Wednesday, January 23, 2013

မြလှိုင် ၏ ဘဝနေဝင်ချိန်, အပိုင်း (၄၂)

စောစောက ကြည့်နေသော ရဟန်းသည် ကိုဝက်ကြီးပြောသော စကားကို သဘောကျဟန်ဖြင့် ပြုံးနေ သည် ကို တွေ့လိုက်ရပါသည်။ သန်းသန်းသည် ကျွန်တော်တို့အချင်းချင်း ပြောမနာ ဆို မနာ နောက်ပြောင်သော အခါ မနှစ်သက်သည့်အလား အထက်ပါအတိုင်း တုံ့ပြန်ပြော လိုက်ခြင်း ဖြစ်ပါသည်။
    ''သန်း .... မောင် မရှိတဲ့အခါ၊ ကိုဝက်ကြီး အရက်ဖိုးလာတောင်းရင် ပေးလိုက်ပါကွာ''
    ''အေး... ဟုတ်ပြီမြလှိုင် ၊မင်း သိပ်တော်တဲ့ တပည့်ပဲကွ ဟားဟား''
ကို ဆက်ဖတ်ရန် .........

    သင်္ဘောထွက်ခုနီးသဖြင့်  လက်မှတ်စစ်ရန် ခေါင်းလောင်းထိုး၍ ခရီးသည်းများကို ဆင်းကြရန် နှင်လျက် ရှိပါသည်။ သန်းသန်းနှင့် ကိုဝက်ကြီးလည်း ကျွန်တော်တို့နှစ်ယောက်ကို နှုတ်ဆက်ကာ သင်္ဘောပေါ်မှ ဆင်းခဲ့ကြ ပါသည်။ သို့သော် သန်းသန်းသည် သင်္ဘောထွက်အထိ စောင့်ကြည့်ရန် ကမ်းပေါ်တွင် ရပ်နေသည် ကို တွေ့ရပါသည်။
    ''သန်း... ပြန်တော့လေ၊ညဥ့်နက်နေပြီ''
    ''ရပါတယ်၊သင်္ဘောထွက်မှ ပြန်မယ်''
    ကျွန်တော် သင်္ဘောလက်ရန်းမှ ရပ်လျက် သန်းသန်းအား ကြည့်နေမိပါသည်။ ကျွန်တော့်ရင်ထဲတွင် ဇနီးသည် အား ယခုကဲ့သို့ ခွဲခွာအံ့မူးမူးတွင် ရင်ထဲ၌ လှိုင်းတံပိုးများသဖွယ် လှုပ်ရှာလျက် ရှိနေပါသည်။ ထိုအချိန်တွင် သင်္ဘောထွက်ရန် ဥသြဆွဲသံကို နားကွဲမတတ် ကြားလိုက်ရပါသည်။
    ''သန်း... ပြန်တော့၊ မောင် မြန်မြန်ပြန်ခဲ့မယ်''
    သန်းသန်း က ခေါင်းညိတ်ပြသည်။ ထို့နောက် ချာခနဲလှည့်၍ ထွက်ခွာသွားသည်။ သန်းငို၍ သွားပြီးလောဟု ကျွန်တော် မှန်းဆမိသည်။ အမှန်က ကျွန်တော်ကိုယ်တိုင် ထိုအချိန်က မျက်ရည်များ ရစ်ဝဲနေသည်မှာ အမှန် ပင်ဖြစ်ပါသည်။

    သင်္ဘောကြီး၏ စက်သံသည် သတ္တ၀ါတစ်ကောင် အော်မြည်သကဲ့သို့ တ၀ုန်းဝုန်း ရှိနေပါ သည်။ မှောင်မိုက်သော ညဥ့်ကာလ၏ အလင်းရောင်သည် မှုန်ဝါးဝါးရှိနေ ပါ သည်။ ကွေ့ကောက်နေသော မြစ်ပြင် မှာ လည်း မြွေကြီး တစ်ကောင် လူးလွန့်နေသကဲ့သို့ ရှိဘိသည်။ ကျွန်တော် သည် မှောင်နှင့် မည်းမည်း တွင် ကျန်ခဲ့သော ဖျာပုံကမ်းနားမြင်ကွင်းကို မမြင်ရသောအခါတွင်မှ မိမိ အတွက် ခင်း ထားသော နေရာ သို့ ပြန်လာခဲ့ပြီး ကိုအုန်မောင်ဘေးတွင် ၀င်၍ ထိုင်လိုက်ပါသည်။
    '' ဒကာလေး ဘယ်သွားမှာလဲ ''
    ''ရန်ကုန်ပါ ဘုရား''
    ''စောစော က မိန်းကလေးက ဒကာလေးရဲ့ ဇနီးလား''
    ''မှန်ပါ''
    ရဟန်းတော်သည် နောက်ထပ်မေးခွန်းမေးရန် စီစဉ်နေဟန်တူပါသည်။ ကျွန်တော်ထိုင်နေသော ဖျာပေါ်သို့ အနည်းငယ်ရွှေ့ ၍ ထိုင်လိုက်ပြီး အဟမ်းဟု လည်ချောင်းရှင်းလျက် ရှိပါသည်။ ကိုအုန်းမောင် သည် ကျွန်တော့် အားပြုံးဖြီးဖြီးကြည့်၍ ရဟန်းမမြင်အောင် မေးငေါ့ပြလိုက်ပါသည်။

    ''ဒကာလေး နာမည်က ဘယ်လိုခေါ်သလဲ''
    ''မြလှိုင်ပါ ဘုရား''
    ''ဘာလုပ်လဲ''
    ''''ဘာမှမလုပ်ပါဘူး ဘုရား''
    ''ခု- ရန်ကုန်ကို ဘာကိစ္စနဲ့ သွားတာလဲ''
    '' အလုပ်ရှာမလို့ပါဘုရာ့''
    '' ဘာအလုပ်လဲ''
    '' စစ်ထဲဝင်မ လို့ ဘုရာ့''
    ''အတော်ပဲ ကျုပ်လည်း လူထွက်ပြီး စစ်ထဲဝင်ချင်တယ်ဗျာ''

    ကိုအုန်းမောင်သည် ခေါင်းထောင်၍ ရဟန်းငယ်ကို ကြည့်လိုက်သည်။ ထိုနောက် တစ်ဖက်သို့လှည်၍ စပ်စုသော ရဟန်းငယ်အား စိတ်ရှည်စွာပင် ပြန်လည်ဖြေကြားပေးရင် သူ၏နောက်ဆုံးစကားဖြစ်သော ''ကျုပ် လည်း လူထွက်ပြီး စစ်ထဲဝင်ချင်တယ် ''ဆိုသည့် စကားရပ်ကို အံ့သြစွာ စဉ်းစားနေမိပါသည်။ ယင်းအဖြစ်အပျက် မျိုးကို နယ်ချဲ့တော်လှန်ရေးကာလကလည်း တွေ့ခဲ့ဖူးပါ သည်။ ဗြိတိသျှအစိုးရ၏ ဖိနှိပ်ချုပ်ချယ်မှုဖြင့် ဆရာစံ အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့စဉ်ကလည်း ရဟန်းပျို တော်တော်များများတို့သည် လူဝတ်လဲ၍ ဆရာစံတပ်ထဲသို့ ၀င်ရောက်ခဲ့ကြောင်း မှတ်တမ်းမှတ်ရာများလည်း ရှိပါသည်။ ယခုမူ ကျွန်တော်ကိုယ်တိုင် ကြုံတွေ့နေရပေပြီ။

“ဒကာလေး နာမည် ကျုပ်ကြားဖူးသလိုပဲဗျ”
“မှန်ပါ၊ တပည့်တော် ဖျာပုံဇာတိပဲ။ ဦးဇင်းကရော ဘယ်ကလဲ၊ ဖျာပုံဇာတိလား”
“ဇာတိက ဒေါ်ညိမ်းရွာကပါ။ ရဟန်းဝါ တစ်ဝါရတော့ ကျုပ်ခမည်းတော်က သူ့ဆရာဘုန်းကြီးဖြစ်တဲ့ ဖျာပုံအောင်မြေဘုံသာကျောင်း ဆရာတော် ဦးအာစရိယဆီမှာ စာဝါတက်ခိုင်းတယ်လေ”
“ရဟန်းဝတ်နဲ့ မပျော်ဘူးလား ဘုရား”
“ပျော်ပါတယ်။ ဒါပေမယ့် ဂျပန်စစ်တပ်က တယ်ညှဉ်းဆဲသကိုးဗျ။ ကျုပ်တို့ရွာမှာ လယ်လုပ်မယ့် လူမရှိကြဘူး။ ယောက်ျားရွယ်ရွယ်ဆိုရင် ချွေးတပ်ထဲ အဓမ္မခေါ် ထည့်၊ ယောက်ျားကြီးကြီးတွေဆိုရင် ဖျာပုံကိုခေါ်ပြီး ကူလီလုပ်ခိုင်းနဲ့ဆိုတော့ ဂျပန်ခိုင်းတာ ခံရမ့်တူတူ စစ်ထဲဝင် လိုက်တာ က ကောင်းသေးတယ် မဟုတ်လားဗျ”

“ဦးပဉ္စင်းက ဒါကြောင့် ရဟန်းဝတ်တာလားဘုရာ့ ...”
“ဟုတ်တယ်”
ကျွန်တော် စိတ်မကောင်းဖြစ်ရသည်။ ကျွန်တော့်မြို့၊ ကျွန်တော့်နယ်ရှိ တောင်သူလယ်သမား၊ အလုပ်သမား တို့၏ လုံခြုံမှု မရှိခြင်းနှင့် လယ်သမားများ လယ်ကောင်းစွာ မလုပ်နိုင်ခြင်းကြောင့် မကြာမီ ကြုံတွေ့ရမည့် ငတ် မွတ်ခေါင်းပါးခြင်း ဘေးဒုကခများကိုပါ တစ်ဆက်တည်း စဉ်းစားမိပါတော့သည်။ တစ်ဖက်သို့လှည့်၍ ဆိတ်ဆိတ်နေသော ကိုအုန်းမောင် သည်ပင် ရဟန်းပျိုပြောသော နောက်ဆုံးစကားကို ကြားသောအခါ သက်ပြင်းရှည်ကြီး ကို မှုတ်ထုတ်လိုက်သည်ကို ကြားရပါလေသည်။
“တပည့်တော်ကို ဦးဇင်းလိပ်စာပေးပါလား”
“အိန်း ... ကောင်းတယ်၊ ကျုပ်မျှော်နေမယ်ဗျာ။ ဆက်ဆက်လာခေါ်ပါ”
“မှန်ပါ့ ...”

ရဟန်းပျိုသည် ကျွန်တော့်အား သူ၏လိပ်စာနှင့် ရဟန်းဘွဲ့ကိုပါ စာရွက်တိုတစ်ရွက်ပေါ်တွင် ရေးပေးပြီး စိတ်အေးချမ်းသာ စွာ သင်္ကန်းကို ခေါင်းမြီးခြုံ၍ ကျိန်းစက်ပါလေသည်။ (နောင်သောအခါ ၎င်းရဟန်းပျို သည် မောင်ညိမ်းဆိုသော နာမည်ဖြင့် ကျွန်တော်၏ တပ်စုတွင် တပ်ကြပ်ကလေးဘ၀ဖြင့် တာဝန် ထမ်းဆောင် ခဲ့ရာ ၁၉၅၂ ခုနှစ်သို့ ရောက်သောအခါတွင်မှ ဗမာ့တပ်မတော်မှထွက်၍ မိဘလက်ငုတ်လက်ရင်း လယ်သမား ဘ၀ကို ပြန်လည်လုပ်ကိုင်ခဲ့ပါသည်။)
“မြလှိုင် ... ကျိုက်လတ် ရောက်တော့မယ် ...”
မှန်ပါသည်။ ကျိုက်လတ်မြိုကကို မီးရောင်မှိန်မှိန်တွင် ရေးရေးမြင်ပါသည်။ ကျိုက်လတ်သို့ရောက်လျှင် ငယ် သူငယ်ချင်း ကိုအုန်းမောင်အား ထားရစ်ခဲ့ပြီး ကျွန်တော်တစ်ယောက် ရန်ကုန်သို့ ခရီးဆက်ရမည်ဖြစ်ပါသည်။ ဘ၀ တစ်ခု ၏ အချိုးအဆစ်ကွေ့တစ်ခုကို ဖြတ်ကျော်ရတော့မည်ဖြစ်သော ကျွန်တော်သည် ယခင်ကကဲ့သို့ လူလွတ် တစ်ယောက် မဟုတ်တော့ပြီကိုလည်းကောင်း၊ ဖက်ဆစ်တော်လှန် ရေး၏ ကြီးမားသော တာဝန်တစ်ရပ် ကို ထမ်းဆောင်ရမည်ကိုလည်းကောင်း စဉ်းစားမိရင်း ကိုအုန်းမောင်၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထား လိုက်မိပါသည်။

“ဟေ့ကောင် ... မြလှိုင်၊ ကျိုက်လတ်ရောက်တော့မယ်”
“အင်းပါ၊ ဒါထက် ...”
“သန်းသန်းအတွက်တော့ စိတ်ချပါကွာ ...။ မင်း တပ်ထဲဝင်ပြီးရင်တော့ ငါ့ဆီ စာရေးလိုက်ဦး”
စကားမဆုံး မီပင် ကျိုက်လတ်ဆိပ်ကမ်းသို့ သင်္ဘော ၀င်ရောက်ကပ်လိုက်သည်ကို သိလိုက်သည်။ ကိုအုန်းမောင် က ကျွန်တော့်လက်ကိုဆွဲ၍ ကျိုက်လတ်သင်္ဘောဆိပ်ကမ်းပေါ်သို့ အတူတက်လာခဲ့သည်။ ထို့ နောက် ဖက်ဆစ်တော်လှန်ရေးနှင့် ပတ်သက်သော လျှို့ဝှက်ဆောင်ရွက်ရန် ကိစ္စများကို မှာကြားပြီး သင်္ဘောဆိပ်ခံ သင်္ဘောပေါ်တွင် နှစ်ယောက်သား စကားမပြောဘဲ ကိုယ့်အတွေးဖြင့်ကိုယ် ရှိနေမိကြပါသည်။

ရန်ကုန်သို့သွားရောက်သောအခါ အာရှလူငယ်ဌာနချုပ်တွင် သွားရောက်တည်းခိုပါသည်။ အာရှလူငယ် အစည်းအရုံး ဌာနချုပ်တွင် လူစုံတက်စုံ တွေ့ရသဖြင့် ကျွန်တော့်အား မော်လမြိုင်သို့ ပြန်လည်သွားရောက်ရန် တိုက်တွန်းကြသူ များ ရသလို၊ ဖက်ဆစ်တော်လှန်ရေးကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် လုပ်နေကြကုန်သော စည်းရုံးရေးမှူး များက ကျွန်တော် ဗမာ့ကာကွယ်ရေး တပ်မတော် သို့ ပြန်လည် ၀င်ရောက်ခြင်း ကို ထောက်ခံကြပါသည်။ အာရှလူငယ်အဖွဲ့ချုပ်တွင် တည်းခိုနေစဉ်အတွင်း အတွင်းရေးမှူး ကိုညီလေးနှင့် လည်းကောင်း၊ ကိုဖေရှင် (ကိုရဲညွန့်) တို့နှင့်လည်းကောင်း ဖက်ဆစ်တော်လှန် ရေးနှင့်ပတ်သက်သော ကိစ္စများ ကို ဆွေးနွေးခဲ့ရပါသည်။ ကျွန်တော်ဌာနချုပ်တွင် တစ်ပတ်ခန့် တည်းခိုနေစဉ် စစ်ဝန်ကြီးရုံးသို့ ဆက်သွယ်နှင့် ဆောင်ရွက် ဖွယ်များ ကို ဆောင်ရွက်ရပါသည်။
“ဟေး ... ကိုမြလှိုင်ကြီး၊ ပျောက်ချက်သား ကောင်းလှချေလား။ ခု ဘယ်ကလာတာလဲ”

စစ်ဝန်ကြီးရုံး ထောက်ပံ့ရေး ဌာနကြီးမှူးဖြစ်သူ ဗိုလ်မှူးဝင်း (နိုင်ငံခြားရေးဌာန၊ ဒုဝန်ကြီးဟောင်း)သည့် သူ့ အခန်းတွင်း သို့ ၀င်ရောက်လျှင် ၀င်လိုက်ချင်း ကျွန်တော့်အား အထက်ပါစကားကို ဆိုပါသည်။ မှန်ပါသည်။ ကျွန်တော်နှင့် ဗိုလ်ဝင်းတို့မှာ နယ်ချဲ့တော်လှန်ရေး မြေအောက်လုပ်ငန်းများတွင် အတူလက်တွဲဆောင်ရွက် ခဲ့၍ ကျွန်တော် တို့ ဖျာပုံလူသိုက်၏ ခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါသည်။ ကျွန်တော်က ပျဉ်းမနားမှ ပြန်လာ ခဲ့ပြီးနောက် အာရှလူငယ်တွင် တာဝန်ထမ်းဆောင်ရင်း၊ ဖက်ဆစ်တော်လှန်ရေးနှင့် ပတ်သက်သော လှုပ်ရှားမှု များ ဆောင်ရွက်ခဲ့ပုံ အခု အာရှလူငယ်မှထွက်၍ ဖျာပုံသို့ ပြန်ခဲ့ပုံ၊ ဖျာပုံသို့ ပြန်ခိုက် မိန်းမရခ့ပုံများ ကို စီကာ ပတ်ကုံး ပြောပြလိုက်ပါသည်။
“အခု ဘာလုပ်နေသလဲ”
“ကျွန်တော် တပ်မတော်ထ ပြန်ဝင်မလို့ပါ”

ဗိုလ်ဝင်းသည် သူ၏ခေါင်းတုံးကလေးကို လက်ဖြင့်ပွတ်၍ ကျွန်တော့်အား စူးစမ်းစွာ ကြည့်နေပါသည်။ ၎င်း၏မျက်နှာ ကို ကြည့်ခြင်းအားဖြင့် မိန်းမရနေပြီဖြစ်သော ကျွန်တော့်အား တပ်မတော်တွင်းသို့ ပြန်ဝင်ရန် အားပေးသင့် မသင့် ဝေခွဲနေကြောင်း အကဲခတ်လိုက်မိပါသည်။ သို့ကြောင့်ပင် ဗိုလ်ဝင်း၏ စိတ်ဒွိဟကို ကျွန်တော် က ချေဖျက်ရန် အောက်ပါစကားကို ဆိုပါသည်။
“ကျွန်တော် တပ်မတော်ထဲဝင်ဖို့ ဆုံးဖြတ်ပြီးပါပြီ။ ကျွန်တော့်မိန်းမကလည်း သဘောတူပါတယ်”
“ခင်ဗျား ... နောင်တော်ကြီး ဗိုလ်လကျာကရောဗျ”
“ကျွန်တော် မော်လမြိုင်ကပြန်တော့ ဗိုလ်လက်ျာဆီ ၀င်ခဲ့သေးတယ်။ အာရှလူငယ်က ထွက်ပြီး တပ်မတော်ထဲ ၀င်မယ့် လို့ ပြောပြခဲ့ပါတယ်။ နောက်ပြီး ဆရာချစ် (သခင်ချစ်) ကိုလည်း ပြောပြပါသေး တယ်။ ဆရာချစ် ကလည်း ကောင်းတယ်။ တပ်မတော်ထဲမှာ ယူဂျီဆဲလ်တွေရှိတယ်။ ဆက်ပေးမယ်လို့လဲ ပြောပါတယ်”

ကျွန်တော်၏ ပြောစကားများကို နားထောင်ပြီးသောအခါ ဗိုလ်ဝင်းက ကျွန်တော့်အား မည်သို့မျှမေးမြန်းခြင်း မပြုတော့ ဘဲ စစ်ဝန်ကြီးရုံး၊ ထောက်ပံ့ရေးဌာန၊ ၎င်း၏ လက်အောက်တွင် တပ်ကြပ်ကြီးအဖြစ် စတင် ခန့်ထား ဆောင်ရွက်စေပါသည်။ ကျွန်တော် တပ်မတော်ထဲသို့ ၀င်ရလျှင် ရချင်း ဖျာပုံတွင် ကျန်ရစ်ခဲ့သော ချစ်ဇနီး လုပ်သူ သန်းသန်းအားလည်းကောင်း၊ သူငယ်ချင်းကိုအုန်းမောင်ထံသို့လည်းကောင်း၊ ဗမာ့ကာကွယ်ရေး တပ်မတော် သို့ ၀င်ရောက်နိုင်ခဲ့ပြီဖြစ်ကြောင်း အကျိုးအကြောင်း စာရေး သတင်းစုံ ပါးလိုက်ပါသည်။ ထို့နောက် ဆရာ သမားဖြစ်သူ ဆရာချစ်ထံသို့ သွားရောက်ရန် ဆုံးဖြတ်ခဲ့ပါသည်။

“ဟော ... ကိုမြလှိုင်ပါလား။ အသက်ရှည်ဦးမယ်။ မနက်ကပဲ ကိုမြလှိုင်အကြောင်း ကိုညီလေးနဲ့ ပြောရသေး တယ်ဗျာ။ နို့ ... နေပါဦး ကိုမြလှိုင် ဘယ်တုန်းက တပ်မတော်ထဲ ပြန်ရောက်တာလဲဗျ”
“၁၀ ရက်လောက် ရှိပါပြီ ဆရာ။ ကျွန်တော်ချက်ချင်း မရောက်တာက အလုပ်တာဝန်တစ်ခု လက်ခံရတာနဲ့ စစ်ဝတ် ထုတ်ရတာ နဲ့၊ ရုံးမှန်မှန်တက်ရတာနဲ့ အသားမကျသေးလို့ ခုမှပဲ လာရတာဆရာ”
“ကိစ္စ မရှိပါဘူး ဗျာ။ ခင်ဗျား ရည်ရွယ်ချက်တော့ ပြည့်ပြီပေါ့”
ဆရာချစ် (သခင်ချစ်)သည် ကျွန်တော့်အား နောက်ဖေးမီးဖိုချောင်သို့ ခေါ်သွားပြီး ဖက်ဆစ်တော်လှန်ရေးနှင့် ပတ် သက်သော အရပ်ရပ်ကိစ္စများကို ပြောပြပါသည်။ ဆရာချစ်ပြောသော စကားများထဲတွင် ကိုဘဆွေ (ရန်ကုန်ဘဆွေ) ၏ နာမည်ကို မကြာခဏ ကြားရပါသည်။ ထိုအချိန်က ကျွန်တော်တစ်ယောက် ကိုဘဆွေ (ရန်ကုန်ဘဆွေ) ဆိုသူကို ဖြူသည်မဲသည်မျှ မြင်ဖူးတွေ့ဖူးခြင်း မရှိခဲ့ပါ ချေ။
“ကိုမြလှိုင် ရန်ကုန်မှာ မနေနဲ့ဗျာ”

“စစ်သားဆိုတာ တာဝန်ချထားရာမှာပဲ နေရမှာပဲ ဆရာ”
“ကျွန်တော်တို့ ကြည့်စီစဉ်ပေးပါမယ်ဗျာ”
“ကျွန်တော် ဖျာပုံဘက်မှာပဲ တာဝန်ယူချင်တယ်”
“ဘာဖြစ်လို့လဲ”
“ဖျာပုံက ကိုယ့်နယ်လည်းဖြစ်တယ်။ နောက်ပြီး ဒေသကျွမ်းကျင်မှုလည်းရှိတယ်၊ နောက်ပြီး ဟင်း ... ဟင်း”
“ဟုတ်ပါတယ်”
ဆရာချစ် (သခင်ချစ်)ထံမှ ပြန်လပြီးသောအခါ ဗိုလ်လက်ျာထံသို့ ၀င်ရောက်၍ အကျိုးအကောင်း ပြောပြပါ သည်။ ဗိုလ်လက်ျာက ဖျာပုံမြို့နယ်အတွင်း လှုပ်ရှားမှုနှင့် ပတ်သက်၍ လုပ်ကိုင်မည်ဆိုလျှင် အလွန် အန္တရာယ်ကြီးကြောင်း ပြောပြပြီး သွားခြင်းသွားလျှင် မော်လမြိုင်လို နေရာမျိုးသို့သွားရန် တိုက်တွန်း ပါသည်။ မည်သို့ပင် ဆိုစေ ကျွန်တော်သည် ဇနီးသည် သန်းသန်း၏ သံယောဇဉ်အမျှင်တန်းမှုကြောင့် ဖျာပုံသို့ သွားရောက် လှုပ်ရှားမှုပြု ရန် တိကျစွာ ဆုံးဖြတ်လိုက်ပါသည်။

“ကိုမြလှိုင်၊ ဖျာပုံကို ဗိုလ်သန်းထွန်းတို့နဲ့ လိုက်နိုင်မလား”
ဗိုလ်ဝင်း၏ ပြောစကားကြောင့် ကျွန်တော်တစ်ယောက် အံ့သြ၀မ်းသာစွာ သွားရောက်နိုင်ကြောင်း ချက်ချင်း တုံ့ပြန်ပြောကြား လိုက်ပါသည်။ ဗိုလ်ဝင်းသည် ဖက်ဆစ်တော်လှန်ရေးနှင့် ပတ်သက်သော ဆောင်ရွက်ဖွယ် များဆောင်ရွက်နိုင် ရန်အတွက် ဖန်တီးပေးခြင်းပင်ဖြစ်ပါသည်။ ဗိုလ်သန်းထွန်းသည် အရာခံဗိုလ်တစ်ဦးဖြစ်၍ ၎င်း ကြီးကြပ်သော ၀ယ်ယူရေးအဖွဲ့တစ်ဖွဲ့ကို ဖျာပုံခရိုင်အတွင်း ရိက္ခာများစုဆောင်းရန် စေလွတ်သည့် အချိန် နှင့် ကိုက်၍ ကျွန်တော့်အား ပါဝင်စေခြင်းဖြစ်ပါသည်။
“ဗိုလ်သန်းထွန်း နဲ့ လိုက်သွားရင် ခင်ဗျားကြိုက်တဲ့ တပ်ကြပ်ကလေးတစ်ယောက်လည်း ခေါ်သွားပါလား”
“ကျွန်တော် တပ်ကြပ်ကလေး သောင်းအိကို ခေါ်သွားပါရစေ”
ဖျာပုံသို့ ပြန်ရတော့မည်ဟူသော စကားကို ကြားလိုက်ရသည်နှင့်ထ၍ ခုန်မတတ်ဝမ်းသာလျက်ရှိသော ကျွန်တော် သည် ကျွန်တော်ကြိုက်နှစ်သက်သော လက်ထောက်တစ်ဦးကိုပါ ခေါ်လာခွင့်ပြုသောအခါ ဗိုလ်ဝင်း အား ကျေးဇူးတင်မဆုံးဖြစ်ရပါလေသည်။

“ကိုမြလှိုင်”
“ဟုတ်ကဲ့ ဗိုလ်မှူး”
“ခင်ဗျား ဖျာပုံမှာနေခဲ့။ ဗိုလ်သန်းထွန်းက တောကြိုအုံကြားသွားပြီး ရိက္ခာစုဆောင်းဝယ်ယူပြီးမှ ခင်ဗျား ကို ပြန် ခေါ်လိမ့် မယ်”
“ဘယ်လောက်ကြာမလဲ၊ ဗိုလ်မှူး”
“အနည်းဆုံး တစ်လလောက် ကြာမှာပေါ့။ တစ်လလောက် အချိန်အတွင်း ကိုမြလှိုင် ဖျာပုံ မှာ ဆောင်ရွက် စရာတွေ ဆောင်ရွက်ဖို့ အချိန်လုံလုံလောက်လောက် ရမှာပေါ့လေ”
“ဟုတ်ပါတယ် ဗိုလ်မှူး”
ဗိုလ်ဝင်းထံမှ ပြန်လာခဲ့ပြး ပြင်ဆင်ရန်ကိစ္စအရပ်ရပ်ကို ဆောင်ရွက်ရင်း ဆရာချစ် (သခင်ချစ်)ထံ အပြေး အလွှား သွားရောက် သတင်းပို့ပါသည်။ ဆရာချစ်သည် ဖက်ဆစ်တော်လှန်ရေးကိစ္စှင့် ပတ်သက်သော လျှို့ ၀ှက်စာရွက်စာတမ်း များကို ကျွန်တော့်အားပေးအပ်၍ ဖျာပုံနယ်အတွင်း လှုပ်ရှားဖွယ်ရာများကို သတိဝီရိယ ကြီးစွာ ဆောင်ရွက် ရန် မှာကြားပါသည်။
ဖျာပုံ - ဖျာပုံ - ဖျာပုံ။

ကျွန်တော့်ဇနီး သန်းသန်း၏ မျက်နှာလေးကို မြင်ယောင်မိသည်။ ဇနီးသန်းသန်းသည် ကျွန်တော် မမျှော်လင့်ဘဲ ယခု ကဲ့သို့ ပြန်ရောက်လာမည်ကို သိလျှင် မည်မျှ ၀မ်းသာကြည်နူးမည်နည်း။ ကျွန်တော်တစ် ယောက် ဖာပုံ သို့ ရောက်လျှင် ရှေးဦးစွာ ချစ်ဇနီးနှင့် တစ်ပတ်ခန့် စိတ်အေးချမ်းသာစွာ နားနေမည်ဟုလည်း ဆုံးဖြတ်ခဲ့ပါသည်။ ထို့နောက် တွင်မှ ကိုအုန်းမောင်တို့ လူသိုက်နှင့် တွေ့ဆုံပြီး ဖျာပုံနယ်အတွင်း ဖက်ဆစ် တော်လှန်ရေး လှုပ်ရှားမှု အတွက် ကိစ္စအ၀၀တို့ကို ဆောင်ရွက်ပေမည်။
ကျွန်တော် တို့အဖွဲ့ တွင် အရာခံဗိုလ် သန်းထွန်း၊ တပ်ကြပ်ကြီး ညွှန့်မောင်တပ်ကြပ်ကလေး သောင်းအိနှင့် ကျွန်တော် ပါဝင်ပါသည်။ အရာခံဗိုလ်သန်းထွန်းသည် ကျွန်တော်တို့အား အုပ်ချုပ်သွားမည့် အရာရှိဖြစ်ပြီး ၎င်း၏ လက်ထောက် မှာ တပ်ကြပ်ကြီး ညွန့်မောင်ဖြစ်ပါသည်။ ကျွန်တော်နှင့် တပ်ကြပ်ကလေးသောင်းအိ တို့မှာ အဖွဲ့ဝင် များဖြစ်၍ ဖျာပုံမြို့တွင် နေရစ်ခဲ့ပြီး အရာခံဗိုလ်သန်းထွန်း၏ ၀ယ်ယူပေးပို့သော ရိက္ခာပစ္စည်း များကို ဖျာပုံမှ လက်ခံရယူပြီး ရန်ကုန်စစ်ရုံးချုပ် ထောက်ပံ့ရေးဌာနသို့ မီးသင်္ဘောဖြင့် အချိန်မီပို့ပေးရန် တာဝန်ဖြစ် ပါသည်။

ဖျာပုံသို့ ရောက်လျှင် ချစ်ဇနီးနှင့် တွေ့ရမည်။ ကိုအုန်းမောင်တို့ လူသိုက်နှင့် ပြန်လည် ဆုံစည်းရတော့မည် ဟု တွေးရင်း ကျွန်တော့်စိတ်များသည် ပျော်ရွှင်ချမ်းမြေ့လျက်ရှိပါသည်။ ကိုသန်းထွန်းနှင့် ကိုညွန့်မောင် တို့ နှစ်ဦးမှာမူ ဖျာပုံသားများ မဟုတ်သဖြင့် မထောင်းသာလှသော်လည်း ကျွန်တော်နှင့် ကိုသောင်းအိတို့မှာ ဖျာပုံသား ဇာတိများဖြစ်သဖြင့် မိမိမွေးရာဇာတိသို့ စစ်သားကြီးများအဖြစ် ပြန်ခွင့်ရရှိခဲ့ကြသည်ကို ၀မ်းသာ ဂုဏ်ယူ မဆုံးရှိရပါသည်။
“ကိုသန်းထွန်း ဖျာပုံရောက်ပြီး ပင်လယ်ပိုင်းကို ဘယ်တော့လောက် ဆင်းကြမလဲ”
“နောက်တစ်နေ့ ပဲ ဆင်းမယ်လို့ စိတ်ကူးထားတယ်။ ကိုမြလှိုင်က ဖျာပုံသားဆိုပြီး ငါးပိ၊ ငါးခြောက်၊ ငံပြာရည် အကြောင်း ဘာမှ မေးမရပါလားဗျ”
“ဟုတ်တယ်၊ ကျွန်တော်ပင်လယ်ပိုင်းက လုပ်ငန်းတွေနဲ့ သိပ်အကျွမ်းမ၀င်ဘူးဗျာ”

“ဒီမယ်၊ ဂျပန်တွေခုဆိုရင် ပင်လယ်ပိုင်းတစ်ခွင် ပြဲပြဲစင်အောင် ခြေချပြီး ငါးပိငါးခြောက် ၀ယ်ပြီးကြပြီးပြီ။ ကျွန်တော်တို့ က ကောက်သင်းကောက်စရာပဲရှိတော့တယ်။ ဒီမောင်တွေက ငွေစက္ကူတွေကို စက်နဲ့ လှည့်ထုတ် ချင်တိုင်းထုတ်ပြီး ကျွန်တော်တို့ပစ္စည်းတွေကို စက္ကူနဲ့ လဲနေတာဗျ။ သိပ်ရင်နာစရာကောင်းတယ်”
ကိုသန်းထွန်း ပြောစကားများ မှန်ပါသည်။ ဂျပန်စစ်တပ်မှ အ၀ယ်တော်များသည် ကုန်စိမ်း၊ ကုန်ခြောက်၊ ဘဲဥ၊ ကြက်ဥ၊ ထင်းမှမကျန် လိုက်လံသိမ်းဆည်း ၀ယ်ယူလျက်ရှိကြပါသည်။ သို့ဖြစ်ခြင်းကြောင့် ဗမာ့တပ် မတော် အနေဖြင့် ယခုကဲ့သို့ ရိက္ခာများကို ကျေးလက်များအထိဆင်း၍ ၀ယ်ယူနေရကြခြင်းဖြစ်ပါသည်။
ဖျာပုံမြို့သို့ရောက်သော အခါ နံနက် ၂ နာရီပင်ရှိချေပြီ။

တိတ်ဆိတ်လျက်ရှိသောကြောင့် ကျွန်တော်တို့လေးယောက် လျှောက်လာသော စစ်ဖိနပ်သံသည် အချက်ညီညီ စည်း လိုက်သကဲ့သို့ ရှိပါသည်။ သင်္ဘောဆိပ်တွင် ကုန်ပစ္စည်းများလာရောက် စောင့်ယူကြ သော လူအချို့မှ လွဲ၍ ခြောက်ကပ်လျက်ရှိသည်။ ဂျပန်များ ဖွဲ့စည်းထားသော ရပ်ကွက်ကင်းများဖြစ်ကြသည့် “ကေဘိုထိုင်” ကင်းများ မှ ကျွန်တော်တိုအား ဂျပန်စစ်သားများဟု ထင်မှတ် သဖြင့် “အလေးပြု”ဟု သံကုန်ဟစ်၍ အလေးပြုသံ များကို ကြားရသောအခါ ကြိတ်၍ ရယ်မောမိပါသည်။
“မြလှိုင် ... မမျှော်လင့်ဘဲ မင်းပြန်လာတာ တွေ့ရင် မင်းမိန်းမ သိပ်ဝမ်းသာမှာပဲကါ”
“လာမယ်ဆိုတာ သိလို့ မျှော်ရတာထက် မမျှော်လင့်ဘဲ တွေ့လိုက်ရတယ်ဆိုတော့ အရသာတစ်မျိုးပေါ့”
ကိုသန်းထွန်း၊ ကိုညွန့်မောင်တို့နှစ်ယောက်မှာ လူပျိုများဖြစ်၍ ကျွန်တော်တို့ ကိုသောင်းအိတို့နှစ်ယောက်မှာ အိမ်ထောင် ရှိသူများဖြစ်ကြပါသည်။ ကျွန်တော်တို့နှစ်ယောက်အနက် ကိုသောင်းအိတစ်ယောက် အိမ်ထောင် ကျခဲ့သည်မှာ နှစ်နှစ်၊ သုံးနှစ်ပင် ရှိပြီဖြစ်၍၊ အိမ်ထောင်သည် ၀ါရပြီးသော ကိုသောင်းအိအနေဖြင့် ဇနီးဖြစ်သူနှင့် ခွဲခွာနေရခြင်း အတွက် ထူးခြားမှု မရှိသော်လည်း ကျွန်တော်ကဲ့သို့ တစ်လတာခန့်သော အချိန်မျှသာ ရှိသေး သည့် အိမ်ထောင်သက်ရှိသူအဖို့ ဇနီးသည်နှင့် ပြန်လည်ဆုံတွေ့ရ ခြင်းသည် အတိုင်း မသိ ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းလှသော မင်္ဂလာအခါ ဖြစ်ပါသည်။

“ဟော ... ပြောရင်း၊ ကျွန်တော့်အိမ် ရောက်ပြီ”
ကျွန်တော်တို့အားလုံး ရပ်လိုက်ကြသည်။ ကိုသန်းထွန်းနှင့် ကိုညွန့်မောင်တို့နှစ်ယောက်သည် အိမ်ထောင် ကျစဖြစ်သော ကျွန်တော့်အိမ်တွင် တည်းခိုရန် အားနာကြောင်း ပြောဆို၍ ကိုသောင်းအိ အိမ်သို့လိုက်၍ တည်းခို ရန် စကားကမ်းလှမ်းကြပါသည်။ သို့သော် ကိုသောင်းအိ အိမ်မှာ အ လွန်ကျဉ်းမြောင်းကျပ်တည်း လျက်ရှိကြောင်း ကျွန်တော်ကပင် ဇွတ်တားမြစ်၍ ဖိတ်ခေါ်ရပါသည်။
သန်းသန်း သည် ကျွန်တော့်အား မမျှော်လင့်ဘဲ တွေ့လိုက်ရသဖြင့် ကလေးငယ်ပမာ ကျွန်တော့်ရင်ခွင် သို့ ခေါင်းသွင်းလျက် မျက်ရည်များ ကျလာခဲ့ပါသည်။ ကျွန်တော်ကမူ ကိုသန်းထွန်၊ ကိုညွန့်မောင်တို့အား ရှက်ရွံ့ သဖြင့် သန်းသန်း အား ချော့မြူခြင်း မပြုမိဘဲ ငူငူကြီး ရပ်လျက်ရှိပါသည်။ ကျွန်တော့်ရင်ထဲတွင်မူ ချစ်ဇနီးသည် ၏ ကျောပြင်ကို ပွတ်သပ်ချော့မြူလိုလှပါသည်။ ထို့နောက် ခြောက်ကပ်သောအသံဖြင့် သန်းသန်းအား စကား ဆိုရသည်။

“သန်း ... ဒါ ... မောင်နဲ့အတူပါလာတဲ့ အရာခံ ဗိုလ်သန်းထွန်း ဟိုဘက်က တပ်ကြပ်ကြီး ညွန့်မောင်လေ။ သူတို့မောင့် အိမ် မှာ တည်းကြမှာ ကိုင်း ... လာ  အိမ်ထဲဝင်ကြစို့”
“သြော် ... လာကြပါရှင်။ အားနာလိုက်ရာ ရှင်ရယ်”
“ကျွန်တော် တို့က အားနာရမှာပါ။ မသန်းသန်းရာ”
ကျွန်တော် တို့ သုံးယောက်သား ပါလာသော ပစ္စည်းများကို ချခြင်း ဆူညံစွာ စကားပြော ဆိုခြင်းတို့ကြောင့် ယောက္ခမဖြစ်သူများ အိပ်ရာမှ နိုးကြပါသည်။ ကျွန်တော့်ယောက္ခမကြီး ဦးစစ်ရှိန်သည် မှန်အိမ်ကို မီးဇာမြှင့်လျက် သားမက်လောင်း ကျွန်တော့်အား မမြင်ဖူးသော သတ္တ၀ါတစ်ကောင်ကဲ့သို့ လာကြည့်ပါ သည်။ ၎င်း တို့၏ သမီးဖြစ်သူနှင့် အိမ်ထောင်မကျမီကပင် ကျွန်တော့်အား ကြည့်ရသူမဟုတ်သဖြင့် ကျွန်တော် ယခုကဲ့သို့ စစ်သားတစ်ယောက်အဖြစ် အသွင်ပြောင်းလာသောအခါတွင် ပို၍ကြည့်မရဖြစ်မည်မှာ အမှန် ပင် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဦးစစ်ရှိန်သည် နိုင်ငံရေးကိုသော်လည်းကောင်း၊ အစိုးရတာဝန် ထမ်းဆောင်ခြင်း ကိုသော်လည်းကောင်း နှစ်သက်သူ မဟုတ်ခြင်းကြောင့်ပင် ဖြစ်ပါသည်။ ၎င်းတို့၏ ဆန္ဒ မှာ အေးဆေးငြိမ်သက်စွာ ကုန်သည်ဘ၀ဖြင့် အသက်မွေးရခြင်းကို နှစ်သက်သဘောကျလေ သည်။ သို့သော် သမီးနှင့်စပ် ၍ သားမက်တော်လာရသောအခါ မနမ်းသော်လည်း ပင့်သက်ရှူရတော့မည် ဘ၀ သို့ ရောက်ခဲ့ကြလေပြီတကား။

လမ်းခရီး၌ ပင်ပန်းမှုကြောင့် နူးညံ့သော အိပ်ရာပေါ်သို့ ကျောဆန့်လိုက်သောအခါ အိပ်ပျော်ခြင်း သို့ ရောက်ရှိခဲ့ရပါသည်။ နံနက်အိပ်ရာမှ နိုးသောအခါ ကိုသန်းထွန်းနှင့် ကိုညွန့်မောင်တို့နှစ်ယောက်ကို မတွေ့ရတော့ ဘဲ ကိုသောင်းအိ လာခေါ်သွားကြောင်း ဇနီးဖြစ်သူက ပြောပြပါသည်။ သန်းသန်းသည် ကျွန်တော် ယခု ကဲ့သို့ မြန်မြန်ဆန်ဆန် ဖျာပုံသို့ ပြန်ရောက်ခြင်းအတွက် ပျော်မဆုံးဖြစ်မိပါသည်။ လူငယ်များ ဖြစ်ခြင်းကြောင့် အချစ်သည်သာ ကိုးကွယ်ရာဟု ထင်မှတ်သည့်အတိုင်း တာဝန် ၀တ္တရား များကိုပင် ခေတ္တ မျှ မေ့လျော့ နေမိပါသည်။ မကြာမီ ကိုသန်းထွန်း၊ ကိုညွန့်မောင်၊ ကိုသောင်းအိ တို့ လူသိုက် ရောက်လာကြပြီး အညာသား ကိုသန်းထွန်းက ဖျာပုံမုန့်ဟင်းခါး အလွန်အရသာရှိကြောင်း။ ဖျာပုံသူ များ ချောမောလှပကြောင်း ချီးမွမ်းခန်းဖွင့်လျက်ရှိပါသည်။ ဖျာပုံသူများ ချောကြောင်း လှောကာင်း ပြောသောအခါ ကျွန်တော့်ဇနီး သန်းသန်းက တခစ်ခစ် ရယ်မောနေပါသည်။ အဘယ်ကြောင့်ဆိုသော် ကိုသောင်းအိ မိန်းမနှင့် ၎င်း ကိုယ်တိုင် ချောမောလှပသူများ မဟုတ်ရကား ဧည့်သည်ပီပီလောက၀တ်ဆိုခြင်းပင်။

“ကိုသန်းထွန်းတို့ ဘယ်တော့ ခရီးစမလဲ”
“ကိုမြလှိုင် ကို ပြောမလို့ပဲ။ ကျွန်တော်တို့အားလုံး စီစဉ်ခဲ့ကြပြီး မနက်ထမင်းစားပြီးတာနဲ့ ကျုံကဒွန်းကို ကားနဲပ ဆင်းကြမယ်။ ကျုံကဒွန်းကနေ ပင်လယ်ဘက်က ရွာတွေ တစ်ရွာပြီး တစ်ရွာ သွားကြမယ်။ ပထမအပတ် ထဲမှာတော့ ဈေးနာပစ္စည်း စုံစမ်းမယ်။ နောက်တစ်ပတ်ကစပြီး ပစ္စည်းပို့မယ်။ ကိုမြလှိုင်အိမ်ပဲပို့ မယ်။ အဲဒါ ကိုမြလှိုင် က ပစ္စည်းအနည်းအများကို ကြည့်ပြီး ကိုသောင်းအိနဲ့ ရန်ကုန်ပို့ပေးဗျာ၊ ဟုတ်ပြီလား”
“ကျွန်တော့် အလုပ် က ဖျာပုံကပဲ စောင့်ပြီး ပစ္စည်းလက်ခံဖို့ပေါ့”
“ဒါပါပဲ။ ဒါပေမယ့် ပစ္စည်းအရေအတွက် မလျော့အောင် မပျောက်အောင်တော့ ကိုမြလှိုင် စစ်ဆေး လက်ခံ ပေါ့ဗျာ”
“ဒီလိုဆို ဘာတွေ လုပ်ထားရမလဲ”
“ချိန်တွယ် စရာ ကတ္တားတစ်လုံး ရှာထားရမယ်။ ချိန်တွယ်ပေးဖို့ လူတစ်ယောက် ရှာထားရမယ်”
“ကောင်းပါပြီ”

ကိုသန်းထွန်းနှင့် ကိုညွန့်မောင်တို့နှစ်ယောက် ကျွန်တော့်အပေါ်တွင် သက်ညှာစွာ ကူညီစောင့်ရှောက်ခြင်း ကြောင့် ကျွန်တော်သည် ဖျာပုံ၌ပင် ဇနီးဖြစ်သူ သန်းသန်းနှင့် အိုးမကွာ အိမ် မကွာ နေထိုင်နိုင်ခဲ့ ပါသည်။ ထိုအခါ ကျွန်တော်သည် မိမိဆောင်ရွက်ရမည့် ဖက်ဆစ်တော်လှန်ရေး လုပ်ငန်းကို စစ်ဝတ်စုံ ၀တ်လျက် လုံခြုံစွာ ဆောင်ရွက်နိုင်ပါသည်။ ထိုသို့ ဆောင်ရွက်နေစဉ်အတွင်း ကိုသန်းထွန်းတို့ ပို့ လိုက်သော ပစ္စည်းများ ကိုလည်း ရန်ကုန်စစ်ဝန်ကြီးရုံးထောက်ပံ့ရေးဌာနသို့ မပြတ်ပို့ပေးနိုင်ခဲ့သည်ပြင် ဖက်ဆစ်တော်လှန်ရေးနှင့် ပတ်သက်သော အခြေအနေများကို အစီရင်ခံနိုင်ခဲ့ပါသည်။

ကျွန်တော် ဖျာပုံတွင် နေထိုင်၍ ဖက်ဆစ်တော်လှန်ရေး မြေအောက်လှုပ်ရှားစည်းရုံးမှုများ ပြုနေချိန်တွင် ဂျပန်တော် သန်းကြည်နှင့် စကားပြန်ကိုသန်းနိုင်တို့ နှစ်ယောက်မှာ ကျွန်တော်လိုချင်သော သတင်းများစွာ ကိုစုဆောင်း ရယူပေးခဲ့ကြပါသည်။ အထူးသဖြင့် သန်းကြည်ထံမှ ဖျာပုံနယ်အတွင်း ဂျပန်ကင်ပေများ ဖမ်းဆီး ထားသော လူများစာရင်းကို ရယူပေးခဲ့ပါသည်။ ဂျပန်တို့သည် ဖက်ဆစ်တော်လှန်ရေးနှင့်ပတ်သက်သော သတင်း အနံ့ရရှိထားဟန်တူပါသည်။ ကျေးရွာများသို့ လှည့်လည်၍ တပ်မတော်များ ခိုအောင်းမှု ရှိမရှိစုံစမ်း မှုများပြုကြောကာင်း သိရပါသည်။
ကိုသောင်းအိ ရန်ကုန်သို့ ပစ္စည်းများပို့၍ ပြန်ရောက်လာသောအခါ ဆရာချစ်တို့ လူသိုက်အား ကိုဘဆွေ (ရန်ကုန်ဘဆွေ) တို့ ၀ှက်ထားပေးကြောင်းအပြင် ဂျပန်ကင်ပေမျးသည် ကိုဘဆွေ (ရန်ကုန်ဘဆွေ)အား သဲကြီး မဲကြီး ရှာဖွေလျက်ရှိကြောင်း သိရပါသည်။ ထိုအချိန်တွင် ကိုဘဆွေသည် မြစ်ဝကျွန်းပေါ်တွင် ဖက်ဆစ် ဆန့်ကျင်ရေး လှုပ်ရှားမှုကို အပြင်းအထန် ဆောင်ရွက်လျက်ရှိကြောင်း သတင်းကြားရပါသည်။

ကျွန်တော့်စိတ်တွင် လှုပ်ရှားလျက်ရှိပါသည်။
တစ်နေ့သော အခါ ကျွန်တော့်ထံသို့ ထင်းပွဲစား ကိုဘမောင်ဆိုသူ ရောက်ရှိလာပါသည်။ ကိုဘမောင်တို့ ထင်းပွဲရုံ မှာ သန်းသန်းတို့ အိမ်ဘေးရှိ ကျွန်တော့် ဦးလေးပိုင်သော မြေကွက်တွင် ဖွင့်ထားပါသည်။ ကိုဘမောင် တစ်ယောက် ကျွန်တော့်ရှေ့သို့ ရောက်သောအခါ ကောင်းစွာ စကားမပြောနိုင်ဘဲ မျက်ရည် များက တွေတွေကျလျက်ရှိပါသည်။ ၎င်း၏ ပါးပြင်မှာလည်း ခြင်းခြင်းနီလျက် ရှိပါသည်။ ၎င်း၏ အခြေအနေ ကို မြင်တွေ့ရခြင်းဖြင့် ကိုဘမောင်တစ်ယောက် ဂျပန်စစ်သားများ၏ လက်ချက်မိလာခဲ့ကြောင်း ကျွန်တော် သိလိုက်မိ သည်။

ဆက်ရန်
.

No comments: