အိုဘယ့် တံတားနှစ်စင်း
ဦးဝိသည် သာပေါင်းမြို့သို့ရောက်ရှိပြီး အိပ်စက်သော ည၌ ကမ္ဘာ့အစွန်းတစ်နေရာသို့ ရောက်ရှိနေသည်ဟု ခံစားမိ၏။ ဆွေမျိုးမရှိ၊ ယုတ်စွအဆုံး ဘာသာစကားတူသူပင်တစ်ယောက်မျှမရှိ။
ထိုည၌ ကောင်းစွာအိပ်မပျော် မြန်မာပြည်မြေပုံ၊ ကမ္ဘာမြေပုံတွေကို အိမ်ယာထက် မှေးမှိတ်ရင်း မှန်းကြည့် မိ၏။ တကယ်ပင် သာပေါင်းမြို့သည် ကမ္ဘာ့ကုန်းမြေအစွန်းမှာပါလား၊ ကြည့် တောင်ဘက်မှာ မြေကြီးအစွန်း ပင်လယ်နှင့် သိပ် မဝေး၊ အနောက်ဘက်ကျပြန်တော့ ပင်လယ်ပြင်ပဲရှိတော့သည်။ မိမိဇာတိမြေအား ထိုသို့ မဟုတ်၊ တောတွေတောင်တွေနှင့် အရှေ့အနောက် တောင်မြောက် မြေပြင်တောင်တန်းကြီးတွေဝိုင်းကာ ပတ်လို့ တကယ့် ကမ္ဘာ့အလယ်ဗဟိုပဲဟု ခံစားမိ၏။
ယခု မိမိနေထုင်ရသောအိမ်သည် ညောင်တုန်းအိမ်နှင့်စာလျှင် အတော်ပင်သေးလှ၏။ ခါးလောက်အမြင့် ကြမ်းခင်းနှင့် နှစ်ခန်းပတ်လည်မီးဖိုဆောင်တွဲ သွပ်မိုးပျဉ်ကာ အိမ်ကလေးဖြစ်သည်။
ရုံးအဆောက်အဦး ကျပြန်တော့ ညောင်တုန်းရုံးထက်များစွာသာသည်။ အပေါ်ထပ် ကြမ်းခင်း အုတ်သမံ တလင်းနှင့် နံရံထူထူခိုင်ခိုင်ခန့်ခန့် အဆောက်အဦးဖြစ်သည်။ တကယ့် ရုံးနှင့်တူသော ရုံးအဆောက် အဦးဖြစ်ပေသည်။
သာပေါင်းရုံးလောက် ရုံးသုံးပရိဘောဂ စားပွဲကုလားထိုင်ပေါသည့်ရုံးဦးဝိ မတွေ့ဘူး။ တိုင်းရုံးက အရာရှိ စားပွဲက သာပေါင်းရုံးစာရေးကြီးစားပွဲ ဘယ်မီပါ့မလဲ။ ကျွန်းသားဆက်တီခုံအကောင်းစားများသည်လည်း ပေါမှပေါ။ ပိုလို့လျှံ လို့ အခန်းလွတ်တစ်ခန်းအပြည့်။
ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းဆိုသလို ဦးဝိအား တာဝန်နှစ်ခုဝင်၍ ဆောင့်လေ၏။ ကြွေးကျန်ည့် တံတားနှစ်စင်းဆောက်ရမည်။ ဤတံတားနှစ်စင်းဆောက်ဖို့ ခေတ်တစ်ခေတ် ကွယ်ပျောက်ခဲ့ပြီ။ သို့သော် လုပ်ငန်း အကြွေးကား မပျောက်သေး၊ တံတား မဖြစ်သေး။
ဦးဝိအဖို့ ထိုတာဝန်ကို လွှဲဖယ်ဖို့ အလွယ်ကလေးဖြစ်၏။ " ကျုပ် ဒီငွေတွေကို လက်မခံနိုင်ဘူး၊ ဒီတာဝန် မယူ နိုင်ဘူး" ဟုဆိုလျှင် ပြီး၏။ ကြည့်ပါ။ တံတားဆောက်ဖို့ ငွေထုပ်တဲ့၊ တာဝန်ရှိသူကတော့ ငွေထုပ်ထားပြီး လစ်ပြီ။ ဦးဝိ ကိုပင်မစောင့်။
သို့သော် ဌာနမျက်နှာထောက်ရမည်။ ပြောင်းရွှေ့သွားတော်မူသူကို ငဲ့ရမည်။ ထို့ကြောင့် ဦးဝိသည် "ဤတံ တားနှစ်စင်း ကျုပ် ဆောက်အံ့" ဟု ရဲဝံ့စွာ တာဝန်ယူလိုက်လေသည်။ ဦးစွာတံတားဆောက်မည့်နေရာသို့ သွားရောက်လေ့လာ ခဲ့၏။ တစ်စင်းမှာ ဖိုချောင်းပေါ်တွင် ဆောက်ရမည်။ တစ်စင်းကို ၀ါးယားချောင်းပေါ် မှာ ဆောက် ရမည်။ ဦးဝိသွားကြည့်သည့်ကာလမှာ နွေဦးရာသီဖြစ်၍ ချောင်းနှစ်ခုစလုံးဘာရေမှ မရှိ၊ ခြေဆေး ရန်ပင်မရှိ။
သို့နှင့် " မင်းတို့ဘာရေမှ မရှိဘဲနဲ့ ဘာတံတားလိုလို့လဲ၊ ဒီမှာလည်း လမ်းတောင်ဖုန်ထနေတယ်" ဟုပြောရာ အတူ ပါလာသည့် ဦးအေးဟန်က "အစ်ကိုကြီး မိုးကျရင် ဒီချောင်းဟာ အကျယ်ကြီးရယ်၊ လူကူးလို့ မရဘူး၊ ရေစီး တအားသန် လို့ ကျွဲနွားတောင် မကူးနိုင်ဘူး၊ တံတားမရှိလို့ ဒီဒေသက လူတွေနဲ့ တစ်မိုးလုံးနီးနီး အဆက်အသွယ်ပြတ်တယ်" ဟု ရှင်းပြလေသည်။
ဖိုချောင်းသည် ပင်လယ်ကမ်းခြေ ဘောမိဒေသနှင့် သာပေါင်းမြို့ကြားတွင်ရှိပြီး၊ ၀ါးယားချောင်းမှ အနောက်မြောက်ဒေသနှင့် သာပေါင်းကြားတွင်ရှိ။ သို့နှင့် တံတားဆောက်မည့်နေရာ မြေအနေအထားရွေး ပြီး ပေအရှည် ကို တိုင်းရသည်။ ဖိုချောင်း၏ အနေအထားမျာ ရိုးရိုးသစ်တံတားဆောက်၍ ဖြစ်နိုင်ခြေရှိ၏။ ၀ါးယားချောင်း ကား ထိုသို့မဟုတ်။ ရေစီး အလွန်သန်သည်ဟု ဆိုကြ၏။ ပြီးတော့ ရေ မရှိသေးသော်လည်း ချောက်နက်သည်။ တိုင်စိုက်ရန် မဖြစ်နိုင်။ တိုင်ဆက်ကလည်း ရေစီးသန်၍ လဲသွားနိုင် သည်။
သို့ရာတွင် ထိုပြဿနာမှာ ဦးဝိတို့လို တောင်ပေါ်သားအဖို့ အသေးအဖွဲ့မျှသာ။ သူသည် ဆွမ်ပရာဘွမ်၊ နောင်မွန်၊ ခေါ်ဘူဒဲဒေသများ၌ ကြိုးတံတားများစွာ လျှောက်ဖူး၏။ ဒီတော့ " ကျုပ် ၀ါးယားချောင်း မှာ ကြိုး တံတားဆောက်အံ့" ဟု ကြုံးဝါးလိုက်လေသည်။
ဦးဝိသည် ရိုးရိုးသစ်သားတံတားဖြစ်သည့် ဖိုချောင်းတံတားကို ဦးစွာဆောက်ရန် ပြင်ဆင်လေ၏။ သစ်သား တံတား ကို လူတိုင်းဖြတ်ကူးဖူးသည်။ မြင်ဖူးသည်။ ဒီတော့ တော်ရုံလက်သမားကို ဤသို့ လုပ်ါ။ ဟိုလိုလုပ်ပါ" ဟု ညွှန်ကြားလျှင် ဖြစ်နိုင်ချေရှိ၏။ ရေမရှိသည့် ကုန်းပေါ်ဆောက်ရမည်ဖြစ်၍ ပို၍ပင် လွယ် သေးသည်။
သို့သော် အိမ်လောက်သာ ဆောက်ဖူးသည့် လက်သမားနှင့် မဖြစ်သေးချေ။ တံတားဆောက် အတွေ့အကြုံ ရှိသူ ရှာရမည်။ ဒီတော့ ဒေသခံ လုပ်ဖော်ကိုင်ဘက် ဦးအေးဟန်အား လက်သမားရှာပုံတော်ဖွင့်စေ၏။ ဌာန စကားနှင့်ပြော ရလျှင် ဦးအေးဟန်သည် အထက်ကို အလွန်တာဝန်ခံပြီး တာဝန်ကို လိုလိုလားလား ထမ်း ဆောင် တတ်သူဖြစ်၏။ သိပ်မကြာပါ ပုသိမ်မြို့မှ တံတားဆောက်မည့်အဖွဲ့ ရောက်လာကြ၏။
သို့နှင့် သူတို့အား တံတားဆောက်မည့် နေရာသို့ ခေါ်သွား၏။ ပျဉ်ပေးသွင်းမည့်သူနှင့် ဆက်သွယ်ပေးသည်။ တံတား မှာ မြေအနေအထားအ၇ ပေ(၄၀)ရှည်ဆောက်ရမည်။ အကျယ်ကတော့ လူနှင့် မြင်းကူးရရုံ ၄ ပေ အကျယ် ဆိုလျှင် ရပြီ။
လုပ်ငန်း စတင်ပြီး သီတင်းတစ်ပတ်ကြည့်သည့်အခါ ထိုနေရာသို့ ဦးဝိတို့အဖွဲ့ ပြန်လာကြည့်ကြ၏။ တဲထိုး။ တိုင်စိုက်နှင့် လုပ်ငန်းအားရဖွယ်တွေ့ရ၏။ သူတို့၏ အလုပ်စခန်းတဲဘေးတွင် ကားအလွန်ထူးကဲ့သည့် မြင် ကွင်းတစ်ခု ကို ဦးဝိမြင်ရသည်။
ကလေးမ တစ်ဦးသည် ရွာလွတ်ဆေးတန်ကိုခဲ၍ ဟန်ပါပါဖွာရှိုက်နေ၏။ ဆေးတန်သောက်တန်းကစားနေ သည် မဟုတ်။ အဟုတ် တကယ် သောက်နေသည်။ သူမ၏ ပုံသဏ္ဍာန်ကိုကြည့်ပါ။ ထဘီတိုတို ၀တ်ထား၏။ ဆံပင်ကို ကတုံးညှပ်ထားသည်။ ကပ်ကျေးအရာတွေနှင့်၊ ဖိနပ်မပါ။ ခါးအထက် အ၀တ်အစား လုံးဝမရှိ။ ပူဖောင်းနေသည့် ၀မ်းဗိုက် အလယ်တည့်တည့်တွင် ကွမ်းသီးခန့်ချက်ကြီးက နေရာယူထား၏။ အသက်မေး ကြည့်တော့ " ကိုး " နှစ်တဲ့။ ကံမကောင်း အကြောင်းမလှ ၀ဋ်ကြမ္မာကြောင့် မျက်စေ့တစ်ဖက်လည်း မကောင်းရှာပါ။
ဦးဝိသည် ထိုကလေးမကို ကြည့်မိပြီး များစွာ စိတ်မကောင်းဖြစ်မိ၏။ မည်သည့် အကြောင်းတေါများ ပေါင်းဆုံ၍ ဤဒေသ ၌ ဤသို့ဖြစ်ရသနည်းဟု စိတ်နှလုံးမကြည်မသာတွေးနေမိ၏။
သူသည် တံတားဆောက်သည့် အဖွဲ့နှင့် တွေ့ဆုံညှိနှိုင်းပြီး ထိုနေရာမှ စိတ်မကောင်းကြီးစွာနှင့် ပြန်ခဲ့လေ သည်။ ထို့နောက် သီတင်းတစ်ပတ်အကြာတွင် ကြားရသော ဦးအေးဟန်၏ သတင်းပို့ချက်သည် ဦးဝိအားများစွာ တုန်လှုပ်စေ ၏။ ထိုသတင်းစကားမှာ ... " တံတားဆောက်နေစဉ် အခါမဟုတ် မိုးရွာချရာ ဖိုချောင်း သည် ရေတွေ စီးပြီး ချောင်းငယ်ဖြစ်လာကြောင်း၊ တံတားဆောက် အဖွဲ့ သည် ချောင်းေ၇ အတိုင်း အောက်ပိုင်း ဆင်း၍ မူလကပင် ရေကျန်နေသည့် အိုင် ကလေးများ၊ ချောင်းကွေ့များတွင် ဂဏန်း၊ ပုစွန်မ်းကြကြောင်း၊ ထိုချောင်းမှာပင် ရေချိုးကြကြောင်း၊ ထိုရေ ပင် သောက်ကြကြောင်း၊ ဤတွင် ဖျားနာကုန် ၍ ပုသိမ်ပြန် သွားကြကြောင်း၊ သူတို့အနက် လက်သမားခေါင်းဆောင်အပါအ၀င် သုံးယောက် သေဆုံးသွား ကြကြောင်း၊ ယခု တံတားဆက်ဆောက်မည့်သူ မရှိတော့ကြောင်း လူသေသည့်ကိစ္စသတင်းပြန့်၍ မည်သူမျှ တံတား ဆက်မဆောက်လိုကြတော့ကြောင်း " ဟူ၍ ပြောလေသည်။
ဦးဝိအကြီးအကျယ် စိတ်ညစ်သွားတော့။ စိတ်ထဲတွင်လည်း " ကျုပ် တံတားမဆောက်ဘဲ အရင်ပုဂ္ဂိုလ် လို နေလိုက်ရင် အကောင်းသား၊ ခုတော့ ကျုပ် ဒုက္ခလှလှတွေ့ပြီ။ ငွေလည်း တစ်ဝက်ချိုးကုန်ပြီ ဘယ်နှယ့်လုပ် ရပါ့" ဟု ညည်းညူနေလေ၏။ သို့သော် အးကိုးအားထားတော့ ရှိနေသေးသည်။ သူကတော့ ဦးအေးဟန်ပင်။ သူက " အစ်ကိုကြီးမပူနဲ့ ကျွန်တော့် အသိမိတ်ဆွေ လက်သမားတစ်ယောက်ရှိတယ်။ သူက အယူမသည်းဘူး၊ ကျွန်တော် ရအောင်စည်းရုံးမယ်" ဟု အားပေးစကားပြောဆိုလေသည်။
သို့နှင့် ဖိုချောင်းတံတားသည် ဦးအေးဟန် ဆက်သွယ်ပေးသော သာပေါင်းမြို့မှ လက်သမား ဆရာနှင့် အေးဆေးစွာ ဆောက်လုပ်ပြီးစီးသွားလေသည်။ ဦးအေးဟန်၏ မျက်နှာကြောင့် တံတားဆောက်လုပ်ခ များ၏ နည်း၏ မပြောတော့။ ဦးဝိသည်လည်း ၀မ်းသာကြည်နူးစွာဖြင့် လက်ကျန်ရှိရှိသမျှ ငွေအားလုံးကို လက်ဖက်ရည် ဖိုးပင်မချန် ရက်ရောစွာပေးကမ်းလိုက်၏။
တံတားတစ်စင်းတော့ပြီးပြီ။ တစ်စင်းကျန်သေးသည်။ ၀ါးယားချောင်းပေါ်တွင် ကြိုးတံတားဆောက်လုပ်ခြင်း ဖြစ် သည်။ ကြိုးတံတားသည် ရိုးရိးတံတားနှင့်မတူ ပညာသားပါသည်။ သံမဏိကြိုးများ၊ ဆိုင်းကြိုးများ၊ ကလစ်များ မူလီများလိုသည်။ သို့နှင့် ဦးစွာ ဆောက်လုပ်ရေး အင်ဂျင်နီယာထံ ချဉ်းကပ်၏။ သူပေးသော အဖြေမှာ ဦးဝိအား များစွာ စိတ်ဓာတ်ကျဆင်းစေ၏။ အင်ဂျင်နီယာက ... " ကြိုးတံတားမဆောက်ဘူးကြောင်း၊ မလျှောက် ဘူးကြောင်း၊ မမြင်ဘူးကြောင်း၊ မအားကြောင်း" ပြောလေ၏။
ဥိးဝိသည် ဆည်မြောင်းအင်ဂျင်နီယာနှင့်ခင်၏။ ထို့ကြောင့် မဆီမဆိုင်သည့် ဆည်မြောင်းအင်ဂျင်နီယာထံ ချဉ်းကပ်ရပြန်၏။ " ဒီမှာ ကိုကြည်ဝင်း ကျွန်တော့်ကို ကူပါဦး၊ ၀ါးယားချောင်းမှာ ကြိုးတံတားဆောက်ဖို့ ရှိ တယ်။ အဲဒါ ခင်ဗျား ဆီက အကူအညီ လာတောင်းတာ၊ အတတ်ပညာပိုင်းပေါ့ဗျာ" ဟု အကူအညီ တောင်း လေ၏။ ဦးကြည်ဝင်း က " ကျွန်တော် ကြိုးတံတား မဆောက်တတ်ဘူး၊ ကျွန်တော့်ဆိုက်လည်း မဟုတ်ဘူး၊ ပြောရရင်တော့ဗျာ၊ ကျွန်တော် ကြိုးတံတားတောင် မမြင်ဖူးဘူး၊ ပုံကိုတော့ ရုပ်ရှင် တို့ မှာတော့ မြင်ဖူးတာ ပေါ့။ ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသကြီးမှာတော့ ကြိုးတံတားဆောက်တယ်လို့ မကြား မိဘူး၊ ဖျာပုံမှာတော့ ရှေးအဂ်လိပ်ခေတ်က ကြိုးတံတားတစ်စင်းရှိတယ်လို့ ကြားဖူးတယ်" ဟု ဆိုလေ၏။
ဦးဝိက " ခင်ဗျားအင်ဂျင်နီယာပဲ ပြောပြရင် သဘောပေါက်မှာပါ။ ကျွန်တော်ကတော့ ကြိုး တံတားပေါင်း မြောက် များစွာ လျှောက်ခဲ့တယ်။ လုပ်ငန်းသဘောအရ ကြိုးတံတားတည်ဆောက်ရေးမှာလည်း ပါဝင်ပတ် သက် ဖူးတယ်" ဟု ပြောဆိုကာ စက္ကူလွတ်တစ်ခုပေါ်တွင် ဟိုခြစ်သည်ခြစ် လုပ်ပြလေ၏။ ဦးကြည်ဝင်းက အင်ဂျင်နီယာ ပဲ သဘောတရားနည်းစနစ်ကို သဘောပေါက်ပြီ။
ဦးဝိ က ဆက်လက်၍ " ဒီမှာ ကိုကြည်ဝင်း ခင်ဗျား ဖျာပုံသွားပြီး လေ့လာဗျာ၊ ဒါမှမဟုတ်ရင် ရန်ကုန် ဆင်းပြီး ပြည်သူ့ရင်ပြင် မှာ သွားကြည့်၊ သဘောတရားအတူတူပဲ " ဟု ညွှန်ပြလေ၏။
သို့နှင့် ဦးကျော်ဝင်းနှင့် ဦးဝိသည် ၀ါးယားချောင်းသို့ သွားကြ၏။ ထိုနေရာတွင် တဲအိမ်စုရှိသည်။ စုစုပေါင်း ခုနှစ် အိမ်ဖြစ်၏။ ထိုတဲများမှ လူများ၏ အကူညီ တောင်းတန်တောင်းရမည်။ သူတို့သည် ကြိမ်ခုတ်၊ ၀ါးခုတ်၊ မီးသွေးဖုတ် ၍ အသက်မွေးကြသည်ဟုဆို၏။ သူတို့ကို တွေ့တော့ ဦးဝိများစွာ စိတ်မချမ်းမသာဖြစ်ရပြန်သည်။
သူတို့၏ မျက်နှာ အနီးမီးယားလက္ခဏာပြနေ၏။ အနီးမီးယားဆိုသည့် စကားလုံးကို ဦးဝိ၏ ဇနီးမကြာခဏ ရွတ်ဆိုတတ် သဖြင့် ထိုစကားကို နားယဉ်နေ၏။ သွေးအားနည်းငှက်ဖျားလက္ခဏာဆိုပါ၏။ သူတို့သည် အသားညို များဖြစ်ကြသော်လည်း မျက်နှာမှာတော့ စိမ်းဝါ၀ါနှင့် ရှိကြ၏။
ဤဒေသ ၌ ငှက်ဖျားထူပြောသည်ဟုဆိုကြ၏။ သူတို့ဆေးဝါးလိုနေပြီ၊ နောက်တစ်ကြိမ် ဒီနေရာကို လာရင်တော့ ဆေးဝါး ပါဦးမှဟု တွေးမိလေ၏။ ဦးဝိတို့အဖွဲ့သည် တံတားဆောက်မည့်နေရာကို တိုင်းကြ တာကြတော့ တံတားအရှည်၆၀ ကျော်သည်။ သံမဏိကြိုး ပေ ၂၀၀ ရှိနှစ်ချောင်း ပေ ၁၀၀ အရှည်နှစ်ချောင်း လိုမည်။
ထိုဝါးယားချောင်း ကြိုးတံတားဆောက်မည့် နေရာသည် သာပေါင်းမှ ၁၈ မိုင်ဝေး၏။ လမ်သည် သစ်ရိပ် ၀ါးရိပ် ကင်းပြီး ဖုန်အတိပြီး၏။ ဖုန်သည် ခြေမျက်စေ့မြှုပ်၏။ ဤမျှဖုန်ထူသောလမ်း ဦးဝိမလျှောက်ဘူး။ ဤ ဒေသသည် ယခင် က တောကြီးမြိုင်ကြီးဟု ဆိုကြ၏။ ဤသို့ဆိုလျှင် ယခု အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်း။ ဆက်စပ်တွေးခေါ်လျှင် အဖြေပေါ်နိုင်သော်လည်း ဦးဝိ မတွေးတော့။ ဖြစ်ခဲ့ပြီပဲ ရှိပါစေတော့။ သူပတာဝန်မှာ တံတားဆောက်ဖို့ကအဓိကဖြစ်သည်။
ပစ္စည်းစုံသည့်အခါ ဦးဝိနှင့် ဆည်မြောင်းအင်ဂျင်နီယာ သည် လက်သမားအဖွဲ့နှင့် ဌာနတစ်ခု၏ကားကြုံဖြင့် သွားကြ ၏။ လက်သမားဆရာအား မည်သည့်နေရာ၌ ကြိုးထိမ်းခံတပ်လုပ်ပါ။ ကြိုတင်၍ မေဆ်ာစင် ဘယ်နှ ပေမြင့်အောင် မည်သို့ဆောက်ပါ။ ကြိးကို ဘယ်မျှ ညွတ်အောင် သွယ်တန်းပါစသဖြင့် အသေးစိတ် ညွှန်ကြား ပြီး သာပေါင်းသို့ပြန်လာကြ၏။
သတင်း တစ်ပတ်ကြာသောအခါ လက်သမားဆရာပြန်လာ၏။ ဖျား၍ ပြန်လာသည်ဟုဆို၏။ ဦးဝိ အတော် ထိတ်လန့်သွား၏။ ဤလက်သမား တစ်စုံတစ်ခုဖြစ်ခဲ့သော် သေသွားခဲ့သော်၊ ထိုတံတား မည်သူဆောက် မည်နည်း။ ဦးဝိ ဆက်ပင်မတွေးဝံ့။ သို့နှင့် လက်သမားဆရာအား ဆေးရုံတင်ထားရ၏။ ဦးဝိသည် ဆရာဝန် နှင့် ခင်၏။ ထို့ကြောင့် လူနာ မကြားအောင် ဆရာဝန်အား " ဆရာ ဒီလက်သမား သေလို့မဖြစ်ဘူး၊ ဆရာ အစွမ်းကုန် ကုပေးပါ။ ဆေးဝါး အပြင်က ၀ယ်ရလည်း ကျွန်တော် ခံပါ့မယ် " ဟု တကယ့်သောကနှင့် တိုးတိုး ပြောဆိုထား၏။ ဆရာဝန် သည် အထူး၈ရုပြုပေးပါ၏။ ဗီအိုင်ပီကဲ့သို့ ကြည့်ရှုလေ၏။
တစ်ပတ်ခန့်ကြာသည့်အခါ လက်သမားဆရာသည် အဖျားပျောက်ပြီး လိုအပ်သည့် ရိက္ခာနှင့်ဝါယားချောင်း တက်သွားပြန်၏။ သုံးလေးရက်ကြာသောအခါ ငှက်ဖျားထ၍ ဆင်းလာပြန်၏။ တံတားဆောက်မည့် နေရာ နားတွင်ကုက္ကိုပင်ကြီးတစ်ပင်ရှိ၏။ တံတားမျှော်စင်တိုင် မလွှတ်သဖြင့် အကိုင်းတစ်ကိုင်းခုတ်လိုက်၏။ ထို့ကြောင့် ကုက္ကိုပင်စောင့် ရုက္ခစိုးနတ်ကိုင် သည်ဟု အယူသီးကြပြန်၏။ တော်ပါသေး၏ လက်သမားဆရာ ထိုအယူသီး ထဲမပါ။
အမှန်တော့ ငှက်ဖျားပိုးကြောင့် ဖျားခြင်းဖြစ်၏။ သူတို့မှာ အယူအဆတစ်ခုလည်းရှိသေး၏။ နွေကာလတော မီးလောင် ၍ သစ်ဝါးရွက်ပြာကျန်ခဲ့သည်။ မိုးရွာလာသည့်အခါ ချောင်းထဲမြောင်းထဲ သစ်ရွက်ဝါးရွက်ပြာတွေ အရည်ပျော်မျော ပါလာသည်။ ထိုရေကို သောက်မိလျှင် ထိုရေုကို ချိုးမိလျှင် ငှက်ဖျားဖြစ်သည်ဟု ရှေးစဉ် လာ ကပင် ယုံကြည်လက်ခံကြ၏။ အမှန်တော့ မိုးကျလျှင် ခြင်ပေါက်ပြီ။ ခြင်ပေါက်တော့ လူတွေကို ကိုက် သည်။ ခြင်ကိုက်တော့ ငှက်ဖျားဖြစ်ပြီ။ သို့သော် သူတို့အဖို့ ပြာရည်သည်လျှင် တရားခံဖြစ်တော့သည်။ လက်သမား ဆရာ ဆးရုံတက်ပြန်၏။ ဦးဝိက ဆရာဝန်အား" ဆရာ ဒီလူ သေလို့မဖြစ်ဘူး " ဟု ပြောရပြန် သည်။
နောက်ပိုင်းတွင် ပို၍ ထူးဆန်းသည်မှာ ဆေးရုံဆင်း၍ အိမ်တွင်နားသည်။ နား၍ အားရှိသောအခါ ၀ါယား ချောင်းတက်ရန် ငွေထုတ်ရိက္ခာဝယ်သည်။ ၀ါယားချောင်းတက်မည့် နံနက် ငှက်ဖျားထပြန်သည်။
ဆေးကု ၍ အဖျားပျောက်သွားပြန်သည်။ မနက်ဖြန် ၀ါးယားချောင်းတက်မည်ဟု ရိက္ခ၀ယ်ပြီး နောက်နေ့ နံနက် ဖျားပြန်သည်။ ဤသို့ လေးငါးကြိမ် ဆက်တိုက်ဖြစ်ခဲ့သည်။
ဤတွင် ဦးဝိ ပင်လျှင် ကုက္ကိုပင်ပိုင်ရှင် ရုက္ခစိုးအား တရားစွဲချင်လာသလိုလို တစ်ပင်လုံး အမြစ်ကစလှန်ပစ် ချင် သလိုလို ဖြစ်လာတော့သည်။ ဤတစ်နွေ တံတားမပြီးလျှင် ခက်ရချေရဲ့။ လက်သမားသေလျှင်ကား ဦးဝိဘ၀ ပျက်ပြီ။
စတန့်ထွင်၍ ကြိုးတံတားဆောက်တာ သူတို့ သိကုန်ကြပြီ။ အချိန်တန်၍ " မင်းကြိုးတံတား ဘယ်မှာလဲ " ဟု မေးလျှင် မည်သည့်အရာကို ပြမည်နည်း။ အကယ်၍ ကြိုးတံတားမဟုတ်ဘဲ ရိုးရိုးတံတား သာဆိုလျှင် ချောင်ချသည့် နေရာက တံတားတစ်ခုကို ဓာတ်ပုံရိုက်။ ပြီးပြီဟု သတင်းပို့ ... အင်း ဒါမျိုး တွေးပင် မတွေး ကောင်းဘူး ဟု ထိတ်လန့်စွာဖြင့် အတွေးရပ်ပစ်လိုက်၏။
ဤသို့ ဦးဝိ အကြီးအကျယ် စိတ်ဓာတ်ကျစိတ်ညစ်နေစဉ် တစ်မနက်တွင် လက်သမားဆရာ လန်းဆန်း တက်ကြွ စွာ ရောက်ရှိလာ၏။ " ဆရာ ကျွန်တော် အဖျားပျောက်ပြီ၊ လုံးဝ ပြန်မဖြစ်တော့ဘူး၊ ဆရာကို ပြောပြရဦးမယ် ဟိုရပ်ကွက် က အနှိပ်သည်ပေါ့ သူနှိပ်ရင် အဖျားပျောက်တယ်ဆိုလို့ ကျွန်တော်လည်း အနှိပ် ခံခဲ့တယ်။
ငှက်ဖျားထ လို့ ချမ်းတုန်နေတဲ့အချိန် ဘောင်းဘီတိုပဲချန်ပြီး အ၀တ်အကုန်ချွတ်ခိုင်းတယ်။ အ၀တ် ဗလာကြောင့် ခိုက်ခိုက်တုန်နေ တဲ့ ကျွန်တော့်ကို ကြည့်ပြီး ကျုပ် ဒါမျိုးမှ ကြိုက်တာဆိုပြီး သယ်ထည့် လိုက်တာ ဆရာရယ်၊ တစ်ကိုယ်လုံး ငါးဖယ်နယ် နယ်ပစ်လိုက်တာပဲ၊ သူနှိပ်ပုံကတော့ အရိုးတွေ တစ်ဖျောင်းဖျောင်းကြိုး မတတ်ဘဲ၊ တော်ပြီ နာတယ် ဆိုလည်း မရဘူး။ ကျွန်တော် နာလို့ အော်လ သူက ဟဲ ဟဲဟဲနဲ့ သလောကျလေပဲ။ ကျွန်တော် လည်း သေလည်းသေစေတော့ ယောက်ျားပဲဆိုပြီး ကြိတ်မှိတ်ခံတာ ပေါ့ဆရာ၊ တစ်နာရီကျော်ကျော် စိတ်ရှိ လက်ရှိ နှိပ်ပြီး ပြန်လွှတ်လိုက်တာ ကျွန်တော်လည်း မြော့မြော့ပဲ ကျန် တော့တယ်။ ဒါပေမယ့် နောက်နေ့ ကစပြီး ကျွန်တော် အဖျားမတတ်တော့ဘူး။ သုံးလေးရက်ကြာပြီ လုံးဝ ပျောက်ပြီ။ မနက်ဖြန် ၀ါးယားချောင်း တက်မယ်" ဟု တက်ကြွစွာ ပြောဆိုလေသည်။
ဦးဝိသည် လက်သမားဆရာ ငှက်ဖျားပျောက်သည်ဆို၍ များစွာ ၀မ်းသာသွား၏။ သို့သော် နှိပ်၍ ပျောက် သည် ဆိုသော အယူအဆကိုမူ တစ်ဝက်မျှသာ လက်ခံလေသည်။ ဦးဝိ တွေးကြည့်မိသည်မှာ ဆရာဝန် သည် နောက်ဆုံးပေါ် ငှက်ဖျားဆေးများ တိုက်ကျွေးသည်၊ ထိုးပေးခဲ့သည်။ သို့သော် ငှက်ဖျားပိုးတို့သည် အလွန် အရှောင် အတိမ်းကောင်းကြသည်။ လူ့အသည်းထဲ ပုန်းခိုနေတတ်ကြသည်ဟု ဥိးဝိ ကြားဖူး၏။ ယခု နေ့ရက် ရှည်စွာ လိပ်ပတ် လည်အောင် စားထားသောဆေးများသည် လက်သမားဆရာ၏ အသွေးထဲ အသားထဲ ကျန် နေမည်။ ထိုအခါ လက်သမားဆရာအား အနှိပ်သည်က ငါးဖယ်နယ် နယ်ပစ်လိုက် ၍ သွေးသားဆူ ဝေလည်ပတ်မှုအားကောင်းလာကာ ငှက်ဖျားပိုးနှင့် ထိတွေ့သွားမည်။ ဆေးမိတော့ ငှက်ဖျား ပိုးသေပြီ။ ငှက်ဖျားပိုးသေတော့ လက်သမားဆရာ အဖျားပျောက်ပြီ။ ဤသို့ ဆေးပညာ နလပိန်းတုံး ဦးဝိတွေး၍ တစ်ဝက် မျှသာ ယုံကြည်ခြင်းဖြစ်လေသည်။
သီတင်းသုံးပတ်ခန့်ကြာသောအခါ လက်သမားဆရာသည် တံတားပြီးသွားပြီဖြစ်ကြောင်း ၀မ်းသာအားရ သတင်း ပို့၏။ ဦးဝိ အပျော်ကြီး ပျော်သွား၏။ လည်ပင်းတွင် တစ်ဆို့နေသည့် အလုံးအကြီးအသေး အကုန် ကျသွား၏။ သို့နှင့် သက်ဆိင်ရာ သို့ သတင်းပို့ပြီး တံတားဖွင့်ပွဲလုပ်ရန် ပြင်ဆင်လေသည်။
တံတားဖွင့်ပွဲ သို့ ဆည်မြောင်းအင်ဂျင်နီယာ ဦးကြည်ဝင်း မလိုက်နိုင်၍ တပည့်တစ်ဦးထည့်ပေးလိုက်၏ သုတို့ အဖွဲ့ သည် ဖဲကြိုး၊ ကတ်ကြေးကအစ ငှက်ဖျားဆေးပါ ယူသွားကြ၏။ ၀ါးယားချောင်းနီးတော့ ကြိုးတံတားကြီး သည် ချောင်းကိုခွ၍ တွဲလောင်းခိုနေသည်ကို ဦးဝိမြင်ရ၏။
သူသည် အလွန်ပီတိပြီးသောမျက်နှာဖြင့် တ့တားခြေရင်းသို့ ချဉ်းကပ်သွား၏ တံတားခြေရင်းရောက်တော့ ဦးဝိ၏ မျက်လုံး များ ပြူးကျယ်သွားတော့၏ နှုတ်မှလည်း -
" ဟိုက် ငါ့ကြိုးတံတားကြီး ဘယ်လိုဖြစ်သွားပါလိမ့် " ဟုရေရွတ်လိုက်သည်။ ကြည့်ပါ ဦးဝိလျှောက်ဖူးသမျှ ကြိုးတံတားများ ၏ ကြမ်းခင်းသည် ကန့်လန့်သာရှိကြကုန်၏။ ယခု တံတားကြမ်းခင်းသည် တံတားအရှည်ကို လိုက် ၍ အလျားလိုက်ရှိကြကုန်၏။ မည်သို့ ဖြစ်သွားပါလိမ့်ဟု ဦးဝိ တွေးကြည့်၏။ ပြီးတော့ တံတားအောက် ဆင်းကြည့်သည်။ တွေ့ရပါပီ။ အမှန်တော့ သစ်သားယက်မ အစွန်းတစ်ဘက်စီ၌ ချည်ထားသော ဆိုင်းကြိုးများ သည် အပေါ်သံမဏိကြိုးတန်းနှစ်ချောင်း တွင် တစ်ဘက်စီချည်ရမည်။ ထိုအခါ ယက်မသည် သံမဏိ ကြိုး နှစ်ပင်ကြား ဒန်းကဲ့သို့ တွဲလောင်းခိုနေမည်။ ယခုသော်ကား လက်သမားဆရာကြီးသည် ယက်မ ချည်ထား သော ဆိုင်းကြိုးနှစ်ပင်ကို သံမဏိကြိးကြီးတစ်ပင်တည်းတွင် တွဲလွဲခိုနေပါတော့သည်။ အခြားတစ်ဘက် တွင်လည်း ထိုနည်းအတိုင်းဖြစ်ရာ ယက်မနှင့် သံမဏိကြိုးနှစ်ပင်ဆက်စပ်မှုမရှိတော့။
ဒီတော့ သစ်သားယက်မများ ဆက်သွယ်၇န် ဆင့်များကို ကန့်လန့်ထိုး၍ ချုပ်ထားရ၏။ ထို့နောက် ဆင့်များ ပေါ်တွင် ကြမ်းခင်း ခင်းလိုက်ရာ ကြမ်းခင်းသည် တံတားအရှည်အတိုင်း အလျား လိုက် ဖြစ်ကုန် သတည်း။
အမှန် မှာ ယက်မများသည် ကြိုးကြီးနှစ်ပင်ကြား တွဲလွဲခိုနေရမည်ဖြစ်ပြီး ဆင့်များဖြင့် ဖမ်းချုပ်ရမည်။ ထိုအခါ ကြမ်းခင်း သည် ကြိုးနှစ်ပင်ကြား ကန့်လန့်ရှိမည်ဖြစ်သည်။ ကြိုးကြီးနှစ်ပင်ကို ယက်မများချုပ်ထားသဖြင့် တံတား ပိုခိုင်မည်။
မည်သို့ဖြစ်ပါစေ တံတားပြီးပြီ၊ တံတားပေါ်တွင် လူနှင့်မြင့်လားသာ ကူးမည်။ ဤမျှသာ ခံနိုင်အားရှိသည်။ ဦးဝိ သည် ၀ါးယားချောင်းအိမ်စုနှင့် ပတ်ဝန်းကျင်မှ မိးသွေးဖုတ်၊ ကြိမ်ခုတ်သည့် အချောဆုံး အလှဆုံး အပျိုလေးများ ၀န်းရံ၍ ဖဲကြိုးဖြတ်ကာ တံတားဖွင့်ပွဲကို အောင်မြင်စွာ ပြုလုပ်ပြီးစီးသွားလေသည်။
ဦးဝိသည် သူ၏ မဟာကြိုးတံတားပေါ်တွင် လူတွေ ကူးသန်းသွားလာနေသည်ကို ကြည်နူးဝမ်းမြောက်စွာ ကြည့်နေ၏။ ထိုအချိန်သည် မိုးဦးကာလရောက်င ၀ါးယားချောင်းရေစီးနေပြီ။ တံတားအောက်တွင် လှေ တစ်စီး ချည်ထားသည် ကို တွေ့ရ၍ မေးကြည့်ရာ -
" ဆရာ အဲဒါ ၀ါးယားချောင်းကူး၊ ကူးတို့လှေဗျ၊ ဆရာ့တံတားလည်း ပြီးရော သူလည်း အလုပ် လက်မဲ့ဖြစ်ပြီး တောထဲကြိမ်ခုတ်၊ ၀ါးခုတ်လစ်ပြီ" ဟု ပြောပြရာ၊ ကူးဆို့ဆရာအလုပ်လက်မဲ့ ဖြစ်သွားသည်ကို သနားမိ သော် လည်း မိမိကြိုးတံတားကြီး အသုံးဝင်ပုံကို တွေးကြည့်ပြီး ဥိးဝိ၏ မျက်နှာသည် လမင်းအလား ထိန်ထိန် သာလျှက် ရှိနေတော့သည်။
မိုး ကာလ တွင် ဟိုဘက်ကမ်း ဒီဘက်ကမ်းကူးပေးရုံနှင့် တစ်ခေါက်လျှင် ၅ိ/- ပေးရ၏။ ထိုစဉ်က ၅ိ/- သည် တန်ဖိုး မသေးလှ။ ချောင်းငယ် အရှေ့ဘက်ကမ်းတွင် ခုနှစ်အိမ် အနောက်ဘက်ကမ်းတွင် သုံးအိမ်ရှိသော် လည်း ချောင်းခြား ၍ အလွန်အရေးကြီးမှသာ အကူးအသန်းရှိကြသည်ဆို၏။ ယခုတော့ တစ်ရွာတည်း ဖြစ် သွားကြပြီ။
ထိုနေ့တွင် မိုးဖွဲဖွဲရွာနေ၏။ ဖုံလည်း မထတော့၍ လမ်းလျှောက်၍ကောင်း၏။ ဦးဝိသည် ဘ၀ကိုရင်း၍ တည် ဆောက်ထားသော တံတားပြီးဆုံးသွား၍ အပျော်ကြီး ပျော်နေသည်။ သူ၏ ပျော်ရွှင်မှု သည် နှလုံးသားဆီမှ နှုတ်ခမ်းများဆီသို့ပင် လျှံထွက်လာတော့၏။ မည်သည့် သီချင်းကိုမျှ ဆုံးအောင် မဆို တတ်သော ဦးဝိသည် တောင်ပေါ်သားသီချင်းကို ဟိုတစ်ပိုဒ် သည်တစ်ပိုဒ် ဟစ်ဆိုလိုက်လေသည်။ မည်သို့ပင်ရှိစေ ဦးဝိ ယနေ့ အလွန်ပျော်နေ သည်။ အောင်ပွဲရအပြန်ခရီးတွင် ခြေနှစ်ချောင်းမြေပြင်ကို ထောက်မိသည်ဟု ပင်မခံစားရ။ မြေပြင်ပေါ် လျှပ်တိုက် ပျံသန်းနေသည်ဟုပင် ထင်မှတ်နေတော့သည်။
ဦးဝိ သည် သာပေါင်းမြို့တွင် နှစ်နှစ်ကျော်ကြာသောအခါ ပြောင်းရွှေ့ရန်ဖြစ်လာ၏။ ထိုအချိန် ဦးဝိစိတ်ထဲ တွင် သာပေါင်းမြို့သည် ကမ္ဘာ့အစွန်းတစ်နေ၇ာတွင်ပါတကားဟု မခံစားရတော့။ ပဲ့ထောင်ခေါ် စက်လှေ ပေါ်တွင် ဆက်တီခုံ များချကာ င၀န်မြစ်တစ်လျှောက် သွားလာနေရသည့် ဘ၀အရသာကို ခံစား တတ်ပြီ။ ကောင်းကင်ပြာနှင့်သာ ရင်းနှီးခဲ့သော ဦးဝိသည် မိုးကုတ်စက်ဝိုင်းထိ ကျယ်ပြော လှ သည့် ရေပြင်ပြာပြာနှင့်လည်း တွေ့ထိခဲ့ရပြီ။ မြို့နေလူထုအားလုံးလိုလိုနှင့် သိကျွမ်းခဲ့ပြီ။ ရွာများတွင်မှာလည်း အသိမိတ်ဆွေ မရှားတော့။
သို့သော် အချိန်တန်တော့ နေချင်သပဟူ၍ မရ။ မိမိဇာတိမြေကို ပြန်လည်ခြေချရပြန်သည်။ ဦးဝိသည် ဇာတိမြေမြို့များတွင် ကျင်လည်ရပြန်သည်။ အချိန်သည် ရှေ့သို့သာ ရွှေ့လျားနေပြီး ခုနှစ်သက္ကရာဇ်များကို ဖန်တီးနေသည်။ ခုနှစ်သက္ကရာဇ်တို့သည်လည်း တစ်ခုပြီး တစ်ခု အချိန်၏နောက်တွင် ကျန်ရစ်ခဲ့ကြပြီ။
တစ်နေ့သောအခါ ဦးဝိ ရန်ကုန်ရွှေပြည်တော်သို့ ရောက်နေသည့်အချိန် ဦးအေးဟန်နှင့် ဆုံကြသည်။ သူတို့ သည် လွန်လေပြီးသောအခါက အကြောင်းပြောဆိုကြသည်။ ဦးဝိက -
" ကိုအေးဟန် ကျုပ်တို့ ဆောက်ထားတဲ့ ဖိုချောင်းတံတား ဘယ့်နှယ်ရှိသေးလဲ" ဟုမေးရာ ဦးအေးဟန်က -
" ချောင်းရေ ထဲ ပါသွားပြီ အစ်ကိုကြီး၊ အဲဒီနှစ် ထူးကဲချောင်းရေကြီးခဲ့တယ်" ဟုဖြေ၏။ ဦးဝိက စိတ်မသက် သာစွာဖြင့် -" အေးလေ ကုန်းခေါင်ခေါင်ပေါ်မှာ ဆောက်ထားတဲ့ တံတား ရေထဲပါသွားတယ်ဆိုလည်း ဘယ် တတ်နိုင် ပါ့မလဲ။ သဘာဝဘေးအန္တရာယ်ဆိုတာ ဘယ်သူမှ မတားနိုင်ဘူးလေ " ဟု မိမိဘက်က အကာအကွယ် ယူ၍ ပြောဆိုလေသည်။
" ၀ါးယားချောင်းတံတားကကောဗျာ " ဟု မ၀ံ့မရဲမေးပြန်၏။ အေးဟန်က
" တံတားရဲ့ အထက်နားမှာ သစ်ထုတ်ရေးက ပတ်ကား၊ ကားကူးတံတားဆောက်လိုက်လို့ အစ်ကိုကြီး တံတားပေါ် ဘယ်သူမှ မလျှောက်တော့ဘူး " ဟု ပြောပြ၏။
ဦးဝိ၏ စိတ်ထဲတွင် " တော်သေးတာပေါ့၊ တံတားဆွေး လို့ လူတစ်ယောက်ကျသေတယ်လို့ ပြောမလားဆိုပြီး ရင်ထိတ်နေတာ" ဟု ရေရွတ်ပြီး -
" အေးလေ နဂိုကတည်းက အဲဒီ ကားကူးတံတားသာ ရှိခဲ့ရင် ကျုပ် စိတ်ညစ်ခံ အပင်ပန်းခံပြီး ကြိုးတံတား ဘယ်ဆောက်ပါ့မလဲ၊ ဒါပေမဲ့ဗျာ။ ကျုပ်တံတား အသုံးတည့်ပုံကို ကျုပ်တို့ကိုယ်တိုင် မြင်ခဲ့ရပြီပဲ ကိုအေးဟန် ရဲ့" ဟု တံတားပေါ်တွင် ဟိုဘက်ကမ်းနှင့် ဒီဘက်ကမ်း ရွာသားများ ပျော်ရွှင်စွာ တံတားကူးသွားလာနေကြပုံ။
တံတားအောက်တွင် ကူးတို့လှေကလေး ချည်ထားပုံကို ပြန်လည်မြင်ရောင်ကာ အလျော့မပေးစတမ်း ကိုယ့် ဘက် အသာပေး ၍ ပြောလိုက်လေသည်။ စိတ်ထဲတွင်ကား -
" အင်း ကျုပ်ဆောက်လိုက်ရတဲ့တံတား - ကျုပ်ရဲ့ ဘ၀ရင်းပြီး ဆောက်လိုက်ရတဲ့ တံတားနှစ်စင်း အိုဘယ့် တံတားနှစ်စင်း" ဟု ရေရွတ်နေတော့သည်။
ဆက်ရန်
.

1 comment:
မမ ရွှေစင်ဦး
ခရီးသွားဖော် ဝတ္တုကောင်းလေးတွေဖတ်ရလို့ကျေးဇူးတင်ပါတယ်။
ကိုယ့်ဘာသာဆို ဘက်ဂျက်ကလည်းတွက်ရသေးတော့ တော်ရုံစာရေးဆရာနာမည်လည်းမရင်းနှီး၊ တနေရာရာ မှာဖြစ်ဖြစ် တယောက်ယောက်ကဖြစ်ဖြစ် ကောင်းတယ် ဖတ်ပါလို့မှ မညွှန်းရင် ဖတ်ဖြစ်မယ် မဟုတ်ဘူး။
အခု မမတို့တင်ပေးလို့ဖတ်ဖြစ်တာ...ဖတ်ရတာ
ကျေးဇူးတင်ပါတယ် မမ။
ညီမ
စု
Post a Comment