Saturday, October 20, 2012

တင်မောင်မြင့် ဘာသာပြန် မုန်တိုင်းထန်ကမ်းခြေ အပိုင်း (၁)

ပီယာဘိုဒီ
စန်ကာလို


အခန်းထဲကို ၀င်ဝင်ချင်း ရန်လိုမုန်းတီးမှု အငွေ့အသက်ကို သိသိသာသာ ခံစားလိုက်ရ၏။ ကြက်သီးမွေးညင်း များပင် ထသွားသည် ထင်၏။ သို့သော် ကျွန်တော့်အတွက် မဆန်းတော့ပါပြီ။
အခန်းနှင့် မမျှသည့် ဧရာမ မီးပန်းဆိုင်းကြီး နှစ်ခု၏ အလင်းရောင်ဖြင့် တစ်ခန်းလုံး ထိန်ထိန်ညီး နေ၏။ စိန်ရောင်၊ မြရောင်၊ ရွှေရောင် တောက်နေသည့် မင်းပရိသတ်။ အမျိုးသားများက မိမိ နိုင်ငံတော် အမျိုးသား ၀တ်စုံဖြင့်။ ဂုဏ်ထူးဆောင် တံဆိပ်တွေ ရင်ဘတ်တွင် ကိုယ်စီ တပ်ဆင် လျက်။ အမျိုးသမီးများက ၀တ်ရုံရှည် များဖြင့်။ စိန်ရောင် တလက်လက်၊ ရေမွှေးနံ့ တသင်းသင်း။
ဆေးလိပ်နံ့၊ ရေမွှေးနံ့နှင့် ချွေးနံ့များ ရောထွေးပျံ့လွင့်နေသည်။ ပြီးတော့ သည်ပတ်ဝန်းကျင်တွင် အမြဲတမ်း လွှမ်းမိုးနေ သည့် ရမ္မက်ခိုးငွေ့များနှင့် မနာလို ၀န်တိုမှုများ။ သံတမန် ဧည့်ခံပွဲပီပီ ရန်လို မုန်းတီးမှုကမူ ထိပ်ဆုံး မှ နေရာယူထားလေသည်။

ဗင်နီဇွဲလား သံအမတ်ကြီးက ကျွန်တော့်ကို ဆီးကြိုသည်။ ပုကွကွ သူ့ခန္ဓာိုယ်ကြီးကို အနီရောင် စလွယ်သိုင်းကြီးနှင့် ကန့်လန့်ဖြတ် သိုင်းထား၏။ လက်ကို ဆန့်တန်းပြီင်္း သွားဖြဲကာ ကျွန်တော့် ဆီ လျှောက်လာ သည်။
"ခုလို နေ့ထူးနေ့မြတ် အထိမ်းအမှတ်ပွဲကို တက်ရောက်ခွင့်ရတာ ကျေးဇူးတင်ပါတယ် သံ အမတ်ကြီး၊ နောက်ကျသွား တဲ့ အတွက် ခွင့်လွှတ်နော်၊ အလုပ်က ... အဲ ... သိတဲ့အတိုင်းပဲဗျာ"
သူက အားရပါးရ ခေါင်းညိတ်ပြီး ...
"ကိစ္စ မရှိပါဘူး ... ခင်ဗျာ၊ သံအမတ်ကြိးရဲ့ ရုံးအဖွဲ့သားတွေကိုတော့ ကျွန်တော် ကောင်းကောင်း ဧည့်ခံထား ပါတယ်ဗျာ"
ကျွန်တော် မအံ့သြပါ။ ကျွန်တော့် အဖွဲ့သားတွေအကြောင်း ကျွန်တော်သိပါသည်။ ဘယ်သံရုံး ၀န်ထမ်းများနှင့် လားလား မှ မတူကြပါ။ ရှမ်ပိန်သာ အလကား သောက်ရမည်ဆိုလျှင် ဘယ်လောက်ဝေးဝေး၊ ပုလင်းကွဲတွေ ခင်း ထားသည့် လမ်း ဖြစ်ပါစေ ဖိနပ်မပါဘဲ လျှောက်သွားမည့် လူစားတွေ။

အခန်းထဲ သို့ မသိမသာဝေ့ကြည့်လိုက်သည်။ ဒင်ဘိုးမင်းလင်မယားနှင့် အာနိုးတက်စလာကို လှမ်း မြင်ရသည်။ မာတင် က အာဂျင်တီးနား စစ်သံမှူးနှင့် စကားကောင်းနေ၏။
ဘိုးမင်း ၏လက်တစ်ဖက်တွင် ရှမ်ပိန်ခွက်နှင့် ဆေးပြင်းလိပ် သေးသေးလေး ကိုင်လျက်။ အခြားတစ် ဖက်တွင် ဆယ်လမွန်ငါး အသားညှပ် ပေါင်မုန့်ပန်းကန်။ စားသောက်ခြင်းနှင့် စကားပြောခြင်းကို တစ်ပြိုင်တည်း လုပ်တတ် သူ။

ယမကာငွေလင်ပန်းကို ထမ်းလျက် စားပွဲထိုးတစ်ယောက် ကျွန်တော့်အနား ရောက်လာသည်။ တစ်ခွက် လှမ်းယူ လိုက်၏။ သံအမတ်ကြီးက ...
"ကျွန်တော်တို့ အားလုံး စောင့်နေကြပါတယ်၊ ကြွပါ ... ခင်ဗျား"
"ဟုတ်ကဲ့"
ကျွန်တော် အခန်းထဲ လှမ်းဝင်သွားတော့ အားလုံး ငြိမ်ကျသွားသည်။ ကျွန်တော့်ကို အားလုံးဝိုင်းပြီး အာရုံ စိုက်နေကြခြင်း ပါလား။ အချို့က မလိုတမာ ကြည့်ကြ၏။ ကျွန်တော့်ကို မိန့်ခွန်းပြောဖို့ သူတို့ မျှော်လင့်ထား လျှင်တော့ ပါစင်အောင် လွဲကြပါလိမ့်မည်။ ကျွန်တော်က ဖန်ခွက်ကိုမြှောက်လိုက် သည်။ ဗင်နီဇွဲလား သံအမတ်ကြီး က သူ့ဖန်ခွက်ကို လက်တစ်ဆုံးမြှောက်သည်။ သူ့ပုံက ရယ်စရာ ကြီးဖြစ်နေ၏။ သူ့ ဘက်လှည့် ခေါင်း ညိတ်ပြပြီး ...
"သံအမတ်ကြီး ... ခင်ဗျား" ဟု ပြောရင်း တစ်ဆက်တည်းတွင် အခန်းထောင့်မှ လူသေကောင်နှင့် တူသည့် သဏ္ဍာန်တစ်ခု ဆီသို့ ဦးတည်ပြီး ...
"နိုင်ငံခြားရေး ၀န်ကြီး ... ခင်ဗျား၊ ကြွရောက်လာကြတဲ့ မင်းပရိသတ်များ ခင်ဗျား၊ ခုလို နေ့ထူး နေ့မြတ်ဖြစ်တဲ့ ဗင်နီ ဇွဲလား အမျိုးသားနေ့မှာ ဗင်နီဇွဲလား သမ္မတကြီး လူစင်ချီအတွက် ကျွန်တော် ဆုတောင်း ပတ္ထနာ ပြု လိုက်ပါတယ်"

အားလုံး ဖန်ခွက်မြှောက်ပြီး ကျွန်တော့် သံယောင်လိုက်ကာ ဆုတောင်းလိုက်ကြသည်။ အလွန် မုန်းသည့် ရှမ်ပိန်ကို ကျွန်တော် ကြိတ်မှိတ် မျိုချလိုက်ရ၏။
ကိုလံဘီယာ သံအမတ်ကြီး ကျွန်တော့်ဆီ လျှောက်လာသည်။ သူက နှစ်ခုတွင် နာမည်ကြီးသူ။ အာပုပ်စော် နံခြင်းနှင့် အသိဥာဏ် ထုံထိုင်းခြင်း ဖြစ်၏။ မတ်တတ်ပြတင်းပေါက်ကြီးများ ရှိရာသို့ ကျွန်တော် ရှောင်ထွက် သွား သည်။ လူတွေက ကျွန်တော့်အတွက် လမ်းဖယ်ပေးကြသည်။ ကျွန်တော့်ကိုယ်တွင် ပုလိပ်ရောဂါတွေ ကပ်ပါ လာသည့် အလား။

ဧရာမ ဆင်ဝင်ကြီးအောက်တွင် ကျွန်တော် ရပ်နေလိုက်သည်။ လေအေးကလေး တဖြူးဖြူးနှင့်။ စံပယ်နံ့၊ ခတ္တာနံ့ သင်းပျံ့ပျံ့ မွှေးမြနေ ၏။ သစ်ပင်တို့တွင် မကောင်းသော အနံ့အသက် မရှိကြပေ။ အဲ ... သည်လိုတော့လည်း မဟုတ်သေး ဘူး ထင်ပါရဲ့။ မလေးရှားတွင် သူတို့စားသည့် အသီးတစ်မျိုး ရှိသည်။ ဘာတဲ့ ... ဒူးရင်းသီး။ ဒါပေမယ့် ဒူးရင်းသီး က စကားမပြောတတ်လို့ ခံသာ ပါသေး၏။
သည် သံအမတ်ကြီး၏ ဂေဟာတွင် ကျွန်တော် ကြိုက်တာဆို၍ ပန်းခြံတစ်ခုသာ ရှိသည်။ ပန်းမျိုးစုံ ပွင့်သည့် ပန်းခြံထဲ တွင် လူသွားလမ်းများကို ကျောက်ဖြူသား ခင်းထားသည်။
အုတ်နံရံ အမြင့်ကြီးများပေါ်သို့ မားမားမတ်မတ် ထိုးထွက်နေသည့် တောင်ထိန်းပင်များနှင့် ပနံရလှ သည်။ မီးမောင်းကြီးများ ထိုးထားသဖြင့် ပန်းခြံရှုခင်းကို လင်းလင်းကျင်းကျင်း မြင်နေရ၏။ တစ်နေရာတွင် အစောင့်စစ်သား တစ်ယောက် စက်သေနတ်ကို လွယ်လျက် ရပ်နေ၏။ စန်ကာလို နိုင်ငံကလေး၏ သရုပ် သကန် ဖြစ် ပါသည်။ အလှအပနှင့် ရက်စက်ကြမ်းကြုတ်မှု ရောထွေးနေသည့် နိုင်ငံ။
ကျွန်တော့် နောက်ဘက် မှ တီးတိုးစကားသံများ ကြားလိုက်သည်။ ပြီးတော့ ဗြိတိသျှ သံအမတ်ကြီး ၏ ရယ်သံ။ သူ့ဟာသ ကို သူ့ဘာသာသူ ပြန်ရယ်တတ်သူ။

"သံအမတ်ကြီးက ၀ီစကီကြိုက်တတ်မှန်း ကျွန်တော် ခုမှ သိရလို့ပါ"
လှည့်ကြည့် လိုက်တော့ အိမ်ရှင်သံအမတ်ကြီး။ လက်ထဲတွင် ၀ီစကီခွက် ကိုင်လျက်။ ကျွန်တော် ခွက်ချင်း လဲလိုက်သည်။
"ကျွန်တော် အနှောင့်အယှက် ပေးသလိုများ ဖြစ်သွားသလား မသိဘူး"
"မဖြစ်ပါဘူး ... ခင်ဗျာ၊ ကျွန်တော်လဲ နားငြီးလို့ အပြင် ထွက်လာတာပါ"
သူက လျှို့ဝှက်ဆန်းကြယ် အပြုံးမျိုး ပြုံးပြီး ...
"ကျွန်တော် တို့ ကိုလံဘီယာအုပ်စုကို ဆိုလိုတာလား သံအမတ်ကြီး၊ စိတ်ပျက်စရာ ကောင်းတာ တော့ အမှန် ပဲဗျို့"
သူက ပြဇာတ်ဆန်ဆန် သက်ပြင်းချပြီး ...
"ဒါပေမယ့် ကျွန်တော်တို့ နှစ်ယောက်စလုံး သံရေးတမန်ရေးမှာ အံတိုနေကြပြီပဲ၊ အလိုအထိုက် လုပ်ကြတာပေါ့ ခင်ဗျာ"

သူက ကျွန်တော့် တုံ့ပြန်မှုကို စောင့်နေဟန် တူသည်။ ကျွန်တော်က အသေးအဖွဲ ကိစ္စတွေ ပြော ချင်စိတ် မရှိသည်နှင့် ခပ်မဆိတ် နေလိုက်၏။ သူ မြန်မြန် ပြန်ထွက်သွားစေချင်ပြီ။ စိတ်ပျက် စရာ ကောင်းလိုက် သည့်ဖြစ်ခြင်း။ သူ က ပြန်လှည့် မသွားဘဲ ...
"ကျွန်တော် သံအမတ်ကြီးနဲ့ စကားနည်းနည်း ပြောချင်လို့ပါ၊ ဒီညနေကြားရတဲ့ ကောလဟလက သိပ်မနိပ်ဘူး ခင်ဗျာ"
"ဟုတ်လား"
သံအမတ်ကြီး က သံရုံးမိသားစုတွေနဲ့ သိပ်အရေးမကြီးတဲ့ ၀န်ထမ်းတွေ ပြန်ပို့ဖို့ စဉ်းစားနေတယ် ဆို"
ကျွန်တော် ထောင်းခနဲ ဖြစ်သွားသည်။ ကျွန်တော့်လူတွေ သောက်သုံးမကျပုံကတော့ ကမ်းကုန် အောင်ပင်။ သူတို့ ပါးစပ်တွေ ကို ဘယ်လို ပိတ်ရပါ့မလဲ။ ကျွန်တော် ဒေါပွ သွားမှန်း သူရိပ်မိသွား သည်။ တောင်းပန် သည့်လေသံဖြင့် ...
"ဒီလိုပါပဲဗျာ၊ ခင်ဗျားတို့ ကျွန်တော်တို့တွေဟာ တစ်လှေတည်းစီးတွေပါ၊ ကျွန်တော့်ဆီမှာလဲ အတူတူပါပဲ"

သူပြောသည်မှာ မှန်ပါသည်။ နေ့လယ်ကမှ ရုံးတွင်း လျှို့ဝှက်အစည်းအဝေး လုပ်သည်။ ညနေပိုင်း တွင် သံရုံးတကာ ကို သတင်းပျံ့နေပြိ။ စန်ကာလို အစိုးရအဖွဲ့သို့လည်း ရောက်နေလောက်ပြီ။ မိန်းမတွေ။ လျှာအရိုး မရှိတဲ့ မိန်းမတွေဆီက ထွက်ခြင်း ဖြစ်၏။ အိမ်က မိန်းမကို ရုံးကကိစ္စ ပြန်ပြော သည့် သောက်ကျင့် ဘာဖြစ်လို့ သူတို့ တွင် ပါနေသည် မသိ။ ကောင်းကင်တွင် စာရေးပြခြင်းလို ဖြစ်မည်ကို သင်းတို့ မသိကြ။
သူ့ကို ရိုင်းရာ မကျအောင် ကျွန်တော် အေးစက်စက် ပြန်ပြောလိုက်သည်။
"ကျွန်တော် ဒီကို အမေရိကန် သံအမတ်အဖြစ်နဲ့ ရောက်လာတာ တစ်ပတ်ပဲ ရှိသေးတယ်ဆိုတာ တဆိတ် မမေ့ကြဖို့ပါပဲ၊ ကျွန်တော့် အထက်တန်း သံအရာရှိတွေနဲ့ အစည်းအဝေး လုပ်ပါတယ်။ စစ်သံမှူးနဲ့ လုံခြုံရေး တာဝန်ခံ လဲ ပါပါတယ်။ အခြေအနေအားလုံးကို သုံးသပ်ပြီး ဘာလုပ်သင့် တယ်ဆိုတာ ဆုံးဖြတ်ရမှာပါ၊ သံအမတ်ကြီး ပြော သလို ပြန်ပို့ဖို့ကိစ္စ ကျွန်တော် ဘာမှ မဆုံးဖြတ်ရ သေးပါဘူး၊ ဒါကြောင့် အဲဒီ သတင်း ဟာ ကောလာဟလ သက်သက်ပါ"
"ကျွန်တော် သဘောပေါက်ပါတယ်၊ သံတမန်စကားမျိုး မဟုတ်ဘဲ တဲ့တိုး ကျွန်တော် ပြောပါရစေ လား"

"ဟုတ်ကဲ့၊ ပြောပါ"
ခန်းမကြီးထဲ မှ ရယ်သံတွေ အပြင်သို့ လျှံထွက်လာသည်။
သူက ကျွန်တော့်လက်မောင်းကို ဆွဲပြီး ...
"ကျွန်တော် တို့ ပန်းခြံထဲ လျှောက်ကြရအောင်လား"
သူက ကျွန်တော့်ကို လှေကားထစ်များအတိုင်း တွဲဆင်းသွားသည်။ ကျွန်တော့်အသားကို လာထိ လျှင် ကျွန်တော် မကြိုက်တတ်။ ထို့ကြောင့် လက်မောင်းကို သူ့လက်ထဲမှ ပြန်ရုပ်လိုက်သည်။ သိပ်ညင်ညင် သာသာတော့ မဟုတ်။ ပြီးတော့ ယှဉ်လျက် လျှောက်သွားသည်။
သူ စကားစ၏။

"ခင်ဗျားဟာ အတွေ့အကြုံများပြီး ဗဟုသုတ ကြွယ်ဝတဲ့ လူတစ်ယောက်လို့ ကျွန်တော် နားလည် ထားတယ် ဆီညော် ပီယာဘိုဒီ၊ ခင်ဗျား စပိန်စကား ပြောပုံကလဲ စပိန်ဘာသာ ပျက်စီးနေတဲ့ ကျွန်တော်တို့ နိုင်ငံသား တစ်ယောက် အနေနဲ့ အားကျစရာပါပဲ၊ ခင်ဗျားလိုလူဟာ အမေရိကန်ထဲမှာ တော်တော်ရှားပါတယ်"
"ခင်ဗျား သံတမန်စကား မပြောဘူးဆို"
အလင်းရောင်မှိန်မှိန်တွင် သူပြုံးသည်။
"ဟုတ်ပါတယ်၊ ဒါပေမယ့် ကျွန်တော်ပြောတာ ရင်ထဲ ရှိတဲ့အတိုင်း ပြောတာပါ၊ ကဲ ... ကျွန်တော် လိုရင်းပြောမယ်၊ နိုင်ငံခြားရေးဌာန လုပ်သက်နဲ့ အရည်အချင်းကြောင့် ခင်ဗျား သံအမတ်ရာထူးနဲ့ ထွက်ရတာ ဒါ ပထမဆုံး ထင်တယ်"
"မှန်ပါတယ်"
"ကျွန်တော် သံအမတ်လုပ်သက် အနှစ်နှစ်ဆယ်ကျော်ပြီ၊ အင်း ... ဒီလို ဇနပုဒ်တိုင်းပြည် အစုတ် ပလုတ်မှာ လာပြီး သောင်တင်နေတာ ကတော့ တစ်ပိုင်းပေါ့ဗျာ"
သူ ကျွန်တော့်ကို ငဲ့ကြည့်သည်။ ကျွန်တော့်ဆီက သနားကြင်နာမှုကို ရလိုရငြား မျှော်လင့်နေသ လားမသိ။ ဘာမှ မရ မှန်း သိသွားပုံရသည်။ သူ စကားဆက်၏။

"ဝါရင့် သံတမန်တစ်ယောက် အနေနဲ့ လူသစ်တွေကို အကြံပေးဖို့ လိုတယ်လို့ ကိုယ့်စရိတ် ကိုယ်စားပြီး ယုံကြည် တယ်ဗျ"
ကျွန်တော်ကမတောင်းခံ ဘဲ ခင်ဗျားအကြံပေးမယ်ပေါ့ ဒီလိုလဲမဟုတ်သေးဘူးဆီညော်၊ ကျွန်တော်ထောက်ပြ မှာက ခင်ဗျား သံရုံးအမှုထမ်းတွေ၊ မိသားစုတွေပြန်ပို့ရင်ဖြစ်လာမယ့် အကျိုးသက်ရောက်မှုကိုကြည့်ဖို့ ကျွန်တော်ပြော တာ။ ကျွန်တော်ပြောပြီးပဲ၊ မဆုံးဖြတ်ရသေးပါ ဘူးလို့ ကျွန်တော်သံပြတ်ဖြင့် ပြောလိုက်သည်။ မှန်ပါတယ် ဆီညော်၊ ကျွန်တော်ပြောမယ့် ကိစ္စကို နားထောင်ပါဦး အဲဒီလိုလုပ်လိုက်ခြင်းအားဖြင့် သက်ရောက် လာမယ့် ဖြစ်နိုင်ခြေတွေကို ကြည့်ရအောင်၊ သုံးခုဖြစ်လာနိုင်တယ်၊ တစ်၊ တခြားသံရုံးတွေကိုပါ ကူးစက် သွားနိုင်တယ်၊ အထူးသဖြင့် ခင်ဗျားတို့ အစိုးရက စန်ကာလိုကို အကူအညီတွေ ပေးနေချိန်မှာ။

သူခဏရပ်သွားပြီးမှ အဲကျွန်တော်သိပြီ၊ ခင်ဗျား မီးရှူးမီးပန်း လွှတ်မလို့ား ဆီညော် ဒီမှာ အန္တရာယ်သိပ်များတဲ့ အခြေအနေ ကိုပြပြီး အကူအညီတောင်းရအောင် ခင်ဗျားတို့ လွှတ်တော်အမတ်တွေကို စည်းရုံးမလို့လား။
သေတော့မှာ ပဲ တော်တော်ရှုပ်သည့််ုငနဲပါလား။ သူ ကျွန်တော့်ကို အကဲခတ်ရင်း စိုက်ကြည့်နေသည်။ သူ ဘာစိုးရိပ်နေသည်ကို ကျွန်တော်သိပြီ။ ကျွန်တော်သံရုံးသူ သံရုံးသား တွေ ပြန်ပို့ဖို့အမိန့်ပေးလိုက်လျှင် အီတလီ သံအမတ် ကလည်း လိုက်လုပ်မည်။ ပထမစစ် သံမှုးပါသွားလျှင် သူနှင့်တွဲနေသည့် စစ်သံမှုးကတော် ရောမသို့ ပါ သွားမည်။ ဒါကို သူတွေး ပူနေခြင်းဖြစ်၏။
ကျွန်တော်အဲဒီလို လုပ်ဖြစ်ရင်လဲ အဲဒါကြောင့် မဟုတ်ပါဘူး ကျွန်တော့်လူတွေရဲ့ အသက်အန္တရာယ်ကြောင့် လုပ်တာဖြစ် မှာပါ သူစိတ်ပျက်သွားပုံရ၏။ စကားဆက်သည်။ ဒုတိယအချက်ကတော့ တိုင်းသူပြည်သားတွေ စိတ်ဓာတ် ပျက်ပြားအောင် လုပ်သလိုဖြစ်မယ်၊ အစိုးရဝန်ထမ်းတွေလဲ ကျီးလန့်စာစား ဖြစ်ကုန်မယ်၊ တိုင်းပြည်ရဲ့ စီးပွား ကုန်သွယ်ရေးကိုပါ ထိခိုက်လာနိုင်တယ်။ သုံးအဲဒီလို လုပ်လိုက်ခြင်းအားဖြင့် သူပုန်တွေ အားတက် လာနိုင် တယ်။

လမ်းချိုးတစ်ခုရောက်တော့ လက်နက်ကိုင်အစောင့်တစ်ယောက်က အလေးပြုသည်။ ဆက်လျှောက်ရင်း သူပြော သည်။
အဓိကပြောချင်တာကတော့ တခြားဘယ်သံအမတ်မှ ဒီကိစ္စကို ဒါလောက်အလေးအ နက်မထားကြဘူး၊ ဗိုလ်ချုပ်ဗားဂတ်စ် ဟာ သူပုန်တွေကို ကောင်းကောင်းနှိပ်နင်းနိုင်တဲ့ အခြေအနေမှာရှိတယ်၊ ဒါကလဲ အမေရိကန် အကူအညီကြောင့်ပဲလေ။
နေ့ရောညပါ စစ်တပ်ကို အသင့််အနေအထားနဲ့ချထားရတဲ့ တိုင်းပြည်ကို သာမန်အခြေ အနေပါ အန္တရယ် မရှိသေးပါဘူးလို့ ဘယ်လိုပြောနိုင်မှာလဲ နောက်ခင်ဗျားမေ့နေသလား ကျုပ်တို့ အမေရိကန်တွေကို သူပုန် က ပစ်မှတ်လုပ်ထားတာ ဘာလုပ်ရင်ဘာဖြစ်မယ်ဆိုတာ ကျုပ်တွက်ထားပြီးသား ခင်ဗျားအတွက် ကျုပ်ကသံအမတ် အသစ် ကျပ်ချွတ်ပေါ့ ဒါပေမယ့် ဟာဗာနာသံရုံးမှာ ကျုပ်လုပ်လာတာ ၁၉၅၉ ခုနှစ်ကတည်းက ဆိုတာလဲ မမေ့နဲ့ဗျာ။

ဟုတ်လား အင်း တူတော့အတူဘူးဗျ တူတာတွေ အများကြီးပါ၊ နီကာရာဂွာကိစ္စပဲ ကြည့်လေ အိမ်ကြီးဆီသို့ တစ်ပတ်ပြန်ရောက်လာသည်။ အတွင်းဘက်မှာ ဂီတသံအပြင်သို့ ပျံ့လွင့်လာ၏။
အင်းလေ အမေရိကန်က ဒီအစိုးရကို အကူအညီအများဆုံး ပေးနေတော့ ခင်ဗျားက ကျွန်တော်တို့ထက် သတင်း အချက်အလက်တွေ ပိုရမှာပေါ့ ဒါပေါ့ဗျာ ဒီသတင်းအချက်အလက် တွေပေါ်မှာ အခြေခံပြီး ကျွန်တော် တို့လှုပ်ရှားရမှာပေါ့ နောက်တစ်ခါခင်ဗျားကို သူများ တွေထက် ဦးအောင်အသိပေးပါ့မယ်၊ ကျွန်တော် လုပ်ဖြစ်ရင်လဲ မသိမသာဖြည်းဖြည်းချင်း ပို့မှာပါ၊ ဘာကြေည်ချက်မှ မထုတ်ပြန်ဘူး။
သူက ကျွန်တော်နှင့် မျက်နှာချင်းဆိုင် ရပ်လိုက်သည်။ ကျွန်တော့်ထက် ခေါင်းတစ်လုံး ပိုနိမ့်၏။

မျက်နှာမသာမယာ နဲ့ တစ်စုံတစ်ရာပြောဖို့ ဟန်ပြင်သည်။ သို့သော် ကျွန်တော်က အခွင့်အရေးမပေးတော့ဘဲ။
ဒီမယ်သံအမတ်ကြီး ကျွန်တော်ဒီကိုရောက်လာတာ တစ်ပတ်ပဲရှိပါသေးတယ်၊ ပြီးတော့ ဝါရင့်သံအမတ်ကြီးလဲ မဟုတ်သေး ပါဘူး၊ ဒါပေမယ့် ခင်ဗျားကို ကျွန်တော်အကြံပေးပါရစေ၊ ခင်ဗျားရဲ့စီးပွားရေးသံမှုး ဆီညော်ဘော့ဂ် ဟာ ဒီမှာရှိနေတဲ့ သံတမန်လောကကို ဆေးခြောက်နဲ့ ကိုတင်းဖြန့်နေတယ်။ မူးယစ်ဆေးဝါး မှောင်ခို လုပ်နေတယ်၊ အဲဒါခင်ဗျားမသိဘူး ဒီအတွက် ခင်ဗျားရော ခင်ဗျားအစိုးရပါ သိက္ခာကျနေတယ်၊ အဲဒီအတွက် တစ်ခုခု လုပ်ဖို့ ခင်ဗျားကို ကျွန်တော်အကြံပေးတယ်၊ ပျော်စရာညချမ်းအတွက် ကျေးဇူးတင်ပါတယ်၊ ဂွတ်နိုက် ။
သူငိုင်ပြီး ကျန်ရစ်ခဲ့သည်။ ကျွန်တော်ထွက်လာခဲ့၏။ ရင်ထဲတွင် ပေါ့သွားသည်။ ဗင်နီဇွဲလားနှင့် အမေရိကန် ဆက်ဆံရေး တိုးတက်အောင် ကျွန်တော် မလုပ်နိုင်ပါ။ သည်ကိစ္စက ဗင်နီဇွဲလားက အမေရိကန် သံအမတ်၏ အလုပ်ဖြစ် ပါသည်။

ဆက်ရန်
.

1 comment:

Anonymous said...


စိတ်ဝင်စားစရာကောင်းတဲ့ စာတင်ပေးတဲ့အတွက်ကျေးဇူးပါအမ
ဒီ့ထက်ပိုစောတဲ့ နိုင်ငံရေးနောက်ခံဘာသာပြန်တွေရိနိုင်မယ်ဆိုရင် တင်ပေးပါနော်
ဥပမာ
၉-၁၁ ကာလလောက်ကပေါ့