“သမ္ဗန်ဆရာကြီးသည် စကားဆက်၍ မပြောတော့ဘဲ စိတ်ပျက်စွာဖြင့် သမ္ဗန်ကို ပျင်းရိစွာ ခတ်လျက် ရှိပါသည်။ ကျွန်တော်သည် သမ္ဗန်ဆရာကြီးအား သနားငဲ့ညှာလိုသော် လည်း နောက်ပြန်ထိုးရွာ သည် အလွန်ကြီးမားသော ရွာကြီးတစ်ရွာဖြစ်သည့်ပြင် နောက်ပြန်ထိုးရှာမှ ဆန်စက်ကြီးများ မှာလည်း ဂျပန်ကုမ္ပဏီမှ သိမ်းဆည်း၍ စပါးများ ၀ယ်ယူကြိတ်ခွဲ လျက်ရှိနေပါသည်။ နောက်ပြန်ထိုးတွင် နားလိုက်ခြင်းဖြင့် ကျားရှေ့၌ မှောက်လျက်လခြင်းမည်ပေမည်။ သို့ဖြစ်၍ သမ္ဗန်ဆရာကြီး၏ ငြိုငြင်မှု ကင်းဝေးရန် ရေဆန်လှော်ခတ်ရမည့် အချိန်တွင် ရဲဘော်စံယျနှင့် ကိုသောင်းအိတို့က တစ်လှည့်စီ လှော်ခတ်ပေးခဲ့ကြပြီး သမ္ဗန်သမားအား အနားပေးခဲ့ရပါသည်။ သို့ဖြစ်၍ မကြာမီ ဆားအိုး ချောင်းရွာ သို့ ဆိုက်ရောက်ခဲ့ကြပါတော့သည်။ ကို ဆက်ဖတ်ရန် ..........
“အဘသီ ... အဘသီ”
“ဝေး ... ဘယ်သူတွေလဲ၊ အချိန်မဲ့ပြီပဲဟ”
ပြန်ထူးသူ က အဘသီအသံ မဟုတ်ဘဲ မီးတိုင်ကို မြှောက်၍ စူးစမ်းစွာ ကြည့်နေပါသည်။ ကျွန်တော်တို့အား ညဥ့်အခါ မည်သူမည်ဝါ ဖြစ်သည်ကို ၎င်းတို့အနေဖြင့် သိရန်လည်း မလွယ်ကူလျပေ။ အဘယ်ကြောင့်ဆို သော် ကျွန်တော်တို့ကိုယ်တိုင် စစ်ဝတ်များ ၀တ်ထားခြင်းကြောင့်ပင် ဖြစ်ပါသည်။
“အဘသီ မရှိဘူးလား ဦးလေး။ ကျွန်တော်မြလှိုင်ပါဗျ”
မြလှိုင်ဟု ပြောလိုက်သံအဆုံးတွင် တဲအတွင်းမှ တဟွတ်ဟွတ်ဆိုးနေသော ချောင်းဆိုးသံကို ကြားလိုက် ရသည် တွင် ချောင်းသံသည် အဘသီပင် ဖြစ်ချေမည်။ အဘသီသည် ပန်းနာရင်ကျပ်သမားဖြစ်၍ ပန်းနာ ရင်ကျပ်ထလျှင် အိပ်ရာထက် ၌ ဘုံးဘုံးလဲလေ့ရှိသည်။
“ဟာ ... ကိုမြလှိုင်ကြီးတို့ လူသိုက်ပါလား။ ရုတ်တရက် မမှတ်မိဘူးလေ။ ကျုပ် ကျော်မောင်လေ”
အဘသီ၏ သားကြီး ကိုကျော်မောင်က ကျွန်တော့်အား ချက်ချင်း မှတ်မိသွားဟန်ဖြင့် အသံမြှင့်၍ စကားဆို သည်။ ကျွန်တော် သည် ကိုကျော်မောင်၏ လက်ဖမ်းဆွဲပြီး ကမ်းပေါ်သို့ တက်လိုက်ပါသည်။ ကိုကျော်မောင်ကမူ ၀မ်းသာခြင်းကြောင့် ကျွန်တော့်အား ဖက်လှဲတကင်းပြုသည်။
“ဒါထက်၊ အဘသီရော”
“ထုံးစံအတိုင်း ရင်ကျပ်ထနေတယ်”
စကားသံ မဆုံးမီပင် စောင်ခြုံ၍ တရွေ့ရွေ့ထွက်လာသော အဘသီကို တွေ့လိုက်ရပါသည်။ ဇရာထောင်းခြင်း၊ ရောဂါဖိစီးခြင်း တို့ကြောင့် အဘသီ၏ ရုပ်အင်္ဂါများမှာ ပို၍ အိုမင်းရင့်ရော်လျက်ရှိနေပါ သည်။ ကျွန်တော် သည် နယ်ချဲ့ တော်လှန်ရေးတွင်လည်းကောင်း၊ ဆာစံ အရေးတော်ပုံတွင်လည်းကောင်း၊ ရွပ်ရွပ်ချွံချွံ ပါဝင်ခဲ့သောလယ်သမား တော်လှန်ရေးသမားကြီးကို ကြည့်ရင်း သက်ပြင်းရှိုက်ထုတ်လိုက်မိပါ သည်။ အဘသီတစ်ယောက် နိုင်ငံကို ချစ်မြတ်နိုးသောစိတ်ဖြင့် လှုပ်ရှားဆောင်ရွက်ခဲ့ခြင်းများသည် ဇရာ၏ ထုထောင်းမှုဖြင့် ဘ၀နေ၀င်ချိန်သို့ ရောက်ရှိနေလေပြီတကား ...။
“အဘ”
“ဟွတ် - ဟွတ် - ဟွတ် - ဗျ - ကိုမြလှိုင်”
“ဒီည အဘဆီမှာ အိပ်မလို့”
အဘသီ၏မျက်နှာပေါ်တွင် ပြုံးရိပ်များ သမ်းလာသည်။ ၎င်း၏ မျက်လုံးများသည် ၀င်းလက်လာသည်။ ခြုံထားသော စောင်ခြုံကို ခွာလျက်၊ ကျွန်တော့်အပါးသို့ တိုးကပ်လာသည်။ အဘသီသည် ရုတ်ခြည်းတော် လှန်ရေး အားမာန်များ ပြန်လည်ပြည့်ဖြိုးလာခြင်းဖြစ်ပါသည်။ အိုမင်းရင့်ရော်လျက်ရှိသော သူ၏ မျက်နှာပေါ် မှ အရေးအကြောင်း များသည် တဒင်္ဂ၌လှပနုပျိုနေသည်ဟု ကျွန်တော်ထင်မှတ်မပါသည်။ ထို့နောက် ကျွန်တော့် နားနားသို့ တိုးကပ်ပြီး စကားဆိုသည်။
“အရေးတော် ပေါ်ပြီလား ကိုမြလှိုင်ကြီး”
“အဘသီ ကျန်းမာအောင်လုပ်၊ သေနတ်ပစ်ရဦးမှာဗျ၊ ဟင်း ... ဟင်း ... ဟင်း ”
ကျွန်တော်၏ ပြောစကားကြောင့် အဘသီက ချောင်းတဟွတ်ဟွတ်ဆိုးနေသည့်ကြားမှပင် ဟက်ဟက်ပက် ပက်ရယ်မောလိုက်မိသည်။ ကျွန်တော်ကမူ အဘသီ၏ ရောဂါဖိစီးမှုကို အားမရသော်လည်း စိတ်ဆောင်နေ သော အဘသီ၏ ထက်သန်မှုကို စိတ်တွင်းမှ ချီးကျူးနေမိသည်။ အဘသီသည် ပန်းနာရောဂါ သာမရှိလျှင် ကျွန်တော်နှင့်အတူ တကောက်ကောက် လိုက်နေဦးမည်မှာ မုချပင်ဖြစ်ပါသည်။
“ကိုမြလှိုင်တို့ ဒီတစ်ညပဲလားဗျ”
“အခြေအနေအရပဲ ကိုကျော်မော်၊ ဒါထက် သူကြီးကို ကျန်တစ်ယောက်ရှိရင် သွားခေါ်ချေဗျာ”
“ဖြည်းဖြည်းပေါ့ ကိုမြလှိုင်ရာ။ ကျုပ်နဲ့ပဲ စကားဝအောင် ပြောပါရစေဦး။ ငကျန် - ငကျန်ကို နောက်ပြီးမှ သွားခေါ်၊ လက်ဖက်ရည်ကြမ်းနဲ့ သောက်ရအောင် ငါးခြောက်သွားဖုတ်ချေ”
ကျွန်တော်သည် အဘသီအား ဖက်ဆစ်တော်လှန်ရေးနှင့်ပတ်သက်သော အခြေအနေများနှင့် ပတ်သက် ၍ ပြောသင့်ပြောထိုက်သော အကြောင်းအရာများကို ပြောပြပါသည်။ စင်စစ် ဆားအိုးချောင်းရွာသည် ဖျာပုံမြို့နှင့် နီးကပ်သော ကျေးရွာတစ်ရွာဖြစ်ပါသည်။ ဖျာပုံမြို့နှင့် ဆက်သွယ်ရန်လည်း လွယ်ကူပါသည်။ ကျွန်တော် ရန်ကုန် က မထွက်ခွာမီ ဗိုလ်လက်ျာက လုံခြုံစိတ်ချရသောနေရာများကို ရွေးချယ်၍ စခန်းများ ဆောက်လုပ်ရန် မှာကြား လိုက်သည် ကိုလည်း သတိရမိပါသည်။ အထူးသဖြင့် အဘသီ၏ ခြံဝိုင်းသည် အလွန်သာယာ၍ သီးပင်စားပင် များဖြင့် အုပ်ဆိုင်းဆိုင်းရှိသော ခြံကြီးတစ်ခြံဖြစ်ပါသည်။
“အဘသီ ...”
“ဗျား ... ဘာတုန်း ကိုမြလှိုင်ကြီးရ”
“အဘသီခြံထဲမှာ လူဝင်လူထွက်ရှင်းရဲ့လား”
“ဘာတုန်း ကိုမြလှိုင်ကြီး၊ တပ်စခန်း ချချင်လို့လား”
“ဆိုပါတော့”
“ရွာသူရွာသားနဲ့ အုန်းပင်သားတွေကတော့ လာလေ့ရှိတယ်။ ကျုပ်က အုန်းသီးရောင်း၊ ကွမ်းသီးရောင်း လုပ်နေ ရတော့ သူတို့ပဲ ကိုယ်တိုင် လာတက်ပြီး ခူးယူနေကြတာပဲ။ သိပ်တော့ မလုံခြုံဘူးဆိုရမယ်”
ထိုညက ကျွန်တော်တို့ နောက်တစ်နေ့ ဖျာပုံသို့ သွားရေး အစီအစဉ်များကို ရေးဆွဲကြပါသည်။ ရဲဘော် စံယျ အား တစ်နေရာ သို့လည်းကောင်း၊ ရဲဘော်သောင်းအိအား တစ်နေရာသို့လည်းကောင်း၊ လူခွဲစေလွှတ်ပြီး ကျွန်တော် ကိုယ်တိုင် လည်း အောက်ကွင်းရွာမှ ကျွန်တော်တို့၏ အမာခံရဲဘော်တစ်ဦးဖြစ်သူ ကိုကျော်လှထံ သွားရောက်ရန် ဆုံးဖြတ်ကြ ပါသည်။
ကျွန်တော် တို့ အိပ်ရာတွင် ကျောချသောအချိန်သည် သန်းခေါင်ပင်ကျော်ခဲ့ပါပြီ။ အဘသီ၏ရောဂါဖိစီးမှုကြောင့် ညည်းညူသံနှင့် အိမ်နောက်ဖေးသရက်ပင်အို ထက်မှ တောက်တဲ့တစ်ကောင် ၏ တောက်တဲ့ တောက်တဲ့ ဟူသော အော်သံ မှာ အိပ်မပျော်နိုင်အောင်ပင် အနှောင့် အယှက်ဖြစ်မိပါသည်။ ထိုသို့ အိပ်မပျော်သောအခါ ချစ်စခင်စ ဇနီးဖြစ်သူ သန်းသန်းသည် ကျွန်တော်၏ အတွေးနယ်၏ အရှင်သခင်အဖြစ် စိုးမိုးလာလေသည်။
ကိုသိန်းဖေ (အောင်ပင်လယ်သိန်းဖေ)၏ သတင်းပို့ချက်အရ ကျွန်တော်စေလွှတ်ထားသော ရဲဘော် သုံး ယောက်အား ညောင်လမ်းငူရွာတွင် ဂျပန်စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ယခု အချိန်အထိ မည်သည့်နောတွင် ရောက်ရှိနေသည်ကို မသိရကြောင်း ပြောလာပါသည်။ ကျွန်တော်သည် ဖျာပုံမြို့ သို့ ယခုရောက်ရှိရာတွင် ဖျာပုံမြို့ပေါ်သို့ လုံးဝမသွားဘဲ ဇနီးဖြစ်သူ သန်းသန်းကိုသာ ဖျာပုံ သို့ ရောက်ရှိနေကြောင်း သိရှိရန် အကြောင်းကြားထားခဲ့ပါသည်။ ဖျာပုံမြို့ပေါ်တွင် ကျွန်တော်တို့၏ အဓိကစခန်း ကို ထင်းပွဲစား ကိုဘမောင်၏ အိမ်နှင့် ကိုဝက်ကြီးတို့ အိမ်များကို သတ်မှတ်ခဲ့ပါသည်။ ဖက်ဆစ် တော်လှန်ရေးနှင့် ပတ်သက်သော လျှို့ဝှက်သတင်းများကို ယင်းနှစ်ဌာနနှစ်ခုမှ ဆက်သွယ်ရယူပါသည်။
ကျွန်တော်တို့၏ ဆက်သားများမှာ ထင်းလှည်းဆွဲသူ ကိုချစ်မောင်နှင့် ဇနီး မလှရှင်၊ ကိုဝက်ကြီးတို့ မိသားစု၊ အောင်မြေဘုံသာကျောင်းမှ ဘုန်းတော်ကြီး စတိလတို့ဖြစ်ကြပြီး၊ ဖက်ဆစ်များနှင့် ပတ်သက်သော သတင်း များ၊ မြေပုံများ၊ လှုပ်ရှားမှုများကို အသက်စွန့်၍ ဆောင်ရွက်ပေးကြသူများမှာ ကိုသန်းနိုင် (ဂျပန်စကားပြန်) ၊ ကိုမောင်မောင်သန်း (ဂျပန်စကားပြန်)၊ (ယခင် ဖျာပုံမြို့နယ် တောင်သူလယ်သမားကောင်စီ ဥက္ကဋ္ဌဟောင်း) ကိုအောင်ခင် ဆိုသူတို့ ဖြစ်ကြပါသည်။ ၎င်းတို့သည် ဂျပန် များ၏ လှုပ်ရှားမှုသတင်းများကို အတိအကျ စာရင်း များနှင့်တကွ ပေးနိုင်ခဲ့သူများ ဖြစ်ကြပါသည်။ ကျွန်တော်သည် အောက်ကွင်းရွာရှိ ကိုကျော်လှ တို့အိမ်တွင် ဖျာပုံသို့လွှတ်လိုက်သော ရဲဘော်စံယျနှင့် ရဲဘော်သောင်းအိတို့အား စောင့်မျှော်နေရင်းမှ အထက်ပါသတင်းဆိုး ကို ကိုသိန်းဖေ လာရောက်ပြောကြား ခြင်းဖြစ်ပါသည်။
“ဖြစ်ပျက်ပုံ အသေးစိတ် မသိခဲ့ရဘူးလား ကိုသိန်းဖေ”
“ဖြစ်ပျက်ပုံ ကတော့ ဂျပန်စစ်တပ်က ဘိုးဘကုန်းကနေ ညောင်လမ်းငူကို အကူးမှာ ဘုန်းကြီးကျောင်းထဲက ထွက်လာ တဲ့ လှထွန်းဆိုတဲ့ ရဲဘော်နဲ့တွေ့တယ်။ လှထွန်းကိုမြင်တော့ သူတို့က ရပ်ခိုင်းတယ်တဲ့။ အဲဒီအခါ မှ လှထွန်း က သတိအနေအထားနဲ့ ရပ်လိုက်တာကိုမြင်ပြီး ဒီကောင် ရဲဘော်ပဲဆိုတာ သိသွားတာ”
“အင်း ... ရဲဘော် ဆိုတဲ့ကောင်က တခြားရုပ်ဖျက်လို့ရပေမယ့် စစ်သားပုံစံကတော့ ရုတ်တရက် ဖျောက်မရ တော့ ဒုက္ခတွေ့ တာပေါ့။ ဒါနဲ့ ကျန်ရဲဘော်မြဦးနဲ့ သိုက်ထွန်းတို့ကိုရော ဘယ်လိုလုပ်မိတာလဲဗျ”
“ဘုန်းကြီးကျောင်း ထဲ ၀င်ရှာတော့ ကတုံးနဲ့ ထိုင်နေတာ တွေ့တဲ့နှစ်ကောင် စလုံးကို ဆွဲတာပါပဲ”
ကျွန်တော်သည် ကိုသိန်းဖေပြောပြသော အကြောင်းများထက် လောလောဆယ် ရဲဘော်သုံးယောက် မည်သည့်နေရာ သို့ ရောက်ရှိနေသည် မည်သို့မည်ပုံ ကယ်တင်နိုင်မည်၊ မည်သူများအား တာဝန်ပေးရမည်ကို စိတ်ဖြင့် အကွက်ချလျက် စီစဉ်နေမိပါသည်။ ဂျပန်စစ်တပ်ဆိုသည်မှာလည်း ကျေးရွာ များတွင် ရုံးတစ်ရုံး ဓားတစ်စင်း ကဲ့သို့ အာဏာပိုင်စိုးသူများ ဖြစ်ရကား ၎င်းတို့လယ်၌ပင် အစပျောက် သွားမည် ဆိုလျှင် လည်း ပျောက်ကွယ်သွားနိုင်သည် မဟုတ်ပါလား။ ထိုအခိုက် ကိုသောင်းအိနှင့် အတူ ကိုဝက်ကြီးတစ်ယောက် တိုက်ကြက် တစ်ကောင် ကို ပိုက်၍ ရောက်လာကြပါသည်။
“သောက်ရေးထဲ ဒီတိုက်ကြက်ကြီးက ဘာလုပ်ရတာလဲဗျ။ ခင်ဗျားကြီး တော်တော်ခက်တာပဲ”
ကိုဝက်ကြီး သည် ကျွန်တော့်အား မထေမဲ့မြင် ပြုံးပြလိုက်သည်။ ထို့နောက် ကိုကျော်လှ၏ အိမ်ရှေ့ သောက်ရေအိုးဆီသို့ သွားရောက်ကာ ရေတစ်ခွက်ခပ်၍ တိုက်ကြက်ကြိး၏ တစ်ကိုယ်လုံး ကို ရေဆွတ်ပေး လျက်ရှိပြန်ပါသည်။ ကျွန်တော်သည် ရဲဘော်သုံးယောက်အား ဂျပန်စစ်တပ်မှ ဖမ်းဆီး သွားခြင်းအတွက် ခေါင်းပူနေခြင်းကြောင့် ဆက်၍ စကားမပြောတော့ဘဲ ကိုသောင်းအိကိုသာ အခြေအနေ များကို မေးမြန်း ကြည့်မိပါတော့သည်။
“ဘာထူးသေးလဲ ကိုသောင်းအိ”
စံယျ သူတို့အဖေခြံထဲ ဗိုလ်လက်ျာနေတဲ့ စခန်းဆောက်ဖို့ နေရာသွားကြည့်တယ်။ ညနေကို ရောက်အောင် လာလိမ့် မယ်။ မင်းမိန်းမ သန်းသန်းအိမ် အ၀င်အထွက် ကင်ပေတိုင်က စောင့်ကြည့်နေတယ်။ အုန်းမောင်တို့ လူသိုက်မရှိကြတော့ဘူး”
“ဟေ့ - သောင်းအိ၊ မင်းကိစ္စ ပြီးပလား”
ကိုသောင်းအိပြောနေသော စကားမဆုံးမီ ကိုဝက်ကြီး၏ ငှက်ဆိုးထိုးသံကြီးကို ကျွန်တော် ဒေါသထွက်သွား မိသည်။ ဤမျှအရေးကြီးသော ကိစ္စများကို ပြောဆိုနေသည့်ကြားမှ အလိုက်မသိစွာဖြင့် ၀င်ရောက်ပြောခြင်း ကို ကျွန်တော် သည်းမခံနိုင်ပေ။
“ဟေ့လူ ...၊ ခင်ဗျားပါးစပ် ပိတ်ထားလိုက်စမ်း။ ကိုသောင်အိ ဆက်ပြောစမ်းပါဦး”
“ဟိတ် ... မြလှိုင်ကြီး ၊ သောင်းအိ ပြောစကားထက် အရေးကြီးတယ်ကွ”
“ဘာအရေးကြီး တာလဲ။ စောစောက ဘာလို့ မပြောတာလဲ။ ဘာလို့ တိုက်ကြက်ကြီး ယူလာရတာလဲ။ တာဝန်နဲ့ ကြက် တိုက်တာ၊ ဖဲရိုတာ ရောလို့ မရဘူးဗျ”
“အောင်မယ်လေး၊ မာစတာကြီးက အရမ်းဟောက်နေတာပါပဲလား၊ ဟား ... ဟား ... ဟား”
“ပြောစမ်းဗျာ။ ခင်ဗျားနဲ့ စကားပြောရတာ ကျုပ်ရူးသွားလိမ့်မယ်”
“ရော့ ... စာ”
“ဘယ်သူ့ဆီက စာလဲ”
“မင်း အနံ့သွားခံခဲ့ဖူးတဲ့ ဂျပန်ကတော်”
ကျွန်တော် သည် ကိုဝက်ကြီးစကားမဆုံးမီ သူလက်ကမ်းပေးလိုက်သော စာကို ဖတ်ကြည့်လိုက်သည်။ ကျွန်တော့် မျက်လုံးများ မှာ မျက်ရည်ဥများ သီးလာသည်။ ကျွန်တော့်ရင်များ တလှပ်လှပ်ခုန်လာသည်။ ကျွန်တော့်လက်များ အလိုလို တုန်လာသည်။
သန်းကြည်ထံမှ စာသည် ညောင်လမ်းငူရွာမှ ဖမ်းယူခဲ့သော ဗမာ့တပ်မတော်မှ ရဲဘော်များ ဂျပန်ကင်ပေတိုင်ရုံး တွင် ရောက်ရှိနေကြောင်းနှင့် ညှင်းပန်းစစ်ဆေးနေကြောင်းတို့ပင် ဖြစ်ပါသည်။ ထို့ပြင် ကိုဝက်ကြီးသည် ကြက်သမား ကဲ့သို့လည်းကောင်း၊ အရက်သမားကဲ့သို့လည်းကောင်း၊ သွားလာလှုပ်ရှား၍ သတင်းများ ရယူခြင်းဖြစ်ကြောင်း၊ ယခုလည်း အများ တကာ၏ စိတ်တွင် ၀က်ကြီးတစ်ကောင် ကြက်တိုက်သွားသည်ဟု ထင်ရန် အတွက် တိုက်ကြက်ကို ပိုက်၍ ထွက်လာခဲ့ခြင်းဖြစ်ကြောင်းတို့ကို သိလိုက်ရပါသည်။
“ဆောရီးဗျာ၊ ကျုပ်ဆူတာ ရှေ့လောကြီးသွားတယ်”
“ထပ်သရီး၊ ဆဲပြီး ဆိုပြီးမှ ဘာဆောရီးလဲ”
ကျွန်တော်သည် သန်းကြည်ထံမှစာကို ကိုသိန်းဖေနှင့် ကိုကျော်လှတို့အားပြလိုက်သည်။ ထို့နောက် ဂျပန် ကင်ပေတိုင်ရုံး တွင် ဖမ်းဆီးထားသော ရဲဘော် ၃ ယောက်ကို ကယ်တင်ရေးအတွက် တိုင်ပင်ကြသည်။ ကိုသိန်းဖေ ကမူ ပင်လယ်ပိုင်းတွင်ရှိနေသော ဂျပန်စစ်တပ်ကို ၀င်ရောက် တိုက်ခိုက်လိုကြောင်း ပြောကြား ပါသည်။
အမှန်မှာ ဖက်ဆစ်တော်လှန်ရေးနှင့်ပတ်သက်၍ ကျွန်တော်တို့တွင် ယခုအချိန်အထိ မည်သို့ ဆောင်ရွက်ရမည်ကို တိတိ ကျကျ အမိန့်များမရရှိသေးသော ကာလဖြစ်သဖြင့် ကိုသိန်းဖေ၏ အကြံဥာဏ်ကို ခေတ္တဆိုင်းငံ့ထားရန် ဆုံးဖြတ်ပေး လိုက်ပါသည်။ ထို့နောက် ဂျပန်ကင်ပေရုံးတွင် ဖမ်းဆီးထားသော ရဲဘော်များ၏ လွတ်မြောက်ရေး မှာ အလွန်ခက်ခဲသော အကြောင်းတစ်ရပ်ဖြစ်ရုံမက၊ နောက်ထပ်ဆင့်ပွား ဖြစ်ပေါ်မည့် အကျိုးဆက်မျးကိုပါ ထည့်တွက်ကြည့်ခြင်း အားဖြင့် ၎င်းရဲဘော် ၃ ယောက် လွတ်မြောက်ရေး ထက် နောက်ထပ်ရဲဘော်များကို ဖမ်းဆီးခြင်း မပြုနိုင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၏ အရိပ်လက္ခဏာများ လုံးဝ မမပေါ်ပေါက်ရေး တို့ အတွက် ရှေ့ဆောင် ရွက်ဖွယ်များ လုံးဝမပေါ်ပေါက်ရေးတို့အတွက် ရှေ့ဆောင် ရွက်ဖွယ်များကိုသာ ညှိနှုင်း၍ စခန်း အသီးသီးတွင် ရှိနေကြသော ဖက်ဆစ်တော်လှန်ရေး “ပွိုင့်”များသို့ အသိပေးအကြောင်းကြားရန် စီစဉ်ရပါသည်။
ထိုနေ့ညနေတွင် ကျွန်တော်နှင့် ကိုသောင်းအိတို့သည် ဖျာပုံမြို့ပေါ်ရှိ မြေအောက်စခန်း အမှတ် ၂ ဖြစ်သော ဦးဖေသန်း ၏ တိုက်သို့ ပြောင်းရွေ့ခဲ့ပါသည်။ ဦးဖေသန်း၏တိုက်သို့ ရောက်သောအခါ ရဲဘော်စံယျနှင့်တကွ၊ ဖျာပုံမြို့ပေါ် မှ ရဲဘော်များ အားလုံး စုံစုံညီညီ ရောက်ရှိနေကြောင်း တွေ့ရပါသည်။ ဦးဖေသန်း၏ တိုက်သည် အလွန်ကြီးမားသော တိုက်ကြီးဖြစ်သည့်ပြင် ရဲဘော်များ၏ စားရေးသောက်ရေးအတွက် ပူပင်ဖွယ် မရှိအောင် ပြည့်စုံပါသည်။ ထို့ပြင် ဦးဖေသန်းသည် ဂျပန်ကုန်သည်များနှင့် ဟန်ရေးပြ ရင်းနှီး ဆက်ဆံမှုရှိခြင်းကြောင့် ကျွန်တော်တို့ စခန်းဖွင့်ထားခြင်းကို ဂျပန်ကင်ပေရုံးမှ သတင်းအနံ့ မရနိုင်ရှိနိုင်ဘဲရှိပါသည်။ တိုက်အိမ်အောက်ထပ်တွင် ဂျပန်များအား ဧည့်ခံနေချိန်တွင် ကျွန်တော်တို့သည် တိုက်အပေါ်ထပ်၌ လျှို့ဝှက်အစည်းအဝေးများ လုပ်လျက်ရှိကြပါသည်။
ဖျာပုံမြို့သို့ ကျွန်တော်တို့ လူသိုက် ရောက်ရှိခဲ့ပြီး တစ်ပတ်ခန့်အကြာ၌ ဗိုလ်လက်ျာ၏ မှာကြားချက်ဖြစ်သော စခန်းတည်ဆောက်မှု ကို ရဲဘော်စံယျ၏ ဖခင်ပိုင်သော ဓနိခြံကြီး၏အလယ်တွင် တည်ဆောက်နိုင်ခဲ့ကြပါ သည်။ ကျွန်တော်တို့သည် ဓနိပင်များဖြင့် ဖုံးလွှမ်းပိတ်ဆီးနေသော ခြံကြီး၏ အလယ်တည့်တည့်တွင် လူ ၂၅ ယောက်ခန့် နေထိုင်နိုင်သော တဲကြီးနှစ်လုံးကို အလျင်အမြန် တည်ဆောက်ပြီးစီးခဲ့ကြပါသည်။ ထို့ပြင် အရေးအကြောင်း ပေါ်ပေါက်ခဲ့သော် ရှောင်တိမ်းလွတ်မြောက်ရန်အတွက် မလွယ်ပေါက် နှစ်ခုနှင့် အသကင့်လှော်ခတ်သွားနိုင်သော ဘောက်တူ နှစ်စင်းကိုလည်း ထားရှိပြီးဖြစ်ပါသည်။
“ဒီကနေ့ည စခန်း ၃ ကို ရွှေ့ပြီး စည်းဝေးကြရအောင်”
စခန်း ၃၄ သည် ဖျာပုံမြို့ ၇ လမ်းမှ အခွန်ဝန်ရုံး စာရေးကြီး ဦးအုန်းစိန်၏အိမ် ဖြစ်ပါသည်။ ဦးအုန်းစိန်သည် ဖျာပုံမြို့နယ် စစ်ဆ်ရေးအတွက် ခရိုင်ဝန်ရုံးမှ မြေပုံများကို ကျွန်တော်တို့အား ရယူပေးခဲ့ပါသည်။ ၎င်းမေပုံ များသည် နောင်သောအခါ အလွန်အသုံးဝင်ခဲ့ပါသည်။ ဦးအုန်းစိန်၏ အိမ်တွင် ကျွန်တော်တို့ စုဝေးသည့် ညက စစ်ဝန်ကြီးရုံးမှပေးလိုက်သော ဖျာပုံမြို့နယ်အတွင်း ခွင့်ဖြင့်ရောက်နေသော ရဲဘော်များ၏စာရင်းကို စစ်ဆေး၍ ၎င်းရဲဘော်များအား ပြန်လည်ခေါ်ယူ၇န် တာဝန်များ ခွဲဝေကြပါသည်။ စုရင်းများအရ ဖျာပုံမြို့နယ်အတွင်း ရဲဘော် ၆၀ ကျော်ခန့်ရှိနေကြောင်း သိရပါသည်။
ရဲဘော် ၆၀ ကျော်ခန့် ပြန့်ကြံနေသော ကိစ္စကို ပြန်လည်စုစည်းရန် လွယ်ကူသော ကိစ္စတော့ မဟုတ်လှပါ ပေ။ သို့သော် စစ်ဝန်ကြီးရုံးမှ အမိန့်အရဖြစ်၍ ၎င်းတို့အား လူဖြန့်၍ လိုက်လံခေါ်ယူ စုစည်းရမည်ဖြစ်ပါသည်။ များသောအားဖြင့် ခွင့်ပြန်ရဲဘော်များမှာ ဖျာပုံမြို့ပေါ်မှ နည်းပါးပြီး ကျေးရွာများတွင် များပြားပါသည်။ သို့ဖြစ်ရာ ရှေးဦးစွာ ရဲဘော်များ ရောက်ရှိနေသော ကျေးရွာများစာရင်း၊ ထိုကျေးရွာများတွင် ကျွန်တော်တို့ ဖွဲ့စည်းထားသော ဖက်ဆစ်တော်လှန်ရေး တာဝန်ခံများ သို့မဟုတ် သူကြီးများမှတစ်ဆင့် ပြန်လည်ခေါ်ယူရန် စီစဉ်ရပါသည်။
“ကိုသိန်းဖေနဲ့ ကိုကျော်လှက အောက်ပိုင်းက ရဲဘော်တွေကို လိုက်ပြီး ခေါ်ဗျာ”
“အောက်ပိုင်းမှာ စုစုပေါင်း ဘယ်နှစ်ယောက် ရှိသလဲ”
“ဒီမှာ စာရင်း။ သူတို့လိပ်စာအားလုံး ၁၆ ယောက်”
“မလိုက်ရင် ဘယ်နှယ့်လုပ်မလဲ”
“ဒီမှာ စစ်ဝန်ကြီးရုံးက အမိန့်”
“အမိန့်ဖီဆန်ရင်ကော ကိုမြလှိုင်”
“ထားရစ်ခဲ့။ ဒါပဲ”
ခွင့်ရဲဘော်များ ကောက်သင်းကောက်ရန် လူ ၃ စု ခွဲလိုက်ကြသည်။ ဖျာပုံမြို့နယ်အတွင်း အရှေ့အနောက် တောင်မြောက် ခွဲလိုက်ပြီး ဒေသခံရဲဘော်များမှတစ်ဆင့် ပြန်လည်စုစည်းသောအခါ ရဲဘော် ၆၀ ကျော် အနက်မှ ၅၃ ယောက်ကို ပြန်လည်ခေါ်ယူနိုင်ခဲ့ပါသည်။ ၎င်းရဲဘော်များကို ကျုံကူသူကြီး ကိုကျော်သန်း (ကွယ်လွန်)အိမ်တွင် ပထမစုစည်းထားရှိပြီး တပ်စိတ်များ ဖွဲ့စည်းကာ တိုက်ခိုက်ရေး စခန်းအဖြစ် ထားရှိသော ကိုသိန်းဖေ (အောင်ပင်လယ်)၏ ဒေသဖြစ်သော အခြာတမံ၊ တူးမြောင်း၊ ကျီးနှင့်ပင်စသော ရွာတို့၌ လက်နက်တပ်ဆင်၍ တပ်စွဲစေပါသည်။
စခန်းတစ်ခုလုံး တိတ်ဆိတ်လျက်ရှိပါသည်။
ကျေးငှက်တို့၏ မြူးတူးအော်မြည်သော အသံမှတစ်ပါး မည်သည့်အသံဗလံမျှ မကြားရပေ။ ယင်းစခန်းကား ဗိုလ်လက်ျာ၏ ညွှန်ကားချက်အရ ကျွန်တော်တို့တည်ဆောက်ထားသော စခန်းသစ်တစ်ခုဖြစ်ပါသည်။ ဓနိပင်များ၊ တောဗလပ်ပင်များ၊ အုန်းပင်များ၊ ကွမ်းသီးပင်များ၊ မာလကာပင်များ ၀ိုင်းရံလျက် အုပ်ဆိုင်း လျက်ရှိသည်မှာ ကိုက် ၂၀ ခန့်ကပင် တဲစခန်းကြီးကို မမြင်နိုင်အောင် ကာဆီးပိတ်ဆို့ထားလျက် ရှိနေပါသည်။ ကျွန်တော် ၏ အစီအစဉ်အရ စခန်းနှင့် လေးဖာလုံခန့် အကွာအဝေးရှိ လမုပင်များကြားတွင် လင့်တစ်ခု ထိုးထားပါသည်။ ထိုလင့်ပေါ်မှကြည့်လျှင် ဖျာပုံမြစ်အတွင်းသို့လည်းကောင်း၊ စခန်း၏ လေးဖက် လေးတန် အရပ်သို့ လည်းကောင်း ကောင်းစွာ မြင်ရပါသည်။ ထိုမှစခန်းနှင့် ကိုက် ၅၀ အကွာခန်တွင် လုံခြုံရေး ကင်းဝှက်တစ်ခုကို ချထားပါသည်။
“ဟေ့ကောင် ... မြလှိုင်”
“ဘာလဲဗျ”
“သန်းသန်းကို သတိမရဘူးလား။ ငါ သွားခေါ်ပေးရမလား”
“ကျွန်တော့်အိမ်နဲ့ ဘယ်လိုမှ အဆက်အသွယ်မလုပ်ချင်ဘူး။ ကင်ပေက သိပ်လျင်တာဗျ”
ဤသို့ဖြင့် ချစ်ဇနီးဖြစ်သူ သန်းသန်းနှင့် ကျွန်တော့်မှာ နီးလျက်နှင့် ဝေးနေရပါသည်။ ကျွန်တော်တို့ လူသိုက် သည် စခန်းတွင် အစောင့်ရဲဘော် ဇေယျနှင့်အဖွဲ့အား ထားရစ်ကာ ကိုသိန်းဖေ (အောင်ပင်လယ် သိန်းဖေ) နှင့်အတူ ရွာအနှံ့ တောအနှံ့ ခရီးဆန့်ခဲ့ကြပါသည်။ ကိုသိန်းဖေသည် ၎င်း၏ စီးပွားရေး အလုပ်ကို လုံးဝစွန့် လွှတ်လိုက်ပြီးနောက် ကျွန်တော်နှင့်အတူ သေအတူ ရှင်မကွဲ လက်တွဲလုပ်ကိုင်ရန် ဆုံးဖြတ်ကာ ကျွန်တော့် နောက်မှ တကောက်ကောက် လိုက်ပါခဲ့ပါသည်။ ကိုသိန်းဖေနှင့် သွားလာရသော ခရီးများမှာ ဖျာပုံမြို့နယ် အတွင်း ဖက်ဆစ်တော်လှန်ရေးစခန်းများသို့ ဖြစ်ပါသည်။ လက်လှော် လှေကလေးဖြင့် တစ်ရွာဝင် တစ်ရွာ ထွက် သွားလာခဲ့ရသော ကာလများတွင် ဘောက်တူပေါ်တွင် အိပ်ရသည်လည်း ရှိသည်။ ကွင်းစပ်တွင် လှေကပ်၍ အိပ်ရသည်လည်းရှိသည်။ ယင်းသို့ သွားလာရငြားလည်း ကိုသိန်းဖေတစ်ယောက် ကွမ်းများဝါး လျက် ပျော်ရွှင်ချမ်းမြေ့အားမာန်တက်လျက် ရှိသည်ကိုသာ တွေ့ရသည်။
“ဒီမယ် ကိုသိန်းဖေ။ တော်လှန်ရေးကြီးပြီးရင် ဘာလုပ်မလဲ”
“ဟား ... ဟား ... ဟား တောသားပဲဗျ။ ထင်းတောတက် ထင်းခုတ်ပြီး ထင်းပြန်ရောင်းမှာပေါ့ဗျ”
“ဟာ ... လုပ်ရော့မယ်။ တော်လှန်ရေးပြီးလည်း တပ်ထဲဝင်ပေါ့ဗျ”
“ကျုပ် ... သျှောင်ထုံးကြီးကို နှမြောတယ်။ ဟား ... ဟား ... ဟား”
မှန်ပါသည် ကိုသိန်းဖေ၏ သျှောင်ကြီးမှာ အုန်းသီးငယ်တစ်လုံးခန့်ရှိသည်။ ရာသီဥတုဒဏ်ကြောင့် နီကြင်ကြင်ဖြစ်နေသော် လည်း ကိုသိန်းဖေက သူ့ဦးစွန်းကို သူ အလွန်မြတ်နိုးတွယ်တာလျက်ရှိပါသည်။
“သျှောင်နှမြောလို့ တပ်ထဲမ၀င်ဘူးဆိုတဲ့ အကြောင်းပြချက်က မခိုင်လုံလှပါဘူးဗျာ”
“ရော ... ခက်ပါပြီ။ ကျုပ်ကို အဖေလုပ်တဲ့လူက ဟေ့သျှောင်ကြီး ငါမသေခင် ပဉ္စင်းတက်ရမယ်ဆိုတာတောင် ကျုပ်သျှောင်ကြီး နှမြော လို့ ဟိုရှောင်ဒီတိမ်း လုပ်ခဲ့တာ ခုထိပဲ ဆိုပါတော့။ သျှောင်မဖြတ်ဘဲ စစ်ထဲဝင်လို့ မရဘူးလား ဗျ”
“ရသားပဲ၊ ဇာတ်ထဲက စစ်သားတွေကတော့ မောက်တိုမောက်ရှည်နဲ့ ချပ်ဝတ်တန်ဆာနဲ့။ တော်လှန်ရေးပြီးရင် ဇာတ်ထဲ လိုက်ပေါ့။ ဟီး ... ဟီး ... ဟီး”
“ဟား ... ဟား ... ဟား”
ကိုသိန်းဖေ၏ လှော်တက်မှရေများသည် တဖွားဖွားဖြာထွက်လျက်ရှိသည်။ ကမ်းစပ်မှ ငါးပြက်ကလေးများ သည် လူသံကြားသော အခါ ရေထဲသို့ ဆင်းပြေးကြသည်။ ကျွန်တော်သည် မြစ်ဝကျွန်းပေါ်သား ဖျာပုံမွေး၊ ဖျာပုံကြီးဖြစ်သော် လည်း ရေကူးတတ်ခြင်းမရှိချေ။ သို့တစေ ယခု ကျွန်တော်တစ်ယောက် လူးလဲ့လူးလဲ့ လှုပ်ယိမ်းနေသော ဘောက်တူငယ်ဖြင့် ခရီးသွားလျက်ရှိရပါသည်။ ထိုအခိုက် ကိုသိန်းဖေ သည် လှော်ခတ်နေသော ဘောက်တူကို ကမ်းစပ်ဓနိပင်များကြားသို့ ထိုးကပ်လိုက်ပါသည်။ ရုတ်ချည်းဖြစ်၍ ကျွန်တော် အံ့အားသင့်သွားပါသည်။
“ကိုမြလှိုင်၊ ကမ်းပေါ် ခဏ တက်နေလိုက်ဗျို့”
ကျွန်တော် သည် ကိုသိန်းဖေ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် အခြေအနေကို ရိပ်မိလိုက်သဖြင့် ဓနိတော အတွင်းသို့ တက်၍ ပုန်းအောင်းနေလိုက်ပါသည်။ မကြာပါချေ။ တထုတ်ထုတ်မြည်လျက် ခုတ်မောင်း လာ သော မော်တော်သမ္ဗန်တစ်စင်း၏ အသံကို ကြားရပါသည်။ ယင်းမော်တော်ပေါ်တွင် ဂျပန်စစ်သားများ အပြည့် ပါဝင်လာကြပြီး ကိုသိန်းဖေ၏ ဘောက်တူဘေးမှပင် ဖြတ်၍ ခုတ်မောင်းသွားပါသည်။ ထိုအချိန်တွင် ကိုသိန်းဖေ သည် လက်တွင် ကိုင်ထားသော ပိုက်ကွန်ကို ဖြန့်ကြဲလျက် ငါးဖမ်းနေလေသည်။ မော်တော်သံ လုံးဝ ပျောက်ကွယ်သွားသောအခါမှပင် ကိုသိန်းဖေ၏ အချက်ပေးသံ ထွက်ပေါ်လာပါသည်။
“ဘယ်သူတွေလဲဗျ”
“ငပုတွေ တစ်ဒါဇင်လောက် ပါလာတယ်”
“ကင်းလှည့်တာနဲ့ တူတယ်”
“ဟုတ်လား။ ဖြတ်သာတိုက်လိုက်ရရင် အပွပဲ။ ဟင်း ... ဟင်း”
ကျွန်တော်တို့ ဘောက်တူကို တဖြည်းဖြည်း လှော်ခတ်လာခဲ့ကြသည်မှာ နေ၀င်ဖျိုးဖျအချိန်တွင် ကျိုက္ကဘာ ရွာသို့ ရောက်ခဲ့ကြပါသည်။ ကျိုက္ကဘာရွာသူကြီးမှာ ကျွန်တော်တို့၏ အမာခံရဲဘော်တစ်ဦးဖြစ်၍ ၎င်း၏ ရွာ တစ်ရွာလုံး၌ ရဲဘော် ၃၀ ကျော်မျှ ဖြန့်ကျက်နေထိုင်လျက် ရှိသည်။ ဂျပန်များ ၀င်ထွက် သွားလာနေသည့် ကြားမှပင် သခင်သာဖန်သည် ၎င်းရဲဘော်များကို လုံခြုံစွာပင် စောင့်ရှောက်ထားနိုင်ခဲ့သူလည်းဖြစ်ပါသည်။
“ဗျို့ ... သူကြီး သခင်သာဖန်ကြီး ရှိလားဗျို့”
ကျွန်တော့်အသံကို ကျက်မိသော သခင်သာဖန်သည် ကမ်းစပ်သို့ အပြေးအလွှားဆင်းလာသည်။ ၎င်း၏ နောက်မှ ဂျပန်စကားပြန် ကိုသိန်းနိုင်နှင့် မောင်မောင်သန်းတို့ကိုပါ တွေ့လိုက်ရသဖြင့် အံ့သြမိသည်။ ၎င်းတို့ နှစ်ယောက် ယခုကဲ့သို့ ရောက်ရှိနေခြင်းသည် ဖျာပုံမြို့၏ ပြောင်းလဲမှု တစ်ခုခုအတွက် ဖြစ်လာလိမ့်မည်ကိုမူ တွက်ဆမိပါသည်။ ကျွန်တော်ထင်သည့်အတိုင်းပင် သူကြီး အိမ်ပေါ်တွင် ထိုင်မိလိုက်သည်နှင့် တစ်ပြိင်နက် ဖျာပုံမြို့နယ်အတွင်း ဂျပန်တပ်များ၏ လှုပ်ရှားမှုများကို ဂဃနဏ သိရပါတော့သည်။ ဂျပန်တပ်များသည် ဖျာပုံမြို့ပေါ်တွင် ဟန်ပြမျှသာ ထားရှိပြီး အချက်အချာ ကျသော ကျေးရွာများ သို့ ဖြန့်ကျက် တပ်စွဲထားလျက် ရှိ ကြောင်း သိရပါသည်။ ဥပမာ ကျွန်တော်တို့၏ အချက်အချာနှင့် အင်အား အတောင့်တင်းဆုံးဖြစ်သည့် ဖျာပုံ မြို့၏ တောင်ဘက်ပိုင်း၊ ပင်လယ်ပိုင်းတစ်ခုလုံး၊ ကျုံကဒွန်း၊ ဆိပ်မ စသည့်ရွာတို့တွင် ဂျပန်တပ်ခွဲစတ်ခုမျှ ရှိသော အင်အား များဖြင့် တပ်ဆွဲထားပါသည်။
“တခြားဘာထူးသေးလဲ”
“စိတ်ထိခိုက်စရာ သတင်းတစ်ခုတော့ ပြောရဦးမယ်ဗျာ။ ညောင်လမ်းငူက ဖမ်းထားတဲ့ ရဲဘော် ၃ ယောက်ဟာ ကင်ပေတွေ ညှင်းတာနဲ့ သေသွားကြပြိ”
“ဗျာ ... သေပြီဟုတ်လား”
“အင်း ...”
ကျွန်တော် စကားဆက်၍ မပြောနိုင်တော့ပါ။ ကျွန်တော်၏ ပါးပြင်ပေါ်တွင် မျက်ရည်များ ကျဆင်းလာသည်။ ကျွန်တော် ငိုသောအခါ ကျန်ရဲဘော်များလည်း မျက်ရည်ကျသည်။
“တောက် ... တိုက်ရင်းခိုက်ရင်း သေရတာထက် ခုလို ချောင်ပိတ်အမိခံပြီး သေရတာ နာတယ်ဗျာ”
“ရဲဘော်တွေ ကျဆုံးသွားတယ်ဆိုတာ သေချာရဲ့လားဗျာ”
“သေချာပါတယ်”
“ဘယ်သူ့ဆီက သတင်းရတာလဲ”
“ကျွန်တော်ကိုယ်တိုင် မိခဲ့တာပါ။ ကျွန်တော် သေချာအောင် ရဲဘော်တွေ အလောင်းမြှုပ်တဲ့ဆီ ကျွန်တော်ပဲ လိုက်သွားပါတယ်”
ကိုသိန်းနိုင်၏ နောက်ဆုံးစကားများအရ ကင်ပေတိုင်များသည် ရဲဘော် ၃ ယောက်ကို အမျိုးမျိုး ညှဉ်းပန်း နှိပ်စက်မှုများ ပြုရာတွင် လူ့လောက၌ ထည့်၍ပင် စဉ်းစားဝံ့စရာမရှိသော နည်းများဖြင့် ညှဉ်းပန်းမှု ပြုခဲ့ကြ သည်ကို ကြားရလေသည်။
ကောင်းကင်ပြင် သည် မည်းမည်းမှောင်နေသည်။ လမိုက်ရက်ဖြစ်၍ ကြယ်များသည် ထွန်းပလျက်ရှိသည်။ မိုးမျက်နှာပြင်ပေါ် မှ ကြယ်များ တစ်ခါတစ်ခါ ကြွေလျက်ရှိသည်။
မိုးမျက်နှာ ၏ မျက်ရည်ပေါက်များလော ...။
ဆက်ရန်
.

No comments:
Post a Comment