Saturday, December 22, 2012

မြလှိုင် ၏ ဘဝနေဝင်ချိန်, အပိုင်း (၁၄)

အဘသီ ကမ်းပေးလိုက်သော စာကို လက်ကမ်းရယူပြီး ဖတ်ကြည့်လိုက်ရပါသည်။ ကိုတင်အောင်၏ စာအရ အပြောင်ရွာ မှ မောင်တင်ဦး၏ အိမ်သို့ နောက်တစ်နေ့ညနေ အရောက်လာကြရန်နှင့် ဖျာပုံမှ သခင်သိန်းမောင် တို့အဖွဲ့က ကျွန်တော်တို့အား တွေ့ဆုံဆွေးနွေးရန် လာရောက်ကြမည် ဖြစ်ကြောင်း ပါရှိပါသည်။ ကျွန်တော်ဖတ်ပြီးသော စာကို ကိုအောင်သန်းကို ပြလိုက်ပြီး မီးရှို့ပြစ်လိုက်ပါသည်။ ကျွန် တော်သည် သခင်သိမ်းမောင် တို့နှင့် တွေ့ဆုံရန်ဟူသော အကြောင်းကိစ္စနှင့် ပတ်သက်၍ စိတ်ထဲ တွင် သို့လော သို့လော တွေးတောစရာများ ပေါ်ပေါက်လာခဲ့ပါသည်။ ထို့ပြင် နယ်ချဲ့တော်လှန်ရေးတွင် မိမိ လုပ်ကိုင်ရမည့် အခန်းကဏ္ဍနှင့် ပတ်သက်၍ တိတိကျကျ သတ်မှတ်ခွဲဝေ လုပ်ကိုင်ရန်လည်း သတ်မှတ်ဆုံးဖြတ်ပြီး ဖြစ်၍ သခင်သိန်းမောင် တို့အနေဖြင့် မည်သို့သော ပြောင်းလဲများကို တင်ပြလာ လိမ့်ဦးမည်နည်းဟု စဉ်းစားရင်း စိတ်မောခြင်းဖြစ်ပါသည်။ "အဘသီရေ… ဒီညတော့ ဒီမှာပဲ တည်းနေဦးမယ်" "ကိုမြလှိုင် တို့ သဘောပါဗျာ၊ ဒါထက် နက်ဖြန် ဘယ်အချိန် သွားကြမှာလဲ" ကို ဆက်ဖတ်ရန် .......

"ညနေမှပဲ  သွားမယ်လေ၊ ဒီက အပြောင်ကို ဘယ်လောက်ကြာကြာ လှော်သွားရမှာလဲဟင်"
"ရေလှည့်သင့်ရင့် တစ်နာရီခွဲ သာသာပဲ သွားရမယ်၊ မသင့်ရင်တော့ နှစ်နာရီခွဲလောက် ကြာမယ်၊ ဘာဖြစ်လို့လဲ"
"ကျွန်တော် အပြောင်ရွာကို ညီအစ်ကိုမသိတသိ အချိန်လောက် ရောက်အောင် သွားချင်တယ်"
"ရပါတယ်၊ မောင်ကျန် မင်း ဘုန်းကြီးကျောင်းက လောင်းကို သွားပြီး တောင်းကွာ၊ ဟုတ်လား"
"ရပါတယ်..."
"မလုပ်ပါနဲ့ အဘသီရယ်၊ ရိုးရိုးလှေနဲ့ စောစောသွားလိုက်ကြရင် မရဘူးလား"
"ဘယ်လိုပဲဖြစ်ဖြစ် ကိုမြလှိုင် ရောက်ချင်တဲ့အချိန် ရောက်စေမယ်လေ ဟုတ်ပြီလား"
"ကျေးဇူးပါပဲ အဘသီ"
ကျွန်တော်သည် အဘသီ၏စိတ်အားထက်သန်မှုကို ကြည့်လျက် ရင်ထဲ၌ ဝေဒနာတစ်ခုကို အလိုလို ခံစားလာမိပါသည်။ အဘသီ၏မျက်နှာပေါ်မှ အစင်းအကြောင်းများသည် အရွယ်နှင့်မလိုက်အောင်ပင် အိုမင်းရင့်ရော်လျက်ရှိသည်ကို တွေ့ရပါသည်။

အမှန်ကတော့ အဘသီကဲ့သို့သော တောင်သူ လယ် သမားတို့သည် တောင်သူလယ်သမားခေါင်းဆောင် ဆရာစံ၏ လက်နက်စွဲကိုင် တော်လှန်ရေး၌ အပျော် သက်သက် ပါဝင်ခဲ့ကြခြင်းမဟုတ်ကြဘဲ နယ်ချဲ့သမား၏ ဖိနှိပ်ချုပ်ချယ်မှုအောက်တွင် အငတ်ငတ် အပြတ်ပြတ် ဒူးထောက်အရှုံးပေးရခြင်းထက် မိမိတို့ဘဝ လွတ်မြောက်ရေး အတွက် အသက်နှင့်စတေး တိုက်ခိုက်ခြင်းက မြတ်သည်ဟု ယူဆပြီး လက်နက် စွဲကိုင် တော်လှန်ခဲ့ကြခြင်းသာလျှင် ဖြစ်ပါသည်။ ယင်းဒဏ်ရာဒဏ်ချက်များသည် အဘသီအား ထောင်ထဲသို့ (၁၀) နှစ်တာ သွတ်သွင်းခံရခြင်းတည်းဟူ သော ဆုလာဘ်ကို ရရှိခဲ့လေသည်။ နယ်ချဲ့သမား၏ ညှင်းပန်းနှိပ်စက်မှု ထောင်ဒဏ် (၁၀) နှစ်ကြောင့် ပင် အဘသီသည် ခါးကိုင်းချည့်နဲ့လာခဲ့ရသည်။ ထောင်ထဲတွင် အလုပ်ကြမ်း လုပ်ခဲ့ရသဖြင့် ပို၍ အိုမင်း ရင့်ရော်ခဲ့ရသည်။ သြော်... အဘသီ အဘသီ စိတ်က ဆောင်ပါသော်လည်း လူကဖြင့် သည်တစ်ပွဲတွင် မနွှဲနိုင်ရှာတော့ပေ။

"ဟင်း..."
ကျွန်တော် သည် သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်မိသည်။ အဘသီကတော့ ကျွန်တော် စဉ်းစား နေသော အကြောင်းအရာ ကို မသိငြားလည်း သူယူလာသော စာနှင့် ဆက်စပ်သော အကြောင်းဟု ထင်မှတ်လျက် စာဖြင့်ရေးပြော မှသာလျှင် ပြည့်ပြည့်စုံစုံ နားလည်နိုင်မည်ဖြစ်၍ ၎င်းကပင် ကိုတင် အောင်အား စာရေးပေး ရန် ပြောခြင်းဖြစ်ကြောင်း၊ ထိုစာကိုလည်း အသက်နှင့်လဲ၍ လုံခြုံစွာယူဆောင် လာခဲ့ခြင်း ဖြစ်ကြောင်းများကို ဖာဖာထေးထေး ပြောဆိုနေပါလေသည်။
"စာယူလာတာကြောင့် မဟုတ်ဘူး အဘသီ၊ ခု ရေးလိုက်တဲ့ ကိစ္စကလည်း အဘသီပြောပြသလို စာနဲ့ ရေးပြောပြ မှ ကောင်းမယ့်ကိစ္စပါလေ၊ ဒါကြောင့် မဟုတ်ပါဘူး"
"ဒါဖြင့် ကိုမြလှိုင် အိမ်ကို လွမ်းနေပြီ ထင်ပါ့ဗျာ၊ ဟား... ဟား..."
"ဟုတ်မယ် အဘရေ၊ မောင်မြလှိုင်က ဖျာပုံမှာရော၊ ရန်ကုန်မှာရော ရည်းစားတွေ မှိုလိုပေါက်နေတဲ့လူ အဘရဲ့ ဟွန်း... ဟွန်း၊ ဖော်ကောင်လုပ်လိုက်ရမလား"
"ဟုတ်ပ၊ လူက မင်းသားဟန်နဲ့ နွဲ့နွဲ့နှောင်းနှောင်း၊ ငွေစကလဲ ပေါသကိုး၊ မိန်းကလေးများ သူတို့နဲ့ သင့်လေ ပလား၊ မသင့်လေပလား စဉ်းစားတာမှ မဟုတ်ပါပဲကလား၊ လူပုံချောလို့ ငွေပေါရင် ဖမ်းကြိုက် ကြတာပဲလေ၊ ဟုတ်ဘူးလား ဗျ"

ကျွန်တော်က ကိုယ့်အကြောင်း ပြောလာသဖြင့် ပြုံး၍သာ နားထောင်နေလိုက်မိသည်။ ကိုအောင်သန်း သည် ကျွန်တော် တစ်ခါက သန်းကြည်ထံသို့ ထမင်းလာစားသည်ကို တစ်ဖက်ခန်းမှတွေ့လိုက်ဖူးသည် မဟုတ်ပါလား။ ထိုစဉ်အခါက ဆိုလျှင် ကျွန်တော်သည် သန်းကြည်၏ရေလာမြောင်းပေးလမ်းခင်းပေး သည်ကို လျှောက်ခဲ့သည် မဟုတ် ဘဲ သူကျွေးသောထမင်းကို အာမထိ လျှာမထိ မျို၍ သူ့ကျော့ကွင်းမှ ရုန်းထွက်ခဲ့ခြင်းဖြစ်ပါသည်။ သို့သော် ကျွန်တော်နှင့် သန်းကြည်တို့နှစ်ယောက် လေးတောင်ပြည့် ခန်း သာလည်တွင်ထိုင်၍ ရိုးရိုးသားသား စကားပြောခဲ့ သည်ဆိုခြင်းအတွက် တစ်ဖက်ခန်းဆီမှ ကိုအောင် သန်းနှင့် ကိုဗလတို့ကို ကျိန်တွယ်ပြောရ မလို ဖြစ်ခဲ့ရသည်ကတော့ အမှန်ပင် ဖြစ်ပါသတည်း။

အပြောင်ရွာသို့ ကျွန်တော်မှန်းသည့်အချိန်ထက်ပင် တစ်နာရီခန့်စော၍ ရောက်လာခဲ့ပါသည်။ မရောက် လျှင် ခံနိုင်ရိုး လား။ သူကြီးကိုကျန်သည် ဘုန်းတော်ကြီးကျောင်းမှ လောင်းလှေကြီးကို အဘသီ ခေါင်း ဆောင် ၍ လှေသမား ငါးယောက်နှင့်အတူ ကျွန်တော်နှင့် ကိုအောင်သန်းတို့ကို လိုက်လံ ပို့ဆောင်ပေး ပါ သည်။ လောင်းလှေဆိုသည်မှာ ပါးပါးလျားလျား ပေါ့ပေါ့ကလေးဖြစ်သည်။ လှေဝမ်းလုံး၍ တက်အား ကောင်း လျှင် ကောင်းသလောက် ပြေးလွှားနိုင်သော သဘောရှိသည်။ အဘသီသည် ကျွန်တော်တို့နှစ် ယောက်ကိုတင်၍ အုန်းပင်ရွာဘက်မှကပ်ကာ လှော်လာခဲ့သည်။ ချောင်းတွင်းရွာ အချိုးသို့ရောက်မှသာ ကျုံကူချောင်း အတွင်းသို့ဖြတ်၍ ကူးသည်။ ယင်းသို့ လှော်ခတ်ခြင်းကြောင့် ဖျာပုံတစ်ဘက်ကမ်းနှင့် အလှမ်းဝေးလျက် ရှိပါတော့သည်။ အပြောင်ရွာနှင့် ကျုံကူရွာတို့သည် ဖျာပုံမြို့၏ဆင်ခြေဖုံးရွာနှစ်ရွာဖြစ် ပါသည်။ ဖျာပုံမြို့၏ အနောက်ဘက် ယွန်းယွန်းတွင်ရှိသည်။ ခြေလျင်လျှောက်သွားလျှင် နာရီဝက်ခန့် မသွားရဘဲ မြို့နှင့် ရွာအကူးကို ကြိုးတံတား ခင်းပေးထားသည်။ ထို့နောက် ရေလမ်းဖြစ်သည်။ ရေလမ်း မှာ ဖျာပုံမြို့နယ်တွင်း နေရာအနှံ့သို့ သွားလာနိုင် ပါသည်။

"ကိုင်း... ရောက်ပါပြီ၊ မှန်းတာထက်တောင် စောနေသေးတယ်နော"
ရဲဘော်တင်ဦး ၏အိမ်ဆိပ်သို့ လှေကပ်လိုက်သည်နှင့် တစ်ပြိုင်နက် ကျွန်တော် အလျင်အမြန် ခုန်တက် လိုက်မိ သည်။ ကျွန်တော် မဆင်မခြင်လုပ်လိုက်မိသဖြင့် ကျွန်တော် တံတားပေါ်သို့ရောက်သောအချိန် ၌ လှေတစ်စင်း လုံးလူး၍ မှောက်သွားပါတော့သည်။ ကျွန်တော်သည် အံ့သြချိန်ပင် မရလိုက်ရဘဲ ကျန် လူများအားလုံး ရေထဲသို့ ကျကုန်ပါတော့ သည်။ လူများ ရေထဲကျသါားသော်လည်း လှေသမားများက ကျွမ်းကျင်စွာ ပင် လှေတစ်ဖက်တစ်ချက်စီတွင် တွဲလောင်းခိုလျက် ရယ်မောနေကြသည်ကို တွေ့ရပါ သည်။ ကျွန်တော်သည် လူမြင်မခံ လိုသောကြောင့် ယင်းသို့ အလျင်အမြန် ခုန်တက်ခြင်းဖြစ်ပါသည်။ ယခုကဲ့သို့ မိမိကြောင့် လှေမှောက် သွားပြန်တော့ လည်း တံတားပေါ်မှပင်ရပ်၍ ဖေးမရန်လက်ကမ်း၍ ပေးမိပါသည်။ ကျွန်တော် လက်ကမ်းပေး သည် ကို မည်သူကမျှ ဂရုမစိုက်ဘဲ အဘသီကသာလျှင် ရေထဲ မှ အော်ပြောနေပါသည်။

"ကိုမြလှိုင် အိမ်ထဲသာ သွားနှင့်ပါ၊ ကျုပ်တို့ ရေကူးတတ်ပါတယ်"
ကျွန်တော် ရဲဘော်တင်ဦး၏အိမ်အတွင်းသို့ ရောက်ပြီး မရှေးမနှောင်းမှာပင် အဘသီတို့ လူသိုက် ရေ များရွှဲလျက် တသောသော ရယ်မောရောက်လာကြပါသည်။ ကျွန်တော်ကတော့ မိမိ၏မှားယွင်းမှု ကြောင့် အလွန်ပင် အားနာနေမိပါသည်။
"ဒါကြောင့် လှေအဆင်း၊ မြင်းအတက်လို့ ပြောတာပေါ့ ကိုမြလှိုင်ရေ"
"အဘသီ အဝတ်တွေ လဲလိုက်ကြပါဦး၊ တင်ဦးရေ အဘသီတို့အတွက် အဝတ်လဲဖို့ လုပ်ပါဦးကွာ"
"ကျွန်တော်မှာ လူစေ့တက်စေ့ အဝတ်လဲဖို့ ပေးစရာမရှိဘူးလေ"
"ကောင်းကွာ၊ အရေးထဲ မင်းက ချမ်းသာတာတွေ ထုတ်ပြောနေပြန်ပါပြီ"

ရဲဘော်တင်ဦးသည် မကြာမီ လုံခြည် (၄-၅) ထည်ကိုယူ၍ လဲလှယ်စေပါသည်။ စိုနေသော အဝတ်များ ကို မီးကင် ၍ ခြောက်စေပါသည်။ ထိုအခိုက် သခင်သိန်းမောင်နှင့် သခင်ဘရှိန်တို့နှစ်ယောက် ရုပ်ဖျက် ၍ ရောက်လာကြပါသည်။ သခင်သိန်းမောင်သည် တရုတ်ဘောင်းဘီကြီး ကိုးရိုးကားရားဖြင့် ဝတ်လျက် ဖြင့် လည်းကောင်း၊ သခင်ဘရှိန်ကမူ မျက်နှာသုတ်ပဝါကြီးကို မျက်နှာအုပ်မတတ် ပေါင်းထားလျက် ဗိန္ဓောဆရာ တစ်ယောက်ပမာ လွတ်အိတ်ဖောင်းဖောင်းကြီး လွယ်လျက်လည်းကောင်း ဝတ်ဆင်ထား ကြပါသည်။ ကျွန်တော့်စိတ်ထဲတွင် ဤမျှလောက် ရုပ်ဖျက်လှုပ်ရှားရန် မလိုဟု ထင်မိပါသည်။ ယခုကဲ့ သို့ ရုပ်ဖျက်၍ သွားလာနေမည့်အစား နေရာသတ်မှတ်မှု တစ်ခုခုကို ပြု၍ နေသင့်ကြပြီဟု ထင်မိပါ သည်။ ကျွန်တော်၏မျက်နှာပေါ်မှ အမူအရာသည် ပေါ်လွင်ဟန်တူပါသည်။ သခင်သိန်းမောင်သည် သူတို့ရုပ်ဖျက် သွားလာ လှုပ်ရှားခြင်းမှာ ယခုတစ်ကြိမ်သာလျှင်ဖြစ်ကြောင်း ရှင်းလင်းပြပါသည်။

"ကိုမြလှိုင်၊ ကျုပ်တို့ ပြန်နိုင်ပြီ မဟုတ်လား"
"ဟုတ်ကဲ့ အဘသီ၊ ကျွန်တော် ဆက်သွယ်ပါဦးမယ်"
အဘသီတို့ လူသိုက် ထွက်ခွာသွားပြီးနောက် ကျွန်တော်တို့ လူသိုက်ရဲဘော်တင်ဦး၏ အိမ်အပေါ်ထပ် တွင် အစည်းအဝေး လုပ်ကြပါသည်။ ကျွန်တော်တို့ဘက်မှ ကျွန်တော်နှင့်ကိုတင်အောင်၊ ကိုအောင်သန်း တို့ ပါဝင်သော် လည်း ကိုတင်အောင်နှင့် ကိုအောင်သန်းတို့မှာ တို့ဗမာအစည်းအရုံးဝင်များ မဟုတ်သ ဖြင့် ယခု ဆွေးနွေး ရာ၌ မည်သည့်ကိစ္စကိုမျှ ဝင်ရောက်ဆွေးနွေးခြင်းမပြုရန် ကျွန်တော်က ကြိုတင်မှာ ထားပါ သည်။ ဆွေးနွေးပွဲတွင် သခင်သိန်းမောင်၊ သခင်ဘရှိန်၊ သခင်အောင်သိန်း (အခြာကြီးရွာ)၊ သခင်ရှိန် (ကျုံကဒွန်းရွာ) တို့မှ ရဲဘော်များ ပါဝင်ပါသည်။ ကျွန်တော်သည် သခင်သိန်းမောင်အား အကျိုးအကြောင်း များကို မေးမြန်းကြည့်မိပါသည်။

သခင်သိန်းမောင်က နယ်ချဲ့တော်လှန်ရေးတွင် ကျွန်တော်တို့ဘက်မှ ဦးလှအောင် (ကွယ်လွန်)အား ခေါင်းဆောင်အဖြစ် သတ်မှတ်ပေးခြင်းအတွက် ပြင်ဆင်ဖွဲ့စည်းပေးရန်၊ ဦးလှအောင် ၏နေရာတွင် ၎င်းတို့အဖွဲ့မှလူအား အစားထိုးပေးရန်အဖြစ် သတ် မှတ်ပေးခြင်းအတွက် ပြင်ဆင်ဖွဲ့စည်းပေးရန်၊ ဦးလှအောင် ၏နေရာတွင် ၎င်းတို့အဖွဲ့မှ လူအား အစား ထိုးပေးရန် ဆုံးဖြတ်ခဲ့ကြောင်း တင်ပြခဲ့ပါသည်။ ကျွန်တော် သည် ဌာနချုပ်သို့ အမည်စာရင်းပေး၍ ဖွဲ့ စည်းခဲ့သော မြေအောက်တော်လှန်ရေး အဖွဲ့ဖြစ်ခြင်းကြောင့် ကျွန်တော့် သဘောထား တစ်ခုတည်းဖြင့် သခင်သိန်းမောင် ကို ဦးလှအောင်၏နေရာတွင် အစားထိုးလက်ခံရန် မဖြစ်နိုင်ကြောင်း ရှင်းလင်းပြပြီး ဤကိစ္စနှင့်ပတ်သက်၍ ဌာနချုပ်မှ စေလွှတ်ထားသော ပုဂ္ဂိုလ်များနှင့် တကွ ကျွန်တော်တို့ဘက်မှ လူ စုံတက်စုံ ပါဝင်ဆွေးနွေးဆုံးဖြတ်ရန် တင်ပြလိုက်ပါသည်။

ကျွန်တော်၏တင်ပြချက်ကို သခင်သိန်းမောင် က ကျေနပ်စွာ လက်ခံခဲ့ပြီး ကျေးရွာများတွင် ဖွဲ့စည်းသော မြေအောက်တော်လှန်ရေး အဖွဲ့အစည်း များကို ကျွန်တော်တို့ အဖွဲ့ဝင်များသာ ရှိသော ကျေးရွာများတွင် ကျွန်တော်တို့ရဲဘော်များက တာဝန်ယူ ၍ သခင်သိန်းမောင်တို့ အဖွဲ့ဝင်များသာ ရှိသော ကျေးရွာများတွင် ၎င်းတို့၏လူများကိုသာ ဖွဲ့စည်းထား ရှိရန်နှင့် နှစ်ဖက် အဖွဲ့ဝင်များရှိသော ကျေးရွာများ၌ နှစ်ဖက်အဖွဲ့ဝင်များ အညီအမျှဖြင့် ဖွဲ့စည်းပေးရန် သဘောတူပါသည်။ ထို့ပြင် တိုက် ခိုက်ရေးနှင့် ပတ် သက်သော အမိန့်ပေးမှုကို ကျွန်တော် တာဝန်ယူ မည် ဖြစ်ကြောင်း ပြောပြ သည်ကိုလည်း ကျေနပ်စွာပင် လက်ခံခဲ့ကြပါသည်။

သခင်သိန်းမောင်နှင့် သခင် သိန်းမောင်တို့ အလဲအလှယ်လုပ်သောကိစ္စနှင့်ပတ်သက်၍ နောင်သောအခါ ဌာနချုပ်မှ သခင်သိန်း မောင်အား ခေါင်းဆောင်အဖြစ် လက်ခံခဲ့ပြီး ဦးလှအောင်ကို ဒုတိယခေါင်းဆောင် အဖြစ် ပြင်ဆင်သတ် မှတ်ခဲ့ပါသည်။ ကျွန်တော်တို့ ဖျာပုံမြို့နယ်အတွင်း တို့ဗမာအစည်းအရုံးနှစ်ခု စင်ပြိုင်ရှိနေသော် လည်း တစ်ဘက်နှင့် တစ်ဘက် အပုပ်ချခြင်း၊ အတိုက်အခံပြုခြင်းများ လုံးဝမရှိကြဘဲ ကျွန်တော် တို့လူငယ် အများစုသည် ကျောင်းသားသမဂ္ဂမှ ထွက်လာကြပြီးသောအခါ သခင်ကိုယ်တော်မှိုင်း ကြီးမှူးသော တို့ဗမာအစည်းအရုံးတွင် ဝင်ရောက်ဆောင်ရွက်ခဲ့ကြပါသည်။ ကျွန်တော့်အနေဖြင့်မူ အစ်ကိုဖြစ်သူ သခင်လှဖေသည် သခင်ကိုယ်တော်မှိုင်း၏တို့ဗမာအစည်းအရုံးမှ အလုပ်အမှုဆောင်တစ်ယောက်ဖြစ် ခြင်းကြောင့် တစ်ကြောင်း၊ ကျွန်တော်နှင့် ရင်းနှီးခင်မင်ရင်းစွဲရှိသော သခင်ကောသလ္လ၊ သခင်အုန်း မောင်၊ သခင်ထွန်းမောင် တို့၏ သံယောဇဉ်ကြောင့်လည်းကောင်း သခင်ကိုယ်တော်မှိုင်း၏တို့ဗမာ အစည်းအရုံးသို့ ဝင်ရောက်ခြင်းဖြစ် ပါသည်။

သခင်သိန်းမောင်သည် မူလက တို့ဗမာအစည်းအရုံးဖွဲ့စည်းရန် သခင်ဗသောင်းတို့ ရောက်ရှိလာစဉ်က ပင် စာရင်းပေးသွင်းသူဖြစ်ပါသည်။ နောင်သောအခါ ဖျာပုံမြို့၏ပထမဦးဆုံး သခင်အမည်ခံ သူတစ် ယောက်ဖြစ်လာပါသည်။ ထိုအချိန်က သခင်ပေါက်စ ထောင်ခြောက်လဟု ပြောင်လှောင်နေသည့်ကြား မှ ကိုယ်ကျိုး မဖက်ဘဲ အိမ်တော်ရာထီးကို ချိုင်းညှပ်ကာ လူလိုက်စုနေသော သခင်သိန်းမောင်ကို ကျွန်တော် တို့ တွေ့ခဲ့ဖူးပါသည်။ နောင်တို့ဗမာအစည်းအရုံးနှစ်ခြမ်း ကွဲခဲ့သောအခါ၌မူ သခင်သိန်းမောင် သည် သခင်ဗစိန်နှင့် သခင်ထွန်းအုပ်တို့အဖွဲ့သို့ ပါဝင်ဆောင်ရွက်ခဲ့ပါတော့သည်။

"မှန်း... မင်း မြလှိုင် မဟုတ်လား၊ ဟိုဟာကြီးက ခြောက်လုံးပြူးကြီးနော်... နော်"
"ဟေ့လူ နောက်မနေနဲ့၊ ခင်ဗျားကို ကိစ္စရှိလို့ ခေါ်ခိုင်းလိုက်တာ"
"မှန်လှပါ ဒူးတုပ်ခစားလျက် ရှိနေကြောင်းပါ ဖရား ဟား... ဟား... ဟား..."
ကျွန်တော်သည် ဖျာပုံမြို့ပေါ်မှ သတင်းများ စုဆောင်းပေးရန်အတွက် ဝက်ကြီးကို အပြောင်ရွာကို ခေါ် ယူလိုက်ခြင်းဖြစ်ပါသည်။ ဖျာပုံမြို့ပေါ်မှ ကျွန်တော်တို့ထားခဲ့သော လူများအနက် သခင်ကောသလ္လ၊ သခင်ဘကျော့ တို့ကို သက်ဆိုင်ရာမှ ဖမ်းဆီးလိုက်သည့်ပြင် ရုံးသုံးစာရွက်စာတမ်းများကိုပင် သိမ်း ဆည်း လိုက်ကြပြီး တို့ဗမာအစည်းအရုံး ဆိုင်းဘုတ်ကိုလည်း ဖြုတ်ချလိုက်ပါသည်။ အစည်းအရုံးကိုမူ ချိပ်ပိတ်ထားလိုက် ပါသည်။ ကိုဝက်ကြီးသည် ကျွန်တော်၏ပြောင်းလဲနေသော အခြေအနေကို ကြည့် ရင်း အထက်ပါ အတိုင်း နောက်ပြောင်နေခြင်းဖြစ်ပါသည်။

"ဒီမယ် မြလှိုင်၊ မင်းရည်းစား တိုးလို့တွဲလောင်း လက်ကျန်ကလေးတွေ ငါ့ကို မလွှဲခဲ့နိုင်ဘူးလားကွာ၊ ငါ ဆက်လက် တာဝန် ယူထားပါရစေကွာ"
"ဟေ့လူ၊ စကားကောင်းပြောကြရအောင်ဗျာ၊ နေရာတကာ နောက်တာ ပြောင်တာ မကောင်းပါဘူး"
"ဒါထက်ကောင်းတာ ဘာများရှိသေးလို့လဲ မြလှိုင်ကြီးရာ"
"ဒီမယ် ကိုဝက်ကြီး၊ ခင်ဗျား ကျွန်တော့်ကို ကတိပေးထားတာ မေ့သွားပြီလား၊ ကျုပ်အတွက်ဆိုရင် အသက်တောင် ပေးမယ် ဆိုဗျ၊ အခု ကျွန်တော် ခင်ဗျားကို ခိုင်းချင်တယ်"
"အေးလေ... မင်းအတွက်ဆိုရင် ငါ့ရင်နှစ်ခြမ်း ဗြန်းခနဲ ကွဲပါစေ၊ ငါဆိုတဲ့ကောင်က နှစ်ပြားတစ်ပဲတန် ကောင်ပါ၊ မင်းလို လူမလိုင် ဖတ်စက်ကလပ်ထဲက မဟုတ်ပါဘူး၊ သေသွားရင်လည်း ဖျာလိပ်ဖိုးလောက် ကုန်မယ့်ကောင် ပါကွာ၊ ကိုင်း... ပြော"
"ကျွန်တော်တို့ အားလုံး ပေါ်ပေါ်ထင်ထင်နေလို့ မရတော့ဘူးဆိုတာတော့ ခင်ဗျားသိတယ် မဟုတ်လား"

"မင်းတို့ အုန်းမောင်တို့လူသိုက် ပျောက်သွားတာကိုတော့ သိတယ်၊ မင်းတို့ ပျောက်သွားတုန်းကဆို မြို့မစုံထောက် ရာဇဝတ်အုပ် အောင်သန်းနဲ့ နားလေးကြီး ကိုထွန်းဆင့်တို့နှစ်ယောက် သူတို့ ဘော့စ် ဒီအက်စ်ပီ က ထုချောလွှာ တောင်းတယ်ဆိုပဲကွ၊ တို့များ ဝမ်းသာလိုက်တာဆို မပြောပါနဲ့တော့၊ သူတို့ က ဝမ်းနည်း ပက်လက် ဘိလိယက်ခုံမှာ ပြောပြနေတော့ ငါလည်း ကွေးနေအောင် ကပြလိုက်မိတယ်။ ဘာပြောကောင်းမလဲ ငါ့ကို ဖမ်းချုပ် မလို့လေ၊ ခုံပေါ်က လူတွေ ဝိုင်းပြီး တောင်းပန်လိုက်လို့ သက်သာ သွားတယ် ဟွန်း... ဟွန်း"
"ကျွန်တော် ခိုင်းတာ လုပ်ပေးမလား"
"ဘာပဲဖြစ်ဖြစ် မစဉ်းစားဘဲ လုပ်မယ်ကွာ၊ ကိုင်း... ကျေနပ်ပလား"
"ဒါမှပေါ့ မစ္စတာဝက်စ်ရဲ့၊ ရော့... ချလိုက်ဦး ခင်ဗျားအတွက် ယမကာ"
"နိုး... နိုး တကယ်အလုပ်လုပ်ရမယ်ဆိုရင်တော့ လစ်ကာချလို့ မဖြစ်သေးဘူး မြလှိုင်"
"ဟ... ကိုဝက်ကြီး လူပုံပတ္တလားနဲ့ နတ်စကားတွေ ထွက်နေတာလားဗျ"
"မြလှိုင်ကြီး ရာ မင်းကိစ္စအတွက် ငါ အရက်မသောက်သေးဘူးကွာ"

ကိုဝက်ကြီး ပြောသော စကားကြောင့် ကျွန်တော်သည် အလွန်အမင်း တုန်လှုပ်သွားမိသည်။ ကျွန်တော် သည် ကိုဝက်ကြီး ဆိုသူကို အရက်သမား လူပေါ့လူဖျင်းတစ်ယောက်ဟု စာရင်းသွင်းထားသူဖြစ်ပါ သည်။ ကျွန်တော် သည် ၎င်းအား တာဝန်ပေးရန် ခေါ်ယူခဲ့ခြင်းမှာလည်း ကြီးကြီးမားမားမဟုတ်၊ မြို့ပေါ် တွင် ဖြစ်ပေါ်နေသော အစိုးရသတင်းများ၊ အရပ်သတင်းများကို ယေဘုယျစုဆောင်းပေးရန်နှင့် ကျွန်တော်တို့ အချင်းချင်း ဆက်သွယ်ရာတွင် တစ်နည်းနည်း အသုံးပြုရန်တို့အတွက် ဖြစ်ပါသည်။ သို့ သော် ကိုဝက်ကြီးထံမှ ပြန်လည်ကြားရသည့် စကားများမှာ ကျွန်တော် ထင်မှတ်ထားသည်နှင့် ဖြောင့် ဖြောင့် ဆန့်ကျင် လျက် ရှိနေခြင်းကြောင့် အထက်ကကဲ့သို့ တုန်လှုပ်ခြင်းဖြစ်ခဲ့ရပါတော့သည်။
"ကောင်းတယ်၊ လုံးလုံး မသောက်ရင် သာလို့ကောင်းသေးဗျာ"

"လုံးလုံးတော့လည်း မဖြတ်နိုင်သေးဘူးကွာ၊ အရက်သမားကို အရက်ဖြတ်ပါလား လို့ ပြောတဲ့ စကား လောက် စော်ကားတဲ့ စကား မရှိဘူးဆိုတာ မြလှိုင် မင်းမှတ်ထား ဟင်း... ဟင်း၊ ဘာကြောင့်လဲဆိုတော့ အရက်သမား အဖို့ အရက်လောက် ခင်မင်တွယ်တာ မြတ်နိုးရာဆိုတာ တခြားမရှိလို့ပဲ ဆိုပါတော့ ငါ့လူ ရာ"
"ဒါကြောင့် တစ်ခါက မခွေးမကိုသာ ဖြတ်ရင် ဖြတ်မယ်၊ အရက် မဖြတ်နိုင်ဘူးလို့ ပြောတာကိုး"
"ဒါကတော့ ခွေးမ ကို အရွဲ့တိုက်ပြောတာပါ၊ တကယ်ကတော့ ငါ့မီးယပ်သည် ဝါးခြမ်းပြားလေးကို ဘယ် ပစ်ရက်ပါ့ မလဲ မြလှိုင် ရာ၊ နောက်ပြီး ဟီး... ဟီး၊ ခွေးမကို စွန့်ပစ်လိုက်လို့ ခွေးမအစား ငါ့ကို ဘယ်သူယူ မှာလဲ တဲ့ကွ" "ဒီလိုဆို အရက်ကိုပဲ ဖြတ်လိုက်ပေါ့" "နှစ်ခုစလုံး ကောင်းတာပဲကွ"

ကျွန်တော်သည် ကိုဝက်ကြီးအား မြို့ပေါ်တွင် သိလိုသော အချက်အလက်များကို ပြောပြ၍ ရရှိသော သတင်းများကို ရဲဘော်တင်ဦးနှင့် တွေ့ဆုံလျက် ပြောပြရန် မှာကြားပါသည်။ ကိုဝက်ကြီးတစ်ယောက် ကျွန်တော် ပြောသည့်စကားများကို လေးလေးစားစား နားထောင်ပြီး စိတ်ရောကိုယ်ပါ ဆောင်ရွက်ပေး ရန် တာဝန်ယူလိုက်သဖြင့် ကျွန်တော့် ရင်ထဲတွင် ပေါ့ပါးသွားပါသည်။ ကိုဝက်ကြီးထံမှ ကြားသိချက် အရ ဖျာပုံစီရင်စုအတွင်း သခင်များကိုသာမက၊ မဟာဗမာအဖွဲ့မှ လူများကိုလည်း ဖမ်းဆီးလျက်ရှိ ကြောင်း သိရပါသည်။ မဟာဗမာများကို ဖမ်းဆီးခြင်းနှင့်ပတ်သက်၍ ဗမာ့ထွက်ရပ်ဂိုဏ်း၏ ဂယက်ဖြစ် ကြောင်း ကျွန်တော် နားလည် လိုက်မိပါသည်။
"ငါ ပြန်မယ်"
"နေဦးလေဗျာ၊ ဒီမယ် ထမင်းစားသွားပါ ပြီးတော့ ခုနက အရက်တစ်ပိုင်းလဲ ယူသွားပါ၊ အိမ်ရောက် တော့ အေးအေးဆေးဆေး သောက်ပေါ့ဗျာ"

"အိမ်တော့ မယူသွားတော့ပါဘူးကွာ၊ ငါလိုကောင် အရက်ပုလင်း ထားသောက်နိုင်တယ်ဆိုတာ အရပ် က သိသွား ရင် ဝက်ကြီးတစ်ကောင် ပေါများကြွယ်ဝတယ်ထင်ပြီး ကြွေးဟောင်းတွေ လာတောင်းနေပါ ဦးမယ်ကွာ၊ ဒီမှာပဲ ထမင်းစားကောင်းရုံ အာဆွတ်လိုက်ပါမယ်"
"တစ်ခွက် ပဲ သောက်မှာလား၊ ခင်ဗျားခွက်က မျက်နှာသစ်တဲ့ ခွက်ကို ပြောတာထင်တယ်"
"မြလှိုင်ရေ မင်းခိုင်းတာတွေ လုပ်မယ်လို့ ပြောပြီးထဲက ငါ အရက်ခွက်ကို ကိုင်ရမှာ ကြောက်နေပါတယ် ကွာ၊ တကယ်ပါ၊ အခုလည်း ငါ မူးအောင် မသောက်ရဲပါဘူး၊ အရက်သမားဆိုတဲ့ ဂုဏ်သိက္ခာကလေးကို ထိန်းသိမ်းတဲ့ အနေနဲ့ စတိသဘော ချမှာပါ"

ကိုဝက်ကြီးက သူပြောသည့်အတိုင်းပင် ကျွန်တော်ပေးသော အရက်ပုလင်းကိုလည်း လက်ခံယူခြင်း မပြုရုံမက ထမင်းမစားမီ သောက်သည်ဆိုရုံမျှ သောက်သွားသည်ကို တွေ့ရပါသည်။ ကျွန်တော်သည် ကိုဝက်ကြီး ပြန် သွားသည်ကို စဉ်းစားရင်း လူ့ဘဝ၏အောက်ဆုံးအလွှာဟု ဆိုရမည့် ကိုဝက်ကြီး ကဲ့သို့ သော အရက်သမား တစ်ယောက်၏စိတ်၌ပင်လျှင် မိမိ၏လူမျိုးနှင့် နိုင်ငံကို သစ္စာစောင့်သိ ချစ်မြတ်နိုး သောစိတ် ရှိနေပါကလားဟု မှတ်ချက်ချရင်း နယ်ချဲ့တော်လှန်ရေးအတွက် မိမိဆောင်ရွက်ရမည့် တာဝန်များကို ကျေနပ်အားရလျက် ရှိပါတော့သနည်း။

နေရာကား ဖျာပုံမြို့၏တောင်ဘက် ငါးမိုင်ခန့်ဝေးသော အခြာကြီးရွာ။
အခြာကြီးရွာ သည် ဖျာပုံမြို့မှ မော်တော်ကားနှင့် သွားနိုင်သည့်ပြင် ဖျာပုံမြစ်ထဲမှလည်း သင်္ဘော လှေ သမ္ဗန် စသည်တို့ဖြင့် သွားလာနိုင်ပါသည်။ သခင်ဗစိန်နှင့် သခင်ထွန်းအုပ်တို့အဖွဲ့ဝင် သခင်များ အင်အား တောင့်တင်းသည့်ရွာ ဖြစ်ပါသည်။ ကျွန်တော်သည် ရွာခံရဲဘော်များနှင့်အတူ အခြာကြီး ဆရာ တော် သခင်သုန္ဒရ ၏ကျောင်းတွင် တိတ်တဆိတ် တွေ့ဆုံကြပါသည်။
"အခြာကြီးရွာက လက်နက် ဘယ်နှစ်လက်လောက် ရမလဲဗျ"
"အခြာဝ ဆန်စက်က (၂) လက်၊ ဦးပန်းငူ၊ မရှုငံတို့အိမ်က (၁) လက် ပေါင်း (၃) လက်ပဲရှိတာပဲ၊ သူတို့ က အချိန်မရွေး ယူပါ လို့ ပြောထားတယ်လေ"
"ဒီလို လုပ်ရင် ကောင်းမယ်၊ အခြာကြီးအနေနဲ့ လက်နက်အရေအတွက်လည်း နည်းတယ်၊ ဖျာပုံမြို့နဲ့ဆို ရင်လည်း အိမ်ဦး နဲ့ ကြမ်းပြင်ဆိုတော့ ခင်ဗျားတို့ စခန်းကို သမိန်ထောနဲ့ ပူးပေါင်းလိုက်ပါလား၊ သမိန် ထော မှာက လက်နက် (၂၀) ကျော် ရှိနေတယ်"

"ပေါင်းတာတော့ ဟုတ်ပါပြီ၊ သမိန်ထောက လူတွေရဲ့လက်အောက်မှာ ဝင်ရမှာလား"
"အိုဗျာ၊ သခင်တင်ကလည်း ခုနေအခါများ ဘယ်သူက ဘယ်သူ့လက်အောင်ရယ်လို့ တွက်ရမယ့် အချိန် မဟုတ်ပါဘူး၊ အင်္ဂလိပ်အစိုးရရဲ့ အုပ်ချုပ်မှု ပျက်ပြားအောင် ကျေးရွာတွေကနေ လုပ်ပေးဖို့နဲ့ ကျေးရွာ ငြိမ်ဝပ်ပိပြားရေး ကို တာဝန်ယူဖို့ပါပဲဗျာ၊ ကိုယ့်အဖွဲ့နဲ့ ကိုယ်ပါ"
"ဒကာ မြလှိုင်၊ ဘုန်းကြီး နည်းနည်း ပြောချင်တယ်"
"အမိန့်ရှိပါ ဘုရား"
"ဘယ်ကျော်မောင်တင်တို့က သမိန်ထောနဲ့ သွားပေါင်းတော့ ဒီရွာရဲ့လုံခြုံရေးကို ဘယ်သူတွေက လုပ် ကြမှာလဲ၊ နောက်ရှိတဲ့လက်နက် (၃) လက်ကိုလည်း ယူသွားဦးမှာလား"
"မဟုတ်ပါ ဘူး ဘုရား၊ အခြာကြီးက ရှိရင်း သေနတ် (၃) လက်ကို ရွာ ကာကွယ်ရေးအတွက် ရွာခံ ကာကွယ်ရေးတွေ လက်ထဲ မှာ ထားခဲ့ပါမယ် ဘုရား၊ ခု တပည့်တော် ပြောတာက သခင်တင်တို့အဖွဲ့နဲ့ ပေါင်းပြီး ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားနိုင်ဖို့ ပြောတာပါ ဘုရား"

"သခင်အောင်သိန်းတစ်ယောက် အခုလိုအခါ ထောင်ထဲရောက်နေတာ စိတ်မကောင်းဘူး ကိုမြလှိုင်၊ ဘုန်းကြီး အတန်တန် ပြောတဲ့ကြားက မြို့ကို ကူးချည်သန်းချည်လုပ်လိုက်တာ တစ်ခါတည်း အဖမ်းခံ လိုက်ရတာပါပဲ"
ဆရာတော်ပြောသော သခင်အောင်သိန်းသည် ဖျာပုံစီရင်စုတွင် ကျော်ကြား ထက်မြက်သော သခင် ဗစိန်အဖွဲ့မှ သခင် တစ်ယောက် ဖြစ်ပါသည်။ ၎င်းသည် ကျေးရွာများတွင် သိကျွမ်းခင်မင်သူ၊ လူချစ် လူခင်ပေါသူ တစ်ဦးလည်း ဖြစ်ပါသည်။ ၎င်း မရှိခြင်းသည် ဖျာပုံတောင်ပိုင်း၏ စည်းရုံးရေးအင်အားကိုပါ ဆုတ်ယုတ်စေနိုင် ပါသည်။
"ကိုမြလှိုင် ပြောပြချက်အရဆိုရင် ဖျာပုံတစ်မြို့နယ်လုံးအတွက် တိုက်ခိုက် လုယူရမယ့် လက်နက် မဟုတ်ဘဲ သေနတ် ၂၀၀ လောက် ရှိနေတယ်ဆိုတော့ အားရစရာပါပဲလား၊ အကောင်းဆုံးကတော့ အစိုးရ အမှုထမ်းတွေ ဆီက သွေးထွက်သံယိုမှု မရှိဘဲ လွယ်လွယ်သိမ်းနိုင်ရင်တော့ ကောင်းတာပေါ့"

ကျွန်တော်က ပြန်လည်မလျှောက်တော့ဘဲ အခြားစကားများကိုသာ လှီးလွဲ၍ ပြောနေသဖြင့် လက်နက် ရယူခြင်း ကိစ္စများကို ဆရာတော်က ဆက်လက်မေးမြန်းခြင်း မပြုတော့ပေ။ ဤနေရာတွင် ဆရာတော် အား နယ်ချဲ့တော်လှန်ရေးဆောင်ရွက် မှုနှင့် ပတ်သက်သော လုပ်ငန်းများကို အသေးစိတ် မလျှောက် ထားလိုခြင်းကြောင့် ဖြစ်ပါသည်။ ကျွန်တော်တို့၏ရည်ရွယ်ချက်မှာ နယ်ချဲ့အင်္ဂလိပ်အစိုးရ၏ အုပ်ချုပ် ရေး ယန္တရား ပြိုကွဲရေးနှင့် ကျေးရွာအုပ်ချုပ်ရေးကို တို့ဗမာ အစည်းအရုံးဝင်များ လက်သို့ ရောက်ရှိ လာ ရေးပင်ဖြစ်ပါသည်။ အထူးသဖြင့် ဖျာပုံမြို့၏တောင်ဘက် ပင်လယ်ပိုင်းဒေသ များဖြစ်ကြ သည်။

ကုလား ထိပ်၊ ပက်ဗြဲ၊ ဒေါ်ညိမ်း၊ ကျောင်းကုန်း၊ ဖိုးဘကုန်း၊ ကညင်တပင်၊ ဆိတ်မ စသည့် ကျေးရွာများတွင် တို့ ဗမာ အစည်းအရုံးဝင် သခင်များကသာ ရပ်ရွာငြိမ်ဝပ်ပိပြားရေးနှင့် အုပ်ချုပ်ရေး တာဝန်များကို ထင်ထင် ရှားရှား ရယူထားခဲ့ကြပါသည်။ အင်္ဂလိပ်အစိုးရ၏ကင်းဂါတ်တဲများမှ လက်နက်များကို အကြိမ်ကြိမ် လု ယက်ခံလိုက်ရပြီး သည့်နောက် ဖျာပုံမြို့နယ်မှ ပင်လယ်ပိုင်းတစ်ခုလုံးကို ၎င်းတို့အုပ်ချုပ်မှုကို မသိမသာ ရုတ်သိမ်း လိုက်ပါတော့သည်။ ယခု ကျွန်တော်တို့ အမာခံဒေသများဖြစ်ကြသည့် အခြာကြီး၊ သမိန် ထော၊ ကနိ၊ ကွန်ဒိုင်း၊ ကျုံကဒွန် စသည့်နေရာများတွင်လည်း ကာကွယ်ရေးအင်အားသည် ကြီးမား လျက်ရှိပါသည်။ သို့သော် ကျွန်တော် ယခု ရောက်ရှိပြီးသည့်နောက်တွင်မှ စုစည်း၍ တိုက်ခိုက်ရေး အသွင်သို့ ပြောင်းလဲရမည် ဖြစ်ပါသည်။
"သခင်တင်၊ ဒီည ကျွန်တော် သမိန်ထောမှာ အိပ်မယ်၊ ကျွန်တော်နဲ့ လိုက်ခဲ့ပါလား"
"ကောင်းသား ပဲ၊ ရွာမှာ သခင်ဘိုကြီးတို့ကို လွှဲခဲ့မယ်"

"သခင်ဘိုကြီးကိုလည်း ကျွန်တော် သုံးချင်တယ်၊ ကောင်းတာကတော့ ရွာမှာရှိတဲ့ လူကြီးပိုင်းနဲ့ လူငယ် အချို့ကို တာဝန်ပေးခဲ့ပါလား၊ ဆရာတော်လဲ ရှိနေသားပဲ"
"သမိန်ထော ကို ကုန်းကြောင်းလျှောက်သွားကြရအောင်"
"ကောင်းတယ် ညစာတော့ စားသွားကြရအောင်၊ မရှုငံတို့ ချက်ထားမယ် ပြောတယ်"
ကျွန်တော်တို့ စကားဝိုင်းဖွဲ့၍ မကြာမီမှာပင် မရှုငံ၏သားဖြစ်သူ မောင်ဉာဏ်ဝင်းဆိုသူ လူငယ်တစ် ယောက် ထမင်းစားလာခေါ်သဖြင့် လိုက်သွားပါသည်။
ဒေါ်ရှုငံ တို့အိမ်သည် ပျဉ်ထောင်နှစ်ထပ်အိမ်ကြီး ဖြစ်ပါသည်။ အောက်ထပ်တွင် ကုန်စုံဆိုင်ဖွင့်ထားပြီး အပေါ်ထပ် တွင် လူနေသည်။ ကျွန်တော် အခြာကြီးရွာတွင် နေထိုင်မည်ဆိုလျှင် ကျယ်ဝန်းပြန့်ပြူး စွာ နေထိုင်နိုင်ကြောင်း ဖိတ်ခေါ် ပါသည်။ ထိုညက ထမင်းဝိုင်းတွင် ဟင်းလျာများ စုံလင် လှသည်။

ဒေါ်ရှုငံ တို့မှာ တရုတ်ကပြားများဖြစ်ကြသဖြင့် ချက်ပြုတ်ကျွေးမွေးသည်မှာလည်း တရုတ်အစားအသောက် ဟင်းလျာများ ဖြစ်ပါသည်။ ထမင်းစားသောက်ပြီးသောအခါ ကျွန်တော်တို့လူသိုက် သမိန်ထောရွာဆီသို့ ဦးတည်၍ ခြေလျင်လျှောက်ခဲ့ကြသည်။ သခင်တင်၊ သခင်ဘိုကြီးတို့လူသိုက်မှာ အခြာကြီး ဖျာပုံ၊ အခြာ ကြီး သမိန်ထော စသည်တို့ကို အိမ်ဦးနှင့် ကြမ်းပြင်သဖွယ် သွားလာနေသူများဖြစ်သဖြင့် မထောင်း သာလှသော် လည်း ကျွန်တော်ကဲ့သို့ လူပျော့လူနုတစ်ယောက်အဖို့ကား ချွေးသံရွှဲရွှဲဖြင့် ပင်ပန်းလွန်းရ ကား...။
"မောသလား ဗျ... သခင်မြလှိုင်"
"ဟောဟဲ... ဟောဟဲ... ဟင်း... လျှောက်နေမကျတော့ အမောသားဗျ"
"ဖြည်းဖြည်းလျှောက်ကြတာပေါ့ဗျာ၊ ကျွန်တော်တို့ တောသားတွေ ခြေကိုတော့ ခင်ဗျား ဘယ်မီမှာ တုန်း"
သို့ဖြင့် လျှောက်လိုက် နားလိုက်၊ နားလိုက် လျှောက်လိုက်ဖြင့် အနည်းငယ် ညဥ့်နက်သောအခါတွင်မှ သမိန်ထောရွာ သို့ ရောက်ကြသည်။ ကျွန်တော်တို့လာမည့်အကြောင်း ဆက်သားဖြင့် အကြောင်းကြား ထားခြင်းကြောင့် သမိန်ထောရွာမှ တော်လှန်ရေးရဲဘော်များသည် ရွာအဝင်ဝကပင် အသင့် လာရောက် စောင့်ဆိုင်းလျက် ရှိနေကြသည်ကို တွေ့လိုက်ရပါတော့သည်။
"လာကြဗျို့၊ ခင်ဗျား တို့ကို သူကြီးအိမ်ပေါ်မှာပဲ တည်းခိုင်းရမယ်"

ကျွန်တော်က ကိုမြတ်၏ပြောစကားကြောင့် ပြုံးမိသည်။ သမိန်ထောသူကြီးသည် ကျွန်တော်တို့ရဲဘော် ကိုမြတ် ဆိုသူ၏ ယောက်ဖဖြစ်သည်။ နိုင်ငံရေးစိတ် ပြင်းထန်ပြီး ကျွန်တော်တို့ ဆောင်ရွက်လျက်ရှိသော နယ်ချဲ့တော်လှန်ရေး ကို လုံးဝဥဿုံ ပါဝင်လှုပ်ရှားနေသူလည်း ဖြစ်ပါသည်။ ကျွန်တော်သည် ကိုမြတ် နှင့်အတူ ပါလာကြသော ၎င်း၏ ညီဖြစ်သူ ကိုလတ်၊ ကိုကျော်သောင်း၊ ကိုသန်းဖေ၊ ကိုချစ်မောင်တို့ကို နှုတ်ဆက်ရင်း ရွာလမ်းမကြီး အတိုင်း လျှောက်ခဲ့ကြသည်။
"ဟေ့... ဘယ်သူလဲ ရပ်လိုက်"
"ဟေ့... ဘိုခွေး တို့ပါကွ"
"တယ်ဟုတ်ပါလား၊ ရွာမှာ ကင်းတွေ ချထားသလား"
"သူကြီးအမိန့်နဲ့ ရွာမှာရှိတဲ့ သူဌေးတွေဆီက သေနတ်တွေကို သိမ်းတယ်ဗျာ၊ ရွာက လူငယ်တွေကို တပ်ဆင်ပေး ထားတယ်ဗျာ၊ ရွာက လူကြီးတွေကိုတော့ ဇျာပုံအရေးပိုင်မင်းအမိန့်ပေါ့၊ အရေးပိုင်ဆီ ရောက်ပြန်တော့လဲ ရွာကို သခင်တွေ ဝင်စီး သွားမှာစိုးလို့ ရွာက လူကြီးတွေ သေနတ်နဲ့ ရွာလုံခြုံအောင် ကင်းချထားတယ်ပေါ့ဗျာ၊ ဟင်း ဟင်း"

မှန်ပါသည်။ ရွာ၏လုံခြုံရေးအတွက် ကင်းများရှိခြင်းဖြင့် တစ်ဘက်တစ်လမ်း စိတ်ချရသကဲ့သို့ ကျွန်တော် တို့အတွက်လည်း လက်နက်လိုသည့် အချိန်တွင် နာရီပိုင်းအတွင်း လက်ဝယ်ရောက်ရှိနိုင် သော နည်းပင်ဖြစ် ပါသည်။ ကျွန်တော်တို့လူသိုက် စကားတပြောပြောဖြင့် လျှောက်လာခဲ့ကြသည်မှာ မကြာမီ သူကြီးဦးထွန်းစိန် အိမ်သို့ ရောက်ရှိကြပါတော့သည်။ သူကြီး ဦးထွန်းစိန်မှာ အသားဖြူဖြူ၊ အရပ်မြင့်မြင့်၊ ပိန်ပိန် သွယ်သွယ် ဖြစ်သည်။ ရပ်ရွာတွင် သြဇာတိက္ကမ ရှိသူလည်း ဖြစ်သည်။ သူကြီး သည် ရှမ်းဘောင်းဘီနက်ပြာ အထက်ဆင် အဖြူနှင့် ခါးတွင်လည်း ခါးပတ်နှင့် လွယ်ထားသော ခြောက် လုံးပြူးကြီးက ထည်ဝါခန့်ညား လှသည်။ ရုတ်တရက်ဆိုလျှင် သူကြီးနှင့်မတူဘဲ ရုပ်ရှင်ထဲမှ စတန့်မင်း သား ချစ်ဆွေကြီးနှင့် ဆင်ဆင်တူပါသည်။ သမိန်ထောရွာ ၌ ကျွန်တော်တို့လူသိုက်သည် အခြာကြီးရွာ မှာကဲ့သို့ ပုန်းလျှိုးကွယ်လျှိုး မဟုတ်တော့ဘဲ ထိန်ထိန်လင်း လျက်ရှိသော သူကြီးအိမ်မှ ထွန်းညှိထား သည့် မီးရောင်အောက်တွင် ဝိုင်းဖွဲ့လျက်ရှိကြပါသည်။ သူကြီးကိုယ်တိုင်ကပင် နယ်ချဲ့တော်လှန်ရေး တွင် ပါဝင်လာခြင်း၏ရလဒ် ဖြစ်ပါသည်။

"ကျွန်တော်တို့က စောစောရောက်လာကြမလားလို့ စောင့်နေကြတာ"
"ဟုတ်တယ်ဗျာ၊ အခြာကြီးမှာ ဆရာတော်နဲ့ ရွာက ခေါင်းဆောင်တွေပါ ဆွေးနွေးနေတာနဲ့ပဲ မိုးချုပ်သွား တယ်၊ နောက်ပြီး လမ်းလျှောက်လာရာမှာလဲ ကျွန်တော်က သခင်တင်နဲ့ သခင်ဘိုကြီးတို့လောက် မလျှောက်နိုင်ဘူးလေ"
"ကိုင်း... ခဏနားပြီးရင် ဘဲငန်းသားဟင်းနဲ့ ထမင်းစားကြရအောင်၊ သခင်မြလှိုင်လဲ လှဲချင်လှဲနေနိုင်ပါ တယ်"
ဘဲငန်းသားဟင်း ဆိုသဖြင့် နှုတ်ခမ်းကို လျှာနှင့် ပွတ်သပ်လိုက်မိသည်။ အခြာကြီးမှ တဝတပြဲစားလာခဲ့ သော ထမင်းများမှာ လမ်းလျှောက်လာခဲ့သဖြင့် ဝမ်းဗိုက်ထဲတွင် မရှိတော့ပေ။ သူကြီးအိမ်ရှေ့မှ ထမင်း ဟင်းချက်သူ တစ်စု၏ပြောဆိုနေသံများသည် ကျွန်တော် ထိုင်ရာသို့ ပျံ့လွင့်လျက်ရှိပါသည်။ ကျွန်တော် သည် သူကြီးအိမ်ခေါင်းရင်း မှ ပက်လက်ကုလားထိုင်တွင် ထိုင်ရင်း သမိန်ထော၊ ကနိ၊ ကွန်ဒိုင်း၊ ရွာမှ ရဲဘော်များနှင့် ဆွေးနွေးရန် အစီအစဉ်များကို စဉ်းစားလျက်ရှိပါသည်။

သမိန်ထောရွာမှ ဆရာဦးဘတင် (ဒေါက်တာရီရီ - ရီရီဂျင်နင် သုတေသနပြုသူ)၊ ဦးထွန်းလင်း (ဗမာ့ခေတ် ဇာခြင်ထောင် - ဗဟန်း)၊ ဆရာကိုကျော်စိုး (ဗိုလ်ကျော်စိုး၊ ကွယ်လွန်)၊ ကနိရွာမှ (ရဲဘော်ထွန်းခင်)၊ (ဦးလေးတင့်)၊ သူကြီး ဦးမြတ်စံ၊ (ရဲဘော် အုန်းမောင်)၊ (သခင်မ ဒေါ်အမာ)၊ တို့သည် သခင်အာစရ (ယခု ဦးအောင်နိုင်) မူလ စည်းရုံးထားသည့် အမာခံများဖြစ်၍ ကျွန်တော် စိတ်ချလက်ချ တာဝန်ပေးရန်ပင် ဖြစ်ပါသည်။
"ဟိတ်... မင်းတို့ဟင်း က မကျက်သေးဘူးလားကွ"
"ကျက်လုပါပြီ သူကြီး၊ ကွမ်းတစ်ယာဝါးလောက်ဆို ကျက်တော့မှာပါ"

"မြန်မြန်လုပ်ကွာ၊ မီးပြင်းထိုးပါကွ၊ တော်ကြာ အရုဏ်တက်မှ စားနေရပါဦးမယ်"
သူကြီး၏ လောဆော်မှုကြောင့် မကြာမီ သူကြီး၏အိမ်ဦးခန်းတွင် ညဥ့်လယ်ထမင်းစားပွဲကြီး ဟည်းနေ အောင် ပြင် ပြီး အသင့်တွေ့ရ ပါတော့သည်။ ကျွန်တော်ကတော့ ဟန်ပင် မဆောင်နိုင်။ ဦးစွာပင် ဝင်ထိုင် လိုက်မိသည်။ တောထမင်းပွဲဖြစ်၍ ဟင်းများကို အပြည့်အလျှံ သံဇလုံကြီးဖြင့် စားပွဲအလယ်တွင် ထည့် ထားသည်။ ဟင်းချိုကမူ ပူရှိန်းရှိန်းဖြင့် ရှောက်ရွက်နုနုကို ရိတ်ရိတ်လှီး၍ ခတ်ထားသည်။
"သခင်မြလှိုင်၊ ဟင်းများများ ထည့်စားပါဗျ၊ ဒီရာသီ ဘဲငန်းတွေက ဆူပါဘိနဲ့"
ထမင်းစားပြီးသော အခါ စားပို့နင့်သဖြင့် မျက်လုံးများစင်းလာသည်။ သို့ဖြစ်၍ တော်လှန်ရေး ရဲဘော်များ နှင့် နံနက်ဘက် တွင် ဆွေးနွေးရန် ချိန်းဆိုလိုက်ရပါသည်။ ထို့နောက် အိပ်ရာပေါ်သို့ ခေါင်းချလိုက် သောအခါ ချက်ချင်း ပင် အိပ်ပျော်သွားပါတော့သည်။

""
ဆက်ရန်
.

No comments: