ပီယာဘိုဒီ
စန်ကာလို
(၁၉-ရက်မြောက်နေ့)
နောက်ပိုင်းတွင် ကျွန်တော့် နှလုံးခုန်သံကို သူ ဂရုမစိုက်တော့။ လက်ချောင်းကလေးများဖြင့် ပွတ်ဟယ်သပ်ဟယ် မလုပ်တော့။ စည်းရုံးသည့် လေသံဖြင့်လည်း တလေးတစား စကားချိုသာ မဆိုလာတော့။ ဒိုင်ခွက်ပေါ်မှ ခလုတ် ကို အပြာရောင် ပြောင်းလိုက်ပြီးကတည်းက ဖြစ်၏။
ကျွန်တော် သူ့ကို အနိုင်ရသည်မှာ မှန်ပါ၏။ သို့သော် သေရမည်က မုချ ဖြစ်ပါသည်။ သူတစ်ယောက်တည်း မဟုတ်တော့။ အစောင့် တစ်ယောက် သူ့ကို ၀ိုင်းကူပေးသည်။
ခလုတ်တစ်ချက်နှိပ်ပြီးတိုင်း ပါးစပ်ထဲက ရော်ဘာတုံးကို ဆွဲယူကာ ကျွန်တော့်ပါးစပ်နားသို့ နားကပ် ထောင် သည်။ ပြီးတော့ စိတ်ပျက်လက်ပျက် ခေါင်းခါပြီး ထွက်သွားသည်။ ပြီးတော့ ရော်ဘာတုံးကို ပါးစပ်ထဲ အတင်း ပြန်ထိုး ထည့်ကာ နောက်တစ်ခါ အလုပ်စပြန်သည်။ ကျွန်တော့် အသိအာရုံ တစ်ခု လုံး မှောင်ကျသွားပြန်သည်။ ပြီးတော့ လင်းလိုက် မှောင်လိုက်၊ သတိရတစ်ချက်၊ မရတစ်ချက်။ ကျွန်တော့် နားထဲတွင် အစောင့်တစ်ယောက် ပြောသံသဲ့သဲ့ ကြားလိုက်သည်။
"သူတစ်ခုခု ပြောတယ်၊ နာမည်တစ်ခုခုကို ပြောနေတယ် ဗိုလ်ကြီး"
ဖမ်ဘိုနာ့အသံ ကို ကျွန်တော့် မျက်နှာနားကပ်ပြီး ကြားလိုက်သည်။
"ဘာနာမည်လဲ၊ ဘယ်သူလဲ"
"ဂျော်ဂျီ တဲ့ ဗိုလ်ကြီး၊ နှစ်ခါတောင် ပြောတယ်"
သူ့မျက်နှာကို ကျွန်တော် ရေးရေးလှမ်းမြင်သည်။ ဒေါသကြောင့် ဆတ်ဆတ်တုန်နေသည်။ နှုတ်မှ ...
"ခွေးသား ... ကျူးဘားကောင်"
ဟု ဆိုကာ ခလုတ်ကို တစ်ဆင့်တက်သည်။ ကျွန်တော် မေ့မြောမတတ် ဖြစ်သွားပြန်၏။ သေတ္တာမည်းကလေးကို ကျွန်တော့် မျက်နှာ နားကပ်ပြီး နှစ်ခါ သူမေးသည်။ နှစ်ခါလုံး ကျွန်တော်က မျက်စိမှိတ်လျက်က ပြုံးပြီး ဂျော်ဂျီ နာမည်ကို ခေါ်သည်။
နောက်ပိုင်းတွင် ဆိုဇင်နစ်ဇင် မှန်နေပါပြီကော။ စိတ်ပိုင်းကို ရုပ်က ဥပေက္ခာပြုနိုင်ခြင်း။ ကျွန်တော့် ခံစားမှုတွေ သေ သွားပြီ။ ထို့ကြောင့် နာကျင်ထုံထိုင်းမှုတွေ မရှိတော့။
ကျွန်တော့် ခန္ဓာကိုယ်ကို သွေးကြောများက မြှောက်ပင့်ပေးလိုက်သလို ခံစားလိုက်ရ၏။ အချုပ်အနှောင် များကြား မှ အပေါ်သို့ မြောက်တက်သွားသည်ဟု ခံစားလိုက်ရ၏။ ရှိသမျှ အာရုံကြောတွေ ဆတ်ဆတ်ခါသွားသည်။ ငယ်သံ ပါအောင် အော်လိုက်မိသည် ထင်၏။ အော်ဖြစ်လျှင်လည်း ကျွန်တော့် စိတ်က မဖြစ်နိုင်။ အာခေါင်ခြစ်ပြီး အော်ခြင်း ဖြစ်လိမ့်မည်။ စိတ်စွမ်းအင်ကို မြှင့်တင်ရင်းမြှင့်တင်ရင်း အမှောင်ထု ထဲ ရောက်သွားပြန်၏။
ပြန်သတိရလာတော့ နားထဲတွင် ၀ိုးတ၀ါး အသံများ ကြားနေရသည်။ ဖမ်ဘိုနာက သူ့တပည့်ကို ပြောနေသံ။
"မင်း သွားအိပ်တော့၊ သူ့ကို နာရီဝက် အနားပေးလိုက်မယ်၊ သန်းခေါင်ကျမှ ပြန်စမယ်၊ ဆယ့်နှစ်နာရီခွဲမှ သူ မပြော ရင် ငါ ဆေးထိုးတော့မယ်"
နာရီဝက် စောင့်ရဦးမယ် တဲ့၊ နှိပ်စက်ခံဖို့ နာရီဝက်၊ ထိုနာရီဝက်၏ အခြားမဲ့တွင်ကား သေခြင်း၊ ငြိမ်းချမ်း အေးမြနေသော နေရာသို့ သွားရမည့် အချိန်စာရင်း။ ဂျော်ဂျီရေ ... မင်းဆီကို ငါလာနေပြီ။
× × ×
ဆလိုကမ်
နစ်မစ်ဇ်
(၂၀-ရက်နေ့မြောက်၊ ညသန်းခေါင်)
အစည်းအဝေးခန်းထဲတွင် ညွှန်ကြားချက် ပေးတဲ့ ကိစ္စခဏလေးနဲ့ ပြီးသွားတယ်။ အစီအစဉ် ပြောင်းလဲတာက မဆိုစလောက် ကလေးပါပဲ။ ကျုပ်က သံရုံးဝန်ထမ်းအိမ်ရာရဲ့ အနောက်ဘက်မှာ ဆင်းမယ်။ ကျုပ်တို့ရဲ့ အကောင်း ဆုံး လေယာဉ်မှူး ရော့ဒရစ်ကို ခေါ်သွားမယ်။ ဘရန်းနဲ့ ကားကိုလည်း ကျုပ်နောက်မှာ ဆင်းခိုင်းလိုက် တယ်။ သူတို့ သုံ့ပန်းတွေထားတဲ့ အဆောင်ကို ချက်ချင်း ပြေးသွားမယ်။ မွန်ကာဒါ ရဲ့အဖွဲ့က နောက်ပိုင်းနဲ့ ဘေးနှစ်ဖက်မှာ ပြေးပြီး ချဉ်းကပ်ရမယ်။
သံအမတ်ကြီး ကို ချုပ်ထားတဲ့ လုံခြုံရေးခန်းကို ရော့ဒရစ်က ကျွန်တော်နဲ့ လိုက်လာရမယ်။ သံအမတ်ကြီးကို ထုတ်ပြီးတာ နဲ့ သူ့လက်ကိုအပ်ပြီး ကျုပ်က ချေမှုန်းရေး တိုက်ပွဲဆင်မယ့် အဖွဲ့နဲ့ ပြန်ဆုံမယ်။ ကာစတင်နီဒါရဲ့ တပ်စုက ၀န်ထမ်းအိမ်ရာ အစောင့်တွေကို ၀င်စီးရမယ်။
အဲဒီအချိန်မှာ သူတို့ အိပ်ပျော်နေကြမှာပါ။ စကာဆာနဲ့ သူ့လူတွေက သံအမတ်ကြီးရဲ့ အိမ်ကို ၀ိုင်းထားပြီး ခုခံတဲ့ လူတွေ ကို စပြီးပစ်ရမယ်။ ကျုပ်တို့ အချင်းချင်းဟာ ကြိုးကျအောင် လေ့ကျင့်ထားတဲ့ ရေဒီယို တယ်လီဖုန်းစနစ်နဲ့ အဆက်အသွယ် လုပ်မယ်၊ ကျုပ်က သွေးစုပ်ကောင်တစ်၊ ရော့ဒရစ်က သွေးစုပ်ကောင်နှစ်၊ အလန်နဲ့ကားက သုံးနဲ့လေး။ မွန်ကာဒါ က အစိမ်းရောင်တစ်၊ သူ့လက်ထောက် က အစိမ်းရောင်နှစ်၊ ပြီးတော့ သုံးလေးပေါ့။ နောက် အပြာ၊ အ၀ါ၊ အနီနဲ့ ကျန်တဲ့ နံပါတ်တွေကို ကာစတင်နီဒါ၊ စကာဆာ၊ ဂိုမက်စ်နဲ့ သူ့လူတွေ ကိုလည်း ပေးထားပြီးပြီ။ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ဖို့ ခေါ်မယ့် သင်္ကေတတွေကတော့ ကင်းထောက် သင်တန်းတုန်းက အတိုင်းပဲ။ ကျုပ် ပြောပြီးတာနဲ့ ရေတပ် ဗိုလ်ချုပ် မတ်တတ်ထရပ်တယ်။
သူက ကြည်လင်ပြတ်သားတဲ့ အသံနဲ့ ...
"ရဲဘော် တို့ အားလုံးဟာ သူရသတ္တိ အပြောင်မြောက်ဆုံး အမေရိကန်တွေ ဖြစ်တယ်၊ မင်းတို့ အားလုံးအတွက် ငါ ဂုဏ် ယူတယ်၊ ဒီသင်္ဘော တစ်စင်းတည်းတွင် မကဘူး စစ်သင်္ဘောပေါင်း မြောက်မြားစွာဟာ မင်းတို့နောက်မှာ ရှိနေကြ တယ်၊ ဒါပဲ ... ကံကောင်းပါစေ"
သူပြောတဲ့အတိုင်း ဟုတ်ပါတယ်။ စစ်ကူအင်အားက ကျုပ်တို့ဘက်မှာ လိုတာထက်တောင် ပိုနေ သေးတယ်။ ကျုပ်အဖွဲ့သားတွေ လူစုမခွဲခင် အုပ်စုခေါင်းဆောင်တွေနဲ့ အချိန်ကိုက်ဖို့ အချိန် နည်းနည်းလေး ရလိုက်တယ်။ ကျုပ် တို့ ဆင်းပြီးလို့ ရှင်းလင်းပြီးတာနဲ့ လူတွေ သယ်ဖို့ ရဟတ်ယာဉ် နဲ့ အချိန်ကိုက်ဖို့ ဆက်သွယ် ဖို့ ရေဒီယိုအရာရှိ ကိုယ်တိုင် ပါလာဖို့ စတဲ့ကိစ္စတွေ ထပ်ဆွေးနွေး တယ်။ ကျုပ်က ရှေ့တန်း တိုက်စစ်မှူး။ နောက်တန်းမှူး ဆိုင်မွန်။
× × ×
ကျုပ်တို့အားလုံး စွန်တွေနဲ့ အဆင်သင့် ဖြစ်နေပြီ။ သင်္ဘောသားတွေက အတောင်ပံစွန်းတွေကို ၀ိုင်းကိုင်ပေး ထားကြတယ်။ ကင်းဘတ်စတွေဟာ လေထဲမှာ တဖျပ်ဖျပ် မြည်နေတယ်။ ယူရမယ့် ပစ္စည်းတွေကို ပြန်စစ်ကြတယ်။ လေ့ကျင့်ပြီးသားဖြစ်လို့ အချိန်မကြာလိုက်ဘူး။ နှစ်ယောက်သား မျက်နှာချင်း ဆိုင် ရပ်ပြီး တစ်ယောက်ကို တစ်ယောက် အပြန်အလှန် စစ်ကြတယ်။
ဓား ပါတယ်။
မျက်ရည်ယိုဗုံး - ၄၊ ပါတယ်။
မီးကျည်လက်ပစ်ဗုံး-၄၊ ပါတယ်။
လက်ပစ်ဗုံး-၄၊ ပါတယ်
စက်သေနတ် ပါတယ်။
ကျည်ကပ်-၆၊ ပါတယ်။
အသံတိတ်ပြောင်းပို ပါတယ်။
ပစ္စတို ပါတယ်။
တစ်လုံးပြူး ပါတယ်။
သံခမောက် ပါတယ်။
လက်ထိတ်၊ ခြေထိတ်-ငါးခုစီ ပါတယ်။
ပလတ်စတစ် အသက်ကယ် လှေပါတယ်။
သူတို့ အတွဲလိုက် စည်းချက်ညီညီ လုပ်နေချိန်မှာ ကျုပ်က တစ်ယောက်တည်း ကိုယ့်ကိုယ်ကို ငုံ့ကြည့်ပြီး ပါတယ်၊ ပါတယ် နဲ့ ခပ်ကြောင်ကြောင် လုပ်နေရတယ်။ စိတ်ထဲမှာ အထီးကျန် ဝေဒါနာကို ခံစားလိုက်ရတယ်။ ချက်ချင်း တာဝန်ပိုင်း ကို ခေါင်းထဲ ပြန်သွင်းရတယ်။
ကျုပ်လူတွေ အားလုံး အန္တရာယ်စက်ကွင်းထဲကို ၀င်ကြရတော့မယ်။ သံရုံးဝင်းထဲ ဆင်းမီတာနဲ့ တစ်ပြိုင်နက် လှုပ်ရှားဆို့ ကျပ်ကျပ်ကြီး ဖြစ်သွားတယ်။
နာရီ ကို ငုံ့ကြည့်တော့ ဆယ့်နှစ်နာရီ ငါးမိနစ်။ အားလုံး အသင့်အနေအထေား ဖြစ်နေကြပြီ။ တစ်ပုံစံ တည်း ဖြစ်နေအောင် အဖြူကောင်အားလုံးရဲ့ မျက်နှာတွေကို ဆီမည်းတွေ လိမ်းထားပြီးပြီ။ အုပ်စု ဗိုလ် လေးယောက် ကျုပ်ရှေ့မှာ တန်းစီးနေကြတယ်။ တစ်ခါက အင်္ဂလိပ်ဗိုလ်ချုပ် ၀ယ်လင်တန် ပြောတာ သွားသတိရ တယ်။ သူက တပ်တွေကို စစ်ဆေးပြီး မှတ်ချက်ချတာလေ။
"ရန်သူ ကို သူတို့ ဘယ်လို တိုက်မယ်ဆိုတာတော့ မသိဘူး၊ ၏ါပေမယ့် သူ့ကိုကြည့်ရတာ ကျုပ်တောင် ကြောက် လာတယ်တဲ့"
လေးယောက်တစ်တွဲ ရပ်နေတဲ့ သူတို့ပုံတွေက ကျောချမ်းချင်စရာ။ သူတို့တစ်ကိုယ်လုံးမှာ သေနတ်တွေ၊ လက်ပစ်ဗုံးတွေ တိုးလိုးတွဲလဲနဲ့ ရှုပ်ယှက်ခတ်နေတာပဲ။ တချို့ စလွယ်သိုင်းလို့၊ တချို့ လည်ပင်းမှာ ဆွဲလို့။ ရေဒီယို တယ်လီဖုန်းပါတဲ့ ဦးထုပ်ကိုယ်စီနဲ့။ သူတို့ နောက်ဆုံးအမိန့်ကို စောင့်နေကြတယ်။ တကယ်တော့ ဘာမှ ပြောစရာ မလိုတော့ပါ။ သူတို့ထက် ပိုပြီးမာကျောတဲ့ ကျုပ်ဆီက တစ်စုံတစ်ရာ ညွှန်ကြားချက် ထပ်ရလို ရငြား သူတို့ စောင့်နေကြတာ ထင်ပါရဲ့။ ကျုပ် သူတို့ကို တစ်ယောက်ချင်း ပွေ့ဖက်နှုတ်ဆက်ဖို့ သင့်တာပေါ့။ ဒါပေမယ့် ကျုပ်လိုကောင်က အဲဒါမျိုးမှ မလုပ်တတ်တာ။
"ကဲ ... ခွေးမသား လေးကောင်း၊ မင်းတို့ အဆင်သ့် ဖြစ်ပြီဆိုရင် မင်းတို့ကောင်တွေကို ကိုယ့်စွန်ဆီ သွားဖို့ တန်းစီ ခိုင်းလိုက်"
အမှောင်ထဲမှာ သွားတွေ ဖွေးခနဲ ပေါ်အောင် သူတို့ ပြုံးကြတယ်။ ကျုပ် ထင်တဲ့အတိုင်း ကျုပ်ဆီက သူတို့သည် စကားလုံးမျိုး ပဲ မျှော်လင့်နေကြတာပဲ။ ပျံသန်းရေးအရာရှိ ရေတပ်ဗိုလ်ကလေးက ကျုပ်နံဘေးမှာ ရပ်ပြီး ...
"လေးမိနစ် လိုသေးတယ် ဗိုလ်မှူးကြီး"
ကျုပ်က စက်သေနတ်၊ ခေါက်ထားတဲ့ ရော်ဘာလှေနဲ့ ဦးထုပ်ကို ကောက်ယူပြီး အကျယ်ကြီး အော်လိုက်တယ်။
"ကဲ ... သွားမယ်"
လေတဟူးဟူး တိုက်နေတဲ့ ကုန်းပတ်ပေါ်ကို ကျုပ်တို့ တက်ခဲ့ကြတယ်။ ကျုပ်စွန်က ရှေ့ဆုံးကပေါ့။ နယူးမင်းနဲ့ အလန်က စွန်နဲ့တွဲထားတဲ့ စက်တွေကို နောက်ဆုံးအကြိမ် ထပ်ကြည့်နေကြတယ်။ ကြက်မကြီးက ကြက်ကလေးတွေ ကို စိတ်မချနိုင်သလို အမူအရာမျိုးနဲ့ စစ်ပေးနေတာလေ။ နောက်မှ ကျုပ်ဆီ လျှောက်လာပြီး ပခုံးပုတ် နှုတ်ဆက်တယ်။ ကျုပ်က ခေါင်းညိတ်ပြပြီး လှည့်ထွက် ခဲ့တယ်။
ကျုပ်စွန်ကြီး ကို ခပ်သွက်သွက် စစ်ဆေးတယ်။ အတောင်၊ စက်၊ ၀ါယာကြိုးတွေ အားလုံး အိုကေ တယ်။ ဦးထုပ် ကို ချွတ်ပြီး ခုံပေါ်တင်တယ်။ စက်သေနတ်ကို လွယ်လိုက်တယ်။ ပြီးမှ ရော်ဘာလှေ အခေါက်နဲ့ ပူးချည်လိုက်တယ်။ ဦးထုပ် ပြန်ဆောင်းပြီး ရေဒီယိုစစ်တယ်။ အိုကေ ... စကားပြော ခွက်က ပါးစပ်နဲ့ တစ်လက်မပဲ ကွာတယ်။ ပြီးမှ ညကြည့်မျက်မှန်ကို စွပ်လိုက်တယ်။
မြင်ကွင်းအားလုံး ပန်းရောင် ဖြစ်သွားတယ်။ နောက်မှ အနက်ရောင် မှန်ပိုကို ဆွဲချလိုက်တယ်။ အရာအားလုံး မည်းမှောင်သွားတယ်။ ဒါပေမယ့် မီးကျည်လက်ပစ်ဗုံးရဲ့ အလင်းရောင်မှာ ရန်သူ မျက်လုံးကန်းမတတ် စူးစူးဝါးဝါး ဖြစ်နေချိန်မှာဆိုရင် ကျုပ်တို့အတွက် အနေတော်ပဲလေ။ အနက်ရောင် ညမှန်ကို ပြန်တင်လိုက်တယ်။
ကျုပ်နောက် မှာ ရော့ဒရစ်၊ သူအဆင်သင့် ဖြစ်နေပြီ။ သူ့ဘယ်နဲ့ ညာဘက်မှာ ဘရန်းနဲ့ကား။ နယူးမင်းက ဘရန်းရဲ့စွန် ကို စစ်ဆေးနေတယ်။ အလန်က ကားရဲ့ အနားက မခွာဘူး။ သူတို့ နှစ်ယောက်က သည်နှစ်ယောက်ကို လုံးဝ စိတ်မချဖြစ်နေတာ မဟုတ်လား။
မွန်ကာဒါရဲ့ ခုနစ်ယောက်အဖွဲ့က သူတို့နောက်မျာ။ သူ့ကို ကျုပ် လူပိုပေးထားတယ်။ ကျုပ်က လုံခြုံရေးရုံးခန်းကို ပြေးတဲ့အခါ သူ့အဖွဲ့က သုံ့ပန်းတွေဆီကို သွားရမှာ။ သိပ်အရေးကြီးတဲ့ အဖွဲ့၊ အရေးကြီးတဲ့ ကဏ္ဍ။ သူ့နောက်မှာ စကာဆာရဲ့ ငါးယောက်တစ်ဖွဲ့။ သူတို့နောက်က ကာစတင်နီဒါ။ သူတို့လည်း ငါးယောက်။ နောက်ဆုံးတန်းက ဂိုးမက်ဇင်ရဲ့ လေးယောက်တစ်ဖွဲ့။
ချက်ချင်း ကျုပ် စိတ်ကူးတစ်မျိုး ပေါက်သွားတယ်။ ဂိုးမက်ဇင်ကို လူပိုပေးရရင် ကောင်းမလား။ သူက ခေါင်မိုးပေါ် က ကောင်တွေကို ရှင်းရမှာ။ သူလည်း အရေးကြီးတာပဲ။ ဟာ ... သေတော့မှာပဲ။ အားလုံး အရေးကြီးတာ ချည်းပါလား။ သူ့လူသုံးယောက်က ၀ါရင့်လေသူရဲတွေ။ အိုကေမှာပါ။
အားလုံး နေရာယူပြီးကြပြိ။ ကျုပ်က လက်မနှစ်ဖက်ထောင်ပြလိုက်တယ်။ စက်နှိုးဖို့ အချက် ပြလိုက် တာပါ။ အင်ဂျင် အားလုံး ညက်ညက်ကလေး ပြိုင်တူ နိုးလာတယ်။ တစ်ပြိုင်တည်းမှာ သူတို့ညာလက်တွေ ထောင်ပြ ကြတယ်။ လက်တွေ ကို ကျုပ် ရေကြည့်တယ်။ အားလုံး နှစ်ဆယ့် လေးချောင်း။
အားလုံး ကိစ္စပြီးပြီ။
ထိုင်ခုံ မှာ သေသေချာချာ နေရာယူလိုက်တယ်။ ဇိမ်ကျကျ ထိုင်ပြီးမှ ခလုတ်ကို ဖွင့်လိုက်တယ်။ စက်နိုးလာတာနဲ့ မတူဘဲ ကျုပ်စွန်ကြီး အသက်ဝင်လာတယ်လို့ ထင်လိုက်ရတယ်။ လီဘာကို ဆွဲတင်လိုက်တော့ တက်ကို မီတာ၊ လေတိုက်နှုန်းပြမီတာ၊ ကွန်ပါအိမ်မြှောင်၊ အပူချိန်ဒိုင်ခွက်၊ စက်မဲ့လျှောဆင်း အချက်ပြမီး၊ အားလုံး အသက်ဝင် လှုပ်ရှားလာကြတယ်။ နာရီကို ငုံ့ကြည့်တယ်။ ည(၁၂း၁၀)နာရီ။ သတ်မှတ်ထားသည့် သုညနာရီ။ ပျံသန်းရေး အရာရှိကို ထုံးစံအရ ကျုပ် အလေးပြုလိုက်တယ်။ သူ ခလုတ်တစ်ခုကို နှိပ်လိုက်တယ်။ ရှေ့မှ အနီရောင် မီး စိမ်းသွားတယ်။ အတောင်ပံတွေကို ကိုင်ထားတဲ့ ရေတပ်သား နှစ်ယောက် ပြိုင်တူ နှုတ်ဆက် တယ်။
"ကံကောင်းပါစေ ... ဗိုလ်မှူးကြီး"
ကျုပ် ခေါင်းညိတ်ပြလိုက်တယ်။
လေတိုက်နှုန်းကို ကြည့်လိုက်တော့ ကျုပ် ကျောချမ်းသွားတယ်။ ကျုပ်အတွက် ကြောက်စိတ် ၀င်လာတာလား။ စစ်ဆင်ရေး မအောင်မြင်မှာကို စိုးရိမ်ခြင်းလား။ ကျုပ်ကိုကျုပ် စိတ်တိုသွားပြီး ကျုပ်လူတွေ ကို ပြန်လှည့်ကြည့် လိုက်တော့ ကြောက်စိတ် ဘယ်ရောက်သွားမှန်း မသိတော့ဘူး။
ရေတပ်ရဲဘော်ကလေးတွေကို ကျုပ် အလေးပြုလိုက်တယ်၊ စက်ရှိန်မြှင့်ပြီး ရှေ့ကို တိုးသွားတယ်။ လက်ကိုင်တန်း ကို အားပြုပြီး စက်ရှိန်ထပ်တင်တယ်၊ နစ်မစ်ဇ်ဟာ ရုတ်ခြည်း ကျုပ်နောက်မှာ ကျန်ခဲ့ တယ်။ ကောင်းကင်ကို ဒေါသတကြီး ခုန်တက်နေတဲ့ လှိုင်းလုံးကြီးတွေက ကျုပ်ကို ခြိမ်းခြောက်နေလေရဲ့။
စွန်ကြီး က ဟုတ်တိပတ်တိ မြင့်တက်သွားပြီးမှ လေက မောက်က မလုပ်တော့ ပြန်နိမ့်ကျသွား တယ်။ လှိုဏ်ခေါင်းဖြူကြီးတွေ ရဲ့ ရေမှုန်တွေ ကျွန်တော့်ကို လာပက်တော့ သွားပြီလို့ ထင်လိုက် တယ်။ ဧရာမ လှိုင်းလုံးကြီး တစ်လုံး ကျုပ်ဆီ ပြေးလာနေတယ်။ အမြင့်တင်မောင်းတံကို တအား ဆောင့်ဆွဲပြီး တင်တယ်။ စက်ရှိန် ကို ထပ်မြှင့်တယ်၊ ချက်ချင်း ဦးမော့ သွားပြီး လှိုင်းလုံးကြီးနဲ့ လွတ်ရုံကလေး ထောင်တက်သွားတယ်။
ဘုရား ... ဘုရား၊ နောက်ကကောင်တွေ အဆင်မှချောကြပါ့မလား၊ သမင်လည်ပြန် လှည့်ကြည့် လိုက်တယ်။ နယူးမင်း တားလျက်သားနဲ့ ဒီနှစ်ကောင်ကို ကျုပ်ခေါ်ခဲ့တာ သိပ်မှားသွားပြီ၊ သူတို့ကို သတိလစ်အောင် ထိုးကြိတ်ပြီး ကျုပ်ထားခဲ့ရမှာ။
နောက်တစ်ကြိမ် ကျုပ် လှည့်မကြည့်နိုင်တော့၊ ကျုပ် စွန်ကြီးကို ကောင်းကင်ပေါ်တက်အောင် လုပ်ရဦးမယ်၊ ဒါပေမယ့် ဒီထက်အရေးကြီးတဲ့ကိစ္စတွေ ခေါင်းထဲမှာ ၀င်လာပြန်တယ်၊ အစီအစဉ် အရ ပထမငါးမိုင် ကို ပေတစ်ရာအမြင့်က ပျံဖို့ပဲ၊ ဒီလေတိုက်နှုန်းနဲ့ ဒီလောက် နိမ့်နိမ့်ပျံရင် အားလုံး ကြွကုန်လိမ့်မယ်။
ကျုပ်က ပေငါးရာတက်လိုက်တယ်၊ ရုတ်တရက် နိမ့်ကျသွားရင်လဲ ပြဿနာမရှိနိုင်ဘူး၊ ရုရှား စပိုင်သင်္ဘော က ရေဒါကိုလဲ ခေါင်းထဲ မထည့်နိုင်တော့ဘူး၊ နောက်ကကော်ငတွေ အသက်နဲ့ကိုယ် အိုးစားမကွဲရင် လိုက်လာကြ၊ ဒါပဲ ရှိတော့တယ်လေ၊ ပေငါးရာရောက်တော့ ထိန်းလို့ သိမ်းလို့ ပိုကောင်းလာသည်။ ခလုတ်တွေ တန်းတွေကို သိပ်မကစားတော့ဘဲ အလိုက်သင့် မောင်းသွား လိုက်တယ်၊ နာရီကိုရော ပျံသန်းနှုန်းကိုပါ ကြည့် လိုက်တယ်၊ ရေမိုင် ခုနစ်ဆယ်နဲ့ ရှစ်ဆယ်အကြား မှာ ပျံနေတယ်၊ ကျုပ် တွက်ကြည့်တယ်၊ ဟာ ... ဒုက္ခပါပဲ၊ သုံးမိနစ်ပဲ ရှိသေးတယ်၊ ကျုပ် ဒါလောက် ခရီးပေါက်နေပြီ၊ မိုးလေ၀သနဲ့ အလန်တို့က ပေသုံးထောင် ငါးရာကပျံမှ ငြိမ် မယ်လို့ တွက်ကြတယ်။
အမြင့်မီတာကို ကြည့်ပြီး ကျုပ်တဖြည်းဖြည်း တက်ခဲ့တယ်၊ ပေတစ်ထောင်မှာ သိသိသာသာ ရာသီဥတုကောင်း လာတာ တွေ့ရတယ်။ စွန်ကြီးကို စီးရတာဟာ ပရမ်းပတာ မဟုတ်တော့ဘူး၊ အတော်ကလေး ငြိမ် လာတယ်၊ ပေနှစ်ထောင်ရောက်တော့ မိုးကုပ်စက်ဝိုင်း ကို လှမ်းမြင်ရတယ်၊ စန်ကာလို ကမ်းခြေကို မရောက်ရောက်အောင် သွားမယ်၊ နောက်မှာ အနည်းဆုံး ကိုးယောက်သာ ပါလာစေလို့ ကျုပ် ဆုတောင်းနေ ရတယ်၊ သုံးထောင့်ငါးရာ ရောက်တော့ စက်ရှိန်ကို လျှော့လိုက် တယ်။
သိပ်ကောင်း တဲ့ အသံတိတ် ကိရိယာ တပ်ထားလို့ ကမ်းခြေအတိုင်း ပြန်သွားဖို့ ကျုပ်တို့ ဆုံးဖြတ် ထားတယ်၊ ရောက်ချိန်ပိုစောမယ့် သဘောပဲ၊ မြို့ရဲ့ပုံ တဖြည်းဖြည်း ပေါ်လာတယ်၊ မီးရောင် နည်းနည်း လှမ်းတွေ့နေရပြီ၊ ကိုးဆယ်ရာခိုင်နှုန်း နေ၀င်မီးငြိမ်း အမိန့်ထုတ်ထားတယ်၊ အားလုံး ၀ိုင်းပိတ်ဆို့ထားတော့ သူတို့မှာ ဆီမရှိတော့ဘူးလေ၊ ဒါပေမယ့် သံရုံးပရိဝုဏ်ထဲက မီးမောင်းကြီး တွေကိုတော့ သူတို့ ထွန်းထား လိမ့်မယ် ထင်တာ၊ ဒါပေမယ့် မတွေ့ရဘူး၊ ကျုပ်ကို ညာဘက်ကို ငဲ့ကြည့်လိုက်တယ်၊ ဒီတော့မှ တွက်ထားတဲ့ ဦးတည်ချက် ရဲ့ တောင်ဘက်ကို လေက တွန်းပို့ နေမှန်း သိတယ်၊ မြောက်ဘက်ကို အတင်း ပြန်ဦးတည်ရတယ်၊ လက်ကိုင် ဘားတန်းတွေ နဲ့ ကျုပ် အလုပ်ရှုပ်သွားတယ်။
ကျုပ်ရင်တွေ တဒိုင်းဒိုင်း ခုန်နေပြီ။ သံရုံးဝင်းထဲက မီးရောင်တစ်မျိုးကို လှမ်းမြင်နေရပြီ။ တဖြည်းဖြည်းနဲ့ အဆောက်အအုံတွေကိုပါ တရေးရေး မြင်ရတယ်။
ဟော ... ဟိုမှာ ဒါလုံခြုံရေး ရုံးခန်းပဲ၊ ကမ်းခြေကို လှိုင်းလုံးကြီးတွေ အလိပ်လိုက် တက်နေတာကို လဲ လှမ်းမြင်နေ ရတယ်။
အချိန်ကျပြီ၊ ကျုပ်ရင်ထဲမှာ အေးစက်စက် လှုပ်ရှားမှု တစ်မျိုးနဲ့ လှုပ်ခက်နေတယ်၊ ဦးထုပ်က ရေဒီယို ခလုတ်ကို ဖွင့်လိုက် တယ်၊ အို ... ဘုရားသခင်၊ ကျွန်တော်မျိုး၏ နောက်မှာ အနည်းဆုံး ကိုးယောက် ပါလာပါစေဘုရား။
"သွေးစုပ်ကောင် တစ်မှ အစိမ်းတစ်ကိုခေါ်တယ်၊ ကြားလား ... ကြားရင် အကြောင်းပြန်"
ကျုပ် စက္ကန့်တွေကို ရေတွက်နေတယ်၊ သုံး၊ လေး၊ ငါး၊ ကျုပ် စိတ်ဓာတ်ကျပြီး အော်မယ့်ဆဲဆဲမှာ ကျယ်ကျယ်လောင်လောင် အသံပေါ်လတယ်။
"အစိမ်းတစ်မှ သွေးစုပ်ကောင်တစ်၊ ကြားတယ်၊ ကျွန်တော်တို့အားလုံး သုံးကောင်"
ကျုပ်နဲ့ပေါင်းရင် လေးကောင်၊ ရင်ခုန်သံ ပိုမြန်လာတယ်၊ ထပ်ခေါ်တယ်။
"သွေးစုပ်ကောင်တစ်မှ အပြာတစ်၊ ကြားရင်အကြောင်းပြန်"
ချက်ချင်း ပြန်ထူးတယ်။
"အပြာတစ် ပြောနေတယ်၊ ကျွန်တော်နဲ့ အားလုံး နှစ်ကောင်"
သေတော့မှာပဲ၊ ခုမှ ခြောက်ကောင်ပဲ ရှိသေးတယ်။
"သွေးစုပ်ကောင်တစ်မှ အ၀ါတစ်၊ ကြားရင်အကြောင်းပြန်"
စကာဆာ၏အသံ ချက်ချင်း ပေါ်လာတယ်။
"ကျွန်တော်တို့ အားလုံး သုံးကောင်"
ဟိုက် ... တစ်ကောင် ပဲ လိုတော့တယ်။
"သွေးစုပ်ကောင်တစ် မှ အနီတစ်၊ ကြားရင် အကြောင်းပြန်"
ဂိုးမက်ဇ်ရဲ့ ၀ဲတဲတဲအသံကို ကျုပ် ကောင်းကောင်းမှတ်မိတယ်၊ ဒါပေမယ့် သူ့အသံ မဟုတ်ဘူး။
"အ၀ါနှစ် ပြောနေတယ်၊ ကျွန်တော်တို့ အားလုံး နှစ်ကောင်"
ဟယ်လ်လူးဝစ်၏အသံ ဂိုးမက်ဇ်ကနံပါတ်တစ်၊ ဂိုးမက်ဇ် ပျောက်နေတယ်၊ ဒါပေမယ့် ဆယ့်တစ်ကောင်ပြည့်ပြီ၊ ဘရန်း နဲ့ ကားကို အစကတည်းက ကျုပ်မမျှော်လင့်ဘူးလေ၊ ဒါပေမယ့် ကျုပ်နောက် က ရော့ဒရစ် က သေချာတဲ့လူပဲ။
"သွေးစုပ်ကောင် တစ်မှ နှစ်ကို ခေါ်တယ်၊ ကြားလား၊ အကြောင်းပြန်"
ဘာသံ မှ မတုံ့ပြန်၊ ကျုပ်ထပ်ခေါ်တယ်။
"သွေးစုပ်ကောင် တစ်မှနှစ်၊ ကြားရင် အကြောင်းပြန်"
"သွေးစုပ်ကောင်သုံး ပြောနေတယ်၊ သူ ပါမလာဘူး၊ လေးလဲ ပါမလာဘူး"
အသံတစ်သံ နားထဲကို ဆူဆူညံညံ ၀င်လာတယ်။
ကြည့် ... စစ်ဆိုတာဒါပဲ၊ ကျုပ် အားထားတဲ့ကောင် ပါမလာဘူး၊ ထားခဲ့မည်လုပ်တဲ့ ဘရန်းပါလာ တယ်၊ သူတို့ ခန့်မှန်းတာ မှန်ပါပေတယ်၊ ကျုပ်တို့ ငါးဆယ်ရာခိုင်နှုန်း အပေါင်းတစ်ဆုံးရှုံးခဲ့တယ်ပေါ့။ ဆယ့်နှစ်ယောက်နဲ့ ကျုပ် တို့ ဆင်းမယ်။ နစ်မစ်ဇ်ရဲ့ ထိန်းချုပ် မျှော်စင်ကနေ ဆိုင်မွန် အားလုံး ကြားနေမယ်။ ခုလောက်ဆို ကွမ်လိုစီဆီ လှမ်းအကြောင်းကြား နေလောက်ပြီ၊ သမ္မတကိုယ်တိုင် သူ့နံဘေးမှာ ထိုင်နားထောင်နေလိမ့်မယ်။
နီးလာလေ ကျုပ် စဉ်းစားရလေလေ ဖြစ်လာတယ်၊ ကျန်တဲ့လူတွေကို လေထဲမှာ ဆက်ဝဲနေခိုင်း ရမလား၊ ဒါလဲ မနိပ်သေး ဘူး၊ အကြီးဆုံး ပြဿနာက အနီရောင်အဖွဲ့၊ ဂိုးမက်ဇ်နဲ့ တစ်ယောက် ပဲ့ထွက်သွားတော့ နှစ်ယောက်ပဲ ကျန်တယ်၊ သူတို့နှစ်ယောက် ခေါင်မိုးပေါ်ကို အသံ မကြားအောင် ဆင်းပြီး ပစ်ရခတ်ရမှာ။ ဒါပေမယ့် လူးဝစ်ရော စပူနာပါ လူတော်တွေ၊ သံရုံးဝင်းဟာ ကျုပ်ရဲ့ ဘယ်ဘက်လောက် တည့်တည့်ရောက်နေပြီ၊ စက်သတ်လိုက်ပြီး ...
"သွေးစုပ်ကောင် တစ် စက်သတ်လိုက်ပြီ"
စက်မဲ့ လေယာဉ်ဘ၀ကို ရောက်သွားပြီ၊ ဘားတန်းကို ခိုပြီး ချာလည်ချာလည် နိမ့်ဆင်းနေတဲ့ စွန်ကြီးပေါ်မှာ ကျုပ် ပါသွားတယ်။ ကျုပ်တို့အားလုံး ခေါင်းနဲ့ကိုယ် အိုးစားမကွဲဘဲ မြေပြင်ကို ရောက်ကြပါ့မလား။
မြေပြင်ကြီး ကို ကျုပ်ဆီကို မြင့်တက်လာနေသလိုပဲ၊ လေတစ်ချက် ပင့်တိုက်လိုက်တော့ ဘားတန်း ကို သတိနဲ့ ခိုထားလိုက်ရတယ်၊ အုတ်နံရံထောင့်စွန်းကို လှမ်းမြင်လိုက်တယ်၊ လိုက်ရတယ်၊ အုတ်နံရံထောင့်စွန်းကို လှမ်းမြင်လိုက်တယ်၊ လေထီးခုန်ခဲ့ရပေါင်းများတော့ ကျုပ်အတွက် ဘာမှ အခက်အခဲ မရှိဘူး၊ ငြိမ့်ငြိမ့်ကလေး ဆင်းလိုက်တယ်။ ရှေ့မှာ အဆောက်အအုံတစ်ခု ဘွားခနဲ ပေါ်လာတယ်။
ကိုယ်ကို လက်ကိုင်တွေ ဘားတန်းတွေ ကြားကနေ လျှိုထွက်လိုက်ပြီး အုတ်နံရံ အရိပ်ကို ခိုလိုက် တယ်။ ရင်ထဲမှာ ဟင်းချပြီး ကိုယ့်ကိုယ်ကို ဂုဏ်ပြုလိုက်တယ်။ အင်ဂရမ်စက် သေနတ်ကို ပခုံးက ဖြုတ် မောင်းတင်ပြီး ညကြည့်မျန်ထဲကို ကြိုးစားအာရုံစိုက်လိုက်တယ်။ ပြီးတော့ အကြားအာရုံကို အနိုးကြားဆုံးနဲ့ နားစွင့်ထားတယ်။
ဘာသံမှ မကြားရ။ ခဏနေဦး၊ အသံတိုးတိုး ကြားလိုက်သလိုပဲ။ မြင်ကွင်းထဲမှာ တစ်စုံ တစ်ခု ဖြတ်ပေး သွားတယ်။
ဟိုက် ... ဘရန်းပါလား၊ ဟာ ... သူအရှိန်လွန်သွားပြီ၊ ကျုပ် အသက်မရှူဘဲ သူ့ကို စောင့်ကြည့်နေ တယ်။ တော်ပါသေးရဲ့ စွန်ကို သူ ထိန်းနိုင်သွားတယ်။ ဒါပေမယ့် ညာတောင်ပံက တစ်ဖက်ကို စောင်းသွားပြီး တစ်ပတ်ကျွမ်း ပစ်ကျမလို ဖြစ်သွားတယ်။ ကျုပ် အသက်မရှူနိုင်ဘဲ စောင့်ကြည့် နေတယ်။ အရမ်း ကံကောင်းပါတယ်။ သူ ကျုပ်နဲ့ ခြောက်ပေကွာလောက်မှာ အရှိန်သေသွားတယ်။ ညင်ညင်သာသာ ကျခြင်းတော့ မဟုတ်။ ၀ုန်းခနဲကျသံက တော်တော်လေးကျယ်တယ်။ ကျုပ် ရင်တမမနဲ့ တုံ့ပြန်သံကို စောင့်နေတုန်း သူ့တပ်စုအဖွဲ့တွေ ရှေ့ဆင့်နောက်ဆင့် ဆင်းလာပြီး သူ့စွန်ကြီးကို အုတ်နံရံဘက် ဆွဲယူသွားကြတယ်။
စွန်ကြီး ထဲက သူ ရုန်းထွက်လိုက်ပြီးမှ ကျုပ်ဆီကို ကုန်းကုန်း ကုန်းကုန်းနဲ့ ပြေးလာတယ်။ ကျုပ်က သူ့ပခုံးကို ခပ်နာနာ ညှစ်ပြီး ကြိုဆို လိုက်တယ်။ သူက အသံမထွက်အောင် ရယ်နေတယ်။
သူ့ ဆံပင်တွေ ညကြည့် မှန်ပေါ်မှာ ၀ဲကျနေတယ်၊ ပုံက ဘီးတဲလ်အဆိုတော် ရင်ဂိုစတားရဲ့ပုံမျိုး။
သူနဲ့ကျွန်တော် အဆောက်အအုံ တစ်ခုဆီကို ပြေးသွားကြတယ်။ လုံခြုံရေး ရုံးခန်းက ကျုပ်တို့နဲပ ကိုက်ငါးဆယ်လောက် ဝေးသေးတယ်။ ရုံးခန်းရဲ့ ဟိုမှာဘက်က သံရုံးအ၀င်တံခါးမကြီး။ အိပ်ငိုက် နေတဲ့ အစောင့်နှစ်ယောက် ကို ကျုပ် တွေ့နေရတယ်။
ဘရန်း ကို ပခုံးပုတ်ပြီး ကျုပ်က ပြလိုက်တယ်။ သူက မြင်ကြောင်း ကျုပ်ကို ပုတ်ပြီး အချက်ပြန်ပြ တယ်။ ကျုပ်တို့ ညာဘက် မှာ ၀န်ထမ်းအိမ်ရာတွေ ရှိတယ်။ အနီးဆုံး အိမ်တစ်လုံးရဲ့ အပေါ်မှာ ကင်းအဖွဲ့တစ်ဖွဲ့ ရှိရမယ်လို့ ကျုပ် တွက်လိုက်တယ်။
အဲဒီခေါင်မိုးပေါ် ကို လူးဝစ်နဲ့ စပူနာဆင်းနေလောက်ပြီ။
ကျုပ်တို့နဲ့ ကိုက်နှစ်ရာလောက်အကွာမှာ သုံ့ပန်းတွေ ထားတဲ့ အဆောက်အအုံ။ ကျုပ် သေသေ ချာချာ ကြည့် တယ်။ ရဟတ်ယာဉ် ဆင်းဖို့ ကွင်းနှစ်ကွင်း ရှေ့မှာ ရှိတယ်။ ဟုတ်ပြိ။ တစ်ပြိုင်တည်းမှာ မြေကြီးနဲ့ တစ်ခုခုဆောင့်တဲ့အသံ နှစ်ခါကြားလိုက်ရတယ်။ ဒါပေမယ့် ဘာမှမမြင်ရဘူး။ စကာဆာတို့အဖွဲ့ ဟိုဘက်လမ်းထဲ မှာ ဆင်းတာ ဖြစ်ရမယ်။
ကျုပ် သွားဖို့ အချိန်ကျပြီ။ နံရံရိပ်ကို ခိုပြီး တစ်ပတ်ကြီး သွားမယ့်အစား တိုက်ရိုက်ပြေးသွားဖို့ ကျုပ် ဆုံးဖြတ် လိုက်တယ်။ အချိန်ကို တတ်နိုင်သမျှ ချွေတာရတော့မှာ မဟုတ်လား။ လုံခြုံရေးခန်းထဲက ကျုပ်လူဆီ ကို ရောက်ချင်လှပြီ။ ကျုပ်တို့နှစ်ယောက် တတ်နိုင်သမျှ ခါးညွှတ်ပြီး ပြေးသွားကြတယ်။
ကျုပ်တို့ပြေး လို့ လမ်းခုလတ်အရောက်မှာ ဟိုက် ... စွန်ကြီးတစ်ကောင်၊ ၀င်းရဲ့အလယ် တည့်တည့်ကြီးမှာ ထိုး ကျတယ်။ သံအမတ်ကြီး အိမ်ရှေ့က ရေကူးကန်နားမှာ ဘယ်သူတောင်းစား ပါလိမ့်။ ဥသြဆွဲသံ၊ သံချောင်း ခေါက်သံ၊ ဘာမှ မကြားရဘူး၊ တော်ပါသေးရဲ့။
လုံခြုံရေးရုံးခန်း ရဲ့ နောက်ဘက်ကို ကျုပ်တို့ ရောက်လာတယ်။ နောက် စွန်ကြီးထဲက အရိပ် မည်းမည်းတစ်ခု ထွက် လာပြီး အိမ်ယာဘက်ကို ပြေးထွက်သွားတယ်။ ကျုပ်တို့ နှစ်ယောက် လုံခြုံရေးရုံးခန်းထောင့်ဘက် ကို ပြေးကပ်လိုက်တယ်။ ခေါင်းပြူပြီး တံခါးဝဘက်ကို ကြည့်လိုက် တော့ ...
အပေါက်ဝမှာ အစောင့်တစ်ယောက်၊ ကုလားထိုင်ပေါ်မှာ ထိုင်ပြီး အိပ်ငိုက်နေတယ်။ ရင်ဘတ် နဲ့ မေးစေ့ထိလို့။ နောက်တစ်လှမ်းပြန်ဆုတ်တော့ ဘရန်းရဲ့ ခြေဖျားကို ကျုပ် နင်းမိတယ်၊ နာလွန်းလို့ ထင်ပါရဲ့ တစ်ချက်ညည်းလိုက်တယ်။
သူ့ ရင်ဘတ်ကို ပုတ်ပြီး ရှေ့ဘက်မှာ လူတစ်ယောက် အိပ်ငိုက်နေကြောင်းကို အမူအရာနဲ့ လုပ်ပြ လိုက်တယ်။ သူက ခေါင်းညိတ်ပြီး ဓားမြှောင်ကို ခါးက ဆွဲထုတ်လိုက်တယ်။ သူရှေ့တိုးသွားပုံက အိမ်မြှောင် တစ်ကောင် လျှောက်သလို ခြေသံလုံးဝမကြားရ။ သူ့နောက်မှ ကျုပ် ကပ်ပါသွားတယ်။
သူက လက်တစ်ဖက်နဲ့ မေးစေ့ကို ဆတ်ခနဲ ကိုင်ပြီး လည်ပင်းကို ဆွဲလိမ်လိုက်တယ်။ ဘာသံမှ မကြားရ။ ပြီးမှ လည်မျို ကို ဖြတ်ပြီး ဓားနဲ့ထိုးချလိုက်တယ်။ တွန့်လိမ်လှုပ်ရှားနေတဲ့ ခန္ဓာကိုယ်ကို သူ တရွတ်ဆွဲသွားတယ်၊ ချောင်းဆိုးသံလို အသံတစ်ချက် ကြားရပြီး ငြိမ်ကျသွားပြန်တယ်၊ လမ်းကြား ကလေးထဲမှာ ဘရန်းက အလောင်း ကို အသာချထားလိုက်တယ်။
ကျုပ်နောက်က အကာအကွယ်ပေးဖို့ သူ့ကို အချက်ပြလိုက်တယ်၊ ပြီးတော့ တံခါးပေါက်ဆီ အသာပြေးကပ် လိုက်တယ်။
တံခါးကို ဖြည်းဖြည်းဖွင့်ပြီး စက်သေနတ် ပြောင်းဝကို အရင် ထိုးသွင်းလိုက်တယ်။ အခန်းထဲမှာ မီးလုံးတစ်လုံးပဲ ရှိတယ်၊ ကုလားထိုင်နှစ်လုံး နဲ့ စားပွဲတစ်လုံး ရှိတယ်၊ တစ်ဖက်စွန်းမှာ တံခါး တစ်ရွက်၊ တံခါးပေါက် မှာ သော့တန်းလန်းနဲ့၊ ဒီအခန်းထဲမှာ ကျုပ် လူရှိရမယ်။
တံခါးဝရောက်တော့ နားစွင့်ကြည့်လိုက်တယ်၊ မသမဲမကွဲ အသံတစ်သံ ကြားရတယ်၊ လူတစ်ယောက်ရဲ့ အသံနဲ့ မတူတော့ တဲ့ လူသံ၊ ကျုပ် ကြက်သီးမွေးညင်း ထသွားတယ်၊ တံခါးရွက် ကို နားကပ်ထောင့်ကြည့်လိုက်တယ်၊ အသံသဲ့သဲ့ ကြားရပြီ။
တဖြည်းဖြည်း သဲသဲကွဲကွဲ ကြားလာ၇တယ်။
"ပြောလေ၊ ပြော ... နွားကြီး၊ နာမည်တစ်ခု ပြောလေ"
တံခါးလက်ကိုင်ဘု ကို ကိုင်ပြီး အသာလှည့်ဖွင့်လိုက်တယ်။ စက်သေနတ်ပြောင်း ကို မြှင့်လိုက် တယ်။ မြင်ကွင်းက တော်တော် ရုပ်ရှင်ဆန်တယ်။ သစ်သား စည်ပိုင်းပြတ်ကြီးတွေကို စီထားသလို အိပ်စင်ပေါ် မှာ ပိန်ချုံးနေတဲ့ လူတစ်ယောက်။ အ၀တ်မပါသော ဗလာကိုယ်တည်း။ မျက်နှာက အဆိုးဝါးဆုံး ဝေဒနာ ခ့စားနေရတဲ့ ပုံမျိုး။
သူ့အပေါ်မှာ ကိုင်းပြီး ရပ်နေသူက ၀တ်ရုံဖြူနှင့် နားကြပ်ကို လည်မှာဆွဲလို့။ လက်ထဲမှာ ဆေးထိုးအပ်ကို အသင့်အနေအထား နဲ့ ကိုင်ထားတယ်။
"ခွေမသား၊ ရော့ ... ဟောဒီနာမည်ကို ယူ"
ခလုတ်ကို တစ်ချက်တည်း ဆွဲလိုက်တယ်။ ဟွတ်ခနဲ ချောင်းဆိုးသံ သေနတ်ပြောင်းဝက ထွက်သွား တယ်။ အော်ဖို့ ပြင်နေတဲ့ သူ့ပါးစပ်ထဲကို ကျည်ဆန် တည့်တည်မတ်မတ် ၀င်သွားတော့ နောက်ကို ယိုင်ပြီး လန်ကျသွားတယ်။ မှန်ကို သံခမောက်ပေါ် ပင့်တင်ကြည့်တော့ ကျည်ဆန်ပေါက်က သွေးတွေ စီးကျပြီး ကိုယ်က တလွန့်လွန့် လူးနေတယ်။
ပြောင်းပို တပ်ထားတဲ့ စက်သေနတ်ပြောင်းကို အောက်စိုက် ချိန်လိုက်တယ်။ ချောင်းဆိုးသံနှစ်ချက် ထပ်ထွက်သွားတယ်။ တစ်ချက်က သူ့ဝမ်းဗိုက်၊ နောက်တစ်ချက်က သူ့ပေါင်ကြား။ သည်တော့မှ ငြိမ်သွားတယ်။
"ခွေးသား ... ငရဲကို ဇောက်ထိုး ဆင်းပေတော့"
ပီယာဘိုဒီ က မျက်လုံးမှေးပြီး ကျုပ်ကို ကြည့်နေတယ်။ ဒါပေမယ့် ဘာမှ မြင်ရဟန် မတူဘူး။ မိကျောင်းခေါင်းကလစ်နဲ့ ၀ါယာနှစ်စ။ တစ်စက သူ့နှုတ်ခမ်းမှာ၊ တစ်စက တံကောက်ခွက်မှာ။ အသာ ဖြုတ်ပေး လိုက် တယ်။
ပြီးတော့ ဓားထုတ်ပြီး စည်းပတ်နှောင်ဖွဲ့ထားတဲ့ သားရေပတ်တွေ၊ ပတ္တူစတွေကို ဖြတ်ပေးလိုက် တယ်။ လွတ်လွတ် လပ်လပ် ဖြစ်သွားတော့ သူ့ညည်းသံသဲ့သဲ့ ထွက်လာတယ်။
"အားလုံး ပြီးသွားပြီ သံအမတ်ကြီး၊ ခင်ဗျားကို ကျုပ်တို့ အိမ်ပြန်ခေါ်သွားမယ်၊ တခြား သုံ့ပန်းတွေကို ကျုပ် သွားကြည့် ရဦးမယ်၊ နှစ်မိနစ် သုံးမိနစ်လောက် ကျုပ်ကို ခွင့်ပြုဦးနော်၊ ကျုပ် လူတစ်ယောက် အစောင့်ထားခဲ့မယ်၊ ဘာမှ မပူ နဲ့တော့ သိလား၊ အများဆုံး သုံးမိနစ်ပဲ"
ရီဝေေ၀ သူ့မျက်လုံးတွေ က တစ်ခုခု ပြောချင်နေပုံ။
ဆက်ရန်
.

3 comments:
ကျေးဇူးပါ
thnx alot sis..
i cannt breath @ all..
love
Anne...<3
မနက်ဖြန်စောင့်ဖတ်နေမယ် အစ်မကြီး ကျေးဇူးပါခင်ဗျား
Post a Comment