အလုပ် ကို စိတ်ကုန်တယ်ဆိုတော့ ကျွန်မလည်း သူ့ဆန္ဒအတိုင်း "သဘောပဲ"လို့
ပြေလိုက်ပါတယ်။ ဒီလိုနဲ့ ဦးကျော်ဇော ကုန်သွယ်ရေးက ထွက်ပြီး
မန္တလေးမှာတိုက်သွားဆောက်နေလေရဲ့။ တစ်လတစ် ခါ၊ နှစ်လ တစ်ခါ ပဲ ရန်ကုန်ကို
ပြန်လာတတ်ပါတယ်။ ကျွန်မတို့မှာ ငွေပိုငွေလျှံက သိပ်ရှိတာမဟုတ်လို့
ပစ္စည်းဝယ်စရာ ကြုံတဲ့အခါ ဟိုကဆွဲရ၊ ဒီကဆွဲရနဲ့ ကြွေးတွေ မတင်စဖူး
တင်လာတာကြောင့် ရင်လည်း ပူမိပါတယ်။ တိုက် ကတော့ တဖြည်းဖြည်း
အကောင်အထည်ပေါ်လာပါပြီ။ ကာလတန်ကြေး နဲ့ပြန်ရောင်းရင် အမြတ်ကလေး တစ်လုံး တစ်ခဲ
ပေါ်တဲ့အခါ ရန်ကုန်က မြေမှာတိုက်တစ်လုံးဆောက်စ ရာထွက်လာလိမ့်မယ် လို့ လည်း
မျှော်မှန်းမိ တယ်ပေါ့။ ဒါကြောင့်(ယခု ဗိုလ်ထွန်းမြတ်လမ်း)မှာနေတဲ့
ဗိသုကာဦးလှဖေဆီ ကျွန်မက အိမ် ပုံစံတောင် ကြိုပြီး အပ်ထားလိုက်သေးတယ်။
ဘာဖြစ်လို့လဲ ဆို တော့ သမီးတွေက အရွယ်ရောက် ကုန်ကြ ပါပြီ။ နောက်ဆုံးနှစ်
တက္ကသိုလ်မှာ တက်နေတဲ့ သမီးလတ် ကေသီလည်း ကျောင်းပြီးလို့ ဘွဲ့ ရခါနီးနေပြီ။
ဒီနှစ်ထဲမှာ နံပါတ်လေး သမီး ယမင်း ကလည်း ပထမနှစ် ဥပစာမှာ တက်နေရပြီမို့
နှစ်ခြားဆိုသလို ဘွဲ့တွေ အသီးသီးရပြီး အလုပ်အကိုင် ကိုယ်စီနဲ့ လူကြီးစာရင်း
ဝင်ကြတော့မှာ မဟုတ်လားနော်။ ကို ဆက်ဖတ်ရန် ...........
ကျွန်မကသာ သူတို့ကို လူကြီးစာရင်းဝင်တော့မယ် ဆိုပြီး နေရေးထိုင်ရေးတွေ ကြိုတင်ပြင်ဆင်နေတာ ပါ။ ကျောင်းသွားကျောင်းပြန် သွားကြိုလို့ ကားပေါ်မှာ တက္ကသိုလ်ကျောင်းသူကြီးတွေဆီက ကြားရတဲ့ စကားတွေ ကတော့ တစ်ချက်မှ လူကြီးမဆန်တာကိုလည်း နားထောင်ပါဦး။
"မာမီ၊ ခုနက ကားစောင့်နေတုန်း ဆယ်ပြားစေ့မျက်နှာနဲ့ လူကြီးက စာလာပေးတယ်၊ သမီးမယူတော့ လွယ်အိတ်ထဲ မှာ အတင်းကြီး ထည့်သွားလို့ ယူပြီးလွှင့်ပစ်ခဲ့ရသေးတယ်၊ သိလား"
"ဘာလဲ၊ ဆယ်ပြားစေ့မျက်နှာဆိုတာ "
"မာမီ ကလည်း မသိဘူးလား၊ မေးရိုးက လေထောင့်စပ်စပ်နဲ့ ဆယ်ပြားစေ့အတိုင်းပဲ"
သူများကိုပြောရမယ်ဆိုရင် သူတို့ညီအစ်မတစ်တွေ စကားလုံးလည်း ရှာတတ်ပါရဲ့။ ပုံခိုင်း လည်း ကောင်းကြပါရဲ့။ သူတို့ပြောပြောနေတဲ့ အပိုလိုဆင်းတဲ့မျက်နှာ ဆိုတာကလည်း ရှိသေးတယ်။ တစ်ခါ တုန်းက ယမင်းကိုအရင်ကြိုပြီး ကေသီရဲ့အတန်းဘက် နောက်မှသွားခေါ်တော့ ကားပေးတက်လာတာ နဲ့...
"ယမင်း၊ နင့်အတန်းပေါက်ဝမှာ လာလာစောင့်နေတဲ့ ဟိုအပိုလိုဆင်းမဲ့ မျက်နှာနဲ့လူရော ဒီနေ့လာ သေးလား ဟင်"တဲ့။
"အပိုလို ဆင်းမဲ့ မျက်နှာက ဘယ်လိုမျိုးလဲ"လို့ မနေနိုင်လို့ ကျွန်မက၀င်မေးတော့...
"အဲဒီကျောင်းသား ရဲ့ မျက်နှာက ကျောက်ပေါက်မာတွေနဲ့လေ၊ မျက်နှာတစ်ခုလုံး တွင်းတွေ ချိုင့်တွေ ဖြစ်နေ တာ၊ လကမ္ဘာမြေပြင်အတိုင်းပဲ၊ ဒါကြောင့် အပိုလိုမှားပြီး ဆင်းနိုင်တယ်လို့ သမီးက ကေသီ့ကို ပြောပြထားတာ မာမီရဲ့" တဲ့။
ယမင်းတင် မဟုတ်သေးဘူး။ မကေသီဆီက ကြားရတာတွေကလည်း ရှိသေးတယ်။ "ယမင်းရေ၊ ငါ့ကို ဒီနေ့ ဥပဒေတန်း နောက်ဆုံးနှစ်က လူတစ်ယောက် စာအတင်းလိုက်ပေးတယ်သိလား၊ သူ့အသား ရောင်ကလည်း မည်းမှောင်နေ တယ်ဟယ်၊ နောက်တစ်ခါ လာစကားပြောရင် ဖယောင်းတိုင်လေးပါ ယူလာခဲ့ပါလို့ မှာရမယ်၊ သူ့ကို မီးထွန်းကြည့်မှ မြင်ရမဲ့ပုံပဲ၊ သူဝတ်လုံလိုက်တဲ့အခါ ငါသွားကြည့်ချင် တယ်၊ သူ့အသားနဲ့ ၀က်ရုံအမည်း နဲ့ တစ်ခါတည်းရော သွားပြီး အဖြူလိုင်းလေး တစ်ခုပဲ မြင်ရမှာလား မသိဘူး"
"နင့် လူ ကလည်း ဒါဆို အောက်လိုက်တာ"
"အေး...လူတင် အောက်တာမဟုတ်ဘူး၊ ရေးထားတဲ့စာလည်း ကြည့်ပါဦး၊ ဥပဒေတန်းသားတဲ့၊ စား မေးပွဲနားနီး မှ ချစ်စိတ်တွေဝင်နေလို့ သူမှာ မြွေပူရာကင်းမှောင့်တွင်းပျောက်တဲ့ ပုတတ်လိုတဲ့၊ နှိုင်းစရာ ဥပမာရှားလို့ဟယ်၊ သူ စာဖတ်ပြီး ငါချက်ချင်း တွင်းဝမှာ ပုတတ်ကလေးကို မြင်ယောင်လိုက်မိတယ်၊ ဖီလင်အောက်လိုက်တာ လွန်ပါရော"
"အံမယ်လေး၊ နင့်စာကမှတော်ပါသေးတယ်။ ဒီနေ့ တို့သူငယ်ချင်း မေနိုင်ဦးကို ပေးတဲ့စာက ပိုဆိုး သေးတယ်သိလား၊ မေနိုင့်ကို ကျွန်တော်ချစ်တယ်၊ အာလူးပေးဖို့တော့ စိတ်မကူးနဲ့၊ ချစ်မလား၊ မချစ် ဘူးလား ရှင်းရှင်းပဲပြော၊ အကယ်၍ကျွန်တော့်ရဲ့ အချစ်ကိုမတုံ့ပြန်နိုင်ခဲ့သော် အောက်ပါလူများကို စဉ်းစားနိုင် ပါသည် ဆိုပြီး တစ်၊ နှစ်၊ သုံး၊ လေး နံပါတ်စဉ် တပ်ပြီး ဘယ်သူ၊ ဘာမေဂျာ၊ ဘယ်ဝါ၊ ဘယ် ဘာသာတွဲနဲ့ နာမည် နဲ့အတန်းနဲ့ အရည်အချင်းပါ ပူးတွဲဖော်ပြလိုက်သေးတယ်၊ ရှင်းရော"
အဲဒီလို ပေါက်ကရ စကားမျိုးတွေလည်း ကားမောင်းရင်း နားစွင့်မိလို့ ကြားရပါရဲ့။ ဒါ့အပြင် ပဟေဠိ ဆန်တဲ့ ဇာတ်လမ်းတွေ ကလည်း ရှိပါသေးတယ်။
"ကေသီရေ၊ တို့ကိုတစ်ခါက လိုက်နေတဲ့ ဟိုဘူမိဗေဒ တတိယနှစ်က မောင်မောင်ဦးလေ၊ စာတွေ ရေးရေးပြီး အဖြေတောင်းနေ တဲ့ဟာလေ၊ မှတ်မိလား"
"အေး...အေး.. မှတ်မိတယ်၊ ဘာလဲ၊ နင်က စာတွေဖတ်ပြီး ကြိုက်သွားပြီပေါ့၊ ဟုတ်လား"
"သွားစမ်းပါ၊ သူ ယူတဲ့မိန်းမကို အ၀တ်အစားတောင် မဆင်နိုင်ဘဲ ရင်ရှားနဲ့ ထားမယ့်လူ"
"ဟယ်...ဘယ်လိုကြောင့်"
"ကေသီကလည်း နားထောင်စမ်းပါဦး၊ ဟိုတစ်နေ့က စာသင်နေတုန်း အခန်းအပြင်က နေပြီး ရှူး၊ ရှူး နဲ့ခေါ်တယ်၊ ပြီးတော့ ငွေနှစ်ဆယ်လောက် ချေးစမ်းပါတဲ့၊ တို့က မရှိပါဘူးလို့ ပြောလိုက်တာပေါ့။"
"ဟဲ့... ဘယ်လိုလဲ၊ ကိုယ်ချစ်ရေးဆိုတားတဲ့လူဆီက လာပြီးချေးရငှားရသလား၊ သူမရှက်ဘူးလား"
"မရှက် လို့နေမှာပေါ့၊ နောက်တစ်နေ့ တစ်ခါလာပြီး သုံးဆယ်လောက် ချေးပါတဲ့"
"သူက ကုန်ဈေးနှုန်း လို တစ်နေ့တစ်မျိုးတက်နေတာလား"
"အစစ်ပဲ၊ ဒီနေ့ကျတော့ တို့မုန့်စားနေတုန်း ရောက်လာပြီး ငါးဆယ်လောက်ချေးပါတဲ့၊ သိပ်အရေး ကြီးနေလို့ မရရင် မဖြစ်ဘူး တဲ့၊ လိုတာက တစ်ရာတောင်တဲ့"
"နှစ်ဆယ်တောင်မရှိပါဘူးဆိုတဲ့ လူကိုငါးဆယ်လာချေးလို့ ရမလား၊ နောက်ပြီး ကျောင်းသူတစ် ယောက်ပဲ၊ အိမ်က ငါးဆယ်တစ်ရာ ထည့်လာနိုင်ပါ့မလား" ပြောတော့-
"ဒါဖြင့် စူစန်ဆီမှာရော၊ ချယ်ရီဆီမှာရော၊ မြတ်မြတ်ဆီမှာရော ပါသလားနဲ့ လိုက်မေးနေတယ်။ ဘယ် သူကမှ မပါဘူး ပြော တာပေါ့၊ လုပ်ပါဗျာ၊ တစ်ယောက်ဆီက နည်းနည်းစီ ငါးကျပ်တစ်ဆယ် စုလိုက်ရင် ပြည့်သွားမှာပါနဲ့ တဂျီဂျီ လာတောင်းနေတယ် ကေသီရယ် စီတ်မရှည်စရာကြီး၊ ဒါနဲ့တို့က ပြောလိုက် တယ်၊ အိမ်က စာသင် ဖို့လွှတ်တာ၊ လူတကာဆီက ငါးကျပ်၊ တစ်ဆယ်လည်ချေးဖို့ လွှတ်တာမဟုတ် ဘူး၊ မလုပ်နိုင်ဘူး"လို့။
"ဘယ်လိုလူလဲဟယ်"နဲ့ ကေသီက မှတ်ချက်ချတော့...
"သိပါဘူး"တဲ့။ ဒီလိုနဲ့ ဇာတ်လမ်းက ပြီးပြီလား အောက်မေ့ပါတယ်။ တစ်ပတ်လောက်ကြာတော့ တစ်မျိုး ကြားရပြန်ပါရော။
"ကေသီရေ၊ တစ်နေ့က ချယ်ရီငှားသွားတဲ့ တို့ရဲ့ကက်ဆက်ခွေလေး သူပြန်ပေးတာ အတန်းထဲ မှာ ပျောက်သွားတယ် ဆိုတာလေ၊ ခုမောင်မောင်ဦး လက်ထဲမှာတော့"
"ဘယ်လို လုပ် သိလဲ"
"သူဘာပြီး ထောင်ပြတယ်၊ ဟောဒီမှာ ယမင်းနာမည် ထိုးထားတဲ့ တိပ်ခွေလေးကျွန်တော့်ဆီမှာတဲ့၊ တို့က သူကောက်ရလို့ ပြန်ပေးမယ် ထင်တာပေါ့"
"မဟုတ်ဘူးလား"
"ဘယ်ကလာ ဟုတ်ရမှာလဲ၊ သူတို့ ကင်တင်းမှာ မုန့်စားနေတုန်း လူတစ်ယောက်လာရောင်းတာတဲ့၊ ယမင်းနာမည် ကို တွေ့လို့ သူကသုံးဆယ်နဲ့ ၀ယ်ထားလိုက်ရတာဆိုပဲ"
"ငွေနှစ်ဆယ်တောင် မရှိ လို့ လိုက်ချေးငှားနေတဲ့သူက ခုကျတော့ သုံးဆယ်နဲ့ ၀ယ်နိုင်တယ်တဲ့လား"
"အေးလေ၊ ဒါကြောင့်ပြောတာပေါ့၊ သူပဲတို့ ကက်ဆက်ခွေကို ဘုန်းသွားတာနေမှာပါ၊ ခုမှ အဲဒီကက် ဆက်ခွေကို သူ့ဆီ က ငွေသုံးဆယ်နဲ့ ပြန်ရွေးရမယ်တဲ့"
"အဲတော့ နင်က ဘာပြောလိုက်လဲ"
"သြော်...ကက်ဆက်ခွေကလည်း တို့ဟာ၊ တို့ဥစ္စာကို တို့ငွေနဲ့ တို့ပြန်ရွေး၊ အားလုံးတို့ဟာ ချည်းပါ ပဲလား" လို့ ပြောလိုက်တာပေါ့။
"ယမင်းက ကျွန်တော့ကို မယုံဘူးလား မယုံရင်လည်း ကဲ...ဟောဒီမှာ ကျွန်တော့်နာရီ ယူထားလိုက် ဆိုပြီး သူ့နာရီကြီး ချွတ်ပေးတယ်ဟယ်၊ ဘာဆိုင်လဲနော်၊ ပေးသင့်တဲ့ကက်ဆက်ခွေတော့ ပြန်မပေးဘဲ နာရီကြီးပေးလို့ ယမင်း က ဘာလုပ်ရမှာလဲဆိုပြီး တို့ကလည်း ပေါက်ပစ်လိုက်တာပေါ့"
"အေး၊ ကောင်းတယ်"အစ်မလုပ်တဲ့သူက သူ့ညီမကို သြဘာပေးနေလေရဲ့။
ဇာတ်လမ်းက မဆုံးသေးပါဘူး။ သုံးလေးရက်နေတော့ မကေသီကားပေါ်တက်လာတာနဲ့..
"ယမင်းရေ ဒီနေ့ နင့်မောင်မောင်ဦး ငါ့ဆီလာတယ်တော့်။ ယမင်းက သူ့ကို အထင်တွေလွဲနေလို့ စိတ်မကောင်း ပါဘူး။ သူ့ကက်ဆက်ခွေလေး ပြန်ပေးချင်လို့ပါတဲ့၊ အဲဒါမကေသီကို ရှင်းပြပါရစေဆိုပြီး နင့်ကိုပြောတဲ့ ဇာတ်လမ်း ပဲ ပြန်ပြောနေတာကွာ၊ တခြားကျောင်းသားတွေကလည်း ငါတို့ဘာ ပြဿနာ ရှုပ်ကြလဲဆိုတဲ့ စူစမ်း တဲ့ အကြည့်တွေနဲ့ ၀ိုင်းကြည့်နေကြတော့ တို့လည်း စိတ်ကုန်တာနဲ့ ထားခဲ့ လေဆိုတော့လည်း မပေးခဲ့ဘူး။ သူ့လက် ကိုယ်တိုင်ပေး ပါရစေ ဆိုပြီး ပြန်ယူသွားလေရဲ့"
ကက်ဆက်တစ်ခွေနဲ့ ဇာတ်လမ်းရှုပ်နေတာ နှစ်ပတ်သုံးပတ် ရှိနေပါပြီ။ သူတို့ ပြောနေတဲ့ မောင်မောင်ဦး ဆိုတဲ့ သူငယ် ကို ဘယ်လို နားလည်ရမယ်မှန်းတောင် မသိတော့ပါဘူး။
တစ်ပတ်လောက်ကြာတော့ တစ်နေ့ ကျောင်းအဆင်းမှာ..
"ကေသီရေ၊ တို့ကက်ဆက်ခွေလေး ပြန်ရပြီတော့်"တဲ့။ ယမင်းက သူ့အစ်ကို ၀မ်းသာအားရ ဆီးပြောပါ တယ်။
"ဟုတ်လား၊ မောင်မောင်ဦး ပြန်ပေးတာလား"
"ဟုတ်ပါဘူး၊ စူစန်အစ်ကိုက လာပေးတာ၊ ယမင်းရဲ့နာမည်ထိုးထားတာ တွေ့လို့တဲ့"
"နင် က မမေးလိုက်ဘူးလား၊ ဘယ်ကရလဲဆိုတာ"
"မေးတာပေါ့၊ မသိချင်ပါ နဲ့၊ ကိုယ့်ပစ္စည်းပြန်ရရင် ပြီးတာပဲ"ဆိုပြီး ထွက်သွားတယ်။
သူတို့အဖြစ်တွေ နားထောင်ရတာ ဟစ်ခ်ျကော့ရဲ့ ဇာတ်လမ်းတစ်ပုဒ်ကြည့်နေရတဲ့ အတိုင်းပါပဲ။ တက္ကသိုလ် ဆိုတာ ပညာရှာရာ နေရာတစ်ခုတင် မဟုတ်ပါဘူး။ တစ်ဦးထက်တစ်ဦး သူ့ထက်သာ၊ သူ့ထက်ဆန်းသစ်တဲ့ ဖက်ရှင်တွေ အစပျိုးရာဌာန တစ်ခုလည်းဖြစ်ပါသေးတယ်။ အဲဒီအချိန်က ယောက်ျားလေးတွေ ဆံပင် အရှည်ကြီးတွေ ထားပြီးဝတ်တော့လည်း ဘဲလ်ဘော့တွမ်ဘောင်းဘီကြီး တွေတကားကားနဲ့ပေါ့။ မိန်းကလေးတွေ ကလည်း ကိုယ်ထည်ကတော့ မြန်မာအင်္ကျီရင်ဖုံး၊ ရင်စေ့ပါပဲ။ လက်တွေကပုံစံမျိုးစုံ။ ပခုံးမှာ လိပ်ပြာကြီး လို ဖောင်းထားတာတို့၊ လက်ဖျားကျမှ အော်လံကြီးလို လူတစ်ကိုယ်စာ ၀င်လောက်အောင် ကားသွား တာ တို့၊ ဒါမှမဟုတ်ရင်လည်း မုန့်ဖက်ထုပ်နှီးတွေနဲ့ စည်းထားတဲ့အတိုင်း အဖောင်းလိုက်၊ အဖောင်း လိုက် ဆစ်ထားထာမျိုးတို့ ထွင်ပြီးဝတ်ကြတာလည်း ရှိရဲ့။ တကယ်တော့ နုနယ်ငယ်ရွယ်သူလေးတွေ အစွမ်းကုန် အလှအပ ပြင်ရာအပြင်ရင်ထဲက ချစ်ဖူးငုံ လေးတွေ ပွင့်ရာဖူးရာ အချစ်ကို လက်တည့်စမ်းရာ အချစ် နယ်မြေ လို့လည်း ဆိုနိုင်ပါသေးတယ်။ အမှန် ကလွတ်လပ်တဲ့ ကလေးဘ၀ ရဲ့ နောက်ဆုံးအချိန်လေးတွေကို အပူအပင်ကင်းစွာနဲ့ အပျော်ဆုံး အသုံး ချလိုက်တဲ့ သက်တံရောင် ကာလလေးတွေ ပါပဲ လေ။
ဒီလိုနဲ့ ၁၉၇၄ခုနှစ်မှာ ဓာတုဗေဒအဓိကနဲ့ ကျွန်မရဲ့ နံပါတ်သုံးသမီးကေသီဘွဲ့ရပြီး မဟာသိပ္ပံတက် ဖို့လည်းအဆင့်မီ လို့ ၀မ်းသာဂုဏ်ယူ ကြည်နူးရတယ်ပေါ့။ အောင်စာရင်းထွက်ပြီး နောက်နောကမှာပဲ ကျွန်မ တို့ မိတ်ဆွေ အလုပ်သမားရုံးက ဒါရိုက်တာဦးလှဖေရဲ့ အကူအညီပေးမှုနဲ့ လေကြောင်းသယ်ယူ ပို့ဆောင်ရေး ဌာန ယူဘီအေရုံးချုပ်မှာ အလုပ်ရလို့ မကေသီ တစ်ယောက်ခုန်ပေါက်ပြီး ပျော် လိုက်တဲ့ ဖြစ်ခြင်းပေါ့။
ဒီအချိန် မှာ အမေရိကားမှာရှိတဲ့ သားကြီးခင်မာင်ဝင်းခန့်ကလည်း ပိုပြီး ကောင်းတဲ့အလုပ်သစ်ရလို့ ဖလော်ရီဒါပြည်နယ် ကို ပြောင်းရမယ် ဖြစ်ပါရော။ သမီး မကေခိုင်ကလည်း ကျောင်းပြီးလို့ SAM Houston Memorial ဆေးရုံက သုတေသနဘက်ဆိုင်ရာဌာနမှာ လက်ထောက်ဓာတ်ခွဲမှူးအဖြစ် အလုပ်ဝင်နေပြီမို့ ရခါစ အလုပ် က ထွက်ပြီး အစ်ကိုနဲ့ မလိုက်ချင်ဘူး ဆိုရာက မောင်နှမနှစ်ယောက် စကားများကြပြီး ကျွန်မဆီ ဖုန်းဆက် လာပါတယ်။ တစ်ဖက် ဖုန်းတစ်လုံးစီကိုင်ကြပြီး ကေခိုင်ကလည်း ဖုန်းပေါ်မှာပြောရင်းငို၊ အစ်ကို ကလည်း သူ့ကို တစ်ယောက်တည်း ချန်မထားခဲ့ချင် လို့ လိုက်ရမယ် အတင်းဆိုရင်း အမေကိုတိုင်ပြော။
အစ်ကိုက သူ့မှာတာဝန်ရှိတယ်။ သူနဲ့ပဲလိုက်နေသင့်တယ်တဲ့။ ညီမကလည်း ကိုကိုတာဝန်ယူခဲ့ပေး ပြီးပြီပဲ။ အခု သူ့မှာ အလုပ်အကိုင် နဲ့ ကိုယ့်ဟာကိုယ်ရပ်တည်နိုင်ပြီး ကိုယ်အား ကိုယ်ကိုးချင်တယ်တဲ့။ သားက ညီမ စောဒကတက်နေတာကို စိတ်မရှည်နိုင်ဖြစ်ပြီး "ကဲ....ဒါဆိုလည်း မာမီပဲ ဆုံးဖြတ်ပါ" ဆို တော့ကျွန်မ သေသေချာချာ စဉ်းစားရပါတယ်။ သားမှာလည်း အိမ်ထောင်နဲ့ ကလေးနှစ်ယောက် တောင် ရနေပြီမို့ သူ့အိမ်ထောင်ရဲ့ တာဝန်တွေကလည်းပိုကြီးလာပြီလေ။ ညီမ အခြေတကျ ရပ် တည် နိုင်အောင် သူပျိုးထောင်ပေးနေပြီပဲ။ ကေခိုင် ပြောသလိုတော်လောက်ပြီပေါ့။ နောက်ပြီး မျက်စိအောက် မှာ ထား ထိန်းရ မဲ့ ဆယ်ကျော်သက်အရွယ်လည်း မဟုတ်တော့ပါဘူး။ စဉ်းစားဆင်ခြင်နိုင် တဲ့ နှစ်ဆယ် ကျော် အစိတ် ပိုင်းရောက်နေ မှတော့ သူ့ဟာသူပဲ ရပ်တည်ပါစေလို့ ဆုံးဖြတ်ပေးလိုက်ပါတယ်။ ဒီတော့ မှ မကေခိုင်လည်း အငို တိတ်လေရဲ့။
ပြဿနာတစ်ခု ရှင်းသွားလို့အေးသွားပြီလား အောက်မေ့ပါတယ်။ တစ်နေ့မှာ မထင်မှတ်ဘဲ ဦးမြလှိုင် ဆီက မဆက် စဖူး တယ်လီဖုန်း ဆက်လာပါရော။ သမီး ယမင်းကို အမေရိကားပို့ပြီး စာသင်ပေးစေချင် တယ်တဲ့။ ကျွန်မ နားထောင် ကျွန်မ မယုံဘူး။ ဟုတ်မှဟုတ်ရဲ့လားလို့ ထပ်ပြီးမေးရပါသေးတယ်။ သေချာတယ်ဆိုမှပဲ တာဝန် ယူ ဖို့ ကတိပေးလိုက်တယ် ဆိုပါတော့။ ဒီအချိန်မှာ ယမင်းက ဓာတုဗေဒ အဓိကနဲ့ ဒုတိယနှစ် တက္ကသိုလ် ကို တက်နေပါပြီ။
သမီး ကေခိုင် တုန်းကလိုပဲ သားကြီး "၀င်း"ဆီ အကျိုးအကြောင်း ဖုန်းဆက်ပြီး ပြောရတာပေါ့။ ဒီ တစ်ခါ တော့သား ကိုတာဝန်မပေးတော့ဘူး။ သမီးကေခိုင်ကို တာဝန်ယူခိုင်းဖို့ စီစဉ်မယ်ဆိုတာနဲ့ သားက အကြီးအကျယ် မကျေမနပ် ဖြစ်တော့တာပဲ။ ကေခိုင်က ခုမှ ရပ်တည်ခါစ ဖြစ်သေးတာအပြင် အရွယ် ချင်း မကွာလှတာကြောင့် ယမင်းကို စောင့်ရှောက်နိုင်မှာမဟုတ်ဘူး။ သားကြီးဖြစ်တဲ့ သူကသာ တာဝန် ယူသင့်တယ် နဲ့ ဖုန်းပေါ် မှာ သူနဲ့ကျွန်မ အကြီးအကျယ် အပြင်းပွားကြရတော့တာပဲလေ။
သားရဲ့ထား ရှိ တဲ့ စေတနာကို နားမလည်လို့ မဟုတ်ပါဘူး။ တစ်ယောက်ပြီးတစ်ယောက်ဆိုသလို တာဝန်ပေး ရတာ များလို့သာ သူ့ဆီမပို့ချင်တာဆိုတာ ဘယ်လိုရှင်းပြလို့မှ လက်မခံတာနဲ့ နောက်ဆုံးတော့ အမေလုပ်တဲ့ ကျွန်မ ကပဲ အလျှော့ပေးပြီး သားရဲ့ဆန္ဒကို လိုက်လျောလိုက်ရပါတယ်။ ဒီလိုနဲ့ မထင်မှတ် မရည်ရွယ်ဘဲ မယမင်း အမေရိကားစာသွားသင်ဖို့ ပြင်ဆင်ရပြန်ပါရော။
စကားလေး တစ်ခွန်း၊ အကြံပြုခြင်းလေး တစ်ချက်က လူတစ်ယောက်ရဲ့ဘ၀ တစ်သက်တာအတွက် ကြီးမား တဲ့ ပြောင်းလဲမှုကို ဖြစ်စေတာလည်း ကံတရားရဲ့ စေစားချက်လေလားလို့ ကျွန်မတွေးတော အံ့သြနေမိပါရဲ့။
အပိုင်း (၃၃)
သမီးယမင်း ကို အမေရိကားပို့ပြီး စာသင်ဖို့ စီစဉ်ရမယ်ဆိုတော့ ကျွန်မရဲ့ခေါင်းထဲမှာ အတွေးစလေး တစ်စ ရောက်လာပါတယ်။ ရာဇ၀်မှာပဲကြည့်ကြည့်၊ ဒါမှမဟုတ် စာပေအနုပညာ ပန်းချီ ပန်းပုကအစ သိပ္ပံပညာရှင် ပဲဖြစ်ဖြစ်၊ စီးပွားရေးသာမက နိုင်ငံရေးသမားပဲဆိုဆို လုပ်ခဲ့ တဲ့ထူးခြားတဲ့ဖြစ်ရပ်တွေမှာ စိတ်ကူးလေး တစ်ခုက အစပျိုးခဲ့တာချည်းပါပဲနော်။ လောင်စာနဲ့ မီးထိမှ ၀ုန်းခနဲပေါက်ကွဲမှုကြီး ဖြစ်သလိုပါပဲ။ စိတ်ကူးလေး ကို လက်တွေ့အကောင်အထည် ဖော်တဲ့အခါကျမှ ပြောင်းလဲမှုကိုမြင်တွေ့ရတာပါ။ စိတ်ကူးလေး ကို လက်တွေကအကောင် အထည်ဖော်တဲ့အခါကျမှ ပြောင်းလဲမှုကိုမြင်တွေ့ရတာပါ။ အကောင်းအတွက်ဖြစ်စေ၊ အဆိုး အတွက်ဖြစ်စေ၊ ပြောင်းလဲမှုတစ်ခုဖြစ်ဖို့ တစ်စုံတစ်ဦးရဲ့ စိတ်ကူးခြင်းက ပေါက်ဖွားရတာချည်း ပါပဲလေ။
အခုလည်း ဦးမြလှိုင် က ဘယ်လိုအကြောင်းကို အခြေပြုပြီး သမီးကို အမေရိကားပို့ချင်တဲ့ စိတ်ဆန္ဒဖြစ်လေ တယ် မသိပေမဲ့ သမီးရဲ့ တိုးတက်ရေးအတွက် ကျွန်လုပ်ဆောင်ပေးခွင့်ရတာ ကြောင့်စိတ်ကေနပ် ကြည်နူး ရပါတယ်။ သမီးကြီးကေခိုင် အလှည့်တုန်းက သွားချင်တာ ဖျပ်ဖျပ်လူး ဖြစ်နေတာမို့ လုပ်ပေးရတာ စိတ်အား ရှိပေမဲ့ အခု သမီးငယ် ယမင်းအလှည့်မှာ သမီးက လုံးဝမသွားချင်လို့ တငိုငိုတရယ်ရယ်ဖြစ်နေတာကို ကြည့်ပြီး ကျွန်မလည်း စိတ်မ ကောင်းဘူးပေါ့။ ဒါလောက် စိတ်ဆင်းရဲရင်လည်း သွားစရာမလိုဘူး၊ မာမီ ဖေဖေ နဲ့ ပြန်ဆွေး နွေးပေးမယ် ဆိုပြန်တော့ သမီးလိမ္မာ က အဖေ့ရဲ့ ဆန္ဒကိုလည်း မပယ်ရဲဘူး ဖြစ်နေပြန်ပါရော။
ဒီတော့ ကျွန်မလည်း သမီးကိစ္စကို မလောဘဲ ဒုတိယနှစ်ကျောင်းတက်မြဲ တက်ခိုင်းပြီး အေးအေးဆေးဆေး အချိန်ယူ လုပ်နေလိုက်ပါတယ်။ ဒီအတွင်း သူ့အဖေစိတ်ပြောင်းလို ပြောင်းငြားလည်း စောင့်ရင်းဆိုပါတော့။ တစ်နေ့မှာ သမီးက အဖေ့ဆီ ခဏသွားရာက ပြန် ရောက်လာတော့ ကျွန်မရင်ခွင်ထဲ ခေါင်းထိုးပြီး ရှိုက်ကြီး တငင်ငိုတော့တာပဲ။ ဘာဖြစ်လာတာ လဲဆိုတာ တော်တော်နဲ့ မေးလို့မရဘူး။ တအားငိုလို့ဝခါမှ မျက်ရည်သုတ်ပြီး....
သမီး အမေရိကား ကိုသွားမယ် မာမီ၊ ပညာတွေသင်ပြီး ထူးထူးချွန်ချွန်ဖြစ်အောင် ကြိုးစားပြ မယ်နဲ့ အံခဲပြီးပြောတာမြင် ရတော့ တစ်ခုခု မကျေနပ်စရာကိစ္စ ကြုံခဲ့ပြီဆိုတာ အကဲခတ်လို့ရပါ တယ်။ ဘ၀ကိုမာနနဲ့ အံခဲပြီး ရင်ဆိုင်ဖို့ ဆုံးဖြတ်တဲ့ သမီးငယ်ရဲ့ မျက်နှာနုနုလေးကို ကြည့်ပြီး ကျွန်မရင်မှာ ထိခိုက်နာကျင်လို့ မျက်ရည်ဖြိုင်ဖြိုင် ကျရင်း သမီးနဲ့အတူ ဖက်ငိုဖြစ်ကြပါတယ်။ ဒီလိုနဲ့ သမီးက တကယ်ဆုံးဖြတ်ပြီဆိုတော့ ကျွန်မ လည်း လုပ်စရာရှိတာတွေ အားလုံးအ တွက်လှုပ်ရှားရတော့တယ်ပေါ့။
ရန်ကုန်တက္ကသိုလ် က နုတ်ထွက်လိုက်ပြီး အင်္ဂလိပ်စာ ပိုကောင်းအောင် ဆရာမ တီနာအုံး ဆီ မှာစာသင်ဖို့ပို့ရ၊ ဒီကြားထဲ ကားမောင်းကျွမ်းအောင် လည်း သင်ပေးရနဲ့ နိုင်ငံကူးလက်မှတ် လျှောက်ထားဆဲကာလမှာ အဋ္ဌာရသတွေပြည့်စုံအောင် ကြိုတင်ပြင်ဆင်ရပါတယ်။ လုပ်မဲ့သာ လုပ်နေရတာ သားသမီးတွေ တစ်ယောက်ပြီး တစ်ယောက် အဝေးရောက်ကုန်တဲ့အဖြစ်ကို တွေးမိရင် မျက်ရည်က အလိုလိုကျလာတော့တာပဲ။ သူတို့ရဲ့ တိုးတက်ရာ တိုးတက်ကြောင်း ပညာရေးမို့သာ ရင်အနာခံပြီး လွှတ်ရတာပါ။ ဘယ်မိဘမဆို သားသမီးကို မျက်စိအောက် မှာ ထားလိုသူချည်းပါပဲနော်။
သမီးယမင်း လည်း မခံချင်တဲ့ မာနစိတ်နဲ့သာ ဆုံးဖြတ်ရှာတာ။
တကယ်တမ်းကျတော့ မိဘညီ အစ်ကို မောင်နှမတစ်တွေနဲ့ မခွဲချင်ရှာဘူးပေါ့။ အထူးသဖြင့် ဒီလို ဆယ်ကျော်သက်အရွယ် တွေကသူငယ်ချင်း အပေါင်းအသင်းကိုလည်း ခင်တတ်ပါဘိနဲ့။ ဒီဘက်က သံယောဇဉ် က အားကောင်းတော့ သူ့ခမျာ ခြေလှမ်းသစ် လှမ်းဖို့ တုံ့နေတာလည်း ကျွန်မစာနာနားလည် ခံစားမိပါတယ်။ ဒါ့အပြင် သွားရမှာက အစ်မဆီဆိုရင် တော်လေသေးရဲ့။ ကေခိုင်၊ ကေသီ၊ ယမင်းရယ်ဆိုပြီး ညီအစ်မ သုံးယောက် က ကြီးစဉ်သယ်လိုက် မွေးထားတာ။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း နှစ်နှစ်စီ၊ သုံးနှစ်စီလောက် ပဲ ခြားကြတာဖြစ်တော့ သူငယ်ချင်းတွေလို အတူလုံးထွေးပြီး ကြီးလာကြတာလေ။
အစ်ကိုနဲ့ကျတော့ အသက်က ၁၃နှစ်ကြီးများတောင် ကွာတဲ့အပြင် သားကြီးအမေရိကားကို ထွက်သွားတဲ့ အချိန်မှာ ယမင်းက ငါးနှစ်သမီးပဲ ရှိသေးတာမို့ အစ်ကိကို ဝေေ၀၀ါးဝါးပဲ မှတ်မိ တော့တာပါ။ ဒီအထဲ အတူနေရ မဲ့ ယောက်မကလည်း အမေရိကန်သူ ဖြစ်နေတာကြောင့် သူ့ခမျာ စိတ်အားငယ်မယ် ဆိုရင်လည်း ငယ်ချင် စရာပါပဲ။ ဒါပေမဲ့ လေးလေးနက်နက် တွေး ကြည့်ရင် သားကြီးဆုံးဖြတ်တာက ပိုပြီးသင့်မြတ်တာ အမှန်ပါပဲ။ သားက မြန်မာပြည်မှာရှိစဉ် ငယ်ငယ်ကတည်းက ညီမတွေကို ဂရုစိုက်စောင့်ရှောက်တာပါ။ တခြားနေရာတွေမှာ အလို လိုက်ပေမဲ့ စာနဲ့ကျတော့မရဘူး။ အတန်းငယ်သေးတာပဲဆိုပြီး ပေါ့ပေါ့ထားထာ မဟုတ်ဘူး ။ ကေခိုင်ရော၊ ကေသီရော ကျောင်းက ရီပို့ကတ်ရတာနဲ့ အစ်ကို ကို အရင်ဆုံးပြရတာလေ။
အဆင့် ကျတာ နဲ့ တစ်ခါတည်း တင်ပါးကို ခပ်စပ်စပ်ဆော်ထည့်တာမို့ ညီမတွေ အစ်ကို ကိုသေ အောင်ကြောက်ကြ တာ ခုထက်ထိပါပဲ။
ဒါကြောင့် ဖိဖိစီးစီး တာဝန်ယူမဲ့ အစ်ကိုဆီသွားတာက ယမင်းရဲ့ပညာရေးအတွက် ပိုကောင်း မှာဖြစ်လို့ ကျွန်မလည်း ဒီ ဆုံးဖြတ်ချက်ကို လက်ခံလိုက်တာပါ။ ကေခိုင်ကတော့ ညီမကို သူ့ဆီ မပို့ကောင်းလားရယ်ဆိုပြီး မကျေနပ်လေ ဘူးပေါ့။ ဖြစ်တဲ့အခြေအနေမှာ အကောင်းဆုံးဖြစ် ရေးကိုတွက်ဆပြီး ဆုံးဖြတ်ရတာပါပဲ။ ဒီလိုနဲ့ နိုင်ငံကူးလက်မှတ်ရတော့ ဗီဇာ သွားထုတ်ရပါ တယ်။
ဗီဇာ ထုတ်ရတာတော့ ပြဿာနမရှိပါဘူး။ သားကြီး "၀င်း"က ကေခိုင်လာမယ်ဆိုကလည်းက သူ့ ညီမ ကေခိုင်တစ်ယောက်အတွက်တင် မဟုတ်ဘဲ ညီအစ်ကို မောင်နှမတွေ အားလုံးရဲ့ နာမည်ထည့်ပြီး သူ့ရဲ့မှီခိုသူများ အနေနဲ့ ခေါ်ယူဖို့ဆိုတာ အပြီးစီစဉ်ထားလိုက်ပြီးသားလေ။ ကျွန်မကိုလည်း ကလေးတွေ ဟိုက်စကူးအောင် တာနဲ့ အမေရိကားကိုပို့လိုက်၊ သူ့ဆီကပဲ တက္ကသိုလ်သွားပါစေလို့ ပြောထားပြီးသားပါ။ ဒါပေမဲ့ အဲဒီတုန်း ကတော့ အမေရိကားပို့ဖို့ဆို တဲ့စိတ်ကူးက ခေါင်းထဲရောက်ဖို့ ဝေးစွ။ ကန်လမ်းက ခြံထဲမှာပဲ မိသားစု တစ်တွေ တသိုင်းတ ၀ိုင်းနေကြမယ် ဆိုတဲ့ အိမ်မက်လှလှလေးက မက်ထားပြီးသား မဟုတ်လားနော်။
အခုဗီဇာသွားထုတ်တော့ ကောင်ဆယ်လာက "ခင်ဗျား ကလေးတွေအားလုံး ခေါ်စာရှိထား ပြီပြီပဲ၊ ဘာဖြစ်လို့ အကုန် မပို့ဘဲ သူ့တစ်ယောက်တည်း ပို့တာလဲ"လို့ မေးပါတယ်။
"သားမှာ တာဝန် မပိုစေချင်လို့၊ သူတစ်ယောက်တည်း အရင်ပို့တာပါ"လို့ အလိုက်သင့်ကျွန်မ ကေဖြေတော့..
"ခင်ဗျားရော သွားဖို့ စိတ်ကူးမရှိဘူးလား"တဲ့။
"မကူးပါဘူး၊ ကျွန်မမှာ မကျန်းမာတဲ့အမေ ရှိသေးတယ်"
"ဒါဆို ပိုပြီးတောင် သွားဖို့သင့်တာပေါ့၊ ဟိုမှာ ဆေးကောင်းဝါးကောင်းနဲ့ ကုနိုင်သေးတာပဲ" တဲ့။
"ဟုတ်တော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ကျွန်မက တစ်ဦးတည်းသမီးပါ။ ကျွန်မသိထားတဲ့ ရှင်တို့ လူဝင်မှုကြီးကြပ်ရေး ရဲ့ ဥပဒေအရ သားကကျွန်မကိုပဲ ခေါ်ပိုင်ခွင့်ရှိတာ၊ ကျွန်မရောက်သွားပြီး မှကျွန်မ အမေ ကို ပြန်ခေါ်ဖို့ စာရွက်စာတမ်း တင်ရမှာဆိုတော့ လနဲ့ချီပြီး အမေကိုခွဲထားခဲ့ဖို့ မဖြစ်နိုင်ပါဘူး၊ အကြံပေးတာ အတွက် ကျေးဇူးတင်ပါတယ်ရှင်၊ ကျွန်မအမေတစ်သက်တော့ သွားဖို့မရည်ရွယ်ပါဘူး"လို့ ကျွန်မလည်း သူ့ရဲ့ တိုက်တွန်းမှုစေတနာကို အားနာတာနဲ့ ရှည် ရှည်ဝေးဝေး ရှင်းပြလိုက်ပါတယ်။
"အို...ခေါ်ခင်မကြီး၊ ဒါအတွက် မပူပါနဲ့၊ ဒီလိုအခြေအနေ ရှိတယ်ဆိုတာ သိရရင် လူမှုရေးအရ အထူး အစီစဉ်အဖြစ် နဲ့ အမေ့ကိုတစ်ပါတည်း အတူခေါ်သွားနိုင်အောင် ကျွန်တော်စီစဉ်ပေးနိုင် ပါတယ်၊ စဉ်းစားပြီး ကျွန်တော့် ကို အကြောင်းပြန်ပါ"တဲ့။ ကောင်ဆယ်လာက သွားစေချင်တဲ့ ဆန္ဒနဲ့ တိုက်တိုက်တွန်းတွန်းဆိုပါရဲ့။
အဲဒီအချိန် က အမေရိကား သွားတဲ့သူက အလွန်နည်းပါးပါသေးတယ်။ ပညာရှင်တွေကို ဦးစားပေး လက်ခံနေတာ မို့ ဆရာဝန်တို့ ၊ အင်ဂျင်နီယာတို့၊ သူနာပြုတို့တစ်တွေ ဗီဇာ လျှောက်ရင်လွယ်လွယ် ကူကူ ထုတ်ပေးနေတာပါပဲ။ တစ်ခါတလေ Non Profession တွေ အဆွက်ဆိုပြီးရက် အကန့်အသတ်၊ လူဦးရေ အကန့်အသတ် နဲ့လည်း ဘယ်သူ့ကိုမဆို ဗီဇာ ထုတ်ပေးတာမျိုးတောင် ကြေညာတတ်တဲ့လို့ ကျွန်မတို့ ဓာတ်ပုံဆိုင်ဘေး က မော်တော်ကား ၀ပ်ရှော့ဆရာကြီး ဦးအခင်ရဲ့ သမီးတွေ ကေခိုင်နဲ့ မရှေးမနှောင်း ရောက်သွားကြတာကို မှတ်မိပါတယ်။အိမ်ပြန်ရောက်တော့ ကျွန်မ က ကောင်ဆယ်လာပြောပြ တာတွေကို ပြန်ပြောပြမိ တယ်ပေါ့။ ဒီတော့ မကေသီက ခေါင်းထောင်လာပြီး ...
'ဟုတ်လား မာမီ၊ ဒါဆို မာမီလည်း သွားလို့ရတယ်ပေါ့ ၊ သမီးက မာမီ မသွားသမျှ မာမီ့ကို ခွဲမသွားဘူးလို့ စဉ်းစား ထားတာ'တဲ့။
'အံမယ်လေး... ငါ့သမီးက အမေကို အရည်ဖျော်နေပြန်ပါပြီတော်' နဲ့ သူ့အပြောလေးကို သဘောကျလို့ ချစ်စနိုး နဲ့ ခေါင်းလေးကို ပုတ်လိုက်တော့...
'ဟုတ်တယ်၊ သမီး တကယ်ပြောနေတာ၊ မာမီသာ လိုက်မယ်ဆိုရင် သမီးနဲ့ ရွှေစင်တို့' မောင်နှမ သွားမှာပေါ့ ၊ ရွှေစင် ကလည်း မာမီ မပါရင် မသွားဘူးဆိုတာ သမီးပြောထားပြီးသား၊ မယုံရင် မာမီ့သားကို မေးကြည့် 'တဲ့။
ဘယ်အချိန်က မောင်နှမနှစ်ယောက် စည်းဝါးရိုက်ထားကြသလဲ ဆိုတာမသိပါဘူး။ ခုမှ သူတို့ သဘောထား ပေါ်လာတာမို့ ကျွန်မရဲ့ရင်မှာ ကြည်နူးပီတိနဲ့ ကျေနပ်ရပါတယ်။ စပ်မိလို့သာ သားအမိတစ်တွေ ဒီစကား ကို ပြောဖြစ်တာပါ။ တကယ်တမ်းကျတော့ ဘယ်သူမှ အမေရိကားသွားဖို့ ဆိုတာ စိတ် မဝင်စားကြပါဘူး။ ကေသီကလည်း သူ့ယူဘီအေ အလုပ်နဲ့ သူ့ဟာသူပျော်လို့။ ကျွန်မလည်း ကျွန်မအလုပ်နဲ့ ကျွန်မ ရှုပ်နေ တာ။ အပိုကိစ္စတွေ ခေါင်းထဲမှာ တွေးဖို့တောင် အချိန်မရပါဘူး။ သမီးယမင်းလည်း သွားဖို့ရက်က တဖြည်းဖြည်း နီးကပ်လာပြီဆိုတော့ လိုအပ်တာတွေ ၀ယ်ရခြမ်ရ၊ ထုပ်ရပိုးရ၊ သူငယ်ချင်းတွေ က ပေးတဲ့ နှုတ်ဆက်ပွဲ ညစာစားပွဲတွေ တက်ရနဲ့ သူလည်း သူ့ဟာသူ အလုပ်ရှုတ်နေတာမို့ အရင်လို မျက်ရည် လည်ရွှဲ မဟုတ်တော့ပါဘူး။ ကားမောင်းတာ အလေ့အကျင့်ရအောင် ဆိုပြီး ကားပေးမောင်း ထားတော့ ကေခိုင့် တုန်းက လိုပဲ သူ့ကို အိမ်မှာမြင်ရခဲမျှပေါ့။
ရယ်လည်း ရယ်ရပါရဲ့။ တစ်ညနေမှာ သူ့သူငယ်ချင်း ချယ်ရီတိုးလို့၊ မေလှသိန်းတို့၊ အခု အကောက်ခွန်ဌာနမှာ ဒု/ညွှန်မှုးဖြစ်နေ တဲ့ စူစန်ကျော် (ဒေါ်မေသင်းနွယ်) တို့အုပ်စုက ပန်းဆိုးတန်းမှာ ရှိတဲ့ နန်းယု စားသောက်ဆိုင်မှာ ညနေစာ နှုတ်ဆက်ပွဲပေးမယ် ဆိုတာနဲ့ ကားမောင်းပြီး ထွက်သွားပါလေရော။ ညရှစ်နာရီကျော်လောက် ကျတော့ တယ်လီဖုန်းမြည်လာ လို့ ကောက်ကိုင်လိုက်ပါတယ်။
" သမီး " တဲ့။ ယမင်းငိုသံပါပါနဲ့ အသံကို ကြားလိုက်ရတော့ ရင်ထဲမှာ စိုးထိတ်သွားလိုက်တာ။ ဘာများဖြစ်ပြီ လဲပေါ့။ " ဘာဖြစ်လို့လဲ " နဲ့ ပျာပျာသလဲ မေးတော့...
"သမီး တို့ ပြန်ကြတော့မယ် ဆိုပြီး ထွက်လာတာ၊ ကားဘီးလေးခုစလုံး ဘယ်သူက လက် ဆော့ပြီးလေတွေ လျှော့ သွားမှန်း မသိဘူး၊ အားလုံး ပြားချပ်နေတယ်၊ သမီး မလုပ်တတ်ဘူး၊ အိမ်က ခု ချက်ချင်း တစ်ယောက်ယောက် လွှတ်ပေးပါ " တဲ့။
ဒီတော့ မှ ကျွန်မလည်း အသက်ရှူဖြစ်တော့တယ်။ တစ်ယောက်ယောက်က စချင်နောက်ချင် တာနဲ့ တမင် တကာ လုပ်သွားလေ တယ် ထင်ပါရဲ့။ အဲဒီလို ဖြစ်ကတည်းက မယမင်းလည်း ညဘက်ဆို သူတစ်ယောက် တည်း မထွက်ရဲတော့ဘူး။ ဟိုလူအဖော်လိုက်ပါ၊ ဒီလူ အဖော် လိုက်ပါနဲ့ အဖော်ရှာပြီးမှ သွားရဲတော့တယ်။ အတွေ့အကြုံ ရလိုက်တာ တစ်နည်းတော့လည်း ကောင်းရဲ့ပေါ့။ သတိထားရမယ် ဆိုတာ နားလည် သွား ရပါတယ်။
အဲဒီလို အလုပ်တွေ ရှုပ်နေချိန်မှာပဲ ပြဿာနာတွေကလည်း အစုံရှိပါသေးတယ်။ အိမ်ရောင်းမယ့်ကိစ္စနဲ့ မန္တလေး ကို ပြန်သွားတဲ့ ဘွားလေးက တော်တော်နဲ့ ပြန်ရောက် မလာပါဘူး။ အတူပါသွားတဲ့ ဦးကျော်ဇောက တိုက်ဆောက်ဖို့ အတွက်ပါ အစီအစဉ်တွေ လုပ်နေရတော့ ဘွားလေးကလည်း သူ အိမ်ရောင်းရငွေထဲ က ကျွန်မ တို့တစ်တွေကို အမွေခွဲပေးပြီး ပိုငွေကို သူ့စိတ်ကြိုက် အလှူအတန်းတွေ လုပ်နေရင်း ဦးကျော်ဇောကို ချက်ပြုတ်ကျွေးမွေးနေလေရဲ့။
တိုက်ဆောက်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ အခိုက်အတန့် အကူရအောင် ဆိုပြီး ဓာတ်ပုံ အလုပ်သမား မောင်ထွန်းရီကို အဖော်အဖြစ် ထည့်ပေးလိုက်တာလည်း ရောက်လို့မှ သိပ်မကြာလိုက်ဘူး။ မျက်နှာချင်းဆိုင် အိမ်က ငွေကြေးချမ်းသာတဲ့ အမျိုးသမီးတစ်ယောက်နဲ့ အိမ်ထောင်ကျသွားလို့ တပည့်ကျော် က ပြန်မလာတော့ဘဲ မန္တလေးသားဖြစ်သွားလေရဲ့။ အဲဒီအကြောင်းကိုသိတဲ့ မိတ်ဆွေရင်းတွေက "အင်း.. တပည့်တော့ ပါသွားပြီ၊ ဆရာသမား ရောပြန်မှလာပါဦးမလား"နဲ့ ၀ိုင်းပြီး ကျီစယ်စကားဆိုကြပါတယ်။ သူလည်း ရှိန်းပြောခဲ့ဖူး သလို ဥပုသ်စောင့်နေမဲ့သူမျိုးတော့ မဟုတ်ဘူးဆိုတာ ကျွန်မနားလည်ခံယူပြီးသားပါပဲ။ အချစ်ရေး မှာ နှစ်ကြိမ်တိုင်တိုင် ဗလာမဲ့ပေါက်ထားဖူးပြီးပြီဆိုတော့ ဘယ်သူ့အပေါ်မှမှ မျှောလင့်ချက်ကြီး ကြီးမားမား မထားတော့ ပါဘူး။ ကျွန်မရဲ့ ဇာတာအရ တစ်နေ့နေ့မှာ ပြိုကွဲရဦးမယ်ဆိုတဲ့ အသိကလည်း ခေါင်းထဲမှာ ရှိထားပြီး သား မဟုတ်လားနော်။
နောက်ပြီးအသက်အရွယ်အရ အတွေ့အကြုံတွေအရလည်း ရင့်ကျက်လာခဲ့ပြီလေ။ ဘယ် ဆက်ဆံရေး မျိုးမှာပဲဖြစ်ဖြစ် လင်နဲ့မယား၊ သားနဲ့အမိ၊ ညီအစ်ကို မောင်နှမ၊ မိတ်ဆွေ သူငယ်ချင်း က အစရေစက်ရှိကြသလောက်ပဲအတူနေခွင့်ရကြတာတဲ့.ကိုယ့်လက်ထဲရောက်လာ တဲ့ပစ္စည်းကိုယ့်လက်ထဲက မလွတ်စေ ရဆိုတဲ့ ဆန္ဒနဲ့ မြဲမြဲဆိုပ်ကိုင်ထားလို့ သက်ရှိသက်မဲ့ ဘယ်အရာမျိုးမှ မရနိုင်ဘူး ဆိုတာကိုလည်း နားလည် ခဲ့ရပြီးပါပြီ။ ဆက်ဆံရေးမှန်သမျှက လက်ထဲက သဲပွင့်လေးတွေလို ပါပဲ။ လက်ဖ၀ါးကိုဖြန့်ပြီး ထည့်ထား တဲ့ သဲပွင့်လေးတွေက အရှိအတိုင်း မဖိတ်မစဉ် နေပေမဲ့ လက်ဖ၀ါးကို ကျစ်ကျစ်ပါအောင် ဆုပ်ကြည့်ပါလား. သဲပွင့်တွေ လက်ကြားထဲက ယိုဖိတ်ကျကုန်တာ တစ်ဝက်ကျန်ရင်တောင် ကံကောင်း။
ဒါကြောင့်သူတစ်ပါးကို စိုးမိုးလိုစိတ်နဲ့ တင်းတင်းကျပ်ကျပ် ဆိုပ်ကိုင်ထားမဲ့အစား လေးလေးစားစားနဲ့ လွတ်လပ်မှု ပေးထားလိုက်ပါတယ်။ ကဗျာလေးတစ်ပုဒ်ထဲ ငှက်ကလေး လိုပေါ့နော်။ လှောင်ချိုင့်ထဲ ထည့် မထားပါနဲ့၊ လွတ်လပ်စွာ ပျံသန်းပါစေ။ ကိုယ့်ကို တန်ဖိုးထား တာမှန်ရင် ကိုယ့်ဆီ ပြန်လာမှာပါတဲ့။ အခုလည်း ဒီသဘောနဲ့ ကျွန်မစိတ်မောမခံ ဘဲလွှတ်ထား လိုက်ပါတယ်။
တိုက် က တစ်နှစ်နဲ့ပြီးမဲ့စီမံကိန်းက မှန်းထားသလိုမဖြစ်ဘဲ အချိန်လည်း နှစ်ဆမကကြာ၊ ငွေ လည်းနှစ်ဆမက ၀င်နေ ပါတယ်။ ဒီကြားထဲမှာ ကံကောင်းထောက်မချင်တော့ မာမီ့ရဲ့နာမည်ရှိ ထားတဲ့မန္တလေးက မြေကွက်ကို ၀ယ်ချင်သူက လာမေးတာနဲ့ မာမီ့ရဲ့ဆန္ဒကို မေးကြည့်တော့ ဘွားလေးရောင်းတာကိုအားကျပြီး မာမီ ကလည်း ရောင်းမယ်ဖြစ်လာပါရော။ ဒါနဲ့ကျွန်မကိုယ် စားလှယ်ပါဝါယူပြီး မန္တလေး လိုက် သွားပြီး ရောင်းလိုက်ပါတယ်။ ငွေဖြစ်လာတော့ မာမီ့ဆီက အဲဒီငွေကို ခဏလှည့်သုံးခွင့်တောင်းရတာပေါ့။ တချို့တစ်ဝက် မာမီလှူဖို့ပေးပါတယ်။
မာမီ့ရဲ့ ဆန္ဒအတိုင်း ရွှေတိဂုံစေတီတော်မှာ ရွှေပြားတစ်ချပ်နဲ့ ဘိုးဘွားရိပ်သာမှာ လည်းကိုယ် ကိုယ်တိုင်ကျသွားပြီးလှူရလို့ ကျေနပ်ပီတိတွေ ဖြစ်လို့ပါပဲ။ ဘွားလေးသာမရှိတယ်၊ ကျွန်မ တို့အိမ်က ပွဲစည်လျက် ပါပဲ။ ဦးကျော်ဇောက မန္တလေးရောက်နေတော့ ကျွန်မတို့နဲ့ အိပ်ချင်း ကပ်လျက်နေခဲ့ဖူးတဲ့ မာမီရဲ့ မိတ်ဆွေ ဒေါ်ဒေါ်သန်းတို့ မိသားစုနဲ့လည်း ကျွမ်းကျွမ်းဝင်ဝင် ရှိကြတယ်ပေါ့။ ဒေါ်ဒေါ်သန်းရဲ့ သမီးလေးဌေးဌေးက ဓာတုဗေဒ I.Cနဲ့ အောင်ထားပြီး တစ်နှစ်ကျော်ကျော် အလုပ်မ၇ှိ ထိုင်နေရတာမြင်တော့ "ဟဲ.. မဌေးဌေး၊ ညည်းအန်တီခင်ဆီ သွားပြော၊ ရန်ကုန်မှာ အလုပ်ရှာခိုင်း"နဲ့ ဦးကျော်ဇောက လွှတ်လိုက် ပါလေရော။ ရောက်လာ တယ်ဆိုတော့လည်း ကိုယ့်အမေမျက်နှာနဲ့ ကျွနမကအလုပ်ရှာပေးရတာပေါ့။ မိတ်ဆွေ လူခံ တွေရှိလို့ အလုပ်က လွယ်လွယ်ရပါတယ်။ မိန်းကလေးတစ်ယောက်တည်းနေရေး၊ စားရေးက ခက်တော့ ကဲ...မထူးပါဘူး၊ အိမ်မှာပဲနေပေါ့ဆိုပြီး ထားလိုက်တော့ ရုံးပို့ရုံးကြိုအလုပ်ပါ တွဲလုပ်ရပါတော့တယ်။
ဒါတင် မကသေးဘူး။ ဦးအောင်ခန့်ရဲ့တူမ မမလေးကလည်း သူသား "ဇောဝင်းမြင့်"ကိုကျောင်း တက်ဖို့ မန္တလေး ကနေ ကျွန်မအိမ်ကိုပို့လိုက်တော့လည်း ၀တ္တရားအရ တာဝန်ယူလိုက်ရပြန် တာပါပဲ။ အဲဒီလိုဘော်ဒါတွေ အပြင် ကွယ်လွန်သွားတဲ့ မမသန်းရဲ့မိတ်ဆွေ ဒေါ်သန်းတင်ဆို တာက မမသန်းရှိစဉ် ကတည်းက အိမ်မှာဝင်ထွက်သွားလာနေတာလေ။ အဲဒီအချိန်တုန်းက ဗဟန်းဈေးထဲမှာ ဆိုင်ထွက်တယ်လို့ သိထားဖူး ပါတယ်။ စားနိုင်သောက်နိုင် ထဲကပါပဲ။ လေးငါးနှစ်လောက် ပျောက်ချင် သားကောင်း နေရာက အပ်ချုပ်စက် တစ်လုံး ဆိုက်ကားပေါ် တင်ပြီးတစ်နေ့ အိမ်ကို ရောက်လာပါရော။ စက်နဲ့အတူတူ သူ့အ၀တ်အစားအိတ်ကလေး လည်း ပါလာသေးတယ်။ အဲဒီကတည်း မပြန်ဘဲနေနေတာ နားကလည်းလေး၊ စိတ်ကလည်း မ မှန်ရှာဘူး။ ဘယ်လိုတွေဖြစ်ပြီး ကျွန်မဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာလဲ ဆိုတာ မ တွေးတတ်ပါဘူး။
"သုံးလေးရက်လောက် ရှိတော့"ဒေါ်သန်းတင် အိမ်က စိတ်ပူနေမယ်နော်လို့ ကျွန်မက အကဲခတ်ရင်း အလိမ္မာ နဲ့ မေးကြည့်ပါတယ်။
"အိမ်လည်း မရှိဘူး၊ စိတ်ပူးမဲ့သူလည်း မရှိဘူး"တဲ့။ ခပ်ပြတ်ပြတ်ပဲ ပြန်ဖြေလေရဲ့။ သူ့မှာဆွေ မျိုးရှိ၊ မရှိလည်း မသိ။ သူဘယ်နေရာမှာ နေမှန်းလည်းမသိ။ ဘယ်ကလာမှန်းလည်းမသိ။ ဒီလို နဲ့ဒေါ်သန်းတင်လည်း ကျွန်မတို့ အိမ်မှာ သောင်တင်ပြီး အိမ်သားတစ်ဦးဖြစ်လာပြန်ပါရော။ သူကနားလေး၊ မာမီကလည်းနား မကြား။ သူတို့နှစ်ယောက် စိတ်မမှန်သူချင်းအဖော်ရပြီး တစ်ခါ တလေစကားကောင်းနေလိုက်ကြတာ အမေးကတစ်မျိုး၊ အဖြေက တခြား။ သူတို့ဟာသူတို့ တော့ဟုတ်လို့။ ဒီအထဲမှာ ဦးကျော်ဇောရဲ့အမေ ဒေါ်ခင်ပုကလည်း တစ်ခါတစ်ခါ ကျွန်မတို့ အိမ်ကို လာလည်တတ်ပါတယ်။ အရပ်ကပုပု၊ အသားကဖြူဖြူ၊ မြိတ်သူဆိုတော့ စကား က၀ဲ ၀ဲ၊ သဘောလည်းကောင်းရှာတယ်။ ကျွန်မကိုသူ့ရဲ့ ဆုံးပါးသွားတဲ့ သမီးထွေးလေးနဲ့ တူလို့တဲ့။ အဲဒီသမီူးရဲ့ နာမည်အတိုင်း ဘေဘီလို့ပဲ ခေါ်ပါတယ်။ သူလာလည်တော့ နားမကြားသူ သုံးဦး စုပေါင်းပြီး အမြီးအမောက် မတည့်တဲ့ အာလာပသလ္လာပပြောနေကြတာကို ကလေးတွေက အခန်းအကွယ်ကနေ နားထောင်ပြီး တခွိခွိနဲ့ရယ်ကြ။ ကဲ..ကျွန်မတို့ အိမ်လောက်ပွဲစည်တာ ရှိပါ့ဦးမလားနော်။
ဆက်ရန်
.

1 comment:
top [url=http://www.c-online-casino.co.uk/]uk casinos online[/url] hinder the latest [url=http://www.casinolasvegass.com/]casino bonus[/url] autonomous no consign bonus at the foremost [url=http://www.baywatchcasino.com/]www.baywatchcasino.com
[/url].
Post a Comment