Wednesday, January 2, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၁၂)

ဟော... အခု စစ်ပြေးရင်းနဲ့ မမအေမီ ကလေးမမွေးနိုင်ဘဲ သေသွားတယ်ဆိုတဲ့ အဖြစ်ကို မျက်မြင် နီးပါး ဘယ်လို ခံစားရ တယ် ဆိုတာ ပြောပြတာကို ကြားဖူးထားတော့ ကလေးလိုချင်ပေမယ့် ကလေးမွေးရ မှာ ကို သေလုအောင် ကြောက်ပြန်ပါရော။ ကလေးမွေးရင် မမအေမီလို သေမှာပဲဆိုတဲ့ စိတ် နဲ့ ဆရာဝန်က စမ်းသပ်ပြီး သေချာတယ် ပြောကတည်းက ရှိုက်ကြီးတငင် ထိုင်ငိုလိုက်မိပါတယ်။
မွေးထား တဲ့ အတွေးထဲက ကလေးတွေသာ သက်ဝင်လှုပ်ရှားလို့ရတယ် ဆိုရင်တော့ "ကြောက်ချေးပါ တဲ့ တို့မေမေ ရှက်ဖွယ်၊ ရှက်ဖွယ်"နဲ့ ဝိုင်းပြီး လက်ညိုးကလေးတွေ ကွေးရင်း ပြောင်ကြ လှောင်ကြမှာပဲ ထင်ပါ ရဲ့နော်။
ကို ဆက်ဖတ်ရန် .............

အပိုင်း(၁၄)

 အဲဒီလို မီးဖွားရမှာအတွက် ထိတ်လန့်တကြားဖြစ်နေတဲ့ ကိစ္စထက်ပိုပြီးထိတ် လန့်စရာ ဖြစ်လာတာက တစ်နေ့မှာ ကျွန်မတို့ တိုက်ပုလေးရှေ့ ဂျပန်စစ်ကားတစ်စီး ဆိုက်လာပြီး လက်နက်ကိုင်စစ်သား သုံးယောက် အိမ်ထဲဝင် လာပါတယ်။ ကျွန်မကို သေနတ်နဲ့ ချိန်ထားပြီး စာရွက်တစ်ရွက်ထုတ်ပြပါတယ်။ ကိုကြီး အိမ်မှာရှိနေခိုက် မို့ တော်ပါသေးရဲ့။ အိမ်ကို ရှာဖွေမယ်ပေါ့။ ကျန်တဲ့ပစ္စည်း ဆိုတာလည်း သိပ်များများစားစား မည်မည် ရရမှ မရှိတာ။
ကျွန်မကိုလည်း သူတို့နဲ့ လိုက်ခဲ့ရမယ် ဆိုပြီး စစ်သားနှစ်ယောက် ခြံရံပြီး ကားထဲဝင်ထိုင် ခိုင်းတော့ ထိတ်ထိတ် လန့်လန့်နဲ့ ပါသွားတာပေါ့။ ကျွန်မရဲ့ယောက်မ ဒေါ်ဒေါ်ကျင်က အိမ်မှာ ရှိနေခိုက်မို့ ဒေါ်ဒေါ်ကျင်ကလည်းငို၊ မာမီကလည်း အော်ဟစ်ငိုပြီး ကျန်ခဲ့လေရဲ့။ ကျွန်မကို စိန်ပီတာကျောင်းကြီးထဲ ခေါ်သွားပြီး ခန်းမကြီး တစ်ခု ရဲ့ ရှေ့မှာ ဆင်းခိုင်း ပါတယ်။
ခန်းမထဲ ရောက်တော့မှ အားလုံး အင်္ဂလိပ်ကပြားတွေကို စုပြီ ဖမ်းခေါ်ထားတယ် ဆိုတာ သိရတော့တာပါပဲ။ ကုလားထိုင် လည်းမရှိဘူး။ အားလုံး ကြမ်းပြင်ပေါ်မှာ ငုတ်တုတ်လေး တွေ ထိုင်လို့ ငိုတဲ့သူကငို၊ မျက်နှာညိုညို နဲ့ ကြောင်ငေးငေး ဖြစ်သူက ငေးပေါ့။ ကျွန်မကို ထိုင်ခိုင်းလို့ ကြမ်းပေါ်မှာလည်း ထိုင်လိုက်ရော မျက်နှာချင်းဆိုင် မှာ ကျွန်မ နဲ့ နာမည်တူ ကွန်ဗင့်ကျောင်းတုန်းက သူငယ်'' Angnes တို့၊ စင်သီယာတို့၊ ဒေါ်ရသီတို့တစ်တွေကို မထင်မှတ်ဘဲ ပြန်တွေ့တော့ ကိုယ့်ကို ဖမ်းလာတယ် ဆိုတာ မေ့သွားပြီး ဝမ်းသာအားရ နှုတ်ဆက်မိတာပေါ့။

သူတို့ကလည်း ကျွန်မကိုတွေ့တော့ ဝမ်းသာလို့ ဘယ်လိုပြေးလို့ ဘယ်လို ဒုက္ခရောက်ကြ တယ်ဆိုတဲ့ ဇာတ်လမ်း ကိုယ်စီကို ဖောင်ဖွဲ့အောင် တစ်ယောက်တလဲ ပြောနေလိုက်ကြတာ ကျွန်မတို့အုပ်စုက ကျွက်ကျွက်ညံနေတော့ ဂျပန်စစ်သား က ပြင်ပြင်းကတ်သွားတယ် ထင်ပါရဲ့။ ဝူးဝူးဝါးဝါး လုပ်ပြီး တစ်ယောက်စီ လက်ညှိုးထိုးခေါ်ပြီး အဝေးကြီး တစ်ထောင့်စီ ကို စကားပြောလို့မရအောင် လူစုခွဲပြီး ပို့ပစ်လိုက်ပါတယ်။
မနက်ကတည်း ကဟာ ညနေထိ ဘာမှလည်း မကျွေးချင်ဘူး။ တောင်းကြီးတွေနဲ့ သယ်လာ တဲ့ ရှောက်ချိုသီး ကိုတော့ ကြမ်းပြင်ပေါ်မှာ ပုံချပြီး စားကြဆိုတဲ့ ပုံစံနဲ့ အော်ပြီး လက်ညှိုးထိုးပြ ပါတယ်။ ကြောက်ကြောက် လန့်လန့် နဲ့ စားတဲ့သူစား ၊ မစားတဲ့သူက မစား ဘူးပေါ့။ အပေါ့ အလေး သွားချင်ရင် ဂျပန်စစ်သားက တစ်ဦးစီကို အိမ်သာ ထိ လိုက်ပို့ ပေးပါတယ်။

ကျွန်မ စိတ်ထဲက ကြောက်တာထက် ခံရခက်တာ ပိုများနေမိတယ်။  လက်နက်မဲ့ဒီမိန်းမ လေးတွေက သူတို့ကို ဘာလုပ်နိုင်မှာ မို့တဲ့လဲ။ စိတ်ထဲက ဝမ်းနည်းအားငယ်ပြီး ငိုချင်ပေမဲ့ ဒီကောင်တွေရဲ့ရှေ့မှာ ငါမျက်ရည်ကျ မပြဘူးဆိုတဲ့ စိတ်နဲ့ မျက်နှာကို ခပ်တင်းတင်း လုပ်ထားလိုက်တာပေါ့။ စိတ်ထဲက သမ္ဗုဒ္ဓေဂါထာတော်ရော၊ နမောတေ သိရသမိမေ စတဲ့ ဂါထာတော်တွေကို မပြတ်ရွတ်ဖတ်ပြီး အန္တရာယ်ခပ်သိမ်းက ကင်းဖို့လည်း ဘုရား ကို အာရုံပြုဆုတောင်းနေမိပါတယ်။ ကိုယ်ကိုယ်တိုင် ရင်ဆိုင်ရမယ့် အရေးထက် အိမ်မှာ ငိုကျန်ရစ်ခဲ့တဲ့ မာမီ ရဲ့မျက်နှာကိုပဲ ထပ်တလဲလဲ မြင်ယောင်နေမိတယ်။ ကျွန်မရဲ့နောက် သူပါ အတင်းလိုက်မယ် လုပ်တော့ ဂျပန်စစ်သား က ခပ်ရိုင်းရိုင်း ပြန်တွန်းပစ်ခဲ့လို့ မာမီလဲကျမတတ် ယိုင်သွားတာကို ကိုကြီးနဲ့ ဒေါ်ဒေါ်ကျင်က ဝင်ဖေးလိုက် လို့သာပေါ့။
အဲဒီမြင်ကွင်း ကို တွေးမိတိုင်း  ရင်ထဲမှာ နင့်နေအောင် ခံစားမိပါတယ်။ ကားပေါ်တက်ခါနီး မှာ ကိုကြီး ကတော့ ပြောလိုက်ပါရဲ့။ ဘာမှ စိတ်မပူနဲ့။ ကိုကြီး ကြိုးစားပြီး ဆက်သွယ်မယ် တဲ့။ အဖြစ်တွေက တစ်ခုပြီးတာ နဲ့ နောက်တစ်ခု က ရောက်လာနေတာမို့ စိတ်ပူရတာတွေ များပြီး လူလည်း ထုံပေပေတောင် ဖြစ်လာပါတယ်။

ကျွန်မရောက်ပြီးနောက်မှာလည်း အင်္ဂလိပ်သွေးပါတဲ့သူမှန်သမျှ ကပြားရော၊ အစစ်တွေပါ တစ်သုတ်ပြီး တစ်သုတ် ခေါ်သွင်းလာတာ။ ခန်းမကြီးနဲ့အပြည့် ဖြစ်နေပါပြီ။ ညနေစောင်း လာတော့ Camp ကိုပို့မယ် ဆိုပြီး နှစ်ယောက်စီ လိုင်းစီခိုင်းပါတယ်။
အဲဒီအချိန် မှာပဲ ဂျပန်စစ်ဗိုလ်တစ်ယောက်နဲ့အတူ ကိုကြီးဝင်လာပါရော။ ကျွန်မလည်း ကိုကြီး ကို မြင်တော့ ၀မ်းတွေသာလို့ပေါ့။ ကျွန်မကို ခေါ်ထုတ်ပြီး ကင်ပေတိုင်ရုံးချုပ်ကို သွားရမယ်လို့ ပြောပါတယ်။ ရုံးချုပ်ရောက်တော့ စာရွက်စာတမ်းပေါင်းများစွာမှာ ကျွန်မ လက်မှတ်တွေ ထိုးရပါတယ်။ ကိုကြီးလည်း တချို့ စာရွက်တွေ မှာ ထိုးရတယ်။
ကျွန်မ ကို Camp မပို့တော့ပေမဲ့ အကျယ်ချုပ်သဘောနဲ့ ညအိပ်ဘယ်မှမသွားရ၊ မြို့ပြင် မထွက်ရ။ အကယ်၍ သွားမယ်ဆိုရင် သူတို့ဆီက ခွင့်ပြုချက် အရင်တောင်းခံရမယ်ဆိုတဲ့ စသည်စသည်တွေကို ပြောပြပါတယ်။ ရုံးချုပ်က ဂျပန်အရာရှိတွေကတော့ ယဉ်ယဉ်ကျေး ကျေးသိမ်သိမ်မွေ့မွေ့ပါပဲ။

ကိုကြီးက အန်ကယ်ဦးဘစီတို့ကို သွားပြောပြပြီး အုပ်ချုပ်ရေးအပိုင်းက တာဝန်ရှိသူတွေ ကိုလိုက်ပြောလို့ အားလုံး က ကျွန်မအတွက် တာဝန်ခံပေးပြီး ကူညီလိုက်ကြတာနဲ့ အဆင် ပြေးသွားတယ်ဆိုပါတော့။ ကျွန်မ အိမ်ပြန်ရောက် လာတော့ မာမီရော၊ ဒေါ်ဒေါ်ကျင်ပါ ၀မ်းတွေသာလို့။
ဒီလိုနဲ့ ပုံမှန်လေး ပြန်ဖြစ်ချိန်မှာ ဂျပန်ရဲ့ တိုက်လေယာဉ်ဗုံးဒဏ်တွေက ပြီးသွားလို့ အေး မလားအောက်မေ့ ပါတယ်။ အင်္ဂလိပ်စစ်တပ်က အိန္ဒိယပြည်မှာ အခြေခံစစ်စခန်းချပြီး မြန် မာပြည်ကု ပြန်သိမ်းပိုက်ဖို့အတွက် တိုက်စစ်ပြန် ဆင်ပါလေရော။ ကျွဲညီနောင်လို့ မြန်မာ တွေနာမည်ပေးထားတဲ့ အင်္ဂလိပ်စစ်လေယာဉ်ပျံ မည်းမည်းကြီးနှစ်စင်း က ဧရာဝတီမြစ် ကြောင်းအတိုင်း စစသေနတ်တွေပစ်၊ ဗုံးတွေဖောက်ခွဲ၊ နေ့စဉ်လို ဗုံးသံ စက်သေနတ်သံ တွေ ကို ကြားနေရပါတယ်။

အိမ်တိုင်းမှာလည်း ဗုံးခိုကျင်းတွေ တူးထားပြီး ရန်သူလေယာဉ်ပျံလာပြီ ဆိုတဲ့ဥသြ အချက် ဆွဲသံကြားတာ နဲ့ နေ့နေ့ညည ဗုံးခိုကျင်းထဲ ပြေးဆင်းပြီး အကာအကွယ်ယူကြရတာပါ။ "ကျီးလန့်စာစား"ဆိုတဲ့ ပုံခိုင်းစကား က အဲဒီအချိန်ကာလရဲ့ ပုံရိပ်လိုပဲ ပြောရမယ်ထင်ပါ ရဲ့။
ထမင်းစားရင်း နဲ့လည်း ဗုံးခိုကျင်းထဲထပြေးရ၊ အိပ်နေရင်း ရေချိုးရင်း၊ ယုတ်စွအဆုံး အပေါ့ အပါးလေး သွားတာတောင် ဖြောင့်ဖြောင့်သွားလို့မရတဲ့ ကာလပါပဲ။ ဟိုနား ဒီနားသွားရင် လည်းနားက စွင့်နေရတာ၊ ဥသြသံကြား တာနဲ့ ကြုံရာမှာဝင်တိုးပြီး ခိုပေတော့ပဲ။
တစ်ခါက ကျွန်မနဲ့ကိုကြီး ဈေးချိုကို ဈေးဝယ်ဖို့ သွားကြတာ ဥသြဆွဲတာနဲ့တိုးတော့ ကျွန်မက မြောင်းထဲ ခုန်ချပြီး ပိုက်လုံးထဲ ဘယ်လိုတိုးဝင်လိုက်လဲ မသိပါဘူး။ လေယာဉ်ပျံ သံတွေစဲ၊ ဗုံးသံတွေစဲမှ ထွက်မယ် လုပ်တော့ ထွက်လို့မရတော့ဘူး။ ကျွန်မကို ကိုကြီးရော အနားက ဆိုက်ကားဆရာတစ်ယောက်ရဲ့ အကူအညီ နဲ့ပါ ခြေနှစ်ချောင်းက မနည်း ဆွဲ ထုတ်ယူခဲ့ရတယ်။ ထွက်လာတော့ အပွန်းအပဲ့က သွေးစတွေနဲ့ ရွှံအလူးလူးနဲ့ အင်္ကျီတွေ လည်းစုတ်ပြဲလို့လေ။

စစ်နဲ့ပတ်သက်ပြီး တွေ့ရတဲ့ အတွေ့အကြုံတွေက စုံလည်းစုံပါရဲ့။ မိတ်ဆွေ အပေါင်းအ သင်းချင်းပြန်တွေ့ ရင်လည်း လူစုံမရှိကြတော့ဘူး။ ဗုံးထဲပါသွားသူနဲ့၊ ရောဂါရပြီး သေတဲ့သူ နဲ့ တကယ်ကို နေ့မြင်ညပျောက် အဖြစ် ပါပဲ။ ဘိုးလေးနဲ့ ဘွားလေးတို့အတွက် စိတ်ပူလို့ လူလွှတ်ပြီး ကပိုင်ရွာမှာ စုံစမ်းခိုင်းတော့ ဗုံးဒဏ်က ကင်းကြပါ ရဲ့။ ဘိုးလေးက မကျန်းမာ လို့ အိပ်ရာပေါ် ပက်လက် ဖြစ်နေရှာတယ်။
ဦးသူရကြီး ကို အိမ်စောင့်ခိုင်းထားရစ်ခဲ့တာ ဗုံးထဲများ ပါသွားပြီလားလို့ စိတ်ပူနေမိတာ။ တော်ပါသေးရဲ့။ ဗုံးမကျခင် သုံးလေးရက်ကတည်းက ဘိုးလေးတို့ဆီကို ပျင်းလို့ဆိုပြီး လိုက်လာတာတဲ့။ အသက်ဘေးက လွတ်တာ ပဲ ကျေးဇူးတင်ရပါသေးတယ်။ ဘွားလေးတို့ မကြာခင် မန္တလေးကို ပြန်ကြဖို့ စီစဉ်ပြီးနေပြီ ဆိုတာနဲ့ ပြန်ရောက်မဲ့ရက်ကိုတွက်ပြီး ကျွန်မ တို့သွားကြိုခိုင်းလိုက်ပါတယ်။
ဘွားလေး က သူ့သား အန်ကယ်ကျော်တို့ မိသားစုနဲ့ အတူနေချင်တယ် ဆိုတာနဲ့ အန်ကယ်ကျော်တို့အိမ်ကို ပို့ ထားပြီး ကျွန်မမကြာခဏ သွားကြည့်ပါတယ်။ ဘိုးလေးက ကျွန်မအဖြစ်ကို ကြားရတော့ မျက်ရည်ကျ ရှာတယ်။ ဘ၀ ကံကြောင်း တရားအတိုင်းပေါ့ ငါ့မြေးရယ်တဲ့။ ခံစားနေရတဲ့ ဝေဒနာကြောင့် စိတ်မာန်တွေ လည်း လျော့ကျ ကုန်ပြီ ထင်ပါ ရဲ့။

ကျွန်မလည်း ကိုဝန်က လေး ငါးလရှိလာတော့ မပေါ့မပါးဖြစ်လာ ပါ တယ်။ မွေးရမှာ ကို ကြောက်လန့်နေ ဆဲမို့ နေရတာလည်း မကြည်လင်ဘူးပေါ့။ မာမီရဲ့ ရောဂါကလည်း  သက်သာရုံ သာရှိတာ၊ ပျောက်သေးတာ မဟုတ် လို့ အမြဲအရိပ်ကြည့်နေရဆဲမို့ ဘ၀မကျ နိုင်သေးဘူး။ တစ်နေ့မှာတော့  ကိုကြီးအပြင် က ပြန်လာတော့ ဂျပန် စစ်ဗိုလ်တစ်ယောက် ပါလာပါတယ်။
"ခင်မကြီး ဒီမှာ ဘယ်သူ လဲ ဆိုတာ လာကြည့်ပါဦး"တဲ့။
ကျွန်မက ဂျပန်စစ်ဝတ်စုံကို မြင်တာနဲ့ အမြဲတမ်း သွေးလန့်နေတဲ့သူ မဟုတ်လားနော်။ မရွံ့မရဲနဲ့ ဧည့်ခန်းထဲ ၀င် သွားတော့ အံ့သြလိုက် တဲ့ ဖြစ်ခြင်းပါပဲ။ ကျွန်မကို သမီးလို မွေးစားချင်တယ်ဆိုပြီး မာမီ့ဆီက တရရ တောင်း ခဲ့ ဖူး တဲ့ ဖူဂျီ ဓာတ်ပုံတိုက်ပိုင်ရှင် ဖူဂျီဆရာ ကြီးလေ။

မီကာဒို ဆရာကြီး လုပ်ရက်တာကို တွေးမိသွားတာနဲ့ အူလိုက်သည်းလှိုက် မကြိုမိ ဘဲ ကြောင်အမ်းအမ်းဖြစ် သွားပါတယ်။ ဆရာကြီးကတော့ အရင်အတိုင်း တရင်းတနှီးနဲ့ "ဟယ်.. ခင်မကြီး...မင်းကို ကလေး လို့ တွေးလာခဲ့တာ၊ မင်းက ကလေးအမေဖြစ်တော့မှာပါလား၊ အံ့သြတယ်ကွာ"တဲ့။ ပြီးမှ ကျွန်မပခုံးကို ပုတ်ရင်း "၀မ်းသာ ပါတယ်၊ ၀မ်းသာတယ်" လို့ ဆက်ပြီး ပြောပါတယ်။
ကိုကြီးနဲ့ ဖူဂျီဆရာကြီးက အင်မတန်ခင်တဲ့ မိတ်ဆွေတွေပါ။ ဆရာကြီးက စစ်ဖြစ်ခါနီး တော့ဂျပန်ပြန်ခါနီးမှာ သူပိုင် တဲ့ ဓာတ်ပုံဆိုင် နဲ့ ဆံပင်ညှပ်ဆိုင်နှစ်ခု ရှိတဲ့အထဲက ဆံပင် ညှပ်ဆိုင်ကို ကိုကြီးကို ရောင်းထားခဲ့တာတဲ့။ ကိုကြီး က ၀ယ်ထားလိုက်ပြီး ကိုမောင်ကို ဆို တဲ့အရင်လက်ရှိ ဆံပင်ညှပ်ဆရာကိုပဲ အုပ်ချုပ်တဲ့ မန်နေဂျာ ပြန် ခန့်ထား ရင်း ရတဲ့ဝင်ငွေ ကို သွားသိမ်းနေတာပေါ့။
စစ်ပြေး က ပြန်လာတော့လည်း အဲဒီဆိုင်ကို ကိုမောင်ကိုပဲ ဦးစီးပြီး ဖွင့်ထားဆဲဆိုတော့ ဆရာကြီးက သူ့ဆိုင် ကို ပြန်လာရှာ ရင်း ကိုကြီး နဲ့ တွေ့ခဲ့ တာတဲ့။ ကိုကြီးတို့က ဆီစက် လုပ်ငန်းအပြင် ဆန်တွေ၊ ပဲတွေ လှောင် တာ ရောင်း တာလည်း လုပ်၊ လုပ်ငန်းစုံ ကြုံတာလုပ် နေတဲ့ စီးပွားရေးသမား ဆိုတော့ မြတ်မယ်ဆို ကျပန်း အကုန် လုပ် တာပါပဲ။

စစ်ကြိုခေတ် အင်္ဂလိပ်မင်း အုပ်ချုပ်စဉ်ကာလကတည်းက ဂျပန်ဓာတ်ပုံဆိုင်တွေလာဖွင့် ထားကြတာ စီးပွားရေး တစ်ခုတည်း ကို ဦးတည်ထားတာ မဟုတ်ပါဘူး။ သူတို့တိုင်းပြည် အတွက် တစ်ဖက်တစ်လမ်းက အထောက် အကူတွေ ပါ ပြုနေတယ်ဆိုတာ ခုလို စစ်ဗိုလ် ကြီးတွေအဖြစ်နဲ့ ပြန်ရောက်လာကြတာကို တွေ့ရတော့ အခြေအနေ ကို ခန့်မှန်းနိုင်တာ ပေါ့နော်။
ဘယ်လိုမျိုး ပဲဖြစ်ဖြစ် ရှင်တော်ဘုရား ဟောခဲ့တဲ့ သဗ္ဗေသတ္တာဝေနေယျာအဖြစ်နဲ့ မခွဲခြား ဘဲလူသားတိုင်း အမြင် နဲ့ပြောရ မယ် ဆိုရင် ကောင်းသူ ဆိုးသူရှိနေတတ်တာပါပဲ။ မီကာဒို ဆရာကြီး ပုံစံမျိုး လာမှာလားဆိုပြီး ကျွန်မ က အပြစ် ရှာကြည့်ချင် တဲ့ မှန်ဘီလူး မျက်လုံးကြီး နဲ့ဆရာကြီးကို ကြည့်နေမိပါတယ်။

ဆရာကြီး က အရင်အတိုင်း ခင်မင်ရင်းနှီးတဲ့ ပုံစံအတိုင်း မာမီဝေဒရှင် ဖြစ်နေတာကိုလည်း စိတ်ကောင်းပုံမရဘူး။ လာတိုင်း မာမီ့ အတွက် ဆိုပြီး ဂရုတစိုက် လက်ဆောင်ပစ္စည်းတွေ ကိုလည်း ယူလာတတ်ပါတယ်။ "စစ်ဆိုတာ မကောင်း ဘူး၊ ခုကြည့် သူ့မှာ မိသားစုတကွဲ နဲ့ပြန်တွေ့မယ်၊ မတွေ့မယ်လည်း မသိနိုင်ဘူး။ မာမီ့အဖြစ်ကို သူ စာနာ ပါတယ်။ တချို့က ပစ္စည်းဥစ္စာဆုံးတယ်၊ တချို့က အသက်ဆုံးတယ်။ တချို့က ဘ၀ဆုံးတယ်။ အသက် မဆုံး တာတော်သေး တာပေါ့"နဲ့ ဖြေသိမ့်တဲ့ စကားတွေကို ဆိုပြီးလည်း အားပေးတတ်ပါတယ်။
တစ်နေ့မှာ ကျွန်မ ကျေးဇူးအတင်ဆုံး ၀မ်းအသာဆုံးဖြစ်တဲ့ လက်ဆောင်တစ်ခုမာမီ့အ တွက်ဆိုပြီး ယူလာပေး ပါတယ်။ "ကိချိနဲ့ အိချိ"ဆိုတဲ့ ဂျပန်ခွေးပုလေးနှစ်ကောင်ပါ။ မာမီက တိရစ္ဆာန်ဆို အလွန်အမင်းချစ်တတ်တဲ့သူပါ။ အဲဒီ ခွေးပုလေး နှစ်ကောင် ကို ဟိုတုန်းက ဓာတ်ပုံရိုက်သွားတိုင်း တွေ့တွေ့နေတော့ တပွေ့ပွေ့ တချီချီနဲ့ လုပ်တတ် တယ်လေ။
မာမီ ခွေးလေးတွေ ကို ချစ်မှန်းသိလို့ သူဂျပန်ပြည် ပြန်ခါနီး အပ်ထားခဲ့တဲ့ မိတ်ဆွေတွေဆီ ကပြန်တောင်းပြီး မာ့မီ အတွက် ယူလာပေးတာတဲ့။ ခွေးလေးတွေကို ပိုက်ပြီးဝင်းပသွားတဲ့ မာမီ့မျက်မှာကို ဒီတစ်ပါပဲ စစ်အတွင်း မှာ မြင်ရဖူးတာမို့ ဆရာကြီးကို ကျေးဇူးတင်လိုက် တာ။ မာမီကို ကြည့်ပြီးလည်း ၀မ်းသာလိုက်ရတာ။

ကိချိနဲ့ အိချိ က အထီးနဲ့အမ သားအမိနှစ်ကောင်ပါ။ မာမီလည်း အဲဒီခွေးနှစ်ကောင်နဲ့ အလုပ်တွေ ရှုပ်တော့ တာ။ ဝေဒနာက သိသိသာသာကြီး ကို သက်သာလာပါတော့တယ်။ အလွန်ခြောက်သွေ့တဲ့ သဲကန္တာရထဲ မှာလည်း အိုအေစစ်ခေါ် တဲ့ စိမ်းစိုတဲ့ စွန်ပလွံပင်လေး တွေနဲ့ ရေကြည်အိုင်ကလေးတွေကို တွေ့ရတတ်သလိုပဲ ကြမ္မာဆိုးတွေ ရဲ့ ကြားထဲမှာ စိတ်ချမ်းမြေ့ရတဲ့ကောင်းတဲ့ ဖြစ်ရပ်ကလေးတွေလည်း ကြိုကြားပေါ် လာတတ်တာ မို့ "ဒုက္ခများမြောင် လူတို့ဘောင်"ဆိုတဲ့ အထဲက လူ့ဘ၀ကို မက်မောဖက်တွယ်နေကြတာပဲ ထင်ပါ ရဲ့နော်။
ဒီအချိန် ကျွန်မတို့အိမ်မှာ အောက်ပြည်ကို ခရီးဆက်ဖို့ အဆင်မပြေတာကြောင့် ခေတ္တ တည်းခိုဖို့ ဧည့်သည် တစ်ယောက် ရောက်လာပါတယ်။ နာမည်က မမညိုတဲ့။ ပုံစံက သိမ်သိမ်မွေ့မွေ့နဲ့ စိတ်သဘောကောင်းတာမို့ ကျွန်မ နဲ့ခုမှ သိကျွမ်းရပေမယ့် ရင်းနှီးခင် မင်သွားပါတယ်။ မမညိုက ရတနာသုံးပါလည်း အလွန်ကိုင်းရှိုင်းသူပါ။ ကျွန်မကို ညီမငယ် တစ်ယောက်လို အရိပ်ကြည့်ပြီး ကိုဝန်ဆောင်နဲ့သူက ဘယ်ဟာရှောင်ရတယ်၊ ဘာမစားရ ဘူး။ ဘယ်လိုနေရ တယ်ကအစ သွန်သင်ပြသပေးပါတယ်။

ဒါ့အပြင် ကျွန်မမီးဖွားရမှာကို တွေးလန့်နေမှန်းသိသွားတော့ မနက်တိုင်း မမညိုဘုရားဝတ် ပြုပြီးတာနဲ့ အင်္ဂုလိမာလ သုတ်တော်ကို သူကိုယ်တိုင် ၇အုပ်ရွတ်ဖတ်၊ ရေမန်းလုပ်တိုက် လည်းတိုက်၊ ကျွန်မကိုလည်း အလွတ် ရအောင် ကျက်ခိုင်းပြီး စိတ်အားနှုတ်အားတိုင်း ရွတ် ဖတ်နေရင် သားကောင်း သမီးကောင်းရတဲ့ အပြင် မွေးဖွားရာမှာလည်း ဘေးအန္တရာယ်ကင်း စေတယ်လို့ ပြောပြတာနဲ့ မမအေမီလို မီးဖွားရင်း မသေ ရရင် ပြီးရောဆိုပြီး ကျွန်မလည်း အာပေါက်အောင် ရွတ်တော့တာပဲလေ။
အဲဒီအချိန်က ဆေးရုံတွေ ဘာတွေကလည်း စစ်ကြိုခေတ်တုန်းကလို စနစ်တကျရှိသေးတာ မဟုတ်တဲ့အပြင် ရန်သူလေယာဉ်တွေ ရဲ့ ဗုံးရန်ကလည်း အမြဲတမ်းရှိနေတာကြောင့် အိမ်မှာ ပဲမီးဖွားဖို့ စီစဉ်ထားရပါတယ်။ မန္တလေးဆေးရုံ ကြီး မှာ မေထရွန်လုပ်ခဲ့တဲ့ မစ္စတာ         ဒေါ်သင်းလှိုင်က မာမီနဲ့ သိပ်ခင်တာမို့ သူကိုယ်တိုင် လာစောင့်ပြီး တာဝန် ယူပေးမယ်လို့ ပြောတော့ ကျွန်မလည်း အားရှိသွားတာပေါ့။

ဆရာဝန်ကြီး ဦးစံကြူးရဲ့သားအကြီးဖြစ်တဲ့ ဒေါက်တာသိန်းအောင်ကိုလည်း အပ်ထား ပါ သေး တယ်။ ဒေါက်တာသိန်းအောင်နဲ့ မစ္စတာဒေါ်သင်းလှိုင်က တူအရီးတောကြာတာဆို တော့ ပိုပြီး အဆင်ပြေ သွားတာမို့ နှစ်ယောက်စလုံးက ဂရုတစိုက် လာကြည့်ပြီး အားမငယ် ဖို့ကျွန်မကို အားပေးကြပါတယ်။
အနှီးပိတ်တွေ ဘာတွေကလည်း ၀ယ်လို့မရ။ လူတွေမှာ တချို့ဆို ဖျင်ကြမ်းတွေတောင် ၀တ်နေရတဲ့ အချိန် ဆိုတော့ ပိတ်ချောရဖို့ တော်တော်ကို ခက်ခဲပါတယ်။ စစ်ပြေးချိန်တုန်း က မီးမလောင်ဘဲ ကျန်ခဲ့တဲ့ ဂိုထောင်တွေ ကို ဖောက်ပြီး သယ်ထားကြတဲ့ "ဖောက်သယ်" တွေဆီမှာ ရှိတတ်လို့ ဟိုမေးရ၊ ဒီစုံစမ်းရနဲ့ ရပ်ကွက်တကာ လိုက်မေး ၀ယ်ပြီး အထည်စ ကိုစုဆောင်းရတာကိုက အလုပ်ကြီးတစ်ခုလို ဖြစ်နေတာနော် ... ရသမျှလေးကို မာမီက ချုပ်တတ်လုပ်တတလို့ စက်မရှိတော့ပေမဲ့ လက်ချုပ်နဲ့မွေးလာမယ့် သူ့မြေးဖို့ အနှီးတွေရော၊ ခါးတောင်းကျိုက် ကလေးတွေပါ ချုပ်ထား၊ အင်္ကျီလေးတွေလည်း အရွယ်စုံ ချုပ်ပေးလို့ အဆင်ပြေသေးတာပေါ့။ ဒီလိုနဲ့ မွေးဖွား ဖို့ရက်ကို ရောက်လာပါ ရော။ သားဦးဆိုတော့ ၂၄နာရီလုံးလုံး ၀မ်းနာနေတာတောင် မမွေးသေး ပါဘူး။

ကျွန်မလည်း ကြောက်ကြောက်နဲ့ ရထားသမျှ ပရိတ်တော်တွေရော၊ အင်္ဂုလိမာလသုတ် တော်ရော အကုန်ကို အချိန်ပြည့် ရွတ်ပြီး အာဝေဏိက ဝေဒနာကို ရင်ဆိုင်ရတော့တာပါပဲ။ ဒီအထဲက တစ်ညလုံး ရန်သူလေယာဉ်တွေ က တ၀ုန်းဝုန်း ဗုံးတွေကြဲသံတွေကိုလည်း ကြားနေရ။ မီးကို လင်းအောင်လည်း မထွန်း ရဲကြ။ လေးဖက်လေးတန် က ကွယ်ပြီး မီးရောင် အပြင်မထွက်အောင် ဂရုစိုက်ထွန်းထားရတဲ့ မီးရောင် မှိန်မှိန်လေး ထဲမှာ ကလေးက ကြီးထွားနေတာကြောင့် ညှပ်ဆွဲပြီး မွေးရပါတယ်။
မွေးပြီးတဲ့ အချိန်မှာ အိပ်ဆေးထိုးသလား၊ ဘယ်လိုလဲ ဆိုတာတောင် ကောင်းကောင်း မမှတ်မိတော့ပါဘူး။ ကျွန်မ လုံးဝ အိပ်ပျော်သွားတာကိုပဲ မှတ်မိပါတယ်။ လင်းအားကြီး မနက်လေးနာရီနှစ်ဆယ်မှာ သားဦးလေး ကို မွေးလိုက်တာတော့ သိပါရဲ့။ တခြား ဘာမှ မသိတော့ဘဲ အိပ်ရာက တကယ်နိုးလာတော့ မိုးစင်စင်လင်းပြီး မနက် ဆယ်နာရီလောက် တောင်ရှိပြီ ထင်ပါရဲ့။

ကျွန်မ ခုတင် ရဲ့ဘေးက ကပ်လျက်ကလေးအိပ် ခုတင်လေးပေါ်မှာ ကလေးနီးတာရဲလေး ကိုအနှီးတွေနဲ့ ထုပ်ပြီး သိပ်ထားတာ ကို တွေ့တော့ "ဟယ်...ငါ့သားလေး"ဆိုပြီး ကြည်နူး ပီတိနဲ့ ၀မ်းသာလိုက်တာ။ ရင်ထဲမှာ လှိုက်နေတဲ့ ခံစားမှုမျိုး တစ်ခါမှ မကြုံဖူးတော့ ဘယ်လို ရေးပြရမယ် ဆိုတာတောင် မဖော်ပြတတ်ပါဘူး။
ကပျာကယာ နဲ့ အနှီးတွေကို ဖြဲရဲပြီး ခြေတွေလက်တွေ စုံအောင်ပါရဲ့လားဆိုတာလည်း သေသေချာချာ ကြည့်ရသေးတယ်။ အားလုံး စုံစုံလင်လင် ပါတာကို တွေ့မှရင်ထဲမှာ ဘ၀င်ကျသွားပါတော့တယ်။ ပျော့ပြဲနေတဲ့ နီတာရဲလေး ဆိုတော့ စောစောက သူတို့ လုံလုံ ခြုံခြုံထုပ်ထားသလိုလည်း ပြန်မထုပ်တတ်တော့ဘူး။ ပိုးလိုး ပက်လက် ဖြစ်နေတဲ့ သားလေး ကိုနမ်းချင်လိုက်တာ ရင်ထဲမှာ လှိုက်ခါလာတော့ ဆွဲပြီးတစ်မျက်နှာလုံးကို ရစရာ မရှိအောင် နမ်းပစ်လိုက်မိပါတယ်။ ကလေးကလည်း ကျွန်မလုပ်သမျှ အရုပ်ကလေးကျနေတာပဲ။ တစ်ချက်တောင် ငိုဖော် မရဘဲ လှုပ်စိလှုပ်စိ ဖြစ်နေရှာတယ်။

"ကိုကြီးရေ...ကိုကြီးရေ"နဲ့လည်း လှမ်းအော်ခေါ်လိုက်မိသေးတယ်။ ကျွန်မအဖြစ်ကရယ်စ ရာလည်းကောင်း ပါရဲ့။ ကိုကြီး နဲ့ လက်ထပ်ပြီးတဲ့နောက် ဓမ္မတာအတိုင်း နီးစပ်မှုတွေရှိ သွားတာပေါ့။ ကိုယ်ကချစ်လို့ မြတ်နိုးလို့ လက်ထပ် ခဲ့တာမှ မဟုတ်တာ။ အကြောင်း ကြောင်းကြောင့် အားကိုးရှာပြီး ယူခဲ့ရတာဖြစ်တော့ မကောင်းတတ် လို့ တာဝန်အရလိုက် လျောရတာတွေ ကို စိတ်ညစ်မိတာ အမှန်ပါပဲ။
ချစ်တဲ့သူ ဆိုရင်တော့ မျက်စိအောက်က အပျောက်မခံချင်တာ ဓမ္မတာပေါ့နော်။ ကိုယ်က မချစ်မနှစ် သက်တော့ လည်း အနားမှာ လာကပ်ထိုင်ရင်တောင် ထပြီးထွက်ပြေးချင်တော့ တာပဲ။ ဒီထက်ပိုကဲပြီး နဖူးလေး နမ်းတာ တို့၊ ပါးလေးနမ်းတာ တို့၊ ပရောပရီလုပ်ရင် အသက်တောင် ထွက်မတတ်ပါပဲ။

"ကိုကြီး ကလည်းကွာ သွားစမ်းပါ၊ ဘာအရသာမှလည်း မရှိဘဲနဲ့ လာလာမနမ်းစမ်းပါနဲ့" လို့ တွန်းပစ်မိတဲ့ထိ တစ်ခါကျတော့ လည်း စိတ်မရှည်ဘဲ ပြောထွက်သွားပါလေရော။
"ဟ...နမ်းတယ် ဆိုတာ အရသာရှိတာပေါ့၊ နင်က မချစ်လို့ မခံစားတတ်တာ"တဲ့။ ကိုကြီး အဲလိုပြောတုန်းက ကျွန်မ နားမလည်နိုင်ဘဲ ပေါ့ပေါ့တန်တန်ပဲ သဘောထားနားထောင်မိ ခဲ့တာပါ။
ဟော...အခု သားလေးကို နမ်းရတာ အရသာရှိလိုက်တဲ့ ဖြစ်ခြင်း။ ရင်ထဲကို အေးမြပြီး ကြည်နူးပီတိတွေဖြစ်လို့။ နမ်း လို့တောင် မ၀နိုင်တာ သေသေချာချာ သဘောပေါက်သွား တာနဲ့ အော်ခေါ်လိုက်မိတာပါ။

ကိုကြီး က ကျွန်မတစ်ခုခုများ ဖြစ်လို့လားနဲ့ အပြေးရောက်လာပြီး... "ဘာဖြစ်လို့လဲ"နဲ့ အမော တကော မေး ပါတယ်။
"ဘာမှမဖြစ်ပါဘူး၊ နမ်းရတာ တကယ်အရသာရှိတယ်ဆိုတာ ပြောမလို့ ခေါ်တာ။ နမ်းလိုက်တိုင်း ရင်ထဲ မှာအေးမြ သွားတာပဲ သိလား။ နမ်းပြီးရင် နမ်းချင်ရင်းကို ဖြစ်နေတာ နော်။ သားလေးကို နမ်းလို့ကို မ၀ဘူး" ဆိုတော့...
ကိုကြီးက ကျွန်မထိပ်ကို ပုတ်ပြီး "ပေါတာမ" တဲ့လေ။
ဟုတ်ပါရဲ့။ "သားဦးအရူး"ဆိုတာ ဒါပဲဖြစ်မှာပါနော်။
သား ရဲ့မျက်နှာ မြင်ရတာ သီတာရေစင်လို တစ်စက်ကလေးကျရုံနဲ့ မိဘတို့ဝမ်းငြိမ်းစတမ်း ဆိုတာကို ကျွန်မ လက်တွေ့ခံစားရခြင်း ပါပဲ။

ဆက်ရန်
.

1 comment:

Naing said...

So touching, I can't find the word.