Tuesday, February 19, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၄၂)

ငယ်ငယ်ရွယ်ရွယ် နဲ့ မုဆိုးမအဖြစ် နောက်အိမ်ထောင်မထူဘဲ တစ်ယောက်တည်း ရုန်းကန် ပြီးကျွန်မ ကို လူလားမြောက်အောင် စောင့်ရှောက်ခဲ့တဲ့ ကျေးဇူးရှင်မိခင် ကွယ်ပျောက်သွား ပါပြီ။
မိဘနဲ့ သားသမီး ရဲ့သံယောဇဉ် ဆက်သွယ်မှုဆိုတာ နှိုင်းပြစရာမရှိအောင် ကြီးမားတဲ့ထု ထည်နဲ့ခံစား မှု တစ်ရပ်ပါပဲ။
ကျွန်မ ရဲ့ မျက်မှောက်မှာ "အမေ"ဆိုတဲ့ ပညတ်နဲ့လူသားတစ်ယောက်မရှိတော့ပေမဲ့ မေတ္တာစေတနာ၊ ကရုဏာ၊ ခွင့်လွှတ်ခြင်း ဆို တဲ့ စုတ်ချက်ပေါင်းများစွာနဲ့ တစ်သက်တာ ရေးခြစ်ခဲ့တဲ့ အနုပညာ ဂန္တ၀င်မြောက်အောင် အရောင်အသွေး ထူးခြားလှပ တဲ့ မာမီ့ရဲ့ပုံရိပ် ပန်းချီကားကြီးတစ်ချပ်ကတော့ ကျွန်မ ရဲ့နှလုံးသားစံအိမ်ထဲမှာ ထာဝရ သိမ်းဆည်းထားမှာ သေချာလှပါတယ်။
ကို ဆက်ဖတ်ရန် ..

အပိုင်း (၄၄)

ကျွန်မအတွက် မိခင်ကွယ်လွန်ခြင်းဟာ အရိပ်ခိုရာအမိုးတစ်ခု ပြိုကျပျက်စီးသွားတဲ့အတိုင်း ပါပဲ။
မိခင်ရဲ့အရိပ်ဟာထာဝတရအေးမြတယ်လို့ ဆိုထားတဲ့စကားလည်း ရှိထားတာပဲနော်။ မထင်မှတ် ဘဲ ဗြုန်းခနဲ မိခင်ရဲ့အရိပ်ကကွယ်သွားတဲ့အတွက် မနေတတ်မထိုင်တတ်နဲ့ ရင်ထဲကဟာကွက်ကိုလည်း ဘယ်လိုမှဖြည့် လို့မရပါဘူး။ ဘ၀မှာဆုံးရှုံးမှုအမျိုးစုံ ရှိတဲ့ထဲက သားသမီးတွေအဖို့ မိခင်မဲ့ဆုံးရှုံးရခြင်းကတော့ အစားထိုး မရနိုင် တဲ့ ကြီးစွာသော ဆုံးရှုံးမှု တစ်ရပ်ပါပဲ။ ကိုယ့်ရင်ထဲက ခံစားချက်ပြင်းထန်နေပေမဲ့လည်း တာဝန်အရ လုပ်စရာတွေ ရှိနေတာ မို့ စိတ်မပါလက်မပါနဲ့ ထပြီးလုပ်ကိုင်လှုပ်ရှားရတော့တာပဲလေ။
တခြားပြည်နယ်တွေမှာ အခြေချနေကြတဲ့ သမီးကြီးကေခိုင်နဲ့ သမီးလတ်ယမင်းတို့ နှစ်ယောက်စလုံး အဘွားရဲ့ အသုဘ အမီရောက်လာကြပါတယ်။ ဒီတစ်ခါလည်း ကျွန်မ အတွက်ရောက်မဆိုက် အသုဘအတွေ့အကြုံတစ်ခု ရလိုက်ပြန်တယ်ပေါ့။

အမေရိကား မှာ တစ်စုံတစ်ဦးအိမ်မျာ အသက်ပျောက်သွားရင်တောင်မှာ အိမ်ကနေ အသုဘချလေ့မရှိကြပါဘူး။ Funeral Homeလို့ခေါ်တဲ့ ဈာပနဂေဟာတွေကို အကြောင်း ကြားလိုက်ရပါတယ်။ ဆေးရုံမှာ ကွယ်လွန်သူတွေ လည်း ဒီနည်းအတိုင်းပါပဲ။ ဈာပနဂေဟာ ကိုအကြောင်းကြားလိုက်ရင် နာရီပိုင်းအတွင်း သူတို့ဂေဟာက ကားနဲ့အလောင်း ကို လာသယ်ပြီးဂေဟာက အအေးတိုက်မှာ စနစ်တကျ ထားပေးပါတယ်။ ဈာပနဂေဟာ တွေ က မြို့ထဲကတခြားစီးပွားရေး အဆောက်အအုံတွေလိုပဲ လမ်းကြီးလမ်းကောင်းတွေ ပေါ်မှာထည်ထည်ဝါ၀ါနဲ့ လှပစွာ တခမ်းတနား ဆောက်ထားတဲ့ အဆောက်အအုံတွေပါပဲ။

ဈာပနကိစ္စနဲ့ သက်မွေးဝမ်းကျောင်းပြုကြပေမဲ့ နိမ့်ကျသိမ်ငယ်တဲ့ အလုပ်အဖြစ် မခံယူကြ ပါဘူး။ သူလို ကိုယ်လို စီးပွားရေး လုပ်ငန်းတစ်ခု လုပ်ကြသူများအဖြစ် တန်းတူဆက်ဆံကြ တာပါပဲ။ ဒီလုပ်ငန်းနဲ့ပတ်သက်ပြီး တက္ကသိုလ် မှာ ဘွဲ့ယူပြီးလုပ်ကြရတာဆိုလို့ ကျွန်မတ အံ့တသြဖြစ်ရပါသေးတယ်။ တစ်ခါကမိတ်ဆွေတစ်ဦးက သူ့သား နဲ့မိတ်ဆက်ပေးရင်း သား ကအဲဒီ (...)ဘွဲ့ယူဖို့ တက္ကသိုလ်တက်နေတဲ့အကြောင်း ဂုဏ်ယူစွာ နဲ့ ပြောပြ လို့ ကျွန်မ လည်းကြားဖူးရခြင်းပါ။

အမေရိကား မှာ စားဝတ်နေရေးနဲ့တကွ ဆေးကုသမှုကအစ စရိတ်စက ကြီးမားလှ လို့ နေ ရေး မလွယ်လှ သလို သေရေးမှာလည်း အသုဘစရိတ်က အလွန်အမင်းကြီးလို့ မလွယ်ကူ လှပါဘူး။ သားကြီးဝင်းက ကျွန်မ တို့ရောက်ခါစ မှာ ဘ၀ကိုထူးထောင်စရာတွေ ရှိနေသေး တာကြောင့်သူ့အဘွားရဲ့ အသုဘအတွက် ဈာပနကိစ္စ အ၀၀ကို သူတာဝန်ယူမယ်လို့ ပြောပါတယ်။ အိမ်ထောင်ကွဲ သမီးနှစ်ယောက်လည်း သူတို့နိုင်သလောက် ပါဝင်ပါရစေ လို့ အစ်ကိုကိုခွင့်တောင်းနေကြလေရဲ့။ သမီးတစ်ယောက်အနေနဲ့ ကျွန်မမှာ လုံးဝတာဝန်ရှိ တာမို့ အိမ်မ၀ယ် ရရင်လည်း အရေးမကြီးဘူး။ ကျွန်မပဲ အကုန်အကျခံမယ်ဆိုတာကို သားကြီးက လုံးဝလက်မခံ တဲ့အတွက် အချေအတင်တွေ ပြောရဆိုရ၊ သားသမီးတွေရဲ့ စေတနာ မေတ္တာကို ထိတွေ့ခံစားရလို့ စုဆောင်းထားတဲ့ မာမီ့ရဲ့ငွေကိုတော့ ဈာပနအ တွက်ထည့်သုံးခွင့်ပြုဖို့ မနည်းတောင်းပန် မှပြဿနာ က အေးရပါတော့တယ်။

နောက်တစ်နေ့မှာ သားကြီးက "အန်ကယ်နဲ့ မာမီရော၊ မောင်နှမတွေပါ အားလုံး အတူ သွားရအောင်"ဆိုပြီး ဈာပနကိစ္စ အစီအစဉ်လုပ်ဖို့ ဂေဟာက ဒါရိုက်တာနဲ့ ရက်ချိန်းယူပြီး သွားတွေ့ကြပါတယ်။ ဒါရိုက်တာက ဘယ်လိုပုံစံ နဲ့ဖြစ်စေချင်လဲဆိုတဲ့ ကျွန်မတို့ရဲ့ ဆန္ဒ ကိုမေးတော့ မြန်မာပြည်မှာကတည်းက မာမီက သူသေရင် မီးသင်္ဂြိုဟ်ပြီး ပြာ ကိုပင်လယ် ထဲမှာမျှေပေးဖို့ သေသေချာချာမှာထားပြီးဖြစ်လို့ မာမီ့ဆန္ဒအတိုင်း စီစဉ်ပေး ဖို့ ပြောပြရပါ တယ်။
ဒီကဓလေ့ထုံးစံ က အသုဘမချခင် ဂေဟာမှာပဲ ကာယကံရှင်မိသားစုနဲ့အတူ မိတွေ သင်္ဂဟများ က သေဆုံးသူ ကို နောက်ဆုံးဂါရ၀ပြုတဲ့အနေနဲ့ အသုဘရှုဖို့ ဆိုပြီးနှစ်နာရီ လောက်အချိန်ပေးတဲ့ အခမ်းအနားလေး လုပ် ကြပါတယ်။ ဂူသွင်းသင်္ဂြိုဟ်မယ် ဆိုရင်လည်း တချို့ကတစ်ရက်တည်းမှာပဲ ဂေဟာက ခန်းမ မှာ အသုဘရှုပြီး တာနဲ့ သက်ဆိုင်ရာ ဘုရား ကျောင်းကိုသွား ဘုန်းတော်ကြီးက ကွယ်လွန်သူအတွက် ရွတ်ဖတ် ဆုတောင်းကောင်းချီး ပေးပြီးပြီ ဆိုရင်တောက်လျှောက် ဘုရားကျောင်းကနေ သင်္ချိုင်းကို အသုဘချလိုက်တာမျိုး ရှိ သလို တချို့ကျတော့အသုဘရှု ဖိတ်ကြားတာက တစ်ရက်သတ်သတ်၊ ဈာပနအသုဘ ချာတာက တစ်ရက် သီးခြား လုပ်တာလည်း ရှိပါတယ်။

အသုဘချတဲ့ အခါ မိတ်တွေများရင် များသလို အသုဘပို့သူတွေရဲ့ကားတန်းကြီးက ရှည် လျားတာမို့ သက်ဆိုင်ရာ ရဲဌာနကို ပိုင်းလော့ရဲတွေပေးဖို့ အကူအညီ လည်းကြိုပြီး တောင်း ထာ်းရပါသေး တယ်။ မော်တော်ဆိုင်ကယ်ရဲတွေက အသုဘယာဉ်ကို ဦးဆောင်ပြီး သွားမှကားတန်းက အဆက်မပြတ်ဘဲ မီးနီတွေ ကိုလည်း ဖြတ်ခွင့်ရတာပါ။ အသုဘပို့တဲ့ ကားမျန်သမျှ ကွယ်လွန်သူကိုလေးစားဂါရ၀ပြုသော အမှတ် အဖြစ် ရှေ့ကမီးကြီးတွေ ဖွင့် ပြီးမောင်းကြရပါတယ်။ ကျွန်မတို့က မာမီ့ရုပ်ကလာပ်ကို မီးသင်္ဂြိုဟ်မှာဖြစ်တော့ အဲဒီကိစ္စ အတွက်မပူရပါဘူး။ ဒါကြောင့် အသုဘရှုအခမ်းအနားအတွက်ပဲ စီစဉ်စရာတွေ လုပ်ရပါ တယ်။

ပထမဆုံးလိုအပ်ချက်ဖြစ်တဲ့ခေါင်းရွေးဖို့ ဂေဟာရဲ့အပေါ်ထပ်မှာရှိတဲ့ ခေါင်းပြခန်းကို တာဝန်ခံ မန်နေဂျာ လုပ်သူက လိုက်ပြပါတယ်။ ခန်းလုံးပြည့်ခင်းထားတဲ့ကော်ဇောဖြူကြီး ကလည်းထည်ဝါပါဘိ။ စနစ်တကျ အနေအထား လှလှနဲ့ ပြင်ဆင်ထားတဲ့ ခုံတွေပေါ်မှာ တင်ပြထားတဲ့ ခေါင်းတွေကလည်း သားနားပါဘိ။ မဟော်ဂနီရောင် ဖိတ်ဖိတ်လက်နေ တဲ့ ခေါင်းတွေကလည်း ပုစံမျိုးစုံပါပဲ။ ဦးခေါင်းပိုင်းက အဖုံးကို တစ်ဝက် ဖွင့်ပြထားတာ မို့ အတွင်းကခံထားတဲ့ ကူရှင်ပိုးဖဲရောင် လက်လက်တွေကလည်း ထိရက်စရာ မရှိအောင် အိစက် ညက်ညောနေတာ မြင်သာပါတယ်။

လူသားတစ်ယောက် ရဲ့ နောက်ဆုံးအချိန်အတွက် အကောင်းတကာ့ အကောင်းဆုံးအဖြစ် အတတ်နိုင်ဆုံး စီစဉ် ထားပေးခြင်းလို့ တွေးနေမိပါတယ်။ ထိတ်ထိတ်ကြဲ ကောင်းသမျှ လုပ်ထားတဲ့ ဒီခေါင်းဖိုးတွေကလည်း ဘယ်သေး ပါ့မလဲ။အနည်းဆုံး၊ အညံ့ဆုံးဆိုတဲ့ ခေါင်း ဈေးကဒေါ်လာနှစ်ထောင်ကျော် သုံးထောင်နီးပါးဖြစ်ပြီး အကောင်းဆုံးခေါင်း က ဒေါ်လာ သောင်းဂဏန်းနားကပ်နေလေရဲ့။ မြန်မာပြည်က ရောက်ခါစမို့ အရာရာ ကိုမြန်မာငွေနဲ့ ပြန်တွက်လေ့၇ှိတဲ့အကျင့်က မပျောက်သေးတာမို့ စိတ်ထဲမှာ အမြှောက်အစားတွေလုပ် ရင်းကုန်ကျရမဲ့ အထွေထွေစရိတ်ကိုမှန်းဆကြည့်နေမိပါတယ်။
ဒါက ခေါင်းတစ်ခုတည်း စရိတ် ရှိသေးတာပါ။

ရုပ်ကလာပ် ကို အအေးခန်းမှာ ထိန်းသိမ်း ထားခ၊ အသုဘရှုတဲ့အခမ်းအနားအတွက် ခန်းမငှားခ၊ အခန်းပြုပြင်ပေးခ၊ ရုပ်ကလာပ် ကို ဆင်ယင်ထုံးဖွဲ့ပေးခ၊ ဈာပနဂေဟာကို ဆေးရုံကနေ ရုပ်ကလာပ သယ်ဆောင်ပေးခ၊ ဂေဟာ ပိုင် မီးသင်္ဂြိုလ်စက်ရှိရာ သယ်ဆောင်သွားခ၊ မီးသင်္ဂြိုလ်ခ၊ ပြားအိုးကို ပင်လယ်ပြင် ရေလယ် အရောက်ပို့ဆောင်ရမယ့် သင်္ဘောခ၊ ပြာအိုးနဲ့အတူ ချမယ့်ပန်းခွေအခ၊ အသုဘ ရှုအခမ်းအနား ကိုမိသားစုလာရောက်ဖို့ အိမ်တိုင်ရာရောက် လာကြိုလိုက်ပြန်ပို့ပေးမဲ့ စတိုင်ကျကျ ၀တ်စုံ အပြည့်နဲ့ ယာဉ်မောင်း ပါတဲ့ လက်မဇင်းကားခ စတဲ့စတဲ့ စ၇ိတ်တွေ အားလုံးပေါင်းလိုက်ရင် အသုဘ တစ်ခုအတွက် ကုန်ကျငွေက ဒေါ်လာသောင်းဂဏန်းနီးပါး ဖြစ်သွားတော့တာပါပဲ။

မီးသင်္ဂြိုဟ်ပေး လို့ နည်းနည်းသက်သာသေးတာနော်။ သင်္ချိုင်းမှာ ဂူလုပ်မြေမြှုပ်ဦးမယ်ဆို ရင် လူ တစ်ကိုယ်စာ မြေ တစ်ကွက်ဈေးနှုန်းကိုက ဒေါ်လာ လေးငါးထောင်၊ အုတ်ဂူဖိုးစတဲ့ ကိစ္စတွေက ပါသေးတာမို့ မီးသင်္ဂြိုလ်တာ ထက် နှစ်ဆ သုံးဆတက်သွားပါလေရော။ ဂူသွင်း နည်တွေကလည်းအမျိုးစုံ ၇ှိသေးတာပါ။ တစ်ချို့ ကမြေမြှုပ်ဂူ လုပ်ကြသလို တချို့ ကျတော့ သင်္ချိုင်းအတွင်းမှာ ဆောက်ထားတဲ့ မိုးလုံလေလုံ အဆောက်အအုံ တစ်ခုထဲမှာ ရုပ်ကလာပ်ပါရှိတဲ့ ခေါင်းကိုဘဏ်တိုက်တွေမှာ Safe Deposit Boxတွေ ထည့်သိမ်း သလို နံရံအတွင်း သူ့အကန့်နဲ့သူ တစ်ကိုယ်စာ အခန်းလေးတွေထဲမှာ ထည့်သိမ်းထားလိုက် တာမျိုးလည်း ရှိရဲ့။ တံခါးမှာ ဘယ်သူဘယ်ဝါဆိုတဲ့ ကမ္ပည်းတွေ ထိုးထားပြီး အဲဒီရှေ့မှာ ပန်းအိုး တင်စရာ နေရာလေး ပါ ထည့်ထားပေးလို့ ပန်းတင်ထားတာတွေလည်း တွေ့ရပါ တယ်။

တချို့ကျတော့လည်း ရုပ်ကလာပ်လိုက် မသိမ်းကြဘဲ မီးသင်္ဂြိုဟ် ပြာချပြီးမှ ပြာအိုးတစ်အိုးစာ အကန့် ငယ်လေးတွေ မှာ ထည့်ထားတာမျိုးလည်း ရှိရဲ့ ။ သေဆုံး ကွယ်ပျောက်သွားတဲ့ တိုင် အောင် ပိုင်ဆိုင်မှု ဆိုတာ ကလည်း ရှိသေးတာနော်။ ကျွန်မရဲ့ မိတ်ဆွေ တစ်ဦး သူ့သား ကွယ် လွန်သွားတာ ဇနီးက သူ့ခင်ပွန်းကို ဂူသွင်း သင်္ဂြိုဟ် ထားတယ်ပေါ့။ နှစ်ပတ်လည်နေ့တွေမှာ မိခင်က သးဂူရှိရာကို ပန်းစည်းတင် ဆုတောင်းလေ့ရှိပါတယ်။ ပန်းစိုက်အိုး မရှိတော့ ပန်းတွေက ကြာကြာမခံဘဲ နွမ်းနွမ်းကုန်တာကြောင့် ဂူရဲ့ရှေ့မှာ ပန်းစိုက် အိုးလေးနှစ်လုံးလောက် အင်္ဂတေကိုင် လုပ်ခက ဒေါ်လာခုနှစ်ရာ ကျမယ်တဲ့။ ဒါပေမဲ့ မိခင်အနေနဲ့ လုပ်ပိုင်ခွင့် မရှိ လို့ ချွေးမဆီက သဘောတူညီကြောင်း ခွင့်ပြုစာ အရင်ရယူပြီးမှ လုပ်နိုင်မယ်လို့ ပြောပြလိုက်ပါတယ်။

တော်ပါသေးရဲ့။ ချွေးမနဲ့ ယောက္ခမ ပြေလည်နေကြပေလို့ ချွေးမဆီိက ခွင့်ပြု စာ ချောချောမောမော ရောက် လာတာကြောင့် ဂူရှေ့မှာ ထားတဲ့ ပန်းအိုးလေးနှစ်လုံးကိစ္စ အထမြောက်သွားပါတယ်။ မာမီ့ရဲ့ အသုဘကိစ္စ မှာတော့ မီးသင်္ဂြိုဟ်ပြီး ပြာ ကို ရေမျှောလိုက်မှာမို့ ပြာသနာ နည်းလေတယ်ပေါ့။ ကျွန်မ တို့ ရောက်ခါစ နှစ်တွေ တုန်းက မြန်လူဦးရေက နည်းသေးတဲ့အပြင် မြန်မာဘုန်းကြီးကျောင်း ဆိုတာလည်း မရှိသေးပါဘူး။ ဒါကြောင့် ဗုဒ္ဓဘာသာ ထုံတမ်းစဉ်လာအရ လုပ်ရတဲ့ သက်ပျေက် ဆွမ်းကို အိမ်က ဘုရားစင်မှာပဲ ကပပလှူ ပူဇော်ရပါတယ်။ အမေရိကား ရောက်မှ ဒီလို အခြေအ နေမျိုး ကြုံခဲ့သော်ဆိုတဲ့ အတွေးနဲ့ မလာခင်မှာ ဆားလင်းဆရာတော်ကြီးကို သရဏဂုံ တင်တဲ့ ကိစ္စ လျှောက်ထားပြီး မာမီ့အတွက် လိုရမည်ရ သရဏဂုံတင် တိပ်ခွေ တစ်ခု အသံသွင်းယူလာပြီး သရဏဂုံတင်ဖြစ်သွားတာမို့ စိတ်ကျေနပ်ရပါတယ်။ ဒါ့အပြင် ချွေးမ ဘော်ဘီ ကလည်း သူ့ဘာသာ အရ ဘုရားကျောင်းက ဘုန်းတော်ကြီးကို ပင့်ပြီး မာမီအတွက် ဆုတောင်း ကောင်းချီး ပေး လုပ်ချင်ပါသေး တယ် ဆိုတာနဲ့ သူ့ဆန္ဒအတိုင်းလည်း ပြည့်စုံအောင် လုပ်ဖြစ်ပါတယ်။

ဒီက ထုံစံအရ အသုဘရှု အခမ်းအနား အတွက် မိတ်ဆွေများက ကွယ်လွန်သူကို ဂါရဝပြုတဲ့အနေ နဲ့ ပန်းခွေ သို့မဟုတ် ပန်းခြင်းတွေ ပို့ကြပါတယ်။ ပန်ခြင်းတစ်ခု တစ်ခုရဲ့ တန်ဖိုးကလည်း နည်းတာမဟုတ်ပါဘူး။ အနည်းဆုံး ဒေါ်လာငါးဆယ်ကနေပြီး ဒေါ်လာရာကျော် အထိ ဈေးကြီးပါ တယ်။ ဒီတန်ဖိုး ပန်းတွေနဲ့ အနုပညာမြောက်စွာ ပြင်ဆင် ထားတဲ့ အသုဘရှု ခန်းမကတော့ လှပတင့်တယ် ရှုချင်ဖွယ်အတိပါပဲ။ ခန်းလုံးပြည့် ပန်းရောင်စုံတွေ ရဲ့အလှကို နှစ်နာရီတာမျှ အသုံး ချပြီးရင် အသုဘရှုခြင်းကလည်း ပြီးဆုံးပြီးမို့ ပန်းတွေကို ဘုရားကျောင်း အတွက် ဖြစ်စေ၊ လူအိုရုံအတွက် ဖြစ်စေ ပေးပို့ပြီး လှူဒါန်းကြပါတယ်။

တချို့ကျတော့လည်း နှစ်ပတ်လည်သာ အထားခံတဲ့ ပန်းခြင်းတွေ ပို့မဲ့အစား အကျိုးရှိရာကို ပေးလှူဖို့ အသုဘရှင် များက မေတ္တာရပ်ခံတာမျိုးလည်း ရှိပါတယ်။ ကျွန်မတို့ မိတ်ဆွေ ဦးခင်မောင်သန်း နဲ့ ခရစ္စတာသန်း တို့ရဲ့ သမီးလေး အင်ဂရစ်သန်းက စာအလွန်တော်တဲ့ ဂုဏ်ထူး တန်း ကျောင်းသူလေးပါ အသက် ၁၆ နှစ်မှာ ကွယ်လွန် သွားတာ မိဘနှစ်ပါးက အသုဘအတွက် ပန်းပို့မဲ့အစား (အင်ဂရစ်စကောလာရှစ်) အဖြစ် ကျောင်မှာ တည်ထောင် လိုက်ပြီး အလှူငွေ ကို အင်းဂရစ်စကောလားရှစ် ရန်ပုံငွေအတွက် ထည့်ဝင် လှူဒါန်းဖို့ မေတ္တာ ရပ်ခံပါတယ်။
အလားတူ ပညာရေးရန်ပုံငွေတွေ စီစဉ်တာမျိုး ရှိသလို နှလုံရောဂါနဲ့ ကွယ်လွန်သူ၊ ကင်ဆာရောဂါနဲ့ ကွယ်လွန်သူ တချို့ ကလည်း ကိုယ်လို ဝေဒနာရှင်တွေ အကျိုးများစေမဲ့ ကင်ဆာသုတေသန၊ နှလုံး ရောဂါ သုတေသန စတဲ့ အပြုလုပ်ငန်းတွေ အတွက် ပို့ ပြီး လှူ စေတယ်ပေါ့။ ဒါန မြောက်အောင် စိတ်ကူးကောင်းကြတာအတွက် သာဓုခေါ် ဖွယ် ရာပါပဲ။

မာမီ ရဲ့ အသုဘမှာတော့ ကျွန်မတို့က ဘာမှ မေတ္တာရပ်ခံထားချက်  မရှိတာကြောင့် သားသမီး တွေရဲ့ အလုပ်ဌာန ဆိုင်ရာတွေက ပို့တဲ့ ပန်းတွေရော သူတို့ အသိုင်းအဝိုင်း မိတ်ဆွေတွေရဲ့ ပန်း တွေရော ကျွန်မ ရဲ့ မြန်မာမိတ်ဆွေတွေ ပိုပတဲ့ ပန်းတွေပါ များပြားလှာစွာ ရောင်ျစုံဖြာနေပါတယ် အလွန်အလှ အပ ကို မြတ်နိုးတတ်တဲ့ ကျွန်မ အမေ မြင်စေချင်စမ်းပါရဲ့။
ဘယ်လို အတတ်ပညာတွေနဲ့ ဈာပနဂေဟာက ပြုပြင်လိုက်သလဲ မသိပါဘူး။ မာမီရဲ့ ရုပ်ကလာပ်က ယုံနိုင်စရာ မရှိအောင် နုပျို ငယ်ရွယ် သွားလိုက်တာ။ ဝတ်ထားတဲ့ ကြိုးကြီးချိတ် လုံချည်၊ အင်္ကျီလက်ရှည်ပေါ်မှာ ပဝါစုံနဲ့ အင်လျားလိတ် က မင်္ဂလာဆောင်ကို ခုခက်ချင်း၊ ထသွားတော့မဲ့အတိုင်းပါပဲ။ ကိုယ့်မြေ ကိုယ့်ရေမှာ သားသမီးတွေ ရဲ့ အသိုင်းအဝိုင်းရော၊ ကျွန်မရဲ့ မြန်မာအသိုင်းကပါ လာရောက်ကြတာမို့ မာမီ့အသုဘက လှလှပပ နဲ့ စည်စည်ကားကား ဖြစ်ပါတယ်။

သားကြီးဝင်း က လာတဲ့ ပရိတ်သတ်တွေကိုတောင် ဧည့်မခံနိုင်ဘဲ သူ့အဘွားရဲ့ ရုပ်ကလာပ် ဘေးမှာ ဒူးထောက်ပြီး ကလေးတစ်ယောက် လို တရှိုက်ရှုက် ငိုနေလေရဲ့။ အစ်ကို့အနားမှာ အငယ်မောင်နှမ တွေလည်း စုပြီး လိုက်ငိုနေကြပြန် တာနဲ့ သားသမီးတွေကို ရင်မျာထွေး အားပေးရင်း ကိုယ်တိုင်လည်း ထိန်းထားတဲ့ထဲက မနေနိုင် ဘဲ မျက်ရည်ဖြိုင်ဖြိုင် ကျရပါတော့တယ်။ မျက်ရည် တွေကြားထဲက ကိုယ့်မိခင်ရဲ့ မျက်နှာ ကို နောက်ဆုံအကြိမ် တစ်ဝကြည့်ပြီး ကျွန်မအပေါ်မှာ ထား ရှိခဲ့တဲ့ မေတ္တာစေတနာ အကြင်အနာကျေးဇူးတရား ကို ဆင်ခြင်မိတဲ့ အခါ ရင်ထဲမှာ ပေါက်ကွဲ မတတ်ပါပဲ။
သတ်မှတ်ထား တဲ့ အချိန်ကာ နှစ်နာရီ ဆိုတာ ဘာမှ မကြာလိုက်ပါဘူး။ ရုပ်ကလာပ် ကိုအအေးတိုက် ထဲ ပြန်သွင်း ချိန် ရောက်ပြီမို့ ကျွန်မတို့ မိသားစုအားလုံ မာမီကို ကိုယ်စိတ်နှလုံး သုံပါးစလုံးနဲ့ နောက်ဆုံးအကြိမ် ရှိခိုး ကန်တော့ကြပါတယ်။ ဒီအချိန်မှာ ဘယ်လိုမှ မထိန်းနိုင် တော့ ဘဲ အားလုံး ရှိုက်ကြီးတငင် မျက်ရည်တွေ သွန်ချကြတော့ တာပဲလေ။
သံသရာမှာ မာမီ့အတွက် တစ်ဘဝစာ ပြီးလေပြီပေါ့။

အသက်ရှင်စဉ် ကာလ ထားရှိခဲ့တဲ့ မျှော်မှန်းချက်တွေ စိတ်ကူးအိပ်မက်တွေ၊ ယုံကြည်ချက်တွေ၊ မိမိအတွက်ရော ချစ်သောသူများ အတွက်ပါ ရာက်ရှိရတဲ့ ပူပင်သောကတွေ အလိုဆန္ဒ ပြည့်ဝတဲ့အခါ ကျေနပ်ကြည်နူးခြင်းတွေ၊ ချစ်ခြင်း မုန်းခြင်း ဆိုတဲ့ စိတ်ရဲ့ ခံစားချက်တွေ အားလုံး ဟာ အသက်နဲ့ အတူ ပျောက်ကွယ်သွားလေပြီပဲ။ စိတ်စေတသိက် အတွက် အထောက်အကူ ပြုဖို့ ဖြစ်ပေါ်လာရတဲ့ ဒီခန္ဓာကိုယ် ရုပ်ပစ္စည်းကြီးကလည်း သက်မဲ့ဖြစ်နေချိန် မှာ စွန့် ပစ်ကြရစမြဲ ပါပဲလေ။

မာမီ ကွယ်လွန်ချိန်မှာ ကျွန်မ အသက်ငါးဆယ်ကျော်ပြီ ဖြစ်လို့ တရားကို အတော်အသင့် နှလုံး သွင်းနိုင်တဲ့ အရွယ် ရောက်ရှိပြီ ဖြစ်ပေမဲ့ လက်တွေ့မှာတော့ မလွယ်ကူပါဘူး။ ကျွန်မရင်မှာခံစားရတာတွေကို မိခင်လို ချစ်တဲ့ ဒေါ်ဒဂုန်ခင်ခင်လေး ကို စားရေးရင်ဖွင့်တော့ ''ငါ ညီမကအမေနဲ့ အသက်ငါးဆယ်ကျော်တဲ့အထိ အတူ နေခွင့်ရခဲ့ တဲ့ နှစ်တွေအတွက် ဝမ်းသာကျေ နပ် စမ်းပါ။ မမခင်မှာ အမေနဲ့ ဆယ့်ခုနစ်နှစ်ထိပဲ အတူနေခွင့် ရခဲ့တဲ့ နှစ်တွေအတွက် ဝမ်းနည်းကြေ ကွဲ မဖြစ်ပါနဲ့။ ရှိခဲ့ဖူးတာကို တန်ဖိုးထား ဝမ်းသာပါလို့ စာပြန်ရေး လာပါတယ်။ မမခင်ရဲ့ စာဟာ တန် ဖိုးရှိ ဖြေဆေးတစ်ခုပါပဲ။
ကျွန်မ အမေ ကယ်လွန်သွားတာနဲ့ ပတ်သက်ပြီး ကြီးစွာသော နောင်တနဲ့အတူ တစ်သက်စာ သင်ခန်းစာ တစ်ခု တည်း ရရှိလိုက်ပါတယ်။ မာမီ့မှာ နှလုံးရောဂါရှိတဲ့အတွက် စိုးရိမ်စိတ်နဲ့ ဂရုစိုက်နေရတယ် ဆိုပေမဲ့ သွားသွား လာလာ လှုပ်လှုပ်ရှားရှားနဲ့မို့ခုလို ဗြုန်းခနဲ့ ဖြစ်သွားလိမ့် မယ်လို့ မတွေးထင်မိပါဘူး။ ကွေးသောလက် မဆန့်ခင် သေခြင်းတရား အချိန်မရွေး ကျရောက်လာနိုင်တယ် ဆိုတာကို  အလေးအနက် မထားမိဘူး ဆိုတာ ၀န်ခံ ရမှာပါပဲ။

မာမီက ဘယ်တော့မှ အအားမနေတတ်တဲ့သူ ဆိုတော့ တစ်ခုမဟုတ် တစ်ခု ချုပ်လုပ်နေတာပါ။ ဒီမှာ ၀ယ်လို့ရ တဲ့ ပုံစံစာအုပ်တွေကလည်း တီထွင်ဖန်တီးမှုတွေက ဆန်းသစ်တာကြောင့်  မာမီကပုံစံ တစ်ခု လက်တည့်စမ်းနေလေ ရဲ့။ တစ်နေ့ ကျွန်မ အလုပ်က ပြန်လာတော့.... 
''သမီး ဒီမှာကြည့်ပါဦး၊ မလှဘူးလား''
ချုပ်ပြီးသား အဝတ်စလေးကို အဖျားကနေ ကိုင်ပြီး ထောင်ပြလိုက်ပါတယ်။ မာမီ ချုပ်ထားတာက ဖက်ခေါင်းအုံးလေး ပါ။ လုံးလုံးရှည်ရှည်၊ ရိုးရိုးဖက်ခေါင်းအုံး ပုံစံမျိုး မဟုတ်ပါဘူး။ ထူးထူးဆန်ဆန်း လူရုပ်ပုံ ဖော်ထား တဲ့ ခေါင်းအုံးလေးပါ။ မျက်နှာ ဝိုင်းဝိုင်းစက်စက် ကလေးမှာ မျက်ခုံးတွေ၊ မျက်လုံးတွေက ပုံဖော် ထားလိုက်သေးတယ်။ ခုံးမျက်စ၊ သုံးရက်လနဲ့ မျက်တောင်ကော့ကော့ကြီးတွေ နဲ့ပါ။ နှုတ်ခမ်းလေး တွေ ကလည်း နှင်းဆီဖူးလို နီထွေးထွေးလေး။ ခေါင်းပေါ်မှာ သိုးမွှေးချည် အနက်တွေနဲ့ ဆံပင်လည်း တပ် ထား ပါသေးတယ်။ ထိပ်လယ်တည့်တည့်မှာ ခွဲပြီး ဘေးတစ်ဖက်စီမှာ ဖဲကြိုးနီနီလေးတွေ ချည်ထားတဲ့အပြင် ဂါဝင်လှလှလေး ပါ ဆင်ထားတော့ တကယ့်ဒေါ်လီရုပ်ကလေးလေး ကျနေတာပါပဲ။

''အရမ်းလှတာပဲ မာမီ၊ အဲဒါ ဘယ်သူ့အတွက်လဲ'' လို့ မေးတော့ ''ယမင်းအတွက်လေ။ ဒီကောင်မလေး က ခေါင်းအုံးကြီး ဖက်ဖက် အိပ်တတ်တယ် မဟုတ်လား။ ဒီဖက်အုံးမျိုးလေးဆို သူ ကြိုက်မှာ'' တဲ့။
''အင်း.. ဟုတ်တယ်၊သူ ဖုန်းဆက်ရင် သမီး ပြောပြလိုက်မယ်'' လို့ ပြောရင်း အဝတ်လဲမယ် လုပ်တော့...
''ဒီခေါင်းအုံးလေး သွတ်ဖို့ မှို့သွားဝယ်ပေးဦး'' တဲ့။
''အင်းပါ၊ နောက်နေ့ ဝယ်တာပေါ့'' လို့ လွယ်လွယ်ပြောလိုက်မိပါတယ်။တကယ်ဆို ကားလေး နဲ့ သွားလိုက်ရ တာပဲ။ နာရီဝက် ခရီးလောက် ကြာတာ။ အမေ့ရဲ့ ဆန္ဒကို ချက်ချင်း ဖြည့်လိုက်ဖို့ ကောင်းတာ မဟုတ်လာ နော်။

လူတွေဟာ အိပ်ရာပေါ် လဲ၊ လူမမာဖြစ်ကာမှ ဘာစားချင်လဲမေးပြီး ဆန္ဒကို ဖြည့်ရှာဖွေကျွေးချင်ကြတာ။ ကျန်းမာနေ ဆဲ ကာလမှာတော့ စားချင်တာ ကျွေးရကောင်းမှန်းမသိတဲ့ လူစားမျိုးထဲမှာ ကျွန်မဆိုတဲ့ ငမိုက် သားလည်း ပါလေပါတယ်ပေါ့။ နောက်နေ့တွေမှာလည်း မာမီက မှို့ဝယ်ပေးဖို့ ပူဆာမြဲပါပဲ။
''စနေနေ့ကျ မှ သွားရအောင်ပါ။ ကလေးတွေလည်း ကျောင်းပိတ်တယ်။ မာမီပါ တစ်ခါတည်း လိုက်ခဲ့။ ကြိုက် တာ တစ်ခါတည်း ရွေးဝယ်ပေါ့'' လို့ ကျွန်မ က ရက်ရွှေ့လိုက်တော့ စိတ်မြန်လက်မြန် ဘာမဆို ခုချက်ချင်း လုပ်တတ် တဲ့ မာမီက စိတ်ပျက်လက်ပျက် ပုံစံနဲ့ အရုပ်ကလေးကို စက်ပေါ်မှာ လွှားတင်ထားလိုက်လေရဲ့။
ကျွန်မပြော တဲ့ စနေနေ့က ရောက်လာပေမဲ့ ဖက်အုံးအတွက် မှို့ဝယ်မထွက်ဖြစ်တော့ပါဘူး။ သောကြာနေ့ မှာ မာမီ စ အန်ပြီး တနင်္လာနေ့ ညနေမှာ ကွယ်လွန်သွားပါလေရာ။ မာမီ မရှိတဲ့နောက် ခြေရာလက်ရာမပျက် စင် ပေါ် မှာအလိုက်သင့် လွှားတင်ထားတဲ့ အရုပ်ကလေးလည်း မြင်ရော ကျွန်မ ချုံးပွဲချငို မိတော့တာပဲ။ ကျွန်မကိုယ် ကျွန်မလည်း ခွင့်မလွှတ်နိုင်အောင် အပြစ်တင်ရင်း နောင်တကြီးစွာ ရမိပါတယ်။

ကိုယ်ရောသူပါ လူမှန် သမျှ ဘယ်နေ့ သေမလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ကြပါဘူး။ နောက်နှစ်ပေါင်း ငါး ဆယ် လား။ နှစ်ဆယ်လား။ ဆယ်နှစ်လား။ ဒီနေ့လား။ အခုလား။
အဲလို မသိနိုင်ကြလိုသာ အမြဲတမ်း ဖြစ်တည်နေကြမဲ့အတိုင်း ပေါ့ပေါ့တန်တန် နေမိကြတာပေါ့နော်။ ဒီနေ့ ဟာ ကိုယ် ရဲ့ နောက်ဆုံးနေ့လည်း ဖြစ်နိုင်တာပါပဲ။ ဒီလိုအသိ တရားလေးသာ စောစောက နှလုံးသွင်းနိုင်မယ်ဆိုရင် မာမီ့ရဲ့ဆန္ဒကို ကျွန်မအပြေးအလွှား ဖြည့်ပေးခဲ့မိမှာပေါ။ ခုတော့ နှောင်းတဲ့ နောင်တအဖြစ်နဲ့ ရင်နာနေရတာပဲ ကျန်နေခဲ့ ပါတယ်။
ဒီလိုနဲ့ ကိုယ်စိတ် ကို မနည်းအားတင်းပြီး သက်သာရာရှာတဲ့အနေနဲ့ အလုပ်ကို တအား ဖိလုပ်ပေါ့။ အိုးသစ် အိမ်သစ် ထူထောင် ရမှာမို့ အပ်ကအစ အဝတ်လျှော်စက်အထိ အရာရာ လိုအပ်နေတာတွေကို လည်း နည်းနည်း ချင်း ဝယ်စုနဲ့ ပျိုးထောင်နေဆဲ ဆိုပါတော့။ ဒါကြောင့် မာမီ ဆုံးပြီး နှစ်လခွဲ ရှိတော့မှ ကျွန်မတို့ အိမ်သစ် ကို ပြောင်းဖြစ်ပါတယ်။ မြန်မာပြည်က မလာခင် စိတ်ကူးယဉ်ခဲ့တုန်းက သားကြီးရဲ့အိမ် မှာ အလွန် ဆုံး ခိုလှုံရ သုံလ လို့ တွက်ထားခဲ့မိပေမဲ့ တကယ်တမ်းကျ တစ်နှစ်ခွဲကြာမျှ သားနဲ့ ချွေးမရဲ့ အရိပ်အောက်မှာ ခိုခဲ့ကြရတာပါ။

သားက ဘယ်လောက်ပဲ မိသားစုကို စောင့်ရှောက်ချင်တယ် ဆိုပေမဲ့ ချွေးမဖြစ်တဲ့ ဘော်ဘီသာ စိတ်ထား မပြည့်ဝ ရင် ကျွန်မ တို့မိသားစု ခုနှစ်ယောက် ဒါလောက် ကြာကြာနေနိုင်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် ကိုယ့်သားတင် မကဘဲ ချွေးမ ဘော်ဘီကိုပါ ကျေးဇူးရှင်အဖြစ် နှလုံးသားမှာ  အမြဲခံယူ ထားပြီး ကျေးဇူးတင် နေ ရတယ်။
ကိုယ်အိမ်လေးနဲ့ကိုယ် ဖြစ်လာတော့ ခြံကလေး ရှင်းလိုက်၊ အိမ်ကလေး သလိုက် ဖလော်ရီဒါ ပြည်နယ်ရဲ့ ရာသီဥတု ကလည်း Sub Tropical မို့ မြန်မာပြည်  ရာသီဥတုနဲ့ ဆင်တာကြောင့် မြန်မာသီးနှံပင်တွေ စိုက်လို့ ဖြစ် ပါတယ်။ သားကြီးဝင်းကလည်း သစ်ပင်စိုက် ဝါသနာပါလို့ ရှောက်သီးပင်၊ သြဇာသီးပင်တွေ ပျိုးခြံက သွား ဝယ်လာပြီး ကျွန်မခြံထဲတွင် စိုက်ထားပေးပါတယ်။ သူ့ခြံထဲမှာ ရှိတဲ့ ဖီးကြမ်းငှက်ပျောပင် ပေါက်တွေ ယူလာစိုက်၊ ကုလားအော်ငရုတ်သီးပင်တွေ  စိုက်နဲ့ စနေ၊ တနင်္ဂနွေဆိုရင် အလုပ်တွေရှုပ်၊ မြန် မာမိတ်ဆွေအချင်းချင်းလည်း သူ့ရှိတာ ကိုယ်ယူ ကိုယ့်ရှိတာ သူ့ပေးနဲ့ သစ်ပင်တွေ အလဲအလှယ် လုပ် ကြပေါ့။ ဒေါက်တာ ရီရီမြင့် အိမ်က ယိုးဒယားဆီးပင် သစ်တောမင်းကြီး ဦးအောင်ဒင်အိမ်က ပျဉ်းတော်သိမ် နဲ့ ဘူးပင်၊ ဒေါ်စူစန်သိန်း အိမ်က ဒန့်သလွန်ပင် နဲ့ ကျွန်မခြံထဲမှာ မြန်မာ အပင်လေးတွေလည်း စုံလို့။

ဖလော်ရီဒါပြည်နယ် တောင်ပိုင်းရဲ့ ကျွန်မတို့ နေတဲ့ ဘရားဝဒ်ကောင်တီကို  Venice of America လို့ခေါ် ကြပါတယ်။ venice မြို့တ်ာလို တူးမြောင်ပေါင်း မြောက်မြားစွာ ရှိလို့ပါပဲ။ အထူးသဖြင့် လေယာဉ်ပေါ်က ကြည့်ရင် တူးမြောင်းများစွာ က မြို့ရဲ့အလှကို ဆင်ထားတာ ထင်ထင်ရှားရှား မြင်တွေ့ နိုင်ပါတယ်။ တူမြောင်း များစွာ က ရေမျက်နှာစာ ရှိတဲ့ တူးမြောင်းတွေဖြစ်လို့ ရေကလည်း အမြဲလျှံနေတာပါ။ တူးမြောင်းတွေများ လို့  ရေ ပျော် သတ္တဝါတွေ ဖြစ်တဲ့ ဗျိုင်းတို့ မယ်ညိုတို့၊ ငှက်ကြီးဝန်ပိုတို့၊ လိပ်တို့ လဲတို့ တစ်တွေကလည်း ပေါခြင်းသောခြင်း။ သူတို့ကို ဘယ်သူ တစ်ဦးတစ်ယောက်ကမှ ပစ်ခတ် အန္တရာယ် ပြုတာမျိုး မရှိတော့ လူကို တောင် လူထင်ကြတာ မဟုတ်ဘဲ ကိုး။ လိပ်တွေက ဝင်းတကာ ခြံတကာကို ဝင်ရုံမကဘူး။ ကားလမ်းပေါ်အထိ ကျူးကျူး ကျော်ကျော် တက်လိုတက်။

ကိုက အရေးတကြီး သွားစရာရှိနေတုန်း ဘဲမိသားစု ကားလမ်းဖြတ်နေကြပြီဆိုရင် သွားပါလေရော။ အမေ ဘဲမကြီး က ကော့ကော့ကော့ကော့ နဲ့ ရှေ့ကသွားရာနောက်ဘဲပေါက်စလေး တစ်ဒါဇင်လောက်က တန်းစီ လိုက်လာကြတာ ကို ကားတန်းကြီးက်ရပ်စောင့် ရပါတယ်။ အစောင့်လို့ကလည်း မဖြစ်ဘူး။ လမ်ပေါ်မှာ ဘဲတွေ၊ လိပ်တွေ  ကားတက်ကြိတ်မိ ရင် ဖလော်ရီဒါ ပြည်နယ် ဥပဒေက ဒေါ်လာလာငါးရာ ဒဏ်ပေးဆောင် ရပါတယ်။ ဘဲက မှ တော်သေး။ ကိုရွှေလိပ် က ဖြတ်ပြီဆိုရင် ကားမောင်းသူတွေ ငိုချင်းချချင်လောက်အောင် စိတ်ညစ် ရပါတယ်။

ခြံထဲကို အလေ့ပေါက် ဘဲတွေ လာတိုင်း သား ကိုရွှေစင်က ပေါင်မုန့်ကျွေးလေ့ရှိတာကြောင့် သူတို့တစ်တွေက စားအိမ် သောက်အိမ် လို သဘောထားနေကြလား မသိပါဘူး။ ကျွန်မအိမ်ကို ''မြရတနာ သားဖွားခန်း '' အဖြစ် လည်း သဘောထားကြပါသေးတယ်။ အမေ ဘဲမကြီးက ဥဖို့ အချိန်တန်ပြီ ဆိုတာနဲ့ မိသား စုအခန်း ဘေးက ပန်းပင်တွေကြား မှာ ပုံမှန် နေရာယူထားလေရဲ့။
လူမိခင်တွေထက်တောင် သူတို့က ပိုပြီး ပင်ပန်းကြီးစွာနဲ့ မွေးလာမယ့် သားသမီးတွေကို စောင့်ရှောက်ရတာ ပါ။ ဝပ်ကျင်း ထိုင်ပြီး ဆိုကတည်းက အစာလည်းထမစား ရေလည်းထမသောက်၊ မနေနိုင်တဲ့ ကျွန်မတို့ သား အမိက အစာ ကို ဝပ်နေ တဲ့ အမေ့ရှေ့မှောက် အရောက်သွားပို့ပေးရတာ။ ဘဲကလေးတွေ ပေါက်တဲ့ထိ နေ့ စဉ်နဲ့အမျှ လုပ်ရ တဲ့ အလုပ်တစ်ခုပါပဲ။ အဲဒီလို ဘာမဟုတ်တဲ့ သက်မဲ့သစ်ပင်၊ သက်ရှိသတ္တဝါလေးတွေ နဲ့ ကိယ့် ဘဝ အေးအေးချမ်းချမ်းရှိနေရာက သုံးလလောက်ပဲ နေရပါသေးတယ်။ တစ်ညနေမှာ ဦးကျော်ဇောက ဆိုင်းမဆင့် ဗုံမဆင့် နဲ့...
''ကိုယ် အလုပ်က ထွက်တော့မယ်ကွာ။ ဒီမှာလည်း မနေချင်တော့ဘူး '' တဲ့။

''ဟောတော့၊ ဘယ်လိုဖြစ်တာလဲ ခုမှ အခြေတကျဖြစ်ခါစ ရှိသေးတယ်။ မနေချင်ဘူး ဆိုရင်လည်း အိမ်မ ဝယ်ခင် က ပြောရောပေါ့" လို့ ကျွန်မ က ပြန်ပြီး မေးသာ မေးရတယ်။ သူအလေးအနက် ပြောနေတယ်လို့ မထင်မိပါဘူး။ ရုံးမှာ တစ်ယောက်ယောက် နဲ့ အဆင်မပြေဖြစ်လို့ ခါတိုင်း ဂျီကျနေကျ အပြာမျိုးလို့ တွေး လိုက်မိတာပါ။
"ဟုတ်တယ် ခင်၊ ကိုယ် ဒီမှာကို မနေချင်တော့တာတဲ့"
ကျွန်မ တအံ့တသြ ဖြစ်သွားရပါတယ်။  ကျွန်မနဲ့ ရန်လည်းမဖြစ် စကားလည်းမများ၊ ခါတိုင်းလို ကြည်ကြည် လင်လင် ရှိနေရာ က ဗြုန်းစားကြီး ဒီစကားကို ကြားလိုကင်ရတာ မယုံနိုင်အောင်ပါပဲ။ ဒါနဲ့ ရှင်းရှင်းလင်းလင်း သိရအောင် .. "ပြောပါဦး၊ မနေချင်ရတဲ့ အကြောင်းအရင်းကို" လို့ မေးတော့မှ သူ့ရင်ထဲက ခံစားချက်တွေကို ထုတ် ပြော လာပါတော့တယ်။

နံပါတ်(၁) အနေနဲ့ သူ လခစား အလုပ်လိုတော့ဘူးလို့ ဆိုပါတယ်။ မြန်မာပြည်မှာ ကတည်းက လခစား မလုပ် လိုလို့ ရာထူး ကို စွန့်ထွက်ခဲ့ပြီးမှ အအေရိကားမှာ လာပြီး လခစားလုပ်ရတာ အဓိပ္ပါယ် မရှိလေဘူးတဲ့။
စီးပွားရေးလုပ် ဖို့ မြန်မာပြည်က နမူနာပစ္စည်းတွေ တကူးတက ယူလာပြီးမှ ဒါတွေ အတွက် ဈေးကွက် ရှာလို့ မရနိုင်ဘူး ဆိုပြီး လက်လျှော့နေလို့ မဖြစ်သေးဘူးတဲ့။
ဈေကွက်ရှာ ကြိုးစားဖို့ကလည်း ဖလော်ရီဒါမှာ မဟုတ်ဘဲ  ကာလီဖိုးနီးယား၊ ဝါရှင်တန်၊ နယူယောက် စတဲ့ တခြားပြည်နယ်တွေကို သွားလိုတာပါတဲ့။
ဒါ့အပြင် နောက်ဆုံး အချက်ကလည်း ကျွန်မသားတွေ သမီးတွေနဲ့ တစည်းတလုံးအတူတကွ ရှိနေကြပြီမို့ သူအနေ နဲ့ ဆက်လက် စောင့်ရှောက်စရာ မလိုအပ်တော့ဘူလို့ လည်း ဆိုပါသေးတယ်။
ကျွန်မ သူ ပြောသမျှ ကို အငေးသားနားထောင်ရင်း ဒါဟာ လူကြီးလူကောင်းပုံစံနဲ့ "လမ်းခွဲကြစို့ ဆိုတာ ယဉ်ကျေးစွာ နဲ့ ပြောကြားနေခြင်းပဲလားလို့ တွေးကြည့်နေမိပါတယ်။

ကိုယ်အမိမြေကို စွန့်ပြီး အမေရိကား လာတယ် ဆိုကတည်းက ဒီသားသမီးတွေနဲ့ အတူတကွ တစု တစည်းတည်း ရှိလိုတဲ့ဆန္ဒ အဓိကနဲ့ လာရောက်ခဲ့တာ နှစ်ဦးသဘောတူ ဆုံဖြတ်ချက် ဖြစ်ပါလျက်နဲ့ အ ခု ဒီဟာက ပြဿနာ ဖြစ်ပေါ်လာ ရတာကို ကျွန်မ နားမလည်နိုင်အောင်ပါပဲ။
ဒါကြောင့် "မနေချင်တော့ဘူး ဆိုတဲ့ စကားဟာ အလေးအနက် စဉ်းစား ဆုံးဖြတ်ပြီးမှ ပြောတာ ဟုတ်ရဲ လား"လို့ တစ်ခွန်း ပဲ မေးလိုက်ပါတယ်။
"ဟုတ်ပါတယ်။ ကိုယ်စဉ်းစားပြီးမှ ပြောတာပါ။ ဒီက နှစ်ဆန်းတစ်ရက်နေ့ ထွက်မယ်လေ" တဲ့။
ရက်တောင် သတ်မှတ်ပြီးပြီ ဆိုမှတော့ ကျွန်မ ဘာမှ စောဒက မတက်လိုတော့ပါဘူး။ နေချင်ရင် နေလိုက်ကြရုံ၊ မနေချင် ရင် သွားပေါ့ မတားပါဘူး။ လူဆိုတာ မာနနဲ့ ပါ။ နေရာတိုင်းတော့ အရှုံးမပေးနိုင်ဘူး" ဆိုတဲ့ အဆိုကျော် စိုင်းထီးဆိုင် ရဲ့ "စဉ်းစားပါဦး" သီချင်းထဲကလို မာနစိတ်နဲ့ အံကြိတ် တင်းခံထားလိုက် တယ်ပေါ့။

သူ့အစီစဉ် အတိုင်း မှတ်မှတ်ရရ နှစ်ဆန်းတစ်ရက်နေ့မှာ ကျွန်မကိုယ်တိုင် ကားမောင်းပြီး ဦးကျော်ဇော ကို လေယာဉ်ကွင်း အရောက် လိုကိပို့ ပေးလိုက်ပါတယ်။ ကားပေါ်က ပစ္စည်းတွေ ချရင်း ကျွန်မကို တစ်ချက် ပြန်လှည့်ကြည့်ပြီး..
"ဂွတ်ဘိုင် ခင်" တဲ့။
အဆုံးသတ်ပုံ က ရိုးရိုးလေးပါပဲ။
ကျောခိုင်း ထွက်သွားသူ ရဲ့ နောက်ကျောကို ကြည့်ရင်း လူသားတွေရဲ့ ချစ်ခြင်း၊ မုန်းခြင်း ဆိုတဲ့ စိတ်ရဲ့ ခံ စားချက် မှန်သမျှတွေ ဟာ အခါအားလျှော်စွာ ပျက်ပြယ်သွားနိုင်ပါလား ဆိုတဲ့ အသိတရား တစ်ခု ရရှိလိုက် ပါရဲ့။

ဘဝမှာ သင်ခန်းစာတွေက ကျက်မှတ်လို့ မကုန်နိုင်အောင် များပြားလှစွာပါပဲနော်။ ကိုယ့်ဘ၀အဓိပ္ပာယ်  အတွက် ကိုယ့်သင်ခန်းစာ နဲ့ကိုယ် ပါလာပြီးသားပေလားမသိ။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကိုယ်သင်မှတ်ရမဲ့ သင်ခန်းစာကိုတော့ ကျေညက်အောင် ရှိရမယ်ပေါ့။ သင်ခန်းစာရဲ့ အခြေခံဥပဒေကတော့ အမြင်မကျဉ်းဖို့နဲ့ မျှတစွာ ရှုမြင်တတ်ဖို့ပါပဲ။
အပြန်မှာ ကားမောင်းလာရင်း ကိုယ့်အဖြစ်ကို ပြန်သုံးသပ်ကြည့်နေမိပါတယ်။ ရေမြေခြားပြီး ကမ္ဘာ တစ်ခြမ်း ရောက်နေကြ တဲ့ သားသမီးတွေနဲ့ရော၊ တစ်ခုစီကွဲနေတဲ့ သားသမီးတွေနဲ့ပါ တစည်းတလုံး ကိုယ့်ရင်ခွင် ထဲ အားလုံးပြန်ရောက်လာပြီမို့ ကံကောင်းလေစွလို့ ဝမ်းသာ ကြည်ရွှင်နေရာက ဘာမှမကြားလိုက်ဘူး။ မထင် မှတ်ဘဲ တစ်သက်လုံး မကွဲ မကွာအတူ နေလာခဲ့တဲ့ မိခင် ကွယ်ပျောက်ဆုံးပါးသွားပြန်တော့ ယူကျုံးမရ ရင်မှာ နာကျင်မှုတွေ ခံစားရပြန်ရောလေ။ အဲလို စိတ်ဆင်းရဲ ရာက မိသားစု အတွက် ကိုယ်အိုး ကိုယ့်အိမ် လေးနဲ့ အခြေတကျ ဖြစ်တည်လာတော့လည်း အေးချမ်းသာယာတဲ့ ဘဝလေး ရပြီလို့ အားတွေတက် စိတ်လက်ကြည်လင် ဘဝင်ကျမယ် ကြံခါရှိသေး။ ဗြုန်းခနဲ ဘဝအဖော်က ရုတ်တရက် လက်တွဲဖြုတ်သွား ပြန်တော့ တာဝန်တွေနဲ့ တစ်ကိုယ်ရေ လျှောက်ရမဲ့ ခရီးကြမ်းအတွက် စိတ်မောစရာ ဖြစ်ပြန်တယ်ပေါ့။

ကိုယ်အဖြစ် ကိုယ်စဉ်းစားရင်း ဖတ်ဖူးထားတဲ့ ပုံပြင်လေးတစ်ပုဒ်ကို သတိရမိပါတယ်။ တောရွာတစ်ခုမှာ ပညာရှိကြီး တစ်ဦး ရှိတယ်တဲ့။ တစ်ခုခုဆို ရွာသားတွေက သူ့ဆီမှာ အကြံဥာဏ်သွားပြီး တောင်းကြရပါတယ်။ တစ်နေ့ကျတော့ လယ်သမား တစ်ယောက်က ပြေးလာပြီး "ပညာရှိကြီး ခင်းဗျား၊ ကျွန်တော် အကြီးအကျယ် ဒုက္ခရောက်နေ ပါတယ်။ လယ်မှာ ခိုင်းနွားသေသွားလို့ လယ်လုပ်စရာ နွား မရှိ တော့ ပါဘူး။ ဘယ်လိုကြောင့် ကျွန်တော် ဒါလောက် ကံဆိုးရတာလဲ" လို့ မေးတော့...
"မောင်ရင် ဒါဟာ ကံဆိုးတယ် ဆိုပေမဲ့ ကံကောင်းတာလည်း ဖြစ်နိုင်တာပဲလို့ ပညာရှိကြီးက ဖြေတယ်။

ဒီအဖြေကို လယ်သမားက မကျေနပ်လေဘူး။ ရွာပြန်သွားပြီး "တို့ ပညာရှိကြီးတော့ ရူးသွားပြီထင်တယ်။ ကြည့်ပါဦး။ ကျုပ်နွား သေသွားတဲ့အကြောင်း သွားပြောတာ ဒါ ကံကောင်းတာလည်း ဖြစ်နိုင်တယ်တဲ့။ ဟုတ် နိုင်စရာ ရှိသေး ရဲ့လားဗျာ" လို့ လူတကာကို လည်ပြောလေရဲ့။
နောက်နေ့ကျ သူ့လယ်တောအနားမှာ ပိုင်ရှင်မဲ့ မြင်းတစ်ကောင် ရောက်နေတာတွေ့ရပါတယ်။ "ဟန်ကျတာ ပဲ၊ ဒီမြင်း ကို ဖမ်းပြီး လယ်ထွန်ရရင် ကောင်းမယ်ဆိုတဲ့ အကြံနဲ့ မြင်းကို ဖမ်းပြီး လယ်ထွန်ကြည့် တော့ နွားနဲ့ ထွန်တာ ထက် အရာရောက်ပြီး မြန်မြန်အလုပ်ပြီးတာကြောင့် ဝမ်းသာအားရနဲ့ ပညာရှိကြီး ဆီပြေးပြော ပြန်ရော။
"ကျွန်တော် အထင်မှားသွားတာပါ။ ပညာရှိကြီး ပြောစကား မှန်လိုက်တာ။ ကံကောင်းတာ ဖြစ်နိုင်တယ် ဆိုတဲ့ အတိုင်း ခု မြင်းတစ်ကောင် ရတော့ လယ်ထွန်ရတာ ခရီးရောက် လို့ ဟန်ကျလိုက်တာ" လို့ အားပါးတရ ပြောလေ ရဲ့။

"အေးကွယ် မောင်ရင် စောင့်ကြည့်ပါဦး သိပ်လည်း ဝမ်းသာမနေနဲ့ဦး။ ကံဆိုးစရာလည်း ကြုံလာနိုင် တယ် နော့" ပြောလိုက်တော့ လယ်သမားလည်း ဘဝင်မကျချင်နဲ့ပေါ့။
နှစ်ရက်လောက် ကြာ တဲ့အခါ လယ်သမားရဲ့သားက အဲဒီမြင်းကြီးကို တက်စီးလိုက်တာ လိမ့်ကျပြီး ခြေကျိုး ပါလေရော။
"ဟာ ..ပညာရှိကြီး ပြောတာ မှန်လိုက်လေခြင်း။ ကျွန်တော် တကယ် ကံဆိုးတာ ပါလား" နဲ့ လာပြောပြန် တယ်။
"အခု ကံဆိုးပေ မယ့် ကံကောင်းစရာလည်း ဖြစ်ချင်ဖြစ်မှာပေါ့" လို့ ပြောတော့..
"ဘယ်လိုလုပ် ကံကောင်းတာ ဖြစ်လာနိုင်ပါ့မလဲ ပညာရှိကြီးရယ်။ ဒီသားလေးကို အားကိုးနေရတာ အခု ခြေ ကျိုးတော့ ကျွန်တော်အလုပ်ကိုလည်း မကူညီနိုင်တော့ဘူး။ ကျွန်တော် တကယ်ကံဆိုးသူပါပဲ" နဲ့ ညည်းညူပြီး ပြန်သွားပါတယ်။

သိပ်မကြာဘူး။ ဘုရင့်နန်းတော်က မောင်းတဒူဒူ ထုပြီး စာချွန်တော် ပြန်ကြားတဲ့ အဖွဲ့ ရောက်လာလေရဲ့။ ရွာရှိ လူငယ်လူရွယ် ယောက်ျာလေး မှန်သမျှ စစ်ထွက်ဖို့ လိုက်ကြရမယ် အမိန့်တော် ပြန်တော့ တစ်ရွာလုံက လူငယ်တွေ လိုက်သွားကြရပြီး ခြေကျိုးနေတဲ့ လယ်သမားရဲ့ သားတစ်ယောက်ပဲ ကျန်ခဲ့ရစ်တယ်တဲ့။
ဒီပုံပြင် လေး မှာ သင်ခန်းစာယူစရာတွေ အများကြီးပါပါတယ်။ ဘယ်တော့ ဘာဖြစ်မယ် ဆိုတာ ဘယ်သူမှ မပြောနိုင် ပါဘူး။ ကောင်းတာတွေ ဖြစ်လာနိုင်သလို ဆိုးတာတွေလည်း ဖြစ်လာနိုင်တာပါပဲ။ ကိုယ်ကတော့ အရာရာချောမွေ့နေရင် ကောင်းတော့မယ် ထင်တာပဲနော်။ အဆိုးကြုံရင်လည်း ငါ့ဘ၀တော့ သွားပြီလို့ တွက်တော့တာပဲ။ အများအားဖြင့် အထင်နဲ့အမြင်တွေ လက်တွေ့မှာ လွဲတတ်တာတွေ အများကြီး ရှိပါတယ်။

    သေချာတာတစ်ခုက ဘယ်အရာမှ မမြဲခြင်း ဆိုတာပါပဲ။
ကံဆိုးလှချည့် ဆိုရင်လည်းခဏ၊ ကံကောင်းလှချည့်တိုရင်လည်း တဒင်္ဂ။
ပျော်စရာတွေ၊ နာကြည်း ၀မ်းနည်းစရာတွေ၊ ကျေနပ်စရာတွေ၊ မခံရပ်နိုင်စရာတွေ၊ အောင်မြင်မှုတွေ၊ ရှုံးနိမ့် မှုတွေ၊ ထင်ပေါ်ကျော်ကြားခြင်းနဲ့ ကဲ့ရဲ့ပြစ်တင်ရှုတ်ချခြင်း ဆိုတာတွေအားလုံးဟာလည်းကောင်းကင်မှာ မီးပန်းလွှတ်သလို လင်းလက်ပြီး ပျောက်ကွယ်သွားကြတာချည်းပါပဲ။
အစရှိပြီးရင် အဆုံးဆိုတာ ရောက်ရစမြဲပါ။

တကယ် ကတော့ ပြဿနာတစ်ခုခု ရင်ဆိုင်တဲ့အခါ အဆုံးစွန် အထိတ်တလန့် မဖြစ်စေဘဲ ဖြစ်လာသမျှ ကို ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်အောင် ကြိုးစားရမှာပါပဲ။ အခြေအနေအရပ်ရပ်အကောင်း အဆိုးတွေဟာ ကိုယ်ပြုပြင်ဖန်တီးလို့မရတဲ့ သူ့သဘောသူ ဆောင်ပြီး ဖြစ်နေခြင်းပေပဲ။ ဖြစ်တာက ကိုယ့်နဲ့မဆိုင်ဘဲ ဘယ်လို အကောင်းဆုံး ပုံစံနဲ့ ကြိုးစားရင်ဆိုင်ရမလဲ ဆိုတာက ကိုယ့်တာဝန်လို့ ယောနိသောရင်း ကျွန်မ လည်းလျှောက် ရ မဲ့ ခရီးအတွက် အားမာန်တင်းပြီး ပြင်ဆင်ရပါဦးမယ်လေ။

ဆက်ရန်
.

No comments: