"ကြက်သားဟင်းနံ့က သင်းတော့ ထမင်းဆာနေကြပြီ ဦးလေးသန့်ရဲ့"
"ရမယ် ရတော့မယ်၊ ကြက်ကလေးနည်းနည်းနူးအောင် စောင့်လိုက်ကြဦးလေ၊ ကြက်က ငစိန့်အိမ်က ဆွဲခဲ့တာ၊ အကောင် ကကြီးတော့ သူ့အဖေ အသက်နဲ့ နင်လား ငါလားပဲ ဟွန်း....ဟွန်း"
လေသည် သော့သော့ယမ်းယမ်း တိုက်လျက်ရှိသည်။ ဟိုမှ သည်မှ လေပွေကလေး များ သည် ငွေသောင်ယံ၌ မြူးဆော့ပြေးလွှားနေကြသည်။ မျက်စိ တစ်ဆုံး မြင်နေရသော သောင်ယံနှင့် ပင်လယ် ပြင်ကြီး သည် နေရောင်တွင် မျက်စိကျိန်းလောက်အောင် တောက်ပ လျက် ရှိသည်။
"ဟေ့... မြလှိုင် ဘယ်သူမှမရှိတုန်း မေးရဦးမယ်၊ မင်း ဒီတစ်ခါ ရန်ကုန်ရောက်တာ မင်း အဆက် ဟောင်း ဆီ မသွားခဲ့ရတော့ ငါ့ ကို မကျိန်ဆဲဘူးလားကွ၊ ခွေးကောင်" ကို ဆက်ဖတ်ရန် ....

ကိုအုန်းမောင်က တဲပေါ်တွင် လူရှင်းနေသဖြင့် ကျွန်တော့်ငယ်ကျင့်ကို ဖော်၍ မေးလာသည်။ ကျွန် တော်သည် ကိုအုန်းမောင် ၏ အမေးကို မဖြေဘဲ ပြုံးရုံမျှ ပြုံး၍ ခေါင်းခါလိုက်သည်။ ကျွန်တော့်စိတ်ထဲ တွင်လည်း လောလာဆယ်၌မူ ဘယ်မိန်းကလေးအကြောင်းကိုမှ မစဉ်းစားအား၊ စိတ်တက်ကြွလျက် ရှိပါ သည်။ ရှေးအခါ က မမြင်ဘူးသော သေနတ်ဆိုသည့် အရာကြီးများကို မိမိလက်နှင့် ကိုင်တွယ်၍ ပစ်ခတ် တိုက်ခိုက်နည်းများကို သင်ကြားနေရခြင်းများသည် ကျွန်တော့်မူလ စိတ်ရိုင်းများကို ချွန်းအုပ် ပေးထားသည့်နှယ် ရှိပါချေ သည်။ သို့ကြောင့်လည်း ရှေးလူကြီးသူမများက တံငါနားနီး တံငါ၊ မုဆိုးနား နီး မုဆိုးဟု ဆိုစမှတ် ပြုခဲ့ကြ သည်။ မဟုတ်ပါလား။
"ဟေ့ကောင် မင်းပါးစပ်က ဖြေစမ်းပါဦးကွ၊ မင်းဖျာပုံက ကောင်မလေးတွေလား၊ ရန်ကုန် က ကောင်မလေးတွေ လား၊ တစ်ခုခုကို သတိရမနေဘူးလား၊ မင်းက သောက်ရှုပ် အလွန်ရှုပ်တဲ့ ကောင် ဆိုတော့ မေးရတယ်လေ"
"ခင်ဗျားအဆက် မိရီကို သတိရနေတယ် ဟဲ… ဟဲ"
"ဘာကွ ငါ့အဆက်ဟုတ်လား၊ ဒီမယ် မြလှိုင်၊ မိရီက ငါ့ကို သဘောကျနေတယ်ဆိုရင်တော့ သူက ငါ့ကို ရှာကျွေးနိုင် မှ ဖြစ်လိမ့်မယ်၊ ငါကတော့ မိန်းမယူဖို့လဲ စိတ်မကူးဘူး၊ မိန်းမယူပြီး ရှာကျွေးဖို့လဲ ငါ အား မထုတ် ဘူး၊ မိရီ ဆိုလို့ ဒီကောင်မလေး လင်မရသေးဘူးလား ဟင်"
"အော်.. ဟော်… အော်၊ ခုလောက်ဆို ခင်ဗျား ယူမယ်ဆိုရင် နံပါတ်အနေနဲ့ (၈)လား၊ (၉)လား (၁၀) လားပဲ ဟဲ.. ဟဲ"
"ဟေ့ကောင် မြလှိုင် မင်းပြောတာ တကယ်"
"အမှန်ဖြစ်ကြောင်းပါဘုရား"
"ဘုရားရေ… ကောင်မလေး အသက် (၂၀) တောင် ပြည့်သေးရဲ့လားကွ"
"မလျှောက်တတ်ကြောင်း ပါဘုရား၊ ဟွန်း… ဟွန်း.. ခွီးခွီး"
ထိုအခိုက် ဦးလေးသန့် ၏ အသံပြဲကြီးသည် ကျွန်တော်တို့ရှိရာသို့ ပျံလွင့်လာပါသည်။ ကျွန်တော်နှင့် စကားပြောလက်စ မပြီးသေးသော ကိုအုန်းမောင်က အသံလာရာဆီသို့ ကြည့်၍ သက်ပြင်းမှုတ်ထုတ်၍ ပျင်းရိစွာ ထလိုက် သည်။
"ဗျို့ … ကိုအုန်းမောင်တို့၊ ကိုမြလှိုင်တို့ ထမင်းစားမယ်ဗျို့"
"အတော်ပဲ ဆာနေတာနဲ့ ဖိကျိတ်ပစ်လိုက်ရမယ်၊ လာသွားမယ်"
ကျွန်တော်နှင့် ကိုအုန်းမောင်သည် ရွာခံရဲဘော်များ ဖြစ်ကြသည့် ကိုစိန်၊ ကိုချစ်မောင်၊ ဦးလေးဘ၊ ဦးလေးသန့် တို့နှင့် ဝိုင်းလိုက်ကြသည်။ ငါးပိရည် ပျစ်ပျစ် ကျို၍ ဇလုံပန်းကန်ကြီး၌ ဖျော်ထားသည်။ ပဲစိမ်းရွက် ဟင်းချိုကျဲကျဲ လည်း ပါဝင် သည်။ ကြက်သားဟင်းမှာ ဇလုံဖြင့် အပြည့်အမောက်၊ စိတ်ကြိုက် စားနိုင်ရန် ဖြစ်သည်။
"ကိုရင် တို့နှစ်ယောက် တဲပေါ်မှာ ဘာတွေပြောပြီး သဘောကျနေတာလဲဗျ"
ဦးလေးသန့်က ထမင်းဝိုင်းထိပ်မှ ထိုင်နေရာမှ ကျွန်တော့်အား ကြည့်၍ မေးပါသည်။ ကျွန်တော်တို့ သံဒိတ် သို့ ရောက်သည့်နေမှစ၍ ဦးလေးသန့် သည် စဖိုသူကြီး လုပ်ခဲ့သဖြင့် ကျွန်တော်တို့နှင့် ရင်းနှီးရ ပါသည်။ ဦးလေးဘ ကမူ ဒေးဒရဲမှ သခင်မြသွင်၊ သခင်မောင်မောင်တို့၏ အမာခံရဲဘော်တသစ်ဦး ဖြစ် သည်။ အသက်အရွယ် မှာလည်း (၅၁)ဝန်းကျင်၌ ဖြစ်သဖြင့် ကျွန်တော်တို့ လူငယ်ဘာဝ ကလေး ကလားပြောသည့် ဝိုင်းမျိုး တွင် ဝင်ရောက်ရောနှောခြင်း မရှိလှပါ။ သူ့တာဝန်မှာ ကိုစိန်ကဲ့သို့ ကျွန်တော် တို့ ဖျာပုံမှ လာရောက်ကြသော ရဲဘော် များ၏ လုံခြုံရေးကို တာဝန်ယူထားရသူလည်း ဖြစ်ပါသည်။
"ဟီး…. ဟီး ကိုအုန်းမောင် က ဟဲ ဟဲ သူ့ကြီးဒေါ်ကြီး ကျွန်တော့်ကို သဘောတူလို့တဲ့ ဦးလေးသန့်ရာ၊ အသက် က (၅၀) တဲ့ ရှေ့က သွားတွေလည်း မရှိတော့ဘူး၊ ဒါပေမယ့် အပျိုကြီးတဲ့ဗျ.. ဟား… ဟား…."
"ဟုတ်လားဗျ၊ ကိုအုန်းမောင်"
"ဦးလေးသန့် ဒီကောင့်စကား ယုံသလား၊ အခု ရန်ကုန်လွှတ်လိုက် ထဘီရုတ်လို့ တစ်မနက် ဂါတ်တဲ ရောက် သွားသေးတယ် မေးကြည့်ပါလား"
"ဟုတ်လား"
"ဟုတ်တယ်၊ အဲဒါ သူကြီး ဒေါ်ကြီးကို လက်ဆောင်ပေးဖို့ပေါ့ ဟွတ်… ဟွတ်"
ထမင်းဝိုင်း သည် တစ်ယောက်တစ်ခွန်း ပြောချင်တွေ ပြောလျက်သောသောညံလျက် ရှိပါသည်။ ကျွန်တော်တို့သည် ယနေ့နောက်ဆုံးအဖြစ် သံဒိတ်တွင် နေကြရမည်ဖြစ်ပြီး နောက်တစ်နေ့ နံနက် သို့ ရောက်သည်နှင့် တစ်ပြိုင်နက် တာဝန်များ ခွဲဝေ၍ ခရီးဆက်ကြရဦးမည် ဖြစ်ပါသည်။ ကျွန်တော်တို့ ထမင်းဝိုင်း မှ ထခဲ့ပြီးနောက် ခပ်လှမ်းလှမ်းတွင် ဝိုင်းဖွဲ့ထိုင်နေကြသော လက်ဖက်ရည်ကြမ်းဝိုင်းသို့ ထွက်လာ ခဲ့ပြန်ပါ သည်။
"လာကြဗျို့၊ လက်ဖက်ရည် သောက်ကြဦး"
ထိုလူသိုက်ကို ကျွန်တော် ကောင်းစွာ မသိသော်လည်း ကိုအုန်းမောင် ပြောပြချက်အရ ကျွန်တော် ရန်ကုန်သို့ သွားနေစဉ်အတွင်း ဒေးဒရဲမြို့ပေါ်မှ ရောက်ရှိလာကြသော ရဲဘော်များ ဖြစ်ကြသည်ဟု သိရ ပါသည်။ ကျွန်တော် တို့ ဝိုင်းမိကြသောအခါ နယ်ချဲ့တော်လှန်ရေးနှင့် ပတ်သက်သော အရေးကြီးသည့် အချက်များ ကို ဆွေးနွေးကြပါသည်။ သခင်ဖေတင့်ဆိုသူ၏ ပြောပြချက်အရ ဒေးဒရဲမြို့နယ်အတွင်း ကျေးရွာများမှ သူကြီးများ၊ ဒေးဒရဲမြို့ပေါ် မှ ပုလိပ်အဖွဲ့ကိုပင် စည်းရုံးပြီး ဖြစ်နေကြောင်း သိရှိရပါ သည်။ ကျွန်တော်တို့ ဖျာပုံမြို့နယ် အနေဖြင့်မူ ဒေးဒရဲမြို့နယ်ကဲ့သို့ မဟုတ်ဘဲ အခက်အခဲများ ရှိသင့် သလောက် ရှိနေသည် ကို တွေ့ရပါသည်။
"ကျွန်တော်တို့ဆီက အချို့လက်နက်တွေကို ပေးလိုက်ပါမယ်"
ကျွန်တော် တို့၏ မျက်နှာပေါ်တွင် ဝမ်းသာခြင်းကြောင့် ဝင်းလက်သွားပါသည်။ အဘယ်ကြောင့်ဆို သော် ကျွန်တော်တို့၌ နယ်ချဲ့တော်လှန်ရေးတွင် အသုံးပြုရန်ဆို၍ ယခုအချိန်အထိ လက်နက်ဟူ၍ တိတိပပ မရှိသေးခြင်းကြောင့် ဖြစ်သည်။ ထိုဝိုင်းမှာပင် ကျွန်တော်တို့ တာဝန်ခွဲလိုက်ကြသောအခါ ကျွန်တော်တို့ သည် ဖျာပုံမြို့ တောင်ပိုင်း ကို တာဝန်ယူရန်နှင့် နောက်တစ်နေ့တွင် ဖျာပုံမြို့သို့ တိတ်တ ဆိတ်ပြန်ပြီး ထိုမှတစ်ဆင့် မိမိ အစီအစဉ်ဖြင့် ချက်ချင်းခရီးထွက်ရန် ဖြစ်ပါသည်။ ထို့နောက် ကျွန်တော် အချင်းချင်း ပြန်လည်ဆက်သွယ်ရမည့် လျှို့ဝှက်စခန်းများ ကို ရွေးချယ်ကြပြန်ပါသည်။ ကျွန်တော်၏ အကြံပေးချက်အရ စခန်း (၃) ခုကို လည်း ရွေးချယ်ကြ ပါသည်။ ဖျာပုံမြို့ပေါ်အတွက် ကိုဝတ်ကြီး၏ အိမ်ကိုလည်းကောင်း၊ တစ်နေရာမှ တစ်နေရာ ဆက်သွယ်ရေး စခန်းများအဖြစ် အပြောင်ကျေးရွာမှ ရဲဘော်တစ်ဦးနှင့် ကျုံကူကျေးရွာမှ ရဲဘော်ကျော်သန်း အိမ် ကိုလည်းကောင်း ရွေးချယ်လိုက်ကြပါသည်။
"ကိုမြလှိုင်အတွက် ခြောက်လုံးပြူး (၁)လက်နဲ့ ဝင်ချက်စတာ (၄၄) တစ်လက် ယူသွားပါ"
ကျွန်တော် ဝမ်းသာလွန်း၍ မျက်ရည်များပင် လည်မိသည်။ ကျွန်တော့်သက်တော် စောင့်လက်နက်များ ရ လိုက်ခြင်းကြောင့်၊ ကျွန်တော်သည် ဖျာပုံသို့ ထိုလက်နက်များနှင့်အတူ သိုသိပ်စွာ ပြန်ရပေတော့ မည်။ မတော်တဆ ထိုလက်နက်များနှင့် ကျွန်တော့်ကို အစိုးရဘက်မှ မိသွားခဲ့သော် ကျွန်တော်တို့၏ လုပ်ငန်းကြီးသည် တစ်မျိုး တစ်မည် ပြောင်းလဲသွားနိုင်သည်ကိုလည်း သဘောပေါက်မိသည်။
"ကိုမြလှိုင် ကို ဒီလက်နက်ရဲ့ ရာဇဝင်ကလေးကို ပြောပြရဦးမယ်ဗျ"
သခင်ဖေတင့်ကို ပြောပြချက်အရ ကျွန်တော့်အား ပေးလိုက်မည့်လက်နက်မှာ အမြတ်တော်ကြေး ဝန်ထောက်တစ်ဦး၏ လက်နက်ဖြစ်ကြောင်း၊ အမြတ်တော်ကြေး ဝန်ထောက်မင်း နယ်လှည့်ဆင်းရာမှ သူကြီးအိမ် တွင် ရုပ်ဖျက် တက်လုသည်ဟု သိရပါသည်။ သို့ဖြစ်ရာ ထိုလက်နက်ကို ကျွန်တော် ကိုင်ဆောင်ခြင်းဖြင့် ရှေ့ အဖို့တွင် ကျွန်တော့်တာဝန်နှင့် ကျွန်တော်သာလျှင် ဖြစ်ချိမ့်မည် မဟုတ်ပါ လား။
"ကိုမြလှိုင်နဲ့ ဒီသေနတ် လမိုင်းတော့ ကပ်ကောင်းပါရဲ့ ……၊ ဟင်း ….ဟင်း…."
"ကပ်ရပေမယ်ပေါ့"
ကေလေးရေးရေးတွင် ဘသီခတ်လာသော သမန်ပေါ်တွင် ကျွန်တော်လိုက်ပါလာခဲ့သည်။ ကျွန်တော် နှင့် အတူ ကိုတင်အောင်၊ ဆရာအောင်သန်းတို့ နှစ်ယောက်လည်း လိုက်ပါလာကြသည်။ ကျွန်တော် တို့ သုံးယောက် ဖျာပုံ သို့ ရောက်သောအခါတွင် မှ ခဏ၀င်ပြီးမှ ကိုတင်အောင်ကို အရင်ဖျာပုံကို လွှတ်လိုက်ချင်တယ်"
"ကောင်းပေါ့ …ဆားအိုး ချောင်းကတော့ အဘရွာပဲ အဟုတ်လား။ ကိုမြလှိုင်ရဲ့၊ သူကြီး မောင်ကျန်ဆို တာလည်း တူသားပဲလေ.. ရပါတယ်"
ကျွန်တော်သည် သမ္ဗန်ပေါ်၌ ပင် ကိုတင်အောင်ကို ဖျာပုံတွင် ဆောင်ရွက်ရမည့် ကိစ္စများကို အသေး စိတ် မှာကြားပါသည်။ ကိုတင်အောင်သည် ဖျာပုံမြို့တွင် လူသိများတဲ့သူ မဟုတ်သည့်ပြင် ကိုတင် အောင်တို့ သားအဖများသည် ဖျာပုံမြူနီစပယ် ပန်းခြံစောင့်အလုပ်နှင့် (ဆိုရှယ်ကလပ်) သဟာယ ကလတွင် ဗာဟီရ လုပ်ကိုင်နေသောသူများ ဖြစ်ပါသည်။ ဦးစံရှားသည် ကိုတင်အောင်၏ ဖခင် ဖြစ် သည့်ပြင် ဖျာပုံကျောင်း တွင် နေစဉ်က ကျွန်တော်နှင့် မာဂရက်တို့ ချိန်းတွေ့ သည့်အခါ စတည်းချသော အိမ်ရှင်လည်း ဖြစ်ပါသည်။ ကိုတင်အောင် သည် ရိုးသား၍ သစ္စာရှိသော လူငယ်တစ်ယောက်လည်း ဖြစ် ပါသည်။ ကျွန်တော်တို့လူသိုက် ဆားအိုးချောင်း သို့ ထိုနေ့ည သန်းခေါင်ခန့်တွင် ရောက်ကြပါသည်။ အဘသီ၏ စီစဉ်ပေးချက်အရ သူကြီး ကိုကျန်သည် ကျွန်တော့်အား ၀မ်းသာအားရ စွာပင် လက်ခံတည်း ခိုစေပါသည်။ ထိုခေတ် ထိုအခါက သူကြီးသူများ သည် အင်္ဂလိပ်အစိုးရ ၏ ကြေးတော်မျိုးများ ဖြစ်ကြ သေည်လည်း အချို့သောသူများမှာမှု မိမိနိုင်ငံက်ု ချစ်ကြသူများ လည်း ရှိသင်သလောက် ရှိကြပါသည်။
ဆားအိုးချောင်းသူကြီး ဦးကျန်ကား နိုင်ငံနှင့်လူမျိုးကို ချစ်တက်သော သူကြီးကောင်းထဲမှ ဖြစ်ပါသည်။ ကျွန်တော်နှင့် ကိုကျန် အဘသီတို့ သုံးယောက်သား နယ်ချဲ့ တော်လှန်ရေးနှင့် ပတ်သက်သော အကြောင်း များကို ပြောဆို ဆွေးနွေး ကြသည်မှာ မိုးစင်စင်လင်း သည့်အထိပင် ဖြစ်ပါသည်။ အဘသီ သည် အသက်အရွယ် အားးဖြင့် ကြီးရင်းသွား၍သာ စိတ်ကို ချုပ်တည်းလိုက်ရသော်လည်း မည်သို့ ပင်မ ဆို ကျွန်တော်တို့က သာ ခေါ်မည်ဆိုလျှင် မိမိလက်ရှိ လုက်ကိုင်နေသော လယ်ယာခွင်ကိုပါ စွန့်၍လိုက် မည့် အဘိုးကြီး တစ်ယောက် ဖြစ်ပါသည်။
"အဘရေ.. ကိုတင်အောင်ကို ဖျာပုံလွှတ်ဖို့ ဘယ်သူကို ထည့်လိုက်မလဲ"
"ကျူပ်နဲ့ ကျုပ်သား ထွန်းဝေ လိုက်ပို့မယ်လေ"
"ဒီလိုဆိုလည်း ခုစောစောပဲ လိုက်သွားကြပါလား အဘ…"
"ကောင်းသားပဲဟေ့… လူလေး ထွန်းဝေ၊ လှေပြင် ဟိတ်…"
အဘသီက လူကလေးထွန်းဝေဟု ခေါ်လိုက်သဖြင့် ကျွန်တော် လှမ်းကြည့်မိလိုက်သည်။ အမှန်က ကို ထွန်းဝေဆိုသူသည် အသက် ၃၀ ခန့်ရှိသော တုတ်တုတ်ခိုင်ခိုင် လယ်သမားကြီးတစ်ယောက် ဖြစ်နေ သည်ကို မြင်လိုက်မိသော ကျွန်တော်က ပြုံးလိုက်မိပါတော့သည်။ မိခင်၊ဖခင်ဆိုသူများသည် မိမိတို့၏ သားသမီး များ မည်မျှပင် လူလားမြောက်နေလင့်ကစား သူတို့၏ စိတ်ထဲတွင် ကလေးငယ်သဖွယ် ထင် မှတ် ဆက်ဆံကြသည် ကိုသာ တွေ့ဖူးပါသည်။ ကျွန်တော်သည် ကိုထွန်းဝေအကြောင်းကို စဉ်းစားရင် မှ မိခင်ကြီး ကို အောက်မေ့ သတိရလိုက်မိသည်။ ကျွန်တော် မိခင်သည် ကျွန်တော်တို့တတွေအား ရွှေလို ဥ၍ ကျွေးမွေး ခဲ့သော မိခင်တစ်ဦး ဖြစ်ပါသည်။ မိခင်၏ မျှော်လင့်ချက်များသည် ယခုအခါတွင် မည်သို့ရှိ နေမည်ကို ခန့်မှန်း၍ မရနိုင်သော် လည်း ကျွန်တော်တို့အနေဖြင့်မူ မိဘထက် ချစ်ခင်မြတ်နိုးသော နိုင်ငံ နှင့်လူမျိုးအတွက် အသက်ပေး ဆောင်ရွက်လျက် ရှိပါချေသည်။
"ကိုင်း… သွားကြပေတော့၊ ကိုတင်အောင်ဆီက အကြောင်းစုံသိတဲ့အထိ ကျွန်တော်တို့ ဆားအိုး ချောင်းမှာပဲ စောင့်နေမယ်။ အကောင်းဆုံးကတော့ ကိုတင်အောင် ဖျာပုံရောက်တာနဲ့ တစ်ပြိုင်တည်း အပြောင် က တစ်ဦး နဲ့ ကျုံကူက ကျော်သန်းတို့နဲ့ ဆက်သွယ်လိုက်ပါ။ အဘသီတို့ပြန်လာလို့ အဆင်ပြေ ရင် မနက်ဖြန် ည အခြေအနေအရ ကျွန်တော်အပြောင်ရွာက တင်ဦးတို့အိမ်ကို ရောက်အောင် မြစ်လမ်းက လာခဲ့မယ်၊ အဘသီ ကို ခဏတော့ ဖျာပုံမှာ ဆိုင်းထားလိုက်ဦး၊ တင်ဦးနဲ့တွေ့ပြီးမှ ပြန် လွှတ်ပေါ့…"
ကိုတင်အောင်ကို သယ်ဆောင်သွားသော လှေကလေးသည် ကျွန်တော်မျက်စိအောက်မှ ပျောက်ကွယ် သွားသည့်တိုင်အောင် ရွာတံတားပေါ်မှ ကြည့်နေမိသည်။ အဘသီတို့ သားအဖမှာမူ လှည့်၍ပင် မကြည့်တော့ဘဲ လှေကိုသာ အားစိုက်၍ လှော်ခတ်သွားကြသည်။ ကျွန်တော်သည် သံဒိတ်မှ ပြန်လာ ပြီးသည့်နောက် ဒေးဒရဲမှ ရဲဘော်များနှင့် ဆွေးနွေးခဲ့ရသည်များကို ပြန်လည်စဉ်းစားခဲ့ပါသည်။ ယခု ဖြစ် ပွားလာသော ဒုတိယကမ္ဘာစစ်ကို အကြောင်းပြု၍ မြန်မာလူထုတစ်ရပ်လုံးအတွက် လွတ်လပ်ရေး တောင်းဆိုရန် အကွက်ကောင်း တစ်ခု ဆိုက်ရောက်လာခဲ့ပါသည်။ မြန်မာနိုင်ငံရေးဇာတ်ခုံတွင် ရှေးအခါ က ဟုမ္မရူး၊ ဒိုင်အာခီ၊ ခွဲရေး တွဲရေး၊ ၉၁ ဌာန အုပ်ချုပ်ရေး စသည်ဖြင့် အကွဲကွဲ အပြားပြား ဖြစ်ခဲ့ကြ သော်လည်း ယခု ဒုတိယ ကမ္ဘာစစ် ဖြစ်ပွားလာသောအချိန်တွင် တို့ဗမာအစည်းအရုံးမှပင် ဦးဆောင် လျက် လုံးဝလွတ်လပ်ရေး ပေးရမည်ဟူသော တောင်းဆိုချက်ကို အခိုင်အမာ သတ်မှတ်ထားခဲ့ကြလေ သည်။
ထိုသောအခါ လူကြီးပိုင်းအချို့သည် အင်္ဂလိပ်အစိုးရအား လက်နက်စွဲကိုင်တော်လှန်ခြင်းထက် ပါလီမန် စနစ်ဖြင့်သော် လည်းကောင်း၊ လူထုနည်းဖြင့်သော်လည်းကောင်း တိုက်ပွဲဝင်လိုကြသည်။ သို့ သော် တက်ကြွသော တို့ဗမာ အစည်းအရုံးနှစ်ခု၏ ခေါင်းဆောင်မှုဖြင့် တို့ဗမာအစည်းအရုံးဝင်များနှင့် တိုးတက်သော လူငယ် များသည် အင်္ဂလိပ်အစိုးရအား လက်နက်စွဲကိုင်တော်လှန်ရန် လုပ်ငန်းများကို ယခုကဲ့သို့ စတင်ခဲ့ခြင်း ဖြစ် ပါသည်။ ဤမြေအောက်တော်လှန်ရေးသည် ၁၉၃၉ ခုနှစ် မော်လမြိုင် ညီလာခံတွင် အတည်ပြုခဲ့ကြခြင်း ဖြစ် ပါသည်။
အရေးအကြီးဆုံးမှာ နယ်ချဲ့တော်လှန်ရေး ဆင်နွှဲနိုင်သော အမာခံအင်အားစုဖြစ်ကြသည့် တို့ဗမာ အစည်းအရုံးနှစ်ခုနှင့် လူငယ်အင်အားအစုများ ပါဝင်ရန် ဖြစ်ပါသည်။ ကျွန်တော်တို့ ဖျာပုံခရိုင်အနေ ဖြင့် ပထမ စတင်ဆောင်ရွက်စဉ် နယ်ချဲ့တော်လှန်ရေးနှင့် ပတ်သက်သော ဆွေးနွေးပွဲများတွင် သခင်ဗစိန် တို့အဖွဲ့နှင့် သခင် များ ပါဝင်ကြခြင်း မရှိကြဘဲ ကျွန်တော်တို့ လုပ်ရပ်ပေါ်တွင် သံသယဝင်ခဲ့ကြပါသည်။ သို့သော် ကျွန်တော် တို့သည် မိမိတို့ ဆက်သွယ်ရရှိသည့် ညွှန်ကြားချက်များအတိုင်း ဆက်လက်ဆောင် ရွက်ခဲ့ကြပါသည်။ သို့သော် ၁၉၄၀ပြည့်နှစ် ဧပြီလ ၁၆ရက်နေ့တွင် သခင်ဗစိန်၊ သခင်ထွန်းအုပ်တို့ ကြီးမှူးသော တို့ဗမာအစည်းအရုံး၏ ပဉ္စမ အကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးကို ကျင်းပပြီး သောအခါ၊ နယ်ချဲ့တော်လှန်ရေးနှင့် ပတ်သက်သော သဘောထား များကို လက်ခံကြပါသည်။
ယင်း သို့ လက်ခံလိုက်ကြသည့်အကြောင်းကို ကျွန်တော်တို့ဘက်မှ သခင်ကောသလ္လ၊ သခင်အုန်းမောင်၊ ကျွန်တော်၊ သခင်ထွန်းစိန်တို့နှင့် ဘိုကလေးသခင်သင်၊ ဖျာပုံသခင်သိန်းမောင်၊ သခင်ဘရှိန်တို့ လျှို့ဝှက် စွာ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ယင်းရလာဒ်မှာ ကျွန်တော်တို့ သံဒိတ်ကျွန်းသို့ သွားရောက် နိုင်ခြင်း ပင် ဖြစ်ပါသည်။ ထိုအချိန်က ကျွန်တော်တို့ နားလည်ထားသည်မှာ ဂျပန်နိုင်ငံမှ ပေးပို့ရမည့် လက်နက်များကို ပင်လယ်ဝဖြစ်သော ဒေးဒရဲဘက်မှ တစ်နေရာနှင့် ဖျာပုံခါးပြတ်ရွာ စသည်တို့မှ ဖြစ် ပါသည်။ ယခု ကျွန်တော် ဖျာပုံ သို့ ပြန်လာခြင်းမှာလည်း ဖျာပုံမြို့နယ်အတွင်း ကျွန်တော်တို့ စည်းရုံးထား ပြီးသော ရဲဘော်များနှင့် တွေ့ဆုံရန်၊ ထိုမှတစ်ဆင့် ဖျာပုံတောင်ပိုင်းမှ ကျေးရွာများမှ ရဲဘော်များ စုစည်းပြီး ခါးပြတ်ရွာသို့ သွားရန် ဖြစ် ပါသည်။
ကိုအောင်သန်း လာခေါ်သဖြင့် ထမင်းစားရန် ထ၍ လိုက်သွားပါသည်။ ထမင်းဝိုင်းသည် လယ်သမား တစ်ဦး၏ အိမ်၌ စားရသော ထမင်းပွဲနှင့်မတူဘဲ ဘုန်းတော်ကြီးများအား ကပ်လှူသော ဆွမ်းပွဲကဲ့သို့ စုံလင်လှပါသည်။ ကျွန်တော် သည် တောရွာများသို့ အနှံ့ ရောက်ရှိနေထိုင်ခဲ့သူ ဖြစ်သည့်အတိုင်း မိမိရောက် ရှိသော နေရာများတွင် ရောမမြို့သို့ ရောက်လျှင် ရောမမြို့သားကဲ့သို့ ကျင့်ကြံရမည်ဟူ သော သိုးဆောင်း စကားပုံ ကဲ့သို့ မည်မျှပင် မိမိငွေဖြင့် ထင်သလို သုံးစွဲဖြုန်းတီးခဲ့သော်လည်း သူတို့ ဓလေ့စရိုက်နှင့် ဟပ်မိအောင် နေထိုင်လေ့ရှိပါသည်။ ယခုမူ အဘသီသည် ဇနီးဖြစ်သူ ဒေါ်ဖွားမေအား မည်ကဲ့သို့ မှာကြားခဲ့လေ သည် မသိ၊ ကျွန်တော်တို့ စားသောက်ရန် စားပွဲကိုပင်ခင်း၍ ထားလိုက် ပါသေးသည်။
"ဟော… အမေတို့ကတော့ လုပ်ရော့မယ်၊ စားပွဲခင်းတွေ ဘာတွေမလိုပါဘူး၊ နောက်ပြီး ခုလောက်လဲ ဖွယ်ဖွယ်ရာရာ ဟင်းတွေလဲ မလိုပါဘူး တစ်ခွက်ဆိုရင် ရပါတယ်ဗျာ"
"ဘယ်ဟုတ် မလဲ သားတို့ရယ်၊ ကိုဖိုးသီက ဖွယ်ဖွယ်ရာရာ ကျွေးရမယ်လို့ မှာခဲ့တယ်၊ ပြီးတော့ မောင်ကျန်ကလဲ သူ့အိမ် က ဟင်းလျာ တချို့ ချက်ပြီးလာပေးထားသေးတယ်လေ၊ စားပါ၊ ဘာမှ အားနာစရာမရှိပါဘူးလေ…"
ကျွန်တော် သည် လက်ဆေး ၍ ထမင်းပွဲတွင် ထိုင်မည်အလုပ် သူကြီးကိုကျန် ဟင်းတစ်ခွက်ယူ၍ လာပြန်သည်။ ထမင်းဝိုင်း တွင် ဟင်းလျာများ ပြည့်နေသည့်ကြားမှပင် နောက်ထပ် ဟင်းတစ်ခွက် ယူလာပြန်သဖြင့် ကျွန်တော်နှင့် ကိုအောင်သန်း တို့ အံ့သြနေရပါသည်။
"ကိုမြလှိုင်ကြီး၊ ချိုးသား စားတယ်မဟုတ်လားဗျ"
"ရော… သူကြီးကတော့ လုပ်ရော့မယ်၊ စားတော့ စားတာပေါ့ဗျ၊ ဒါပေမယ့် ထမင်းဝိုင်းထဲကိုပဲ ကြည့် စမ်းပါဦး ဟင်းလျာတွေ စုံနေတာပဲ၊ ဘယ်ဟင်းခွက်ကို နှိုက်ရမှန်းတောင် မသိတော့ဘူး၊ ဘာတုန်းဗျ.. တစ်အိမ်တစ်ခွက် ဟင်းဆင့်ထားလို့လား ဟား….ဟား"
"ချိုးသားက အဘသီရဲ့မြေး ငတွက် တယ်လာတဲ့ ချိုးဗျ"
"ဟုတ်လား… ချိုးတယ် တယ်လို့သာ ကြားဖူးတယ်၊ ဘယ်လိုတယ်တယ် ဆိုတာတော့ သေသေချာချာ မသိလို့ သိချင်တယ်ဗျာ…"
"ချိုးတယ်ရတဲ့ အလုပ်ကတော့ စိတ်ဝင်စားစရာတော့ အကောင်းသား၊ တစ်ခါတစ်ခါ ကိုယ်တယ်ထား တဲ့ ချိုးကို စိတ်ဝင်စားနေလို့ နောက်ကနေပြီး မြွေပေါက်ခံရတဲ့ သာဓကတွေတောင် ရှိခဲ့ဖူးတယ်"
"ပြောစမ်းပါဦး… ချိုးတယ် တယ်တို့၊ ကြက်တယ် တယ်တို့ဆိုတာက ချိုးမကလေးနဲ့၊ ကြက်မကလေးနဲ့၊ ချိုးဖိုတို့၊ ကြက်ဖတို့ကို မြူတဲ့ သဘောပေါ့နော် ဒါကြောင့် လူကြီးတွေက ဒီကောင်မက တယ်ကြက်မ ပေါ့လို့ ပြောသံကြားခဲ့ဖူးတယ်လေ…"
"ဟွန်း… ဒီလို မဟုတ်ပါဘူးဗျာ၊ ချိုးတယ်တယ်၊ ကြက်တယ်တယ်ဆိုတာ ဒီလိုဗျ"
တယ်ချိုး တယ်ကြက်ဆိုသည်များမှာ အမဖြင့် တယ်၍ မရှုပေ။ အထီးများကိုသာ လေ့ကျင့်၍ တယ်ရပါ သည်။ တယ်ချိုးအဖြစ် အသုံးပြုမည့် ချိုးကို ရှေးဦးစွာ တကူကူကူးကူ ဟူသော တွန်သံကို မိမိတို့ အလိုရှိသလို တွန်၍ လေ့ကျင့်ပေးရသည်။ ယင်းသို့ လေ့ကျင့်ရာတွင် လူက လက်ခုပ်မှုတ်၍ တကူကူ ကူးကူ လုပ်ပေးရသည်။ ထိုအခါ တယ်ချိုးသည် လူကူသံပေးသည့်အတိုင်း လိုက်၍ ကူလေသည်။ ထိုသို့ လေ့ကျင့်ပြီးသော အခါ တောထဲတွင် တစ်ဖန် ကျင့်ရပြန်သည်။ ထိုအခါတွင်မှ မိမိ၏ လ့ကျင့်ပြီး သော ချိုးကို ချိုးအုပ် ကျသော တောသို့ခေါ်သွားပြီး သစ်ပင်တစ်ပင်ပေါ်တွင် တင်၍ ညွှတ်ဆင်၍ တယ်ယူလေသည်။ လူဖြစ်သူက မိမိ ကိုယ် ကို ချုံ၊ သစ်ပင် စသည်များဖြင့် ဖုံးကွယ်ပြီး စောင့်နေရ လေသည်။ မြင်သာသေနေရာတွင် ညွှန်ဆင်၍ အသင့်ရှိနေသော ချိုးကို ကူရန် လူလုပ်သူက စဆင်၍ ကူသံပြုလိုက်သောအခါ ချိုးကူသံကြားသော ချိုးများသည် ထို တယ်ချိုးရှိသည့် သစ်ပင်ဆီသို့ ပျံသန်း ရောက်ရှိလာပြိး ချက်ကောင်းကို စောင့်၍ ဝင်ရောက်ခွပ်ပါတော့သည်။ ယင်း သို့ ဝင်ရောက်ခွပ်လိုက် သည်နှင့် တစ်ပြိုင်နက် ဆင်ထားသော ညွှတ်တွင် အထွေးသားနှင့် မိပါချေတော့ သည်။ မိမိ၏ အိမ်ခံချိုး လျင်လျှင် လျင်သလောက် ချိုးတယ်၍ ရတတ်သည်ဟု ဆိုပါသည်။
"ဒီလိုဆိုတော့ တယ်လို့ရတဲ့ချိုးဆိုတာက အမကို မမိနိုင်ဘူးပေါ့နော်…"
"ဟုတ်ပါတယ်၊ အထီးတွေ အချင်းချင်း ရန်ဖြစ် တိုက်ခိုက်တဲ့ သဘောပေါ့ ကိုမြလှိုင်၊ အထီး အထီးချင်း တယ်ယူတာပါပဲ…"
"ဒါနဲ့ တယ်ကြက် ဆိုတာတော့ အမ မဖြစ်နိုင်ဘူးလား"
"ဒါလည်း အထီးတွေပဲ တယ်တာကို တွေ့ဖူးတယ်၊ တောထဲမှာ ကြက်မတွန်သံကြားရင် ဒီတောမှာ ဗိုလ်လုပ်နေ တဲ့ ကြက်က ငါအပိုင် စားနေတဲ့ တော်ထဲမှာ ဘယ်ကကောင် ရောက်နေပါလိမ့်ဆိုပြီး ဒီကောင်ကို အပိုင်ရှင်းတဲ့ သဘော နဲ့ လာပြီး ခွပ်ရာ မှာ ညွှတ်နဲ့ ဖမ်းယူတာပါပဲ…"
"မြွေကိုက်တယ် ဆိုတာ ကရောဗျာ…"
"အော်… အာရုံစိုက်နေချိန်မှာ နောက်က မြွေက အသင့်ပေါက်လိုက်တဲ့ သဘောပေါ့…"
"အင်း… စိတ်ဝင်စားစရာ အတတ်ပညာတစ်ရပ်ပေပဲဗျို့"
ကျွန်တော်နှင့် ကိုအောင်သန်းသည် အိမ်ရှင်များ ကျွေးသော ထမင်းနှင့်ဟင်းများကို တနင့်တပိုး စားလိုက်ကြ ရသဖြင့် ဗိုက်လေးသွားကြပြီး မျက်စိများလည်း စင်းလာပါသည်။ မည်မျှကြာမြင့်စွာ အိပ်ပျော်သွားသည် မသိလိုက် ဘဲ ဖျာပုံသို့ ကိုတင်အောင်ကို သွားပို့ပြီး၍ ပြန်လာကြသော အဘသီတို့ သားအဖအသံကြားမှ လန့်၍ နိုးပါတော့ သည်။
"အဘသီ ပြန်ရောက်နေတာ ကြာပြီလား…."
"ကွမ်းတစ်ဝါးစာလောက်ပဲ ရှိပါသေးတယ်"
"အဆင်ပြေရဲ့လား"
"ပြေပါတယ်၊ မောင်တင်မောင်က စာပါးလိုက်တယ်"
အဘသီ ကမ်းပေးလိုက်သော စာကို လက်ကမ်းရယူပြီး ဖတ်ကြည့်လိုက်ရပါသည်။ ကိုတင်အောင်၏ စာအရ အပြောင်ရွာ မှ မောင်တင်ဦး၏ အိမ်သို့ နောက်တစ်နေ့ညနေ အရောက်လာကြရန်နှင့် ဖျာပုံမှ သခင်သိန်းမောင် တို့အဖွဲ့က ကျွန်တော်တို့အား တွေ့ဆုံဆွေးနွေးရန် လာရောက်ကြမည် ဖြစ်ကြောင်း ပါရှိပါသည်။ ကျွန်တော်ဖတ်ပြီးသော စာကို ကိုအောင်သန်းကို ပြလိုက်ပြီး မီးရှို့ပြစ်လိုက်ပါသည်။ ကျွန် တော်သည် သခင်သိမ်းမောင် တို့နှင့် တွေ့ဆုံရန်ဟူသော အကြောင်းကိစ္စနှင့် ပတ်သက်၍ စိတ်ထဲတွင် သို့လော သို့လော တွေးတောစရာများ ပေါ်ပေါက်လာခဲ့ပါသည်။ ထို့ပြင် နယ်ချဲ့တော်လှန်ရေးတွင် မိမိ လုပ်ကိုင်ရမည့် အခန်းကဏ္ဍနှင့် ပတ်သက်၍ တိတိကျကျ သတ်မှတ်ခွဲဝေ လုပ်ကိုင်ရန်လည်း သတ်မှတ်ဆုံးဖြတ်ပြီး ဖြစ်၍ သခင်သိန်းမောင် တို့အနေဖြင့် မည်သို့သော ပြောင်းလဲများကို တင်ပြလာ လိမ့်ဦးမည်နည်းဟု စဉ်းစားရင်း စိတ်မောခြင်းဖြစ်ပါသည်။
"အဘသီရေ… ဒီညတော့ ဒီမှာပဲ တည်းနေဦးမယ်"
"ကိုမြလှိုင် တို့ သဘောပါဗျာ၊ ဒါထက် နက်ဖြန် ဘယ်အချိန် သွားကြမှာလဲ"
ဆက်ရန်
.

No comments:
Post a Comment