Thursday, December 20, 2012

ဆောင်းဝင်းလတ် ၏ အာကာနီ

အာကာနီ

အာကာနီ နံရံကပ်စာစောင် ကို ရန်ကုန်၊ သင်္ဃန်းကျွန်း၊ ရန်ကုန်သစ်ရပ်ကွက် အနီးရှိ အထွေထွေဆီ စက်တွင် ကျွန်တော် တို့ပြုလုပ်ခဲ့ကြသည်။ ၁၉၆၄ခုနှစ်ဖြစ်၏။
အထွေထွေ ဆီစက်ကြီးမှာ ငမိုးရိပ်ချောင်းကမ်းပါးတွင်ရှိသည်။ ဆီစက်၏ အနောက်ဖက်တွင် ကုတို့ ဆိပ်ရှိသည်။ ငမိုးရိပ်ချောင်းဟိုဘက်ကမိးသို့ ကုသို့သမ္မာန်ရှိပြီး၊ လူတစ်ဦးလျှင် သမ္ဗာန်စီးခ ငါးပြား ပေး စီးရသည်။ တစ်ဘက်ကမ်း တွင် ရေတွင်းချောင်ကျေးရွာကြီးရှိပါသည်။
ကျေးရွာသူကျေးရွာသား တချို့လည်း သွားရင်းလာရင်း နံရံကပ်စာစောင်ကို ၀င်ဖတ်သွား ကြတာမြင်ရသည်။ နံရံကပ်စာစောင် တွင် ပါဝင်ရေးသားသူများမှာ ကိုပေသီး၊ တင်ဆင့်၊ ဘချော၊ ရွှေဗျိုင်း၊ မျိုးချစ်၊ ညီညီ၊ ဝေလင်း၊ လစ်စတန် တို့ဖြစ်သည်။ ကျွန်တော်က ပန်းချီတာဝန် ယူရေးဆွဲပေး ရသည်။

ကိုပေသီးနှင့် မောင်တင်ဆင့် မှာ ညီအစ်ကိုဖြစ်သည်။ ကျွန်တော်တို့က စာပေအနုပညာကို လည်းဝါသနာအရ စုပေါင်းလုပ်ကိုင်ကြ သလို အားကစားအနေဖြင့် ဘောလုံးအသင်းဖွဲ့ထားသည်။ ရပ်ကွက်ပေါင်းစုံ ဘောလုံးပွဲ များတွင် ပါဝင်ဆင်နွှဲပြိုင်ပွဲဝင်ကြည့် မောင်တင်ဆင့် သည် ဘောလုံး ကစားရာတွင် ရှေ့တန်းအလယ်လူအဖြစ် ကစားပြီး ထူးချွန်သူဖြစ်သည်။ ဘောလုံးကန် သေသပ် သွက်လက်ကောင်းမွန်သူဖြစ်သည်။ ကိုပေသီးနှင့် ရွှေဗျိုင်း က တစ်လှည့်စီ ဂိုးဖမ်းပေးကြသည်။
မှတ်မှတ် ရရ ကျွန်တော်တို့သည် တစ်ခါတရံတွင် ငမိုးရိပ်ချောင်းတစ်ဘက်ကမ်းသို့ သမ္ဗာန်နှင့် ကူးသွားကြပြီး ရေတွင်းချောင်းကျေးရွာ၊ သိမ်ချောင်းကျေးရွာများသို့ သွားလည်ကြ သည်။ ရွာစဉ်လျှောက် သွားကြရာ သာယာသောကျေးလက်နှင့် တွေ့ထိကြရသည်။ ကျေးရွာများ တွင်ရှေးဟောင်းရေတွင်းရေကန်၊ ကျောင်း ဇရပ် များကိုလည်း တွေ့မြင်ရသည်။ ငှက်ကလေးတွေ ၏ တေးဆိုသံ ကိုကြားကြ ရသည်။ ကျေးရွာသဘာဝရောင်းချသော အစားအစာလေးတွေ ၀ယ်စားကြ သည်။

လမ်းဆက်လျှောက် လာကြရာ တဖြည်းဖြည်း ကျေးရွာများနှင့် ဝေးလာကြပြီး ချောင်းကူး ကြိုးတံတားကြီး အနီးသို့ ရောက်လာကြသည်။ အင်္ဂလိပ်အစိုးရလက်ထက်တွင် တည်ဆောက် ခဲ့ သောကြိုး တံတားဟောင်းကြီးဖြစ် သည်။ ကြိုးတံတားအောက်တွင် တရိပ်ရိပ်တသွင်သွင်စီးဆင်းနေ သောငမိုးရိပ်ရေပြင်က စိမ်းမြမြ။ လူသူကင်းရှင်းတိတ်ဆိတ်သော နေရာတစ်ခုဖြစ်ပြီး တစ်ခါတရံမှ သာကြိုးတံတားကြီးမှ ဖြတ်ကူးသူ တစ်ယောက်စနှစ်ယောက်စ ကို တွေ့ရသည်။
ငါးဖမ်းသော တံငါလှေကလေး တစ်စင်းနှစ်စင်းလောက်လည်း ဖြတ်သွားဖြတ်လာတွေ့ရတတ် သည်။ ချောင်း တစ်ဘက် ကမ်းနှား လယ်ကွင်းများသာတစ်မျှော် တစ်ခေါ်ရှိနေသည်။ လယ်တဲများမှာ လည်းတစ်တဲနှင့် တစ်တဲ ဝေးလွန်း လှသည်။ တစ်ခါက လယ်ကန်သင်းရိုးများအတိုင်း လျှောက်သွား ကြရင်း နွားပေါက် ကလေး တစ်ကောင် အဖော်ဆွဲပြီး ယောင်လည်လည်ဖြစ်နေတာတွေ့ရ၍ တဲတစ်တဲသို့ ဆွဲခေါ်သွားပြီး အပ်နှံပေးခဲ့ ရဖူးသည်။ ကျွန်တော်တို့တိုင်းပြည်မှာ စစ်တပ်က အာဏာသိမ်းပြီးစဖြစ်သည်။

ယခင်အိမ်စောင့်အစိုးရဟု ခေါ်သောဗိုလ်နေ၀င်း လက်ထက်ကလည်း သာကေတ၊ တောင်ဥက္ကလာ ၊ မြောက်ဥက္ကလာ ၊ မြို့သစ် များတည်ဆောက်သလို စစ်တပ်ကပြန်အာဏာ သိမ်းပြီး တော်လှန်ရေး ကောင်စီ နာမည်နှင့် အုပ်ချုပ်ပြန်တော့ အဆိုပါလယ်ကွင်းရိုင်းများနေရာတွင် လယ်သမားများအား ဖယ်ရှားခိုင်းပြန်သည်။ ၀န်ချီစက်၊ မြေတူးစက်ယန္တရားကြီးတွေနှင့် ဆူဆူညံညံဖြစ်လာသည်။ အလုပ် သမားတွေ စည်စည် ကားကားဖြစ်လာသည်။ သုဝဏ္ဏမြို့သစ်တည်မလို့တဲ့ဟု အသံကြားကြရ သည်။
သုဝဏ္ဏ မှာ အပိုင်း၂ပိုင်းတွေ့လာရသည်။ တစ်ပိုင်းက ၀န်ထမ်းများအတွက် တန်ဖိုးနည်းတိုက်ခန်း တန်းလျား ပုံစံများ တည်ဆောက်ကာ ကျန်တစ်ပိုင်းက သီးသန့်လုံးချင်းတိုက်ခြံဝင်းများဖြင့် သီးခြား စစ်ဗိုလ်ကြီးများ ၏ နေရာထိုင်ခင်းဖြစ်သွားခြင်းပင်။

ရန်ကုန်မှာ ဗိုလ်ချုပ်ရွာ သို့မဟုတ် ဆိုက်ကားသမား၊ တက္ကစီသမားများ၏ အခေါ်အဝေါ်အရ ၃၇ မင်းရပ်ကွက် ဆိုတာတွေ၊ ဗိုလ်နေ၀င်းနှင့် အပေါင်းအပါများ လက်ထက်တွင် ပေါ်ပေါက်လာသည့် ကမ္ဘာအေး ဘုရားလမ်း ချင်းချောင်းခြံ တ၀ိုက်၊ ၀င်ဒါမီယာ၊ တောင်ဥက္ကလာ၊ ငွေကြာရံရိပ်သာ၊ သုဝဏ္ဏ မြို့သစ်တို့တွင် ဗိုလ်ချုပ်ရွာခေါ် ၃၇မင်းရပ်ကွက် တို့ ခမ်းနားထည်ဝါလာသလို အေဒီလမ်း အင်း ယားကန်အနီးတ၀ိုက်မှာလည်း ဆရာ့ဆရာကြီး များက နေရာယူထားလိုက်ကြပြန်သည်။ တိုင်းပြည် အတွက်လူတိုင်းအလုပ်လုပ်နေကြတာပါပဲ။ သို့သော်လည်း.......အဲ.....ပေါ့ ခင်ဗျာ။
အခွင့်အရေး ကို ဇွတ်အတင်းရအောင်ယူသူတွေကလည်း ရှိလာရပေသပေါ့။ ကျွန်တော့် သူငယ်ချင်း မောင်တင်ဆင့် သည် ၃၇မင်း များ၏ စက်ကွင်းမှ မလွတ်မကင်းဖြစ်ခဲ့ရသေး၏။ သူသည် Plumber ခေါ် ပိုက်ပြင်အလုပ်ရုံ တစ်ရုံ တွင် အလုပ်ဝင်လုပ်ပြီး မကြာမီမြန်မာစာဆိုမြန်မာပညာရှိ၊ လွတ် လပ် ရေးနှင့် ငြိမ်း ချမ်းရေး ဗိသုကာကြီးလည်းဖြစ်သော မြန်မာကဗျာဆရာကြီး ဆရာကြီးသခင် ကိုယ်တော်မှိုင်း ၏ အုတ်ဂူ သို့ သွားကာ လွမ်းသူ့ပန်းခွေချမိခဲ့၏။

တို့အတွက် ၃၇မင်းများ ၏ ပါးကွက်အာဏာသားများက သူ့ကိုခေါ်ယူစစ်ဆေးကာ အလုပ်မှထုတ် ပယ်လိုက်လေ သည်။ သြော်...မြန်မာစာဆို မြန်မာစာပေပညာရှိကြီးကို လူထုလူတန်းစားထဲက အနုပညာ သမားတွေ က ဂါရ၀မပြုရဘူးတဲ့လားဗျာ။
ငယ်သူငယ်ချင်း တင်ဆင့်နှင့်ကျွန်တော် စာနယ်ဇင်းလောကထဲသို့ တ၀ဲလည်လည်ရောက်ရှိခဲ့ကြ သလို သူ့ အစ်ကို ကိုပေသီး ကလည်း ရောက်ရှိပြီးသား ဖြစ်နေသည်။ တင်ဆင့်သည့် မဂ္ဂဇင်းဝတ္ထု များလည်း ရေးသလို လုံးချင်းဝတ္ထုများ လည်းရေးသည်။ သူနှင့်ကျွန်တော် မမျှော်လင့်ဘဲ မြစ်ဝကျွန်း ပေါ်ဒေသ င၀န်မြစ်ကမ်းပါးပေါ်ရှိ ပုသိမ်မြို့ တွင် ပြန်ဆုံစည်းရသည်။ ကျွန်တော်စက်ပြင် စက်မောင်း သမားလုပ်နေသော ၃၀၄သင်္ဘော ပုသိမ်မြို့ သီတာတံတား မှာ ခေတ္တဆိုက်ကပ်ထားခိုက် တစ်ည မှာသူရောက်လာခြင်းဖြစ်သည်။

ကြံခင်းဘိလပ်မြေစက်ရုံတွင် သူအလုပ်ဝင်လုပ်နေရာမှ ပုသိမ်သို့အလုပ်ကိစ္စနှင့်လာရင်း ကျွန်တော့် ကိုဝင်နှုတ်ဆက်ခြင်းဖြစ် သည်။ သူငယ်ချင်းနှစ်ယောက် ညဘက်လမ်းလျှောက်ရင်း စာပေအနုပညာ ကိစ္စ များ ပြောကြ ဆိုကြသည်။
ကျွန်တော်က ပုသိမ်မြို့ ဇီးဘိန်ဟိုတယ်တွင် သူ့ကိုပြုစုကျွေးမွေးကာ ညစာထမင်းကို ရုပ်ရှင်မင်း သားကြီးနေစိုး၏ အစ်မဖွင့်လှစ်ထားသော ပုသိမ်ကမ်းနားလမ်းရှိ "မျိုး"ထမင်းဆိုင်တွင် ကျွေးမွေး လိုက်သည်။ ပြီးတော့ စတိတ်ရှိုးတီးဝိုင်းသွားကြည့်ကြသည်။ ငုဝါတေးဂီတအဖွဲ့ဖြစ်၏။
ထိုစဉ်က တေးသံရှင် မဂျစ်၏ ဗုဒ္ဓံသရဏံဂစ္ဆာမိ သီချင်းကလည်း ခေတ်စားနေသလို ပုသိမ်မြို့သား လေးတေးသံရှင် အဂ္ဂ၏ "ညဥ့်လယ်ယံတေးသမား" သီးချင်းကလည်းခေတ်စားနေချိန် ဖြစ်ပါသည်။ တပြိုင်းတည်းမှာပင် အုတ်ဖိုမြို့မှ ကျွန်တော့်သူငယ်ချင်းပိုးပိုး၏ အမျိုးတော်စပ်သော ပန်းချီ ဆရာ ကြီးဦးဘသစ်၏သားဖြစ်သူ လူငယ်တေးသံရှင် စိတ်သစ်၏ "ဂစ်တာ တစ်လက် အရက်ကတစ်စည် မိန်းမလှလေးကတစ်ယောက်" သီချင်းကလည်း ခေတ်စားနေချိန်ဖြစ်သည်။

ထိုညက စတိတ်ရှိုးမှအပြန် ကျွန်တော့်သင်္ဘောမှာပင် တစ်ဆင့်ညအိပ် သွားပါ သည်။ နောက်တစ် နေ့မနက် ကျတော့ ဟင်္သာတကြံခင်းသို့ သူပြန်သွားပါသည်။ သူနှင့်ကျွန်တော်ပြန်ဆုံတိုင်း ငယ် သူငယ်ချင်းတွေ အကြောင်း ပြော မိကြသည်။ တချို့ငယ်သူငယ်ချင်းများ ကွယ်လွန်ကြလေပြီ။ လစ်စတန်နှင့် မျိုးချစ် တို့မရှိကြတော့ပြီ။ ထူးခြားတာ က ရွှေဗျိုင်းနှင့် ညီညီဖြစ်သည်။ သူတို့နှစ်ယောက် ပျောက်သွားကြခြင်းပင်။ ဘယ်ရပ်ဘယ်ရွာ သို့ ထွက်သွားကြမှန်းမသိရဘဲ ယနေ့အထိ သတင်း အစအနမရခြင်းက ထူးခြားလှသည်။

ညီညီ မှာ ကျွန်တော့်အဖေဘက် က ညီဝမ်းကွဲတော်စပ်ပါသည်။ သူ့အစ်ကို ဥသြနှင့် ကျွန်တော် သဘောင်္အုပ်စု တစ်စု ထဲမှာ အလုပ်လုပ်ခဲ့ကြဖူးသည်။ ပင်လယ်ပြင်သွား သင်္ဘောအုပ်စုမှာတုန်းက အင်းမသင်္ဘောမှာ ဥသြရှိနေကာ အင်းယားသင်္ဘောမှာ ကျွန်တော်ရှိနေခဲ့သည်။ တင်ဆင့်၏ အစ်ကို ဖြစ်သူ ကိုပေသီး က နိုင်ငံရေး ၀ဲသြဃ ထဲရောက်သွားပြန်ပြီး ထောင်အကြိမ်ကြိမ်ကျခဲ့ပြန်သည်။
ကိုပေသီး က ဒေါ်အောင်ဆန်းစုကြည်၏ N.L.D ပါတီဝင်မို့ ထောင်ခဏခဏကျခြင်းဖြစ်သည်။ တင် ဆင့်ရေးသော မြည်းတစ်ကောင် အမည်ရှိ မြန်မာဝတ္ထုတိုကို ဂျပန်နိုင်ငံအိုဆာကာ တက္ကသိုလ်မှ ဂျပန်ဘာသာဖြင့် ထုတ်ဝေသော စာအုပ်တွင် ဂျပန်လိုပုံနှိပ်ဖော်ပြခြင်းခံရပါသည်။ ငယ်သူငယ်ချင်း နှစ်ယောက် ထိုစာအုပ်လေး ထဲ တွင် ဂျပန် ဘာသာဖြင့် ဆုံဆည်းမိကြပြန်သည်။ ရေစက်အမည်ရှိ ကျွန်တာ့်ဝတ္ထုတိုကလေးလည်း အဆိုပါစာအုပ် ထဲ တွင် ပါဝင်ခဲ့ပါသည်။

တစ်ခါတွင် နိုင်ငံရေးပြစ်မှုဖြင့် ကျွန်တော်အင်းစိန်အကျဉ်းထောင်ထဲမှာ အကျဉ်းသားဖြစ်နေခိုက် သတင်း တစ်ခုကြား လိုက် ရသည်။ ငယ်သူငယ်ချင်း တင်ဆင့်က ကျွန်တော့်အကြောင်း အကောင်း အဆိုးတွေ ကို ဆောင်းပါးရေးနေ သည် တဲ့။
လေထန်ကုန်း ရဲ့ ညနေခင်းများ စာအုပ်အတွက်တဲ့။ ကျွန်တော်ထောင်ကျစဉ်က ထောင်ထဲမှာစာ ဖတ်ခွင့်မရှိ ယခုလို တီဗီကြည့်ခွင့်လည်းမရှိဘဲ အနေအတိုင်ကျပ်တည်းဆင်းရဲသော ကာလပါ။ စာမ ဖတ်ရတော့ စာငတ် ခဲ့သည်။ ထိုစဉ်က ယခု အင်ဒီပင်းဒင့်ဂျာနယ်နှင့် ရွှေအမြုတေမဂ္ဂဇင်းမှ အယ်ဒီ တာကိုမျိုးမြင့်ညိမ်း၊ ဒီလှိုင်းဂျာနယ် မှ ကိုနီလုံးဦးနှင့် နိဒါန်းသစ်စာပေမှ ကိုအောင်ဇော်မင်းတို့လည်း အင်းစိန်ထောင်ထဲမှာ ရှိနေကြသည်။ သူတို့နှင့် ကျွန်တော် မတွေ့ရ။ ထောင်ဝင်စာတွေ့ချိန်မှာတော့ ကိုမျိုးမြင့်ညိမ်းနှင့် ကျွန်တော်တစ်ခါတစ်ရံ ဆုံမိတတ်သည်။

သို့သော် စကားပြောခွင့် နှုတ်ဆက်ခွင့်မရ။ အတော်ဆိုးလှတဲ့ ကာလကြီးပါလား၊ အပြင်လောက မှာရှိနေသော ငယ် သူငယ်ချင်းမောင်တင်ဆင့် က ကျွန်တော့် ကို သတိတရရှိလှစွာဖြင့် ကျွန်တော့် အကြောင်းဆိုး တာတွေရော ကောင်းတာတွေရော သောင်းပြောင်းနှောကာ စာတစ်ပုဒ်ပေတစ်ဖွဲ့ ရေးနေသည်ဟု သတင်းကြား ရတော့ "မင်းအကြောင်း ငါကပြန်ရေးတဲ့အခါကျရင်တော့ ကောင်းတာတွေပဲ ရေးမယ်ကွ၊ မင်းကတကယ် လည်း လူကောင်း စာကောင်း သမားပါကွာ၊ မင်းကတကယ်ရိုးသားဖြူစင်တဲ့ စာရေးဆရာပါတင်ဆင့် ရာ ငါက စာသာကောင်း ရင်ကောင်းမယ် လူကတော့ လူဆိုးကွ" ဟုကျွန်တော့ရင်ထဲမှာ ပြောနေမိခဲ့သည်။ 

အကျဉ်းထောင်၏ ဆည်းဆာရိပ်များတွင် ငယ်သူငယ်ချင်း တချို့ အကြောင်း ကို လူငယ်ရုပ်ရှင်ဒါရိုက်တာ စာပေ သမား မကွေးသားရီဇော် အား ကျွန်တော်ပြောမိ တတ်သည်။ သူနှင့်ကျွန်တော်ထောင်ထဲက အဆောင်တစ်ခု ထဲမှာ နေကြရချိန်ဖြစ်သည်။ သူက တက္ကသိုလ်ရိပ်သာလမ်း ရှိ ဒေါ်အောင်ဆန်းစုကြည်၏ ခြံရှေ့၊ တရားဟောပွဲ ကို သွားနားထောင် မိ သောပြစ်မှုကြောင့် ထောင် ကျနေ ချိန်ဖြစ် သည်။
သူထောင် မှ လွတ်လာသောအခါ Beauty မဂ္ဂဇင်းတွင် ၀င်အလုပ်လုပ်သည်။ နိုင်ငံခြားသို့ စာနယ် ဇင်း ပညာလေ့လာရေး သွားသည်။ ထိုနောက်မှာ SATORI ရုပ်ရှင်ကုမ္ပဏီကို တည်ထောင်ကာ မင်းသား ရဲတိုက်နှင့် အတူ သူကဒါရိုက်တာလုပ်ပြီး ဇာတ်ကားတွေရိုက်ပါတော့သည်။ တင်ဆင့်က စာလည်းရေးရင်း ပိတောက်ပွင့်သစ် မဂ္ဂဇင်းမှာ အယ်ဒီတာဝင်လုပ်သည်။ သူနှင့်ကျွန်တော် လူချင်း သိပ်မဆုံမိတတ်ကြပေ။ စာတွေတော့ များများရေးနေကြသည် ည။ စာပေဟောပြောပွဲတစ်ခုတွင် လူချင်းဆုံမိကြသည့် တစ်ကြိမ်ရှိ ခဲ့ပြန် သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် N.L.Dမှ ဖွင့်လှစ်ထားသော အောင်ဆန်းပင်လုံ စာကြည့်တိုက် စာပေဟောပြောပွဲ မှ ဖိတ်ကြား၍ ကျွန်တော်သွားဟောရသည်။ အကျဉ်းထောင်မှလွတ်မြောက်လာ ခါစ နိုင်ငံရေး အကျဉ်းသား လူငယ်တစ်ဦးဖြစ်သူ ကိုနေဘုန်းလတ်၊ မောင်တင်ဆင့်နှင့် ကျွန်တော်တို့ သုံးယောက်ဟောပြောကြရသည်။ တစ်ရက် တွင် လမ်းကြုံသဖြင့် ပိတောက်ပွင့်သစ်မဂ္ဂဇင်းတိုက်သို့ ကျွန်တော်ဝင်ပြီး သူ့ကိုနှုတ်ဆက်သည်။ အစ်ကိုကြီး ကိုစိမ်းနီ၊ မောင်တင်ဆင့်နှင့် ဆရာဝန်ကြီး ဒေါက်တာလွဏ်းဝေတို့ကိုတွေ့ရသည်။

"ငါ့လည်ပင်း မှာ အကျိတ်ကလေးတွေ့ရလို့ကွ၊ အဲဒါဘယ်လိုလုပ်ရမလဲဆိုတာ တိုင်ပင်နေကြတာ" ဟုတင်ဆင့် ကပြောသည်။ သိပ်မကြီးပါ။ အဆီအကျိတ်ကလေးဟုထင်ရသည်။ မကြာမီနောက်ရက် များတွင် ဆေးရုံတက်ပြီး သူခွဲစိတ် ကုသမှု ခံရကြောင်း ကြားရသည်။ နောက်ထပ်ကြားရပြန်သည်က တောင်ကြီးမြို့အထိသွားကာ ဓါတ်ကင် ရပြန်သည်တဲ့။ တစ်ရက်မှာတော့ သူ့ဒုတိယအကြိမ်ဆေးရုံ ပြန်တက်ရပြန်သည်။ ပန်းချီ ကိုယဉ်မင်းပိုက် က...
"ဆောင်း သူငယ်ချင်းကို သွားကြည့်ပါဦး ရန်ကုန်ဆေးရုံကြီးမှာလည်ပင်းက အစာမြို့လို့မရလို့ ဗိုက်ကပိုက် နဲ့အစာသွင်းနေ ရတယ်" ဟုပြောသည်။ ရနံ့သစ် မဂ္ဂဇင်းတိုက်မှာ ဆုံးစည်ရသော စာရေးဆရာစိုးမြင့်လတ်နှင့် ကျွန်တော် ဆေးရုံ သို့သွားကာ လူနာကိုကြည့်ကြသည်။

သူနှင့် ကျွန်တော်လက်ချင်းဆုပ်ကိုင်ထားမိသည်။ ငယ်သူငယ်ချင်းရေ မင်းကိုစိုးရိမ်တယ်ကွဟု ကျွန်တော့် ရင်ထဲ မှာ ဂယက်ထနေသည်။ မကြာမိသူ ဆေးရုံမှဆင်းသည်။ နောက်တစ်ခါ ပြန်တက်ရပြန်သည်။ ထိုကာလများ အတွင်း လတ်လတ်ဆတ် ဆတ်ခရီးပြင်းကဗျာကို သူရေးခဲ့ပါသေးသည်။
သူ့ကဗျာ ဖတ်ပြီး ကျွန်တော်စိတ်ထိခိုက်မိသည်။ တင်ဆင့်ရေး မင်းကိုငါချစ်တယ်။ မင်းရဲ့ Artအနု ပညာကို ငါချစ်တယ်ကွ။ ချစ်ခင်လို့မှ မ၀သေးခင် တယ်လီဖုန်းသတင်းဝင်လာသည်။ ကျွန်တော့် သူငယ်ချင်း တစ်ယောက်ဖြစ်သော စာရေးဆရာ မောင်မိုးယံက ကျွန်တော့ဆီဖုန်းဆက်သည်။ သူသတင်းကြားရသည်တဲ့။ စာရေးဆရာ မောင်တင်ဆင့် ဆုံးပြီတဲ့။ မကြာပါချေ။ စာနယ်ဇင်းသမား တော်တော်များများက ကျွန်တော့် ဆီ ဖုန်း လှမ်းဆက်ကြပါပြီ။

"ဆောင်းကြီး....မင်းသူငယ်ချင်း ကိုတင်ဆင့် စက်တင်ဘာ ၂၈၊ မနက် ၁ နာရီ မိနစ် ၂၀က ဆုံးပြီး" တဲ့။
တစ်ယောက်ကတော့ "ရန်ကုန်ဆေးရုံကြီး ကင်ဆာဆောင်မှာဆုံးတာဗျ"တဲ့။

သူကျွန်တော့်ထက် အသက်ငယ်ပါသည်။ ခုမှ ၆၃နှစ်ရှိသေးတာ။ ဘာတတ်နိုင်မလဲ တင်ဆင့်ရာ။ မင်းကတော့ ၀ဋ် ကျွတ်သွားပြီပေါ့။ ဘာတစ်ခုမှ မည်မည်ရရမသုံးမကျတဲ့ ဒီမြေ၊ ဒီရေ၊ ဒီသေသကြီး ထဲက မင်း လွန်မြောက်ခွင့် ၀ိမုတ္တိ ရသွားပြီပေါ့ကွာ။ ဟုတ်တယ်။ ငါတို့မြို့ကြီးက မာယာမြို့ကြီးကွ။ ကောက်ကျစ်ပတ်စက်တဲ့ လျှို့ဝှက် လက်နက်တွေနဲ့ ပြည့်နှက်နေတဲ့ မြို့ကြီး။
ဒီတစ်ခါ ကျွန်တော့်တောက်ခေါက်သံက တော်တော်လေးပြင်းထန်လိမ့်မည်ထင်ပါသည်။ ကျွန်တော့် ရင် ထဲမှာတော့ ငယ်စဉ်ကတင်ဆင့်တို့ ကျွန်တော်တို့ ဖန်တီးခဲ့တဲ့ "အာကာနီ" နံရံကပ် စာစောင် လေး ကို မမေ့သေးပေ။

ဆောင်းဝင်းလတ်
သရပါမဂ္ဂဇင်း ၂၀၁၂ ဒီဇင်ဘာလ
.

1 comment:

နော်နော် said...

ဘာတစ်ခုမှ မည်မည်ရရမသုံးမကျတဲ့ ဒီမြေ၊ ဒီရေ၊ ဒီသေသကြီး ထဲက မင်း လွန်မြောက်ခွင့် ၀ိမုတ္တိ ရသွားပြီပေါ့ကွာ။ ဟုတ်တယ်။ ငါတို့မြို့ကြီးက မာယာမြို့ကြီးကွ။ ကောက်ကျစ်ပတ်စက်တဲ့ လျှို့ဝှက် လက်နက်တွေနဲ့ ပြည့်နှက်နေတဲ့ မြို့ကြီး။
ဒီတစ်ခါ ကျွန်တော့်တောက်ခေါက်သံက တော်တော်လေးပြင်းထန်လိမ့်မည်ထင်ပါသည်။ ကျွန်တော့် ရင် ထဲမှာတော့ ငယ်စဉ်ကတင်ဆင့်တို့ ကျွန်တော်တို့ ဖန်တီးခဲ့တဲ့ "အာကာနီ" နံရံကပ် စာစောင် လေး ကို မမေ့သေးပေ။