Thursday, January 3, 2013

မြလှိုင် ၏ ဘဝနေဝင်ချိန်, အပိုင်း (၂၆)

ဦးလေး ဦးစစ်ပိုးက ကျွန်တော်တို့ အဖြစ်အပျက်ကို နားထောင်ရင်း စုပ်သက်အံ့သြနေပါ သည်။ ထို့ပြင် အားရကျေနပ်သော အသွင်ဖြင့် ပြုံးပြုံးကြီး ကြည့်နေပါသည်။ ထိုအခါတွင်မှ ဒဏ်ရာ ဒဏ်ချက်များ ကိုကြည့်ရှု့ပါတော့သည်။ ကိုသောင်းအိသည် မျက်ခုံးတစ်ဘက် စုတ်သွားပြီး ကျော်တွင် ကတ္တရာ လမ်းနှင့် ပွန်းထားသည့် ဒဏ်ရာများကို တွေ့ရပြီး ရွှေအိဝင်းမောင်နှင့် ကိုသန်းတို့လည်း လက်၊ ခြေ၊ ဒူးများ တွင် ပဲ့နေသော ဒဏ်ရာများကို တွေ့ရှိရပါသည်။  ကို ဆက်ဖတ်ရန် ...

"ကိုင်း... ငါ့တူတို့ ရေနွေးကျပ်ထုပ်တော့ ထိုးမှဟေ့၊ တော်ကြာ အတွင်းကြေကြေပြီး မထနိုင် ဘဲ နေကြလိမ့်မယ်၊ မင်း တို့ သတ္တိတော့ ဦးလေး၊ ချီးမွှမ်းသဟေ့... ဒါမှ ယောက်ျားကွ၊ ဒီကောင်တွေကို ဘယ်သူမှ မလှန်ရဲကြဘူး၊ မုန်းတော့ လူတိုင်း မုန်းပါ့"
မကြာမီ ကျွန်တော်တို့ ရဲဘော်အားလုံး စုဝေးရောက်ရှိလာကြရာ တစ်ယောက်တစ်ယောက် ဆူညံစွာ သြဘာပေးနေကြပါသည်။ ဒဏ်ရာရသူများကို ကျန်သူများက တစ်လှည့်စီ ရေနွေး ကျပ်ထုပ်ထိုးခြင်း၊ အပူပေးခြင်း ဆေးထည့်ခြင်း ပြုကြပါသည်။ ကိုသောင်းအိသည် ရဲဘော်များ ၏ ပြုစုယုယမှုကို အမြိုင့်သားခံရင်း ဂျပန်စစ်သားနှင့် နှစ်ယောက်ချင်း တိုက်ပွဲကို စားမြုံ့ပြန် လျက် ရှိနေပါသည်။
ကျွန်တော် တို့ လူသိုက်ထဲတွင် ကိုသောင်းအိသည် အလွန်မသေမသပ်နေသူ ဖြစ်သည်။ ရွှတ် နောက်နောက် နေမှုကြောင့် မည်သူ ကမျှ သူ့အား လေးလေးနက်နက် မဆက်ဆံကြဘဲ ထိပ် ပုတ်ခေါင်း ပုတ်နေကြသည်။

ကျွန်တော်နှင့် ကိုသောင်းအိ မှာ တစ်ပိုင်းတည်း တစ်ရပ်တည်း ငယ်စဉ်ကပါင် အတူ တကွ နေထိုင်ကြီးပြင်း လာခဲ့ကြသူများ ဖြစ်ခြင်းကြောင့် တစ်ယောက် အကြောင်း တစ်ယောက် ကောင်းစွာ သြိုကသည်။ ကျွန်တော့်အပေါ်တွင်ညလ်း ညီငယ်သဖွယ် သဘောထား၍ ကူညီ တတ်သူ ဖြစ်သည်။ သူနှင့်ကျွန်တော် ဗမာ့ လွတ်လပ်ရေး တပ်မတော် တွင် အတူတွဲလျက် တိုက်ပွဲတစ်ကြိမ်မက ဝင်လာခဲ့ဖူး သဖြင့် ၄င်း၏ ထူးခြားသော သတ္တိ ကို ကျွန်တော် နည်းနည်းမှ သံသယ မဖြစ်မိပါချေ။
ယခု တစ်ဖန် သူ၏ မူလပင်ကိုစိတ်သည် ဂျပန်စစ်သားများနှင့် တွေ့သောအခါ ထင်ရှားစွာ ပေါ်လာပါသည်။ သူ့အား ကျွန်တော် လေးလေးစားစားချစ်ချစ်ခင်ခင် ဖြင့် ကြည့်လိုက်မိသည်။ မျက်ခုံးပေါ်မှ ဒဏ်ရာကြောင့် မျက်ခွံ များရောင်လျက် ရှိသည်။ လက်မောင်းများတွင် ညိုမည်း သော ဒဏ်ရာများသည် ပြည့်နေသည်။ သို့သော် သူမဖြုံ။ ပါးလျားသော နှုတ်ခမ်းကလေး များသည် ပြုံးပန်းခြယ်လျက် ရှိနေပါသည်။

"ဟေ့လူ.... ခင်ဗျား... တော်တော် အီစလံဝေသွားတယ် မှတ်တယ်"
"ဟင်း...ဟင်း... ဒီငပုတွေကို အသေခံပြီး သတ်တာပဲကွာ၊ ဘယ်မှာအရှုံးပေးပါ့မလဲ၊ ဒါပေ မယ့် ဒီကောင်တွေ တံတောင်ဆစ် နဲ့ တိုက်တာတော့ ငါ ကျောတစ်ခုလုံး စိစိညက်ညက် ကြေနေ တာပဲဟေ့"
သူပြောတော့ မှ ကျော်ကို လှန်ကြည့်မိသည်။ မှန်ပါသည် ကျောပြင်ကြီးတစ်ခုလုံး သပြေသီး မှည့်ကဲ့သို့ အညို အဆုပ်ကြီး များ ပေါ်နေပါသည်။ ဤမျှပြင်းထတ်သော ဒဏ်ရာမျိုးကို ကျွန်တော်သာဆို ခဲ့ပါမူ မည်သည့် နည်းနှင့် မျှ ခံနိုင်လိမ့်မည် မဟုတ်တော့ပေ။ ကျွန်တော်၏ နုနယ်သော ကိုယ်ကာယသည် ဂျပန်စစ်သားများ၏ လက်သီး တစ်လုံးမျှဖြင့် ပြိုကွဲပျက်သုန်း နိုင်ပေမည်။
ဦးလေး ဦးစစ်ပိုးက ကျွန်တော်တို့ ပြန်လာသည့်အကြောင်း မေးမြန်းသဖြင့် အစအဆုံးပြောပြ ရင်း နောက်ဆုံး ဂျပန်များနှင့် ထိုးကြိတ်ခဲ့ရသည်များကိုပါ ဖောက်သည်ချလိုက်မိပါသည်။ ကျွန်တော်တို့လူသိုက်အား ပျဉ်းမနားသို့ မသွားမချင်း ဤ အိမ်မှာပင် နေ၍ နေ့စဉ် ချက်ပြုတ် စားသောက်ရန်အတွက် အိုးခွက်ပန်းကန်နှင့် ဈေးဖိုးများကိုပါ ကျွန်တော့် ကို ထုတ်ပေးပါ သည်။

ကျွန်တော်တို့သည် စားရေး၊ သောက်ရေး၊ နေရေး၊ ထိုင်ရေးအားလုံး အဆင်ပြေသွားသဖြင့် တစ်နေ့တာ ပင်ပန်းခဲ့သော ပင်ပန်းမှုများအားလုံးကို မေ့လျော့ ပျောက်ကွယ်သွားကြပါ တော့သည်။
ဦးစစ်ပို သည် ကျွန်တော့်မိခင်၏ မောင်ဝမ်းကွဲ ဖြစ်ပါသည်.။
ငယ်စဉ်မှ စ၍ ကျွန်တော့်မိခင်အား အစ်မရင်းကဲ့သို့ ရိုသေလေးစားစွာ ဆက်ဆံပါသည်။ မိခင်ကြီး၏ သွန်သင်မှုဖြင့် ၁၅နှစ်သား အရွယ် ဆန်စပါးလုပ်ငန်းများကို ကျွမ်းကျင်စွာ လုပ် ကိုင်ခဲ့လေသည်။ ကိုယ်ပိုင်အလုပ်၊ မိခင်ကြီး အလုပ် များကို စနစ်တကျ လုပ်ကိုင်ရင်း သူဌေးကြီး ဦးဘိုးလှ၏ လူရင်း လူယုံ ပွဲစားကြီး ဦးစစ်ပိုး ဘဝသို့ ရောက်ရှိလာခဲ့လေသည်။ ဦးစစ်ပိုးသည် လယ်ကွင်းများတွင် ကြီးပျင်းလာသူပီပီ လယ် အကြောင်း၊ ယာအကြောင်း သီးနှံအကြောင်းကို ကောင်းစွာ နားလည်သည်။ ရာသီဥတု အခြေအနေမှစ၍ သီးနှံထွက် အဆုတ်အယုတ်များကို ကြိုတင်မှတ်းဆ ဟောကိန်းထုတ်နိုင်သည်လည်း ဖြစ်သည်။

ကျွန်တော်တို့သည် မောင်ခိုင်လမ်းရှိ သူဌေးကြီး ဦးဘိုးလှတိုက်တွင် တစ်နေ့တစ်နေ့ ပျင်းရိ ငြီးငွေ့စွာ အချိန် ကုန်လွန် ခဲ့ကြသည်မှာ တစ်ပတ်ခန့်ပင် ကြာမြင့်ခဲ့လေပြီ။ နေ့စဉ် အလှည့်ကျ တာဝန်ပေး၍ ဂေါ်ရကုန်း ဗိုလ်စိန် ထံ မေးမြန်းခဲ့သည်မှာ စရိတ်သာကုန်၍ အကျိုးမထူးသဖြင့် စိတ်ဓာတ်ကျစ ပြုလာပါသည်။
"သူငယ်ချင်း ရုပ်ရှင်ကြည့်မလား"
ရွှေအိဝင်းမောင်သည် တိုးတိုးကလေး သတင်းပေးလာသည်။ ကျွန်တော် မျက်မှောင်ကြုတ် ၍ ရွှေအိ ဝင်းအောင် အား ကြည့်လိုက်သည်။ ထိုအခါ ကျွန်တော့်အနီးသို့ ပို၍ တိုးကပ်လာပြီး နားနားသို့ ကပ်၍ ပြောလာပြန်ပါသည်။
"ကောင်မလေးတွေ ရေချိုးတာ ကြည့်မလား"
ကျွန်တော်သည် အကြိုက်တွေ့သွားသဖြင့် ပြုံးရွှင်သွားသည်။ ပျင်းရိငြီးငွေ့ဖွယ် အချိန်ဖြုန်းရ ခြင်းနှင့်စာလျှင် အလွန်ကောင်းသော အလုပ် ဖြစ်သည်။ သို့သော် ကျွန်တော်သည် မည်သည့် နေရာ၊ မည်သည့် အဆောက်အအုံ ဟူ၍ စဉ်းစား ၍ မရသဖြင့် ရွှေအိဝင်းမောင် ပြောစကားများ ကို မယုံတစ်ဝက် ယုံတစ်ဝက်ဖြင့် စောကြောရသည်။

"တကယ်လား ကိုယ့်လူရဲ့၊ ဒီနားမှာ လူရိပ်လူခြည် မမြင်ပါလား"
"ရော... မင်းမသိဘဲ တို့များ ချောင်းကြည့်နေတာ ၃ ရက်မြောက်သော နေ့ကြီးများတောင် ရှိနေပြီ မောင်ရေ၊ မင်းကို ဒီနေ့ မှ တို့က အသိပေးတာ ဟီ ဟီ"
"ခွေးမ သားတွေ ကောင်းတာလေးကျတော့ မူးတင်းပဲတင်း၊ သောက်ပင်းလျှိုဖို့ ပိုက်ဆံ တို့ ဆေးလိပ်သောက်ဖို့ ကျတော့ ရှေးဦးစွာ သတိရပါ့ဗျာ"
"အေးလေ.. ဒီကျေးဇူးတွေ အနန္တကြောင့် အခု ကိုယ်တော်လေးကို သံတော်ဦးတင်တာပေါ့၊ ကိုင်း လာကွာ ကောင်းတာလေးတွေ လွတ်ကုန်ဦးမယ်"
ကျွန်တော် သည် ရွှေအိဝင်းမောင် နတ်လမ်းညွှန်ရာသို့ ကောက်ကောက်ပါအောင် လိုက်လာ ခဲ့သည်။ ရွှေအိ ဝင်းမောင် သည် ကျွန်တော့်အား အိမ်ခေါင်မိုးများကို ဖြတ်၍ တစ်အိမ်မှ တစ်အိမ် သို့ ကူးစေပါ သည် ကျွန်တော် ၄င်းခေါ်ရာသို့ ရောက်သောအခါ သကောင့်သား အချို့ပင် နေရာ ယူထားပြီး ဖြစ်နေသည် ကို တွေ့ရပါသည်။

"ဟေ့ကောင်တွေ လာ တစ်မတ်တန်းကွ"
"ဘယ်ကို ကြည့်ရမှာလဲကွ"
"ဟေ့ကောင် ... တိုးတိုးကွ"
ကျွန်တော်သည် အများနည်းတူ တန်းစီ၍ တစ်ဘက်သို့ လှမ်းကြည့် လိုက် သည်။ မြင်လိုက် ရ သော မြင်ကွင်းကြောင့် ပါးစပ် အဟောင်းသား ဖြစ်သွားမိသည်။ ကျွန်တော်တို့ တစ်တွေဘက် မှ ကြည့်လျှင် ကြားတွင် တိုက် တစ်တိုက် ခြားလျက်ရှိသည်။ သူတို့ဘက်မှ ကြည့်လျှင် ကျွန်တော် တို့ကို မြင်နိုင်ရန် အကြောင်း မရှိနိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် တစ်ဘက်တိုက်သို့ ကူး၍ မရစေရန် သွပ်ပြားများကို တစ်ပိုင်းဖြတ် ၍ ထောင်ထားခြင်းကြောင့် ဖြစ်ပါသည်။
ကျွန်တော် သည် သွပ်ပြားပေါက်ကို မျက်နှအပ်၍ မလွတ်တမ်း ကြည့်လိုက်မိသည်။ တစ်ဘက် အိမ်ခေါင်မိုးပေါ်မှ စုံတွဲ သည် တစ်ယောက်နှင့် တစ်ယောက် လက်ချင်းတွဲလျက် ရေချိုးနေကြ ပါသည်။ ရိုးရိုး ရေချိုးနေ လင့် ကစား ချောင်းကြည့်ရသည်မှာ အရသာတစ်မျိုးကဲ့သို့ ရှိပါသည်။ ရေချိုးပြီးသောအခါ နေပူခံလျက် ရှိကြချေသည်။

"ကဲ.. ယနေ့အဖို့ ဇာတ်လမ်း ပြီးဆုံးပါပြီ"
ကျွန်တော်တို့ အားလုံး ချွေးသံရွှဲရွှဲဖြင့် အိမ်ခေါင်မိုးပေါ်မှ ပြန်လျှောက်လာခဲ့သည်။ အိမ်အောက် သို့ ရောက်သော အခါ၌ ဦးလေး ဦးစစ်ပိုးသည် ကျွန်တော်တို့ လူသိုက်ကို နားမလည်သည့် အသွင်ဖြင့် စူးစမ်းစွာ ကြည့်နေသည် ကို တွေ့လိုက်ရသည်။
"ဟ..  မောင်မောင် သူများအိမ်ခေါင်မိုးတွေပေါ် ဘာတက်လုပ်ကြတာတုန်းကွ၊ မတော်တဆ တခြားအိမ်တွေက အစောင့်တွေ နဲ့ တွေ့လို့ သူခိုးပါဆိုရင် အလကားနေရင်း အမှုပတ်နေပါဦး မယ်ကွာ၊ အေးအေးနေကြစမ်းပါ"
"ပျင်းပျင်း ရှိတာနဲပ တက်ကြည့်တာပါ၊ နောက် မတက်တော့ပါဘူး"
ကျွန်တော် သည် ဒဏ်ရာများဖြင့် တဟင်းဟင်း ညည်းညူနေသော ကိုသောင်းအိထံပါးသို့ ကပ်လျက် ကျွန်တော်မြင်တွေ့ ခဲ့ရသော အတွေ့အကြုံများကို ဖောက်သည်ချနေမိပါသည်။ ကိုသောင်းအိ တစ်ယောက်ကမူ ဤမျှ ဒဏ်ရာဒဏ်ချက်ဖြင့် မထနိုင်သည့်ကြားမှ သူ့အား မခေါ် ရကောင်းလားဆိုပြီး ကျွန်တော့်ကို တစ်တစ်ခွခွ ဆဲရေး တိုင်းထွာနေပါတော့သည်။

ကျွန်တော်တို့တစ်တွေ ရန်ကုန်သို့ ရောက်လာခဲ့ာကသည့် အချိန်တုန်းက လက်ထဲတွင် ပါလာ သမျှ ငွေကြေးကလေးများ ကုန်ခန်းခဲ့ကြသဖြင့် ဦးလေးဦးစစ်ပိုးသည် ကျွန်တော်တို့အတွက် ဝန်ထုပ်ဝန် ပိုးကြီး ဖြစ်လာခဲ့ပါတော့သည်။ ကျွန်တော်တို့အား ကျွေးမွေးနေရသည်သာမက နေ့စဉ် လက်ဖက်ရည်ဖိုး များကို ပေးပါသည်။ ကျွန်တော်ကတော့ ဦးလေးဦးစစ်ပိုးအား ကျွန်တော်ယူသုံးသော ငွေများကို ဖျာပုံမှ မိခင်ကြီး ထံတွင်ြုပန်လည်တောင်းယူရန် ပြော၍ မကြာခဏ ငွေကြေးချေးငှား သုံးစွဲလေ့ ရှိသော်လည်း ဦးလေးဦးစစ်ပိုး အနေနဲ့မူ ဤမျှသော ငွေကြေးမျှကို ကျွန်တော့်မိခင်ထံတွင် ပြန်လည်တောင်းခံခြင်း မပြုခဲ့ပါပေ။
"မောင်မောင် မင်းတို့ ဗိုချုပ်စိန်ချည့်ပဲ အားကိုးမနေနဲ့ကွ၊ တခြားလည်း စုံစမ်းကြည့်ဦးကွ၊ အရေးကြီးတာက ပျဉ်းမနားရောက် မှ စိတ်ချရမယ်။ တော်ကြာ ဟိုမရောက် သည်မရောက် ဖြစ်နေကြဦး မယ်ကွာ၊ ကောင်း တာကတော့ ဂျပန်မီးရထား စောင့်နေယ့်အစား မော်တော်ကြုံ နဲ့ဖြစ်ဖြစ် လိုက်သွား ကြ ရင် ကောင်းမယ်"

ဦးလေးဦးစစ်ပိုး အကြံပေးသည့်အတိုင်း ကျွန်တော်တို့ နောက်ထပ်သုံးရက် စောင့်ကြည့်ရန် နှင့် သုံးရက်ထက် ကျော်၍စောင့်ရမည် ဆိုလျှင် မဖြစ်ဖြစ်သော နည်းများဖြင့် ပျဉ်းမနား ဗိုလ်စက် ရောင်ရှိရာသို့ လိုက် သွားကြရန် ဆုံးဖြတ်လိုက်ကြပါသည်။ ထိုသုံးရက်တာ ကာလအတွင်း တွင်လည်း ကိုသောင်းအိတို့အား ဒဏ်ရာ ဒဏ်ချက်များ ပျောက်ကင်းစေရန် ဆေးဝါးကုသမှု များကို ပြုရပါတော့သည်။
ကျွန်တော်သည် ဗမာ့ကာကွယ်ရေး တပ်မတော်သို့ ဝင်ရောက်ရန်အတွက် ရန်ကုန်သို့ ထွက် လာခဲ့စဉ်က အိမ်သို့ပင် မပြန်ဘဲ ကိုအုန်းမောင်တို့အိမ်မှ ရိရှိသမျှသော အဝတ်အစားကလေး များဖြင့် လိုက်လာ ခဲ့ခြင်း ဖြစ်ပါသည်။ ယခုအချိန်တွင် တပ်မတော်သို့ မဝင်ဖြစ်ပဲ အိမ်သို့ပြန်ရန် လည်း မဖြစ်နိုင်ချေ။ ကျွန်တော့်အား မိခင်ကြီး သည် မိန်းမခိုး၍ ထွက်ပြေးရန် စိတ်ကူးဝံ့ပါမည် နည်း။ အကယ်၍ အကြောင်းမညိညွတ်၍ တပ်မတော် သို့ မဝင်ဖြစ်ခဲ့လျှင်လည်း ရန်ကုန်မှာပင် ဦးလေးဦးစစ်ပိုးအား ပြောဆို၍ အလုပ်အကိုင် တစ်ခုခုကို ရှာဖွေ လုပ်ကိုင်တော့မည် ဖြစ်ပါ သည်။

ကျွန်တော်တို့ သုံးရက်ခန့် စောင့်ဆိုင်းနေချိန်တွင် နေ့စဉ်နေ့တိုင်း အလှည့်ကျ ဗိုလ်စိန်ထံ သွားရောက် သတင်းမေးကြရပါသည်။ သုံးရက်မြောက်သောနေ့တွင် ဗိုလ်စိန်ထံ ရေက်သော အခါ နောက်ထပ် ၂ ရက် စောင့်ပြီး လျှင် ထောက်ပံရေးတပ်နှင့်အတူ ကျွန်တော်တို့အား ပျဉ်းမနား ပို့ပေး မည်ဖြစ်ကြောင်း ပြော လိုက်ပါသည်။ ကျွန်တော် တို့ လူသိုက် ထို၂ရက်မျှကို မအိပ်နိုင် မစားနိုင်လောက်အောင် ဝမ်းသာခြင်း ဖြစ်ကြ ရပါသည်။
တွဲတိုင်း တွင် ဂျပန်စစ်သားများဖြင့် ပြည့်သိပ်နေသည်။
ကျွန်တော်တို့အား ဂျပန်များက ၄င်းတို့နှင့်အတူ တွဲဖက်နေထိုင်ရန် ခွင့်မပြုဘဲ အမိုးမပါသော တွဲပက်လက်ပေါ်တွင် လိုက်ပါရန် နေရာပေးပါသည်။ မည်သို့ပင်ဖြစ်စေ လိုက်ရလျှင် ပြီးရော ဟု သဘောထား ကာ တွဲပက်လက်ပေါ်တွင် နေရာယူလိုက်ကြပါသည်။ တွဲပက်လက်ပေါ် ဆို သည့်အတိုင်း သန့်သန့် ရှင်းရှင်းကား မဟုတ်ပေ။ မီးသွေးမှုန့်များဖြင့် ပြည့်နှက်နေပါသည်။ သို့ သော် မတတ်ီုင်ပြီး၊ မီးသွေးမှုန်များ ပေကျံနေသည့် တွဲပေါ်မှာပင် ပါလာသော အခင်းများကို ခင်းကြရသည်။ ကျွန်တော်သည် ပင်ပန်းဆင်းရဲသော မိမိဘဝ အစ၏ ဖြစ်ရပ်ကို စဉ်းစားရင်း ချမ်းမြေ့သော မိခင်နှင့် မောင်နှမများ၏ ချစ်ခြင်းမေတ္တာများကို တမ်းတမိပါသည်။

"ဟေ့ကောင်တွေ၊ ဟိုမှာကြည့်စမ်း၊ ငပုတွေ တို့များတွဲကို လက်ညိုးထိုးပြနေတယ်ကွ၊ ဒီကောင် တွေ တို့ဆီလာပြီး ဖယ်ခိုင်းနေရင်တော့ ဒုက္ခပဲဟေ့"
ကိုထွန်းရင် ပြရာဆီသို့ ကြည့်လိုက်မိသည်။ မှန်ပါသည်။ ဂျပန်ဆယ်ယောက်ခန့်သည် ကျွန်တော့်တို့ တွဲရှိရာသို့ လက်ညိုးထိုး ၍ အချင်းချင်းပြောနေကြသည်ကို တွေ့ရသည်။ ထို့ နောက် ကျွန်တော်တို့ ရှိရာသို့ လျှောက်လာကြသည်။ ရယ်ဖွယ်ကောင်းသည်မှာ ဂျပန်များပြော သောစကားကို ကျွန်တော်တို့ နား မလည်၊ ကျွန်တော်တို့ ပြောသောစကားကို ဂျပန်တို့က နားမလည် အခက်အခဲများဖြင့် ကြုံနေရပါသည်။ သို့သော် ကျွန်တော့် တို့အား လိုက်ပို့ပေးသော ဗိုလ်စိန်သည် စစ်ဝတ်စုံနှင့် ဖြစ်၍ ၄င်းက ကျွန်တော်တို့အား ဂျပန်စစ်တပ်မှ ခွင့်ပြု လိုက်သည် ခရီးသွားလက်မှတ်များ၊ ထုတ်ပြခြင်း၊ သူတတ်သမျှ မှတ်သားဖွယ် ဂျပန်စကားဖြင့် ပြောပြခြင်း များကြောင့် မကြာမီ ထွက်ခွာသွားကြပါသည်။

"ကိုင်း... ရဲဘော်တို့ စိတ်အေးလက်အေး သွားကြ၊ ရဲဘော်တို့ကို ပျဉ်းမနား ရောက်တဲ့အထိ ငါတို့ ထည့်လိုက်တဲ့ ရဲဘော်ကြီး မောင်မဲက ပို့ပေးလိုက်မယ်"
ဗိုလ်စိတ်သည် ကျွန်တော်တို့ကို လိုက်ပါပို့ဆောင်ပေးမည့် ထားဝ်သားအား ရဲဘော်ကိုမဲဆိုသူ အား ထားဝယ် စကားများဖြင့် မှာကြားခြင်း ပြောဆိုပြီးနောက် ကျွန်တော်တို့ကို နှုတ်ဆက် ထွက်ခွာသွားပါသည်။ မည်သို့ ပင် စြဖ်စေ ကျွနတော်တို့တစ်တွေသည် မိမိတို့ မျှော်မှန်းထား သော ဗမာ့ကာကွယ်ရေး တပ်မတော်အတွင်းသို့ ဝင်ရောက်ကြ ရပေတော့မည်။ ရှေ့အဖို့ မည်မျှပင် ဆင်းရဲပင်ပန်းသည်ဖြစ်စေ၊ ကျွန်တော်တို့ အမိနိုင်ငံ လွတ်လပ်ရေး အတွက် ကျွန် တော်တို့၏ အသက်များကို ပေးလြှူုကမည် ဖြစ်ပါသည်။

မီးရထားသည် တော်တော်နှင့်မထွက်၊ နံနက်မှသည် ညနေစောင်လာသည်အထိ မထွက်သေး သည် ကို တွေ့ရသည်။ မည်သည့်အချိန်တွင် ထွက်၍ မည်သည့်အချိန်တွင် ရောက်မည်ကို လည်း ကျွန်တော်တို့ မသိနိုင် ပါ။ ကျွန်တော်တို့သာမက ကျွန်တော်တို့ ၏ ဆရာဖြစ်သူ ရဲဘော် ကြီးကိုမဲကလည်း ပြောမပြနိုင်ပေ။ သူတို့ထွက်သော အချိန်တွင်သာ လိုက်ကြရမည် ဖြစ်ပါ သည်။
ခက်သည်။ ခက်သည်မှ တော်တော့်ကို ခက်ပါသည်။ အနီးအနားသို့ ထွက်၍ တပိုးတပါးသွား ရန် မဖြစ်ကြပါ။ ယင်း သို့ တပိုးတပါး သွားခိုက် မီးရထားထွက်သွားလျှင် မခက်ပါလော။ ကျွန်တော်တို့တစ်တွေ အလွန် စိတ်ဆင်းရဲ ပင်ပန်းစွာ စောင့်ဆိုင်းနေ ကြရပါသည်။ ထိုအချိန် တွင် ကျွန်တော်တို့အားလုံး ညနေစာ မစားရသေး သဖြင့် ဆာလောင်လျက် ရှိနေပါသည်။ ဂျပန် စစ်သားများကမူ သူတို့တပ်မှ လာုပို့သော ထမင်းဟင်းများကို လက်ခံ ရယူ၍ မြိန်ရည်ယှက်ရည် စားသောက်နေကြပါသည်။ အငွေ့တထောင်းထောင်း ထနေသော လက်ဖက်ရည်ကြမ်း များ ကို တစ်ယောက်ပြီးတစ်ယောက် ခပ်ယူနေကြပါသည်။ ကျွန်တော်တို့ လူသိုက်ကမူ ပါးစပ်အ ဟောင်းသား အူတကြုတ်ကြုတ်ဖြင့် အငတ်ဘေးဆိုက် လျက် ရှိနေပါသည်။

"ဆရာ... ကျွန်တော်တို့ ထမင်းသွားဝယ်ချင်တယ် ဆရာ..."
ရွှေအိဝင်းမောင်က အရဲစွန့်၍ ရဲဘော်ကြီး ကိုမဲအား ချည်းကပ်၍ အရေးဆိုလိုက်သည်။ ရဲဘော် ကြီး ကိုမဲ သည်  ခေါင်းကို တဗျစ်ဗျစ်ကုတ်၍ မျက်နှာကိုလည်း မဲ့ရွဲ့ကာ စကားပြန်ပြောလေ သည်။
"နင့်အမေ ကလွေး... နင်တို့လိုပဲ ငါလည်းဆာတယ်ကွ၊ ဒါပေမယ့် ဒီမအေပေးတွေ ပြောပြလို့ မသွားရဘူးဆိုရင် ငါသတ်မိမယ်ကွ"
"ဟာ ဆရာရယ်၊ ပြောပြကြည့်ပါဦး၊ သူတို့တော့ ပဖြဲနဖြဲ စားနေကြပြီး၊ ကျွန်တော်တို့ ဒီအတိုင်း အငတ်နေရမယ် ဆိုတာ  မရားပါဘူးဗျာ..."
ကျွန်တော် တို့ ပိုင်းပြောသောကြောင့် ရဲဘော်ကြီးကိုမဲသည် ဂျပန်တပ်ကြပ်ပြီး တစ်ဦးထံ လက်ဟန်ခြေဟန်ဖြင့် ထမင်းစား လိုကြောင်း၊ သွား၍ ဝယ်မည်ဖြစ်ကြောင်း ပြာပြပါသည်။ ဂျပန် တပ်ကြပ်ကြီး ကလည်း ခေါင်းတစ်ခါတစ်ခါ လည်တညိတ်ညိတ်ဖြင့် လက်ညိုးထိုက်လိုက်ပါ သည်။ ရဲဘော်ကြီး ကိုမဲ နောက် ဂျပန်တစ်ယောက်ထံ သွားရပြန်သည်။

ပထမကဲ့သို့ပင် သူသည် ခြေဟန်လက်ဟန်ဖြင့် ထမင်းစားရန် ပြောပြန်ပါသည်။ ဤသို့ဖြင့် ဂျပန်စစ်သား လေးငါး ယောက်ရှေ့သို့ ရောက်ခဲ့ပြီးနောက် ရဲဘော်ကြီး ဦးမဲ အပြေးအလွှား ရောက်လာကာ နာရီဝက် ထမင်းစားခွင့်ရခဲ့ကြောင်း ပြော၍ ကျွန်တော်တို့လူသိုက် သေပြေးရှင်ပြေး ပြေးလွှားလျက်၊ ဘူတာကြီး အပေါက်ဝ ရှိ ခေါ်တောကုလား ရောင်းသောထမင်းဆိုင်တွင် ထမင်းစားလိုက်ရ ပါသည်။
ငရုတ်သီး စပ်စပ်၊ မဆလာနံ့ပြင်းပြင်း ဟင်းများကို ထမင်းပန်ကန်ထဲလောင်း၍ နာရီဝက်အတွင်း စားသောက် ပြီးရန်၊ အတင်းအဓမ္မ မြိုချရသဖြင့် ဗိုက်သာပြည့်သွားသည်။ အရသာဟူ၍  ကျွန်တော်တို့ မခံစားလိုက်ရဘဲ ညစာ ထမင်းတစ်နှပ် ပြီးဆုံးခြင်းသို့ ရောက်ရှိခဲ့ရပါသည်။ ဂျပန် မုန်းတီးသော မျိုးစေ့ကလေးတွေ ကျွန်တော့်ရင်ထဲမှာ ကပ်ငြိစပြု ခဲ့ပြီတကား။ ကျွန်တော်တို့ တွဲသို့ ပြန်ရောက်သောအခါ တွဲစောင့်အဖြစ် ထားခဲ့သော အချိန်ကလေးကို တစ်ကမ္ဘာလောက် ထင်မှတ် မိကြောင်း ပြောရှာပါသည်။ အဘယ့်ကြောင့်မူ ဂျပန်စစ်သားများ ကျွန်တော်တို့ ခင်း ထားသော နေရာများကို ဖယ်၍ နေရာယူရန် လာရောက်ကြသဖြင့် ဗိုလ်စိန်ပေးသော စာများ ကို ပြ၍ နှင်ချလိုက်ကြောင်း၊ ဂျပန်စာ ဘူးသီးငါးပေါင်းကြော်များ သူ့နေရာနှင့်သူ တန်ဖိုး ရှိကြောင်း ဇာတ်ကြောင်းပြန် လျက် ရှိပါသည်။.

"ကိုင်း.... စားလိုက်ဦးဗျာ၊ ဟင်းကတော့ ငါးဟင်းပဲဗျ၊ မဆလာနံ့၊ ငတရုတ်နံ့ ပြင်းပြင်းပဲ၊ ကျုပ် တော့ ဗိုက်ထဲကို ဘယ်လိုဝင်သွားမှန်း မသိလိုက်ဘူးဗျို့၊ ထမင်းတောင် ဝါးစားလိုက်မိရဲ့လား မသိဘူး၊ ဒါနဲ့ပဲ ဗိုက်ပြည့်သါားရတယ်လေ... "
"သောက်ပင်း ရှိရတယ်ဆိုတာ အဲဒါကို ပြောတကွ... ခွီး...."
ကိုသောင်းအိ သည် အသားကြေဒဏ်ရာများက မပျောက်သေးသဖြင့် ချည့်နဲ့စွာပင် ထ၍ ထမင်းစားပါသည်။ ကျွန်တော်သည် ကိုသောင်းအိ ထမင်းစားနေသည်ကို ကြည့်ရင်း သွားရည် များပင် ယိုမိသည်။ စောစောက ကျွန်တော် တို့တစ်တွေ ထမင်းတစ်လုတ်နှင့် တစ်လုတ် ဝါးမနေတော့ဘဲ စားနည်းမျိုး မဟုတ် ဘဲ၊ အေးအေးဆေးဆေး စားသောက်နေ ရခြင်း ဖြစ်၍ ခေါ်တောကုလားချက်ထားသော မဆလာနံ့သင်းသော ငါးကလေး သည် ကျွန်တော့် နှာခေါင်း ဝသို့ ဆွဲချရနံ့ သင်းပျံ့လျက် ရှိနေပါသည်။

"စောက်ကျိုး နဲ ကောင်းတဲ့ ကုလားဟင်း၊ ဟေ့... မြလှိုင် နောက်တစ်ပွဲ ပြေးဆွဲလိုက်ပါဦးကွာ၊ ဟီး... ဟီး.."
"တော်ပြီ ကိုယ့်လူ၊ သနားလို့ ဝယ်လာတာ နောက်တစ်ထုပ်တဲ့ ဟင်းထမင်းတစ်ထုပ် ဘယ်လောက်အောက်မေ့နေ လဲ ကိုယ့်လူ သုံးဒေါ်လာ ဆရာရေ့..."
"ငါကိုယ်တော် အတွက် ခံတွင်းချဉ်ပြေ ဆေးလိပ်များ ပါတော်မူသေးရဲ့လား၊ ငယ်ကျွန် တပည့် ခွေးမသား မြလှိုင်လေး..."
"ရော့. ဆရာ သောက်ပင်းရှိုတော်မူပါ ဘုရား"
ကျွန်တော် သည် လက်အုပ်ချီ၍ ကိုသောင်းအိထံသို့ မီးညိထားပြီးသော ဆေးလိပ်ကို ကမ်း လိုက်ပါသည်။ ကိုသောင်းအိ သည် လက်တွင် ပေနေသော ထမင်းဟင်းများကို ဝတ်ထားသော လုံချည်အနား အောက်နားဖြင့် သုတ်လိုက်ပြီး ဆေးလိပ် ကို လှမ်းယူလိုက်၊ မီးရထားခေါင်းတိုင် မှ ထွက်သည့် မီးခိုးပမာ တဖွားဖွား အားပါးတရ ဖွာရှိုက် လျက် ရှိပါသည်။ ကျွန်တော်တို့ တစ်တွေသည်  အဝတ်အထည် များများပါသူများ မဟုတ်သဖြင့် လုံချည်အောက်နား သည် လက်သုတ်ပဝါဖြစ်၍ ခါးတွင်လုံးထားသော အထက်ပိုင်းသည် မျက်နှာသုတ်ရန် မျက်နှာ သုတ် ပဝါု ဖြစ်ပါသည်။

စောစောက ဂျပန်စစ်သားက ကျွန်တော်တို့ ထမင်းစားရန် မိနစ် ၃၀ ခန့်သာ အချိန်ပေးသော် လည်း ကျွန်တော်တို့ ထမင်းစား ၍ ပြန်ရောက်လာသည်နှင့် တစ်နာရီကျော်ကျော် ကြာသည့် တိုင်အောင် ရထားထွက်သည့် အရိပ်ယောင် ကိုမျှ မမြင်ကြရသေးပါ။ ထိုအခါ ထမင်းကို ဝါး၍ ပင် မစားဘဲ အတင်းအဓမ္မ မျိုချစားသောက် ခဲ့ရသော ကျွန်တော်တစ်တွေ၏ စိတ်ထဲတွင် တစ်ကိုယ်ကောင်းဆန်သော အနိုင်ကျင့်စိတ်ပါသော ဂျပန်စစ်သား များကို ဆပွားမေတ္တာ ပျက်မိ ပါသည်။ ကျွန်တော်သည် စိတ်ပျက်နေသော်လည်း ပေါက်သည့်နဖူး၊ မထူးတော့ ဆုံးဖြတ် ကာ မည်သည့်နည်ဖြင့်မဆို ပျဉ်းမနားသို့ မရောက်ရောက်သည့်ည်းဖြင့် သွားရောက်ရန် ဆုံးဖြတ် မိပါတော့ သည်။
နေဝင်သွားပေပြီ။

ဘူတာရုံတစ်ခုလုံး မည်းမည်းမှောင်လျက် ရှိသည်။
ရန်ကုန်တစ်မြို့လုံး လေကြောင်းရန်တို့ကြောင့် မီးထွန်းညိခြင်း မပြုရန် စစ်ဘက်မှ နေဝင်မီးငြိမ်း အမိန့် ထုတ်ပြန်ထား ပါသည်။ ဂျပန် စစ်သားများသည် မှောင်မိုက်အတွင်း၌ လှုပ်ရှား သွားလာ နြေုက သည်ကို တွေ့ရပါသည်။. တဝေါဝေါဖြင့် ဆိုက်ရောက်လာသော စစ်သားများ၏ အသံသည် ဆူညံ လျက် ရှိပါသည်။ ထိုအခါတွင်မှ ကျွန်တော်တို့သည် ယခု စီးနင်းလိုက်ပါရ မည့် မီးရထားဖြင့် ယင်းစစ်တပ်မျိုး ကို ရွှေ့ပြောင်းရန် ဖြစ်ကြောင်း ရိပ်မိနေပါတော့သည်။
နံနက် က ကျွန်တော်တိုပ တွေ့ရသော စစ်သားများမှာ ရထားကို စောင့်ရှောက်ရန် အစောင့် ချထားသော စစ်တပ်ဖြစ် ပါသည်။ ပျားပန်ခတ်မျှ လှုပ်ရှားနေသော စစ်သားများက တဖြည်း ဖြည်း များ၍ များ၍ လာသည်မှာ တွဲများပြည့် လျက် ရှိပါပြီ။ မီးရထားကြီး မကြာမီ ထွက်တော့ မည့် အရိပ်အယောင်များအဖြစ် ရထားခေါင်းတွဲကြီး ဆီမှ တရှဲရှဲ အော်မြည်နေသံကိုပါ ကြားရ သဖြင့် ကျွန်တော်တို့လူသိုက် ဝမ်းသားအားရ ဖြစ်မိပါတော့သည်။

ဝမ်းသားခြင်းကား မကြာလှပါချေ။
ဂျပန်စစ်သား နှစ်ယောက်သည် နွားကြိးတစ်ကောင်ကို မှောင် ထဲ၌ဆွဲလျက် ကျွန်တော်တို့ရှိရာ တွဲသို့ ရောက်ရှိလာပြီး တွဲပေါ်သို့ နွားကြီးအား မောင်းတင်နေပါတော့သည်။ ကျွန်တော်တို့နှင့် ဂျပန် စစ်သားနှစ်ယောက် ထိပ်တိုက်တွေ့နေကြပါပြီ။ ကျွန်တော်တို့လူသိုက်ဖြင့် ကျပ်တည်း ပြည့်နှက်နေသည့်နေရာ ကို ဖယ် ၍  နွားတစ်ကောင်ကို တင်ခြင်းသည် ကျွန်တော်တို့အား အလွန်စော်ကားလွန်းရာ ကျသဖြင့် မခံနိုင် ကြပေ။ သို့ဖြစ်၍ ဂျပန်များ တက်မလာအောင် ပိတ်ဆို့လိုက်ကြသည်။ ထို့နောက် ဂျပန်များကို ကျွန်တော်တို့တွင် ပါလာသော စာရွက် များကို ပြပါသည်။ ဂျပန်စစ်သား နှစ်ယောက်က ကျွန်တော်တိုပ ပြသသော စာရွက်ကို လုံးဝမကြည့် ဘဲ ရှေ့ဆုံးမှ ကာဆီးပိတ်ဆို့ထားသော ကိုထွန်းရင်အားလည်းကောင်း၊ ကိုသိန်းမောင်အား လည်းကောင်း ပါးရိုက်ပါတော့သည်။
"ဟေ့... ဖြစ်ချင်ရာ ဖြစ်ပစေ။ ချကြစို့ဟေ့..."

ကျွန်တော်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ဂျပန်နှစ်ယောက်အား ဝင်လုံးပါတော့သည်။ ကျွန်တော်တို့ လူသိုက်က၁၇ယောက် ခန့် ဖြစ်၍ ဂျပန်စစ်သားနှစ်ယောက် ပလက်ဖောင်းပေါ်တွင် လဲကျသွားပါတော့သည်။ ယင်း အဖြစ်အပျက်မှာ ကမ္ဘာမခန်းဖြစ်သော်လည်း ထူးဆန်းဖွယ် တစ်ရပ်မှာ ထိုဂျပန်နှစ်ယောက်ထံသို့ မည်သည့် အကူအညီမှ ရောက်မလာခြင်းပင် ဖြစ်ပါသည်။ ကျွန်တော်တို့ ရန်ပွဲကြောင့် စောစောက ဆွဲလာသော နွားကြီး လည်း မည်သည့်နေရာဆီသို့ ရောက်သွားသည်ကိုပင် မတွေ့လိုက်ရတော့ပါ။
ကျွန်တော် တို့ အားလုံး တွဲပေါ်တွင် က္ကနြေ္ဒမပျက် ပြန်ထိုင်နေလိုက်ကြသည်။

ဆက်ရန်
.

No comments: