Sunday, February 10, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၄၁)

ကျွန်မက ပြီးတာတွေပြီးခဲ့ပါပြီ။ မျက်ကွယ်ကိစ္စတွေကို ဘွာခတ်လိုက်ပါတော့မယ်လို့ခံ ယူပြီးမေတ္တာ နဲ့ လက်တွဲ ဖို့ ပြင်ဆင်ထားခါမှ ဒီဓာတ်ပုံကို မျက်ဝါးထင်ထင်မြင်ရတော့ တာလေ။ ရှုပ်ထွေးခဲ့တဲ့ ဇာတ်လမ်းတွေ ကို နိဋ္ဌိတံပြီးကျွန်မဆိပြန်လာခဲ့တာ ဖြစ်ခဲ့ရင်ဒီဓာတ် ပုံကနိုင်ငံကူးလက်မှတ်ထဲမှာ ညှပ်ပြီး ပါလာစရာ မရှိပါဘူး။ အထင်ကရ၊ အမြတ်တနိုးနဲ့ ယူလာခြင်းကိုက အခြေအနေမှန် ကို ဖော်ပြ ဖို့ သိကြားစေသက်သေညွှန်းခြင်းပဲ မဟုတ်ပါ လားနော်။
ပြန်လည် ဆုံးစည်း ရတဲ့နေ့ရဲ့ အနာတရဖြစ်တဲ့အမှတ်အသားလေးတစ်ခုပါပဲလေ။
ကို ဆက်ဖတ်ရန် ..

အပိုင်း(၄၃)

အရာခပ်သိမ်းဟာ ပြောင်းလဲခြင်းသဘောရှိတတ်ပါတယ်။
နေ့ပြီးရင်ညရောက်သလို၊ ဆောင်းပြီးရင်နွေ၊ နွေပြီးရင်မိုး၊ ရာသီတွေလည်းပြောင်းကြတာ ပါပဲနော်။ လူသားတိုင်း အသက်ရှင်နေတဲ့ ကာလမှာ ပြောင်းလဲခြင်းတွေကိုလိုလားသည်ဖြစ် စေ၊ မလိုလားသည်ဖြစ်စေ နေ့စဉ်နဲ့အမျှ ကြုံတွေ့ ရင်ဆိုင်နေရတာ လည်း ဓမ္မတာတရား တစ်ခုပါပဲ။ အခြေအနေတွေပြောင်း၊ ဆက်ဆံရေးတွေပြောင်း၊ သဘော ထားတွေပြောင်း၊ ခံယူချက်တွေပြောင်း၊ ဒါကြောင့်လည်း ရှင်တော်ဘုရားက မမြဲသောတရားတွေ ကို ဟော ကြား ဆုံးမတော်မူခဲ့တာပါ။
ကျွန်မတို့ပုထုဇဉ်လူသားတွေက ဘုရားရှင်ဟောကြားခဲ့တဲ့တရားတော်ကို အလေးအနက် နှလုံး မသွင်းနိုင်ကြဘဲ အရာရာကို တစ်သက်စာမြဲလိမ့်မယ်လို့ မိုက်မဲစွာနဲ့ဖက်တွယ်ဆုပ် ကိုင်ထားလိုတတ်ကြတဲ့အတွက် မထင်မှတ်တဲ့ အချိန်မှာ အရှိုက်ထိုးခံလိုက်ရတာမျိုးကို ကြုံလိုက်ရတော့ ခံရခက်ခြင်း နဲ့အတူ ဒေါသ လည်းထွက်မိလေ တယ်ပေါ့။

လျှောက်ခဲ့ရတဲ့ ဘ၀ခရီးတစ်ခုမှာ မှတ်တိုင်ထူလောက်အောင်ရသမြောက်သော ညတစ်ခု အဖြစ်ပြောရမလား မသိပါဘူး။ ကိုယ့်အိုးကိုယ့်အိမ် ဆိုရင်တော့လည်း ပွက်လောရိုက် အောင်ပေါက်ကွဲသွားမဲ့ ရန်ပွဲတစ်ခုဖြစ်လောက် တဲ့ ကိစ္စမှန်ပေမဲ့ သားနဲ့ချွေးမအရိပ်မှာ ခိုနေရဆဲကာလမှား အားလုံးကိုဖုံးဖုံးဖိဖိနဲ့ ဟန်မပျက် ဆက်လက်နေပြ ရပါတယ်။ တစ်နှစ် နဲ့တစ်လကြာအောင် စောင့်ဆိုင်းခဲ့ရတဲ့ကာလများရဲ့အဖြေကိုရရှိထားတဲ့ ကျွန်မရဲ့ရင်ထဲ မှာမကျေလည်မှုတွေ ကိုလည်း မျိုသိပ်ထိန်းထားရင်းပဲ ဆိုပါတော့။
ကျွန်မဟန်ဆောင်ကောင်းလို့ မာမီနဲ့တကွ သားသမီးအားလုံး ဘယ်သူမှမရိပ်မိကြပါဘူး။ ဒါကြောင့်သားကြီးက အိမ်ဝယ်ပြီးမှပြောင်းဖို့ကိစ္စတွေကို ဦးကျော်ဇောသဘောပေါက် အောင်တိုင်ပင်ဆွေးနွေးနေကြလေရဲ့။ ဦးကျော်ဇော ကလည်းသားပြောတာကို လက်ခံသ ဘောတူပါတယ်။ အိမ်ဝယ်နိုင်အောင်ဝင်ငွေပြနိုင်ဖို့ အလုပ်ကောင်းကောင်း တစ်ခု ရှိထားဖို့ လိုအပ်တဲ့အတွက် အချိန်သိပ်မဆိုင်းဘဲ အလုပ်ရှာတော့ ဘဏ်တိုက် တစ်ခုမှာအဆင်ပြေ တဲ့အလုပ်ရပါတယ်။ အိမ်ဝယ်တဲ့အခါ Down Payment ထိုက်ထိုက်တန်တန်ပေးနိုင်ဖို့ ကျွန်မ တို့နှစ်ယောက်စလုံးရတဲ့ ၀င်ငွေတွေကိုလည်း ဖဲ့ပြီးစုကြပေါ့။

ဒီကြားထဲမှာလည်း စိတ်ကြိုက်အိမ်ရွေးဖို့ Real Estateလို့ခေါ်တဲ့အိမ် အရောင်းအ၀ယ် ကုမ္ပဏီက ပွဲစားတွေ နဲ့လည်း ချိန်းပြီးအလုပ်အားချိန်လေးမှာ အိမ်တွေကိုပြေးကြည့်ရတာ လည်းလုပ်ရပါသေးတယ်။ Ocral Springs လို့ခေါ်တဲ့ သန္တာစမ်းက ဘရားဝဒ်မြို့နယ်မှာ နောက်ဆုံးတည်ဆောက်တဲ့မြို့မို့ စနစ်တကျ တည်ဆောက် ထားတဲ့ အပြင် သတ်မှတ်ထား တဲ့ဥဒပေစည်းကမ်းချက်တွေကလည် များပြားလှပါဘိပဲ။ မြို့ထဲမှာ ကုန်တင်ကား လို ကားကြီးမျိုးညအိပ်ညနေမရပ်ရ၊ လျှော်ထားတဲ့အ၀တ်တွေ အိမ်အပြင်ခြံဝင်းထဲမှာထုတ်မ လှန်းရ၊ အိမ်ရှေ့ မျက်နှာစာရှေ့မှာ ခြံစည်းရိုးမခတ်ရစတဲ့စတဲ့ မြို့တော်အလှအပပျက်ပြား စေမှာတွေကိုလည်းမလုပ်ရတာတွေလည်း ရှိပါသေး တယ်။ မြို့သစ်မို့ အရာရာကစနစ်တ ကျရှိပြီး သန့်ရှင်းလှပတဲ့ အပြင် တောင်ပိုင်း ဖလော်ရီဒါပြည်နယ် မှာ  သန္တာစမ်း အထက်တန်း ကျောင်းက ပညာရေး အဆင့်အမြင့်ဆုံး အဖြစ် နာမည်ကျော်ကြား တာကလည်း ရှိတာမို့ သားတို့လို သားသမီးရှိကြသူအများစုက ဖလော်ရီဒါကိုပြောင်းမယ်ဆိုကတည်းက ကလေးတွေရဲ့ ပညာရေး အတွက် သန္တာစမ်းကိုရွေးချယ်ကြတာပါပဲ။ ကျွန်မအဖို့တော့ ကံကောင်းထောက်မစွာ ဘာမသိညာမသိ နဲ့ ကျောင်းကောင်း ရှိတဲ့ နေရာကိုဆိုက်ဆိုက် မြိုက်မြိုက်ရောက်လာတာမို့ ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူး လို့ပဲပြောရမယ်ထင်ပါရဲ့။

အားကိုးရာ သားနဲ့နီးနီးလည်းဖြစ်စေ၊ သားသမီးတွေအတွက် ကျောင်းကောင်းကောင်း လည်းထားရစေဆိုတဲ့ စိတ်ကူး နဲ့ဈေးသက်သာတဲ့ တခြားမြို့ငယ်လေးတွေကို မစဉ်းစား တော့ဘဲ သန္တာစမ်းမှာပဲ အိမ်ဝယ်ဖို့ ဆုံးဖြတ်လိုက် ပါတယ်။ အိမ်တွေကိုလိုက်ကြည့်တော့ လည်းတော်တော်နဲ့အဆင်မပြေပါဘူး။ တချို့အိမ်တွေ ကျတော့ အခန်း ဖွဲ့စည်းပုံတွေ မကြိုက်တာနဲ့၊ ခြံဝင်းအချိုးအစားမကျတာနဲ့၊ ကြိုက်တဲ့အိမ်တွေပြန်တော့ ရပ်ကွက် စိတ် တိုင်း မကျတာနဲ့၊ စိတ်ကြိုက်ဖြစ်ပြန်တော့ ကိုယ်တတ်နိုင်တဲ့ဈေးမမီးတာနဲ့ စတဲ့ စတဲ့အ ဆင်မပြေမှုတွေကြောင့် အိမ်က တော်တော်နဲ့ရှာမရ ဖြစ်နေပါတယ်။
ဒီအချိန်မှာ ကျွန်မရဲ့အစ်ကိုလေး ဦးခင်မောင်မောင်ဆီက စာတစ်စောင်ရောက်လာပါ တယ်။သူ့ဇနီး မင်နီနေ မကောင်းလို့ လိုအပ်တဲ့ဆေးကိုတစ်နေ့တစ်နေ့လိုက်ရှာနေရတာ ကြောင့် "ဆေးလျှောက်ရှာ"လို့ တရုတ်နာမည် ကို ပြောင်းရမလားလို့တောင် စဉ်းစားနေ တယ်တဲ့။ အဲဒီစာကိုဖတ်ပြီး "အတော်ပဲ ကိုကိုလေးရေ၊ ဒီမှာခင်မကြီး လည်း တရုတ်နာ မည် "အိမ်လျှောက်ရှာ"လို့ တူတူနာမည်ပြောင်းကြတာပေါ့"လို့ ကျွန်မ စာပြန်ရေး လိုက်ပါ တယ်။ အိမ်ကတကယ်ရှာတော့ တကယ်ရှာဖြစ်နေတော့တာလေ။

"မင်းတို့ အရှေ့တိုင်းသူတွေကို အိမ်ရောင်းရတာလည်း တော်တော်ခက်ခဲတဲ့ အလုပ်ပဲ"လို့ လိုက်ပြတဲ့ပွဲစားက ညည်းညူးလေ ရဲ့။ ဟုတ်လည်းဟုတ်ပါရဲ့။ ရပ်ကွက်ကောင်းကောင်း တစ်ခုမှာ စိတ်တိုင်းကျ အိမ်ကောင်း တစ်ခု တွေ့ပါတယ်။ အထဲဝင်ကြည့်ဖို့ တံခါးလည်းဖွင့် လိုက်ပါရော၊ သရဲလိုလျှာကြီးတွဲလောင်းထုတ်ထားတဲ့ ဧရာမ ပိုစတာဓာတ်ပုံကြီး ကို တန်းမြင်လိုက်ရတာနဲ့ ကျွန်မတော်တော်စိတ်ပျက်သွားပါတယ်။ အတိတ်နိမိတ်ကို အင်မ တန်ယုံကြည်တတ် တဲ့ ကျွန်မက ဒီအိမ်ကိုစာရင်းထဲက ပယ်လိုက်ပါရော။ အိမ်ရောက်လို့ သားသမီးတွေ ကို ပြန်ပြောပြတော့ သားရွှေစင်က ကျွန်မကို ဆူလိုက်တာ။
"မာမီ ကလည်း အဲဒါ Rolling Stonesအဖွဲ့က ကြောငြာပိုစတာကြီးပဲဟာ။ ကိုယ်ကြိုက်ရင် ၀ယ်လိုက်တာ မဟုတ်ဘူး။ အဲဒီနေရာ ကနေရာကောင်း၊ Super Marketနီး၊ ရုပ်ရှင်ရုံနဲ့ လည်းတစ်လမ်းပဲ ခြားတဲ့နေရာ" တဲ့။

ကျွန်မထက်ဆိုးတဲ့ သူတွေလည်း ရှိပါသေးတယ်။ အမေရိကားမှာ (ဂ)ဂငယ်အက္ခရာပုံလမ်း တိုလေးတွေ မြို့တိုင်း မှာအများအပြားရှိပါတယ်။ အဲဒီလိုလမ်းကို Dead Endလို့ခေါ်ပါ တယ်။ ဖြတ်သွားတဲ့ ကားအသွားအလာ ရှင်းတဲ့လမ်းမျိုးမို့ သီးသီးသန့်သန့်ရှိတဲ့နေရာ ဆို ပြီးအနောက်တိုင်း သားတွေကအလွန်ကြိုက် တတ်ကြပေမဲ့ အရှေ့တိုင်းသားတွေက ဘယ် သူမှဒီနေရာမျိုးကို ၀ယ်ဖို့ စိတ်မကူးကြပါဘူး။ အများစု က ကျွန်မလိုပဲအတိတ်နိမိတ် ကောက်ပြီး Dead ကလည်းသေခြင်း၊ End ကလည်း အဆုံး ဒီစကးနှစ်ခု စလုံးက အမင်္ဂလာ စကားတွေဖြစ်နေတာကြောင့် Dead Endက အိမ်ဆိုရင် လှည့်လို့တောင် မကြည့်ကြ ဘူး တဲ့။

နောက်ပြီး အခုခေတ်စားနေ တဲ့ တရုတ်လူမျိုးရဲ့ လက်သုံးဖုန်းရွှေဆိုတာကလည်းရှိပါ သေးတယ်။ အိမ်အ၀င်ဝ တံခါးပေါက် နဲ့ နောက်ဘက်ကထွက်တဲ့တံခါးတည့်တည့် ဖြစ်နေ ရင်အဲဒီအိမ်က စီးပွား မဖြစ် ဘူး။ ရှေ့က၀င်တဲ့ငွေ နေက်ကထွက်မဲ့အတိတ်နိမိတ်မို့ မကြိုက် ကြပြန်ဘူး။ အပေါ်ထပ်ကို တက်တဲ့လှေကား က အ၀င်ဝတံခါးနဲ့တည့်နေရင်လည်း အဲဒီလို ပဲရှာသမျှအဖတ်မတင် ဘဲ ငွေထွက်မဲ့နိမိတ်တဲ့။ အဲလိုမျိုး အကြောင်းအရာ များစွာ ကို ဖုန်းရွှေ စာအုပ်ထဲမှာ ရေးထားတာပါ။ အင်္ဂလိပ်လိုဘာသာပြန်ပြီးလည်း ထုတ်ထား ပါသေးတယ်။
အခုတော့ အမေရိကားမှာအခြေချတဲ့ အရှေ့တိုင်းသားများစွာ ရှိလာပြီမို့ အိမ်မြေအရောင်း အ၀ယ်ဈေးကွက်က လူတွေလည်း မျက်စိပွင့်လာကြပါပြီ။ ရောင်းဖို့ရပ်ကွက်တည်၊ အိမ် တွေဆောက်ပြီဆိုကတည်းက အနောက်တိုင်း သားကြိုက် ပုံစံတင်မဟုတ်တော့ဘဲ တရုတ် ရှေးလူကြီးများလက်ခံကျင့်သုံးခဲ့တဲ့ ဖုန်းရွှေရဲ့ စည်းကမ်းတွေ နဲ့လည်း အခက်အခဲသိပ်မရှိ တော့ပါဘူး။ ဖုန်းရွှေစာအုပ်က ဘယ်လောက် လွှမ်းမိုးလဲ ဆိုရင်အခုအနောက်တိုင်းသား တော်တော်များများကပါ ယုံကြည်ပြီး လိုက်နာကျင့်သုံးနေတာ တွေ့ရပါတယ်။

တစ်နေ့ကပဲ ကျွန်မရဲ့သမီး ကေသီနဲ့ကပ်လျက်အိမ်က အိမ်နီးချင်း ခရစ္စတီနာက ကျွန်မ ကားကေသီ့ အိမ်ရှေကထိုးဆိုက်တာလည်း မြင်ရော အပြေးကလေးရောက်လာပြီး...
"ကျွန်မအိမ် ကို လာဝင်ကြည့်ပါဦး၊ လှေကားက တံခါးဝကိုဦးတိုက်နေလို့ ဖုန်းရွှေအရ လာဘ်မကောင်းဘူး လို့ ပြောတယ်၊ အဲဒါကျွန်မ လှေကားနေရာပြင်မလို့ ဘယ်လိုသ ဘောရလဲဟင်"တဲ့။ ကျွန်မကိုအရှေ့တိုင်းသူမို့ လူတတ်ကြီးဖြစ် လိမ့်မယ်ထင်ပြီး လာမေး နေလေရဲ့။
နောက်တစ်အိမ် က မိတ်ဆွေကျတော့လည်း ရယ်ရတယ်။ အိမ်သာကမုတ် နောက်ခုံပေါ်မှာ ပေါက်ပေါက်ပွင့် (Pop Corn)တွေ ဖောက်ပြီးတောင်းကြီး နဲ့ အပြည့်ထည့်၊ ဖဲကြိုးရောင်စုံ တွေနဲ့လှလှပပဆင်ပြီး တင်ထားလေ ရဲ့။ စားသောက် တဲ့ Pop Corn က အိမ်သာ ထဲမှာ မဆီ မဆိုင်ရောက်နေတာမို့ မနေနိုင်ဘဲ "အဲဒါဘာလုပ်ထား တာလဲ" လို့ မေးကြည့်တော့...
"ဖုန်းရွှေ အရ ယတြာချေထားတာတဲ့လေ"တဲ့။

အိမ်သာက နေရာ မှားနေတာ ပြန်ပြောင်းလို့ကလည်းမဖြစ်။ အိမ်သာကို သုံးတိုင်းရေ ဆွဲချ နေရတာကြောင့် အောက် ကို ကျသွားတဲ့သဘော ရှိနေတာကို တန်ပြန်ဆန့်ကျင်ဘက် အရ ဖောက် လိုက်ရင် အပေါ်တက်ပေါက်လေ့ရှိတဲ့ ပေါက်ပေါက်ပွင့်ကို ထားပြီးယတြာချေရတာ ဆိုတဲ့ အကြောင်း သေသေချာချာရှင်းပြမှ ကျွန်မလည်းသူ့စကားနားထောင်ပြီးပြုံးရပါသေး တယ်။ မြန်မာပြည် မှာမင်္ဂလာယူတဲ့ ပေါက်ပေါက်ပွင့်ကလည်း ဖုန်းရွှေအရအမေရိကားမှာ အိမ်သာ ထဲရောက်လိုရောက်။ ကြုံရတဲ့အဖြစ်များက စုံလေရဲ့ဆိုတဲ့အထဲကပါပဲနော်။ တကယ်တော့ လူမျိုးပဲကွဲကွဲ၊ ဘာသာပဲခြားခြား လူးသားဟာ လူသားပါပဲ။ အတွင်းစိတ် သန္တာန်မှာ ခံစားမှုတွေကတော့ ထပ်တူပါပဲ။

ကျွန်မတို့လည်း အိမ်ပေါင်းစုံ၊ ရပ်ကွက်ပေါင်းစုံ လိုက်ကြည့်ရွေးပြီးမှ အသစ်စက်စက် ဆောက်ပြီးခါစ အိမ်တစ်လုံး ကို ရွေးဖြစ်သွားပါတော့တယ်။ သားတို့အိမ် နဲ့ ငါးမိုင်လောက် ဝေးပြီး အထက်တန်းကျောင်း နဲ့ နှစ်မိုင် ၀န်းကျင်အတွင်းဖြစ်လို့ ကလေးတွေအတွက်လည်း အဆင်ပြေလေ တယ်ပေါ့။ စိတ်ကြိုက် အိမ်ရွေးပြီးတော့ လည်း ကိုယ်နိုင်တဲ့ငွေ အတွင်းဖြစ်ဖို့ ကရှိသေးတယ်။ ကံကောင်းထောက်မစွာနဲ့ ကျွန်မ တို့ နိုင်မဲ့ငွေ အတွင်း ဈေးဆစ်လို့ရတာ ကြောင့်အိမ်ကိစ္စအဆင်ပြေသွားပါတယ်။

အဆင်ပြေတယ် ဆိုပေမဲ့ ဖြတ်သန်းရမဲ့အဆင့်တွေက အများကြီးကျန်ပါသေးတယ်။ မြန်မာ ပြည်မှာလို့ "ရော့ပတ္တမြား၊ ရော့နဂါး"ဆိုတဲ့ လက်ငင်းငွေချေလိုက်ရင်ပြီးရော ဆိုတာမျိုးမ ဟုတ်ပါဘူး။ အိမ်ဝယ်ရင် အနည်းဆုံး အိမ်တန်ဖိုး ရဲ့ ဆယ်ရာခိုင်နှုန်း ကို ကိုယ်ကအရင်ပေးရ ပါတယ်။ အဲဒီငွေကို Escrowကုမ္ပဏီက အရောင်းအ၀ယ် မပြီးပြတ် မချင်း ထိန်းသိမ်းထား ပေးပါတယ်။
ကျန်ပေးရန်ရှိငွေ ကို ဘဏ်တိုက်မှာဝယ်လိုသူက အချက်အလက်တွေတင်ပြပြီးချေးရတာပါ။ မြန်မာပြည်က ဘဏ်တွေ လို စိန်ရွှေလက်ဝတ်ရတနာ စသည်တွေကိုဒီကဘဏ်တိုက်တွေ ကလက်ခံပြီးငွေမချေးပါဘူး။ လူတစ်ယောက် ကိုငွေချေးမယ် ဆိုရင် သူရဲ့Credit Line ကောင်း၏ မကောင်း၏နံပါတ်တစ် စစ်ဆေးတာမို့ ဒီနိုင်ငံမှာငွေကြေး နဲ့ ပတ်သက်ပြီး အစွန်းအထင်းမရှိဘဲ နာမည်ကောင်းရှိထားဖို့ သိပ်အရေးကြီးပါတယ်။

အဲဒီလို နာမည်ကောင်းတစ်ခုတည်းရှိရုံနဲ့လည်း မလုံလောက်သေးပါဘူး။ ငွေချေးလိုသူရဲ့ ၀င်ငွေပေါ်မှာလည်း တွက်သေးတာပါ။ ခိုင်မာတဲ့ အလုပ်အကိုင်ဝင်ငွေရှိသူလား၊ အဲဒီငွေနဲ့ မိသားစုစားဝတ်နေရေးကိုဘယ်လောက် တာဝန်ယူထား ရသလဲ။ ၀င်ငွေနဲ့ကုန်ကျငွေမမျှ တဘူး ဆိုရင် လည်း ငွေချေးလို့ မရနိုင်ပြန် ပါဘူး။ ငွေချေးမဲ့ဘဏ်တိုက်တွေကလည်း သူတို့ ချေးငှါးလိုက်ရမဲ့ငွေအတွက် လုံခြုံမှု ရှိဖို့ နှစ်ရှည် စီမံကိန်းတွေနဲ့ တွက်ပြီးတွက်ချက်ရသူ၊ ရာဇ၀င် အထောက် အထားတွေ လေ့လာ စစ်ဆေးရမှာ ဖြစ်တဲ့ အတွက် လျှောက်လွှာတင် ထားပြီးတဲ့ နောက်အဆုံးအဖြတ်ပေးတဲ့အဖြေကို အထိုက်အလျောက် စောင့်ရပါသေး တယ်။

ကိုယ်ဝယ်မဲ့အိမ်ရဲ့ တန်ဈေး မှန် မမှန်ဖြစ်ဖို့လည်း ဘဏ်တိုက်က ရာဖြတ်အရာရှိက လာ ကြည့်ပြီးဈေးဖြတ် ပါတယ်။ ငွေရှင်ကြေးရှင်းများပီပီအားလုံး ချည်ပြီးတုပ်ပြီး လုပ်ပြီး အရာရာ သေချာ ခိုင်မာမှ ပဲ ငွေကို ထုတ်ချေးတာမျိုးပါ။ အဲဒီလိုအပ်ချက်တွေ ပြီးတဲ့အထိ ကျွန်မတို့ လည်းသားရဲ့ အိမ်မှာနေ ရင်း စောင့်နေရဆဲဆိုပါတော့။ ကိုယ့်အိုးကိုယ့်အိမ်နဲ့ အခြေတကျ ဖြစ်ခါနီးပြီမို့ မြန်မာပြည်မှာကျန်ခဲ့တဲ့ သား ကိုဇာနည် ကိုလည်း စာမေးပွဲပြီးရင် အမေရိကား လိုက်လာခဲ့ဖို့အစီအစဉ်တွေ စလုပ်ခိုင်းထားပါပြီ။ ဒီလိုနဲ့အမေရိကား မှာ ပျော်တယ် မဟုတ် ပေမဲ့သွားတတ် လာတတ်၊ လုပ်တတ် ကိုင်းတတ် နဲ့ နေသား တကျလေး ရှိစပြုပြီလို့ပြောရ ပါမယ်။

အဲဒီအချိန်က ဖလော်ရီဒါမှာ မြန်မာမိသားစုရယ်လို့ များများစားစားမရှိသေးပါဘူး။ လက်ချိုး ရေတွက်လို့ရတဲ့ အရေအတွက်လောက်ပဲ ရှိတာပါ။ ရှိနေတဲ့ မြန်မာချင်းကလည်း တစ်ဦးနဲ့တစ်ဦး ရှိမှန်းမသိကြတော့ မဆက်သွယ် မိကြတာလည်း ပါတယ်ပေါ့။ သားကြီး ခင်မောင်ဝန်းခန့်ရောက်ခါစ ဖလော်ရီဒါမှာ သူတစ်ဦး တည်း မြန်မာရှိတာလို့ ထင်နေခဲ့တာ တဲ့လေ။ ဆရာဝန်စာရေးဆရာ ဒေါက်တာမောင်မောင်ညိုတို့အဖွဲ့ အမေရိကား သွားမယ် သတင်းကြားတော့ ကျွန်မက အမေရိကားရောက်ခါစဖြစ်တဲ့ သမီးယမင်းအတွက် လူကြုံပါး ဖို့ ပစ္စည်းတစ်ထုပ် ဆရာမောင်မောင်ညိုနဲ့ ထည့်ပေးလိုက်ပါတယ်။ ဆရာက ကလေးအ ထူးကု ဆရာဝန်ကြီး ဒေါက်တာညွန့်လွင် အိမ်မှာ တည်းရင်း ယမင်းရဲ့လိပ်စာ ကိုပြပြီးမေး တော့ မှမြန်မာမိသားစု ရှိမှန်းသိပြီး ဆက်သွယ်မိကြတာတဲ့။

ဆရာညွန့်လွင်ကတစ်ဆင့် ဒေါက်တာနိုင်ဝင်းနဲ့ ဇနီးလဲ့လဲ့၊ ဒေါက်တာလင်းအောင်သက်နဲ့ ဇနီးဒေါက်တာ ခင်မေမြင့်၊ ဒေါက်တာအင်နီမောင်ဦးနဲ့ အန်တီဒေါ်ခင်စုတို့ကိုထပ်ပြီး ဆက် သွယ်မိပြန် ပါရော။ ဒေါက်တာမျိုးသန်း နဲ့ ဒေါက်တာရီရီမြင့်တို့ကိုတော့ ကျွန်မလာတုန်းက လူကြုံပါးပစ္စည်းတွေ ယူလာရာ က တစ်ဆင့် အဆက်အသွယ် ရသွားတာပါ။ အင်ဂျင်နီယာ ဦးခင်မောင်သန်းနဲ့ ဦးခင်မောင်သိန်း ညီအစ်ကိုနှစ်ယောက် ကျတော့ ကျွန်မရဲ့သားကြီးတို့ အိမ်မှာပါတီတစ်ခုလုပ်တဲ့အခါ လာတဲ့အိန္ဒိယလူမျိုး အင်ဂျင်နီယာ တစ်ဦးက သူနဲ့အတူ တင်းနစ်ကစားတဲ့ မြန်မာညီအစ်ကို ရှိတယ်လို့ ပြောပြရာက စပ်မိပြီး တယ်လီဖုန်းနံပါတ် တောင်းထားဆက်သွယ်လိုကတာလို့ သားကပြောပြပါတယ်။

အမေရိကားကို ရောက်နေတဲ့ မြန်မာတွေက ရှားသေးတော့ ကိုယ့်မြန်မာချင်း တွေ့ရတာကို မိုးကျနတ်တစ်ပါး တွေ့ရတဲ့အတိုင်း ၀မ်းတွေသာ၊ စိတ်လှုပ်ရှားပျော်ရွှင်ရတာ ပြောမပြ နိုင်အောင်ပါဘဲ။ တစ်ခါက သမီးကေသီစနေ တနင်္ဂနွေ အလုပ်ပိတ်ရက်မှာ အိမ်ပြန်လာပြီး ဈေးဝယ်သွားချင်တယ် ဆိုတာနဲ့ ကျွန်မနဲ့ အတူသမီး ငယ်သူဇာပါ လိုက်သွားလေတယ် ပေါ့။ သူတိုကညီအစ်မ အင်္ကျီတွေ၊ စကတ်တွေ ရွေးနေတာ မပြီးနိုင်ဘူး။ စောင့်ရတဲ့အချိန် ကကြာပြီဆိုတော့ ကျွန်မလည်းညောင်းလာတာနဲ့ အ၀င်ဝနားက ကုလားထိုင်မှာ သွားထိုင် ရင်းပုတီးစိပ်နေလိုက်ပါတယ်။
ခဏနေတော့ လူငယ်ဇနီးမောင်နှံ နှစ်ယောက်ဆိုင်ထဲဝင်လာပါတယ်။ အနောက်တိုင်းဝတ် စုံဝတ်ထားတာမို့ ဂျပန်လား၊ တရုတ်လား တွေးနေမိသေးတယ်။ ယောက်ျားက ကျွန်မအ နားရောက်လာပြီး...
"အန်တီက မြန်မာလား"တဲ့။

အမေရိကားရောက်နေပေမဲ့ အမြဲတမ်း ကျွန်မက မြန်မာဝတ်စုံဝတ်တာဆိုတော့ သူက တန်းတန်းမတ်မတ် လာမေးလေရဲ့။ မြန်မာစကား ပီပီသသနဲ့ မေးလိုက်တဲ့သူ့အသံကြား တော့ကျွန်မလည်း အံအားသင့်လို့ ဖုန်းနံပါတ်တွေ လဲကြ၊ နေရပ်တွေမေးကြ၊ နှစ်ဦးစလုံး ကြည်နူးပျော်ရွှင်လို့ပေါ့။ သူတို့လည်း သန္တာစမ်း မှာနေ  တာတဲ့။ ပြောင်းလာတာ မကြာသေး ဘူးလို့ပြောပြပါတယ်။ အိမ်ရောက်လို့ သားကြီးဝင်း ကို ဖောက်သည် ချတော့...
"ဒါဆို ခုညကော်ဖီသောက်ကြွ ပါလို့ မာမီဖိတ်လိုက်ပါလား။ သားတို့နဲ့လည်းတွေ့ရအောင် ပေါ့"တဲ့။
ဖုန်းဆက်လိုက်တာ နဲ့ သူတို့ကလည်း ၀မ်းသာအားရနဲ့ လာခဲ့မယ်ဆိုပြီး မကြာဘူးရောက် လာကြပါတယ်။

တံခါးလည်း ဖွင့်လိုက်ရော၊ အိမ်ရှင်နဲ့ ဧည့်သည်တစ်ယောက်ကို တစ်ယောက် ကြောင်ကြည့်နေပြီးမှ...
"ခင်ဗျား Albert မဟုတ်လား။ ကျွန်တော် Patrickလေ"တဲ့။
စိန်ပေါကျောင်း မှာ အတူနေခဲ့ကြတဲ့ ငယ်သူငယ်ချင်း နှစ်ယောက်တစ်ယောက်ကို တစ်ယောက်လုံးပြီး ဖတ်ထားကြလေ ရဲ့။ ကျွန်မရဲ့သား ၀င်းကလည်း မုတ်ဆိတ်မွေးနဲ့ ငယ်ကလို ပိန်သေးသေးမဟုတ်တော့ဘဲ ဖိုးဝရုပ်ဖြစ်နေတာ မို့ ရုတ်တရက် မှတ်မိစရာ မရှိ တော့တာကိုး။ အဲလိုမထင်မှတ်ဘဲ ငယ်ပေါင်းသူငယ်ချင်းကို တစ်ရပ် တစ်ကျေး မှာ ပြန်လည် ဆုံစည်းရတာလည်း ၀မ်းသာစရာတစ်ခုပဲပေါ့။ ပြည်ပမှာ ကိုယ့်မြန်မာချင်းချင်း ခင်ရာဆွေ မျိုး အဖြစ်တစ်ဦးကိုတစ်ဦး အမှီပြုပြီး စိတ်ရဲ့အာဟာရရှာ ရင်း အိမ်လွမ်းနာကို ကုကြရတာပါ ပဲနော်။

အဲဒီလို Patrickတို့နဲ့ ဆုံဖြတ်တဲ့ရက်က ဧပြီလ ဖြစ်နေတာနဲ့ ရှိတဲ့မြန်မာမီသားစုလေးကို စုစည်းရရင်ကောင်း မှာလို့ စိတ်ကူးပေါ်မိတာနဲ့ မှတ်မှတ်ရရ မြန်မာသင်္ကြန်ပွဲ ကျင်းပကြ ရ အောင် လို့ဒေါက်တာညွန့်လွင် တို့တစ်တွေနဲ့ တိုင်ပင်ကြည့်တော့ သူတို့အားလုံးကလည်း ၀မ်းသာအားရ သဘောတူကြပါတယ်။ အများသဘောတူ ပင်လယကမ်းခြေနဲ့ ကပ်နေတဲ့ Spanish River Parkမှာ သင်္ကြန်ပွဲ ကျင်းပရင်းတစ်အိမ် တစ်ခွက်မြန်မာအစားအသောက် တွေချက်ပြီးပျော်ပွဲစားလည်း လုပ်ကြမယ်ဆိုတာ စီစဉ်လိုက်ပါတယ်။

စတိအဖြစ် ကျင်းပတဲ့သင်္ကြန်ပွဲနေ့မှာ မြန်မာမိသားစုတွေအကုန်လုံးစိတ်အားထက်သန်စွာ နဲ့ရောက်လာကြလေ ရဲ့။ ကျွန်မ တို့စီစဉ်ရွေးချယ်ထားတဲ့ ပန်းခြံထဲမှာ ပျော်ပွဲစားဖို့ စားပွဲ ရှည်ကြီးတွေနဲ့ ထိုင်ခုံတန်းတွေရှိတဲ့အပြင် အသားကင်တွေ ဘာတွေ လုပ်ချင်ရင်ဖြစ်စေ၊ အစောင်းအသောက်တွေနွှေးဖို့ဖြစ်စေ သုံးလို့ရတဲ့ မတ်တတ် မီးဖိုတွေ လည်း အဆင်သင့်ရှိ တာမို့တော်တော်အဆင်ပြေသွားပါတယ်။
တစ်ဦး က ထမင်းသုပ်၊ တစ်ဦးက အုန်းနို့ခေါက်ဆွဲ၊ နောက်တစ်ဦးက မန္တလေးမုန့်တီအပြင် မုန့်ဟင်းခါး၊ ဆီးထမင်း၊ ကြက်သားကြော်၊ ကြာဇံချက်၊ တို့ဟူးသုပ်၊ ဆနွင်းမကင်း ကျောက် ကျော စတဲ့မြန်မာမုန့် မျိုးစုံကလည်း စားပွဲရှည်ကြီးပေါ်မှာ တည်ခင်းထားတာ လျှာ်ရည် လည်ချင်စရာပါပဲ။

မိသားစုလိုက် လူကုန်လာကြတာမို့ ကလေးလူကြီး စုစုပေါင်း သုံးဆယ်ကျော် လေးဆယ် နီးပါးလောက် ရှိမယ်ထင်ပါရဲ့။ မတွေ့ဖူးသေးသူတွေ တစ်ဦးကို တစ်ဦးမိတ်ဆက်ကြ၊ လိပ်စာတွေ လဲလှယ်ကြနဲ့ တပျော်တပါးပါးပဲ။ လူငယ် လူလတ်ပိုင်း တွေရော၊ ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေလည်း ပါတဲ့အပြင် အသက်ရှစ်ဆယ်နီး ပါးအဘွားကြီးနှစ်ယောက်လည်း ပါပါသေးတယ်။ တစ်ဦးက ကျွန်မရဲ့မာမီနဲ့ နောက်တစ် ဦးကဒေါက်တာနိုင်ဝင်း ရဲ့ မိခင်ဖြစ်ပါတယ်။
"ဟင်...ဟန်ကျလိုက်တာ်။ အမေရိကားရောက်တာ ကြာပြီ။ မြန်မာသက်ကြီးရွယ်အိုတွေ ကို ဒါပထမဆုံးကြုံရတာပဲ။ လာ....လာ သားနဲ့သမီးတို့ရော၊ ကိုခင်မောင်သိန်းရော ဒီကို လာကြ၊ လူကြီးသူမကို ဂါရ၀ပြုဖို့ ကြုံရခဲမျှ ကန်တော့ရအောင် ဆိုပြီးစစ်ကိုင်းသူ ဒေါ်စူစန်သိန်းက သူ့မိသားစုအားလုံးကို လှမ်းခေါ်ပြီး အဘွားကြီးနှစ်ယောက်ကို ထိုင်ကန် တော့ကြလေရဲ့။ ဘေးကကြည့်တဲ့ ကျွန်မတောင် ရင်ထဲမှာပီတိစိတ်နဲ့ ကြည်နူး မျက်ရည် လည်မိပါသေးတယ်။ ပြည်ပရောက်ပေမဲ့ ကိုယ့်မြန်မာယဉ်ကျေးမှုကို ထိန်းသိမ်းစိတ် ရှိတဲ့ ဒေါ်ခင်ဆွေ (ခ)ဒေါ်စူစန်သိန်းကို သာဓုခေါ်ရင်း ချီးကျူးရပါတယ်။"
ဒီလိုနဲ့ မိတ်သစ်ဆွေသစ်တွေ တပျော်တပါးမြန်မာမုန့်တွေ စုပြီးစုံအောင် စားကြရတာ လည်းအရသာတွေ့ပါဘိခြင်း။

အဲဒါထက် မစ္စတာဂျမားကြီး ပြောသလို အချင်းချင်းမြန်မာ စကားတစ်ဝကြီးပြောရတာက ကျွန်မတို့မြန်မာတွေ အတွက် ပိုပြီးလေးနက်တဲ့အရသာဖြစ် ပါသေးတယ်နော်။ ဒီအချိန်မှာ ကျွန်မရဲ့သမီးကေသီနဲ့ သားရွှေစင်တို့က သူတို့ယူလာ တဲ့ လက်ဆွဲကက်ဆက်လေးကို စားပွဲပေါ်တင်ပြီး မြန်မာသီချင်းတွေဖွင့်လိုက်တော့ အတိုင်းမ သိပြည့်စုံသွားတယ်ပေါ့။ အချိန်အခါအလိုက် ပိတောက်ရွှေဝါတို့၊ မြနန္ဒာတို့၊ တူးပို့တူးပို့ စတဲ့သင်္ကြန် သီချင်းတွေ လှိုင် သွားတာနဲ့ အားလုံးက စိတ်လှုပ်ရှားတက်ကြွလာပြီး သံပြိုင် လိုက်ဆိုရင်း လက်ခုပ်တွေတီးကြ နဲ့ ပန်းခြံထဲ မှာ ဂီတသံတွေနဲ့အတူ ရယ်မောသံတွေပါ ဆူညံရိုက်ခတ်သွားတော့တာပဲလေ။

ဂီတသံနဲ့ အရှိန်ရသွားလိုက်ခါမှ ရေပက်ဖို့ သတိရကြပြီး စည်ပိုင်းထဲမှာ ကြိုတင်ဖြည့်ထား တဲ့ရေတွေကို ခွက်နဲ့ခပ်ရင်း တစ်ယောက်ကို တစ်ယောက်ရွှဲနေအောင် ပက်ကြ၊ ရေစိုမခံ ချင်လို့ထွက်ပြေးတဲ့သူတွေကို မီအောင် လိုက်ဖမ်းပြီး လောင်းကြနဲ့တကယ့်ကိုပျော်စရာကြီး ပါပဲ။ ရေ၀အောင်ပက်ပြီးခါမှ အမောဖြေသူကဖြေ၊ လူတွေ ကတော့ မမောနိုင်ဘဲ ပန်းခြံ ကနေလမ်းတစ်ဖက် ကူးလိုက်ရုံနဲ့ ရောက်သွားတဲ့ ပင်လယ်ထဲ မှာ ရေကူးကြ၊ လှိုင်းစီးကြနဲ့ ပျော်လို့မဆုံးကြဘူး။
နေ့ခင်းပိုင်း ကျတော့ ပန်းခြံထဲက မီးဖိုမှာရေနွေးတည်ပြီး ဆနွင်းမကင်း၊ ကျောက်ကျော်စ တဲ့အချိုပွဲတွေ နဲ့ ရေနွေးကြမ်းသောက် ရင်း လူကြီးတွေက ၀ိုင်းဖွဲ့စကားပြောကြ။ ကလေး တွေကလိုက်တမ်းပြေးတမ်း ကစားကြ၊ ဘောလုံးပုတ်ကြ၊ သင်္ကြန်အရှိန်မသေနိုင်သေးတဲ့ လူငယ်တချို့ကလည်း ဆက်ပြီးရေ ကစားကြ၊ အော်ဟစ် ဆူညံကြ။

"ဟော...ဒီမှာ ငါ့ဖိနပ်နှစ်စင်း ထားခဲ့တာ အခုတစ်စင်မရှိတော့ဘူး"
ကျွန်မအနားမှာ ကလေးတစ်ယောက် ဖိနပ်ရှာနေတာနဲ့ ၀ိုင်းကူရှာပေးရင်း "သားရဲ့ ဖိနပ် ဆိုတာ နှစ်စင်း မပြောရဘူး။ တစ်ရန်လို့ပြောရတယ်။ ဖိနပ်တစ်ခုတည်းကျတော့လည်း တစ်ဖက်၊ မှတ်ထားနော်"လို့ ကလေးငယ် ကို ပြင်ပေးလို့မှ မပြီးသေးဘူး။ ညီအစ်မနှစ် ယောက်မုန့်ဝေနေကြတာ "ငါ တစ်ဝက်ယူမယ်၊ နင်နှစ်ဝက် ယူ"တဲ့။
နောက်တစ်ယောက်ကလည်း ခပ်လှမ်းလှမ်းမှာ ရှိတဲ့ရေကန်ကြီးကို လက်ညှိုးထိုးရင်း "ဟယ်...ဟိုမှာ ကြည့်ပါ ဦး၊ ရေကန်ကြီး မှိုတက်နေတာ မလှတော့ဘူးနော်"တဲ့။
မုန့်နှစ်ဝက် ကို အသာထားပြီး ကိုယ်ပါလိုက်ကြည့်မိတော့ ရေညှိတွေဖုံးနေတဲ့ ရေကန်ကြီး ကိုမြင်လိုက်ရပါတယ်။ "အင်း... ဒီမှာ ကြီးကြတဲ့ ကလေးတွေလည်း မလွယ်ပါလား"လို့ တွေးမိလိုက်ရင်း သက်ပြင်းချမိပါရဲ့။ ထူးတော့ မထူးပါဘူး။ ကျွန်မသားသမီးတွေလည်း ရွှေပြည်တော်နဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော် သုံးဆယ်နီးပါး ဝေးနေတာ မို့ ပြောလိုက်ရင် တစ်ခါ တလေအလွဲလွဲအချော်ချော်။

တစ်လောက ပြည်ပ မှာတာဝန်ထမ်းဆောင်နေတဲ့ သားလတ်ရွှေစင်ခွင့်ရက်နဲ့ အိမ်ပြန်လာ တော့ သူ့အစ်မ ကေခိုင် က "တို့တွေ ဟိုတစ်နှစ်က မာမီရော၊ မောင်နှမအားလုံးစုပြီး ဘဟားမားကို သွားကြ တာ လေယာဉ်ပေါ် မှာ ကေသီက" ခုနေလေယာဉ်ပျက်ကျပြီး တစ်မိ သားစုလုံး သေကုန်ရင် ငါ့မောင်လေးရွှေစင်တော့ ကြွက် တစ်ကောင်ဖြစ်ပြီး ကျန်ခဲ့ရှာမှာပဲ လို့ပြောတယ်သိလားတဲ့။
"နင် တို့ သေတာနဲ့ ငါက ဘာလို့ ကြွက်ဖြစ်ရမှာလဲ"ဆိုပြီး သားရွှေစင်က သူ့အစ်ကို မအူ မလည် နဲ့ ပြန်မေးနေလေရဲ့။
ဘေးကနားထောင်နေ တဲ့ ကျွန်မက၀င်ပြီး "တစ်ကောင်ကြွက် ဖြစ်ကျန်ခဲ့မှာလို့ကေသီ ပြောတာကိုမင်းအစ်မက ဆို လိုတာ သားရေ" လို့ ဘာသာပြန်ပြရပါတယ်။ ကျွန်မတို့ မြန်မာ စကားကလည်းရှေ့ နဲ့နောက်စကားလုံးလေး လွဲရုံ နဲ့အစိပ္ပာယ်က အများကြီးကွာ ခြားသွားတာမို့ ရှင်းပြရင်းပြုံးရပါသေးတယ်။

အဲဒီနေ့က ကျွန်မတို့ မြန်မာတွေအားလုံးအပျော်လွန်ကြပြီး နေစောင်းမှလူစုခွဲဖြစ်ကြပါ တယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ ယဉ်ကျေးမှု နှစ်သစ်ကူးသင်္ကြန်ပွဲလေးက နာမည်ကြီးမြို့မတီး ၀ိုင်းတို့၊ ရွှေခြေကျင်း ကိုယ်စီ နဲ့ ရွှေမန်းသူယိမ်းအကတို့၊ ငွေငန်းဖြူသရုပ်ဖော်ကားကြီးတို့ မပါဘဲ သာမန်ပွဲလေး မျှ ဖြစ်ပေမဲ့ အမေရိကား ဖလော်ရီဒါမြေမှာ ပထမဆုံး စပြီးကျင်းပတဲ့ သင်္ကြန်ပွဲလေးအဖြစ် အုတ်မြစ်ချခဲ့ရ တဲ့ နေ့မို့ကျေနပ်ကြည်နူးပျော်ရွှင် မိတာတော့ အမှန်ပါ ပဲ။ အဲဒီနေ့က စခဲ့တဲ့ရိုးရာ သင်္ကြန်ပွဲလေး ကို နှစ်ပေါင်းနှစ်ဆယ်ကျော် တည်မြဲစွာနှစ်စဉ် ကျင်းပလာနိုင်တဲ့အပြင် နောက်ပိုင်မြန်မာပြည်က နာမည်ကြီး အဆိုတော်တွေကိုတောင် ဖိတ်ကြားပြီး တခမ်းတနား စည်စည်ကားကားဖြစ်အောင် စိတ်ဝင်တစားနဲ့ ကြိုးပမ်းကြ တဲ့ မြန်မာလူငယ်လေးတွေ ရဲ့ စိတ်ဓာတ်ကိုလည်း ချီးကျူးရပါတယ်။ အစပျိုးပေးရကျိုးနပ် တယ်လို့ဆိုရမှာပါပဲ။

အဲဒီလိုခေတ္တခဏ ဖန်ဆင်းလိုက်တဲ့ သင်္ကြန်အပျော်တစ်ရက် ပြီးသွားတော့လည်း လူတိုင်း လူတိုင်းကိုယ့် အလုပ်နဲ့ ကိုယ် ပုံမှန်ရုန်းကန်လှုပ်ရှားရမြဲဘ၀ကို ပြန်ရောက်သွားကြရရော လေ။ ဒီက လက်သုံးစကားအရ Time is Moneyဆိုတဲ့အတိုင်း အချိန်ကို ငွေနဲ့စက်ပြီးလုပ် ကြရတာပါ။ ပေါ့ပေါ့နေ၊ ပေါ့ပေါ့စားလိုသူတွေအတွက် ဘာတိုးတက်မှု မှမရနိုင်ပေမဲ့ တကယ်ကြိုးစားသလောက်အကျိုးသက်ရောက်မှုလည်း ရနိုင်တာမို့ အလုပ် ကိုလေးလေး စားစားလုပ်သူအများစုကို တွေ့နိုင်ပါတယ်။
အိမ်ထောင် ဦးစီး တစ်ယောက်မှ အားထားလောက်တဲ့ အလုပ်ကောင်းတစ်ခုတော့ ရှိထားဖို့ လိုအပ်တယ်ပေါ့။ အလုပ် ရှိမှ မိသားစုကိုထောက်ပံ့ဖို့ ၀င်ငွေရတဲ့အပြင် ကိုယ့်မိသားစုရဲ့ ကျန်းမာရေးအတွက်လည်း စိတ်အေးချမ်းမှု ရနိုင်ပါတယ်။ ကိုယ်ရသင့်တဲ့ သတ်မှတ်လစာ ကဒီ၍ဒီမျှ ဆိုပေမဲ့တကယ်တမ်း ကိုယ့် လက်ထဲရောက် လာတာက သုံးပုံနှစ်ပုံလောက်ပဲ ရှိပါတယ်။ လစာထဲက နှစ်စဉ်ဆောင်ရမဲ့ အမြတ်တော်ခွန် ခန့်မှန်းချေ ကို အရစ်ကျ တွက်ပြီး ဖြတ်တာနဲ့ မိသားစုအတွက် ဆေးကုသမှု အာမခံဖြတ်တာနဲ့ အိုစာမင်းစာ လူမှုဖူ လုံရေးထောက်ပံ့ငွေဖြတ် တာနဲ့ သုံးပုံတစ်ပုံ လစာက ကုန်ပါလေရော။

အမေရိကားမှာ ဆေးကုသမှုက အလွန်အမင်းဈေးကြီးပါတယ်။ အလုပ်၇ှိထားရင် ကိုယ်ကိုယ် တိုင်မကဘဲ ကိုယ့်ကို မှီခိုသူများ အထိ ဆေးကုသမှုအာမခံရနိုင်တာမို့ စိတ်အေး ရတယ်ဆိုပါတော့။ မှီခိုသူဆိုတဲ့ အထဲမှာ ဆေးကုသမှု အာမခံအတွက် ကိုယ့်ဇနီးသို့မဟုတ် ခင်ပွန်းနဲ့ သားသမီးများသာ အကျုံးဝင်ပြီး မိဘ ညီအစ်ကိုမောင်နှမတွေက ခံစားခွင့်မရှိပါ ဘူး။ နိုင်ငံတော်အစိုးရက အသက်ခြောက်ဆယ့် ငါးနှစ် ပြည့်ပြီးသူမှန်သမျှကို ဆင်းရဲချမ်း သာမရွေး Medicareဆိုတဲ့ ဆေးကုသမှုအာမခံ အခမဲ့ပေး ထားတာကြောင့် ကျွန်မ ရဲ့မိခင် အတွက်မှီခိုသူစာရင်းမှာ မပါနိုင်ပေမဲ့ ခံစားခွင့်ရထားတာမို့ စိတ်အေး ရတယ်ဆိုပါတော့။

အမေရိကားရောက်ကတည်းက ဒေါက်တာနိုင်ဝင်းဆီမျာ မာမီ့ကိုအပ်ထားပြီးသုံးလတစ် ကြိမ်းဆေး မှန်မှန် စစ်ပါတယ်။ သားသမီး မြေးမြစ်တွေနဲ့ ဒီကျမှ စုံစုံလင်လင် အတူတကွ နေရလို့ စိတ်ကြည်လင်တာအပြင် သူဝါသနာ ပါတဲ့ အချုပ်အလုပ်ပစ္စည်းတွေကလည်း Craft Storeလို့ခေါ်တဲ့ လက်မှုပညာဆိုင်ရာ စတိုးဆိုင်ကြီး များစွာမှာ ပစ္စည်းမျိုးစုံက ရှိနေ တော့ဆိုင်ထဲရောက်တာနဲ့ တန်းစေ့မွှေလို့နှောက်လို့ မဆုံးတော့ပါဘူး။ မာမီ့စိတ်ကြိုက် ပစ္စည်းတွေကလည်း အမျိုးအမည်စုံပါပဲ။ အပ်ချည်လုံးရောင်စုံတွေ၊ ကြယ်သီးပုံစီမျိုးတွေ၊ သိုးမွှေးချည်တွေ၊ ပုံစံစာအုပ်တွေ၊ ဖဲကြိုးတွေ၊ ပိုးဖဲကတ္တီပါ ပိတ်စ မျိုးစုံတွေ ရွေး မကုန် အောင်များပြား လှတော့ကျွန်မအမေလည်း သကြားလုံးရတဲ့ ကလေးငယ်လေးကို ရွှင်မြူး တက်ကြွနေတော့တာပဲ။

ဝယ်လာသမျှတွေ ဖြတ်ညှပ်ပြီးလက်နဲ့ တပင်တပန်းချုပ်လုပ်နေတာတွေ့တော့ မာမီလွယ် လွယ်ကူကူနဲ့ စိတ်တိုင်းကျ ချုပ်လုပ်ချင်တာရှိရင် ချုပ်ရလုပ်ရအောင်ဆိုပြီး မာမီအတွက် စင်းကားအုပ်ချုပ်စက်တစ်လုံး ၀ယ်ပေးထား လိုက်ပါတယ်။ စက်ရပြီးဆိုကတည်းက ကျွန်မ အမေမအားနိုင် မနားနိုင်တော့ဘူး။ အိမ်ရှိလူကုန် အတွက်လိုတာရော၊ မလိုတာရော စိတ် ကူးရသမျှဒိုင်ခံပြီး ချုပ်တော့တာပဲ။ အထူးသဖြင့် သူ့မြေးတွေ၊ မြစ်တွေ အတွက် စပါရှယ် ၀တ်မကုန်နိုင်အောင် ချုပ်လုပ်နေလေရဲ့။
စိတ်မကြည်လင် တိုင်း ဆူဆူပူပူလုပ်နေကျမို့ အမြဲတမ်းမျက်နှာရိပ်ကိုစောင့်ကြည့်နေရတဲ့ ကျွန်မရဲ့အမေ သူ့ ဟာသူ စိတ်ဝင်စားစွာ နဲ့ အလုပ်တွေရှုပ်ပြီး ကြည်ကြည်လင်လင်နဲ့ ကျန်းမာပျော်ရွှင်နေတာကြောင့် တစ်နည်း ရင်အေးရတယ်ဆိုပါတော့။

အိမ်ထောင်ကွဲ သားသမီးသုံးယောက်စလုံးလည်း သူတို့အလုပ်အကိုင်တွေနဲ့ သူတို့ဟာသူတို့ အဆင် ပြေစွာရပ်တည်နေနိုင်ကြပြီးမို့မပူရတော့ပါဘူး။ အငယ်ကလေးတွေရဲ့ ပညာရေး က ကျောင်းစာ လိုက်နိုင်ကြတဲ့ အပြင် အဆင့်ကောင်းကောင်းတွေ့ ရနေတာ တွေ့ရလို့ ကြည် နူးအားတတ်ရပါသေးတယ်။ ခွဲခွာနေရ တဲ့ သားလေးကိုဇာနည်လည်း မကြာမတင် ရောက်ရှိ လာပါတော့မယ်။ အားကိုးရာ ခင်ပွန်းလည်း အတူရှိနေပြီး ကျွန်မတို့နှစ်ယောက် အလုပ် ကိုယ်စီနဲ့ ရှိနေပြီမို့ ဒီတစ်ခါတော့ ကျွန်မဘ၀လေး ကြိုးစားရကျိုး နပ်အောင် အေးချမ်း တည်ငြိမ်စွာနဲ့ ပြီးပြည့်စုံခြင်း ရှိတော့မယ်ဆိုတဲ့ အတွေးရောက်နေမိပါတယ်။

 အဲဒီလို အတွေးနဲ့ စိတ်အေးလက်အေး ပုံမှန်လှုပ်ရှားရင် တစ်ညနေကျွန်မအလုပ်ကို မဆက်စဖူး ဦးကျော်ဇော ဖုန်းဆက် လာပါတယ်။
"ခင်ရေ၊ မာမီကြီး ဆက်တိုက်အန်နေတာ တော်တော်လေး ပင်ပန်းနေပုံရတယ်။ ဒေါက်တာနိုင်ဝင်းကိုလည်း လာကြည့်ပေး ဖို့ ဖုန်းဆက်ထားပြီးပြီ။ ခဏနောလိမ့်မယ်။ ဖြစ်နိုင်ရင် ခင်အလုပ်က ခွင့်တောင်းပြီး ပြန် လာခဲ့ပါလား"တဲ့။
ကျွန်မ နှလုံးသားရင်ထဲက ခုန်ထွက်သွားသလို ခံစားလိုက်ရပါတယ်။ လက်တွေ လည်းတုန်း၊ ရင်တွေလည်းခုန်၊ တစ်ကိုယ်လုံး ကတုန်ကယင်ဖြစ်ပြီး ဘာလုပ်လို့ ဘာကိုင် ရမှန်းမသိဘူး။ ခဏလေးပဲ အသက်ရှူမှန်အောင် သတိ နဲ့ ပြန်ထိမ်းပြီးမှ ရုံးချုပ်က အရာရှိ ကိုအကျိုးအကြောင်း ဖုန်းဆက်ပြောပြပြီး အိမ်ပြန်ခွင့်တောင်းရပါတယ်။ အိမ်ရောက် လို့ အခန်းထဲဝင်လိုက်တော့ သားကြီးဝင်းနဲ့ ဘော်ဘီက မာမီကိုဝိုင်းထိန်းထားပြီး မာမီက ခုတင်ပေါ် မှာ ထိုင်လျက်ထွေးခံ တစ်ခုနဲ့ အန်နေဆဲပါပဲ။

ကျွန်မကိုမြင်တော့ လက်ကာပြတယ်။ "ကိစ္စမရှိဘူး၊ စိတ်မပူနဲ့"ဆိုတဲ့ ပုံစံမျိုးနဲ့ပါ။ သားကြီး ကလည်းကျွန်မ မျက်နှပျက်နေတာ ကို ကြည့်ပြီး "အစာမကြေဖြစ်ပြီး အန်တာဖြစ်မှာပါ" တဲ့။
ကျွန်မနား ထဲမှာတော့ "အန်တီရဲ့ နှလုံးရောဂါက ကျွမ်းနေပြီ။ အလွန်ဆုံးခံရင် ခြောက်လပဲ" ဆိုတဲ့ သမားတော်ကြီး ရဲ့ စကားကိုပြန်ကြားယောင်နေမိပါတယ်။ အဲဒီလို သိရတဲ့နေ့က ရှိုက်ကြီးတငင်ငိုပြီး အစ်ကိုရင်း လို အားထားရတဲ့ ဆရာစန္ဒြဆီရောက်သွားတော့ ဆရာက။
"ဒါလောက် လည်း စိတ်မပူပါနဲ့ဟယ်၊ မြန်မာဆေးကောင်းတွေ ရှိပါတယ်။ ပျားရည်ဟာ အလွန်ကောင်းတဲ့ဆေး၊ ဆရာ့ဆီ မှာ တောက မှာထားတဲ့ ပျားရည်စစ်စစ်ရှိတယ်။ တစ်ပုလင်းယူသွားပြီး အန်တီ့ကို လက်ဖက်ရည် တစ်ဇွန်းနေ့တိုင်း မှန်မှန်တိုက်"ဆိုပြီး ကျွန်မကို နှစ်သိမ့်ရင်း ပျားရက်တစ်ပုလင်း ပေးလိုက်ပါတယ်။ ဆရာ့စကား ကိုလေးစားနယူ စွာနဲ့ မာ့မီကိုပျားရည်တစ်ဇွန်း နေ့စဉ်မှန်မှန်တိုက်ခဲ့တာ သမားတော်ကြီး ပြော လိုက်တဲ့ ခြောက်လကနေ အခုခြောက်နှစ်တောင် စွန်းလာခဲ့ပြီ ။ ကျွန်မမာမီ နှလုံးအားနည်းပေမဲ့ ကျန်းမာစွာ လှုပ်ရှားနေလျက် ရှိဆဲပါပဲ။

ရင်ဘတ်ထဲက နာတာ၊ ဘယ်လက်လက်တစ်ဖက် နာတာ၊ အော့တာ အန်တာ၊ အစာမကြေ သလို၊ လေထိုး သလို ဖြစ်တတ်တာတွေဟာ နှလုံးရောဂါရဲ့ လက္ခဏာ ဆိုတာကို စာထဲမှာ ဖတ်ပြီး မှတ်သားထားဖူးတာကြောင့် အခု မာမီ အော့အန်နေတာဟာ ကျွန်မစိုးထိတ်ပူပန်နေ မိတဲ့တစ်နေ့ကို ဦးတည်နေပြီးလား လို့ တွေးရင်းရင်ထဲ မှာ ငရဲမီးလောင်ထားတဲ့အတိုင်း ပူလောင်နေမိပါတယ်။
နာရီဝက်လောက်ကြာတော့ မာမီကိုအမြဲဆေးစစ်ပေးနေတဲ့ ဒေါက်တာနိုင်ဝင်းနဲ့ လဲ့လဲ့တို့ ရောက် လာကြပါတယ်။ စမ်းသပ်ကြည့်ပြီး မာမီရဲ့နှလုံးက အပြည့်အ၀ အလုပ်မလုပ်တော့ ဘူး။ ပျက်စီး လာပြီ။ ဆေးရုံတင်ရင်လည်း ဘာမှထူးခြားမှာမဟုတ်ဘူး။ အိမ်မှာပဲ သက်သောင့် သက်သာရှိအောင် သူတာဝန်ယူကြည့်ပေးပါမယ်လို့ပြောပါတယ်။

ထင်ထားတဲ့အတိုင်း ကျွန်မစိုးထိတ်ခဲ့ရတဲ့ရက်ကိုရောက်လာပြီပေါ့။ ပေါက်ပေါက်ကျလာတဲ့ မျက်ရည်တွေကို မာမီမမြင်အောင် အမြန်သုတ်ပစ်ပြီး မျက်နှာရိပ်ကို အကဲခတ်နေတဲ့ ဝေဒနာရှင်မိခင် အားရှိသွားအောင် အားပေးပြုံးမျိုးကို ကြိုးစားရင်းလည်း ဆောင်ထားရပါ သေးတယ်။ ဒေါက်တာနိုင်ဝင်းတို့ ဇနီးမောင်နှံ အဲဒီနေ့က ညနက်တဲ့အထိ စောင့်ပြီးဂရု စိုက်ကြည့်ပေးပါတယ်။ ဆေးလည်းထိုးပေး၊ ဂလူးကို့စ်လည်း သွင်းပေးထားပြီး တပ်အန် မှာစိုးလို့ ရေပေးမတိုက်စေဘဲ ရေခဲတုံးသေးသေးလေးတွေကိုပဲ အာသာပြေ ငုံခိုင်းထား ပါတယ်။
ဒေါက်တာနိုင်ဝင်းတို့ ရောက်ပြီး တော်တော်လေးကြာမှအန်တာရပ်သွားတာကြောင့် နေသာထိုင်သာရှိသွားပုံရပါတယ်။ မှတ်မှတ်ရရ အဲဒီနေ့က သောကြာနေ့ပါ။ နောက်နေ့ တွေကစန်ေတနင်္ဂနွေ ဖြစ်တဲ့အပြင် တနင်္လာနေ့က အမေရိကန်ပြည်ထောင်စု လွတ်လပ် ရေးရတဲ့ ဇူလိုင်လဆန်း လေးရက်နေ့မို့ ရုံးတွေကျောင်းတွေ ပိတ်ထားတာကြောင့် မာမီ့ အနားမှာ သားသမီးမြေးမြစ်တွေအားလုံး စုံစုံညီညီ ရှိနေကြတာလည်း မာမီ့အတွက် အားရှိ စရာအဖြစ်မို့ ကံကောင်းတယ်ဆိုရပါတယ်။

မာမီအန်တာ ရပ်သွားပေမဲ့ လုံးဝသက်သက်သာသာဖြစ်လာတာကတော့ မဟုတ်ပါဘူး။ ရင်ပူတယ် ဆိုပြီး ခဏခဏ ရေတာင်ားတိုင်း ချော့ပြီး ရေခဲတုံးလေးတွေ ခွံ့ပေးရပါတယ်။ မာမီကသာ သူတစ်ပါး နေထိုင် မကောင်းဘူးဆိုရင် ပျာပျာ်သလဲ ပြုစုတတ်တာနော်။ ကိုယ့် အလှည့်ကျပြုစုကာကို ခံယူတတ်သူ မဟုတ်ပါဘူး။ အခုလည်း ဒေါက်တာနိုင်ဝင်းက အခြေ အနေမကောင်းဘူးဆိုတာ ပြောသွားလို့ ကျွန်မတို့က စိတ်ပူပြီး မာမီ့ကို အပေါ့အပါး သွားဖို့ အိပ်ရာပေါ် က မထစေဘဲ အိုးထိုးပေးတာတောင် လက်မခံဘဲ ကိုယ်တိုင်ထပြီး ရေချိုးခန်း အရောက် သွားသေးတာပါ။
နေသာတဲ့ အခါလည်း တရားစာအုပ်လေးဖတ်လိုက်၊ မြေးတွေနဲ့ ရယ်ရယ်မောမောစကား တွေပြောလိုက်၊ မနေသာတဲ့ အခါလည်း အိပ်ရာပေါ်မှာထိုင်လိုက် ပြန်လှဲလိုက်၊ ဘယ်စောင်း ညာစောင်း တလူးလူး တလိမ့်လိမ့်မို့ ဘေးကကြည့်ရတဲ့ ကျွန်မရင်ထဲမှာ မချိတင်ကဲနဲ့ ကိုင်တိုင်ခံစားလိုက်ချင်မိပါရဲ့။ ကိုယ့်မိခင် ခံစားနေရတဲ့ အဖြစ်ကို မကြည့်ရက်လို့ ကွယ်ရာ မှာမျက်ရည်တွေသွန်ချလိုက်၊ မာမီ့ရှေ့မှာတော့ ဘာမှမဖြစ် သလို ဟန်ဆောင်ကောင်း ကောင်းနဲ့ စိတ်သက်သာစရာတွေ ရှာကြံပြောလိုက်နဲ့ ခုနစ်ထွေ မင်းသမီးလုပ်ရတဲ့ အဖြစ် ကလည်းတကယ်ဆင်းရဲခြင်းပါပဲ။

နေသာလိုက်၊ မနေသာလိုက်နဲ့ သုံးရက်မြောက်လာပါတယ်။ ဒေါက်တာနိုင်ဝင်းလည်း နေ့ စဉ်လာကြည့်ပြီး လိုအပ်သလို ကုသပေးဆဲပါပဲ။ ညဘက်တွေမှာတော့ သားရွှေစင်က ကျွန်မကိုကူပြီး လာစောင့်အိမ်ပေးပါတယ်။ သက်သာခိုက် အိပ်ရာပေါ်မှာ  နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ မာမီ့ရဲ့မျက်နှာကို စေ့စေ့ကြည့်ရင်း တစ်သက်လုံး မကွဲကွာနေလာခဲ့ တဲ့ ဒီအမေကို မကြာမတင်ဆုံးရှုံးခွဲခွာရတော့မှာပါလား ဆိုတဲ့အသိကြောင့် ရင်ထဲမှာ လှိုက်လာ ပြီးမာမီ့ရင်ခွင့်မှာ ငယ်ရွယ်စဉ်ကလို ၀င်တိုးရင်း အားရှိပါးရှိ ငိုလိုက်ချင်တဲ့စိတ်ကို မနည်းပြန် ထိန်းထား ရပါတယ်။
အစရှိရင် အဆုံးရှိတယ်။ မွေးဖွားခြင်းမှာလည်း သေဆုံးခြင်းအဆုံး ရှိတယ်ဆိုတဲ့တရား သဘောကိုသိထားပေမဲ့ လက်တွေ့ မှာတော့ အတွေးနဲ့တောင် ရင်မှာနာကျင်မှုတွေက ပေါက်ကွဲထွက်မတတ် ခံစားရပါတယ်။ လွတ်လပ်ရေးနေ့ ရဲ့ အကြိုညမို့ တဒိန်းဒိန်းတ ဖောင်းဖောင်းနဲ့ နေရာတကာပစ်လွှတ်နေတဲ့ မီးပန်း မီးကျည်ရောင်စုံတွေ ကောင်းကင်တစ် ခုလုံး ပြန့်ကျဲနေတာကို ပြတင်းကလှမ်းမျှော်ကြည့်ရင်း အလှအပ ကိုမက်မော တတ်တဲ့ ကျွန်မ ခါတိုင်းလို မခံစားနိုင်ဘဲ ရင်ထဲမှာဆို့ကျပ်ပြီး မာမီ့ရဲ့ နောက်ဆုံးအချိန်ကို ဘယ်လို အားအင်နဲ့ ရင်ဆိုင် ရပါ့မလဲလို့ တွေးရင်း ပြင်ဆင်ကြည့်နေမိပါတယ်။

ကျွန်မကြာကြာပြင်ဆင်ချိန် မရလိုက်ပါဘူး။ ဇူလိုင်လလေးရက်လွတ်လပ်ရေးနေ့ ညနေမှာ မာမီ့အခြေအနေ သိသိသာသာ ဆိုးလာပါရော။ သားကြီးဝင်းက သူ့အဘွား ကိုနေသာ အောင်ရင်ခွင့် မှာထွေးပြီး ပွေ့ ထားပါတယ်။ ဒေါက်တာနိုင်ဝင်း ကိုအမြန်လာကြည့်ပေး ဖို့ ဖုန်းဆက်အကြောင်းကြားတော့ ချက်ချင်း ပဲ ရောက်လာပါတယ်။ စစ်ဆေးကြည့်တဲ့ အခါ မာမီ့ရဲ့နောက်ဆုံးအချိန် ရောက်တော့မယ်ဆိုတာ သိရတော့ တာပါပဲ။
အချိန်မီအရေးပေါ် (911)ခေါ်ဖို့ စီစဉ်ကြနဲ့ အားလုံးလည်း ပျာသွားကြတာပေါ့။ သားလတ် ရွှေစင် နဲ့ ချွေးမဘော်ဘီ တို့က အနားက လိုအပ်သမျှပြုစုပေးကြဆဲ ရှေးဦးသူနာပြုအဖြစ် ရဲကားနှစ်စီးခြောက်မိနစ် အတွင်း ရောက် လာပါတယ်။

အဲဒီအချိန် မာမီသတိလစ်သွားပါပြီ။ ပြန်ပြီးသတိလည်အောင် CRRလုပ်ကြ၊ ကျွန်မကြည့် နိုင်တဲ့ စွမ်းအင်မရှိတော့တာ နဲ့ တစ်ဖက်ခန်းပြေးပြီးရှိုက်ကြီးတငင် ငိုတော့တာပဲ။ ကျန်တဲ့ သားသမီးမြေးတွေလည်း ကျွန်မ အနား မှာလာတွယ်ပြီးငိုကြ၊ ဦးကျော်ဇောက ကျွန်မတို့ကို ဖက်ပြီးနှစ်သိမ့်ရ၊ တရားချရနဲ့ သူလည်း လက် မလည်နိုင်အောင်ပါပဲ။
သူနာပြုကားရောက်လာတဲ့အချိန် မာမီသတိပြန်လည်လာတာနဲ့ ဆေးရုံပို့ဖို့ ပြင်ဆင်ကြပါ တယ်။ မာမီနဲ့အတူ သူနာပြုကားပေါ်မှာ သားကြီးဝင်းနဲ့ သားလတ်ရွှေစင်တို့ လိုက်သွား ကြလေရဲ့။ ကျွန်မနဲ့ ဦးကျော်ဇောက ကားတစ်စီး နဲ့ နောက်ကအမီလိုက်ကြပါတယ်။ ဆေးရုံရောက်ပြီး ၁၇မိနစ်အကြာမှာ ကျွန်မမိခင် ဘ၀သစ်ကို ကူးပြောင်း သွားပါပြီ။ သားနှစ် ယောက် က ကျွန်မကို လာဖက်ပြီး ရှိုက်ကြီးတငင် ငိုကြလေရဲ့။

ငယ်ငယ်ရွယ်ရွယ် နဲ့ မုဆိုးမအဖြစ် နောက်အိမ်ထောင်မထူဘဲ တစ်ယောက်တည်း ရုန်းကန် ပြီးကျွန်မကို လူလားမြောက်အောင် စောင့်ရှောက်ခဲ့တဲ့ ကျေးဇူးရှင်မိခင် ကွယ်ပျောက်သွား ပါပြီ။
မိဘနဲ့ သားသမီးရဲ့သံယောဇဉ် ဆက်သွယ်မှုဆိုတာ နှိုင်းပြစရာမရှိအောင် ကြီးမားတဲ့ထု ထည်နဲ့ခံစားမှု တစ်ရပ်ပါပဲ။
ကျွန်မ ရဲ့ မျက်မှောက်မှာ "အမေ"ဆိုတဲ့ ပညတ်နဲ့လူသားတစ်ယောက်မရှိတော့ပေမဲ့ မေတ္တာစေတနာ၊ ကရုဏာ၊ ခွင့်လွှတ်ခြင်း ဆိုတဲ့ စုတ်ချက်ပေါင်းများစွာနဲ့ တစ်သက်တာ ရေးခြစ်ခဲ့တဲ့ အနုပညာဂန္တ၀င်မြောက်အောင် အရောင်အသွေး ထူးခြားလှပ တဲ့ မာမီ့ရဲ့ပုံရိပ် ပန်းချီကားကြီးတစ်ချပ်ကတော့ ကျွန်မရဲ့နှလုံးသားစံအိမ်ထဲမှာ ထာဝရ သိမ်းဆည်းထားမှာ သေချာလှပါတယ်။

ဆက်ရန်
.

1 comment:

နော်နော် said...

မမရေ.... ဒီအခန်းလေးဖတ်ပြီး မိုးမိုးကို အရမ်းသတိရမိတယ်။မျက်ရည်တွေလည်း ၀ဲရတယ်။ :(