ကိုယ်မှားလို့ သူများလက်ညှိုးထိုး ကဲ့ရဲ့တာက တစ်ပတ်နဲ့ ပြီးသွားနိုင်သေးတယ်။ ရင်ထဲ က နှလုံးသား အသံက ကဲ့ရဲ့ပြီဆိုရင် တစ်သက်စာ ခံရပြီမှတ်တော့ပါပဲ။ ကိုယ့်အမှားကို အမှားမှန်း သိပြီး ပြုပြင်ဖို့ နောက်ကျသွားတဲ့တိုင်အောင် ဖွင့်ဟ၀န်ခံ တောင်းပန်လိုက်ရရင် ရင်ရှင်းသွား စမြဲပါပဲ။
ဦးမြလှိုင် ကျွန်မအပေါ်မှာ မှားခဲ့တာတွေရှိသလို ကျွန်မအနေနဲ့လည်း လက်တွဲခဲ့ကြတဲ့ သက်တမ်း အတွင်းမာန်မာနထားပြီး ပြောမှားဆိုမှား၊ အတွေးမှားအမြင်မှားတွေနဲ့ မှားယွင်းမှု အမြောက် အမြား ရှိခဲ့မှာ သေချာပါတယ်။ ဒါကြောင့်...
"ပြောမှား ဆိုမှား ပြုမိမှားအားလုံးအတွက် ခင့်ကိုလည်း ခွင့်လွှတ်ပါလို့"ကျွန်မလက်အုပ်ချီ ကန်တော့ ရင်း ဦးမြလှိုင်ကို တောင်းပန်လိုက်ပါတယ်။
ဘ၀ ဆိုတာ ဆုပ်ကိုင်ထားခြင်းနဲ့ စွန့်လွတ်ခြင်းကြားမှာ ဖြစ်တည်နေကြတာပါပဲလေ။ ကို ဆက်ဖတ်ရန် .....
အပိုင်း (၅၄)
Yiddish စကားပုံတစ်ခုက "Mensh Tracht Gott Lacht" တဲ့။ အဓိပ္ပာယ်က "လူတွေက ကြံစည်တယ်။ စိတ်ကူး တယ်၊ ပြင်ဆင်တယ်၊ ဘုရားသခင်က ရယ်တယ်"တဲ့။
ဟုတ်ပါရဲ့။ ကိုဝင်းဦးမြန်မာပြည် ပြန်ခါနီးမှာ ကျွန်မကို ဖုန်းခေါ်ပြီး နှုတ်ဆက်တော့ သူက စိတ်ကူးယဉ်စွာနဲ့ ဒီဇင်ဘာလ ကျရင် လန်ဒန်ကို ဆေးစစ်ဖို့ ပြန်လာရဦးမှာ။ လန်ဒန်ကအ ပြန်အမေရိကား ၀င်မယ်နဲ့ အစီ အစဉ်တွေ သေသေချာချာ ဆွဲလို့။ ကယ်လီဖိုးနီးယား မြန်မာအသင်းက ရန်ပုံငွေပွဲအတွက် ဖိတ်ထားတာ လည်း တစ်ခါတည်း သွားလိုက်မယ်ပေါ့။
နောက်ပြီး စန္ဒာမဂ္ဂဇင်းမှာ ကျွန်မလစဉ် ပင်တိုင်ရေးခဲ့တဲ့ ဆောင်းပါးတွေ စုပေါင်းပြီး စာအုပ် အဖြစ် ထုတ်ချင် လို့ သူ့ကိုထုတ်ဝေခွင့်လွှဲစာ ရေးပေးလိုက်ပါဆိုတာနဲ့ ရေးပေးလိုက်ရပါ သေးတယ်။ သူပြန်သွားပြီး ကျန်းကျန်း မာမာမှာ ရှိရဲ့လား စိတ်ပူလို့ ဖုန်းဆက်မေးတဲ့အခါ သူနေကောင်းကြောင်းတွေ ပြောလိုက်တာမှ ရွှန်းရွှန်း ကို ဝေလို့။
ဒါပေမဲ့ ကျွန်မကြားသိရတဲ့ သတင်းတွေက တစ်မျိုးဖြစ်နေလေရဲ့။ မန္တလေးကမင်္ဂလာ ဆောင်တစ်ခုမှာ သီချင်းသွား ဆိုပေးရင်း အရက်တွေ အလွန်အကျွံသောက် လို့တဲ့။ ရန်ကုန် ပြန်ရောက်တော့ နေမကောင်း ဘူး ဆိုတာ ကြားရပါရော။ ကိုယ့်မောင်ငယ်တစ်ယောက်လို ချစ်ခင်တာ မို့ မပေဖို့၊ မတေဖို့၊ အရက်မသောက် ဖို့တွေ ကျွန်မစာရေးပြီး သတိပေးပါ တယ်။ သူ့စာတစ်စောင်ထဲမှာတော့ ကျန်းမာရေးကောင်းအောင် လေ့ကျင့်ခန်း ယူတဲ့အနေ နဲ့စက်ဘီးထွက်စီးနေတာက တစ်နေ့ကိုဘယ်နှမိုင် ဆိုလား ပါပဲ။
တစ်ခါကျ တိုက်ဖွိုက်လို အဖျားဝင်ပြီး နေမကောင်းလို့ ဆရာဝန်ပြရကြောင်း၊ သက်သာ သွားပြီဆိုတဲ့ အကြောင်း ဖုန်းဆက်ပြောလာပါတယ်။ အဲဒီအချိန်တုန်းက တယ်လီဖုန်းက သုံးမိနစ်ပဲပြောခွင့်ပြုတာမို့ အသေးစိတ် လည်း မမေးလိုက်နိုင်ဘဲ သူပြောသမျှနားထောင် ရင်းနဲ့ပြီးသွားတော့တယ်။ ဘာပဲဖြစ်ဖြစ် မကြာခင်မှာ ဒီဇင်ဘာလကို ရောက်တော့မှာမို့ လန်ဒန်ကိုဆေးစစ်ပြန်သွားလိုက်ရင် အဆင်ပြေသွား မှာပဲလို့ အားခဲပြီးရက်တွက်ရင်း အား တက်မိတာပေါ့။
ဒီလိုနဲ့ ဒီဇင်ဘာလ ထဲ ရောက်လာပါရော။ ဘယ်နေ့လန်ဒန်သွားဖြစ်မလဲ စိတ်စောနေဆဲ မှာမန္တလေးက ကျွန်မ ရဲ့သူငယ်ချင်း လှလှမြင့် ဖုန်းဆက်လာပါတယ်။
"ဟေ့... ခင်၊ မင်းသိပြီးပြီလား။ အခုပဲ သတင်းကြေညာသွားတယ်။ ရုပ်ရှင်မင်းသားကိုဝင်းဦး ကွယ်လွန် သွားပြီ"တဲ့။
"သြော်...လူတွေက ကြံစည်တယ်။ စိတ်ကူးတယ်။ ဘုရားသခင်က ရယ်တယ်"ဆိုတာ ဟုတ်မှန် လိုက်လေခြင်း။ ကျွန်မတို့ ဗုဒ္ဓမြတ်စွာ ရှင်တော်ဘုရားကလည်း မမြဲသောအစိုးမ ရခြင်းတရားကို အဓိက ထား ဟောကြား ခဲ့တာမို့ ကျွန်မ မျက်ရည်ဖြိုင်ဖြိုင်ကျရပါတယ်။ ရင်ထဲမှာ ဆို့နစ်နာကျင်တဲ့ ခံစားရမှု ကလည်း မခံရပ်နိုင်အောင် ပြင်းပြလွန်းတာကြောင့် အိပ်ရာပေါ်မှာသွားခွေရင်း မျက်ရည်မိုးစွေရပါတယ်။
"သွားလေပြီ။ မြန်မာပြည်ရဲ့ သူမတူအောင် ထူးခြားစွာ ထွန်းတောက်ခဲ့တဲ့ ကြယ်တစ်ပွင့်"
ရင်နာခြင်းနဲ့အတူ ယူကျုံးမရနှမြောတသမှုကလည်း ပြောမပြနိုင်အောင်ပါပဲ။ ကိုယ့်စိတ် ကိုမနည်း တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ပြန်ထိန်းသိမ်းနိုင်တဲ့ အခြေရောက်မှ ကိုဝင်းဦးအစ် မတင်တင်ဦး ဆီကိုရော၊ ကိုဝင်းဦး ရဲ့ သက်ထားအိုင်းရင်းတင်လှ ဆီကိုပါ ဖုန်းဆက်ပြီး အကျိုး အကြောင်းမေးရပါတယ်။ ဖုန်းပေါ် မှာ ပြောကြရင်း လည်း အတူရောပြီးငိုကြပေါ့။ ကိုဝင်းဦးကို ချစ်ခင်လေးစားမြတ်နိုး တွယ်တာကြသူ အားလုံး နှလုံးသားကြွေမတတ် ၀မ်းနည်းထိခိုက်ရတာ ကျွန်မတို့တင်မကဘူး၊ မြန်မာတစ်ပြည်လုံး သူရဲ့ပရိသတ် မှန်သမျှ ထိခိုက်ခံစားကြရမျာပါပဲ။
ကိုဝင်းဦး လူ့လောကထဲက ကွယ်ပျောက်သွားတာ မှန်ပေမဲ့ သူ့ကိုတန်ဖိုးထား လေးစား ကြသူတိုင်း ရဲ့ နှလုံးသားထဲမှာတော့ ရှင်သန်နေဆဲ ဖြစ်မှာပါ။ လူတစ်ယောက် တကယ်သေ သွားတယ်ဆိုတာ အဲဒီလူကို ဘယ်လိုမှ လည်း သတိမရတော့ဘူး၊ အခါအခွင့် တိုက်ဆိုင် လို့သတိရတယ်ဆိုရင်လည်း သူနဲ့ပတ်သက်တဲ့ ခံစားချက်ကိုယ့်မှာ မကျန်တော့ဘူးဆိုရင် အဲဒီလူက အသက်ရှင်နေသေးတဲ့တိုင်အောင် ကိုယ့် အတွက် သေသူတစ်ဦးလို့ သတ်မှတ် လို့ရပါတယ်။
ကိုယ့်ရင်ထဲ မှာ အမြဲတမ်းရှိနေမယ်၊ သူနဲ့ပတ်သက်သမျှတွေလည်း အမှတ်တရအနေနဲ့ တန်ဖိုးထားနေမြဲ ဆိုရင်အဲဒီလူဟာ ရှင်သန်ဆဲလို့ ပြောလို့ရမယ်ထင်ပါရဲ့။ နှလုံးသားရဲ့ ခံစားချက်ဆိုတာ မိမိကိုယ်ပိုင် ပစ္စည်းပဲ။ ရှင်သေမင်းကလည်း ဆွဲထုတ်သွားလို့မ ရဘူး။ အချိန်ကာလ လည်း ပြောင်းလဲ သွားအောင် ပြုပြင်လို့မရပါဘူး။ ဒါကြောင့်ပြည့်သူချစ်တဲ့ ကိုဝင်ဦးဟာ ပြည်သူရဲ့ရင်ထဲမှာ ရှင်သန်နေဆဲ အနေနဲ့ မြန်မာပြည်ထောင်စုရဲ့ ကြယ်တစ် ပွင့်အဖြစ်ကာလကြာမြင့် စွာ တောက်ပနေ လိမ့်ဦးမယ်လို့ တွေးရင်း ကြိုးစားပြီးစိတ်ကိုဖြေရ ပါတယ်။
ကိုဝင်းဦးက သူရှိရှိ မရှိရှိ စန္ဒာမဂ္ဂဇင်းကို ဆောင်းပါးမှန်မှန်ပို့ပါ မှာထားခဲ့တဲ့ စကားကြောင့် သူ့စကား ကို လေးစားသောအားဖြင့် စာမူအချိန်မီပို့နိုင်အောင် ကြိုးစားရေးရတယ်ပေါ့။ စန္ဒာမဂ္ဂဇင်းကို ကိုဝင်းဦး ရဲ့ အရင်းနှီးဆုံး ရေးဖော်ရေးဖက် မိတ်ဆွေဆရာမြသန်းတင့်က တာဝန်ယူပြီး အိုင်ရင်းတင်လှက အုပ်ချုပ်ရေးမှူး အဖြစ် တာဝန်ယူ ဆက်လက် ထုတ်ဝေပါ တယ်။
ဒီလိုနဲ့ ကိုယ့်နှလုံးသားမှာ ထပ်ခါတလဲရနေတဲ့ ဒဏ်ရာတွေကို တရားရေအေးနဲ့ ကြိုးစား ပြီးကုရတယ်ပေါ့။ ဗုဒ္ဓဘာသာ အသင်းတစ်ခု ဖွဲ့ထားပြီး ဘုန်းကြီးကျောင်း ဖြစ်မြောက်ရေး ကိုလှုပ်ရှားနေခဲ့တာ တစ်နှစ်နီးပါး ရှိပါပြီ။ တခြားပြည်နယ်တွေမှာ တဖြည်းဖြည်းနဲ့ကြိုးစား ပြီးမြန်မာဗုဒ္ဓဘာသာကျောင်း တည်ထောင်ကြတာ ခုဆိုရင် ဆန်ဖရန်စစ္စကို မှာ နှစ်ကျောင်း၊ အယ်လ်အေမှာ သုံးကျောင်း၊ နယူးယောက်မှာ တစ်ကျောင်း၊ ၀ါရှင်တန် မှာတစ်ကျောင်း၊ ရှီကာဂိုမှာတစ်ကျောင်း၊ နက်ရှ်ဗေးလ်မှာတစ်ကျောင်း စုစုပေါင်း ကိုးကျောင်းတောင် ရှိနေပြီဆိုတော့ ကျွန်မတို့လည်း အားကျပြီး ဖလော်ရီဒါမှာ တစ်ကျောင်း မဖြစ်မနေရအောင် ကြိုးစားကြမယ်လို့ဆုံးဖြတ်ကြပါတယ်။
ပြောလို့သာ ပြောရတာ။ ဖလော်ရီဒါမှာ မြန်မာဦးရေက နည်းရတဲ့အထဲ ဗုဒ္ဓဘာသာမြန်မာ ကလည်း ခပ်ရှားရှား။ အပြေးအလွှား ရေတွက်မှာဆယ်ဦးလောက်ပဲ ရှိတာပါ။ ခုချိန်မှာတော့ အရေအတွက်ထက် အရည်အချင်း ကိုပဲ အားထားရပါတော့တယ်။ ကျောင်းဖြစ်မြောက်ရေး အလှူငွေကို တတ်နိုင်သလောက် လည်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကြတဲ့အပြင် တခြားပြည် နယ်တွေကနီးစပ်ရာ မိတ်ဆွေတွေဆီကိုလည်း လှမ်းအလှူခံ ရတာ ရာဂဏန်းက ထောင်ဂ ဏန်းဖြစ်လာတယ်ပေါ့။
မြန်မာပြည်မှာ ကျောင်းတစ်ကျောင်း ဆောက်လှူတယ် ဆိုရင်အများအားဖြင့်က မိသားစု တစ်စု အနေနဲ့ ငွေကြေးချမ်းသာတတ်နိုင်သူများက တာဝန်ယူလိုက်ကြတာ များပါတယ်။ ကျောင်းပြီး ရင် ကျောင်းထိုင် မဲ့ ဆရာတော် ကို ရေစက်ချလှူလိုက် တာနဲ့ ကိစ္စကပြတ်ရော လေ။
ဒီမှာတော့ အဲဒီလို တစ်ဦးတစ်ယောက်အနေနဲ့ လှူနိုင်သူ မရှိပါဘူး။ ကုန်ကျရတဲ့ ငွေကြေးတင်မကသေးဘူး။ ဥပဒေ စည်းကမ်းချက်တွေ လည်းများပါတယ်။ သာသနာရေး အဆောက်အအုံခွင့်ပြုတဲ့ ဇုန်နေရာ လည်း ဖြစ်ပါဦး မှ။
လာကြတဲ့ ပရိသတ်ကလည်း တစ်အိမ်ထောင် ကားတစ်စီးနှုန်းနဲ့ဖြစ်တော့ ပွဲတော်အခါမှာ ကားရပ် စရာနေရာပြည့်စုံအောင် ကျောင်းပရိဝုဏ်က ကျယ်ဝန်းပါဦးမှ စတဲ့လိုအပ်ချက်တွေ ကလည်းရှိပါသေးတယ်။ ဒါကြောင့် ကျွန်မတို့မှာ ထောင်ဂဏန်းလောက် နဲ့ ကျောင်းတစ် ကျောင်းဖြစ်အောင် အရာ မရောက် ဖြစ်နေပါတော့ တယ်။ မြန်မာသောင်းဂဏန်းလောက်က ပြည့်စုံလာရင် အဲဒီငွေကို တချို့ Downment အနေနဲ့ ပေးချေပြီး ဘဏ်တိုက်က နှစ်သုံး ဆယ်၊ ဒါမှမဟုတ် ဆယ့်ငါးနှစ် အရစ်ကျဆပ် စနစ် နဲ့ ငွေချေးပြီး ၀ယ်ကြရမှာပါ။
အဲဒီလိုဝယ်နိုင်ရင်တောင်မှ လစဉ်ကုန်ကျမဲ့စရိ ကာမိဖို့ ကျောင်းရန်ပုံငွေက လိုအပ်ပါသေး တယ်။ ကျောင်းထိုင်ပေး မဲ့ဆရာတော်အတွက် ဆွမ်း၊ ကွမ်း၊ ဆေးဝါးစတာတွေအပြင် အဓိက လိုအပ်ချက်က ကျန်းမာရေး အာမခံပါပဲ။ အနည်းဆုံး လူတစ်ယောက်အတွက် ဒေါ်လာနှစ်ရာ။ ဒါ့အပြင်ရေဖိုး၊ မီးဖိုး၊ အမှိုက်ကားဖိုး စတဲ့ စရိတ်နဲ့ ဘဏ်ကို ပြန်သွင်းရမဲ့ လစဉ်ကြေးပါ ရှိဦးမှာမို့ ကျောင်းအုပ်ချုပ်ရေး အဖွဲ့အနေ နဲ့ တာဝန်ကြီးလှပါတယ်။
ကျွန်မတို့ မြန်မာဗုဒ္ဓဘာသာများအုပ်စုထဲမှာ ကျောင်းဖြစ်မြောက်ရေးစိတ်အားအထက်သန် ဆုံးနဲ့လှုပ်ရှားသူ ကတော့ ဖလော်ရီဒါအနောက်ဘက်ကမ်းခြေ ဖို့ဒ်မာယာမှာနေ တဲ့ ဒေါက်တာတင်မျိုးသန်း နဲ့ ဒေါက်တာရီရီမြင့် တို့ ဇနီးမောင်နှံပါပဲ။ အပိုင် ၀ယ်နိုင်အောင် ငွေကြေးမပြည့်စုံသေး ခိုက် ကျောင်းထိုင်ပေးမဲ့ ဆရာတော်ဦးဝိမလ ကလည်း အဆင်သင့် ကြွလာတာနဲ့ ယာယီကျောင်းအဖြစ် အိမ်ငှားပြီး စကြမယ် လို့ ဆုံးဖြတ်ကြပါတယ်။
ကျောင်းနဲ့အပ်စပ်မဲ့နေရာ လိုက်ရှာကြတာ မြို့အနှံ့ပါပဲ။ ဖို့ဒ်မာယာဘက်က အေးအေး ချမ်းချမ်းရှိသလို အိမ်ဈေးမြေဈေးတွေကလည်း သက်သာတာကြောင့် လက်ရှိရထားတဲ့ငွေ နဲ့လည်းအဆင်ပြေနိုင်တယ်ပေါ့။ အဲဒီလိုရှာကြရင်းစိတ်ကြိုက်တစ်နေရာကို တွေ့ပါလေ ရော။ မြို့စွန်မှာမို့ လူနေရပ်ကွက်နဲ့ ဝေးတဲ့အပြင် တိတ်ဆိတ်ငြိမ်သက်နေတာ ဖြစ်လို့ ဘုန်းကြီးကျောင်းအတွက် အဆင်ပြေလှပါတယ်။ စမ်းချောင်း ကလေးကလည်း အိမ်ရဲ့ဘေး မှာတသွင်သွင်စီးဆင်းလို့၊ တကယ့်သာယာအေးချမ်းတဲ့ နေရာလေးပါပဲ။
ကျွန်မတို့အားလုံး သွားကြည့်ကြပြီး တစ်နှစ်စာချုပ်နဲ့ ငှားမယ်လို့အားလုံး သဘောတူ ဆုံးဖြတ် လိုက်ပါတယ်။ နေရာရပြီဆိုတာနဲ့ လိုအပ်မဲ့ပစ္စည်းတွေကို စာရင်းအရှည်ကြီးပြုစုပြီး အလှူခံလိုက်တော့ ဘယ်သူက စားပွဲ၊ ဘယ်သူက ကုလားထိုင်၊ ဘယ်သူက အိပ်ရာနဲ့ ၀ိုင်းပြီး တစ်ဦးစီက တာဝန်ယူပြီး လှူလိုက်ြ ကတာ ချက်ချင်းကို ဥုံဖွဆိုပြီး ဖန်ဆင်းလိုက်တဲ့ အတိုင်းတစ်ကျောင်းစာ လိုက်အပ်တဲ့ ပစ္စည်း ပြီးပြည့်စုံသွားတာ မို့ ကျွန်မမှာ သာဓုခေါ်ရင်း မုဒိတာပွားဝမ်းသာရပါတယ်။
ဆရာတော် ဦးဝိမလက "ဓမ္မသုခကျောင်"လို့ နာမည်ရွေးပေးပါတယ်။ ယာယီကျောင်း လေးလည်းရ၊ ပစ္စည်းပစ္စယ လည်း ပြည့်စုံပြီဆိုတော့ ကျောင်းဖွင့်ပွဲလေးလုပ်ကြမယ် ဆိုပြီး စီစဉ်ကြတယ်ပေါ့။ ဖလော်ရီဒါ မှာ ပထမဦးဆုံးအနေနဲ့ ယာယီပဲဖြစ်စေဦးတော့၊ ကိုယ့်ကျောင်းနဲ့ ကျောင်းထိုင်ပေးမဲ့ ဆရာတော် နဲ့ ပြည့်ပြည့်စုံစုံ ဖြစ်လာပြီ ဆိုတော့ ရင်ထဲမှာကြည်နူးပီတိဖြစ်ရတာလာကြတဲ့ မြန်မာတိုင်းမျက်နှာကို ကြည်ရွှင် ရွှန်းမြနေကြတာ ပါပဲ။
တစ်ယောက်တစ်မျိုးစီနဲ့ မြန်မာစားကောင်းသောက်ဖွယ်တွေ ချက်ပြီးယူလာကြတာလည်း အမျိုးအမည် စုံပါပဲ။ စုပြီးဆရာတော်ကို ဆွမ်းကပ်ကြပါတယ်။ ဆရာတော်က မုံရွာဇာတိပါ။ မုံရွာ အပိုင်၊ ကျောက်ကာ မြောက်ရွာက ပါတဲ့။ ကိုးနှစ်သားကတည်းက သာသနာ့ဘောင် ၀င်လိုက်တာ ခုဆိုရင် သက်တော် ၅၃နှစ်၊ ၀ါတော် ၃၄၀ါရပါပြီ။ အမေရိကားကို သာသနာပြု ဖို့ကြွလာတာ လည်း လေးနှစ်ရှိပြီးဆိုတော့ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးရတဲ့ အမေရိကန် လူနေမှုစနစ် နဲ့လည်း ခေါက်ရိုးကျိုးနေပြီ မို့ ကပ္ပိယမရှိဘဲ တစ်ပါးတည်းလည်း နေတတ်နေပြီ ဆိုပါတော့။
ဆရာတော်က တရားဟောလည်း အလွန်ကောင်းပါတယ်။ သံနေသံထားနဲ့ အသံကလည်း အောင်မြင်ပါဘိ။ တရားနာရင်း ဒီလို ဆရာတော်မျိုး ကျွန်မတို့ ဖလော်ရီဒါပြည်နယ် ကျောင်း အတွက်ပင့်ဆောင်ခွင့်ရတာ ကံကောင်းလေစွ လို့ တွေးပြီး ကျေးဇူးတင်နေမိပါရဲ့။ အဲဒီနေ့ ကဘုန်းကြီးကျောင်းဖွင့်ပွဲမှာ ဦးမြလှိုင် တို့နဲ့လည်း ဆုံဖြစ်ပါသေးတယ်။ တစ်ဦးကို တစ်ဦး အတေးအမှတ်တွေ မရှိကြတော့ဘဲ ခွင့်လွတ်ပြီး သား ဖြစ်နေတာကြောင့် ကြည်ကြည်လင် လင်နဲ့စကားပြော ဆက်ဆံနိုင်ခဲ့ပါတယ်။
ဦးမြလှိုင် တို့လည်း အခုတော့အမေရိကားမှာ နေသားတကျဖြစ်နေပါပြီ။ သားရွှေစင်တစ် ယောက်ပဲအဖေနဲ့ အမေကြား မှာ ဗျာများပြီးပင်ပန်းနေရရှာတာ။ အမေကိုချစ်တော့ အမေကိုလည်း စောင့်ရှောက်ချင်၊ အဖေ ကိုလည်း လာနေတဲ့အခိုက် စိတ်ချမ်းသာအောင် ၀တ္တရားကျေချင်နဲ့ နှစ်အိမ့်တစ်အိမ် ကူးနေရတာ သူ့မှာ အားချိန် နားချိန်မရှိသလောက်ပါ ပဲ။ ကျွန်မလည်းသားကို သနားတာနဲ့ တတ်နိုင်သလောက်တော့ လိုအပ်တာ ရှိရင် ကူလုပ် ပေးလိုက်တာပါပဲ။
တစ်နေ့မှာ တိုက်တိုက်ဆိုင်ဆိုင် ရယ်စရာတစ်ခုလည်း ကြုံလိုက်ရပါသေးတယ်။
အဲဒီနေ့ ကမြန်မာအသင်းအမှုတောင် ရွေးကြရမယ့်နေ့။ ကျွန်မတို့လူကြီးပိုင်းက ဘယ်သူဘယ်ဝါ ဘယ်တာဝန် ဆိုတာတွေ လျာထားကြပြီးသားပါ။ ဖြစ်ချင်တော့ အဲဒီနေ့မှာပဲ ဦးမြလှိုင်ရဲ့ တူမလေး ကကယ်လီဖိုးနီးယား သွားမှာမို့ မာယာမီလေဆိပ်ကို လိုက်ပို့ပေးရမှာ။ သားရွှေစင်ကအလုပ်ချိန်မှာမို့ မပို့နိုင် တာကြောင့် ကျွန်မကကြားထဲက ပို့ပေးမယ်ဆိုပြီး တာဝန် ယူလိုက်ပါတယ်။ မာယာမီလေဆိပ်က အိမ်နဲ့ တစ်နာရိကျော်ကျော် မောင်းရမှာဆိုတော့ အသွားအပြန်ခရီးနဲ့ တွက်ပြီးအစည်းအဝေးကို နည်းနည်း အချိန်နောက်ကျမှ ရောက်မယ်။ ကျွန်မကိုမစောင့်ဘဲ စနှင့်ကြဆိုတာလည်း ကြိုပြောထားခဲ့တယ်ပေါ့။
ကျွန်မ ကား ဦးမြလှိုင်ရဲ့ အိမ်ရှေ့မှာရပ်လိုက်တော့ သေတ္တာတွေနဲ့အတူ ဦးမြလှိုင်နဲ့ ကလေးမ ထွက်စောင့်နေကြ ပါတယ်။ သယ်သွားမဲ့ သေတ္တာကလည်း ဧရာမအကြီးကြီး။ တစ်လုံး မဟုတ်သေး ဘူး နှစ်လုံးနော်။ သေတ္တာတွေကို ကား Trunkထဲထည့်ပြီးတာနဲ့ ကလေးမ ကားပေါ်တက်ဖို့ ရှေ့တံခါးကို လှမ်းဖွင့်ပေး လိုက်ပါတယ်။ ဦးမြလှိုင်က ၀င်ထိုင် လိုက်ပါလေရော။
ကျွန်မထင်ထားတာက ကလေးမတစ်ယောက်တည်း လေဆိပ်ကို လိုက်ပို့ပေးရမှာ။ ခုကျ ဦးမြလှိုင်ပါ လိုက်ပို့မဲ့သဘော ဖြစ်နေလေရဲ့။ မိန်းကလေးက သူ့ဟာသူတံခါးဖွင့်ပြီး နောက် ခန်းမှာဝင်ထိုင်ပါတယ်။ ကျွန်မ လည်း ဘာပြောရမှန်းမသိ၊ အူကြောင်ကြောင်နဲ့မောင်းထွက် ခဲ့ပါတယ်။ မာယာမီက မြို့ကြီးမို့ ဟိုင်းဝေးမောင်း ရတာ အလွန်အမင်းရှုပ်ထွေးတဲ့အပြင် ကားတွေကလည်း များလွန်းတာကြောင့် အန္တရာယ် ကင်းအောင် သူတို့ကိုစကားမပြောနိုင် ဘဲကိုယ့်ဟာကိုယ် အာရုံစိုက်ပြီး မောင်းနေရတယ်ပေါ့။
ဒီလိုနဲ့ လေဆိပ်ကိုရောက်သွားပါရော။ သွားရမဲ့ လေကြောင်းလိုင်းရှေ့မှာ ရပ်လိုက်ပါ တယ်။ အဲဒီ ကောင်တာထိမ၀င်ဘဲ ပလက်ဖောင်းပေါ်မှာအလွယ်တကူ Check in လုပ်လို့ရတာမို့ သေတ္တာတွေချ။ ဘယ်လို လုပ်ရမယ်ဆိုတာ ညွှန်ကြားပြောပြပြီး ကားရပ် ရမဲ့နေရာကိုသွားရပါသေးတယ်။ ကားထားခဲ့ပြီး လမ်းပြန်လျှောက် လာရတာ ဝေးတော့ မိနစ် နှစ်ဆယ်လောက် ကြာသွားတာမို့ ခုလောက်ဆို Check in လုပ်ပြီးလောက်ပြီ ထင်ထား တာ။
နှစ်ယောက်စလုံး သေတ္တာကြီးတွေနဲ့အတူ ရပ်လို့ ကျွန်မအလာကို စောင့်နေကြလေရဲ့။ သွားရ မယ့် လေယာဉ်ခရီးစဉ်က ဖျက်လိုက်လို့တဲ့။ ဒါနဲ့အဲဒီကောင်တာက သက်ဆိုင်ရာ ပုဂ္ဂိုလ်ကို တခြားဘယ်လေကြောင်းလိုက်က ခရီးသည်တွေယူသလဲ မေးကြည့်တော့ Easternက ယူတယ် ဆိုတာသိရပါတယ်။ Easternကောင်တာအထိ သွားရမှာကလည်း အဝေးကြီး။ လက်ခံတယ်ဆိုတာတောင် ခုံလွတ် ရှိသမျှပဲ ရမှာမို့ အကန့်အသတ်ကလည်း ရှိဦးမှာလေ။ အချိန်မီဦးအောင်ပြေးပြီး သတင်းပို့နိုင်ပါမှ ရမှာကြောင့် Eastern ကောင်တာ ကိုလိုက်ခဲ့ကြဆိုပြီး ကျွန်မပြေးရတယ်ပေါ့။
တော်ပါသေးရဲ့။ Eastern ကောင်တာရောက်တော့အမောတကော မေးကြည့်တာထိုင်ခုံ တစ်ခုံ ကျန်သေးတာ နဲ့ အဆင်ပြေသွားပါရော။ ဒါပေမဲ့လေယာဉ်ထွက်မှာက ည ၁၀နာရီ တဲ့။ ကြားထဲမှာ ငါးနာရီ စောင့်ပြီး စီးရမဲ့အဖြစ် ကြုံနေတာကြောင့် သွားလို၊ မသွားလိုဆန္ဒကို မေးဖို့ရှိသေးတာနဲ့ ကောင်တာက မိန်းကလေး ကို နာမည်ပေးထားခဲ့ပြီး လာခဲ့ရာလမ်းပြန် လှည့်ရပါတယ်။ ကျွန်မနောက်က ပါလာကြလိမ့်မယ် တွက်ထား တာ။ အခု ရှာကြည့်တော့ ဘယ်လိုမှရှာမတွေ့။
မာယာမီလေဆိပ်ကြီးကလည်း အပြည်ပြည်ဆိုင်ရာမို့ ဧရာမအကြီးကြီး။ ကျွန်မ တစ် ယောက်တည်း မာရသွန်ပြေးကျင့်နေတဲ့ အတိုင်းပါပဲ။ အသွားအပြန် ပြေးနေရတာ။ လေဆိပ်ကအပြန် အစည်းအဝေး ဆက်သွားဖို့ ကြံစည်ထားတာမို့ ၀တ်ကောင်းစားလှနဲ့ ဒေါက်မြင့်ဖိနပ်ကြီးကလည်း စီးထားလိုက်သေး တယ်။ ခုံမြင့်ဖိနပ်ကြီးနဲ့ ပြေးရတာ ချော်လဲ မှာစိုးပြီးသတိထားရတာကတစ်ဖက်၊ လူအုပ်ထဲဦးမြလှိုင်တို့ကို လွတ်သွားမှာ စိုးလို့ ပြူးပြူး ပျာပျာရှာကြည့်နေရတာက တစ်မျိုး၊ အချိန် နဲ့ ကောင်တာ ကို ပြန်ရောက်မလာလို့ ရထား တဲ့ထိုင်ခုံလွတ်သွားမှာလည်း စိုးရိမ်။
အင်း..၀ဋ်ကြွေးတွေမကုန်သေးပါလားလို့ ကိုယ့်ဟာကိုယ် စဉ်းစားရင်းလည်း ပြုံးမိပါရဲ့။ ဒီလိုနဲ့ လာလမ်းသာ ဆုံးရော၊ ဘယ်မှာမှရှာမရတာနဲ့ ဆန့်ကျင်ဘက် စင်္ကြံလမ်းကူးပြီး ရှာတော့ မှ ရှေ့ ခပ်လှမ်းလှမ်းမှာ သေတ္တာတွေဆွဲပြီး အေးအေးဆေးဆေး ဖြည်းဖြည်း လျှောက်နေကြတဲ့ တူဝရီးနှစ်ယောက် သား ကို လှမ်းမြင်တာနဲ့ အမီလိုက်ရပါတယ်။ ကျွန်မက အမေရိကား မှာ နေသားကျနေပြီဆိုတော့ ဘာမဆို အပြေးလုပ်တတ်နေပါပြီ။ ဒါကြောင့်သူတို့ သေတ္တာတွေပါကူဆွဲပြီး ခပ်သုတ်သုတ် လျှောက်ရတယ်ပေါ့။
အခုလေယာဉ်နဲ့လိုက်လိုရင် ငါးနာရီကြာ စောင့်စီးရမှာကိုလည်း ပြောပြလိုက်ပါတယ်။ ကလေးမက ရရာလေယာဉ် နဲ့ပဲ လိုက်ချင်တယ်ဆိုတာနဲ့ ကောင်တာအရောက်သွားလိုက် ပြီးသေတ္တာတွေ Check inလုပ်၊ ထိုင်ခုံ နံပါတ်ပါ ရပြီးကာမှ နားနေရာထိုင်ခုံတွေဆီ သွားပြီး ထိုင်ရင်း အမောဖြေရပါတယ်။ သူတို့ကိုကြိုခဲ့တုန်း က ညနေ သုံးနာရီ၊ လေယာဉ်က ညနေ ခြောက်နာရီကျော် ပြန်ရောက်မှာမို့ တက်ရောက် ရမဲ့ အစည်းအဝေးနဲ့ အံကိုက်ဆိုပြီး တွက်ထားတာ။ အခုမထင်မှတ်ဘဲ ခရီးစဉ်တွေ အလွဲလွဲ အချော်ချော် ဖြစ်ကုန်တော့ စိတ်မောရပါတယ်။
အများသုံး တယ်လီဖုန်းကနေ အကြွေစေ့တွေ ထည့်ပြီးကယ်လီဖိုးနီးယားက လာကြိုမဲ့သူ ဆီကိုလည်း အပြောင်း အလဲတွေ ဖြစ်ကြောင်း သတင်းပို့ပေးရ၊ အစည်းအဝေးကိုလည်း မတက်နိုင်တော့ကြောင်း ခေါ်ပြောရ၊ ဥက္ကဋ္ဌကြီး ဦးညွန့်ရှင်နဲ့ ပြောတော့အားလုံးက ကျွန်မ လာတဲ့အထိ စောင့်ကြမဲ့ အသင်းသားများကိုလည်း အားနာ၊ မအူမလည်နဲ့ ကလေးမ တစ်ယောက် တည်းလေဆိပ်မှာ ထားခဲ့ရဖို့အတွက်လည်း စိတ်မချနဲ့မို့ ရင်ထဲ မှာဘ၀င်မကျပေါ့။
နာရီကိုကြည့်လိုက်တော့ ခြောက်နာရီပဲ ရှိပါသေးတယ်။ လေယာဉ်ထွက်မဲ့အချိန်ထက် နာရီဝက်စောပြီး Board လုပ်မြဲမို့ ကြားထဲမှာသုံးနာရီခွဲအချိန်ကို ဘယ်လိုဖြုန်းရပါ့ စဉ်းစား နေရသေးတယ်။ ခရီးစဉ်တွေ အလွဲလွဲ အချော်ချော်ဖြစ်ကုန်တာကြောင့် ကလေးမကလည်း ၀မ်းနည်းအားငယ်သွားတယ် ထင်ပါရဲ့။ မျက်ရည်တွေကျ လို့။ ဦးမြလှိုင်က နှစ်သိမ့်ချော့ မော့နေတာနဲ့ ကျွန်မလည်း အနား မှာ နေရခက်တာနဲ့ကြောင့် လေဆိပ်ထဲက လက်ဆောင် ပစ္စည်းရောင်းတဲ့ ဆိုင်တွေဘက်လျှောက်ကြည့်ရင်း သွားမော့နေ လိုက်ပါတယ်။
စောင့်ရတဲ့အချိန်တွေက ကုန်ခဲတယ်ဆိုတာ အမှန်ပါပဲ။ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လျှောက်ရင်းဝမ်းထဲ ဆာ လာပါတယ်။ ဦးမြလှိုင်တို့ကို သွားကြိုလာခဲ့တာလည်း သုံးနာရီ ကတည်းကဆိုတော့ သူတို့လည်း ညစာ စားခဲ့ရမှာမဟုတ်ဘူး။ ဒါနဲ့လေဆိပ်ထဲက စားသောက်ဆိုင်တစ်ခု ညစာကျွေးဖို့ သွားခေါ်လိုက်ပါတယ်။ ညစာစားပြီးတဲ့ အချိန်မှာ ကိုးနာရီ ထိုးခါနီးနေပြီဆိုတော့ အချိန်ကိုက်ဖြစ်သွားပြီး လေယာဉ်ထွက်မဲ့ ဂိတ်ဝ အထိ ကလေးမကို လိုက်ပို့လိုက်တယ်ပေါ့။
ခရီးသည်ခုံနံပါတ်စဉ်ခေါ်ဖို့ စောင့်နေရဆဲအများသုံး ဖုန်းကနေပြီး အသင်းအစည်းအဝေး ရှိရာကို ခဏနေ ထွက်လာတော့မဲ့ အကြောင်း သတင်းပို့ဖို့ ခေါ်လိုက်တော့ "ဘယ်လိုလဲ ဒေါ်ခင်ကြီး၊ ဦးမြလှိုင်ကို ကား တင်သွားတယ်ဆို" နဲ့ တစ်ဖက်က တဟားဟားရယ်သံနဲ့ အတူတယ်လီဖုန်း ထူးလေတော့ ကြောင် အမ်းအမ်းဖြစ်လို့။
ဒီမှာတော့ မာရသွန်ပြေးရ။ ဖုန်းဆက်ပေးရ၊ ညစာဝယ်ကျွေးရ ဗျာများရတဲ့ ဒုက္ခတွေကို ကိုယ့်ဟာကိုယ် အသိဆုံး ပါပဲ။ နောက်မှသိရတာက ဦးမြလှိုင် အချိန်နဲ့ ပြန်ရောက်မလာတော့ စိတ်ပူတဲ့ ဒေါ်အေးမြင့်က ကျွန်မ အိမ်ကို အကျိုးအကြောင်းဖုန်းဆက်မေးတယ်ပေါ့။ ဘာမှမသိတဲ့ သမီးသူဇာက "မာမီ မရှိဘူး၊ မြန်မာအသင်း အစည်းအဝေး ကိုသွားတယ်"လို့ ဖြေလိုက်ပါတယ်။
အစည်းအဝေး ရှိရာကို ဒေါ်အေးမြင့်က ဖုန်းဆက်ပြီး "ဒေါ်ခင်မ်ြကီးနဲ့ ဦးမြလှိုင်ရှိလား" မေးလိုက်တာကြောင့် ကျွန်မကိုဝိုင်း စ ချင်စရာသတင်း တစ်ခု ဖြစ်သွားရခြင်းပါပဲ။ ကျွန်မရဲ့ ဘွားလေးပြောနေကျ "ငါ့မြေး ခင်မကြီး လုပ်လိုက် ရင် အကြောင်းကြောင်းချည်းပဲ"ဆိုတဲ့ အတိုင်းပါပဲနော်။
ဒီလိုနဲ့ ဦးမြလှိုင်တို့လည်း ဖလော်ရီဒါမှာ တစ်နှစ်လောက်နေပြီး သမီးယမင်းနဲ့ နီးရာ ကယ်လီဖိုးနီးယား ကို ပြောင်းသွားကြပါတယ်။ အဲဒီအချိန် သားရွှေစင်လုပ်နေတဲ့ Bendix Aerospace ကလည်း ကင်စစ္စမြို့ကို ကုမ္ပဏီ တစ်ခုလုံး ပြောင်းရွှေ့ ဖို့ အစီအစဉ်တွေ ဖြစ်လာတာကြောင့် သာူးကမပြောလိုတာနဲ့ တခြား အလုပ်တစ်ခု ရှာလိုက်တော့ Siemens ကုမ္ပဏီမှာ အလွယ်တကူ ရလို့ အဆင်ပြေသွားပါတယ်။
အငယ်ဆုံးသား အိန္ဒာလည်း ဒီနှစ်ထဲမှာပဲ ကျောင်းပြီးလေတော့ အားလုံးသော သားသမီး တွေ အတွက် ကြောင့်ကြစရာ မရှိတော့ပါဘူး။ အိန္ဒာက ဆေးကုသမှု အာမခံကုမ္ပဏီကြီး တစ်ခုမှာ အလုပ် ရပါတယ်။ အလုပ်နဲ့အိမ်က အလှမ်းဝေးတာနဲ့ အလုပ်နဲ့နီးတဲ့ နေရာမှာ အိမ်ရှာပြီးပြောင်းသွားတော့ အိမ်မှာ ကျွန်မတို့ သားအမိသုံးယောက်ပဲ ကျန်ရစ်ခဲ့လေရဲ့။ အထွေးဆုံးသားမို့ ခွဲခွာခါစကတော့ သားကိုလွမ်းတဲ့ စိတ်နဲ့ မနေတတ်မထိုင်တတ်ပါပဲ။ ကိုယ့်ပညာ၊ ကိုယ့်အလုပ်အကိုင်၊ ကိုယ့်အိုး ကိုယ့်အိမ်နဲ့ အခြေတကျဖြစ်သွားတာမို့ မိခင် တစ်ယောက်အနေနဲ့ ၀မ်းသာဂုဏ်ယူကျေနပ်ကြည်နူးတဲ့ စိတ်ကို အလေးပေးပြီး ဖြေ ယူရ တယ်ပေါ့။
ဘာလိုလိုနဲ့ ရက်တွေ လတွေကုန်လာလိုက်တာ ကျွန်မရဲ့မြေး "ခန့်စန္ဒီ"တောင် Terribe Two လို့ခေါ် တဲ့ ပြောရ ဆိုရခက်တဲ့ ဘာမဆိုစူးစမ်းချင်တဲ့ နှစ်နှစ်ကျော်အရွယ် ရောက်လာ ပါပြီ။ သူ့ကိုထိန်းပေးတဲ့ ကလေးမ က ပြင်သစ်အမျိုးသမီးမို့ သူလည်းပြင်သစ်လို ကောင်းကောင်းပြောတတ်နေပြီလေ။ မြေးအငယ် "ခန့်သိဟ" ကိုတော့ Mrs Neilဆိုတဲ့ အမေရိကန် အဘွားကြီးတစ်ယောက်က ထိန်းပေးပါတယ်။ သူ့တာဝန် နဲ့သူ အဆင်ချော နေရာက ပြင်သစ်မလေး ရွှန်တဲလ်က သူ့တိုင်းပြည်ကို ပြန်ရဖို့ ကိစ္စတစ်ခုပေါ်လပါရော။
Mrs Neilကလည်း မကြာခဏ ခါးနာတတ်သူမို့ ကလေးနှစ်ယောက်ကို သူတစ်ယောက် တည်းတာဝန် မယူနိုင်လေးဘူးပေါ့။ ဒီတော့ ကျွန်မတို့ နောက်ထပ်အဖော်တစ်ယောက်ရှာ ဖို့စဉ်းစား ရပါတယ်။ ပြင်သစ်မလေးနဲ့နေတော့ ပြင်းသစ်စကား တတ်သလို မြန်မာအဖော နဲ့နေရရင် ကျွန်မ မြေးမလေးတွေ မြန်မာစကားကောင်းကောင်း တတ်မှာပဲ ဆိုတဲ့ အတွေး နဲ့မြန်မာပြည်မှ ကျန်ခဲ့တဲ့ ကျွန်မ ရဲ့ မွေးစားသမီး "အေးကြည်မ"ကို အမေးရိကား နှစ်နှစ် လောက်လာနေပြီး ကူပေးမလားလို့ လှမ်းမေးရ ပါတယ်။
ပြောသာပြောရတာ။ အေးကြည်မက သူ့အိုးသူ့အိမ်၊ သူ့သားသမီး၊ သူ့ကိုယ်ပိုင် လုပ်ငန်း တွေ နဲ့ မြန်မာပြည်မှာ အခြေတကျ ကြီးပွားချမ်းသာနေသူပါ။ သူကသဘောတူ လက်ခံ ရင် တောင်ငွေကြေး အတွက် မဟုတ်ဘဲ ကျွန်မတို့မိသားစု လိုအပ်ချက်တွေကို ဖြည့် ဆည်းပေးလိုတဲ့ စေတနာသက်သက်နဲ့သာ လာမဲ့ သဘောရှိပါတယ်။ သူ့ဆီကို အကျိုးအ ကြောင်းစာရေးလိုက်တာနဲ့ လွယ်လွယ်ကူကူ လာမဲ့မယ် ဆိုတာ အကြောင်းပြန်လာပါလေ ရော။
ဒါပေမဲ့ သေချာအောင် သူ့ကိုဒီမှာ ရင်ဆိုင်ရမဲ့ ပြဿနာတွေကို အသေးစိတ်ရေးပြောရပါ သေးတယ်။ ဖလော်ရီဒါ မှာ မြန်မာတွေရှိတယ်ဆိုပေမဲ့ နေ့စဉ် မြန်မာပြည်မှာလို တွေ့ဆုံနေ ကြတာမဟုတ်ဘူး။ တစ်လမှ တစ်ကြိမ်၊ နှစ်ကြိမ် ဆုံဖြစ်ကြတာမျိုးမို့ ကိုယ့်မိသားစု ကလွဲ ပြီး မြန်မာစကားပြောစရာ မရှိတာကြောင့် ပျင်းနိုင်တာရော၊ မြန်မာပြည်နဲ့နီးနီးနားနားခရီး မဟုတ်တာကြောင့် တစ်လ တစ်ခါ၊ ခြောက်လ တစ်ခါ "မာမီရေ အိမ်လွမ်းတယ်၊ ပြန်လိုက်ဦး မယ်"ဆိုတာမျိုးလည်း မဖြစ်နိုင်လို့ တကယ်ခေတ္တ ခွဲနိုင်မှ လာခဲ့ဖို့ ရေးပြရပါတယ်။
အဲဒီတုန်းကတော့ လာချင်ဇောကသန်နေလို့ ကောင်းပြီကောင်းရဲ့ပါပဲ။ ဒါနဲ့အားလုံးသော စာရွက်စာတမ်းတွေ လုပ်ဖို့ရော၊ လေယာဉ်လက်မှတ်ပို့ဖိုရော စတင်လှုပ်ရှားပြီး ပို့လိုက် တယ်ပေါ့။ ကျွန်မသမီး "အေးကြည်မ"က အမေရိကားကို တစ်ယောက်တည်းသာ လာမှာ နော်။ အင်္ဂလိပ်စကား တစ်လုံး မှ မတတ်တဲ့အပြင် မြန်မာစာလည်း တစ်လုံးမှ မရေးတတ်၊ မဖတ်တတ်ပါဘူး။ သူ့လက်မှတ်ကိုတောင် ကြက်ခြေ ပဲ ခတ်တတ်တာမို့ ကျွန်မရဲ့ သူငယ် ချင်းလှလှမြင့် က နိုင်ငံကူး လက်မှတ် လျှောက်တာကအစ ပြည်ဝင်ခွင့် ဗီဇာရဖို့အဆုံး အကုန် လိုက်လုပ်ပေးရတဲ့အပြင် ကြက်ခြေခတ် နဲ့ နိုင်ငံကူးလက်မှတ် ထုတ်မရမှာကြောင့် "အေးကြည်"ဆိုတဲ့ သူ့နာမည်တစ်လုံးရေးတတ်ဖို့ တစ်ပတ်လောက် အိမ်ခေါ်ပြီး လေ့ကျင့်ပေး လိုက်ရသေးတာတဲ့လေ။
ဒီလိုနဲ့ သတ္တိကောင်းတဲ့ အေးကြည်မ လေယာဉ်သုံးတန် ပြောင်းစီးပြီး မန္တလေးကနေ ဖလော်ရီဒါ ကို ချောမောစွာ ရောက်ရှိလာလေရဲ့။ သူ့တစ်ယောက်တည်း စွမ်းဆောင်ချက် နဲ့တော့ မဟုတ်ပါ ဘူး။ ဒေါ်လှလှမြင့်ရဲ့သား ဒေါက်တာစိုးတင့်က ကတ်ပြားတစ်ခုမှာ စာရေး ပေးလိုက်ပါတယ်။ ကျွန်မ အင်္ဂလိပ်စကား မတတ်ပါ။ ကျွန်မကို ကူညီပါ လို့ အင်္ဂလိပ်လို ရေးပေးပြီး လေယာဉ်မယ်ကို ပြဖို့ မှာကြားလိုက် ပါတယ်။ လေယာဉ်မယ်များက ခရီးသည် များရဲ့လိုအပ်ချက်ကိုသိရင် လေးစားစွာနဲ့ လိုအပ် သမျှ အစအဆုံး ကူညီဖို့ ၀န်မလေးတတ် ကြပါဘူး။
အဲဒီနေ့က လေဆိပ်က သွားကြိုလာခဲ့တော့ လေယာဉ်မူးပြီး ကားပေါ်မှာ တဝေါ့ဝေါ့အန် လာတာ ကား တစ်စီးလုံး အံဖတ်နဲ့အပြည့် မနည်းဆေးကြောယူရပါတယ်။ ဒေါ်လှလှမြင့် ကကျွန်မအတွက်လက်ဆောင် ထည့်ပေးလိုက် တဲ့ ငွေထည်ပစ္စည်းတွေပါတဲ့ လက်ဆွဲအိတ် တစ်လုံးလည်း LAအထွက် Scan လုပ်တဲ့နေရာမှာ ပြန်ကောက်ခဲ့ဖို့ မေ့လာလို့ ပါမလာဘဲ ပျောက်ပါလေရော။ ဘာပဲဖြစ်ဖြစ် လူရောက် လာတာပဲ ကျေးဇူးတင်ပါသေးတယ်။ အိမ်ရောက် တော့ခရီးလည်းပန်း၊ လေယာဉ်မူးလာတဲ့အရှိန် မပြေသေး တာကြောင့် အစာ များများမစားနိုင်ဘဲ စွပ်ပြုတ်ပူပူတစ်ခွက် တိုက်ပြီး စောစောအိပ်ရာဝင်ခိုင်းရပါတယ်။
နောက်တစ်နေ့ မနက် ကျွန်မဘုရားရေတော်၊ ဆွမ်းတော်ကပ်ဖို့ မီးဖိုချောင်ထဲ မှာ ပြင်ဆင် နေဆဲ အနားရောက်လာနာနဲ့ "ဘယ်လိုလဲ အေးကြည်မ၊ ညက ကောင်းကောင်အိပ်ရရဲ့ လား"မေးတော့...
"ကျွန်တော် ညက တစ်ရေးမှ မအိပ်ရဘူးမာမီ။ ဒီအိမ်မှာသရဲရှိတာ မာမီမသိဘူးလား။ ကျွန်တော် တစ်ညလုံး ခေါင်းမြီးခြုံထားရတာ အပေါ့သွားချင်တာတောင် မထရဲ့လို့ မသွားရ ဘူး"တဲ့။
ဒီအိမ် မှာ ဆယ်နှစ်ကျော်နေလာတာ ဘာသံမှမကြားရပါဘဲနဲ့ အေးကြည်မရောက်မှ သရဲ ခြောက်တယ် ဆိုတော့ အံ့သြရပါတယ်။ နေပါဦး။ သရဲကဘယ်လိုခြောက်တာလဲ မေးကြည့် တော့...
"စက်ကြီး ကို လူမရှိဘဲနဲ့ ပိတ်ချည်ဖွင့်ချည် လုပ်နေတာ တစ်ညလုံးပဲ မာမီရဲ့"
"ဘာစက်ကြီးလဲ"
"ဟို လေအေးတွေ ထွက်တဲ့စက်လေ"
ဒီတော့မှ ကျွန်မရယ်မိတော့တယ်။ အဲဒါ သရဲခြောက်တာမဟုတ်ပါဘူး ဟယ်။ မီးပါဝါ သက်သာအောင် အလိုအလျောက် ဖွင့်ဖို့ ပိတ်ဖို့ အော်တိုမစ်တစ်ခလုတ်မှာ ဖွင့်ထားတာလို့ သူ့ကိုမနည်းရှင်းပြရပါတယ်။ တစ်ပတ်လောက်နေတော့ အေးကြည်မ လည်းအမေရိကားက စက်တွေနဲ့ တဖြည်းဖြည်း ယဉ်ပါးသွားလေရဲ့။ သမီးကေသီအိမ် ရောက်ပြီးတစ်လကျော်ကျော်လောက်ရှိတော့ တစ်နေ့ကျွန်မ ကားပေါ်ပါလာရင်း...
"မာမီ့ကား အဲကွန်းကလည်းမအေးဘူး။ ခလုတ်ကိုမြှင့်လိုက်ပါဦး။ ကျွန်တော်တို့အိမ်က ကားဆို တက်လိုက်တာ နဲ့ တစ်ခါတည်း အေးသွားတာ"တဲ့။
"ဟဲ့... ကားအမျိုးအစားကိုလည်း ထည့်ပြောပါဦး။ ဒီကားစီးရင် ဒါလောက်ပဲအေးနိုင်မယ် အမိ" လို့ပြောရပါတယ်။ အေးကြည်မက တစ်လနဲ့ လူလည်ကျ သွားတာအတွက် လည်း ပြုံး ရပါတယ်။ ဒီလိုနဲ့ အေးကြည်မလည်း အမေရိကားမှာ နေသားတကျရှိလာပါရော။ ကျွန်မ ရဲ့မြေး "ခန့်သီဟ" လည်း တစ်နှစ်သားအရွယ်ရောက်လာပြီဖို့ ငယ်ငယ်ကလောက် ကရိက ထမများတော့ပါဘူး။
ဒီအချိန်မှာ ခရီးသွားအလွန်ဝါသနာပါတဲ့ သမီးကေသီက ရောဂါထလာလေရဲ့။ တစ်ဦးစ နှစ်ဦးစမြန်မာပြည် ကို ပြန်ခွင့်ရတယ်ဆိုတဲ့ သတင်းကြားလာတာနဲ့ မြန်မာပြန်နဲ့ ထိုင်းနိုင် ငံကိုသွားလည်ဖို့ စဉ်းစားပါတော့ တယ်။ သူနဲ့ကျောင်းနေဖက်သူငယ်ချင်း မေရီကလည်း စိတ်တူကိုယ်တူမို့ သူတို့သားအမိလည်း လိုက်ကြမယ်ပေါ့။ အစီအစဉ်တွေလုပ်ပြီး မြန်မာသံရုံးကို ပြည်ဝင်ခွင့် ဗီဇာလျှောက်ဖို့ မေးကြည့်တော့ လူတိုင်းကို ပေးတာမဟုတ် ဘူး။ အရေးပေါ်ကိစ္စမျိုးနဲ့မှ ဗီဇာထုတ်ပေးကြောင်း သိရပါတယ်။
ဒါနဲ့မြန်မာပြည်အစား ထိုင်းနိုင်င့နဲ့ ဖိလစ်ပိုင်နိုင်ငံကို သွားလည်ဖို့ ရွေးချယ်ပြီး ၁၉၈၉ ခုနှစ်၊ သြဂုတ်လမှာ သမီးကေသီ နဲ့ ကျွန်မ ခရီးထွက်ဖြစ်ကြပါရော။ ဖြစ်ချင်တော့ကျွန်မ ခရီးမထွက်ခင် သုံးလေးရက်အလိုမှာ ဦးမြလှိုင် ရဲ့တူမ ဒေါက်တာခင်လက်ျာက UNမှာ အ လုပ်ရတာနဲ့ အမေရိကား ခေတ္တရောက်နေခိုက် သူရဲ့ ၀မ်းကွဲမောင် ညီမတွေကို လာတွေ့ ချင်လို့ဆိုပြီး ဖုန်းဆက်လာပါတယ်။ ကျွန်မ မရှိပေမဲ့ အိမ်မှာ သားရွှေစင်နဲ့ သမီးငယ်သူဇာ နှစ်ယောက်ရှိနေမှာမို့ လာခဲ့ဖို့ ပြောလိုက်ပါတယ်။ သားရွှေစင်ကလည်း သူ့အစ်မ ကို ပြန် တွေ့ရမှာမို့ ပျော်လို့ပေါ့။
ထိုင်းနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံ ခရီးစဉ်က ဥရောပနဲ့ မက္ကဆီကိုနိုင်ငံကို သွားခဲ့ရတဲ့ ခရီးထက် ပိုပျော်ပါတယ်။ အထူးသဖြင့် အရှေ့တိုင်း အစားအသောက်မျိုးစုံကို ခံတွင်းတွေ့ကြတဲ့ အ ပြင်အရှေ့တိုင်း ယဉ်ကျေးမှု ကတည်း တူတာမို့ ကိုယ့်တိုင်းပြည်ကို ပြန်ရောက်နေတဲ့အ တိုင်းပါပဲ။ တန်ဖိုးကြီးမြဘုရား ကို ဖူးမြော်ခွင့် ကြုံရတဲ့နေ့ကဆို ကြည်နူးပီတိဖြစ်ရတာ ပြောမပြနိုင်အောင်ပါပဲ။ နောက်နေ့တွေမှာလည်း တန်ခိုးကြီး ဘုရားတွေကို မြန်မာမိတ်ဆွေ တစ်ဦးကတာဝန်ယူပြီး လိုက်ပို့ပေးတာနဲ့ ဘုရားတွေစုံအောင် ဖူးမြော်ခွင့် ရခဲ့ပါတယ်။
ရွှေစင်အတိပြီးတဲ့ဆင်းတုတော်ကြီး မြေကြီးထဲမြှုပ်ဝှက်ထားခဲ့ရတဲ့ ဘုရားရော၊ ဧရာမ လျောင်းတော်မူ ဆင်းတုတော်ကြီးရော ခုထက်ထိ စိတ်အာရုံမှာအမှတ်တရ ရှိနေဆဲပါပဲ။ Floating Marketခေါ်တဲ့ လှေတွေနဲ့ ကုန်တင်ပြီးရောင်းချ တဲ့ ရေပေါ်ဈေးကတည်း ပျော်စရာကြီး။ တစ်ခုဆိုးတာက မတန်တဆ ဈေးဆစ် ရတဲ့ကိစ္စပါပဲ။ ပိုက်ဆံအိတ်တစ်လုံး ကိုဘတ်ငွေ ၁၅၀၀ ဆိုတော့ ကျွန်မသမီးကေသီက ဘတ် ၁၀၀၀ဆစ်ပြီး တစ်ယောက် တစ် လုံးဝယ်လာခဲ့ပါတယ်။ ကိုယ့်ကိုယ့်တော့ ဟုတ်လှပြီထင်နေကြတာ ဟိုတယ်ရောက် လို့ မေရီက ဘတ် ၂၀၀နဲ့ ဆစ်ဝယ်လာတယ် ပြောပြမှ ကိုယ့်ညံ့တာသိရပါတော့တယ်။
ဘန်ကောက်မြို့မှာ တစ်ပတ်ကြာ နေဖြစ်တာမို့ ဘုရားတွေဖူးရတာအပြင်ဘုရင့် နန်းတော် တို့၊ ဂျင်သော်မဆင်ရဲ့ ပိုးထည်ဆိုင်နဲ့ ပြခန်းလုပ်ထားတဲ့အိမ်တို့ စုံအောင် လည်း ရောက် ဖြစ် တယ်ပေါ့။ ပြီးမှာဇင်းမယ်ကို ခရီးဆက်ကြပါတယ်။ ဇင်းမယ်ကိုရောက်တော့ ကျွန်မ မန္တလေးမြို့ ကို အရမ်းလွမ်းသွားတာပဲ။ ဇင်းမယ်နဲ့ မန္တလေး တော်တော်တူပါတယ်။
ဇင်းမယ်က ဆိုင်တိုင်းမှာ မြန်မာငွေချည်ထိုးတွေ၊ ယွန်းထည်တွေ၊ ပန်းပုရုပ်မျိုးစုံတွေ၊ ဘုရား ဆင်းတုတော်တွေ အပြည့် မြင်တွေ့ရတော့ ရင်ထဲမှာမကောင်းလိုက်တာ။ မှန်သော မမှန်သော နည်းမျိုးစုံနဲ့ ဒီဘက်မှာဈေးကွက်ရနေတာကတော့ မြင်ရသူအဖို့ စိတ်မချမ်းမြေ့ ဖွယ်ရာပါပဲနော်။ နာမည်ကြီးတြိဂံနယ်မြေ ကို လည်း ရောက်ကြပါသေးတယ်။ အဲဒီကနေ ကရင်နီရွာကလေးတွေဝင်ပြီး ဂျက်ခုတ် ရက်ကန်းလုပ်ငန်းတွေကို မေရီတို့သားအမိ မြင် ဖူးအောင်ဝင်ပြတော့ သူတို့ကစိတ်ဝင်စားလို့ တစ်ရွာလုံး ကလေးတွေ ကျွန်မတို့ကို မျောက်ပွဲလို ၀ိုင်းလာကြည့်ကြတာနဲ့ အခွင့်ကောင်းကြုံခိုက်သ မီးကေသီ က ပါလာတဲ့ ဘတ်ငွေတွေ ဝေပေးလိုက်တာ ပျော်ကြလွန်းလို့ ရယ်မော ဆူညံသွားတော့တာပါပဲ။
ဇင်းမယ် မှာသုံးလေးရက်လည်ပြီး ဘန်ကောက်ပြန်ရောက်တော့ ဈေးဝယ်ထွက်ပြီးတာနဲ့ ဖိလစ်ဖိုင်၊ မနီလာမြို့ ကို ကူးခဲ့ကြပါရော။ မနီလာမှာ မိတ်ဆွေရင်းစန္ဒာခင်က နေရာအနှံ့ လိုက်ပို့ပေးပါတယ်။ ရောက်ကတည်းက သမီးကေသီနဲ့မေရီက သမ္မတကတော် မစ္စစမာ ကိုးစ်ရဲ့ ဖိနပ်တွေကို ကြည့်ချင်လှချည့်ရဲ့နဲ့ စန္ဒာခင်ကို အပူတိုက်နေကြတာနဲ့ ဈေးဦးပေါက် နန်းတော် ကိုလို့ရှာပါတယ်။ အဲဒီနေ့ကလည်း မိုးကြီးသည်းထန်စွာရွာလို့ ဇွဲမလျှော့ဘဲ မိုးရေထဲမှာကို နန်းတော် အရောက်သွားဖြစ်အောင်သွားလိုက်ကြသေးတယ်။
ဟုတ်လည်းဟုတ်ပါရဲ့။ သမ္မတကတော် မစ္စစမားကိုးစ်ရဲ့ ဖိနပ်တွေကလည်း စာဖွဲ့ စရာ ကောင်းလောက်အောင် ကို ထောင်နဲ့ချီရှိနေတာပါ။ တစ်နေ့တစ်ရံလဲဝတ်ရင်တောင် တစ်သက်စာ ၀တ်မကုန်နိုင်ဖြစ် မှာ သေချာပါရဲ့။ ဖိနပ်တွေတင်မဟုတ်သေးပါဘူး။ ဖိနပ်နဲ့ တွဲဖက်သုံးရတဲ့ ပိုက်ဆံအိတ်တွေလည်း အများအပြား။ ရိုးရိုးအိတ်မျိုး မထင်လေနဲ့။ ဈေးတွေ ခေါင်းခိုက်အောင်းပေးရတဲ့ ဒီဇိုနာလူဝီဗွီတောင်းတို့၊ ဂူချီတို့၊ ရှယ်နယ်လတို့ စတဲ့အိတ်မျိုးတွေလည်း တွေ့ခဲ့ရလို့ ကျွန်မတို့မှာ အံ့သြကုန်နိုင်ဖွယ် ဖြစ်ရလေတယ်ပေါ့။ ဒါတွေဟာ ပါဝါနဲ့ အာဏာရဲ့ ပြယုဂ်ကြွင်းတွေ ဆိုရင်လည်း မမှားပါဘူးနော်။
မနီလာမှာ ချမ်းသာကြွယ်ဝသူတွေကလည်း ကျိကျိတက် ချမ်းသာတာမို့ မကာတီဆိုတဲ့အရပ်မှာ ကိုယ့်ဝင်း ကိုယ့်ခြံ အိမ်ကြီးတွေနဲ့ ကိုယ်ပိုင်စောင့်ရှောက်ပေးမဲ့ ရဲအစောင့်အရှောက်နဲ့ ထည်ထည် ၀ါဝါနေနိုင်သူတွေ အများအပြားရှိသလို လမ်းဘေးမှာ ကျိုးတိုးကျဲတဲအမိုးအကာနဲ့ တဲတိုးနေကြရ တဲ့ဆင်းရဲသားတွေကလည်း ရှိနေတာမို့ လူနေမှုအတင့် အဟပ်ကွားခြားနေတာ မြင်ခဲ့ရပါတယ်။ လမ်းဆုံးလမ်းခွမှာ မီးနီးလို့ ကားရပ် ထားခိုက်မှာလည်း ကလေးငယ် များစွာက ၀ိုင်းလာပြီး ပိုက်ဆံ တောင်းကြတာလည်း ရှိရဲ့။
အဲဒီအချိန်မှာ တိုင်းပြည်ကလည်း မငြိမ်သက်တာကြောင့် လာတဲ့ပြည်ပရီး သည်တိုးရစ္စတွေကို ဟိုတယ်တွေ က အသိပေးညွှန်ကြားစာတွေ ရောက်တာနဲ့ ထုတ်ပေးပါတယ်။ နိုင်ငံကူးလက်မှတ်ပုံ တူကော်ပီပဲ မိမိနဲ့ အတူ ထားရှိပြီး မူရင်းကို ဟိုတယ်က အာမခံသေတ္တာမှာထားခဲ့ဖို့အပြင် ငွေ လည်းတစ်နေ့စာသုံးစရိတ်ပဲ ယူဆောင် ဖို့ ညွှန်ကြားပါတယ်။ တက္ကစီကအစဟိုယ်တယ်က ခေါ်ပေးတဲ့ကားကိုပဲ အသုံးပြုဖို့ အထိ ပြောတာ မို့ ကျွန်မတို့လည်း မိန်းမသားတွေ ချည်းမို့ သတိရှိ ရှိနဲ့သွားကြရပါတယ်။
အဲလို သတိရှိနေတဲ့ထဲက တစ်နေ့ဈေးကအတွက် နေ့ခင်းကြောင်တောင်အစောင့်ရဲနဲ့ မလှမ်း မကမ်းမှာပဲ ကျွန်မတို့နဲ့အတူ ပါလာတဲ့ မေရီရဲ့ ရွှေဆွဲကြိုးကို ကုပ်နေဆောင့်ဆွဲဖြတ် ယူသွားပြီး မေရီ့ ကိုတွန်းပစ် ခဲ့တာကြောင့် လမ်းပေါ်မှာ မှောက်လျက်လဲတဲ့ဒဏ်ရာနဲ့ မျက်နှာလည်းစုတ်ပြဲလို့။ ဒါတောင် ဆွဲကြိုးက အပြင် ထုတ်ဆွဲထားတာ မဟုတ်ဘဲ တီရှပ်အောက်မှာ ရှိနေတာပါ။ ကျွန်မတို့လည်း ခရီးသွားအတွေ့အကြုံ စုံအောင် ရလာခဲ့ကြတယ် ဆိုပါတော့။
သမီးကေသီ လည်း အိမ်ပြန်ရောက်တော့ အေးကြည်မနဲ့ Mr5s Neilတို့တစ်တွေရဲ့ အစောင့် အရှောက်နဲ့ အားလုံး ကလေးတွေ ပါ အေးအေးဆေးဆေး ကျန်းကျန်းမာမာ ရှိကြပါတယ်။ ကျွန်မတို့အိမ်မှာလည်း ခင်လက်ျာ က လေးငါးရက်ကြာ မောင်နှမတွေနဲ့အတူနေပြီး ပြန်သွားတယ်တဲ့။ ဦးမြလှိုင်တို့လည်း ကယ်လီဖိုးနီးယား မှာ သမီးယမင်း နဲ့အတူ မြေးတွေနဲ့ ဆုံးပြီးပြီမို့ ပြန်ကြဖို့ စီစဉ်နေတယ်ဆိုတာ သားရွှေစင် က ပြောပြပါတယ်။ သူ့ရဲ့ပေဖူးလွှာမဂ္ဂဇင်း ကိုပစ်ထားခဲ့်ရတာလည်း ကြာနေပြီလေ။
အဖေပြန်တော့မယ် ဆိုတော့ သားသမီးတွေ စိတ်မကောင်းကြပြန်ဘူး။ အထူးသဖြင့် အဖေနဲ့ အနီးကပ် ဆုံးဖြစ်တဲ့ သားရွှေစင်က ပိုဆိုးလေတယ်ပေါ့။ ဦးမြလှိုင်အနေနဲ့လည်း သားသမီး အားလုံးကို ထားခဲ့ပြီး ပြန် သွားရမှာအတွက် ရင်နာရမှာ အမှန်ပါပဲ။ ပြန်လည် ဆုံစည်းရခြင်း က ပျော်ရွှင်ကြည်နူးစရာ ဖြစ်ပေမဲ့ ခွဲခွာရခြင်းမှန်သမျှကတော့ နှလုံးသား နာကျင်ရမြဲမို့ ကျွန်မကိုယ် ချင်းစာနိုင်ပါတယ်။
တက်ယ်ကတော့ လူသားမှန်သမျှ ကိုယ့်ခရီးစဥင်္နဲ့ကိုယ် သွားနေကြရသူတွေချည်းပါပဲ။ တစ်ဦးနဲ့တစ်ဦး ထပ်တူ ထပ်မျှ ကျတဲ့ခရီးဆိုတာ ရှာမှရှားပါ။ ကိုယ်နဲ့ခရီးကြုံတုန်းအခိုက်မှာ ဆုံဖြစ် ကြပြီးခဏကြာတော့ သူတစ်လမ်း၊ ကိုယ်တစ်လမ်းဖြစ်သွားကြတာ အများကြီး။ တစ်ခါတလေ လမ်းဆုံ လမ်းခွမှာခေတ္တ ရပ်ပြီး နှုတ်ဆက်ကြရင်း ခမ်းခွဲရသူတွေလည်းရှိရဲ့။
တခြားမကြည့်နဲ့။ တစ်မိုးအောက်တည်း မွေး၊ တစ်မိုးအောက်မှာ အတူကြီးပြင်ကြတဲ့ တစ်အူထုံ့ဆင်း ညီအစ်ကို မောင်နှမရင်းချာတွေလည်း လူးလားမြောက်လို့ လောကထဲ ခြေချရပြီဆိုတာနဲ့ ကိုယ့်ခရီးစဉ် နဲ့ကိုယ် တစ်လမ်းစီ လျှောက်ကြရတာမဟုတ်လားနော်။
ကိုယ့်ခရီးက ကြမ်းတမ်းမယ်။ ခလုတ်တံသင်းထူပြောတဲ့အပြင် ကျောက်တုံးကျောက်ခဲ လျိုမြှောင်ချောက် ကမ်းပါးတွေ ကို ကျော်လွှားဖြတ်သန်းရအောင် ခက်ခဲမယ်။ သူတစ်ပါးခရီးက ချောမောပြေပြစ်ပြီး သာယာဖြောင့်ဖြူး မယ်။ တစ်ဦးးနဲ့တစ်ဦးမတူပေမဲ့ ခရီးလမ်းတစ်ခုတိုင်း တစ်ခုတိုင်းမှာ ကိုယ် မသိမြင်နိုင် တဲ့ ကြောင်းကျိုးတရားတွေက သိနိုင်မှာပါ။
ဘယ်လိုပဲဖြစ်ဖြစ် ကောင်းကောင်းဆိုးဆိုး ဘ၀ခရီးလမ်းကိုတော့ ဆက်လက်လျှောက်နေရမှာပါပဲ။ ဦးမြလှိုင် အတွက် ခရီးဆက်ရမဲ့ မြေပုံ Map က ကမ္ဘာရဲ့တစ်ဖက်ခြမ်းမှာ ဖြစ်လေတော့ သားသမီး တွေ လျှောက်နေဆဲ လမ်း နဲ့ အလှမ်းကွာဝေးလွန်းတာအတွက် နှစ်ဦးနှစ်ဖက်နှလုံးသား နာကျင်စွာ ခံစားကြရဦး မှာတော့ သေချာ လှပါတယ်။
ရှင်တော်ဘုရားကိုယ်တိုင် က "ချစ်သောသူများနဲ့ ကွေကွင်းရခြင်း ဆင်းရဲ"ကို အဘိဏှသုတ်တော်မှာ အထင်အရှားဟောကြားထားခဲ့ တာပဲလေ။
ဆက်ရန်
.

No comments:
Post a Comment