Monday, November 12, 2012

ဒေါက်တာအောင်ကြီး ၏ အဆွေးလူ၊ အတွေးလူ၊ သိမ့်မွေ့လူ, အပိုင်း (၅)

စိတ်ကျန်းမာန်လျှော့ ...

(၁)

၁၉၆၇ ခုနှစ် ကျွန်တော်တို့ ၇ တန်းနှစ်မှာ မြန်မာစာပြဋ္ဌာန်းစာအုပ်က အရင်နှစ်တွေ အတိုင်း ပဲ ဝေဿန္တရာ ဇာတ်တော်ကြီး လို့ အမှတ်ရမိတယ်။ အရင်နှစ်တွေထက် ပိုထူးလာတာက "မြန်မာကဗျာလက်ရွေးစင်" ဆိုတာ ထပ်ပြဋ္ဌာန်းသတဲ့။ သို့ပေတဲ့ ကျောင်းဖွင့်ပြီး တစ်လကျော်ကျော်လောက် ထိ စာအုပ်က အရိပ်အယောင် မမြင်ရသေး။ မြန်မာစာကို ကျောင်းအုပ်ကြီးကိုယ်တိုင်သင်တယ်။ ဆရာကြီးက အရင်တုန်းက ထုတ်ထားတဲ့ ကဗျာလက်ရွေးစင် စာအုပ်တစ်အုပ်ယူလာပြီး စသင်ပါတယ်။ (ပြဋ္ဌာန်းစာအုပ်က နောက်တစ်လကျော်ကျော်မှ ရတော့တာ။) အဖွင့်ကဗျာ က " မြကန်သာ" ပါ။
" မြကန်သာ၊ တောင်ကျချောင်းတေး၊ ရေ၀င်ပြေးလှည့် ... " ကို ဆရာကြီးက ရှင်းပြရာမှာ တောင်းကျချောင်းရေ တသွင်သွင် တဟုန်ဟုန် စီးနေလေတော့ ခဲလုံးလေးတွေ ရေစီးကြောင်းထဲ မျောပါ သွားပြီး အချင်းချင်း ပွတ်တိုက် လို့ ထွက်လာတဲ့အသံက ချောင်းရဲ့ "တေးသံ" ပေါ့တဲ့။
ဟုတ် သလိုလိုတော့ ရှိသား။ အဲဒီအချိန်မှာ ကျွန်တော်က ရန်ကုန်ဘဆွေရဲ့ "သီကုံးပန်းသွင်၊ ရေးဖွဲ့ချင်သော်" ဆိုတဲ့ စာအုပ် ဖတ်ပြီးနေပြီ။ အဲဒီထဲမှာ ပုဂံခေတ်ကျောက်စာတွေအကြောင်း ညွှန်ထားတာ ပါတယ်။

ဆရာက ပုဂံခေတ်မှာ မြန်မာစာပေ အရေးအသားက စတင်ခါစမို့ ကလေးငယ်တစ်ဦး တော့တီးတော့တ လမ်းလျှောက်သင် တဲ့ အဆင့်မျိုးပဲရှိသေးကြောင်း၊ ဝေေ၀ဆာ ဆာ ဖွဲ့ဖွဲ့နွဲ့နွဲ့ မရေးတတ်သေးကြောင်း၊ တချို့စာကြောင်းတွေ က မပြည့်မစုံသလို ဖြစ်နေလို့ ကြားထဲက လစ်ဟာနေတဲ့ စာသားတွေ ကို ဖြည့်ဖတ်ရ ကြောင်း၊ အဲသလိုဖြည့်ပြီး စိတ်ကူးထည့်ပြီး ဖတ်ရတာကိုက အရသာရှိလှကြောင်း ရှင်းတာပါ။
ကျွန်တော် စွဲနေတာက ပုဂံခေတ် ကျောက်စာတချို့ အဆုံးသတ်ပုံပါ။ "ငရဲ၌ဖြစ်စေသတေး"၊ "အရိမေတ္တေ ယျ ဘုရားသခင် အဖူးရစေသတေး" စသည်ဖြင့်ပေါ့။ "တေး" ဆိုတာ "တည်း"ပဲလို့ နားလည်လိုက်ရတာ။ ဒီမှာ "တောင်ကျချောင်းတေး" ဆိုတာ "တောင်ကျချောင်းတည်း" ဖြစ်မှာပဲလို့ ကိုယ့်ဘာသာ ကောက်ချက်ချ လိုက်တယ်။ ဆရာကြီးက ဘွဲ့တွေအများကြီးရထားတာပဲ။ ဘာဖြစ်လို့ မှားရပါလိမ့်။ ဒါပေမဲ့ ဆရာ့ကို ချစ် ကြောက်ရင်းစွဲ၊ ရိုသေရင်းစွဲမို့လို့ ဘာမှ ကျွန်တော် အတွန့်မတက်ခဲ့။ စိတ်ထဲတော့ တနုံ့နုံ့။

၁၀ တန်းနှစ်မှာ မြန်မာစာဆရာက မောင်ထင်ရဲ့ "ငဘ" ၀တ္ထု ကောက်နုတ်ချက် စကားပြေသင်တော့ ပြဿ နာတက် ရပြန်ရော။ ဆရာက မောင်ထင်လည်းမသိ။ မောင်ထင် သရော်စာရေးမှန်းလည်းမသိ။ "ရာဇ၀င် ကို ချွေးနဲ့ရေးတော့ ငန်ကျိကျိနေတာပေါ့" ဆိုတာကို ဆရာက အတည်ကောက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုနေလိုက်တာ။ ကျွန်တော့် မှာ မသက်မသာ နားထောင်နေရ။
ကျွန်တော် က အဲဒီအချိန်မှာ "ငွေတာရီ" မဂ္ဂဇင်းနဲ့ အကျွမ်းတ၀င် ဖြစ်နေပြီ။ "ငွေတာရီ" ထဲက မောင်ထင် ရဲ့ ဆောင်းပါး နဲ့ ဘာသာပြန်ဝတ္ထုတွေ တော်တော်များများ ဖတ်ဖူးပြီး ဖြစ်နေပြီ။ မောင်ထင်ဆိုတာ ဦးထင်ဖတ်။ ဦးထင်ဖတ် ရဲ့ အတ္ထုပ္ပတ္တရော၊ "ငဘ"ရဲ့ ဗျုပ္ပတ်ရော သိပြီးဖြစ်နေပြီ။
ဆရာ လမ်းချော်နေတာကို ကျွန်တော် ထပြာ ထဝေဖန်ရင် ကောင်းမလား။ အကြိမ်ကြိမ်အဖန်ဖန် စဉ်းစား မိသော်လည်း တကယ့်လက်တွေ့ မှာ ကျွန်တော် တမပြောဖြစ်ခဲ့။ ကျွန်တော်တို့ အရင်တစ်နှစ်က ၁၀ တန်း အောင်သွား တဲ့ ကျောင်းသားတွေထဲမှာ တစ်ဦးက ထူးထူးခြားခြား မြန်မာစာဂုဏ်ထူးနဲ့အာင်သွားလို့ ဆရာ က အသင်အပြ ကောင်းတယ် နာမည်ကြီးနေချိန်။ ("ထူးထူးခြားခြား" ဆိုရတာက မြန်မာစာဂုဏ်ထူးရတာ သိပ်ရှားတဲ့ခေတ်မို့ ပါ။)

အဲဒီ ဆရာ ကို ၇ တန်း မြန်မာစာ ဆရာကြီးလောက် ချစ်ချစ်ခင်ခင် နှစ်နှစ်သက်သက် မရှိလှတာ ကိုယ့်ဘာ သာကိုယ် သတိထားမိတယ်။ ၁၀ တန်းစာမေးပွဲဖြေတော့ ကျန်တဲ့ဘာသာတွေအားရပေမယ့် မြန်မာစာဖြေ ရတာ အားမရလှ ဘူး။ တကယ်က ကျွန်တော်က မြန်မာစာကို စိတ်သန်လှ သူ။ အောင်စာရင်း ထွက်တော့ မြန်မာစာ တစ်ခု ပဲ ဂုဏ်ထူးမရဘဲ ကွက်ကျန်ခဲ့တယ်။
၉ တန်း သင်္ချာသင်တုန်းအဖြစ်ကလည်း မှတ်မှတ်ရရပါပဲ။ ၉ တန်းက အတန်းခွဲ သုံးခုရှိတာ။ ကျွန်တော်တို့က (C)တန်း။ သင်္ချာသင်တဲ့ ဆရာမကြီးက (B)တန်း အတန်းပိုင်။ အဲဒီဆရာမကြီးက (C)တန်း ကို သိပ်မကြည်ဘူး တဲ့။ အထူးသဖြင့် ၈ တန်းအောင်ပြီးမှ တခြားကျောင်းကပြောင်းလာတဲ့ ကျွန်တော်တို့ တစ်တွေကို ပိုလို့ မကြည်လေ တဲ့။ ဟုတ် မဟုတ်တော့ တပ်အပ်သေချာမသိ။ ကလေးအတွေးပေါ့ဗျာ။
တစ်နေ့ ဆရာမကြီးက လော့ဂရစ်သမ်ကြည့်နည်း သင်တယ်။ ဒီမှာလည်း ပြဿနာနဲ့ ဆောင့်တိုးရပြန်ပေါ့။ ဆရာမကြီး က ဘယ်လိုကဘယ်လို အံချော်သွားတယ် မသိဘူး လော့ဂရစ်သမ်ကြည့်နည်း သင်တာက လွဲနေ တယ်။ အဲဒီအချိန်မှာ ကျွန်တော် က အစ်ကိုသင်ပေးထားလို့ လော့ဂရစ်သမ်ကြည့်နည်းက ကျွမ်းနေပြီ။ ကျွန်တော် အတန်တန် စဉ်းစားတယ်။ ငါထပြောရင် ကောင်းမလား။ ဒါက အရေးကြီးတဲ့ အခြေခံအဆင့်။ ဒီမှာ စကတည်း က မှားနေရင် နောက်ကျ ဒုက္ခရောက်ပြီ။

ဒါနဲ့ ဆရာမကြီးသင်တုန်းတန်းလန်း ကျွန်တော် ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး ဆရာမကြီးသင်တာ မှားနေကြောင်း ထောက်ပြ လိုက်မိတယ်။ ဆရာမကြီးက ရုတ်တရက်ဆိုတော့ ကြောင်အမ်းအမ်းဖြစ်သွား တယ်။ နောက် ဘာမှ မပြောမဆို အခန်းထဲက ထွက်သွားပါလေရော။ စာသင်ချိန်ပြီးသည် အထိ ပြန် မလာ တော့ဘူး။
ကျွန်တော့်မှာ မျက်နှာလည်းပူ၊ စိတ်လည်းညစ်၊ ကျွန်တော် ဒီလို ထပြောလေ့မရှိသူ။ အတန်းဖော်တွေ မေတ္တာ ပို့ကြမှာကို လည်း ကြောက်ရသေး။ နောက်တစ်နေ့ ဆရာမကြီးလာပြီး စာသင်တယ်။ သူ့အမှားကို ပြင်တယ်။ ကျွန်တော် အနေနည်းနည်းချောင် သွားခဲ့ပေါ့။
ဒါပေမဲ့ အဲဒီနေ့ကနေ ကနေ့ထိ ဆရာမကြီးက တစ်ခါမှ ကျွန်တော့်ကို တိုက်ရိုက် စကားမပြောခဲ့ဘူး။ ဟင် တပည့်ဖြစ် တဲ့ ကျွန်တော်မှ စ စကားမပြောခဲ့တာ။ လူငယ်ပီပီ ဟီးရိုးလုပ်ချင်တာ၊ ဆရာမကြီးကို "နှိပ်ကွပ်" ချင်တာ တစ်ခုတည်းကြောင့် ထပြောခဲ့တာ မဟုတ်မှန်း ကိုယ့်ကိုယ်ကိုယ် သေချာနေပေမယ့် ဆရာမကြီး စာ ဆက်မသင်ဘဲ ထွက်သွားတာ၊ ထောက်ပြတဲ့တပည့်ကို ကျေးဇူးစကား မဆိုတာကိုပဲ ကျွန်တော် မသိမသာ စိတ်ခုနေလို့ပေ လား။ နှစ်ပေါင်းလေးဆယ်နီးပါးကြာမှ ဆရာမကြီးကို စာနဲ့လှမ်းကန်တော့လိုက်ရ တယ်။

(၂)

ဆေးကျောင်းတက်ရတော့ ဒီစရိုက်ဘာသာဝါသနာက ကပ်လျက်သား ပါလာခဲ့။ ပထမနှစ် မြန်မာစာသင် တန်းမှာ ကျွန်တော် တက်တက်ကြွကြွ လေ့လာသင်ယူခဲ့တယ်။ ၁၀ တန်းတုန်းက ဂုဏ်ထူးထွက်ခဲ့တဲ့ မြန်မာ စာကို ဂုဏ်ထူး နဲ့ အောင်ချင်လို့။ ပထမ ဒုတိယ တတိယ အစမ်းစာမေးပွဲသုံးခုလုံးမှာ ကျွန်တော်က Grade 5 ချည်း။ ကျွန်တော့်နည်းတူ ရတာ တစ်ဦးပဲရှိတယ်။ ဖိုင်နယ်စာမေးပွဲ မှာ ကောင်းကောင်း ဖြေ လိုက်ရင်ပြီးပြီ။ မြန်မာစာ ဂုဏ်ထူးက ပြေးမလွတ်တော့ဘူး။
ဖြစ်ချင်တော့ ဖိုင်နယ် မှာ အစမ်းစာမေးပွဲတုန်းက မေးထားတဲ့ မေးခွန်းတစ်ပုဒ်က ပြန်ပါလာတ်။ ဗညားဒလရဲ့ "ရာဇာဓိရာဇ်အရေးတော်ပုံ" ကျမ်းကောက်နုတ်ချက်နဲ့ဆိုင်တဲ့ မေးခွန်း။ ဗညားနွဲ့နှင့် ဗျည်းနွဲ့စီးချင်းထိုးတဲ့ အကြောင်း ရေးခိုင်းပြီး "မည်သူက သူရဲကောင်း ပိုပီသပါသနည်း"တဲ့။ မြန်မာစာရာကြီးက ဗညားနွဲ့ကို အမှတ် ပေး တယ်။ ကျွန်တော်လည်း အရင်ဖြေတုန်းက ဆရာကြီးအကြိုက် ဗညားနွဲ့ကိုပဲ မဲတင်းခဲ့တာ။ ကဲ ဒီတစ်ခေါက်တော့ ငါလည်း ဂုစ်ထူးရ ဖို့ သေချာသလောက်ရှိနေပြီ။ ဆရာကြီးကိုလည်း ခပ်ထေ့ထေ့ လုပ်ချင် တာကြောင့် ဗျည်းနွဲ့ က ပို၍ပို၍ သူရဲကောင်းပီသပါကြောင်း ရေးချလိုက်တယ်။

အောင်စာရင်း ထွက်လာတော့ ကျွန်တော် မြန်မာစာ ရိုးရိုးအောင်။ သူငယ်ချင်းက ဂုဏ်ထူးအောင်။ အဲဒီ မြန်မာစာ ဆရာကြီး ကို ကျွန်တော့်မှာ သူများအပြောနဲ့ နည်းနည်းမြင်ပြင်းကတ်နေတာပါတယ်။ တကယ်က ကျွန်တော်နဲ့ ဘာမှ ဖြစ်ဖူးတာမဟုတ်။ ဒီစာရေးတုန်း ဆရာ့ကို မှန်းဆကန်တော့လိုက်ရသေးတယ်။
တတိယနှစ်ရောက်တော့ စာသင်သိပ်အကောင်းကြီး မဟုတ်သော်လည်း စာသင်ရင် အင်မတန်တက်ကြွတာ နဲ့ပဲ ကျွန်တော်တို့ အားလုံးက အမှတ်ပြည့် ပေးပြီးသား။ စာသင်ရင် ဆရာကြီးက အားရပါးရ စိတ်ပါ လက်ပါ။ တစ်ခါက စာသင်ရင်း စတော့(ချ)ပေါ်ကနေ နောက်ပြန်ဆုတ်ရင်း ဆုတ်ရင်း နောက်ပြန် လန်ကျသွားဖူး သတဲ့။ ဆရာကြီး ရဲ့ အကျင့်တစ်ခုက သူ စာစသင်တဲ့နေ့မှာ သူမေးတာဖြေနိုင်တဲ့ ကျောင်းသား၊ ကျောင်းသူ တွေရဲ့ နာမည် ကို အသေအချာ မှတ်ထားပြီး နောင် စာသင်တိုင်း အဲဒီကျောင်းသား၊ ကျောင်းသူတွေကိုပဲ ပင်တိုင်ထား စာမေးတော့တာ။ ကျန်တဲ့ကျောင်းသား၊ ကျောင်းသူတွေကို သူ့စာရင်းထဲ မတို့တော့ဘူး။ ကျွန်တော်က အဲဒီ အထူးကျောင်းသား၊ ကျောင်းသူ စာရင်းထဲမပါဘူး။

တစ်ရက်မှာ ဆရာကြီးက သူသင်တာ နားမလည်ရင် မရှင်းရင် မေးချင်ရင် အချိန်မရွေးလာမေးနိုင်ကြောင်း၊ သူ့ရုံးခန်း တံခါး အမြဲဖွင့်ထားကြေငာင်း ကြေညာလိုက်တော့ ကျွန်တော့်လို "ဟိုက်ပါ" (Hyper) ဖြစ် တဲ့ ကျောင်းသား၊ ကျောင်းသူတစ်စု ဆရာကြီးဆီ စာမေးဖို့ တစ်ရက် ချီတက်သွားကြတယ်။ ဆရာကြီးက ပြုံးရွှင်စွာ နဲ့ပဲ စာတွေရှင်းပြ။ ကျွန်တော်တို့တစ်စုမှာ ပျော်လို့၊ ကျွန်တော်တို့ကို ဆရာကြီးရဲ့ အထူးစာရင်းထဲ မှာများ ထည့်လေမလား။ ဒါပေမဲ့ ဆရာ့စာရင်း ထဲ ကျွန်တော်တို့ မပါပြန်ဘူး။

ဒါနဲ့ ဒုတိယအကြိမ် စာမေးဖို့ ဆရာကြီးရုံးခန်း ချီတက်ကြပြန်ရော။ ဒီတစ်ချီတော့ ကျွန်တော်နဲ့ ယောက်ျား လေး သူငယ်ချင်းနှစ်ဦး တည်း။ မိန်းကလေးတွေက မလိုက်တော့ဘူးတဲ့။ ဒီတစ်ကြိမ်မှာတော့ ကျွန်တော် မေးတာကို ဆရာကြီး က ဘယ်လိုကဘယ်လို နားလည်မှုလွဲသွားမှန်းမသိဘူး။ ကျွန်တော် မေးတာကို ဖြေရင်း တန်းလန်း ထငေါက်တော့ တာ။ အော်တော့တာ။ ဘေးက သူငယ်ချင်းက တုန်တုန်ယင်ယင်။ လက် ကုတ်ပြီး အမြန်ဆုတ်ခွာ ဖို့ အချက်ပြနေပြီ။ ကျွန်တော် ကိုယ်နှိုက်ကလည်း ပါမောက္ခ/ဌာနမှူးကြီးရဲ့ အငေါက်အငမ်းခံရတော့ ရင်ထဲက တဒိန်းဒိန်း။
ဒါပေမဲ့ တစ်ဖက်ကလည်း ဂျစ်တစ်တစ်ခံတန်တန် လုပ်ချင်တဲ့ စိတ်ကလေးရှိနေလေတော့ ကျွန်တော် ဇွတ်ပေ ထိုင်နေ လိုက်ပြီး ဆရာကြီးကိုပဲ မျက်တောင်မခတ်စိုက်ကြည့်နေလိုက်တယ်။
ဆရာကြီးက ထိုင်ချလိုက်ပြီး -
" ကဲ မင်းဘာမေးချင်သေးသလဲ "တဲ့။
ကျွန်တော်က -
" မေးခွန်းသုံးခု ကျန်ပါသေးတယ် ဆရာကြီး "
လို့ပြောပြီး မေးခွန်းဆက်မေးတယ်။ ပြီးမှ ကျေးဇူးတင်ပါတယ်ဆရာလို့ ပြောပြီး ဆရာကြီးအခန်းက ထွက်ခဲ့။ အပြန် ကော်ရစ်ဒါတစ်လျှောက် မှာ သူငယ်ချင်းက -
" လူပေါင်းမှားပြီဗျာ။ ခင်ဗျားနဲ့ လိုက်လာမိတာမှားပြီ။ စာမေးပွဲတော့ ကျတော့မှာပဲ "

ဆိုပြီး တဖျစ်တောက်တောက်။ နောက်ဆုံး စာမေးပွဲကြီးမှာ ကျွန်တော်တို့ နှစ်ယောက်လုံး အဲဒီဘာသာ မှာ ရှောရှောရှူရှူအောင်တယ်။ တပည့်က မိုက်သော် လည်း မဲသော်လည်း ဆရာကြီးက ဆရာပီသလှတာ။ ပုဂ္ဂလိကခံစားမှု နဲ့ အလုပ်တာဝန်ကို သီးသန့်လိုင်းခြားထားတာ။ နောင် ရောဂါဗေဒ လေ့လာရတိုင်း ဖတ်ရ တိုင်း ကျွန်တော့် မှာ နားလည်ဖို့ အတော်အားစိုက်ရတာ သတိထားမိတယ်။
နောက်ဆုံးနှစ် အပိုင်း(က)ရောက်တော့ ရောဂါဗေဒ၊ ကာကွယ်/လူမှုဆေးပညာနဲ့ ဥပဒေရေးရာ ဆေးပညာ သင်ယူရ တယ်။ ဘာသာရပ်တစ်ခုက ဆရာကြီးတစ်ဦးကို ကျွန်တော်တို့ ကျောင်းသားတွေက အစာမကြေ ကြဘူး။ ဘာကြောင့်လဲ လို့ တိတိပပ ထောက်ပြစရာ အကြောင်းတစ်စုံတစ်ရာ ရှိတာလည်း မဟုတ်။ အသားလွတ်ကြီး ဗျာ။ တစ်ရက်မှာ ဆရာကြီးစာသင်ခန်းထဲ "လက်ချာ" ပေးဖို့ ၀င်လာပါ တယ်။ ကျောင်းသား၊ ကျောင်းသူတွေ အားလုံး ကျွတ်ကျွတ်ညံ ဆူနေရာက ရုတ်တရက် ငြိမ်ကျသွားတယ်။ ကျွန်တော် နဲ့ ကပ်ရက် သားထိုင်နေတဲ့ သူငယ်ချင်းငတိက အလိုက်ကမ်းဆိုမသိ စကားတွေ ဆက်ပြောနေတာ။ ဆရာကြီး က သူ့ကို လှမ်းကြည့်လိုက်ပြီး -
" စကားပြောလို့ ပြီးပြီလားခင်ဗျာ "

လို့ ပဋိသန္ဓာရ ပြုလိုက်ပါတယ်။ ကျွန်တော် သိလိုက်ပြီ။ ဆရာကြီး နှာတင်းနေပြီဆိုတာ။ စာစသင်တော့ ဆရာ က အေးအေးဆေးဆေး ဘာမှ မဖြစ်သလိုပါပဲ။ သင်ရင်းတန်းလန်းက လက်တွေ့လုပ်ရတဲ့ Procedure တစ်ခုနဲ့ ပတ်သက်ပြီး ကျောင်းသား၊ ကျောင်းသူတွေကို စာမေးလိုက်ပါတယ်။ ကျွန်တော်ကတော့ ဘာသိ ဘာသာ။ ဘေးကသူငယ်ချင်း က ဒီတစ်ချီလည်း အရိပ်အကဲမကြည့်ဘဲ သူသိတယ်ဆိုပြီး လက်ထောင် လိုက် ပါလေရော။
ထင်တဲ့အတိုင်းပဲ ဆရာကြီးက သူ့ကို တည့်တည့်ကြည့်ပြိး -
" ကဲ ဖြေပါဦးခင်ဗျ "
လို့ပြောတော့ ဒီကောင်က ထင်ရာစွတ်ဖြေလိုက်တာ။ အဖြေက အမှားကြီး။ အဲဒီမှာ ဆရာကြီးက အားလုံး ကြားလောက်အောင် ရယ်သွမ်းသွေး ပြီး ဒီကောင့်ကို ချေချွတ်တော့တာ။ ပညာတတ် ကြိမ်လုံးနဲ့ လှိမ့်ရိုက် တော့ တာ။ ကျွန်တော့် ရင်ထဲထောင်း ခနဲဖြစ်သွား။

နောက် Topic တစ်ခု စတင်တော့ ဆရာကြီးက -
" ခင်ဗျား တို့ ကံကောင်းတယ်ဗျ။ ကျွန်တော်တို့ ခေတ်တုန်းက ဒီအကြောင်းမသင်ခဲ့ရဘူး"
လို့ နိဒါန်းပျိုး ပါတယ်။
ကျွန်တော်က ပါးစပ်က လွှတ်ခနဲ -
" ဒါကြောင့် ဆရာကြီးတို့ သိပ်မတတ်တာပေါ့ "
လို့ ပြောလိုက်မိ။
အသံက လိုတာထက် နည်းနည်း ပိုကျယ်သွားတယ် ထင်ပါရဲ့။ နားပါးလှတဲ့ ဆရာကြီးက ကြားဖြစ်အောင် ကြားလိုက်ပုံ ရတယ်။
ကျွန်တော့် ကို တည့်တည့်ကြည့်ပြီး -
" ဟုတ်ပါတယ်ခင်ဗျ။ ကျွန်တော်တို့က ခင်ဗျားတို့လောက် မတတ်ပါဘူးခင်ဗျ"

လို့ တမင်လုပ်ထားတဲ့ မန္တလေးနဲ့ တုံ့ပြန်လိုက်ပါတယ်။ ဟာ ... သွားပြီ။ ဒီဘာသာမှာ ငါတော့ကွဲပြီ။ ရင်ထဲ မှာ တော်လည်းသံကြီး မြည်ဟိန်းပေါက်ကွဲ။ အဲဒီဘာသာရပ်ကို ကျွန်တော် ဖိုင်နယ်မှာ Grade-4 နဲ့ အောင်ခဲ့။ ကျွန်တော့်ရဲ့ ပူပန်မှုကြီးက မလိုအပ်ခဲ့ပြီကော။ အနှီဆရာကြီးသည်လည်း ကျွန်တော်တို့ ထင်တာ ထက် နှလုံးစိတ်ဝမ်းကြီး တဲ့ လူသားကြီးတစ်ဦး ဖြစ်နေခဲ့ချေသည်တကား။ ကျွန်တော့်အတွက်တော့ ရောဂါဗေဒ တုန်းကလိုပဲ အဲဒီဘာသာရပ်ကို လေ့လာတိုင်း နားလည်ဖို့ ခက်ခဲရ ပင်ပန်းတကြီးဖြစ်ရလေ။

(၃)

ဘွဲ့လွန်တတ်တာ ၁၉၈၃-၁၉၈၅။ ၂ နှစ်တာကာလ။ ပထမနှစ်အပြီးမှာ ဌာနမှူးက အငြိမ်းစားယူသွားပါတယ်။ ဒါနဲ့ ရန်ကုန်က ဆရာကြီးတစ်ဦးက ဌာနမှူးတာဝန် ထမ်းဆောင်ဖို့ ရောက်လာ တယ်။ အငြိမ်းစားယူသွားတဲ့ ဆရာမကြီးက မန္တလေးဆေးလောကမှာ သြဇာကြီးလှတဲ့သူ။ နောက် ရောက်လာတဲ့ ဆရာကြီးက မန္တလေးဆေးလောက မှာ လူသိနည်းလှသူ။ "လူကြမ်းမင်းသားကြီး"၊ "ခွသမား ကြီး"ဆိုတဲ့ နာမည်ကလည်း သူမရောက်ခင် ကတည်းက မန္တလေးကို ရောက်နှင့်နေတာ။
ကျွန်တော် တို့ ဘွဲ့လွန်ဒုတိယနှစ်မှာ ဆရာကြီးနဲ့ စထိတွေ့ရတယ်။ ဆရာကြီးက ဟောဟောဒိုင်းဒိုင်းသမားကြီး။ စိတ်ထဲရှိ ရာ ပြောချလိုက်တာ။ ဘွဲ့လွန်သင်ကြားရေးနဲ့ နည်းနည်းအလှမ်း ကွာနေတာကြာပြီ။ ဒါကြောင့် ဘွဲ့လွန် သင်တန်းသားတွေကို လေ့ကျင့်ပြင်ဆင်ရာမှာ သင်ကြားရာမှာ "ဒိတ်" အောက်နေတယ်ပြောရမလားပဲ။ ဒီတစ်ချက်တည်း နဲ့တင် ကျွန်တော်(တို့)က အမှတ်လျှော့ပြီး သားဖြစ်နေပြီ။ မူလဌာနမှူးကို ကျွန်တော်တို့ တစ်တွေ ခင်တွယ်ကိုးစား ကြည်ညိုလွန်းလှတာကြောင့် နောင်မှရောက်လာတဲ့ ဆရာကြီးကို လက်ခံကိုင်းညွှတ် ရမှာ ကျွန်တော်တို့ အတွက် ခက်ခဲခဲ့ရလေသလား (ဒါက ခုမှ ပြန်သုံးသပ်မိ တာ။)

" ဟေ့ ဒီဆရာကြီး က တို့ရဲ့ ပထွေးပဲကွ။ မိခင်ရင်းလိုတော့ တို့အပေါ် ဘယ်စိတ်ကောင်းရှိပါ့မလဲ"
လို့ ကျွန်တော် (တစ်ယောက်တည်း) တွေးလည်းတွေး။ ပြောလည်းပြော။ ဒီလို စိတ်အခုအခံနဲ့ဆိုတော့ ဆရာကြီး စာသင် တိုင်း ကျွန်တော်က ခံခံငြင်းတယ်။ ငြင်းရာမှာလည်း ပြေပြေလည်လည် ယဉ်ယဉ်ကျေးကျေး ဟုတ်ဟန် မတူဘူး။
" ခင်ဗျား ပါမောက္ခ/ဌာနမှူး လုပ်ပြီး ဒါလေးမှ မသိဘူးလား"ဆိုတ့ မျက်နှာပေးနဲ့။ (ဒါလည်း ခုမှ ပြန်တွေးမိ တာပါ။ ဟိုတုန်း ကတော့ ရဲရင့်မျက်နှာနဲ့လို့ ထင်ခဲ့တာပါ။) ရုံထဲမှာ "ရောင်း" လှည့်ရင်း စာမေးရင်လည်း ကျွန်တော် နဲ့ ဆရာကြီး တဂျိန်းဂျိန်းပေါ့။

ဒီလို ဗိန်းဗောင်းသံ လေးကင်းသံတွေကြားထဲကနေ စာမေးပွဲကြီး ဆိုက်ရောက်လာခဲ့ပေါ့။ ရန်ကုန် ဆေး တက္ကသိုလ် (၁)နဲ့ (၂)က ဆရာ၊ ဆရာမကြီးတွေနဲ့ မန္တလေးဆေးကျောင်းက ဆရာ၊ ဆရာမကြီးတွေ ပေါင်းဆုံပြီး စစ်ဆေးကြရ တဲ့ ပွဲကြီးပေါ့။ Short Case  လို့ခေါ်တဲ့ လူနာရောဂါလက္ခဏာပြချက် (Physical Signs)တွေကို စမ်းသပ်စစ်ဆေးရ တဲ့ Stationမှာ ကျွန်တော် ဆရာကြီးနဲ့ဆုံတယ်။ လူနာရဲ့ အဆုတ်ကို နားကြပ်နဲ့ နားထောင် စစ်ဆေးရာမှာ နားကြပ်ရဲ့ Bell နဲ့နားထောင်မလား၊ Diaphragm နဲ့ နားထောင်မလား ဆိုတာကစပြီး အချေအတင် ငြင်းခုံ ရပြန်ပါလေရော။ ဆရာကြီးက နည်းနည်းမှမလျှော့။ ကျွန်တော် ကလည်း ရွှေးစေ့ မျှ နောက်မဆုတ်စတမ်း။ ကျွန်တော်က စာအုပ်အကိုးအကားတွေနဲ့ ပြန်ငြင်းပြန်ချေပ။ ဆရာကြီး မယုံရင် ပြန် Check လုပ်ကြည့်ပေါ့ လို့ စိန်ခေါ်လိုက်မိ။ ဆရာကြီး တော်တော်စိတ်ဆိုးသွားပုံရတယ်။ အဲဒီ Station မှာ ကျွန်တော် မအောင်ဘူး။

နောက်ဆုံး Viva (နှုတ်ဖြေ) ခုံထိုင်ရတော့ ဆရာကြီးနဲ့ ထပ်ဆုံရပြန်တယ်။ ရှေးရေစက် အထောက်အပံ့အား ကြီးလိုက် ပုံ။ ECG မေးဖြေတုန်း မိုးမီးလောင်တော့တာပါပဲ။ လောင်စာတွေက များနေမင့်ကိုး။ အဲဒီ ECG က ကျွန်တော် ဆွဲထားတဲ့ ECG ကျွန်တော့်လက်ရေးနဲ့။ အဲဒီလူနာအကြောင်းလည်း ကျွန်တော်က သေသေချာ ချာ သိနေ တာ။ အရင်ဌာနမှူးက ECG ကောင်းကောင်းတွေ့ရင် သိမ်းထားပေးပါဆိုလို့ ကျွန်တော် သိမ်းပြီး ပေးထားတာ ကို အခု ဆရာကြီးက စာမေးပွဲမှာ ထုတ်သုံးတာ။ ဒီတော့ ကျွန်တော်က ကိုယ်အပိုင်ပဲ ဆိုပြီး ထောင်ထောင် ထောင်ထောင်နဲ့ ဖြေမိတာနေမှာပေါ့။ Technical Point တစ်ခုနဲ့ ပတ်သက်ပြီး ဆရာကြီး နဲ့ ငြင်းကြခုံကြရာမှာ ပွဲက ကြမ်းသည်ထက် ကြမ်းလာတယ်။

နောက်ဆုံး ဆရာကြီးက ထိုင်ရာကနေ မတ်တတ်ရပ် ကျွန်တော့်ကို စီးမိုးကြည့်ပြီး -
" နေပါဦးကွ၊ စာမေးပွဲ လာစစ်တဲ့ Examiner က မင်းလောက် မတတ်ဘူး ထင်လို့လား "
ပြောပြီး ငေါက်တော့တာ ပါပဲ။ နောက် ဆက်ပြောတာက -
" မင်း သေသေချာချာ စဉ်းစားဖြေ။ ငါတို့က မင်းကို အမှတ်ပေးတော့မှာ" တဲ့။
အဲဒီ အဆင့်ကျ မှ ကျွန်တော် ကိုယ်ရှိန်သတ်လိုက်ပါတယ်။ မဟုတ်ရင် အနီကတ်ထိတော့မှာ။ အဲဒီ Station မှာလည်း ကျွန်တော် သိုးကာသီကာ ကျပြန်တယ်။ နောက်ဆုံးပိတ်အောင်၊ ရှုံးဘုတ်ထိုင်ကြရာမှာ ကံကောင်း အကြောင်းထောက်မ စွာ ကျွန်တော် အောင်ခဲ့တယ်။

(၄)

ဘွဲ့လွန်သာ အောင်သွားတယ်။ စိတ်ထဲက မကျေလည်။ ကျွန်တော်ဘွဲ့တက်မယူခဲ့။ စိတ်နာသလိုလိုဖြစ်လို့။ ဆရာကြီး က -
" ဒီကောင်တွေ ဘွဲ့လွန်သာ အောင်ထားတာ။ ဘာမှတတ်သေးတာ မဟုတ်ဘူး "
ဆိုပြီး သူ့ရုံထဲ ကျွန်တော်တို့ကို စုခေါ်ထားတယ်။ စိတ်ထဲမှာတော့ ငါတို့ကို "ပညာပေး"ဖို့ တမင်ခေါ်ထားတယ်ပဲ ထင်နေတာ။
ရုံထဲ မှာ လူနာ လှည့်ကြည့်ရာမှ ဆရာကြီးက -
" မေးခွန်းမိုးရွာသည် ဖြိုင်ဖြိုင်လော၊ ဖြိုင်ဖြိုင်" ပေါ့။ ကျွန်တော်ကလည်း "မေးခွန်းသိန်းသန်း၊ များစွာလွန်း သည်၊ ထက်ဝန်းရံသ။ မနိုင် မနိုင်"လို့ ကြွေးကြော်ပြီး တန်ပြန်ခုခံ ကာကွယ်ရတာ။ ဆရာကြီးက မဲလေသဲလေ။ ကျွန်တော် က ပြန်ချဲလေ ပြန်ခဲလေ။ မန္တလေး ဆေးလောကရဲ့ တပ်မှူးသဖွယ်။ "ငါကယ် မှ ဖြစ်တော့မကိုး" ဆိုတဲ့ပုံ နဲ့။

တစ်ရက် ပျဉ်းမနား၊ လယ်ဝေးဘက် ကွင်းဆင်းဆေးကုဖို့ သွားကြရာမှာ သားဖွားမီးယပ် အထူးကုဆရာဝန် တစ်ဦး နဲ့ စကားလက်ဆုံကျမိတယ်။ ကျွန်တော်ဘွဲ့လွန်စာမေးပွဲအကြောင်း စကားစပ်မိပြီး ရိုးရိုးအောင်တာ လား။ Credit နဲ့ အောင်တာလားလို့ မေးလိုက်တော့ ဓာတ်ဆီပေပါ ပုံးကြီးပေါ် မီးပွားကျသွားသလို ကျွန်တော့်ရဲ့ မီးပုံကြီး ထတောက်ပေါ့။ ကိုယ့်အလွမ်းဇာတ်ကို ဇာတ်နအောင် သာသာထိုးထိုးလေးပြောပြီး ဇာတ်စုံခင်း လိုက်ပါတယ်။ ဆရာကြီးက ကုန်းရုပ်နေရာက ဆိုတာတော့ ပြောစရာမလိုပါဘူးနော်။
အရင်တုန်းက ဒီလိုပြောလိုက်ရင် ကြားရတဲ့သူက စုတ်တသပ်သပ်။ ဟုတ်တယ်။ ဆရာကြီးဆိုးတာပ။ မောင် ရင်က မှန်တာပ။ မတရားခံရတာပ။ ဒီလိုပဲ "ဖိုက်" ရမှာပ။ ဒီတစ်ကြိမ်မှာတော့ သူငယ်ချင်းက ဘာမှ မှတ်ချက် မချဘူး ကျွန်တော် မှန်တယ်လည်းမပြော။ ကျွန်တော် မှားတယ်လို့လည်းမဆို။ ကျွန်တော် ဘာဆက်ပြောရမယ် မသိ။
သူငယ်ချင်းက တွေးနေ တွေနေရာကနေ -
" ကျွန်တော် ဌာနတစ်ခုမှာ အလုပ်ဝင်စတုန်းက ဆရာလတ်တွေက ဆရာကြီးတစ်ဦးအကြောင်း မကောင်း ပြောတာ များလှတော့ ကျွန်တော်က အဲဒီဆရာကြီးကို ကိုယ်နဲ့ဘာမှမဖြစ်ဘဲ အလိုလို စွတ်မုန်းတီးနေ မိတယ်။ တစ်ရက် မှာ အကြောင်း သေးသေးမွှားမွှားကလေးတစ်ခုနဲ့ပဲ ဆရာကြီးနဲ့ကျွန်တော် စကားများ ရတယ်ဗျ။ ကျွန်တော် တော်တော် စိတ်မကောင်းဖြစ်ရတယ်။ ကျွန်တော်ဗျာ တစ်ချိန်မှာ ဆရာ လတ် အဆင့်ရောက် ရင် "ကြားလူ" ကောင်းကောင်းလုပ်ချင်လိုက်တာ။

ဆရာကြီး နဲ့ ဆရာငယ်တွေကြား ပြေပြေလည်လည် ငြိမ်းငြိမ်းချမ်းချမ်းဖြစ်စေ့ချင်တာ။ ဆရာငယ်တွေကို ဆရာကြီး က ဒီလိုပဲ အော်တယ် ဆူတတ်သော်လည်း စိတ်ရင်းစေတနာကောင်းကြောင်း၊ တပည့်တွေကို အစဉ်မပြတ် စောင့်ရှောက် တတ် ကြောင်း ပြောပြမယ်။ ဆရာကြီးကိုလည်း ဆရာငယ်တွေ၊ ကလေးတွေ လိမ္မာကြောင်း။ အခုဖြစ်ရတာက သူတို့နားမလည်လို့ အတွေ့အကြုံမရှိလို့ ဖြစ်ရကြောင်း၊ ဆရာကြီးကို တမင် အရွဲ့တိုက်တာမဟုတ်ကြောင်း စသည်ဖြင့် ရှင်းပြမယ်ဗျာ။ အဲဒီလို "ကြားလူ" လုပ်ချင်တာ "
လို့ တွေးတွေးဆဆ ပြောပါတယ်။ အဲဒီညမှာ ကျွန်တော် အတွေးနက်ရပေါ့။

ဆရာကြီး နဲ့ ဖြစ်တဲ့ပွဲမှာ ဆရာကြီးဘက်ကပဲ မှားတယ်ထားဦး။ ကျွန်တော်ကကော မှန်နေလို့လား။ တစ်ဖက် လူ မှားကာမျှ နဲ့ မိမိက အလိုလို မှန်သွားလေရော့လား။ သူတစ်ပါး အပြစ်တွေ့ကာမျှနဲ့ မိမိအပြစ် အလိုလို ကင်းပ သွားလေရော့လား။
ကျွန်တော့်အတွက် ညတာအရှည်ဆုံး ညတစ်ညဖြစ်ခဲ့ပေါ့။ ဆရာကြီး နေရာကနေ ကျွန်တော် နေကြည့်မိ တယ်။ ပထမဆုံး အကြိမ်။ ကျွန်တော့် အပြုအမူ၊ စိတ်နေခံယူချက်က ဆရာကြီး စိတ်ဆိုးစိတ်ကွက်စရာ အပြည့်။
ကျွန်တော် ပျော့ပျောင်း လို့ နူးညံ့လို့သွားတယ်။ မိုးလည်းလင်း ကျွန်တော်လည်း လင်းခဲ့ပေါ့။ ဆရာကြီးကို ဇနီးသည်နဲ့ အတူ အိမ်တိုင်ရာရောက်သွားပြီး ကန်တော့တယ်။ ထိခြင်း (တည်ခြင်း) ငါးပါးနဲ့။ မာန်ဟုန် အကုန်ချ။ ဆေးပညာ ကို သင်ယူလို့ရခဲ့တာ၊ နောင်စာမေးပွဲတွေကို ခဲခဲယဉ်းယဉ်း ပင်ပင်ပန်းပန်း မဖြေရ ဘဲ အောင်မြင်ခဲ့တာ ဤမျက်ပြေသူတော်ကျင့်ထုံးကြောင့် ဖြစ်လိမ့်မည်။

ရွက်နုဝေ၊ ဖေဖော်ဝါရီလ၊ ၂၀၀၈
.

1 comment:

Thu said...

A good illustration of scholars's pride and fulfill heart by widen knowledge.