Wednesday, November 21, 2012

ဒေါက်တာအောင်ကြီး ၏ အဆွေးလူ၊ အတွေးလူ၊ သိမ့်မွေ့လူ, အပိုင်း (၁၃)

ရေငန်တွင်းတူးသူများ

(၁)
ဆရာမ ခင်ခင်ထူးရဲ့ ရေငန်တွင်းဆိုတဲ့ ၀တ္ထုကို စက်တင်ဘာလ ၂၀၀၇ ထုတ် ပိတောက်ပွင့်သစ်မဂ္ဂဇင်းမှာ ဖတ်ရတယ်။ အလှူရက်ရောလှတဲ့ သူဆင်းရဲအဘိုးအို၊ အဘွားအိုမောင်နှံအကြောင်း။ အညာမြို့ကလေး တစ်မြို့။ မြစ်ဝေးကမ်းဝေးမြို့ကလေး။ မြို့အနီးက ချောင်းတွေကလည်း မိုးပါးချိန်မှာ ရေက ကပျက်ကချော်နဲ့။ ဒါကြောင့် မြို့နေလူထုက သောက်ရေအတွက် ရေတွင်းကိုပဲ အားကိုးနေရတာ။ ရေတွင်း ကလည်း ရေစေးရေငန်တွေ က ခပ်များများ။ မြို့ကလေးမှာ ရှားရှားပါးပါး မြူနီစပယ် ရေစက်ကြီးတစ်ခု ရှိတယ်။ သူကတော့ ရေချိုရေသွက်ထွက်တယ်။ ဇာတ်လမ်းက ရေတစ်ထမ်း တစ်မတ်နဲ့ ရေထမ်းေ၇ာင်းတဲ့ ဘကြီးစံဆိုတဲ့ အသက် ၆၀ ကျော် ရေထမ်းသမားကြီးတစ်ဦးအကြောင်း။

ဘကြီးစံက ဖျင်ကြမ်းတဘက် ခေါင်းပေါင်းကြီး ဖိုသီဖတ်သီပတ်လို့။ ဖျင်ကြမ်းအင်္ကျီ လက်စည်းကြီးကို တံတောင်ဆစ်ရောက်အောင် လိပ်တင်ထားလို့။ ပုဆိုးအနွမ်းကလေးကို ခါးပုံစကြီးကြီး ချလို့။ ခြေသလုံးလေးတွေ က မည်းမည်းပိန်ပိန်ကလေးတွေ။ ရေထမ်းသက်ကတော့ မမေးနဲ့။ ၀တ်နေကျ ဖျင်ကြမ်းအင်္ကျီ ထူထူကြီးတောင် ပခုံးနေရာမှာ ကွက်ပြီး ရိပြဲနေလေရဲ့။ အိုကြီးအိုမအရွယ်ထိ ပင်ပင်ပန်းပန်း လုပ်စားရတာ။ အရပ်က ၀ိုင်းဂရုဏာ သက်ကြ။ ဘကြီးစံကတော့ ရေထမ်းစားရတာ ဂုဏ်ငယ်တယ် မထင်ပေါင်။ တတ်နိုင်ရင် ရေကုသိုလ်တောင် ယူလိုက်ချင်သေး ရဲ့တဲ့။ ဘကြီးစံရဲ့အိမ်သူက ဒေါ်သင်။ အမေသင်ကလည်း ပိန်ပိန် မည်းမည်း။ အသေင်က အပျော်တမ်း အနှိပ်သည်။ သဒ္ဓါကြေးကလေးနဲ့ တင်းတိမ်ရောင့်ရဲသူ။ သဒ္ဓါကြေးယူရင်လည်း “အမေသင် တို့ကိုပေးတာ ကုသိုလ်ရသဟဲ့။ အမေတို့က လှူမျာ။ အလှူထဲ ထည့်ရပြီ သဘောထားကြ” လို့ ပြောတတ်တာ။ ဒါကို ဘယ်သူ မှ အမှတ်တရ မှတ်သား မထားပါဘူး။

ဘကြီးစံ က ရေထမ်းပို့ရာမှာ စည်းကမ်းရှိတယ်။ ဘယ်သူက ဘယ်လောက် အရေးတကြီးမှာမှာ သူပို့ရမယ့် ဖောက်သည် အိမ်တွေ စုံအောင်စေ့အောင် အရင်ပို့ပြီးကာမှ ခေါ်ကောက်မှာတဲ့ အိမ်တွေဆီ ပို့တာ။ စေတနာ ကလည်း ကောင်းမှကောင်း။ ရေပြည့်ပြီးလို့ သံပုံးထဲ ရေပိုနေရင် တွေ့ရာပုံးတွေ ခွက်တွေ လှန်ပြီး ရေထည့် ပေးခဲ့တာ။ စဥ့်အိုးတစ်လုံး ရေဖြည့်ခိုင်းလိုက်လို့ ရေထမ်းနှစ်ထမ်းနဲ့ မပြည့်သေးရင် သုံးထမ်း ဖြည့် တယ်။ တကယ်က ရေပြည့်ဖို့ တစ်ပုံးစာလောက်ပဲ လိုတာပါ။ အဲသလိုဆိုရင် ဘကြီးစံ က နှစ်ထမ်းစာ ပဲယူတယ်။ ပို့တဲ့ ရေတစ်ပုံးစာကို ရှိတဲ့ခွက်ထဲ။ ပုံးထဲထည့်ပေးခဲ့တာပဲ။
ရပ်ကွက် ကလည်း ဘကြီးစံကို ဆွေမျိုးလိုဖြစ်နေပါပြီ။ စားစရာပေးကြ။ ထမင်းစားချိန်ကြုံ ရင်လည်း ခေါ်ကျွေးကြ။ စားပြီးရင် ပေးလိုက်တဲ့ဆုတွေက တစ်ပုံကြီး။ ဘကြီးစံတို့က သားသမီးမရှိဘူး။ ကလေးမြင် ရင် ဘကြီးစံ မနေနိုင် ဘူး။ ကောက်ပွေ့ပြီး မြှူတော့တာ။

တာလမ်းပေါ် ကလေးတွေ ဆော့နေ၊ ကစားနေတာ တွေ့ရင်လည်း ရေပုံးခဏချထားပြီး ကစားဝိုင်းဘေး ၀င်ထိုင်ချင် ထိုင်တတ်တာ။
ကလေးတွေ ပိုက်ဆံပစ် တမ်း ကစားရင်လည်း ဘကြီးစံက တစ်လက်ဝင်ပါသေးတာ။ ကလေးတွေ နဲ့ ရောကစားတိုင်း ဘကြီးစံက ခေါင်စေ့ကို ဘယ်တော့မှ မှန်အောင်မပစ်ဘူး။ နောက်ဆုံးပိတ်စေ့ကိုပဲ မှန်အောင် ပစ်တတ် တယ်လေ။ ပြီးတော့မှ ပါးစပ်တဖွဖွ။ ကလေးတွေက သဘောကျလို့မဆုံး။ ကစားရင်း ရှုံးသွားတဲ့ ကလေးတွေ ဘေးထွက် ထိုင်နေရင် ဘကြီးစံက ပိုက်ဆံစိုက်ပေးပြီး ကစားဝိုင်းထဲ ဆွဲသွင်းတတ် တယ်။ ကလေးတွေ ပိုက်ဆံပစ်တမ်း ကစားရာမှာ ကြေးကြီးကြီးသုံးရင် ကလေးတွေကို သူက ဆုံးမတတ် တယ်။ “တစ်မတ်ကြေး မပစ်ကြနဲ့ကွ။ ငါ ရေတစ်ထမ်း အဝေးကြီးထမ်းမှ တစ်မတ်ရတာ။ မိဘပိုက်ဆံ မဖြုန်းချင်ကြနဲ့”လို့ ဆုံးမ တယ်။

ယောက်ျားကလေး လောက်လောက်လားလားမြင်ရင် ဘကြီးစံက ရှင်မပြုသေးဘူးလားလို့ တစ်မေး တည်း မေးတတ်တယ်။ မလှူသေးပါဘူး ဘကြီးရယ်ဆိုရင် “ကိုင်း ... ငါ လှူတော့ ထည့်ကြစမ်းဟာ။ ငါလှူရင် ရှင်တောင်း ပါ့မယ်” လို့ ပြောတတ်သတဲ့။ ဒီမှာလည်း အမေသင် ပြောတာကို လူတွေဂရုမထားသလို ဘကြီးစံ ပြောတာ ကို ဘယ်သူကမှ အမှူမထားကြဘူးလေ။
ဘကြီးစံတို့မောင်နှံ ခြစ်ခြစ်ခြုတ်ခြုတ် ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲ သဒ္ဓါကြည်ဖြူ စုဆောင်း ခဲ့ကြတာ ငွေသားခုနစ်ထောင်ပြည့်သွားသတဲ့။ ပိဿာဝင် အိုးကလေးထဲ မူးစုပဲစု စုခဲ့ကြတာ။ ဒီအိုးကလေးကို အိပ်ရာ ကွပ်ပျစ်အောက် မှာ မြေကျင်းနက်နက်တူးပြီး မြှုပ်ထားတယ်။ စိတ်အားလက်အား ရှိသခိုက် ဖော် လိုက်ကြ၊ ပိုက်ဆံကလေးတွေထည့်လိုက်ကြ၊ ပိုက်ဆံတွေရေလိုက်ကြ။ အလှူအိပ်မက်တွေ မက်လိုက်ကြ။ ဒီချွေးနှဲစာ ကလေး အရင်းတည်ပြီး အလှူအတန်းပြုပြီးရင် ဘကြီးစံက သင်္ကန်းဝတ်၊ အမေသင်က သီလရှင်ဝတ် နဲ့ အရိုးထုတ်မယ်ပေါ့။ ချွေးနှဲစာကလေး က အခု ခုနစ်ထောင်ပြည့်ပြီ။ ဘကြီးစံက ဒီလောက်နဲ အလှူမလုပ် ချင် သေးဘူး။ တစ်သောင်းတန် အလှူကြီးပေးချင်တာ။ အမေသင် ဘယ်လို ပြောပြော တစ်နှစ် ထပ်စောင့် ချင် သေးတာ။

ဒီလိုနဲ့ ဘကြီးစံတစ်ယောက် တစ်သောင်းတန်အလှူကြီး အိပ်မက်မက်ရင်း ပြာသိုလ ချမ်းချမ်းစီးစီးကြီး ထဲမှာ ရေစက်ဝင်းကြီး ထဲက တမာပင်အမြစ်ကြီးပေါ် ခေါင်းပေါင်းကလေး ခုအိပ်ရင်း ဆုံးရှာတယ်။ အမေသင် ခမျာ ၀မ်းနည်း ပက်လက်။ ဖြေမတည်နိုင်ရှာ။
အိမ်ကလေး ကို ရသမျှနဲ့ ချရောင်းလိုက်တော့ အမေသင်လက်ထဲ ငွေတစ်သောင်း ပြည့်သွားတယ်။ ဒီငွေ တစ်သောင်း ကို ရပ်ကွက်အတွက် ရေတွင်းတစ်တွင်းတူး၊ စာတန်းထိုး လှူပေးပါပြောပြီး ရပ်ရွာလူကြီးတွေ လက်ထဲ အပ် လိုက်တယ်။ သူ့လင်ရေထမ်းသမား သူတော်ကောင်းကြီး ဘ၀အဆက်ဆက် ရေကုသိုလ်အား ဖြင့် ပါရမီဖြည့်အောင် တဲ့။ အမေသင်က ရေတွင်းစတူးကတည်းက မေတ္တာပို့အမျှဝေတယ်။ အံ့သြစရာ ကောင်း တာက တူးလိုက် တဲ့ရေတွင်းက ရေချိုတွင်းစစ်စစ်။
တွင်းနဲ့ ခပ်လှမ်းလှမ်း မှာ အုတ်ရေကန်ကလေးတည်တယ်။ ရေတွင်းရော အုတ်ကန်မှာပါ အလှူရှင်အမည် မပါဘူး။ “တစ်သောင်းတန်အလှူ” လို့ ရိုးရိုးလေး ပဲ ရေးထွင်းလိုက်တယ်။

နှစ်တွေကြာလာတော့ မြူနီစပယ်ရေစက်ကြီး မရှိတော့ဘူး။ ဘကြီးစံ၊ အမေသင်တို့ရဲ့ တစ်သောင်းတန် အလှူရေတွင်း ကလေးကတော့ ရှိသေးတယ်။ နှစ်ပေါင်းများစွာ ကြာတဲ့ အထိ ရေတွင်း က ရေစိမ့် ထွက်တုန်း။ ရေကလည်း အေးလို့မြလို့။ ချိုလို့ကြည်လို့။ ရေငန်တွင်းပေါ တဲ့ ဒီမြို့ကလေးမှာ ဒီရေတွင်းက နတ်တူး တဲ့ ရေတွင်းပဲ ထင်ပါရဲ့။ အလှူရှင် ရေတွင်းဒကာကိုတော့ မသိကြတော့ ဘူး။ ရေတွင်း ကလေး ဘောင်ကလည်း ပြိုပျက်နေ။ မိုးထားတဲ့ သွပ်မိုးဇရပ်ကလည်း မရှိတော့။ အုတ်ကန်ပျက် ကလေး မှာ ထွင်းထားတဲ့ စာတန်း ကလေး ကလည်း ခပ်ရေးရေး။ “သောင်းတန်အလှူ” ဆိုတဲ့ ထွင်းစာလုံး ကလေး ကတော့ ရှိနေသေးတယ်။ “တစ်” ကတော့ မရှိတော့ဘူး။
ဒီဘက်နှစ်တွေ မှာ ရေတွင်းအိုကလေးကို ပြုပြင်မယ့် ဒကာတစ်ဦး ပေါ်လာတယ်။ ရေတွင်းကလေးက သပ်သပ် ရပ်ရပ် ဖြစ်သွားပြန်ပေါ့။ ရပ်ကွက်ကလည်း ၀မ်းသာကြပေါ့။ တစ်ခုပဲ ထူးဆန်းတာက ခါတိုင်း အေးလို့မြလို့ ချိုလို့ ကြည်လို့ ဆိုတဲ့ ရေတွင်းကလေး ဆားများ ဆုပ်ခပ်လိုက်သလို ရေတွေငန်ငန်တာပါ။ “ရေချိုတွင်းကလေးကို အခုတော့ ရေငန်တွင်း ခေါ်ကြပြန်ပြီ” လို့ ဆရာမက ၀တ္ထုကို အဆုံးသတ်တယ်။

ဝတ္ထုတိုတွေဖတ်ပြီး အာလျမပြေလှတဲ့ ကျွန်တော်ဟာ ဒီဝတ္ထုကိုဖတ်ရတော့ “ရှော့(ခ)”ရတယ်။ ဂျိုဇော်ရဲ့ “ရွှေဖနောင့်” တုန်းကလည်း “ရှော့(ခ)” ရဖူးတယ်။ ဆရာမ ခင်ခင်ထူးရဲ့ ၀တ္ထုကိုဖတ်ပြီး ကျွန်တော့်လို “ရှော့(ခ)” ရသူ တစ်ဦးက မိတ်ဆွေ စာနယ်ဇင်းဆရာ၊ စာအုပ်ဆရာပါ။ ဆရာက သူ့အမြင်ကို ဒီလို ပြောပြ တယ်။
“ချွေးနှဲစာ ဖြူဖြူစင်စင် နဲ့ လှူထားတာတွေ၊ လူမှုရေး အဆောက်အအုံတွေရော၊ လှူထားတာတွေ မြန်မာပြည် အနှံ့ ရှိတာပေါ့ဗျာ။ လူမှုရေး အဆောက်အအုံတွေရော သာသနိက အဆောက်အအုံတွေပါ အစုံပါပဲ။ နောင်တစ်ချိန် မှာ သောင်သာ တဲ့ သြဇာတိက္ကမရှိတဲ့သူတွေက အလှူအဆောက်အအုံရဲ့ ဗျပ္ပတ်ရော သမိုင်းကြောင်းရော ဘာမှ မသိဘဲ ငွေကြေးသြဇာ အရှိန်အ၀ါသုံးပြီး ကောက်ပြင်လိုက်၊ စာတန်းထိုးလိုက် လုပ်တာ ကို ဆရာမက သရော်ချင်ဟန်တူတယ်”တဲ့။

ကျွန်တော် “ရှော့(ခ)” ရတာက ဒီရေတွင်းအိုကလေးကို ငါပြင်လိုက်ရင်ရော ရေက ချိုမြဲ ကြည်မြဲနေမလား။ ငန်သွားလေ မလား။ ဆားအိတ်တွေ အိတ်လိုက်ပစ်ချလိုက်သလို ဖြစ်သွားမလား။ ဖတ်ရင်းတွေး ရင်း ချွေး တောင်ပြန်လာ တယ်။ ဇောချွေး။
ပြဿနာ က ရင်ထဲ ခိုးလိုးခုလု။ တစ်ရက်မှာ ကျွန်တော်တို့ မိတ်ဆွေတစ်စု အနီးစခန်း ဘုန်းကြီးကျောင်းမှာ ကျင်းပ တဲ့ အိမ်တက်အလှူတစ်ခု သွားကြတယ်။ အချိန်ရတုန်း အနီးနားမှာနေတဲ့ ပရဟိတပျိုးခင်းရဲ့ ဖခင် ပန်းချီဆရာကြီး ထံ သွားလည်ကြ။ အဲဒီအချိန်က အနှီပုဂ္ဂိုလ်ကြီးက ဧကစာကျင့်နေတာ။ မိမိကိုယ်ကို မဲဇာ ပို့ထားတာ။ ကွင်းပြင်ကျယ်ကျယ်မှာ အိမ်ကလေးတစ်လုံး။ စတူဒီယိုတစ်ခု။ ပျိုးခင်းတွေက ပတ်ပတ်လည် ၀ိုင်းရံ လို့။ နှင်းဆီ၊ စံပယ်၊ ကံ့ကော်၊ သူချစ်ခင်သူအတွက် အလွမ်းပြေအမှတ်တရ ပျိုးခင်းတွေ။ ဆရာပါရဂူ။ ဆရာ ဒဂုန်တာရာ၊ ဆရာမ ဒေါ်ခင်ဆွေဦး (မမဦး) တို့အတွက် ရည်စူးချက်တဲ့။

ဆံပင် ဖြူဖွေးအသိုက်ကို ဦးထိုပ်လုပ်ဆောင်းထားတဲ့ ပန်းချီဆရာ။ စီစကရက်ကို အဆက်မပြတ် မီးညှိလို့။ စကားပြော တာ အားရပါးရ ကျယ်ကျယ်လောင်လောင်။ ရယ်ရင်လည်း ဟက်ဟက်ပက်ပက်။ ကျွန်တော်တို့ တစ်သိုက် ကို နွေးထွေးစွာ ဧည့်ခံတယ်။ မဲဇာရောက်နေတော့ သတင်းငတ်နေဟန်တူပါရဲ့။
ဆရာမခင်ခင်ထူး ရဲ့ ၀တ္ထု ကို ကျွန်တော်ပြောပြောတော့ ပန်းချီဆရာက တွေပြီးနားစိုက်နေ။ ကျွန်တော့်ဲ့ လိပ်ခဲတည်းလည်းပြဿနာ ကိုလည်း ဆက်တင်ကြည့်လိုက်တယ်။ ဒီရေတွင်းဟောင်းကို ကျွန်တော် ပြင် ရရင် ရေက ဆက်ချိုနေမလား။ ငန်သွားမလား။ ပန်းချီဆရာက တရားသူကြီးတစ်ဦးလို ယတိပြတ် စီရင်ချက်ချ လိုက်တယ်။
“ခင်ဗျားပြင်ရင်လည်း ရေက ငန်သွားမှာပဲ။ ဘယ်သူပြင်ပြင် ရေက ငန်မှာပဲ”တဲ့။
ဟ ... ဘာကြောင့်တုံးဗျ။

“ဆရာရယ် ... ဘကြီးစံ ဇနီးမောင်နှံရဲ့အလှူက ပါရမီမြောက်နေပြီဗျ။ ချွေးနှဲစာက အလွန့်အလွန် သန့်ရှင်း စင်ကြယ်တဲ့ကြားထဲ နေစရာတစ်လုံးတည်းသောအိမ်ကိုပါ ကျွတ်ကျွတ်လွတ်လွတ်ကြီး ရောင်းလှူတာကိုးဗျ။ ဆရာတို့ ကျွန်တော် တို့က ကိုယ့်အိမ်ကိုယ့်ရာ ရောင်းပြီး လှူရဲရဲ့လား”တဲ့။ အလှူရဲလိုက်ပါတဲ့ ဘကြီးစံနဲ့ အမေသင် တို့ရေ။ အိမ်တိုင်ချွတ်ရောင်းပြီးတောင် လှူရက်ပါပေ့ဗျာ။ ကျွန်တော်ုတို့ကလှူမယ်ဆိုရင် ဟိုအတွက် ဒီအတွက် ချန်ထားရ။ ဟိုအရေး ဒီအရေး ငဲ့ရ။ တွက်ရချက်ရ။ ကျန်တဲ့ခွဲတမ်းလေးကိုမှ ပြေးလှူ ကြတာ။ ဘကြီးစံ တို့လို လွတ်လွတ်ကြီးလှူတာ မဟုတ်လေတော့။
ပန်းချီဆရာ ဆီက ပြန်ကြတော့ ညနေခင်းအချိန်။ အနီးစခန်းကနေ မန္တလေးပြန်ရဦးမည်။ ညနေခင်း အိမ်မှာ ကိုယ်ပိုင်ဆေးခန်း ထိုင် ရဦးမည်။ မိမိ မိသားစုဖို့ ရှာရဖွေရဦးမည်။ သားသမီးတွေရဲ့ အနာဂတ်က ရှိသေး သည် မဟုတ်လား။ အပြန်လမ်းမှာ အပြုံးနှင့် ချိုမြတောက်ပနေသည့် ဘကြီးစံတို့၊ အမေသင် တို့ကို မြင်ယောင်လိုက်၊ ရေချိုတွင်းအိုကလေးကို “ခင်ဗျားပြင်ရင်လည်း ရေငန်တွင်း ဖြစ်သွားမှာပဲ”လို့ အားရပါးရ ပြောချလိုက်သည့် ဦးခေါင်းကျား ပန်းချီဆရာကြီး အသံကို ကြားယောင်လိုက်၊ ညနေခင်း တိုင်း ရေငန်တွင်း အပြိုင်တူးနေကြသည့် “ဦးရှင်ကြီး”လောင်း မိတ်ဆွေသူငယ်ချင်း တပည့်သားချင်း၊ ဘော-အို အချင်း ဆရာဝန် တစ်သင်းကို မြင်ယောင်လိုက်နှင့် မိမိမှာ တစ်ကိုယ်တည်း ကျိတ်ပြုံးမိသည်ဟူလို။

ပိတောက်ပွင့်သစ်၊ ဒီဇင်ဘာလ၊ ၂၀၀၈

ဆရာကောင်းတပည့်၊ တပည့်ကောင်းဆရာ
(၁)
မကြာသေးမီက ဆေးပညာမဟာသိပ္ပံ (ဆေးပညာ)ဘွဲ့လွန် စုပေါင်းအစမ်းစာမေးပွဲ (Combined Mock Examination)ရန်ကုန်ဆေးတက္ကသိုလ်တစ်ခုတွင် လုပ်သည်။ ကျွန်တော်တို့ အညာဆေးတက္ကသိုလ်မှ ၄ ယောက် ၀င်ဖြေရာ ၃ ယောက် လွတ်လွတ်ကျွတ်ကျွတ် အောင်သည်။ အောင်ချက်ကောင်းလှ၍ အခြား တက္ကသိုလ် မှ သူငယ်ချင်း စာစစ်ဖော်တွေက ဌာနမှူးဖြစ်သူ ကျွန်တော့်ကို ချီးကျူးစကား လာပြောကြ၊ ကွန်ဂရက်ကျူးလေးရှင်း လာ လုပ်ကြသည်။ ကျွန်တော်တို့ လေ့ကျင့်သင်ကြားတာ တော်လို့ဆိုသည့်သဘော။
တကယ်တော့ ကျွန်တော့် မှာ ဌာနမှူး တာဝန်တွေနှင့် လုံးချာလိုက်နေရာ တပည့်တွေကို အချိန်သိပ်မပေးနိုင်ခဲ့။ ဒါကြောင့် ချီးကျူးစကား လာပြောနေကြတာကို ဘာပြန်ပြာရမည်မသိ။ ထို့ကြောင့် ပြောစရာမရှိရင် လုပ်နေကျ အတိုင်း ခပ်မှိန်မှိန်လေး ပဲ ပြုံးနေလိုက်ရသည်။ ရင်ထဲကတော့ အီလည်လည်။

တကယ်က ဒီ Batch တပည့်တွေက သူတို့ ဘာသာ သူတို့တော်နေကြတာ။ ကျောင်းသားငယ်ဘ၀ကတည်းက အစဉ်အဆက် တော် ခဲ့ကြသူတွေ။ ကျွန်တော်က တော်သော တပည့်တွေရဲ့ဆရာ အမှတ်မထင်လာဖြစ်ရတာ။ (By accident) ကျွန်တော့် တပည့်တွေ က ဆရာကောင်း တပည့်လာ။ ကျွန်တော်က သူတို့လေးတွေရဲ့ တပည့်ကောင်း ဆရာ လား။ ဆရာကောင်းဆိုတာ ဘာပါလိမ့်။

(၂)
ဦးဖေမောင်တင်ဟုခေါ်သည်
ကျော်သည်၊ တောသည်
မော်သည်၊ ပျော်သည်
မျက်လုံးအကြည့်အိမ် ၀င်းပ
ရင်တွင်းအသည်းအိမ် နုရွ
“တပည့်က ဆရာထက်တော်ရမတဲ့”
“ဆရာ့ထက် တပည့်က လက်စောင်းထက်ရမတဲ့“
မိန့်ခဲ့အမှာစကား
ထားခဲ့တဲ့ စေတနာတရား
....................
....................
(လန်ဒန်ရောက် ကန်တော့ပန်း၊ မောင်သွေးသစ်)


(၃)
မကြာခင်က ကွယ်လွန်သွားခဲ့သည့် ခွဲစိတ်ပါရဂူ ပါမောက္ခဆရာကြီး ဦးကည်ပေါကို တပည့် ဒေါက်တာ သိန်းအုပ်ကျော်မြင့် (ကလေးရောဂါ ပါရဂူ)က ဤကဲ့သို့ မှတ်တမ်းတင်သည်။ သူ အလုပ်သင်ဆရာဝန်ဘ၀ ဆရာကြီး ဦးကြည်ပေါ ၏ ခွဲစိတ်ရုံမှာ တာဝန်ကျတုန်းက အကြောင်းပါ။
“ဆရာက သူ့လက်ထောက်တွေကို မှာထားသတဲ့။ ခွဲစိတ်ဖို့ အခွင့်အရေးကြုံရင် သူများတွေထက် ကျွန်တော့်ကို ဦးစားပေး လုပ်ပါစေတဲ့။ ဆရာ ဘာကြောင့် ဒီလိုမှာထားသလဲဆိုတာ ကျွန်တော်မသိ။ ကျွန်တော်က ခွဲစိတ်ဆရာဝန်လုပ်ချင်သူမဟုတ်။ ကလေးအထူးကုလုပ်မှာလို့ ဆရာ့ကို ပြောပြပြီးသား။ ဒါကြောင့် ခွဲစိတ်ရုံက မထွက်ခင်တစ်နေ့မှာ ဆရာ့ကို မေးမိတယ်။ ခွဲစိတ်လူနာတွေကြည့်ဖို့ ကျွန်တော့်ကို ဘာကြောင့် သူများထက် အခွင့်အရေး ပိုပေးရတာလဲ။ ဆရာ့အဖြေက ပညာပါလှတယ်။

“ဘာကြောင့်လဲဆိုတော့ မင်းက တစ်နေ့မှာ ကလေးအထူးကုလုပ်မှာလို့ ပြောထားတာကိုးကွ။ ဒီမှာ တာဝန်ကျပြီးရင် မင်းမှာ ခွဲစိတ်ကုပညာ အတွေ့အကြုံနောက်ထပ်ရမှာ မဟုတ်တော့ဘူး။ တစ်ရက် ကလေးအထူးကု ဆရာဝန်ကြီးဖြစ်လာပြီးတော့မှ ကလေးတွေမှာ ခွဲစိတ်ရမယ့်ရောဂါတွေကို မင်းလွတ်သွား မျက်စိလျှံ သွားခဲ့ရင် ငါ့တပည့်ရဲ့ ကလေးအထူးကု ဂုဏ်သိက္ခကို ထိခိုက်မှာစိုးလို့ဟေ့”လို့ ပြောတယ်။ ခွဲစိတ် ဆရာဝန် မလုပ်ပါဘူးလို့ ဆုံးဖြတ်ထားတဲ့ တပည့်အပေါ်ထားတဲ့ ခွဲစိတ်ပါရဂူကြီးရဲ့ စေတနာ”
ဆရာက တပည့်၏ နောင်ရေးကို ရှေ့ ၁၀ နှစ်ကျော်၊ နှစ် ၂၀ နီးပါးထိ လှမ်းကြည့်နေလေသည်။ စူးရှလှတဲ့ အမြင်၊ လွန်ကဲလှတဲ့အမြင်၊ ကျော်ကြည့်တဲ့အမြင် (Super Vision) ပေတကား။

(၄)
၁၈၈၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ဖွားအိန္ဒိယနိုင်ငံသား သင်္ချာပညာရှင် ရာမာနုဂျန်ကို အင်္ဂလိပ်သင်္ချာ အကျော် နှစ်ဦးဖြစ်သည့် ဟာဒီနှင့် လစ်တဲ(လ)၀ု (ဒ)တို့က အင်္ဂလန်သို့ခေါ်ယူပြီး လေ့ကျင့် ပျိုးထောင်ပေးခဲ့ သည်။
မဒရပ်မြို့နေ စာရင်းကိုင် စာရေးကလေးက အင်္ဂလန်မှ သင်္ချာပါမောက္ခ ဆရာကြီးများထံ သူ့မှတ်စုများ သူ့တွေ့ရှိချက် များကို အကြိမ်ကြိမ် ပို၍ အကြံဥာဏ်တောင်းခဲ့ မှတ်ချက်တောင်းခဲ့သော်လည်း ဆရာကြီး တစ်ဦးစ နှစ်ဦးစ မှလွဲ၍ မည်သူကမျှ သူ့ကို အရေးလုပ် စာမပြန်ခဲ့ချေ။ ၁၉၁၃ ဇန်န၀ါရီလတွင် ရာမာနုဂျန်က ဟာဒီ ထံ သူ့ စာတမ်းများ ပေးပို့ခဲ့သည်။ စာတမ်းက စာမျက်နှာ ကိုးမျက်နှာပဲရှိသည်။ ဟာဒီက ရာမာနုဂျန်၏ သင်္ချာ “ခြေ”ကို ချက်ချင်း“မြင်”လိုက်သည်။

ဟာဒီ၏ စီစဉ်ချက်အရ ရာမာနုဂျန်တစ်ယောက် ၁၉၁၄ ဧပြီလတွင် လန်ဒန်မြေ ခြေချခွင့်ရသည်။ ကိန်းဗရစ် တက္ကသိုလ် တွင် ဟာဒီ၊ လစ်တဲ(လ)၀ု(ဒ)တို့နှင့် ငါးနှစ်ကြာ တွဲလုပ်သည်။ အထူးသဖြင့် ဟာဒီနှင့်။ ဘာသာ မတူ၊ လူမျိုးကွဲ၊ ဓလေ့ထုံးတမ်းကွဲ၊ အလုပ်လုပ်သည့် စတိုင်မတူသည့် လူနှစ်ဦးရင်ဆိုင်တွေ့ဆုံပွဲ။ ယဉ်ကျေးမှုချင်း တိုးတိုက်မိကြသည့်ပွဲ။
ဟာဒီ က ဘုရားမဲ့ဝါဒီ။ သင်္ချာဗေဒတွင် သက်သေအထောက်အထားအားပြုသူ။ တိတိကျကျ စေ့စေ့စပ်စပ် လုပ်ချင်သူ။ ရာမာနုဂျန်က ဘာသာရေး ကိုင်းရှိုင်းလှသည့် ဟိန္ဒူဘာသာဝင်။ သူက စိတ်ကူးစိတ်သန်းနှင့် ထိုးထွင်း သိမြင်မှုကို အားပြု၍ ပြဿနချဉ်းကပ်သူ။ အင်္ဂလန်မှာ နေစဉ်ကာလအတွင်း ရာမာနုဂျန်၏ ပညာရေး ကွက်လပ်တွေ ကို ဟာဒီက ကြိုးစားဖြည့်ဆည်းပေးရင်း တစ်ဖက်ကလည်း သူ့ရဲ့ သင်္ချာဈာန်နိုးကြွမှုကို မထုံ ထိုင်းအောင် မတုံ့ဆိုင်းအောင် ဂရုဓမ္မပြုပေးရသည်။ ဟာဒီတို့လို ပညာရှင်တစ်သိုက်က ပုံမှန် သင်ကြားလေ့ကျင့်မှု အောက်မှာ အသားကျနေလေတော့ စိတ်ကူးဥာဏ် လိပ်ကြပာနိုးခွင့်က ခပ်မှိန်မှိန် ခပ်ရေးရေး ဖြစ်နေတာ။ ဒါကြောင့် ကျောင်းသင်ပညာရေးနှင့် နှောင်တည်းမခံ ရသော စိတ်ကူးခပ်ရိုင်းရိုင်းတွေကို ပိုင်ဆိုင်ထား တဲ့ ရာမာနုဂျန် ကို ဒီကျိန်စာက လွတ်လွတ်ကင်းကင်း ဖြစ်စေချင်တာပဲဖြစ်မည်။

၁၉၁၆ မတ်လမှာ ရာမာနုဂျန် သင်္ချာပါရဂူဘွဲ့ရသည်။ ၁၉၁၈ တွင် တော်ဝင်အဖွဲ့ကြီး (Royal Society) အဖွဲ့ဝင် ဖြစ်လာသည်။ ဤဂုဏ်သိက္ခာကြီးမားခ့ထည်လှသော ပညာရှင်အဖွဲ့အစည်းကြီးတွင် အသက်အငယ်ဆုံး အဖွဲ့ဝင် တစ်ဦးဖြစ်လာသည်။ အဖြူတွေကြီးစိုးသော အဖွဲ့ကြီးတွင် ပါဝင်ခွင့်ရသည့် ဒုတိယမြောက် အိန္ဒယ အမျိုးသားဖြစ်လာသည်။ ကျန်းမာရေးမကောင်း၍ ၁၉၁၉ မှာ မိခင်နိုင်ငံပြန် အနားယူ ရသည်။ ၁၉၂၀ ဧပြီလတွင် ကွယ်လွန်သည်။ အသက် ၃၂ နှစ်အရွယ်။ ၁၉၉၄ တွင် ရာမာနုဂျန် ၏ ဆေးမှတ်တမ်းများကို ပြန်လည် လေ့လာသုံးသပ်သော ဆရာဝန်ဒေါက်တာန်းက ၀မ်းကိုက်ပိုး အသည်းပြည် တည်နာကြောင့် ရာမာနုဂျန် သေဆုံးရကြောင်း မှတ်ချက်ချသည်။ နှမြောဖို့ ကောင်းလိုက်တာ။

ရာမာနုဂျန်ကို သူ့လုပ်ဖော်ကိုက်ဖက်လည်းဖြစ်၊ ဆရာလည်းဖြစ်တဲ့ ဟာဒီက ဤသို့ အကဲဖြတ်သည်။ သင်္ချာ ကျော်စွာတွေ၏ မွေးရာပါဥာဏ် (Pure talent)ကို (၁-၁၀၀)စကေးသုံး၍ ဟာဒီက နိမ့်မြင့်စီသည်။ နာမည်ကျော် ဂျာမန်သင်္ချောပညာရှင် ဟီး(လ်)ဘတ်ကို(၈၀)ပေးသည်။ သူ့ကိုယ်သူ ၂၅ မှတ်။ သူငယ်ချင်း လုပ်ဖော်ကိုင်ဖက် လစ်တဲ(လ)၀ု(ဒ)ကို ၃၀။ ရာမာနုဂျန်ကို အမှတ် ၁၀၀ အပြည့်ပေးသည်။ တပည့်က ဆရာ့ထက်တော်ရမယ် ဆိုတာ ကြားရဖန်များလှပြီ။ ဟာဒီကတော့ သင်္ချာဆရာပီပီ တပည့်က ဆရာ့ထက် လေးဆတော်ပါပေသည်ဟု တိတိကျကျ ရဲရဲဝံ့ဝံ့ မှတ်ချက်ပြုခဲ့သည်။ သူက ထပ်ဖြည့် လိုက်သေးသည်။ သင်္ချာပညာဆိုင်ရာ သူ့တွေ့ရှိချက်တွေထဲမှာ “ရာမာနုဂျန်ကိုတွေ့ရှိခြင်း”က အကြီးအကျယ် ဆုံးသော တွေ့ ရှိချက်ဖြစ်သတဲ့လေ။

(၅)
“ဆရာကောင်းဆိုတာ ကိုယ့်တပည့်က ကိုယ့်ထက်သာသွားအောင် သင်ကြားပေးနိုင်သူဖြစ်တယ်”
ဒေါက်တာ ဆီးဂရေ့(ဗ) နမ့်ခမ်း ကျောက်တုံးဆးရုံ တည်ထောင်ခဲ့တဲ့ ဒေါက်တာဆီးဂရေ့(ဗ)ရဲ့ မှတ်ချက်ပါ။ သူ ဆရာကောင်း တစ်ဦး ဖြစ်တယ်ဆိုတာကို ဒီနည်းနဲ့ စမ်းသပ်ပြီး တွေ့ရှိ အတည်ပြုခဲ့သတဲ့။
“ကျွန်တော့်ဇနီး တိုင်နီကို ကျွန်တော်ကိုယ်တိုင် ကလိုရိုဖောင်း မေ့ဆေးပေးနည်း သင်ပေးတယ်။ နောက်ပိုင်း သူ မေ့ဆေးပေး တာက ကျွန်တော့်ထက် သာသွားတယ်။ တကယ်က တိုင်နီက ဆေးပညာလေ့ကျင့်သင် ကြားမှု ဘာကမျှ မခံယူခဲ့ ရသူ။ မေ့ဆေးပေးရာမှာ လေးနာရီလုံးလုံး ကလိုရိုဖောင်းဒဏ် မခံရစေဘဲ ညင်ညင် သာသာ ပေးတတ်သွားတာ။

ကျွန်တော်က တိုင်နီ ကို သားဖွားပညာ သင်ပေးပြန်တော့လည်း သူက အချိန် တိုတိုအတွင်းမှာ ကျွမ်းကျင်တဲ့ လက်သည် ဖြစ်သွားပြန်ရော။ သားအိမ်ထဲကို သူ့လက်သွယ်သွယ် ရှည်ရှည် လေးတွေကို လျှိုသွင်းလိုက်ပြီး ကလေး ကို လှည့်တယ်။ ပြီးမှ လျှောခန မွေးချလိုက်တာ။ ကျွန်တော့်အတွက် အံ့တစ်ပါးပဲ။ ကျွန်တော့် လက်ကြီး နဲ့သာဆိုရင် သားအိမ်ကွဲထွက်သွားမှာ သေချာတယ်”
ဘားမားဆာဂျင်-၁၉၄၃
ဆရာ့ထက် တပည့်က လက်စောင်းထက်ရမတဲ့။ ဘယ်လောက်ထက်ရမှာတုံး။ တပည့်တွေရဲ့ ရှေ့ရေးကို ဘယ်လောက်ထိ မြော်မြင်တဲ့ဆရာက ဆရာကောင်းလဲ။ ကိုယ့်ထက်သာတဲ့ တပည့်ကျော်တွေကို မွေးထုတ် လိုက်နိုင်တဲ့ ဆာရဲ့ ဂုဏ်ရည်က ဘယ်သို့ရှိပေချိမ့်။ တော်တဲ့ ကျော်တဲ့ တပည့်တွေကို စဉ်ဆက်မပြတ် စိုက် လိုက်မတ်တတ် မွေးထုတ်နိုင်ပါမှ ဆရာကောင်းတပည့်၊ တပည့်ကောင်းဆရာလို့ခေါ်ရပေလိမ့်။ ဆရာကောင်း၊ တပည့်ကောင်းဆိုသဟာ မတော်တဆ ဖြစ်ပျက်မှု တိုက်ဆိုင်မှု မဟုတ်လေ။ သိသိမှတ်မှတ် ပျိုးထောင်ပြုစုရတဲ့၊ ပါရမီ မြောက်အောင် လုပ်ရတဲ့၊ ကာလတာရှည်ရင်းရတဲ့ အမှုကြီးပေ။
 
ရွက်နုဝေ၊ ဇူလိုင်လ၊ ၂၀၁၀

အမေးနွားကျောင်း
(၁)

လမ်းစဉ်ပါတီခေတ်တုန်းက တရုတ်ဆရာဝန် ကိုယ်စားလှယ်အဖွဲ့ ကျွန်တော်တို့ ဆေးရုံကြီးကို လာတယ်။ မိတ်ဖြစ်ဆွေဖြစ် အတွေ့အကြုံဖလှယ်ရေး။ ဆရာဝန်ကြီးတွေကို ဖိတ်ခေါ်ပြီး ဆေးရုံအုပ်ကြီး ရုံးခန်း မှာ တွေ့ဆုံဆွေးနွေးပွဲ လုပ်တယ်။ ဆရာဝန်ကြီးတစ်ဦးက ထဆွေးနွေးရာမှာ တရုတ်ပြည်မှာ အထူးကု ဆရာဝန်ကြီးတွေ နယ်ဆင်းပြီး ကျေးလက်ပြည်သူတွေကို ဆေးကု၊ မကု သိလိုကြောင်း၊ မိမိတို့ နိုင်ငံမှာတော့ တစ်လ တစ်ကြိမ် နှစ်လတစ်ကြိမ် ဆိုသလို အထူးကု ဆရာဝန်ကြီးတွေ သမားတော်ကြီးတွေ နယ်လှည့် ကွင်းဆင်းဆေးကုသ မှု ပေးနေကြောင်း ထည့်ပြောသတဲ့။ ဟုတ်တယ်။ အဲဒီတုန်းက ပါတီကောင်စီ ဦးဆောင်မှုနဲ့ စစ်ကြောင်းကြီး (၅)ကြောင်း တို့၊ နယ်လှည့်ကွင်းဆင်း ဆေးကုတာတို့ကို မြိုင်မြိုင်ဆိုင်ဆိုင် လုပ်နေချိန်လေ။

တစ်ဖက်ကလည်း ဆရာဝန်ကြီး သိ မထားတာက တရုတ်ပြည်ရဲ့ ပဏာမကျန်းမာရေး စောင့်ရှောက်မှု (Primary Health Care)က ကမ္ဘာကတောင် ငေးကြည့်အားကျနေရချိန်။ ဖိနပ်မပါ ခြေဗလာ ဆရာဝန်တွေ ခေတ်စားနေ ချိန်။ ကျန်းမာရေးဝန်ထမ်းတွေက ကျေးလက်တောရွာတွေမှာ တောင်သူ မိလက္ခူ တွေနဲ့ အတူတူ နှစ်ရှည်လများ သွားရောက်နေ ထိုင်ပြီး ပြည်သူတွေထဲက သင်ယူနေချိန်။ ဒီလို အခြေအနေအရပ်ရပ်ကို ဘာကမှ မသုံးသပ်ဘဲ ဒီလို မေးခွန်းမေးချ လိုက်တာ။ တရုတ်ကိုယ်စားလှယ်အဖွဲ့က အေးအေးသက်သာပဲ သူတို့နိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ကို ရှင်းပြပါတယ်။ အစည်းအဝေး အတူတူတက် ခဲ့တဲ့ ကျွန်တော်တို့ ဆရာမကြီး ရုံထဲပြန်ရောက်တော့ တဖျစ်တောက် တောက်။

“ကို ... နှယ်၊ မေးချင်ရာ စွတ်မေးလိုက်တာပဲ။ ကိုယ့်စကား ဘယ်ရောက်လို့ ရောက်မှန်း သိပုံမရဘူး။ ဟိုနိုင်ငံရဲ့ အခြေအနေ ကို ဘာမှမသိ ဘာမှမလေ့လာဘဲ ရမ်းတွယ်လိုက်တာ။ ငါတော့ ကြားထဲက မျက်နှာ ပူလိုက်ရတာတဲ့” တဲ့။
သြော် ... တချို့သော မေးခွန်းတွေက အဖြစ်မေးခွန်းတွေ။ တချို့သော မေးခွန်းတွေက အယားပြေမေးခွန်း တွေ။ တချို့သော မေးခွန်းတွေက မမေးတတ်တော့ လူတစ်ဖက်သားကို စော်ကားမိသလို ဖြစ်သွားတဲ့ မေးခွန်းတွေ။ တချို့သော မေးခွန်းတွေ က ကိုယ်ညံ့ကြောင်း လူပုံအလယ် သက်သေထူတဲ့ မေးခွန်းတွေ။

(၂)
အဲဒီခေတ် နယ်လှည့် ဆေးကုစဉ်တုန်းက ဖြစ်ရပ်တစ်ခုကို သတိရမိသေးတော့။ သွားရတဲ့ခရီးက ပျဉ်းမနား ရေဆင်းတစ်ဝိုက် ဆေးကုသွားရတာ။ အထူးကုဆရာဝန်ကြီးတွေထဲမှာ ဆရာဝန်ကြီး တစ်ဦးက တော်တော် ထူးတယ်။ သွားလေရာရာ စကားပြောလေရာရာ စိပ်ပုတီးတကိုင်ကိုင်နဲ့။ လမ်းမှာ ကားဘီးပေါက် လို့ လဲကြတုန်းကလည်း ကားပေါ်က ဆင်းလာံပီး ဒရိုင်ဘာနဲ့ စပယ်ယာကို လိုအပ်သည်များ ညွှန်ကြား လိုက် ချေသေး။ လက်ထဲ က စိပ်ပုတီးက တခြောက်ခြောက်။ တည်းခိုနေတုန်းရောက်တော့ ညမှောင်နေပြီ။ အားလုံး ဗိုက်ဆာ လှပေါ့။ ထမင်းစားဖို့ လူစုနေတုန်း ကျွန်တော်တို့ လူငယ်ဝိုင်းထဲ ဆရာဝန်ကြီး ပေါက်ချ လာပါတယ်။ လက်ထဲမှာ စိပ်ပုတီးကိုင်လျက်သား ဆိုတာကိုတော့ မပြောတော့ပါဘူးနော်။

“မင်းတို့တစ်တွေ ထမင်းစားကြတော့မလို့လား။ မစားခင် ဘီယာလေး ဘာလေး သောက်ကြလေကွာ။ မင်းတို့ တွေ သောက်ဖို့ ပို့ထားတာ”
လို့ပြောတယ်။ နဂို ကြောက်ရင်းစွဲ ဆရာကြီးမို့လို့ ကျွန်တော်တို့အားလုံး ခပ်ဖြော့ဖြော့ ပြုံးပြပြီး -
“ကျွန်တော် တို့ မသောက်တတ်ပါဘူးခင်ဗျ”
လို့ ဖြေလိုက်ပါတယ်။ ဆရာကြီးက ကျွန်တော့် အနားရပ်နေတဲ့ သွားစိုက်ဆရာ (Dentist)ကို တစ်ချက် ကွက်ကြည့် လိုက်ပြီး -
“ခင်ဗျား မသောက်ဘူးလား။ ခင်ဗျားရုပ်က အရက်ကြိုက်မယ့်ပုံပဲ”
လို့ ပြောပြန်ပါလေရော။ Dentist ဖြစ်တဲ့ ဦးလေးကြီးက ခပ်ပြုံးပြုံးပဲ ပြန်ပြောလိုက်တယ်။

“ကျွန်တော်က ပုတီးသမားစစ်စစ်ပါ ဆရာကြီး”တဲ့။
ကဲ ... မှတ်ကရော။
အဲဒီသွားဆရာကြီးက ဆရာဝန်တော့မဟုတ်ဘူး။ သွားနုတ်တာ စိုက်တာ ကျွမ်းကျင်သူပါ။ ဆရာဝန် မအားလို့ ကိုယ်စားလိုက်လာတာ။ သူ့ခမျာ လက်ထောက်တစ်ယောက်မှ ပါမလာ။ လူနာစာရင်းမှတ်တာ ရော၊ စမ်းသပ်တာရော၊ သွားနုတ်တာရော သူတစ်ဦးတည်း ဒိုင်ခံလုပ်ရရှာတာ။ ကျွန်တော် သူနဲ့ ခင်မင်သွားရာက သူ့အကြောင်း ပိုသိလာရတယ်။ ကျွန်တော် အလုပ်ပါးရင် သူ့ဆီသွားပြီး လူနာစာရင်း ကူရေးပေးတယ်။

သူက တကယ့်ပုတီးသမားစစ်စစ်။ နှစ်ပေါင်းများစွာ စွဲစွဲမြဲမြဲ ပုတီးစိပ်ခဲ့တာ။ မန္တလေးတစ်ဝိုက် သူ ညညသွားပြီး ပုတီးမစိပ်ဖူးတဲ့ သင်္ချိုင်း မရှိဘူးတဲ့။ ဒီလို အံ့အားသရဲလူကိုမှ ဆရာကြီးက အရက်သမားလို့ ယိုးစွပ်တတ်ပလေ။
အဲဒါ ရောဂါ ... ရောဂါ ... ဆရာဝန်ကြီးကြီးတွေရဲ့ ရောဂါ။ မြင်မြင်သမျှ သင်္ခါရ လို့မှတ်ယူ နှလုံးမပိုက်ဘဲ မြင်မြင်သမဟာ ငါ့တပည့်ဖြစ်ရမှာဆိုတဲ့ ရောဂါ။ ငါမေးချင်တာ မေးခွင့်ရှိတယ်။ ငါပြောချင် တာ ပြောခွင့်ရှိ တယ်။ တစ်ဖက်လူရဲ့အဖြေကို စောင့်စရာမလို။ တစ်ဖက်လူရဲ့ ထင်မြင်ယူဆချက်ကို နားစိုက်စရာမလို။ လူတကာကို အပြောနဲ့ မေးခွန်းနဲ့ နှိပ်စက်ခွင့် လိုင်စင်ရနေလေပြီလား။

(၃)
မေးခွန်းမေးရတာ လွယ်မှတ်လို့။ ဆေးရုံလက်တွေ့စဆင်းရတဲ့ တတိယနှစ် ဆေးကျောင်းသားတွေ လူနာန့ တွေ့ပြီး ရောဂါရာဇ၀င် ယူရာမှာ မေးခွန်းတွေ တစ်သီကြီး မေးကြရတယ်။ လူတို့လေးတွေက အခုမှ လူနာနဲ့ နဖူးတွေ့ ဒူးတွေ့ တွေ့ကြရတာ။ ဘာမေးရမှန်း မသိတတ်သေး။ ကိုယ်လိုချင်တဲ့ အဖြေရအောင် ဘယ်လို စကားလမ်းကြောင်း ပြောင်းပေးရမှန်း မသိတတ်သေး။ စကားပြောမပြတ်အောင် ဘယ်လို ဆက်ထိန်း ရမလဲ။ မမေးတတ်သေးခင်တော့ ပျောက်သောလမ်းမှာ စမ်းတ၀ါးဝါး။ မမေးသင့်တဲ့ မေးခွန်းမျိုးကို မမေးမိဖို့ ကလည်း မေးသင့်တဲ့ မေးခွန်းမျိုးမေးဖို့ နည်းတူ အရေးပါလှချေသည်တကား။
လူနာ ရာဇ၀င်မေးရင် စစချင်း လူနာရဲ့ ကိုယ်ရေးရာဇ၀င်က စရတာ။ စမေးကတည်းက အိမ်ထောင်ရှိလား။ ရှိတယ်။ အိမ်ထောင် ဘယ်နှစ်ဆက်ရှိတာတုံး။ တရားဝင်က ဘယ်နှယောက်။ တရားမ၀င်က ဘယ်နှယောက် တုံးလို့ အစချီလိုက်လို့ကတော့ လူနာ ထမရိုက်ရင်ကံကောင်း။

လူနာတွေရဲ့ တချို့သော ကိုယ်ရေးကိုယ်တာကိစ္စတွေက သူနဲ့ကိုယ်နဲ့ ရင်းနှီးကျွမ်းဝင်ကာမှ မသိမသာ တစ်စစီ ဆွဲထုတ်ရတာ။ ရောဂါနဲ့ ပတ်သက်ပြီး အရေးတကြီးမေးဖို့ လိုအပ်လှတယ်ဆိုရင်လည်း အရင် စကားခံနှင့် ရတယ်။ ရောဂါနဲ့ ပတ်သက်လို့ မေးရတာပါ။ ဘယ်လိုမှ မအောက်မေ့ပါနဲ့။ ဖြေနိုင်ရင် ဖြေပေးပါ။ မဖြေနိုင် ရင်လည်း ကိစ္စမရှိပါဘူး စသဖြင့် လေပြည်သွင်းထားရတာ။
မေးတဲ့လေသံ (Tone)န့ ကိုယ်အမူအရာ (Body language) ကိုလည်း သတိထားရသေးတယ်။ လူတစ်ဦးရဲ့ အမူအကျင့် ၀ါသနာစရိုက် ကို မေးရာမှာ အကဲဖြတ်သမားလို တရားသူကြီးလို ကောင်း၊ ဆိုး၊ မှန်၊ မှား ဆုံးဖြတ်ချက်ချ ဖို့ မေးတာမျိုး မဖြစ်ရဘူး။

သူ့ရောဂါ ဇစ်မြစ်ကို သိချင်လို့၊ သူ့အကြောင်း ပိုသိပြီး ရောဂါအပေါ် သူ့တုံ့ပြန်မှုတွေကို ပိုနားလည်ချင်လို့ဆိုတဲ့ စိတ်စေတနာ အရင်းခံနဲ့ မေးရတာ။
တစ်ခါက အသက်(၅၀)ကျော်ကျော် တောကမိန်းမကြီးတစ်ယောက် အသည်းရောင် အသားဝါရောဂါနဲ့ ဆေးရုံ လာတတ်တယ်။ ဆေးကျောင်းသားတွေ လက်တွေ့စာမေးပွဲ စစ်ဆေးချိန်နဲ့ကြုံလို့မို့ သူ့ကို ရောဂါ ရာဇ၀င် မေးမြန်းဖော်ထုတ်တဲ့အခန်း (History Station) မှာ ထည့်သုံးလိုက်တယ်။ လူနာက ရောဂါရာဇ၀င်ကို လိပ် ပတ်လည်အောင် ပြောတတ်လေတော့ ကျောင်းသားတွေ အဆင်ပြေသလေ။ ရာဇ၀င် အူပေါက်ပြောတဲ့ လူနာနဲ့ တွေ့လို့ကတော့ ကျောင်းသားတွေ “သေပြီဆရာ” ဖြစ်ပြီ။ အဲဒီလူနာ မိန်းမကြီးကို ရောဂါရာဇ၀င် မေးမြန်းရာမှာ ကျောင်းသားတွေက တစ်ယောက်ပြီးတစ်ယောက် “ဆေးလိပ်သောက် သလား။ ကွမ်းစားသလား၊ အရက်သောက်သလား”ဆိုတဲ့ မေးခွန်းတွေကို အမေမှာ မှာတဲ့အတိုင်း တာဝန်ကျေပွန်စွာမေးကြလေတော့ လူနာမိန်းမကြီးခမျာ အောင့်သက်သက်နဲ့ မစားပါဘူး၊ မသောက် ပါဘူး ဖြေရှာတယ်။

ကျောင်းသားလေးယောက်လောက် မေးပြီးချိန်မှာတော့ လူနာက -
“ဆရာ ရယ်၊ ကျုပ်တို့က တောသူတောင်သားတွပါ။ ကွမ်းလည်း မစားပါဘူး၊ ဆေးလိပ်ငွေလည်း မရှူပါဘူး။ အရက်ကတော့ ဝေးရော။ ခုတော့ ဆရာ့တပည့်တွေ မေးနေတာက ကျုပ်ကို ယစ်ထုပ်ကြီးကျနေတာပဲ“
လို့ ၀မ်းပန်းတနည်းပြောရှာတယ်။ ကျွန်တော့်မှာ တောင်းပန်လိုက်ရတာ။
“အစ်မကြီး ရယ်၊ စိတ်မရှိပါနဲ့။ အသည်းရောင်ရောဂါဆိုလို့ ကလေးတွေက မေးရတာပါ။ အရက် ကလည်း ရောဂါနဲ့ ပတ်သက်နေတာကိုး”
လို့ ဖျောင်းဖျရတယ်။ တပည့်တွေကိုလည်း -
“မင်းတို့ကွာ ရောဂါနဲ့ပတ်သက်လို့ မေးရတာပါ။ အမေကြီးကို အရက်စွဲ၊ ဆေးလိပ်စွဲသူ မထင်ပါဘူးလို့ ကြိုတင် စကားခံထားပြီး မေးမှပေါ့ကွ”
လို့ ဆုံးမရတယ်။ မမေးတတ်တော့ ...

ဗလီဆရာကို အစားအသောက်နဲ့ ပတ်သက်ပြီး မေးရာမှာ ဟိုအသားစားသလား ထည့်မမေးမိအောင်။ ဘုန်းကြီးရဟန်းတွေ ကို “ဒီဆေးကို ညစာစားပြီးမှ သောက်ပါ့ဘုရား”လို့ မလျှောက်မိအောင်။ ညစာစားခါနီး တိုင်းအရက်တစ်ပကလောက် စည်းကမ်းရှိရှိ နှစ်ရှည်လများ သောက်နေတဲ့ ပင်စင်စား အရာရှိကြီးကို အရက်ဖြတ် ဖို့ မပြောမိအောင်။ (ရောဂါနဲ့ မပတ်သက်ရင်ပေါ့) ကျွန်တော် ကိုယ်တိုင်ကရော ဒီအမှားမျိုး ကင်း ရဲ့လား။ ကျွန်တော့်မှာလည်း ပွဲတွေ့အမှားတွေ တစ်ပုံတစ်ပင်။
တစ်ခါက အဆိုတော်တစ်ဦး ရင်ကျပ်လို့ ဆေးခန်းလာပြတယ်။ သူနဲ့ မရင်းနှီးသော်လည်း သူ့မိသားစုနဲ့က ရင်းပြီးသား။ အဆိုတော်က ဆံရှည်ကိုယ်တော်။ သူတို့လောက က ဆေး၊ အရက်နာမည်ကြီးလှသမို့ ကျွန်တော်က ရောက်ရောက်ချင်း လူနာကို ဆောက်နဲ့ထွင်းလိုက်ပါတယ်။

“ခင်ဗျား အရက်သောက်သလား” လို့မေးမိတယ်။ သူက ဘာမှပြန်မဖြေဘဲ သူ့ဂျင်းဘောင်းဘီ အောက်စကို အသာ လိပ်တင်လိုက်ပြီး သူ့ရဲ့ အသားမာတတ်နေတဲ့ ခြေမျက်စိတွေကို ပြပါတယ်။
“ကျွန်တော် တရားအထိုင်များလွန်းလို့ ဂျွတ်တက်နေတာ”
လို့ လေအေးကလေးနဲ့ ဖြေတယ်။ ကျွန်တော့်မှာ ပါးစပ်အဟောင်းသား။ ထွင်းလိုက်တဲ့ဆောက်က ပဲ့ထွက်သွား။ ပြီးမှ လူနာ ကို တောင်းပန်လိုက်ရတာ။
လူနာတွေ ရဲ့ ကိုယ်ရေးကိုယ်တာ၊ အကျင့်ဝါသနာမေးရင် ဘယ်လိုမေးရမလဲ။ ဘာက စမေးရမလဲ။ တပည့်တွေ ကို ဒီလိုပြောရတယ်။ လူနာ ကွမ်းစားတာက စမေး၊ ပြီးမှ ဆေးလိပ်၊ ပြီးမှ အရက်၊ ပြီးမှ မူးယစ် ဆေးဝါး၊ ပြီးမှ ရှုပ်ရှုပ်ယှက်ယှက် ဟိုကိစ္စဒီကိစ္စ။ ဒီမှာလည်း ယောက်ျားမိန်းမ အသက်အရွယ်၊ ဂုဏ်သိက္ခာ၊ ဘုန်းကြီး ရဟန်း စသဖြင့် ကြည့်ရသေးတာ။ ကွမ်းစားတာ ဆေးလိပ်သောက်တာက သိပ်အပြစ်မကြီးဘူး။ Soial Norm လို့ လူတွေက လက်ခံထားတဲ့ကိစ္စ။ ဒါကြောင့် ဒါတွေနဲ့ စရတာ။ နောက်တော့မှ မေးရဖြေရခက်တဲ့။ မျက်နှာ ပူစရာကောင်းတဲ့ ကိစ္စတွေကို တစ်ဆင့်ချင်း တက်မေးရတာ။ မျက်နှာပျက်စရာ၊ စိတ် ကသိ ကအောက် ဖြစ်စရာကိစ္စတွေကို ဘယ်တော့မှ စမမေးလေနဲ့။ မေးရာမှာလည်း တရားသူကြီးလေသံနဲ့ မမေးလေနဲ့ လို့ သူတို့လေးတွေကို သတိပေးရတယ်။ (ကိုယ့်ကိုယ်ကိုယ်လည်း မသိမသာ သတိပေးရင်းပေါ့)။

(၄)
ဆရာတော် ဦးသေဠိလအရှင်သူမြတ် အင်္ဂလန်မှာ ကျမ်းပြုစဉ်ကာလ ဆရာတော့်ကို ကူညီခဲ့တဲ့ ဥပါသိကာမ မစ္စက်အင်ဂယ်(လ)ဒင် မြန်မာပြည်လာတုန်း စာစောင်တစ်ခုက “ဗျူး”တာ ဖတ်လိုက်ရတယ်။ ဗျူးဆရာမေး တဲ့ မေးခွန်းတစ်ခု အမှတ်ရမိသေးတော့။
“ဆရာမကြီး ဥပုသ်နေ့တွေ မှာ ဥပုသ်စောင့်ဖြစ်ပါသလား”တဲ့။
ဆရာမကြီး က အေးအေးသာသာပဲ -
“မြတ်ဗုဒ္ဓ က သူ့သာဝကတွေကို ဥပုသ်နေ့မှာပဲကွက်ပြီး ဥပုသ်စောင့်စေဖို့ ရည်ရွယ်ခဲ့ဟန်မတူပါဘူး။ ကျွန်မ ကတော့ အခွင့်သင့် ရင် နေ့တိုင်းဥပုသ်စောင့်ပါတယ်”တဲ့။
ကဲ ... မှတ်ကရော။ မေးခွန်းက သေးသေး၊ ဖြေတဲ့သူက ကြီးကြီး။ အဖြေကြီးကြီးအတွက် နားကြီးကြီး လိုအပ် လှသည်ဖြစ်ကြောင်း သူတော်ကောင်းအပေါင်းတို့ရေ။

အင်္ဂလန်မှာ ပညာသင်ကာလ(၁၉၉၃-၁၉၉၅) တုန်းက ၀ါတွင်းသုံးလပတ်လုံးတနင်္ဂနွေနေ့တိုင်း ကျင်းပ တဲ့ ထေရ၀ါဒဗုဒ္ဓဘာသာ တရားပွဲတွေ တက်ခဲ့ဖူးတယ်။ လန်ဒန်မြောက်ဘက် Hemel hempstead အရပ်မှာရှိတဲ့ အမရ၀တီ ဘုန်းကြီးကျောင်းမှာပါ။ ထိုင်းနိုင်ငံမှာ ရဟန်းပြုခဲ့တဲ့ အမေရိကန်နိုင်ငံသား ဘုန်းတော်ကြီး အရှင်သုမေဓာ (Ajahn Sumedho) ဦးဆောင်တဲ့ကျောင်းပါ။ ကျောင်းက တောရကျောင်း။ ဧကများစွာ ကျယ်ပြောလှ တဲ့ ကွင်းကြီးထဲ တည်ထားတာ။ ဘုန်းတော်ကြီးကျောင်းက ဘူတာရုံနဲ့ နည်းနည်း လှမ်းတယ်။ တောလမ်းကလေး။ ကားသွားလို့ရပေတဲ့ နှစ်စင်းရင်ဆိုင်တွေကရင် ခက်ခက်ခဲခဲ ရှောင်ရတဲ့ လမ်းကလေး။ ကျွန်တော်က အချိန်မရရင် အငှားကားနဲ့သွားတယ်။ အချိန်ရရင်တော့ ကျောင်းထိ တစ်ယောက်တည်း လမ်းလျှောက်။

ရာသီဥတုက သာတောင့်သာယာ။ နွေရာသီ။ ဘေးပတ်လည်က ရွှေရောင် ဂျုံခင်းကြီးတွေ။ နေခြည်နုနုအောက်က ၀င်းလက်ရွှေ။ တောလမ်းကလေးက သစ်ပင်တွေ ဟိုဘက်ဒီဘက် ယှက်မိုးနေ တဲ့ အမိုးခုံးခုံးနဲ့။ လမ်းမှာ လူတွေ့ခဲ့တယ်။ တိတ်ဆိတ်ငြိမ်သက်။ တစ်ကိုယ် တည်း ငေးမိငေးရာ တွေးမိတွေးရာ။
တစ်ညနေ တရားပွဲအပြီး ကျောင်းကနေ လမ်းလျှောက်ပြန်အလာ နောက်က ကားဟွန်းသံကြားလို့ လှည့် ကြည့် လိုက်တော့ အသက် (၄၀)အရွယ် အဖြူအမျိုးသမီးမောင်းလာတဲ့ကားကို တွေ့လိုက်ရတယ်။ သူက ကားကြုံခေါ် လို့ ကျွန်တော် တက်လိုက်ခဲ့။ ကားပေါ် စကားစမြည်ပြောကြ။ ကျွန်တော်က “ခင်ဗျား ဗုဒ္ဓဘာသာဝင်လား” လို့ မေးမိတယ်။ ဟုတ်သလေ။ သူတို့အဖြူတွေက ကျွန်တော်တို့ အာရှသားတွေကို “ယဉ်ကျေးအောင်”ပြုဖို့ ခွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာက ပင်လယ်ကိုပတ်သမုဒ္ဒရာကိုဖြတ်၊ တောကူးတောင်ကျော်လာခဲ့ရရှာတာ။ အခု သူတို့တစ်တွေကို “ယဉ်ကျေးအောင်” ပြုဖို့ ကျွန်တော်တို့ အာရှသားတွေမှာ အာရှတန်ဖိုးတွေ၊ ယဉ်ကျေးမှုတွေ သာသနာတွေ ရှိနေပြီလေ။ ကျွန်တော်တို့တစ်ပြန် အပေါ်စီးရနေ။ ဒါကြောင့် အထက်လေနဲ့ မေးလိုက်တာ။ “ခင်ဗျား ဗုဒ္ဓဘာသာဝင်လား” လို့။

သူတို့ တစ်တွေက ဗုဒ္ဓ၀ါဒကို လေ့လာဖတ်ရှု ကျင့်ကြံနေပေမယ့်လည်း ဗုဒ္ဓဘာသာဝင်လို့ အမည်ခံချင်မှ ခံတာ။ ဗုဒ္ဓ၀ါဒ ကို ဓာတ်ခွဲခန်းမှာ သုတေသနစမ်းသပ်သလိုမျိုး လုပ်ချင်လုပ်တတ်တာ။ အမျိုးသမီး က တွေးတွေး ဆဆ ဖြေတယ်။
“ကျွန်မ ကိုယ်ကျွန်မ ဗုဒ္ဓဘာသာဝင်တစ်ဦးလို့ မခေါ်ဝံ့သေးဘူး။ ကျွန်မက နေ့စဉ်မှန်မှန်မှ တရား မထိုင်နိုင် သေး တာ”တဲ့။
ကဲ ... မှတ်ကရော့။ အထက်တန်းစား ဗုဒ္ဓဘာသာဝင်ကြီးရေ့။ တစ်ပါးတစ်ပါးသူကို “ယဉ်ကျေးအောင်” အရင် ပြုချင်သူကြီးရေ့။ ကားပေါ်မှာ အသံတွေ တိတ်ဆိတ်သွားခဲ့။ ကိုယ့်အတွေးနဲ့ ကိုယ်။ ကျွန်တော် ကတော့ နေခြည်ဝင်းလက်အောက်က စိမ်းမြတောအုပ်တွေနဲ့ ရွှေရောင်လှိုင်းထနေတဲ့ ဂျုံခင်းတွေကိုပဲ သဲသဲမဲမဲ စူးစူးစိုက်စိုက် မမှိတ်မသုန် ကြည့်နေမိပေါ့။ ကားမောင်းသူဘက် လှည့်မကြည့်ရဲလို့။

(၅)
မေးခွန်းမေးရတာ လွယ်မှတ်လို့။ အဓိပ္ပာယ်နက်တဲ့ မေးခွန်း။ ကုသိုလ်ပညာ တိုးပွားစည်ပင်စေတဲ့ မေးခွန်း။ ရင်ထဲ လင်းလက်သွားစေတဲ့ မးခွန်း။ အမေးခံရသူရော မေးသူကိုပါ ကျက်သရေတောက်ပစေ တဲ့ မေးခွန်း။ မေးခွန်း တစ်ခု ကနေ နောက်မေးခွန်းပေါင်း များစွာ ပေါက်ပွားစေ တဲ့ မေးခွန်း။ နွားကျောင်းသားငယ် မေးတတ်တဲ့ မေးခွန်းမျိုးပင်လျှင် ကျွန်တော် မမေးတတ်ချေသေး။

ပိတောက်ပွင့်သစ်၊ မေလ၊ ၂၀၀၉
.

2 comments:

Thu said...

Superlicious for beautiful and wonderful mind and thought our society is till pretty bounded by such kind of peoples.

Anonymous said...

Superb:
thnx again sis..
lots of love
Anne <3