ဆေးလိပ်မသောက်ရ ကင်းစင်နယ်မြေ
တစ်ချိန်တစ်ခါက ထောင်ထဲမှာ အချိန်ကုန်လွန်ခဲ့ရသူတွေအတွက် အရေးအကြီးဆုံး အဖော် ကတော့ ဆေးလိပ် ပါပဲ။ အိမ်က ထောင်ဝင်စာလာရင်း စားစရာတွေထက် ဆေးလိပ်ကို အရင်မေးကြတယ်။ အဆောင်ပြန်ရောက်တော့ မိတ်ဆွေ အချင်းချင်း တွေ့ရင် ဆေးလိပ်ပါလားလို့ အငမ်းမရ မေးကြ တယ်။ ထောင်ဝင်စာ လာတဲ့သူတွေကလည်း ဆေးလိပ်ကို တန်ဖိုးထားပြီး ပေးလေ့ ရှိပါတယ်။ ဒါကြောင့် သူငယ်ချင်း ကဗျာဆရာဖြစ်တဲ့ နှင်းခါးမိုးကဆိုရင် "ဆေးလိပ်ဟာ စိတ်ကို ချည်တဲ့ကြိုး" လို့ တင်စား ဖွဲ့နွဲ့ခဲ့ ဖူးတယ်။ သူလည်းခုတော့ နော်ဝေနိုင်ငံ ရောက်နေပြီ။ ဆေးလိပ်ပြတ်သွားပြီလား၊ ဆက်သောက် နေတုန်းပဲလားဆိုတာ ကျွန်တော် မသိတော့ဘူး။ နော်ဝေမှာ ဆေးပေါ့လိပ်မရနိုင်တာတော့ ကျွန်တော် သိတယ်။ သူက ညရောက်ရင် အချုပ်ခန်းသံတိုင်လေးကို မှီရင်း ဆေးလိပ်ကို နှစ်နှစ်ခြိုက်ခြိုက် ရှိုက်ဖွာ လိုက်ရင်း သမီးနဲ့ ဇနီးကို လွမ်းလေ့ ရှိတယ်။ ခုတော့ နော်ဝေကို တစ်မိသားစု လုံးခေါ်သွားတဲ့အတွက် ထောင်ထဲကလောက် အလွမ်းဒဏ်ရာ ပြင်းထန်တော့မှာ မဟုတ်ပါဘူး။ တကယ်လည်း ၁၉၉၀ ၀န်းကျင် ကာလက အဖော်ကွဲနေတဲ့ အကျဉ်းသားတစ်ယောက်ဘ၀မှာ ဆေးလပ်ဟာ အရေးပါနေ တဲ့အရာပဲ ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေ ထဲက ဆေးလိပ်ကြိုက်တဲ့ သူတချို့ဟာ ထောင်ဝင်စာတွေ ကျဲပါး လို့ ဆေးလိပ်ပြတ်နေ တဲ့ အချိန်ဆိုရင် အမှိုက်ခြင်းထဲက သွန်ဖို့ထားတဲ့ သောက်လက်စ ဆေးလိပ်အတိုတွေ ကို ပြန်ရှာကြပြီ။ ဒီအတိုလေးတွေကိုပဲ တစ်ဖွာရှိုက်ရ ရှိုက်ရပြန်ပြီး သောက်ကြရတယ်။ တခါ တစ်လေ တော့လည်း ဆေးလိပ်တစ်လိပ် ရဲ့ ဖင်ကိုကြိုးနဲ့ချည်ထားပြီး ပထမအခနိးကု ပစ်ပေး ဒီလိုနဲ့ လက်ဆင့် ကမ်းသောက် ရတယ်။ ဆေးလိပ်ဖင်စီခံက မီးခိုးကို အငမ်းမရရှူရှိုက်ရင်း တချို့ဆို နှာခေါင်းထဲက မီးခိုး ပြန် ထွက်မလာတော့တဲ့အထိ သောက်ကြတယ်။
ဆေးလိပ်ဖင်စီခံ ကို တစ်နည်းတစ်ဖုံ အသုံးပြုတဲ့ နောက်တစ်ဖွဲ့ကလည်း ရှိသေးတယ်။ သူတို့က ထောင်ထဲမှာ စာမဖတ်ရ၊ သတင်းစာ မဖတ်ရလို့ စိတ်ဆင်းရဲနေတဲ့ စာငတ်နေတဲ့ စာဖတ်သူတွေပဲ။ တင်းကျပ်တဲ့ ထောင်စည်းကမ်းတွေ အောက်မှာ စာဖတ်လို့ရအောင် ကြိုးစားကြ တယ်။ ထောင် မှာက နိုင်ငံရေးအမှုနဲ့ ထောင်ကျတဲ့သူတွေကို စာရွက်၊ ဘောပင်၊ သတင်းစာ စတဲ့အရာတွေ လုံးဝ မရအောင် ထောင်ဝါဒါတွေ က သေချာ ဂရုစိုက် စောင့်ကြပ်ကြည့်ရှုလေ့ ရှိတယ်။ ရိုးရိုးအကျဉ်းသားတွေအတွက် ၀တ္ထု စာအုပ်တွေ၊ ဘာသာရေး စာအုပ်တွေ ခိုးဖတ်လို့မိရင် မသိချင်ယောင်ဆောင်သွားပေမဲ့ နိုင်ငံရေး အကျဉ်းသားတွေ လက်ထဲမှာ လက်တစ်ဝါးစာ စာရွက်လေးတွေ့ရင်တောင် ချက်ချင်း ရုံးတင်ပြီး ပြစ် ဒဏ် ပေးလေ့ ရှိတယ်။
ကျန်တဲ့သူအားလုံး ကြောက်သွားအောင် ခြောက်တာလည်း ပါတာပေါ့။ ဒါပေမဲ့ ကျောင်းသားတွေက တော်တော် အပင်ပန်း ခံနိုင်ကြတယ်။ ဆေးလိပ်ဖင်စီခံတွေကို စုပြီး သနပ်ဖက်တွေ ခွာပစ်တယ်။ သတင်းစာနဲ့ လုပ်ထားတဲ့ ဖင်စီခံတွေ ကို ရေအိုးတစ်လုံးထဲမှာ ထည့်စိမ် တယ်။ ကော်တွေအရည်ပျော်ပြီး စက္ကူတွေ ပြန့် ထွက်လာတာနဲ့ ရေထဲက ဆယ်ပြီး၊ အခြောက်လှမ်း တယ်။ ခြောက်သွေ့သွားတဲ့ သတင်းစာအပိုင်းတွေကို စုစည်းပြီး ဖတ်လို့ ရအောင် လုပ်ပေးတယ်။ သူတို့ကို Filter news agency လို့ ခေါ်တယ်။ သူတို့လုပ်ထားတာက အဆက်အစပ် မရှိပေမယ့် လက်ထပ်ပြီးစီးကြောင်း ကြော်ငြာပဲဖြစ်ဖြစ်၊ နာရေးပဲဖြစ်ဖြစ် ဖတ်တော့နေ ရတာပဲ။ သူတို့ အပင်ပန်း ခံလုပ်ထားတဲ့ စာစောင်လေးကို အခန်းတွေက အလှည့်ကျ ငှားရမ်း ဖတ်ရှုရတယ်။ စာမဖတ်ရ တာကြာတော့လည်း သူတို့စာစောင်လေးက ဖတ်ရတာ အရမ်းအရသာ ရှိပါတယ်။
ဒါပေမဲ့ စိတ်မကောင်းစရာ အဖြစ်အပျက်တစ်ခုတော့ ကြုံခဲ့ရသေးတယ်။ တစ်ခါက တိုက်တိုက်ဆိုင်ဆိုင် ဒီစာစောင်လေး ထဲမှာ အကျဉ်းကျနေတဲ့ ရဲဘော်တစ်ယောက်ရဲ့ မိခင်နာရေးကို တွေ့လိုက်ရတယ်။ သူကိုယ်တိုင် စာစောင် ကို ဖတ်ရင်း မယုံနိုင်အောင် ဖြစ်နေတယ်။ တစ်ကယ်တော့ သူ့အိမ်က သူ့အမေ ဆုံးတဲ့ အကြောင်း စိတ်မကောင်းဖြစ်မှာ စိုးလို့ ဖုံးဖိထားတာလေ။ Filter news agency ကြောင့် သူသိသွား ရရှာတယ်။ ထောင်ထဲမှာ ဆေးလိပ်က တိုကင်လိုလည်း အသုံးပြုလို့ရတယ်။ ဖိနပ်ပြတ်လို့ ဖိနပ်ဝယ် ချင်ရင် ဆေးလိပ် နဲ့ ၀ယ်လို့ရတယ်။ နှာစီးချောင်းဆိုး ဖြစ်နေလို့ ဆေးသောက်ချငရင် ဆေးလိပ် နဲ့ ဖလှယ် လို့ရတယ်။ ဆံပင်ညှပ်ရင်လည်း ဆေးလိပ်တစ်လိပ် ဆံပင်ညှပ်ဆရာကို ပေးရတယ်။ မိလ္လာ တက်ရင်လည်း မိလ္လာလစဉ်ကြေးက ဆေးလိပ်ပဲ။ လေဘာပြောင်းချင်ရင်၊ အိပ်တဲ့နေရာ ဘေးတန်းရချင် ရင် တန်ဖိုးသတ်မှတ်ထားတာ ဆေးလိပ်ပဲ။ ဆေးလိပ်အရအတွက် များလွန်းလာရင်တော့ ငွေ တန်ဖိုး ပြန်ပြောင်းသွားတယ်။
ထောင်ဝင် စာမလာနိုင်တဲ့ ဆင်းရဲတဲ့ အကျဉ်းသားတွေအတွက်တော့ တစ်ခုလိုချင်ရင် တစ်ခုစွန့်ရတာ ပေါ့။ ၁၉၉၀ တစ်ဝိုက်က ထောင်မှာတစ်ပတ်ကို အသားစားရက် တစ်ရက် ရှိတယ်။ အသားစားရက်မှာ အဆင်ပြေ ရင်ပြေသလို အမဲသားကျွေးတဲ့နေ့ ရှိတယ်။ ၀က်သားကျွေးတဲ့နေ့ ရှိတယ်။ မွေးမြူရေး ငါးကြင်းကျွေးတဲ့နေ့ ရှိတယ်။ အခြေခံလူတန်းစားတွေအတွက် ဆေးလိပ်က သိပ်သောက်ချင်နေတော့ ကိုယ်ရမယ့် ကိုယ်တာ (quota) အသားကို ငွေရှင်ကြေးရှင်ဆီ ဆေးလိပ် ၂လိပ်နဲ့ ရောင်းပြီး ဆေးလိပ် သောက်ပစ်လိုက်ကြတာပဲ။ ထမင်း ကိုတော့ ငပိ၊ တာလပေါနဲ့ ဖြစ်အောင် စားတာပေါ့။ တချို့များဆို ၃လစာတို့၊ ၆လစာတို့ ကြို တင်ပြီး ရောင်းထားတာတောင် ရှိတယ်။
ဆေးလိပ်ကြိုပေးထားတဲ့သူတွေက တရုတ်လူမျိုးတွေ များပါတယ်။ သူတို့ရတဲ့ အသားတုံးတွေကို ခရမ်းချဉ်သီး၊ ငရုတ်သီးမှုန့်နဲ့ ဆီပြန် ချက်ပြီး ပြန်ရောင်းစားကြတယ်။ နှစ်သီးစားခေါ်တာပေါ့။ ဒီတရုတ်လူမျိုးတွေက နယ်စပ်ဖြတ်ကျော် ၁၃(၁)နဲ့ ၀င်လာပြီး ထောင်ဒဏ်ကျခံနေရတဲ့ သူတွေ ဖြစ်ပါတယ်။ သူတို့က ထောင်ဝင်စာ မလာနိုင်လဲ ထောင်ထဲမှာ ပြည့်ပြည့်စုံစုံ ချမ်းချမ်းသာသာ နေနိုင်ကြတယ်။ အသားစားကြိုယူထားတဲ့ သူတွေက ဗမာတွေများ ပါတယ်။ ဒီတော့ မြန်မာတွေက ဆေးလိပ်လေးသောက်ရဖို့ အသားတုံးကို စွန့်လွှတ်ရတဲ့ သူမျိုးတွေပေါ့။ ဒီလိုနဲ့ နာဂစ်အပြီးမှာ အဆောင်တွေ မီးလောင်တာ ကစပြီး ပြဿနာတွေဖြစ် လို့ ထောင်ထဲမှာ ဆေးလိပ်မသောက်ရလို့ ပြည်ထဲရေးဝန်ကြီး က စည်းကမ်းသစ်ထုတ် ပြန်လိုက်တယ်။ အဆောင်တွေ မီးလောင်တာ မီးခြစ်ကြောင့် ဖြစ်တယ်။
မီးခြစ်ကဘာလို့ အကျဉ်းသားလက်ထဲမှာ ရှိရ တာလဲ အကြောင်းရင်းကို စုံစမ်းလိုက်တော့ ဆေးလိပ်သောက်ဖို့ မီးခြစ်ဆောင်ထားကြတာ။ ဒါဆို ဆေးလိပ်ရောမီးခြစ်ရော မမြင်ချင်ဘူးဆိုပြီး ၀န်ကြီးဌာနရဲ့ တာဝန်အရှိဆုံး လူကြီး က တားမြစ်ပိတ်ပင် လိုက်တယ်။ ထောင်လည်း ဆေးလိပ်မသောက်ရ ကင်းစင်နယ်မြေ ဖြစ်သွားတယ်။ တစ်ကယ်ရော ကင်းစင်သွားပါသလား။ ထောင်ကျနေတဲ့ လူသားတွေပဲ အကုန်တော့် စည်းကမ်းကို ဘယ်လိုက်နာပါ့ မလဲ။ ဒီလိုနဲ့ ထောင်ထဲမှာ ဆေးလိပ်မှောင်ခို ဈေးကွက်ပေါ်လာတယ်။ ဒီဈေးကွက်ကတော့ ပွတ်ချွန်း ဈေးကွက်လို့ ခေါ်တယ်။ ပွတ်ချွန်းလိပ်တာကတော့ သိပ်မခက်ပါဘူး။ ကွမ်းစားတဲ့ သူတွေဆီ ကနေ ဆေးရွက်ကြီး တွေရတယ်။ ဆေးရွက်ကြီးကို အမှုန့် လုပ်ပြီး ဖတ်ပြီးသား ဂျာနယ်ဟောင်းက စက္ကူတွေ နဲ့ လိပ်ပြီး သောက်ကြတာပဲ။ ဆေးလိပ်ရှားတဲ့ အချိန်မှာ ကြိုက်တတ်တဲ့ လူတွေအတွက်တော့ ပွတ်ချွန်း က မရှိမဖြစ် အရေး ပါလာတယ်။
ဆေးလိပ်ကိုပိတ် ပင်လိုက်တော့ ပွတ်ချွန်းကလည်း ဈေးကွက် ဖြစ်ပေါ်လာပါတယ်။ ပွတ်ချွန် ၁၀လိပ် ကို ကော်ဖီမစ် ၃ထုပ်လောက် ပေးရတယ်။ ထောင်ဝင်စာမလာတဲ့ အကျဉ်းသားတွေအတွက်တော့ ပွတ်ချွန်းလိပ်ရောင်း ရင် ၀င်ငွေတစ်ဖက်တစ်လမ်းက ရတဲ့သဘောပါပဲ.
ဒါပေမဲ့ ထောင်မှာ လေးဆိပ်မသောက်ရ တားမြစ်လိုက်တော့ အရင်ကလို ပေါ်ပေါ်ထင်ထင် မသောက် ကြရတော့ပါဘူး။ ဆေးလိပ်မဖြစ်နိုင်သူတွေကတော့ ခိုးဝှက်ပြီး သောက်နေကြတုန်းပါပဲ။ ထောင်ပိုင် တန်းစီနေ့ မှာ ဆေးလိပ်သောက်ပြီးသား ဖင်စီခံတစ်ခုတစ်လေ တွေ့လို့မိရင်တော့ တွေ့တဲ့ အဆောင် မချောင်ဘူး မှတ်။ တစ်ဆောင်လုံးမှာ ရှိတဲ့ အကျဉ်းသားအားလုံး သန့်ရှင်းရေး ပြန်လုပ်ရတယ်။ အဆောင်လူကြီးနဲ့ ပုံစံမှူးတို့က ချမှတ်ထားတဲ့ဒဏ်ငွေကို ဆောင်ရတယ်။
ငွေကုန်သွားတဲ့အတွက် အကျဉ်းသားစည်းကမ်းထိန်းတွေကတစ်ဆင့် အဆောင်ကို စည်းကမ်းတင်းကျပ် လိုက်တယ်။ အဲဒီလို အချိန်မျိုးမှာ တစ်ဆောင်လုံး စိတ်ညစ်ကုန်ကြရော။ တချို့ကတော့ စိတ်ညစ် မခံနိုင်တော့လို့ ဆေးလိပ် အစား ကွမ်းပြောင်းစားကြတယ်။ ထောင်ထဲမှာ ကွမ်းစားလို့ရတော့ ရပါသေးတယ်။ ဒါပေမယ့် "ဆေးလိပ် ဟာ စိတ်ကိုချည်တဲ့ ကြိုး" လို့တော့ ထောင်ထဲမှာ ကဗျာတွေ၊ စာတွေ လုပ်လို့ မရတော့ ဘူး။ ထောင်ဟာ ဆေးလိပ်မသောက်ရကင်းစင်နယ်မြေ ဖြစ်သွားပါပြီ။
ကားလ်မတ်နှင့် ကေမြို့းတို့ကြောင့် ဟိန္ဒူဆာဒူးကြီး နေရာရွှေ့ခံရခြင်း
၁၉၉၂ ခုနှစ်လောက်က အင်းစိန်ထောင်တိုက်ဝန်းထဲမှာ ရှိတဲ့ တိုက်(၆)တိုက်လုံး နိုင်ငံရေး အကျဉ်းသား တွေနဲ့ ပြည့်ကျပ်လျက် ရှိပါတယ်။ ဒီအကျဉ်းသားတွေထဲမှာ လူကြီးတွေ၊ လူငယ်တွေ၊ တပ်မတော် သားဟောင်းတွေ၊ ကျောင်းသားတွေ၊ ခရစ်ယာတွေ၊ ဟိန္ဒူဘာသာဝင်တွေ၊ အစ္စလာမ်ဘာသာဝင်တွေ စသည်ဖြင့် အရောင်မျိုးစုံ ပါဝင်ပါတယ်။ အားလုံးဟာ ဒုက္ခရောက်နေကြတဲ့ ဘ၀တူချင်းတွေ ဖြစ်ကြ တဲ့အပြင် တိုင်းပြည်ကို ဒီမိုကရေစီ ရစေချင်လွန်းလို့ ဘ၀တွေကို စွန့်လွှတ်ပေးဆပ်ခဲ့သူတွေ ဖြစ်လို့ ရိုင်းရိုင်းပင်းပင်း ချစ်ချစ်ခင်ခင် နေကြပါတယ်။ တစ်ယောက်ထောင်ဝင်စာ မလာရင် နောက်တစ်ယောက်ကမျှဝေလို့၊ တစ်ယောက် နေမကောင်းရင် နောက်တစ်ယောက်က ဆေးတိုက်လို့ တစ်ဦးအပေါ်တစ်ဦး နွေးနွေးထွေးထွေး ရှိကြ ပါတယ်။ ဘာသာရေးနေ့တွေဆိုရင်လည်း တိုက်ခန်း အားလုံး သက်ဆိုင်တဲ့သူတွေက အစားအသောက်တွေ ဝေကျွေးလေ့ ရှိပါတယ်။ မဂ္ဂင်ဆရာတော်ကြီး ကို အစ္စလာမ်ဘာသာရေးအဖွဲ့က ဦးဒါဝတ်ဂျင်းဝါးလား က ဆရာကြီးကို နွားနို့ နို့မှုန့်ထုပ်လေးတွေ လက်ဆောင်ပေးလိုက်နဲ့ ရင့်ကျက်ပြည့်ဝတဲ့ လူ့ အသိုင်းအ၀ိုင်းငယ်လေး တစ်ခု အင်းစိန်ထောင်ထဲမှာ ဖြစ်ထွန်းခဲ့ပါတယ်။
ကျောင်းသားလူငယ် အများစုထဲမှာလည်း ဆေးကျောင်းသားတွေ၊ စက်မှုတက္ကသိုလ်ကျောင်းသားတွေ၊ ဂုဏ်ထူးတန်းကျောင်းသားတွေ ပါပါတယ်။ လူလတ်ပိုင်းတချို့ထဲမှာလည်း နာမည်ကျော်ပန်းချီဆရာ တွေ၊ ရုပ်ရှင်ဒါရိုက်တာတွေ၊ စာရေးဆရာတွေနဲ့ တေးရေး ဆရာတွေကိုလည်း တွေ့ရပါတယ်။ တပ်မတော် သားဟောင်းထဲမှာလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်းကစပြီး တိုင်းမှူးတွေ၊ လေယာဉ် ပိုင်းလော့တွေ၊ ညွှန်ကြားရေးမှူးချုပ်ဟောင်းတွေ စသည်ဖြင့် အမျိုးစုံလင်လှပါတယ်။
တက္ကသိုလ်က ဆရာတွေကလည်း အများကြီးပါပဲ။ ကျွန်တ်ေမှတ်မိသလောက် ပြောရရင် စာရေးဆရာ ထဲမှာ ဆရာမင်းသိင်္ခ၊ ဆရာညီပုလေး၊ ဆရာမင်းလူ၊ ရွှေဘုန်းလူခေါ် ဆရာတာရာမင်းဝေ၊ ဆရာမောင်သော်က၊ မုံရွာတင်ရွှေ၊ ဆရာမောင်မိုးသူ၊ နာမည်ကျော်ဗေဒင်ဆရာစံဇာဏီဘို၊ ရုပ်ရှင် သမားထဲမှာ အကယ်ဒမီအောင်လွင်၊ ဒါရိုက်တာအောင်မြင့်မြတ်၊ ဒါရိုက်တာမောင်ခက်ပန်၊ ဇာဂနာ၊ အရိုင်း၊ တေးရေးဆရာထဲမှာ မွန်အောင်ကို နာမည်ကျော် သီချင်းတွေ ရေးပေးတဲ့ ကေမြိုး၊ စိတ်တိုင်း ကျ လက်ဖက်ရည်ဆိုင်က ကိုခွန်းဆိုင်း၊ မှိုင်းရာပြည့် သီချင်းရေး တဲ့ မိတ္ထီလာက ကိုခင်မောင်လေးတို့ ရှိပါတယ်။ ကေမြိုးက ပန်းချီဆရာလည်း ဖြစ်ပါတယ်။ ပန်းချီဆရာတွေထဲမှာ ကေမြိုးနဲ့အတူ မောင်နိုး၊ ကိုစန်းလွင် (ကွယ်လွန်)၊ မြင့်ဝင်းမောင် (AZ)၊ ထွန်းဝင်းငြိမ်း၊ ခင်မြင့်အောင် ဦးလှကြည်တို့လည်း ရှိပါတယ်။
တစ်နေ့တော့ ဟိန္ဒူဘာသာကိုးကွယ်တဲ့ ၅(ည)တစ်ယောက်က သူ့အိပ်ရင်းခေါင်းရင်းမှာ ချိတ်ထားဖို့ ဟိန္ဒူဆာဒူးကြီးတစ်ပါးပုံကို ရေးဆွဲပေးဖို့ ကေမြိုးကြီးကို အကူအညီ တောင်းပါတယ်။ ထောင်ဆိုတာက ပုံဆွဲစက္ကူတွေ စုတ်တံတွေ ရှိတဲ့ နေရာအရပ်ဒေသ မဟုတ်ပါဘူး။ ဒါကြောင့် သူ့ခမျာ ထောင်ဝတ်စုံ ဖြစ်တဲ့ တက်ထရွန်းပုဆိုးအဖြူပေါ်မှာ ဘောပင်နဲ့ ရေးဆွဲပေးတာကိုပဲ အမြတ်တနိုး ယူသွားရှာတာပါ။ ကေမြိုးက တက်ထရွန်အဖြူပုဆိုးပေါ်မှာ ဘောပင်နဲ့ပုံကို သေသေချာချာ ရေးဆွဲပေးလိုက်ပါတယ်။ ဒီပုံ ကို ဆရာသမားကတော်တော် သဘောကျနေတယ်။ ဒါပေမဲ့ ဘောပင်နဲ့ရေးထားတာဆိုတော့ ကြာရင် ဒီလက်ရာက မှေးမှိန်ပျောက်ကွယ်သွားနိုင်တာကို စိုးရိမ်လာတယ်။ ဒီတော့ပန်းချီပုံကို ချည်နဲ့ထိုးပြီး ပုံဖော်လိုက်တယ်။ ထောင်ထဲမှာ အချိန်က ပိုနေတာဆိုတော့ ချည်ထိုးတဲ့သူတွေကလည်း အများကြီး ပါပဲ။ ချည်နဲ့ထိုးလိုက်တော့ ဟိန္ဒူဆာဒူးကြီးပုံက ပိုကြိး ကြွလာတယ်။ သူကဒီပုံကို အမြတ်တနိုး ထားပြီး သူ့ခေါင်းရင်းက နံရံမှာ ချိတ်ဆွဲထားလိုက်ပါတယ်။
ဒီကိစ္စကို ဘယ်သူမှ မှတ်မှတ်သားသား မထားပါဘူး။ နောက်တစ်လလောက်ကြာတော့ သူတို့နေတဲ့ တိုက်ကို ရှာဖွေရေး ၀င်ပါတယ်။ အဲဒီအချိန်က န.၀.တ အစိုးရက ၁၉၈၈ အရေးအခင်းကို ဗမာပြည် ကွန်မြူနစ်ပါတီ (ဗ.က.ပ) ယူဂျီတွေက စတင်ဖန်တီးခဲ့တယ်ဆိုပြိး ၀ါ၏ဖြန့်ချိရေးကို အင်နဲ့ အားနဲ့ အကြီးအကျယ် ပြုလုပ်နေချိန် ဖြစ်ပါတယ်။ ဒါကြောင့် ထောင်ထဲမှာ ရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲ က BCP (မြန်မာပြည်ကွန်မြူနစ်ပါတီ) အမှုတွဲတွေကို အကျဉ်းထောင် အာဏာပိုင်တွေက အထူး ဂရု စိုက် စောင့်ကြည့်လေ့ ရှိပါတယ်။ မီဒီယာလကနက်ကို သုံးပြီး ဗ.က.ပ ဆိုတာ အတော်ကြောက်စရာ ကောင်းတဲ့သူတွေအဖြစ် ပုံဖော်ပေးနိုင်ခဲ့ပါတယ်။
ဟိန္ဒူဆာဒူးကြီး ချိတ်ဆွဲထားတဲ့ အခန်းထဲကို ၀င်ရှာကြတော့ တရားမ၀င်ပစ္စည်းဆိုလို့ ဘာမှ မတွေ့ပါ ဘူး။ ၀ါဒါလေးတွေကလည်း ပစ္စည်းအတိုအစလေးတွေ သိမ်းပြီး အခန်းထဲက ထွက်လာကြပါတယ်။ ဒါပေမဲ့ ရှာဖွေရေးလုပ်တဲ့ နေ့ဝန်ထမ်း၊ ည၀န်ထမ်းတွေကို ထောင်မှူးကြီးတစ်ယောက်က ဦးဆောင်ပြီး တိုက်ကိုလာတာ ဖြစ်ပါတယ်။ အဲဒီထောင်မှူးကြီးက ရှာဖွေရေးလုပ်တဲ့ အခန်းတွေကို အပြင်ကနေ စစ်ဆေး ကြည့်ရှုအကဲခတ်နေတယ်။ ကံဆိုးချင်တော့ တိုက်ခန်းတစ်ခန်းချင်း လိုက်ကြည့်နေရင်းကနေ အခန်းနံရံက ဟိန္ဒူဆာဒူးကြီးပုံကို ရုတ်တရက်လှမ်းမြင်သွားတယ်။ သူ့ဝန်ထမ်းဝါဒါတွေကို ချက်ချင်း ခေါ်ပြီး အဲဒီပုံကို သွားဖြုတ်ခိုင်းတယ်။ ပါးစပ်က နေပြီးတော့ သူ့တပည့်တွေကို ဆဲလိုက်တာလည်း မိုးမွှန်နေတာပါပဲ။
ချည်နဲ့ရေးထိုးထားတဲ့ အဲဒီပန်းချီကားကြီး သူ့လက်ထဲရောက်တော့ အမှုက ပိုကြီးသွားတယ်။ သူက ပန်းချီကားကို စေ့စေ့စပ်စပ် ကြည့်နေရင်းကနေ ပန်းချီကားအောက်က လက်မှတ် K.M ဆိုတာကို သွားတွေ့တယ်။ ပန်းချီကားကလည်း မုတ်ဆိတ်မွေးတွေနဲ့ အမျိုးသားတစ်ယောက်။ သူက K.M ဆိုတာ ကို ကြည့်ပြီး တွေးနေရင်းက အသံကျယ်ကြီးနဲ့ အော်လိုက်တယ်။
"သေတော့မှာပဲ ... ဟေ့ကောင်တွေ ... ဒီပန်းချီကားကို ချက်ချင်း သိမ်းခဲ့စမ်း။ K.M ဆိုတာ ကားလ်မတ်ကို ပြောတာကွ ... ဒီလူတွေရဲ့ နိုင်ငံရေးခေါင်းဆောင်ကြီးပဲ၊ ဒီလူကွာ ... ဒီလောက် စည်းကမ်း တင်းကျပ်ထားတဲ့ကြားက ထောင်ထဲမှာ နိုင်ငံရေး လုပ်တယ်။ ဒီလူတွေကို အလစ်ပေးထားလို့ မရဘူး။ ထောင်ပိုင်ကြီး သိအောင်လို့ ရုံးတင်ရမယ် ... ခေါင်းစွပ်ပြီး ခေါ်လာခဲ့"
ဝန်ထမ်းတွေက ကုလားကြီးကို ခေါင်းစွပ်ပြီး တိုက်ရုံးကို ခေါ်ထုတ်သွားတယ်။
ရိုက်ဖို့၊ ဆော်ဖို့ပြင်တဲ့ သူတွေကလည်း ပြင်နေကြပြီ။ အဲဒီအချိန်က ထောင်ထဲမှာ နိုင်ငံရေးလုပ်တယ်ဆိုတာ အမှုထင်ရှားရင် ကျောကွဲဖို့သာ ပြင်ပေတော့။ တိုက်ဝန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားတယ်။ ဘာတွေ ဆက်ဖြစ် လာမလဲဆိုတာကို အားလုံးက နားစွင့် နေကြတယ်။ အဲဒီအချိန်မှာပဲ တိုက်ရုံးခန်းက ကုလားကြီးရဲ့ ငိုသံ နဲ့ အပြင်းအထန် ရှင်းပြနေတာကို ကြားကြရတယ်။ ကုလားကြီးက K.M ဆိုတာ တေးရေးဆရာ ပန်းချီဆရာ ကေမြိုးဖြစ်ကြောင်း အခုသိမ်းသွားတဲ့ပုံဟာ မတ်စ်ဝါဒကို စိတ်ကူးခဲ့တဲ့ ကားလ်မတ်မဟုတ် ဘဲ သူကိုးကွယ်တဲ့ အိန္ဒိယ ဟိန္ဒူဆာဒူးကြီးရဲ့ပုံဖြစ်ကြေားင်ကို သေသေချာချာ ရှင်းပြပါတယ်။
ခက်တာက ထောင်မှူးကြီးလုပ်တဲ့သူက မယုံဘူး၊ သူမြင်ဖူးတဲ့ ကားလ်မတ်ဆိုပြီး အတင်းအကျပ် စွပ်စွဲ နေတယ်။ ပြီးတော့ ကုလားကြီးကိုလည်း တိုက်ကနေ စစ်ခွေးတိုက်ပို့ပြီး သင်ခန်းစာပေး ဖို့ ကိုပဲ ပြင်ဆင်နေ တယ်။ နောက်ဆုံးကုလားကြီးက ဒု-ထောင်မှူးကို အကူအညီ တောင်းရတော့တာပေါ့။ ဒု-ထောင်မှူးက ကြင်နာ သနားတတ် တဲ့ စိတ်ရှိတယ်။ တိုက်ထဲက လူတွေကို လေးစား တန်ဖိုးထားတယ်။ ကုလားကြီးက ဒီပုံရေးဆွဲတဲ့ ကေမြိုးကို သက်သေအဖြစ် ခေါ်ပြီး မေးဖို့ တောင်းပန်မေတ္တာရပ်ခံတာပါ။ ဒု-ထောင်မှူး က ထောင်မှူးကြီးကိုတင်ပြတယ်။ ကားလ်မတ်ပုံ မဟုတ်ဘဲနဲ့ စစ်ခွေးတိုက်ပို့ရင် ပြဿနာ တက်နိုင်လို့လည်း ထောင်မှူးကြီးကို သတိပေးတယ်။ တိုက်မှာ ကျန်ခဲ့တဲ့ ကေမြိုးကို ရုံးခန်းက ခေါ်ခိုင်း တယ်။ ကေမြိုးရုံးခန်းရောက်တော့ ပန်းချီကားကို ပြပြီး ကိုယ်တိုင်ဆွဲခဲ့တာ ဟုတ်မဟုတ် မေးတယ်။ ကေမြိုးက ဟုတ်မှန်ကြောင်း ကေမြိုးက သေသေချာချာ ရှင်းပြတယ်။
ပြီးတော့ ထောင်ထဲမှာရှိတဲ့ မည်သည့် အကျဉ်းသားမဆို ဘာသာရေးနဲ့ ပတ်သက်ပြီး လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ရှိကြောင်းလည်း ပြောပြလိုက်တော့ လက်စွမ်းပြချင်နေ တဲ့ ထောင်မှူးကြီး လည်း တွေဝေသွားတယ်။ ပန်းချီကားကို သေသေချာချာ ပြန်ကြည့်တယ်။ သူ့ယူဆချက် လွဲချော်သွားပြီ ဆိုတာ ကိုလည်း ရိပ်စား မိသွားတယ်။ ဒါပေမဲ့ သူ့ဘက်သူတာလုံအောင် လုပ်ရဦးမယ်ဆိုတာ သူ့လုပ်သက် အတွေ့အကြုံ အရ သိလိုက်တယ်။ ကေမြိုးတို့ကို တစ်ခွန်း ပြောတယ်။
"ကိုယ်ကြိုက်တာ ကိုယ်ကိုးကွယ်ခွင့်ရှိတာ ငါသိပြီးသား ... အကျဉ်းထောင်လက်စွဲဥပဒေကို ငါတို့က အလွတ် ရတယ်ကွ ... ဒါပေမဲ့ ဒီဟိန္ဒူဆာဒူးပုံက ကားလ်မတ်နဲ့ တော်တော်တူနေတယ် ... မင်းတို့ဘက် ကလည်း ထင်ယောင် ထင်မှား လုပ်နိုင်တယ် ... ဒီတော့ ဒီပုံကို ငါမသိမ်းဘူး ... ဒီပုံကို နေရာပြောင်းပြီး ချိတ်ရမယ် ... လူကြီးတွေ လာရင် အလွယ်တကူ မမြင်ရတဲ့ နေရာမှာ ချိတ် ... ထောင်ပိုင်တွေ တွေ့သွားလို့ ငါ့ကို ဆူရင် ... မင်းလည်း မလွယ်ဘူးမှတ်"
နောက်ဆုံးကုလားကြီးနဲ့ ကေမြိုးကို တိုက်ရုံးခန်းက အောင်မြင်စွာ ပြန်ခဲ့ရပါတယ်။ ကေမြိုးရဲ့လက်မှတ် က K.M ဖြစ်နေတာက ကံဆိုးတာပဲလား။ ဒါမှမဟုတ် ကားလ်မတ်နာမည် အတိုကောက်က K.M ဖြစ်နေတာ အပြစ်လား။ ကွန်မြူနစ်ဆိုရင် သရဲသဘက်တွေလို ပံဖျက်ခံရတဲ့ ခေတ်ကိုပဲ အပြစ်တင်ရ မလား။ ကွယ်လွန် သွားရှာပြီဖြစ်တဲ့ ကေမြိုးကတော့ ဖြေမသွားခဲ့ပါဘူး။ ကျွန်တော်တို့တစ်တွေကတော့ ကြိုးနီစနစ် ရဲ့အောက် မှာ မေးခွန်းများစွာနဲ့ ကျန်ရှိနေဆဲပါပဲ။
ဆက်ရန်
.

2 comments:
zdgp [url=http://drdrebeatssales.ca]beats by dre sale[/url] erlqgp http://drdrebeatssales.ca qqiz [url=http://beatsbydrdresale.ca]beats by dre sale[/url] keebrb http://beatsbydrdresale.ca qxdh [url=http://beatsheadphonesforsale.ca]beats by dre sale[/url] jbhjtl http://beatsheadphonesforsale.ca pusv [url=http://beatsbydrebestbuy.ca]beats by dre sale[/url] eamzmg http://beatsbydrebestbuy.ca fvdv
Lenders are available on the web for fast easy payday advances, from time to time in about 60 minutes. Lalu tahukah anda ternyata si pencipta situs ini pernah digugat di pengadilan atas tuduhan penjiplakan hak intelektual dan source code dari perusahaan lain [url=http://onlinepaydayloans-4u.co.uk/]payday loans online[/url] defaulted student loan assistance - loan rehabilitation: a loan rehabilitation program offers the ability of reinstating defaulted loans. You can see your webmail, surf the web, or whatever. Online and offline both are the medium to use for these financing options online payday loans coco ocean and senegambia hotels were also nominated for that award. Fast Secured Loan 20 We have observed advertisements for quick cash loans each day Fast Secured Loan 20. Nebraska and other Regions offer straightforward online cash loans including these and also other forms ofloans that do not need collateral http://onlinepaydayloans-4u.co.uk/ are you questioning just how long it should take to your money to become credited into the bank checking account.
Post a Comment