Tuesday, November 13, 2012

တင်မောင်မြင့် ဘာသာပြန် မုန်တိုင်းထန်ကမ်းခြေ, အပိုင်း (၂၃)

"ခွေးသား ... ငရဲကို ဇောက်ထိုး ဆင်းပေတော့"
ပီယာဘိုဒီ က မျက်လုံးမှေးပြီး ကျုပ်ကို ကြည့်နေတယ်။ ဒါပေမယ့် ဘာမှ မြင်ရဟန် မတူဘူး။ မိကျောင်းခေါင်းကလစ် နဲ့ ၀ါယာနှစ်စ။ တစ်စက သူ့နှုတ်ခမ်းမှာ၊ တစ်စက တံကောက်ခွက်မှာ။ အသာ ဖြုတ်ပေး လိုက် တယ်။ ပြီးတော့ ဓားထုတ်ပြီး စည်းပတ်နှောင်ဖွဲ့ထားတဲ့ သားရေပတ်တွေ၊ ပတ္တူစတွေကို ဖြတ်ပေးလိုက် တယ်။ လွတ်လွတ် လပ်လပ် ဖြစ်သွားတော့ သူ့ညည်းသံသဲ့သဲ့ ထွက်လာ တယ်။ "အားလုံး ပြီးသွားပြီ သံအမတ်ကြီး၊ ခင်ဗျားကို ကျုပ်တို့ အိမ်ပြန်ခေါ်သွားမယ်၊ တခြား သုံ့ပန်းတွေကို ကျုပ် သွားကြည့် ရဦးမယ်၊ နှစ်မိနစ် သုံးမိနစ်လောက် ကျုပ်ကို ခွင့်ပြုဦးနော်၊ ကျုပ် လူတစ်ယောက် အစောင့် ထားခဲ့မယ်၊ ဘာမှ မပူ နဲ့တော့ သိလား၊ အများဆုံး သုံးမိနစ်ပဲ" ရီဝေေ၀ သူ့မျက်လုံးတွေ က တစ်ခုခု ပြောချင်နေပုံ။
ကို ဆက်ဖတ်ရန် ....

"ကျွန်တော် သွားတော့မယ်နော်"
သူ မျက်တောင်ခတ်လာတယ်။ ဦးခေါင်း နည်းနည်းလှုပ်လာတယ်။ သူ့ပခုံးကို အသာညှစ်လိုက် တယ်။ သူရှုံ့မဲ့ပြီး တစ်ချက် ညည်းတယ်။
"ကျုပ် ကို ခဏလေး သွားခွင့်ပေးပါနော်"
အပြင်ခန်း ကို ကျုပ် ပြေးထွက်ခဲ့တယ်။ စက်သေနတ်ကို အော်တိုမစ်တစ် ခလုတ်ဘက် တွန်းပြီး ပြောင်း လိုက်တယ်။ ဘရန်းက သံရုံးဝင်းထဲကို လှမ်းအကဲခတ်နေတယ်။ အနီရောက်အောင် ညကြည့်မှန်ကို မျက်လုံးတွေပေါ် ဆွဲအုပ်လိုက်ပြီး ...
"ဘာထူးသလဲ ... ဘရန်း"
"ဟိုဘက်က အိမ်ရာဘက်မှာ လှုပ်လှုပ်ရှားရှား တွေ့ရတယ် ဗိုလ်မှူးကြီး၊ အပြာရောင် အဖွဲ့လို့ ထင်တာပဲ"

"ကဲ ... ငါသုံ့ပန်းတွေဆီ သွားလိုက်ဦးမယ်၊ မင်းသံအမတ်ကြီးကို စောင့်နေ၊ ဘာဖြစ်ဖြစ် ဒီအနားက မခွာနဲ့"
ဂိတ်ဝ မှာ အိပ်ငိုက်နေတဲ့ နှစ်ယောက်ကို လက်ညှိုးထိုးပြပြီး ...
"တိုက်ပွဲ စ စချင်း မင်း သူတို့နှစ်ယောက်ကို ရှင်းပစ်လိုက်"
သူ့ပခုံး ကို ပုတ်ခဲ့ပြီး ခေါင်းငုံ့ ပြေးထွက်ခဲ့တယ်။ အင်း ... ခုထိတော့ အခြေအနေ မဆိုးသေးဘူး။ သည်လိုတွေး လို့မှ မဆုံးသေးဘူး တိတ်ဆိတ်နေတဲ့ သံရုံးဝင်ထဲမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ်။ သုံ့ပန်းတွေ ထားတဲ့ ဘက်ဆီက အော်သံတစ်ချက် ထွက်လာတယ်။ တစ်ဆက်တည်းမှာပဲ စူးစူးဝါးဝါး အော်သံကြာလိုက်ရတယ်။ ပြီးတော့ အော်တိုမစ်တစ် စက်သေနတ်သံ။ ကျုပ် ချက်ချင်း ဦးထုပ် က ရေဒီယိုခလုတ်ကို ဖွင့်လိုက်တယ်။

"သွေးစုပ်ကောင် တစ်မှ အခြေစိုက်စခန်း၊ သန့်ရှင်းရေး စလုပ်နေပြိ၊ အားလုံးကောင်းတယ်၊ သံအမတ်ကြီး ကျုပ် တို့ လက်ထဲ ရောက်ပြီ၊ နှိပ်စက်ခံထားရတယ်၊ ခုသုံ့ပန်းဆောင်ကို သွားမယ်၊ ဒါပဲ"
ဆိုင်မွန်ရဲ့ အသံကို သတ္တုသံအနေနဲ့ ပြန်ကြားရတယ်။ "အခြေစိုက်စခန်းမှ သွေးစုပ်ကောင်တစ်၊ သန့်ရှင်းရေး ဆက်လုပ်ပါ၊ စောင့်နေမယ်" တိုက်ပွဲ စပြီ။ မှန်ကွဲသံတွေ၊ စပိန်စကားနဲ့ အော်ဟစ်သံတွေ ဆူညံသွားတယ်။ သုံ့ပန်းဆောင်ဘက် က ပေါက်ကွဲသံတွေ ဆက်တိုက်ထွက်လာတယ်။ အဲဒီအချိန်မှာပဲ ကောင်းကင်ပေါ်က အလင်းရောင် ပေါ်လာတယ်။ သံရုံးဝင်းတစ်ခုလုံး လင်းထိန်သွားတယ်။
ဟာ ... သေတော့ မှာပဲ။ သည်လေတိုက်နှုန်းနဲ့ ဘယ်တော့မှ ချိန်လို့ရမှာ မဟုတ်ဘူး။ မော်ကြည့် လိုက်တော့ ခေါင်မိုးပေါ် က ကင်းအဖွဲ့ကို လှမ်းမြင်ရတယ်။ အိမ်ခေါင်မိုး တစ်ဖက်စွန်းဆီမှ သဲအိတ် ပတ်ပတ်လည် နဲ့ နှစ်ဖွဲ့။ မိုက်ခွက်ထဲကို တအား အော်ပြောလိုက်တယ်။

"မိုက် ... စပူနာ ချက်ချင်းပိတ်လိုက်"
မီးမောင်းတစ်ခု က ချက်ချင်း ပိတ်သွားပြီး တစ်ခုက ဖြည်းဖြည်းချင်း ငြိမ်း သွားတယ်။ ခေါင်မိုးပေါ် က သေနတ်သံတွေ ကြားလိုက်တယ်။ သုံးမိနစ်အကြာမှ ကျုပ်နောက်က အသံတစ်သံ ကြားလို့ လှည့်ကြည် လိုက်တော့ စွန်ကြီး တစ်ကောင် ထပ်ကျလာတယ်။ အရိပ်မည်းမည်း တစ်ခုထဲမှာ လုံးလားထွေး လား ဖြစ်နေတယ်။
သုံ့ပန်းဆောင် က ကျုပ်နဲ့ ကိုက်နှစ်ဆယ်လောက် ဝေးသေးတယ်။ ပေါက်ကွဲသံတွေ ဆက်တိုက် ကြားနေရဆဲ။
ပြတင်းပေါက်တိုင်း က မျက်စိကန်းမတတ် စူးတဲ့ အလင်းရောင်တွေ ဖြာထွက်လာတယ်။ ကျုပ်က အနက်ရောင်မှန် ကို ဆွဲချလိုက်တယ်။ အားလံုး ကို ပုံမှန်အတိုင်း ပြန်မြင်ရတယ်။ တံခါးပေါက်ဆိ ကို ပြေးချ သွားပြီး လှေကားထစ်ကို ကျော်လွှားတက်ခဲ့တယ်။

အတွင်းဘက်က မွန်ကာဒါရဲ့ အသံကို ကြားရတယ်။
"အမေ၇ိကန်တွေ ၀ပ်နေ၊ လှဲနေ၊ မလှုပ်နဲ့"
ဧည့်ခန်းထဲကို ကျုပ် ပြေးဝင်လိုက်တယ်။ မျိုးချစ်လူငယ်ဆိုတဲ့ စနက်တံတိုင် ခွေးသူတောင်းစား လေးတွေ အပါ အ၀င် လူလေးဆယ်လောက် ကျုပ်ရှေ့တည့်တည့်မှာ ရောက်နေပြီ။ အားလုံး မျက်စိ ကို လက်နဲ့ ဖုံးထားကြ တယ်။ ဂျင်းဘောင်းဘီ နဲ့ ချာတိတ်တစ်ယောက်က တီရှပ်ချွတ်ပြီး ခေါင်းစွပ် ထားတယ်။
သူ့လက်ထဲ မှာ သေတ္တာကလေး တစ်လုံး၊ ဒိုင်ခွက်ကလေးနဲ့။ ကျုပ်ရင်ထဲက အကြီးဆုံး အလုံးကြီး ခုမှ ကျသွား တယ်။
ထင်တဲ့အတိုင်းပဲ။ ခွေးသားတွေ ... ဂျာကင် အင်္ကျီထဲမှာ မိုင်းဗုံးအတုတွေ ထည့်ထားတာ။
မွန်ကာဒါ က ချာတိတ် တစ်ယောက်ကို ပစ်ထည့်လိုက်တယ်။ အော်သံနဲ့အတူ လွင့်ထွက်သွားတယ်။ တစ်ဆက်တည်း မျက်လုံး လက်နဲ့ ကွယ်ထားတဲ့ နောက်တစ်ယောက်ကို သူဆော်ထည့်လိုက်ပြန် တယ်။ သူ့နောက် မှာ ကုန်းကုန်းကွကွနဲ့ ယောင်ဝါးဝါးဖြစ်နေတဲ့ တစ်ယောက်ကို ကျုပ် ထိုးချိန်ပြီး ပစ်ချလိုက်တယ်။

မျက်လုံး ကို အုပ်ထားတဲ့လက် ပြုတ်ကျသွားတယ်။ ပြီးတော့ ရင်ဘတ်ကို ဖိပြီး နောက်လျန်ကျ သွားတယ်။ သူ့ခါးက ပစ္စတို လည်း ကြမ်းပေါ် လွင့်ကျသွားတယ်။ သည်တော့မှ မွန်ကာဒါက စပိန်စကားနဲ့ အော်တယ်။
"ကျန်တဲ့ကောင်တွေ ခေါင်းပေါ်မှာ လက်တင်ထား၊ ပြောတဲ့အတိုင်း မလုပ်ရင် အသေပဲ"
အခန်းထဲ ကို ကျုပ် ဝေ့ကြည့်လိုက်တယ်။ သုံ့ပန်းတွေအားလုံး မျက်နှာကို မှောက်ချ ထားကြတယ်။ မီးကျည် အလင်းရောင် လျော့ကျစပြုပြီ။ တံခါးပေါက်ဘက်ကို ကျုပ် ပြန်ပြေးထွက်ခဲ့တယ်။
လှေကားထစ်နား မှာ ပစ္စတိုနဲ့ ပစ်ခတ်နေတဲ့ အစောင့်နှစ်ယောက်။ ကျုပ်ခေါင်းပေါ်က ရှပ်ပြီး ကျည်ဆန်တွေ ဖြတ်သွား သွားသံကြားလိုက်တယ်။ ထိုးဝပ်ချလိုက်ပြီး နှစ်ပတ်လောက် လှိမ့်လိုက်တယ်။ ပြီးမှ စက်သေနက် နဲ့ ထိုးမွှေ့လိုက်တယ်။

နှစ်ယောက် စလုံး တလိမ့်ခေါက်ကွေး ကျသွားတယ်။ ကျုပ်ရှေ့တည့်တည့်မှာ တံခါးတစ်ချပ် ပွင့် လျက်သား။ ကျုပ်ပြေးဝင် သွားတယ်။ ပြေးနေရင်း ကျည်ကပ်လဲတယ်။ ရထားပြီးသား။ ရှေ့ကတံခါး တစ်ခု မှာ အောက်ထပ် ဆင်း တဲ့ လှေကားနဲ့ ၀ရန်တာတစ်ဆစ်ချိုး ရှိရမယ်။
ရှေ့အခန်းထဲ မှာ မီးကျည်လက်ပစ်ဗုံးကြောင့် စူးစူးဝါ၀ါး လင်းနေဆဲပဲ။ နှစ်စက္ကန့်အတွင်း ကျုပ်အ ခန်းထဲ ကို ရောက်သွားတယ်။ မွန်ကာဒါအဖွဲ့က တတိယ သွေးစုပ်ကောင်ကို ကျုပ်ကျောဘက်က လှမ်းမြင်ရတယ်။
သူ့တိုက်ပွဲဝင် ၀တ်စုံမှာ စက်နဲ့ကပ်ချုပ်ထားတဲ့ ဂဏန်းကတစ်ဆယ်။ သူ့နာမည်က ဆမ်ရှော။ မွန် ကာဒါ သိပ်အားကိုးတဲ့ ကောင်ပေါ့။
သူက သူ့တာဝန် ကို ပိုင်ပိုင်နိုင်နိုင် ဆောင်ရွက်ထားပုံ။ အမေရိကန်အမျိုးသမီး ခုနှစ်ယောက် မျက်နှာကို လက်ဝါးနဲ့ အုပ်ပြီး အားလုံးကြမ်းပြင်ပေါ်မှာ မှောက်လျက်။ နှစ်ယောက်က အလန့် တကြားအော်ငိုနေ တယ်။ တော်လှန်ရေး ရဲမေ ခုနှစ်ယောက်က မျက်နှာကို ဘာနဲ့မှ အုပ်မထားကြ ဘူး။ သူတို့အတွက် မလိုတော့ ဘူးလေ။ အားလုံးအသက်မရှိကြတော့ဘူး။

ရှော က ကျုပ်ကို ချာခနဲ လှည့်ကြည့်တယ်။ မှန်အနက်ဆွဲချထားတော့ သူရုပ်ပုံက ဂြိုလ်သားတစ် ယောက်နဲ့ တူနေ တယ်။ ကျုပ်လဲသူ့လိုပဲ နေမှာပေါ့လေ။
တဖြည်းဖြည်း မီးရောင်မှိန်ကျသွားတယ်။ ကျုပ်တို့နှစ်ယောက် မှန်နက်တွေကို ဆွဲတင်လိုက်ကြ တယ်။
"ကျွန်တော် တစ်ယောက် တည်း ဆိုတော့ မညှာနိုင်တော့ဘူး ဗိုလ်မှုးကြီး၊ အားလုံးကို ရှင်းလိုက်ရ တယ်"
"မင်းလုပ်တာ မှန်ပါတယ်ရှော၊ ဒီအဆောင်ကို သုံးယောက်ဝင်ရမှာလေ၊ မင်းလုပ်တာ မှန်တယ်"
ခေါင်မိုးပေါ် က စက်သေနတ်သံတွေ တရစပ်ကြားနေရဆဲပဲ။ အပေါ်ထပ်က ကင်းပုန်းကို ဖြိုနေကြ ပြီ။ အင်ဂရမ် ရဲ့ အသံတွေ။ မလိုတော့လို့ သူတိုကအသံတိတ်ပြောင်းတွေ ဖြုတ်လိုက်ကြတာ ဖြစ်မယ်။
အဲဒီအချိန် မှာပဲ ပတ်ပတ်လည်က အမြောက်သံတွေ၊ ပေါက်ကွဲသံတွေ ကြားလိုက်ရတယ်။ နစ်မစ်ဇ် က အေခြောက်အက်စ် တို့ လေယာဉ်နဲ့ ရဟတ်ယာဉ် ရောက်လာတော့မယ်။ မင်းတို့စစ်ကူလာဖို့ စိတ်မကူး ကြနဲ့တော့။ သံရုံးဝင်းထဲ ကို ယင်ကောင် တစ်ကောင်တောင် ၀င်နိုင်တော့မှာ မဟုတ်ဘူး။

ပြဿနာက သောက်ရမ်းလင်းနေရာက ရိုးရိုးမီးလုံးအရောင်မှာ ကျုပ်တို့ဘာမှ သဲသဲကွဲကွဲ မရှိသ လိုဖြစ်သွား တယ်။ ၀ိုးတ၀ါးမြင်ကွင်းကိုကြည့်ပြီး ကျုပ်စကားစလိုက်တယ်။
"ကဲ...အမျိုးသမီးတွေ၊ မျက်လုံးဖွင့်နိုင်ပါပြီ။ ထကြတော့"
လက်နဲ့ မျက်နှာ ခွာပြီး ဒယိမ်းဒယိုင်ထရပ်ကြတယ်။ အလောင်းတွေကို ကြည့်ပြီး သူတို့အထိတ် တလန့်ဖြစ်နေကြ လို့ ကျုပ် ခပ်သွက် သွက်ပြောလိုက်ရတယ်။
"အမျိုးသမီးတွေ၊ ဒီမှာ...ကျုပ်နာမည် ဗိုလ်မှုးကြီးဆလိုကမ်ပါ၊ ခင်ဗျားတို့ အမျိုးသားတွေအားလုံး ဘာမှမဖြစ်ဘူး၊ အဲဒီ ဂျာကင်တွေထဲမှာ ဘာမှမရှိဘူး၊ ချွတ်ပြီလွှင့်ပစ်လိုက်၊ ပြီးတော့ ကျုပ်နောက် လိုက်ခဲ့ကြ၊ ခေါင်းတော့ ငုံ့ ထားနော်" ကျုပ်ကိုကြည့်ပြီး သူတို့ကြောင်နေကြတယ်။

"လာလေ... မြန်မြန်လုပ်"
ငှက်မျက်နှာနဲ့တူတဲ့ အမျိုးသမီးတစ်ယောက်က ပထမဆုံးအသက်ဝင်လာပြီး...
"ဟဲ...မြန်မြန်လုပ်ကြ၊ အိုင်ရင်း၊ ဂျူလီ၊ ဟိုကောင်မလေးလုပ်လေ"
ကျုပ်က ရှော ကို အမိန့်ပေးလိုက်တယ်။
"မင်း ဆက်လုပ်၊ ရှေ့အပေါက်ဝကို သွားပြီး ကင်းစောင့်၊ အဲဒီမှာနေပြီး မင်းအခြေအနေ စောင့်ကြည့်"
သူပြေးထွက်သွားပြီး မကြာခင် ကျုပ်လဲပြေးလိုက်တယ်။ မိန်းမတစ်သိုက် ကျုပ်နောက်က ကပ်ပါ လာတယ်။ တံခါးဝမှာ သူကျုပ်တို့ကို အကာအကွယ်ပေးဖို့ နေရာယူထားတယ်။ အနီရောင် အောက်မျက်မှန်တပ်လျက်သား၊ စက်သေနတ် နဲ့ အပြင်ကိုချိန်လျက်သား။ သူ့ကိုကျော်တတ်ပြီး ကျုပ်တို့ပြေးကြတယ်။

အမျိုးသား သုံ့ပန်းဆောင် ရောက်တာနဲ့ မိန်းမငါးယောက်က ကျုပ်ကိုတိုးဝှေ့ပြီး သူ တို့ယောက်ျား တွေဆီအော်ဟစ်ပြေး သွားကြတယ်။ ကျန်တဲ့နှစ်ယောက်က အပျိုအတွင်းရေးမှုးတွေ ထင်ပါရဲ့။ သူတို့ ပြန်လည်တွေ့ဆုံ ပွဲဟာ သိပ်ကြည်နူးစရာ ကောင်းပါတယ်။ ဒါပေမယ့် မွန်ကာဒါလှမ်းအော် လို့သူတို့ တစ်တွေ ရုပ်ရှင်ဆန်ဆန် မကြည်နူးလိုက်ကြရပါ။
"၀ပ်နေ....၀ပ်နေ၊ ကြမ်းပြင်ပေါ်မှာ ၀ပ်နေကြလေ"
စုံတွဲတွေ ပွေ့ဖက် လျက်သား လှဲချလိုက်ကြတယ်။ ကျုပ်ကလက်တစ်ဖက် မြှောက်ပြီး.....
"နားထောင်ကြပါ၊ အားလုံးလွတ်မြောက်ပါပြီ၊ ရဟတ်ယာဉ်တစ်စင်း ခုပဲရောက်လာတော့မှာပါ၊ အားလုံး အိမ်ပြန်ကြ ရတော့မယ်၊ ဒါပေမယ့် အပြင်မှာ တိုက်ပွဲဖြစ်နေတုန်းမို့ တိုက်ပွဲပြီးတဲ့အထိ ကြမ်းပြင်ပေါ် မှာပဲ လှဲနေကြပါ ဦး၊ ဒီက ဗိုလ်ကြီးမွန်ကာဒါက ခင်ဗျားတို့ အားလုံးကို စောင့်ရှောက် ပါလိမ့်မယ်၊ သူပြောတဲ့အတိုင်း တိတိ ကျကျ လိုက်နာကြပါ"  "သံအမတ်ကြီး အခြေအနေကော"
သူတို့အထဲမှ တစ်ယောက်က လှမ်းမေးတယ်။

"သူတော်တော် နေမကောင်းဖြစ်နေတယ်၊ ကျွန်တော်တို့လက်ထဲ ပြန်ရောက်လာပါပြီ"
လက်ခုပ်သံ သဲ့သဲ့ ကြားလိုက်တယ်။ ကျုပ်ဘယ်ဘက်မှာ မွန်ကာဒါရဲ့ တပည့်တစ်ယောက် က ကျောက်ရုပ်လို ငြိမ်ငြိမ်ကြီး ရပ်နေ တဲ့ ဖမ်ဘိုနာရဲ့နောက်လိုက် ချာတိတ်တွေကို ခြေထိတ်တွေ လက်ထိတ်တွေ လိုက် ခတ်နေတယ်။
"ဗိုလ်မှုးကြီး ရဲ့လက်ထိပ်တွေ ကျွန်တော့်ကို ပေးပါလား"ဟု သူကလှမ်းပြောတော့ ကျုပ်ကအတွဲ လိုက်ဖြုတ်ပြီး သူ့ဆီ လှမ်းပစ်ပေးလိုက်တယ်။ စက်သေနတ်သံတွေက ခေါင်မိုးပေါ်တင် မဟုတ်ဘူး၊ ၀င်းထဲကပါ ကြားနေရသေး တယ်။ အနည်းဆုံး နှစ်လက်လောက် တရကြမ်းပစ်နေတယ်။
ရေဒီယိုခလုတ် ကို ဖွင့်လိုက်ပြီး...
"သွေစုပ်ကောင်တစ် မှ အခြေစိုက်စခန်း၊ ကြားရင်အကြောင်းပြန်"
"အခြေစိုက်စခန်းမှ သွေးစုပ်ကောင်တစ်၊ ဆက်ပြော"

"သုံ့ပန်းအားလုံး ပြန်ရပြီ၊ သံအမတ်ကြီး ကျန်းမာရေး အခြေအနေမကောင်းဘူး၊ လောလောဆယ် လုံခြုံရေး ရုံးခန်း ထဲမှာပဲ ရှိသေးတယ်၊ ခေါင်မိုးပေါ်က ရန်သူတချို့ခံပစ်နေကြသေးတယ်၊ ဒါပဲ"
ဆိုင်မွန် ရဲ့ လေသံက စိတ်လှုပ်ရှားနေပုံ...
"သွေးစုပ်ကောင်တစ်၊ ဂုဏ်ယူတယ်၊ ခေါင်မိုးပေါ်ကိုလေကြောင်းက ပစ်ပေးရမလား"
"မလိုဘူး....အယ်လ်၊ မလိုဘူး"
"သေချာရဲ့လား ဆိုက်လက်စ်"
"သေချာပါတယ်၊ ကျုပ်တို့ချည်းဖြစ်အောင် လုပ်သွားမယ်၊ လာသယ်မယ့် ရဟတ်ယာဉ်တွေကို မဆင်း ပါစေနဲ့ဦး၊ ကမ်းခြေတစ်ဝိုက်မှာပဲ စောင့်နေပါစေ"
"အိုကေ...ကံကောင်းပါစေ"
အခြေအနေ ကို ကျုပ်သိချင်လှပြီ။ လျှို့ဝှက်သင်္ကေတတွေ ဘေးချိတ်ထားဖို့ ဆုံးဖြတ်လိုက်တယ်။ ၀င်းထဲက ပစ်နေတာ ဘယ်သူလဲဆိုတာ သိဖို့လိုတယ်။ "ဆလိုကမ် ခေါ်တယ်၊ လူးဝစ်အကြောင်းပြန်"

"ကျွန်တော်စပူနာပါ ဗိုလ်မှုးကြီး၊ လူးဝစ်ကျသွားပါပြီ"
"ဟုတ်လား၊ မင်းအကြောင်းဆက်ပြော"
"၀န်ထမ်းအိမ်ရာ နဲ့ သုံ့ပန်းဆောင်ပေါ်ကို ကျွန်တော်စက်ကြီးနဲ့ပစ်ပြီး ဆင်းလာပါတယ်၊ ဒါပေမယ့် ရေကူးကန်ဘေး မှာ ဆင်းမိပါတယ်၊ အကျမကောင်းဘူး ဗိုလ်မှုးကြီး"
"မင်း ဘာဖြစ်သွားလဲ"
"ညာဘက်ခြေထောက် ကျိုးသွားတယ်၊ ဒါပေမယ့်အိမ်ရာ ထောင့်မှာ ကျွန်တော် နေရာယူထားပါ တယ်၊ သုံ့ပန်းဆောင် ဆီကို ဘယ်သူမှ မလာစေရဘူး၊ ကျွန်တော့်ပစ်ကွင်းပဲ"
"ကောင်းပြီ၊ မင်းကို မကြာခင်လာခေါ်မယ်"
"ကာစတင်နီဒါ၊ အကြောင်းပြန်"
"ကာစတင်နီဒါသတင်းပို့နေပါတယ်၊ အဆောက်အအုံနံပါတစ်ရှင်းပြီး၊ ရန်သူဆယ့်ငါးယောက်သေ၊ ဆယ့်နှစ်ယောက် ဖမ်းမိ၊ အကျအဆုံး အထိအခိုက်မရှိ၊ သုံ့ပန်းဆောင်ဘက်ကို မကူးနိုင်၊ ခေါင်မိုး ပေါ်က စက်သေနတ်နှစ်လက် ပစ်နေတယ်"

"ကောင်းပြီ...မင်း သိပ်တော်တယ်၊ ဒီအတိုင်းနေ၊ စကာဆာ သတင်းပို့"
"စကာဆာ သတင်း ပို့နေတယ်၊ အဆောက်အအုံနှစ်နဲ့သုံး သိမ်းထားပြီး၊ ရန်သူနှစ်ဆယ်သေ၊ သုံးယောက် အရှင် ဖမ်းမိ၊ လက်ဂရန့် သူ့လက်ပစ်ဗုံးဆန် သူ့ပြန်မှန်၊ ရင်ဘတ်နဲ့ ပခုံးထိ၊ ဒါပေမယ့် လမ်းလျှောက်နိုင်၊ ကျွန်တော် တို့လဲ ခေါင်မိုးပေါ် က စက်သေနတ်ကြောင့် ဒီမှာ ပုနေရ တယ်"
"ကောင်းပြီ...စောင့်နေ"
သောက်ပြဿနာ ပဲ။ လေကြောင်းစစ်ကူ တောင်းရမှာကြီးကျယ်ပြီး ကျုပ်က ငြင်းလိုက်တာ။ စပူနာ က အအောက်အအုံရဲ့ ညာဘက်ထောင့်မှာ၊ ကိုက်နှစ်ရာလောက် ဝေးသေးတယ်။ ကိုယ့်ဘာသာကိုယ် ရှင်းမှဖြစ်တော့ မယ်။ အဲဒီအချိန်မှာ ကြမ်းပြင်ပေါ်က အော်သံ ကြားလိုက်တယ်။

"ဗိုလ်မှူးကြီး... ဗိုလ်မှူးကြီး"
ငုံ့ကြည့်လိုက်တော့ သုံ့ပန်းထဲက ဘဲမြီးကတုံးဆံတောက်နဲ့ ခပ်မိုက်မိုက် ပုံစံတစ်ယောက်။
"ကျွန်တော် တပ်ကြပ်ကြီး ကင်နီကောဒါး ပါ ခင်ဗျ၊ ကျွန်တော်တို့ ကမ်းတက် တပ်ဖွဲ့သားအားလုံး ဆယ့် ငါးယောယာက် ရှိပါတယ်။ ကျွန်တော်တို့ ဝင်ချပါရစေ"
သူတို့ ဘာမှမတတ်နိုင်ပါ။ ဒါပေမယ့် သူ့ပုံစံက လက်ယားနေပုံ။
"ကောင်းပါပြီ... ဆာဂျင်၊ တို့မှာ လက်နက်အပိုမပါဘူး၊ ရန်သူ့လက်နက်တွေ စုပြီး မင်းတို့ ဗိုလ်မှူး မွန်ကာဒါဆီ သတင်းပို့" သူတို့ကို အသုံးပြုဖို့ မွန်ကာဒါကိုပြောလိုက်တယ်။ အနည်းဆုံး လုံခြုံရေးဖြစ်ဖြစ်၊ ကင်းဖြစ်ဖြစ်ပေါ့။
အရေးအကြီးဆုံးက ခေါင်မိုးပေါ်တက်ဖို့ပဲ။ ရဲဘော်တစ်သိုက် မတ်တတ်ထရပ်ကြသည်။

ကျုပ်က...
"သံရုံးအုပ်ချုပ်ရေးအရာရှိက ဘယ်သူတုံး"
"ကျွန်တော်ပါ... ဗိုလ်မှူးကြီး၊ ဂျော့ဝက်ရှ်ပါ"
မျက်နှာဝိုင်းဝိုင်း၊ လူလတ်ပိုင်း။
"ဟိုဘက် တိုက်ခေါင်မိုးပေါ်တက်တဲ့အပေါက် ဘယ်နားမှာလဲ"
သူ ခေါင်းယမ်းနေတုန်း ဗိုလ်ကြီးမွန်ကာဒါက...
"အဲဒါဆိုရင် ကိုယ့်ကိုယ် ကို သတ်သေသလို ဖြစ်လိမ့်မယ် ဗိုလ်မှူးကြီး၊ အနေအထားက မြင်ကွင်းအား လုံးကို  ပစ်နိုင်တယ်"
ရုတ်ခြည်း ဝက်ရှ်မျက်နှာ ဝင်းပသွားသည်။
"ခဏလေး... ရှိတယ်... ဗိုလ်မှူးကြီး၊ နောက်ဘက်မှာ ရေပိုက်တစ်လုံးရှိတယ်၊ ခေါင်မိုးပေါ်ထိ ရောက်တယ်"
"ပုံထဲမှာ အဲဒီပိုက် မပါပါဘူး"

"ဟုတ်ကဲ့... မပါပါဘူး၊ ဒီ သံအမတ်ကြီးရောက်မှ မိုးဆက်တိုက်ရွာရင် သူ့အိမ်ဘက် ရေစီးများလို့ဆိုပြီး အပိုတပ်ခိုင်း တာပါ၊ ဒါကြောင့် ပုံထဲမပါတာပါ"
မွန်ကာဒါဆီ က ကျည်ကပ်အပိုတွေ ကျုပ် တောင်းယူလိုက်တယ်။ လက်ပစ်ဗုံး သုံးလုံးတည်း ထပ်ယူ သွားတယ်။ ကျုပ်ကိုယ်ပိုင် နဲ့ဆို ခုနစ်လုံး။ ရေဒီယိုခလုတ်ကို ဖွင့်လိုက်တယ်။
"အားလုံး နားထောင်၊ ခုချိန်ကစပြီး စက္ကန့်ခြောက်ဆယ်ပြည့်တာနဲ့ ခေါင်မိုးပေါ်ကို ဝိုင်းပစ်ပေး၊ စက္ကန့် သုံးဆယ် ပစ်ပြီးရင် ရပ်လိုက်"
တစ်ဆက်တည်း မွန်ကာဒါ ကို မှာတယ်။
"ငါ ကျသွားရင် လေကြောင်းအကူ လှမ်းခေါ်၊ ဟုတ်ပြီလား"
"ဟုတ်ကဲ့ပါ ဗိုလ်မှူးကြီး၊ ကံကောင်းပါစေ"
ကျုပ် ပြေးထွက် သွားတယ်။ တံခါးဝရောက်တော့ ရှောရဲ့နံဘေးမှာရပ်ပြီး အသာစောင့်တယ်။ သေနတ် သံတွေ တစ်ပြိုင်နက် ဝေါခနဲ ထွက်လာတာနဲ့ ကျုပ် ပြေးထွက်သွားတယ်။ ဝဲယာမကြည့်ဘဲ တိုက်မြောက်ဘက်ထောင့်စွန်း ကို  စွတ်ပြေးတာ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်တုန်းကတော့ မီတာတစ် ရာကို ဆယ့်တစ်စက္ကန့်နဲ့ စံချိန်တင်ခဲ့ တဲ့ကောင်ပေါ့။ ဒါပေမယ့် ခု ဒါထက်မြန်မှာဖြစ်မယ်။
အပေါ်က ခွေးသားတွေက ရိပ်ခနဲ တွေ့လိုက်သလား မသိဘူး ကျုပ်ဘက်ကို စွတ်ပစ်ပါလေရော။ တကယ်ပဲ ကျုပ် ခြေလှမ်း ပိုမြန်လာတယ်။ ဒိုက်ထိုးပြီး တအားလှိမ့်ချလိုက်တယ်။ တစ်စုံတစ်ခုနဲ့ သွား တက်မိတယ်။

"အောင်မယ်လေးဗျ"
"ဘယ်သူလဲ"
"စပူနာ ပါ ဗိုလ်မှူးကြီး၊ ဆောရီး... ကျွန်တော့် ခြေထောက်..."
"ဟာ... သေပါတော့၊ ဆောရီး စပူနာ၊ နားထောင်၊ ဟိုမှာ ရေပိုက်ရှိတယ်၊ ငါ အပေါ်တက်မယ်၊ မင်း ငါ့ ကို ကျည်ကာပစ်ပေးနိုင်မလား"
"ရတယ် ဗိုလ်မှူးကြီး၊ ကျွန်တော့်ကို ဟိုအနားထိ ဆွဲခေါ်သွားပေးပါ"
သူ့ကို ဆယ်ကိုက်လောက် ဖြည်းဖြည်းချင်း ဆွဲယူသွားတယ်။ ဒါပေမယ့် မချိမဆံ့ ခံနေရမှန်း ကျုပ် သိတယ်။ ဒီမယ် ကိုယ့်လူ၊ အဲဒီလို ကလေး မျိုး ရွှေတံဆိပ်ရမယ်လို့ ခင်ဗျား ထင်လား။
ကမ္ဘာပျက်မတတ် ဆူညံသွားတဲ့ စက်သေနတ်သံတွေ ရုတ်ခြည်းရပ်သွားတယ်။ ရေပိုက်ကို ကျုပ် စမ်း ကြည့်တယ်။ ပိုက်ကို ဖမ်းထားတဲ့ ဘရက်ကက်တွေ က ငါးပေအကွာမှာ တစ်ခုလောက်ရှိတယ်။ ခိုတက် ဖို့ နင်းတက် ဖို့ အလောတော်ပါပဲ။ အဲဒီအချိန်မှာပဲ ကင်းထောက်လေယာဉ်က သံရုံးဝင်းအပြင်ဘက် ပတ်ပတ်လည် ကို မီးကျည်တွေ ပစ်ချတယ်။ ဒီလောက်လင်းနေရင် ကျုပ်အတွက် မဖြစ်ဘူး။ ရေဒီယို ခလုတ်ကို ဖွင့်လိုက်တယ်။

"အယ်လ်၊ ကြားရင် အကြောင်းပြန်..."
"ကြားတယ် ဆိုက်လက်စ်"
"ကျွန်တော် ခေါင်မိုးပေါ်ကို တက်မလို့၊ ခင်ဗျားကောင်တွေကို မီးကျည်နောက်ထပ်မချဘဲ ခဏဆိုင်း ထား ဖို့ ပြောပေးပါ"
"ကောင်းပြီး ဆိုက်လက်စ်၊ သတိထားသွားပါ"
"စိတ်ချ အယ်လ်"
ခဏအတွင်း ပြန်မှောင် သွားတယ်။ ဒါပေမယ့် ကျွန်တော့်ညကြည့် မျက်မှန်ထဲမှာ အားလုံးကို ရှင်းရှင်း လင်းလင်း မြင်နေ ရတယ်။ အပေါ်ရောက်တော့ ကျည်ကာပစ်ပေးဖို့ ထပ်ပြောမယ်စိတ်ကူးပြီးမှ မပြောဖို့ ဆုံးဖြတ် လိုက်တယ်။ သူတို့နဲ့အတူရောပြီး  ကျုပ်ပါ ချောသွားနိုင်တယ် မဟုတ်လား။ ဒိုင်းစွန်းကို ခိုပြီး ခေါင်မိုးပေါ် ကို ချောင်းကြည့်လိုက်တယ်။ ချိုးချိုးချွတ်ချွတ်အသံတွေ မြည်သွားတယ်။ ဒါပေမယ့် တော်ပါ သေးရဲ့၊ သံရုံးဝင်းတစ်ခု လုံး အသံတွေ ဆူညံနေတော့ အပေါ်က ခွေးသားတွေ ကြားပုံမရဘူး။

သူတို့နှစ် ဖွဲ့က အစွန်းတစ်ဖက်ဆီမှာ နေရာယူထားတာ။ တစ်ယောက်ရဲ့ဦးခေါင်းကို သံအိမ်ပတ်ပတ်လည်ပေါ် မှာ ကျုပ် လှမ်းမြင်နေရတယ်။ နောက်တစ်ယောက်က အောက်ကိုငုံ့ကြည့်နေတယ်။ ကျွန်တော့် ဘက်ကို လှည့် လာတော့ ဇက် ကို အတတ်နိုင်ဆုံး ပုပစ်လိုက်တယ်။ အနေအထားကို ကျုပ် အပြေးအလွှား တွက် ရတော့ တာပေါ့။ သူတို့နှစ်ယောက် ဖွဲ့ ပေတစ်ရာလောက်ကွာတယ်။ တစ်ယောက်ကို လှမ်းပစ်လိုက်တာ နဲ့ နောက်တစ်ယောက် က ကျုပ်ကို မြင်သွားမှာ။ ဒီတော့ ဘာလုပ်ရမလဲ။ လွယ်ပါတယ်။ နှစ်ယောက်ကို တစ်ပြိုင်တည်းဆော်ပေါ့ လို့ ကိုယ့်ကိုယ် ကို ပြန်ပြောလိုက်တယ်။
"ဟေ့... ဆလိုကမ်၊ ခွေးသား တစ်ယောက်ကိုသတ်ပြီး နောက်တစ်ယောက်ကို အရှင်ဖမ်းလို့တောင် ရ သေး တယ်၊ ဒါပေမယ့် လုပ်မနေနဲ့၊ မြန်မြန်ကိစ္စပြတ်အောင်လုပ်"
ပေါက်ကွဲသံတွေ၊ သေနတ်သံတွေ တရစပ် ဆူညံလာပြန်တယ်။ 

စက္ကန့်သုံးဆယ်စောင့်ပြီး ခေါင်မိုးပေါ် ကို ကျုပ် တွားတက်လိုက်တယ်။ ညာလက်နဲ့ လက်ပစ်ဗုံးတစ်လုံး ကို ဖြုတ်လိုက်တယ်။ ပြီးတော့ ပင်ကို ဆွဲဖြုတ်လိုက်တယ်။ ပင်ဖြုတ်ပြီးသား ဗုံးကို ဘယ်ဘက်လက်ထဲ ထည့် လိုက်ပြီး ညာဘက်နဲ့ နောက် တစ်လုံး ထပ်ဆွဲယူတယ်။ ဒုတိယဗုံးကို ပင်ဖြုတ်နေတုန်း ဘယ်ဘက် ခေါင်းမိုး ပေါ်စွန်း မှ အော်သံ ကြားလိုက်တယ်။ အဲဒီမှာ တစ်လုံး လွတ်ကျသွားပြီး မြေကြီးပေါ် မရောက်ခင် လေထဲ မှာ ပေါက်ကွဲသွားတယ်။ စက်သေနတ်ကြီးရဲ့ ပြောင်းဝ ကျုပ်ဘက် လှည့်လာနေပြီ။ တစ်ဖက်ဘန်ကာဆိကို လက်ပစ်ဗုံး နဲ့ ကျွန်တော် ပစ်ထည့်လိုက်တယ်။ သေလိုက်ပါကွာ၊ သဲအိတ် ပေါ် ကျသွားတယ်။ ပေါက်ကွဲသံနဲ့ အတူ အလူးအလဲထ၊ စက်သေနတ်ကို ဆွဲယူပြီး ပြေးသွားတယ်။

ရှေ့တည့်တည့် က စက်ကြီးပြောင်းဝက တဖြည်းဖြည်းချင်း လှည့်လာရာက ကျုပ်နဲ့ မျဉ်းတဖြောင့် တည်း တစ်ခုတည်း ဖြစ်လုနေပြီ။ စက်သေနတ်ခလုတ် ကို တအားညှစ်ပြီး ပြေးတက်သွားတယ်။ စက်ကြီးရဲ့ ကျည်ဆန်တွေ ကျုပ်ခေါင်းပေါ် မှာ တရွှီးရွှီး ဖြတ်ပြေးနေတယ်။ ဆယ့်ငါးပေ အကွာ ရောက်တော့ ပြောင်းဝ တဖြည်းဖြည်း နိမ့်လာပြီ၊ သေဖို့ပဲ ကျန်တော့တယ်။ ဆယ်ပေအကွာရောက် တော့ နံဘေးတစ်ဘက်မှ ပူခနဲ ဖြစ်သွားတယ်။ လုံးဝ ကျည်ကုန်သွား တဲ့ စက်သေနတ်ကို ပိုက်ပြီး သဲအိတ် ဘန်ကာကျင်းထဲ ဒိုင်ဗင် ထိုးဆင်းလိုက်တယ်။ တစ်ယောက်က သွေးအိုင်ထဲမှာ လဲနေတယ်။ နောက်တစ်ယောက်က ခါးမှာ ပတ်ထားတဲ့ ပစ္စတို ကို ဆွဲထုတ်မယ်အလုပ် သူ့မျက်နှာ ကို စက်သေနတ်နဲ့ ဖြတ်ရိုက်လိုက်တယ်။ ကျုပ် ဒေါသက ဒီမှာတင် မကုန်သေးဘူး။ သူ့ကိုယ်ကို ကိုင်မြှောက်ပြီး အမိုးပေါ်က ပစ်ချလိုက်တယ်။

အဲဒီအချိန်မှာ သေနတ်သံ တစ်ချက် ကြားလိုက်ရတယ်။ ကျုပ်နောက်က သဲအိတ်ကို လာမှန်တယ်။ ခေါင်းငုံ့ပြီး တစ်ဖက် ကို လှည့်ကြည့်လိုက်တယ်။ ဟိုဘက်ထိပ်က သဲအိတ်တွေ တစ်စစိ ဖြစ်နေပေ မယ့် တစ်ကောင်က မသေသေ ဘူး။ သူက ပေါက်ကျနေတဲ့ သဲအိတ်နံဘေးမှာ တုံးလုံး လဲလျက်က ကျုပ်ကို လှမ်းပစ်နေတာ။ ဘန်ကာ ထဲက စက်ကြီး ပြောင်းဝ ကို ဆွဲနှိမ့်လိုက်တယ်။ ကျည်ကတ်တွေ က တစ်တွဲကြီး၊ နောက်သေနတ်သံ တစ်ချက် ထွက်လာတယ်၊ သဲအိတ်ကိုပဲ မှန်တယ်။ ၀ုန်းခနဲ ထရပ်ပြီး စက်ကြီးခလုတ်ကို လက်မနဲ့တအား ဖိထား လိုက်တယ်။ ကျည်ကတ်အရှည်ကြီးကုန်သွား တဲ့အထိ ခလုတ်ကို ဆက်ညှစ်ထားလိုက်တယ်၊ သဲအိတ်တွေကော အဲဒီငနဲ ပါ ခေါင်းမိုးပေါ်မှာ တစ်စစီ ဖြစ်သွားတယ်။
ပွဲတော့ ပြီးသွားပြီ။ အသက်ရှူမှန်တဲ့အထိ ကျုပ် ခဏနားလိုက်တယ်။ ပြီးမှ ရေဒီယို ခလုတ်ဖွင့်ထား တယ်။

"သွေးစုပ်ကောင်တစ် မှ အခြေစိုက်စခန်း၊ အားလုံး သန့်ရှင်းရေးလုပ်ပြီးပြီ၊ ရဟတ်ယာဉ် လွှတ်လိုက် တော့၊ ဒါပဲ"
အယ်လ်ဆိုင်မွန် ၏ ဝမ်းသာအားရ အော်သံကြီး ကျုပ် နားထဲတွင် ပဲ့တင်ထပ်သွားတယ်။
"လာနေပြီ ဆိုက်လက်စ်၊ သူတို့ လာနေပြီ၊ အရမ်းချီးကျူးတယ်၊ မကြာခင် ပြန်တွေ့မယ်"
သုံ့ပန်းဆောင်ဆီ မှ လက်ခုပ်သံတွေ ဆူညံသွားတယ်။

"အုပ်စု အားလုံးနားထောင်၊ ရဟတ်ယာဉ်ဆင်းမယ့်နေရာကို မီးကျည်ထွန်းတော့၊ ဗိုလ်ကြီး မွန်ကာဒါ၊ တို့လူတွေ ကို အဆင်သင့်ဖြစ်အောင်လုပ်ထား၊ ရဟတ်ယာဉ်ဆင်းတာနဲ့ အပြင်ကိုခေါ်ထုတ်၊ အမျိုးသမီး တွေ ပထမ တက်ပစေ၊ ဒုတိယအမျိုးသားတွေ၊ တတိယ သံရုံးရဲဘော်တွေ၊ သွေးစုပ်ဖုတ်ကောင်တွေ အားလုံး အသင့်အနေအထား နဲ့ နေရာယူထား၊ သံအမတ်ကြီး ကို ငါကိုယ်တိုင် ယူခဲ့မယ်၊ လုံးဝသတိ မလစ်စေနဲ့၊ နစ်မစ်ဇ်ပေါ် ကိုရောက် မှ အိမ်ပြန်ရောက်တယ်လို့ မှတ်ကြ"
ရေဒီယိုခလုတ် ပိတ်လိုက်တယ်။ ခုမှ သက်ပြင်းချနိုင်တော့တယ်လေ၊ ကျုပ် လူဆီ အမြန်လစ်မှ။

ဆက်ရန်
.

1 comment:

Anonymous said...

ကျေးဇူးပါ
နေ့တိုင်း ဒီအချိန်ဆို မျှော်နေမိတယ်