဆိုပြီး ဆေးထိုးပေး မထသော အိပ်ခြင်း နဲ့ အိပ်ခိုင်း လိုက် တော့တာပါပဲ။

အမှန်လည်း အသက်ကတော်တော်ကြီးနေပါပြီ။ ခွေးသက် ၁၃နှစ်ဆိုတော့ လသက်နဲ့ တွက်မက်ဆိုရင် ၇ နဲ့မြှောက် ရမှာကြောင့် အသက်၉၁နှစ် ရှိတဲ့ ခွေးအဘိုးကြီးလို့ ပြောရင် လည်းရတယ်ပေါ့။ သက်ရှိ သတ္တ၀ါ မှန်သမျှ အိုခြင်း၊ နာခြင်း၊ သေခြင်းတရားတွေက ကင်းလွတ် နိုင်ကြတာမဟုတ်လို့ ကျွန်မခွေး ပါ ရှယ်လေး လည်း ဇရာမ္ပိဒုက္ခော ကို လက်တွေ့ ခံစားနေရရှာပါပြီ။ မျက်စိကလည်း ကောင်းကောင်းမမြင်၊ နား ကလည်း ကောင်းကောင်း မကြား။
မီးဖိုထဲ မှာ ကျွန်မက ငရုတ်ဆုံတောင်းနေရင် သူကအိမ်ရှေ့တံခါးလာခေါက်တယ် ထင်ပြီး သွားဟောင်နေ ပါလေရော။ အကြား လွဲရုံမကဘူး။ မျက်စီကလည်း မှုန်၊ ကောင်းကောင် မမြင်တော့ တစ်ခါတစလေ အခန်းထဲ က ထွက်ပေါက်ရှာမရဘဲ ထောင့်တစ်ခုမှာ ကပ်တိုး ရင်းတအီအီ ညည်းပြုနေတတ်ပြန်လို့ သွားဆွဲပြီး ထုတ်ရတဲ့အခါတွေလည်းရှိရဲ့။

အခုလည်း ဆရာဝန်က လက်လျှော့ပြီး ဆေးထိုးအပ်ခိုင်းလိုက်မယ် ဆိုပေမဲ့ သားသမီးတွေ အားလုံးက သူ့ကို ၀ိုင်းချစ်နေကြတာကြောင့် ဘယ်သူကမှ မလုပ်ရက်ကြပါဘူး။ ကျွန်မ ကိုယ်တိုင်ကလည်း လက်မခံနိုင်တာ နဲ့ စောင့်ကြည့်ပါရစေဦး ခွင့်တောင်းပြီး ဆေးရုံကပြန် ခေါ်လာခဲ့ပါတယ်။ အမေရိကန် မိတ်ဆွေတွေကတော့ ကျွန်မကို "မင်းမှားတယ်။ သူဝေဒနာ ခံစားနေရရင် စိတ်ညစ်မှာပေါ့။ ဆရာဝန် ပြောတဲ့ အတိုင်းလုပ်သင့် တယ်"လို့ ၀ိုင်းပြောကြပါတယ်။
ကျွန်မက စိတ်မလျှော့သေးဘူး။ ဘုရားကု ကုကြည့်ဦးမယ်လို့ အားတင်းပြီး သူ့ကိုချော့ မော့ခေါ်ပြီး လမ်းများများလျှောက်ပေး၊ လမ်းလျှောက်ပေးရင်းလည်း သူ့ဖို့ရည်စူးပြီး ဓရဏ ပရိတ်ရွတ်၊ အိမ်မှာလည်း ပရိတ်ခွေ မပြတ်ဖွင့်ထားပြီး တိပ်ရီကောဒါရှေ့မှာ ဘုရားကိုရည် စူးပြီး ရေတော်တစ်ခွက် ကပ်ထား၊ အဲဒီပရိတ်ရေ ကို တိုက်၊ သား ကိုရွှေစင်ကလည်း သုံး နေကျရှန်ပူအစား ဆေးရှန်ပူကိုပြောင်းသုံးဖို့ ၀ယ် လာပေး ပါတယ်။ အားဆေးတွေတို့၊  ညညကျသူ့ခြေထောက်ကလေး နှစ်ချောင်းကို ကျားဘမ်း ပရုတ်ဆီပူပူလေးနဲ့ လိမ်းပေး ရင်းဖြည်းဖြည်းနှိပ်၊ ကျွန်မတို့ သားအမိတစ်တွေ သူ့ကိုပြုစုလိုက် တာ ၀ိုင်းဝိုင်းလည်ပါပဲ။

ကျွန်မတို့ ပြုစုစောင့်ရှောက်ရကျိုးတော့ နပ်ပါရဲ့။ ရတနာသုံးပါး ဂုဏ်ကျေးဇူးနဲ့ ကိုယ်တော် ချောလေးခြေထောက် တဖြည်းဖြည်းထောက်နိုင်လာပြီး လမ်းကောင်းကောင်း လျှောက် သွားနိုင်လေ ရဲ့။ ဒီလိုနဲ့ ဂရုစိုက်စောင့်ရှောက်လာခဲ့တာ တစ်နှစ်ကျော်လောက် ဟုတ်လို့။ စားနိုင် သွားနိုင် ရှိနေရာ က တဖြည်းဖြည်း ချည့်လာပါတော့တယ်။ အသက် ၁၄နှစ်ကျော်လာပြီလေ။
ဆေးရုံခေါ် သွားပြရင်လည်း အပြီးအိပ်ခိုင်းလိုက်မှာစိုးတာနဲ့ အိမ်မှာပဲဂရုစိုက်ပြုစုပေးလာ တာအခုတော့ အိပ်ရာ က လုံးဝမထနိုင်တော့ဘူး။ အစာကိုလည်း ကျွန်မခွံ့ကျွေးမှစားနိုင် တော့တဲ့အခြအနေဖြစ်လာတော့ အိပ်သား တစ်စုလုံး၊ စိတ်ထိခိုက်နာကျင်ရတော့တေယ် ပေါ့။ ခံစားနေရတာကိုလည်း မကြည့်ရက်လို့ သား ကိုရွှေစင် က "မာမီ သားဆေးရုံခေါ်သွား လိုက်တော့မယ်။ ခံစားနေရတာ သနားပါတယ်"နဲ့ စကားဆို လာပါတယ်။

မဖြစ်ပါဘူးသားရယ်။ ငရဲကြီးဦးမယ်နဲ့ ကျွန်မကတားပေါ့။ တစ်ခါသားငယ် အိန္ဒာ ကရောက်လာ တော့လည်းသူ့အစ်ကိုအတိုင်းသား "သားဆေးရုံခေါ်သွားလိုက်တော့မယ်မာမီ"နဲ့ သားနှစ်ယောက် စလုံးက အပေါ့အပါးလည်း ထမသွားနိုင်အောင် အိပ်ရာပေါ်မှာ ဖုတ်လှိုက် ဖုတ်လှိုက် ဖြစ်နေတဲ့ပါရှာ ကိုကြည့်ပြီး တကျီကျီပြောကြပေမဲ့ သူတို့ငရဲကြီးမှာစိုးလို့ ကျွန်မ က ခေါင်းခါမြဲခါနေ ပါတယ်။
သူအာရုံ ခံစားနိုင်လး။ မခံစားနိုင်လားလဲ မသိ။ ဒါပေမဲ့ ဘုရားရှင် လက်ထက်တော်က တရားနာကြားရတဲ့ ဖား သူငယ်လေး နာမလည်ပေမဲ့ တရားအသံရဲ့ သာယာတဲ့အာရုံကို ခံစားရင်း သေသွားတော့ နတ်သားဖြစ်တယ် ဆိုတဲ့အကြောင်းတွေးပြီး ပါရှာ့အနားမှာ ပရိတ်တရာများ မပြတ်ဖွင့် ထားပေးပြီး ကောင်းသော ဘ၀ကူးခြင်း ရရှိပါစေ၊ တိရိစ္ဆာန်ဘ၀ ကလွတ်မြောက်ပါစေဆိုတာလည်း ဆုတောင်းပေးရ ပါသေးတယ်။

ပြောရရင်တော့ ကျွန်မကိုရယ်ချင်စရာများ ဖြစ်မလားမသိ။ ပါရှာအိမ်ကိုရောက်လာ ကတည်းက ကျွန်မနောက် တကောက်ကောက်လိုက်နေတာ။ ကျွန်မမီးဖိုထဲရှိရင် သူလည်း ရှိအိပ်ခန်းထဲလာလည်း သူလည်း ပါ။ ကျွန်မအနားက မခွာ နေတတ်တာမို့ ကျွန်မ ဘုရား ရှိခိုးရင်လည်း သူကအမြဲဘေးမှာ လာဝပ်နေတတ်ပါတယ်။ ကျွန်မ၀တ်ပြုပြီးတာနဲ့ ပါရှာ ရှေ့လက်နှစချောင်းလေးကို ပူးပြီး ဘုရားကို ရှိခိုးပါ၏။ တရား ကိုရှိခိုးပါ၏။ သံဃာတော် အရှင်မြတ်များအား ရှိခိုးပါ၏။ ကျေးဇူးရှင်အပေါင်းကို ရှိခိုးပါ၏နဲ့ ကျွန်မက ရွတ်ပေးပြီး သူ့ကို ဦးသုံးကြိမ်ချစေပြီး နေ့စဉ်ဝတ်မပျက် ရှိခိုးခိုင်းပါတယ်။ ဒီကုသိုလ်တွေလည်း ရရှိပါ စေဆိုတာ လည်း ဆုတောင်းရသေးတယ်လေ။
ဒီလိုနဲ့ ပါရှာရဲ့အခြေအနေက ယိုယွင်းလာတာမြင်ရက်စရာတော်င မရှိတော့ပါဘူး။ စနေ၊ တနင်္ဂနွေ လာကြလေ့ ရှိတဲ့ ကျွန်မသားသမီး မိသားစုတွေ ရောက်လာတော့ ဂယ်ရီ က ပါရှာ့ အခြေအနေကိုကြည့်ပြီး "မာမီ... ဒီကောင် အခြေအနေ သိပ်ဆိုးနေပြီ။ ဆေးရုံကိုကျွန်တော် ယူ သွားမှဖြစ်မယ်"တဲ့။ အားလုံးက ကျွန်မ ငြင်းဦးမလား လို့ ၀ိုင်းအကဲခတ်နေကြပါတယ်။

ပါရှာ့ခေါင်းလေးပေါ် ကျွန်မလက်နှစ်ဖက်တင်ပြီး "တိရစ္ဆာန်ဘ၀က ကျွတ်လွတ်ပါစေ၊ ကောင်းရာ ဘုံဘ၀ ရောက်ရှိပါစေ"လို့ ဆုတောင်းပေးပြီး သူရဲ့ရှေ့လက်နှစ်ဖက် ပူးပြီး "ဘုရား၊ တရား၊ သံဃာရတနာ သုံးပါးကို နောက်ဆုံးအကြိမ် ပူဇော်ကန်တော့ပါ၏"လို့ဦးသုံးကြိမ် ချပေးရင်း မျက်ရည်ဖြိုင်ဖြိုင်ကျတော့ တာပဲ။ ပြီးတာနဲ့ ဂယ်ရီ့လက် ကို စောင်ပါးလေးနဲ့ ထုတ်ပြီး ပေးအပ်လိုက် ပါတယ်။
ဂယ်ရီကျောခိုင်း ထွက်သွားတာနဲ့ မိသားစုတစ်စုံတစ်ယောက် သေဆုံးသွားသလို ကျွန်မ သားသမီး အားလုံး ချုံးပွဲချငိုကြပါလေရော။ ကျွန်မလည်း သူတို့နဲ့အတူ ရောငိုပေါ့။ သံယောဇဉ်တွယ်ပြီ ဆိုရင် စွန့်လွတ်နိုင်ဖို့ တော်တော်ခက်ခဲလှပါတယ်။ တစ်နာရီလောက်ကြာတော့ ဂယ်ရီ ပြန်ရောက်လာပြီး သူလည်းစကားတစ်ခွန်းမှ မဆိုနိုင်ဘဲ ကျွန်မလက်ထဲပစ္စည်းတစ်ခု လာထည့်လေရဲ့။ ပါရှာ့ရဲ့ နာမည်၊ လိပ်စာနေရပ် ပါ ရေးထွင်းထားတဲ့ မှတ်ပုံတင် သတ္တုဆွဲပြားလေးနဲ့အတူ သူ ဆွဲထားတဲ့ သူ့ရဲ့ လည်ပတ် ကလေးပါပဲ။

ကျွန်မရင်မှာ ထိခိုက်နာကျင်မှုနဲ့အတူ မျက်ရည်တွေ သွန်ကျလာပါတော့တယ်။ သံသရာအတွက် ဘ၀ တစ်ခုတော့ ပြီးဆုံးသွားပြန်လေပြီ။ ရေစက်ရှိခဲ့လို့ ကျွန်မတို့မိသားစုထဲရောက်ရှိလာပြီး အားလုံး ကြည်နူးပျော်ရွှင်မှု ပေးခဲ့တဲ့ ပေးခဲ့တဲ့ သူနဲ့ပတ်သက်တဲ့ အဖြစ်အပျက် ကလေး တွေ က တော့မိသားစု အားလုံး ရဲ့ နှလုံးသားထဲမှာ ထာဝရရှင်သန်နေဦးမှာပဲလေ။
ဂယ်ရီက ပြန်ခါနီး မှာ ကျွန်မကို ဖက်ပြီးစိတ်ဖြေဖို့ နှစ်သိမ့်အားပေးပါတယ်။ သမီးကေသီကတော့ မကျေမနပ် နဲ့ စကားတစ်ခွန်း ဆိုလေရဲ့။
"မာမီ က မတရားဘူး။ သူ့သားတွေကျတော့ ငရဲကြီးမှာစိုးလို့ ပါရှာ့ကို ဆေးရုံမပို့စေရဘူးတဲ့။ သမီးယောက်ျား ကျတော့ ဆေး၇ုံ ခေါ်သွား မယ်ဆိုတာ မငြင်းဘူး"တဲ့။
"သြော်...သမီးရယ်၊ ဂယ်ရီက ဆရာဝန်၊ အသက်ပေါင်းများစွာကို ကယ်ထားတဲ့ကုသိုလ်တရားတွေ ရှိ တယ်လေ။ အခုထည့်လိုက်ရတာလည်း မမြင်ရက်စရာ နောက်ဆုံးအခြေအနေ ရောက်နေပြီမို့ သက်သောင့် သက်သာ ရှိပါစေ စေတနာနဲ့ ခေါင်းညိတ်လိုက်တာပါ"လို့ ရှင်းပြရပါသေးတယ်။ ဟုတ် လည်းဟုတ်ပါရဲ့။ ကျွန်မကလည်း သမီးပြောချင်စရာ မမျှမတဖြစ်သွားတာ မဟုတ်လားနော်။

ပါရှာ ဆုံးသွားလို့ ရင်ထဲမှာ ဟာကျန်ခဲ့ဆဲပဲ ရှိသေးတယ်။ နောက်ထပ် ပြဿနာ တစ်ခု က ပေါ်လာ ပြန် ပါရော။ တစ်နေ့မှာ အေးကြည်မရဲ့ သမီးလွင်လွင်ဆီက စာတစ်စောင်ရောက် လာပါတယ်။ "အမေ့မွေးစား သမီး ယောက်ျားနဲ့ကွဲပြီး ကိုယ်ဝန်ကြီးနဲ့ အိမ်ပြန်ရောက်လာတယ်" တဲ့။ အဲဒီစာ ရပြီး ကတည်း ကအေးကြည်မ မျက်နှာ မကြည်မလင် ဖြစ်တော့တာပဲ။ "မာမီ ကျွန်မ ပြန်ဦးမှ ဖြစ်မယ် ထင်တယ်"တဲ့။ မလာခင်တုန်း က နီးတဲ့ခရီး မဟုတ်လို့ နှစ်နှစ်လောက် နေနိုင်မှ စိတ်ဆုံးဖြတ်ပြီး လာခဲ့ဖို့ အတန်တန် သေချာအောင် ပြောထားခဲ့တာတော့ ဟုတ်ပါရဲ့။ ဒါပေမဲ့ မိသားစု အရေးဆို တော့ကျွန်မ မတားရက် ပါဘူး။ ပြန်လာဖို့ စီစဉ်ပေးမယ်ဆိုတာ မြန်မာပြည်ကို အကြောင်းပြန်လိုက် ပါတယ်။ သားရော သမီးကပါ "အမေ ပြန်ခဲ့ဖို့ မလိုဘူး"နဲ့ စာအတန်တန် ရေးကြပေမဲ့ အေးကြည် မဘ၀င်ကျပုံမရပါဘူး။

အစကတည်းက စေတနာနဲ့ လာကူပေးတာဖြစ်လို့ သူ့စိတ်ဆန္ဒအတိုင်း ဖြစ်ရအောင် တစ်လ အတွင်း ပြန်ဖို့ စီစဉ်ပေးလိုက်ပါတယ်။ ပြန်ရမယ်ဆိုတော့လည်း မျက်ရည်လည်ရွဲနဲ့ သူ့မှာ နှစ် အိမ်ထောင်ကြား ဗျာများနေလေရဲ့။ ဒီလိုနဲ့ မြန်မာပြည် ပြန်ရောက်သွားပါလေရော။
နောက်ပြီး နှစ်ပတ်လာက်ရှိတော့ တစ်ရက်တည်း ကျွန်မဆီ စာ ၆စောင်ရောက်လာပါတယ်။ အားလုံး အေးကြည်မ ဆီက ချည်းပါပဲ။ လက်ရေးအမျိုးစုံနဲ့ ရောက်လာတဲ့ စာတွေ က မြေးတွေ ကို ရေးခိုင်းတာရော၊ သားကိုရေးခိုင်းတာရော၊ ချွေးမရေးပေးတာရော စုံလို့။ အကြောင်းအရာ က တစ်ခု တည်းပါပဲ။ သူအမေရိကားကို ပြန်လာချင် လို့ ခေါ်စာကို အမြန်ဆုံးပို့ပါတဲ့။
ကျွန်မသမီး ကေသီကန်တော့လိုက်တဲ့ ငွေတွေ အားလုံးကိုလည်း သူတစ်ပြားတစ်ချပ်မှ မသုံးဘဲ မင်းကွန်းတောင်ရိုး က ဆရာတော်ဦးဝိစိတ္တ ကျောင်းကို သမီးကေသီတို့ မိသားစုနာမည်နဲ့ အလှူ ဖြတ်ပိုင်း လည်း စာနဲ့အတူ ပူးတွဲထည့်ပေးလိုက်ပါသေးတယ်။ ဒီတစ်ခါပြန်လာရင် သူ့စရိတ် နဲ့သူ လေယာဉ် လက်မှတ် ကအစ အားလုံးကျခံပြီး လာခဲ့မှာတဲ့လေ။

အေးကြည်မအဖြစ်က ရယ်လည်း ရယ်ရပါတယ်။ သူ့သမီးလွင်လွင် ရေးလာတဲ့စာထဲမှာ "မာမီ၊ အမေ့ကို အမြန်ပြန်ခေါ်ပါတဲ့။ တစ်သက်လုံး နေလာတဲ့ မန္တလေးမှာ အခုမှ ခြင်ကိုက်တယ်၊ ဖုန်ထူ တယ်၊ အိုက်တယ် လို့ ညည်းညူနေပြီး နေမ၀င်ခင် ခြင်ထောင်ထဲရောက်နေပြီတဲ့။ ကျွန်မတို့ကို လည်းညည်းတို့ ငါ့ ကိုမြန်မြန်သေအောင် သတ်နေတာလား။ ဟင်းချက်တာ ဆီတွေ များလို့တဲ့။ အမေရိကားမှာ ဘယ်သူမှ ဆီမစားဘူး။ ကျန်းမာအောင် အဆီတွေရှောင်ရမယ်တဲ့။ စေတနာနဲ့ ဆီပြန်ဟင်း ချက်ကျွေးမိတဲ့ ကျွန်မတို့ကို လည်း အဆူခံရသေးတယ် မာမီရယ်"တဲ့။

သူ့စာဖတ်ပြီး ကျွန်မမှာ ပြုံးလည်းပြုံးရ၊ စိတ်လည်းညစ်ရ၊ အမေရိကားနဲ့ မြန်မာပြည်ကို အေးကြည်မ စိတ်ထဲ မှာ စိတ်လိုတိုင်း ကောက်သွားလို့ရတဲ့ ပဲခူးနဲ့ရန်ကုန်လို့များ ထင်မှတ်နေလေ သလားမသိ။ စပွန်ဆာ တစ်ခု လုပ်ဖို့ စာရွက်စာတမ်း များစွာ၊ အာမခံအထောက်အထား များစွာ အတွက်ငွေကုန် အချိန်ကုန် အလုပ်ရှုပ်ရတဲ့ ဒုက္ခတွေ သူနားလည်အောင် ပြောပြဖို့ကလည်းအခက်။
ဒီနှစ်ထဲမှာတော့ ကျွန်မတို့ မိသားစုအတွက် အဆိုး အကောင်း၊ အပြောင်းအလဲတွေက တစ်ခုပြီး တစ်ခုပါပဲ။ အမေရိကားကိုရောက်လာပြီး မိသားစုစုံစုံလင်လင်နဲ့ တသိုက်တ၀န်းတစ်ခုတစည်း ရှိနေရာက အချိန်တန် အရွယ်ရောက်ကြတော့ ကိုယ့်ဘ၀ကိုယ် ကျောင်းဖို့အတွက် သိုက်မြုံက တစ်ယေက်ပြီး တစ်ယောက် ခွဲခွာသွားကြတာ သားအမိသုံးယောက်ပဲ ကျန်တော့တာနော်။ အိမ်ကို အမြဲတမ်း လုံခြုံမှု ကာကွယ်ပေး တဲ့ ခွေးကလေးပါရှာ အဖော်လည်း အခုအပြီးတိုင် ခွဲခွာသွားရပြီ။ အားကိုးအားထားရာ ယောက်ျားမားမား သားရွှေစင် တစ်ယောက်တည်း ရှိတာကလည်း အလုပ်တာ ၀န်အရအမေရိကန်ပြည်ထောင်စုတစ်ခုလုံးကို အခါမခပ် ခရီးထွက်နေရတာမို့ အိမ်မှာ ရှိတဲ့ရက်က ခပ်နည်းနည်း။

ဒီအထဲမှာ သားလျှောက်ထားဖူးတဲ့ အလုပ်တစ်ခုက အင်တာဗျူးတွေ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ထားပြီး လပေါင်းများ စွာ ကြာကာမှ သားကိုရွေးချယ်ကြောင်း အကြောင်းပြန်စာရောက်ရှိလာပါ တယ်။ အရေးပါတဲ့ ဌာနဖြစ်လို့ လုံခြုံရေးအတွက် ကိုယ်ရေးရာဇ၀င်စစ်တမ်းရယူရတာ မြန်မာပြည် အထိအောင် ဆက်သွယ်ရတာကြောင့် ခုလောက်ကြန့်ကြာသွားတာ စာရမှ ကျွန်မတို့လည်း နားလည်ရ၊ သဘောပေါက် ရတော့တယ်ပေါ့။ သားအတွက် ရှေ့ရေးအလားအလာ ကောင်းတဲ့ ရနိုင် ခဲမျှအလုပ်တစ်ခုမို့ တစ်နိုင်ငံလုံး က လျှောက်တာလူပေါင်း ထောင်သောင်းထဲက ရွေးချယ်ခြင်းခံရ အောင်အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့တဲ့ သား အတွက် မိသားစုအားလုံး ၀မ်းသာဂုဏ်ယူမဆုံးပါပဲ။
ကျွန်မ သားကိုရွှေစင် က စွန့်စားလိုစိတ်လည်း ရှိတယ်။ အရာရာကို စူးစမ်းလေ့လာလိုစိတ် ရှိတဲ့ အပြင် ခရီးသွားရတာ ကိုလည်း ၀ါသနာပါတော့ အခုရတဲ့ ကမ္ဘာအရပ်ရပ်၊ နိုင်ငံတကာကို ခြေဆန့် ရမယ့် Foreign Service နဲ့ အံကိုက်အဆင်ပြေသွားလေတယ်ပေါ့။ သူပထမဆုံး တာဝန်ပေးခံရတဲ့ တိုင်းပြည် ကလည်း ပြင်သစ်နိုင်ငံ မို့ ပါရီမြို့ကို သွားရမှာပါ။

တာဝန်ယူရတဲ့ အလုပ်သဘောတွေအပြင် ရောက်ရှိရာနိုင်ငံရဲ့ ဘာသာစကား တတ်ကျွမ်းဖို့လည်း လိုအပ်သေးတာတဲ့။ ယဉ်ကျေးမှုကအစ အလေ့အထတွေ အားလုံးကို နားလည်ဖို့ ၀ါရှင်တန်ရှိ ဌာနချုပ်မှာ သတင်းပို့ပြီး တာနဲ့ အဲဒီသင်တန်းတွေကို တက်ရမှာဖြစ်လို့ သွားရဖို့ရက်အမီ ပြင်ဆင် ရပါလေရော။
လက်ရှိ အလုပ်က ထွက်ဖို့ ကြိုတင်အကြောင်းကြားရတာကြောင့် တစ်ဖက်မှာလည်း အလုပ်အလွှဲ အပြောင်း လုပ်ရတာတွေနဲ့ သားခမျာ ပတ်ချာလည်နေပါတယ်။ ကျွန်မတို့အိမ်မှာ ဖြစ်ပျက်နေတဲ့ အပြောင်းအလဲတွေ ကြားထဲမှာ ပဲ နောက်ထပ်ကြီးကျယ်တဲ့ ဆုံးဖြတ်မှုတစ်ခုလုပ်ဖို့ အကြောင်းတစ် ခုကပေါ်လာပြန်ပါတယ်။
တစ်နေ့မှာ ရှီကာဂိုက သားကြီးခင်မောင်ဝင်းခန့်က ဖုန်းဆက်လာပါရော။ သူလက်ရှိတာဝန်ယူ လုပ်ကိုင်နေ တဲ့ ကုမ္ပဏီက တစ်တိုင်းပြည်လုံး စီးပွားရေးကပ်ဆိုက်နေတဲ့အထဲက ရုန်းမထွက်နိုင် ဘဲကျဆုံး သွား တာကြောင့် လုပ်သားပေါင်းများစွာ လျှော့ လိုက်ရတဲ့အပြင် ရှီကာဂိုမှာ ဆက်လက် ရည်တည်ဖို့ မဖြစ်နိုင်တော့ တာကြောင့် စက်ရုံကို တခြားပြည်နယ် ပြောင်းဖို့ တာဝန်ရှိလူကြီးတွေ ကဆုံးဖြတ်ကြ တယ်တဲ့။

"ဒါဖြင့် သားတို့ဘယ်လိုလုပ်မလဲ။ ကုမ္ပဏီနဲ့အတူ လိုက်ပြောင်းရမှာလား"လို့ ပူပူပင်ပင်ပြန်မေး မိပါတယ်။
ဒီတော့ မှ သားက အေးအေးဆေးဆေး ရှင်းပြလေရဲ့။ အကျပ်အတည်းကြုံလာရင် လွတ်မြောက်ဖို့ လမ်စ ရှာရမှာပဲ။ ဒါဟာ ကိုယ့်ရဲ့အရည်အသွေးကို စိန်ခေါ်ခြင်းဖြစ်လို့ သူ့အနေနဲ့ စွန့်စားကြည့် ပြီး ဒီအခွင့်ကောင်းကို ယူလိုက်ချင်တယ်။ မာမီဘယ်လို သဘောရလဲလို့ ကျွန်မရဲ့သဘောထားကို မေးပါတယ်။ ကျွန်မငယ်ငယ် ကလည်း ခပ်မိုက်မိုက်၊ သတ္တိရှိရှိနဲ့ အခါအခွင့်ကောင်းလာရင် ရအောင်ယူခဲ့ လို့ အောင်မြင်ရတာတွေ ရှိတာမို့ သားရဲ့ဆန္ဒကို ရာခိုင်နှုန်းပြည့် ထောက်ခံလိုက်ပါ တယ်။ အခါအခွင့် ဆိုတာ ကြုံကြိုက်တုန်း အမိဖမ်းနိုင်ပါမှ၊ အမြဲတမ်းကိုယ့်ရှေ့ ရောက်လာတတ်တာ မဟုတ်ဘူးနော်။

အကျပ်အတည်း ကြုံတဲ့အခါ စိတ်ဓာတ်မကျဖို့တော့ အရေးကြီးပါတယ်။ အကျပ်အတည်းက တစ်ဆစ်ချိုး လမ်းတွေပါပဲ။ အပေါ်လည်းရောက်နိုင်တယ်။ အောက်လည်းကျနိုင်တယ်။ ရှေ့လည်း တိုးနိုင်တယ်။ ကိုယ့် ဆုံးဖြတ်ချက်ပေါ် မူတည်တယ်ပေါ့။ အကျပ်အတည်းဆိုတာ တကယ့်လောကဓံ နဲ့နပန်းလုံးရခြင်း၊ မျက်နှာချင်း ရင်ဆိုင်လိုက်ရခြင်း မို့ ကိုယ့်ရဲ့အရည်အသွေး အစစ်ဆေးခံပွဲလို့ ပြောရင်လည်း ရပါတယ်။ ဒါကို ရအောင် ကျော်လွှားနိုင်ရင် ပိုပြီးစိတ်ဓာတ်ရင့်ကျက် ခိုင်မာမှု ရလာ နိုင်တာမို့ သတ္တိရှိရှိ နဲ့ ရင်ဆိုင်ရမဲ့ ပွဲကြီးပွဲကောင်း မျိုးပါပဲ။

သားလည်း ကုမ္ပဏီကို သန်းနဲ့ချီပေးပြီး ၀ယ်ယူရမှာမို့ တာဝန်ကြီးလေတယ်ပေါ့။ သူ့မှာ ရှိရှိသမျှ စုဆောင်းထား တဲ့ ငွေကြေးအပြင် လက်ရှိအိမ်ကိုပါ ထည့်ပြီး အရင်းအနှီးပြုရမှာပါ။ တစ်ခုခု တိမ်း ချော် သွားရင် သားတို့နေစရာအိမ်ထောင် ကျန်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ရရှိလိုက်တဲ့ တန်ဖိုးမဖြတ် နိုင်တဲ့ အတွေ့အကြုံ နဲ့ ကိုယ့်မှာ ရှိထားပြီးသားပညာကို အထောက်အကူပြုပြီး ဘ၀ကို ပြန်စနိုင် သေးတာမို့ စွန့်စား ရကျိုးတော့ နပ်ပါတယ်လေ။
နိုင်ငံတော် အစိုးရကလည်း စီးပွားရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေကို အလေးပေးအထောက်အကူပြု ပါတယ်။ စက်ရုံတစ်ခု ပျက်သွားရင် အလုပ်လက်မဲ့များမယ်။ မှီခိုသူတွေဒုက္ခရောက်မယ်။ အူမ မတောင့်ရင် သီလ မစောင့်နိုင်ဘဲ မှုခင်းတွေများမယ်။ အားလုံးက ကွင်းဆက်တွေကို ဖြစ်နေတာ ကြောင့် စက်ရုံ တစ်ခု ဖြစ်တည်ရေးကူညီဖို့ ၀န်မလေးပါဘူး။ ဒါကြောင့် သားတို့လိုအပ်တဲ့ ငွေသန်း ပေါင်းများစွာကို ဆယ်နှစ် ဆပ်အနေနဲ့ အတိုးသက်သာစွာ ချေးပေးတဲ့အပြင် အခုလို စီးပွားရေး ကပ်အတွင်းမှာ သတ္တိရှိရှိ၊ လုပ်ငန်း တစ်ခု ထူထောင်မဲ့သားကို ပြည်နယ်ဘုရင်ခံ ကိုယ်တိုင်က ချီးကျူး ဂုဏ်ပြုပေးလိုက်ပါသေးတယ်။

ဒီနှစ်ကတော့ သားနှစ်ယောက်အတွက် မိခင်ဖြစ်တဲ့ ကျွန်မဂုဏ်တက်ရတဲ့နှစ်လို့ ဆိုရမယ်ထင်ပါ ရဲ့။ ဘ၀မှာ မထင်မှတ်တဲ့ အပြောင်းအလဲတွေက များစွာပါပဲနော်။ သားရွှေစင်ကသူ သွားရတော့ မယ်ဆိုတော့ ကျွန်မကို ထားခဲ့ရမှာ စိတ်မချလေဘူး။ သမီးသူဇာကလည်း အလုပ်နဲ့ နီးရာမှာ ပြောင်းနေဖို့ အိမ်က ရထားပြီးသား။ ကျွန်မအဖော်မရှိမှာစိုးလို့သာ မပြောင်းသေးဘဲ စောင့်နေပေး တာပါ။
"မာမီအိမ်ကြီး တစ်လုံးနဲ့ တစ်ယောက်တည်းနေလို့မဖြစ်ဘူး"ဆိုပြီး မောင်နှမအားလုံးကို ကျွန်မ မသိအောင် သားက သူမသွားခင်မှာ ကွန်ဖရင့်ခေါ်ပြီး ဆွေးနွေးကြလေရဲ့။ တစ်ယောက်တစ်မျိုး ထွက်လာတဲ့ အသံတွေက အစုံပါပဲ။ နောက်ဆုံးတော့ ကာယကံရှင်ကျွန်မရဲ့ဆန္ဒကို မေးဖို့ ဆုံးဖြတ် ကြတယ်တဲ့လေ။ သားသမီးတွေ ထဲက ကျွန်မနေလိုသူတစ်ယောက်ယောက်နဲ့ အမြဲအတူသွားနေမ လား၊ ဒါမှမဟုတ် မျှမျှ တတဖြစ်အောင် သားသမီးတွေ အားလုံးဆီမှာ တစ်လှည့်စီနေမလားလို့ ကျွန်မရဲ့ ဆန္ဒကို မေးပါတယ်။

"ဟင့်အင်း... ဘယ်သူ့ကိုမှ တာဝန်မပိစေချင်ဘူး။ ကိုယ့်ဟာကိုယ်ပဲ နေချင်တယ်"လို့ ကျွန်မဖြေ လိုက်ပါ တယ်။
"ဒါဆိုရင်တော့ ရပ်ကွက်ထဲက အိမ်မှာနေလို့ စိတ်ချရမှာ မဟုတ်ဘူး။ အစောင့်အရှောက် ရှိတဲ့ နေရာမျိုး မှ ဖြစ်မှာ"တဲ့လေ။
ဒီတိုင်းပြည်မှာ မိန်းမသားတွေကလည်း ယောက်ျားတွေနဲ့တန်းတူ ပညာသင်၊ လုပ်ငန်းခွင်မှာလည်း ခွဲခြားမှုမရှိဘဲ ပခုံးချင်းယှဉ်ပြီး ၀င်ငွေရှာ ရပ်တည်နိုင်ကြတာဖြစ်လို့ ကိုယ့်အားကိုယ်ကိုး၊ ကိုယ်ထူ ကိုယ် ထနေကြသူတွေ အများအပြားရှိပါတယ်။ ငယ်ရွယ်သူ တစ်ကိုယ်ရေ သမားများရော ကျွန်မ လိုသားသမီး ကို တာဝန်မပိစေချင်သူ သက်ကြီးရွယ်အိုတွေလည်း ရှိကြတာမို့ အဲလို လူလွတ်တွေ အတွက်လုံခြုံမှုအပြည့်အ၀ စီစဉ်ထား တဲ့ စုပေါင်းအိမ်ရာတွေ ရှိသလို ငွေကြေးတတ်နိုင်သူ မိသား စုများအတွက်လည်း သီးခြားမြို့သေးသေးလေး တည်ပြီး ကိုယ်ပိုင်အစောင့်အရှောက်၊ ကိုယ်ပိုင် မြို့တော်ဝန်၊ ကိုယ်ပိုင်ရဲများနဲ့ ကိုယ်ပိုင်အိမ် မှာ လုံခြုံအေးချမ်းစွာ နေကြတာတွေလည်း ရှိပါ တယ်။

ကျွန်မအတွက် ကံကောင်းချက်ကတော့ သမီးကေသီအိမ်ထောင်မကျခင်က သူတစ်ယောက်တည်း တစ်ကိုယ်ရေ မို့ အစောင့်အရှောက် အခိုင်အလုံပါတဲ့ Bay Colony ဆိုတဲ့ ပင်လယ်ကမ်းခြေ အနီး က နေရာလေးမှာ အိမ်ခန်းတစ်ခု ၀ယ်ပြီးနေပါတယ်။ လက်ထပ်ပြီး ပြောင်း သွားတော့ ပြန်မရောင်း တော့ဘဲ ကျွန်မအသက်ကြီး တဲ့အခါ ငြိမ်းငြိမ်း ချမ်းချမ်း နေလိုတဲ့ အခါ နေရအောင်ဆိုတဲ့ ရည်ရွယ် ချက်နဲ့ ဒီစပ်ကြားမှာ အိမ်ငှားတင်ထားခဲ့တယ်ပေါ့။
အခု ကျွန်မတစ်ယောက်တည်းနေလိုတယ်ဆိုတာနဲ့ တခြားမှာရှာစရာမလိုဘဲ သမီးကေသီက သူရဲ့အိမ်ငှားတွေ ကို နို့တစ်ပေးပြီး ဖယ်ခိုင်းပေးဖို့ စီစဉ်မယ်လို့ ဆိုလာပါတယ်။ သမီးကေသီက နေဖို့ အိမ်ပေးရင် သားကစောင့်ရှောက်ခ Maintenance ကျသင့်တာကို သူတာဝန်ယူမယ်လို့ ဆိုပါရော။

လုံခြုံအေးချမ်းစွာ နေရတယ်ဆိုပေမဲ့ အရာခပ်သိမ်းမှာ တန်ဖိုးဈေးနှုန်းက ကပ်ထားပြီသားလို တစ်ခါတည်း ပါပြီးသား ပါပဲ။ ၀ယ်ထားတဲ့ အိမ်ခန်းအတွက်က တခြား၊ Bay Colonyဂိတ်ဝမှာ လူအ ၀င်အထွက်စစ်ဆေးပြီး ကာယကံရှင် က ခွင့်ပြုတယ်ဆိုမှာ ပေးဝင်ခွင့်ပေးတာမျိုး အစောင့်အရှောက် အပြင် ၂၄နာရီ ကင်းလှည့်တဲ့ ရဲကားကလည်းရှိပြီးသား။ ၀ိုင်းထဲမှာတင် Club Houseကလေးခု။ ရေကူးကန်က လေးခု၊ တင်းနစ်ကုတ် က လေးခု ရှိထားတာမို့ ၀ါသနာပါရာ လုပ်စရာတွေ အများ အပြားရှိပါသေးတယ်။ စာကြည့်တိုက်နဲ့ ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်စရာ အခန်းလည်း သုံးနိုင် ပါတယ်။

Club House မှာအခါအလိုက် ကပွဲတွေ၊ ဘရစ်ခ်ျကစားတာတွေနဲ့ စည်စည်ကားကားပါပဲ။ ၀ိုင်း အပြင် မထွက်ဘဲနဲ့ ကိုယ်လိုရာ လုပ်စရာတွေအများအပြား ရှိလို့လည်း အဆင်ပြေလေတယ်ပေါ့။ တစ်ဝိုင်းလုံးကို ပန်းပင်တွေ လှလှပပ စနစ်တကျ စိုက်ပျိုးထားတာမို့ အုပ်ချုပ်ရေးရုံးခန်းအပြင် စောင့်ရှောက်ရေး လုပ်သားတွေကလည်း အချိန်ပြည့် လှပသန့်ရှင်းရေး ဂရုစိုက်ထားတာကြောင့် အသုံးချစရာ အားလုံးအတွက် စောင့်ရှောက်ရေး အဖိုးအခကလည်း လစဉ် သီးခြားပေး၇တာ တနင့် တပိုးပါပဲ။

အမေက သီးသီးခြားခြားနေလိုတယ်ဆိုတာနဲ့ ဒီလို လှပထည်ဝါ လုံခြုံမှုပါတဲ့နေရာကောင်းတစ်ခု မှာတင့်တင့်တယ်တယ် ထားပေးမယ်ဆိုတဲ့ သမီးနဲ့ သားရဲ့စေတနာကို သိနားလည်ရတော့ ရင်မှာ ကြည်နူးမှုနဲ့ အတူ ကျေးဇူးတင်ရှိမဆုံးလည်း ဖြစ်ရပါတယ်။ ဒီလိုနဲ့ နေရေးထိုင်ရေးတွေ အသေအ ချာလျာ ထားစီစဉ်ပြီးတော့ သားသမီးတွေလည်း အမေ့အတွက် စိတ်လက်ပေါ့ပါးသွားကြလေ တယ်ထင်ပါရဲ့။

လက်ရှိအိမ် ကို ရောင်းချဖို့ နောက်တစ်ဆင့် စဉ်းစားရပြန်ပါရော။ ဒါကတော့ အချိန်ယူပြီး စဉ်းစားရမဲ့ကိစ္စပါ။ သား ကလည်း သွားရခါနီပြီမို့ အိမ်ဆေးသုတ်တဲ့ ကိစ္စကအစ သူနိုင်သလောက် တွေကို စီစဉ်ခန့်ခွဲနေ လိုက်သေးတယ်။ ကျွန်မကတော့ မထင်မှတ်ဘဲ ဆက်တိုက်ကြီး ဖြစ်လာတဲ့ အပြောင်းအလဲတွေကို ခံနိုင်ရည် ရှိစွာ ရင်ဆိုင်နိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် မနည်းကြီး ကြိုးစားပြင် ဆင်နေရတယ် ဆိုပါတော့။ ဒီရက်ထဲမှာ သူ့မောင်လေး ၀ါရှင်တန်သွားရတော့မယ် ဆိုတာနဲ့ သမီးယမင်းက ကာလီဖိုးနီးယား ကနေ ရောက် လာပါတယ်။ ပစ္စည်းတွေ သိမ်းနေရပြီဖြစ်တဲ့ သားရဲ့မျက်နှာကလေးက ညိုလို့။ ကျွန်မလည်း ကိုယ့်အခန်း ထဲမှာ ကျိတ်ပြီး သားမမြင်အောင် မျက်ရည်ကျပေါ့။ သားတကယ်ထွက်ခွာသွားရတဲ့ နေ့ကတော့ ကျွန်မနဲ့ အတူ ညီအစ်ကို မောင်နှ မအားလုံး လေယာဉ်ကွင်းမှာ ဘယ်သူမှ စိတ်ကိုတင်းမထားနိုင်ကြဘဲ ငိုပွဲကြီးဖြစ်တော့တာပဲ။

ဘ၀မှာ မိသားစုအတူနေကြရတဲ့ အချိန်က တန်ဖိုးအရှိဆုံးပါပဲ။ ငယ်ရွယ်စဉ်မှာသာ ကိုယ့်မျက်စိ အောက်မှာ ထားနိုင်တာနော်။ အရွယ်ရောက်လာရင် သူ့ဘ၀သူ လျှောက်ကြရတော့မှာလေ။ သူတို့ ဘ၀ ရဲ့အောင်မြင်ရေး၊ တိုးတက်ရေး၊ ကြီးပွားရေးအတွက် ဖြစ်လို့ ဘယ်လောက်ပဲဖြစ်ဖြစ် မတားသာဘဲ စွန့်လွှတ်နိုင် ဖို့ ကြိုးစားရတာ မိခင်ဘ၀မှာ အခက်ခဲဆုံးအရာပဲ ဖြစ်မယ်ထင်ပါရဲ့။
သား မရှိတော့ဘဲ အိမ်မှာ ကျွန်မတို့သားအမိနှစ်ယောက်တည်း ခြောက်ကပ်လို့ ဟာလာ ဟင်းလင်း ဖြစ်နေတဲ့သားအခန်းကို လှမ်းမြင်ရတိုင်း ကျွန်မရင်မှာလည်း နာကျင်လို့ မနေတတ် မထိုင် တတ် ဖြစ်နေတဲ့ ရက်တွေကို အလုပ်နဲ့ ကြိုးစားပြီး ဖြေဖျောက်နိုင်အောင် အစားထိုးရပါတယ်၊ ဒီလိုနဲ့ သားသွားပြီး လို့ တစ်ပတ်လောက်ပဲရှိသေးတဲ့ တစ်မနက်မှာ မြန်မာပြည်က ဦးမြလှိုင်ရဲ့ တူမလေး အေးအေးသန်း ဖုန်း ဆက်လာပါတယ်။ ဦးမြလှိုင် လည်ပင်းမှာအကျိတ်ကလေးတစ်ခု တွေ့လို့ ဆရာဝန်ပြတော့ ဓာတ်ခွဲ စမ်းသပ်ဖို့ လိုတာကြောင့် ဆေးရုံတင်လိုက်ရတယ်တဲ့။

ကျွန်မရင်ထဲမှာ မကောင်းလိုက်တာ။ ဒီသတင်းကို သားကိုဘယ်လို ပြောရမယ်မှန်းမသိဘူး။ ပြီးခဲ့ တဲ့နှစ်လလောက် တုန်းက ဦးမြလှိုင် နေမကောင်းဘူး၊ အစာကောင်းကောင်းမစားနိုင်ဘဲ အားသိပ် ပြီးနည်းနေ တယ် ဆိုတာနဲ့ သားကချက်ချင်း အားဆွေးတွေဝယ်ပို့၊ အာဟာရဖြစ်အောင် ကြက်ဆီ တွေ ၀ယ်ပို့နဲ့ ထထသွားသွားလုပ်နိုင်လာပြီဆိုတော့ သူ့အဖေနဲ့ ဖုန်းပြောသံ ကြားရသေးတယ်။
"ဖေဖေဘာမှ မစဉ်းစားနဲ့။ နေကောင်းဖို့ အရေးကြီးတယ်။ ဖေဖေလိုတာမှန်သမျှ သားလုပ်ပးမယ် ဘာမှမပူနဲ့"တဲ့။
အဖေနေကောင်းအောင် တာဝန်ယူချင်တဲ့သား၊ အခုသူကိုယ်တိုင် အလုပ်တာဝန်သစ်ကို ယူထားခါစ ဖြစ်လို့ ကျွန်မပြောမထွက် ဘဲ ဘာလုပ်ရမလဲ ဆိုတာစဉ်းစားနေဆဲ။ နောက်သုံးလေး ရက်မှာအေးအေးသန်းဆီက ဖုန်း တစ်ခု ထပ်ဝင်လာပြန်ရော။
"ဦးလေးမောင် က ဆေးရုံမှာ မနေချင်ဘူးဆိုပြီး ပြန်ဆင်းလာတယ်။ ဆရာဝန်က အဆုတ်ကင်ဆာ လို့ပြောတယ်" တဲ့။

အကျိုးအကြောင်း မသေချာသေးတာနဲ့ စောင့်နေခဲ့တာ။ အခု ရေရေရာရာသိရပြီဆိုတော့ သားကို အသိပေး ဖို့ လိုအပ်ပြီလို့ ဆုံးဖြတ်ပြီး ပြောပြလိုက်ပါတယ်။ "သား ဘာလုပ်ချင်လဲပြော၊ မာမီအ ကုန် စီစဉ်ပေးမယ်"ဆိုတာလည်း သားစိတ်သက်သာအောင် ပြောပြအားပေးလိုက်ပါတယ်။
သားတော်တော်စိတ်ထိခိုက်သွားပုံရပါတယ်။ ခဏကြာတိတ်ဆိတ်ငြိမ်သက်သွားပြီးမှ အသံတုန် တုန်ယင်ယင် နဲ့ "ဖေဖေ့ ကို ဒီခေါ်ပြီး ကုမယ်မာမီ"တဲ့။
"အေး...ဒါဆိုရင် လည်း မာမီအစီအစဉ်တွေလုပ်လိုက်မယ်"လို့ ပြောတော့ "သားအဖေဖေ့ကို အနီးကပ်ပြုစုနိုင်အောင် အလုပ်ကထွက်ပြီး ဖလော်ရီဒါကို ပြန်လာခဲ့မယ်။ ဒီကျမှ အလုပ် တစ်ခုခု ပြန်ရှာမယ်" တဲ့။
ဖခင်တစ်ယောက်အပေါ် မှာ ထားရှိတဲ့မေတ္တာရဲ့ အတိမ်အနက်ကို ချက်ချင်းကျွန်မတိုင်းလိုက်နိုင် ပါတယ်။ "မေတ္တာ ဆိုတာ ပေတံနဲ့ တိုင်းလို့မရဘူး"လို့ ပြောကြပေမဲ့ ကိုယ်ချစ်မြတ်နိုးသူအတွက် ဘယ်လောက် အနစ်နာခံနိုင်လဲ။ အဲဒီအတိုင်းအတာနဲ့ တိုင်းကြည့်ရင်ထားရှိတဲ့ မေတ္တာရဲ့ ထုထည် ကိုသိနိုင်တာပါပဲနော်။

အခုလက်ရှိအလုပ်က ရွေးချယ်ကြောင်း အကြောင်းကြားစာရလာတော့ ကျွန်မက သူလုပ်နေဆဲ အလုပ်နဲ ကနှိုင်းယှဉ်ကြည့်ပြီးမှ ဆုံးဖြတ်ဖို့ ပြောပါတယ်။ ဘာလို့လဲဆိုရင် အလုပ်က ဘယ်လောက် ကောင်းကောင်း ကိုယ့်စရိုက်နဲ့ ကိုက်ညီမှ ပျော်စရာကောင်းမှာလေ။ လုပ်နေဆဲ အလုပ်ကလည်း အဆင်ပြေနေတာ။ အထက်အရာရှိတွေကလည်း သူ့ကို ချစ်ချစ်ခင်ခင် လေးလေးစားစားရှိ၊ တာဝန်အရ ခရီးထွက်ရရင်လည်း သူ့ရဲ့အတွင်းရေးမှူး အမျိုးသမီးက အားလုံးအဆင်သင့် စီစဉ် ထားပြီးသား။ ဘယ်နေ့ ဘယ်ရက် ဘယ်ကြို ဆိုတာ ပြောလိုက်ရုံ ပဲ။ တည်းဖို့ ဟိုတယ် အဆင် သင့်၊ ကားအဆင်သင့်၊ လေယာဉ်လက်မှတ် အဆင်သင့်။ သူကခရီးသွားဝါသနာ ပါတော့ အလုပ်က ပျော်စရာ ဖြစ်နေတာပါ။
အဲလိုအလုပ်ကိုစွန့်ပြီး ဒီအလုပ်လက်ခံခဲ့တာ သူတကယ်ကြိုက်နှစ်သက်လို့ ကြိုးစားရယူခဲ့တာပဲ။ အခုမှအဖေ့ အတွက် ကိုယ်နှစ်သက်လို့ ရွေးထားတဲ့ အလုပ်ကို စွန့်ဦးမှာဆိုတော့ သူ့ရဲ့ထား ရှိတဲ့ မေတ္တာ စေတနာကို ကျွန်မခန့်မှန်းလို့ရတယ်ပေါ့။ သားရဲ့စေတနာကို လေးစားမိပေမဲ့ ရုတ်ရက် စိတ်ခံစားချက်ကို ဦးစားပေးပြီး စဉ်းစားဆုံးဖြတ်ရင် မှားမှာစိုးတာကြောင့် "ဖေဖေလာဖို့ အစီအစဉ် တွေ အရင် လုပ်တာပေါ့ သားရယ်။ ပြီးမှအရေးကြီးတဲ့ ကိစ္စကို စဉ်းစားဆုံးဖြတ်ကြတာပေါ့"လို့ သူ့ကို နှစ်သိမ့် လိုက်ရပါတယ်။

တကယ်လည်းဦးမြလှိုင် ဆေးကုလာနိုင်ဖို့အတွက် သားကိုယ်စားကျွန်မစတင် လှုပ်ရှားရတယ် ပေါ့။ ဒီက မိတ်ဆွေရင်း ဆရာဝန်တွေနဲ့ တိုင်ပင်ကြည့်တော့ အဆုတ်ကင်ဆာဆိုရင်တော့ မျှော်လင့်ချက် နည်းတယ် လို့ ပြောကြပါတယ်။ သားကတော့ ဇွဲမလျှော့ပါဘူး။ "ဘယ်လောက်ပဲ မျှော်လင့်ချက် နည်းနည်းဖေဖေ့ကို ဒီရောက်အောင် ခေါ် ကုမယ်။ ဖေဖေ့ရဲ့နောက်ဆုံးအချိန်မှ သားသမိးတွေနဲ့ ပြည့်ပြည့်စုံစုံ ရှိစေချင်တယ်" တဲ့။
ဒါကြောင့် ဦးမြလှိုင် ဆေးကုလာနိုင်ရေးအတွက် တူတော်သူ ဦးဝင်းနိုင်နဲ့ ဦးဝင်းငြိမ်း (ရွှေအမြုတေ) တို့ကို ရိုင်းပင်း ကူညီ စီစဉ်ပေးကြဖို့ တောင်းခံရပါတယ်။ သူတို့တစ်တွေကလည်း အရေးပေါ် ပြေးလွှား လှုပ်ရှားနေရတဲ့ အတွက် အချိန်ပေး စောင့်ရပြန်ပါရော။ သားကအကျိုးအကြောင်း သိချင် စိတ်စောပြီး မြန်မာပြည် ကို ဖုန်းဆက်တော့လည်း လိုင်းကမ၀င်၊ ကျွန်မ ကိုယ်တိုင်ကြိုးစားကြည့် တော့ လည်း ခေါ်လို့မရ။
နှစ်ရက်ဆက်ပြီး ကြိုးစားခေါ်တာ ဘယ်လိုမှ မရတဲ့အဆုံး ကြေးနန်းပို့လိုက်တာလည်း ဘာအကြောင်း မှ ပြန်မလာ။ စိတ်ထဲမှာ ကသိကအောက် ရှိနေဆဲ။ ၁၉၉၀ခုနှစ်၊ အောက်တိုဘာလ ၁၄ရက် မနက် အရုဏ်တက် မှာ ဖုန်းမြည်လာတော့ မြန်မာပြည်က ဖုန်းပဲဆိုတဲ့အတွေးနဲ့ ၀မ်းသာ အားရ ကောက်ကိုင်ပြီး ထူးလိုက်ပါတယ်။

"အန်တီခင်...ဦးလေးမောင် အခု သုံးနာရိက ဆုံးသွားပြီ"တဲ့။
မိုးမချုန်း ဘဲ ရုတ်တရက်မိုးကြိုးပစ်ခံလိုက်ရတဲ့အတိုင်းပါပဲ။ စောစောက ၀မ်းသာတဲ့စိတ်ကလေး အစိတ်စိတ် အမြွှာမြွှာ ကြွေလွင့်သွားပါတော့တယ်။
"ဒီသတင်းဆိုး ကို မကြာခင်အဖေရောက်လာတော့မယ်လို့ မျှော်လင့်ထင်မှတ်နေတဲ့ ကျွန်မ သားကို ဘယ်လို ပြောရပါ့"
သားခံစားနေရ မဲ့ နှလုံးသား ဝေဒနာကို စာနာကူးစက် ခံစားကြည့်ရင်း ကျွန်မနှလုံးသားတွေ ကြွေမွ သွားပါတော့ တယ်။

ဆက်ရန်
.

1 comment:

Thu said...

Aunty Khin, you brought us from Mandalay to Florida with coulourful experiences.
Thanks much to Ma Shwe Zin U & Sis too.