Tuesday, November 20, 2012

ဒေါက်တာအောင်ကြီး ၏ အဆွေးလူ၊ အတွေးလူ၊ သိမ့်မွေ့လူ, အပိုင်း (၁၂)

လူနာရဲ့ မနက်ဖြန်ကိစ္စ

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ယူကေနိုင်ငံမှာ အနာဂတ်မှာ ဖြစ်စေချင်တဲ့ ဖြစ်သင့်တဲ့ ဆရာဝန်တွေရဲ့ ပုံကား ချပ် ကို အမျိုးသား ကျန်းမာရေးအဖွဲ့ (HNS)က စာအုပ်ထုတ်တယ်။ tomorrow's doctors တဲ့။ နက်ဖြန် အတွက် ဆရာဝန်တွေပေါ့ ဗျာ။ ဒီနေ့ လေ့ကျင့်သင်ကြားခံထားရတ့ ဆရာဝန်လောင်းတွေဟာ နိုင်ငံရဲ့ မနက်ဖြန် မှာ တွေ့ရကြုံရမယ့် ကျန်းမာရေးပြဿနာတွေကို ကိုင်တ်ွတတ်၊ ဖြေရှင်းတတ်၊ လမ်းကြောင်းချ တတ်ကြ ပါ့မလား။ ဒီနေ့ဆရာဝန်တွေကို နက်ဖြန်အတွက် ဆရာဝန်ဖြစ်အောင် ဘယ်လိုလေ့ကျင့်သင်ကြား ပျိုးထောင်ပြုစု ထိန်းသိမ်း ရမလဲ။ လာမယ့်အနာဂတ်မှာ ဘယ်ကျန်းမာရေးပြဿနာတွေက ရှေ့တန်းရောက် လာမလဲ။ ဒါတွေကို ရင်ဆိုင်ဖြေရှင်း ဖို့ ဘယ်လိုစွမ်းရည်တွေ ကျွမ်းကျင်မှုတွေနဲ့ ပြည့်စုံရမလဲ။ အင်မတန်မှ ကြီးမားတဲ့ ဦးနှောက်စား တဲ့ ပြဿနာကြီးပါ။
အဲဒီ Tomorrow' doctors အကြောင်း ကျွန်တော်တို့တစ်တွေ ဖတ်ကြ မှတ်ကြ ငြင်းခုံ ကြ၊ ဆွေးနွေး ကြ၊ ဝေဖန်ကြ နဲ့ပေါ့။

ဒါကို နားငြီးလာတဲ့ နားကြားပြင်းကတ်လာတဲ့ ဆရာဝန်ကြီးတစ်ဦးက -
“မင်းတို့က Tomorrow's doctorsနဲ့တင် ရပ်နေတာကိုးကွ။ မင်းတို့ သီသင့်တာက doctor tomorrow ကွ”တဲ့။
ဟာ ... ဒါတော့ မကြားဖူးပါဘူး ဆရာရယ်။
“ ဟေ့ ... ရှိတယ်ကွ။ ဆရာဝန်ကြီးတစ်ဦးဆိုရင် လူနာတွေ ဆေးခန်းလာပြတိုင်း “နက်ဖန် ဆက်ဆက်လာနော်။ ဆရာ က စိတ်ပူလွန်းလို့ မှာနေရတာ” လို့ တဖွဖွ ပြောသကွ။ အဲဒါ doctor tomorrow ပေါ့ကွ”တဲ့။
ဟာ ... ဒါတော့ ဟုတ်တုတ်တုတ်။ ခင်ဗျားလည်း နက်ဖြန်လာပြဦးနော်။ ဆက်ဆက်။

လူနာတွေကို ဆေးခန်းတွေမှာ ကြည့်ရှုစစ်ဆေးစမ်းသပ်ပြီးရင် သွေး၊ ဆီး၊ စစ်ဆေး ဓာတ်မှန်ရိုက် ECG ဆွဲ။ အဲဒီအဖြေတွေ နဲ့ တစ်ခေါက်ပြန်ကြည့်။ ဒါက ပထမအကြိမ် အလည်ရောက်ခြင်း။ နောင်ကျတော့ လိုရင်လို သလို လူနာ ရောဂါအခြေအနေ ကို ကြည့်ပြီး တစ်လတန်သည်၊ နှစ်လတန်သည် ပြန်ခေါ်ကြည့်ရပြန်တယ်။ သိပ်အရေး မကြီးတဲ့ လူနာဆိုရင်လည်း ၄-၅ ရက်ကြာမှ တစ်ကျော့ပြန်ကြည့်ဖို့ ချိန်းပေါ့။ ဒါက နာတာရှည် လူနာတွေ အတွက် ပြောနေရတာပါ။ ဆီးချို၊ သွေးတိုး၊ နှလုံးရောါ လိုမျိုးပေါ့။ အာဂန္တုဝေဒနာသည် (ဥပမာ- ၀မ်းပျက်၊ တုပ်ကွေး) လူနာတွေကိုတော့ ပြန်ခေါ်ကြည့်လေ့မရှိပါဘူး။ နာတာရှည်ဝေဒနာသည်တွေကို ပြန်ခေါ်ကြည့်တဲ့၊ လိုအပ်ရင် စမ်းသပ်မှုတွေ ထပ်လုပ်ပြီး ရောဂါ အတက်အကျအလိုက် ဆေးအတိုးအလျှော့ လုပ်ရတဲ့ကိစ္စ (Follow-up care)ဟာ လူနာဆေးကုရေးမျာ သိပ်အရေးကြီးတဲ့ အပိုင်းပေါ့။ လူနာရဲ့ မနက်ဖြန်ကိစ္စပါ။ မနက်ဖြန် ဆရာဝန် ရဲ့ကိစ္စ မဟုတ်ရကြောင်းပါ။

ဘယ်လိုလူနာတွေကို Follow-up ခေါ်ရမလဲ။ ပြောခဲ့သလို နာတာရှည် ရောဂါဝေဒနာခံစားနေရတဲ့ လူနာတွေ့ ဗျာ။ သူတို့ရောဂါက ပျောက်ကင်းအောင် ကုသလို့ရတဲ့ အမျိုးအစားထမပါဘူးဗျ။ ထိန်းထား ရတာ။ ပိုမဆိုး ရလေအောင်။ ရောဂါ မတိုးရလေအောင်။ တကယ်တမ်း တွက်ကြည့်တော့ ဆရာဝန်တွေ အမြစ်ပြတ်ပျောက်ကင်းအောင် ကုသလို့ ရတဲ့ရောဂါက လက်ချိုးရေလို့ ရလောက်သဗျ။ အဲဒီအထဲ တချို့ ရောဂါတွေ က ဆေးကုစရာမလိုဘဲ သူ့ဘာသာပျောက်ကင်းသွားတာက ပါလိုက်ချေသေး။ ကျွန်တော်ဖြင့် သွေး ထဲ အချိုဓာတ်ကျဆင်းလွန်းလို့ ချွေးထွက်၊ ရင်တုန်၊ မျက်စိဝါး၊ သတိလစ်တဲ့လူနာ (Hypoglycemic patient)ကို ဂလူးကို့(စ)ထိုးလိုက်လို့ ချက်ချင်း ပြန်ကောင်းသွားတာလောက်ပဲ မျက်စိထဲမြင် မိတယ်။ နောက် ၀မ်းပျက်၊ ၀မ်းကိုက်။ ဒါလောက်ပဲ။ နာတာရှည်ထဲက တီဘီရောဂါလောက်ပဲ ကျွန်တော်တို့ ပိုင်ပိုင်နိုင်နိုင် ပျောက်အောင်ကုနိုင်တာ။

ဒီလူနာတွေ ကို ဘယ်တော့ ပြန်ခေါ်ကြည့်မလဲ။ နေ့စဉ်လား။ တစ်လတစ်ကြိမ်လား။ တစ်လခွဲနှစ်လလား။ ၆ လ တစ်ကြိမ် လား။ ရောဂါအတိမ်အနက်အနုအရင့်ပေါ်လည်း တည်တယ်။ စမ်းသပ်မှုတွေ ထပ်လုပ်ဖို့ လို၊ မလို ပေါ်လည်း တည်တယ်။ လူနာနဲ့ ဆရာဝန် ခရီးအနီးအဝေးပေါ်လည်း တည်တယ်။
လူနာရဲ့ အိတ်ကပ်ထဲ မှာ တွယ်ကပ်ကျန်နေသေးတဲ့ ပိုက်ဆံပေါ်လည်း တည်တယ်။
လူနာတစ်ဦးပြောတာ သတိရလိုက်မိ။
“ဆရာကြီး ... ငွေက အရေးမကြီးပါဘူး။ အရေးကြီးတာ ပိုက်ဆံဗျ” တဲ့။

လူနာ လိုက်ပို့ဖို့ လူနာရှင် လူနာစောင့်အား၊ မအားပေါ်လည်း တည်တယ်။ အချက်အလက်ပေါင်းစုံ ဘက် ပေါင်းစုံပေါ် တည်ပြီး စဉ်းစားရတာ။ တစ်ခါက ဆီးချိုဝေဒနာရှင် အမေကြီးတစ်ဦး လာပြတယ်။ ဆရာဝန် တစ်ဦး က လွှဲလိုက်တာ။ ကျွန်တော်က လူနာကို ရောဂါအကြောင်း ဆွေးနွေးရင်း အစားအသောက်အကြောင်း၊ အနေအထိုင် အကြောင်း၊ ဆေးဝါးအကြောင်း ပြောတယ်။ လက်ရှိဆီးချို၊ သွေးချို အနေအထားပေါ် တည်ပြီး ဆေး ကို ချိန်ဆပေးရတာဖြစ်ကြောင်၊ ဒါကြောင့် အစားအသောက်ကို နေ့စဉ် တိုးလျှော့စားနေ ရင် ဆေးတွေ ကိုလည်း နေ့စဉ်လိုက်ပြီး တိုးလိုက်လျှော့လိုက် လုပ်နေရမှာဖြစ်ကြောင်း စသဖြင့် ရှင်းပြတယ်။

“အမေကြီး အဲသလိုစားနေရင် ဆေးတွေကို နေ့တိုင်း အတိုးအလျှော့လုပ်နေရမှာဗျ။ အမေကြီး ဆေးခန်း ကို နေ့တိုင်းလာနေရမှာ ”
လို့ ခပ်ပိုပိုလေး ပြောလိုက်မိတယ်။ အမေကြီးရော အတူပါလာတဲ့ သမီးကပါ -
“နေ့စဉ် လာပါ ဆိုလည်း လာနိုင်ပါတယ် ဆရာကြီး”တဲ့။ သေရော။
“တစ်လမှာ ရက် ၃၀၊ တစ်နှစ်မှာ ၃၆၅ ရက် လာရမှာလေ” လို့ ပြောပြန်တော့လည်း -
“ကျွန်မတို့ က ဘုရားကြီးနား နေတာပါ။ နေ့စဉ်လာနိုင်ပါတယ် ဆရာ”တဲ့။
လုပ်ပေါက်က။ ခက်ပြီ။ ဆရာဝန် ကိုယ့်စကားနဲ့ကိုယ် ပိတ်မိနေပြီ။ ဒါပေမဲ့ ဘာရမလဲ။ ဆရာဝန်ပေကပဲ။
“ခင်ဗျားတို့ လာနိုင်လည်း ကျုပ်က ကြည့်မပေးနိုင်ဘူးဗျ”
လို့ ပိတ်ပြောလိုက်ရတယ်။ အဲဒီသားအမိ ဆေးခန်းလာပြတာ အဲဒါ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်ပါပဲ။ အပြောမတတ်တော့ ချော်တော့ငေါ့သွားတာ။ အပြောမတတ်တာထက် ကျွန်တော် စိတ်ထားမတတ်တာက ပိုလေသလား။

ကဲ ... လူနာတွေကို ဘယ်တော့ ပြန်ခေါ်ကြည့်မလဲ။ ကျွန်တော်ကတော့ အရေးပေါ်မဟုတ်တဲ့ နာတာရှည် ရောဂါသည်တွေကို သိပ်အရေးမကြီးလှရင် တစ်လခွဲတစ်ခါ ခေါ်ခေါ်ကြည့်တယ်။ သို့ပေတဲ့ နာတာရှည် ရောဂါ ပါပဲ။ ဆီးချိုရောဂါ ဆိုပါစို့။ အဲဒီလူနာ ဖျားနေရင်တော့  ပဋိဇီဝဆေးပေးပြီး ၅ ရက်တစ်ခါ ၇ ရက် တစ်ခါ ပြန်ခေါ်ရတာပေါ့။ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါသည်တွေက ဖြစ်စမှာ “ရော့(ခ)” ရကြတာ။ အကြောက်ကြီး ကြောက်ကြတာ။ အခုပဲ သေတော့ မလို၊ လေဖြတ်တော့ မလို၊ ခြေထောက်ပုပ်တော့ မလို၊ ကျောက်ကပ် ပျက်စီးတော့ မလို၊ မျက်စိကွယ်တော့မလို။ ဒါက ရောဂါရှိမှန်း စသိသိချင်း သွေးပူတုန်းပါ။

နောက် တစ်ပတ် နှစ်ပတ် သုံးပတ်လောက်ကြာတော့ ကြောက်တာ အရှိန်ပြေစပြု။ ကိုယ် ကလည်း ကြောက် ကြောက် နဲ့ ဆေးတွေသောက်၊ အစားအသောက်ထိန်း၊ ကိုယ်လက် လေ့ကျင့်ခန်းလုပ်။ ဆီးချို က ကျလာ။ သွေးတိုးက ပုံမှန်ဖြစ်လာ။ နှလုံးက သိပ်မဖောက်တော့။ လူနာက အကြောက်က ပြန်နိုးထလာ။ အကြောက် ကနေ မကြောက် တဲ့ဘက် ကူးလာ။ နောက်တစ်လခွဲလောက်ကျတော့ လူနာက ရောဂါ အဖြစ်ခင်တုန်းက လို စိတ်အခြေအနေ ပြန်ရောက်သွား။ ရောဂါသွေးလန့်တာက တစ်လခွဲပဲခံသမို့ ကျွန်တော်က တစ်လခွဲ တစ် ကြိမ် လူနာပြန်ချိန်းတာ။ ပြန်ကြည့်တာ။
ဆေးရုံလာတက် တဲ့ လူနာတွေကိုလည်း ဆေးရုံကဆင်းပြီးရင် “သွားရော့လဟယ်” မဟုတ်ဘဲ ပြန်ပြန်ခေါ် ကြည့်ရ သဗျ။ ကျွန်တော် မန္တလေးဆေးရုံကြီးဖျားနာဆောင် (၃)မှာ တာဝန်ကျတုန်းနယ်က၊ တောက လူနာတွေကို ပြန်လာပြဖို့ မှာရင် ဆေးရုံဆင်းလက်မှတ်မှာ ပြန်ပြရမယ့်ရက်ကို မြန်မာ လ၊ ရက်၊ နေ့ အတိုင်း ရေးပေးလေ့ရှိတယ်။ တ်ာသလင်းလဆန်း ဘယ်နှရက်ပေါ့ဗျာ။ တစ်ခါက လူနာတစ်ဦးက ချိန်းထားတဲ့ ရက် လာမပြဘူး။ အဲဒီလူနာနဲ့ တစ်ရွာတည်းသား လူနာ တစ်ဦးလာပြမှ အကျိုးအကြောင်း မေးကြည့်တော့ -
“ဆရာကြီး တို့ ချိန်းတဲ့ရက်က မစေ့သေးဘူး။ လူနာက အမောဖောက်နေတာ။ သွားပြရအောင်ခေါ်တော့ ချိန်းထားတဲ့ ရက်မတိုင်ခင် ကြိုသွားရင် ဆရာတွေငေါက်နေမှာစိုးလို့တဲ့။ ရွာက ဆရာနဲ့ ကျိတ်ကုနေ တာ။ သေရှာပါပြီ” တဲ့။

ဒါကြောင့် နောင် ရက်ချိန်းပေးရင် “ဘယ်နေ့၊ ဘယ်ရက် လာပြါ။ အသည်းအသန်ဖြစ်ရင် အမြန်ဆုံးလာပြပါ” လို့ ရေးထည့် လိုက်ရတယ်။ မှာလိုက်ရတယ်။
ကဲ ... တွေ့တယ် မဟုတ်လား။ လူနာနဲ့ ဆရာဝန် နားလည်မှု လမ်းကြောင်းက ဖြောင့်စင်း သလိုလို နဲ့ ကွေ့ ကောက်နေတာ။
ဒီလိုလူနာတွေ နောက်ဆက်တွဲလာပြတာ ကျွန်တော်တို့ ဆရာဝန်တွေအတွက် ပညာရစရာ သင်ခန်းစာယူ စရာတွေ ကြုံရသေး သဗျ။  တစ်ခါက ဆေးရုံမှာ အသက် ၇၅ နှစ်အရွယ် အဘိုးအို နှလုံးရောဂါနဲ့ လာတြာ ကြုံရ တယ်။ လာပြနေတာ ကြာပါပြီ။ အသက်ကကြီး၊ နှလုံးခုန်တာ စည်းဝါးမကျ (AF)။ နှလုံးသွေးကြောကျဉ်း ရောဂါ လို့ သတ်မှတ်ပြီး ဆေးပေးဆေးကုနေတာ ကြာပါပြီ။ စာရွက် (၄၀)ဗလာ စာအုပ်ထဲ မှာ ဆေးမှတ်တမ်းတွေ ရေးထားတာကိုက တစ်ဝက်ကျော်နေပါပြီ။ ဆရာဝန်ကြီးငယ် တွေအားလုံး ကြုံသလို ကြည့် ထားကြတာ။ ကျွန်တော့် လက်ရာလည်း ပါတယ်။
ကျွန်တော် လည်း ထုံးစံအတိုင်း သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်းစမ်း၊ နှလုံးပန်းတဲ့လက္ခဏာ ရှိ၊ မရှိ ရှာပြီး ပေးလက်စဆေးတွေ ဆက်ပေး၊ လူနာကို ပြန်လွှတ်တော့မလို့ပေါ့။ ဆေးမှတ်တမ်းစာအုပ်ကို ကောက်လှန် လိုက်ပြီး ဟိုဟိုဒီဒီ ကြည့်လိုက်တော့ စာအုပ်တစ်နေရာမှာ ဆရာဝန်တစ်ဦးက နှလုံးအဆို့ရှင် ရောဂါနဲ့ တူကြောင်း၊ နှလုံးအပေါက် တစ်ခု ကျဉ်းနေကြောင်း မှတ်ချက်ရေးထားတာ တွေ့လိုက်ရတယ်။

ဒါနဲ့ လူနာရဲရနှလုံးကို သေသေချာချာ ပြန်စမ်းရပြန်ရော။ သေသေချာချာ အချိန်ယူစမ်းကြည့်တော့ ဟုတ်သဗျ။ Mitral steno sis နဲ့ AF ပဲ။ အဲဒီ မှတ်ချက်ရေးတဲ့ ဆရာဝန်က သာမန်ဆရာဝန်။ အထူးကုမဟုတ်။ ဘာဘွဲ့လွန်မှ ရ မထားသူ။ ကျွန်တော်တို့က အရင့်အရင်ဆရာကြီး၊ ဆရာမကြီးတွေ ရေးထားတဲ့အတိုင်း၊ အတည်ပြုထား တဲ့ ရောဂါအတိုင်း မှိန်းပြီး ဆက်ကုနေတာ။ သူကတော့ သူ့စိတ်ကူးနဲ့ သူ လွတ်လွတ်လပ်လပ် စမ်းသပ်ပြီး သူထင်တာ သူတွေ့တာ ရေးချလိုက်တာ။ ကောက်ချက်ချလိုက်တာ။ အစဉ်အလာရဲ့ နှောင်ကြိုးတည်းမှု၊ အာစရိယ၀ါဒ လွှမ်းမိုးမှု မခံရသူ တစ်ဦးရဲ့အားကို တစ်စွန်းတစ်စ မြင်လိုက်ရပေါ့။ လူနာပြန်ခေါ် ကြည့်တဲ့ အလေ့၊ ပြန်ခေါ်ကြည့် တိုင်း ရောဂါကို ပြန်သုံးသပ်တဲ့အလေ့ရဲ့ ကျေးဇူးကို မြင်လိုက်ရပေါ့။

နောက် လူနာတစ်ဦး က အသက် ၂၇ နှစ်အရွယ် လက်သမားလေးတစ်ဦး။ ပုသိမ်ကြီးက။ လက်ဆစ်တွေ နာ၊ ရောင်။ ဒူးနာ၊ ရောင်။ ခါးနာ။ အဆစ်ရောဂါတော့ အဆစ်ရောဂါပဲ။ ဘယ်ရောဂါအုပ်စုထဲ ထည့်ရမလဲ။ Rheumatoid Arthritis (RA) ခေါ်တဲ့ အဆစ်ကြီးရောင်ရောဂါနဲ့တော့ မတူဘူး။ လူနာက အသက်ငယ်သေး တယ်။ ပြီးတော့ ယောက်ျားလေးလူနာ။ RA က သက်လတ်ပိုင်းမိန်းမတွေမှာ အဖြစ်များတာ။ Ankylosing Spondylitis (AS) ရောဂါလား။ သူနဲ့အုပ်စုဝင် ရာဂါတစ်ခုခုလား။ AS နဲ့ နှီးနွှယ်အုပ်စုဝင်ရောဂွါေကို စုပြီး Seronegative Spondyloarthropathyလို့ ခေါ်တယ။ အသက် ၂၀-၄၀ ကြား ယောက်ျားတွေမှာ ဖြစ်တတ် တာ။ ခါးနာတာနဲ့ စတတ်တယ်။ ဒူးဆစ်လို ခြေချင်းဝတ်လို ခြေပိုင်းအဆစ်ကြီးတွေ ရောင်တတ်တယ်။ ဒါပေမဲ့ အဲဒီ အုပ်စုထဲက ဘာရောဂါဖြစ်မလဲ။ တိတိကျကျ ထပ်စိတ်ဖို့ခက်နေတာ။ ရောဂါရာဇ၀င်နဲ့ ညှိတော့လည်း အဖြေက ထွက်မလာ။

ဒါနဲ့ အရောင်ကျဆေး အကိုက်အခဲပျောက်ဆေးပေးပြီး ခဏစောင့်ကြည့်နေလိုက် တယ်။ မျှောထားတဲ့ သဘော။ ပြန်ချိန်းပြီး ပြန်ကြည့် မယ်ပေါ့။ နောက်နှစ်ပတ်အကြာမှာ လူနာက အရေပြားမှာ အကွက်တွေပေါ်လာ လို့ လာပြတယ်။ ဗိုက်မှာ။ ခြေထောက်မှာ။ တံတောင်ဆစ်နားမှာ။ ဆံစပ်မှာ။ Psoriasis ခေါ်တဲ့ အရေပြားရောဂါ တစ်မျိုး။ သူက အဆစ်ရောင်ရောဂါနဲ့ တွဲတတ်တယ်။ (Psoriatic arthropathy) သိပြီ။ လင်းပြီ။ အဆစ်ရောဂါ လည်း ဆက်ကု၊ အရေပြားရောဂအတွက် အရေပြားအထူးကုနဲ့ပြပေး။
စောင့်ကြည့်ပေး လို့၊ ပြန်ကြည့်ပေလို့သာပေါ့။ ရောဂါလက္ခဏာ စုံစုံလင်လင်မြင်ရပြီး ရောဂါကို ဒက်ထိသိရတာ။ ကျွန်တော် ပြန်မမေးလို့၊ ပြန်မေးရင်လည်း လာမပြလို့ကတော့ သေပြီ။ ကျွန်တော်သာ ပြန်ကြည့်ခွင့်မရခဲ့ရင် ဒီရောဂါကို လွတ်သွားမှာ။ နောက်ကြည့်ရတဲ့ ဆရာဝန်က အရင်ကြည့်ခဲ့တဲ့ဆရာဝန် တယ်ဖျင်းပါလားလို့ သြဘာပေး ခံရမှာ။

လူနာတွေရဲ့ မနက်ဖြန်ကိစ္စက ဒီထက် နက်သေးသဗျ။ လူနာတချို့ (တကယ်တော့ တော်တော်များများ) ဟာ နာတာရှည်ရောဂါ စွဲကပ် လာလို့ မိမိကုသနေကျ ဆရာဝန်တစ်ဦးဦးနဲ့ ပြလာတာ အချိန်တော်တော် ကြာလာပြီ ဆိုရင် “ခုနစ်နှစ်အယား”ပေါ်တတ်တယ်။ ဟိုဆရာဝန်က ပိုကောင်းနိုး။ ဒီဆရာဝန်က ပိုသာနိုး။ ဆရာဝန် ပြောင်းပြ ချင်တတ်ကြတယ်။ ကျွန်တော့်ဆီကလူနာတွေ တခြားဆရာဝန်တွေဆီ ရောက်သွားသလို တခြား ဆရာဝန်တွေ ရဲ့ လူနာတွေလည်း ကျွန်တော့်ဆီ မျက်စိလည်လာကြတာပါပဲ။
လူနာတွေ က ဆရာဝန် ဈေးဝယ်ထွက်ကြ (Doctor Shopping) ကျွန်တော်တို့ကလည်း ရှိတာချရောင်း။ လိုတဲ့ ၀န်ဆောင်မှုပေး။ လူနာတွေက ဆရာဝန်ပြောင်းပြီဆိုရင် လက်ရှိကုတဲ့ ဆရာဝန်တော်ကြောင်း၊ ကောင်းကြောင်း၊ ဆေး လိုက်ကြောင်း၊ ဆရာကုလိုက်တဲ့လူနာ မဟ၀ှာက ညွှန်းလိုက်လို့ (မွှန်းလိုက်လို့) လာပြတာဖြစ်ကြောင်း ရွှန်းရွှန်းဝေပေါ့။ ဒါ့အပြင် အရင်ကုနေတ့ ဆရာဝန် ရှော်ကြောင်း၊ စကား ဟဟ ပြောခွင့် မပေးကြောင်း၊ ငေါက်ငမ်းကြောင်း ပိုပိုသာသာ အတင်းတုတ်တော့တာ။

နုစဉ်တုန်းက လူနာတွေ အဲသလိုပြောရင် ကျွန်တော်တိုလည်း ရောယောင်ခေါင်းညိတ်မိ၊ သာယာမိပေါ့။ ကိုယ့်အကြောင်း အကောင်းပောတာပဲဥစ္စာ။ ဟုတ်တာတွေ ပြောပစေပေါ့။ အသက်နည်းနည်းရလာတော့မှ ဟ ... ငါ့လူနာ တခြားဆရာဝန်ဆီ ပြောင်းပြရင်လည်း ငါ့ကို ဒီလိုတုတ်မှာပဲလို့ တွေးမိပြီး သကာလ လူနာတွေ သူတို့ရဲ့ ဆရာတွေအကြောင်း အပြစ်ပြောရင် စကားလမ်း လွှဲပေးလိုက်တယ်။ ဆက်ပြောခွင့်မပြုဘူး။ ကိုယ့် ချီးကျူးနေတာကိုတော့ တားမြစ်မနေတော့ပါဘူး။ ဟုတ်တယ် ဟုတ်။
ကျွန်တော်ကတော့ ဒီလို လေပွေဝေ့လာတဲ့ လူနာတွေကို အကျိုးအကြောင်း မေးကြည့်တယ်။ ဘာကြောင့် ဆရာဝန်ပြောင်းကု တာလဲ။ အရင်ဆရာဝန် ငေါက်လွန်းလို့လား။ ကုသမှုနဲ့ ပတ်သက်လို့ မကျေနပ်တာရှိလို့ လား။ ငွေရေးကြေးရေး အဆင်မပြေလို့လား။ သွားရေးလာရေးခက်ခဲလို့လား။ လူနာများလွန်းလို့ စောင့်ရတာ ကြာလို့ လား။ အရင်ကုနေကျဆရာဝန်က တော်တယ်။ ဖြောင့်တယ်။ တည်ကြည်တယ် ဆိုရင် ကျွန်တော် အဲဒီလူနာ ကို ကျွန်တော့်လူနာအဖြစ် လက်မခံဘူး။ လူနာ ကို အေးအေးဆေးဆေး ဖျောင်းဖျပြီး အရင်ဆရာဝန် ဆီ ပြန်လွှတ်လိုက်တာပဲ။

ဆရာဝန်က ဆက်ဆံရေး နည်းနည်းကျဲတာကို သည်းခံဖို့၊ ဗွေမယူဖို့ ကျွန်တော်က ကြားပွဲစား လုပ်လိုက် ရ သေးတယ်။ ဒါမှမဟုတ် အရင်ဆရာဝန်ရဲ့ လုပ်ရပ်ကြောင့် လူနာ ထိထိခိုက်ခိုက် နစ်နစ်နာနာဖြစ်တာ မှန် တယ်လို့ ယူဆရင်တော့ အရင်ဆရာဝန်အကြောင်း ဘာမှမပြောမနေတော့ဘဲ သူ့ကို ကျွန်တော့် လူနာသစ် အဖြစ်မွေးစားပြီး တာဝန်ယူကုပေးရပေါ့။
နာတာရှည်ရောဂါ ဝေဒနာရှင်တွေ ဆရာဝန် ပြောင်းပြောင်းပြကြတဲ့ အကြောင်းတစ်ခုက “အဲဒီဆရာ နဲ့ ပြနေတာကြာပါပြီ။ ဘာမှ မထူးပါဘူး ဆရာရယ်” တဲ့။ ကျွန်တော်က ပြန်မေးရတယ်။ သွေးတိုးရောဂါဗျ၊ ဆီးချိုရောဂါဗျ။ ခင်ဗျားက ဘာထူးချင်တာတုံး။ “ဆရာရယ်၊ ဆေးက ခုထိသောက်နေရတုန်း။ အစာကလည်း ခုထိရှောင်ရတုန်း။ ဘာထူးတုံးဗျ”တဲ့။
ဟုတ်ကဲ့ ... အစားရှောင်ရမှာ မသေမချင်း ရှောင်ရမှာ။ ဆေးကတော့ သေရင်တောင် အခေါင်းထဲ ထည့် ပေး လိုက် ရဦးမှာ။ နောက်ဘ၀ စပ်ကူးမပ်ကူးကာလမှာလိုရင် ဆေးဆက်သောက်ဖို့၊ ဆေးဝယ်မရမှာစိုးလို့။ မှတ်မိအောင် ဒီလိုပဲ ပြောလိုက်ရတယ်။

ဒီရောဂါတွေက မသေမချင်း အစားဆင်ခြင်ရမယ့် အနေဆင်ခြင်ရမယ့်၊ ဆေးသောက်နေရမယ့် ရောဂါတွေ။ တစ်ပွဲတိုး မြစ်ချင်းပြီး ဆေးမရှိဘူး။
ဘာမှ မထူးပါဘူး ဆရာရယ် ဆိုတာကိုတော့ ဒီလိုတုံ့ပြန်လိုက်ရတယ်။ “နာတာရှည်ရောဂါမှာ ဘာမှ မထူးတာ ကို က ထူးတာဗျ။ ဒီရောဂါတိုးမလာတာ ဗွေဖောက်မလာတာကိုက ထူးခြားမှုပဲဗျ။ ကုသမှု အောင် မြင်တာပဲဗျ။ ဥပမာဗျာ ... သွေးတိုးရောဂါ ထူးပြီဆိုပါတော့။ လေဖြတ်မှ၊ နှလုံးထိမှ ထူးမှာလေ။ ဆီးချိုရောဂါ ထူးပြီဆိုရင်လည်း မျက်စိကွယ်မှ၊ အာရုံကြောပျက်စီးမှ၊ ကျောက်ကပ်ပျက်မှ။ အဲသလို ထူးချင်တာလား”လို့ ရယ်သလို မောသလို ပြောဆိုရ ရှင်းလင်းရ ဖြေသိမ့်ရတယ်။
ဒီလိုရှင်းပြ ဖို့ အချိန်မယူတဲ့ အချိန်ဆင်းရဲတဲ့ ဆရာဝန်ကြီးတွေကြောင့် လူနာတွေခမျာ “ဟိုနယ်ဒီနယ် ပြောင်း ကြတယ်” ဖြစ်ရရှာတာ။ လူနာ၊ ဆရာဝန် ဆက်သွယ်ရေး ဟိုင်းဝေးကြီးက အစကတည်းက တည်ဆောက် ထားရတာ။ ဆက်လက်တည်တံ့အောင် ခိုင်မြဲအောင် ထိန်းသိမ်းရ၊ စောင့်ရှောက်ရ၊ ကျားကန်ရ၊ ၀ိုင်းဝန်းရ၊ စိုက်ထည့်ရတာ။ လူနာ၊ ဆရာဝန် ဆက်ဆံရေးက လူနာရဲ့ နောက်ဆက်တွဲ ကိစ္စတွေ ရှင်းလင်းရာမှာ အရေးကြီး လှချေသည်တကား။

ဆရာဝန်သက်ရလာတော့ လူနာတွေ မိတ်ဆွေတွေ တစ်စတစ်စများလာ။ ကိုယ့်လူနာ သူ့လူနာ သိပ်မမှတ် မိတော့။ ၀ါးတားတား ရေးတေးတေး။ ပုံမှန်လာပြနေတဲ့ လူနာကလွဲလို့ပေါ့။ တစ်ခါတလေ ရမ်းကြိတ်လိုက်ရ တာပဲ။ “ဆရာနေကောင်းရဲ့လား” လို့ တစ်ဦးဦးက မိမိကို နှုတ်ဆက်လိုက်ရင်ပဲ ဒါ ငါ့လူနာနေမှာလို့ အပိုင် တွက်ချ လိုက်တာ။ မဟုတ်မှလွဲရော့။
တစ်ခါက ဒီလို နှုတ်ဆက်လာတဲ့ လူနာကို -
“နေကောင်းပါတယ်၊ ခင်ဗျားကော နေကောင်းသွားပြီ မဟုတ်လားလို့”
ခပ်ဝါးဝါး ပြန်ပဋိသန္ဓာရ ပြုလိုက်တယ်။
“ကျွန်တော်က လူနာ မဟုတ်ပါဘူးဆရာ။ ဆရာကုပေးတာ ကျွန်တော့် ယောက္ခမကြီးပါ။ ဆရာနဲ့ကုနေတာ ခုတော့ ဆုံးရှာပါပြီ”တဲ့။
ဟိုက် ... သွားရော့။ သူ့ကြည့်ရတာ သူ့ယောက္ခမကြီးကို “မပျောက်ပျောက်အောင် ”ကုပေးတဲ့ ကျွန်တော့် ကိုပဲ ကျေးဇူးတင်နေ တဲ့ မျက်နှာပေးနဲ့။

လွန်ခဲ့တဲ့နှစ်အစိတ်ကျော်ကျော် ကျွန်တော် ကိုယ်ပိုင်ဆေးခန်း စဖွင့်စကာလ က ပေးခဲ့ တဲ့ ဆေးစာအုပ်နွမ်းနွမ်း ရိရိလေးတွေကို တရိုတသေ ကိုင်ပြီး ဆေးခန်းလာပြနေသေးတဲ့ ကျွန်တော့်ရဲ့ ရှားရှား ပါးပါး အမာခံ လူနာဟောင်းတချို့ကို တွေ့ရင် ကျွန်တော် ရင်ခုန်ပူနွေးမိတယ်။ လွန်ခဲ့သော နှစ်အစိတ်ကာလ ကို ပြန်ရောက် သွားသလို။ မနူးမနပ်ဆရာဝန်ငယ်ဘ၀။ လွမ်းမိသေးတော့။
သူတို့ တစ်တွေ က အတိတ်ကို ပစ္စုပ္ပန်ထိသယ်လာပြီး သူတို့ရဲ့ မနက်ဖြန်ကိစ္စပါ ကျွန်တော့်လက်ထဲအပ်နှံ ထားသူတွေ။ ဒါကလည်း ဆယ်ဂဏန်းထက် မပိုပါဘူး။ ဆရာဝန်ပေါက်စနဘ၀ကနေ ပင်စင်ယူချိန်ထိ ခင်ဗျား တို့ရဲ့ ဆေးကုသမှုကို စွဲစွဲမြဲမြဲ ဇွဲနပဲနဲ့ မခွဲမခွာတမ်း ဆက်လက်ခံယူနေတဲ့လူနာ ဘယ်နှယောက်ရှိ သလဲ။ ဆယ်ဂဏန်းလား၊ ရာဂဏန်းလား။ ရာဂဏန်းရှိတယ်ဆိုတဲ့ ဆရာဝန် လက်ညှိုးထောင်ပြပါ။
ရွက်နုဝေ၊ ဖေဖော်ဝါရီလ၊ ၂၀၁၀

မေရှင်ပေးတဲ့အနမ်း

(၁)
အမေရှင် မကွယ်လွန်မီ တစ်လလောက်အလို ကျွန်တော်တို့ ဇနီးမောင်နှံအမေ့အိမ် ရောက်ဖြစ်သည်။ ဒါက လစဉ် လိုလို ပြုမြဲဝတ်တစ်ခု။ နှစ်ပေါင်းကြာပြီ။ ဆယ်စုနှစ် တစ်ခုနီးနီး။ စကားစမြည်ပြောကြ၊ ရောဂါအကြောင်း၊ အတိတ်ဇာတ်လမ်းရောင်စုံ၊ မိတ်ဆွေတွေ ချစ်သူတွေ။ အမေ့အတိတ်ရောင်စုံကတော့ အပ်ကြောင်း အထပ်ထပ်။ လူသွားများလွန်း လို့ ဖုန်နေသောလမ်းကလေး။ အိုမင်းရင့်ရော်လွန်းသူတွေအတွက် စိတ်ကူးကိုပဲ အဖော် လုပ်နေရတာ။ ဒီတစ်ခေါက် ထူးခြားတာက အမေက ကျွန်တော့်ဇနီးကို သူ့အနားလာခိုင်းသည်။ သူက ခုတင်ပေါ် မှ ကုန်းရုန်းထပြီး ခုတင်ဘေး ခြေနှစ် ချောင်းချလျက် ထိုင်လိုက်သည်။
“ဂျူးရေ ... အမေ့ကို ယေရှုခရစ်ရဲ့ Blessing ပေးပေးပါ။ ဆုတောင်းပေးပါ” ပြော၍ ကျွန်တော့်ဇနီးက အမေ့ လက်နှစ်ဖက် ကိုကိုင်ပြီး ဆုတောင်းပေးရသည်။ အမေက မျက်စိစုံမှိတ်၍ ဆုတောင်းကို ငြိမ်သက်အေးဆေးစွာခံယူသည်။ ဒါမျိုးက အမေ တစ်ခါတစ်ရံ တောင်းဆိုတတ်၍ ကျွန်တော်တို့အတွက် အဆန်းတကြယ် မဟုတ်လေ။

ဒါပေမဲ့ ဒီတစ်ခေါက် ထူးခြားတာက -
“အမေ့ကို ဖက်ပြီးနမ်းပါဦး”
ပြော၍ အမေ့နဖူး ကိုနမ်းရသည်။ ပါးကို နမ်းခိုင်း၍ ပါးနှစ်ဖက်ကို ဆက်နမ်းရသည်။ ဇနီးသည် အလှည့်ပြီး တော့ ကျွန်တော့်ကိုပါ အလားတူ ပြောပြန်သည်။ ဒါမျိုး ကျွန်တော့်ကို တစ်ခါမှ မတောင်းဆိုစဖူး။ အရွယ် ရောက်နေသော သား ကို မိခင်က နမ်းရှုပ်ခိုင်းတာ ကျွန်တော် မတွေ့ဖူးခဲ့။
သို့သော် အမေ က တောင်းဆိုနေပြီ။ ဒါနဲ့ ခပ်ရွှံ့ရွှံ့ပဲ အမေ့နဖူးကို ကျွန်တော် နမ်းသည်။ အမေက ပါးနှစ်ဖက် ထိုးပေးပြန် ၍ ပါးနှစ်ဖက် ဆက်နမ်းရသည်။ ကျွန်တော့်ရင်ထဲ တစ်မျိုးကြီးဖြစ်သွားသည်။ အမေ့ ရဲ့ နောက်ဆုံး နှုတ်ဆက်မှုပဲလား။ ကျွန်တော်တို့ဇနီးမောင်နှံ အိမ်အပြန်လမ်းမှာ တိတ်တိတ်ဆိတ်ဆိတ်။ ရင်ထဲ လွမ်းဆွတ်နာကျင်။

(၂)
အမေက ဘိုင်စကုတ်မင်းသမီးဘ၀၊ အဆိုတော်ဘ၀မှာရော မြန်မာ့အသံမှာ အမှုထမ်းစဉ် ကာလ မှာရောဣနြေ္ဒကြီးလှသည်ဟု နာမည်ထွက်သည်။ လွန်ခဲ့သော သုံးလေးနှစ်ကာလ ဂျပန်ရောက် ဆရာနိုင်ပန်းလှ က အမေ့ကို ကျပ်ငွေ တစ်သိန်း ကန်တော့ချင်ကြောင်း၊ အမေလက်ခံ၊ မခံ သိလိုကြောင်း၊ စော်ကား သလို ဖြစ်နေမှာလည်း စိုးရွှံ့ကြောင်း ကြားလူကတစ်ဆင့် ပြောလာသည်။
အမေ တုံ့ပြန်ပုံက -
“ဆရာရယ် ... ပိုက်ဆံပေးတာပဲ။ လိုချင်တာပေါ့။ စော်ကားတယ်မထင်ပါဘူး။ ရတဲ့ငွေကို သုံးမယ် လှူမယ်”တဲ့။
ဆရာနိုင်ပန်းလှ အမေ့ ကို ဂါရ၀ပြုရတဲ့အောကာင်းတွေထဲက တစ်ခုသော အကြောင်းက စိတ်ဝင်စားဖွယ်။

အမေ မြန်မာ့အသံမှာ Announcer လုပ်တုန်း ဆရာနိုင်ပန်းလှက မြန်မာ့အသံကို လာဖူးသတဲ့။ သူတို့က အမေ့ကို ဘိုင်စကုတ်မင်းသမီး ဆိုတော့ ကလက်တက်တက်နေမလား၊ ပေါ့ပြက်ပြက်နေမလား ထင်မိခဲ့ သတဲ့။ သူတို့ထင်တာ နဲ့ ဆန့်ကျင်ဘက် အမေ့ရဲ့ တည်တည်ကြည်ကြည် သိက္ခာရှိရှိ နေပုံထိုင်ပုံကို မြင်ရတော့ အဲဒီ ကတည်းက အမေ့ကို လေးစားကြည်ညိုသွားသတဲ့။ ဒါကြောင့် ခုလို ငွေတစ်သိန်းနဲ့ ကန်တော့တာပဲ။
အမေ့ ရဲ့ နေပုံထိုင်ပုံက ဒီလို လှပကျစ်လျစ်တာ။ မိမိကိုယ်ကို အထူးတလည် ထိန်းသိမ်းစောင့်ရှောက်ခြင်း။
အမေ အသက် ၈၀ တစ်ဝိုက်ရောက်တော့ အမေ့ဆီလာလည်တဲ့ ဧည့်သည်တွေထဲမှာ စစ်ကိုင်းတောင်မှ ဦးပဉ္စင်းကြီး တစ်ပါး ပါသည်။ နာမည်ကျော် ရုပ်ရှင်မင်းသားကြီး ဦးဇေယျ။ သူတို့က မောင်နှမတွေလို ခင်ခင်မင်မင် ချစ်ချစ်ခင်ခင်။ ဦးပဉ္စင်းကြီးက တရားစကားပဲပြောသည်။ စကားပို ဆိုလေ့မရှိ။ ဆရာ ဦးတင်မောင်၊ ဆရာဦးသုခ တို့နှင့်က ဖုန်းအဆက်အသွယ်ပဲရှိသည်။

တစ်ရက် လုပ်ဖော်ကိုင်ဖက် ရုပ်ရှင်မင်းသားကြီး ဦးမြင့်အောင် (မို့မို့မြင့်အောင်အဖ) အမေ့ထံ လာလည်သည်။ စကားစမြည်ဆိုကြ။ ပြန်ခါနီး အမေက-
“ကိုမြင့်အောင်၊ မရှင်ကို နမ်းပါဦး”
ဟုဆိုပြီး နဖူး ထိုးပေးသည်။ ဦးမြင့်အောင်က -
“တော်ပါပြီ။ မနမ်းချင်ပါဘူး။ ခုကျမှ ”ဟုပြောသတဲ့။
“ဟိုတုန်းက ရုပ်ရှင်ရိုက်ကွင်းမှာ လက်ချင်းယှက်ပြီး လမ်းလျှောက်ရာက ဒါရိုက်တာက Cut ဆိုလိုက်ရင် ချက်ချင်း ပဲ လက်ကိုဆွဲထုတ်ပြီး ခပ်ခွာခွာနေတော့တာပဲ။ ခဏလေး ဆက်ကိုင်ထားဖို့တောင် အခွင့်အရေး မရဘူး။ ခုကျမှ နဖူး နမ်းခိုင်းနေတာ”ဟု ကျီစယ်သတဲ့။
မောင်နှမတွေ လို နောက်နေကြတာ။ ဦးမြင့်အောင်က အမေ့နထူးကိုနမ်းပြီးမှ ပြန်သည်။

အပျိုစင်ဘ၀မှာ၊ နာမည် တဟုန်းဟုန်းတောက်ပချိန်မှာ ဣနြေ္ဒသိက္ခာကြီးမားခန့်ထည်စွာ နေလာခဲ့သော အမေ။ မိမိကိုယ် ကို ကျပ်တည်းပင်ပန်းစွာ ထိန်းသိမ်းစောင့်ရှောက်ဖို့ သိပ်မလိုတော့တဲ့အရွယ်လွန်အချိန် ကျတော့ အမေ့ အတွက် ဘ၀က ပိုလို့နေပျော်လာသည်။ ဘ၀မှာ ပိုလို့နေတတ်လာသည်။
သိုပေတဲ့ ဘာသာတရား၏ အဆုံးအမ၊ မြန်မာ့လူအဖွဲ့အစည်း၏ စံနှင့်ဘောင် များ၊ မြန်မာအမျိုးသမီး တို့၏ စောင့်စည်းမှု တရားတွေက ဖေးမထောက်ကန်ထားလေတော့ နေပျော်သောဘ၀ကို အမေက စည်းကမ်း ရှိစွာ သိမ်မွေ့လှပစွာ ဖြတ်ကျော်သွားတာတွေ့ရသည်။
ရေခြားမြေခြားက ကဗျာဆရာမ Jenny Joseph၏ “သတိပေးခြင်း” (Warning) ကဗျာကို သတိရမိသည်။ သူတို့ဆီက တချို့သော အမျိုးသမီးတွေ တတိယအရွယ်ကို ဖြတ်သန်းကြပုံအကြောင်း။

"When I am an old woman I shall wear purple
With a red hat which doesn't go, and doesn't suit me.
And I shall spend my pension on brandy and summer gloves
And satin sandals, and say we've no money for butter.
I shall sit down on the pavement when I'm tired
And gobble up samples in shops and press alarm bells
And run my stick along the public railings
And make up for the sobriety of my youth.
I shall go out in my slipper in the rain
And pick flowers in other people's gardens
And learn to spit ..."

“ငါ အဘွားအိုဖြစ်ခဲ့ရင် ခရမ်းရောင်ကြီး ၀တ်ပစ်လိုက်မယ်၊
ဒီအရောင်နဲ့ငါနဲ့ ဘယ်လိုမှမလိုက်ဖက်တဲ့ ဦးထုပ်နီနီဆောင်း၊
ငါ့ပင်စင်ငွေလေးနဲ့ အရင်ဝယ်၊ နွေရာဦ လက်အိတ်ဝယ်၊
ကြိုးသိုင်းဖိနပ်တောက်တောက်ဝယ်၊
ပြီးမှ ထောပတ်ဖိုး မရှိဘူး ပြောပလိုက်မယ်။

ငါညောင်းရင် ပလက်ဖောင်းပေါ်ထိုင်ချပလိုက်၊
ဆိုင်က အမြည်းပေးတာတွေ ပလုတ်ပလောင်းစား၊
သတိပေးခေါင်းလောင်းတွေ လျှောက်နှိပ်၊
လမ်းဘေးက တန်းတွေကို တုတ်ကောက်နဲ့တို့ကစား၊
နုစဉ်ကစောင့်ခဲ့တဲ့ ပဉ္စမမြောက်သီလကို အတိုးနဲ့ချိုးဖောက်။
မိုးရေထဲ ဖိနပ်ပျော့စီးပြီး ထွက်ချင်ထွက်၊
သူများခြံထဲကပန်းတွေ လိုက်ဆွတ်လိုဆွတ်၊
(လမ်းပေါ်)တံတွေး ပျစ်ခနဲထွေးဖို့သင်ယူ ...”

အမေကနံနက်စောစော။ “နံနက်ရောင်ခြည်ဝေးသေးစွ”။ ဘုရားရှိခိုး။ မေတ္တာပို့။ မန္တလေးမြို့တစ်မြို့လုံး။ တစ်နိုင်ငလုံး။ တစ်ကမ္ဘာလုံး။ ငှက်ကလေးတွေ အစာကျွေး။ ဆွမ်းခံရဟန်းတွေ ကြွချီလာတာကို ကြည်ညို။ ဆွမ်းလောင်း။ ပြီးတော့ အိမ်ကခွေးတွေ ကြောင်တွေအလှည့်။ မြတ်သော နိုးထခြင်း။
လာတဲ့ ဧည့်သည်တွေ ကို သိမ်သိမ်မွေ့မွေ့စကားကြည်သာဆို။ အပျင်းပြေတီဗွီကြည့်။ အားလပ်ချိန် ပုတီးစိပ်ပြီး ဘုရားအားရုံ၊ တရားအာရုံနဲ့ ထုံမွှမ်း။ ရံဖန်ရံခါ အတိတ်ဝင်္ကပါထဲ တ၀ဲဝဲလည်။ ရောဂအကြောင်း တစ်ခါ တစ်ရံတွေး။
နောက်ဆုံးနှစ်တွေမှာ အမေ့ကို စိုးမိုးလာတဲ့အတွေးက သေခြင်း။ စောစောပိုင်းက ရောဂါအကြောင်းပြောရင် ချွဲသလိုနွဲ့သလို ပိုပိုသာသာပြောသလား ထင်ခဲ့ရသူ။ နောက်ဆုံး နေ့တွေမှာ ရောဂါအကြောင်း တခုတ်တရ စာမဖွဲ့တော့။ ငြိမ်သက်စွာ။ အေးချမ်းစွာ။ မာနကင်းစွာ။ သန့်စင်စွာ။ ခုခံမှုကင်းစွာ။ အရာရာကို လက်ခံခဲ့ပြီ။ အရာရာကို စွန့်ခဲ့ပြီ။ အရာရာကို လွှတ်ချခဲ့ပြီ။

(၃)
ကျွန်တော်တို့ ဇနီးမောင်နှံကို အနမ်းလက်ဆောင်ပေးပြီး အမေရှင်တစ်ယောက် ခရီးခဲကို တစ်ယောက်တည်း ထွက်ခွာသွားခဲ့ပြီ။ ကျွန်တော်တို့ကို ဘာတွေ သတိ (Warning) ပေးခဲ့ပါလိမ့်။
ဘုံဓမ္မတာမှာ ကြုံလာလေသမျှကို မေတ္တာနှင့်ထွေးပွေ့ပြီး ဖြေရှင်းဖို့ ပြောလေသလား။
မေတ္တာဆိုသည်လူမျိုး၊ ဘာသာ၊ ဓလေ့ဝါသနာမရွေး အကောင်းဆုံးသော ရင်းနှီးမြှုပ်နှံမှုဟု ဆိုလေသလား။
နောက်ဆုံးမှာ အားလုံးကို ခွင့်လွှတ်ဖို့ အလုံးစုံကို လွှတ်ချခဲ့ဖို့ ညန်းလေသလား။
ကျွန်တော်တို့ နှစ်ဦးသားမှာတော့ အမေ့အလွမ်းနှင့် အမေ့အနမ်းနှင့်မွှေးမြနေဆဲကို။
ပန်သစ္စာဂျာနယ်၊ တွဲ(၁)၊ အမှတ်(၂၀)၊ အောက်တိုဘာလ၊ ၂၀၀၈

ဆက်ရန်
.

No comments: