နရသိန်ခရောင်းတောကို ကျော်ဖြတ်ခြင်း
ကျွန်တော်တို့တော်ထဲကို ရောက်လာတဲ့အခါမှာ စာပေလောက၊ နိုင်ငံရေးလောက၊ အနုပညာလောကက နာမည်ကြီး ပုဂ္ဂိုလ်တွေရဲ့ သားသမီးတွေကိုလည်း တွေ့ဆုံခဲ့ကြရ ပါတယ်။ စာရေးဆရာဗန်မော်တင်အောင် ရဲ့သား ကျော်ဇောအောင်၊ စာရေးဆရာရန်ကုန် ဗဆွေရဲ့သား သက်မှူး၊ စာရေးဆရာဝင်းဖေ၀င်း ရဲ့သား ဇော်ရဲဝင်း၊ စာရေးဆရာမောင်မိုးသူ ရဲ့သား ပန်းသီး၊ စာရေးဆရာ ညွန့်ဆွေရဲ့သား မောင်သူရခေါ် ဇာဂနာ၊ နိုင်ငံရေးလောက ထဲကဗဆွေလေးရဲ့သား သားကြီးခေါ် သော်ထွန်းဦး၊ ဦးလှရွှေရဲ့ သား ဆက်အောင်နိုင်၊ အကနည်းပြတွေဖြစ်တဲ့ ဦးမင်းနွယ်ဆွေနဲ့ ဆိုဗီယက်ပြန် ဒေါ်ဝင်းဝင်းဝါ တို့ရဲ့သား မြတ်စံ၊ ရွှေတိုင်ညွန့် ရဲ့မြေး အဆိုတော်ထား ရဲ့တူ ဇော်သန်းထွဋ်၊ မှုခင်း ဆရာဝန်ကြီး ဒေါက်တာ မောင်မောင်တိတ် ရဲ့ မြေးထက်ရာဇာကျော်ကျော်တိတ် စသည်ဖြင့် အမျိုးအစား စုံလင် လှ ပါတယ်။
ဒီလူတွေဟာ ဖိနှိပ်ရက်စက်တဲ့ စနစ်တစ်ခုအကြောင်းကို မိဘတွေဆီက ကြိုတင် နားဒလည်သဘောပေါက်ခဲ့ပြီး ဒီမိုကရေစီ အရေးတော်ပုံမှာ ပါဝင်ခဲ့လို့ ထောင်ကျခဲ့တာဖြစ် ပါတယ်။ ဒီလူတွေ ထဲက ထောင်ထဲ မှာ သေကောင်ပေါင်းလဲရောဂါဖြစ်ပြီး အရှင်ထွက် ပြန်ထွက်လာခဲ့တဲ့ သုံးရောင်ခြယ်အဖွဲ့က ကိုမြတ်စံ အကြောင်းကို ပြောပြချင်ပါတယ်။
ကိုမြတ်စံ ဟာ ၁၉၈၈ ဒီမိုကရေစီ အရေးအခင်းမှာ သုံးရောင်ခြယ် ကျောင်းသားလူငယ်အဖွဲ့ အစည်းမှာ အမာခံကျောင်းသား အဖြစ် ပါဝင်ခဲ့တဲ့သူတစ်ဦး ဖြစ်ပါတယ်။ ၁၉၈၉ မှ ၂၀၀၅ ခုနှစ်အထိ တစ်ကြိမ်၊ ၂၀၀၇ မှ ၂၀၁၀ ထိ တစ်ကြိမ် ထောင်သုံးကြိမ်ကျခဲ့ပြီး၊ ထောင်ထဲမှာ စုစုပေါင်း ၁၈ နှစ်လောက် အချိန်ဖြုန်းနေထိုင်ခဲ့ ရသူဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ် သူထောင် ရောက်သွားတော့အင်းစိန်မှာ ဧဒင်ဦးချစ်ခိုင်နဲ့အတူ နေရပါတယ်။ အဲဒီအချိန် မှာ နိုင်ငံရေး မုန်တိုင်းကလည်းအရှိန်ပြင်းပြင်းနဲ့ တိုက်ခတ်နေတယ်။ ''မတရားတဲ့ အမိန့်အာဏာ ဟူသမျှ တာဝန်အရဖီဆန်ကြ'' ဆိုတဲ့ ဆောင်ပုဒ်ထွက်လာပြီး လူတွေက အုံကြွကြတော့တာပဲ။ ၁၉၉၀ အာဇာနည်နေ့ မှာ အာဇာနည်ဗိမာန် ကို ချီတက်အရေးပြုဖို့ စီစဉ်ကြတယ်။ အစိုးရ ကလည်းသေချာတားဆီး ပိတ်ဆို့ ထားတယ်။
လူတွေလည်း အတော်များများအဖမ်းခံထား ရတယ်။ ဒီသတင်းကိုကြားတဲ့ ကိုမြတ်စံတို့ကလည်း တိုက်ခန်းထဲမှာ အာဇာနည်နေ့ အခမ်းအနားလုပ်တယ်။ ထောင်အာဏာပိုင်တွေက သိသွားတော့ အခန်းကိုဝင်ရောက်စီး နင်းလိုက် တယ်။ ကိုမြတ်စံနဲ့ ဦးချစ်ခိုင်ကို လက်ထိပ်ခတ်ပြီး ခေါင်းကိုအ၀တ်နဲ့ စွပ်လိုက်ကြ တယ်။ ပြီးတော့ ထောက်လှမ်းရေးက စစ်ကြောရေးလုပ်ပါလေရော၊ တစ်နေ့လုံး စစ်ကြောပြီးတဲ့အခါ ဦးချစ်ခိုင်ကို စစ်ခွေး တိုက်ပို့လိုက်တယ်။ ကိုမြတ်စံကို ၆ တိုက်အမှောင် ခန်းပို့လိုက်သည်။ တိုက်ခန်းထဲ ကိုစောင်၊ ခေါင်းအုံး ဘာမှပေးမထားဘူး။ အညစ်အကြေးစွန့် ပစ်ဖို့လည်း ဘာမှမရှိဘူး။ သဲနည်းနည်းခင်းပေး ထား တယ်။ နှစ်ရက်နေတော့ ကိုမြတ်စံ အပြင်းဖျားပါတယ်။ ခြေထောက်တွေက မလှုပ်တော့ဘဲ မတ်တတ်ရပ် လို့မရတော့ဘူး။ ဒါပေမဲ့ ထောင်က ဘယ်သူမှ လာမကြည့်ကြပါဘူး။ ထမင်းစားချိန်ရှေ့က ပျဉ်တံခါးတစ်ချပ် သာဟပြီး ထမင်းပန်းကန်ပို့သွားတယ်။ ညနေတစ်ခါလာပို့တော့ မနက်က ပန်းကန်ကို သိမ်းသွားတယ်။
ကိုမြတ်စံ အခြေအနေက ၀မ်းလည်းမသွားတော့ဘူး။ ဘာမှလည်း မစား နိုင်တော့ဘူး။ ဆီးကိုပက်လက် အနေအထား နဲ့ပဲ သွားတယ်။ သူကတော့ သူ့ကိုယ်သူ သေလူလို့ တွက်ထားလိုက်ပါတယ်။
နောက်တစ်ရက် ကျတော့ ထောင်ဆေးရုံက ဆရာဝန်ဒေါက်တာထွန်းလွင်ရောက်လာပါ တယ်။ ဒေါက်တာထွန်းလွင် က ကိုမြတ်စံ ကျန်းမာရေးအခြေအနေကို ကြည့်ဖို့ မဟုတ်ဘူး။ အဲဒီတုန်းက သုံးရောင်ခြယ် ကိုရှီး (ယခုလွှတ်တော် အမတ်စန္ဒာမင်း) ခေါင်းကွဲတာကို ချုပ်ပေးပြီး ဆေးကုပေးခဲ့ရလို့ ကိုမြတ်စံ ကို သတင်းလာပြောတာပါ။
ထောင်ထဲ ကိုရှီးရောက်လာတာကိုပြောရင်း ကိုမြတ်စံ လဲနေတာကို တွေ့သွားတယ်။ ချက်ချင်းခြေထောက်တွေ ကို စစ်ဆေး တယ်။ ဆရာဝန်ဆိုတော့ ရောဂါချက်ချင်း သိသွား တယ်။ ချက်ချင်းဆေးရုံကို တင်ခိုင်းလိုက်တယ်။ အရိုးအကြော ပါရဂူကို ခေါ်ပြီး ချက်ချင်း ကုသရတယ်။ ဒေါက်တာထွန်းလွင် လုပ်တာကို အုပ်ချုပ်ရေးပိုင်းက အမြင် သိပ်မကြည်ဘူး။ ဆေးရုံမှာလည်း ကိုမြတ်စံအတွက် ဆေးမရှိဘူးတဲ့။ နောက်ဆုံး ဒေါက်တာထွန်းလွင်က သူ့အိပ်ထဲက စိုက်ပြီး ကိုမြတ်စံ ကို ကုပေးလိုက်တယ်။ ကိုမြတ်စံဆေးရုံမှာ ဆရာမောင်သော်ကနဲ့ တစ်ခန်း ထဲ နေရတယ်။ ကိုမြတ်စံ ကို ၂လခွဲ၃လလောက် ကုသ ရတယ်။ နောက်တော့ တဖြည်းဖြည်းပြန်ကောင်း သွားပါတယ်။
နောက်တစ်ကြိမ်ဖြစ်တာက တောင်ငူမှာ ထောင်ကျတာက နှစ်နှစ်ဆယ်။ ၁၉၉၅ သြဂုတ် လ ရောက်တော့ ထောက်လှမ်းရေး က မှတ်ချက်ပေးတယ်။ မြတ်စံကို အဆောင်မှာ မထားရ။ တိုက်တွင် တစ်ယောက်တည်း ထားရမည်တဲ့။ ဒီလိုနဲ့ အဆောင်ကနေ ၃တိုက်ထဲ ရောက်သွားတယ်။ တိုက်ထဲ မသွားခင် ကတည်းက သူ့မှာ အစာအိမ်ရောဂါအခံ ရှိတယ်။ ဖြစ်ချင်တော့ အပြင် ကနေ နိုင်ငံရေး သဘောထားလှမ်းတောင်း လို့ ရေးပေးလိုက်တဲ့စာကို ထောင်ဗူးတံခါးကြီးမှာ မိသွားတယ်။ ဘယ်သွားတဲ့ ၀န်ထမ်း ဆီက မိသွားတာပါ။ ၀န်ထမ်း ကိုရော ကိုမြတ်စံကိုပါ ချက်ချင်းတိုက်ပိတ်လိုက်တယ်။
ထမင်းပို့ တဲ့ လူကလွဲပြီး မည်သူမှ အဆက်အသွယ်မလုပ်ရလို့ စည်းကမ်းထုတ်လိုက်တယ်။ တိုက်မှာ အစားအသောက် ကလည်း ရှားပါးသွားတယ်။ ထောင်ဝင်စာလည်း ပိတ်ထားတယ်။ ကိုမြတ်စံ နောက်ဆုံး အစာအိမ်ဖြစ်တော့ တာပါပဲ။ အကျဉ်းသားဆေးမှူးစောကက်ကယ်က Painkiller တွေ ဖြစ်တဲ့ ဘတ်စကိုပင် (Busscopan)တွေ လာထိုးပေး တယ်။ မသက်သာဘူး။ ကိုမြတ်စံကို ဆေးရုံတင်သင့်မှန်းသိပေမယ့် သူက အကျဉ်းသား ဆိုတော့ သြဇာအာဏာ မရှိဘူး။ တောင်ငူထောင်မှာ အဲဒီအချိန်က ဆရာဝန်လည်း မရှိဘူး။ ကျန်းမာရေးမှူး ပဲ ရှိတယ်။ သူက ကိုမြတ်စံကို ဆေးရုံတင်သင့်ကြောင်း အထက်ကို စာတင်တယ်။ အထက်က ခွင့်မပြု နိုင်ဘူး လို့အကြောင်း ပြန်တယ်။ ကိုမြတ်စံ အခြေအနေက ဆိုးနေပြီ။ အန်ဖက်တွေ ဆို့ပြီး လဲနေပြီ။ နောက်ဆုံး ဒီသတင်း က အဆောင်ကို ပြန့်နှံ့သွားတယ်။
မကျေနပ်တဲ့ အဆောင်က ၅(ည)တွေက ဆွေးနွေးတိုင်ပင်ပြီး ဆန္ဒပြဖို့ ဆုံးဖြတ်လိုက် တယ်။ ထမင်း မယူဘူး။ ဆေးမကုဘူး။ ကိုမြတ်စံ ကို ဆေးကုမပေးခြင်းဟာ ကျန်နိုင်ငံရေး သမားတွေ ရဲ့ ထောင်တွင်း နေထိုင် စားသောက်ရေး၊ ကျန်းမာရေးကို ခြိမ်းခြောက်တယ်လို့ ယူဆပြီး ခုလိုလုပ်တာဖြစ်ကြောင်း ထောင်ပိုင်ကြီးကို အသိပေး တယ်။ ဒီလှုပ်ရှားမှုကို ရန်ကုန်က ပြောင်းလာတဲ့ ကိုကိုကြီး၊ ဥာဏ်ဥာဏ်၊ ဇော်မြင့်၊ အောင်ကြိုင်တို့ သာမက ဘဲ တောင်ငူဒေသခံတွေဖြစ်တဲ့ မြတ်စိုး၊ ၀င်းမြင့်နိုင်၊ ရွှေတိုး၊ စောပရယ်တို့ကပါ ဦးဆောင်ပြီး ဆန္ဒပြတာ ဖြစ်တယ်။ နောက်ဆုံး ကိုမြတ်စံ ကို ထောင်အာဏာပိုင်တွေက ဆေးရုံတင်ခွင့် ပြုလိုက်တယ်။
ဆေးရုံမှာ ရောဂါကို စစ်လိုက်တော့ Gastric Ultal မကပဲ ၀မ်းကိုက်ပိုးကြောင့် ဖြစ်တဲ့ အသဲနာရောဂါ ပါရနေပြီ။ အခြေအနေ က သူ့ဘက်ကိုယ့်ဘက် လုရမယ်။ ကိုမြတ်စံကလည်း အသက်တော်တော်ပြင်းပုံရတယ်။ ဆေးရုံမှာ သူ့ကို သေချာကုသတယ်။ တဖြည်းဖြည်းနဲ့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေက ကင်းလွတ်ပြီး ၆လ ကြာတဲ့ အခါ ရုန်းထ လာတယ်။ သူ့မှာ ၁၉၈၉ က ရောဂါဟောင်းဖြစ်တဲ့ ခါးရိုးကျီးပေါင်းတက်ရောဂါကလည်း ရှိသေး တယ်။ ဒီရောဂါတွေနဲ့ပဲ တောင်ငူထောင်က ပြန်လည် လွတ်မြောက်လာတယ်။ လွတ်လာတော့လည်း ကျန်းမာရေး ကို ကောင်းကောင်းဂရုမစိုက်ပြန်ဘူး။ ၂၀၀၇ ရွှေဝါ ရောင် တော်လှန်ရေးကို ဆက်လက် ဆင်နွှဲ တယ်။ ဒါကြောင့် ထောင်နှစ်နှစ် ၀င်လိုက် ထွက်လိုက် နဲ့ နှစ်ပေါင်းနှစ်ဆယ် ကို ဖြတ်သန်းခဲ့ သူ တော်လှန်ရေး သမား ဖြစ်ပါတယ်။ ပြီးတော့ ဘယ်လိုပဲဖြစ်ဖြစ် သူက နရသိန်ခရောင်းတောကို ကျော်ဖြတ်နိုင်သူ ဖြစ်ပါတယ်။ ခုလည်းခါးကိုင်းကိုင်း နဲ့ NGO အလုပ်တွေ မရပ်မနား လုပ်နေလေရဲ့။
တစ်ရံရောအခါက ကျီးကန်းတောင်းပေးခဲ့သော ဆပ်ပြာနှင့် ဆီ
၁၉၉၀ နှစ်များ တစ်ဝိုက်ဆီက အကျဉ်းထောင်နေ့ရက်တွေကတော့ ကျွန်တော်တို့ ဘ၀မှာ မေ့ဖျောက်လို့မရနိုင်တဲ့ မှုံပြာရီမှိုင်း ကာလတွေ ပါပဲ။ နေထိုင်ရတာကလည်း တင်းကြပ်ပြီး တရားမျှတမှု မရှိတဲ့ စည်းကမ်းတွေ အောက် မှာပါ။ စားသောက်ရတကလည်း ချို့ချို့ငဲ့ငဲ့ ရှားရှားပါးပါးပါပဲ။ ဒါပေမဲ့ ငယ်ရွယ်သေးတဲ့ အချိန်လည်း ဖြစ်ပြန်၊ ဒုက္ခသုခတွေကို အားလုံး မျှဝေခံစားကြတဲ့ ဓလေ့စရိုက်ကောင်းလေးပဲ ရှိနေပြန်တော့ ငိုကြွေး ကြေကွဲဖွယ်ရာတွေကို ဟာသလုပ်ပြီး ရီရီမောမော နဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဟာ ဖြတ်သန်းနိုင်ခဲ့ကြ ပါတယ်။ အများစု က ကျောင်းတော်သားတွေပဲဖြစ်လေတော့ လူတိုင်းထောင်ဝင်စာ မလာနိုင်ကြပါ ဘူး။
၁၄ရက်တစ်ကြိမ် ၃ယောက်လောက်လာတဲ့ ထောင်ဝင်စာကို ၁၀ယောက်လောက်က ကပ်စားကြရတဲ့ အနေအထား ပါပဲ။ အိမ်ကပေးတဲ့ ချက်ဟင်းစားရဖို့ မဆိုထားနဲ့ နေ့စဉ် ဟင်းသီးဟင်းရွက်တစ်ခွက်ပါရင်တောင် အဲဒီထမင်းဝိုင်း က သူဌေးဝိုင်းလို့ ခေါ်လေ့ ရှိပါ တယ်။ အိမ်ကပို့ပေးတဲ့ ဘာလချောင်ကြော်ကို ထောင်ထဲမှာ ပဲပေါက် တဲ့ အနီရောင် ဟင်းနုနွယ်ရိုးကြီးတွေနဲ့ ရောနှောချက်ပြီး စားကြရပါတယ်။ ဟင်းနုနွယ်ပင်က လူ တစ်ယောက် အရပ်လောက် ရှိပြီး လုံးပတ်က ၅လက်မပတ်လည် ရှိပါတယ်။ ဟင်းနုနွယ် တစ်ပင်တောင်ယာ ထဲက နုတ်လာ ရင် လူ ၁၀ ယောက်စာအတွက်တော့ အေးအေး ဆေးဆေးလောက်ငှပါတယ်။ ဒီဟင်းနုနွယ် အရိုးကို အခွံနွှာပြီး အတွင်းသားတွေ ကို လေးစိတ်စိတ်ပြီး ချက်ပြုတ်လေ့ ရှိတယ်။ အဲဒီဟင်းအမည်ကိုလည်း "ထောင်ဝက်သား ကာလသားချက်" လို့ တင်စားခေါ်ကြတယ်။
ထမင်းဝိုင်းတိုင်းမှာ အိုးသူကြီးဆိုတာ ရှိတယ်။ အားလုံးဆီပြန်ယောင်ဆောင်ထားတဲ့ ဟင်းစားရဖို့က အိုးသူကြီး ရဲ့ စီမံခန့်ခွဲမှုက အဓိက ကျပါတယ်။ နှစ်ပတ်စာ ဟင်းချက် ဖို့အတွက် ဆီက ဘယ်လောက်၊ အချိုမှုန့်က ဘယ်လောက် ဆိုတာ အိုးသူကြီး ပဲ သိပါတယ်။ ကျွန်တော်တို့ ကျောင်းသားတွေနဲ့ ကံဆောင် သပိတ်ကြောင့် ထောင်ကျလာ တဲ့ ဆရာတော်တွေ ဦးပဇ္ဇင်းတွေကို ချက်ကျွေးဖို့ တာဝန်ယူရတဲ့ အိုးသူကြီးတွေ ရှိကြပါတယ်။ ဒီအိုးသူကြီးတွေအနက် ကျွန်တော်တို့ လူ ၁၁ ယောက်စာကို တာဝန်ယူထားရတဲ့ အိုးသူကြီး ကတော့ အင်းစိန်ထောင်မှာ အတော်ဆုံး ဖြစ်မယ်ထင်ပါတယ်။ နာမည်က မင်းလွင်လို့ ခေါ်ပါတယ်။ သူက မြောက်ဥက္ကလာ သား ဖြစ်ပြီး ရုက္ခဗေဒ နောက်ဆုံးနှစ်ကျောင်းသားပါ။ သူ့ကို အသားမဲလို့ ကျီးကန်း ဆိုပြီး ခေါ်ကြတယ်။ ကျီးကန်း က ထမင်းဝိုင်းအတွက် ထောင်ဝင်စာတွေ လာလာ၊ မလာလာ မရှိဘူးကုန်ပြီလို့ ဘယ်တော့ မှ ပြောလေ့ မရှိပါဘူး။ မရှိရှိတာ ကြံဖန်ပြီး ချက်ကျွေးတတ်ပါ တယ်။
ထောင်ထဲမှာလည်း ရှာတတ်ဖွေတတ် လုပ်တတ်ကိုင်တတ်ပါတယ်။ ကော်ဖီမှုန့် ရှိပြီး သကြားပြတ်နေပေမယ့် ကျွန်တော် တို့ အားလုံးကို အချိုမှုန့်သုံးပြီး ကော်ဖီဖျော်တိုက် တယ်။ ထောင်မှာ လူကြီးတွေလာစစ်ဆေးရင် အမြင်လှပ ဖို့ အိုးနဲ့ စိုက်ပျိုးထားတဲ့ ရွက်လှ ပင်က အညွှန့်တွေကို ခူးပြီး သုတ်ကျွေးတယ်။ စောင်လျှော်ပြီးသား မဲညစ် ညိုမဲမဲ အရေတွေ ကို မန်ကျီးရေဖျော်ရည်ဆိုပြီး တစ်ဆောင်လုံးကို ညာတိုက်တယ်။ ကျီးကျန်းမွှေ ချက် ကတော့ ကမ်းကုန်ပါ ပဲ။
သူ့အကြောင်းပြောရမယ်ဆိုရင် ဆပ်ပြာကိစ္စနဲ့ ဆီကိစ္စကလည်း မပါမဖြစ်ပါပဲ။ အဲဒီအချိန် အခါက အကျဉ်းသား တစ်ယောက်အတွက် တစ်ပတ်စာ လက်နှစ်သစ်သာသာရှိတဲ့ ရွှေဝါ ဆပ်ပြာတစ်တုံးပေးလေ့ ရှိပါတယ်။ ဒီဆပ်ပြာတုံးလေး နဲ့ပဲ အင်္ကျီလျှော်၊ ပုဆိုးလျှော်၊ တစ်ခါ တစ်ခါ စောင်တို့၊ အိပ်ယာခင်းတို့တောင် လျှော် ရပါသေးတယ်။ ဖြစ်သလိုနေတတ် တဲ့ သူအတွက်တော့ လောက်ပါတယ်။ သန့်သန့်ရှင်းရှင်းနေချင်တဲ့ သူ အတွက်တော့ တစ်ပတ် ဆပ်ပြာ လက်နှစ်သစ်ဆိုတာ မလောက်ပါဘူး။ နိုင်ငံရေးအကျဉ်းသားထဲက တတ်နိုင်တဲ့ သူတွေရဲ့အိမ်တွေက ဆပ်ပြာထောင်ဝင်စာမှာ သွင်းပေးပေမယ့် တစ်ဖွဲ့လုံး က လူအားလုံး လောက်လောက်ငှငှ သုံးစွဲဖို့ ဆိုတာတော့ မလွယ်ကူပါဘူး။ ဆပ်ပြာဝေပေးတဲ့ တန်းစီး အဆောင်မှူးဘ၀ကလည်း သက်သာမယ် လို့တော့ မထင်ပါနဲ့။
သူက အဆောင်မှာလူ ၂၀၀ ရှိရင် ရွှေဝါဆင်ပြာအတောင့်ရှည်တွေကို လက်နှစ်သစ်အပိုင်း ၂၀၀ ရအောင် ပိုင်း ရပါတယ်။ ဒီလိုပိုင်းနေစဉ် မှာ စွေသွားလို့၊ စောင်းသွားလို့ဆိုရင် ဒါမှမဟုတ် ကျိုးကြောင်းသွားလို့ဆိုရင် သူ့အိတ်ထဲ က စိုက်ရတော့မှာဖြစ်ပါတယ်။ သူကအဲဒီလို စိုက်နိုင် အောင် ရွှေဝါ ဆပ်ပြာတွေ လေးငါးဆယ်ပိုင်း အရေးပေါ်ဆောင် ထားလေ့ရှိပါတယ်။ ဒီနေရာက ငွေကုန်တဲ့နေရာဖြစ်ပေမယ့် တခြားပင်ပင်ပန်းပန်းအလုပ် ထက်စာ ရင် သက်သာတယ်လေ။ တစ်ပတ်မှ တစ်ကြိမ်ပဲ ခေါင်းရှုပ်ခံရတာကိုး။
တစ်ရက် မှာတော့ အဆောင်မှူးလည်း ဆပ်ပြာအပိုမရှိတော့လို့လား မသိပါဘူး။ အားလုံးကို ဆပ်ပြာဝေတဲ့အခါ လက်နှစ်သစ် ထက်လျော့နေတဲ့အတုံးတွေ ဖြစ်နေပါတယ်။ ဒါကို အပတ်စဉ် ပေတံနဲ့တိုင်းပြီးမှ ယူလေ့ရှိတဲ့ ကျီးကန်း က မကျေနပ်ဘူး။ ဆပ်ပြာတုံးသေးသွား တဲ့အတွက် အဆောင်မှူးဆီမှာ Complain လုပ်တယ်။ ကျီးကန်း က ပွဲကြမ်းပြီး ထောင်မှူးကိုခေါ်ပေး၊ ထောင်ပိုင်ခေါ်ပေး ဆိုပြီးလုပ် ပါလေရော။ ထောင်မှူး ကရောက်လာပြီး ကျီးကန်းနဲ့ချော့မော့ညှိနှိုင်းပေမယ့် အဆင်မပြေဘူး။ ဆပ်ပြာဝေတဲ့ ကိစ္စပြဿနာ က ပိုပြီးကြီး ကျယ်သွားပြီး ထောင်ပိုင်ဆီရောက် သွားတယ်။ နောက်ဆုံးလေးဆောင် ကို တောင်ပိုင်ကြီး ဆင်းချ လာတယ်။ ဆပ်ပြာကိစ္စ နဲ့ပတ်သက်ပြီး မနေကျနပ်တဲ့ ကျီးကန်း ကိုခ်ါပြီး ဆွေးနွေးတယ်။ ထောင်ဘက်ကရော၊ အကျဉ်းသား ဘက်ကရော နှစ်ဖက်စလုံးက ညှိနှိုင်းလို့ မရဘူး ဖြစ်နေ တယ်။ ဒါပေမဲ့ ကျီးကန်းလေ၊ သိတယ်မဟုတ်လား။ သူ့မှာ ၀ှက်ဖဲတစ်ချက်အမြဲတမ်းရှိ တယ်။
သူက ထောင်ပိုင်ကို အကျဉ်းထောင်လက်စွဲဥပဒေအရ အကျဉ်းသားကို မဖြစ်မနေ အကျဉ်းထောင် က ပေးရမယ့်စာရင်းတွေကိုပြောပြတယ်။ အဲဒီထဲမှ နံနံပင်၊ ကြံသကာနဲ့ အုန်းဆီတွေကို တစ်ပတ်တစ်ခါပေးရမယ် လို့ ဥပဒေက ဆိုထားတယ်။ တစ်ကယ်တော့ ဒီဥပဒေ ကနှစ် ၁၀၀ ကျော်က အင်္ဂလိပ်တွေ ရေးဆွဲသွားခဲ့တဲ့ ဥပဒေပါ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဒီပဥကို ကျင့်သုံးတုန်းပါပဲ။ ခုချိန်ထိ ခေတ်နဲ့လျှော်ညီတဲ့ အကျဉ်းထောင် လက်စွဲဥပဒေ မပြဠာန်းရသေး ဘူး။ ကျီးကန်းတောင်း ဆိုတာတွေ က ဘောင်ထဲကဖြစ်ပေ မယ့် ထောင်ပိုင်ကြီး အတွက် အကျပ်ရိုက်သွားတယ်။ အကျဉ်းသား ခုနှစ်ထာင်စာ၊ ရှစ်ထောင်စာ နံနံပင်တို့၊ ကြံသကာတို့ကို ဘယ်လို ရှာဝယ်ရမလဲ။ နောက်ဆုံး ထောင်ပိုင်ကြီးနဲ့ ကျီးကန်းနဲ့ ဆွေးနွေးရင်း ဟင်းချက်တဲ့ဆီ ဝေပေးမယ်ဆိုတဲ့ ကတိနဲ့ အပေးအယူတည် သွားတယ်။ ဆပ်ပြာအစားပြန်မပေးတော့ပေမယ့် ဆီထပ်ရမယ်ဆိုတော့လညး ၄ဆောင်က အကျဉ်းသားအားလုံး ၀မ်းသာနေကြတယ်။ နောက်သုံး၇က်အတွင်းရမယ်ဆိုတော့ ပိုသဘောကျကြတာပေါ့။
ဒီလိုနဲ့ ဆီဝေပေးမယ့်နေ့ကို ရောက်လာပါပြီ။ အားလုံးက ဆီဝေပေးပြီးရင် ဆီပြန်ဟင်းချက်မယ် ဆိုပြီး စိတ်ကူးယဉ်နေတဲ့ သူတွေလည်းရှိတယ်။ နေ့လည်မှာ ဆီဝေပေးမယ့် ရိက္ခာဂိုဒေါင် က ထောင်မှူး နဲ့အဖွဲ့တွေ ရောက်လာတယ်။ အားလုံးက သူတို့ကို ကြည့်ပြီး '' ဟင် '' ခနဲဖြစ် သွားတယ်။ လူတွေ ဒီလောက်များတာ ကို ဆီက ရေဆွဲတစ်ပုံးစာပဲပါတယ်။ အားလုံးဆီဝေပေး မယ့်နေရာကို သိချင်စိတ်နဲ့ ၀ိုင်းအုံ သွားကြတယ်။ ဝေပေးမယ့် အကျဉ်းသား စည်းကမ်းထိန်းက အားလုံးကို စနစ်တကျ တန်းစီခိုင်းလိုက်တယ်။ ရိက္ခာထောင်မှူး ကတော့ အကျဉ်းစားတွေကို ခပ်ပြုံးပြုံးနဲ့ ကြည့်နေတယ်။ ရာချီနေတဲ့ လူတန်းရှေ့မှာ ဆီထည့်ထား တဲ့ ရေပုံးတစ်ပုံး။ ဝေမယ့်သူလက်ထဲကို ကြည့်လိုက်တော့ ထမင်းဇွန်းတစ်ချောင်း။
အကျဉ်းသားအားလုံးဆီကို ဝေပုံကျကြေးဇွန်းတစ်ဇွန်း လူတစ်ယောက်ရမယ်လို့ ကြောညာတာ ကြားလိုက် ရတယ်။ တချို့က တော်တော်စိတ်ပျက်သွားကြတယ်။ လက်ထဲက ဆီထည့်ဖို့ယူ လာတဲ့ဘူးတွေကို စိတ်ဆိုးဆိုးနဲ့ လွှင့် ပစ်ကြတယ်။ တချို့ကတော့ ဆီကိုလက်နဲ့ခံပြီး ဆံပင်ကို လိမ်းပစ်လိုက်ကြတယ်။ ဆီဝေပြီးသွားတော့ အားလုံးတစ်ယောက် မျက်နှာ တစ်ယောက်ကြည့် ပြီးနောက်မှာ ကြာကြာစိတ်မဆိုးနိုင်တော့ဘဲ တဟားဟား နဲ့ အော်ရယ်နေမိတယ်။
သြော် ကျီးကန်း ကျီးကန်း မင်း လည်သလောက်တော့ လူတွေက ပျင်းတောင်ပျင်းသေးတယ် လို့ ထောင်ပိုင်ကြီး က သင်ခန်းစာပေးလိုက်တာ ပါပဲ။ ခုတော့လည်း အနှစ် ၂၀ ကျော်ကြာခဲ့ ပါပြီ။
ဆက်ရန်
.

No comments:
Post a Comment