Sunday, January 27, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၃၃)

ဒီတော့မှ စိတ်မကောင်းတဲ့ မျက်နှာလေးနဲ့ ခေါင်းလေးတွေ ညိတ်လို့ ကျေနပ်သွား ကြလေရဲ့။
ဆေးရုံ ရောက်တော့ ဒေါက်တာသန်းသန်းဌေး မှာထားတဲ့အတိုင်းပဲ၊ ခင်ထွေးကို ဆရာဝန် နဲ့ တွေ့ပေး လိုက်ပါတယ်။ ဆရာဝန်က သေသေချာချာ စမ်းသပ်ပြီးတာနဲ့ ကလေးသေဆုံးကြောင်း သူ့ကိုလည်း ရှင်းပြ၊ လိုအပ် တဲ့ ထောက်ခံစာလည်း ရေးပေးလိုကတော့ အမေခမျာ မျက်ရည်တွေကျလို့။ ဒီတော့မှ သူ့သား သေတယ် ဆိုတာ လက်ခံပေတော့တာပဲ။ အိမ်ကို လည်း တစ်ခေါက် ပြန် မသွားချင်တော့တာ နဲ့ ဂန္ဓီဆေးရုံ က အပြန်မှာ လမ်းလည်း ကြုံတာဖြစ်လို့ ကျွန်မတို့ ကိုးကွယ်တဲ့ ပုဇွန်တောင်က ဆားလင်းကျောင်း တိုက်ကို ဝင်လိုက်ပါတယ်။ ဆရာတော်နဲ့လည်း အဆင်သင်တွေ့လို့ တစ်ခါတည်း ကလေး ရဲ့ ရုပ်ကလာပ်ကို သရဏဂုံ တင်ပြီး တာမွေသုသာန်မှာ သင်္ဂြိုဟ်ရပါတယ်။
'ဉာတကနဉ္စ သင်္ဂဟော' အဆွေအမျိုးတို့ကို စောင့်ရှောက်ရခြင်း ဆိုတာ မင်္ဂလာတစ်ပါးလို့ ရှင်တော်ဘုရား က ဟောကြားခဲ့ပေမဲ့ မိမိမှာ ပြဿနာကင်းအောင်လည်း စောင့်ရှောက် တတ်ဖို့ လိုအပ်ပါလားဆိုတဲ့ အသိတရား တစ်ခုလည်း သင်ခန်းစာအဖြစ် ရရှိလိုက်ပါသေး တယ်။
ကျွန်မဘ၀ သင်ခန်းစာ များကတော့ စုံပါ့ဆိုတဲ့ အထဲပါပဲနော်။
ကို ဆက်ဖတ်ရန် ......

အပိုင်း (၃၅)

"အသက်တစ်ရာ မနေရပေမဲ့ တွေ့ရတတ်တယ်" လို့ ဆိုထားတာပဲနော်။ အဲဒီ တွေ့ရတဲ့ အမှု တွေထဲက ဘ၀သင်ခန်းစာလေးတွေ ယူသွားနိုင်ကြလို့လည်း အသက်အရွယ်ရတာနဲ့ အမျှ လူတွေမှာ ရင့်ကျက်မှု ရလာကြ တာ ဖြစ်မှာပါပဲ။ ဘ၀ခရီးမှာ ကြုံတွေ့ရင်ဆိုင်နေရတဲ့ လက်ရှိ တစ်မိနစ်စာ၊ တစ်နာရီစာ၊ တစ်နေ့စာကိုပဲ အာရုံထားပြီး အကောင်းဆုံး စိတ်စေတနာနဲ့ တာဝန်ယူသွားကြမယ် ဆိုရင် ကိုယ့်အတွက်ရော၊ သူတစ်ပါး အတွက်ပါ ကောင်းသော မနက်ဖြန်တွေ ဖြစ်လာနိုင်ကောင်းပါရဲ့။
ကျွန်မလည်း တူမလေးခင်ထွေးကို စိတ်ဖြေနိုင်အောင် ချော့မော့ပြီး တရားချရ၊ အားပေးရ၊ အကျိုးအကြောင်းစုံ ကိုလည်း သူ့ခင်ပွန်းသိရအောင် မန္တလေးကိုလှမ်းပြီးဆက်သွယ်အကြောင်း ကြားရနဲ့ အလုပ်တွေရှုပ်ပေါ့။ ဒီအချိန်မှာ ဦးကျော်ဇောကလည်း ကန်ရိပ်သာမှာ တိုက်တစ်လုံး စဆောက်ဖို့ ဗိသုကာဦးလှဖေနဲ့ ပုံဆွဲထားတာတွေ ကို လိုတာပိုတာ ပြင်ဆင်ပြီး ကုန်သွယ်ရေး က ပစ္စည်းတွေထုပ်ဖို့ အလုပ်ရှုပ်ပေါ့။

ခင်ထွေး မန္တလေး ပြန်သွားပြီးနောက် ကျောင်းပိတ်ရက် ရောက်တော့မှာကြောင့် သားတွေကို ရှင်ပြုဖို့ စဉ်းစား မိတာ နဲ့ စီစဉ်မယ် လုပ်ပါတယ်။ သားအကြီး ရွှေစင်က...
"ဟာ... မာမီကလည်း နေပါဦး၊ ကျော်ဝင်းတို့၊ မြတ်နိုးတို့နဲ့ ကျောင်းပိတ်ရက်မှာ ငပလီ သွားကြဖို့ တိုင်ပင် ထားတာ ခေါင်တုံးကြီးနဲ့ မသွားချင်ပါဘူး။ ပြန်လာမှ လုပ်ပါ " တဲ့။
သူ ဈေးဆစ်ကောင်းတာနဲ့ ကျွန်မလည်း ရက်ရွှေ့လိုက်ရပြန်ပါရောလေ။ သူတို့ တိုင်ပင်ထား တဲ့အတိုင်း သူငယ်ချင်းသုံးယောက် ငပလီတဲ့ သွားလိုက်ကြတာ ဒါပထမဆုံးအကြိမ် မိဘမပါ ဘဲ လွှတ်ရတဲ့ခရီးဖြစ်လို့ စိတ်မချနိုင် ဘဲ ရေနက်နက်ထဲ အတင့်ရဲပြီး ဆင်းမကူးကြဖို့လည်း မှာကြားလိုက်ရတာ အထပ်ထပ်ပါပဲ။
KG ကတည်းက တွဲလာကြတဲ့ ဒီသူငယ်ချင်းသုံးယောက်က ဘာလုပ်လုပ် အတူတူပဲလေ။ သင်္ကြန်ရက်ဆိုရင် မကျခင် တစ်ရက်ကတည်းက မောင်ကျော်ဝင်း အိမ်မှာ သွားစုကြပြီး နို့ဆီ ခွက်တွေ၊ သံပုံးစုတ်တွေနဲ့ တီးဝိုင်းဖြစ်အောင် ဖန်တီးပြီး တီးကြ မှုတ်ကြ၊ ရေပက်ခံ လည်ကြ၊ နှစ်ဆန်း တစ်ရက်နေ့ကျ မှ ခြေကုန်လက်ပန်းကျပြီး နေလောင်ထားလို့ တစ်ကိုယ်လုံး အသားနီ လန်ထာတဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ ပြန်ရောက် လာတာမျိုးပါ။ အမေက မနေနိုင်လို့ ဒဏ်ရာ တွေကို ပေါင်ဒါတွေ ဖြူးပေးရ၊ လိုးရှင်း လိမ်းပေးရပေါ့။

အခုလည်း သုံးယောက်သား ဘဲလ်ဘော့တွမ်တွေ၊ ဆံပင်အရှည်ကြီးတွေနဲ့ သွားကြလေရဲ့။ သံတွဲဈေး ထဲမှာ လျှောက်ကြတော့ ကလေးတွေက နောက်က တကောက်ကောက်လိုက်ပြီး "စုတ်စုတ်ပြတ်ပြတ် လမ်းသရဲ ရုပ်က ပုံမလာတယ်" ဆိုတဲ့ အကော်ဒီယံ အုန်းကျော်ရဲ့ သီချင်း ကို လိုက်ဆိုရင်း သြဘာပေးကြလို့တဲ့။ သွားတုန်း ကတော့ ငါးရက်ဆိုပြီး စီစဉ်သွားကြတာပါပဲ။ ပြန်မယ့်ရက်မှာ လေယာဉ်ကွင်းက အကောက်ခွန် အရာရှိက သိနေလို့။ အဲဒီအရာရှိက တစ် ဆင့် လက်မှတ် မရတာကြောင့် ပြန်မလာနိုင်သေးတာကို သတင်း ပို့ပေးလာ ပါတယ်။
ဆယ်ကျော်သက်ကလေးတွေ ဆိုတော့ ရှေ့နောက်စဉ်းစားပြီး တိုင်းရထွာရ ကောင်းမှန်းလည်း သိကြတာ မဟုတ်ဘူး။ ပါလာတဲ့ငွေတွေ သုံးကြစားကြပြီးတဲ့နောက် ပြန်ရမဲ့ရက်ကိုရောက်တော့ ကျန်သမျှငွေနဲ့ ငပလီပြန် လက်ဆောင်ပေး ဖို့ဆိုပြီး ခရုပုတီင်္းတွေ၊ ကောက်ညှင်းထုပ်တွေ ၀ယ်လိုက်ကြ တာပေါ့။ လေယာဉ်ကွင်းရောက် ကာမှ လက်မှတ် မရတော့ လက်ထဲမှာလည်း တစ်ပြားမှ မရှိကြတော့ဘူး။ တည်းတဲ့ဟိုတယ် ပြန်လာတော့လည်း အခန်းခ ပေးစရာ မရှိတာနဲ့ ဟိုတယ်စောင့် အဘိုးကြီးကို အကျိုးအကြောင်း ပြောပြရတယ်တဲ့လေ။ အဘိုးကြီးက သနားပြီး သူ့တဲလေးမှာ ပေးနေပေလို့ အိပ်စရာ နေရာလေး ရတာတဲ့လေ။

လက်မှတ်ကလည်း တစ်ရက်နဲ့မရ၊ နှစ်ရက်နဲ့မရ၊ ၀ယ်စားစရာ ပိုက်ဆံကလည်း မရှိတော့ လက်ဆောင်ပေး မဲ့ ကောက်ညှင်းထုပ်တွေ ကုန်သွားပြန်တော့ ရေသောက်ပြီး ဗိုက်မှောက်နေ ရတော့တာပေါ့။
ရန်ကုန်မှာရှိတဲ့ မိဘတွေကတော့ သူတို့ ကြုံတွေ့နေရတဲ့ အီသီယိုပီးယားနဲ့အပြိုင် ငတ်မွတ် ခြင်းဘေးကြီးကို မသိဘူးလေ။ တမျှော်မျှော်နဲ့ ဖြစ်နေရပြီး အချင်းချင်းတစ်ဦးနဲ့ တစ်ဦး ဖုန်း ဆက် သတင်းမေးနေရပါတယ်။ သုံးရက်မြောက်နေ့ ကျမှ မောင်မြတ်နိုးရဲ့ ဖခင် အစီအစဉ်လုပ် ပေးမှုနဲ့ VIPလေယာဉ်တစ်စီး အပြန်မှာ နေရာချောင်လို့ သူတို့သုံးယောက်ကို ပြန်ခေါ်လာခဲ့ ပေးဖို့ မှာကြားလိုက်တာကြောင့် သုံးယောက်သား ပြန်ရောက်လာကြလေရဲ့။ အဲဒီနေ့က လေ ယာဉ်ကွင်းက ရောက်ရောက်ချင်း ထမင်းပွဲပြင်တော့ စားလိုက်ကြတာ။ ထမင်းကို အခုမှမြင်ဖူး တဲ့ အတိုင်းပါပဲ။ သူတို့ အတွေ့အကြုံတွေ ကို ပြောပြလို့ နားထောင်ရတာ ကျွန်မမှာ ရယ် လည်း ရယ်ရ၊ ရင်လည်း နာရ။ ဒါ သူတို့အဖို့ ဖြစ်ချင်ရာဖြစ်တတ် တဲ့ လူ့ဘ၀ရဲ့ ဇာတ်လမ်း အစ နမူနာအပိုင်းလေးပေါ့နော်။
ရာသီဥတုရယ်၊ အချစ်ရယ်၊

လူ့ဘ၀ခရီး ဆိုတာရယ် အားလုံး အတူတူပါပဲ။ ဘယ်လောက်သေ ချာတယ် ထင်ထားထား တကယ်တမ်း ကျတော့ ဟုတ်ချင်မှ ဟုတ်တယ်၊ အချိန်မရွေး ပြောင်း လဲနိုင်တာပါလား ဆိုတာ ခံယူထားနိုင် ပါမှ တော်ကာကျပါတယ်။ အခုလည်း ကျွန်မတို့ အိမ် ရောင်းလို့ ထွက်လာတဲ့ငွေထဲက တချို့ကို ခွဲပြီး အိမ်သုံး စရိတ်ရအောင် မန္တလေးက ကျွန်မတို့ ရဲ့ မိတ်ဆွေရင်းတစ်ယောက်ဆီမှာ ရင်းနှီးဖို့ ထည့်ထားလိုက်တာ မို့ နေရေး စားရေးတော့ ရင်အေးသွားရတယ်ပေါ့။ ဓာတ်ပုံတိုက်ကရတဲ့ ၀င်ငွေကတော့ သားသမီးအတွက် ပိုပို လျှံလျှံ သုံးဖို့နဲ့ လှူစရာ၊ ပေးစရာအဖြစ် ထားပြီး ဦးကျော်ဇောကလည်း ကန်ရိပ်သာခြံမှာ တိုက်စ ဆောက်ဖို့ ပြင်ဆင်နေပြီလေ။ ဒီတော့ လက်ရှိအခြေအနေအရ ချောမွေ့ ဖြောင့်ဖြူးတော့မဲ့ အရိပ်အယောင် မြင်နေသလိုပါပဲ။

ဒီအချိန်မှာ တက္ကဆက်ပြည်နယ်မှာ တစ်ယောက်တည်း ချန်နေခဲ့တဲ့ သမီးကေခိုင်က လက်ထပ် ဖို့ ရည်ရွယ် သူ တွေ့ထားပြီ ဆိုပြီး ကျွန်မဆီမှာ ခွင့်တောင်းလေရဲ့။ အစ်ကိုကြီး အဖအရာမို့ အနီးအနားမှာရှိတဲ့ အစ်ကိုနဲ့ တိုင်ပင်ပြီး စီစဉ်ဖို့ ပြောလိုက်ရတယ်ပေါ့။ ကျွန်မအနေနဲ့ သား သမီးတွေရဲ့ အိမ်ထောင်ရေးကို လွတ်လပ် စွာ ရွေးချယ်ခွင့် ပေးထားပြီးဖြစ်လို့ သူတို့ကလည်း အမြဲတမ်း အမေကို ပွင့်ပွင့် လင်းလင်း ပြောဆိုတိုင်ပင်နေကျပါ။ သားနဲ့ ပြောတော့လည်း သား က သူ့ညီမ လက်ထပ်လိုတဲ့ သူငယ်ကို စိစစ်ကြည့်ပြီး မှ ကျေနပ်ခွင့်ပြုပါတယ်။ ဒီတော့ သားကြီးခင်မောင်ဝင်းခန့်က အုပ်ထိန်းသူအဖြစ်နဲ့ ကေခိုင်ရဲ့ လက်ထပ်ပွဲ မှာ ပါဝင်ပြီး ညီမ ငယ် ယမင်းကိုတော့ အပျိုရံအဖြစ် လုပ်စေချင်တယ် စီစဉ် တာကြောင့် မောင်နှမနှစ်ယောက် ကေခိုင် ရဲ့ လက်ထပ်ပွဲကို ပါဝင်ဖို့ ဟူစ္စဆင်ကို လိုက်သွားကြလေရဲ့။

ကျွန်မအဖို့တော့ ဝေးလံတဲ့ခရီးမို့ မသွားနိုင်ဘဲ ပို့လိုက်တဲ့ မင်္ဂလာဓာတ်ပုံလေးတွေ နဲ့ပဲ ကျေနပ်နှစ်သိမ့် လိုက်ရတယ်ပေါ့။ ကိုယ့်ကိုယ်စား တာဝန်ယူ စောင့်ရှောက်ပေးမဲ့သူတစ်ဦး ဘ၀အဖော်အဖြစ် ရထားပြီ ဆိုတော့လည်း တစ်နည်း စိတ်အေးရတယ် ဆိုပါတော့။ အဲ... စိတ်မအေးရသေးတာက မယမင်းအတွက်ပါပဲ။ အမေရိကား ကို ရောက်ကတည်းက လာသမျှ စာတွေက အိမ်အလွမ်းနာ စာတွေချည်းပဲလေ။ ဘယ်သူမဆို ကိုယ့်မွေးရပ်မြေကို ခွဲခွာသွားရ သူတိုင်း အိမ်းလွမ်းနာကျကြတာ ဓမ္မတာပါပဲနော်။
ရေခြားမြေခြား သူတစ်ပါးတိုင်းပြည် မပြောနဲ့။ ကိုယ့်တိုင်းပြည်ထဲမှာ မန္တလေးက နေပြီး ရန်ကုန်ပြောင်း လာတာတောင် ရင်ကွဲနာကျပြီး ကျွန်မမှာ နေ့စဉ်နဲ့အမျှ မျက်ရည်ကျပြီး ငိုနေရတာ တော်တော် နဲ့ နေသားမကျပါဘူး။ သုံးနှစ်လောက် ကြာကာမှပဲ နေသာထိုင်သာ ဖြစ်သွားရတာပါ။ ခုလို ဘာသာစကားမတူ၊ အလေ့အထ မတူ၊ အယူဝါဒမတူ၊ ယဉ်ကျေးမှုမတူ တဲ့ သူစိမ်းတစ်ရံဆံတွေကြားမှာ အခြေတကျဖြစ်ဖို့ ဆိုတာ လည်း အချိန်ယူရပါတယ်။ လောလောဆယ်မဖြေသာ၊ မနေသာဖြစ်နေတဲ့ သမီးကိုလည်း စာနာခံစားမိပါရဲ့။

ဒါကြောင့် စာတွေမပြတ်ရေးပြီး အားပေးနှစ်သိမ့်ပေမယ့် ငယ်ရွယ်သေးတော့ စိတ်အားမတင်း နိုင်ဘဲ အမေလိုက်လာဖို့ပဲ တဂျီဂျီမှာ နေပါတယ်။ သမီးဆီက ရောက်လာတဲ့စာတွေ ဖတ်ပြီး တိုင်း ကျွန်မရဲ့ရင်ကို ဆွဲဆုတ်ခံရသလို တစ်ခါတစ်ရံလည်း မျက်ရည်ကျမိတဲ့ထိ လှိုက်လှိုက်လှဲ လှဲ နာကျင်ခံစားရပါတယ်။
ဒါဆိုရင် လည်း ဘာဖြစ်သေးလဲ။ သမီးတို့အားလုံး သွားကြရအောင်လေတဲ့။ ကျွန်မမျက်ရည် ကျတာမြင်တော့ အနားမှာ ရှိတဲ့ ကေသီက အားပေးစကား ဆိုပါတယ်။ ပြောလို့သာ ပြောတာ ပါ။ အားလုံးသွားကြဖို့ ကိစ္စဆိုတာ လွယ်တာ မှ မဟုတ်ဘဲ။ နောက်ပြီး သမီးကေသီကလည်း သူ့အလုပ်နဲ့သူ ပျော်နေတာပါ။ မြန်မာ့လေကြောင်း သယ်ယူပို့ဆောင်ရေး မှာ လုပ်ရတာဖြစ် တော့ တစ်နှစ်တစ်ခါ မြန်မာပြည်တွင်း ဘယ်နေရာ သွားသွား လေယာဉ် လက်မှတ်က အလကားရသေးတာလေ။ သူတစ်ယောက်တည်းတင် မဟုတ်ဘူး။

မိခင်အနေနဲ့ ကျွန်မလည်း ခံစားခွင့်ရလို့ ဟန်ကိုကျလို့။
ကေသီက ခရီးသွားဖို့လည်း အလွန်ကိုဝါသနာပါတဲ့ မိန်းမ။ သူ့ကုသိုလ်ကလည်း ကောင်း တယ်။ အဲလို ခရီးသွား ၀ါသနာပါတဲ့သူ ယူဘီအေမှာ လုပ်တော့ ခြေထောက် အတောင်ပံ တပ်ပေးလိုက်တဲ့အတိုင်းပေါ့။ ငယ်ရွယ်စဉ် ကျောင်းသူဘ၀ကတည်းကလည်း ကျောင်းပိတ် ရက်ဆို ကေခိုင်နဲ့ ညီအစ်မနှစ်ယောက် ရွှေမန်းသင်္ကြန်ကို တစ်နှစ်မပြတ် သွားနေကြပါတယ်။ ကျွန်မက နောက်ပိုင်း မအေးသူမို့ ခရီးသွား ၀ါသနာပါပေမဲ့ အိမ်က ရက်ကြာကြာခွဲနိုင်သူ မဟုတ်တာကြောင့် ခရီးထွက်ဖြစ်ခဲပါတယ်။
ကျွန်မ လိုက်ပို့တာသာ စောင့်ပြီး သွားရမှာဆိုရင်တော့ ကလေးတွေလည်းဘယ်မှရောက်ဖူးကြ မှာ မဟုတ်ဘဲ ရွှေလှောင်ချိုင့်စံ မင်းသား၊ မင်းသမီးလေးတွေပဲ ဖြစ်နေကြတော့မှာမို့ စိတ်ချရ တဲ့ လူကြုံကောင်းရတိုင်း ကျွန်မက သူတို့နေရာတကာ ရောက်ဖူးရအောင် ပေးပြီးလွှတ်ပါ တယ်။ ဒါကြောင့် မကေသီဆို ဟိုးမြန်မာပြည်ရဲ့ အထက်ဖျား မချမ်းဘောကနေပြီး အောက်ခြေ ကော့သောင်ထိ ရောက်ဖူးပါတယ်။

ကော့သောင် ခရီးတစ်ခေါက်ကတော့ တကယ့်ကို အမှတ်တရပါပဲ။ အဲဒီနှစ်က ကော့သောင် သွားကြမယ် စီစဉ်တော့ သမီးအပါအ၀င် ယူဘီအေက ကလေးမတွေ တစ်သိုက်ကြီးပေါ့။ ရန်ကုန်က ထားဝယ် ကို လေကြောင်းနဲ့ သွားကြပြီး ထားဝယ်မှာ တစ်ရက်နား လျှောက်လည် ကြ၊ မြို့ခံဖြစ်တဲ့ မိတ်ဆွေ သန်းသန်းကြည် က တာဝန်ယူပို့ပေးတာနဲ့ မောင်းမကန် ပင်လယ် ကမ်းခြေကိုလည်း ရောက်ဖြစ်ကြသေးတယ်။ ကျွန်မ အညာသူအဖို့တော့ ပင်လယ်ရဲ့ အလှက အံ့မခန်းပါပဲ။ ကျိုက္ခမီနဲ့ ငပလီကမ်းခြေတွေ ထက် မောင်းမကန်က သဲသောင်ပြင် ပိုကျယ်တာ မို့ ငွေလွှာင်ဖြူးကြီး ချခင်းထားတဲ့အတိုင်း လရောင်ရိပ်မှာ လင်းလက်နေ ပုံက အသက်ရှုမှား လောက်တဲ့ ရှုခင်းပါပဲ။

လသာသာမှာ ကမ်းခြေတစ်လျှောက် လမ်းလျှောက်ထွက်ကြရင်း တခြားဗိုလ်တဲတွေက လူငယ်အုပ်စုတွေနဲ့ မိတ်ဆွေ ဖြစ်သွားကြလို့ အုပ်စုတောင့်တော့ သဲသောင်ပြင်ပေါ်မှာ စိတ် လွတ်လက်လွတ် ပျော်နေကြတာ ကြည့် ရတာ ကျွန်မတို့လူကြီးပိုင်း အုပ်ထိန်းသူတွေတောင် ရင်မှာ ပေါ့ပါးတဲစိတ်နဲ့ ကြည်နူးပီတိ ဖြစ်ကြရပါတယ်။ သန်းခေါင်တိုင် မှ ဗိုလ်တဲ ပြန်ရောက် တော့ ဗိုလ်တဲစောင့်ဦးကြီးက ကမာကောင် ဟင်းစပ်စပ်နဲ့ ထမင်းချက်ကျွေး တာကို စား ကောင်းကောင်းနဲ့ စားလိုက်ကြတာ စားပိုးနင့်မတတ်ပါပဲ။
ထားဝယ်ကနေ မြိတ်ကို လေကြောင်းနဲ့ ထပ်ဆင့်သွားရပါတယ်။ မြိတ်မှာတော့ ကြိုတင် အကြောင်းကြောင်းထားလို့ ဦးကျော်ဇောရဲ့သူငယ်ချင်း ဦးကြူဝကြီးက လေဆိတ်မှာလာကြို ပြီး သူ့အိမ် မှာတည်း၊ မြိတ်မြို့ကိုလည်း နှံအောင် လိုက်ပို့ပေးလို့ အဆင်ပြေတယ်ပေါ့။

မြိတ်ရဲ့ အသုံးအနှုန်းတွေကလည်း တစ်ရွာ တစ်ပုဒ်ဆန်း မှတ်သားစရာပါပဲ။ သူတို့က လူ နာမည်နဲ့ အတူထူးခြားချက်ကလေးတွေကို ၀ိသေသပြုပြီး တွဲခေါ်လေ့ရှိကြတယ်။ ကျွန်မတို့ မိတ်ဆွေ ဦးကြူဝကတော့ 'ဦူးကြူဝကြီး' တဲ့။ တခြားပိန်တဲ့ ဦးကြူကျတော့ 'ဦးကြူပိန်သေး' ဖြစ်ပါလေရော။ ကျွန်မသာ မြိတ်သူဖြစ်ခဲ့ရင် ဓာတ်ပုံရိုက်တာကို အကြောင်းပြုပြီး ဓာတ်ပုံ ခင်မကြီးလို့ အခေါ်ခံရမလား မသိနော်။
မြိတ်ကနေ ကော့သောင်းကို ကြယ်ငါးပွင့်သဘောင်္နဲ့ သွားရပါတယ်။ ပင်လယ်ထဲမှာ သင်္ဘော စီးဖူးတာ ဒါပထမအကြိမ် မို့ လှိုင်းမူးတဲ့ဒဏ်ကို အလူးအလဲ ခံလိုက်ရသေးတယ်။ အဲဒီသဘောင်္ ပေါ်မှာ ကျွန်မနဲ့ ကွန့်ဗင့် မှာကတည်းက တစ်တန်းတည်း ငယ်သူငယ်ချင်း 'မေဘယ်လ်ကြည်' ရဲ့ခင်ပွန်း ရေဒီယိုအရာရှိ ဦးလှသန်း ပါလာတာကြောင့် ခရီးမှာ အထောက်အကူ အများကြီး ရခဲ့ပါတယ်။ ကော့သောင်ကို ရောက်တော့ ဦးကြူကြိုတင် အကြောင်းကြား စီစဉ်ပေးတာ ကြောင့် အမတ်ဦးကြည် မိသားစု လာကြိုပြီး သူ့အိမ်မှာ အစစ တာဝန်ယူပြီး ပြုစုစောင့်ရှောက် ပေးပါတယ်။

နောက်နေ့မနက်ကျတော့ ဦးကြည်က မင်းတို့ လူငယ်လေးတွေ ဈေးဝယ်ဖို့ ရနောင်းကို နေ့ချင်းပြန် သွားချင်ရင် လူဝင်မှုကြီးကြပ်ရေးအရာရှိဆီမှာ ခွင့်တိုင်ပြီး သွားလို့ရတယ်ပြော တော့ မကေသီတို့ ယူဘီအေအုပ်စု ၀မ်းသာအားရ နဲ့ ထအော်ကြပါလေရော။ ကော့သောင်းနဲ့ ရနောင်းကလည်း နီးနီးလေးရယ်။ တစ်ဖက်ကမ်း မှာရှိတဲ့ ရနောင်းကို မော်တော်လေးနဲ့ ကူးလိုက်ရင် တစ်နာရီလောက်ပဲ ကြာတာလား။
ဒါနဲ့ ဦးကြည်ပြောတဲ့အတိုင်း လူဝင်မှုကြီးကြပ်ရေးမှာ ခွင့်တိုင်ပြီး ကျွန်မတို့အုပ်စုရနောင်း ကူးဖြစ်ကြပါတယ်။ ရနောင်းဘက် ခြေချလိုက်တာနဲ့ ဆိုင်ကြီးတွေက တန်းစီနေတာပဲ။ ကုန် ပစ္စည်းတွေကလည်း အပြည့်အသိပ်။ အ၀တ်အထည်တွေဆိုလည်း အလိပ်လိုက်၊ အလိပ်လိုက် ခေါင်ခိုက်နေအောင် များပြားတာပါ။
ကျွန်မနဲ့ ပါလာကြတဲ့ မကေသီတို့ သူငယ်ချင်းအုပ်စုတွေမှာ ဟိန်းနေတဲ့ ဆိုင်ကြီးတွေကို ကြည့်ပြီး ပါးစပ်အဟောင်းသားနဲ့ ဖြစ်နေကြလေရဲ့။ သူတို့လူဖြစ်တဲ့ခေတ်မှာ ကုန်သွယ်ရေးက ရောင်းချတဲံ သမ၀ါယမ ဆိုင်ကလေးလောက်ပဲ မြင်ဖူးထားတာ ဆိုတော့ လည်းအံ့မခန်းဖြစ်ရှာ မှာပေါ့။ ကျွန်မတို့ လူငယ်ူဖြစ်တုန်းက ဆိုရင် ရိုးကုမ္ပဏီတို့၊ တီဂျူးမားတို့၊ စိန်ဘရားသားတို့ ဆိုတာလည်း ရနောင်းက  ဆိုင်ကြီးတွေထက် သာအောင် ဟိန်းနေတာပါပဲ။

ကုန်ပစ္စည်းတွေ အထပ်လိုက်၊ အပုံလိုက်မမြင်စဖူး မြင်ရတော့ ဟိုဟာလည်း ၀ယ်ချင်၊ ဒီဟာလည်မးရချင် ၀ယ် လိုက် ကြတာ လက်မလည်နိုင်အောင်ပါပဲ။ ဆိုင်တစ်ခုထဲ ၀င်မိရင် မထွက်တမ်း ၀ယ်ချင်ကြလို့ ကျွန်မမှာ သူတို့ကိုလောဆော်ရ၊ ဘရိတ်အုပ်ရ၊ ပါးစပ်က အမြှုပ်ထွက်အောင် ပြောရတယ်လို့ လူကြီးတွေ ပြောနေကျ ပုံခိုင်း စကားကို ခုမှ လက်တွေ့ ကြုံရတော့တာပါပဲ။
ဈေးဝယ်ကောင်းနေတာနဲ့ နေ့လယ်စာတောင် မစားဖြစ်ကြပါဘူး။ ညနေလေးနာရီ ထိုးတာနဲ့ ပြန်ချိန်တန်လို့ သူတို့တစ်တွေ ကို ဆိုင်ထဲကသ ဆွဲထုတ်ဖို့ ကျွန်မ ကြိုးစားပေမဲ့ 'အန်တီရဲ့ ခဏလေးပါ' 'မာမီရဲ့ နေပါဦး' ဆိုတဲ့ အပြောတွေ နဲ့ အ၀ယ် လက်စမသတ်နိုင်တာကို ဆက်စောင့်လိုက်ရတာ ခြောက်နာရီ ထိုး ပါလေရော။ မှောင်စကလည်း ပျိုးနေပါပြီ။ ၀ယ်ခြမ်းလာတဲ့ ပစ္စည်းတွေကလည်း မနိုင် မနင်း။. မော်တော်အသေးလေး တစ်စီးတိုက်စာ ဖြစ်နေပါတော့တယ်။

မော်တော် စထွက်တော့ မြစ်ထဲမှာ မည်းမည်းမှောင်နေပြီ။ ကော့သောင်က အထွက်မှာ လူဝင်မှုကြီးကြပ်ရေး အရာရှိက အသေအချာကို မှာလိုက်တာပါ။ " ခင်ဗျားတို့ လေးနာရီ ထိုးတာနဲ့ ပြန်လာကြနော်၊ မမှောင်စေ နဲ့၊ မှောင်ရင် စိတ်မချရတာ မဟုတ်ဘူး။ လူကို မော်တော်ပေါ်က ရိုက်ချပြီး လုယူတာမျိုးတွေ ရှိတယ်။ ဖြစ်လာရင် ကျွန်တော်တို့မှာ တာဝန်ရှိတယ် "တဲ့။
အခု ရေလယ်ကျတော့မှ အရာရှိရဲ့စကား ကြားယောင်ပြီး ကျွန်မတို့မှာ ရင်တထိတ်ထိတ် နဲ့ ကြောက်လိုက်ကြတာ တုန်လို့ပါပဲ။ ဖြတ်လာတဲ့ မော်တော်တွေ့တိုင်း အန္တရာယ်ပြုမဲ့သူတွေ ဖြစ်လေမလား ဆိုတဲ့ စူးစမ်းအကဲခတ်ရပါသေးတယ်။ တကယ် ဟုတ်နေရင်လည်း ဒီအချိန်မှာ ဘာမှမတတ်နိုင်ဘဲ လည်စင်းပြီး ခံလိုက်ရမဲ့ အဖြစ်ပါပဲ။

မော်တော်တစ်ခုလုံးမှာ အားကိုးရာ ယောက်ျားလေးရယ်လို့ မြင့်မြင့်ဝေရဲ့ အစ်ကိုမောင်မြတ်ကျော် တစ်ယောက်တည်း ပါတာပါ။ လူကြီးဆိုလို့ ကျွန်မတစ်ယောက် တည်းရယ်နော်။ တွေးကြည့်ရင် အားငယ် စရာကြီး။ ကော့သောင် ရောက်ခါနီး တစ်ခေါ်လောက် အလိုမှာ သေနတ်ကိုင် ယူနီဖောင်းဝတ်တွေ နဲ့ မော်တော်က ကပ်လာတော့ ကျွန်မတို့တော့ မြစ်လယ်ကောင်မှာ ကိစ္စချောလေပြီလို့ တွေးရင်း အသက်ရှုမှား၊ လက်ဖျားခြေဖျားတွေပါ အေးနေအောင် ထိတ်လန့်တုန်လှုပ်မိတော့တာပဲ။

တော်ပါသေးတယ်။ ကင်းလှည့်တဲ့ မြန်မာပြည်ဘက်က ရဲတွေ ဖြစ်နေလို့ သက်သာ ရာရသွားတာပါ။ ကမ်းကိုကပ်တော့ အမတ်မင်းဦးကြည်ရော၊ လူဝင်မှု ကြီးကြပ်ရေးအရာရှိတွေရော အားလုံးတန်းစီပြီး လက်နှိပ်ဓာတ်မီးတွေ၊ မီးအိမ်တွေနဲ့ စိတ်ပူလို့ လာစောင့်နေကြတာတဲ့။ ကျွန်မမှာ အားနာလွန်း လို့ တောင်းပန်လိုက်ရတာ။ ကိုယ့်သမီး တစ်ယောက်တည်း ဆိုရင်လည်း " ဟဲ့ လာခဲ့၊ ပြန်မယ် "လို့ ခေါင်းခေါက်ခေါ်ခဲ့ရင် ဖြစ်သေးတယ်။ သူတစ်ပါး သားသမီးတွေကျတော့ ကိုယ်က မဆိုရက် မပြောရက်တဲ့ အပြင် သူတို့ လူငယ်လေးတွေ မတွေ့ဖူး မမြင်ဖူးကြတော့ အရူးအမူး ဖြစ်နေကြတာကို ကြည့်ပြီး ကိုယ်ချင်းစာ သနားမိ တာလည်း ပါရဲ့ပေါ့။ တကယ်တော့ ခေါင်းဆောင်ကောင်းမမည်၊ လူကြီးမပီသသော ကျွန်မရဲ့ အပြစ်ပါပဲလေ။

ဒါကြောင့် ကော့သောင်ခရီးကို အမှတ်တရအဖြစ် သတိရနေခြင်းပါပဲ။ ရန်ကုန်ပြန်ရောက်တော့ လည်း ကိုယ့်တာဝန် နဲ့ကိုယ် ပုံမှန်လည်ပတ်မြဲပေါ့။ သားကိုရွှေစင် အမေရိကား စာသင်သွားဖို့ကလည်း စီစဉ်ရဦးမှာ ဖြစ်တော့ သားကို အင်္ဂလိပ်စာ ကောင်းအောင် ဆရာမတီနာအုံးဆီကိုပို့၊ လက်နှိပ်စက်ရိုက်ပါ သင်ခိုင်း ထားတဲ့အပြင် သားကို အိမ်နီးချင်း အဖြစ် နေခဲ့ဖူးတဲ့ ဆရာပေါ်ဦးသက်ဆီမှာ ပန်းချီသင်ပေးဖို့လည်း သွားပြီး အပ်ရပါတယ်။
သားသွားဖို့ လှုပ်ရှားနေတာတွေ တွေ့တော့ ကူးစက်ရောဂါနဲ့ သမီး ကေသီကလည်း အမေရိကား သွားချင် တယ် ဖြစ်ပြန်ပါရော။ ရောဂါတက်နေဆဲ တစ်နေ့ ကျွန်မကို စာချုပ်လာချုပ်လေရဲ့။
"မာမီ၊ သမီးလည်း ရွှေစင်နဲ့ အတူတူ အမေရိကား လိုက်သွားချင်တယ်၊ ဟိုမှာ ဘွဲ့လွန်မာစတာတစ်ခု ထပ်တက် မယ်လေ "
" အေး၊ ဘွဲ့လွန်တစ်ခု ရထားတယ်ဆိုရင် ကောင်းတာပေါ့ " လို့ ကျွန်မက ဆိုတော့...

" ဒါပေမဲ့ မာမီပါ လိုက်မှ သမီးတို့က သွားချင်တာ "
" မလွယ်တဲ့ ကိစ္စကြီးပါ သမီးရယ် "
" ဘာလို့ မလွယ်ရမှာလဲ၊ ကိုကိုက အားလုံး လာဖို့ သံရုံးကို ခေါ်စာတွေ တင်ထားပြီးသားဆို "
" အေးလေ၊ ခေါ်တာတော့ ဟုတ်တာပေါ့၊ ဒါပေမဲ့ သမီးရဲ့ အစ်ကိုကို တာဝန်တွေ ပေးလို့မဆုံး ဖြစ်နေတာတော့ ဘယ်ကောင်းမလဲကွာ၊ သူ့မှာလည်း မိသားစုနဲ့ သားသမီးတွေနဲ့၊ သူ့ဘ၀ ရပ်တည်ရေးကလည်း ရှိသေးတဲ့ဟာ "
"ဒါကြောင့် မာမီပါ လိုက်ခဲ့ဖို့ သမီးက ပြောတာပေါ့၊ မိသားစုအားလုံး ရောက်သွားရင် ကိုကို့ကို တာဝန်ပေးဖို့ မလိုတော့ဘူးလေ၊ ကိုယ့်ဟာကိုယ် ရပ်တည်ပြီး နေကြမှာပေါ့ "
သမီးရဲ့ စကားတစ်ခွန်းက ကျွန်မအတွက် စဉ်းစားစရာ ဖြစ်သွားပါတယ်။ ဟုတ်ပေသားပဲ။ သားကိုချည်း ကလေးတွေ တစ်ယောက်ပြီး တစ်ယောက် ပို့ရင်း တာဝန်ပေးနေရတာကတော့ မမျှတရာ ရောက်နေတာ အမှန်ပါပဲ။

ဒီအတွေးက ကျွန်မဦးနှောက်ကို တော်တော်လေး အလုပ်ပေးနေပါပြီ။ ကျွန်မအဖြစ်ကလည်း သူတကာလို စိတ်ဆန္ဒရှိတိုင်း ဖုတ်ဖက်ခါ ထသွားလို့ရတာမျိုး မဟုတ်။
စိတ်ဝေတနာရှင် မိခင်ကြီးက ဟိုအချိန်တုန်းကလို မကြာမကြာ တံတားကလေးဆေးရုံကို ပို့ပြီး ဦးနှောက်ကို လျှက်စစ်ဓာတ် နှိပ်ပေးနေရလောက်အောင် ကုသပေးစရာ မလိုတော့တဲ့ အခြေအနေထိ ကောင်းလာတာမှန်ပေမဲ့ ပကတိ လူကောင်း တစ်ယောက်လိုမျိုးကလည်း မဟုတ်သေးတာကြောင့် သူတစ်ပါး တိုင်းပြည်မှာ သွားနေလို့ ဖြစ်ပါ့မလား ဆိုတာကလည်း အဓိကထားပြီး စဉ်းစားရပြန်ပါတယ်။ နောက်ပြီး ငယ်ငယ်က ရွှေစွန်ညို ကစားရင်း ခေါင်လူကြီးရဲ့ နောက်က ခါးဖက်ပြီး တွဲပါလာတဲ့ အတွဲရှည်ကြီးလို ကျွန်မ ခါးကို ဖက်ပြီးပါလာကြမဲ့ ကလေးတွေကလည်း အရွယ်အစားစား ရှိသေးတာ မဟုတ်လားနော်။

တစ်ရွာမပြောင်း သူကောင်းမဖြစ် ဆိုတဲ့စကားကလည်း ရှိသလို သေချင်တဲ့ကျား တောပြောင်းဆိုတဲ့ စကား ကလည်း ရှိသေးတာမို့ ကျွန်မရဲ့ အတွေးတွေက ခေါင်းထဲမှာ ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀အဖြစ် ချာချာလည်နေလေရဲ့။ ဒါကြောင့် ဦးကျော်ဇောကို တိုင်ပင်ကြည့်မိပါတယ်။
"ဟာ...သိပ်ကောင်းတာပေါ့၊ သွားသင့်တာပေါ့ "နဲ့ သူက အားတက်သရော ထောက်ခံ နေပါလေရော။
" အေး... သွားပါပြီတဲ့၊ ဟိုကျ ဘာလုပ်စားကြမှာလဲ "
"အမယ်လေး ဒါများ တွေးပူလို့ကွာ၊ ဒီက မြန်မာပစ္စည်းတွေက အမေရိကား ဈေးကွက်ကို ရောက်သေးတာ မဟုတ်ဘူး၊ ယွန်းထည်တွေ၊ ငွေထည်တွေ၊ ပန်ပုတွေကို နိုင်ငံခြားသားတွေ စိတ်ဝင်စားကြလွန်းလို့မှ M.E.I.C (မြန်မာသွင်း ကုန်ထုတ်ကုန်ဌာန)မှာ ကိုယ့်မိတ်ဆွေတွေ ရှိတယ်၊ သွားပြီး ဆွေးနွေးကြည့်တာပေါ့၊ ကိုယ်တို့က ဦးဦးဖျားဖျား စနိုင်ရင် အကျိုးရှိမှာပဲ " တဲ့။
သူက အားပေးအားမြှောက် လုပ်လိုက်တာနဲ့ ကျွန်မလည်း စိတ်ဝင်စားသွားတယ် ဆိုပါတော့။ ဒါနဲ့ ပထမဆုံးအနေနဲ့ အရေးတကြီး ပြဿနာဖြစ်နိုင်တဲ့ မာမီရဲ့ သဘောထား ဘယ်လိုရှိမလဲ ဆိုတာကို မသိမသာ တီးခေါက်ကြည့်ပါတယ်။ သားရွှေစင်နဲ့ သမီး ကေသီတို့ မောင်နှမ နှစ်ယောက်ကို စာသင်ဖို့ အမေရိကား ပို့မလို့ စိတ်ကူးရင်း ကျွန်မတို့လည်း ငါးနှစ်လောက် ခေတ္တသွားနေပြီး စီးပွားရှာကြည့်ရင် ကောင်းမလား မသိဘူး ဆိုတဲ့ အနေနဲ့ ပြောကြည့်တော့ မာမီကလည်း စိတ်ပါလက်ပါနဲ့...။

"ကောင်းသားပဲ၊ ဒါဆိုရင် မာမီလည်း သားကြီးဝင်းက မွေးတဲ့ မြစ်တွေကို မြင်ဖူးတွေ့ဖူးတာပေါ့ " တဲ့။ ကဲ… အဆင်ချော ချင်တော့လည်း တိုင်ပင်လိုက်တဲ့သူတွေက ထောက်ခံအားပေးနေတော့ ကျွန်မလည်း စိတ်အား တက်လာတယ်ပေါ့။ ဒါပေမဲ့ တစ်ဖက်မှာကလည်း တိုက်က ဆောက်တော့မဲ့ဆဲဆဲ။ အားလုံးက လည်း အခြေတကလေး ရှိနေပြီ။ နေရေး စားရေးအတွက် မပူမပင် နေနိုင်တဲ့ အခြေအနေတစ်ခု ကို ရောက်လုနီးနေပြီဆိုကာမှ အားလုံးကို ဖျက်ပြီး အခြေအနေ သစ်တစ်ခုကို စလုံးကနေပြန်ပြီး  စရမှာက လည်း တစကယ်ကို မလွယ်သော ကိစ္စမဟုတ်ပါလားနော်။
ခုချိန်ထိ ဖြတ်သန်းလာခဲ့ရတဲ့ ကျွန်မ ဘဝကို ပြန်ပြီး လေ့လာကြည့်မိပါတယ်။ ငယ်ရွယ်စဉ် ကျောင်းသူ ဘဝ မှာတော့ ကလေးမို့ဘာမှမသိခဲ့တာကြောင့် ထားလိုက်ပါတော့။ ဆယ်ကျော်သက်အရွယ်မှာ ဒုတိယ ကမ္ဘာစစ်ကြီး နဲ့ နဖူးတွေ့ ဒူးတွေ့ ကြုံလိုက်ရကတည်းက စခဲ့တဲ့ လောကဓံနဲ့ တိုက်ပွဲဟာ အခုမှ သက် ပြင်းလေးချပြီး အနား ရမယ် ကြံကာရှိသေး။ အေးအေးမနေဘဲ နောက်တစ်ပွဲ ရင်ဆိုင်ရုန်းကန်ဖို့အတွက် ကြံစည် စိတ်ကူးနေတယ် ဆိုတာရော သင့်မှ သင့်တော်ပါ့မလား။

အသက်အရွယ်နဲ့ အခြေအနေ ဆိုတာတွေကိုလည်း ထည့်တွက်ရဦးမှာ မဟုတ်လားနော်။ မန္တလေးမှာ လျှမ်းလျှမ်းတောက် အောင်မြင်နေဆဲ ရှိသမျှ အခြေအနေတွေကို ဖျက်ခဲ့ပြီး ရန်ကုန်မှာ စလုံးက ပြန်စရ တုန်းက အသက်အရွယ် က နှစ်ဆယ်ကျော် အစိတ်ပိုင်းပဲရှိသေးတာမို့ နုတုန်းပျိုတုန်း လန်းဆန်းတက် ကြွတုန်းလေ။ ကလေး ကလည်း နှစ်ယောက်တည်း ရှိသေးတာအပြင် မမသန်းက လုံးဝတာဝန်ယူသွား တာမို့ လှည့်ကြည့်စရာ မလိုအောင် နောက်ပိုင်းအေးရပါတယ်။ တဖြည်းဖြည်းနဲ့ ဘောလုံးပွဲအသင်း တစ်စုစာနီးပါး ကလေးတွေ စုမိအောင်မွေးထားပြီးတဲ့ ခုချိန်မှာ ကျွန်မရဲ့အသက်ကလည်း ငါးဆယ်တွင်း ရောက်ရုံမက ပြည့်လို့ တစ်နှစ်တောင် စွန်းနေ ပါပြီ။ ဒီဝန်ပိုးကြီးကို သူတစ်ပါးရဲ့တိုင်းပြည်မှာ ကျွန်မ အောင်မြင်စွာ ထမ်းဆောင်နိုင် မှာတဲ့လား။ ဒါကလည်း အလွန်စဉ်းစားစရာ အချက်တစ်ခုပါပဲ။
အခြေအနေအရပ်ရပ် ကို ချပြီး တွေးကြည့်တော့ လက်ရှိအတိုင်းက ရင်မောစရာ သိပ်မရှိတော့ဘဲ ဘဝ ခရီးကို ဂုဏ်ပကာသန မပါ ရိုးရိုးစင်းစင်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်း လျှောက်နိုင်မဲ့ အနေအထားမှာ ရှိနေပါပြီ။
ဒါပေမဲ့…

အဲဒီ ဒါပေမဲ့ ဆိုတာကြီးကို တွေးရင်း ကျွန်မ ဆုံးဖြတ်ရခက်နေခြင်းပါပဲ။ လောကမှာ ဘယ်ဟာမှ အလ ကားရတယ်ဆိုတာ မရှိပါဘူး။ မမြင်ရလို့သာ မသိကြတာ၊ အရာရာအားလုံးမှာ ဈေးနှုန်းအသီးသီး ကပ် ပြီးသား ပါလာတာ ချည်းပါပဲ။ တစ်ခုမဟုတ် တစ်ခု တန်ရာတန်ကြေးတော့ ပေးရစမြဲပါနော်။
အခုလည်း သားတွေ သမီးတွေ အားလုံးရဲ့ပညာရေးအပြင် မိခင်နဲ့ မကွဲမကွာနေလိုခြင်း ဆန္ဒပြည့် မြောက်ရေးအတွက် ဆုံးဖြတ်ရမယ်ဆိုရင် တန်ဖိုးအနေနဲ့ ပေးရမှာက ကျွန်မ သတ္တိရှိရှိနဲ့ အခြေအနေ အရပ်ရပ် ကို ရင်ဆိုင်ရုန်းကန်ရမှာပါပဲ။

ဒီဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင်နိုင် ချဖြစ်ဖို့အတွက်တော့ ကျွန်မ အိပ်မပျော်သော ညများစွာကို ဖြတ်သန်း ခဲ့ရပါတယ်။ ဆုံးဖြတ်ချက်တစ်ခုချဖို့ ခက်ခဲလေ၊ တစ်ဖက်မှာ နက်နဲတဲ့ အကျိုးအကြောင်းတရားတွေ ရှိ နေတတ်တာပဲနော်။ အမေရိကားကို လာဖို့အရေး အသက်ငါးဆယ်ပဲ ရှိသေးတဲ့ ကျွန်မမှာ ကိုယ့်ကိုယ် ကိုယ် အားပေး ရင်း သတ္တိတွေ မွေးနေလိုက်ရတာ အတိတ်လမ်းကို ပြန်လျှောက်ရင်း အခု စာရေးနေတဲ့ အချိန်မှာ အာကာသ ယာဉ်မှူး John Glenn က အသက် ၇၇ နှစ်မှာ အာကာသကို ဒုတိယ အခေါက် တောင် ပြန်သွားနေလိုက်သေးတယ်။ အရေးကြီးတာက အသက် မဟုတ်ပါဘူး။ ဆုံးဖြတ်ချက်တစ်ခုအ တွက် လိုအပ်ချက် ဆိုတာက မိမိဆန္ဒကို သင့်တင့်အောင် နှလုံးသွင်းနိုင်ခြင်း၊ ကောင်း/ဆိုး ဖြစ်ရပ်အား လုံးအပေါ် မှာ တာဝန်ယူနိုင်ခြင်းနှင့် ဖြစ်လာသမျှကို သတ္တိရှိရှိနှင့် လက်ခံဖြေရှင်းနိုင်ခြင်းပါပဲ။

ဒီလိုနဲ့ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ပြီးပြီ ဆိုတော့လည်း အကောင်အထည်ဖော်ဖို့အတွက် ခြေလှမ်းစရ တယ်ပေါ့။ အမေရိကား မှာ စီးပွားရေးစနိုင်ဖို့ အခြေခံကိစ္စတွေ သိမှတ်ရအောင် ဦးကျော်ဇောနဲ့အတူ M.E.I.C က သူ့မိတ်ဆွေ အရာရှိ ကို သွားတွေ့ပြီး ဆွေးနွေးပါတယ်။ အမေရိကားကို  စိတ်ဝင်တစားနဲ့ လိုချင်လို့ မှာတဲ့ ပစ္စည်းတွေ နှစ်မျိုးပဲရှိတယ်တဲ့။ ဝါးရိုးတံနဲ့ လုပ်ထားတဲ့ ငါးမျှားတံရယ်၊ နောက်တစ်မျိုး က ပုသိမ်ထီး တဲ့။ နိုင်ငံကြီးတွေမှာကျတော့ ကုန်တိုက်ကြီးတွေက တစ်ခုတည်းမဟုတ်ဘဲ အနယ်နယ် အမြို့မြို့မှာ ဆိုင်ခွဲတွေ ရှိတာမို့ မှာပြီဟေ့ဆိုရင်လည်း အရေအတွက်က သိန်းချီပြီး မှာတာလို့ ပြောပြ ပါတယ်။ ကျွန်မတို့ တိုင်းပြည် အနေနဲ့ စက်မှုထွန်းကားသေးတာ မဟုတ်တာကြောင့် အဲလို အများကြီး မှာတဲ့အခါ ထုတ်ကုန်အဖြစ် လိုအပ်သလောက် မီအောင် ပို့ပေးဖို့ အခက်အခဲရှိတဲ့အကြောင်း။
နောက်တစ်ခု Quality Control ဆိုတာက ရှိပါသေးတယ်။ နမူနာတစ်ခုကို ပြပြီး ဈေးစကားဆို၊ အရောင်းအဝယ် ဈေးတည့်လို့ ကုန်ပို့တဲ့အခါမှာ စောစောက ပြထားတဲ့ နမူနာအရည်အသွေးနဲ့ တစ် တိုင်းတည်းဖြစ်ဖို့ ကလည် လိုအပ်သေးတာပါ။ Quality Control ကြောင့် စံမမီမှုနဲ့ ပြဿနာတက်တာ မျိုးလည်း ရှိတတ်ကြောင်း စတဲ့ ကျွန်မတို့ သိသင့်သိထိုက်တဲ့ ကိစ္စတွေကို အရာရှိမိတ်ဆွေက စိတ်ရှည် ရှည်နဲ့ ရှင်းပြ ပါတယ်။

ကျွန်မ လုပ်ချင်တာက မြန်မာ့ယွန်းပစ္စည်းတွေ၊ ငွေထည်တွေနဲ့ ပန်းပုတွေ စတဲ့ အနုပညာနဲ့ပတ်သက် တဲ့ အလှထားပစ္စည်းမျိုးတွေဆိုတော့ အခုလို Quality Control ဆိုတာမျိုးတွေ သိထားရတာအတွက် ပြင်ဆင်ဖို့ အထောက် အကူဖြစ်စေပါတယ်။ အဆင်ပြေအောင် လုပ်နိုင်လိမ့်မယ်လို့လည်း မျှော်လင့်မိ တာပေါ့။ ဒါကြောင့် မိတ်ဆွေရင်းဖြစ်တဲ့ ကျိုင်းတုံစတိုးက ဒေါ်မိမိလေးနဲ့လည်း တိုင်ပင်ကြည့်ပါတယ်။  ကျွန်မက အမေရိကားဘက်မှာ ဈေးကွက်ရှာမယ်။ ဒေါ်မိမိလေးက မြန်မာပြည်ဘက်က ပစ္စည်းတာဝန် ယူပြီး အဝယ်တော်အဖြစ်နဲ့ ပို့ပေးမယ် စသဖြင့်ပေါ့။
ကျွန်မတို့ စိတ်ကူးယဉ်ပြီး လေထဲမှာ ဆောက်လိုက်တဲ့ တိုက်အိမ်ကြီးကတော့ ဝေဇယန္တာတမျှ လှပလို့ပဲ ဆိုပါတော့။ အဲဒီလို စီးပွားရေး စနိုင်ဖို့ အစီအစဉ်တွေဆွဲပြီးတဲ့နောက် လက်တွေ့ရှင်းရမဲ့၊ ပြင်ဆင်ရမဲ့ ကိစ္စတွေကလည်း အများကြီး ရှိပါသေးတယ်။ ပထမဆုံး ဆောက်မယ်လို့ ပြင်ဆင်ထားတဲ့ တိုက်ကို လည်း ရပ်ဆိုင်းပြီး အဲဒီမြေကွက်က သမီးကေသီရဲ့နာမည်နဲ့ ဝယ်ထားတာဖြစ်လို့ ဒါကိုလည်း စာရင်း ရှင်းတဲ့ အနေနဲ့ ပြန်ရောင်းဖို့ စီစဉ်ရပါတယ်။

ကျွန်မတို့ ကံကောင်းချင်တော့ မြေဈေးတွေ၊ တိုက်ဈေးတွေ တက်လာတဲ့အချိန် ဖြစ်နေပါရော။ ခြံက ကျယ်တာမို့ ဆောက်မယ် ပြင်ဆင်ထားတဲ့ တိုက်နေရာကို ပိုင်းပြီး မြေရော၊ ဆွဲထားပြီးသား တိုက်ပုံစံ ရော၊ ကုန်သွယ်ရေးက ထုတ်ထားပြီးသား တစ်တိုက်စာ ပစ္စည်းတွေရောပါထည့်ပြီး ရောင်းဖို့ စီစဉ်တော့ ကျွန်မတို့နဲ့ ရင်းနှီးတဲ့မိတ်ဆွေ ဗိုလ်မှူးကြီး ကြီးမြင့်နဲ့ ဈေးတည့်ပါတယ်။ အဲဒီ တိုက်တစ်နေရာစာအပြင် ကျန်တဲ့မြေကိုလည်း အကွက် ချပြီး ရောင်းဖို့ စိတ်ကူးတာကြောင့် အလယ်မှာရှိတဲ့ ရုပ်ရှင်စတူဒီယိုကြီး ကိုလည်း ဖျက်ရမယ် စသဖြင့် လုပ်ရမဲ့ ကိစ္စတွေက အများကြီး တန်းစီနေတော့တာပဲ။

စတူဒီယိုမှာ ပေးနေထားတဲ့ ခြံစောင့်မိသားစုကို နေရာရွှေ့ပေးဖို့ စီစဉ်ပေးရဦးမှလေ။ အနေကြာတော့ သူတို့ကိုလည်း သံယောဇဉ်ဖြစ်နေပါပြီ။ ဒါကြောင့် သူတို့ကို သင့်တော်မဲ့ ရပ်ကွက်ထဲမှာ ငှားနေရအောင် လုံလောက်တဲ့ အိမ်စပေါ်ငွေလည်း အထိုက်အလျောက် ပေးလိုက်မယ်ပေါ့။ ဒါမှလည်း သမီးပျိုလေးနဲ့ နေစရာ အဆင်ပြေသွားမှာဆိုတာကို ကျွန်မတို့နှစ်ယောက် တိုင်ပင်ကြပြီး အဲဒီအစီအစဉ်ကို ပြောပြဖို့ တစ်ညနေမှာ ခြံထဲကို သွားကြတော့ စကားစကာပဲ ရှိသေးတယ်။ ယောက်ျားက အချိုးပြောင်းသွား လိုက်တာ မယုံနိုင်အောင်ပါပဲ။
ခါတိုင်း ကျွန်မတို့ သွားရင် အန်ကယ်ရဲ့၊ အန်တီရဲ့နဲ့ ပျာနေတဲ့သူက ခုကျ မျက်နှာထားတင်းတင်းနဲ့ "ဒီလို လွယ်လွယ် စီစဉ်လို့ ဘယ်ရမလဲ၊ အန်ကယ်တို့ တန်ရာတန်ကြေးပေးမှ ဖယ်ပေးနိုင်မယ်" တဲ့။
ကျွန်မ ဆိုတာ သူ ပြောတာကို ကြားရတော့ အံ့သြလွန်းလို့ စကားတစ်ခွန်းမှတောင် မထွက်နိုင်ဘဲ သူ့ကို အငေးသား ကြည့်နေမိတယ်။ ဦးကျော်ဇော က စိတ်ဆိုးတဲ့ အရိပ်အယောင် မပြဘဲ ချော့ချော့မော့မော့နဲ့ "အေးပါ၊ အန်ကယ် တို့ကလည်း တိုင်ပင်ထားပြီးသားပါ။ မောင်ရင်တို့ ရပ်ကွက်ထဲမှာ အိမ်ငှားနေနိုင်ဖို့ လုံလောက်တဲ့ စပေါ်ငွေပေးပြီး ပြောင်းရွှေ့တာအတွက် အားလုံး စီစဉ်ပေးမှာပါ" နဲ့ လေသံပျော့ပျော့နဲ့ ပြောနေလေရဲ့။

ကျွန်မ စောစောက ထားမိတဲ့ စေတနာတွေ ဘယ်ဆီရောက်သွားမှန်းတောင် မသိတော့ပါဘူး။ အဲဒီ စေတနာ နေရာ မှာ ဒေါသမီးတွေ တဟုန်းဟုန်းတောက်ပြီး ရင်ထဲမှာ မခံမရပ်နိုင် ဖြစ်နေတော့တယ်။ လူကြီး သူမတွေ ပြောခဲ့ဖူးတဲ့ "လှေမျောလည်း မဆယ်နဲ့၊ ခြေနှစ်ချောင်းလည်း မကယ်နဲ့" ဆိုတဲ့ ရှေး စကားကို ကြားယောင် မိပါတယ်။ ဘယ်သူ တစ်ဦးတစ်ယောက်ကမှ တောင်းဆိုမှုမပါဘဲ နေသာပါလျက် နဲ့ ကျွန်မက စာနာစိတ်ထားပြီး စေတနာအလျောက် ကူညီစောင့်ရှောက်မိတဲ့ ဒီအဖြစ်ကို ရရှိလိုက်တဲ့ တုံ့ပြန်မှုကို မယုံနိုင်အောင် ကြုံရခြင်းပါပဲ။
တချို့သော လူတွေမှာ ဒီလို နိမ့်ကျတဲ့ စိတ်ဓာတ်မျိုး ရှိတတ်ပါလား ဆိုတာကိုလည်း ကိုယ်တွေ့ကြုံမှပဲ နားလည်ရပါတော့တယ်။ ပြဿနာ နည်းစေချင်လို့ ဦးကျော်ဇောက ဆက်လက်ပြီး ချော့ချော့မော့မော့ နဲ့ ဆွေးနွေးပေ မဲ့ သူကတော့ အလျှော့မပေးဘဲ မာမာတင်းတင်းနဲ့ပါ။ ကျွန်မက စိတ်မြန်တဲ့သူ၊ နောက်ပြီး ပွင့်ပွင့် လင်းလင်း ဟန်မဆောင်တတ်တဲ့သူဖြစ်လို့ ဒီမြင်ကွင်းကို ကြာကြာမရှုဆိတ်တာနဲ့…

"ကိုင်း… လာပြန်ကြမယ်" လို့ ခပ်ပြတ်ပြတ်ပြောရင်း ကျောခိုင်း ဆင်းလာခဲ့ပြီး ကားပေါ် သွားထိုင်နေ လိုက်ပါတယ်။ ဦးကျော်ဇော ရောက်လာပြီး ကားစက်နှိုးရင်း "အေးကွာ၊ လူတွေက မယုံနိုင်စရာပဲနော်" တဲ့။ ကျွန်မ ရင်ထဲ မှာ မကျေလည်တဲ့ အလုံးကြီးက ဆို့နေလို့ စကားတောင် ပြန်မပြောနိုင်ပါဘူး။ "မည် သူမပြု မိမိမှုပေါ့" လူယုတ်မာနဲ့ တွေ့ရင် ကိုယ့်စေတနာက အကျိုးမပေးဘဲ ဒဏ်ပြန်ခံရတတ်တာပဲ မဟုတ်လားနော်။ Agnes ဆိုတဲ့ မိန်းကလေးကို အာမခံပေးခဲ့စဉ်က အတွေ့အကြုံရှိခဲ့ဖူးပါလျက်နဲ့ အမှတ်မရှိဘဲ ထပ်လုပ်မိတာက ကျွန်မ ရဲ့မဟာအမှားလို့ ပြောရမှာပါပဲ။
ဒါကြောင့်လည်း ရှင်တော်ဘုရားက လူယုတ်မာကို ဝေးဝေးက ရှောင်ဖို့ ဟောကြားထားခဲ့တာဖြစ်မှာပါ။ ခက်တာက ဝေးဝေးက ရှောင်နိုင်ဖို့ လူကောင်း၊ လူယုတ် ခွဲခြားနိုင်ဖို့မှ မလွယ်တာနော်။ လူယုတ်မာဆို တာ ပုံပြင်ထဲကလို ချိုကြီးကားရားနဲ့ မြင်သာ ထင်သာဆိုရငလည်း ဝေးဝေးက ရှောင်နိုင်ကောင်းရဲ့ပေါ့။

အဲဒီနေ့အပြန်မှာ YMBA ဗုဒ္ဓဘာသာ ပြန့်ပွားရေးအသင်းက နာယကကြီးဖြစ်တဲ့ ဦးစိုးရအိမ်ကို ကိစ္စတစ် ခုနဲ့ ဝင်ဖို့ ကလည်း ရှိနေတော့ စိတ်မကြည်မလင်နဲ့ဘဲ ရောက်သွားပါတယ်။ ကျွန်မ မျက်နှာ မသာယာ တာကိုမြင်တော့ အစ်ကိုကြီး ဦးစိုးရက…
"ညည်းက ဘာဖြစ်လာတာလဲ" လို့ ဆီးမေးပါတယ်။ ကိုကြီးက မေးလိုက်ကာမှ ငိုချင်လျက်လက်တို့ ဖြစ် သွားပြီး ရောက်မဆိုက် ဘာမှမပြောနိုင်ဘဲ ကလေးတစ်ယောက်လို ထိုင်ငိုချလိုက်တာပေါ့။ ဒီတော့မှ ဦး ကျော်ဇော က စောစောက ကြုံခဲ့တဲ့အဖြစ်ကို ပြောပြတာနဲ့ ကိုကြီးလည်း ဇာတ်ရည်လည်သွားတော့ တယ်လေ။
"ခင်မကြီး၊ ငါ့ညီမ ညည်း အခုံစားရတာက တော်သေးတယ် အောက်မေ့၊ ဟော… တို့အိမ်နဲ့ မျက်နှာချင်း ဆိုင်တိုက် တွေ့တယ်ဟုတ်လား၊ အမေက မသေချင်မှာ ဒီသမီးကို အမွေပေးတယ်ဆိုပြီး နာမည် နဲ့လွှဲ ပေးလိုက်တာ၊ အခုသမီးက သူ့တိုက်ဆိုပြီး အမေကို နှင်ချလို့ ပြဿနာဖြစ်နေကြတယ်၊ အဲဒါ သမီး အရင်းခေါက်ခေါက်နော်၊ အမေရဲ့နေရာမှာ ညည်း နေကြည့်စမ်း၊ ဘယ်လောက် ရင်နာရမလဲ၊ လောက မှာ တရားပျက်သူတွေ အများကြီးရှိတယ်၊ ငါ့ညီမ ဘယ်သူ တရားပျက်ပျက်၊  ကိုယ်မပျက်ဖို့က အရေး ကြီးတယ်၊ အဲဒါပဲ သတိထားကျင့်ကြံပါ" တဲ့။

အမြင်မှန်ကို ရစေဖို့ ဆုံးမ လမ်းညွှန်တဲ့ မိတ်ဆွေကောင်း ဆိုတာလည်း ဘဝမှာ တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးပါ။ ကျွန်မမှာ အဲလို မိတ်ဆွေကောင်းတွေရှိခဲ့လို့လည်း လမ်းချော်မယ်ကြံတိုင်း တည့်မတ် မှုတွေ ရခဲ့တာဖြစ်ပါတယ်။ ကိုကြီး ဦးစိုးရဆီက ပြန်လာတော့ မျက်ရည်လည်းခန်း၊ လူလည်း လန်းဆန်း လာပါတော့ တယ်။ ပြဿနာကို ဒေါသမပါဘဲ အေးအေးချမ်းချမ်း ရင်ဆိုင်ဖြေရှင်းကြမယ်လို့လည်း ဦး ကျော်ဇောနဲ့ တိုင်ပင်ပြောဖြစ်ကြတယ်ပေါ့။
ပြဿနာက ကျွန်မတို့ ထင်သလောက် မသေးကွေးပါဘူး။ နောက်တစ်ခေါက် ခြံထဲကိုသွားကြတော့ ကိုယ်တော်ချောက ကျွန်မတို့ကိုလည်း မြင်ရော၊ ကုလားထိုင်ပေါ်ကတောင် မထဘဲ ဒူးတနှန့်နှန့်နဲ့ "ကျွန်တော်က ဆုံးဖြတ်ပြီး သား၊ ကျွန်တော် တောင်းထားတဲ့ ငွေအတိုင်း တစ်ပြားမှ မလျှော့နိုင်ဘူး၊ အန်ကယ်တို့က အရှင်းရှင် ဆိုပြီး ရှေ့ကသွားရင် ကျွန်တော်က ကိစ္စပြတ်တဲ့ထိ နောက်ကလိုက်မှာ၊ ခု ရပ်ကွက်ကော်မတီကိုတောင် တိုင်စာ ပို့လိုက်ပြီ" တဲ့။

ကိုကြီးဦးစိုးရက တရားမပျက်စေနဲ့လို့ ဆိုဆုံးမထားလို့ သည်းခံခြင်း စိတ်ရှေ့ထားပြီး လာခဲ့တဲ့ ကျွန်မ ဒီစကား လည်း ကြားရတော့ ဘုရားဖြစ်မယ့် အုတ်ခဲလည်း မဟုတ်တာကြောင့် စိတ်ထဲ မှာ ထောင်းခနဲ ဒေါသ ထွက်သွားတော့တာပဲ။ သူတောင်းဆိုတဲ့ ငွေကြေးကလည်း ကြည့်ပါဦး။ ကျွန်မ တို့ ရောင်းမဲ့ဈေး ရဲ့ ခုနှစ်ဆယ့် ငါးရာခိုင်နှုန်းလေ။ နောက်ပြီး မဆီမဆိုင် ကျွန်မတို့ကိုလည်း အရင်းရှင်ဆိုတဲ့ ဂုဏ်ပုဒ်ကြီး နဲ့လည်း ပစ်ထုလိုက်သေး ရဲ့။ သူနဲ့ ဘယ်လိုမှပြောလို့ အချိုးမပြေတာနဲ့ ကျွန်မတို့ ပြန်ခဲ့ကြပြီး သူ တိုင် ထားတယ်ဆိုတဲ့ ရပ်ကွက်ကော်မတီ ကို အကျိုးအကြောင်းသိရအောင် မေးမြန်းရှာဖွေပြီး သွားရပါတယ်။

ဖြစ်ချင်တော့ တွေ့ရတဲ့ အဲဒီရပ်ကွက်ကော်မတီတစ်ဦးက ကျွန်မတို့ရဲ့မိတ်ရင်းဆွေရင်း ရွှေကျီးနိုင်လွန် စက်က ဒေစီ ရဲ့မောင်ငယ်လေးဖြစ်နေပါရော။ လူရင်းဆိုတော့ ဖြစ်ကြောင်းကုန်စင်တွေကို ကျွန်မလည်း ရင်ဖွင်ပြ တာပေါ့။ သူကလည်း ကျွန်မတို့ရဲ့ စိတ်ရင်းစေတနာကို နားလည်ပြီးသားပါပဲ။ ဒါပေမယ့် ခက် တာက လူမှုရေး အရ ကျွန်မတို့က မကြွယ်ဝပေမဲ့ ရပ်တည်နိုင်တဲ့ ပြည့်စုံသဖြစ်နေတယ်။ သူကတော့ အခြေအနေမဲ့ ဆင်းရဲသားမို့ လူမှုရေးအရ အခွင့်အရေးက တစ်ပန်းသာနေတယ်တဲ့လေ။ သူ တောင်းဆို ထားတာနဲ့ ကျွန်မတို့ ပေးဖို့ လျာထားတာ ကလည်း အဟပ်ကြီး ကွာဟနေလေရဲ့။ ဒါကြောင့် ငါးဦးကော် မတီများ အားလုံး ညှိနှိုင်းပြီး ဆုံးဖြတ်ကြတဲ့ အတိုင်း ကျွန်မတို့က နာခံပြီးမှသာ ပြဿနာက ပြေလည် မယ်ဆိုတာ သိခဲ့ရပါတယ်။

ဒီတော့လည်း ကိုယ်က ဘာမှမတတ်နိုင်ဘဲ ခုံတင်ကြားနာပြီး ဆုံးဖြတ်မဲ့ နေ့ရက်ကိုပဲ စောင့်မျှော်ရပါ တယ်။ ငါးဦးကော်မတီ လူကြီး များက နှစ်ဖက်ကြားနာပြီးတဲ့အခါမှာ လူမှုရေးအရ ကျွန်မတို့ သတ်မှတ် ထားတဲ့ ငွေရဲ့လေးဆ ကို ပေးစေဖို့ ချမှတ်လိုက်ပါတယ်။ အဲဒီ ဆုံးဖြတ်ချက်ကြောင့် ဘသားချော မျက် နှာ ဝင်းပ သွားတာ ကြည့်ပြီး သူ့ရင်ထဲက တိန်တိန်မြည်သွားသံတောင် ကျွန်မ ကြားလိုက်မိသလိုပါပဲ။
သူ တောင်းဆို သလောက် မဟုတ်ဘဲ သုံးပုံတစ်ပုံ ဖြတ်ပေးလိုက်တာတောင် သောင်းဂဏန်းတွေ ဖြစ် နေတာမို့ သူ့ဘဝ တစ်သက်တာမှာ တစ်ခါမှ မကိုင်ဖူးတဲ့ငွေမျိုး ဖြစ်နေမှာ သေချာပါတယ်။ ကိုယ့်ဘက် က တရား မပျက် ပေးလိုက်ရပေမဲ့ အရာရာကို သည်းခံခွင့်လွှတ်နိုင်တဲ့ သူတော်စင်လည်း မဟုတ်၊ ခံစား မှုမရှိ တဲ့ ကျောက်ရုပ်လည်း မဟုတ်ဘဲ သာမန်လူသားစစ်စစ်ဖြစ်တဲ့ ကျွန်မမှာ သူ ဝမ်းသာတာကို မုဒိ တာ မပွားနိုင်ဘဲ ခံရခက်နေ မိပါတယ်။ အထူးသဖြင့် ကျွန်မရဲ့ထားရှိတဲ့ စေတနာက ကုသိုလ်ဖြစ်မလာ ဘဲ မလှမပ အကုသိုလ်နဲ့ အဆုံးသတ်ရခြင်း အတွက် မကျေမလည် ခံစားနေရခြင်းပါ။

လမ်းခရီး မှာ ဘယ်သူမဆို သတိမမူမိရင် ခလုတ်ကန်သင်း တိုက်မိတတ်တာပါပဲ။ ကိုယ်တိုက်မိတာက သစ်ငုတ်လောက် ဆိုရင်တော့ ခြေမလေး ကွဲရုံ၊ သွေး တစ်စက် နှစ်စက် ထွက် ရုံလောက်ပေါ့နော်။ ကျောက်တုံးကြီးကြီး ဖြစ်နေရင် မှောက်လျက်လဲလို့ ခြေကျိုး၊ လက်ကျိုး၊ ခေါင်းကွဲ အန္တရာယ်က မသေး လှပါဘူး။ အဲဒီလိုပဲ ဘဝခရီးမှာ ကိုယ် ကြိုတင်မမြင်မိတဲ့ ခလုတ်ကန်သင်းကဲ့သို့ စိတ်ထား မမှန် ရင်ထဲ က အကြံနဲ့ တရားပျက်တတ်သူများ အများအပြား ရှိနေတတ်ပါတယ် ဆိုတာ စာရှုသူများ ကို ပြောပြချင် ပါရဲ့။

ဆက်ရန်
.

1 comment:

AMK said...

"လှေမျောလည်း မဆယ်နဲ့၊ ခြေနှစ်ချောင်းလည်း မကယ်နဲ့" ဆိုတဲ့  စကားပုံ က ဗမာတွေ အတွက်ပြောခဲ့တာပါ သိပ်မှန်တာပဲ