Sunday, November 11, 2012

ဒေါက်တာအောင်ကြီး ၏ အဆွေးလူ၊ အတွေးလူ၊ သိမ့်မွေ့လူ, အပိုင်း (၄)

 (မနေ့က စာလေး မှာကျန်နေလို့)

နှုတ်ဆက်ပူဇာ
ဖျား(၃)တဲ့ ... လေ။


အဘ၀ိညာဉ်
ပူးဝင်ယှက်သန်း
သည်အဆောင် သည်အခန်းဟာဖြင့်
ဆေးပညာထွက်ရပ်လမ်း
အဓိဋ္ဌာန် ဓာတ်စခန်းဖြစ်တယ်။
ဖျား (၃)ဘုံမှာ ထုံကူး
အထူးထူးသော ကျင့်စဉ်အလေ့
ပါရမီဖြည့်ပြီးမှ
ဆေးလောကကောင်းကင်ယံ
မီးရှူးကြယ်ပျံပြိုးပြိုးပြက်
လင်းလက်တောက်စား
ကျွန်တော်တို့ရှေ့က တာရာများ
အားလည်း အားကျဖွယ်
များလည်း များလှတယ်။
အားကျဖွယ် ဘယ်မဆုံးပေတဲ့
သွားဦးမကွဲ့
ဖျား(၃)ရယ်
ချစ်ထုံးငယ်တဲ့ မပြယ်စေကြောင်း ...။
ဒီဗိမာန်ဘုံပျံနန်း
ရည်စိတ်သန် ဂုဏ်မနွမ်းအောင်ပ
ကြိုးပမ်းခဲ့သမျှ ပုညဝေ
နတ်လူသာဓုခေါ်ကြစေ ...။

ဒေါက်တာ နေ၀င်း
 
မှတ်ချက်။   ၂၀၀၇ ဇူလိုင်လ ဖျားနာရုံ (၃)မှ မထွက်ခွာမီ ဒေါက်တာနေ၀င်း
ရဲ့ နှုတ်ဆက်ကဗျာကို အမှတ် တရ ဖော်ပြလိုက်ပါသည်။ (ဒေါက်တာနေ၀င်းမှာ ဖျားနာရုံ (၃)ပထမ လ/ထ ဆရာဝန်အဖြစ် တာဝန် ထမ်းခဲ့။)

ခွေးရူးပုံပြင်

ကလေးဘ၀ စိတ်လွတ်ကိုယ်လွတ် လှုပ်ရှားပျော်ပါး ကစားစဉ်ကာလ တစ်ယောက်ယောက်က " ဟေ့ ခွေးရူး လိုက်တမ်း ကစားရအောင်ဟေ့" လို့ အော်လိုက်ရင် ကြားကြားသမျှ ပရိသတ် ပုစုခရုအားလုံး ပြေးလာ ကြတာပဲ။ သူလည်း ပါမယ်။ ငါလည်း ပါမယ်ပေါ့။ တိုင်တို့ သစ်ပင်တို့ကို ကိုင်ထားထိထားရင် ဒီလူကို ခွေးရူး လုပ်တဲ့သူက ဖမ်းလို့ မရဘူး။ ဘုတ်တိုင်က လွှတ်လိုက်ပြီး နောက်ဘုတ်ကိုင်တစ်ခုကို အပြေးအလွှားသွားရာ မှာ ခွေးရူးက လိုက်လို့ မိသွား ရင် အဲဒီအမိခံရသူက ခွေးရူးဖြစ်ရပြန်လေ။ တချို့သော သူရဲကောင်းလေးတွေက ဘုတ်တိုင်ကို လက်က မလွှတ်ဘဲ " ဟေ့ ခွေးရူး၊ ဟေ့ ခွေးရူး" လို့ ပါးစပ်ကလည်း အော်ရင်း ကျန်တဲ့ လက်တစ်ဖက်နဲ့လည်း အမျိုးစုံ လုပ်ပြ ရင်း ခွေးရူးလုပ်တဲ့ သူငယ်ချင်းကို စကြတယ်။ ခွေးရူးလည်းပျော်၊ ကျန်တဲ့ အလိုက်ခံရတဲ့ သူတွေလည်း ပျော်ကြရတဲ့ပွဲပေပ။
ကလေးတိုင်း လိုလို ခွေးမြင်ရင် အို့ အို့ ခေါ်ကြ၊ စကြ၊ လိုက်ရင် ပြေးကြ။ အိမ်မှာ ခွေးမွေးဖို့ စကားစကြည့် တော့ ကျွန်တော့်အဖေ က ခွေးမွေးတာ အားမပေးဘူး။ ကျွန်တော်တို့ ၁၉၅၇-၅၈ စစ်ကိုင်းမှာနေ စဉ် ခွေးတစ် ကောင် မွေးဖူး သတဲ့။

ကျွန်တော်တို့တစ်တွေ ကသာ ကိုပြောင်းရတော့ မီးရထားနဲ့အသွားမှာ အဲဒီခွေးက သံလမ်းတစ်လျှောက် အပြေးလိုက် လာရှာတာ မြင်ရကတည်းက အဖေက ခွေးမွေးဖို့စိတ်ကုန်ခန်းသွားခဲ့ရ သတဲ့။ ဒါပေမဲ့ ကျွန်တော် (၆)တန်း အရောက်မှာ ခွေးနှစ်ကောင်မွေးတယ်။ သိုးထိန်း၊ မိုးဟိန်းလို့ အဖေက နာမည်ပေးတယ်။ တစ်နေ့တော့ ကျွန်တော် ကျောင်း အသွား အဖေက ကျွန်တော့် နောက်ကို လိုက်ဖို့ပြင်နေတဲ့ သူ့ခွေးနှစ်ကောင်ကို -
" ဟေ့ မိုးဟိန်း၊ ဟေ့ သိုးထိန်း လာလာ လာလာလာ "
လို့ လှမ်းခေါ်ပါတယ်။ ကျွန်တော်က နောက်လှည့်မကြည့်ဘူး။ ဒီကောင်တွေ လိုက်လာမှာစို့းလို့။ ဒါကို မသိ တဲ့ ဖြတ်သွားဖြတ်လာ လူကြီးတစ်ဦးက -
" ဟေ့ ဟိုမှာ မင်းအဖေ မင့် ကို ခေါ်နေတယ်" တဲ့။
လူစင်စစ် က ခွေးလုံးလုံး ဖြစ်သွားရပလေ။ တစ်ခါတော့ ခွေးတွေက သူပြောတာ နားမထောင်လို့ဆိုပြီး ဒဏ်ပေးတဲ့ အနေနဲ့ အမေက ထမင်းမကျွေး ဘဲ ထားတယ်။ ၃-၄ ရက်ကြာတယ် ထင်ပါရဲ့။ ခွေးနှစ်ကောင်က လမ်းပေါ် က ခဲလုံးတွေကို လိုက်နမ်းနေတာတွေ့ရတော့ ကျွန်တော့်မှာ ငါ့ခွေးတွေတော့ ထမင်းငတ် လို့ သေရချေ ရဲ့ပေါ့။ ကျွန်တော့် အမေကို စိတ်ကောက်ပြီး ၃-၄ ရက် စကားကောင်းကောင်း မပြောဘူး။ အမေက -
" အောင်ကြီး က သူ့ခွေးတွေ ငါထမင်းမကျွေးလို့ စိတ်ကောက်နေတယ်ကွဲ့"
လို့ပြောပြီး ခွေးတွေ ကို ထမင်းပြန်ကျွေးတယ်။ ခွေးနဲ့ ကျွန်တော့်ရဲ့ ဇာတ်လမ်းက စကတည်းက ဒီလိုသင်း တာ။

(၂)

၁၉၈၀ ၀န်းကျင် ကသာခရိုင် မော်လူးမြို့မှာ ဆေးခန်းသွားဖွင့်တုန်း ခွေးနဲ့ ရေစက်ဆုံရပြန်ပလေ။ တစ်ရက်မှာ လူနာတစ်ဦး ကို အိမ်လိုက်ကြည့်ရတယ်။ ငှက်ဖျားထနေတာ။ အဲဒီအိမ်က ခွေးမွေးထားတာ။ တစ်ကောင်တည်း။ ဒါပေမဲ့ သိပ် စွာတယ်။ ဟောင်မှဟောင်။ လူလည်းဆွဲတတ်သတဲ့။ အိမ်ရှင် က သူ့ခွေးကို ကြိုးချည်ထားတဲ့အပြင် လည်ပတ် ကို တင်းတင်းချုပ်ထားတဲ့ကြားက ခွေးက ကျွန်တော့်ကိုမြင်တော့ ရုန်း လိုက်ကန်လိုက်။ ပါးစပ် တပြင်ပြင်။ ခွေးက တကယ့် ဗျူဟာမြောက် နေရာယူထားတာ။ လှေကားခြေရင်းမှာ။ ကျွန်တော့်မှာ လူနာအိမ် ထဲ ချောချောမောမောရောက်ကာ မှ သက်မတစ်လုံး ခိုးချရတယ်။ လူနာကို စမ်းသပ် ကြည့်ရှု၊ ဆေးထိုး၊ စားဆေးပေး၊ ပြီး ပြန်ရုံ။ အိမ်ပေါ်ကဆင်းတော့ လှေကားခြေရင်း စောင့်နေတဲ့ခွေးကို ကွက် ကြည့်ကွက် ကြည့်ကွက် လုပ်ရင်း မသိမသာကျော်သွား။ ခွေးက ဒီတစ်ချီတော့ အေးအေးဆေးဆေးပါ။ ကျွန်တော့်ကို သူ့သခင် က မိတ်ဆွေလို့ အသိအမှတ်ပြုပြီးဆိုတာ သိတယ်ထင်ပါရဲ့။ ဒါနဲ့ လွတ်ပြီဆိုပြီး စိတ်ချ လက်ချ ရှေ့ဘက်လှည့်ပြီး ခြေအလှမ်းလိုက်မှာ ခွေးက ရုတ်တရက် သခင့်လက်က ဆောင့်ရုန်းရုန်းပြီး ပြေး ထွက်လာ။

ကျွန်တော့် ညာဘက်ပေါင် လှမ်းခဲလိုက်။ ပေါင်ရင်းက ပူခနဲဖြစ်သွားပြီး မျက်စိတွေ ပြာဝေ သွားခဲ့။ သခင်က သူ့ခွေး ကို အမြန်သိမ်းပြီး သေလုအောင် ရိုက်တော့တာ။ သူတို့ခမျာ ကျွန်တော့်ကို အားနာ လေ ခွေးကို မဲရိုက်လေ။ ဒါနဲ့ ကျွန်တော့် ဒဏ်ရာက မဖြစ်စလောက် လေးပါဆိုပြီး သူတို့ကို တစ်ပြန် နှစ်သိမ့် လိုက်ရ။ အဲဒီ ကနေ စက်ဘီးစီးပြီး အိမ်ပြန်ခဲ့။ လမ်းမှာ ညီမ တစ်ဝမ်းကွဲအိမ် ခဏ၀င်။ အနာကို ရေဆေး၊ မိန်းမကြီး တစ်ယောက်က အနာကို မြင်သွားတော့ -
" ဆရာရေ အနာရင်းလိမ့်မယ် "
ဆိုပြီး ဆန်တွေ ၀ါး အနာပေါ်အုံပေးတယ်။ ကျွန်တော်ကလည်း ဘာလုပ်ရမှန်းမှမသိတာ။ စေတနာနဲ့ လုပ် တာပဲလေ။ လုပ်ပလေ့စေ သဘောထားလိုက်တယ်။ အဲဒီ ဆန်မန်းပေါ် ပတ်တီးစည်းပြီး အိမ်ပြန်ခဲ့တယ်။ ကံကောင်းလှ စွာ အနာကမရင်းခဲ့ဘူး။
၂၀၀၃ ခု သင်္ကြန်အတက်နေ့မှာ သင်းတို့နဲ့ ဒုတိယမ္ပိ ဆုံရပြန်တယ်။ သင်္ကြန်နောက်ဆုံးနေ့ မြို့တော်ခန်းမ တစ်ဝိုက် အလှပြယာဉ်တွေနဲ့ သင်္ကြန်မောင်မယ်တွေ ကတာဆိုတာ ဖျော်ဖြေတာ သွားကြည့်မယ်ဆိုပြီး ဇနီးသည် နဲ့ အတူ ည ၈ နာရီ ကျော်ကျော်လောက်မှာ လမ်းလျှောက် ထွက်ခဲ့ကြတယ။ လမ်းမကြီးတွေ ရှောင် ရင်းက ၀င်းကြီးတစ်ခု ထဲက လမ်းကြိုလမ်းကြားလေးထဲ ချိုးဝင်လိုက်မိတယ်။ ကျွန်တော်တို့ နောက်အိမ်ကခွေး " ဘရောင်နီ" က တကောက်ကောက်။

ဝင်းထဲကခွေးတွေက ရုတ်တရက် ခေါင်းထောင် ထလာတဲ့ပြီး နယ်မြေကျူးဝင်လာတဲ့ "ဘရောင်နီ"ကို ၀ိုင်းတွယ်ကြ ပါလေရော့။ "ဘရောင်နီ" က အလုံးအဖန် ကြီးကြီး တောင့်တောင့်။ ဘယ်မှုလိမ့်မလဲ။ သူနဲ့ လုံးတူ ရပ်တူ ခွေးတစ်ကောင် နဲ့ ပြိုင်လုံးပြိုင်ခဲပြီး Dog fight ကြီးကို ဆင်နွှဲတော့တာ။
ထွေးလုံး ရစ်ပတ် ပူးသတ်ကြရင်းက ကျွန်တော်တို့နားရောက်အလာ ကျွန်တော်က မောင်းထုတ်မယ် အလုပ် အဲဒီ ရန်ဘက်ခွေး က ကျွန်တော့်ပေါင်ရင်း ရုတ်ခြည်းတက်ခဲ့ပြီး ပြေးထွက်သွားခဲ့။ ကျွန်တော် ပုဆိုးလှန်ကြည့် လိုက်တော့ ပေါင်ရင်း မှာ သွေးစို့ဒဏ်ရာ။ စိတ်ညစ်ညစ်နဲ့ အိမ်အမြန်ပြန်။ ဒဏ်ရာကို ရေနိုင်နိုင်လောင်းပြီး ခပ်ကြာကြာဆေး လိုက်တယ်။ ပြီးတော့ ခွေးရူးကာကွယ်ဆေးထိုးဖို့ ဆိုင်ပြေး ဆေးဝယ်။ လက်မောင်းရင်း မှာ ဆေးတစ်လုံးထိုး။ ဒါက သုည(၀)ရက်။ နောက် (၃)ရက်မြောက်မှာ တစ်လုံးထပ်တိုး။ (၇)ရက်မြောက်မှာ တစ်လုံး ထပ်ထိုး။ (D0, D3, D7)။

ကိုက်တဲ့ခွေး ကို ဇနီးက မှတ်မိတဲ့အပြင် အဲဒီဝင်းကလည်း အိမ်နဲ့နီးနေတော့ တူမလေး ကို နေ့တိုင်း သွားပြီး ခွေးကြည့်ခိုင်းရတာ။ (၁၀)ရက်မြောက်တဲ့နေ့ထိ အဲဒီခွေးက ကျန်းမာ ပကတိချမ်းသာစွာရှိ၏လို့ သိလိုက် ရ တော့ မှ ရင်ထဲက အလုံးကြီးကျသွားရပလေ။ အဲဒီခွေး ကျန်းမာစေကြောင်း မေတ္တာပို့သလိုက်ရတာ။ ဒီလို နဲ့ ဆး (၃)လုံး နဲ့ စခန်းသိမ်းလိုက်ရပေါ့။ ခွေးက ခွေးလေခွေးလွင့် စောင့်ကြည့်လို့မရတဲ့ ခွေးဆိုရင်တော့ (၁၄)ရက် မြောက် နဲ့ (၂၈) ရက်မြောက် (D14, D28)မှာ တစ်လုံးစီ ထပ်ထိုးရဦးမှာ။ ခုတော့ ခွေးက မျက်စိ အောက် မှာ။ စောင့်ကြည့်နိုင်တဲ့ အနေအထားမှာဆိုတော့ ကျွန်တော် ကံဆိုးထဲက ကံကောင်းသွားရခြင်း။
ဟ ဟိုတုန်း က ဆန်မန်းပေါက်ပေါက်နဲ့ပြီးရာက အခုကျတော့ ဘာကြောင့် တခုတ်တရ ကာကွယ်ဆေးတွေ လှိမ့်ထိုးနေရ သတုံး။ နှစ် ၂၀-၂၅ ကာလအတွင်း ခွေးရူးပုံပြင်တွေ တစ်ခန်းရပ်အလွမ်းဇာတ်တွေနဲ့ ထိတွေ့ ခဲ့ရ၊ ရှနာခဲ့ရတာတွေ က ရိုက်ချက်ပြင်းလှသမို့ ကျွန်တော့်ရဲ့ Health-seeking behaviour က အရင်ကနဲ့မတူ လုံးဝကွဲပြားခြားနား ခဲ့ရပေါ့။

(၃)

ကျွန်တော် ဘွဲ့လွန်သင်တန်းသားပေါက်စဘ၀ တစ်ရက်မှာ ကူးစက်ရုံ (Isolation Ward) က သတင်းလာပို့ တယ်။ ခွေးရူးရောဂါ မသင်္ကာဖွယ် လူနာတစ်ဦးတက်လို့ လကြည့်ပေးပါတဲ့။ ကူးစက်ရုံကို တာဝန်ယူရတဲ့ သမားတော်ပေါက်စ က ကျွန်တော့်ကို တာဝန်ပေးလိုက်တော့ ကျွန်တော် သွားကြည့်ရပေါ့။ လူနာ ကြည့်လိုက် တော့ အသက် (၅၀)၀န်းကျင် ယောက်ျားတစ်ဦး။ ရေတိုက်ကြည့်တယ်။ အေးအေးဆေး ဆေး တဂွတ်ဂွတ် သောက် ချလိုက်တာ။ ရေကြောက် တဲ့ လက္ခဏာမတွေ့ရ။ ထူးခြားတာက လူနာခမျာ ခွေး ကိုက်ထား တဲ့ ခြေထောက် က အနာရွတ်နားနဲ့ တစ်ကိုယ်လုံးမှာ သည်းသည်းသန်သန် ယားနေလို့ လက် သည်း နဲ့ တဗျင်းဗျင်း ကုတ်ဖဲ့နေရရှာ။ ဆရာမက -
" ဆရာ နှာခေါင်းပိုက်ထည့်ဦးမလား "
မေးတော့ -
" ဟ ဘာကြောင့် ထည့်ရမှာလဲ။ အခု ရေသောက်နိုင်နေတာပဲ "
လို့ပြောလိုက်မိတယ်။ ဆရာမ က အခု မလိုသေးရင်လည်း နောက်နေ့တွေမှာ လိုကောင်းလိုမယ်ဆိုတဲ့ အတွေးနဲ့ တင်ပြတာ။ သူက ဒီရုံမှာ ကြာလှပြီ။ အတွေ့အကြုံများလှပြီ။ ဒါက နောက်မှသိရတာ။ ပြန်တွေး ကြည့်ရတာ။ ဒါကို ဘွဲ့လွန် ကျောင်းသားပေါက်စ က " အရိပ်" ပြလို့မှ "အရိပ်" ကို မထင်တာ။ "အကောင် " ထင်ဖို့ ကတော့ ဝေးရော။ ဒါနဲ့ အားဆေးပေး၊ အယားပျောက်ဆေးထိုးဖို့ ညွှန်ကြားပြီး ပြန်ခဲ့တယ်။ ဆရာ့ကို လူနာ အခြေအနေ သတင်းသွားပို့တာ ဆရာက မင်း ဘာထင်သလဲတဲ့။

" ဟာ ... ဆရာရယ်။ ဘာမှန်းတော့ မသိဘူး။ ဒါပေမဲ့ ခွေးရူးပြန်ရောဂါတော့ မထင်ဘူး ဗျ။ ရေ တဂွတ်ဂွတ် သောက်နေ လိုက်တာ။ ထူးခြားတာတစ်ခုက လူနာက တအားယားနေတာဗျ "
လို့ပြောလိုက်တော့ ဆရာက ခပ်မြိန့်မြိန့်ပြုံးလိုက်ပြီး -
" အဲဒါ ခွေးရူးပြန်တာ ပဲ။ ဒီလူ သေတော့မှာ "တဲ့။
ကျွန်တော် တော်တော်လေး မခံချင် ဖြစ်သွားမိတယ်။ ဒီဆရာ ပြောရဲလှချည်လား။ သူက ဘာမို့ လို့တုံး။ ဆေးကျမ်းတွေ ထဲ ဖော်ပြထားတ့ ခွေးရူးပြန်ရောဂါ လက္ခဏာတွေထဲမှာ ယားတယ်ဆိုတာ မတွေ့မိ ပါဘူး။ ဒါနဲ့ နောက်တစ်နေ့ သွားကြည့်တော့ လူနာမရှိတော့ဘူး။ ညကပဲဆုံးလို့ ပြန်ခေါ်သွားပြီတဲ့။ ဟ ခံရပြီဟေ့။ အဲဒီ ကတည်းက လူနာတစ်ဦးဦး မနေနိုင် မထိုင်နိုင်လောက်အောင် ယားခဲ့ရင်၊ ခွေးကိုက်ခံရဖူးတဲ့ ရာဇ၀င်ရှိ ခဲ့ရင် ခွေးရူးပြန်ရောဂါ ကို ထိပ်ဆုံးတင် စဉ်းစားမိပေါ့။ တစ်ခါက ခွေးရူးပြန်တဲ့ လူနာတစ်ဦးကို တွေ့ဖူးတယ်။ ဘယ်လောက် ယားသလဲဆိုရင် အရေပြားကို သံဘရပ်(ရှ)နဲ့တောင် တိုက်ယူရတဲ့အထိ။

ဆရာကြီး တစ်ဦး ကြုံခဲ့ရတဲ့ အမှတ်တရ ပုံပြင်တစ်ပုဒ်က ဒီလို။ ဂေါဝိန်မြစ်ဆိပ်က ဖောင်ပေါ်မှာ အခြေချ နေထိုင်ကြ တဲ့ မိသားစုထဲက အပျိုပေါက်မလေးတစ်ဦး နေမကောင်းလို့ဆိုပြီး တစ်ညနေ ဆရာ့ကို လာ ပင့် သတဲ့။ ဆရာက ဖောင်ပေါ်ထိ "ခြေကြွ"လိုက်ရတာ။ ဖောင်ပေါ်မှာ မြစ်လေက တဖြူးဖြူး။ ကလေးမလေးက ကတုန်ကယင်၊ ချောက်ချောက်ချားချား။ တစ်ကိုယ်လုံးကို စောင်နဲ့ ထွေးလုံးရစ်ပတ် ထားတဲ့ အပြင် စောင်ကြီးကို ခေါင်းမြီးခြုံလို့။ စမ်းသပ်ဖို့ စောင် ကို ခဏခွာလိုက်ရင်ကိုပဲ ချက်ချင်း ပြန်ဖုံးတယ်။ ဟောဗျာ၊ ခွတော့ ကျပြီ။ ဘယ်လိုစမ်းရပါ့၊ ဒါနဲ့ မိဘတွေကို အကြောင်းအကျိုးမေး၊ ရောဂါအခြေအနေသုံးသပ်၊ ဆေး တစ်ချောင်းကောက် ထိုးပြီး ပြန်ခဲ့သတဲ့။ Hysteria များဖြစ်လေမလား။ ဘာကြီးပါလိမ့်။ ပြန်သာလာရတယ်။ စိတ်ထဲ မတင်မကျ။

အိမ်ပြန်ရောက်ပြီး မကြာခင် ည (၁၁)နာရီလောက် အိမ်နီးချင်း အိမ်တစ်အိမ်က အဘိုးကြီးတစ်ဦး သတိမေ့ လို့ ဆိုပြီး လာခေါ်လို့ လိုက်သွားပြီး ကြည့်ပေးရသေးသတဲ့။ အသက်ကကြီးလှပေါ့။ အသက်ရှူတာ ခပ်ကြမ်း ကြမ်း။ သတိ က လုံးလုံးမရ။ လေဖြတ်တာနေမှာ။ အခြေအနေက မကောင်းလှဘး။ ဒါနဲ့ နည်းနည်းပါးပါး ကြည့်ရှု စမ်းသပ်။ ဂလူးကို့(စ်)တစ်လုံး အကြောဆေးထိုးပေးပြီး ပြန်ခဲ့သတဲ့။ လူနာရှင်တွေ ကိုတော့ အကျိုး အကြောင်း ပြောပြခဲ့တာပေါ့။ အခြေအနေ သိပ်မဟန်တော့တဲ့အကြောင်း။ တည့်တည့်ပြောရရင် မရတော့ ပါပေါ့။ နောက်တစ်နေ့ နနက် ဆေးရုံသွားဖို့ အိမ်ကထွက်အလာမှာ ညကသွားကြည့်ခဲ့ရတဲ့ အဘိုး ကြီးက လမ်းဘေး အကြော်ဆိုင်မှာ ရေနွေးကြမ်းသောက် အကြော်ထိုင်စားနေရာက လှမ်းတဲ့ပြီး -
" ဆရာကြီး၊ အကြော်လေး သုံးဆောင်ပါဦး ခင်ဗျ" တဲ့။

ဖိတ်မန်နေလိုက်သေး။ သူ့မှာ အံ့အားသရဲ ထူးကဲဖြစ်ရပ်ဆန်းကြီးကို မြင်လိုက်ရသလို မှင်တတ်နေမိ။ ဒီ အဘိုးကြီး အ၀ှာ မပြုရှာပါလားပေါ့။ နောက်မှ စုံစမ်းသိရတာက ဒီအဘိုးကြီးက ခွက်ပုန်းကြီးတဲ့ ။ အဲဒီနေ့ က သောက်တာ များများစားတာက နည်းနည်းဆိုတော့ သွေးထဲမှာ အချိုဓာတ် တော်တော်ကြီး ကျဆင်းသွားလို့ (Hypoglycemia) သတိလစ် သွားရတာ။ ဒါကြောင့် ဂူလူးကို့(စ်) ထိုးလိုက်တော့ ပြန်ကောင်းလာရတာ။
ညနေခင်း ဆေးခန်းပိတ် အပြီးမှာ မနေ့ညနေက ကြည့်ခဲ့တဲ့ ကလေးမလေးကို တစ်ခေါက် ထပ်သွားကြည့် ဦးမှ ဆိုတဲ့စိတ်ကူး နဲ့ မြစ်ဆိပ်ဘက်ထွက်ခဲ့တယ်။ ဟိုရောက်တော့ ကလေးမလေးအလောင်းက ဆရာ့ ကို စောင့်ကြိုနေပေါ့။ မနက်ခင်းကပဲ ဆုံးပါးသွားသတဲ့။ ဟာ ... ဘယ်လို ဖြစ်ရတာလဲဗျာ။ စပ်စုကြည့် လိုက်တော့မှ လွန်ခဲ့တဲ့ သုံးလလောက်က ခြေသလုံးကို ခွေးကိုက်ဖူးသတဲ့။ အနာရင်းမလာလို့ ဒီလိုပဲ ပေါ့ပေါ့နေ မိသတဲ့။ ကိုက်တဲ့ခွေးက ခွေးကလေးဆိုတော့ ဘယ်ရပ်ဌာနီစံလေသည်မှန်း မသိပါတဲ့။

ရူး မရူးလည်း မသေချာပါတဲ့။ သြော် ... ငယ်ငယ်ရွယ်ရွယ်နဲ့ ပန်းကလေးတစ်ပွင့် ကြွေလွင့်ရက်စော။ ဟာ ... ဒါဆို မနေ့က ဒီကလေးမလေးစောင်တွေနဲ့ တစ်ကိုယ်လုံးထုပ်ထားတာ အဖြေပေါ်ပြီပေါ့ ။ လေ ကို ကြောက် ခြင်း လက္ခဏာ (Acrophobia) ပေပဲ။ ခွေးရူးပြန်ရောဂါ အဓိကလက္ခဏာတစ်ခု။ နောက်တစ်ခုက ရေကြောက်ခြင်း (Hydrophobia)။ ဆရာက ဒီအကြောင်း အလျဉ်းသင့်တိုင်း ပြောလေ့ရှိတယ်။
" ကိုအောင်ကြီးရေ၊ အ၀ှာပြုမယ်ထင်ရတဲ့လူနာက အ၀ှာမပြုဘဲ အ၀ှာပြုမယ်မထင်ရတဲ့ လူနာက အ၀ှာပြု သွားတာလည်း ကြုံရတတ်သဗျ" တဲ့။
ခွေးရူးပြန်ရောဂါ နဲ့ ပတ်သက်ပြီး မှတ်သားစရာ သင်ခန်းစာယူစရာ ပုံပြင်တစ်ပုဒ်။

(၄)

ဒီခွေးရူးပြန်ရောဂါ ကို ကျွန်တော် စိတ်ဝင်တစားရှိလာပြီ။ ဒါနဲ့ ကူးစက်ရုံသွားပြီး အဲဒီမှာ နှစ်ပေါင်းများစွာ လုပ်နေ တဲ့ အပြာရောင်ဝတ် ဆရာမကြီးကို သွားတွေ့ဖြစ်၊ သွား "ဗျူး" ဖြစ်တယ်။ သူက အတွေ့အကြုံစေ့စုံ မှစုံ။ သူ့အဆို အရရော၊ သူပြုစုထားတဲ့ စာရင်းဇယားတွေအရရော ပြောရင် မန္တလေးဆေးရုံကြီး ကူးစက်ရုံ မှာ ခွေးရူးပြန်ရောဂါ နဲ့ တက်တာ တစ်နှစ်ကို (၂၀)၀န်းကျင်ရှိတယ်။ ယောက်ျားက မိန်းမလူနာထက် ပိုများတယ်။ "လက်ပံပွင့်ချိန် ခွေးရူးချိန်" ဆိုတဲ့ အဆို ဟာ မမှန်ဘူး။ တစ်နှစ်လုံး နှစ်ပေါက်တက်နေကြတာ။ တချို့နှစ်တွေ မှာဆို ဒီဇင်ဘာ၊ ဇန်န၀ါရီလတွေ မှာ လူနာဦးရေ ပိုများနေတာ တွေ့ရသတဲ့။

သုံးနှစ်ဆက်တိုက် စာရင်း (၂၀၀၃၊ ၂၀၀၄၊ ၂၀၀၅)အရ သုံးနှစ်အတွင်း တက်ခဲ့တဲ့ လူနာဦးရေ စုစုပေါင်းက (၅၆)ဦး ရှိတယ်။ ကျား-၃၃၊ မ-၂၃။ အသက် (၁၀)နှစ်အောက် ကလေးက (၁၃)ဦး။ လေးချိုးတစ်ချိုးနီးနီး။ ကလေးက ခွေးနဲ့ အလုံးအရပ်တူတော့ ခွေးကိုက်ခံရရင် မျက်နှာ၊ လည်ပင်း အခဲခံရတာများတယ်။ ရောဂါ လက္ခဏာ စောစောစီးစီးပေါ်ပြီး အသက်ဆုံးရရှာတာ။ ခွေးရူးပြန်ရောဂါက သေနှုန်း (၁၀၀ ရာခိုင်နှုန်း) ပဲ။ ခွေးရူးပြန်ရောဂါ ပေါ်ပြီဟေ့ ဆိုရင် ဆေးမရှိတော့ဘူး။ ဆေးမှတ်တမ်းတွေအရ ရောဂါလက္ခဏာ ပြည့်ပြည့်၀၀ စုံစုံ လင်လင် ပေါ်ပြီးတဲ့ လူနာ ၄-၅ ဦးလောက်ပဲ အထူးကြပ်မတ်ကုသဆောင်မှာထားပြီး ခေတ်မီ စက်ကိရိယာ ပစ္စည်းပေါင်းစုံ ရဲ့ အကူအညီနဲ့ အသက်ကို မနည်းကြီး ဆွဲတင်ကယ်ယူလို့ အသက် ချမ်းသာရာရခဲ့တဲ့ သာဓကရှိတယ်။ ရှိတော့ရှိတယ် ရှားတယ်ပေါ့။ အဲဒီလူတွေခမျာမှာလည်း အသက်သာမက သေတယ် လူက ယဲ့ယဲ့။ အာရုံကြောနဲ့ ဦးနှောက်ထိခိုက်ယိုယွင်း တဲ့ ဒဏ်ရာဒဏ်ချက်တွေ ဗလပွေနဲ့။ ဆရာမကြီးက သူ့ရုံထဲက သနားစရာ ဝေဒနာသည်တွေ အကြောင်း ပြန်ပြောင်းတသရာမှာ မျက် ရည်တစမ်းစမ်း။

" သနားစရာဆရာရယ်၊ တချို့များ ညကြီးထတဲ့ပြီး ခွေးလိုအော်တော့တာ။ ကြောက်စရာလည်း ကောင်း၊ သနားစရာ လည်းကောင်း "
တစ်ခါတော့ လူနာတစ်ဦးဟာ ဒီရောဂါဖောက်လို့ သေခါနီး သတိကြည်တဲ့ အခိုက်အတန့်လေး (Lucid interval) မှာ လာကြည့်တဲ့ ဆရာဝန်က လူနာရဲ့ နောက်ဆုံးဆန္ဒကို မေးပါတယ်။ လူနာက သူငယ်ချင်းတစ်ဦးဆီမှာ အကြွေး ကျန်နေတာ ပြန်ဆပ်ချင်သတဲ့။ ဒါနဲ့ ဆရာဝန်က အလုပ်သမားတစ်ဦးကို ခေါ်ဆိုက်ကားတစ်စီးငှားစေပြီး လိပ်စာ အတိုင်း လိုက်သွားခိုင်းတယ်။ လူနာရဲ့ သူငယ်ချင်းကို အခေါ်လွှတ် လိုက်တာ။ သူငယ်ချင်းရောက် လာတော့ စကားပြောကြ။ လူနာက သူ့မိန်းမကို သူ့ရှေ့မှာတင် သူငယ်ချင်း အကြွေး ပြန်ဆပ်စေပါတယ်။ အဲဒီနေ့ ပဲ လူနာဆုံးတယ်။
ဆရာမကြီး ပြောလိုရင်းက ဒီရောဂါဝေဒနာ ခံစားရပြီဆိုရင် Supportive measures ခေါ်တဲ့ လူနာ သက် သောင့် သက်သာ နေရဖို့အရေးက လွဲပြီး ဘာမှ လုပ်မပေးနိုင်တဲ့ ရောဂါကြီးပါကွာ။ စိတ်ညစ်စရာပါလို့ စိတ် ပျက်လက်ပျက် ညည်းပြောပြောနေတဲ့ ဆရာဝန်တွေကို ဒီလိုအဖြစ်မျိုး ရှိတယ်လို့ ပြောချင် တာ။ ရောဂါအတွက် ဆေးဝါးနဲ့ကုထုံး သီးသီးသန့်သန့် ပီပီပြင်ပြင်မရှိဘူးဆိုရင် ဆရာဝန်တွေက အဲဒီရောဂါ ဝေဒနာရှင် လူနာတွေကို သိပ် စိတ်မ၀င်စားတော့တာ ဆရာမကြီးက သိနေတယ်လေ။

ကျွန်တော်တို့ ဆရာဝန်တစ်တွေကလည်း အဲဒီလို လူနာရှေ့မှောက်မှာ ဘာလုပ်ရ ဘာကိုင်ရမှန်းမသိ။ အစွမ်း သတ္တိမဲ့။ အကြံတုံးဥာဏ်တုံး (Helpless and Impotent) ဖြစ်ရတာကို စိတ်ညစ်လို့ အဲဒီလူနာတွေ ကို ဝေးဝေးက ရှောင်ချင်ရှားချင်ကြတာ။ ဒီကြားထဲကပဲ လူနာအတွက် လုပ်နိုင်သလောက် လုပ်ပေးလို့ရသေး တယ်ဆို တဲ့ စေတနာနဲ့လုပ်ရပ်ကို အဲဒီဆရာဝန်က ပြသွားတာ။ ကုသမှုတွေထဲက အလှပဆုံး ရိုက်ချက်။ အကောင်းဆုံး Final Touch။ ဒီအကြောင်းကို ကာယကံရှင် ဆရာဝန်က တစ်ခါမှ ဖွင့်ဟမပြောခဲ့။ ဒါက သူ့ အတွက် လုပ်ရိုး လုပ်စဉ်တစ်ခု ဖြစ်လို့နေလေသလား။
ဆရာမကြီးက ခွေးရူးပြန်လူနာနဲ့ အတူပါလာတဲ့ လူနာရှင်တွေကို သေသေချာချာ မေးမြန်းပြီး သူသိလိုရာ မှတ်တမ်း တင်ထားလေ့ရှိတယ်။ ဒါက တကယ်ဆိုရင် ဆရာဝန်က လုပ်ရမှာ။ လူနာ ဘယ်နေ့က ခွေးကိုက် ခံရတာ တုံး။ ဘယ်နေရာအကိုက်ခံရတာတုံး။

အဲဒီခွေးက ရှိသေးသလား၊ သေပြီလား စသည်ဖြင့်။ ရောဂါလက္ခဏာ စပေါ်တာက ခွေးရူးကိုက်ပြီး အစောုံး (၂)ပတ်ကနေ နောက်အကျဆုံး (၆)နှစ်ထိ ရှိနိုင် တယ်လို့ စာထဲမှာဆိုထားတယ်။ အများအားဖြင့် ၂ လ - ၃ လအတွင်း ရောဂါလက္ခဏာ စပေါ်ကြတာ။ ခြေထောက်မျာ အကိုက်ခံရတာထက်လက်၊ မျက်နှာနဲ့ လည်ပင်းတစ်ဝိုက် အကိုက်ခံရတာက ရောဂါပျိုးချိန် ကို တိုစေသတဲ့။ ဦးနှောက်နဲ့ နီးတာကိုး။ ဒီရောဂါရဲ့ လက္ခဏာအများစုက Encephalitis ခေါ်တဲ့ ဦးနှောက် ရောင်ရမ်းခြင်းကြောင့်ဖြစ်ရတာ။
တစ်ခါတော့ ခြေသလုံးခွေးကိုက်ခံရပြီး (၃)ရက်အကြာမှာ ခွေးရူးပြန်ရောဂါလက္ခဏာ စတင်ခံစားရတဲ့ ၁၇ နှစ် အရွယ် ကလေးမလေးတစ်ဦး ထူးထူးခြားခြား ကြုံဖူးသတဲ့။ တစ်ခါတော့လည်း သူ့ကိုက်တဲ့ခွေးက ၃ လ ကျော် ထိ ရှိနေတုန်းဆို တဲ့ လူနာလည်း တွေ့ဖူးရဲ့။ လူနာက ခွေးရူးပြန်ရောဂါ ပေါ်နေပြီ။ ခွေးက ဘေးဘျမ်း မရှိ၊ အေးချမ်းစွာ ရှိ၏တဲ့။
ဆေးကျမ်းတွေ အဆိုအရ ကိုက်တဲ့ခွေး၊ ကြောင်က ခွေးရူးရောဂါဖြစ်နေတယ်ဆိုရင် (၁၀)ရက် အတွင်း သေဆုံးလေ့ ရှိသတဲ့။ ဒါကြောင့် (၁၀) ရက်စောင့်ကြည့်ခိုင်းတဲ့ ဥပဒေ ပေါ်လာတာ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြီး (WHO)ရဲ့ နောက်ဆုံး ပြင်ဆင်ချက် (၂၀၀၄)မှာ အိမ်မွေး၊ ခွေး၊ ကြောင် အကိုက်ခံ ရရင် (၁၀)ရက် စောင့်ကြည့်တာ သင့်လျော်လျောက်ပတ်ပါသတဲ့။ သို့ပေတဲ့ လမ်းပေါ်က ခွေးလေခွေးလွင့် ကိုက် လို့ကတော့ စောင့်ကြည့်ဖို့ မသင့်ပါတဲ့။ ကာကွယ်ဆေးကို WHO ညွှန်ကြားချက်အတိုင်း စပေတော့တဲ့။ အကြောင်း က ခွေးလေခွေးလွင့်တွေကို စောင့်ကြည့်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပါတဲ့။ နောက်တစ်ကြောင်းက သူတို့ ရဲ့ သွားရည်ထဲမှာ ခွေးရူးရောဂါပိုးကို နှစ်ပေါင်းများစွာထိ သယ်ဆောင်ထားနိုင်တယ်ဆိုတာ သုတေသန စမ်းသပ်မှုတွေ အရ တွေ့ရှိလာသတဲ့။ သူတို့ ကိုယ်နှိုက်က ဘာရောဂါလက္ခဏာမှ မပြပါတဲ့။ ဒါကြောင့် (၁၀)ရက် စောင့်ကြည့် ဥပဒေက သူတို့နဲ့ အကျုံးမ၀င်ပါတဲ့။ အိမ်မွေး ခွေးကြောင်တွေက ယုယုယယ ချမ်းချမ်း သာသာ သက်သောင့်သက်သာနေရလို့ပဲ ရောဂါဒဏ်မခံနိုင်ဖြစ်ရလေသလား။ လမ်းပေါ်ကလူ ဟုတ်ပေါင် ... လမ်းပေါ် က ခွေးကတော့ ဥတုသုံးပါးခံသည်ပေါ့။ ကျွန်တော်တို့မြို့ကအရူးတွေ လမ်းပေါ်ူမှာ နေပူမရှောင် မိုးရွာ မရှောင် သွားနေတာ နှာစေးချောင်းဆိုးတာတောင် သိပ်မတွေ့ရဘူး။ အဲ ... သေရင်တော့ ခေါက်ခနဲ။

ကာကွယ်ဆေးထိုးရင်လည်း ဟိုတုန်းက ချက်ပတ်လည်မှာ ၁၄ လုံးထိုးရတဲ့ ဆေးကို လုံးဝ (လုံးဝ) မသုံးပါ နဲ့လို့ WHO က သေသေချာချာ အလေးအနက်နှိုးဆော်ထားတာ တွေ့ရသဗျ။ ဒီကာကွယ်ဆေးက David Semple Semple " ဆိုသူ တွေ့ရှိခဲ့ပြီး ၁၉၁၁ ကတည်းက ထုတ်လုပ်ခဲ့တာ။ ပြဿနာက ဒီကာကွယ်ဆေး ကခွေးရူးဗိုင်းရပ်ပိုးကို သိုး၊ ဆိတ်တို့ရဲ့ ဦးနှောက်ထဲ ထိုးထည့်ပြီး ယဉ်ပါးအောင် မွေးမြူရာက ထုတ်လုပ်ရ သမို့ ကာကွယ်ဆေး ထဲမှာကိုက အဲဒီ တိရစ္ဆာန်တွေရဲ့ ဦးနှောက်အစအနတွေက ပါနေတာ။ အခန့်မသင့်ရင် ကာကွယ်ဆေး အထိုးခံရသူမှာ ဦးနှောက်ရောင်ရောဂါ ဖြစ်တတ်တယ်။ ခွေးရူးရောဂါနီးနီး ဆိုးဝါးတယ်။ ဆေး အတွက် လေးချက် ကတော့။
အရှေ့ ဂျာမနီပြန် အင်ဂျင်နီယာတစ်ဦးကို အိမ်က ခွေးကိုက်လိုက်တော့ ဇနီးဖြစ်တဲ့ ကျောင်းဆရာမက စိတ်ပူ တဲ့ပြီး ယောက်ျားသားကို ဆေးရုံကြီး OPD တန်းခေါ်သွား။ ချက်တစ်ဝိုက် ခွေးရူးပြန်ကာကွယ်ဆေး ထိုးစေ သတဲ့။ (၃)ရက် မြောက်မှာ အဖျားဝင်လာ။ (၄)ရက်မြောက်မှာ သတိမကောင်းတော့။ နောက်တော့ သတိမေ့မြောပြီး ဆေးရုံကြီးမှာ အကြာကြီး ကြာပြီးမှ နာလန်ထူလာတယ်။ ဒါပေမဲ့ မှတ်ဥာဏ်က ပျက်စီးသွား ပြီ။ အလုပ်က ထွက်လိုက်ရ။ ဌာနက နှမြောစွာနဲ့ပဲ ထွက်ခွင့်ပေးလိုက်ရသတဲ့။

အင်ဂျင်နီယာ လူတော်တစ်ဦး။ အိမ်မှာ ဧည့်ခန်းထဲ ငုတ်တုတ်ကြီးထိုင်နေတတ်တယ်။ သူ့အလုပ်က သတင်းစာကို အခေါက်ခေါက်အခါခါ ကြည့်တယ်။ ဖတ်မဖတ် နားလည်မလည် မှန်းဆလို့မရ။ ဒီလိုနဲ့ပဲ ဘ၀ကြီး တစ်ခုလုံး ဧည့်ခန်းနဲ့ အိပ်ခန်းထဲမှာ တိတ်တဆိတ် ပျော်ဆင်းသွားခဲ့ရ။ ဇနီးသည်က သူ့ကို ကလေးကြီး တစ်ဦးသဖွယ်ပြုစုရ။ အားလုံးလိုလို မေ့သွားပေမယ့် မှတ်ဥာဏ်တချို့ ကွက်ကျန်နေလေရဲ့။ ဇနီးသည်ကို သိပုံရတယ်။ သူပြုစုတာကို ခံယူတယ်။ နောက်မမေ့တာတစ်ခုက ဂျာမန်စကားနဲ့စာ။ ဟစ်တလာတို့ ဂျာမန်တွေ ကမ္ဘာကို စိုးမိုးဖို့ ကြံစည်တာ ဘာဆန်းသလဲ။ မှတ်ဥာဏ်ချို့ယွင်းပျက်ကွက်နေတဲ့ အရှေ့တိုင်း သားတစ်ဦးကိုတောင် ဂျာမန်စာနဲ့စကား မမေ့သေးအောင် ရိုက်သွင်းလိုက်နိုင်တဲ့ အစွမ်းက "ဟိုင်း ဟစ်တလာ" လို့ အလေးပြုချင်စရာ ကိုရွှေဂျာမန်တို့ရေ။

(၅)

ခွေးရူးရောဂါအကြောင်းပြောရင် သမိုင်းထဲက သီပေါခေတ် အဓိကရပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ လှေသင်းအတွင်းဝန် မင်းအကြောင်း က မပါမဖြစ် ပါရပေါ့။ သီပေါဘုရင် ပါတော်မူအပြီးမှာ လှေသင်းအတွင်း ၀န်မင်း ဦးရွှေမောင် ဟာ နေပြည်တော်မှာ အေးချမ်းငြိမ်သက်စွာ နေထိုင်ခဲ့ပါတယ်။ အင်္ဂလိပ်အစိုးရပေးတဲ့ ဘာရာထူးရာခံမှ လက်မခံ ခဲ့ပါဘူး။ မိမိဇာတိချက်ကြွေ ၀ါးချက်ရွာ (စစ်ကိုင်းမြို့နယ်)မှာ ဘုရားကျောင်းကန် အဟောင်းတွေ ပြုပြင် တာ၊ စေတီပုထိုး အသစ် လှူဒါန်းတာတွေနဲ့ပဲ ဘ၀ကို အေးချမ်းစွာ ဖြတ်သန်းခဲ့ပါတယ်။ ၀ါးချက်ရွာ ရောက်တိုင်း " မင်းကျောင်းဆရာတော် " ကို သွားရောက်ဖူးမြှော်လေ့ရှိတယ်။
တစ်နေ့မှာ ဆရာတော်ကြီးက အတွင်းဝန်မင်းရဲ့ ဇာတာကိုယူပြီး တွက်ကြည့်သတဲ့။ တွက်ကြည့်ရင်း အမှတ်မထင် စုတ်တစ်ချက်သပ်လိုက်ပြီး ဆရာတော်က " ဒီဘ၀မှာ သူတစ်ပါးဓားလှံလက်နက် အမြောက် သေနတ် နဲ့ မသေနိုင်သော်လည်း အဆိပ်ရှိသတ္တ၀ါတစ်ကောင်ကိုက်၍ သေတတ်တယ်" လို့ ဟော လိုက်သတဲ့။ " အကောင်းပကတိကနေပြီး ရူးသွပ်သွားတတ်သည်။ အကောင်ကြီးကြီးကို သတိထားရ မည်" လို့ ဆက်လက် မိန့်မှာသတဲ့။

လှေသင်းအတွင်းဝန်ဆိုတာ ရေတပ်ဗိုလ်ချုပ်ပေကပဲ။ သိလိုက်ပြီ။ ဒါ ခွေးရူးပဲ ဖြစ်ရမယ်။ ဒါနဲ့ တက်သေး အင်းချောင်းကြီး အနောက်ဘက်ကမ်း မိမိပိုင်တဲ့ (၁၅)ဧကရှိ ဥယျာဉ်ခြံကြီး ထဲ ရေမြောင်းဖောက် လုပ်ပြီး ရေမပြတ်မလပ်အောင် စီမ့ထားရှိသတဲ့။ အဲဒီရေထဲ မှာ အလွယ်တကူ သွားလာလှုပ်ရှားနိုင်တဲ့ ကျယ်ဝန်း ခမ်းနားလှ တဲ့ "ခတ်ချိုဘောင်" ခေါ်တဲ့ ဘောင်အိမ်ကြီးတစ်ခု ဆောက်လုပ်စေသတဲ့။ အဲဒီအိမ်ကြီးပေါ်မှာပဲ သားမယားနဲ့ တကွ ပစ္စည်းတွေ သယ်ယူထားပြီး အေးချမ်းစွာ နေသတဲ့။
ဧည့်သည်တွေ လာချင်ရင် လှေဆယ်ရီရှိတယ်။ ဘောင်အိမ်ကနေ ကမ်းပါးအထိ ပေ (၁၀၀)လောက်ရှိသတဲ့။ အဘယ် မည်သော ခွေးတစ်ကောင်၊ ကြောင်တစ်မြီး ဤအိမ်ကြီးကို ချဉ်းကပ်နိုင် ပေချိမ့်။ စွမ်းရင် ပေ (၁၀၀) လက်ပစ်၊ ခြေပစ်ကူးလာခဲ့လော့။

၁၂၇၃ ၀ါခေါင်လဆုတ် (၁၂)ရက် တနင်္ဂနွေနေ့ မနက်စောစော (၂)နာရီ အချိန်လောက် မှာ ခွေးရူး တစ်ကောင် ရေကူး လာပြီး ဘောင်အိမ်ကြီးပေါ် တက်လာသတဲ့။ အိပ်ပျော်နေတဲ့ အစောင့် (၄)ဦး ကို ကျော်ဖြတ်ပြီး အိမ်ထဲကို ကျူးကျော်ချင်းနင်းဝင်ရောက်ခဲ့။ နံနက် ဆွမ်းချက်ဖို့ထလာတဲ့ အိမ်စေမိန်းမတစ်ဦး ကို အတင်းဝင်ဆွဲ ၀င်ခဲတော့တာ။ လှေသင်းအတွင်းဝန်မင်း နိုးလာပြီး အိမ်အပြင် အမှတ်တမဲ့ ထွက်မိရာ က ခွေးနဲ့ပက်ပင်းတိုးရလေ။ ခွေးက အပြေးဝင်လာပြီး ၀န်မင်းရဲ့ခြေသလုံးကို ခဲ၊ ရေထဲ ခုန်ချပျောက်ကွယ် သွားခဲ့။
ဒဏ်ရာကို မြန်မာဆေး၊ အင်္ဂလိပ်ဆေးတွေနဲ့ ကုသလိုက်တာ အနာက ပျောက်ကင်းသလိုရှိတော့ ၀န်မင်း လည်း အမှုမဲ့ သွားလာ လှုပ်ရှားနေမိသတဲ့။ မဟာမြတ်မုနိဘုရားရဲ့ ဘုရားလူကြီးတစ်ဦးလည်းဖြစ်လေတော့ ၀န်မင်းဟာ ဘုရားကြီး ပွဲတော်ကျင်းပရေး ပြင်ဆင်မှုလုပ်ငန်းတွေနဲ့ နစ်မြုပ်နေပြန်ရောတဲ့။ ပွဲတော်ကျင်းပချိန် သီတင်းကျွတ်လဆန်း (၆)ရက်နေ့ ည (၉း၀၀)နာရီအချိန်မှာ ခွေးရူးကိုက်ဒဏ်ရာက ရုတ်တရက် ကိုက်ခဲနာ ကျင်လာတဲ့ အပြင် ပါးစပ်က သွားရည်တဖွားဖွားကျလာပြီး ရေကို လုံးဝကြည့်လို့မရနိုင်တော့တဲ့အထိ ၀န်မင်း ခမျာ ဖြစ်သွားရသတဲ့။ ခွေးကိုက်ပြီး (၃၉)ရက်အကြာ။

ဒါနဲ့ ဒေးဝန်းရပ်မှာရှိတဲ့ နေအိမ်ကို ရွှေ့ပြောင်းနေထိုင်ပြီး သုံးရက်အကြာ သီတင်းကျွတ်လဆန်း (၉)ရက်နေ့ အသက်(၆၈)နှစ် အရွယ်မှာ ကွယ်လွန်အနိစ္စရောက်ခဲ့ရရှာတယ်။ ဒါလောက်တောင် ဥာဏ်ကြီးကြီးနဲ့ အကွက် ကျကျကြိုတင်စီမံခဲ့တတောင် ကံကြမ္မာဆိုးက အားကြီးကြီးနဲ့ ၀င်ဆောင့်ခဲ့လေတော့ ...။

(၆)

ဆေးကျမ်းတချို့အဆိုအရ ခွေးကို ဘာမှသွားမစဘဲ၊ မျက်စိနောက်အောင် မလုပ်ဘဲ ကိုယ့်ကိုအကြောင်းမဲ့ ကိုက်ရင် အဲဒီခွေးက သင်္ကာမကင်းစရာလို့ ယူဆရသတဲ့။ ခွေးရူးဖြစ်နိုင်၏ပေါ့ဗျာ။ သူ့ကို သွားစလို့၊ မျက်စိ နောက်အောင် လုပ်လို့ ကိုယ့်ကိုကိုက်ရင်တော့ ခွေးက ခွေးကောင်းဖြစ်ဖို့ များ၏ပေါ့။ (ဒါဆိုရင် သွားစတဲ့ လူက လူရူးပေါ့နော်။) ဒါကို ဒီခေတ်ခွေးရူးပါရဂူတွေက လက်မခံတော့ဘူး။ ခွေးက သူ့ကို လူတွေတမင်စတာလား၊ မျက်စိနောက်အောင် တမင်လုပ်တာလား ခွဲခွဲခြမ်းခြမ်းသိဖို့ မလွယ်လှပါတဲ့။ လူက လူ့ဘာသာသူ အေးအေးဆေးဆေး သွားလာလှုပ်ရှားနေတာကိုပင်လျှင် ခွေးက အထအနကောက်ပြီး ထကိုက်ချင်ကိုက်နိုင်သတဲ့။ ဒါကြောင့် ဒီအချက်ကိုတည်ပြီး ခွေးရူး၊ မရူး ဆုံးဖြတ်လို့ မရစကောင်းပါတဲ့။

လောကီထုပ္ပတ် လူတို့ဇာတ်မှာလည်း မိမိဘာသာ အေးအေးချမ်းချမ်းနေတာတောင် အခြောက်တိုက် လာ ကိုက်တတ်တဲ့ ၀င်ဆွဲတတ်တဲ့ ၀င်ခဲတတ်တဲ့ ခွေးလူတွေရှိနေတာ ခင်ဗျားတို့လည်း ကြုံဖူးမှာပေါ့နော်။ ဒီလို ခွေးစင်စစ်က ရူးသွားတဲ့ ခွေးရူးတွေရဲ့ ရန်ကရော လူစင်စစ်က ခွေးလိုရူးသွားတဲ့ လူရူးတွေရဲ့ရန်ကပါ ကင်းဝေးအောင် ဘယ်လိုလုပ်ရပါ့။ ခွေးရူးပြန် ကာကွယ်ဆေး ကြိုထိုးထားရင် ... ကိုက်ပြီးကာမှ ကာကွယ် ဆေး အချိန်မီထိုးခဲ့ရင်။ ဒါ့ထက်ကောင်းတဲ့ နည်းလမ်းကော မရှိတော့ချေပြီလား။ ဒီမှာ ဆရာကြီးတစ်ဦးကို သတိရလိုက်မိ။ သူကတော့ သေသည်အထိ ခွေးတွေကို ချစ်သွားခဲ့တဲ့ဆရာကြီး။ ခွဲစိတ်ပါမောက္ခတစ်ဦး။
ဆရာကြီးက ခွေးတွေကိုချစ်ရာမှာ အတန်းအစားမခွဲဘဲ ချစ်တာ။ ချစ်စရာခွေးစုတ်ဖွားလေးကနေ ဟို အယ်(လ်) ဆေးရှင်းခွေး ထွားထွားကြိးအထိ။ လမ်းပေါ်က ခွေးလေခွေးလွင့်ပါမကန် သူ့မေတ္တာက ဖြန့် ကြက်နေတာ။ လမ်းပေါ်တွေတဲ့ ခွေးပိုင်ရှင်မဲ့ဆိုရင် သူ့ကားပေါ် ကောက်တင်ခေါ်သွားပြီး အိမ်မှာ ကျကျ နန မွေးတာ။

တစ်ခါက တပည့်တစ်ယောက် ဆရာ့ကို သွားကန်တော့တယ်။ ဒီမှာတင် ဆရာကြီးက ချင်းချင်းပဲ ကန်တော့ ပစ္စည်းတွေ ထဲက မုန့်ပုံးကြီးတစ်ပုံး ကောက်ယူပြီး ဖွင့်ဖောက်လိုက်။ မုန့်တွေနှိုက်ယူလိုက်ပြီး သကာလ တပည့်ရှေ့ မှာပဲ သူ့သားသမီး ပုစုခရုတွေကို ချကျွေးတော့တာ။ တပည့်မှာ ထိုင်ရက်သား တံတွေးပဲ မျိုမျိုချနေ ရတာ။ ဆရာကြီး နောက်တမြို့ ကနေ တမြို့ ပြောင်းရင် ခွေးတွေ က ကားတစ်စီး နှစ်စီး တိုက်စာ။ ဆရာကြီးနဲ့ အတူ နယ်တွေရွာတွေ လှည့်လည် ဆေးကုဖူးတဲ့ ဆရာတစ်ဦးပြောတာ သတိရမိတယ်။
" ဆရာကြီး က ထူးခြားတယ်ဗျာ။ ရွာတွေမှာ လူစိမ်းဝင်ရင် ခွေးတွေဆီးဟောင်တာ ထုံးစံလိုပဲဗျာ။ ဒါပေမဲ့ ဆရာကြီး ပါလာလို့ ကတော့ ဘယ်တော့မှ ခွေးဟောင်တာ မခံရဘူးဗျ။ ဘယ်တော့မှလည်း ခွေးဆွဲခံရတယ် မရှိဘူး" လို့ ပြော ဖူးတယ်။ သူကပဲဆက်ပြီး -
" ဆရာကြီး က ခွေးတွေနဲ့ အနေကြာတော့ ဆရာကြီးကိုယ်နှိုက်က ခွေးနံ့ကလေးသင်းနေသလား မသိဘူး"

လို့ နောက်တောက်တောက် ပြောသေးသဗျ။ တကယ်တော့ အပိုင်းအခြားမရှိတဲ့ အတိုင်းအဆမရှိတဲ့၊ အတုံ့ အလှည့် မမျှော်လင့်တဲ့ မေတ္တာတရားရဲ့ သက်သေ။ ဆရာကြီး ကွယ်လွန်တော့ ခွေးတွေအားလုံး လက်ပေါ်မေး တင်ပြီး အားလုံးငြိမ်သက် တိတ်ဆိတ်လို့သွားသတဲ့။
ခွေးရူး လူရူးတွေအလယ်မှာ အလုံးစုံသော ငြိမ်သက်ခြင်း၊ အလုံးစုံသော အေးချမ်းခြင်း၊ အလုံးစုံသော သိမ်မွေ့ခြင်း။ ထို ပြီးပြည့်စုံလှသော အလင်းအောက်မှာ ကျွန်တော်တို့တစ်တွေ ...

စာညွှန်း - မြကေတု။ နန်းမူနန်းရာ မြကေတုစာပေါင်းချုပ်၊
             (ပထမနှိပ်ခြင်း၊ နိုဝင်ဘာလ၊ ၁၉၈)
ရွက်နုဝေ၊ ဇန်န၀ါရီလ၊ ၂၀၀၈
 
.

No comments: