Tuesday, November 13, 2012

ဒေါက်တာအောင်ကြီး ၏ အဆွေးလူ၊ အတွေးလူ၊ သိမ့်မွေ့လူ, အပိုင်း (၆)

အနီ၊ အပြာ၊ အစိမ်းထဲက အဖြူ
(၁)


၁၉၇၀ ဆယ်တန်းအောင်စာရင်းထွက်တော့ အစ်မနှင့် ကျွန်တော် နှစ်ယောက်စလုံးအောင်ကြသည်။ အစ်မက (ခ) စာရင်းကပဲ အောင်၍ တက္ကသိုလ်ဆက်တက်ခွင့်မရလေ။ တစ်မိသားစုလုံး စိတ်မကောင်းဖြစ် ကြရသည်။ အစ်မကိုယ်နှိုက် ကလည်း စိတ်ပျက်မိမှာ အမှန်ပင်။ သို့သော် အစ်မက ပြတ်သားရဲဝံ့စွာ ဆုံးဖြတ် ချက်တစ်ခု ချလိုက် သည်။ သူ တက္ကသိုလ်တက်ဖို့ မကြိုးစားတော့။ ဆယ်တန်းပြန်မဖြေတေ့။ သူ သူနာပြု သင်တန်း တက်မတဲ့။
အဖေ့သူငယ်ချင်းတစ်ဦး ၏သမီးက သူနာပြုသင်တန်းအောင်ပြီး ကသာဆေးရုံမှာ သူနာပြုဆရာမအဖြစ် တာဝန် ထမ်းဆောင်နေရာ အစ်မက သူ့ဆီ သွားရောက်ချဉ်းကပ် တပည့်ခံသည်။ ဆရာမကလည်း စိတ်ရှည် လက်ရှည် လက်ခံ ရှင်းပြသည်။ ဘာစာတွေ ဖတ်ထားရမလဲ။ ဘာတွေ လေ့လာထားရမလဲ။ မိမိ ကိုယ်နှင့် စိတ်ကို ဘယ်လို ပြင်ဆင်ထား ရမလဲ။

ခက်တာတစ်ခု က အစ်မက ငယ်ငယ်လေးကတည်းက ကြောက်တတ်သူ။ သွေးမြင်ရင် လန့် တတ်သူ။ ပြည် မြင် ရင် ရွှံတတ်သူ။ ကျွန်တော်တို့ တစ်တွေထဲမှာ စွဲနေတာက သူနာပြုဆရာမ လုပ်မည့်သူ ဟာ သွေးမကြောက် ရဘူး။ ပြည်မရွံရဘူး။ တစ္ဆေသရဲ မကြောက်ရဘူး။ အဲဒီ ပေတံတွေနဲ့ တိုင်းလို့ကတော့ အစ်မ နှင့် သူနာပြုအလုပ် ဘယ်သို့ မှ နီးစပ်စရာမမြင်။
အမေကလည်း သူ့သမီးကြီး အဲဒီဘက်မှာ မစွမ်းမှာ ပူပင်လှသည်။ အစ်မက ဘယ်သူတွေ ဘာပြောပြော မမှု။ သူ့လမ်းသူ တန်းတန်းမတ်မတ် လျှောက်သည်။ သူ့ဘာသာ စာတွေကျက်လေ့လာပြီး သူနာပြုသိပ္ပံ ၀င် ခွင့်စာမေးပွဲဖြေ သည်။ အောင်သည်။ ရန်ကုန်သူနာပြုသိပ္ပံ တက်ရမတဲ့။ အဲဒါမှ ဒုက္ခ။ ကျွန်တော်တို့ အားလုံး က မန္တလေး သူနာပြုသိပ္ပံ တက်ရမတဲ့။ အဲဒါမှ ဒုက္ခ။ ကျွန်တော်တို့ အားလုံးက မန္တလေး သူနာပြုသိပ္ပံ တက် ခွင့်ရမယ် မျှော်လင့် ထားတာ။ ကျွန်တော်တို့ မြို့နှင့်လည်း နီး၊ ဆွေမျိုးသားချင်းတွေကလည်းရှိ။ ခုတော့ ရန်ကုန် တဲ့။ အစ်မကတော့ ရန်ကုန်လည်း သွားမှာပဲ။ ထိုအချိန်က ရန်ကုန်တွင် စီးပွားရေး တက္ကသိုလ်တက် နေသော အစ်ကိုကြီးကတော့ ရန်ကုန်မှာ သင်တန်းတက်ဖို့ လှိုက်လှိုက်လှဲလှဲ ထောက်ခံပါလေသည်။ အစ် ကိုကြီးက ထိုအချိန် က ရန်ကုန်က အကောင်းဆုံး၊ မန္တလေးထက် အစစအရာရာသာသည်ဟု ယုံကြည်စွဲမှတ် ထားသူ။

၁၉၇၀ ကျွန်တော် မန္တလေး ဆေးတက္ကသိုလ်တက်တော့ အစ်မက ရန်ကုန် ဆေးရုံကြီးမှာ သူနာပြုသင်တန်း တက် သည်။ သုံးနှစ်ကြာတော့ သင်တန်းဆင်းပြီး လက်မတ်ရ သူနာပြုဆရာမ ဖြစ်လာသည်။ သူ သင်တန်း ပြီးဆုံးချိန် မှာ ကျွန်တော်တို့ မိသားစု မန္တလေးကို ပြောင်းရွှေ့အခြေချပြီး ဖြစ်နေပြီ။
မန္တလေးဆေးရုံကြီး မှာ အလုပ်ဝင်ဖို့ လျှောက်ထားရင်း စောင့်စားရင်း အစ်မက စပယ်ရှယ်နာ့(စ)ခေါ် အထူး သူနာပြု ၀င် လုပ်သည်။ တစ်ခါတစ်ရံ ဆေးရုံမှာ။ တစ်ခါတစ်ရံ လူနာအိမ်မှာ။ ကျွန်တော်က စက်ဘီးတစ်စီး နှင့် လိုက်ပို့ လိုက်ကြို ရသည့် အခါလည်း ရှိသည်။ လူနာအိမ်က လာကြို ပြန်ပို့တာလည်းရှိသည်။ အစ်မက သူ့အလုပ် မှာ သူပျော်မွေ့နေပြီ။ သူ့အလုပ်ကို သူ ဂုဏ်ယူတတ်နေပြီ။ ထိုအချိန်က ကျွန်တော် က ကျောင်း မပြီးသေး။ တတိယနှစ်ပဲ သေးရှိေးသည်။ မိသားစုဝင်ငွေက ဖခင်ကြီး၏ ပင်စင်လစာ မစို့မပို့လေးပေါ်မှာ အစ်မ၏ချွေးနှဲစာ စို့စို့ပို့ပို့လေး က ထောက်ကူ၍ တော့်တော့သည်။ ကျွန်တော်က ပညာသင်ဆု တစ်လ ၇၅ ကျပ်ရ သည်။ နှမငယ် ဆေးကျောင်းသူ က အရပ်ထဲမှ အပျိုပေါက်တွေ အပျိုကြီးတွေ လာေ၇ာက်အပ်နှံသည့် အင်္ကျီအပ်ထည်တွေ ကို ကျောင်းအားချိန် ချုပ်ရသည်။ သူက "လက်ဖြစ်" သည်။ မိသားစုထဲမှာ အဖေက အစ နှမငယ် အဆုံး စက်ချုပ်တတ်ကြသည်။ ကျွန်တော်တစ်ယောက်တည်း "လက်မဖြစ်" တာ။

အစ်မ မန္တလေးဆေးရုံကြီးမှာ တာဝန်ကျသည်။ အနီရောင်ဝတ် သူနာပြု။ (Trained Nurse)။ ခွဲစိတ်ခန်း (OT) မှာ။ နဂိုက သွေးပြည်ကြောက်သော ရွံသော အစ်မတစ်ယောက် အခုတော့ OT မှာသွေးသံရဲရဲ ခွဲစိတ် ဖြတ် တောက်နေတာတွေ ကိုထမင်းစားရေသောက်ပြောနေပြီ။ သူ့ကိုကြည့်ရတာ ပိုလို့ရဲရင့်လာသည်။ ပိုလို့ ပွင့်လင်း တောက်ပလာသည်။ အရင်က ခပ်ကုပ်ကုပ် ခပ်အေးအေး နေတတ်သူ။ အလုပ်နှင့် အလုပ် ပတ်ဝန်းကျင် က လူတစ်ဦးကို သည်လောက် ပြောင်းလဲစေလိမ့်မည်ဟု ကျွန်တော် ဘယ်တုန်းကမှ မတွေး တော မမျှော်မှန်း မိခဲ့။ ခွဲစိတ်ခန်းဆိုတာ ဆေးရုံကြီးတစ်ခု၏ အရေးပါလှသောဌာနတစ်ခု။ လူ့အသက်တွေကို ခပ်မြန်မြန် ခပ်ရဲရဲ ကယ်တင်နေသော၊ လုယူနေရသော အဖွဲ့အစည်းထဲမှာ အရေးပါသော အဖွဲ့ဝင်တစ်ဦး ဖြစ်နေပြီဟု မိမိကိုယ် မိမိ ယုံမှတ်လက်ခံထားခြင်းက သူ၏ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု။ တန်ဖိုးထားမှုကို တွန်းတင် လိုက်ပုံရသည်။

ထိုစဉ်က ဆေးရုံဝင်းထဲမှာဖြစ်စေ၊ ဆေးရုံတစ်ဝိုက်မှာဖြစ်စေ ဖြတ်သွားဖြတ်လာ သူနာပြုဆရာမတွေထဲမှာ ပို၍ သွက်လက် စွာ၊ ပို၍ဖျက်လတ်စွာ၊ ပို၍ရဲရင့်ယုံကြည်စွာ လမ်းလျှောက်သွားသော ဆရာမမှာ ခွဲခန်း (OT) မှ ဆရာမဖြစ် ဖို့ များသည်ဟု သူငယ်ချင်းတစ်ဥိးက မှတ်ချက်ချဖူးသည်။ အရေးပါသော Mission တစ်ခု လုပ် နေသလို မျိုး။
ခွဲစိတ်ခန်း က ဆရာမတွေခမျာ အခြားသောရုံတွေက သူနာပြုဆရာမ တွေထက် အလုပ်က ပို၍ဖိစီးလှသည်။ နံနက် (၇)နာရီလောက်တည်းက ခွဲစိတ်ခန်းဝင်ဖို့ ပြင်ရဆင်ရ။ လူနာတွေတင်။ ခွဲစိတ်ရာမှာ ကူရ။ မေ့ဆေး ပေးရာမှာ ကူရ။ ဆရာမတချို့က Runner ခေါ် ကူညီပံ့ပိုးသူ လုပ်ရသည်။ ခွဲစိတ်ရာမှာ လိုအပ်တဲ့ ပစ္စည်းတွေ ဆေးတွေ ပြေးယူရ ပို့ပေးရသည်။
နေ့လယ် တစ်ချက်တီးမှ ခေတ္တနားရသည်။ ထမင်း အပြေးအဖြန်းစား။ ၂ နာရီဝန်းကျင်မှာ အရေးပေါ်ခွဲစိတ်မှုတွေ စရပြန် သည်။ ညနေ ၅ နာရီကျော်ကျော်မှ နားကြ။ ပစ္စည်းတွေဆေးကြ။ သိမ်းဆည်း။ OT ကြမ်းပြင် တိုက်ချွတ်ဆေးကြောရေဆေးကြ။ ဆေးစာရင်း ပစ္စည်းစာရင်း Check လုပ်ကြ။  ခစနား။ ည(၈)နာရီဝန်းကျင်မှာ အရေးပေါ် ခွဲစိတ်မှုတွေ ပြန်စရပြန်သည်။ ည တစ်နာရီ နှစ်နာရီ ထိုးအထိ။ ရံဖန်ရံခါ မိုးအလင်း။

မိတ်ဆွေ ဆရာဝန်တစ်ဦး ပြောသလို -
" ဒီညတော့ Eleven ပဲကွ" တဲ့။
 ဘာလဲဗျ။ ည ၁၁ နာရီပြောတာလား " မေးကြည့်တော့ -
" မဟုတ်ဘူးကွ။ Eleven ဆိုတာ မြန်မာလို "အလင်းပဲ"လို့ ပြောတာ" တဲ့။
သို့ကလို အလုပ်များလှ ပိ လှသော်လည်း အားလုံး ပျော်ပျော်ရွှင်ရွှင် ညီညီညာညာ အပေးအယူမျှမျှ လုပ်ကြတဲ့ ဆရာမတွေ မှာ "မောတယ်ပန်းတယ် သဘောမှာ မထားခဲ့တယ် " လို့ နှလုံးမူသတဲ့။ ကျန်တဲ့ ဌာနတွေမှာ အလုပ်လုပ်ကြရတာ လည်း ဒီလို Team Spirit လိုတာပါပဲ။
သို့ပေတဲ့ OT လို နေရာမှာ အချိန်ဖိစီးမှုအောက်မှာ သည်းသည်းသန်သန် လှုပ်ရှားပြေးလွှားရသူတွေအတွက် Team Spirit ပို၍ လိုမည်ထင်သည်။ ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင် ရသည့် တပ်စုတစ်စုလို စည်းကမ်းရှိမှု၊ တိကျမှု၊ အချိန်ကိုက် လှုပ်ရှားတတ်မှု လိုမည်ထင်သည်။ ခွဲစိတ်မှု တွေပြီးဆုံး အလုပ်သိမ်းရင် ဆရာဝန် ဆရာမတွေ ရှိတာ စုစားကြ၊ လေပေါကြ။ တချို့က သီချင်းတအေး အေး၊ မေ့ဆေးဆရာကြီး တစ်ဦးနှစ်ဦး ကတော့ အပျင်းပြေ စစ်တုရင်ထိုး။

ဆရာကြီး တစ်ဦးကတော့ တရားစာအုပ်ကြီး ယူချလာပြီး ဘုန်းတော်ကြီး လေသံနဲ့ တရားရေအေး တိုက်ကျွေး တော့တာ။ အားလုံးသော ပုပုရွရွ ဒကာမတွေ နာချင် မနာချင် နာကြ။ သူ့နာမည်က ကိုကြီးကောင်း။ သူက နံနက်ခင်း ဘုရားရှိခိုး၊ တရားထိုင်။ နေ့ခင်းအလုပ်လုပ်။ ညနေခင်းနဲ့ ညမှာ အရက် သောက်။
သူ့သူငယ်ချင်း ဆရာဝန်ကြီးက -
" ဒီကောင် က မနက်မှာ "နတ်"ကွ။ နေ့လယ်မှာတော့ "လူ"။ ညကျတော့ "ခွေး" ဖြစ်သွားပြီ" လို့ မှတ်ချက် ချသတဲ့။ "သုံးပန်လှ" လူ။
အစ်မ ၀င်ငွေ က မိသားစုအဓိက၀င်ငွေဖြစ်လာသည်။ အလုပ်နေသားကျတော့ အစ်မက ဆယ်တန်း ပြန်ဖြေ ချင်သည် ဟု သူ့ဆန္ဒ ကို ဖွင့်ဟလာသည်။ ညနေခင်း ဂျူတီအားချိန် ကျူရှင်တက်သည်။ မအားမလပ်သည့် ကြားက စာကျက်ရ။ စားမေးပွဲ ပြေးဖြေရ။ ဒီတစ်ချီ ဆယ်တန်းကို လွတ်လွတ်ကျွတ်ကျွတ် အောင်သည်။ တက္ကသိုလ် ဆက်တက်သည်။

ညနေခင်း တွင် သူတို့ဆရာမတစ်သိုက် စက်ဘီးကိုယ်စီနှင့် တောင်ကျောင်းခေါ်သည့် မန္တလေး ၀ိဇ္ဇာသိပ္ပံ တက္ကသိုလ် သို့ သွားကြသည်။ ညမှောင်မှ တပျော်တပါး ပြန်လကြ။ သည်လိုနှင့် အစ်မတစ်ယောက် မြန်မာစာ ဘွဲ့ ရသည်။ ဒီအချိန်ထိ ကိုယ်ပိုင်ဘာပစ္စည်းမှ စုဆောင်းသည်မရှိ။ စက်ဘီးတစ်စီးပဲ သူ့ကိုယ်ပိုင် ရယ်လို့ ပြစရာ ရှိသည်။
အိမ်ထောင်ရက်သား ကျတော့ OT ဆရာမဘ၀ကို စွန့်ရသည်။ အိမ် ထောင့်တာဝန် ဖိစီးလာလေတော့ လူအား စိတ်အား ပင်ပန်းကြီး စွာ စိုက်ထုတ်ရသော OT ဆရာမဘ၀နှင့် မလျော်တော့။ ရုံတွေထဲ ပြောင်းရွှေ့ အမှုထမ်း ရသည်။ သမီးလေးတွေရလာတော့ ညဂျူတီမရှိသောဌာနသို့ ထပ်ရွေ့ရပြန်သည်။ နောင်ခင်ပွန်း သည်က အစိုးရ တာဝန်နှင့် ပြောင်းရရွှေရ။ သမီးတွေက ထပ်ပွားစီးလာ။ သည်လိုနှင့် သူမြတ်နိုးလှသည့် သူနာပြုဆရာမ ဘ၀ ကို စောစီးစွာပဲ အဆုံးသတ်ခဲ့ရသည်။

(၂)

ကျွန်တော် အလုပ်သင်ဆရာဝန်ဖြစ်တော့ သူနာပြုဆရာမတွေနှင့် ဆုံရသည်။ ကျောင်းသားဘ၀ကတည်းက ဆရာမ တချို့နှင့် ရင်းနှီးသော်လည်း လုပ်ဖော်ကိုင်ဖက်အနေနှင့် ယခုမှ စထိတွေ့ရခြင်း။
မမစိန်ခေါ် သည့် အပြာဝတ်ဆရာမကြီး (Staff Nurse) က အမှတ်ထင်ထင်။ ကျွန်တော် အလုပ်သင် စ၀င်ရ သည့် ဖျားနာဆောင် (၁)က ဆရာမကြီး။ သူက ဆရာကြီးဦးတင်အောင်ဆွေရဲ့ လက်စွဲ။ စကား သိပ်မပြော သော်လည်း အလုပ်အင်မတန်လုပ်သည်။ လုပ်ရာတွင် စနစ်ကျစေ့စပ်လှသည်။ စကားပြော၇င် ပြုံးရွှင်ကြည် မြစွာ။ ဆရာကြီးတွေ "ရောင်း"လှည့်ရင် လူနာနဲ့ပတ်သက်ပြီး သွေး၊ ဆီးစစ်စရာ၊ ဓာတ်မှန်ရိုက် အီးစီဂျီ ဆွဲ စရာ၊ ဆေးအပြောင်းအလဲ အတိုးအလျှော့ လုပ်စရာတွေကို ညွှန်ကြားလေ့ရှိသည်။ ဆရာမတွေက သူတို့ နှင့် ဆိုင်တာ လိုက်မှတ်။ ဆရာဝန်တွေကလည်း ကိုယ်နှင့်ဆိုင်တာ ကိုယ်လုပ်စရာရှိတာတွေကို လိုက်မှတ်ရ သည်။

ကျွန်တော်တို့က Changes Book ခေါ်သည့် စာအုပ်တွေထဲမှာ။ "ရောင်း" ပြီးရင် အချင်းချင်း ညှိရ တိုင်ပင် ရသေးသည်။ ပြီးတော့ တာဝန်တွခွဲ၊ လုပ်စရာရှိတာ မြန်မြန်သွက်သွက် ဆက်လှုပ်ရှားကြ။ တစ်ရက် "ရောင်း" လှည့်အပြီး မှာ မမစိန်က -
" ဆရာတို့ရဲ့ Changes စာအုပ် ထဲမှာ မှတ်ထားတာ ပြန်ကြည့်ပေးပါဦး။ ဒါလေး မှားနေသလားမသိဘူး "
ဟု ပြော လာသည်။ ရုတ်တရက်ဆိုတော့ ကျွန်တော် ကျွဲမြီးတိုသလိုဖြစ်သွားသည်။ ဆရာဝန်တွေ ရေးထား တာပဲ ဗျာ။ ဘာမှားစရာရှိလို့တုံး။ ပြန်စစ်ကြည့်တော့ ဟုတ်တယ်။ လူနာခုတင်နံပါတ် မှားရေးထားတာ။ ဆရာဝန်ကြီး ပေးခိုင်း တဲ့ဆေးက အဲဒီခုတင်က လူနာရဲ့ရောဂါရဲ့ မတဲ့တာသိလို့ လာပြ တာ။ ပေးထား တဲ့ ဆေးက ဆီးဆေး။ လူနာက အသည်းရောဂါ ပြင်းထန်လွန်းလို့ သတိမေ့မြောနေတဲ့လူနာ။ (Hepatic failure/ hepatic coma)။ အဲလို လူနာမျိုးကို ဆီးဆေးပေးလေ့မရှိတာ မမစိန်က သိနေတာ။ လာပြောရာ မှာလည်း ဆရာ တို့ မှားနေတယ်လို့ တဲ့တိုးပြောတာ မဟုတ်။ "မှားနေသလားမသိဘူး။ ပြန်စစ်ကြည့်ပါဦး ဆရာ" တဲ့။ ကျွန်တော် တို့က "ဆောရီး" အထပ်ထပ်ပြောပြီး ပြင်လိုက်ရတာ။ အပြာရောင်ဝတ်စုံနဲ့၊ အညိုဘက်လုနေတဲ့ အသားအရေ ပိုင်ရှင် ဆရာမကြီးဟာ ကျွန်တော့်မျက်စိထဲ လှပလင်းလက်သွားခဲ့။

ဘွဲ့လွန်တက်တော့ တွေ့ရတဲ့ဖျားနာရုံ (၃)က အပြာဝတ်ဆရာမကြီးတစ်ဦး ကလည်း မှတ်သားလောက်စရာ။ ဆရာမ အမျိုးမျိုးရှိရာမှာ တချို့ဆရာမတွေက အလုပ်နဲ့ ပတ်သက်လာရင် အင်မတန် စိတ်ချရသည်။ အပြောကတော့ မချို။ အပေါက်ဆိုးတယ် လို့တောင် ပြောလို့ရည်။ တချို့ဆရာမတွေကတော့ ပြောတာဆိုတာ ချိုသာအေးမြသော် လည်း အလုပ်နှင့်ပတ်သက်လာရင် လက်လွှဲမျက်စိလွှဲ၍မရ။ အမှားမှား အယွင်းယွင်း။ အချွတ်ချွတ် အချော်ချော်။ တချို့ကတော့ အပြောကလည်း ချိုသာသိမ်မွေ့၊ အလုပ်ကျတော့ လည်း ပြန်လှည့်ကြည့်စရာ မလို။ ဆရာဝန်တွေ လုပ်သည်ထက်ပင် ကောင်းနေဖြောင့်နေတာ။ ဆရာမကြီးက ဒီလို အမျိုးအစား။ လူနာတွေအပေါ် သူငေါက်ငန်းနေတာ တစ်ရံတစ်ခါမှ ကျွန်တော် မတွေ့စဖူး။
တစ်ခါက "ရောင်း" လှည့်ရင်း လူနာတစ်ဦးကို ပေးထားတဲ့ဆေးက တစ်ပတ်ပေးရမှာ၊ အခု ၂ ပတ်ကျော် နေ ပြီ။ ပြန်ကြည့်ကြပါဦး ကွလို့ ပြောမိတော့ ဆရာမကြီး က ဆေးပတ်စေ့လို့ ဖြုတ်ပြီးဆရာတဲ့။ ကဲ မှတ်က ရော။ လူနာ မှာ ဆေးဖိုး လည်း သက်သာ။ ဆေးဒဏ်လည်း လွတ်ကင်း။

သူတို့လို ဆရာမကြီးတွေက ဆရာဝန်ကြီးတွေနှင့် အနေကြာလှလေတော့ ဆရာကြီးတွေ ရဲ့အထာ ကို ကောင်း ကောင်းကျွမ်းနေပြီ။ တော်တော်တန်တန် ရောဂါတွေကို မြင်တာနှင့် တန်းသိနေပြီ။ အတွေ့အကြုံ၏ စွမ်းပ ကားနှင့် အင်အားသတ္တိ။
သို့ကလို သိသော်လည်း ကျွန်တော်တို့လို ဆရာဝန်ပေါက်စတွေ၊ ဘွဲ့လွန်တက်ဆဲ ဆရာငယ်တွေကို စိတ်နှ လုံး ညှိုးချုံး သွားအောင်၊ ချောက်ချားအောင် လုပ်လေ့မရှိ။ ကျွန်တော်တို့တစ်တွေ ပေါက်ပေါက်မြောက်မြောက် ဆရာဝန်ကြီးတွေဖြစ်အောင်၊ ဘွဲ့လွန်ရအောင် ကူညီပံ့ပိုးပေးချင်တာပဲရှိသည်။
ကျွန်တော် တို့၏ စိတ်ထိခိုက်ရမှုများ၊ ခေါင်း "ဖု" ထရသည်များ၊ အစာမကြေမှုများ၊ မျှော်မှန်းချက်များကို သူတို့ကို ပုဏ္ဏားတိုင် သဖွယ်ထား၍ ပြောရဆိုရတိုင်ပင်နှီးနှောရသည်။ အစ်မကြီးနှင့် မောင်ငယ်များသဖွယ်။ သူတို့ရှိရင် ကျွန်တော် တို့ စိတ်လုံလုံခြုံခြုံရှိသည်။ ဆရာဝန်ကြီးဂိုက်ဖမ်းပြီး စိတ်ကြီးဝင်လို့ရသည်။ တကယ် တော့ သူတို့က နောက်ကွယ်မှ၊ နောက်ဘက်မှ ကျွန်တော်တို့ကို ပံ့ပိုးခုခံထား၍ ဒီလိုခွန်အားတွေ ရှိနေမှန်း ကိုယ့်ကိုယ် ကိုယ် မသိခဲ့။ ကာလတစ်ခုကြာမှ သည်အဖြစ်ကို သဘောပေါက်ရသည်။

OT က အပြာရောင်ဆရာမကြီးတစ်ဦး၏ မှတ်ချက်ကြောင့် ကျွန်တော် လန့်ဖျပ်သွားရဖူးသည်။ တပည့် ဆရာဝန် တစ်ဦးနှင့် ပတ်သက်၍ပါ။ ဒီတပည့်က လူတော်။ တော်သမှ သိပ်တော်သည့် လူ။ ဆေးကျမ်းတွေ ကို ချောက်ချားမွှေနှောက်နိုင်စွမ်း ရှိသူ။ ကျွန်တော်တို့က သူ့ကို အမျှော်လင့်ကြီး မျှော်လင့်ထားခဲ့တာ။
ဆရာမကြီး က -
" ဆရာ့လူ ဆရာဝန်ကောင်း ဖြစ်မယ်မထင်ဘူး " ဟု မှတ်ချက်ချသည်။
" တစ်ရက် သူခွဲစိတ်ခန်းမကြီးထဲက ထွက်အလာ မှာ ကျွန်မက အပြင်ခန်းမှာအသေးစားခွဲစိတ်မှု (Minor surgery) တစ်ခု လုပ်စရာ ရှိသေးလို့ သူ့ကို ၀င်ပေးဖို့ ပြောတယ်။ သူ့အထက်က ဆရာဝန်ကြီးက လူနာတစ် ဦး ခွဲစိတ် တာ လက်စသတ်နေရ လို့ မအားဘူး။ သူက ကျွန်မ မျက်နှာကို စေ့စေ့ကြည့်ပြီး "ကျွန်တော်က ဒီလို အသေးစား ခွဲစိတ်မှုလုပ် တဲ့ ဆရာဝန် မဟုတ်ဘူးဗျ" တဲ့။ ပြီးတော့မှ ခွဲစိတ်ခန်းသုံးအ၀တ်တွေ၊ လက်အိတ်တွေ ချွတ် ပြီး ခပ်တည်တည် ခပ်တင်းတင်း ထွက်ချ သွားလေရဲ့။ ဒီလိုလူမျိုး ဆရာဝန်ကောင်းဖြစ် ဖို့ မလွယ်ပါဘူး ဆရာရယ်" တဲ့။

ဒီခေတ်မှာ ဆရာဝန်တစ်ဦး၏ လုပ်ဆောင်ချက် (Performance) ကို ဆန်းစစ်အကဲဖြတ်ရာမှာ သူ့အထက်က ဆရာဝန်ကြီးတွေ သာမက သူနှင့်ပတ်သက်ရသည့် လူနာ၊ တွဲလုပ်ရသည့် ဆရာဝန်၊ ဆရာမ၊ အလုပ်သမား၊ ဓာတ်ခွဲခန်း ၀န်ထမ်းအားလုံး၏ အကဲဖြတ်ဆန်းစစ်မှုကလည်း အရေးပါလှသည်လို့ လက်ခံလာ ကြသည်လေ။ (360º Assessment)။ အနှီ တပည့်ဆရာဝန်၏ ဘ၀ကောက်ကြောင်းကို စောင့် ကြည့်လိုက်တော့ ဆရာမကြီး အကဲဖြတ်ချက် က သွေးထွက်အောင် မှန်လေသည်။ (ခွဲစိတ်ဆရာဝန်ဆိုတော့ သွေးထွက်တာ သူ့အတွက် အဆန်းတကယ် ဟုတ်ဟန် မတူ)။
အစိမ်းရောင်ဝတ် ဆရာမကြီး (Sister) တစ်ဦးကိုလည်း ကြုံရဖူးသည်။ သူက ကရင်အမျိုးသမီးကြီး။ ဖြူဖြူ ၀ိုင်းဝိုင်းချောချော။ မနက်ဆိုလျှင် ရုံထဲကို သန့်ရှင်းစွာ ၀တ်စားလာလေ့ရှိပြီး တရစပ်အလုပ်လုပ်တော့ သည်။ ကြည့်လိုက် ရင် အမြဲတမ်း ချပ်ချပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း။ လူနာတွေကို လူကြီးလူငယ်မရွေး "ချွတ်ကရီး" ခေါ် သည်။
" ချွတ်ကရီး နေကောင်းရဲ့လား။ အစာစားရဲ့လား" စသည်ဖြင့်။ လူနာခုတင် အိပ်ရာတွေကို သပ်သပ်ရပ် ရပ်ဖြစ်အောင် ပြင်ပေးပြီး ညီညာဖြောင့်တန်းနေအောင် စီတတ်သည်။ သူ့ရုံမှာ လူနာတွေကို ခြေသည်း လက်သည်း ညှပ်ပေးသည်။ ဆံပင် ဖြီးသင်ပေးသည်။ သနပ်ခါးလိမ်းပေးသည်။ တစ်ခါတစ်ရံ ချွတ်ကရီးကြီးေ တွပင် လျှင် သနပ်ခါးအဖွေးသားနှင့်။ လူနာတွေအတွက် Diet (ထမင်း၊ ဟင်း၊ နွားနို့၊ ကော်ဖီ၊ မုန့်)ရအောင် စီမံပေးသည်။

တစ်ခါတစ်ရံ လူနာစာရင်းထဲ ကျွန်တော်တို့ပါ ရောပါသွားပြီး ကော်ဖီသောက်ရ မုန့်စားရသေးသည်။ မယုံရင် ပုံပြင် မှတ်ကြပေရော့။ သူကိုယ်တိုင် တစ်ရုံလုံးအမြဲလိုက်ကြည့်သည်။ အလုပ်ကို ခေါက်ရိုးကျိုးအောင် လုပ် သလို လုပ်ဖော်ကိုင်ဖက်တွေ ကိုလည်း ခေါက်ရိုးကျိုးအောင် ခိုင်းတတ်သည်။ Bedding ပြင်တာ၊ ဆီးချက်တာ၊ သွေးဖောက်တာ၊ ဆေးတိုက်တာ၊ ဆီးဝမ်း မှတ်တာ၊ ဆီးဝမ်းချူတာ၊ အကြောဆေးသွင်း တာ၊ နှာခေါင်းပိုက်ထည့်တာ။
ဒါ့အပြင် သူ့မှာ ရှိတာက ချိုသာသိမ်မွေ့ခြင်း၊ အေးမြခြင်း။ ရုံတာဝန်ခံဆရာကြီး ပြန်ပြောင်းတသ အမှတ်တရ ပြော တာ ကြားဖူးသည်။
" ငါက လူနာတွေကို စိတ်မရှည်လို့ ငေါက်ငမ်းရင် ဆူပူအော်ဟစ်ရင် သူက နောက်နားကနေ လူနာတွေကို လိုက်လိုက်ချော့တာ ကွ။ သူ မရှိရင် ငါ့ရုံထဲ လူနာရှိမှာ မဟုတ်တော့ဘူး" တဲ့။

(၃)

ဒီဘက်ခေတ် သူနာပြုဆရာမလေးတွေက ဟိုတစ်ခေတ် ဆရာမကြီးတွေထက် ပို၍ခေတ်မီကြ၊ ပို၍ရဲရင့်ကြ ပါလိမ့် မည်။ ကမ္ဘာပြားသောခေတ်မှာ မွေးဖွားကြီးပြင်းလာကြသည်ကိုး။ ပို၍ ရဲရင့်ဆို တစ်ခါက ရုံထဲမှာ နေ့ ခင်းကြောင်တောင် သူနာပြုခေါင်းဆောင် ချွတ်ပြီး ခုံတန်းလျားပေါ် ပက်လက်ကလေး မှေးစက် အနား ယူနေ သော ဆရာမ တစ်ဦး တွေ့ဖူးသည်။ ဒီခေတ်ဆရာမလေးတွေ ဆိုင်ကယ်ကိုယ်စီနှင့် သွားကြလာကြ လှုပ်ရှား ကြ သည်။ လက်ဟောင်းဆရာမကြီးတွေမှာတော့ ဆိုက်ကားနှင့်တစ်မျိုး၊ အလုပ်သမား၏ စက်ဘီးနောက်မြီး မှာ ထိုင်၍ တစ်သွယ်သွားကြလာကြ လှုပ်ရှားရသည်။
ဒီခေတ် ဆရာမလေးတွေက IT ခေတ်က သင်ကြားလေ့ကျင့်ခံခဲ့ရသမို့ ဗဟုသုတတွေ၊ အချက်အလက်တွေ သိရာ မှာ ကမ္ဘာကြည့် ကြည့်မြင်ရာမှာ ခေတ်ဟောင်း ဆရာမကြီးတွေထက် အဘက်ဘက်မှ သာပါလိမ့်မည်။ ပို၍ပြောတတ် ဆိုတတ် ဆွေးနွေးတင်ပြတတ်ပါလိမ့်မည်။

ပို၍ ပွဲလယ်တင့်ပါလိမ့်မည်။ လူနာ (Patient)ကို Client/Customer စသည်ဖြင့် ခပ်သွက်သွက် ခပ်ရဲရဲ ခေါ် တတ်ကြပါလိမ့်မည်။
သို့ပေတဲ့ အိပ်ရာပြင် (Bedding) တတ်ရဲ့လား။ လူနာနှင့် ရင်းနှီးကျွမ်းဝင်စွာ စကားလက်ဆုံကျတတ်ရဲ့လား။ လူနာပြောတာ ကို နားထောင်ဖို့ အချိန်ပေးနိုင်ရဲ့လား။ မိမိ ဂျူတီချိန်ကျော် သွားသော်လည်း တာဝန်ကျ သူငယ်ချင်း အချိန်မီ ရောက်မလာသေးတာကို စိတ်ရှည်လက်ရှည် စောင့်စား တတ်ကြရဲ့လား။
တစ်ခါ က သူနာပြုကျပ်ချွတ်တစ်ဦး သွေးပြန်ကြောထဲ ထိုးရမည့်ဆေးကို သွေးလွှတ်ကြောထဲ မှားထိုးဖူး သည်။ မှားထိုးတာ ကိုလည်း မှားထိုးမှန်း မသိခဲ့။ ကျွန်တော်တို့ ခေတ်တုန်းက အကြောဆေးထိုးတာမရရင် ဆရာမကြီးတွေ ကိုပဲ အားကိုးတကြီး ပြေးပြီး အကူအညီတောင်းခဲ့ရတာ။

စာရင်းဇယားတွေနှင့်၊ ထပ်ဆောင်းအလုပ်တွေနှင့် ပါဖော့မင်(စ)လုပ်ပြနေရတဲ့ ပို့(စ)မော်ဒန်ဆရာမတွေခမှာ အရင်ကလို ရုံထဲ မှာ စေ့စေ့စပ်စပ် ကွပ်ညှပ်နိုင်သေးရဲ့လား။ သူနာပြုဆရာမဆိုသည့် ဘွဲ့မည်ဂုဏ်ရည်နှင့် အညီ လူနာတွေ ကို ပြုစုစောင့်ရှောက် ဖေးမကူညီ နှစ်သိမ့်နိုင်သေးရဲ့လား။
ဒီဂုဏ်ရည်တွေ မရှိပါဘဲ သူနာပြုဆရာမ အမည်ခံခဲ့ရင် အနီသည် အနီ၊ အပြာသည် အပြာ၊ အစိမ်းသည် အစိမ်း ပဲဖြစ်လိမ့်မည်။ အဖြူ ကတော့ ဘယ်သောခါမှ ဖြစ်လာမည်မဟုတ်။ အနီ၊ အပြာ၊ အစိမ်းတွေကြားမှာ ကျွန်တော် ကတော့ အဖြူကိုပဲ တန်းတန်းစွဲ လိုက်ရှာနေမိသည်။

(အစ်မ “မတူး”သို့)
ရွက်နုဝေ၊ ဧပြီလ၊ ၂၀၀၈

.

No comments: