ရှာလော့(ခ)ဟုမ်း(စ) တပညူလီရောဂါ
ရန်ကုန်ဆေးရုံကြီးနှင့်အကြွေး
သေးငယ်ဇောမြောနေတဲ့စုံထောက်ကြီး
"သေခါနီး စုံထောက်၏ စွန့်စားခန်း" ၀တ္ထုတွင် တပညူလီရောဂါနျင့် သေငယ်ဇော မြောနေရှာသည့် စုံထောက်ကြီး ရှားလော့(ခ)ဟုမ်း(စ) ကို ဒေါက်တာ ၀ပ်ဆင်က သို့ကလို သရုပ်ဖော်သည်။
" သူ့ ပုံက စိတ်ညစ်ညူးစရာ မြင်ကွင်းတစ်ခုဖြစ်နေသည်။ မှိုင်းမှုန် နိုဝင်ဘာလ၏ အလင်းပျပျအောက်မှာ လူမမာခန်း က စိတ်ကျစရာကောင်းလှပြီ။ ထို့ထက် အိပ်ရာပေါ်မှ ကျွန်တော့်ကို စိုက်ကြည့်နေသည့် ပါးရိုး နားရိုးချောင်ကျနေ သည့် သူ့မျက်နှာက ကျွန်တော့် နှလုံးသားကို အေးခဲသွားစေလေသည်။ သူ့မျက်လုံးတွေ က အဖျား ရှိန်နှင့် တောက်ပနေသည်။ ပါးနှစ်ဖက်လုံး ရဲရဲတောက်လျက်။ နှုတ်ခမ်းပေါ်မှာ အနာဖေးမည်း မည်းတွေ တွဲခို လျက်။ အိပရာခင်းပေါ် တင်ထားသည့် သေးသွယ်သွယ် လက်တွေက အဆက်မပြတ် အကြောဆွဲလျက်။ အသံ က ခပ်အောအောနှင့် ဆန့်ငင်ဆန့်ငင်"
ဒေါက်တာဝပ်ဆင် ကို ရှာလော့(ခ)ဟုမ်း(စ)က စမ်းသပ်ခွင့်မပြု။ ဒီရောဂါက ကူးစက်တတ်သော ရောဂါဖြစ် သတဲ့။
ခင်ဗျား ကုနိုင်လောက်သောရောဂါ မဟုတ်ပါတဲ့။ ဒီရောဂါကို ပါရဂူမြောက်သိသူ တစ်ဦး သာရှိသည်။ ဆရာဝန် မဟုတ်၊ ဆုမတြကျွန်းနေ မစ္စတာကာ(လ)ဗတန်စမစ်ဆိုသူ ဖြစ်သတဲ့။ သူအခု လန်ဒန် ရောက်နေသည်။ သူ့စိုက်ခင်း မှာ ဒီရောဂါ အကြီးအကျယ် ဖြစ်ဖူးသည်။ ဆေးရုံနျင့် ဆရာဝန်နှင့် ဝေးကွာလွန်း လှ၍ ဆေးဘက် ၀န်ထမ်းတွေ တစ်ယောက်မှ လာရောက်ကြည့်ရှုပေးနိုင်ခြင်းမရှိ။ ထို့ကြောင့် ရောဂါဖြစ်သူ သူ့အလုပ်သမားတွေကို သူကိုယ်တိုင် ပဲ စေ့စေ့စပ်စပ်ကြည့်ပြီး တတ်နိုင်သရွေ့ ပြုစုစောင့် ရှောက်ခဲ့ရသည်။ ဒါကြောင့် ဒီရောဂါနှင့် ပတ်သက်ပြီး သူက ကျွမ်းကျင်သူ ဖြစ်သွားသတဲ့။ သူ့ကို ခေါ်ပေးရန် စုံထောက်ကြီး က တောင်းပန် ၍ ဒေါက်တာဝ်ပဆင်မှာ မစ္စတာစမစ်ကို မတွေ့တွေ့အောင်ရှာရသည်။
မစ္စတာစမစ်က ရှာေးလာ့(ခ)ဟုမ်း(စ)၏ အခြေအနေကို မေးမြန်းရာ သေကောင်ပေါင်းလဲ ဖြစ်နေကြောင်း၊ စုံထောက်ကြီး ကိုယ်တိုင် လွှတ်လိုက် ၍ သူလာတွေ့ရကြောင်း ဒေါက်တာဝပ်ဆင်က ဖြေသည်။
မစ္စတာစမစ် က သူ စိတ်မကောင်းပါကြောင်း၊ ရှားလော့(ခ)ဟုမ်း(စ)ကို သူလေးစားကြောင်း၊ မစ္စတာဟုမ်း(စ)က ရာဇ၀တ်မှု အပျော်တမ်း စုံထောက် ဖြစ်သလိုသူကလည်း ရောဂါ အပျော်တမ်း စုံထောက် ဖြစ် ပါကြောင်း။ ဘေးစင်ပေါ်က ပုလင်းတွေ၊ ဖန်ဘူးတွေကို လက်ညှိုးထိုးလိုက်ပြီး -
" ဒါက ကျွန်တော့် အကျဉ်းထောင်တွေလေ။ ကျောက်ကျော Gelatin ထဲမှာ မွေးထားတဲ့ပိုးတွေက ကမ္ဘာ ပေါ်မှာ အဆိုးဝါး ဆုံး၊ ကြောက်စရာအကောင်းဆုံးကောင်တွေပေါ့။ သူတို့က အပြစ်ဒဏ်ကျခံနေရတာ" ဟု ပြောသည်။
ရှားလော့(ခ)ဟုမ်း(စ) ကို ရောဂါပိုး ကူးစက်စေပြီး သေစေရန် သူ၏ကြံစည်မှု ထမြောက်ပြီဟု မစ္စတာစမစ် သဘောပေါက် လိုက်သည်။ သေခါနီး စုံထောက်ကြီးကို သူ လိုက်တွေ့မည်။ စုံထောက်ကြီး ဘယ်လောက် တော်တော် ဒီအချီတော့ ခံရပြီ မဟုတ်လားဟု ခပ်ကြွားကြွားလေး ပြောလိုက်ဦးမည်။ သူ ဘယ်လို ပိပိရိရိ ကြံစည်တယ် ဆိုတာ ရင်ကော့ပြောလိုက်ဦးမည်။
ရှားလော့(ခ)ဟုမ်း(စ) ကလည်း ဒီအကွက်ထဲ ၀င်လာအောင် ကြိုတင်တွက်ချက် စီစဉ်ထားတာပါပဲ။ သူတို့ နှစ်ဦး တွေ့ဆုံပွဲ ကို ဒေါက်တာ ၀ပ်ဆင်က ချောင်းနားထောင်သည်။
" သေသေချာချာ နားစိုက်ဗျာ၊ ဒီရောဂါ လက္ခဏာတွေ မပေါ်ခင် ကပ်ပြီး ဘာတွေ ဖြစ်နေသေးသတုံး"
" မရှိ ... မရှိပါဘူးဗျ"
" စဉ်းစားပါဦးလေ "
" နေမကောင်းတော့ စဉ်းစားလို့ မရဘူးဗျို့"
" ကောင်းပြီလေ၊ ကျွန်တော် ကူစဉ်းစားပါ့မယ်၊ စာတိုက်က ပါဆယ်တစ်ခုခု ရောက်လာတယ်၊ ဟုတ်စ"
" စာတိုက်က ... "
" သေတ္တာတစ်ခုခုလိုမျိုးလေ "
" ကျွန်တော် သတိမေ့ချင်ပြီ၊ သေရတော့မယ်ထင်ပါရဲ့ "
" နားထောင်ဦှးေ ဟုမ်း(စ)ရဲ့"
သေခါနီးလူမမာ ကို ကိုင်လှုပ်သလို ကြားရသည်။ ကျွန်တော်က ပုန်းခိုနေရာက အသံမထွက်အောင်ဘဲ ဂရုစိုက်နေ သည်။
" ခင်ဗျား နားထောင်ရမယ်။ နားကို ထောင်ရမယ်။ သေတ္တာတစ်လုံး၊ ဆင်စွယ်သေတ္တာတစ်လုံး မှတ်မိသေး ရဲ့လား။ ဗုဒ္ဓဟူးနေ့ က ရောက်လာတာလေ။ ခင်ဗျား ဖွင့်ကြည့်ခဲ့တာလေ၊ မှတ်မိသေးရဲ့လား "
" ဟုတ်တယ်။ ဟုတ်တယ်။ ကျွန်တော် ဖွင့်ကြည့်ခဲ့တယ်။ အထဲမှာ စပရိန်ပါတယ်။ တစ်ယောက်ယောက် ကနောက်တာ များ ... "
" နောက်ရမယ့်ကိစ္စ မဟုတ်ဘူးဗျ။ ခင်ဗျားအသက်နဲ့ လဲရမယ့် ကိစ္စဗျို့။ ခင်ဗှား တယ်မိုက်တာကိုး။ အဲဒီ မိုက်ကြွေး ကို ခင်ဗျား ပေးဆပ်ရမယ်။ အခုလည်း ပေးဆပ်နေရပြီ။ ခင်ဗျားက ကျွန်တော် လျှောက်မယ့်လမ်းကို ဘာကြောင့် တားဆီးရ ပိတ်ဆို့ရတာလဲ။ ကိုယ့်လမ်းကိုယ်လျှောက် ခဲ့ရင် ကျွန်တော်က ခင်ဗျားကို ထိခိုက်အောင် လုပ်စရာ မလိုဘူးလေ "
ရှားလော့(ခ)ဟုမ်း(စ) က မစ္စတာစမစ်ကို လူသတ်မှု၊ လူသတ်ရန် ကြံစည်မှုနှင့် ရုံးတင် တရားစွဲနိုင်ခဲ့သည်။ မစ္စတာစမစ် က ဇီဝပိုးမွှားတွေကို Gelatin (ကျေက်ကျော) နှင့် မွေးထားပြီး လန်ဒန်ကို သယ်ဆောင်လာ သည်။ သူ့တူအရင်း ကို ရောဂါပိုးကူးစက်စေရာ (၄)ရက်အတွင်း သေဆုံးသွားရသည်။
ရှားလော့(ခ) ဟုမ်း(စ)က ဤသေမှုသေခင်းကို မသင်္ကာ။ ရိုးရိုးသေဆုံးမှု မဟုတ်ဘဲ လူသတ်မှုဟု ယနမကင်း ဖြစ်မိသည်။ သူ မျှော်လင့်ထားသလိုပါပဲ။ မစ္စတာစမစ်က သူ့ကို ဒုတိယပစ်မှတ်ထားပြီး သုတ်သင်ရန် အားထုတ် သည်။ သူ့တူ ကို လုပ်ကြံခဲ့သည့် နည်းကိုပဲသုံးသည်။ သူ့တွက်ထားသလို စာတိုက်မှ ပါဆယ်ထုပ်ပို့ပြီး လုပ်ကြံရန် ကြိုးစားခြင်း။ တကယ်က စမစ်ကို သူဝန်ခံခဲ့သလို ဆင်စွယ်သေတ္တာကို ဖွင့်မကြည့်ခဲ့။ သူက ရောဂါကူးပုံ ကူးနည်းကအစ ရောဂါလက္ခဏာတွေကို တိတိကျကျ စေ့ငု ထားလေရာ ရောဂါသည်ယောင်ဆောင်တော့ တိတိပပ တူနေလေသည်။ ဒါကြောင့် ရောဂါအကြောင်း ကျွမ်းကျင် လှသည်ဆိုသော မစ္စတာစမစ်ရော အနီးကပ်နေသည့် ဆရာဝန်ရင့်မကြီး ဒေါက်တာဝပ်ဆင်ပါ ခံသွား ရတာ။ ဒေါက်တာ ၀ပ်ဆင် သေသေချာချာ စမ်းသပ်စစ်ဆေးလျှင် သူ "ဖိန့်" တာတွေ ပေါ်ကုန်မည်စိုး၍ ဒီရောဂါကူးစက် တတ်သည်။ ဒါကြောင့် သူ့ကို မစမ်းသပါပါနှင့်ဟု ကြိုတင် မေတ္တာရပ်ခံ ထားလိုက်သေးသည်။ ရောဂါက တပညူလီရောဂါ (သို့မဟုတ်) ဘလက်ဖော်မိုဆာရောဂါ။ တကယ်တော့ ဒီရောဂါက လူလူချင်း ကူးစက်တတ်သော ကူးစက်လွယ်သော ရောဂါ မဟုတ်။ ရောဂါ အကြောင်း နောကျေနေသော မစ္စတာစမစ် ကိုယ်တိုင်ပင်လျှင် "ရောဂါဖြစ်"နေသည့် ရှာလော့(ခ) ဟုမ်း(စ)ကို အနီးကပ်ကိုယ်ထိလက်ရောက် ကိုင်တွယ်လှုပ်ယမ်းလိုက်သေးသည်မဟုတ်ပါ လား။
တပညူလီရောဂါ
ဆေးကျမ်းတွေထဲမှာ တပညူလီရောဂါဆိုတာ မပါချေ။ ကိုနင်ဒွိုင်း(လ)ညွှတ်းတဲ့ ရောဂါက ဘာရောဂါပါလိမ့်။ စာရေးဆရာပီပီ စိတ်ကူးယဉ်ကြံဆလိုက်သော ရောဂါပေလား။ ဒီရောဂါက အရှေ့တောင် အာရှတွေမှာ တွေ့ရတတ်သတဲ့။ အင်ဒိုနီးရှား ဆုမတြကျွန်းက စိုက်ခင်းတွေမှာ အကြီးအကျယ် ဖြစ်ဖူးသတဲ့။ လယ် ကူလီတွေ မှာ ဖြစ်လေ့ရှိသတဲ့။ ဒီရောဂါရဲ့ လက္ခဏာတွေက ဖျား၊ အစားပျက်၊ တအားနုံးချည့်၊ ချွေးထွက် များ၊ တစ်ကိုယ်လုံး ကြွက်တတ်သလို ကိုက်ခဲ၊ မော၊ ချောင်းဆိုး၊ အသံအက်၊ လေသံပျော့၊ နှုတ်ခမ်းမှာ အနားဖေး မည်းမည်းတွယ်၊ သေခါနီးငန်းဖမ်းသလိုဖြစ်။ ဘာရောဂါပါလိမ့်။ ချုံပုတ် တိုက်ဖက်(စ)ရောဂါ လား၊ ထောင့်သန်းရောဂါလား၊ တိုက်ဖွိုက်လား၊ ပလိပ်ရောဂါလား။
ကိုနင်ဒွိုင်း(လ)လို ဆရာဝန်စာရေးဆရာက တွေ့ဖူးကြားဖူးနေကျ ရောဂါတွေကို ၀တ္ထုထဲ ထည့်ရေးလောက်အောင် "ဖျင်း" လိမ့် မည် မထင်။ ဤ "ထူးမခြားနား" ရောဂါတွေကို တခုတ်တရ စာဖွဲ့လိမ့်မည် မဟုတ်။ ချုံပုတ် တိုက်ဖတ်(စ)ရော ဂါနျင့် ရောဂါလက္ခဏာဆင်တူသော်လည်း ယင်းရောဂါပိုးက Gelatin ထဲမှာ မွေး၍မရလေ။ အသည်းအသန် ပြင်းထန်ရောဂါဖြစ်သော်လည်း ယင်းရောဂါကြောင့် သေနှုန်းက မမြင့်မား လှ။ ထို့ကြောင့် လူသတ်လက်နက် အဖြစ် သိပ်အသုံးမကြပြန်။ ဆုံဆို့နာရောဂါများဖြစ်လေမလား။ အသံက ခပ်အောအော။ မောက မောဆို တော့။ ဆုံဆို့နာက အင်္ဂလန်မှာ လမ်းပေါ်ကလူတောင် သိတယ် ဆိုသည့်ရောဂါမျိုး။ ဒီလို ပေါပေါပဲပဲ ရောဂါ မျိုးကိုလည်း ကိုနင်ဒွိုင်း(လ) မျက်စိကျဖွယ်မမြင်။
နောက်ဆုံး အဘက်ဘက်က စဉ်းစားကောက်ချက်ချလိုက်တော့ တပညူလိရောဂါဆိုတာ Acute Septicaemic Melioidosis (မီလွိုင်းဒိုးဆစ်သွေးပိုးစွဲနာ) ဖြစ်နိုင်သည်ဟု ပညာရှင်တို့က ကောက်ချက်ချ ကြသည်။
ရန်ကုန်ဆေးရုံကြီး၊ ရောဂါဗေဒဌာန (၁၉၁၂)
ရန်ကုန်ဆေးရုံကြီး ရောဂါဗေဒဌာနကို ၁၉၁၂ မှာဖွင့်သည်။ (၉၇ နှစ်သက်တမ်းရှိပြီ။) ဖွင့်ပြီး လအနည်းငယ် အတွင်းမှာပဲ ငယ်ရွယ်၍ စိတ်အားထက်သန်လှသော ရောဂါဗေဒဆရာဝန် အသစ်ကျပ်ချွတ် ကပ္ပတိန်ဝစ်(တ)မိုးနှင့် သူ့လက်ထောက် ခရစ္စသျှနဆွာမိတို့က ရန်ကုန်မြို့ လမ်းဘေး ခြေသလုံးအိမ်တိုင် ထူနေသူတွေ မှာ ရောဂါအသစ်တစ်မျိုးစတွေ့သည်။
သူတို့ ရောဂါဗေဒ ဆရာဝန်တွေ တစ်ခါမျှ မတွေ့ဖူးသောရောဂါ။ မြင်းတွေမှာ ဖြစ်ပွားလေ့ရှိပြီး လူတွေထံ တစ်ခါတစ်ရံ မှ ကူးစက်သော ဂလင်းဒါး (Glanders) ရောဂါနျင့် ခပ်ဆင်ဆင်။ သူတို့နှစ်ဦး နိစ္စဓ၀တာဝန်တွေ ထဲမှာ မြို့တော် ပုလိပ်အဖွဲ့က ပို့လာသော လမ်းဘေးသေနေသည့် လမ်းပေါ်က ချစ်သူ တွေ၏ အလောင်းတွေ ကို ခွဲစိတ် ရတာ ပါဝင်လေသည်။ အများစုက မော်ဖင်းဆေးစွဲပြီး သေဆုံးသူတွေ၏ အသုဘကမ္မဋ္ဌာန်း ရှုချင်စရာ အလောင်းတွေ။
ဤရောဂါတွေ ကို ခွဲစိတ် (Post-Morten) လုပ်ရင်း အလောင်းတွေမှာ ဂလင်းဒါရောဂါနှင့် ဆင်တူ သည့် ရောဂါလက္ခဏာတွေ တော်တော်များများ ရှိနေတာ သတိပြုမိသည်။ ပိုးမွေးကြည့်လိုက်တော့ ဂလင်းဒါး ရောဂါမဟုတ်။ ဒါဆိုရင် ဘာပိုးပါလိမ့်။ သိပ္ပံပညာရှင် ရောဂါဗေဒ ပညာရှင်တို့ ၏ ရောဂါထောက်လှမ်းရေးပွဲ ကြီးစတော့သည်။
အဆုတ်အအေးမိရောဂါ၊ ပေါင်ခြံပြည်တည်နာတွေနှင့် သေဆုံးသောအသက်ငယ်ငယ် မော်ဖင်းဆေးစွဲသူ တစ်ဦး ၏ အလောင်းကို ခွဲစိတ်စစ်ဆေးရာမှ ရောဂါသဲလွန်စရခဲ့ရာ ၁၉၁၂ ခုတွင် ယင်းလူနာလို ပြည်တည်ပိုးသွေးစွဲနာ လူနာ (၃၈)ဦးတိတိ မှတ်တမ်းတင်ပြီးပြီ။ ယင်းအကြောင်း စာတမ်းပြုစုပြီး အိန္ဒိယ ဆေးပညာဂေဇက်ဂျာနယ် ((MG) သို့ပို့သည်။ မော်ဖင်းထိုးလူနာများ၏ ပိုးသွေးစွဲနာ (Morphine injectors' septicemias)ဟု နာမည်ရိုးရိုးပဲ ပေးလိုက်သည်။ (၁၉၉၃ ခု ကျမှ မီလွိုင်းဒိုး ဆစ်ရောဂါ အမည်တပ်ခံရ သည်။)
ထိုစဉ်ကတည်းက ဤရောဂါဗေဒပညာရှင်နှစ်ဦးက သူတို့တွေ့သောရောဂါပိုးမှာ မည်သူမျှ မတွေ့သေးသော ရောဂါပိုးဖြစ်ကြောင်း မှန်ကန်စွာ ကောက်ချက်ချနိုင်ခဲ့သည်။ ၁၉၁၇ ခုတွင် ခရစ္စသျှနဆွာ မိက ဤရောဂါဖြင့် သေဆုံး သူ (၁၀၀)ကျော်အကြောင်း စာတမ်းတစ်စောင် တင်သည်။ လူသေအလောင်း ခွဲစိတ်မှု အားလုံး ၏ ၅ ရာခိုင်နှုန်းတွင် ဤရောဂါပိုး တွေ့ရသည်ဟု မှတ်ချက်ချခဲ့သည်။
ဤရောဂါက ရက်တိုတိုအတွင်း ရုတ်ခြည်း လိုလို ပေါ်လာတတ်ပြီး ရောဂါ အရှိန်တက်မှု က မြန်ဆန်သည်။ သေနှုန်းကလည်း မြင့်မားလှသည်။ ကိုနင်ဒွိုင်း(လ)က သူ့ဝတ္ထု (The Adventure of the Dying Detective)ကို ၁၉၁၃ မှာထုတ်သည်။ ရောဂါအကြောင်းသိပြီး တစ်နှစ်အတွင်းမှာ အပူပိုင်းဒေသ နောက်ဆုံး ပေါ်ရောဂါဆန်း ကို သူ့ဝတ္ထုထဲမှာ ထည့်သုံးချင်လောက်အောင် ကိုနင်ဒွိုင်း(လ) အာရုံကျခဲ့ဟန် တူသည်။
အံ့ဖွယ် သုတက ၀တ္ထုရေးဆရာ ကိုနင်ဒွိုင်း(လ)ဆေးစာမပြတ် ဖတ်ရှုလေ့လာနေတယ်ဆိုတာပဲဖြစ်သည်။ ဤ ရောဂါ၏ လက္ခဏာတစ်ခု က အဆုတ်အအေးမိခြင်းနှင့် သွေးတွင်းအက်စစ်ဓာတ်များနေခြင်း။ ဒါကြောင့် ရှားလော့(ခ)ဟုမ်း(စ) ခမျာ အသက်ကို အလုအယက် ရှူနေရတာ၊ မောနေ တာ၊ ချောင်းဆိုးနေ တာ။ သွေးပိုးစွဲနာ က သည်းလှတော့ အစားပျက်နေတာ၊ တအားနှုံးချည့်နေတာ၊ ချွေးစေးပြန်နေတာ၊ ငန်းဖမ်း နေ တာ။ နှုတ်ခမ်းပေါ်က အနားဖေးတွေက အရေပြားပြည်တည်နာ (ဒါမှမဟုတ်) "ရေယုန်သေး" ပြန်ကြွတာ။ (အဆုတ်အအေးမိရင် "ရေယုန်သေး" ပြန်ကြွတတ်သည်။) ဒီပိုးကို (Galatin)မှာ မွေးလို့ရတော့ ဆုမတြမှ လန်ဒန်သို့ လွယ်လင့်တကူ သယ်နိုင်သပေါ့။ ယနေ့ခေတ် အင်္ဂလန် မှာ တွေ့ရသော မီလွိုင်းဒိုးဆစ် ရောဂါသည်မှန်သမျှကို ပြန်ကြည့်ရင် အရှေ့တောင်အာရှနျင့် သြစတေးလျမြောက်ပိုင်းဒေသ မှ လာသူတွေ ချည်းလို့ ဖတ်ဖူးတာ သတိရမိသည်။
၁၉၁၃ ခုမှာ ရန်ကုန်တောင်ဘက် မိုင်ပေါင်းများစွာဝေးသည့် ကွာလာလမ်ပူ ဆေးသုတေသန ဌာန တွင် မွေးမြူ ထားသည့် တိရစ္ဆန်တွေ ခွေးကျောက်ပေါက်နာ ဆန်ဆန်ရောဂါ ဖြစ်ပွားသည်။ နောက်ကာလအတန် ကြာမှ ရန်ကု န် တွင် စတွေ့ ရသည့် မီလွိုင်းဒိုးဆစ်ရောဂါမှန်း သိလာရသည်။ သြစတေးလျမြောက်ပိုင်းမှာ ဒီရောဂါ ကို အရေးကြီး တိရစ္ဆာန်ရောဂါတစ်ခုအဖြစ် သတ်မှတ်ထားသည်။ လူမှာတော့ ဖြစ်ခဲသည်ဟုဆို သည်။ ဆေးကျမ်းအထူကြီးတွေမျာပင် ဤရောဂါအကြောင်း စာပိုဒ်တစ်ပိုဒ်မျှပဲ အနိုင်နိုင် ဖော်ပြထားသည် ကိုတွေ့ရသည်။ ဇီဝလက်နက် (Biological Weapon)အဖြစ် သုံးနိုင်သည်ဆိုတာတော့ အားလုံးက လက်ခံထားကြသည်။ (ကိုနင်ဒွိုင်း(လ) ကြိုသိခဲ့တာကြာပေါ့)။
ဗီယက်နမ် စစ်ပြန်တွေဆီမှာ ဒီရောဂါတွေ့ရတော့ ဒီရောဂါအပေါ် စိတ်ဝင်စားမှုက ခေါင်းထောင်ထလာပြန် သည်။ ဒီစစ်ပြန်တွေမှာ တွေ့ရသည့်ရောဂါပုံစံက ရက်တို အရှိန်ပြင်းရောဂါ (Acute case)မျိုးမဟ်ုတ်။ တီဘီရောဂါလို ပိုးဝင်သွားတုန်း ရောဂါလက္ခဏာ ဘာမှမပြောဘဲ ကိုယ်ခံအားနည်းလာမှ ဆီးချိုလို နာတာရှည်ရောဂါ စွဲဝင်လာမျ မူလရောဂါအခံ ပြန်ကြွပြန်ပေါ်လာသည့်ပုံစံ။ နာတာရှည်ပိုးစွဲရောဂါ။ (Chronic case)/ဒါကြောင့် ဒီရောဂါကို "ဗီယက်နမ် အချိန်ကိုက်ဗုံး"လို့ခေါ်တာဖြစ်မည်။ တစ်ချိန်ချိန် ထပေါက်ဦးမည်ပေါ့။
မီလွိုင်းဒိုးဆစ်ရောဂါနှင့်ကျွန်တော့်အကြွေး
အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ၁၉၅၅ ခု ကျကာမှ ဤရောဂါကို စတင်သတိထားမိသည်။ ၁၉၈၅ ခု ရောက်တော့ လူနာ (၈၀၀)ကျော် မှတ်တမ်းမှတ်ရာ ရှိနေပြီ။ ဓာတ်ခွဲခန်းတွေ အဆင့်မြင့်တိုးတက်လာတာ၊ ကျွမ်းကျင်သူ ပိုးမွှားရောဂါဗေဒပညာရှင်တွေ ရှိလာတာကြောင့် ဖြစ်မည်။ ထိုင်းတွင် လွန်ခဲ့သော နှစ်ပေါင်း (၂၀) အတွင်း ဆေးရုံပြင်ပ သွေးပိုးစွဲနာဖြစ်သည့် လူနာ ၁၀၀ မှာ ၂၀ က ဤရောဂါပိုးစွဲလို့ ဖြစ်ရသတဲ့။ ၅ ဦးမှာ တစ်ဦးနှုန်း။ ရန်ကုန်ဆေးရုံကြီးမှာ ၁၉၁၁ မှာ စတွေ့ခဲ့ရသည့် ဤရောဂါကို ၁၉၄၅ ခုနောက်ပိုင်းတွင် မိမိတို့ နိုင်ငံ ၌ တွေ့ရှိကြောင်း မှတ်တမ်းမှတ်ရာ မတွေ့မိ။ ၂၀၀၀ ခုနှစ်မှာ မန္တလေးဆေးရုံကြီး အတွင်းလူနာတစ်ဦး၏ လက်မောင်းပြည်တည်ရာမှ ဤရောဂါပိုးကို စတင်တွေ့ရှိရပြန်သည်။ သမားတော်ကြီး ဒေါက်တာစောနိုင်နှင့် အဏုဇီဝဗေဒပညာရှင် ဒေါက်တာ မေကြည်အောင်တို့၏ သတိရှိမှု၊ လုံ့လထုတ်မှုတို့ကြောင့် ဖြစ်သည်။ ၂၀၀၁ မှ ၂၀၄ အတွင်း လူနာ ၆ ဦးထပ်တွေ့ရပြန်သည်။ တစ်ကျော့ပြန် မီလွိုင်းဒိုးဆစ် ပေလား။ ရန်ကုန်ဆေးရုံကြီး၊ ရန်ကုန်ဆေးရုံသစ်ကြီး၊ မြောက်ဥက္ကလာပဆေးရုံကြီး၊ ပြင်ပ ဆေးခန်းကြီးတစ်ခုက လူနာတွေ။
၂၀၀၇ ခုမှာတော့ ကျွန်တော် ကိုယ်တိုင် မီလွိုင်းဒိုးဆစ်နှင့် ပက်ပင်းဝင်တိုးသည်။ ၀င်တိုးလို့ တိုးမှန်းမသိခဲ့။ ယုန်ကတိုးသော်လည်း ပိုက်ကပေါက်နေပေသကိုး။ ဒါကြောင့် (Discovery comes only to the prepared mind)လို့ ဆိုတာ ဖြစ်မည်။ ကျွန်တော့်စိတ်က ကြိုတင်ပြင်ဆင် မျှော်လင့်တွက်ဆထားသော စိတ် အခြေ အနေ မဟုတ်ခဲ့။
ရောဂါရှင် က ငယ်သူငယ်ချင်းတစ်ဦး။ အသည်းခြောက်ရောဂါ၊ ဆီးချိုဝေဒနာသည်။ ဖျားနေတာကြာပြီ။ ထို့ပြင် ညာဘက်ညှပ်ရိုး အတွင်းဘက်နေရာနာကျင်သည်ပြော၍ လာပြသည်။ စမ်းသပ်ကြည့်လိုက်တော့ ဘာမှ ထူးထူးခြားခြားမတွေ့ရ။ နှိပ်ကြည့်တော့ နည်းနည်းနာသတဲ့။ ဒါပဲ။ အဖျားကမကျ။ ပဠိဇီဝဆေးတွေ စုံနေပြီ။ နာကျင်သည့်နေရာက နည်းနည်းရောင်လာသည်။
သူတို့ကတတ်နိုင်တော့ ထိုင်းသို့သွားသည်။ ဟိုမှာ ဆေးရုံတက်၊ စမ်းသပ်မှုတွေလုပ်ပြီး အရိုးဆရာဝန်၏ ခွဲစိတ်မှုခံယူရသည်။ ပြည်တွေ တွေ့လိုက်ကတည်းက အရိုးဆရာဝန်က "မီလွိုင်းဒိုးဆစ်ကြီးဗျ" ဟု ထအော် လေသတဲ့။ ဓာတ်ခွဲစမ်းသပ်ကြည့်လိုက်တော့ သူပြောတာ ကွက်တိ။ ရန်ကုန်ဆေးရုံကြီး ရောဂါဗေဒ ဆရာဝန်တွေကို ကျွန်တော် အကြွေးတင်သွားပြီ။
မော်စီတုန်း၏ မရဏလက်ဆောင်
ပြင်သစ်သမ္မတ ပွန်ပီဒူးလက်ထက် ဥက္ကဋ္ဌကြိး "မော်"က ပါရီတိရစ္ဆာန်ဥယျာဉ်အတွက် လက်ဆောင်တွေ ပို့ပေးရာ မှာ ပါလာသော ပင်ဒါဝက်ဝံတစ်ကောင်ကြောင့် ဒုက္ခပွေရဖူးသည်။ ယင်းလက်ဆောင်တွေရပြီး မကြာလှချိန်မှာ တိရစ္ဆာန်ရုံ ရှိ အကောင်ကြီးကြီးတွေ ထူးထူး ဆန်းဆန်း ရောဂါ စွဲကပ်ခံရပြီး သေဆုံး ကုန်သည်။ ရောဂါစုံထောက်တွေ ထောက်လှမ်းလိုက်တော့ လက်သည်မှာ မီလွိုင်းဒိုးဆစ်ရောဂါ ဖြစ်နေ သည်။ ရောဂါစတင်ပြန့်ပွားနေသည့် တိရစ္ဆာန် (index case)ကို လိုက်ရှာတော့ "မော်" ၏ ပင်ဒါဝက်ဝံလေးဖြစ်နေ သည်။ အနောက်တိုင်းက တိရစ္ဆာန်ဆရာဝန်တွေ မျက်လုံးပြူးရပြီ။ ဒီရောဂါပိုး က တောင်ပေါ်နေ ဂေါ်ရီလာမျောက်ဝံတွေ၊ ငှက်တွေ၊ ပင်လယ်နေ နို့တိုက်သတ္တ၀ါတွေအတွက် အန္တရာယ် ကြီးလှကြောင်း တစ်စတစ်စ သိလာရသည်။ နယ်စည်းမခြား တိုက်ခိုက်သော ရောဂါပိုးပေတကား။
ကောက်ချက်
၁။ ဒါက်တာဝပ်ဆင် ဆေးပညာဂျာနယ် ဖတ်ပုံမရ။ ဆရာဝန်ဖြစ်လျက် ဆေးစာ မဖတ်ဘဲနေ ရဲသည်၊ နေရက်သည်။ သူက ရှားလော့(ခ)ဟုမ်း(စ)၏အမှုကိစ္စတွေကို ၀တ္ထုရေးဖွဲ့ဖို့ပဲ စိတ်သန်နေ သည်။ ဆေးစာ မဖတ် သည့် ဆရာဝန်ဆေးမကုထိုက်။ ဆရာဝန်အမည် မခံထိုက်။
၂။ ရောဂါကြီး၊ ရောဂါဆန်းတစ်ခုခုကုသလျှင် ပညာရှင် လိုအပ်သည်။ (ဒေါက်တာဝပ်ဆင်လို) သာမန် ဆရာဝန်နှင့် မကုထိုက်၊ မကုအပ်။ ကုသရာတွင် ဥာဏ်ပေါင်းစုလျက် ကုသသင့်သည်။ ထို့ကြောင့် အဖွဲ့ကောင်းဖို့ အဖွဲ့တောင့်ဖို့လိုသည်။
၃။ ကိုနင်ဒွိုင်း(လ)က စာရေးဆရာအဖြစ် အသက်မွေးသော်လည်း ဆေးစာဖတ်ဆဲဆိုတာ သိရသည်။ ၁၉၁၂ ခုထုတ် အိန္ဒိယဆေးပညာဂျာနယ်ထဲက ဤရောဂါဆန်းကို သူ ကျေကျေညက်ညက် ဖတ်ပြီးပြီ။ ထို့ကြောင့် ၁၉၁၃ ခုထုတ် သူ့ဝတ္ထုတွင် ဤရောဂါအကြောင်း သပ်သပ်ရပ်ရပ် လှလှပပထည့်ရေးနိုင်ခြင်း ဖြစ် သည်။ အပူပိုင်းဒေသ ရောဂါတွေအပေါ် စိတ်ဝင်စားမှုကို သူ့ဝတ္ထုတွေမှာ အစဉ်တစိုက် တွေ့ရသည်။
၎။ ကိုနင်ဒွိုင်း(လ)က ဇီဝလက်နက်သုံးစွဲမှုကို ကြိုမြင်သည်။ စာတိုက်မှ ပါဆယ်ပို့၍ သေကြောင်းကြံ စည်နိုင်မှု ကို ကြိုသိခဲ့သည်။ တစ်ခါတစ်ရံ ဘ၀က စိတ်ကူးကို တုတတ်သည်။
၅။ ရောဂါရှာဖွေထောက်လှမ်းခြင်းက သမားတော်တွေနှင့် ပွဲပြီးသည့်ကိစ္စမဟုတ်။ အဆင့်မြင့် ဓာတ်ခွဲခန်း၊ ကျွမ်းကျင်ပညာသည် ပညာရှင် လိုအပ်သည်။
၆။ ရောဂါတွေက နယ်စည်းမခြား။ လူတိရစ္ဆာန်စည်းမခြား ဖြစ်နိုင်သည်၊ ဖြစ်နေသည်။
၇။ လက်ဆောင် ဆိုတာ ဥာဏ်နှင့်ပေး၊ ဥာဏ်နှင့်ယူရသည့် ကိစ္စဖြစ်သည်။
၈။ လွန်ခဲ့သော နှစ်ပေါင်း (၁၀၀)နီးနီးက ရန်ကုန်ဆေးရုံကြီးတွင် ပစ္စည်းကိရိယာ မစုံမလင်ကြား ကျားကုတ် ကျားခဲ သုတေသနပြုခဲ့သော ရောဂါဗေဒပညာရှင်တွေအပေါ် ယနေ့ခေတ် ဆရာဝန်တွေ အကြွေးတင်နေသေး သည်။
စာညွှန်း။ Vora SK (2002). Sherlock Holmes and a biological weapon. JR Soc Med 95:101-103
ရွက်နုဝေ၊ သြဂုတ်လ၊ ၂၀၀၈
ဆက်ရန်
.

3 comments:
သေခါနီး ရှားလော့ဟုမ်း ခံစားနေရတဲ့ တပညူလီရောဂါဆိုတာ ဘာများလဲ မရွှေစင်ရေ။ ကယ်ပါဦး
အဲ..ဆက်ဖတ်တော့ သိပြီ။ စုံထောက်ဇာတ်လမ်းကို စိတ်ဝင်စားနေတာ ရောဂါဆန်းအကြောင်းကျတော့ အဘိဓာန်မလှန်ချင်ဘူး ဖြစ်သွားတယ်။ ဆက်ရှင်းထားတာကိုး။
dcke [url=http://drdrebeatssales.ca]dr dre beats[/url] iszndv http://drdrebeatssales.ca tjbt [url=http://beatsbydrdresale.ca]dr dre beats[/url] axaqfs http://beatsbydrdresale.ca dihv [url=http://beatsheadphonesforsale.ca]dr dre beats[/url] qhcsuf http://beatsheadphonesforsale.ca vbme [url=http://beatsbydrebestbuy.ca]dr dre beats[/url] jfyaui http://beatsbydrebestbuy.ca yffz
Post a Comment