Sunday, November 18, 2012

ဇော်သက်ထွေး ၏ ကြမ်းတမ်းသောစစ်ပွဲ နှင့် နူးညံသော နှလုံးသား, အပိုင်း (၃)


ကန်စွန်းရွက် ၆ကျပ်သား ပုံပြင်
အဖြစ်အပျက်ကတော့ ၁၉၉၆ ၀န်းကျင်တစ်ဝိုက် သာယာဝတီထောင်မှာ ဖြစ်ပျက်ခဲ့တာ ဖြစ်ပါ တယ်။ နိုင်ငံရေး အကျဉ်းသားတွေ ထဲမှာ ဦးတင်အေးဆိုတဲ့ မိတ်ဆွေတစ်ယောက် ရှိပတယ်။ သူက ရန်ကုန် ကနေ ထောင်ကျလာတဲ့ လူတစ်ယောက်ပါ။ ဦးတင်အေးက ထောင်ထဲမှာ နေထိုင်ရတာ ဖြစ်ပေမယ့် ကျန်းမာရေး ကို သိပ်ဂရုစိုက်ပါတယ်။ ကျွန်တော်တို့ ရဲဘော်ရဲဘက် မိတ်ဆွေထဲမှာ လူငယ်အများစုက ကျန်းမာရေး ကိစ္စနဲ့ ပတ်သက်ပြီး အလေးအနက်မထားပဲ ခပ်ပေါ့ပေါ့နေကြတာ များပေမယ့် လူကြီးပိုင်ကတော့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး လေးလေးနက်နက် ရှိတာကို တွေ့ရ ပါတယ်။ တချို့လူကြီးတွေဟာ အိပ်ရာနိုးနိုးချင်း ရေကို အ၀သောက်ပြီး ခန္ဓာကိုယ် အတွင်း အပူ မငုပ်အောင် သတိထား နေထိုင်တယ်။ ဆီး၊ ၀မ်းလည်း မှန်မှန် သွားတယ်။

သွေးတိုးသမားတွေ ဆိုရင်လည်း ဆေးက အလွယ်တကူ မရနိုင်တော့ သံပုရာသီးလေးတွေ ဆောင် ထားပြီး သွေးတိုး နေရင် သံပုရာစေ့ ကို ၀ါးပြီး စားတယ်။ နံနက်ထောင်ဖွင့်တန်းစီပြီးရင် ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ကြ တယ်၊ ဦးတင်အေး ကလည်း အားကစားကို တော်တော်လုပ်ပါတယ်။ ခက်တာကတော့ သာယာဝတီထောင်တိုက်ဝန်း ထဲမှာ လတ်လတ်ဆတ်ဆတ် အသီးအနှံ မရှိတာပါပဲ။ ဦးတင်အေးက လူကြီး ဆိုတော့ သူ့ကျန်းမာရေး အတွက် ဗီတာမင်ဒီ အပြည့်အ၀ ရှိဖို့လုတယ်လို့ ခဏခဏ ပြောပါ တယ်။ ဒါပေမဲ့ ဗီတာမင်ဒီ ကို ပေးနိုင်တဲ့ ဟင်းသီးဟင်းရွက် ကိုတော့ ထောင်မှာ လုံးဝစိုက်ပျိုးခွင့်ပေး မထားဘူး။ လူဆိုတာ ကလည်း တော်တော်ဆန်းကြယ်ပါတယ်။ ပုံမှန်စားနေကျ အရာတစ်ခုကို နှစ်ပေါင်းများစွာ မစား ရရင် တော်တော်ကြီးကို တောင့်တ တတ်တယ်။ အိမ်က ၁၄ရက် စာပေးသွား တဲ့ ထောင်ဝင်စာဟင်းတွေကို အမြဲတမ်း စားနေရတော့ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားတဲ့ ချက်ဟင်းလေးတွေ ဟင်းသီး ဟင်းရွက်ကြော်လေးတွေ ကို တော်တော်စားချင်ကြတယ်။

၂၀၀၃ခုနှစ်က ကျွန်တော့်ရဲ့ ကိုယ်တွေ့အဖြစ်အပျက်တစ်ခုဆိုရင် ရယ်စရာလည်းကောင်း၊ ရှက်စရာ လည်း ကောင်းပါတယ်။ ကျွန်တော့် ကို ရုံးမထုတ်သေးဘဲ အချုပ်နဲ့ နေထိုင်စဉ်ကာလ အတွင်း ထုံးစံအတိုင်း အနေအထိုင် အစားအသောက် က တော်တော်ဒုက္ခရောက်တာပေါ့။ ကျွန်တော့်စိတ်ထဲမှာ ကန်စွန်းရွက်တွေ၊ ချဉ်ပေါင်ရွက်တွေ၊ ခရမ်းချဉ်သီး၊ မုန်လာဥတွေကို အရမ်း စားချင်နေတယ်။ ဒါပေမဲ့ ဆယ်ခန်းတွဲတိုက် တစ်ခုလုံး မှာ စိမ်းစိမ်းစိုစို အရွက်ဆိုလို့ အလှစိုက်ထား တဲ့ ရွက်လှပင် ပန်းအိုးတွေကလွဲပြီး စားစရာဆိုလို့ မူးလို့ရှုစရာ မရှိပါဘူး။ တစ်ရက်တော့ တစ်ချိန် က နိုင်ငံတော် သမ္မတတစ်ဦးဖြစ်တဲ့ ဦးအေးကို ရဲ့မြေးဖြစ်သူက စိတ်မကောင်းဖြစ်ပြီး ကျွန်တော့် အတွက် အခန်းထဲကို မြေပဲထုပ်လေး တစ်ထုပ်ပစ်ပေး သွားခဲ့တယ်။ ကျွန်တော့် မှာ ထမင်းတစ်ခါ စားရင် မြေပဲသုံးလေးစိလောက်စားပြီး မြေပဲထုပ်ကို မကိုင်ရက် မထိရက်နဲ့ အရိပ် တကြည့်ကြည့် ဖြစ်နေ တယ်။

တစ်ရက်တော့ မြေပဲကို ဒီအတိုင်းမစားပဲ အရွယ်လေးဘာလေးနဲ့ သုပ်စားချင်တဲ့ စိတ်မျိုး ဖြစ်နေတယ်။ ဒီလို အသုပ်သုပ် ရအောင် ဘာအစာပလာ မှ မရှိသလို ဘာဟင်းသီး ဟင်းရွက်မှလည်း မရှိပါဘူး။ ဒီလိုနေရင်းက ရုတ်တရက် အကြံ တစ်ခု ရလိုက်တယ်။ ဒီအကြံ ကတော့ ကျွန်တော့်ဘ၀မှာ တစ်ခါမှ မစားဖူးတဲ့ အသုပ်တစ်ခု သုပ်စား ဖို့ ဆုံးဖြတ်လိုက်တဲ့ အကြံပါ ပဲ။ ကျွန်တော်ဟာ တစ်နေ့လုံး ဒီအခွင့်အရေးကို ချောင်းတယ်။ နောက်ဆုံး ညနေခင်း ရေချိုးထုတ် တဲ့အချိန်မှာ ရေမြန်မြန်ချိုးပြီး အလှစိုက်ထားတဲ့ ပန်းအိုးထဲက ရွက်လှ ညွန့်လေးငါးညွန့်လောက် ခူးလိုက်တယ်။
ဝန်ထမ်း က ကျွန်တော့်ဘာလုပ်ပါလိမ့်ဆိုပြီး မျက်လုံးအပြူးသားနဲ့ ကြည့်ပြီး တားမြစ်တယ်။ ဒါပေမဲ့ နောက်ကျ သွားပါပြီ။ အခန်းထဲရောက်တော့ ခူးလာတဲ့ ရွက်လှညွန့်တွေ ကို ရေစင်စင်ဆေး၊ မြေပဲကို လေးစိတ်ကွဲအောင် ဖိကြိတ်ချေမွပြီး ရွက်လှညွန့်တွေ နဲ့ သမအောင် ရောမွှေလိုက်တယ်။ ကျွန်တော့ဘ၀မှာ တစ်ခါမှ မစားဖူးသေးတဲ့ ရွက်လှညွန့်သုပ် နဲ့ ထမင်းစားခဲ့ရတာ အဲဒီအခါက တော်တော်မြိန်ပါတယ်။ ဒီဟင်းလေးကို ခုထိ မမေ့နိုင်ခဲ့ပါဘူး။

သာယာဝတီထောင်မှာ ဦးတင်အေးလည်း ကျွန်တော် ချဉ်ချင်းတက်သလို တက်နေတယ် ထင်တယ်။ သူက ရွက်လှညွန့် သုပ်စားရလောက်အောင် အောက်တန်းမကျဘူးဗျ။ သူက အကျဉ်းထောင် လက်စွဲဥပဒေ ကို ကြေကြေ ညက်ညက် ဖတ်ထားမှတ်ထားပြီးသား။ ဒီတော့ သူက စီမံချက်တစ်ခု ဆွဲတယ်။ ထောင်ဆရာဝန် ဆီသွားပြီး သူ့မှာ လတ်လတ်ဆတ်ဆတ် ဟင်းသီး ဟင်းရွက်မစားရလို့ ဗီတာမင်ဒီ ချို့တဲ့နေတဲ့ အကြောင်း ပြောတယ်။ ဆရာဝန်ကလည်း သူခန္ဓာကိုယ်ကို စစ်ဆေးပြီး သူပြောတာကို လက်ခံလိုက်ရပါတယ်။ ဒါပေမဲ့ ဦးတင်အေး ကို ပညာ ပေးထားမှ နောက်လူတွေ မတောင်းဆိုရဲအောင် လုပ်လို့ရမယ်ဆိုတာ သူက အလိုလို နားလည် ပြီးသား ဖြစ်ပါတယ်။ နောက်ဆုံး ဆရာဝန်က ဦးတင်အေးဟာ ဗီတာမင်ဒီချို့တဲ့နေတဲ့အတွက် vegetable တစ်နေ့ ကို (၆ ကျပ်သားခန့်) စားရမယ်ဆိုပြီး ဆေးစာရေးပေးလိုက်ပါတယ်။ ဦးတင်အေးက ဒီဆေးစာ ကို ထောင်အာဏာပိုင်တွေဆီပြတော့ ထောင်ပိုင်က သိပ်ဘ၀င်မကျဘူး။ ထောင်မှာ လူအများနဲ့ အုပ်ချုပ်ရတာ ဆိုတော့ တော်တော်ကြာ ဦးတင်အေး လို အများကြီး ဖြစ်လာ ရငန် ခက်မယ်ဆိုပြီး စိတ်ပူပန်နေပုံ ရတယ်။ ဦးတင်အေးတွေးတာ ကလည်း ရှင်းရှင်းလေးပါပဲ။ ဆေးစာအရထောင်က ခေါင်းရှုပ်မခံဘဲ ကန်စွန်းရွက်တွေ၊ ကိုက်လန်တွေ ကို တောင်ယာက လေးငါးစည်း ခူးပေးလိုက်ရင်ရတယ်ဆိုပြီး သူ့စိတ်ကူးနဲ့ သူ ပျော်နေတယ်။

နောက်တစ်နေ့တော့ ဦးတင်အေးနေတဲ့ တိုက်ခန်းကို အကျဉ်းထောင် တောင်ယာဘုတ် ကိုင် နှစ်ကြီး အကျဉ်းသား တစ်ယောက်ရယ်၊ ဆေးရုံက ဆေးတပ်သားတစ်ယောက်ရယ်၊ အကျဉ်းထောင် (Main Jail) တာဝန်ခံ အရာရှိတစ်ယောက်ရယ် ရောက်လာပါတယ်။ နှစ်ကြီးအကျဉ်းသားလက်ထဲ မှာ ကန်စွန်းရွက်တွေ တစ်ပွေ့တစ်ပိုက် ကိုင်ထားတာ မြင်လိုက်လို့ ဦးတင်အေးတော်တော် ၀မ်းသာ သွားတယ်။ ဒါပေမဲ့ သူ့အပျော်က တာရှည် မခံပါဘူး။ ဆေးတပ်သား လက်ထဲမှာ ချိန်ခွင်တစ်ခု ကို ရုတ်တရက် တွေ့လိုက်တာကြောင့်ပါ။ ထင်တဲ့ အတိုင်း ပါပဲ။ မိန်းဂျေးလ်ထောင်မှူးက ဦးတင်အေး ကို ဆေးစာမှာပါတဲ့အတိုင်း ကန်စွန်းရွက် တစ်နေ့(၆)ကျပ်သားပေးမယ် လို့ ပြောပါတယ်။

ပြီးတော့ တောင်ယာဘုတ်ကိုင် က ချိန်ခွင်ထဲကို ကန်စွန်းရွက် ၃ညွန့်လောက် ထည့်ပြီး (၆)ကျပ်သား ရှိမရှိ ချိန် တယ်။ ကန်စွန်းရွက် က လတ်ဆတ်အောင်ရေတောက်ထားတဲ့အတွက် ကန်စွန်းရွက် သုံးညွန့် လောက် ထည့်တာနဲ့တင် ချိန်ခွင်လျှာ က (၆)ကျပ်သား ကျော်နေပြီ။ ဆေးဝန်ထမ်းက အတိအကျ ချိန်ခွင်ကို စစ်ဆေးပြီး လက်ထဲက စာရွက်တစ်ရွက် ကမ်းပေး လိုက်ပါတယ်။ စာက ဦးတင်အေးကို ကန်စွန်းရွက်(၆)ကျပ်သား ရရှိကြောင်း လက်မှတ် လည်း ထိုးစေတဲ့ စာဖြစ်ပါတယ်။ ဦးတင်အေး လည်း သူမျှော်လင့်တဲ့ အတိုင်း ဖြစ်မလာတော့ မအီမလည် နဲ့ လက်မှတ်ထိုးယူရတာပေါ့။ ဒီလိုနဲ့ မိန်းဂျေးလ်ထောင်မှူး အပါအ၀င် သူတို့ သုံးယောက် ဟာ ချိန်ခွင်တစ်လက်နဲ့ နေ့တိုင်း ဦးတင်အေး ဆီကို လာပါတယ်။

ဦးတင်အေး ကလည်း ကန်စွန်းရွက် (၆)ကျပ်သားကို နေ့တိုင်း လက်မှတ်ထိုး ယူပါတယ်။ အဲဒီ ကန်းစွန်းရွက်တွေ ကို ဦးတင်အေး ဘယ်လိုချက်ပြုတ်လုပ်စားသလဲဆိုတာ တိုက်ခန်းမှာ ရှိတဲ့ နိုင်ငံရေးအကျဉ်းသား ရဲဘော်ရဲဘက်တွေကို ပြော မပြဘူး။ ဒါပေမဲ့ ထောင်ထဲမှာ သူ့ကျန်းမာရေးက ကောင်းမွန်သွားပြီး ထောင်ထဲက ထွက်လာ တဲ့ ဒီနေ့ အထိ ဒေါင်ဒေါင်မြည်နေ တာပါပဲ။
ခုတော့ အကျဉ်းထောင် မှာ ဒါမျိုးတွေ မရှိတော့ပါဘူး။ ဒါက ၁၉၆၆ က ဖြစ်ခဲ့တာပါ။

ထောင်ထဲတွင် ဇာဂနာ၏ သွားများ အချိုးခံရခြင်း

၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ တက်တက်ကြွကြွ ပါဝင် လှုပ်ရှားခဲ့လို့ အဖမ်းခံရတဲ့ အနုပညာ သမားတွေ အများကြီးပါပဲ။ သဘင်၊ ရုပ်ရှင်၊ စာပေနယ်ပယ်က လူတွေကို ထိန်းသိမ်း လိုက်တဲ့ အထဲမှာ သဘင်နယ် က ညီဝင်းစိန် (စိန်မဟာသဘင်)၊ မိုးဝင်း၊ ဒါရိုက်တာအောင်မြင့်မြတ်၊ ရုပ်ရှင်နယ်က ကိုသူရ(ခ)ဇာဂနာ၊ ဇင်ဝိုင်း (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး) စာပေနယ်က ဦးတင်စိုး(စပယ်ဦး)တို့လည်း ပါဝင်ခဲ့ ပါတယ်။ သူတို့အားလုံးကို သီးခြားထိန်းသိမ်းထားလိုတဲ့ အတွက် အင်းစိန်ထောင်ရဲ့ အထူးတိုက်ထဲကို ပို့ထားခဲ့ ပါတယ်။ ထောင်ဒဏ်ချမှတ် အပြစ်ပေးတာ မဟုတ်ဘဲ ပုဒ်မ ၁၀(က)နဲ့ ထိန်းသိမ်းတာဖြစ်တဲ့အတွက် အိမ်နဲ့ လည်း တွေ့ခွင့်မရခဲ့ပါဘူး။ သူတို့ နေတဲ့ တိုက်ထဲကို သန့်ရှင်းရေး လုပ်ဖို့ လေဘာချထား တဲ့ ဘောက်ဆင်း အဖြစ် ထောင်ကျ အကျဉ်းသား တိုက်စိုး က လွဲပြီး ဘယ်အကျဉ်းသားမှလည်း ၀င်ရောက်ခွင့် မပြုပါဘူး။ ၀န်ထမ်းတွေ အားလုံးကိုလည်း ဒီလူတွေကို အပြင်နဲ့ အဆက်အသွယ် မလုပ်ပေးဖို့ အမိန့်ထုတ်ပြန်ပြီး ပြင်းပြင်း ထန်ထန် တားမြစ် ထားပါတယ်။ ဒါပေမယ့် ကိုသူရ က တိုက်စိုးကို ခင်မင်အောင်ပေါင်းပြီး စည်းရုံး နိုင်ခဲ့ လို့ အပြင်နဲ့ အဆက်အသွယ် ရခဲ့ပါတယ်။

တစ်နေ့တော့ ထူးထူးဆန်းဆန်းကို သူရမှာ အံဆုံးပေါက်တဲ့ ကိစ္စ ကြုံလာရပါတယ်။ သူက အသက် ၂၆နှစ်အရွယ် မှာ သွား ၂၈ချောင်း ပဲ ရှိပါတယ်။ အံသွား ၄ချောင်းက မပေါက်ဘူး။ ဒါပေမဲ့ ထောင်ထဲ ရောက်မှ အံသွား တစ်ချောင်း စပေါက် လာတာပါ။ ဖြစ်ခါစ မှာ နာကျင်နေတာမို့ ဆေးတပ်သားကို ပြပါတယ်။ ဆေးတပ်သားက အင်းစိန်ထောင် မှာ သွားဆရာဝန် မရှိဘူးလို့ ဖြေပါတယ်။ ဒီမှာ ပြဿနာ စပါတယ်။ နောက်ဆုံး စကားပြောဆို ရာမှာ အချေအတင်တွေ ဖြစ်ပြီး ထောင်ဆရာဝန်ကြီး ရောက်လာပါတယ်။ ကိုသူရက အံဆုံးပေါက်နေတာကို အကျိုး အကြောင်း တင်ပြတယ်။ ဆရာဝန် ကလည်း သေချာ နားထောင်တယ်။ ပြီးမှ အထွေထွေရောဂါကု ဆရာဝန် မို့ ဒီရောဂါကို မကုတတ် ဘူးတဲ့။ ကိုသူရက သွားဆရာဝန်မို့ ကိုယ့်ရောဂါကိုယ်ကုဖို့ အကြံပေးတယ်။ အံ့သြ စရာပါပဲ။ ဘယ်ဆေးနဲ့ ကုမလဲလို့ မေးတယ်။ ဆေးရုံစာ လည်း ပေးမယ်လို့လည်း မက်လုံးပေးတယ်။

ဆေးရုံစာရမယ် လို့ ဆရာဝန်လည်း ပြောလိုက်ရော ကျန်တဲ့သူတွေအားလုံးက ဇာဂနာကို ဆေးကုဖို့ ၀ိုင်းပြီး တိုက်တွန်း ကြတယ်။ အိမ်နဲ့မတွေ့တော့ အားလုံးပုံစံရိုက်ကြီး ပုံးကြောင်နေကြတယ်။ ပုံးကြောင်တယ်ဆိုတာက ဘာမှ စားစရာမရှိ လို့ ထောင်ကကျွေးတဲ့ ငပိနဲ့တာလပေါဟင်းရည်နဲ့ပဲ စားသောက်နေရတာ ကို ပြောတာ ပါ။ ဆေးရုံစာ ရခဲ့ရင်တော့ ပေါင်မုန့်၊ ကြက်ဥ၊ နွားနို့ စသည်ဖြင့် ရပါတယ်။ နောက်ဆုံးကိုသူရက အံဆုံးပေါက်တဲ့ ဒဏ် သက်သာ ဖို့ ကီးမို့ (Kemoos)၊ အနာဂျက်ဆင် (Analgesic Drug)၊ ဘာမီတွန် (Barmetom) သုံးမျိုးတောင်း တယ်။ ထောင်ဆေးရုံ ကလည်း လျောလျောရှူရှူ ထုတ်ပေး ပါတယ်။ လောလောဆယ်ဆေးရုံ စာ ရလာတော့ ကြက်ဥတို့ နွားနို့တို့ကို ခွဲဝေစားသောက်ကြတယ်။ ဖြစ်ချင်တော့ အံဆုံးပေါက်တာက လုံးဝ သက်သာ မလာဘူး။ ကိုသူရ ပါးကြီးက ဖောင်းလာတယ်။ ရောင်ကိုင်းသထက် ရောင်ကိုင်းလာတယ်။ ကြည့်လိုက် ရင် တော်တော်ကြီး ကို ရုပ်ပျက်ဆင်းပျက် ဖြစ်လာတယ်။ အဲဒီအချိန်မှာပဲ အခန်း သန့်ရှင်းရေး လုပ်ဖို့ ဘောက်ဆင်း တိုက်စိုး ၀င်လာတယ်။ တိုက်စိုးက လူမိုက်ဆိုပေမယ့် အနုပညာသမားတွေကို ချစ် တတ်တယ်။ အခုလည်း ဇာဂနာပါးကြီးရောင်ကိုင်းနေတာ ကို ကြည့်ပြီး ပြူးပြူးပျာပျာ ဖြစ်သွား တယ်။ စိတ်မကောင်း လည်း ဖြစ်နေတယ်။ ဘာဖြစ်တာလည်းလို့လည်း မေးတယ်။

ဇာဂနာခေါင်းထဲ မှာ တိုက်စိုးကို နောက်ချင်တဲ့စိတ်က ရုတ်တရက် ၀င်လာတယ်။ သူမှာ စကား ပြော ရမယ့်သူ၊ နောက်ရမယ့် လူကလည်း ပြတ်လပ်နေတာကိုး။ ဇာဂနာက တိုက်စိုးကို ငိုသံပါကြီးနဲ့ သူ့သွားတွေ ရိုက်ချိုးခံ လိုက်ရတဲ့အကြောင်း ပြောလိုက်တယ်။ တိုက်စိုး ဒေါသဖြစ်သွားပုံများ ဇိုးဇိုး ဇက်ဇက်ကို တုန်လို့။ ဘာလုပ်ချင်လည်း လို့ ကိုသူရ ကိုလည်း မေးတယ်။ ကိုသူရ အကွက်ဝင်သွား ပြီး အိမ်ကို စာရေးပေးချင် တယ်လို့ ပြောတော့ ကူညီမယ်လို့ ကတိပေးတယ်။ မိသားစုဆီကို ကိုသူရ စာထုတ်ပေးတယ်။ တကယ့် တကယ်စာ ထဲမှာက အံဆုံးပေါက်နေတဲ့အကြောင်းပဲ ရေးတာ ဖြစ်ပါ တယ်။ ဒါပေမဲ့ အပြင်မှာ ဘယ်လိုဖြစ်ပြီး ကောလဟလ က ပြန့်သွားလဲ မသိဘူး။ ဇာဂနာသွားတွေ အကုန် မရှိတော့ဘူးတဲ့။ အံကပ် နဲ့ နေရတာတဲ့။ ဒီလိုမျိုး ကောလဟလတွေ ရပ်ကွက်တွေ၊ ဈေးတွေ ဆိုက်ကားဂိတ်တွေမှာ ပြောကုန်ရော။

နောက်ဆုံး စစ်ထောက်လှမ်းရေးက ထောင်ကတာဝန်ရှိတွေကို ခေါ်မေးတယ်။ ထောင်ကလည်း ဇာဂနာ အံဆုံးပေါက်နေတဲ့ အကြောင်း ပြောပြတယ်။ ဒါပေမဲ့ ကောလဟလသတင်းကြီးက ကြီးသထက်ကြီး လာတာကြောင့် ဒီသတင်း ကို ချေဖျက်ဖို့ ထောက်လှမ်းရေးက ချက်ချင်း လုပ်ဆောင်တယ်။ အပြင်က သွားဆရာဝန် အဖွဲ့တစ်ဖွဲ့ ကို ထောင်ထဲ လွှတ်လိုက်တယ်။ သွားဆေး တက္ကသိုလ်က ဒေါက်တာမြသော် (ယခုလွှတ်တော် ကိုယ်စားလှယ်ဇေယျာသော်ဖခင်)နဲ့ အဖွဲ့ဝင် လာတယ်။ ဒေါက်တာမြသော်က သူ့တပည့် ဇာဂနာ ကို တွေ့ရလို့ ၀မ်းသာနေတယ်။ နောက်ဆုံး ရောဂါ ကို စစ်ဆေးပြီး အံဆုံးကို သေချာနုတ်ပေး လိုက်တယ်။

လွယ်လွယ်ကူကူ နုတ်မရလို့ သွားဖုံး ကို ခွဲပြီး သေချာနုတ်ရတာ ဖြစ်ပါတယ်။ ကိုသူရက စကားတွေ အများကြီး ပြော ချင်ပေမယ့် ထောင်မှူးတွေ၊ ထောင်ပိုင်တွေကလည်း အနီးကပ် စောင့်ကြည့်ကြရှုနေကြတယ်။ လူလစ်တော့ လဲ သွားနုတ်ဖို့ ပါးစပ်ကိုဟထားရတော့ စကားပြောလို့ မရတော့ ဘူး။ ထောက်လှမ်းရေးတွေ ကလည်း ကင်မရာနဲ့ သွားနုတ်ပုံ ကို မှတ်တမ်းတင်ထားတယ်။ သွားတစ်ချောင်းကို အရင်းပြုပြီး သွားဘက် ဆိုင်ရာ ဆေးတက္ကသိုလ် က ဆရာဟောင်းရယ်၊ သူငယ်ချင်းတွေရယ်ကို တွေ့ရပေမယ့် စကား ပြောခွင့် မရ ခဲ့ဘူး။ ဒါပေမယ့် အပြင်က လူတွေက ဇာဂနာအခြေအနေကို သိခွင့်၊ အကဲခတ် ခွင့်ရသွားတယ်။

ကြည်မြင်တိုင် ညီညီလှိုင်၊ တီဘီကုထုံးသစ်နှင့် ၁၉၈၉ မိုးညများ

မိုးလေဝသမကောင်းဘူး။ မိုးတွေက သဲသဲမဲမဲ ရွာသွန်းနေတယ်။ အတိအကျပြောပြရရင် ၁၉၈၉ ဇူလိုင် လ ၂၄ ရက်။ ကြည့်မြင်တိုင်ဈေး က လေးအုပ်စုကျဆုံးချိန်။ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဌဖြစ် တဲ့ ညီညီလှိုင် ကို စစ်ခုံရုံးက ပုဒ်မ ၅(ည)နဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်တယ်။ အဲဒီအချိန်က ထောင် ထဲမှာလည်း လူတွေပြည့်ကျပ်နေတယ်။ တိုက်တွေမှာလည်း အပြည့်ပဲ။ ဒီတော့ ညီညီလှိုင်ကို အဆောင် (၅) မှာ နေရာချ ထားလိုက်တယ်။ အဆောင် (၅) မှာလည်း ကျောင်းသားတွေ ဘုန်းကြီးတွေချည်းပါပဲ။ အားလုံးက မှီခိုသူ သာသာတွေ ဆိုတော့ အစစအရာရာ ရှားပါတယ်။

စားစရာ သောက်စရာ မပေါများ ဘူး။ ထမင်းစားလို့ ငပိကြော်တစ်ဇွန်းရရင်ကို ဝမ်းသာနေရတဲ့ အချိန်အခါပါ။ အိပ်ရတာ က သမံတလင်း ပေါ်မှာ ဖျ့မ်းတစ်ချပ်ခင်းပေး ထားတယ်။ စောင်တစ်ထည် ပဲ ပေးထား တယ်။ နွေးနွေးထွေးထွေးနေချင်ရင် အိမ်ကမှာမှာ ဖြစ်ပါတယ်။ ဆေးလိပ်သောက်တတ်သူတွေဆို တစ်လိပ်ခြောက်ယောက် ခုနစ်ယောက် လောက် လက်ဆင့်ကမ်းသောက် တယ်။ ကော်ဖီသောက်ချင် ရင်လည်း ကော်ဖီမှုန့်၊ သကြားနဲ့ အကြမ်း ဖျော်ထားတာကိုပဲ အသာဖြေသောက်ရတယ်။ ဒါပေမဲ့ အားလုံး ကတော့ ဒီအခက်အခဲတွေကို ကြံ့ကြံ့ခံ ကြတယ်။ အချင်းချင်း မျှဝေစားသောက်ကြတယ်။ တစ်ယောက်နေမကောင်း ရင် အများက ဝိုင်းဝန်းပြီး ပြုစုစောင့်ရှောက်ကြတယ်။

အားလုံးထဲမှာ အဖြစ်များတာကတော့ ဝဲနဲ့ တီဘီရောဂါပဲ။ တီဘီရောဂါ ကတော့ သမံတလင်းပေါ်မှာ အိပ်ကြရတာ ရယ်။ ဆေးလိပ် ကို သီးခြားထား မသောက်နိုင်ဘဲ လူအများ နဲ့ သောက်ရတာကြောင့် အဖြစ်များ တယ် ထင်တာပဲ။ အဲဒီအချိန် ဆေးရုံကလည်း ဆေးကို ဘာမှ ပေါ ပေါများများ ပေးနိုင်တာ မရှိဘူး။ အားလုံး ကိုယ်ထူ ကိုယ်ထ စနစ်ပဲ။ ဆေးရုံသွားချင်ရင် စာရင်းပေးဖို့ တန်းစီရတာက တင်တော်တော် ကြာတယ်။ ဆေးရုံမှာ တခြားအဆောင်က လူနာတွေပြနေရင် ချက်ချင်း သွားလို့ မရသေး ဘူး။ နိုင်ငံရေး သမား အချင်းချင်းတွေ့ပြီး ဆက်သွယ်စကားပြောမှာကို ထောင်က အရမ်း စိုးရိမ်ကြတယ်။ ဆေးရုံသွားခွင့်ရပြီး ဆရာဝန်ပြတော့ လည်း တစ်မိနစ်သာသာပါပဲ။ သူလည်း တစ်နေ့ တစ်နေ့ လူနာထောင် ဂဏန်းကို ကြည့်ပေးနေရတာ ဆိုတော့ ပင်ပန်းရှာမပေါ့။

ဒီလိုနဲ့ တစ်ရက် မှာ ၅ ဆောင်က အမြဲတမ်းဟာသဖောက်ပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ညီညီလှိုင်ရင် ဘတ်အောင့် လို့ဆိုပြီး စကားမပြောနိုင်ဘဲ ငြိမ်နေတယ်။ ညီညီလှိုင်က ထောင်ထဲမှာ စကားအရမ်းပြော တဲ့ ကြည့်မြင်တိုင်သား။ သူ့ကို  စကားပြောလွန်းလို့ အားလုံးက တော်ကီလှိုင်လို့ခေါ်ကြတယ်။ သူက ဆေးလိပ်လေး ဖွာလိုက်၊ စကားလေးပြောလိုက်နဲ့ နေရရင် ထောင်ကိုတောင် အိမ်လို့ သဘောထားနိုင် တဲ့လူဖြစ်ပါတယ်။ ခုတော့ ညီညီလှိုင် က ဝေဒနာခံစားနေရတော့ သုံးလေးရက်အခန်းထောင့်မှာ ခွေနေ တယ်။ သူ စကား မပြောတော့ သူငယ်ချင်းတွေ အားလုံးက ဟာတာတာဖြစ်ပြီး မနေတတ်တော့ဘူး။ သူ့ ရောဂါ အတွက်လည်း စိုးရိမ်လာတယ်။ သူ့ကို ဆေးခန်းပြ ဖို့ တိုက်တွန်း တယ်။ ဒီလိုနဲ့ ညီညီလှိုင် ဆေးခန်းပြဖို့ လိုက်သွားတယ်။

ထောင်ဆရာဝန်ကြီး ဒေါက်တာစိုးကြည်က ညီညီလှိုင်ကို စမ်းသပ်ပြီး တီဘီရောဂါလက္ခဏာပြနေပြီလို့ မှတ်ချက်ပေး တယ်။ တံတွေးတွေ သလိပ်တွေ စစ်ရတယ်။ စစ်ရတာလည်း ကိုယ့်ပိုက်ဆံနဲ့ကိုယ်ပါ။ အဖြေရတော့ ညီညီလှိုင်မှာ တီဘီပိုးတွေ့နေပြီ။ ဒါပေမဲ့ အားလုံးသိကြတဲ့အတိုင်းပဲ ထောင်ဆေးရုံမှာ တီဘီဆေး မှ မရှိတာ။ အခြေအနေကတော့ မိသားစုတတ်နိုင်ရင် ကု မကုနိုင်ဘူးဆိုရင်တော့ တို့မသိဘူး ဆိုတဲ့မူပဲ ထောင်မှာ ရှိတယ်။ ညီညီလှိုင် မိသားစုက တတ်နိုင်ပါတယ်။ သူ့အစ်ကိုတွေ အစ်မတွေက အငယ်ဆုံး ဖတဆိုးလေးမို့ ညီညီလှိုင် ကို ဂရုစိုက်ကြပါတယ်။ နောက်ဆုံး ဒေါက်တာစိုးကြည်လက် အောက်က လက်ထောက်ဆေးမှူးက တီဘီဆေးတွေဖြစ်တဲ့ Streptomycin powder နဲ့ အားဆေး Burplex Injection ထိုးဆေးတွေ ထောင် ထဲ ပေးသွင်းခွင့်ပြုကြောင်း ညီညီလှိုင်ကို ဆေးစာရေးပေး တယ်။ အဲဒီဆေးစာကို ညီညီလှိုင်က ထောင်ဝင်စာမှာ သူ့အိမ်ကို ပြန်ထုတ်ပေးရတယ်။

ဆေးထိုး ဆေးစားရမယ့်အချိန်က တစ်နှစ်လောက်ကြာမယ်လို့လည်း ပြောတယ်။
ထောင်ဝင်စာတွေ့ပြီး သိပ်မကြာခင် ညီညီလှိုင်အတွက် သူ့အိမ်က ဆေးတွေ လာပို့တယ်။ ဆေးတွေကို ညီညီလှိုင် က လက်ထောက်ဆေးမှူးဆီပြရတယ်။ ဆေးမှူးက တစ်ပတ်မှာ ခြောက်ရက် ဆေးထိုးဆေး စားရမယ် လို့ ညွှန်ကြားတယ်။ နေ့တိုင်း တီဘီဆေး Streptomytcin poweder တစ်လုံး၊ အားဆေး Burplex injection တစ်လုံး တင်ပါး တစ်ဖက်တစ်ချက်မှာ ထိုးတယ်။ တီဘီဆေးက ထိုးရင် တော်တော် နာတယ်။ ညီညီလှိုင် အဆောင်ရောက် ရင် တင်ပါးတွေအောင့်ပြီး ပေါင်တန်းနေလို့ သူ အရမ်းပြောချင် တဲ့ စကားတွေလည်း မလွှတ်နို င်ဘူး။ သူ့ကို ကျောင်းသားလေးတွေဖြစ်တဲ့ ထက်ရာဇာတို့။ ကျော်ဝဏ္ဏ တို့က ရေနွေးကျပ်ပူ ထိုးပေးရ တယ်။

ညီညီလှိုင် ဆေးရုံသွားတဲ့အခါ တင်ပါးနှစ်ဖက်လုံးနာနေလို့ ဆေး ထိုးရမယ့်နေရာ ကို ဆေးမှူး အတော်ရှာယူရတယ်။ ဒီလိုအခက်အခဲတွေဖြစ်နေတဲ့အချိန် ဆေးမှူးက ညီညီလှိုင်ကို ထူးခြားဆန်းသစ်တဲ့ အကြံ တစ်ခုပေးတယ်။ တစ်ရက်ကို တီဘီဆေးတစ်လုံး အားဆေး တစ်လုံး ပေါင်နှစ်လုံးထိုနေရတာ အလုပ်ရှုပ်တယ်။ လူနာ လည်း တင်ပါး နာတယ်။ ဒီတော့ တီဘီဆေးထဲ ကို မိုးရေမရောဘဲ မိုးရေအစား ဘားပလပ် အားဆေးအရည်တွေ ထည့်လိုက်ပြီး နှစ်လုံးပေါင်းတစ်ခါထည့် ထိုးဖို့ ပြောတယ်။ ညီညီလှိုင်ကလည်း သဘောတူ တယ်။ ဘာလို့လည်းဆိုတော့ သူ့တင်ပါးတွေလည်း တော်တော်အီနေပြီ။ ဒီလိုနဲ့ ဆေးမှူးက ဆေးနှစ်လုံးပေါင်းပြီး တစ်နေ့ တစ်ခါ ထိုးပေးလိုက်တယ်။ ညီညီလှိုင်လည်း တစ်နေ့ တင်ပါးတစ်ဖက်ပဲ အောင့်တော့ ဝမ်းတွေသာနေ တယ်။ တော်တော်ဖြတ်ထိုး ဉာဏ်ကောင်း တဲ့ ဆေးမှူးဆိုပြီး အဆောင်လှည့် ချီးကျူးနေလေရဲ့။

ဒီလိုနဲ့ သုံးလနီးပါးကြာတော့ ညီညီလှိုင် ဆေးအစွမ်း Effect က ပြလာတယ်။ ညီညီလှိုင် ခန္ဓာကိုယ်ကြီး က ပွယောင်းယောင်းကြီးဖြစ် လာတယ်။ လက်မောင်ကြီးတွေ၊ ခြေသလုံးတွေကလည်း တုတ်ခိုင်ပြီး လမ်းလျှောက် ရင်တော့ သူ့အသားတွေ က လှုပ်နေတယ်။ တချို့သူငယ်ချင်းတွေက သူ့ကို "ဟာကျူလီ" လို့ စကြနောက် ကြတယ်။ တချို့က လက်ဝှေ့ထိုးဖို့ အကြံပေးတယ်။ ညီညီလှိုင်လည်း သူ့ကိုယ်သူ သံသယဝင်လာတယ်။ ဒီလောက် အာဟာရချို့ တဲ့ နေတဲ့ထောင်မှာ ငါ ဘာလို့ ဒီခန္ဓာကိုယ်ကြီးဖြစ်လာ သလဲပေါ့။ နောက်တော့ သူ့ကို ထိုးပေးနေ တဲ့ တီဘီဆေးဖော်မြူလာကို သံသယဝင်လာတယ်။ ထောင် ကျနေတဲ့ ဆရာဝန်တွေဆီကို ချဉ်းကပ်မေးမြန်းကြည့် ဖို့ စိတ်ကူးတယ်။ ဒီလိုနဲ့ NLD အမတ်ဒေါက်တာ မောင်မောင်ကျော် ကို မေးမြန်းကြည့် လိုက်တော့ တီဘီဆေး က ဒီလိုမကုရဘူးလို့ အကြောင်းပြန်တယ်။ အန္တရာယ်ရှိတယ်လို့လည်း ဆိုတယ်။ ညီညီလှိုင် အရမ်းလန့်သွားတယ်။

နောက်ဆုံး သူ့ကိစ္စကို ထောင်ပိုင်တန်းစီမှာပါလာတဲ့ ထောင်ဆရာဝန်ကြီးကို အမြန်တင်ပြ တယ်။ ဆေးမှူးရဲ့ အမှား ကို ဆရာဝန်ကြီး ချက်ချင်းသိသွားတယ်။ ထောင်ပိုင်ရှိနေတော့ ညီညီလှိုင်ပြောတာကို ဟန်မပျက် နားထောင်ပြီး ဆေးရုံပြန် သွားတယ်။ ပြီးမှ ဒေါက်တာစိုးကြည်က သူ့လက်ထောက်ကို ဆူပူပြီး တီဘီဆေးနဲ့ အားဆေးရောပြီး ထိုးပေးနေတဲ့ ကုထုံးကိုရုပ်သိမ်းလိုက်တယ်။ တီဘီဆေးက မိုးရေနဲ့ပဲ ပြန်ရောပြီး ထိုးပေး တယ်။ ညီညီလှိုင် ခန္ဓာကိုယ် လည်း နောက် သုံးလလောက်ကျတော့ ပုံမှန် ပြန်ဖြစ်သွားတယ်။
ခုတော့ ညီညီလှိုင် တစ်ယောက် ကြည့်မြင်တိုင်မှာအေးအေးဆေးဆေး၊ သူ့မှာ တီဘီလည်း ပျောက်သွား ပြီ။ ဆေးလိပ် လည်း ပြတ်သွားပြီ။ သူဌေးလည်း ဖြစ်နေပြီ။ ဒါပေမဲ့ မိုးရေသက်သာစေတဲ့ တီဘီရောဂါကု ထုံးသစ် ကို စမ်းသပ်ခံခဲ့ရတာတော့ သူ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူး။

ဆက်ရန်
.

1 comment:

Anonymous said...

oh--o..
wht a pity..

....
Anne