“ဗျို့ ... ကိုမြလှိုင်ကြီး၊ စကားမပြောနိုင်ပါလား၊ ဘယ်လိုလဲ လွမ်းနေပြီလား”
ငိုချင်လျက် လက်တို့ဆိုသည့်နှယ် ကျွန်တော် သန်းသန်းအား တွယ်တာမှုများ ရစ်ပတ်ဖွဲ့သီနေလျက် စိတ်ကူး ဈာန်ဝင်စားနေချိန် တွင် ကိုသန်းထွန်းက ယခုကဲ့သို့ စလိုက်သောအခါ ရင်ထဲတွင် လှုပ်ရှားသွားရပါ သည်။ သို့သော်လည်း ကျွန်တော်သည် တာဝန်ထမ်းဆောင်နေသော စစ်သားတစ်ယောက်ပင် မဟုတ်ပါလော။ စစ်သား ဆိုသူ၏ ဘ၀သည် မိမိကိုယ်ကို မိမိပိုင်ဆိုင်သူ မဟုတ်ရကား ...
“လွမ်းတယ် မဟုတ်ပါဘူးဗျာ၊ ဒါပေမယ့် ...”
“ဟား ... ဟား လွမ်းတာနဲ့ သတိရတာ အတူတူပါပဲ၊ မုတ်ဆိတ်ကြီးနဲ့ ဘာဘူကြီး ဆိုတာမျိုးပါလေ”
“အင်း ... ရဲဘော်တို့က မိန်းမမှ မယူဖူးသေးတော့ ပြောအားရှိမှာပေါ့ဗျာ”
“ဟုတ်မယ် ... ဒါလဲ ဟုတ်မှာပါပဲ” ကို ဆက်ဖတ်ရန် .......
ရှုမ၀၊ တွဲ ၃၅၊ အမှတ် ၄၁၅၊ ဒီဇင်ဘာလ၊ ၈၁
ရောက်လျှင်ရောက်ချင်း စစ်ဝန်ကြီးရုံးသို့ ဆောင်ရွက်ဖွယ် ကိစ္စများ ဆောင်ရွက်၍ အချိန်များသည် ဟိုလှည့် သည်လှည့်ကုန်ခဲ့ရသည်။ ဗိုလ်မှူးဝင်းအား ဖျာပုံမြို့ အခြေအနေများကို ရှင်းလင်းပြောပြရန် ကြိုးစားရာ ဗိုလ်မှူးဝင်းနှင့် မတွေ့ဖြစ်တော့ဘဲ ဒုဌာန ဗိုလ်ကြီးသောင်း (ဗိုလ်မှူးကြီးသောင်း)အား အခြေအနေ အရပ်ရပ်ကို ရှင်းပြ ရပါသည်။ ကျွန်တော့်အား ပုဂ္ဂိုလ်အရ ချစ်ခင်သော အထက်အရာရှိဖြစ်သည့်အတိုင်း ရင်းရင်းနှီးနှီး ပြောဆို ဆုံးမမှုများ ပြုပါသည်။ ၎င်း၏ ဆုံးမမှုများထဲတွင် ဖက်ဆစ်တော်လှန်ရေးကြီး နီးကပ်လာ သည်နှင့်အမျှ မိမိအသက်အန္တရာယ် မှာလည်း ပို၍နီးကပ်လျက်ရှိကြောင်း၊ သို့ဖြစ်၍ ဆောင်ရွက် ဖွယ်ကိစ္စများကို သိုသိပ် လျှို့ဝှက်နိုင်သမျှ လျှို့ဝှက်လုပ်ဆောင်ရန် ထိပ်တိုက် ရင်ဆိုင်ရမည့် ကိစ္စမှန်သမျှ မည်သို့မျှ မလုပ်ဖြစ်အောင် ကြိုးစားပါဟုလည်း မှာကြားဆုံးမပါသည်။
ထိုအျိန်က ကျွန်တော်တို့ လူသိုက် ဗိုလ်လက်ျာအိမ်တွင် စုဝေးနေထိုင်ကြပါသည်။ ကျွန်တော်တို့ဆိုသည်မှာ ကျွန်တော် အပါအ၀င်၊ ညီဖြစ်သူ သိန်းဟံ(ဗက သန့်စင်)၊ ကိုဘနီ (ဗိုလ်မှူးကြီး ဘနီ)၊ ကိုမြတ်သန်း၊ ကိုမြ မောင်၊ ကိုထွန်း၊ ကိုတင်အေး (အမ်-တင်အေး) တို့ဖြစ်ကြပါသည်။ ကျွန်တော် ဖျာပုံက ပြန်လာခဲ့ပြီးနောက် ဗိုလ်လက်ျာနှင့် မတွေ့ဖြစ်ခဲ့ပေ။ အဘယ်ကြောင့် ဆိုသော် ဗိုလ်လက်ျာ သည် ညစဉ် ၁ နာရီ ၂ာနာရီခန့် တိုင်မှ နေအိမ်သို့ ပြန်ရောက်လေ့ရှိပြီး ကျွန်တော်တို့ ရုံးတက်ချိန်မတိုင်မီ စစ်ရုံးသို့ ထွက်သွားလေ့ ရှိခြင်းကြောင့် ဖြစ်သည်။ ယင်းသို့ဖြင့် ကျွန်တော်နှင့် ဗိုလ်လက်ျာ တစ်အိမ်တည်းတွင် အတူတကွ နေ ထိုင်သော်လည်း သေသည်အထိ တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဝေးနေပါသည်။ ထိုကာလအတွင်း ကျွန်တော် သည် ဖက်ဆစ်တော်လှန်ရေးနှင့် ပတ်သကသော ကိစ္စကို အဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။ နံနက်ခင်း ကျွန်တော်သည် စစ်ရုံးသို့ သွားရန် အိမ်အောက်ထပ်တွင် ဖိနပ်စီးနေ စဉ် အပေါ်ထပ်မှ ဗိုလ်လက်ျာ ဆင်းလာသည်ကို တွေ့ရပါသည်။ ၎င်းနှင့်အတူ လူငယ်စစ်ဗိုလ်တစ်ဦးကိုလည်း လိုက်ပါလာသည် ကို တွေ့ရပါသည်။ (နောင်သောအခါ ၎င်းစစ်ဗိုလ်မှာ ဗိုလ်အောင်ကြီးဟု သိရပါသည်။) ဗိုလ်လက်ျာကပင် စတင်၍ ကျွန်တော့်အား အောက်ပါအတိုင်း ပြောပါ သည်။
“မြလှိုင်၊ ရုံးရောက်ရင် ငါ့ဆီ ခဏလာခဲ့ဦး”
“ဟုတ်ကဲ့”
ရုံးသို့ရောက်ပြီး မကြာမီပင် ဗိုလ်ကြီးသောင်းအား ဗိုလ်လက်ျာခေါ်ထားကြောင်း သတင်းပို့၍ ဗိုလ်လက်ျာ ရုံးခန်းရှိရာသို့ ထွက်လာခဲ့ပါသည်။ ဗိုလ်လက်ျာ၏ ရုံးခန်းသို့ ရောက်သောအခါ ကျွန်တော့်အား အခန်းစောင့် ရဲဘော်က ၀င်ခွင့်မပေးဘဲ စောင့်ဆိုင်းရန် ပြောကြားပါသည်။ ကျွန်တော် သည် ခြေထောက် များတောင့်အောင် စောင့်နေသော်လည်း အစောင့်ရဲဘော်က သတင်းပို့ပေးမည့် အရိပ်အယောင် ကို မတွေ့ သဖြင့် စိတ်တိုဒေါသထွက်မိပါသည်။
“ဒီမယ် ရဲဘော် ...။ ဗိုလ်မှူးကြီး လက်ျာကို သွားသတင်းပို့ပေးပါ။ မှာထားတဲ့ ရဲဘော် ရောက်နေတယ်လို့ ပြောရင် သိပါတယ်”
ထိုအခိုက် ဗိုလ်ကြီးထွန်းဖေ ထွက်လာသည်နှင့် ကြုံသဖြင့် ကျွန်တော်သည် ဗိုလ်ကြီး ထွန်းဖေအား ကျွန်တော့် အား ဗိုလ်လက်ျာက မှာထားကြောင်း ပြောပြါသည်။ ဗိုလ်ကီးထွန်းဖေသည် ချက်ချင်းပင် ဗိုလ်လက်ျာအး ၀င်ရောက် သတင်းပို့ပေးပြီး ၎င်းနှင့်အတူ ကျွန်တော့်အား ခေါ်၍ ဗိုလ်လက်ျာထံ ပို့ပေးပါသည်။ ဗိုလ်လက်ျာ အခန်းသို့ ရောက်သောအခါ ဗိုလ်လက်ျာ၏ စားပွဲရှေ့တွင် ဗိုလ်မှူးကြီး စောကာဒိုး၊ ဗိုလ်ရှိန်း၊ ဗိုလ်ဘနီ၊ ဆရာကြီး ဦးငွေကိုင်၊ ဆရာကြီး ဦးအေးသွယ်တို့ လူသိုက်ကို တွေ့ရပါသည်။ ဆရာကြီး ဦးအေးသွယ်မှာ မြို့မကျောင်း တွင်နေစဉ် ကျွန်တော်၏ ဆရာကြီး ဖြစ်ခဲ့သူ မြို့မ ကျောင်းဆရာကြီး ဦးအေးသွယ်ဖြစ်ပါသည်။ မကြာမီ ဆရာကြီး ဦးငွေကိုင်နှင့် ဆရာကြီး ဦးအေးသွယ်တို့ ပြန်သွားကြပါသည်။
“မြလှိုင် ... မင်း ဖျာပုံအခြေအနေကို ပြောပြစမ်း”
ကျွန်တော်က ဖျာပုံမြို့နယ်တစ်ခုလုံး၏ လှုပ်ရှားမှုများကို ယေဘုယျပြောပြသောအခါ ဗိုလ်လက်ျာက ဖျာပုံ မြို့နယ်၏ ဖက်ဆစ်တော်လှန်ရေး မြေအောက်လျှိုဝှက်ဆောင်ရွက်မှုများမှာ စိတ်ကျေနပ်ဖွယ် အထူးရှိကြောင်း ကျွန်တော့်ကိုလည်း စစ်ရုံးတွင် ဆက်၍မနေတော့ဘဲ ဖျာပုံသို့ ပြန်ဆင်းပြီး ဖက်ဆစ်တော်လှန်ရေး ဆောင်ရွက်ဖွယ်များ ဆောင်ရွက်ရန် မှာကြားပါသည်။ ထို့ပြင် ဗိုလ်လက်ျာသည် ဖျာပုံနယ် အတွင်း ဆက်သွယ်ဆောင်ရွက်ရမည့် ကိစ္စ အရပ်ရပ်ကို ကျွန်တော့်အား မှာကြားပါသည်။
“မြလှိုင် ...၊ မင်း ဖျာပုံကို ဘယ်တော့သွားမလဲ”
“ဘယ်တော့ သွားရမလဲ ...”
“မနက်ဖြန်ပဲ သွားတော့ ...”
“စစ်ဝတ်နဲ့ပဲ သွားရမှာလား ”
“အေး ... ရန်ကုန်က အထွက်တော့ စစ်ဝတ်နဲ့ပဲသွား။ ဒါပေမယ့် သင်္ဘောနဲ့တော့ မသွားနဲပတော့။ ရန်ကုန် ဆိပ်ကမ်း ကလည်း မသွားနဲ့။ အကောင်းဆုံးက ကြည့်မြင့်တိုင်ဘက်က ဖြစ်ဖြစ်၊ တစ်နေရာကပဲဖြစ်ဖြစ် သမ္ဗန် ငှားပြီး သွားရင် ကောင်းမယ်။
ဗိုလ်လက်ျာ အခန်းမှထွက်ခဲ့ပြီးသောအခါ ကျွန်တော်သည် ဗိုလ်မှူးဝင်းနှင့် ဗိုလ်ကြီးသောင်းတို့ထံ ၀င်ရောက်၍ အကျိုးအကြောင်းပြောဆို သတင်းပို့ပါသည်။ ဗိုလ်မှူးဝင်းထံမှ ထွက်လာပြီးသောအခါ ကျွန်တော်သည် မိမိနှင့်အတူ ဖျာပုံသို့ လိုက်ပါကြမည်ြဖစ်သော တပ်ကြပ်သောင်းအိ၊ တပ်သားကြီး စံယျ တို့ နှင့် အတူ ပြန်လာခဲ့ကြပါသည်။
“ဒီမယ် ကိုယ့်လူ ... ခု ဘယ်သွားမှာလဲ ...”
“အိမ်ပြန်မှာပေါ့”
“အစောကြီးရှိသေးတယ်။ ဖျာပုံမသွားခင်၊ လင့်ခ်ဟော်တယ် သွားလိုက်ကြရအောင်ကွာ”
“ဟင့်အင်း ... ခင်ဗျားကြီး အက်ဝင်ရင် သွေးသိပ်ဆိုးတယ်။ ခုဟာတာဝန်နဲ့ဗျ”
“လပါကွာ ... ကိုယ်မသောက်ပါဘူး”
“တကယ်ပြောတာလား”
ကျွန်တော်တို့ သုံးယောက် လင့်ဟိုတယ်သို့ ရောက်သောအခါ စားပွဲများတွင် လူသူလေးပါး ရှင်းနေသည် ကို တွေ့ရသည်။ စားသောက်ရင်း ကျွန်တော်သည် ဖျာပုံသိုပြန်၍ တာဝန်ထမ်းဆောင်ရခြင်းအတွက် ၀မ်းသာကျေနပ်လျက်ရှိပါသည်။ ကျွန်တော်တို့အားလုံး ဖျာပုံသားများဖြစ်ခြင်းကြောင့်လည်း ကိုသောင်းအိနှင့် ရဲဘော်စံယျ တို့မှာလည်း ကျွန်တော်ကဲ့သို့ပင် ပျော်ရွှင်ကျေနပ် ကြလိမ့်မည်ဟု ယုံကြည်မိ ပါသည်။ ကျွန်တော်တို့ လင့်ခ်ဟိုတယ်မှ ထွက်ခွာလာပြီးနောက် ရွှေတောင်ကြားလမ်းရှိ ဗိုလ်လက်ျာအိမ်သို့ မပြန်ကြသေးဘဲ ၀ယ်ခြမ်းဆောင်ရွက် ဖွယ်ရာ များ ရှိခြင်းကြောင့် ရန်ကုန်မြို့အတွင်းသို့ လာခဲ့ကြပါသည်။
“မြို့ထဲ ... နောက်မှ သွားရအောင်လား”
“ဒါဖြင့် ဘယ်ကို သွားကြမှာလဲ”
“ဘုရားပေါ် တက်ရအောင်”
သုံးယောက်သား စိတ်တူကိုယ်တူ ရွှေတိဂုံဘုရားပေါ်သို့ တက်ခဲ့ကြသည်။ စစ်ကာလဖြစ်ခြင်းကြောင့် ဘုရား ပေါ်တွင် လူများကြိတ်ကြိတ်တိုးမျှ စည်ကားလှပါသည်။ ဇရပ်များ၊ တန်ဆောင်းများတွင် လူများပြည့်သိပ် လျက် ရှိပြီး၊ အလယ်ပစ္စယံရှိ ဇရပ်များ အားလုံးလိုလို စစ်ပြေးများ နေထိုင်လျက်ရှိကြပါ သည်။ ကျွန်တော် သည် ရွှေတိဂု ရှင်တော်မြတ်အား သဒ္ဓါကြည်ညိုစွာ ဖူးမြော်၍ လိုအပ်သော ဆုမွန်များ တောင်းမိပါသည်။ ကျွန်တော် ကဲ့သို့ပင် ကိုသောင်းအိ၊ ကိုစံယျတို့လည်း ရွှေတိဂုံစေတီတော်ကြီး၏အရိပ် အောက်တွင် ချမ်းမြေ့ကြည်နူးစွာ ဘုရားရှိခိုးလျက်ရှိသည်ကို တွေ့ရပါသည်။ ကျွန်တော်တို့ သုံးယောက် ဘုရားမှဆင်းပြီး သံဈေး တစ်ဝိုက် သိမ်ကီးဈေးတစ်ဝိုက် လှည့်ပတ်ကာ လိုအပ်သော ပစ္စည်းကလေးများ ၀ယ်ယူကြပါသည်။ ကျွန်တော်တို့ အိမ်သို့ ပြန်ရောက်သောအခါ မိုးလုံးလုံးချုပ်ခဲ့ပါပြီ။
ကျွန်တော်တို့ ပြန်ရောက်ပြီး မကြာမီ ဗိုလ်လက်ျာ ပြန်ရောက်လာပါသည်။ ထို ညစာကို ကျွန်တော်တို့ ဗိုလ်လက်ျာနှင့် အတူ စားသောက်ကြပါသည်။ ထမင်းဝိုင်းတွင် ဗိုလ်လက်ျာက ဖျာပုံသို့ရောက်လျှင် ဆက်သွယ် ရမည့်“ပွိုင့်” များကို ညွှန်ကြားပါသည်။ ထို့နောက် ဖျပုံညမို့နယ်အတွင်း လုံညခုံစိတ်ချရသော နေရာများတွင် စခန်းများဆောက်ရန် မှာကြားပါသည်။
ကြည့်မြင်တိုင်ဆိပ်ကမ်းမှ တွံတေးသို့ သမ္ဗန်တစ်စီးငှား၍ လာခဲ့ကြပါသည်။ သမ္ဗန်ကြီးမှာ ရေမလုံသဖြင့် ကျွန်တော် တို့သုံးယောက် တစ်ယောက်မျှ အငြိမ်မနေရဘဲ ရေခပ်ထုတ်ရသဖြင့် ဖတ်ဖတ်မောခဲ့ရသည်။ သို့ဖြင့် တွံတေး သို့ ရောက်ခဲ့ကြပါသည်။ တွံတေးမြို့သို့ ရောက်သောအခါ ရန်ကုန်မှ ဆက်သွယ်ပေးလိုက် သော လိပ်စာအတိုင်း ဗိုလ်အေးချို (ကွယ်လွန်သူ-သူရအေးချို)၏ မိခင်အိမ်တွင် တက်ရောက်တည်းခိုကြ ပါသည်။ ဗိုလ်အေးချို ၏ မိခင်သည် ကျွန်တော်တို့အား သားအရင်းများနှင့်မခြား ဂရုစိုက်ပြုစုခြင်း ပြုပါသည်။ ကျွန်တော်တို့ ဗိုလ်အေးချို မိခင်အိမ်သို့ အချိန်ကြာမြင့်စွာ နေထိုင်ရန်မဟုတ်သော်လည်း ကျွန်တော်တို့ တွံတေးသို့ရောက်ပြီး မကြာမီပင် တွံတေးတစ်မြို့လုံးအား ရန်သူလေယာဉ်များမှ လာရောက်ဗုံးကြဲခြင်းကြောင့် တစ်မြို့လုံး မီးလောင်ပြင် ဘ၀သို့ ရုတ်ခြည်း ကူးပြောင်းသွားသည်ကို ၀မ်းနည်းကြေကွဲဖွယ် တွေ့ရပါသည်။
လေကြောင်းအန္တရာယ်များ ရှင်းလင်းသွားသောအခါ ကျွန်တော်တို့ သုံးယောက်သား တွံ့တေးမြို့တွင်းရှိ ဗုံးချထားရာ နေရာများသို့ သွားရောက်ကြပြီး ဒဏ်ရာရသူ၊ သေဆုံးသူ များကို သွားရောက်ကူညီ သယ်ပိုးပေး ကြပါသည်။ ထိုနေ့က ကျွန်တော်တို့ ကိုယ်များတွင် ဗုံးဘေးဗုံးဒဏ် ကြောင့် သေကြေကြရသော လူနာ များ၏ သွေးညှီနံ့များ ပေကျံလျက်ရှိပါသည်။ ဤကြောက်မက်ဖွယ်ရာ မြင်ကွင်းကြောင့် စစ်ကို မုန်းတီး ရွံ့ရှာစိတ်များ ကျွန်တော့်တစ်ကိုယ်လုံး ပျံ့နှံ့ခဲ့ရပါသည်။
ကျွန်တော်တို့ လူသိုက် တွံ့တေးမြို့မှ ညနေစောင်းခန့်တွင် ကွမ်းခြံကုန်းသို့ မော်တော်ကားဖြင့် ထွက်လာကြ ပါသည်။ မော်တော်ကားဆိပ်တွင် ခရီးသွားများဖြင့် ပြည့်သိပ်နေသည့်ကြားမှ ကားသမားက စစ်ဝတ် ကို ကြောက်သဖြင့် ကျွန်တော်တို့ကို ရှောရှောရှူရှူ လိုက်ခွင့်ပြုပါသည်။ ကျွန်တော်ုတို့လည်း အလိုက်သိစွာပင် ကားအတွင်း ၌ ၀င်ရောက်လိုက်ပါ စီးနင်းခြင်း မပြုတော့ဘဲ ကားခေါင်မိုးပေါ်မှ လိုက်ပါစီးနင်းခြင်းပြု ပါသည်။ မော်တော်ကားသည် တွံတေးမှ မှောင်တရီအချိန်တွင် စတင်ထွက်ခွာပါသည်။ ယင်းသို့ အမှောင်စောင့်၍ ခရီးထွက် ရခြင်းမှာလည်း လမ်းခရီးတွင် ကျွဲညီနောင်ခေါ် ရန်သူလေယာဉ်များ၏ စတင်ထွက်ခွာသော အခါ လေဖြူးဖြူး တိုက်ခတ်မှုကြောင့် ပင်ပန်းမှုများ သက်သာရာ ရရှိခ့ပါသည်။
ညအခါ ထွက်လေ့ရှိသော ပိုးလောင်းကောင်များ၊ ဖြုတ်များသည် အရှိန်ဖြင့် မောင်းနှင် လျက်ရှိသော မော်တော်ကား၏ အရှိန်ဖြင့် ကျွန်တော်တို့၏ မျက်နှာများပေါ်သို့ ဖွဲဖြင့် ပစ်ပေါက်သကဲ့သို့ ရှိပါချေသည်။ ၎င်းပိုးလောင်းကောင်များသည် မျက်စိများအတွင်းသို့လည်းကောင်း၊ နားအတွင်းသို့ လည်းကောင်း၊ နှာခေါင်းအတွင်းသို့လည်းကောင်း၊ တိုး ၀င်ကြကုန်သည်။ ကြာသော် သုံးယောက်သား မျက်နှာ ကို မျက်နှာသုတ်ပ၀ါဖြင့် ပတ်၍ ကားခေါင်မိုးပေါ်တွင် ၀မ်းလျားမှောက်၍ လိုက်ပါခ့ကြရပါသည်။ ဤမျှဒုက္ခကြီးမားစွာဖြင့် လိုက်ပါ့ရင်း၊ မကြာမီ ကွမ်းခြံကုန်းသို့ ဆိုက်ရောက်ခဲ့ပါသည်။ ကွမ်းခြံကုန်း သို့ ရောက်သောအခါ တွံ့တေးမှ ဆက်သွယပေးလိုက်သော ဦးစံညွန့် ဆိုသူအား ရှာဖွေကြရပြန်ပါသည်။ ဦးစံညွန် အိမ်ကို တွေ့ရသော်လည်း စစ်ဝတ်နှင့် ကျွန်တော်တို့အားမလွတ်ပေါက်မှ ချောင်းကြည့်ပြီး အိမ်တံခါးကို ဖွင့်မပေးဘဲ ဦးစံညွန့် ရန်ကုန်တက်သွားတယ်ဟုသာ ဖြေကြားပါသည်။
သို့ကြောင့် ကျွန်တော်တို့က မိမိတို့ မြန်မာစစ်သားများဖြစ် ကြောင်း၊ တွံတေးမှ ဗိုလ်အေးချို၏ မိခင်က မှာကြား၍ လာရောက် ရခြင်းဖြစ်ကြောင်း၊ ပြောကြားကာ တံခါး ဖွင့်ခိုင်းရပါသည်။ ထိုညက ဦးစံညွန့်က ကျွန်တော်တို့အား ညစာ ကို ချက်ချင်း ချက်ပြုတ်ကျွေးပြီးနောက် ဒေးဒရဲသို့သွားရန် သမ္ဗန်တစ်စင်းကို ချောမောစွာ ငှားရမ်းဆောင်ကြဉ်းပေး ပါသည်။ ကွမ်းခြံကုန်းမှ ဒေးဒရဲသို့ ရေလှည့်သင့်လျှင် အချိန်ကာမြင့်စွာ မသွားရသော် လည်း ကျွန်တော်တို့သွားသောအချိန်မှာ ရေကျနေခြင်း ကောင့် တစ်ကြောင်း၊ ရေကျော် သို့ရောက်သောအခါ ရေတက်လာသည်အထိ စောင့်ဆိုင်းရခြင်းကြောင့် တစ်ကြောင်း၊ ဒေးဒရဲ သို့ ရောက်သော အခါ နံနက်အရုဏ်သို့ပင် ချဉ်းလျက်ရှိနေပါပြီ။
“ကိုင်း ... ဘယ်လိုလုပ်မလဲ၊ မိုးလင်းမှ တက်မလား”
“ဘယ်ဖြစ်မလဲ”
“ဒါဖြင့် ဘယ်လိုလုပ်မလဲ။ ဒီအချိန် သခင်ဖေတင်တို့၊ သခင်မောင်မောင်တိုကို ရှာဖို့မလွယ်ဘူး”
“ကိစ္စမရှိဘူး၊ ကျွန်တော်တို့ အမျိုးအိမ်ရှိတယ်။ သွားနှိုးမယ်”
“ကောင်းတယ်”
သို့ဖြင့် ကျွန်တော် ဦးဆောင်၍ ဒေးဒရဲ ရုပ်ရှင်ရုံပိုင်ရှင် ဦးစိန်၊ ဒေါ်အုန်းမြိုင်၊ ၎င်း၏ အစ်မဖြစ်သူ ဒေါ်အေးခိုင် တို့တိုက်သို့ သွားရောက်နှိုးကြပါသည်။ အလွယ်တကူပင် ဒေါ်ဒေါ် ဒေါ်အေးခိုင်က ကျွန်တော်တို့အား လက်ခံ တည်းခိုစေပြီး တူဖြစ်သူကိုမောင်မောင်အား သခင်ဖေတင်၊ သခင်မောင်မောင်တို့အား သွားရောက် သတင်းပို့ရန် ခိုင်းလိုက် ပါသည်။ သို့သော် ကိုမောင်မောင် ပြန်လာသောအခါ ဒေးဒရဲတွင်ရှိသော သခင်အား လုံးမြေလျှိုး ကုန်ကြပြီဖြစ်ကြောင်း ဂျပန်ကင်ပေများ ၎င်းတို့လူသိုက်အား အပူတပင်း ရှာဖွေနေကြောင်း များ ပြောကြား လာပါတော့သည်။
ကျွန်တော်တို့ လူသိုက်သည် ဗိုလ်လက်ျာမှာလိုက်သော ဒေးဒရဲအဆက်အသွယ်များ လုံးဝမရနိုင်ကြောင်း သိလိုက်ရသော အခါ ဒေးဒရဲတွင် အချိန်ကုန်ခံ၍ ဆက်လက်နေထိုင်ခြင်းထက် ဖျာပုံသို့ အမြန်သွားရောက် ရန်ဆုံးဖြတ်ရပါတော့သည်။
ကျွန်တော်သည် ကိုမောင်မောင်အား ဒေးဒရဲမှ သခင်ဖေတင်နှင့် သခင်မောင် မောင်၊ သခင်ဇော်ဖေတို့လူသိုက်နှင့် အဆကအသွယ်ရရန် ကြိုးစားပေးဖို့မှာကြားပြီး ကျွန်တော်တို့ ဖျာပုံသို့ ခရီးဆက်ရန် သမ္ဗန်တစ်စင်း ရှာဖွေ ငှားရမ်းပေးရန် ခိုင်းရပါသည်။ ကိုမောင်မောင်၏ စီစဉ်ပေးချက်အရ နံနက် ထမင်းစားပြီးချိန်ခန့်တွင် ဒေးဒရဲမှ ဖျာပုံသို့ ခရီးထွက်လာခဲ့ကြပါသည်။ ကျွန်တော်သည် ဒေးဒရဲမှ ဖက်ဆစ်တော်လှန်ရေး ရဲဘော်များနှင့် မတွေ့လိုက်နိုင်ခြင်းကြောင့် ဆက်လက် ဆောင်ရွက်ရမည့် ကိစ္စများ နှင့် မတွေ့လိုက်နိုင်ခြင်းကြောင့် ဆက်လက် ဆောင်ရွက်ရမည့် ကိစ္စများအတွက် ရင်မောလျက် ရှိပါသည်။ ဗိုလ်လက်ျာ၏ ပြောကြားချက်အရ သခင်စိုး သည် ဒေးဒရဲနယ်အတွင်းတွင် ယခုရှိနေကြောင်း မူလ ဖျာပုံတွင် ရှိနေသော်လည်း ဖျာပုံတွင် လုံခြုံမှု မရှိခြင်းကြောင့် ဒေးဒရဲနယ်တွင် ခိုအောင်းနေကြောင်း သိရပါ၍ ယခု မည်သို့ ခေရာခံရပါမည်နည်း။ ဖျာပုံသို့ရောက် လျှင် မည်သူတွေရှိ၍ မည်သူတွေ ပုန်းရှောင်နေကြမည်နည်းဟု စိတ်မောဖွယ်များကို စဉ်းစားရင်း ငြီးငွေ့ ဖွယ်ကောင်းသော သမ္ဗန်သွားခရီးကို လိုက်ပါလာခဲ့ရပါသည်။
သမ္ဗန်ဖြင့် ခရီးသွားလာရခြင်းသည် အလွန်ငြီးငွေ့ဖွယ် ကောင်းလှပါသည်။ လူတစ်ယောက်၏ အင်အားဖြင့် ရွေ့လျားရသော တွန်းအားဖြစ်ခြင်းနှင့် ရေစုန်ရေဆန်ဟူသေ ရေတက်ရေကျ အခြေအနေ ကိုကြည့်၍ သွား လာရခြင်းများကြောင့် သမ္ဗန်ဖြင့် ခရီးသွားလာရခြင်းအတွက် သည်းခံစိတ်ရှည်ရပါသည်။ ကျွန်တော်နှင့် ရဲဘော်စံယျမှာ သမ္ဗန်ခေါင်မိုးအောက်တွင် အိပ်၍ လိုက်ပါလာခဲ့ကြပြီး ကိုသောင်းအိကမူ သမ္ဗန်သမား အား ကူညီလှော်ခတ်ပေးရင်း လမ်းခရီးအခြေအနေများကို ကင်းထောက်လိုက်ပါခဲ့ပါသည်။
“ဗျို့ ... သမ္ဗန်ဆရာကြီး၊ ဟိုရှေ့က အုန်းပင်စုစုဟာ ဘာရွာလဲဗျ”
“အဲဒါလား၊ ရွာတန်းရှည်လေ”
ရွာတန်းရှည်ဟူသော သမ္ဗန်သမားကြီး၏ ပောစကားသံကြောင့် ကျွန်တော်တစ်ယောက် အိပ်ချင် မူးမူးဖြစ်နေ ခြင်းများ ချက်ချင်း ပျက်ပြယ်သွားပါသည်။ အဘယ်ကြောင့်ဆိုသော် ရွာတန်းရှည်သည် ကျွန်တော်၏ အမေ့မောင် ၀မ်းကွဲတောင်သူ ဦးလေးဦးစစ်ပိုး၏ ဇနီးရွာဖြစ်ပါသည်။ ရွာတန်းရှည်ဆိုသည့်အတိုင်း အလျား ရှည်သော ရွာကြီးတစ်ရွာဖြစ်သည်။ ရွာတန်းရှည်ရှိ လယ်ကွင်းများသည် လည်းကောင်း၊ ဂွကလေးရွာရှိ လယ်ကွင်း များသည်လည်းကောင်း ရန်ကုန်မြို့မှ သူဌေး ဦးဘိုးလှပိုင်သော လယ်မြေများဖြစ်ပါသည်။
ယင်း လယ်များ၏ ကိုယ်စားလှယ်မှာ ဦးလေးဦးစစ်ပိုးပင်ဖြစ်ပါချေသည်။
“ကိုသောင်းအိ၊ ရွာတန်းရှည်ရောက်ရင် ကျွန်တော့်ပြောဗျာ ...”
“ရောက်ပဲ ရောက်တော့မယ်၊ မင်း ... ထကြည့်စမ်းပါဦး”
မှန်ပါသည်။ ကျွန်တော် သမ္ဗန်ဦးပေါ်သို့ တက်၍ကြည့်သောအခါ ရွာသို့ဝင်ရန် နီးနီးပဲရှိနေသည်ကို တွေ့ရပါ သည်။ ရွာတန်းရှည်ရွာကြီးမှာ အုန်းပင်များ၊ ဓနိပင်များ အပြိုင်းအရိုင်းပေါက်လျက် အလွန်စိုပြည် သာယာသည်ကို တွေ့ရပါသည်။
“သမ္ဗန်ဆရာကြီး၊ ဦးစစ်ပိုးအိမ်တံတား သိသလားဗျ”
“သိတာပေါ့ ကိုရင်လေး။ ဟိုရှေ့က စပါးကျီနီနီကြီးနဲ့ တည့်တည့် တံတားဟာ၊ ပွဲစားကြီး ဦးစစ်ပိုးရဲ့ အိမ်တံတား ပဲပေါ့”
“ဟုတ်ပြီ၊ ဒါဖြင့် အဲဒီ တံတားမှာပဲ ကပ်ပေးပါ”
ကျွန်တော်တို့ သမ္ဗန်ကလေးသည် မကြာမီ ဦးလေးဦးစစ်ပိုးတို့ ရေခံတံတားသို့ ဆိုက်လိုက်ပါသည်။ ပထမသော် သမ္ဗန်ကပ်သည် ကို မြင်သဖြင့် ဦးလေးဦးစစ်ပိုး၏တပည့် ကိုထွန်းရဆိုသူသည် အပြေးအလွှား ဆင်းလာသည် ကို တွေ့ရပါသည်။ ထို့နောက် သမ္ဗန်တွင်းမှ စစ်ဝတ်များနှင့် ကျွန်တော်တို့အား တွေ့သော အခါ လျင်မြန်စွာ ထွက်ပြေးသွားသည်ကို တွေ့လိုက်ရပါသည်။ ထို့ကြောင့် ကျွန်တော်က အသံပြုရပါသည်။
“ဗျို့ ... အဒေါ်ညှက်၊ ကျွန်တော်ပါ ...”
“၀ူး ... ဘယ်သူလဲဟဲ့”
“မောင်မောင်ပါ၊ အဒေါ်ညှက် ...”
ထိုအခါမှ အဒေါ်ညှက်သည် တံတားသို့ပြေးဆင်းလာသည်။ ၎င်းနှင့်အတူ ကိုထွန်းရ၊ သမီးဖြစ်သူ မခင်သိန်း တို့ လည်း လိုက်ဆင်းလာကြသည်။ ကိုထွန်းရသည် စပ်ဖြီးဖြီးဖြင့် ကျွန်တော့်အား ကြည့်ကာ ရယ်မောနေသည်။
“ဘယ်လိုတုန်းဗျ။ ဘာလို့ ထွက်ပြေးတာလဲ”
“ဂျပန်တွေထင်လို့ပါ မောင်မောင်ရဲ့”
“ကျွန်တော်တို့ ထမင်းမစားရသေးဘူး၊ လုပ်ပါဦး၊ ဒါထက် ဦးလေးဦးစစ်ပိုး အခုဘယ်မှာလဲ၊ ရန်ကုန်က တိုက်မှာလား”
“ဖျာပုံတိုက်မှာ ရှိလေရဲ့ ...”
“အတော်ပဲ၊ ဟင်း ဟင်း”
ကျွန်တော် တို့ လူသိုက်အတွက် ကိုထွန်းရတို့လူသိုက် ချက်ပြုတ်ကျွေးမွေးရန် အလုပ်ရှုပ်လျက် ရှိနေပါသည်။ ထိုအချိန်တွင် လေတဟူးဟူး တိုက်ခိုက်လျက်ရှိသောကပြင်တွင် ကျောဆန့်ရင်း ကျွန်တော် တစ်ယောက် နှစ် နှစ်ခြိုက်ခြုက်အိပ်ပျော်သွားပါသည်။ ရွာတန်းရှည်သည် ကျွန်တော်နှင့်စိမ်းသော ရွာမဟုတ်ပါ။ ယခင် နယ်ချဲ့ တော်လှန်ရေး အစိုးရက သခင်များကို လိုက်လံဖမ်းဆီးစဉ်ကလည်း ကျွန်တော် ဤရွာတန်းရှည် တွင် လာရောက်ခိုအောင်းခဲ့ဖူးပါသည်။
“ဟေ့ကောင် မြလှိုင်၊ ထတော့ ထမင်းစားမယ်”
ကုသောင်းအိ နှိုး၍ လူးလွန့်ထကြည့်မိသောအခါ ထမင်းပွဲကြီး ဟီးနေအောင် ပြင်ထားသည်ကို တွေ့လိုက်ရ သည်။ ဟင်းလျာများ စုံလင်လှသည်။ လတ်တလော ချက်ပြုတ်ထားရသည်ဆိုသော်လည်း ကြက်သားဟင်း မှလွဲ၍ ကျန် ဟင်းလျာများမှာ စည်သွတ်အစားအသောက်များ ဖြစ်ကြပါသည်။
“မောင်မောင်၊ မင်းတို့အခု ဘယ်လိုသွားမှာလဲ”
“ဖျာပုံကို သွားမှာ အဒေါ်ညှက်”
“ဂွကလေး၊ ၀င်သွားဦးမလားလို့ ...”
“ဟင့်အင်း ... ဂွကလေးမှာ ဘယ်သူရှိလဲ”
“မြေတိုင်းစာရေး မောင်တင်နဲ့ ဖျာပုံက သခင်အချို့ ရောက်နေကြလေရဲ့”
“မ၀င်တော့ဘူး အဒေါ်ညှက်။ ဖျာပုံကိုပဲ အလျင်သွားဦးမယ်”
အဒေါ်ညှက်အား ဤသို့ပြောပင် ပြောလိုက်ရသော်လည်း ကျွန်တော့်စိတ်တွင် ဂွကလေးရွာသို့ ၀င်ကြည့် လျှင် ဒေးဒရဲမှ သခင်ဖေတင်နှင့် သခင်မောင်မောင်တို့ လူသိုက်နှင့် တွေ့နိုင်လေမည်လားဟု တွက် ဆမိပါသည်။ သို့သော် ထမင်းဝိင်းတွင် လူစိမ်းများ ရှိနေခြင်းကြောင့်ဆက်၍မေးမြန်းခြင်းမပြုဘဲ၊ ဆိတ်ဆိတ် ပင်နေလိုက်မိ ပါသည်။ ထိုအခိုက် သမ္ဗန်ဆရာမှ ရေအလှည့်သင့်တုန်း ခရီးဆက်ရန် ကတိပေးသဖြင့် အဒေါ်ညှက် အား နှုတ်ဆက်၍ ထွက်ခဲ့ကြပါသည်။
“ဟေ့ ... ဟိုရှေ့က သမ္ဗန် ဘယ်သွားမလို့တုန်း။ ဒီကို ကပ်ခဲ့”
“ဆရာတို့၊ ကပ်ပေးရမလား”
ကျွန်တော်သည် ကမန်းကတန်းထ၍ သမ္ဗန်ပေါ်သို့ တက်လိုက်သည်။ အရပ်ဝတ်အရပ်စားနှင့် လူတစ်ယောက်၊ ရိုင်ဖယ်တစ်လက်ကို ကိုင်၍ ကျွန်တော်တို့ သမ္ဗန်ကို လှမ်းခေါ်နေပါသည်။ သို့ဖြစ်၍ ကျွန်တော်က သမ္ဗန်ဆာကို လှမ်း၍ မေးရသည်။
“ဟိုရှေ့က ခေါ်တဲ့ရွာက ဘာရွာလဲဗျ”
“ဂွကလေးလေ၊ ဒါ သူဌေးကြီး ဦးဘိုးလှဆိပ်ပေါ့”
သမ္ဗန်သည် ရေအရှိန်ဖြင့် တဖြည်းဖြည်းရွေ့နေပါသည်။ ရိုင်ဖယ်ကိုင်ထားသော လူသည် စစ်ဝတ်နှင့် ကျွန်တော့် အား မြင်သောအခါ တဲအတွင်းတွင် ထိုင်နေသော ၎င်း၏လူများအား စကားလှည့်ပြောနေသည်ကို တွေ့ရသည်။ မကြာမီ ရိုင်ဖယ်ကိုင် လူသုံးလေးယောက်ခန့် ထွက်လာကြပြီး ဆိပ်ခံတံတားတွင် ရပ်လျက်ရှိ ကြပါသည်။ ၎င်းတို့စိတ်တွင် ဝေခွဲမရဟန်ဖြင့် စောင့်ကြည့်နေကြပါသည်။
“သမ္ဗန်ဆရာကြီး ကပ်ပေးလိုက်ပါ”
ကျွန်တော်၏ ခွင့်ပြုချက်ရသောအခါ သမ္ဗန်သည် ဆိပ်ခံတံတားဆီသို့ ဦးတည် လှော်ခတ်သွားပါသည်။ ထို အခါ ၎င်းတို့ကို ကျွန်တော်က ကောင်းစွာ မသိသော်လည်း ၎င်းတို့က ကျွန်တော်တို့အား ဗမာစစ်သားမှန်း သိသွားသည့် အလား ဗမာစစ်သားများဖြစ်ကြောင်း အချင်းချင်း ပြောနေကြသည်ကို ကြားလိုက်ရပါသည်။
“ဟိတ် ... မောင်မြလှိုင်၊ မင်း အခု ဘယ်က လာတာလဲ၊ ဘယ်သွားမှာလဲ”
“ရန်ကုန်ကလေ။ ခု ဖျာပုံသွားမလို့လေ၊ ဒါထက်”
“ဖျာပုံကို ဘာကိစ္စလဲကွ”
“တ၀န်နဲ့ပါ။ ဒါထက် ဂွကလေးမှာ သခင်တွေ ရောက်နေတယ်ဆိုဗျ”
“ကြံကောင်းစည်ရကွာ၊ မင်း ဘယ်သူပြောလိုက်သလဲ”
“ထားပါတော့။ ကျွန်တော်က ဒေးဒရဲက သခင်တင်ဖေတို့ သခင်မောင်မောင်တို့နဲ့ တွေ့ချင်တယ်ဗျာ”
“ငါ ဘယ်သိမှာလဲကွ။ ဒါထက် ဖျာပုံသွားရင် သတိထားသွား။ သခင်တွေတော့ ဂျပန်ကင်ပေတွေက ပိုက်စိတ် တိုက် လိုက်ဖမ်းနေတယ်။ နောက်ပြီး ခွင့်မရှိဘဲနေတဲ့ ရဲဘော်တွေကိုလည်း ဖမ်းစစ်နေတယ်”
“ကျေးဇူးပဲ၊ နေပါဦး။ ခင်ဗျားတို့ဆီမှာ ဖျာပုံက သခင်တွေ တကယ်မရှိတာလားဗျ။ ကျွန်တော်က ကိုအုန်းမောင် ကို လောလောဆယ် တွေ့ချင်နေတာ”
အမှန်က မြေတိုင်းစာရေး ကိုတင်သည် ကျွန်တော်တို့အား မည်သည့်တာဝန်ဖြင့်လာသည်။ မည်သည့် အဆက်အသွယ်ရှိသည်ကို မသိခြင်းကြောင့် ယင်းသို့ ကွယ်ဝှက်ပြောဆိုခြင်းဖြစ်ပါသည်။ အကယ်၍သာ ကျွန်တော်တို့ လူသိုက်နှင့် မြေတိုင်းစာရေး ကိုတင်တို့သည် ဖက်ဆစ်တော်လှန်ရေးအတွက် အဆက်အသွယ်များ ရှိမည် ဆိုလျှင် ထိုနေ့က သခင်ဖေတင်တို့ လူသိုက်ကိုသာမကသခင်စိုးနှင့် ဖျာပုံက ရဲဘော်အချို့ကိုပါ ဂွကလေးရွာ တွင် တွေ့ဆုံခဲ့မည်ဖြစ်ပါသည်။ ယခုမူ ကျွန်တော်တို့လူသိုက် လမ်းစပျောက်၊ အဆက်အသွယ်ပျောက် သည့် အခြေအနေသို့ ဆိုက်ရောက်လျက်ရှိပါတော့သည်။ သို့ဖြစ် ၍ မြေတိုင်းစာရေးကိုတင်တို့ လူသိုက်အား နှုတ်ဆက်ထွက်ခွာခဲ့ကြပါသည်။ (နောင်သောအခါ ၎င်းမြေတိုင်း စာရေး မောင်တင်သည် သခင်စိုး၏ လက်ရုံးအလံနီ အောင်မင်းအဖြစ် ကျော်ကြားခဲ့သူဖြစ်ပါ သည်။ ၎င်းနှင့် ပတ်သက်သော အကြောင်းများသီးခြား ဖော်ပြပါမည်။)
“မြလှိုင်၊ ဖျာပုံကို အရောက်သွားမလား။ ခုအတိုင်းဆို မဖြစ်ဘူးထင်တယ်ကွ”
“ဟုတ်တယ်။ အုန်းပင်ဘက်ကမ်းဖြစ်ဖြစ်၊ ဆားအိုးချောင်းဖြစ်ဖြစ်ဝင်မယ်။ အဲဒီက သမ္ဗန်ကို ပြန်လွှတ်လိုက် မယ်”
“ကောင်းတယ်”
ဆားအိုးချောင်းရွာသည် နယ်ချဲ့ တော်လှန်ရေးကာလက ကျွန်တော်တို့ နေထိုင်လာခဲ့သော အဘဦးဘိုးသီ တို့ရွာရှိ ပါသည်။ အဘသီနှင့် ကျွန်တော်နှင့် မတွေ့သည်မှာ ကြာသော်လည်း မည်သို့မဆို အဘသီတစ်ယောက် ဆားအိုးချောင်းရွာ ၌ပင် ရှိမည်မှာ သေချာပါသည်။ ယခုလည်း အဘသီအိမ်သို့ပင် သွားရောက်၍ ထိုမှတစ်ဆင့် ဖျာပုံမြို့ အခြေအနေကို စုံစမ်းရန် ဆုံးဖြတ်မိပါသည်။
“သမ္ဗန်ဆရာကြီး၊ ဆားအိုးချောင်းကိုပဲ သွားတော့မယ်။ ဖျာပုံကို မပို့နဲ့တော့ဗျာ”
“ပို့လို့လဲမရဘူး။ ရေမမီတော့ဘူး။ မကြာခင် ရေတက်တော့မှာ ကိုရင်တို့”
“ကိုင်းပါလေ။ ဆားအိုးချောင်းထိတော့ ပို့လို့ရသေးတယ်မဟုတ်လား”
“နောက်ပြန်ထိုးမှာ နားပါလား”
“ဒီမယ်၊ ဆားအိုးချောင်းကိုတော့ ရောက်မှဖြစ်မယ်”
“သမ္ဗန်ဆရာကြီးသည် စကားဆက်၍ မပြောတော့ဘဲ စိတ်ပျက်စွာဖြင့် သမ္ဗန်ကို ပျင်းရိစွာ ခတ်လျက်ရှိပါသည်။ ကျွန်တော်သည် သမ္ဗန်ဆရာကြီးအား သနားငဲ့ညှာလိုသော်လည်း နောက်ပြန်ထိုးရွာ သည် အလွန်ကြီးမားသော ရွာကြီးတစ်ရွာဖြစ်သည့်ပြင် နောက်ပြန်ထိုးရှာမှ ဆန်စက်ကြီးများမှာလည်း ဂျပန်ကုမ္ပဏီမှ သိမ်းဆည်း၍ စပါးများ ၀ယ်ယူကြိတ်ခွဲ လျက်ရှိနေပါသည်။ နောက်ပြန်ထိုးတွင် နားလိုက်ခြင်းဖြင့် ကျားရှေ့ ၌ မှောက် လျက်လြဲခင်းမည်ပေ မည်။ သို့ဖြစ်၍ သမ္ဗန်ဆရာကြီး၏ ငြိုငြင်မှု ကင်းဝေးရန် ရေဆန်လှော်ခတ်ရမည့် အချိန်တွင် ရဲဘော်စံယျနှင့် ကိုသောင်းအိတို့က တစ်လှည့်စီ လှော်ခတ်ပေးခဲ့ကြပြီး သမ္ဗန်သမားအား အနားပေးခဲ့ရပါသည်။ သို့ဖြစ်၍ မကြာမီ ဆားအိုး ချောင်းရွာသို့ ဆိုက်ရောက်ခဲ့ကြပါတော့သည်။
ဆက်ရန်
.

No comments:
Post a Comment