Tuesday, January 22, 2013

မြလှိုင် ၏ ဘဝနေဝင်ချိန်, အပိုင်း (၄၁)

ထိုအခိုက် ကိုဝက်ကြီး၏ အသံဝါကြီးဖြင့် ဟစ်လိုက်သော သီချင်းသံသည်။ မိုးခြိမ်းသည့်နှယ် ထွက်ပေါ်လာ သည်ကို ကြားလိုက်မိသည်။ ကိုအုန်းမောင်သည် မူလကပင် အလွန်အေးဆေး တည်ငြိမ်သူ တစ်ယောက် ဖြစ်ခြင်းကြောင့် ၎င်း၏အသံကိုကား ကြားရမည်မဟုတ်ပေ။ ကိုဝက်ကြီး၏ အသံမှာ တဖြည်းဖြည်း ကျွန်တော် ရှိရာသို့ နီးလာပါသည်။ ထိုအခါ ကျွန်တော့်ရင်များသည် ပို၍ခုန် လာပါ သည်။ သို့ဖြစ်၍ ကိုဝက်ကြီး သည် လျှောက်လာရာဆီသို့ ကျွန်တော်ထွက်လာခဲ့ပါသည်။ ကိုဝက်ကြီး သည် ကျွန်တော့်ကို မြင်သောအခါ ကျွန်တော့်လက် ကို အားရပါးရ ဆုပ်ကိုင်ရင်း စကားဆို သည်။
မြလှိုင်ကြီး မိန်းမရတော့မယ်နော ဟီး...ဟီး ဒါတွေထားစမ်းပါ အခြေအနေဘယ်လိုလဲ ကိုအုန်းမောင်ကြီးရော
.... ကို ဆက်ဖတ်ရန် ..........

      '' ထဘီထုပ် ထမ်းရအောင် အဆင်သင့် စောင့်နေတော်မူကြောင်းပါဘုရာ့၊ ဟွတ်...ဘွတ်''
    '' ဟေ့... ငချွတ်၊ မင်းကောင်မလေးက လူသံကြားကတည်းက ထဘီထုပ်ကြီးနှစ်ထိပ် ပစ်ချလိုက်လို့ ထဘီိထုပ်နားမှာ ကင်းချထားခဲ့တယ်။ လာ... သွားစို့''
    '' ကိုဝက်ကြီးစကားမဆုံးခင် ကျွန်တော်သည် သန်းသန်း၏ အိမ်ဆီသို့အမြန်လျှောက်လာခဲ့သည်။ ကိုဝက်ကြီးလည်း ကျွန်တော့်နောက်က အပြေးလိုက်လာခဲ့ပြီး ကျွန်တော့်လက်ကို ဆွဲကာ ပြောလက်စ စကားကို ဆက်ပြော ပါသည်။

    ''မြလှိုင်... မင်းကောင်မလေးက ပိန်ပိန်လား၊ ၀၀လားကွ''
    ''မ၀ပါဘူးဗျား၊ ဒါပေမယ့် ငဖောင်ရိုးလိုတော့ မပိန်လှဘူးပေါ့''
    ''ဒါဆို စောစောက ထဘီထုပ် ပစ်ချတဲ့ဟာကြီးကတော့ ၀၀ကြီးကွ''
    '' ဟုတ်မှ လုပ်ပါဗျာ''
    '' ဟ ... တကယ်ပြောတာ။ ဒါကြောင့် ငါ့စိတ်ထဲ ဒီလို စည်းပိုင်းပြတ်ကြီး မျိုးတော့ တို့သူဌေးသားလေ မြလှိုင် မျက်စိကျ မယ် မဟုတ်ဘူးလို့အောက်မေ့သား''
    ''မှောင်ထဲမှာမို့ လူမှားတာ ဖြစ်ပါလိမ့်မယ်''
    '' မမှားပါဘူးကွာ။ အေး...လူမှားပြီး လိုက်လာရင်တော့ လမ်းမှာတင်တို့နဲ့ လွှဲထားခဲ့ပေါ့။ ဟင်း...ဟင်း''

    အရေးထဲ နောက်ပြောင်နေသော ကိုဝက်ကြီးကို စိတ်မရှည်သဖြင့် ကျွန်တော်ဆက်၍ စကားပြောမနေတော့ဘဲ သန်းသန်း ၏ အိမ်ဘေးဘက်ဆီသို့ လျှောက်လာခဲ့ပါသည်။ ထိုအခါ အိမ်ဘေးမာလကာပင်ခြေရင်း အထုပ်နှစ်ထုပ် အလယ်တွင် ငုတ်တုတ်ထိုင်နေသော ကိုအုန်းမောင်ကို တွေ့လိုက်ရသည်။ ကျွန်တော့် ကိုယ်တွင် မူ ဇောချွေးများဖြင့် နစ်လျက်ရှိသည်။ ကျွန်တော် ကိုအုန်းမောင် နားနားသို့ ကပ်၍ အခြေအနေကို မေးရသည်။
    '' သူတို့ အဆင်သင့်ပဲကွ''
    ကျွန်တော်သည် မာလကာပင်ပေါ်သို့တက်ကာ ပြတင်းပေါက်ကို လက်နှင့် အသာခေါက် လိုက်ပါသည်။ ကျွန်တော်၏ တံခါးခေါက်သံမဆုံးမီပင် ပြတင်းပေါက် ပွင့်လားပြီး နောက်ထပ် ထုပ်တစ်ထုပ် ပေးပြန်ပါသည်။ ထို့နောက် တံခါး ပြန်ပိတ်သွားပါသည်။ ကျွန်တော် မာလကာပင်ပေါ်မှ အထုပ်ကို ကိုအုန်းမောင်အား ကမ်းပေးရင် ဆင်းလိုက်သည်။

    "ဟူး ... ဘေးတံခါး ပွင့်လင်းပြီး။ သွား..သွား မြလှိုင် သွားခေါ်ချေ"
    ကျွန်တော်သည် အိမ်ဘေးတံခါး ရှိရာသို့ အမြန်ကပ်သွားပြီး ဟနေသော တံခါးမှထွက်လာသော လက်ကလေးကို ဖမ်းကိုင်လိုက်သည် ဖြူအိသော နူးညံ့သော အတွေ့အထိကို ခံစားလိုက်မိသည်။ ယင်း အရသာကလေး မပျက်ပြယ်မီ ကျွန်တော်ကိုင်သော လက်ပိုင်ရှင်သည် ကျွန်တော်ကိုင်ထားသော လက်ကို ရုန်းဖယ် ၍ မျက်နှာတစ်ခြမ်း ထွက်လာသည်။
    ဟိုက် ...ဘုရား ...ဘုရားဟု တ လိုက်မိသည်။ အမှန်ပါသည်။ ကိုဝက်ကြီးပြောသော ဒေါ်ဘုတ်ဆုံကြီးသည် သားရေသေတ္တာကြီး တစ်လုံးကို ဆွဲ၍ ချပေးလာပါသည်။ ကျွန်တော်ုသည် များပြားလှသော အထုပ်အပိုးများကို ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် သန်းသန်း သယ်ဆောင်လာသော ပစ္စည်းများမှာ မိန်းကလေး တစ်ဦး ခိုးရာလိုက်သည်နှင့် မတူဘဲ ခရီးသွားရန် ပစ္စည်းများ ထုပ်ပိုးသယ်ဆောင်လာသည်ကဲ့သို့ ရှိနေပါ သည်။ သို့သော် ကျွန်တော်သည် ကြာရှည်စွာ တွေးမနေနိုင်ဘဲ ပစ္စည်းများကို ကိုအုန်းမောင်နှင့် ကိုဝက်ကြီး တို့ သယ်ဆောင်လာခဲ့ကြပြီး သန်းသန်းအား လက်ဆွဲ၍ မမအေးတို့ အိမ်ရှိရာသို့ ထွက်လာခဲ့ကြ ပါသည်။

    '' မမအေး ... မမအေး''
    ကျွန်တော်တို့သုံးယောက် '' မမအေး'' ဟု သံပြိုင်ခေါ်ကြသဖြင့် အိမ်သူအိမ်သား များသာမက ဘေးဘီအိမ်များကပါ လန့်၍ နိုးကြားကုန်သည်။ တံခါးများဖွင့်လျက် စူးစမ်းကြကုန်သည်။ ထိုအချိန် ရဟန်းတော် များ ဆွမ်းခံကြွလာသည်နှင့်ကြုံသဖြင့် ဆွမ်းလောင်ရန် ထလာသော မမအေး၏အဘွားဖြစ်သူသည် ကျွန်တော့် အား နားမလည်သည့်အလား မြည်တွန်တောက်တီးနေပါသည်။
    ''စေားစောစီးစီး ဒီကလေး ဘယ်က ရောက်လာရတာလဲ။ ညက အိမ်ပြန် မအိပ်ဘူးလားဟင်''
    ''အဘွား ... မမအေး မနိုးသေးဘူးလား''
    '' မနိုးသေးဘူး ထင်ပ ကလေးရယ် ...။ ကလေးပဲ နှိုချေတော့။ အဘွားဆွမ်းလောင်းချေဦးမယ်''
    ကျွန်တော်တို့လူသိုက် အဘွားကြီးနှင့် စကားအချီအချပြော၍ မဆုံးမီပင် မမအေးတစ်ယောက် အိပ်မှုန်စုံမွှားဖြင့် ထွက် လာပါသည်။ ကျွန်တော်တို့ လူသိုက်သည် လှေကားရင်တွင် အထုပ်အပိုးများချ၍ ရပ်လျက်ရှိနေ ပါသည်။ ကျွန်တော်၊သန်းသန်း ၊ ကိုအုန်းမောင်၊ ကိုဝက်ကြီးတို့ကို မြင်လိုက်သော မမအေး သည် နှုတ်မှ ယောင်ယမ်းအော်လိုက်ပါတော့သည်။

    ''ဘုရားရေး ... မောင်မြလှိုင်၊ နင်... နင် တကယ် မိန်းမခိုးလာပြီပေါ့နော်''
    ''မိုးကြိုးပစ် ပါရစေ ... မောင်မြလှိုင် မိန်းမရတာပါ ခင်ဗျာ။ ဟွန်း ... ဟွန်း''
ကိုဝက်ကြီး ၏ ငှက်ဆိုးထိုးသံကြီးသည် ကျယ်လောင်စွာ ထွက်ပေါ်လာပါသည်။ ကိုဝက်ကြီး ပြောလိုက်သော စကားသံကြောင့် ကျွန်တော်နှင့် ကိုအုန်းမောင်ပင်လျှင် မနေနိုင်တော့ဘဲ ဟီး...ဟီးဟု ရယ်ချလိုက် မိသည်။ ပြီးမှ ဘေးမှသန်းသန်းကို အားနာစွာဖြင့် ကြည့်လိုက်မိသည်။ သန်းသန်းကမှု ကျွန်တော့လက်ကို ဆုပ်ကိုင်ထား ရင်း ခေါင်းငုံ့လျက် ရှိပါသည်။ 
    ''အစ်မကြီး ... နောက်မှ စစ်ချက်ယူတာပေါ့။ ကျွန်တော်တို့ ညောင်းလှပြီလေ ။ နေရာချပေးပါဦး''
    ဒုတိယ အကြိမ် ကိုဝက်ကြီး၏ ငှက်ဆိုးထိုးသံက ပေါ်လာပြန်သည်။ မမအေးအား နံနက်ဝေလီဝေလင်း အိပ်ရာနိုး ၍ စကားအချီအချ ပြောနေရသည်ကို ကိုဝက်ကြီးတစ်ယောက် စိတ်မရှည်ဘဲ ဖြစ်နေဟန် တူ ပါသည်။ထို့ပြင် ကျွန်တော်က ၄င်းတို့အား ပြောပြထားသည်မှာ ကျွန်တော်တစ်ယောက် သန်းသန်းကို ခိုးယူလာမည် ဟု ကြိုတင်အသိပေး စီစဉ်ထားကြောင်းပင် ဖြစ်ပါသည်။ ယခုမူ မမအေးသည် ဘူမျှမသိသူကဲ့သို့ ရှိပါချေ သည်။

    ''မမအေးကြီး မကောင်းဘူးဗျာ''
    ''ဟဲ့ ... ငါ့မောင်၊ မမ ဘာမကောင်းတာလဲကွာ''
    ''ဟာဗျာ ....ကျွန်တော် သန်းသန်းကို ခိုးလာမယ်လို့ သေသေချာချာပြောထားရက်နဲ့ ခုတော့ နိုးလိုက်ရတာ တစ်ရပ်ကွက် လုံး နိုးကုန်ပြီ။ မောင်ခတ်သလို ဖြစ်နေတာပေါ့ဗျ''
    ''အေး ... မမအေး အပြစ်ကွဲ့၊ မမထင်တာက ငါ့မောင်တစ်ယောက်မိန်းမ မခိုးဖြစ်တော့ဘူးလို့ ထင်နေ တာလေ၊ ဒါ့ကြောင့် စိတ်အေးလက်အေး အိပ်လိုက်မိတာပေါ့ ''
    ကျွန်တော်ကောင်းစွာ သဘောပေါက်ပါသည်။ အဘယ်ကြောင့်ဆိုသော် သန်းသန်းအား ခိုးယူရန် ကျွန်တော် လာရောက်ပြောကြာခဲ့ပြီးနောက် မမအေး၏ မိခင်ကြီးသည် ကျွန်တော့်မိခင်ထံသို့ လာရောက်လျက် ကျွန်တော် တစ်ယောက် မိန်းမခိုးရန် စီစဉ်နေကြောင်း သတင်းပေးခဲ့ပါသည်။ သို့ဖြစ်ခြင်းကြောင့် ကျွန်တော်၏ မိန်းမခိုးရေး စီမံကိန်ကြီး မုချမသွေ ပျက်သွားလေပြီဟု ယူဆခြင်းကြောင့် ယခုကဲ့သို့ အံ့သြနေခြင်း ဖြစ်ပါသည်။

    ''ကိုင်း ... လားကြ... လာကြ ... အထဲဝင်''
    ''တစ်ခုခု ကျွေးဗျာ။ ဆာလှပြီ''
    ''ကော်ဖီ...''
    ''မုန့်ပါကျွေးဗျာ''
    ''ငါ့မောင်က မိန်းမလဲရပြီ။ ဆိုးတုန်းနွဲ့တုန်းပါပဲလား''
    မမအေးသည် ပြောပြောဆိုဆို ကျွန်တော့်အပါးမှထ၍ မီးဖိုဆီသို့ ထွက်သွားပါသည်။ မမအေး ထသွားသော အခါ ကိုဝက်ကြီးသည် ကျွန်တော့်အပါးသို့ ထလာပြီး သူ့လက်ထဲတွင် ဆုပ်ကိုင်ထားသော ဂျပန်ငွေ စက္ကူအနွမ်း ကလေး ၂ ချပ်ကို ချ၍ ပေးပါသည်။ ကျွန်တော်က ကိုဝက်ကြီးချပေးသော ဂျပန် ငွေစက္ကူအခေါက်ကလေးကို အဓိပ္ပာယ် နားမလည်သဖြင့် မေးငေါ့လျက် ဘာလဲဟု မေးလိုက်ပါသည်။

    ''မြလှိုင်... မင်းမှာ ပိုက်ဆံမပါဘူးဆို''
    ''အင်း''
    ''ဒါ ငါ့သမီးလေး ကို အင်္ကျီချုပ်ပေးဖို့ စုထားတဲ့ ဂျပန်ငွေအစိတ်ကွ''
    ''ဘာလုပ်ရမှာလဲ''
    ''မင်းကို ပေးတာလေ''
    ကျွန်တော် ရုတ်ခြည်း ၀မ်းနည်းသွားပါသည်။ ကိုဝက်ကြီး၏ မွန်မြတ်သော စိတ်သဘောထားကို ရင်ထဲတွင် တနုန့်နုန့် ခံစားရပါသည်။ ထိုအချိန်တွင် ကိုအုန်းမောင်ကလည်း သူ့အ၀တ်အစားကို ပေါင်း၍ ရသော ဂျပန်ငွေစက္ကူ တစ်ထပ်ကို ကျွန်တော့်အား ပေးလာပြန်ပါသည်။ထိုအချိန်က ဂျပန်ငွေ ဒေါ်လာ အနည်းငယ်သာ ရှိခြင်းကို ၄င်းက သိနေခြင်းကြောင့် ၄င်းတို့အင်အားဖြင့် ရှာဖွေပေးခြင်းပင် ဖြစ်ပါသည်။

    ''မယူပါဘူးဗျာ''
    ''ဘာလဲ ရှက်နေသလားကွ။ တို့ စိတ်ကောင်းအောင် ယူပါကွ''
    ''ဟင့်အင်း...''
    ကျွန်တော်တို့ အချီအချ ပြောနေသည့်အကြားတွင် သန်းသန်းက မျက်စိသူငယ်ဖြင့် ကြည့်နေပါသည်။ ထို့နောက် သူ့လက်ဝယ်တွင်ရှိသော ပိုက်ဆံအိတ်ကို ဖွင့်ပြီး ကျွန်တော့်လက်သို့ ကမ်းပေးပါသည်။ ကျွန်တော် ကတော့ မယူဘဲ လက်ကာငြင်းလိုက်မိသည်။
    ''ကျွန်မမှာ လက်ဝတ်လက်စားရော ငွေပါ ပါလာပါတယ်''
    ''မြလှိုင်က မိန်းမဆီက် ပိုက်ဆံသုံးမှာ မဟုတ်ဘူးကွဲ့''
    ''ရှင်...''
    ''သြော်... ဒီကောင်က ကလေးမဆီက ပိုက်ဆံကို သုံးမှာ မဟုတ်ဘူး လေ''

    ကိုဝက်ကြီးပြောသောစကားကို သန်းသန်းက အဓိပ္ပာယ် နားမလည်သလိုစိမ့်စိမ့်ကြည့်နေပါသည်။ အမှန်က ကျွန်တော် သည် ငွေကြေးပြည့်စုံချမ်းသာ ကြွယ်ဝသူတစ်ဦး၏ သားသမီးဖြစ်ခြင်းကြောင့် သူတစ်ပါးထံ မှ ငွေကြေးလက်ခံရယူခြင်းသည် ကျွန်တော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု ယူဆခြင်းကြောင့် တစ်ကြောင်း ယခုကဲ့ သို့ ပြောဆိုခြင်း ဖြစ်ပါသည်။ကျွန်တော်ကလည်း ကိုဝက်ကြီး ပြောစကားရပ်များကို လုံးဝဥဿုံ လက်ခံ သဘောတူပါသည်။ ထို့ကြောင့် သန်းသန်းပေးသော ငွေကို မယူခြင်း ဖြစ်ပါသည်။ ထိုအခိုက်...
    မမအေးတစ်ယောက် ကော်ဖီဗန်းကိုမ,၍ ကျွန်တော်တို့ ၀ိုင်းရှိသို့ ရောက်လာပါသည်။ အငွေ့ တထောင်းထောင်း ထလျက်ရှိသော ကော်ဖီခွက်များမှ ကော်ဖီနံ့ သင်းသင်းကလေးသည် ကျွန်တော့်အား ပိုမိုဆာလောင်စေ ပါသည်။ စိတ်ဇောကြောင့် ချွေးပြန်ခဲ့ရာမှ ယခုကဲ့သို့ အောင်မြင်အေးချမ်းမှု ရရှိသောအခါ ဆာလောင် မွတ်သိပ်မှုသည် ပေါ်ပေါက်လာပါတော့သည်။

    ''မုန့်မပါဘူးလား အစ်မကြီး''
    ''ဒီအချိန် မုန်သည် မလားသေးဘူးလား''
    ''မမအေး ... အကြော်ဝယ်ဗျာ''
    ''ဟဲ့ ... ငါ့မောင် ဘယ်သူသွားဝယ်မှာတုန်း''
    ''ကိုဝက်ကြီး သွားချေဗျာ''
    ''ပေး ပိုက်ဆံ''
    သန်းသန်း သည် သူ့ပိုက်ဆံအိတ်ကို ဖွင့်၍ ပေးပြန်းပါသည်။ ယင်းအကြိမ်တွင်းလည်း ကိုဝက်ကြီး က မယူဘဲ လက်ကာ ၍ စောစောက သူချထားသော ဂျပန်သက္ကူအခေါက်ကလေးကို ကောက်ယူထွက်ခွာ သွားပါသည်။ ကျွန်တော် ကမူ သန်းသန်းအား အားနာသဖြင့် သူ့လက်ကလေးကိုပင် ဆုပ်နယ်ယုယကာနှစ် သိမ့်စေပါသည်။

''မိန်းမရပြီ၊ မင်း...ရှေ့ လာဆက်လုပ်မလဲ''
    အစ်ကိုဖြစ်သူ ဒေါက်တာလှေ ရွှက ကျွန်တော်ကို အထက်ပါမေးခွန်းကိုမေးပါသည်။ ကျွန်တော်ဖြေဆို ရန် ခက်ချေပြီ တကား။ ကျွန်တော်တွင် မိန်းမယူခြင်းနှင့် ပတ်သက်၍ မည်မည်ရရ အကြောင်းပြချက် မရှိပါချေ။ ကျွန်တော် မိန်းမယူရန် ဆုံးဖြတ်ခြင်းသည် သန်းသန်း၏မိဘများက ကျွန်တော်အား သူတို့၏သမီးနှင့် တွေ့ဆုံခွင့် မရှိစေရန် တားမြစ်ပိတ်ပင်ခြင်းကို မခံချင်သော မာန်မာနစိတ်ဖြင့် မရရအောင် ယူခဲ့ခြင်း ဖြစ်ပါသည်။ ထိုအချိန်က ကျွန်တော် သည် ဖက်ဆစ်တော်လှန်ရေးကို တိတိပပ ဆောင်ရွက်ရန် ဆုံးဖြတ်လုပ်ကိုင်နေသော အချိန် လည်း ဖြစ်ပါသည်။ ကျွန်တော်၏ မူလအစီအစဉ် ရည်ရွယ်ချက်မှာအာရှလူ ငယ်အစည်းအရုံးမှ ထွက်ခွာခဲ့ပြီးလျှင် ပြီးချင်း ဗမာ ကာကွယ်ရေးတပ်မတော်သို့ ဝင်ရောက်ပြီး ဖက်ဆစ်တော်လှန်ရေးကို ပြည်သူ့ အရေး တော်အဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ရန်ပင် ဖြစ်ပါသည် ယခု ကျွန်တော့်တွင် သံယောဇဉ် အမျှင်တန်းတစ်ခုကို ဖန်တီးခဲ့လေပြီ။

    ''ပြောလေ...မောင်မောင်။မင်း...ရှေ့ဘာဆက်လုပ်မလဲဟင်''
    ''ကျွန်တော် တပ်မတော်ထဲ ပြန်ဝင်မယ်''
    ကိုလှရွှေသည် ကျွန်တော့်အဖြေအတွက် စိတ်မောစွာ ဝူးခနဲ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက် ပါသည်။ ကျွန်တော် မိန်းမယူခြင်း၏ နက်နဲမှုမရှိခြင်းကို ကိုလှရွှေ ကောင်းစွာ သဘောပေါက်ခဲ့ပြီ ဖြစ်ပါသည်။ အမှန်က ကိုလှရွှေ သည် ကျွန်တော်အား ညီငယ်တစ်ဦး ဖြစ်ခြင်းနှင့် ကိုယ်ချင်းစာချင်း စသည်တို့ဖြင့် ဒွန်တွဲ လျက် မေးမြန်းနေခြင်း ဖြစ်ပါသည်။ အဘယ်ကြောင့်ဟူမူ ကိုလှရွှေသည် မိမိသဘောဖြင့် အိမ်ထောင်ဘက် ကို ရွေးချယ်ယူခဲ့သူ ဖြစ်ပါသည်။သို့ကြောင့်လည်း မိမိ ချစ်သူအပေါ်တွင် မိမိထားရှိသော သစ္စာတရား ကို လေးနက်စွာ သဘောပေါက်သူလည်း ဖြစ်ပါသည်။ ထို့ပြင် ကျွန်တော် ဆယ်တန်းအောင်ပြီးသောအခါ နယ်ချဲ့တော်လှန်ရေးကြီး စတင်နေသော ကာလဖြစ၍ ကျွန်တော် သည် နိုင်ငံရေးနယ်တွင် ခြေချလျက် မြန်မာ့လွတ်လပ်ရေးတိုက်ပွဲတွင် ပါဝင်ခဲ့သည်။ ထို့နောက် ဂျပန်များ အုပ်စိုးသော ကာလတွင် အာရှလူငယ်တွင်ဝင်ရောက် တာဝန်ထမ်ဆောင်ခဲ့ပြန်သည်။ ယင်းမှသည် မိန်းမယူသည့် ဆီသို့ ရောက်ခဲ့ရသည်။ စီးပွားရေး၊ လူမှုရေး နယ်ပယ်တွင် အတွေ့အကြုံနည်းပါးလွန်းသော ညီငယ်အတွက် ကိုလှရွှေ က ပူပန်သောကဖြင့် အထက်ပါ မေးခွန်ကို မေးနေခြင်း ဖြစ်ပါသည်။

    ''တပ်မတော်ထဲ ၀င်တာတော့ ဟုတ်ပါပြီ။ မင်း ယူထားတဲ မိန်းမကို ဘယ်လိုလုပ်မှာလဲ''
    ''ကျွန်တော့်ကို ကိုကိုက ခုတာဝန်ယူပြီး ပြန်အပ်ပေးပါ။ ပြီးရင် သန်းကို သူ့မိဘတွေဆီ ထားခဲ့ပြီး တပ်မတော် ထဲ ၀င်မယ်။ မကြာခင် အခြေအနေကောင်းလာတော့ ပြန်ခေါ်မယ်လို့ စိတ်ကူးထားတယ်''
    ''မောင်မောင် ... မင်းသိပ်မှားတာပဲ။ ခုမှတော့ အပြစ်တင်နေတော့လည်း အပိုပဲလေ။ ဒီတော့ သန်းသန်း မိဘတွေ လက်ခံအောင် လူလွှတ်ပြောခိုင်းထားတယ်။ သူတို့လက်ခံရင် တစ်ရက်နှစ်ရက်အတွင်း ငါပဲ မိဘ လုပ်ပြီး ပြန်အပ်ပေးမယ်။ မေမေကတော့ မင်းကို သိပ်စိတ်ဆိုးနေတယ်''

    ဖက်ပေါ်ဆူးကျ ဖက်ပေါက်ခဲ့သည်နှင့် ကြုံခဲ့ရသော သန်းသန်း၏ မိဘများသည် ၄င်းတို့၏ တစ်ဦးတည်းသောသမီးဖြစ်သူ သန်းသန်း ဒုက္ခ မရောက်ရှိရေးအတွက် ကျွန်တော့်မိခင် မပါသော ပြန်လည်အပ်နှံမှုကို ရပ်ရွာလူကြီးများ၏ ဖျောင်းဖျမှုဖြင့် မျက်စိမှိတ် လက်ခံရုံမကဘဲ ချစ်လှစွာသော သမီး အား မခွဲနိုင်သောကြောင့် ကျွန်တော့်ကိုပါ အိမ်ပေါ်တင်ကာလက်ခံ ကြည်ဖြူခဲ့ကြပါလေသည်။ ကျွန်တော် သည် ရှေးလူကြီးသူမများ၏ စကားအတိုင်း၊ ယောက္ခမအိမ်တက် သာမက်သဖွယ် မျက်နှာငယ်ရပေတော့မည်ဟု စိတ်ချောက်ချား စွာ အားငယ်မိသော်လည်း ဇနီးဖြစ်သူ သန်းသန်းသည် ကျွန်တော့်အား မိဘများနှင့် ရင်းနှီး သင့်မြတ်ရန် ပေါင်းကူးတံတားသဖွယ် ကြိုးစားအားထုတ် ပေးခဲ့ပါသည်။ သို့သော် ငယ်စဉ် ကပင် ထောင့် မကျိုးသော၊ ကျွန်တော့်ကဲ့သို့ လူငယ်နှင့် အရပ်ထဲတွင် မည်သူနှင့် မျှ ရောဝင် ယှက်နွယ် ပေါင်းသင်းနေ ထိုင်ခြင်းမရှိသော ၄င်း၏ မိဘများသည်  မိုးနှင့်မြေကြီးပမာ ကွာဟချက် ကြီးမားလျက် ရှိပါသည်။ ထိုအခါ ကျွန်တော်တစ်ယောက် ကိုအုန်းမောင်အိမ် တွင် လည်းကောင်း၊ ကို ၀က်ကြီး၏ ဘိလိယက်ခုံပေါ်တွင် လည်းကောင်း၊ ရှိရှိသမျှသော အချိန်များကို ကုန်စေပါသည်။

    '' မြလှိုင်၊ ဒီည ဦးလှအောင်အိမ်မှာ အစည်းအဝေး ရှိတယ်။ မင်းလာခဲ့''
    ကိုအုန်းမောင်သည် ကျွန်တော်မိန်းမခိုးသော ကိစ္စများ ပြီးစီးသောအခါ ဆက်လက်ဆောင် ရွက်ရန်ရှိသော ဖက်ဆစ်တော်လှန်ရေး၊ မြေအောက် စည်းရုံမှုများကို ဆက်လက်ဆောင်ရွက်ပါသည်။ ကျွန်တော့်ကိုလည်း ဇနီးသည်နှင့် အေးအေးဆေးဆေး နေရစ်စေဦးဟု သဘေားထားကာ လာရောက်ခေါ်ငင်ခြင်း လုံး ၀မပြုဘဲ ထား ပါသည်။ ကိုအုန်းမောင်၏ ပြောပြချက်အရ ဖျာပုံမြို့ ပေါ်ရှိ လူငယ်များအားလုံးလိုလို ဖက်ဆစ်တော်လှန်ရေးအတွက် စည်းရုံပြီးကြောင်း သိရှိရပါသည်။
    ထိုနေ့ညက ဦးလှအောင်အိမ် တွင် လူ ၁၅ ယောက်ခန့် တွေ့ဆုံကြပါသည်။ ထိုအခါ ဖျာပုံမြို့နယ်အတွင် ဖက်ဆစ်တော်လှန်ရေး ၏ စည်းရှုံးလှုပ်ရှားမှု အခြေအနေမှာ အလွန်အားရကျေနပ်ဖွယ် ရှိနေကြောင်း တွေ့ရပါတော့သည်။

    ''မောင်မြလှိုင်၊ ဖျာပုံမှာပဲ တာဝန်ယူဆောင်ရွက်ပါလားကွ''
    ဦးလှအောင်သည် ယခင်နယ်ချဲ့ တော်လှန်ရေးကာလကပင် ဆရာသမား ခေါင်းဆောင် တစ်ယောက် ဖြစ်သည်နှင့်အညီ ကျွန်တော့်ကို အထက်ပါအတိုင်း တိုက်တွန်းစကားဆိုပါသည်။ ထိုအချိန်တွင် ကျွန်တော် ၏ စိတ်များသည်ဒွိဟဖြစ်နေပါသည်။ လွန်ဆွဲလျက် ရှိနေပါသည်။
    တစ်ဖက်သောဘက်မှ ဖက်ဆစ်တော်လှန်ရေး လက်နက်စွဲကိုင်တော်လှန်ရန် ဖြစ်၍ ကျန်တစ် ဖက်ကမှု ချစ်သူ ဇနီးနှင့် အိုမကွာ အိမ်မကွာ မိမိကျွမ်းဝင်ရင်းနှီးသော ဖျာပုံနယ်အတွင်း လုပ်ကိုင်ရန်တို့ ဖြစ်ပါသည်။

    ''ကျွန်တော် စဉ်းစားပါရစေဦး ဆရာ''
    '' ဘာကို စဉ်းစားရမှာလဲ၊ မောင်မြလှိုင်''
    ''ကျွန်တော် ဆရာချစ် (သခင်ချစ် )ကို ရန်ကုန်ပြန်လာပြီး ဗမာ့ကာကွယ်ရေး တပ်မတော်ထဲကို ၀င်မယ်လို့ ပြောခဲ့တယ်''
    ''သူက ဖျာပုံ မှာ လုပ်လို့ ကန့်ကွက်မှာတဲ့လား''
    ''မဟုတ်ဘူးဆရာ၊ ဆရာချစ် (သခင်ချစ် )က တပ်မတော်ထဲမှာ ပြည်သူ့အရေးတော်ပုံအဖွဲ့ ဆဲလ်တွေ ရှိတယ်။ ဆက်သွယ်ပေးမယ် လို့ ပြောတယ်''
    ထိုညက ကျွန်တော် ဖျာပုံတွင် လုပ်ရေး မလုပ်ရေးတို့ကို ဆက်လက်မဆွေးနွေးကြတော့ဘဲ အိန္ဒိယ သို့ရောက်ရှိနေသော ဦးသိန်းဖေ (ဦးသိန်းဖေမြင့်)တို့နှင့် ဆက်သွယ်မှု အခြေအနေများ၊ မဟာမိတ်တို့နှင့် ဆက်သွယ် ရရှိသော အခြေအနေများ ၊ ဖျာပုံမြို့နယ်အတွင်း ဌာနေပြောက်ကျား များ ၊ ကျေးရွာခေါင်းဆောင်နှင့် မြေအောက်ခန်း များကို အသေးစိတ် ဆွေးနွေးတိုင်ပင်ကြပါသည်။ ကျွန်တော့် စိတ်များ သည် ဆုံးဖြတ်၍ မရအောင် ရှုပ်ထွေးတင်းလျက်ကျပ်လျက် ရှိနေပါသည်။

    ''မြလှိုင် ...မင်းမိန်းမ မျှော်နေလိမ့်မယ်''
    ''ပြီးမှပဲ ပြန်ပါ့မယ်''
    ''မဟုတ်သေးဘူး၊ မင်းမိန်းမ မျှော်နေလိမ့်မယ်''
    ''တောက် ... အရေးထဲ မိန်းမ ယူရတယ်လို့ကွာ''
    ဦးလှအောင်၏ စကားသည် ကျွန်တော့်အား ပိဿာလေးနှင့် ဘေးထုသည့်သဖွယ် ခံရခက်မိပါသည်။ ကျွန်တော့်စိတ်ထဲ တွင် ခံစားရသည်ကို ကိုအုန်းမောင်က ရိပ်မိဟန်ဖြင့်  ဦးလှအောင် အား ပြန်လည်ချေပပေးပါသည်။

    ''ဦးလှအောင်က ခုထိ မိန်းမမယူဘဲ လူပျိုကြီးလုပ်နေတော့ မိန်းမရှိတဲ့ လူကို ဘယ်မှာ ကိုယ်ချင်းစာတတ် မှာလဲဗျ''
    ''ဟ .... အုန်းမောင်ရ။ ကိုယ်ချင်းမစာလို့ မဟုတ်ဘူး၊ မိန်းမယူစောလို့ပြောတာကွ''
    ''ဒါလဲ အခြေအနေအရပေါ့ မဟုတ်ဘူးလား မြလှိုင်''
    ကျွန်တော်က စကားမပေးဘဲ ဆိတ်ဆိတ်ပင် နေလိုက်ပါသည်။ ထိုညက ကျွန်တော် အိမ်သို့ ပြန်ရောက်သောအခါ ၁၂ နာရီပင်ကျော်နေလေပြီ။ ဇနီးဖြစ်သူ သန်းသန်းသည် အိမ်ရှေ့တံခါးမကြီးတွင် မှီ၍ ကျွန်တော့် အား စောင့်မျှော်နေပါသည်။ ချစ်သူ၏ ပင်ပန်းကြီးစွာ စောင့်မျှော်နေရှာသည်ကို တွေ့ရသော ကျွန်တော် သည် နောင်တစိတ်ဖြင့် သန်းသန်းအား ယုယထွေးပိုက် ချော့ယူမိပါသည်။

    ''သန်း... ညဥ့်နက်သွားတယ်ကွာ။ ကိုယ်တောင်းပန်ပါတယ်။ ဒါထက် သန်း ထမင်းစားပြီးပြီလား''
    '' မစားရသေး ဘူး။ မောင်နဲ့မှ တူတူစားမယ်လို့ စောင့်နေတာ
    ဒုတိယအကြိမ် စိတ်မကောင်းဖြစ်ရပြန်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တစ်ယောက် ဦးလှအောင်အိမ် တွင် အ၀အပြဲ စားသောက်လာခဲ့သည် မဟုတ်ပါလား။ ကျွန်တော်သည် အပေါင်းအသင်း များနှင့် တွေ့ဆုံနေချိန်တွင် အိမ်မှ မိန်းမဖြစ်သူအား မေ့လျော့နေလျက် ရှိပါချေသည်။ ထိုအချိန်တွင် ဇနီးဖြစ်သူ သည် ခင်ပွန်းဖြစ် သူ ကျွန်တော့်အား ထမင်းမစားဘဲ ညဥ့်နက်သန်းခေါင်းတိုင် စောင့်မျှော်လျက်ရှိနေပါသည်။ တစ်ကိုယ်ကောင်းဆန်သော ကျွန်တော်ပါ လေ...။
    ''မောင်... ဆာနေပြီလား။ ဟင်းတွေ နွှေးလိုက်ဦးမယ်နော်။ မကြာပါဘူး၊ ခဏလေးပါ''
    သန်းသန်းသည် ကျွန်တော့်ထံမှ စကားပြန်ပင် မစောင့်တော့ပဲ နောက်ဖေးမီးဖိုသို့ ထွက်ခွာ သွားပြီးနောက် လေမီးဖိုးကို လေထိုးမီးမွှေးပြီး ဟင်းလျားများ ကိုနွေလျက် ရှိပါသည်။ ကျွန်တော်သည် ချစ်ဇနီးသည် ၏ ကြင်နာမှု၊ မိန်းမပီသ မှုများကို ကြည့်ရင်း ရင်မောမိလျက် ရှိပါသည်။

    ''သန်းလည်း စားလေ''
    ကျွန်တော်နှင့်သန်းသန်းသည် တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ရင်း ထမင်းပန်းကန်ထဲမှ ဟင်းဖတ် ကလေးများကို ဆယ်ယူပြီး တစ်ယောက်တစ်လှည့် ခွံ့လိုက်ကြသည်။ ထို့နောက် တဟင်းဟင်း ရယ်လိုက်ကြ သည်။ သန်းခေါင်ယံ ထမင်းပွဲကလေးသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ချိုမြိန်မှုအပြည့်ဖြင့် ကျင်းပနိုင်ခဲ့လေ သည်။
    ''ဟော.... သန်းခေါင်ကြက်တောင် တွန်နေပြီ။ လာ အိပ်ကြစို့ ''
    ချစ်သူနှစ်ဦး လက်ချင်းတွဲ၍ အိပ်ခန်းဆီသို့ လှမ်းခဲ့ကြပါသည်။
    ချစ်စ ခင်စ ကြင်နာစ အချိန်တွင် ကျွန်တော်သည် အား ခွဲခွာ၍ ရန်ကုန်သို့ ထွက်လာခဲ့ရပါသည်။ သန်းသန်း သည် မူလကပင် ကျွန်တော့် ဆန္ဒကို ကန့်ကွက်ခဲ့သူ မဟုတ်ငြားလည်း ယခုလို အကြင် လင်မယား ဖြစ်လာသော အချိန်မျိုးတွင် လင်သည်၏ ရင်ခွင်၌ပင် နေလိုမည်သာ ဖြစ်ပါသည်။ သို့သော် ကျွန်တော်ကမူ ဖျာပုံ တွင် နေထိုင်ရခြင်းထက် ရန်ကုန်သို့ သွားရောက်ပြီး တပ်မတော်ထဲသို့ ၀င်ရောက်ခြင်းက ပိုမိုကောင်းမွန် လိမ့်မည်ဟု ထင်မှတ်ယုံကြည်ထားပါသည်။ အဘယ်ကြောင့်ဟူမူ ကျွန်တော်၏ မိဘများသည် ကျွန်တော့်အား ပစ်ပယ်ထားခြင်း က ဇနီးဖြစ်သူ သန်းသန်းအဖို့ ပို၍မျက်နှာငယ်ဖွယ် ဖြစ်စေသည်ဟု ယူဆခြင်းကြောင့် ပင် ဖြစ်ပါသည်။

သန်းသန်း၏ မိဘများသည် သမီးနှင့်ပတ်သက်၍ သားမက်တော်ရသော ကျွန်တော့်အား ငြိုငြင်မှု တစ်စုံတရာ မရှိကြ ပါချေ။ သန်းသန်းကိုယ်တိုင်ကလည်း ကျွန်တော်၏  အနေအထိုင် အစားအသောက်မှစ၍ လိုလေသေး မရှိအောင် ဂရုစိုက်လုပ်ကိုင်ပေးပါသည်။ ယင်းကဲ့သို့ ဇနီးဖြစ်သူက မိဘနှင့် လင်သည်ကြားတွင် ကျားကန်နေ ရခြင်းကို ကျွန်တော်နှင့်သန်းသန်း ၄င်း၏ မိဘအိမ်ပေါ်သို့ ရောက်ရှိခဲ့ပြီး တစ်လမပြည့်မီ ကျွန်တော် ရန်ကုန်သို့ သွား ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။
    သန်းသန်း၊ ကျွန်တော်နှင့် ကိုအုန်းမောင်တို့ သုံးယောက် သင်္ဘောဆိပ်သို့ ထွက်ခွာလာကြသည်။
    အတွေးကိုယ်စီနှင့် ဖြစ်သဖြင့် တစ်ယောက်ကိုတစ်ယောက် စကားမပြော မိဘဲ လျှောက်ခဲ့ကြသည်။ ကိုအုန်းမောင် သည် ကျွန်တော့်အား ဖျာပုံတွင်နေ၍ ဖက်ဆစ်တော်လှန်ရေးကို ၄င်းနှင့်ဆောင်ရွက်ရန် အမျိုးမျိုး ဖျောင်းဖျခဲ့သော်လည်း ကျွန်တော့်အား ပြောမရသောအဆုံး စိတ်တိုဟန်ဖြင့် စကားမပြော ဘဲနေခြင်းဖြစ် ပါသည်။ သန်းသန်းကမူ ကျွန်တော်နှင့် ခွဲခွာရမည့်အရေးကို တွေးတောလာမည်ဟု ထင်ပါ သည်။

    ''သန်း... မောင် မြန်မြန် ပြန်လာခဲ့မယ်။ သန်းကို လာခေါ်မယ်''
    ကျွန်တော့်အသံများက ကွဲအက်ဆို့နင်လျက် ရှိသည်။ သန်းသန်းက ကျွန်တော့်အားလက်ကို ဆုပ်ထား ရင်း ခေါင်းညိတ်ပြသည်။ ကိုအုန်းမောင်သည် ကျွန်တော်ပြောသောစကားကို မကြားဟန်ပြု၍ ရှေ့မှ အသော့လျှောက် ပါသည်။ ကျွန်တော်သည် ကိုအုန်းမောင် စိတ်ကောက်နေသည်ကို သိသော်လည်း ဖျာပုံမှ ထွက်ခွာ လိုစိတ်က ကျွန်တော့်အား စိုးမိုးနေသဖြင့် ကို အုန်းမောင် စိတ်ကောက်နေသည်ကို လျစ်လျူရှထား လိုက် ရပါသည်။
    ''ကိုအုန်းမောင်''
    ''ဘာလဲကွ''
    ''ကျိုက်လတ်အထိ လိုက်ခဲ့မယ် မဟုတ်လား''
    ''အေး...''
    ကျွန်တော်သည် တိုတောင်သော စကားသံကြောင့် ပြုံလိုက်မိသည်။ ကိုအုန်းမောင်တစ်ယောက် သူ့ရင်ထဲတွင် လည်း ခံစားနေမည်းကို ကျွန်တော်သိပါသည်။ ယခင်ကဆိုလျှင် ကျွန်တော်ကျောင်းပိတ်၍ ဖျာပုံ သို့ပြန်လျှင် ကိုအုန်းမောင်၏ မျက်နှာကို ကျိုက်လတ်သင်္ဘောဆိပ်တွင် မြင်ရမြဲဖြစ်သည်။ ထို့အတူဖျာပုံမှ ရန်ကုန် သို့ ကျောင်းဖွင့်၍ ပြန်သောအခါများတွင်လည်း ကျွန်တော့်အား ကျိုက်လတ်အထိ လိုက်၍ပို့မြဲဖြစ်သည် ။ ယခု လည်း ကျွန်တော့်အား ကျိုက်လတ်ထိ လိုက်လံပို့ဆောင်ပေးမည်ပင်။

    ဂျပန်ခေတ်ဖြစ်၍ သင်္ဘောဆိပ်တွင်  မှောင်အတိကျ လျက်ရှိသည်။ ဂျပန်ခေတ် ခရီးသွားလာရေးသည် အလွန် ပင်ပန်းလှရကား၊ သို့သော် အများပြည်သူများသည် လှုပ်ရှားရုန်းကန်မှ ထမင်းတစ်ဝမ်း ၀ရသည်ဖြစ်၍ ဗုံးကြား၊ စက်သေနတ် များကြားမှပင် ယင်းကဲ့သို့ သွားလာကြရလေသည်။ ယခု ကျွန်တော်စီးနင်း လိုက်ပါရမည့် သင်္ဘော သည် ည ၉ နာရီခန့်တွင် ဖျာပုံမှ ထွက်ခွာရ မည်ဖြစ် သော်လည်း ကျွန်တော်တို့သင်္ဘောပေါ်သို့ ၇ နာရီခန့် ကပင် ရောက်ရှိနေကြပါသည်။
    ''ဟေ့ ...မြလှိုင် ...ဒီမှာ ...ဒီမှာ''
    ကိုဝက်ကြီး၏အသံက လေဟုန်စီး၍ ကျယ်လောင်စွာ ထွက်ပေါ်လာပါသည်။ ကျောခင်းရန် နေရာတစ်နေရာ ရရှိရေး အတွက် သကောင့်သား ကိုဝက်ကြီးကတာဝန်ယူ၍  သင်္ဘောပေါ်သို့ နေ့လယ် ၂ နာရီကပင် ဖျာခင်းပေးနေရာ ယူထားခြင်း ဖြစ်ပါသည်။ သင်္ဘောတစ်ခုလုံး ငါးပိ ငါးချဉ်သုပ် ပြည့်ညှပ် နေသည့်ကြာမှ ကိုဝက်ကြီး သည် ကျွန်တော့်အတွက် ကျယ်ဝန်းသော နေရာတစ်ခု စီစဉ်ထားသဖြင့်  ၀မ်းသာရပါသည်။

    ''မင်းတို့က နောက်ကျလိုက်တာကွာ''
    ''နောက်မကျပါဘူးကွ၊ခုမှ `၇ နာရီပဲ ရှိသေးတယ်''
    ''အေး ... မိန်းမနားကပ်နေရတဲ့ကောင်ကတော့ နောက်မကျဘူးပေါ့ကွာ၊ ၀က်ကြီးတစ်ယောက် ကတော့ နေ့လယ် ၂ နာရီ တဲက ဒီပေါ်မှာလာပြီး ဒုက္ခခံနေရတာ၊ အာခေါင်ကို ခြောက်နေပြီ။ ကိုင်း... ငါသွားမယ် ''
    ''နေပါဦးဗျ''
    ''မနေနိုင်ဘူး... အရက်ဆိုင် ပိတ်သွားဦးမယ် ၊ ဟင်း....ဟင်း''
    ကျွန်တော်သည် ကိုဝက်ကြီး လက်ကိုဆွဲ၍ တားလိုကသည်။ ထို့နောက် သန်းသန်းကို သင်္ဘောထွက် အထိ စောင့်၍ခေါ်သွားရန်လည်း မှားပါသည်။  ကိုဝက်ကြီးသည် ကျွန်တော် ရန်ကုန် သို့ ပြန်မည်ကို ကိုအုန်မောင်ကဲ့သို့ တားမြစ်ခြင်းမရှိသော်လည်း ၄င်းကိုယ်တိုင်လည်း ကျွန်တော်ရန်ကုန်သို့ သွားခြင်းကို စိတ်ထိခိုကလျက် ရှိနေပါသည်။ အခါတိုင်း အမြဲမပြတ် ရွှတ်နောက်နေတတ်သော ကိုဝက်ကြီး သည် လျှင် နှုတ်ဆွံ့ နေသည်ကို တွေ့ရပါသည်။

    သင်္ဘောပေါ်ရှိ ခရီးသည်များသည် အ၀ီစိပွက်မျှ ဆူညံလျက်ရှိကြပါသည်။ တစ်စင်းတလေမျှသော သင်္ဘောနှင့် ခရီးသည်များမှာ မမျှတအောင်ပင် ရှိပါတော့သည်။ ထိုခေတ်အခါက သင်္ဘောစီးရန် လက်မှတ်ရရန်  ဆိုသည်မှာ လည်း ယနေ့မီးရထားလက်မှတ် ၀ယ်ရသည့်နှယ် ခက်ခဲသော ကိစ္စမျိုးပင် ဖြစ်ပါသည်။ ကျွန်တော် ကချစ်ခင်စ ဇနီးသည် သန်းသန်း၏လျက်ကို ကျစ်ကျစ်ပါအောင် ဆုပ်၍ထားသည်။ ကျွန်တော်တို့နှစ်ယောက်ကို မျက်တောင် မခတ်ဘဲ ကြည့်နေသူကတော့ ကျွန်တော်နှင့်ဖျာချင်းယှဉ်လျက် နေရာရထားသူ ရဟန်းပျိုတစ်ပါး ပင် ဖြစ်ပါသည်။ ရဟန်းတစ်ပါးက ယခုကဲ့သို့ စိမ်းစိမ်းကြည့်နေသောအခါ ကျွန်တော် အနေခတ်လျက် ရှိမိပါတော့သည်။

    ''ကိုဝက်ကြီး ... သန်းကို စောင့်ရှောက်လိုက်ပါနော်''
    ''မြလှိုင် မင်းပြောတာ ပြင်လိုက်ပါဦးကွ''
    '' မင်းမိန်းမ ကို ငါ့ကို စောင့်ရှောက်လိုက်ပါလို့ မှာရမှာကွ၊ ဟုတ်ဘူးလား သန်းသန်း''
    '' မသိဘူး''
    စောစောက ကြည့်နေသော ရဟန်းသည် ကိုဝက်ကြီးပြောသော စကားကို သဘောကျ ဟန်ဖြင့် ပြုံးနေ သည်ကို တွေ့လိုက်ရပါသည်။ သန်းသန်းသည် ကျွန်တော် တို့အချင်းချင်း ပြောမနာ ဆိုမနာ နောက်ပြောင်သော အခါ မနှစ်သက်သည့်အလား အထက်ပါအတိုင်း တုံ့ပြန်ပြောလိုက်ခြင်း ဖြစ်ပါသည်။
    ''သန်း .... မောင်မရှိတဲ့အခါ၊ ကိုဝက်ကြီး အရက်ဖိုးလာတောင်းရင် ပေးလိုက်ပါကွာ''
    ''အေး... ဟုတ်ပြီမြလှိုင် ၊မင်း သိပ်တော်တဲ့ တပည့်ပဲကွ ဟားဟား''

ဆက်ရန်
.

No comments: