Saturday, November 10, 2012

ဒေါက်တာအောင်ကြီး ၏ အဆွေးလူ၊ အတွေးလူ၊ သိမ့်မွေ့လူ, အပိုင်း (၃)

မန္တလေးဆေးကျောင်းက အဘ

(၁)
၁၉၇၂ ဆေးကျောင်း ဒုတိယနှစ် အဆောင်နေစဉ်ကာလ တစ်ညနေ ဈေးချိုညဈေးတန်း စာအုပ်အဟောင်း ဆိုင်တွေ သွားမွှေလိုက်တာ ကျွန်တော် ဖတ်ချင်လွန်းလှတဲ့ စာအုပ်တစ်အုပ် ရလာတယ်။ နေ၀င်တိမ်တောက် ပျိုကြောက် တဲ့ ညနေခင်းမှာ ကျွန်တော်တို့အဆောင်နေ ကျောင်းသားတွေရဲ့ ပြုမြဲ တာဝန်က တချို့က "တောင်ကျောင်း" ခေါ်တဲ့ ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်က "သစ္စာ" တို့ "မြတမာ" တို့ကို သွားရစ်ကြ။ တချို့က ကျောင်းရှေ့ထိုင် လမ်း(၃၀)ပေါ် စီးမျောလာတဲ့ အမှိုက်သရိုက်အချို့ အလှတချို့ကို ငေးမောကြ၊ မှတ်ချက်ပေးကြ။ တချို့ကတော့ အတွဲလိုက်အတွဲလိုက် ကော်ရစ်ဒါတစ်လျှောက် တိုင်အကွယ် လေးတွေမှာ စာအုပ်တွေ ကို ဟန်ပြဖွင့်ထားရင်း စကားတွတ်ထိုးကြ။ တချို့ကတော့ ဈေးချို ညဈေး မှာ လျှောက်ပြန်သံပေး၊ ခြေအေးဝမ်းရောင်။ ထိုးမုန့်ဆိုင်တန်း တစ်လျှောက် ခေါက်တုံ့ ခေါက်ပြန် လျှောက်လိုက် လို့ကတော့ ထမင်းစားပြီး အချိုပွဲတည်းဖို့ ပိုက်ဆံမကုန်တော့ဘူး။ ထိုးမုန့် အမြည်းစား ရတာနဲ့တင် လုံလောက်နေပြီ။ ဈေးချိုညရဲ့ အလှကလေးတွေကို မျက်စိအရသာခံနိုင်သေး။

ညဈေး စာအုပ်အဟောင်းဆိုင်တွေက ကျွန်တော်တို့ စာရူးတစ်စု ကျက်စားရာ။ "ဥတ္တရလွင်ပြင်"  အဲဒီ ကတည်းက ကလလရည်ကြည်တည်နေလောက်ပြီ။ ကျွန်တော် ရလာတဲ့စာအုပ်က နိုင်ငံရေးခေတ်က သတင်းစာသ မိုင်းကြောင်း တစ်ပုဒ်။ " ဗမာ့ခေတ်မှ ကြေးမုံ"သို့တဲ့။ စာအုပ်ဝယ်လိုက်ပြီးကတည်းက ဖတ်ချင် လှပြီ။ ဒါနဲ့ အဆောင်ကို အမြန်သုတ်ခြေတင်။ အိပ်ရာပေါ်လှဲပြီး အားရပါးရ ဖတ်ပေရာ့။ စဖတ်ကတည်းက ည (၉)နာရီ ရှိနေပြီ။ ည (၁၂)နာရီလောက်ထိ ဖတ်မပြီးသေး။ ဖတ်ကောင်း တုန်း။ ဆောင်းကာလ မို့ မြောက်လေပြင်းပြင်းက ညနက်လာတာနဲ့အမျှ တသုန်သုန် တိုက်ခတ်လို့လာနေ။ ကျွန်တော့်အခန်း က တောင်မြောက်တိုးလျှိုပေါက်။ ပြတင်းပေါက် ထပိတ်ဖို့ သတိရသော်ငြား စာဖတ်အရှိန် အရသာပျက်မှာ စိုးသောကြောင့် ထ မပိတ်ဘဲ ပေနေလိုက်မိ။ ချမ်းကလည်း ချမ်းလှပေါ့။

ဆီးကလည်း သွားချင်လှပေါ့။ ဒါကို အတင်းရော အဓမ္မပါ အောင့်ထားပြီး စာအုပ်မပြီးမချင်း တုံးပေကတ်သတ် ဖတ်လိုက် တာ ညတစ်နာရီ ထိုးခါနီးမှ ဖတ်ပြီးတယ်။ အိမ်သာကို တရကြမ်းပြေးတာ အချိန်မရလို့ အဆောင်ဝရန်တာ ကနေပဲ အောက်ကို ဆီးပေါက်ချလိုက်မိ။ ပြီးမှ အပေါ် အင်္ကျီကောက်ဝတ်၊ ပြတင်းပေါက်ပြေးပိတ်၊ အိပ်ပေါ့။ နောက်တစ်နေ့ ကျောင်းတက်တော့ လူက ရှိန်းတိန်းတိန်း ဖိန်းတိန်းတိန်း သိပ်နေ လို့ မကောင်း။ နောက်တစ်နေ့ကျတော့ ဖျားပြီး။ လူတစ်ကိုယ်လုံး မလုပ်ချင်မကိုင်ချင်။ တစ်ကိုယ် လုံး ကိုက်ခဲပူကျက်လို့နေ။ အဖျားက ၁၀၂-၁၀၃ ဒီဂရီ။ မိဘတွေက ဟိုအဝေး ကသာမှာ။ ကျွန်တော့် မှာ အားငယ်လိုက်တဲ့ဖြစ်ခြင်း။ အမေ လိုက်လာဖို့ သူငယ်ချင်းတွေက ဖုန်းဆက်ပေး။ ကျွန်တော့် ကို ဆေးရုံဝိုင်းတင်ကြ။ မန္တလေးဆေးရုံကြီးဖျားနာရုံ (၃)မှာ အတွင်းလူနာ။ ဒီမှာတင် မန္တလေး ဆေးကျောင်း ဆင်းတွေက "အဘ" လို့ ချစ်မြတ်နိုးစွာ လေးမြတ်စွာခေါ်တဲ့ ဒေါက်တာဦးထွန်းသင်ကို နဖူးတွေ့ ဒူးတွေ့ စတင်တွေ့ရှိ လိုက်ရပါတော့တယ်။

(၂)

ဒီ့မတိုင်ခင်က ဆရာနဲ့ တစ်ခေါက်တစ်ခါ ဆုံဖူးလေရဲ့။ တစ်ခေါက်တစ်ခါ ဆိုသလောက်ပါပဲ။ မမေ့ရက်နိုင်စရာ။ ကျွန်တော် တို့ ပထမနှစ် ဆေးကျောင်းသားဘ၀။ ဆရာနဲ့ ကြုံဆုံစရာ ဘာအကြောင်းမှ မရှိလေသေး။ ဆရာက တတိယနှစ် ကနေ နောက်ဆုံးနှစ်ထိ ဆေးကျောင်းသားတွေကို လေ့ကျင့်သင်ကြား ရတာ။ ဖြစ်ရပုံက ကျွန်တော်တို့ အတန်းက အဆောင်နေ သူငယ်ချင်းတစ်ယောက်ဖျားလို့ ဆေးရုံတင်လိုက် ရတ ဖျားနာရုံ (၃)မှာ။ တစ်ညနေခင်း လူနာမေးဖို့ သူငယ်ချင်းတစ်သိုက် ဆေးရုံဆီ ချီတက်သွားကြ။ ဆေးရုံက အဆောင်နဲ့ လမ်း ၃၀ တစ်လမ်းပဲခြား တာ။ လူနာခုတင်ဘေး ၀ိုင်းဖွဲ့လေပေါကြ။ လူနာက နေကောင်းတောင်နေပါပြီ။ ညနေ ၆ နာရီ ထိုးတော့ ဖျားနာရုံ (၃) ထုံးစံအတိုင်း ဧည့်နှင့် ခေါင်းလောင်းထိုး တယ်။ လူနာစောင့်တွေအားလုံး ကပျာကသီ ထမင်းချိုင့်တွေ သိမ်း၊ ခင်းထားတဲ့ အခင်းတွေ ခေါက် သုတ် သုတ် သုတ်သုတ်နဲ့ ရုံအပြင်ဘက် မြန်မြန်ထွက်ကြ ဖို့ ပြင်ဆင်ကြတယ်။ ကျွန်တော်တို့ကလည်း ပြန်ဖို့ပြင် ကြပေါ့။ သို့ပေတဲ့ သူငယ်ချင်းဟန်မြင့် က အေးအေးဆေးဆေး စကားဆက်ပြောကြတာပေါ့တဲ့။ ဘာလို့ သူငယချင်းဟန်မြင့်က အေးအေးဆေးဆေး စကား ဆက်ပြောကြတာပေါ့တဲ့။ ဘာလို့ ပြန်ရမှာလဲတဲ့။ ကိုယ်တို့က ဆေးကျောင်းသားကြီးတွေဖြစ်သတဲ့။

ဧည့်နှင့်ခေါင်းလောင်း ထိုးတာ ကိုယ်တို့အတွက် ထိုးတဲ့ ခေါင်းလောင်း မဟုတ်ပါတဲ့။ (တကယ်လား " လူတိုင်း အတွက်ထိုးတဲ့ ခေါင်းလောင်း") အောင်မယ် ... သူ ပြောတာ အချက်တော့ကျသား။ ဒါနဲ့ အားလုံးသဘောတူ ဆက်ထိုင်နေ လိုက်ကြပေါ့။
အဲဒီခေတ်တုန်းက ဆရာကြီး ဦးထွန်းသင်က ညနေတိုင်း ဗထူးကွင်းမှာ ဘောလုံးပွဲကြည့်တယ်။ ပြီးရင် သူ့ဗောက်(စ်)၀က်ဂွန်ကားဖြူလေး နဲ့ ဆေးရုံတန်းမောင်းလာ။ သူ့ဖျားနာရုံ (၃)ကို တစ်ပတ်လှည့် လူနာကြည့်။ ညွှန်ကြားစရာ ရှိတာ ညွှန်ကြားပြီးမှ အိမ်ပြန်နား။ ဒါက သူ့ရဲ့ ပြုမြဲဝတ္တရား။ ညနေ ဘာဆေးခန်း မှ ထိုင်လေ့မရှိ။ အိမ်ရှေ့ တံခါးမကြီး ကို သော့ကြီးကြီးနဲ့ လူမြင်သူမြင် ခတ်ထားတာ။ ဆရာကြီး တို့ က ဘေး ပေါက် က နောက်ပေါက်က ထွက်တယ်။

ဟန်မြင့် ရဲ့ စကားနဲ့ ဘယ်လိုပင် ရဲဆေးတင်ထားသော်လည်း ဆရာ့ကားကလေး ထိုးဆိုက်လာပြီး ကားပေါ်က အဆင်း သူ့ အသံသြဇာနဲ့ ရုပ်ကို မြင်လိုက်ရကတည်းက ကျွန်တော့်မှာ ဒူးတုန်လှပြီ။ သူလည်း ရုံထဲဝင်လာရော သူငယ်ချင်း တစ်စု တိုင်ပင်မထားပါဘဲ ဖွင့်ထားတဲ့ ပြတင်းပေါက်တွေကနေ ကျော်ဖြတ်ပြီး ရုံအပြင် ထွက်ပြေး ကြတာ (ဖျားနာရုံ (၃)က တစ်ထပ်တိုက်ပုလေး)။ ကျွန်တော်တို့ လောက်သတိမကောင်း၊ သိပ်မကြောက်၊ သိပ်အပြေး မသန်သူတွေကတော့ ဆရာကြီးနဲ့ ပိတ်မိနေခဲ့။ ကျွန်တော်တို့တစ်သိုက်ကတော့ အပြေးသန်သလား မမေးနဲ့။ အဆောင် အရောက် ဒုတ်ဒုတ်ထိ ပြေးလိုက်တာ။
ကျန်ရစ်သူတွေ ကို ဟန်မြင့် ကပဲ ခေါင်းဆောင်ပြီး သူငယ်ချင်း လာကြည့်တဲ့အကြောင်း၊ ပထမနှစ် ဆေး ကျောင်းသားတွေဖြစ်ကြောင်း၊ ဆရာကြီးကို ဟန်ပါပါနဲ့ အစီရင်ခံလိုက်တော့ နဂိုကတည်းက ရုံထဲ ရုတ်ရုတ် သဲသဲဖြစ် လို့ ဒေါသတွေနဲ့ ပြည့်ဖောင်းနေတဲ့ ဆရာကြီးက မိုးခြိမ်းသလို ဟိန်းဟောက်တော့သတဲ့။

" ဘာ ... ဆေးကျောင်းသားတွေ။ မင်းတို့က ဧည့်နှင်ရင် ထွက်စရာ မလိုဘူးဟုတ်လား။ ဟေ့ တစ်ရက်မှာ ဆရာဝန် လုပ်မယ့်လူ က ဆေးရုံစည်းကမ်း၊ ရုံစည်းကမ်းကို မလိုက်နာဘဲ စည်းကမ်းဖောက်ပြတာ ကောင်း သလား။ မင်းတို့ နာမည်နဲ့ ခုံနံပါတ်တွေ ရေးခဲ့ကြ၊ နက်ဖြန် မင်းတို့ ပါ/ချုပ်ကို တိုင်ရမယ် "
ပြောပြီး သူတို့ တစ်စုကို ရုံထဲက မောင်းထုတ်လိုက်သတဲ့။
အားလုံး က ဟန်မြင့်နဲ့ပေါင်းတာ လူပေါင်းမှားပြီပေါ့။ ဟန်မြင့်ကတော့ ခပ်အေးအေး။ နောက် တစ်နေ့ အေးအေး ချမ်းချမ်း ကုန်ဆုံး သွားမှပဲ အားလုံးသက်ပြင်းချလိုက်နိုင်တော့တယ်။

(၃)

အနှီဆရာကြီးနဲ့ အခုတော့ မျက်နှာချင်းဆိုင် တိုက်ရိုက်တွေ့ရပေါ့။ပြတင်းပေါက်ကရော၊ တံခါးပေါက်ကပါ ထွက်ပြေး ဖို့ ခွင့်မသာချေတော့ ကျွန်တော်က သူ့ရဲ့လူနာ။ ရော၈ါက တိုက်ဖွိုက်ဖျားတဲ့။ဆေးသောက်ပြီး နားနားနေနေ နေရုံပါပဲ။ ဆရာကြီးက တစ်ရက်ကို (၂) ကြိမ် (၃)ကြိမ် " ရောင်း" လှည့်တယ်။ နံနက်၊ နေ့လယ်၊ တစ်ခါတစ်ရံ ညနေခင်း အိမ်မပြန်ခင်။ ဘောလုံးပွဲမသွားခင်။ သူက လူနာရဲ့ရောဂါလက္ခဏာ (Physical Signs) တွေ ကို အထူးတည် စိတ်ဝင်စားတယ်။ အဲဒီလို လက္ခဏာစုံလင်တဲ့ ထွေပြားတဲ့လူနာရှိတဲ့ ခုတင်က တော်တော် နဲ့ မခွာတော့ဘူး။ ကိုယ်တိုင်စမ်းသပ်၊ တပည့်တွေကို စမ်းသပ်စေ။ လူနာတွေနဲ့ ဆက်ဆံရာ မှာ သူ နာမည်ကြီး (နာမည်ပျက်)ရသလို၊ အများတကာ ပြောသလို သိပ်ကြမ်းကြမ်း တမ်းတမ်း ဒေါသတကြီး ဆက်ဆံတာ မတွေ့ရပါဘူး။ စိတ်အခန့်မသင့်တဲ့ အခါ ကြုံရင်တော့ အော်တတ်ငေါက်တတ်ပေါ့၊ တစ်ခါတစ်ရံ လူနာ မှတ်တမ်း လွှင့်ပစ်တတ်ပေါ့။ ဒါပေမဲ့ လူနာတိုင်းကို စိတ်ရှည်လက်ရှည် စေ့စေ့စပ်စပ် စမ်းတယ်။ တပည့်တွေ ကိုလည်း ကိုယ်ထိလက်ရောက် သေသေချာချာ စမ်းသပ်စေတယ်။

သင်ပြတယ်။ ရှင်းပြတယ်။ အခါခါ လေ့ကျင့်စေတယ်။ ကျွန်တော်တို့ ဆေးရုံမှာရှိတုန်း ဆရာကြီးစာမေးပွဲစစ်တာနဲ့ ကြုံရ တယ်။ ဖြေဆိုရ တဲ့ ကာယကံရှင် မောင်ကျောင်းသားတော့ မသိဘူး။ ကျွန်တော်က ကြားကနေ ကြောက် လိုက် ရတာ။ ဆရာကြီးက သူမေးလို့ ကျောင်းသားဖြေတာ စိတ်တိုင်းမကျရင် "ထွန်းသင် သဘောမတူပါ ဘူး" လို့ နှုတ်ခမ်းထော်ထော် နဲ့ ပြောတတ်တာ။ လူနာကိုင်တွယ်စမ်းသပ်ရာမှာ အချိုးမကျရင် စနစ်မကျရင် အမောင်ကျောင်းသား သေ ဖို့သာပြင်ပေရော့။
" ဟေ့ ဒီမှာ၊ ရဟန်း ဆိုရင် ယောက်ျားဖြစ်ရတယ်။ ခေါင်းတုံး တုံးထားရမယ်။ သင်္ကန်း ဆီးထားရတယ်။ သိမ် ၀င်ပြီး ဖြစ် ရတယ်။ အခု မင်းတင်ပြနေတာ ရောဂါအမည် သတ်မှတ်ဖို့ လိုအပ်ချက် (Criteria) မပြည့်စုံသေး ဘူးကွ" လို့ တစ်မျိုး။
" ဒီမှာ ကားမောင်းတော့မယ်ဆိုရင် ကားတံခါးဖွင့်၊ ဒရိုင်ဘာနေရာ ၀င်ထိုင်။ စက်နှိုး ... စသည်ဖြင့်ပေါ့ကွာ" လို့ တစ်ဖုံ။ Systematic step-by-step approachကို ပြောချင်တာ။
တပည့်တစ်ဦးဖြစ်တဲ့ ကိုတိုးအေး နဲ့ကျမှ သူပေးတဲ့ဥပမာ ဒုက္ခရောက်ရတာ။ ကိုတိုးအေးက " ဆရာကြီး ကျွန်တော် ကတော့ ကားပေါ်တက်ထိုင်ပြီး စက်တန်းနှိုးလိုက်တာပဲ" ဆိုတော့ " ဟေ့ကောင် နွား၊ မင်း ကားတံခါး မဖွင့်တော့ဘူး လား" ပေါ့။ " ဖွင့်စရာမလိုပါဘူး၊ ဆရာကြီး။ ကျွန်တော့်ကားက ဂျစ်ကားပါ" လို့ ခွန်းတုံ့ပြန်သတဲ့။

ဆရာကြီး က နှလုံးခုန်သံ၊ နှလုံးညည်းသံ (heart murmur) တွေကို သိပ်စိတ်ဝင်စားတယ်။ နှလုံးအဆို့ရှင် (Naves) တွေ ပျက်စီးရင်၊ အလုပ် ကောင်းကောင်းမလုပ်ရင် ကြားရတဲ့ ညည်းသံတွေလေ။ သူ့ သီအိုရီ အရ နှလုံးသည်းသံ ပေါင်းစုံကို သေသေချာချာ နားထောင်ခဲ့ဖူးရင် ဘယ်အချိန် ပြန်နားထောင်နားထောင် အမျိုး အစား တိတိကျကျ မှန်မှန်ကန်ကန် ခွဲခြားတတ်ရမတဲ့။ မေ့ပျောက်လို့ ရစကောင်းတဲ့အရာ မဟုတ်ပါတဲ့။
သူ့ဥပမာက " ဟေ့ မင်းတို့ စက်ဘီးစီးတတ်သလား။ အေး စီးတတ်တယ်။ ၁၀ နှစ်လောက် မစီး ဘဲနေပြီး ပြန်စီးမယ်ဆိုရင်ကော၊ စီးတတ်ရမှာပေါ့ကွ" တဲ့။ ကိုတိုးအေးကတော့ " ဆရာကြီး၊ ကျွန်တော် ငယ်ငယ် က စက်ဘီး ကောင်းကောင်း စီးတတ်တယ်ဗျ။ မစီးတာ ကြာလှပြီ။ အခု ပြန်စီးကြည့်တော့ မစီးတတ်တော့ဘူးဗျ" တဲ့။ ဒီနွားလေး ကိုတော့ ဆရာကြီး နိုင်ပုံမပေါ်။ ကိုတိုးအေးက မန္တလေးဆေးကျောင်းရဲ့ စာသိပ်တော် တဲ့ ကျောင်းသား စာရင်းဝင်။ နှလုံးရောဂါ ဝေဒနာရှင်။ ခု ကွယ်လွန် ရှာပါပြီ။

အဲဒီတုန်းက ဆရာကြီးကို တပည့်တွေက ဒက်ဒီလို့ ခေါ်ကြ။ ဆရာက သူ့တပည့်တွေ ကို နွားလေးတွေ တဲ့။ နောင် နှစ်နည်းနည်းကြာလာမှ သူ "အဘ" ဖြစ်သွားရတာ။ သူ့တပည့်တွေကို ချစ်ချစ် ခင်ခင် အော်အော် ငေါက်ငေါက် စာသင်နေ တာ၊ စာမေးနေတာ၊ စာစစ်နေတာတွေကို တွေ့နေမြင်နေ ကြားနေရ တဲ့ ကျွန်တော့် မှာ လူနာ အဖြစ်ကို မေ့ပျောက်ပြီး ချွေးတောင် ပြန်လာရတယ်။ (ကသာသားပီပီ)၊ ဒါကြောင့်ပဲလား မသိ။ ကျွန်တော် တစ်ပတ် နဲ့ ရောဂါ ရှင်းရှင်းပျောက်ပြီး ဆေးရုံက ဆင်းခဲ့ရတယ်။

(၄)

ဆေးရုံက ဆင်းလာပြီး ဆေးရုံအတွေ့အကြုံကို ပြန်ပြောင်းဖောက်သည်ချတော့ ဆရာကြီး ဦးထွန်းသင်ရဲ့ အကြောင်းက ထိပ်ဆုံးက နေရာယူပေါ့။ ဆရာကြီးနဲ့ ပတ်သက်တဲ့ပုံပြင်တွေ တစ်ပုံတစ်ပင်။ တစ်ခါက လူနာနဲ့ လက်တွေ့ စာသင်ကြားရာမှာ နားကြပ်ကို လူနာရင်ခေါင်းပေါ် ထောက်ထားပြီး ကျန်တစ်ဖက် Ear piece ကို တပည့်တွေ နားထဲ ဆရာကြီးကိုယ်တိုင်ထည့်ပေးပြီး နားထောင်စေသတဲ့။ ဘေးကနေပြီး ဘာကြားရမယ်၊ ဘယ်လိုကား ရမယ်၊ ဘာအသံက ဘယ်လိုဆိုတာ Running Commentary ပေးနေတာ။ တပည့်မလေးတွေ က ရှေ့ဆုံးကပေါ့။ ဦးစားပေးပေါ့။ သမီးလေးတွေ။
သူတို့လေးတွေပြီး လို့ ကျောင်းသားတွေ နွားလေးတွေအလှည့်ကျတော့ ခန္ဓာကိုယ် တုတ်တုတ်ခိုင်ခိုင် နဲ့ ကျောင်းသားကြီး တစ်ဦးက ရှေ့က ကျောင်းသူတွေ နည်းတူ ခါးကလေးကိုကုန်း၊ ကိုယ်ကို ခပ်ကိုင်းကိုင်း လေး ထားပြီး နားထဲကို ဆရာကြီးကိုယ်တိုင် နားကြပ်တပ်ပေးဖို့ "စိတ်ရှည်လက်ရှည်" စောင့် ရှာသတဲ့။ ဒီမှာတင် ဆရာကြီးက " ဟဲ့ နွား၊ နားကြပ် ကိုယ့်ဘာသာကိုယ် တပ်ပါလား။ မင်း လက်မပါဘူးလား" လို့ ငေါက် သတဲ့။ သူက ချစ်ရင် နွားလို့ အလုပ်ပြုတတ်တာ သိသိကြီးနဲ့ပဲ ကျောင်းသားကြီးခမျာ ရှေ့ဟပ်ထိုးလဲ မလိုဖြစ်သွား ရရှာ။

တစ်ခါကလည်း ကျောင်းဘက်က ရေးဖြေစာမေးပွဲတွေရှိလို့ ရုံထဲ လက်တွေ့ဆင်း တဲ့ ကျောင်းသားဦးရေ က တော်တော်နည်းတဲ့တစ်နေ့။ ဆရာကြီးက Bed-side teaching ခေါ်တဲ့ လူနာနဲ့အတူ ရောဂါရာဇ၀င်မေးတာ စမ်းသပ် ရင်း သင်ပြတာကို သိပ်ဝင်စားတာ။ သင်မယ့်လူနာကိုလည်း သေသေချာချာ ရွေးတာ။ ကိုယ်တိုင် လိုက် ရှာတာ။ မသင်ခင် သေသေချာချာ ပြင်ဆင်ထားတာ။ ဒီကြားထဲ တပည့်တွေက မလာကြတော့ စိတ်ဆိုး ပါလေရော။

" ဟေ့ကောင်တွေ နွားတွေ၊ မြန်မြန်ပြန်ကြ။ အားလုံးပြန်ကြ။ ငါ့ Ward မလာကြနဲ့" လို့ မောင်းထုတ်ပါတယ်။ ဆရာ က စိတ်တိုရင် နဂိုက ထစ်တဲ့စကားက ဘာလုပ်ရမတုံး။ ရုံးက လက်မခံလို့မှတော့ ပြန်ရုံပေါ့။ ရုံထဲက နေ ကျောခိုင်းထွက်သွားတဲ့ တပည့်တစ်စုကိုမြင်တော့ " ဟေ့ နွားတွေ၊ လာလာ။ အားလုံးပြန် လာကြ။ ပြန်ဆိုတာနဲ့ ပြန်ရသလားကွ" လို့ အော်ငေါက်ပြန်ခေါ်ပြီး စာသင်သတဲ့။
၁၉၆၆ ဆရာ မန္တလေးကိုပြောင်းရတော့ ရန်ကုန်ကနေ မီးရထားနဲ့ လာတယ်။ မနက် ၆ နာရီလောက်ကြီး ရောက် လာသတဲ့။ သူတစ်ခါ မှ မရောက်ခဲ့ဖူးတဲ့ မန္တလေး။ ဘယ်သွားရပါ။ ဒါနဲ့ ဘူတာနဲ့နီး တဲ့ ဆေးရုံကြီး ဆီ မေးမြန်းလာ။ ဆေးရုံ ရုံးခန်းတွေက မဖွင့်သေး။ ဒါနဲ့ဆေးရုံရှေ့က လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး ဆေးရုံ အဖွင့် ကိုစောင့်။ ကော်ဖီ မှာသောက်ပေါ့။ စောင့်ရင်းစောင့်ရင်း ကော်ဖီမှာမှာသောက်လိုက်တာ ၆ ခွက်တိတိ ရှိ သတဲ့။ ပြောကြတာပေါ့။ အဲသလို စလိုက်ရင် ဆရာကြီးက ရယ်နေတော့တာ။ ဟုတ်မဟုတ် အတည်မပြုဘူး။

တတိယနှစ် ဆေးလက်တွေ့ဆင်းကြရတော့ ကျွန်တော် ဆရာကြီးနဲ့ လွတ်သွားတယ်။ ကျွန်တော်က ဖျားနာရုံ (၁)မှာ ကျတယ်။ တတိယနှစ် ဆေးရုံစဆင်းတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ရုံတွေထဲမှာ ဆရာကြီး၊ ဆရာမကြီးတွေ ကိုယ်တိုင်ကိုယ်ကျ သင်တယ်။ သူတို့အမြင်က နောက်ဆုံးနှစ် ကျောင်းသား တွေကို စာသင်တာ ဘယ်သူသင်သင်ဖြစ် သတဲ့။ ဆေးလက်တွေ့ စဆင်းစ တတိယနှစ်ကျောင်းသားတွေကို တော့ ဆရာကြီးတွေ ကိုယ်တိုင် သင်ရမတဲ့။ ဒီကာလက အလွန်အရေးကြီးတဲ့ Formative Year တဲ့လေ။ ဒီကာလမှာ လူနာ ရာဇ၀င် မေးတာ၊ ရောဂါလက္ခဏာ စမ်းသပ်တာပုံမကျခဲ့ရင် စနစ်မကျခဲ့ရင် တစ်သက်လုံး ပစ်ရရောတဲ့။

ဆရာကြီး ဦးထွန်းသင် အမှူးပြုတဲ့ ဖျားနာရုံ (၃)က ဒါကို လက်တွေ့ကျင့်သုံးရာမှာ တခြား သင်ကြားရေးရုံ တွေထက် နည်းနည်းပိုလေမလား။ ဖျားနာရုံ (၃)ထွက် တတိယနှစ် ဆေးကျောင်းသားတွေက နည်းနည်း ပိုလေမလား။ ဖျားနာရုံ (၃)ထွက် တတိယနှစ် ဆေးကျောင်းသားတွေက ကျွန်တော်တို့ထက် လူနာ မျိုးစုံ ပိုစမ်းဖူးတာတွေ့ရ၊ စမ်းသပ်ရာမှာလည်း ပိုလို့ Confidence ရှိတာ တွေ့ရ။ လူနာဟောင်းတွေ နေ့တိုင်း ခေါ်ကြည့်တဲ့ရုံဆိုတော့ စာသင်စရာလူနာက ပေါမှပေါ။ (တခြားရုံတွေက တစ်ပတ်ကို (၂)ကြိမ်ပဲ ပြန်ခေါ် ကြည့်ကြတာ)။ လူနာဟောင်းတွထဲက ရောဂါလက္ခဏာ ကောင်းကောင်းရှိတဲ့ လူနာတွေကို ခဏတောင်းပန် ပြီး ကျောင်းသားတွေကို ပြရ၊ သင်ရ၊ စမ်းသပ်ခွင့်ပြုစေရတာ။
လူနာဟောင်းတွေ ဆိုတော့ သွားသွားလာလာ အဆင့်မှာရှိနေပြီး သိပ်မမောတော့၊ သိပ်အနေမခက်တော့တာမို့ အားနာစရာ သိပ်မလိုတော့ဘူးလေ။ လူနာတွေခမျာ စမ်းသပ်ခ တစ်ပြားမှမယူ၊ ဟိုကြေး ဒီကြေးတွေ မထည့်ရတဲ့အပြင် ဆေးတွေကလည်း (အဲဒီအချိန်က) အခမဲ့ ရနေလေတော့ ဆရာကြီး ဆရာမကြီးတို့ ကြိုက် သလောက် စမ်းကြပါ၊ သင်ကြပါပေါ့။ ပညာပါရမီ ကူညီဖြည့်ပါ့မယ်ပေါ့။
ဖျားနာရုံ (၃)ထွက် သူငယ်ချင်းတွေက လူနာလက်တွေ့စမ်းသပ်ဖို့ ကြုံလာပြီဆိုတိုင်း လက်မတထောင် ထောင် နားကြပ်တမြှောက်မြှောက်နဲ့။

ကျွန်တော်တို့မှာ ငါ့ ဘယ်တော့များခေါ်ပြီး အများရှေ့ လူနာစမ်းခိုင်းလေမလဲလို့ ရင်ထဲတထိတ်ထိတ်။ နောက် တစ်နှစ် နောက်ဆုံး အပိုင်း (က)ရောက်တော့ ကျွန်တော် ကြောက်တဲ့ ဖျားနာရုံ (၃)မှာ လက်တွေ့ ဆင်းရတယ်။ အဲဒါမှ ဒုက္ခော။ ဘိုးတော် ဦးထွန်းသင် နဲ့တွေ့ပြီး စာမေးလို့ လူနာစမ်းခိုင်းလို့ကတော့သေပြီ။
ကြောက်တဲ့အတိုင်းပဲ တစ်ရက်တော့ ကျွန်တော့်ကို လက်ညှိုးထိုးခေါ်ပြီး လူနာစမ်းခိုင်းတယ်။ ခေါင်းပိုင်း အာရုံကြောစနစ် ကို စမ်းခိုင်းတာ။ ကျွန်တော့်မှာ သူကို ကြောက်ကလည်းကြောက်၊ စမ်းသပ်ဖူးတဲ့ အလေ့ အကျင့် ကလည်း မရှိလေတော့ ဟိုရောက် ဒီရောက်။ ခြေမကိုင်မိ ခေါင်းမကိုင်မိ ဖြစ်ရလေ။ ဆရာကြီး က ဘေးကရပ်ကြည့်ပြီး ခေါင်းတယမ်းယမ်း စုတ်တသပ်သပ်။
" မင်း မနှစ်က တစ်နှစ်လုံး ဘာလုပ်နေတာလဲ" တဲ့။ သွားပြီ။ ကျွန်တော့်မှာ အရှင်လတ်လတ် အငွေ့ပြန် အရည်ပျော် ပျောက်ကွယ်သွားချင်လိုက်မိ။ တတိယနှစ် စာမးပွဲမှာ ကျွန်တော် ဂုဏ်ထူးတွေနဲ့ အောင်ထား တာ သိထား တဲ့ ဆရာကြီးက ကျွန်တော် လူနာစမ်းသပ်နေပုံ၊ ကိုင်တွယ်နေပုံကြည့်ပြီး ယူကျုံးမရ ဖြစ်ရရှာ တာ။ နောက်ထပ် ဘာမှ မပြောတော့ဘဲ လှည့်ထွက်သွားပါတော့တယ်။ ကျွန်တော့်မှာ ငေါင်းစင်းစင်း ကျန်ရစ်ခဲ့။

(၆)

၁၉၇၇ နောက်ဆုံးနှစ်အပိုင်း (ခ) စာမေးပွဲကြီးမှာ ဆေးပညာဘာသာရပ် ဖြေရတော့ လက်တွေ့စာမေးပွဲ (Long Case) မှာ ဆရာကြီးနဲ့ ဆုံရပြန်တယ်။ ရေစက်က။ ဆရာကြီးနဲ့ ဖြေရမှာဆိုကတည်းက ကျွန်တော့်မှာ တုန်တုန် လှုပ်လှုပ် ချောက်ချောက်ချားချား။ လူနာရာဇ၀င်မေးမြန်း၊ လူနာကို စမ်းသပ်၊ ရောဂါကုထုံးဆွေးနွေး တင်ပြရတဲ့ပွဲ။ လူနာ ရဲ့ ရှေ့အလားအလာ (Prognosis) ကိုလည်း သုံးသပ်ပြရတဲ့ပွဲ။ ကျွန်တော် ရောဂါရာဇ ၀င် စခင်း လိုက် ကတည်းက ထီခနဲဆို ကွဲပြီ။ လူနာရဲ့ အရင်ရောဂါ ရာဇ၀င်ကို သေသေချာချာ နှိုက်နှိုက်ချွတ် ချွတ် စေ့စေ့ စပ်စပ် ပေးမထားလေတော့ ဆရာကြီးက ကျွန်တော့် ပျော့ကွက်ကို မိသွားပြီး တက်နင်းတော့ တာ။ တောက်လျှောက်နင်းလိုက်လာတာ ကျွန်တော် အလဲလဲအကွဲကွဲဒဏ်ရာ ဒဏ်ချက်အပြည့် အနာတရတွေနဲ့ မနည်းကြီး ဆုတ် ခဲ့ရ။
နောင် ဆရာကြီး စာသင်တိုင်း ကျွန်တော့် ဇာတ်လမ်းက ပုံပြင်တစ်ပုဒ် ဖြစ်ခဲ့ပေါ့။ ကျောင်းသားတွေ သင်ခန်းစာ ယူစရာဖြစ်ခဲ့ပေါ့။ ရာဇ၀င် ခြေခြေမြစ်မြစ် မသိတဲ့ မမေးတတ်တဲ့ ကျောင်းသားတစ်ဦး ရှိခဲ့ဖူး သည် ပေါ့။ နောင်ကာလ အတန်ကြာကြာထိ ကျွန်တော့် ညီငယ်၊ နှမငယ် ဆရာဝန်တွေနဲ့ဆုံလို့ စပ်မိရင် -
" ဟာ ... ဆရာ့ ကိုသိတာ ကြာလှပြီ။ ဆရာကြီး ဦးထွန်းသင် ပြောပြောနေတာ။ ဆရာ့အကြောင်းကို" တဲ့။

နောက်ဆုံးနှစ်အောင်ပြီး အလုပ်သင်ဆရာဝန်ဘ၀ရာက်တော့ ကျွန်တော်တို့အဖွဲ့က ဖျားနာရုံ စ၀င်ရတာ။ မဲနှိုက် လိုက်တော့ -
ဟောဗျာ ... ဖျားနာရုံ (၃)တဲ့။ ကျွန်တော် မသွားချင်လှတဲ့ရုံ။ မသွားချင်တဲ့အကြောင်းက ဆရာ့ကို ကြောက် လို့။ နောက်တစ်ကြောင်းက ဖျားနာရုံ (၃)မှာ ဆရာကြီးအပါအ၀င် ဆရာဝန်တွေ အားလုံးလိုလိုက အိမ်မပြန်ဘဲ ရုံထဲ မှာ ပျော်ပျော်ပါးပါး တရုန်းရုန်းနေပြီး ဆေးကုကြ၊ လူနာကြည့်ကြတာ။ ရုံထဲမှာပဲ ရေချိုး ထမင်းစားကြတာ။ စစ်တုရင်ထိုး၊ ပင်ပေါင်ရိုက်ကြတာ။ ကျွန်တော်က အဲဒီနေမှုပုံစံကို မကြိုက်ဘူး။ အဲဒီလို စုစု စုစုနဲ့ မနေတတ်ဘူး။ ကျွန်တော် က Schizoid personality ရှိသူ။ တစ်ဦးချင်း သီးသီးသန့်သန့် ကိုယ့်ရဲ့ Personal Space နဲ့ ကိုယ်အေးအေးဆေးဆေး နေထိုင်တာ။ တွေးချင် ငေးချင် ငေါင်ချင်တာ။ ဒါနဲ့ ဖျားနာရုံ (၁)မဲကျတဲ့ သူငယ်ချင်းအောင်မြင့် (ဒေါက်တာအောင်မြင့် (ဆေးမန်း)နဲ့ လူချင်းလဲလိုက်တယ်။
ဒါကို ဆရာကြီး သိသွားတော့ ဒီကောင် Part-2 တုန်းက စာမေးပွဲမှာ ငါနဲ့ အဆင်မပြေလို့ ခုထိ စိတ်ကောက် နေတယ် ထင်တယ် လို့ပြောတာ နောင်ကျမှ သိလိုက်ရ။ ကျွန်တော် ကြေကွဲလိုက်ရတာ။ ကျွန်တော် ဒီလောက် သေးနုပ်ပါ့မလား အဘရယ် ...။

ဖျားနာရုံ (၁) မှာ သုံးလနေပြီးတော့ ခွဲစိတ်ရုံ (၁)ကို ကျွန်တော်တို့ အလုပ်သင်ဆရာဝန်တစ်စု ပြောင်းကြရ တယ်။ တစ်ရက် ခွဲစိတ်ရုံ (၁)မှာ ခွဲစိတ်ထားတဲ့ အသက် ၇၀ အရွယ် အမေကြီး နှလုံးရောဂ ထဖောက်တော့ ဆရာကြီး ကိုယ်တိုင် လာကြည့်တယ်။ အဲဒီနေ့က ဆရာက သိပ်နေမကောင်းလှဘူးတဲ့။ ဆေးရုံကြီး အရှေ့ ဘက်ထိပ် ဖျားနာရုံ (၃) ကနေ ဆေးရုံကြီးအနောက်ဘက်ထိပ် ခွဲစိတ်ရုံ (၁)ကို တပည့်တွေနဲ့ လမ်းလျှောက် လာပြီး လူနာ လာကြည့်တာ။ လူနာကြည့် ဆေးတွေညွှန်ကြားပြီး ပြန်သွားတယ်။ နောက် တစ်နာရီ ကျော် ကျော်လောက် ကြာတော့ လူနာကို တစ်ခေါက် ထပ်လာကြည့်တယ်။ သြော် ... လူနာ သံယောဇဉ်။

ပြဿနာက သူညွှန်ကြားထားတဲ့ဆေးတွေ ဘာတစ်ခုမှ မထိုးရသေးဘူး။ အဲဒီအချိန်မှာပဲ တိုက်တိုက်ဆိုင် ဆိုင် ကျွန်တော် က ဆရာကြီး လူနာလာကြည့်တယ် ကြားတာနဲ့ လူနာခုတင်နား အပြေးကလေး လိုက်သွား လိုက်တာ။ ဆရာ ပထမတစ်ခေါက် လာသွားတာ ကျွန်တော် မသိလိုက်ဘူး။ ကျွန်တော်က မနေ့ညက ညဂျူတီ ကျလို့ အိပ်ပျော်နေတာ ခုမှနိုးလာလို့ ကပျာကသီ လိုက်လာရတာ။ ဆရာကြီးက လူနာခုတင်ဘေး မှာ ဒေါသဒီဂရီ က ရေဆူမှတ်ကျော်နေပြီ။ ကျွန်တော့်ကိုလည်း တွေ့ရော ခွဲစိတ်ရုံ (၁)က တာဝန်ရှိတဲ့ ဆရာဝန်တော့ တွေ့ပဟ ဆိုပြီး ပယ်ပယ်နယ်နယ် တွယ်တော့တာ။ လူနာရှေ့ ဟိန်းတော့ဟောက်တော့တာ။
ဟ ကျွန်တော် နဲ့ ဘာဆိုင်လို့တုံး။ ဆရာကြီးကလည်း " မင်းမဟုတ်ရင် မင့်အဖေပဲ " ဆိုတဲ့ အချိုးနဲ့ ဟိန်း ဟောက်ပြီး အားရတော့ ပြန်သွားပါလေရော။ " သနားစရာ ကျွန်တော်ခမျာ။ ရုံထဲက ဆရာကြီးတွေကို ဒီအကြောင်းတင်ပြတော့ ဆရာကြီး ညွှန်ကြားတဲ့ဆေး က ဆေးရုံ တစ်ဝိုက် ဆေးဆိုင်တွေမှာ ခုထိ ရှာမရသေးပါတဲ့။ ဒါကြောင့် ဈေးချိုထိ သွားရှာရတုန်း တဲ့။ နောက် မကြာမီ ဆေးရလာတော့ လူနာကို ဆရာကြီး ညွှန်ကြားသလို ဆေးထိုးဆေးသွင်းလုပ်လိုက်ပါတယ်။ လူနာက သိပ်မကြာမီမှာ ပဲ သက်သာလာ။

ဒီအကြောင်းကို ဖျားနာရုံ (၃)ကို ဖုန်းဆက်ပြီး ဆရာကြီး ကို အကျိုးအကြောင်း တင်ပြလိုက်တယ်။ ခဏနေ ဆရာကြီး ပေါက်ချလာပြန်ပါလေရော။ သြော် ... အဘ၊ အဘ။ ဒါကြောင့် အဘဖြစ်ရတာ။ ခုနင်က အာဠာဝက ထွက်ခန်း နဲ့ တခြားစီ။ ဒီတစ်ခါတော့ ရွှေအိုးထမ်း ပြန်လာတဲ့သားကိုကြိုတဲ့ ဒုကူလရဲ့အပြုံးနဲ့။
နောင်တော့ သူ့တပည့် တစ်ဦးက တစ်ဆင့် ကျွန်တော့်ကို ရှင်းလင်းချက်ပေးလိုက်သေးတယ်။ ဒီကိစ္စမှာ ကျွန်တော့် ကို ဆူချင်တာ မဟုတ်ကြောင်း။ ကျွန်တော့် ထက်ကြီးတဲ့ တာဝန်ရှိတဲ့လူတွေကို ဆူချင် တာဖြစ် ကြောင်း ... ကြောင်း ... ကြောင်း ။

(၇)

ကျွန်တော် ဆေးပညာ မဟာသိပ္ပံတန်းကို ၁၉၈၃ မှာ တက်ရတော့ ဆရာကြီးက ဆေးပညာပါမောက္ခ ဖြစ်နေ ပါပြီ။ ဆရာမကြီး ဒေါ်မြင့်မြင့်ခင်၊ ဆရာမကြီး ဒေါ်မြင့်မြင့်အေး၊ ဆရာကြီး ဦးတင်အောင်ဆွေတို့နဲ့အတူ မန္တလေး ဆေးပညာသင်ကြားရေး လေ့ကျင့်ရေးကာလကို ရွှေခေတ်အဖြစ် ပြောစမှတ်ပြုရလောက်အောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ ဥယျာဉ်မှူးကြီး တစ်ဦးအဖြစ် ဝေးနီးချုပ်စပ် ကျော်ကြားနေပါပြီ။ ကျွန်တော်တို့နဲ့ တစ်နှစ် ပဲ နေလိုက်ရပြီး ဆေးတက္ကသိုလ်-မန္တလေး ပါ/ချုပ်အဖြစ် ပြောင်းရွှေ့ တာဝန်ထမ်းဆောင် ရတယ်။ ဆေးကျောင်းတက် ရွှေ ရခါနီး နောက်ဆုံးစာသင်ချိန်တစ်ချိန်မှာ ဆရာက " နောင်ဘ၀တွေမှာ လူဖြစ်ဦး မယ်။ ဆရာဝန် လည်း ဖြစ်ဦးမယ်ဆိုရင် ... သမားတော်ပဲဖြစ်ချင်တယ်လ တဲ့ (Physician after physician-Life after life) ကဲ မှတ်ကရော့။
ဆရာကြီး ပါ/ချုပ်ဘ၀ရောက်ပေမယ့် သူ့ရဲ့ဖျားနာရုံ (၃)ကို သံယောဇဉ်တွယ်မြဲ။ လာလည်မြဲ။ အနားလာယူ မြဲ။ ရေ လာချိုး၊ ပင်ပေါင်လာရိုက်။ စစ်တုရင်ထိုင်ထိုး။ လက်ထဲမှာ ဆေးပေါ့လိပ်တိုနံ့နံ့နဲ့။ အစ က ဆေးတံ တော်တော် ကြာကြာ သောက် လိုက်သေးတယ်။ နောင်မှ သနပ်ဖက်ဆေးလိပ် ပြောင်းသောက်တာ။ သူ့ဝါသနာ က သိပ်စုံလင်ထွေပြားမရှိလှ။ ဆေးကုတာ သူ့ဘ၀။

ဟိုတုန်း က အပြင်ဆေးခန်း လုံးလုံးမထိုင်။ အိမ်မှာ ဆေးခန်း လုံးလုံးမဖွင့်။ ညနေခင်း အိမ်ရှေ့မြောင်းပေါ်က ခုံပေါ် ထိုင်လျက်သား။ ဆရာကြီးတို့ ဇနီးမောင်နှံ ယပ်တောင်ကိုယ်စီနဲ့။ ၁၉၈၀ ၀န်းကျင် သ/မ ဆေးခန်းတွေ ဖွင့်ကြတော့ အထူးကုဆေးခန်း တစ်ခုကို ၇၉ လမ်းနဲ့ ၂၇ လမ်းထောင့်မှာ ဖွင့်တယ်။ ဆရာကြီး ဦးဆောင်ပြီး အထူးကု ဆရာဝန်တွေကို စုစည်းတယ်။ အဲဒီဆေးခန်း ပိတ်သွားသည်အထိ ရာစွဲစွဲမြဲမြဲ ထိုင်သွားတယ်။ အပြင်ဆေးခန်း ပထမဆုံးအကြိမ် ထိုင်ဖူးခြင်း။
ကျွန်တော် တို့ ဆရာဝန်ပေါက်စတွေက လူနာတစ်ဦးကို ၃ ကျပ်၊ ၅ ကျပ်ယူနေချိန်မှာ ဆရာကြီးက တစ်ဦးကို စမ်းသပ်ခ ၁၀ ကျပ်၊ ၁၂ ကျပ် ယူ တဲ့ခေတ်။ အဲဒီ အထူးကုဆေးခန်းမှာ လူနာတွေ တရုန်းရုန်းနဲ့ပေါ့။ ဆရာ့ကို ချစ်တဲ့ ဆရာဝန်တွေ၊ ဆရာမတွေ၊ ဓာတ်ခွဲကျွမ်းကျင်သူတွေ ၀ိုင်းလို့ရံလို့၊ ဆရာက ပျော်လို့။ မြိုကလူထုက အားပေး လိုက်ကြတာ။ လူနာတွေကို ဆေးကုရာမှာ တ၀ုန်းဝုန်း တဒိုင်းဒိုင်း ကြဲတဲ့ အခါလည်း ရှိသပေါ့။ စကားပြော ရင် ပြတ်တောင်း ပြတ်တောင်း ငေါက်ဆတ် ငေါက်ဆတ်။ " ထွန်းသင် သဘောမတူပါဘူးလို့" က ကြားညှပ် လိုက်သေး။ ဆေးခန်းပိတ်ချိန် ဆရာ့ကားကြီးနဲ့ တပျော်တပါး တူတူပြန်ကြ။

ကျွန်တော် ဘွဲ့လွန်ရပြီး ၂ နှစ်အကြာမှာ တိုက်တိုက်ဆိုင်ဆိုင် ဖျားနာရုံ (၃)မှာ ပထမ လ/ထ ဆရာဝန် လုပ် ရတယ်။ ကျွန်တော် ရှောင်ပြေးခဲ့တဲ့ရုံ။ ဆရာကြီးဦးကိုကိုလှ၊ နောင် ဆရာကြီး ဥိးဖေ၀င်းတို့ရဲ့ လက်အောက်မှာ။ ဆရာကြီး ဦးထွန်းသင် က ညနေဆေးခန်းအသွား ကျွန်တော်တို့ရုံထဲ ၀င်နားတတ် ၀င်ခို တတ်တယ်။ ရုံထဲမှာ လူနာတွေ များလွန်းလှ လို့ ခုတင်မလောက်တဲ့အခါ အလယ်လူသွားလမ်းမှာ ခုံတွေ ထိုးပြီး လူနာထားရတဲ့ အခါတွေရှိတယ်။
ဒါမျိုးတွေ့ရင် " ဟေ့ မင်းတို့ Ward က Congestive Ward Failure ၀င်နေပြီကွ"လို့ စတတ်တယ်။ သူ့ခေတ် တုန်းက အလယ်ခုံထိုး ရတာ ရှားမှရှား။ လူနာတင်ရက် တစ်ရက်လောက်ပဲ ထိုးရတာများတယ်။ သူက လူနာ ကို မြန်မြန်ကြည့်၊ ရောဂါအမည် မြန်မြန်ဆုံးဖြတ်၊ ပြီးရင် ဆင်းခိုင်းတော့တာ။ အထူးသဖြင့် မန္တ လေးမြို့ပေါ်ကနဲ့ အနီးတစ်ဝိုက် ကလူနာတွေ။ ဆင်းချလိုက်ပြီး Follow up ခပ်စိပ်စိပ် ပြန်ခေါ်တယ်။ လူနာ ကို ရုံထဲမှာ အကြာကြီး  တင်မထားတော့ နှစ်ဖက်စလုံးအတွက် ကောင်းတာ။ အဲဒီ Follow up မှာမှ ဆေး အတိုးအလျှော့ လုပ်တာ။ လူနာ အများစုက ဆေးရုံမှာ ခုတင်ပေါ်ငုတ်တုတ်ထိုင်ပြီး ဆေးကုသမှု ခံယူနေရလေတော့ ပေးရ တဲ့ ဆေးအချိန်အဆ က တစ်မျိုး။ အိမ်ပြန်ရောက်တော့ အိမ်ရဲ့ Setting က တစ်မျိုး လေ။ အဲဒီအခါ ကျတော့ ဆေးအချိန်အဆ ကို ပြန်ညှိရပြန်ပါလေရော။

လူနာကို မြန်မြန်ဆင်းချလိုက်ပြီး Home Setting မှာ လူနာရဲ့ကုထုံးညှိတာ ပြန်ချိန်တာ ဆရာကြီး ဦးထွန်း သင်ရဲ့ ကိုယ်ပိုင် Idea ဆိုရင် မှားမယ် မထင်ဘူး။ ဒါပေမဲ့ ပြဿနာက လူနာဟောင်းပြန်ကြည့်ခြင်း (Follow up)က နေ့တိုင်း ရှိတယ်။ မနက် ၇ နာရီခွဲကနေ ၉ နာရီခွဲအထိ ဆက်တိုက် မနားမနေကြည့်ရတာ။ ဆရာ ကိုယ်တိုင် ကလည်း မပျက်မကွက် မညည်းမညူ။ ၉ နာရီခွဲလို့ လူနာလည်း ကြည့်ပြီးရော ကျွန်တော်တို့ အားလုံးခြေပစ် လက်ပစ်။
ကျွန်တော် ပထမ လ/ထ ဆရာဝန်ဘ၀ မှာ လူနာတွေ မနက်တိုင်း ကြည့်ရတာ ငြီးငွေ့လာတာကြောင့် တခြားရုံတွေ လို တစ်ပတ်မှာ ၂ ရက်လောက်ပဲ ကြည့်ရရင် ကောင်းမလားလို့ စကားတောက်ကြည့်တယ်။ နံနက်ခင်း အစား နေ့လယ်ခင်းခေါ်ကြည့်ရင် ကောင်းမလား။ ဆရာကြီး ဦးကိုကိုလှကို ဖွင့်ပြောကြည့်တော့ ဆရာကြီး ဦးကိုကိုလှ က ဆရာကြီး ဦးထွန်းသင် စခဲ့တဲ့ လုပ်ငန်းကို မပြောင်းလို မပြင်လိုဘူးတဲ့။ ချစ်တာ လေးစားမြတ်နိုး တာ။

ဆရာကြီး ဦးထွန်းသင် ဒီအကြောင်းသိသွားတော့ " ဟေ့ကောင် အောင်ကြီး၊ ဒါကိုတော့ မပြောင်း ပါနဲ့ကွာ။ တို့တုန်း ကလည်း ကြည့်ခဲ့တာပဲ။ ကြည့်နေကျအတိုင်း နေ့တိုင်း ဆက်ကြည့်ပေးပါ။ နေ့ခင်းကြီး ရွှေ့ဖို့လည်း မလုပ်ပါနဲ့။ လူနာတွေက အဝေး က လာကြရရှာတာ။ မင်းသိတဲ့အတိုင်း မန္တလေးနေ့ခင်းက ပူပါဘိနဲ့။ ဘတ်စ် ကား နဲ့ လာတယ်ပဲထားဦး။ သွားရလာရတာ ပင်ပန်းလှတယ်။ တချို့ လူနာတွေက စက်ဘီးနဲ့ လာကြ ရတာ။ နောက်ပြီး မနက်ခင်းကြည့်ပေးတော့ ကျောင်းသားတွေ၊ ၀န်ထမ်းတွေ ကျောင်းမသွားမီ၊ ရုံးမသွားမီ ၀င်ပြ နိုင် တာပေါ့။ မင်း နေ့လယ်ပြောင်းခေါ်ရင် သူတို့တစ်တွေ နေ့ဝက်ခွင့်ယူကြရတော့မှာ" လို့ ရှည်ရှည်ဝေးဝေး ပြောပြီး ကျွန်တော့် ကို ဖျောင်းဖျပါတယ်။

ဟောဗျာ ကြမ်းတမ်းခက်တရော် တယ်ထင်ရတဲ့ သဟောက်သဟပြုလှတဲ့ လူတစ်ဦးရဲ့ရင်ထဲ နူးညံ့တဲ့ နှလုံး သား ကို ဖျတ်ခနဲ မြင်လိုက်ရ။ ဒါနဲ့ ကျွန်တော်လည်း ဖျားနာရုံ (၃)ရဲ့ ပြုမြဲလုပ်ငန်းတွေကို "နေမြဲ" လုပ်လိုက်ရ ပေါ့။ မနက်ခင်း လူနာကြည့်ရာ မှာ ပုံမှန် လူနာဟောင်းတွေအပြင် ဆေးကျောင်းက ၀န်ထမ်းတွေ၊ ဆေးရုံက ဆရာဝန်၊ ဆရာမတွေ၊ အလုပ်သမားတွေ၊ ဆေးကျောင်းသား၊ ကျောင်းသူတွေ၊ သူတို့နဲ့ ပတ်သက်သူတွေက ပါသေးတာ။ သူတို့ တစ်တွေ နာဖျားမကျန်းဖြစ်ရင် ဖျားနာရုံ (၃)ကို အဲဒီအချိန် လာဦးတိုက် ရပေါ့။ သမားတော်ကြီးတစ်ဦးနဲ့ လွယ်လင့် တကူ တွေ့နိုင်ပြနိုင်တာက ဒီတစ်နေရာ တည်း ရှိနေ တာကိုး။ ဒီလို ဆေးကျောင်း ၀န်ထမ်းတွေ၊ ဆေးကျောင်းဆရာ၊ ဆရာမတွေ ကို ကြည့်ရှုစောင့်ရှောက်ခဲ့ လို့ လည်း တစ်ချိန်မှာ ဆရာကြီး ပါ/ချုပ်ဖြစ်တော့ သူတို့အားလုံး က ဆရာကြီးကို တစ်လှည့် ပြန်စောင့်ရှောက် ကြတာ။ မေတ္တာရောင်ပြန်။

ဆရာက ဆေးကုတာအပြင် ဂီတကို ၀ါသနာထုံတယ်။ မယ်ဒလင် ကောင်းကောင်းတီး တတ်၊ မြန်မာသီချင်း တော်တော်များများ ဆိုတတ်တယ်။ ဘောပင်အကောင်းစား၊ နာရီအကောင်းစား သဘောကျ တယ်။ တစ်ခါက နာရီတစ်လုံးကို မ၀ယ်ခင် တစ်ညလုံး ရေစိမ်ထား သတဲ့။ နောက် တစ်နေ့ ပြန်စစ်ကြည့်။ Water proof တကယ်ဟုတ်ရဲ့လား။ " ဒီနာရီက ၂၄ နာရီမှာ စက္ကန့် နည်းနည်းတော့ စွန်းတယ်။ ဒါပေမဲ့ တန်ပါတယ်" ဆိုပြီး ၀ယ်လိုက်သတဲ့။ ရုံထဲမှာ လက်ဆေးရင် နာရီသတ်သတ် ချွတ် ပြီး ဆေးပြစ် တတ်တယ်။ နာရီကောင်းကြောင်း မသိမသာကြွားတာ။
စစ်တုရင် ထိုးတာ၊ ပင်ပေါင်ရိုက်တာလည်း ၀ါသနာထုံရဲ့။ အဲဒီလို ကစားကြရင် ဆရာက နိုင်ချင်တယ်။ တပည့်တွေ က အရှုံးပေးလိုက်လိ့ သူ အနိုင်ရပြန်ရင်လည်း မကျေနပ်ပြန်ဘူး။ စူပွစူပွနဲ့။ တပည့်က ပါးနပ်လိမ္မာ စွာ အနိုင်ယူ လိုက် အရှုံးပေးလိုက်၊ နောက်ဆုံး မသိမသာ အရှုံးပေးလိုက်ရင်ကတော့ ဆရာ့ခမျာ တပြုံြး့ပုံးနဲ့။ ကြွား မဆုံးတော့။ တွေ့တဲ့လူတိုင်း ကို သူဘယ်လို အနိုင်ယူလိုက်ကြောင်း။ ဟိုနွားလေး ဘယ်လို ရှုံး သွားကြောင်း။

နောက်ဝါသနာတစ်ခုက ကြက် တိုက်တာ။ မန္တလေးကို ရုပ်ရှင်မင်းသား မြတ်လေး လာရင် တတွဲတွဲ။ နန်းရှေ့ တစ်ဝိုက် ကြက်ပွဲ ရှိရင် သူ့တူသားလို တစ်ဦးဦးက စက်ဘီးနင်းပြီး လိုက်ပို့ရတယ်။ သူက ရှေ့ဘားတန်းပေါ် အကျထိုင် လို့။ တစ်ခါတစ်ရံ ရဲလိုက်ဖမ်းလို့ သည်းထိတ်ရင်ဖို ပြေးရတဲ့အခါလည်းရှိရဲ့။
" ဟာ ဆရာကလည်း ဆရာဝန်ကြီးပဲ၊ ဘယ်သူ ဖမ်းရဲမှာတုံး" လို့ စကြတော့ -
" ဟေ့ကောင် နွား၊ ဒါ ဥပဒေဖောက်ဖျက်မှုကွ။ ဆရာဝန်ကြီးလည်း ဖမ်းဆွဲထည့်မှာ ပဲ" တဲ့။
ဆရာကြီးက ဆေးတက္ကသိုလ် ပါ/ချုပ် ဘ၀မှာရော၊ ပင်စင်ယူပြီး နောက်ပိုင်းမှာရော စစ်ကိုင်းဝါးချက်နဲ့ သီတဂူဆေးရုံ၊ ဆေးပေးခန်းတွေသွားပြီး တနင်္ဂနွေနေ့ တိုင်း ဆေးကုသမှုပေး ခဲ့တာ နှစ်ပေါင်း များစွာ။ ဆေးရုံ ဆေးခန်းတိုးတက်ရာတိုးတက်ကြောင်း အကြံဥာဏ်တွေပေးခဲ့။ ပညာရှင်တွေ ကျွမ်းကျင်သူတွေ စုစည်းပေး ခဲ့။ တိုင်းရင်းဆေးပညာရှင်တွေ၊ သွားဆရာဝန်တွေပါမကျန်။ တိုင်းရင်းဆေးသမားတော်ကြီး၊ ငယ်နဲ့ ချစ်ခင် စွာ ပေါင်းစည်းခဲ့။

မင်းကွန်းတောင်ရိုးဆေးရုံ၊ ဆေးပေးခန်းကို တစ်လတစ်ကြိမ်သွားပြီး ဆေးအလှူပေးခဲ့။ မင်းကွန်းဆရာတော် ကြိး မကျန်းမမာဖြစ်ပြီး အိပ်ရာထဲ လဲတော့ တပည့်တွေနဲ့အတူ နေ့စဉ် သွားရောက်ကြည့်ရှုခဲ့။ ပြုစုစောင့် ရှောက်ခဲ့။ လိုအပ်ရင် ဆရာ့ ကိုမှီပြီး ကျွန်တော်တို့ တပည့်တပန်းတွေ ရဟန်းသံဃာတော်တွေကို ပြုစုစောင့် ရှောက်တဲ့ အခွင့်ထူး ရခဲ့ပေါ့။ ရွှေဟင်္သာဆရာတော်၊ မဟာဂန္ဓာရုံဆရာတော် ဦးထွန်းသင်ပါ။ မန္တလေးနဲ့ အနီးတစ်ဝိုက်မျာ သီတင်းသုံးနေ ထိုင်တော်မူကြတဲ့ ဆရာတော်ကြီးငယ်များ၊ သီလရှင်ကြီးများ၊ ရောဂါအနာ တရဖြစ်ခဲ့ရင် မမာမကျန်း သလို ထင်ရပေမယ့်၊ မောက်မာသလိုထင်ရပေမယ့် ဘုန်းကြီးသံဃာတွေ၊ သီလရှင် တွေနဲ့ ကျတော့ ချောလို့၊ လေပေးဖြောင့် လို့၊ ဆရာကြီးနဲ့အတူ ဒီပါအေးမြ ဆရာတော် မင်းကွန်း ဆရာတော်၊ ပဋ္ဌာန်း ဆရာတော်၊ ဆားတောင်ဆရာတော်၊ ရဟန်းပျိုအဖွဲ့ ဆရာတော် ဦးကုသလတို့ကို ကုသ ရာမှာ ကျွန်တော်လည်း ပါဝင် ကုသိုလ်ယူခဲ့ရ။ ဘေးက သွေးတိုင်းပေးရ၊ ဆေးပေးရ၊ ဆီးချက်ပေးရတဲ့အဆင့်ပါ။
ရန်ကုန်သား ဆရာကြီး မန္တလေးမှာအနေကြာ သံယောဇဉ်ဖြစ်လာတော့ သူ့ကိုယ်သူ မန္တလေးသားလို့ ထင်မှတ် စွဲယူလာပုံ ရတယ်။ မန္တလေးမှာပဲ အခြေချဖို့ သူ ဆုံးဖြတ်ပြီးပြီ။

ဆရာ မန္တလေးရောက်တာ ဘယ်လောက်ကြာပြီလဲလို့ မေးလိုက်မိရင် -
" ဟေ့ကောင်၊ မန္တလေး ကြိုက်တဲ့ရပ်ကွက် လက်ညှိုးထိုးလိုက်။ ငါကုလို့ သေတဲ့မသာနဲ့ ကင်းတဲ့ရပ်ကွက် မရှိဘူး" တဲ့။ ကောင်းရော။
ဆရာ နဲ့ နောက်ဆုံး အကြာကြီးဆုံးရတာက ကျွန်တော် UK မသွားမီ သူငယ်ချင်းတစ်ဦးရဲ့မိခင်ကို ဆရာနဲ့ အတူတူ တစ်လကျော် နှစ်လနီးပါး သွားကြည့်ရတုန်းကပါ။ ရောဂါက သားအိမ်ကင်ဆာ။ ဒီ့ပြင်ရောဂါတွေ ၀င်ဖောက် လို့သွားကြည့်ကြတာ အမေကြီး မသေမချင်း။ ဆေးခန်းပိတ်ချိန် ည ၈ နာရီကျော်ကျော် လူနာအိမ်က ကျွန်တော့် ကို ကားနဲ့လာကြို၊ နယူးစီဗီလိုင်းမှာနေတဲ့ ဆရာကြီးကိုဝင်ခေါ်။ လူနာက ဒေါင်းရိုး မှာ။
ဆရာကြီး က အိမ်မှာ အင်္ကျီဗလာ ပုဆိုးတိုတိုနဲ့ ဧည့်ခန်းမှာ ထိုင်နေမြဲ။ တစ်ခါတစ်ရံ အဖော်တစ်ယောက်နဲ့ တီဗွီ ထိုင်ကြည့်။ တစ်ခါတစ်ရံ စာဖတ်နေ၊ လက်ထဲက ဆေးလိပ်တို က မီးခိုးတဝေေ၀။ ဆရာကြီးဆီရောက် ရင် " အောင်ကြီး တစ်မိနစ်စောင့်" ဒါပဲ။ အပေါ်အင်္ကျီကောက်ဝတ်၊ လွယ်အိတ်တစ်လုံးကောက်လွယ်၊ လွယ် အိတ်ထဲ ဆေးလိပ်၊ မီးခြစ်၊ နားကြပ်ကောက်ထည့်။ ဒါပဲ။ ပြီးပြိ။ ပလိဗောခနည်းလှတဲ့သူ။

လူနာအိမ်ရောက်ရင် လူနာကို အေးအေးဆေးဆေးကြည့်။ လူနာအိမ်က ကျွေးတာစား။ တစ်ခါတစ်ရံ အပြန် လက်ဖက်ရည်ဆိုင် ၀င်ထိုင်။ လူနာမိသားစုက ဆရာ့ကို ချစ်ခင်လှတော့ ဆရာ့အကြိုက် မုန့်မျိုးစုံ လုပ်ကျွေး တတ် တယ်။ တစ်ခါ တစ်ရံ ထမင်းကျွေး။ တစ်ခါက အကြော်စုံကြော်ကျွေးတော့ ဆရာက အကြော်ကို အချဉ်ရည်ခွက် ထဲ ပယ်ပယ်နယ်နယ် စိမ်ပြီးစားတယ်။
" ဆရာ ငရုတ်သီးတွေ ပါတယ်ဗျ။ သတိထားဦး " လို့ ကျွန်တော်က ပြောတော့ " ဟေ့ ငါက အဲဒီ ငရုတ်သီး ရှာနေတာကွ" တဲ့။ " ဘုရား ဟောတာမှန်တယ်ကွ။ ဒေါသကြီးသူ အပူအစပ် ကြိုက်၏တဲ့။ ငါက ငရုတ်သီး ကြိုက်တယ်" လို့ လည်း ဆက်ပြောလိုက်ချေသေး။

(၉)
ဆရာက တော်တော်ထူးထူးခြားခြား စဉ်းစားတတ် တွေးတတ်တယ်။ စဉ်းစားတာ " လိုင်း" ပြတ် တယ်။ နိုင်ငံ ခြား က ဆရာပြန်လာစမှာ တပည့်တွေကို Ophthal mos-cope (မျက်စိကြည့်ကိရိယာ)နဲ့ လူနာ စမ်းသပ်ကြည့် ရှု ပုံ သင်ပေးတော့ တပည့်တစ်ဦးက စိတ်ဝင်တစားနဲ့ အဲဒီ ကိရိယာကို လာငှားသတဲ့။ သူ လူနာတွေ ကို လိုက် ကြည့်ချင်လို့တဲ့။ အဲဒီအချိန်က ဒီကိရိယာက ရှားပါးပစ္စည်း။ မီးသီးကလည်းရှားပေါ့။ ကျွမ်းသွား ရင် စပယ်ယာ မီးသီးက ၀ယ်ရခက်။ နိုင်ငံခြား မှာတန် မှာရတာ။
တပည့်ဖြစ်သူ က အဲဒီပစ္စည်းကြီး တကိုင်ကိုင်နဲ့ ရုံထဲ လူနာအနှံ့ လျှောက်ကြည့် လျှောက်စမ်းတော့တာ။ သုံးရက်လောက်ကြာ မှ၊ မီးသီးကျွမ်းခါမှ ဆရာ့ဆီကို အဲဒီပစ္စည်း ပြန်အပ်သတဲ့။ တပည့်က စိတ်မကောင်း လည်းဖြစ်၊ တစ်ဖက် ကလည်း ကြောက်ကြောက်လန့်လန့်။ ဆရာက ဘာပြောတယ်မှတ်သတုံး။
" ငါ့တပည့်တော်တယ်၊ ဒီမီးသီးက အကြိမ် ၃၀၀ ကျော်ကျော်လောက်ကြည့ှ်မှ ကျွမ်းရတာ။ မင်းအနည်းဆုံး လူနာ ၂၀၀-၂၀၀ တော့ ကြည့်ပြီးလောက်ပြီ။ ငါ ကျေနပ်တယ်" တဲ့။ ဘာတစ်ခွန်းမှ ဆူခြင်း ငေါက်ခြင်းမရှိ။ တပည့်ခမျာ ၀မ်းသာ အားတုံ့အားနာ။

သူ့ရုံထဲ တာဝန်ကျတဲ့ အလုပ်သမားတွေကို မသိမသာ တစေ့တစောင်း အကဲခတ် လေ့လာစောင့်ကြည့်လေ့ ရှိတယ်။ စမ်းသပ်လေ့ ရှိတယ်။ ပိုက်ဆံ မသိမသာထားခဲ့တာ တို့။ စက္ကူစုတ် လုံးခြေပြီး အခန်းထောင့်တစ်နေ ရာမှာ ပစ်ထားခဲ့တာ တို့။ သူ့စမ်းသပ်မှု အောင်လို့ကတော့ ပြီးပြီ။ ပြောလေ့ရှိတာက -
" ဟေ့ကောင်တွေ မှန်တာလုပ်။ မညစ်နဲ့။ မှန်တာလုပ်တဲ့ကြားက အတိုင်အတော ခံရရင်၊ အပြစ်ဒဏ် ခံရရင် ငါ့ရှေ့ဆုံးက ဦးဆောင်ပြီး ခံမယ်" တဲ့။
ဒါကြောင့်လည်း တပည့်တွေက ဒက်ဒီတဲ့၊ အဘတဲ့၊ အဖေကြီးတဲ့။ သူ့အတွက် တာဝန်ကျေကျေလုပ်ပေးဖို့ အနစ်နာခံ ဖို့ ၀န်မလေးကြတာ။
တစ်ရက် ၀ါးချက်ဆေးရုံသွား ဖို့ ဆေးကျောင်းရှေ့မှာ လူစုကြတုန်း ဆရာက ကျွန်တော့်ကို လှမ်းခေါ်တယ်။ ကျွန်တော် အပြေး ကလေးသွားပြီး ဆရာ့ အနားမှာရိုရိုသေသေ ရပ်နေလိုက်မိ။
" ဟေ့ကောင်၊ မင်း ငါ့ကို တု မနေနဲ့၊ မင့်မှာ သမီးတွေ တစ်ပြုံကြီးနဲ့ "

လို့ပြောရှာတယ်။ ကျွန်တော့်ရင်ထဲ ထိထိခိုက်ခိုက် ဖြစ်လိုက်တာ။ သူက လူနာဆေးကုရင် လူနာဘက်က အမြဲတမ်း ဖေးဖေးမမ စဉ်းစားတတ်တာ။ လူနာ အကုန်အကျများမှာကို တွေးပူတတ်တာ။ လူနာကို သေသေ ချာချာ စမ်းသပ်ပြီး ရောဂါရှာဖွေတတ်တာ။ ဓာတ်ခွဲစမ်းသပ်မှုတွေ၊ ဓာတ်မှန်ရိုက်တာတွေကို လိုအပ်ပါမှ လုပ်တတ်တာ။ ဆေးပေးရင်လည်း လူနာတတ်နိုင်လောက်တဲ့ ဆေးမျိုးကို စပေးတာ။ ဆေးကုမ္ပဏီ တွေက ဘယ်လိုပင် ညွှန်းသော်လည်း မွှန်းသော်လည်း အဲဒီခေတ်ပေါ် ဆေးဝါးတွေကို လွယ်လင့်တကူ လက်မခံတာ။ သုံးစွဲခြင်း မပြုတာ။ ကျွန်တော်တို့ တပည့်တစ်တွေက ဆရာ့ခြေရာမမီ သော် လည်း ရနိုင်သရွေ့ တတ်နိုင်သရွေ့ တုပကြိုးပမ်းနေကြတာ။ ဒါကို ဆရာကကြည့်ပြီး ပူပူပန်ပန် ကြောင့် ကြောင့်ကြကြ စကားဆိုရှာတာ။ သူက တစ်ကိုယ်ရေ သမား။ အနာဂတ်အတွက် ဘာမှ ပူပင်စရာ မလိုတော့ ဘူးတဲ့။ တပည့်အပေါ် ထားရှိတဲ့ သူဲ့ သဘောထား။ သူ့စေတနာ။

ဆရာ ၁၉၉၆ ခု၊ သြဂုတ် ၆ ရက်မှာဆုံးတယ်။ ကျွန်တော်က ရန်ကုန်မှာ။ ဆရာ့ အသုဘကိုတော့ မီတယ်။ (၈-၈-၁၉၉၆)။ လူပရိသတ်၊ ရဟန်းပရိသတ် ၀က်ဝက်ကွဲစုံလှတဲ့ စည်ကားလှတဲ့ အသုဘ။ ဆရာ့အသုဘ ကားတန်းကြီး ၂ လမ်းကနေ မြောက်ဘက်မောင်းလာ။ အဲဒီကနေ ၂၆ လမ်းရောက်တော့ အနောက်ဘက်ချိုး။ အဲဒီကနေ ကျုံးရှေ့လမ်းအတိုင်း မြောက်ဘက်တည့်တည့် ဆက်သွား ၆၂ လမ်းနဲ့ ၂၆ လမ်းထောင့်နားမှာနေတဲ့ ဆရာ့လူနာ၊ ဆရာ့ကို လေးစားမြတ်နိုးလှတဲ့ အမေရှင် (ဒေါ်မေရှင်)က ချူချာတဲ့ ကြားက ထလာပြီး တရွေ့ရွေ့ ထွက်ခွာသွား တဲ့ ကားပေါ်မှာ ငြိမ်သက်စွာ လဲလျောင်းလိုက်ပါသွားတဲ့ ဆရာ့ကို လမ်းထိပ်ထွက်ပြီး ဂါရ၀ပြုပါတယ်။ ဒေါ်မေရှင်က ဆရာ့လူနာ။ ဖျားနာရုံ (၃)ရဲ့ ဖောက်သည် လူနာ။

ဆရာဆုံးတော့ တိမ်းပါးတော့ အသေစောတယ်၊ နှမြောတယ်ပေါ့။ ဒါက ဆိုရိုးဆိုစဉ် ပြောရိုးပြောစဉ်ပါ။ တကယ်တော့ ကျွန်တော် တို့ရဲ့ ကမောက်ကမ ဆေးလောကကြီးကို ဆရာ စောစော မျက်ကွယ်ပြုသွားတာ ခပ်ကောင်းကောင်း လို့ပဲ ဆိုရလေမလား။ ဆရာက Physical Signs ခေါ်တဲ့ ပြချက်တွေ၊ ရောဂါလက္ခဏာတွေကို အားပြုပြီး ရောဂါရှာတဲ့သူ။ ခုခေတ်က ဒါတွေကို အချိန်ကုန် စမ်းသပ်မနေတော့ဘဲ စက်နဲ့၊ ဓာတ်မှန်နဲ့၊ အာ(လ်)ထရာဆောင်း နဲ့၊ စီတီ နဲ့ ၊ MRI နဲ့ပဲ ကောက်ကာငင်ကာ စမ်းသပ်ဆုံးဖြတ်ကြတဲ့ ခေတ်။
ဆရာ က ဆေးပေးရင် ဆေးရိုးရိုးတွေ ပဲ အဓိကထားသုံးတဲ့သူ။ မလိုရင် ဘာဆေးမှ မပေးတဲ့သူ။ မလိုအပ်ဘဲ "ဘားပလက်၊ ဘီတွဲ" တောင် မပေးတဲ့သူ။ ဆရာ့ လက်သုံးစကားက " ဘားပလက်၊ ဘီတွဲ ထိုးရင် အဲဒီ ဆရာဝန် ဟာ ထွန်းသင်မဟုတ်ဘူး" တဲ့။

ခုခေတ်က လိုလို၊ မလိုလို ဆေးတွေ တစ်ပြုံတစ်မ လက်တစ်ဆုပ်စာ လက်နှစ်ဆုပ်စာ သောက် ရလောက် အောင် ဆေးအဆန်းတွေ ဆေးအထူးတွေ ဆေး"ရှယ်" တွေ သုံးကြတဲ့ခေတ်။ ဆရာက ရိုင်ဖယ်သေနတ် လက် ဟောင်းကြီးနဲ့ ပစ်ဖို့ ကြိုးစားနေချိန်မှာ ဆရာ့တပည့် မြေးစြမ်တွေက စကဒ်ုးံးကျည်နဲ့ ခွင်းဖို့  အားထုတ်နေကြတာ။
ဆရာက ဆေးကိုယ်စားလှယ်တွေ၊ စပွန်ဆာတွေနဲ့ ကင်းကင်းရှင်းရှင်း နေချင်သူ။ ဒီခေတ် က ချေးပါသေး ပေါက်ကအစ ဒင်နာအလယ်၊ ဂေါက်ရိုက်ပွဲအဆုံး စပွန်ဆာတွေနဲ့ လုံးထွေးနေရတဲ့ခေတ်ကြီး။ စပွန်ဆာတွေ နဲ့ ဒူးတင်၊ ပေါင်တင်၊ ဘောင်းဘီတင်၊ စကပ်တိုနံ့နံ့တင်ရတဲ့ ခေတ်ကြီး။

ဆရာက အခိုင်အခံ့ ဆေးကျမ်းကြီးတွေဖတ်ပြီး စာသင်တဲ့၊ ဆေးကုသတဲ့သူ။ ခုခေတ်က ကွန်ပျူတာခေတ်၊ အွန်လိုင်းခေတ်၊ အင်တာနက်ခေတ်ကြီး။ ဆေးပညာဆိုင်ရာ အကြောင်းအရာ အချက်အလက်တွေက မနက်၊ နေ့လယ်၊ ညနေ မတူတော့တဲ့ခေတ်။ ပညာရပ်သက်တမ်း (Shelf-life)က တိုမှတို။ အဲသလို ခေတ်ကြိး။
အဘ ရဲ့ စရိုက်ဘာသာနဲ့ တစ်နေ့တခြား ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဖြစ်လာနေတဲ့ မျက်မှောက်ခေတ် ဆေး လောကကြီး၊ အဘအတွက် ချစ်သူကနေ သူစိမ်းပြင်ပြင်အဖြစ် ခပ်သုတ်သုတ် ခပ်လှုပ်လှုပ် ကူးပြောင်း နေ တဲ့ မျက်မှောက်ခေတ် ဆေးလောကကြီးကို အဘတစ်ယောက် နှောင်ဖွဲ့ကင်းကင်း သံယောဇဉ် ရှင်းရှင်း နဲ့ စွန့်ခွာထားရစ် လို့ သွားခဲ့ပြီ။

(အဘ ဦးထွန်းသင် (၁၉၃၀-၁၉၉၆) သို့ လွမ်းဆွတ်သတိရစွာ)
ရွက်နုဝေ၊ ဒီဇင်ဘာလ၊ ၂၀၀၇
 .

No comments: