Sunday, November 11, 2012

တင်မောင်မြင့် ဘာသာပြန် မုန်တိုင်းထန်ကမ်းခြေ, အပိုင်း (၂၁)

ဆလိုကမ်
နစ်မစ်ဇ်
(နှစ်ဆယ်ရက်မြောက်နေ့)


ကွင်းမေရီ သင်္ဘောကြီး နယူးယောက်က ထွက်ရင်မာလိန်မှူးကို "ဒီဟာကြီး ဥရောပကို ဘယ်တော့ ရောက် မှာလဲ" လို့ ခရီးသည်တွေက မေးလေ့ရှိတယ်လို့ ကျုပ်ကြားဖူးတယ်။ ကျုပ်လည်း ထိုနည်း လည်းကောင်းပဲ။ ကျုပ်တို့ လေယာဉ်တင် သင်္ဘောကြီးတွေပေါ် ရောက်တိုင်း အဲဒီလို ခံစားရတယ်။ လူခြောက်ထောင်ပါတော့ မြို့ကလေးတစ်မြို့ လို ဖြစ်နေတာပေါ့၊ ကျုပ်က ညစာစားရင်း ရေတပ် အရာရှိတစ်ယောက်ကို မေးကြည့်တယ်။ ဒါကြီး ဘယ်လောက်ကြီးလဲ မေးရင် ဘယ်လိုပြောမလဲလို့၊ သူလဲ မပြောတတ်ဘူးတဲ့။ ပြီးတော့မှ သူက စဉ်းစားပြီးသား ကျွန်တော်တို့ ပေါင်မုန့်ဖို ကတော့ တစ်နေ့ ပေါင်မုန့်ခြောက်ထောင် ဖုတ်ပေးရတယ်လို့ ပြောရင် သူတို့ သဘောပေါက်ပါတယ် တဲ့၊ အတောင် ခေါက်ထားတဲ့ လေယာဉ်တစ်စင်းနံဘေးမှာ ကျုပ်ရပ်ပြီး ငေး လိုက်လာတယ်။ ညဆယ့်တစ်နာရီ ထိုးပြီမို့ ပိန်းပိန်းပိတ် မှောင်နေတယ်။ နစ်မစ်ဇ် လေယာဉ်ကွင်းထဲမှာ များများစားစား လုပ်စရာ မရှိသဖြင့် တိတ်ဆိတ်နေတယ်။
စိတ်ကို ငြိမ်ငြိမ်ထားပြီး စဉ်းစားနိုင်အောင် ကျုပ်တစ်ယောက်တည်း ဒီနေရာကို ထွက်လာခဲ့တာ၊ စန်ကာလိုနဲ့ အမေရိကန် သံရုံးဟာ ဆယ့်နှစ်မိုင်ပဲ ဝေးတော့တယ်လေ။ အိုလ်ဂါလေမုန်တိုင်းရဲ့ လက်ကျန်လေထုထဲကို ကျုပ်တို့ သင်္ဘောကြီး တိုးဝင်နေတာ၊ လေထုက တောင်ဘက်သို့ ရွေ့လျား သွားပြီ။

မိုးလေ၀သခန်းကို နောက်တစ်ခေါက်သွားဖို့ စိတ်ကူးပြီးမှ အသာထိန်းထားလိုက်တယ်။ သူတို့ တစ်တွေ ကျုပ်ကို စိတ်ကုန် လှပြီ၊ ခဏခဏ သူတို့ကို ကျုပ်ကျည်တိုက်နေတာကိုး။
သူတို့တွေ "တွမ်ကက်" တစ်စီး အောက်ထပ်မှ အပေါ်တင်ဖို့ လုပ်နေကြတယ်၊ အဆင်းဓာတ် လှေကား နဲ့ လေယာဉ်ဂိုဒေါင်တွေ ရှိရာကို ဆင်းလိုက်သွားတယ်။ ဧရာမ လေယာဉ်ပျံဂိုဒေါင်ကြီးထဲ မှာ လူတွေ ရှုပ်ယှက် ခတ်ပြီး ဆူညံနေတယ်။ စက်ပြင် အဖွဲ့တစ်ဖဲါ့က အေ-၆ တစ်စင်းကို အရေးတကြီး ပြင် ဆင်နေကြတယ်။ မြောက်မြားစွာသော လေယာဉ်ပျံအုပ်စုကြီး အစွန်ဘက်မှာ ကျုပ်တို့ သွေးစုပ် ဖုတ်ကောင်တွေ အစု သုံးစု ခွဲထားပြီးသား။ စွန်ရဲတွေ၊ သိမ်းငှက်တွေကြားထဲ ရောက်နေတဲ့ ကျီးကန်းတွေနဲ့ တူနေတယ်။

သံမဏိကြမ်းခင်းပေါ်ကို ဖြတ်လျှောက်သွားတဲ့ ကျုပ်ဖိနပ်သံကြောင့် အလုပ်လုပ်နေတဲ့ အဖွဲ့တွေ ခဏရပ်သွားပြီး ကျုပ် ကို ကြည့်နေကြတယ်။ ကျုပ်လူတွေဆီ ကျုပ်ဆက်လျှောက်သွားတယ်။ အုပ်စု ခေါင်းဆောင် လေးယောက် နဲ့ ကျန်အဖွဲ့သားတွေ ကို တပျော်တပါးတွေ့ရလို့ ကျုပ်အားတက်သွား တယ်။ နယူးမင်းနဲ့ အလန် တို့  နှစ်ယောက်လည်း တက်ကြွနေလေရဲ့။
နစ်မစ်ဇ် ရဲ့ အင်ဂျင်နီယာချုပ် ဂရက်ဒေါ့ဆန်ကို ကျုပ်က စွန်ကြီးတွေ လက်ညှိုးထိုးပြီး ...
"ခင်ဗျား တို့ မျက်စိထဲ ထူးဆန်းမနေဘူးလား"
သူက ရယ်ပြီး ...
"ဟုတ်တယ် ဗိုလ်မှူးကြီး၊ ဒီ ကစားစရာကြီးတွေကို ကျွန်တော် အနီးကပ် မတွေ့ဖူးဘူး၊ သူတို့ အင်ဂျင်နဲ့ ဒီဇိုင်းက တကယ် နိပ်တာပဲ"
နယူးမင်း က တန်းလျားပေါ်က အနက်ရောင် ပိုက်လုံးကြီး တစ်ခုကို ယူပြီး ဆကြည့်နေတယ်၊ မယုံကြည်နိုင်လောက်အောင် အလုပ်ဖြစ် တဲ့ အသံတိတ် ကိရိယာ၊ အလေးချိန်ကလည်း နှစ်ကီလိုပဲ ရှိတယ်။ ဂရက်နဲ့ သူ့တပည့်ကျော်တွေ တီထွင် ထားတာတဲ့။

"ဂရက်၊ ခင်ဗျား တပ်ကထွက်ရင် ကျွန်တော်တို့နဲ့ တွဲပြီး အလုပ်လုပ်ဗျာ၊ ကျွန်တော် ပြောတာ ကြားရဲ့လား"
ဂရက်ဒေါ့ဆန် က ခပ်အေးအေး ပြန်ပြောတယ်။
"အင်း ... လုပ်ကြတာပေါ့ဗျာ"
"ကဲ ... နောက်ဆုံးတစ်လုံး တပ်လိုက်ကြရအောင်"
သူ လှည့်ထွက်သည်နှင့် အသံချဲ့စက်မှ အော်သံကြားရတယ်။
"အားလုံး နားထောင် ... အားလုံး နားထောင်၊ ဗိုလ်မှူးကြီး ဆလိုကမ်၊ ရေတပ်ဗိုလ်ရဲ့ ရုံးခန်းကို သတင်းပို့ပါ"
အော်ပီကျယ် မှ ထပ်ခါထပ်ခါ ကြေညာနေတယ်၊ ဓာတ်လှေကားကို ဖြတ်ပြီး ကျုပ် သုတ်ခြေတင် တယ်။ ၀ရန်တာရောက်တော့ ဆက်လျှောက်ရင်း ကျုပ်စဉ်းစားတယ်။ နစ်မစ်ဇ်က ရေတပ်ဗိုလ်ချုပ် ရော့ဘားနက်ဟာ ဗိုလ်ချုပ်ကြီး ဂရန် နဲ့ ပုလင်းတူဘူးဆို့တွေ။ ကျုပ်တို့အဖွဲ့ သင်္ဘောပေါ်ရောက်လာ တာကို သိပ်ကြည်တာ မဟုတ်ဘူး။ သူ ဘာများ သိချင်တာပါလိမ့်။ ဗိုလ်ချုပ်ရဲ့ အခန်းပြင်ဘက်မှာ မိုးလေ၀သ အရာရှိတစ်ယောက် ကုလားထိုင် တစ်လုံး နဲ့ ထိုင်နေတယ်။ ဒူးခေါင်းပေါ်မှာ ဇယားတွေ တင်လို့။

"ဘာတွေ ဖြစ်နေတာလဲကွ"
သူက ဘာမှပြန်မပြောဘဲ ကျုပ်ကို ကြောင်ကြည့်နေတယ်။ ကျုပ် ကေဘင်တံခါးခေါက်လိုက်တယ်။
"၀င်ခဲ့ပါ"
ကျုပ် ၀င်သွားတော့ ရေတပ်ဗိုလ်ချုပ်က စားပွဲထိပ်မှာ ထိုင်နေတယ်။ သူ့ ဘယ်ဘက်နံဘေးမှာ နစ်မစ်ဇ် ကပ္ပတိန်၊ သူ့နံဘေးမှာ ဗိုလ်ချုပ် ရဲ့ လက်ထောက်။ အယ်လ်ဆိုင်မွန်က သူ့ညာဘက်ဘေး မှာ ထိုင်လို့။
သူတို့ မျက်နှာတွေ ကြည့်ရတာ တစ်ခုခုကို အရမ်းစိုးရိမ်နေပုံပဲ။ ကျုပ်ကို ဗိုလ်ချုပ်က ကုလားထိုင် တစ်လုံးမှာ ၀င်ထိုင် ဖို့ လက်ညှိုးထိုးပြတယ်။ ကျုပ်က ၀င်ထိုင်ပြီး အယ်လ်ဆိုင်မွန် ကို ဖျတ်ခနဲ ကြည့်လိုက်တယ်။ သူတို့နှစ်ယောက် ရာထူးအဆင့် တူပေမယ့် ဆိုင်မွန်က ၀ါရင့်တယ်။ သူတို့ ရှေ့မှာ ဖက်စ်တွေ၊ ကြေးနန်း စာရွက်တွေ ပုံလို့။

ဆိုင်မွန်က သက်ပြင်းချပြီး ...
"ကျွန်တော်ပဲ ရှင်းပါရစေတော့ ဗိုလ်ချုပ်"
ဗိုလ်ချုပ် ဘားရက် ခေါင်းညိတ် ပြတယ်။ သိပ်တော့ ကြည်ပုံမရ။ အယ်လ်ဆိုင်မွန်က စာရွက်တွေ ကို ဆက်ဖွနေပြီး မှ သက်ပြင်းချရင်း ...
"ဒီလိုကွ ဆိုက်လက်စ်၊ အပြောင်းအလဲတွေ၊ ထူးခြားချက်တွေ ဆက်တိုက်ဝင်နေတယ်၊ မောင်ရင် သိတဲ့ အတိုင်း ပဲ၊ စန်ကာလို မှာ စီအိုင်အေအင်အား အများကြီး သုံးထားတော့ သတင်းတွေ အများကြီး ရတယ်၊ ဆက်တိုက် ၀င်နေ တယ်၊ အစိုးရအဆောက်အအုံတွေ အားလုံးကို စောင့်ကြည့် ခိုင်းထားတယ်၊ လွန်ခဲ့တဲ့ နှစ်ရက်က ရဲဌာန၀င်းထဲ ကို ကားကြီး တစ်စီး ၀င်လာပြီး ပစ္စည်းတွေ လာသယ်တယ်၊ မနိုင်မနင်း ပစ္စည်း တစ်ခု၊ သေးသေးမွှားမွှားတွေ ကတော့ အများကြီးတဲ့၊ ကံကောင်း ချင်တော့ တာလပတ် မဖုံးခင် ဓာတ်ပုံ ရိုက်ယူ လိုက်နိုင် တယ်၊ လွန်ခဲ့တဲ့ နာရီပိုင်းမှာ အဲဒီပစ္စည်းတွေ ကို အမည် ဖော်နိုင်ခဲ့တယ်၊ အဘရာဇိုတဲ့၊ အဓိပ္ပာယ် ကတော့ နားခိုရာရင်ခွင် တဲ့၊ အဲဒါက အကျဉ်းသားတွေကို ညှဉ်းဆဲတဲ့ ပစ္စည်း၊ သစ်သားစည်ကြီး လိုဟာကြီး လို့ ပြောတယ်၊ ခွဲလိုက်ရင် ခုတင်ဖြစ်သွားတာမျိုးတဲ့၊ အဲဒီပေါ်မှာ အကျဉ်းသားကို ခါးပတ်တွေနဲ့ အသေပတ်ပြီး လျှပ်စစ် နဲ့ ရှော့ခ်ပေးတာပဲ"
သူ ခဏနားပြီး ရေတစ်ကျိုက် သောက်တယ်၊ ကျုပ်တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားတယ်။

"စစ်တပ် ထဲမှာလဲ တို့လူတွေ ရှိတယ်၊ သံရုံးကို ရိက္ခာပို့တဲ့ ကားက စစ်တပ်က ကား၊ အဘရာဇိုကို သယ်သွားတဲ့ ကားက တပ်ထဲကို မောင်းဝင်သွားပြီး ရိက္ခာကားပေါ်ကို ပြောင်းပေးလိုက်တယ်"
သူ ရေတစ်ကျိုက်သောက်ပြန်တယ်၊ ရှေ့က စာရွက်ပါ၊ ပါးလေးတွေကို ကောက်ဖတ်ပြီး စကားဆက်တယ်။
"သံရုံးဝင်း တစ်ခုလုံးရဲ့ လှုပ်ရှားမှု ကို သတင်းပို့နေတဲ့ ကိုယ်တို့ ဂြိုဟ်တု ထောက်လှမ်းရေး ရှိတယ်၊ စီအိုင်အေက အဲဒီ မနက် ဓာတ်ပုံတွေ ကို ပုံကြီး ချဲ့ကြည့်ပြီးပြီ၊ ရိက္ခာကားဟာ နေ့တိုင်းဆိုရင် သုံ့ပန်း တွေကို စုထား တဲ့ ငွေတိုက်အဆောက်အအုံ ကို မောင်းသွားပြီး ပစ္စည်းတွေချတယ်၊ ဒါပေမယ့် အဲဒီမနက်မှာ လုံခြုံရေးရုံးခန်းကို တန်းမောင်း သွားတယ်၊ ဧရာမ ပစ္စည်းကြီး တစ်ခုကို လူတွေ မနိုင်မနင်း ချနေပုံတွေ ဓာတ်ပုံထဲမှာ ရှာတွေ့ ရတယ်၊ အဲဒီပစ္စည်းရဲ့ ပမာဏ ဟာ တို့ရထား တဲ့ အဘရာဇိုနဲ့ သွားပြီး ကိုက်ညီနေတယ်"
အခန်းထဲ မှာ တိတ်ဆိတ်သွားတယ်။ ဒီသတင်းကို ကျုပ်အလေးအနက် ဆုပ်ကိုင်ပြီး စဉ်းစားနေတုန်း အယ်လ်က စကား ဆက်တယ်။

"ကိုယ်တို့ လူတွေကတော့ စန်ကာလို မှာ အမေရိကန်သံအမတ် နှိပ်စက်ခံနေရပြီလို့ ကိုးဆယ် ရာခိုင်နှုန်း အတည်ပြု တယ်၊ နှိပ်စက်တဲ့ လူက တော်လှန်ရေးလူငယ်ခေါင်းဆောင် ဖမ်ဘိုနာ ဖြစ်မယ် လို့ ရာခိုင်နှုန်းပြည့် မှတ် ယူကြတယ်၊ သူက နှိပ်စက်ညှဉ်းပန်းတဲ့ နေရာမှာ ပါရဂူတဲ့၊ လုံခြုံရေး ကောင်စီက ကိုယ်တို့ သဘောထားကို လှမ်းမေးနေပြီ"
အဲဒီအချိန် မှာ ကျုပ် ကွမ်လိုစီရဲ့ မျက်နှာကို ပြေးမြင်လိုက်တယ်၊ ဒီလူလွန်မသားတွေ ဘာဖြစ်လို့ ကျုပ်လူကို ဒီလို လုပ်ရဲရမှာလဲ၊ ကျုပ် လူ လို့ ပြောလိုက်တာ ကျုပ်မှာ အကြောင်း ရှိတယ်။ ပီယာဘိုဒီ ဆိုတဲ့ လူကို ကျုပ် မမြင်ဖူးပေ မယ့် သံယောဇဉ် ဖြစ်နေပြီ၊ ခွေးသူတောင်းစားတွေက ပထမ သူ့ကို သိက္ခာကျအောင် လုပ်တယ်၊ သောက်သုံးမကျ ခပ်ကြောင်ကြောင် ဆရာဝန် တစ်ယောက် က သူ့ကို အရှုံးသမားလို့ မှတ်ချက် ချတယ်၊ ပြီးတော့ ကျွန်တော်တို့ အချင်းချင်းထဲက သူ့ကို အဆိပ်ခတ်သတ်ဖို့ ကြိုးစားတယ်၊ ခု ဟိုထဲ မှာ.. ဒေါသတွေ လှိုင်းထ လာတယ်။ ဒါပေမယ့် လုပ်ရမယ့် တာဝန်က ရှိနေတော့ စိတ်ကိုထိန်းလိုက်ရတယ်။ အဲဒီအချိန် မှာ သင်္ဘောကပ္ပတိန် က ထင်မြင်ချက်ပေးတယ်။

"ကျွန်တော် နားမလည်တာက ဘာဖြစ်လို့ သူတို့ ဒီလို လုပ်ကြသလဲ၊ သူတို့ အန္တရာယ်ကို သူတို့ မသိကြဘူးလား၊ တုံ့ပြန်လာ မယ့် အတိုင်းအတာ ကို သူတို့ မမြင်ကြဘူးလား"
ဆိုင်မွန်က ခပ်ပြတ်ပြတ် ဖြေသည်။
"သူတို့ဘက်က ပိုင် လို့ပေါ့ကွာ၊ ကိုးဆယ့်ခြောက်ပါး ရောဂါနဲ့ သေတယ်ဆိုပြီး အလောင်းကို ပြန်ပေး မှာပေါ့၊ သူတို့မှာ ..."
ကျွန်တော်က ဖြတ်ပြီး တုံးတိတိ ပြောချလိုက်သည်။
"ဒါဆို သူ့ကို သွားခေါ်ရုံပေါ့၊ ခု သွားမယ်လေ"
ရေတပ်ဗိုလ်ချုပ် မျက်နှာရှုံ့သွားတယ်။
"ခင်ဗျား အိုလ်ဂါမုန်တိုင်း ကို ထည့်မတွက်ဘူလား ဗိုလ်မှူးကြီး၊ လက်ရှိ လေတိုက်နှုန်းနဲ့ ခင်ဗျားတို့ ပျံလို့မဖြစ်ဘူး လို့ မိုးလေ၀သ က ပြောနေတယ်"
ကျုပ်က ကြက်ခေါင်းဆိတ်မခံ ချက်ချင်း တုံ့ပြန်လိုက်တယ်။

"ဘာပဲဖြစ်ဖြစ် ကျုပ်တို့ သွားမယ်၊ ဖြစ်တဲ့အခြေအနေမှာ ဖြစ်သလို ရင်ဆိုင်ပြီး ရအောင် လုပ်ယူမယ်"
သူက သရော် သည့် အမူအရာဖြင့် ပခုံးတွန့်တယ်။
ကျုပ်က ရှေ့ကို ကိုင်းပြီး တိုတိုတုတ်တုတ်နဲ့ ထိထိမိမိ တုံ့ပြန်မယ့်ဆဲဆဲမှာ ဆိုင်မွန်က ကြားဖြတ် လိုက်တယ်။
"ဒီမယ် ... ဗိုလ်မှူးကြီး၊ ဖြစ်နိုင်ခြေအားလုံးကို ကျွန်တော်တို့ ချက်ချင်း တွက်ရမယ်၊ ပြီးတော့ လုံခြုံရေး ကောင်စီ ကို အစီရင်ခံစာ တင်ရမယ်၊ လုံခြုံရေးကောင်စီမှ သမ္မတဆီ တင်ပြမှာ"
ဆိုင်မွန် က ရေတပ်ဗိုလ်ချုပ်ဘက်လှည့်ပြီး ...
"မိုးလေ၀သ အရာရှိတွေ ဆီက နောက်ဆုံး သတင်းတွေ တောင်းကြည့်ရအောင်လား"

ရေတပ်ဗိုလ်ချုပ် ခေါင်းညိတ်လိုက်တော့ သူ့ လက်ထောက် အခန်းထဲက ထွက်သွားတယ်။ ချက်ချင်း အခန်းအပြင် မှာ စောင့်နေ တဲ့ ပုဂ္ဂိုလ်နဲ့ ပြန်ဝင်လာတယ်။ အဲဒီမှာ ကျုပ်က ကြားဖြတ်ပြီး ...
"နယူးမင်း နဲ့ အလန် ကိုလဲ ကျွန်တော်ခေါ်ပြီး နားထောင်ခိုင်း ချင်တယ်"
ရေတပ်ဗိုလ်ချုပ်က မျက်လုံးအပြူးသားနဲ့ ...
"သူတို့က အရပ်သားတွေ မ ဟုတ်လား"
ကျုပ်ပါးစပ် က အယုတ္တအနတ္တတွေ ထွက်လာတော့မယ့်ဆဲဆဲ့မှာ ဆိုင်မွန်က ကြားဖြတ်ပြီး...
"သူတို့နှစ်ယောက် ဟာ ဒီလို စက်တပ်လေတံခွန် ပျံသန်းရေးမှာ ကမ္ဘာကျော်တွေပဲ ဗိုလ်ချုပ်၊ ပြီးတော့ သူတို့ဟာ သွေးစုပ်ကောင် စစ်ဆင်ရေးမှာ အဓိကပုဂ္ဂိုလ်တွေပဲ၊ သူတို့ကို အထက်အမိန့်နဲ့ ကျွန်တော် ဒီသင်္ဘောပေါ် ခေါ် လာတာပါ"
အယ်လ်ရဲ့ ခပ်ရွှင်ရွှင်မျက်နှာရော သူ့အသံပါမာကျောနေတယ်။ ဘားနက်က အတန်ကြာ သူ့ကို စိုက်ကြည့်ပြီးမှ ပခုံးတွန့်ပြီး ခေါင်းညိတ်တယ်။ မိုးလေ၀သ အရာရှိတွေက သူ့ဇယားတွေ စားပွဲပေါ် တင်နေတုန်းမှာ ဗိုလ်ချုပ်ရဲ့ လက်ထောက် က တယ်လီဖုန်းကောက်ကိုင်ပြီး ကျုပ်လူနှစ်ယောက်ကို ခေါ်လိုက်တယ်။

သုံးမိနစ် အတွင်း သူတို့နှစ်ယောက် ရောက်လာတယ်။ တော်ပါသေးရဲ့.. ဆီချေး(ကြေး) တွေပေနေ တဲ့အလုပ်ဝတ်စုံ ကို သူတို့လဲထားပြီးပြီ။ ဒါပေမယ့် ချွေးတွေသံတွေနဲ့ ဗိုလ်ချုပ်ရဲ့ ကေဘင်ထဲ ၀င်လာတော့ ကျီးကြည့်ကြောင့်ကြည့်ပြီး နေကြတယ်။ နှစ်ယောက်သား ၀င်ထိုင်ပြီး နယူးမင်း က လေတပ်ဗိုလ်ချုပ်ကို နှုတ်ဆက်တယ်။
"ဟိုင်း"
ဗိုလ်ချုပ်မျက်နှာ ရှုံ့သွားတယ်။ သင်္ဘောကပ္ပတိန်ကပြုံးချင်လျက်နဲ့ နှုတ်ခမ်းအစုံကို စေ့ထားတယ်။ ကျုပ်က သူတို့နှစ်ယောက် ကို အခြေအနေကြည့်လုပ် ဆိုတဲ့သဘောနဲ့  လှမ်းကြည့်လိုက်မှ ကိုယ်ကိုမတ်မတ်ထိုင်နေ လိုက်ကြသည်။ သည်တော့မှ မိုးလေ၀သ အရာရှိက ဇယားချပ်တွေထုတ်ပြီး စကားစတယ်။

"အိုလ်ဂါကတော့ ဒေါသကြီးနေတုန်းပဲ၊ ကျွန်တော်တို့နဲ့ မိုင်တစ်ရာ့ရှစ်ဆယ်ကို ဦးတည်သွားပေမယ့် သူ့ရဲ့အကာပိုင်းလေထု က ကျွန်တော်တို့ရှေ့မှာ ရှိနေတုန်းပဲ၊ အနည်းဆုံး လေးဆယ် ကနေ ခြောက်ဆယ်နှုန်းလောက် တိုက်နေသေးတယ်"
အလန် နဲ့ နယူးမင်း တို့က သူ့ကို မေးခွန်းတွေ ဆက်တိုက်ထုတ်တော့တာပဲ။ မိုးလေ၀သဆရာက စိတ်ပျက်လက်ပျက် အမူအရာနဲ့.....
"ဟုတ်တယ်လေ၊ ဘရာဇိးလ် မြောက်ပိုင်းမှာ အရမ်းကြမ်းနေ တယ်၊ တောင်ပိုင်း ကို ရွေ့ချင်ရွေ့ သွား နိုင်တယ်၊ ရွေ့ချင်မှလဲရွေ့မယ်၊ အတ္တလန္တိတ် အရှေ့ပိုင်းက ရာသီဥတုပုံသဏ္ဍာန်ကြောင့် တစ်မျိုး ဖြစ်ချင် လဲ ဖြစ်သွားမယ်"
သူတို့ နှစ်ယောက် က ဇယားကွက်ကို ငုံ့ကြည့်တယ်။ နယူးမင်းက လက်ချောင်းကလေးနဲပ စန်ကာကို ကမ်းခြေ အတိုင်း လိုက်ခြစ်သွားပြီး အလန်ကို တစ်ချက် လှမ်းကြည့်တယ်။ အလန်က ခေါင်းညိတ်ပြတော့ နယူးမင်းက စိတ်ပျက်သံနဲ့..... "အင်း.... တော်တော် ခက်တယ်"

သူတို့နှစ်ယောက် ပြန်ထိုင်တော့မှ ရေတပ်ဗိုလ်ချုပ်က...
"အဲဒီတော့... "
နယူးမင်းက သက်ပြင်းချပြီး သေသေချာချာ ရှင်းပြတယ်။
"ကျွန်တော် တို့ လေတံခွန်တွေက သာမန်ဆိုရင် တစ်နာရီ မိုင်လေးဆယ်နှုန်းထက် ပိုတဲ့ လေထုထဲမှာ ပျံနိုင် ပါတယ်၊ အထောက်အကူ သိပ်မရှိရင်ပေါ့လေ၊ ခြောက်ဆယ်လောက်အထိ သပ်မကြောက်သေးဘူး၊ ကျွန်တော့် ခန့်မှန်းချက် အရ အိုလ်ဂါ ဟာ ဘရာဇီးလ် အနောက်တောင် ဘက်ကို အပြင်းတိုက်သွားတယ်၊ ဒါပေမယ့် တဖြည်းဖြည်းနဲ့ နှစ်ရက်သုံးရက် အတွင်း လျော့ကျသွား နိုင်တယ်၊ ကျွန်တော်တို့ဘက်ကမျှော်လင်စရာ တစ်ခုတော့ ရှိ တယ်၊ လေတိုက်နှုန်းက ကုန်းတွင်းပိုင်း ကိုဦးတည်နေတယ်"
သူက နစ်မစ်ဇ် ကပ္ပတိန်ကို လှမ်းကြည့်ပြီး....
"ခင်ဗျားဟာကြီးက သုံးဆယ့်ခြောက်မိုင်နှုန်းအထိ တင်လို့ရတယ်လို့ ကျွန်တော် ကြားဖူးတယ်"
ကပ္ပတိန် က ပြုံးပြီးခေါင်းညိတ်တယ်။ သူကလည်းပြုံးပြီး စကားဆက်တယ်။

"ဟုတ်ပြီ၊ ဒါဆိုခင်ဗျားလေကြောအတိုင်း လိုက်သွားရင်ပိုမြန်မယ်၊ ဒါပေမယ့် ပျံအတက်မှာ သိပ်အန္တရာယ် များမယ်"
သူက ကျုပ်ကို တစ်ချက်ကြည့်ပြီး စကားဆက်တယ်။
"နောက်တစ်ခုရှိသေးတယ်၊ နစ်မစ်ဇ်နဲ့ ငါးမိုင်အကွာမှာ ရုရှားစပိုင်သင်္ဘောက အမြဲရှိနေတယ်၊ နစ်မစ်ဇ်က ပျံတက်လာ တဲ့ လေယာဉ်တိုင်း ငါးမိုင်ရောက်တာနဲ့ သူတို့ရေဒါထဲ ၀င်သွားအောင် လုပ် ထားတယ်၊ နောက်တစ်ခုက လှိုင်းလုံကြီးတွေ၊ ကျွန်တော်တို့ တစ်ကွပ်မှားတာနဲ့ အားလုံးရေကူး ကြရလိမ့်မယ်၊ ခင်ဗျား ကို တွန်းပေးတဲ့ လေအားနဲ့ပေါင်းရင် ခင်ဗျားဟာကြီး ခုနစ်ဆယ့်ငါးမိုင်နှုန်း မောင်းနိုင် မယ်၊ ပေလေးထောင်အထိပဲ ပျံလို့ရမယ်၊ ဒါပေမယ့် ရိုလာကိုစတာလောက်တော့ မြန်သေးတယ်၊ အဲ...သံရုံးဝင်း ထဲဆင်းဖို့ကျတော့ ဒီလေတိုက်နှုန်းနဲ့ မလွယ်ဘူး၊ ဦးတည်ချက် နည်းနည်းလေး စောင်းသွားတာနဲ့ တစ်စစီဖြစ်သွား မှာပဲ၊ ဒီအခြေအနေနဲ့ဆိုရင် အဆင်းရော၊ အတက်ရော အန္တရာယ်ရှိနိုင်တယ်"

ရေတပ်ဗိုလ်ချုပ်က...
အလန်က ရယ်ပြီး...
"ဗိုလ်ချုပ် သူ့အကြောင်း မသိသေးဘူးထင်တယ်၊ သူကအိုလ်ဂါရဲ့ အဘယ်ကောက်တည့်တည့် ကိုဆိုက်ဆိုဖုန်း မှုတ်ရင်း လေတံခွန် စီးရဲတဲ့ကောင် ခင်ဗျ"
ဗိုလ်ချုပ်ဆိုင်မွန် စကားဝိုင်း ကို ၀င်ထိန်းလိုက်သည်။
"အရှုံးဘက် က ရာခိုင်နှုန်း ဘယ်လောက်ရှိတယ်ဆိုတာ တွက်ပြပါလား"
"အဲဒါတော့ မလွယ်ဘူး ခင်ဗျ"
ဆိုင်မွန်က ခေါင်းခါပြီး...
"တစ်ခုခုတော့ ဆုံးဖြတ်ရမယ်လေ၊ ဟို သံအမတ်ကြီးအတွက်ရော၊ သွေးစုပ်ကောင်အဖွဲ့အတွက်ရာ စဉ်းစား ရမယ်လေ၊ အဲဒီတော့ ရာခိုင်နှုန်းတော့ တွက်ကြည့်ကြရမယ်"
နယူးမင်းနဲ့အလန် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကြတယ်၊ နှစ်ယောက်စလုံး မျက်နှာပျက်လို့၊ အတန်ကြာ မှ နယူးမင်းက...
"သူတို့ အားလုံးလိုလို လက်ဖျားခါလောက်အောင် တော်ကြတာတော့ အမှန်ပဲ"

အတန်ကြာ တိတ်ဆိတ်သွားပြန်တယ်၊ ပြီးမှ အလန်က၊
"လေးဆယ်ကနေ ငါးဆယ်ရာခိုင်နှုန်းလို့ ပြောနိုင်ပါတယ်"
နယူးမင်းက ကျုပ်ကိုလှည့်ကြည့်ပြီး ခေါင်းညိတ်ပြနေတုန်း အလန်က စကားဆက် တယ်။                                                                                                 
"ဘရန်း နဲ့ ကားကိုတော့ ထားခဲ့ချင်တယ်၊ ကျန်တဲ့လူတွေကအားလုံး အဘက်ဘက်က ပြည့်စုံတယ်၊ သူတို့နှစ်ယောက် က လုပ်ရည်ကိုင်ရည် ရှိပေမယ့် ညဏ်ရည်နည်းနည်း လိုနေတယ်"
ဆိုင်မွန် က ချက်ချင်း ကျုပ်ကိုလှမ်းမေးတယ်။
"မောင်ရင့် လူတစ်ဝက် ဆုံးရှုံးမယ့်သဘောရှိတယ်၊ ဆယ်ယောက်နဲ့ မောင်ရင် ဖြစ်ပါ့မလား"
"မဟုတ်ပါဘူး အယ်လ်၊ ကျွန်တော့်မှာ အရန်ငါယောက်ရှိပါသေးတယ်၊ ဘရင်းနဲ့ ကားကို ထားခဲ့ ရင် နှစ်ဆယ်သုံးယောက် နဲ့ သွားမှာပါ၊ သံရုံးဝင်းထဲကို ဆယ့်တစ်ယောက်၊ ဆယ့်နှစ်ယောက်ရောက်ရင် လုံလောက် ပါတယ်၊ ဒီအတိုင်းလေ့ကျင့်ထားပြီးသားပါ"

"ကျင့်ထားတဲ့အပေါ် မှာ မစဉ်းစားနဲ့တော့လေ၊ အခြေအနေက တစ်မျိုးဖြစ်သွားပြီ၊ ကိုယ်တို့ လေမုန် တိုင်းထဲမှာလေ့ကျင့် ခဲ့တာမှ မဟုတ်ဘဲ၊ ဒီတော့ သွားမယ်ဆိုရင် သူတို့ဆန္ဒအရသာ ဖြစ်ပါစေ"
ကျုပ် ၀ုန်းခနဲ ထရပ်လိုက်တယ်။
"ဒီမယ် အယ်လ်၊ ဘာသောက်အဓိပ္ပာယ်လဲ၊ ကျုပ်က သွားဆိုရင် အဲဒီခွေးသားတွေ သွားကိုသွား ရမယ်"
သူ လည်း ထရပ်တယ်။ မျက်လုံးနှစ်လုံးက ပခုံးပေါ်က ကြယ်တွေနဲ့အပြိုင် တလက်လက်။
"ထိုင်ပါ ဗိုလ်မှူးကြီး"
တစ်ခန်းလုံး အပ်ကျသံ ကြားရအောင် ငြိမ်သွားတယ်။ သူနဲ့ကျုပ် တစ်ယောက်ကိုတစ်ယောက် အကြာကြီး စိုက်ကြည့်နေကြသည်။ ရေတပ်ဗိုလ်ချုပ် က မိုးလေ၀သအရာရှိကို ရုတ်ခြည်း သွားခွင့် ပြုလိုက်တယ်။ တစ်ပြိုင်တည်း မှာပဲ ဆိုင်မွန်က အလန်နဲ့နယူးမင်းကိုပါ အပြင်မှာစောင့်ဖို့ ပြောလိုက်တော့ ကျုပ်က ကုလားထိုင် မှာ အသာပြန်ထိုင်နေ လိုက်ရတော့တာပေါ့။
တံခါးပိတ်သွားတာ နဲ့ သူကျုပ်ကို တွယ်ပါလေရော။

"ဒီမှာနားထောင်၊ မင်းကိုယ်မင်း ဘာထင်နေလဲ၊ ငါ့ကို မင်းလက်အောက်က တပ်ကြပ် ကလေး အောက်မေ့နေ လား၊ င့ါပခုံးပေါ်က ကြယ်ပွင့်တွေကို မင်းမမြက်ဘူးလား၊ ကန်းနေလား၊ မင်းနောက်တစ်ခါ ဒါမျိုးလုပ်ရင် စစ်ခုံရုံး ကို ငါသောက်ဂရုမစိုက်ဘူး၊ မင်းခေါင်းကို ငါရိုက်ခွဲပစ်မယ် နားလည်လား ဗိုလ်မှူးဆလိုကမ်"
"ဟုတ်ကဲ့ပါ ဗိုလ်ချုပ်"
ရေတပ်ဗိုလ်တွေ ပါးစပ်အဟောင်းသားနှင့် တစ်ယောက်မျက်နှာ တစ်ယောက် လှမ်းကြည့်ကြ တယ်၊ ဒေါသမျက်မလုံးများကို ကျုပ်ဆီကမခွာသေး၊ အယ်လ်ဆိုင်မွန် ထိုင်ချလိုက်သည်။ ရေတပ်ဗိုလ်ချုပ် ကမဆိုးချင်ဆိုးချင်နဲ့ ချောင်းဆိုးတယ်၊ ဆိုင်မွန်က သူ့ကိုစိုက်ကြည့်နေတော့ သင်္ဘောကပ္ပတိန်က သူ့ လက်ချောင်းတွေ သူငုံ့ကြည့်နေပြီး ဗိုလ်ချုပ်ရဲ့လက်ထောက်က စာရွက်တွေ လှန်လှော နေတယ်။
ဆိုင်မွန် က အသက်မှန်မှန် ပြန်ရှူပြီးတော့ ရေတပ်ဗိုလ်ချုပ်က လှည့်လိုက်တယ်။
"ကောင်းပြီ၊ အိမ်ဖြူတော်ကို ကျွန်တော်ခေါ်ပြီး လုံခြုံရေးကောင်စီကိုတင်ဖို့ အခြေအနေ ပြောပြ လိုက်မယ်၊ တကယ် လို့ ဒီစစ်ဆင်ရေး မအောင်မြင်ရ ကိုယ့်တာဝတ်ကိုယ်ယူရမယ်၊ အပျော်တမ်းတပ်ဖွဲ့ ပုံစံပဲ"
သူက ကျုပ်ကို မကြည့်ဘဲ မေးတယ်။

"မင်းတို့အားလုံး အဲဒီအတိုင်းပဲ မဟုတ်လား"
"ဟုတ်ပါတယ် ဗိုလ်ချုပ်"
သူ့မျက်နှာ ရှည်ရှည်ကြီးပေါ်တွင် အပြုံးတစ်ချက်လက်သွားသလိုလို၊ သူက ကျုပ်ကို သံပြတ်နှင့်မေးတယ်။
"အရှုံးဘက် က ခြောက်ဆယ်နဲ့ ခုနှစ်ဆယ် ရာခိုင်နှုန်းလောက် ဖြစ်သွားပြီ၊ ထင်သလောက် ခရီးမပေါက် ရင် နောက်စစ်ဆင်ရေးတွေ အတွက် ပိုခက်မသွားဘူးလား"
ကျုပ် အဖြေပေးဖို့ စကားလုံးရှာတယ်။ အပြေးအလွှားစဉ်းစားတယ်။
"ပြဿနာ မရှိပါဘူး....ဗိုလ်ချုပ်၊ သံရုံးဝင်းထဲ မဆင်းခင်တစ်မိနစ်အလို မှာ ရေဒီယို အဆက်အသွယ် ဖြတ်ပစ် လိုက်မယ်၊ ကျွန်တော် သံရုံးဝင်းထဲ ရောက်နေပြီဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး၊ ကျွန်တော်တို့လူတွေ ဘုမသိ ဘမသိနဲ့ ကျွန်တော် တို့ နောက်ကို လိုက်လာကြမှာပါ၊ ကျွန်တော်တို့ သေသေချာချာ ကြည့်မယ်၊ အင်အား ဆယ်လောက်ထက် နည်းရင် ပြန် လည့်လာမယ်၊ နစ်မစ်ဇ်ဆီကို ရောက်အောင်ပြန်လာမယ်၊ မရနိုင်ရင် ပင်လယ်ထဲ ထိုး ဆင်းမယ်''

သူက ကျုပ်ကို မာကျောတဲ့ မျက်လုံးတွေနဲ့ ကြည့်တယ်။ ကျုပ်ကလည်း သူ့ကို အလားတူ တုံ့ပြန်လိုက်တယ်။
''ဒီမယ်... ဗိုလ်ချုပ်ဆိုင်မွန်၊ တစ်ယောက်ထက် နည်းလို့ကတော့ ကျွန်တော် မသွားဘူး စိတ်ချ''
သူ အကြာကြီး ကျုပ်ကို စိုက်ကြည့်နေရာမှ ရေတပ်ဗိုလ်ချုပ်ဘက် လှည့်ပြီး...
''ကောင်းပြီ၊ အထက်က ခွင့်ပြုချက်ရမယ်၊ အပျော်တမ်းတပ်ဖွဲ့ဦးရေ လုံလောက်မယ်ဆိုရင် ဒီည အလုပ်စမယ်''
သူက ပြောပြီး တုံ့ပြန်ချက် ကို စောင့်နေတယ်။ ဒါပေမယ့် ရေတပ်ဗိုလ်ချုပ်က ဝေခွဲမရ ဖြစ်နေပုံရတယ်။ မျက်တောင် ပုတ်ခတ်ပုတ်နှင့် အတန်ကြာ တွေနေပြီးမှ....
''အင်း....ဟုတ်ပါပြီ.၊ ဒါပေမယ့် သူတခြားနည်းလမ်းစဉ်းစားမယ်လို့ ဗိုလ်ချုပ်မထင်ဘူးလား''

ဆိုင်မွန်က ခေါင်းယမ်းပြီး...
''အဲဒါ စိတ်ချပါ၊ အခြားလေ့ကျင့်နေတဲ့ အဖွဲ့တွေ ပြန်ရုပ်သိမ်းနထားပြီ၊ အခြေအေနအရ လုံခြုံရေး ကောင်စီကလဲ ကျုပ် တို့ စစ်ဆင်ရေးကိုပဲ ခွင့်ပြုရမှာပါ၊ ကဲ...တဆိတ် အိမ်ဖြူတော်ကို ခေါ်ကြရအောင်''
ဗိုလ်ချုပ် က နစ်မစ်ဇ်ကပ္ပတိန်ကို လှမ်းကြည့်လိုက်တယ်။ ကပ္ပတိန်က သူ့ရှေ့မှ အပြောင်ရောင် ဖုန်းကို ကောက်ကိုက်ပြီး တစ်မိနစ်အတွင်း ဆိုင်မွန်နဲ့ ကွမ်လိုစီ စကားပြောနေကြပြီ။ အခြေအနေကို ရှင်းပြနေ တယ်။ ဆိုင်မွန် ရဲ့ အသံက တင်းတင်းမာမာ။ ပြီးမှ ဟိုဘက်ကမေးတဲ့ မေးခွန်းတွေကို သူဖြေတယ်။
''ဟုတ်တယ် ...မိုက်၊ ဟုတ်ပါတယ်''
သူကမျက်လုံးကြီး ကလယ်ကလယ်လုပ်ပြီး....
''အင်း...ဆိုပါတော့၊ သူကတော့ အရမ်း တက်ကြွနေတယ်...မသိသေးဘူး...မိနစ်ပိုင်းအတွင်း သိရမှာပါ... ဟုတ်တယ်၊ အားလုံး အဆင်သင့်ဖြစ်တာနဲ့ ...ဟုတ်တယ်၊ လေးဆယ်နဲ့ ငါးဆယ်ရာခိုင်နှုန်းပဲ ..ဟုတ်တယ်၊ အပျော်တမ်း ပုံစံ နဲ့ လုပ်ရမှာပဲ..ကျွန်တော် စောင့်နေမယ်''
သူကစကားပြောခွက်ကို လတ်ဝါးနဲ့အုပ်ပြီး...

''အနားမှာ သမ္မတပါရှိနေတယ်၊ ချက်ချင်း ဆုံးဖြတ်မယ်ထင်တယ် ဆိုက်လက်စ်၊ သူက မေးနေတယ်၊ ဘယ်အချိန်လောက် မှာ စ, နိုင်မလဲတဲ့''
ကျုပ်က ကပ္ပတိန် ကို လှမ်းမေးလိုက်တယ်။
''လေစုန်နဲ့သွားဖို့ ကျုပ်တို့ ဘယ်လောက် စောင့်ရဦးမှာလဲ''
ကပ္ပတိန်က ဗိုလ်ချုပ်လက်ထောက်ကို တစ်ဆင့် ပြန်မေးတယ်။
ကပ္ပတိန် က ဗိုလ်ချုပ်လက်ထောက်ကို တစ်ဆင့် ပြန်မေးတယ်။၏
''ဂျင်မီ....လှမ်းမေးလိုက်''
ဖုန်းကောက်ကိုင်၊ ခလုတ်တွေကိုနှိုပ်။ ပြီးတော့ ကျွန်တော့် မေေးခွန်းအတိုင်း ထပ်မေးတယ်။ ချက်ချင်း အဖြေ ရတယ်။ သူကဖုန်းချပြီးတော့...
''သုညတစ် နာရီ ဆိုတော့ နောက်လေးဆယ်သုံးမိနစ်ပေါ့''
ကျုပ်က ခပ်ပြတ်ပြတ် ပြောလိုက်တယ်။

''အဲဒီအချိန်ပဲ အယ်လ်''
သူ က လက် ကိုဖယ်ပြီး..
''ဟုတ်တယ် .. မိုက်၊ အိုကေ...ရပြီ...စိတ်ချ၊ အားလုံးအစီအစဉ်အတိုင်းဖြစ်မယ်ဆိုရင် နောက်မိနစ် လေးဆယ်ပဲ၊ ဟုတ်ကဲ့၊ စိတ်ချပါ...ချက်ချင်းပြန်ပြောမယ်''
ဖုန်းချပြီး ကျုပ်ကို စိုက်ကြည့်တယ်။
ဗိုလ်မှုးကြီး ဆလိုကမ်၊ ကိုယ့်အဖွဲ့ကိုအသေခံ အပျော်တမ်း တပ်ဖွဲ့လို့ သဘောထားနိုင်ရင် သွားဖို့ သမ္မတက ခွင့်ပြုတယ်''
စိတ်သက်သာရာ ရသွားပြီး စိုးရိမ်စိတ်က ဆက်ဝင်လာတယ်။ ကျုပ်လူတွေက တိန်တိန်မြည် အမာခံ တွေချည်းပဲ။ သူတို့ လိုက်ကြမှာ သေချာတယ်။ ဒါပေမယ့် ဆယ့်နှစ်ယောက်ပဲ ကျန်တယ်ဆိုရင် ...။ သည်အတွေးကို ကျုပ်ခေါင်းထဲ က မောင်းထုတ်ပစ်လိုက်တယ်။

''သူတို့အားလုံး လေယာဉ် ဂိုဒေါင်ထဲမှာပါ ဗိုလ်ချုပ်၊ ကျွန်တော်သူတို့နဲ့ ဆွေးနွေးပါ့မယ်''
ရေတပ်ဗိုလ်ချုပ်က ကုလားထိုင်မှာ ထိုင်ကျန်ရစ်တယ်။ ဗိုလ်ချုပ်ဆိုင်မွန်၊ ကပ္ပတိန်နဲ့ လက်ထောက် တို့သုံးယောက် ကျုပ် နဲ့ လိုက်လာတယ်။ အလန်နဲ့ နယူးမင်းက အပြင်မှာ ရပ်လို့။ သူတို့်နှစ်ယောက် အားလုံးကြား မှာ သေချာတယ်။
ကျုပ်က သူတို့ဘက်လှည့်ပြီး လက်မကို ထောင်ပြလိုက်တော့ သူတို့နှစ်ယောက် ခေါင်းညိတ်ပြတယ်။ သူတို့ မျက်နှာတွေ က စပ်ဖြီးဖြီး။ သည်လို အခြေအနေမှာ လေတံခွန်လွှင့်ရတဲ့ အန္တရာယ်ကို သူတို့နှစ်ယောက်ထက် ပိုသိတဲ့ လူ မရှိနိုင်ဘူး။
ဆိုင်မွန်က ကျုပ်အနားကပ်ပြီး မေးတယ်။

''သူတို့ သဘောထားကို မေးမယ်၊ ဟုတ်လား...ဆိုက်လက်စ်''
''ဟုတ်ကဲ့...ဗိုလ်ချုပ်''
''မောင်ရင် သိပ်စိတ်ပင်ပန်းနေပြီ၊ ဒီကိစ္စဟာ မောင်ရင့်ကိုယ်ရေးကိုယ်တာလို ဖြစ်နေပြီ၊ ကလေးတွေ ဆီကိုရောက်ရင် မောင်ရင် တစ်ခွန်းမှမပြောနဲ့၊ ကြားလား''
''ဟုတ်ကဲ့''
လေယာဉ်ပျံဂိုဒေါင်ထဲ ကို ကျုပ်တို့ ၀င်ခဲ့ကြတယ်။ ဗိုလ်ချုပ်ကြီးရဲ့ လက်ထောက်အရာရှိက အော်ဟစ် အမိန့်ပေးတော့ အလုပ်ခွင်တစ်ခုလုံး ရပ်ပြီး ချက်ချင်း ငြိမ်ကျသွားတယ်။ သတ္တုကြမ်းပြင် ပေါ်မှာ ကျုပ်တို့ခြေသံတွေ ပဲ ကြားရတော့တယ်။ စွန်ကြီးတွေနား ရောက်တော့ ကျုပ်လူတွေ ချက်ချင်း တန်းစီပြီး သား ဖြစ်သွားတယ်။ အုပ်စုဗိုလ် လေးယောက်က ရှေ့တန်းမှာစီလို့။
ဗိုလ်ကြီးမွန်ကာဒါ က အော်လိုက်တယ်။

''အားလုံး ... သတိ''
သံမဏိကြမ်းပြင်မှာ ဖိနပ်နှစ်ဆယ့်လေးရန် သတိဆွဲသံကို တစ်ချက်တည်း ကြားလိုက်ရတယ်၊ ကျုပ် မျက်လုံးပြူး သွားတယ်၊ ဒီလောက် ညီမယ်လို့ မထင်ဘူး၊ အခြေခံစစ်လေ့ကျင့်ခန်းတွေ လုပ်ချိန်မှာ ကျုပ်တို့မှ မရှိခဲ့တာ ဘဲ။
ကျုပ်တို့အားလုံး သူတို့နဲ့ မျက်နှာချင်းဆိုင် ရပ်လိုက်တယ်၊ အလယ်တည့်တည့်မှာ ဆိုင်မွန် နေရာယူတယ်၊ ရှေ့တစ်လှမ်းတိုးပြီး အမိန့်ပေးတယ်။
'သက်သာ'
ခြေထောက်ခွဲတော့လည်း တစ်သံတည်းပဲ ထွက်တယ်။
ဗိုလ်ချုပ်ဆိုင်မွန် က အမူအရာ မျိုးစုံ၊ အရောင်အသွေးမျိုးစုံနဲ့ မျက်နှာတွေကို လိုက်ကြည့်နေတယ်။ ပြီးမှ တည်ငြိမ်ဆေးဆေးတဲ့ လေသံနဲ့ စကားပြောတယ်၊ တိုင်းပြည်ရဲ့ကာကွယ်ရေးအကြောင်း၊ မျိုးချစ်စိတ်ဓာတ် အကြောင်း လုံးဝ ထည့်မပြော။

အမေရိကန်သံအမတ် တစ်ယောက် နှိပ်စက်ခံနေရတဲ့အကြောင်း၊ သင်တန်းဆရာတို့ရဲ့ ခန့်မှန်းချက်အရ ငါးဆယ်ရာခိုင်နှုန်း ပဲအောင်မြင်ဖို့ အလားအလာရှိတဲ့အကြောင်း ဒါကြောင့် စစ်ဆင်ရေး ဟာ စေတနာ့ဝန်ထမ်း စစ်ဆင်ရေး၊ အပျော်တမ်း စစ်ဆင်ရေး သက်သက်ဖြစ်မယ့် အကြောင်း၊ အသေခံတပ်မျိုး မဟုတ်ပေ မယ့် သေမင်းခံတွင်းဝ ကို သွားရမှာဖြစ်ကြောင်း...
ကျုပ်စိတ်ထဲက ကျိန်ဆဲလိုက်တယ်၊ ဘာတွေ လေရှည်နေပါလိမ့်၊ ကျုပ်လူတွေက ကျုပ်ကို စိုက်ကြည့်နေကြပြီ၊ ဗိုလ်ကြီး မွန်ကာဒါ ၏ အသံကျယ်ကျယ်လောင်လောင်ပေါ်လာတယ်။
'ဗိုလ်ချုပ် ခင်ဗျာ၊ ကျွန်တော်တို့ ဗိုလ်မှူးကြီး ဆလိုက်ကမ် ရဲ့ အမိန့်ကို နာခံချင်ပါသေးတယ်'
'မရဘူး'
သူတို့မျက်လုံးတွေ အားလုံး ကျုပ်ဆီမှာ စုပြုံနေကြပြီး ဗိုလ်ချုပ်ဆိုင်နမွန် ခပ်ဆိုင်းဆိုင်းနဲ့ စကားဆက်တယ်။
'မင်းတို့ကို တစ်ခုတော့ ငါပြောနိုင်တယ်၊ ဗိုလ်မှူးကြီးဆလိုကမ် ဟာ ဒီစစ်ဆင်ရေးအတွက် အပျော်တမ်း တပ်ဖွဲ့ထဲဝင်လိုက်ပြီ'
ခဏငြိမ်သွားပြီး ဗိုလ်ကြီးမွန်ကာဒါ အသံထွက်လာတယ်။

'အားလုံး ...သတိ'
သတိဆွဲတော့ သတ္တုသံ ပိုဟိန်းသွားတယ် ထင်ရတယ်၊ ဆိုင်မွန်ရဲ့ အမိန့်ပေးသံ တစ်လုံးချင်းထွက် လာတယ်။
'အပျော်တမ်းတပ်ထဲဝင်မယ့်ရဲဘော်၊ ရှေ့တစ်လှမ်းတိုး'
ဘယ်ဘက်ဖိနပ်  နှစ်ဆယ့်လေးခု ရှေ့ကိုတစ်ပြိုင်တည်း တိုးလာတယ်၊ တစ်ဆက်တည်း ညာခြေပါ ပါလာပြီး ဖြောင်းခနဲ ဖနောင့်ချင်းရိုက်သံ တစ်ချက်တည်း ဟိန်းထွက်သွားတယ်၊ မျက်လုံးနှစ်ဆယ့် ဆလေးစုံ ဟာ ရှေ့တည့်တည့် ကို စိုက်ကြည့်နေကြတယ်။ ကျုပ်မျက်လုံးတွေထဲမှာ မျက်ရည်တွေ ပြည့်နေပြီ။ ကျုပ်မနည်းထိန်းလိုက်တယ်။ ဘယ်လောက်ဂုဏ်ယူဖို့ ကောင်းတဲ့၊ ချစ်ဖို့ကောင်းတဲ့ ကလေးတွေပါလဲ။
ဗိုလ်ချုပ်ဆိုင်မွန် ကို ကျုပ်လှမ်းကြည့်လိုက်တယ်၊ သူကအတွေးနက်နေတဲ့ပုံစံမျိုးနဲ့ ခေါင်းညိတ် တယ်။ သူ့နောက်နစ်မစ်ဇ် ရဲ့ ကပ္ပတိန် ကတော့ မယုံနိုင်သလို ခေါင်းယမ်းနေတယ်။
ဗိုလ်ချုပ်ဆိုင်မွန်က စိတ်လှုပ်ရှားနေတဲ့အသံနဲ့...
'မင်းတို့တပ်မှူးကြီး ကတော့ မင်းတို့အတွက် ဂုဏ်ယူမဆုံးဖြစ်နေမှာပဲ၊ ငါလဲအတူတူပါ၊ ပြီးတော့ တစ်တိုင်းပြည် လုံး ဂုဏ်ယူနေကြမှာ ပါ၊ ကံကောင်းပါစေ၊ ဗိုလ်မှူးကြီးဆက်လုပ်ပါ'
နာရီ ကို တစ်ချက်ငုံ့ကြည့်ပြီး...

'တို့ပျံတက်ဖို့ သုံးဆယ့်ငါးမိနစ် ပဲ လိုတော့တယ်၊ လုပ်စရာတွေ အများကြီး ကျန်သေးတယ်၊ အစီ အစဉ်ကို ပြန်ပြောင်းဆွဲ ရမယ်၊ ဒီရာသီဥတုအခြေအနနဲ့အရန်အင်အားလိုတယ်၊ ဘရန်းနဲ့ကားကို ထားခဲ့ပြီး အားလုံးသွား ရမယ်'
'ဘာဖြစ်လို့လဲဗျ'
ဘရန်း၏ ဒေါသတကြီး အော်မေးသံဖြစ်၏။ ဆံပင်နားရွက်ဖုံးနှင့် ပုကွကွ လူဖြူကလေး။ ကျုပ်က လေအေးကလေး နဲ့...
'မင်းတို့ရဲ့ ပျံသန်းရေးသင်တန်းဆရာတွေက နည်းနည်းလိုသေးတယ် ထင်လို့ပါကွာ၊ ငါးဆယ် ရာခိုင်နှိုန်း ပဲအောင်မြင်ဖို့ လမ်းရှိ တဲ့ စစ်ဆင်ရေးမျိုးမှာ မင်းတို့မလိုက်သင့်ဘူးလို့ လူကြီးတွေက ယူဆ တယ်လေ'
'ဘာဖြစ်လို့လဲဗျ'
ကျုပ်က သက်ပြင်းချလိုက်တယ်။ ချော့ချော့ မော့မော့ပြောဖို့လဲ မေ့သွားတယ်။

"ဟေ့ ဘရန်း၊ သောက်စကား မရှည်နဲ့၊ မင်းနဲ့ ကားဟာ လေသူရဲတွေ မဟုတ်ကြဘူး၊ မင်းတို့ အသေအလဲ ကြိုးစားတယ် ဆိုတာ ငါတို့သိတယ်၊ ဒါပေမယ့် ရာသီဥတု အခြေအနေက ဆိုးနေ တယ်၊ မင်းတို့မလိုက်ရဘူး၊ ဒါပဲ" သူက ရှေ့ကိုခါးကိုင်းပြီး ကားဘက်သို့လှည့်ကြည့်တယ်၊ ကားက ပိန်ကပ်ကပ်၊ လူကြောကတော့ မာပါရဲ့၊ ဒါပေမယ့် ပုံက ခုမှ လယ်တောထဲက တက်လာတဲ့ပုံမျိုး၊ စကား သိပ်မပြော၊ ခေါင်းညိတ် ခေါင်းခါနဲ့ပဲ ပြီးတဲ့ လူစားမျိုး။
"ကျွန်တော်တို့လိုက်မယ် ဗိုလ်မှူးကြီး"
ကျုပ် စိတ်မရှည်တော့။
"မင်း မလိုက်ရဘူးလို့ ငါ ပြောပြီးလေ၊ "
"ခင်ဗျား အမိန့် ကို သောက်ဂရုမစိုက်ဘူး၊ လိုက်မှာပဲ"
ကျုပ် အသံကုန် အော်ပြောလိုက်တယ်။

"မင်း သင်္ဘောပေါ်မှာ နေခဲ့ရမယ်၊ နားမထောင်ရင် မင်းကို သတိမေ့အောင် ထိုးပြီးမှ ငါထားခဲ့မယ်"
သူက ရှေ့တစ်လှမ်း တိုးလာပြီး ...
"လုပ်လေ ... ဗိုလ်မှူးကြီး၊ ခင်ဗျား မာ သလို ကျုပ်လဲ မာတာပဲ"
ကားရှေ့ တစ်လှမ်း တိုးလာတာကို မျက်လုံးထောင့်က မြင်လိုက်တယ်။ စိတ်ပျက်လက်ပျက်နဲ့ ကျုပ် ဆိုင်မွန်ကို လှမ်းကြည့် လိုက်တယ်။ သူက ဘာမှမပြောဘဲ ပခုံးတွန့် ပြတယ်။ မင်းသဘောဆို တဲ့ အဓိပ္ပာယ်။
"ကဲ ... ကောင်းပြီ၊ လူ့ပြည် မှာ မနေချင်ရင် လိုက်ခဲ့ကြ၊ မင်းတို့ တာဝန်ပဲ"
နာရီ ကို ငုံ့ကြည့်ပြီး ...
"အချိန်မရှိတော့ဘူး၊ အစည်းအဝေးခန်းကို ဆယ်မိနစ်အတွင်း အရောက်လာကြ၊ ဒါပဲ"

ဆက်ရန်
.

1 comment:

Anonymous said...

ကျေးဇူးပါ