Saturday, October 20, 2012

ခါးရှားဒင်းအောင် ၏ ခရီးသွားဖော် အပိုင်း (၁)

ခရီးသွားဖော်

၁၉၈၀ ပြည့်နှစ် ပတ်ဝန်းကျင်တွင်ဖြစ်သည်။ နောင်မွန်၊ ခေါ်ဘူဒဲ ဒေသများ၏ လမ်းများပေါ်တွင် မည်သည့် ယာဉ်ရထားမျှတွေ့ ရမည်မဟုတ်ဘဲ ပလတ်စတစ်အစိမ်း၊ အပြာအုပ်ထားသည့် အထုပ်အပိုး ကိုယ်စီနှင့် မနုဿယာဉ်တန်းလေးများကိုသာ ဟိုတစ်ကွေ့၊ သည်တစ်ကွေ့ တွေ့မြင်ရမည်။ ထိုဒေသ၌ မြင်း၊ လားဖြင့် သယ်ပို့မှု ပြုနိုင်သော်လည်း မြင်း။ လားက များများမရှိ။ ဒီတော့ ပစ္စည်းမှန်သမျှ လူ့ကျောကုန်းဖြင့်သာ သယ်ပို့ကြ ရသည်။
ထိုဒေသတွင် တာဝန်ထမ်းဆောင်ကြသော နိုင်ငံဝန်ထမ်းများသည် မြင်း၊ လား မငှားနိုင်ကြ။ ဒီတော့ မိမိအား ကူညီ ထမ်းရွက်ပေးမည့် ခရီးသွားဖော် ရှာကြရသည်။ အန္တရာယ်များသော တောတောင်ဒေသခရီးလမ်း၌ လူ သည် တိရစ္ဆာန် ထက် စိတ်ချရသည်။ အဖော်လည်းရသည်။ ဒီတော့ ထိုဒေသမှ ၀န်ထမ်းများသည် ခရီးသွား ဖော်ပုံပြင် ကိုယ်စီ ရှိကြသည်။ တချို့ ရိုးရိုးသားသား၊ တချို့သော ဆန်းဆန်းပြားပြား။

တချို့ဝန်ထမ်း များသည် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ အကူအညီရယူကြ၏။ တချို့ ကိုယ့်နည်း ကိုယ့်ဟန် စည်းရုံး ရှာဖွေကြသည်။ ခရီးသွားဖော် ရှာမရလျှင်လည်း ကိုယ့်ဝန် ကိုယ်ထမ်းကြပေတော့။
ကိုယ့်ဝန် ကိုယ်ထမ်းဆို၍ လေးငါးပိဿာလောက်ဟု မထင်လိုက်ပါနှင့်။ ရေခဲသော ထိုဒေသ၌ မွေ့ရာ၊ ဂွမ်း စောင်၊ ခြင်ထောင် ပါရမည်။ ဆယ်ရက်ကျော်ခရီး နေ့ရက်များအတွက် ဆန်စပါး၊ စားနပ်ရိက္ခာပါရမည်။ ဒီတော့ အထမ်း တစ်ခု အနည်းဆုံး ပိဿာ အစိတ်အောက် မလျော့။
တောင်ပေါ်ဒေသ လမ်းများသည် အိမ်လှေကားများထက်ပင် မတ်စောက်ရကား ထမ်းပိုးနှင့်ထမ်း၍ မဖြစ်။ ကျောကုန်းဖြင့် လွယ်ပိုး ရမည်။ နောက်လွယ် သို့မဟုတ် ၀ါးခြင်းနှင့် လွယ်ရသည်။ ထိုအခါ အလေးချိန် အား လုံး သည် ကျောကို ဖိပြီး ဦးခေါင်းကို နောက်သို့ ဆွဲချနေတော့သည်။

ထို့ကြောင့် ဒေသခံများသည် ဦးခေါင်းပေါ်မှ အလေးချိန်လျှော့ချ၍ ပခုံးနှစ်ဖက်ကိုပါ ကူညီထမ်းဆောင်စေ သည့် သိပ္ပံ နည်းကျ ကိရိယာကို တီထွင် အသုံးပြုကြ၏။ ထိုကိရိယာကို သစ်ပင်ကြီး၏ သစ်မြစ်ပါးပျဉ်းနှင့် ပြု လုပ် ရသည်။ လည်တိုင် ကို စွပ်နိုင်အောင် ကွေးပိုက်၍ ခုတ်ထားပြီးသည်။ လည်တိုင်ကို စွပ်နိုင်အောင် ကွေး ပိုက်၍ ခုတ်ထားပြီး အစွန်းနှစ်ဖက် တွင် စက်ဝိုင်းအသေးကလေးပုံ လုပ်ထားကာ အပေါက်ဖောက်ထား၏။ ထိုအပေါက် ၌ လွယ်ကြိုး ချည်ရန်ဖြစ်သည်။ ကချင်များက နိန်ကရောင် (Ningkrau)ဟု ခေါ်ကြသည်။
ထိုဒေသ ၌ တာဝန်ကျသော ကျောင်းအုပ်ဆရာကြီး ဦးဂျိန်းသည် ပထမဦးဆုံး ခရီးသွားဖော် ရှာမရ၍ ကိုယ့်ဝန် ကိုယ်ထမ်း ချီတက်လေ ၏။ သူသည် ထိုစက်ဝိုင်းခြမ်းပုံ ပခုံးတင်ကိရိယာ ကောက်ကောက်ကြီးကို ပင် အသုံးပြု ခဲ့၏။ ထိုကိရိယာ သည် အကျင့်မရှိသူများအတွက် အလွန်အနေခက်စေ၏။ လည်ပင်းကိုညှပ်ပြီး ပခုံးနှစ်ဖက် ကို တအား ဖိချခံနေရသည်။ ကျောင်းအုပ်ဆရာကြီး သည် ထိုဒဏ်ကို ၁၀ ရက်ခန့်မျှ မချိမဆံ့ ခံစား ခဲ့ရ၏။ ထို့ကြောင့် ထို ကိရိယာ ကို နာကြည်းစွာ စိုက်ကြည့်ပြီး "ငရဲကောက်"ဟု မှည့်ခေါ်လိုက်လေ သည်။

ဦးဂင်ရန်လီ သည် ဘုရားသခင်၏ စောင်မမှုကြောင့် ထို ငရဲကောက်ကြီးနှင့် ကင်းလွတ်ခဲ့၏။ ယခုလည်း ငရဲကောက်ကြီးနှင့်လွတ်အောင် ခရီးသွားဖော်ရှာရမည်။
ခေါ်ဘူဒဲဒေသ တွင် တာဝန်ကျသော ဂင်ရန်လီသည် နောင်မွန်မြို့တွင်ရောက်နေ၏။ သို့ဖြစ်ရာ ခေါ်ဘူဒဲသို့ ဆက်လက် ချီတက် ရန် ခရီးသွားဖော် လိုနေပြီ။ သို့နှင့်သူသည် ကျောင်းနေဖက် သူငယ်ချင်း အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ထံ ချဉ်းကပ်လေ၏။ ထိုသူက -
" ငါတို့ ခရီးသွားဖော် ရှာပေးတဲ့ အဖွဲ့အစည်း မဟုတ်ဘူးကွ " ဟု ဘုတောလေ၏။ သို့သော် ကူညီပေးရှာပါ သည်။ သူသည် ထိုမြို့မှ နှစ်မိုင်ခန့် ဝေးသည့် ကဆန်းခူးရွာသို့ ညွှတ်လိုက်၏။ သို့နှင့် ဂင်ရန်လီသည် ကဆန်း ခူးရွာ သို့ တစ်ယောက်တည်း အဖော်ရှာထွက်ခဲ့၏။ ရွာရောက်တော့ ရွာလူကြီးသည် လူရွယ်တစ်ဦးအား ထည့်ပေး လိုက်၏။
ထိုလူရွယ်သည် အလွယ်ခြင်း၊ အ၀တ်အစား အနည်းငယ်နှင့် ဓားတစ်လက်ယူ၍ လိုက်လာ၏။ သို့သော် နောင်မွန်မြို့ မရောက်မီ လမ်းခုလတ်လမ်းမ အလယ်တည့်တည့်တွင် ဖင်ထိုင်ချပြီး ပြန်မထတော့ချေ။ မည်သို့ မျှ ချော့၍၊ ခြောက်၍ မရတော့။ စကားလည်းမပြော။

ဂင်ရန်လီ သည် ပထမသော်ပြင်းစွာ စိတ်ဆိုးလေ၏။ သို့နှင့် ရင်မှာ ဖြစ်တည်လာသည့် စကားလုံးများနှင့် တရ စပ် ပစ်ပေါက်လေတော့ သည်။
"မင်း အစကတည်းက မလိုက်ချင်ရင် ဘာဖြစ်လို့ ရွာက လိုက်လာသလဲ။ မင်း ယောက်ျား မဟုတ် ဘူးလား၊ နေမကောင်းဘူးလား။ စိတ်ကော နှံ့ရဲ့လား၊ ရူးနေပြီလား။ မင်းသာ အစက မလိုက်ရင် နောက် တစ်ယောက် ရှာ မှာပေါ့။ အပျိုမတောင် ငါ ရကောင်းမရမှာပေါ့။ ခုတော့ ရွာလူကြီးက တစ်ခြားတစ်ယောက် ရှာပေး မှာ မဟုတ်တော့ဘူး။ မင်းကို ငါ အတင်းဓမ္မ ခေါ်လာတာလည်း မဟုတ်ဘူး၊ တန်ရာတန်ကြေး ညှိပြီး မင်းလိုက် လာတာပဲ မဟုတ်လား။ အလကားလူ "
ထိုလူငယ် သည် ဂင်ရန်လီ မည်မျှ ဟိန်းဟောက်နေသော်လည်း တုတ်တုတ်မျှ မလှုပ်။ မျက်စိ ပေကလတ် ပေကလတ်နှင့် သာ ကြည့်နေတော့၏။ ရန်မူမည့်ပုံကား မပြ။ သူသည် လမ်းမအလယ်က မထရေး ချ မထတော့။

ကြာလာတော့ ဂင်ရန်လီသည် စိတ်ဆိုးပြေလာပြီး ရယ်ချင်သလိုလို ဖြစ်လာ၏။ အတွေး တစ်ခု ရောက် လာ၍ ဖြစ်၏။ ရှေးယခင် ဂင်ရန်လီ ငယ်စဉ်က လူကြီးများသည် နွားတစ်ကောင်ကို ဆွဲခေါ်လာ ခဲ့ရာ နွားကြီး သည် လမ်းမအလယ်တည့်တည့်တွင် ကျည်ဆန်မှန်သည့် သားကောင်အလား ဗိုင်းခနဲ ပစ်လှဲ အိပ်ပြီး တုတ်တုတ်မျှ မလှုပ်တော့ချေ။ လူကြီးများက ရိုက်သည်၊ နှိက်သည်။ တုတ်သာ ကျိုးသွား ၏။ နှာတရှူးရှးမှတ်ပြီး ပါးစပ်က အမြှုပ်ထနေသည့်တိုင် ခန္ဓာကိုယ်ကား မလှုပ်။ အမြီးချိုးလျှင် ထပြေးသည်ဟု တချို့အကြံပေး၍ အမြီးချိုးေ သ်ာလည်း မမှု။ နောက်ဆုံးတွင် အမြီး၌ ထင်းဝါးစ ချည်ပြီး မီးရှို့တော့မှ အမြီးတန်းလန်း၊ မီးတောက်တန်း လန်းနှင့် ထပြေးပါတော့သည်။

ယခု ဤလူငယ် ကား နွားမဟုတ်။ ထို့ကြောင့် မီးတုတ်ချည်ရန် ထင်ထင်ပေါ်ပေါ် အမြီး လူရွယ်တွင် မတွေ့ရ။ " ကျုပ် သူ၏ ဘယ်အရာ၌ မီးတုတ်ချည်လျှင် ကောင်းမည်နည်း " ဟု စဉ်းစားမိပြီး ပြုံးရယ်လိုက်၏။ ပြုံးရယ်နေသော ဂင်ရန်လီကို ကြည့်ပြီး လူရွယ်သည် အူကြောင်ကြောင် မျက်လုံးဖြင့် ကြည့်နေ၏။ သို့သော် လမ်းလယ် မှ တစ်လက်မမျှမရွှေ့။ သူတို့နှစ်ဦးစလုံး ရူးနေကြပြီလော။
နောက်အတွေးတစ်ခု ဂင်ရန်လီ ဦးနှောက်ထဲရောက်နေပြန်၏။ ဤလူရွယ်သည် မိဘစကား မလွန်ဆန်နိုင်၍ လင်တော်ရတော့ မည့် ယောက်ျားနောက်သို့ လိုက်သွားရသော မနူးမနပ် မိန်းကလေးပျိုနှင့်သာ တူနေတော့ သည်ဟု မိန်းကလေးနှင့် နှိုင်းပစ်လိုက်၏။ ဘယ့်နှယ် ယောက်ျားတန်မဲ့ ထွက်ပြေးသွားသည်လည်း မဟုတ်။ လမ်း အလယ် ဖင်ထိုင်ချနေတယ်လို့။

ဂင်ရန်လီသည် ထိုလူရွယ်အား ဆက်လက်ချော့မော့ရန် ဆန္ဒမရှိတော့။ သူ့အား ထားပစ်ခဲ့ပြီး နောင်မွန်မြို့ဆီ သို့ တစ်ကိုယ်တည်း ပြန်သွားလေသည်။ ထိုလူရွယ်ကား ဟားတိုက်ရယ်မောပြီး ရွာသို့ ထပြန်သွားပြီးလော၊ သို့မဟုတ် သူ့အား စေလွှတ် သည့် ရွာလူကြီး မသိအောင် တောင်ယာခင်းဆီသို့ သွားရောက်ပုန်းခိုနေပြီလော။ ဂင်ရန်လီ မသိတော့။
သို့နှင့် ဂင်ရန်လီ ခရီးသွားဖော် ရှာမရဘဲ နောင်မွန်မြို့တွင် သောင်တင်နေ၏။ ထိုမြို့ ၌ ရနိုင်သမျှ ခရီးသွား ဖော် များကို ကုန်သွယ်မန်နေဂျာက မသွားပြီ။ ဆန်ပို့သွားကြပြီ။ ကျောင်းအုပ်ဆရာကြီး ပြောသော " ငရဲကောက် " သည် ဂင်ရန်လီ အား တဖြည်းဖြည်း ခြောက်လှန့်နေပြီ။ ကျောပြင်နှင့် လည်ကုပ်ပင် ယားလာ နေပြီ။

သုံးရက်မြောက်နေ့ တွင် ၀န်ထမ်းများနှင့် ခရီးသွားဖော်များသည် နောင်မွန်မြို့အ၀င် ကခန်ခ ကြိုးတံထားပေါ် တွင် တန်းစီကူးဖြတ်လာကြသည်ကို ဂင်ရန်လီ တွေ့ရ၏။ ကျောကုန်းပေါ်တွင်ကား ပလတ်စတစ် အစိမ်း။ အပြာတွေ အုပ်ထားသည့် အလွယ်ကိုယ်စီနှင့်။
ဂင်ရန်လလီသည် ထိုသူများ မည်သည့်ဌာန အဆောက်အအုံ၊ ပုဂ္ဂလိက နေအိမ်များဆီသို့ ဦးတည်နေသည် ကို လိုက်ကြည့်နေ ၏။ သူတို့သည် ဤမြို့တွင်ပင် ခရီးဆုံးပြီလော။ သို့မဟုတ် ခရီးဆက်ကြမည်လော။ သူတို့ တစ်တွေ ရေမိုးချိုး၊ ထမင်းစားပြီးချိန်လောက်တွင် ဗိုလ်တဲသို့ စနည်းနာထွက်ခဲ့၏။
ခရီးသွားဖော်များသည် အားလုံး မိန်းကလေးတွေချည်းဖြစ်ကြ၏။ ဂင်ရန်လီသည် သူ့ကိုယ်သူ မိတ်ဆက်လေ ၏။ ပြီးမှ စည်းရုံးရေး ၀င်လေ၏။ စည်းရုံးရေးဝင်သည်ဟုသာဆိုသည်။ အမှန်တော့ တောင်းပန်တိုးလျှိုးစကား ဆိုခြင်း မျှသာဖြစ်သည်။ ကူညီပါ။ လိုက်ပို့ပါ၊ သနားပါ၊ စသည်ဖြင့် ...။

သူတို့က နှစ်ယောက်ဆိုလျှင် လိုက်မည်ဟု ဆိုကြ၏။ ခက်သည်က ဂင်ရန်လီ၏ပစ္စည်းနှစ်ယောက်ထမ်းစာ မရှိ။ နှစ်ယောက်အတွက် အခကြေးငွေမတတ်နိုင်။ သို့ဖြစ်လျှင် ဂင်ရန်လီနောက် တစ်ယောက်တည်း မည်သို့ လိုက်မည်နည်း။ မည်သူ လိုက်ရဲသနည်း။ ခရီးက တစ်ရက်၊ နှစ်ရက် မဟုတ်။ နေ့ပေါင်းများစွာ၊ ည ပေါင်းများစွာ အတူသွား၊ အတူစားရမည်။ နောက်ဆုံးတွင် "အနား " ဆိုသည့် မိန်းကလေးက -
" ကျွန်မ လိုက်မယ်။ ပိုက်ဆံတော့ ကြိုပေးပါ။ အမေ့ကို ပါးပေးလိုက်မယ် " ဟုဆိုလာ၏။ ဂင်ရန်လီ များစွာ ပျော်ရွှင်သွားလေ၏။ သူသည် အနားနှင့် မနက်ဖြန် ခရီးစထွက်ကြမည်။ သို့နှင့် ပေါ့ပါး သွက်လက်သောခြေ လှမ်း များနှင့် တည်းခိုရာ အိမ်သို့ ပြန်လေသည်။ အိမ်လှေကားတက်လာသည်နှင့် -
" လွတ်ပြီကွယ်၊ ကျွတ်ပြီကွယ်။ ကောက်ကောက်ကြီးကို ကြောက်ပါတယ် " ဟု သီချင်းဆိုသလိုလို၊ ကဗျာ ရွတ်သလိုလိုနှင့် ၀င်လာခဲ့ရာ အိမ်ရှင်ဖြစ်သူ ဦးဒီးရမ်းက -
" ခင်ဗျားလွတ်ပြီ၊ ကျွတ်ပြီနဲ့ ဘယ်က လွတ်ကျွတ်လာသလဲ။ ခင်ဗျား ခရီးသွားဖော် ရှာတာပဲ မဟုတ်လား " ဟု နားမလည်နိုင်သော မျက်လုံးအစုံဖြင့် ကြည့်၍ မေးလေသည်။ ဂင်ရန်လီက -
" အင်း ... ကျွန်တော် စိတ်ကူးယဉ် အတွေးနယ်ချဲ့မိလို့ပါ။ ဟီဟိ " ဟုပြန်ဖြေလေ၏။

အမှန်တော့ သူသည် ငရဲကောက်ကြီးမှ လတ်မြောက်ပြီး သူများ မြို့ရွာတွင် စိတ်ဆင်းရဲ၊ အနေ ဆင်းရဲ သောင်တင်နေ သည့် ဘ၀မှ ကျွတ်လွတ်တော့မည်ဟုတွေး၍ ၀မ်းသာစကားသီဆိုခြင်းမှသာဖြစ်သည်။
အနား သည် အသက်အားဖြင့် ၂၀ ပတ်ဝန်းကျင်တွင်ရှိမည်။ ကိုယ်ခန္ဓာအချိုးအစား ပြေပြစ်သည်။ အသားဖြူ သည်။ သို့သော် ရုတ်တရက်ကြည့်လျှင် ချောသည်ဟုဆိုရန်ခက်၏။ မည်သို့ဆိုစေ ဂင်ရန်လီသည် မနက်ဖြန် အနားနှင့် နှစ်ကိုယ်တည်း ခရီးထွက်ရတော့မည်။
နောက်နေ့ နံနက်တွင် ဂင်ရန်လီနှင့် အနားတို့သည် နောင်မွန်မြို့မှ ခေါ်ဘူဒဲ မြို့တော်ဆီသို့ ခရီးသွား ရန် ပြင်ဆင်၏။ ယနေ့ နံနက် ၌ အနားသည် ယမန်နေ့ညနှင့် မတူ။ သပ်သပ်ရပ်ရပ် ဖြီးလိမ်းထား၏။ ဂင်ရန်လီ သည် အနား အား ချောသည်ဟု ပြင်ဆင်မှတ်ချက် ချချင်လာပြီ။

အနား၏ အဖော်များက နှစ်ယောက်တည်း ခရီးသွားကြမည်ဖြစ်၍ နောက်ပြောင်ကြ၏။ စကြ၏။ သူတို့ထဲမှ တစ်ယောက် က ဂင်ရန်လီ အား ပြုံးစိစိဖြင့် စိုက်ကြည့်ပြီး -
" ရွာမှာ သူ့ယောက်ျား ရှိတယ် " ဟု အသိပေးသလိုလို၊ သတိပေးသလိုလိုနှင့် ပြောလိုက်၏။ ဂင်ရန်လီသည် အနား အား ရှေ့မှာထားပြီး သွားစေကာ နောင်မွန်မြို့မှ ပျော်ရွှင်စွာ ခရီးဆက်သွားကြလေ၏။ အနားသည် စကားပြော သွက်လက်၏။ လူလည်း သွက်လက်၏။ မေးသမျှ ဖြေ၏။ မမေးလည်း သူပြောချင်သည့် အရာ များကို ပြော၏။ ဂင်ရန်လီ ထင်ထာထက် ဗဟုသုတ ကြွယ်ဝနေ၏။ တရုတ်ပြည်အကြောင်း၊ ကုလားပြည် အကြောင်း ပြောနိုင်၏။ ဂင်ရန်လီအား လီဆူးစကားပင် သင်ပေးသေး၏။ သို့နှင့် သူတို့နှစ်ဦးသည် လွန်ခဲ့ သည့် နှစ်ပေါင်း များစွာကပင် သိကျွမ်းကြဘိသကဲ့သို့ ခင်မင်ရင်းနှီးသွားကြ၏။ အတိုင်အဖောက်ညီသည့် စုံတွဲ ဖြစ်နေကြပြီ။

ထိုနေ့သည် နေသာ၍ ပတ်ဝန်းကျင်တစ်ခွင် သာသာယာယာ ရှိခဲ့၏။ သူတို့သည် ဂွမ်လိန်းရွာသို့ရောက်လာကြ၏။ ထိုရွာကလေး၏ လမ်းဘေးဝဲယာနှင့် တောင်ကုန်းကလေးများကို ဘဲစား မြက် စိမ်းစိမ်းတွေက လွှမ်းခြုံထား၏။ ထိုမြက်ခင်းစိမ်း များပေါ်တွင် နွားအိုများ ၀ပ်စင်းစားမြုံ့ပြန်နေချိန် နွားကလေးများ အူမြူးဆော့ ကစားနေကြ၏။ ရွာအစွန်ကို နွားကလေးများ အူမြူးဆော့ ကစားနေကြ၏။ ရွာ အစွန်ကို စိမ်းညို့ညို့ တောတောင်တွေ ၀ိုင်းကာ ပတ်ထား၏။ အထက် မိုးကောင်းကင်သည် ပြာလဲ့လဲ့ အရောင်နှင့် တောက်ပနေ၏။ ထို မိုးကောင်းကင်ပြာတွင် ဖွေးဖွေးဖြူသည့် တိမ်မျှင်တိမ်စုများ ပြန့်ကျဲလွင့်မျော နေကြ၏။ ဂင်ရန်လီသည် ထို ပတ်ဝန်းကျင် အမြင်အာရုံကို ခံစားနိုင်သော်လည်း လေးလံသည့်ဝန်ကို ကျော ပိုးနေသည့် အနားခမျာ မခံ စားနိုင်။ အထက်ကောင်းကင် သို့ မျှော်မကြည့်နိုင်ရှာ။ ထိုအချိန်တွင် ဂင်ရန်လီက -
" အနား၊ မင်း ငါနဲ့ ခရီးသွားတာ ပျော်ရဲ့လား "
" ပျော်ပါတယ် ဆရာ "
" ငါလေ အနားနဲ့သာဆိုရင် ခေါ်ဘူဒဲမကဘူး။ လကမ္ဘာတောင် သွားချင်သေးတယ် " ဟုပြောရာ အနားက -
" ကျွန်မ မလိုက်ချင်ပါဘူး၊ ဒီလောက်တောင် လေးတဲ့ ဆရာ့အထမ်းနဲ့ ကျွန်မ ဘယ်လိုလုပ် လကမ္ဘာ လိုက် နိုင် မလဲဆရာ " ဟုဆိုလေ၏။

ဂင်ရန်လီ အနားအား များစွာ သနားသွားလေသည်။ အနား ထမ်းပိုးသည့်ဝန်ကို မနက်က မကူခဲ့၏။ အပါး ပါး ... ပိဿာ ၃၀ ခန့် ရှိမည်ဟု မှန်းရ၏။ ဂင်ရန်လီသည် မည်သို့မျှ ဆက်မပြောတော့ဘဲ ထိုဝန်ကို လျော့ သွားအောင် မည်သို့ လုပ်ရမည်နည်း ဟု စဉ်းစားလေ၏။ အဖြေကား မထွက်။ သို့သော် တစ်နေ့လျှင် ဆန်နို့ ဆီဘူး လေးလုံးတော့ လျော့တန်ကောင်းပါရဲ့ဟု တွေးမိလေသည်။
ညနေ ၄ နာရီခန့်တွင် ရပ်ဘော့ ဆောက်လုပ်ရေး ဗိုလ်တဲသို့ ရောက်ကြ၏။ ရပ်ဘော့ဗိုလ်တဲ သည် တောင် စောင်းတစ်ခုတွင် တည်ရှိ၏။ ဤနေရာကလေးသည် သာတောင့်သာယာ ရှိသော နေရာကလေးဖြစ်၏။ ဗိုလ် တဲ၏ တောင်ဘက်တွင် ချောင်းငယ်ကလေးတစ်ခုရှိပြီး အရှေ့ဘက် တွင် ချောင်းကြီးတစ်ခုရှိ၏။ မြောက် ဘက်ခပ်လှမ်းလှမ်းတွင်လည်း ချောင်းကြီးတစ်ခုရှိ၏။ ချောင်းရေများသည် ကြည်လင်အေးမြနေပီး ကျောက် ဆောင် ကျောက်တုံးများကြားတွင် လူးလားကူးခပ်နေကြသည့် ငါးကြီး၊ ငါးငယ်များ ကိုပင် အတိုင်းသားမြင် နေရ၏။

အနားသည် ဗိုလ်တဲဆီသို့ တန်းတန်းမတ်မတ် ဦးဆောင်သွားလေ၏။ ဗိုလ်တဲသို့ ရောက်သည့်အခါ အလွယ် ခြင်းအား ထောင့်တစ်နေရာ ၌ ချရန်ပြင်ရာ ဂင်ရန်လီက ကူညီချပေး၏။ သူမသည် အလွယ်ကြိုးကို ဦးခေါင်း စွန်း သို့ နစ်ဝင်မသွားရန် ခုထားသည့် အ၀တ်စုတ်နှင့် သူမ မျက်နှာပေါ်မှ ချွေးပေါက်များကို သုတ်ပစ်နေ ၏။ သူမ၏ မျက်နှာတစ်ပြင်လုံး နီရဲနေ၏။ ဂင်ရန်လီသည် အနားအား ကရုဏာသက်စွာ ကြည့်နေ၏။ အနား သည်လည်း ဂင်ရန်လီအား တစ်ချက်တစ်ချက် ပြန်ကြည့်ကာ ပြုံးပြနေ၏။ အနား၏ အပြုံးသည် မျက်လုံး အိမ်မှ တစ်ဆင့် နှလုံးသားဆီသို့ စူးဝင်သွားသည်ဟု ဂင်နယ်လီ ခံစားမိ၏။

တဲသည် ပတ်ဝန်းကျင် တဲများနှင့် ထီးတည်းရှိ၏။ တဲများဟု ဆိုသော်လည်း နှစ်လုံးမျှသာရှိရာ ထိုတဲနှစ်လုံး သည် ချောင်းကြီး ၏ ကမ်းနံဘေးတွင် ရှိကသည်။ ယနေ့ လမ်း၌ခရီးသွား ခရီးလာ မတွေ့ရ။ ယနေ့အချိန်မှ ဤတဲသို့ အခြားခရီးသည် မရောက်လျှင် နောက်ရောက်ရန်အကြောင်းနည်းသည်။ ဤသို့ဆိုလျှင် ယနေ့ည ဤတဲ ၌ မိမိနှင့် အနားနှစ်ယောက်သာရှိမည်။ မှောင်မိုက်သော ညအာကာ ၌ တဲတစ်ခုတွင် နှစ်ယောက် တည်း အိပ်ကြ ရတော့မည်။ ထိုသို့ဖြစ်လျှင် -
အနားသည် ရေချိုးရန် အလွယ်ခြင်း ဖြေနေ၏။ အနား၏ မျက်နှာနဂိုမူလ အသားအရေသို့ ရောက်စပြုနေပြီ။ အနားဟာ ချစ်ဖို့ကောင်းတဲ့ မိန်းကလေးပေပဲဟု ဂင်ရန်လီတွေးနေ၏။
" ဆရာ ဘာဖြစ် လို့ ကျွန်မ ကို ဒီလောက်တောင် စိုက်ကြည့်နေသလဲ။ ကျွန်မက သိပ်လှနေလို့လား " ဟု မမျှော်လင့်သော စကား အနားဆီမှ ထွက်လာ၏။

" အနား ... မင်း တကယ်လှပါတယ်။ ချောပါတယ် " ဟု မလုံမလဲ လေသံဖြင့် ပြန်ပြောလေ၏။ တစ်ဆက် တည်း တွင် -
" အနား၊ ဒီည ကျုပ်တို့ ဒီမှာ အိပ်လို့ မဖြစ်ဘူး။ ရှေ့ဆက်သွားကြမယ် " ဟု ပြောလိုက်ရာ အနားသည် နား မလည်နိုင်သော မျက်လုံးဖြင့် ဂင်ရန်လီအား စိုက်ကြည့်လေ၏။
" ဘာဖြစ်လို့ လဲ ဆရာ၊ ခု ကျွန်မ ရေသွားချိုးတော့မလို့။ မိုးလည်း ချုပ်တော့မယ် " ဟုပြန်ပြောလေ၏။
" မဖြစ်ဘူး၊ မဖြစ်ဘူး။ လာ ... သွားကြမယ် " ဟု ဆိုကာ အလွယ်ခြင်းဆီသို့ ချဉ်းကပ်သွားပြီး အနားအား မကူပေး ရန် စောင့်နေ၏။ အနားသည် လုံးဝ မမျှော်လင့်သော ဂင်ရန်လီ၏ အပြုအမူကြောင့် အူကြောင်ကြောင် ဖြစ်နေ၏။ ပြီးမှ ထိုဝန်ကို ထမ်းပိုးလေတော့သည်။ သူတို့သည် ချောင်းကြီးမှ တံတား ကို ကျော်ဖြတ်၍ ရှေ့ဆက်သွားကြရာ ရွာငယ်တစ်ရွာသို့ ရောက်လာပြီး လီဆူးအိမ်တစ်အိမ်တွင် တည်းခိုကြ သည်။

သူတို့နှစ်ဦးသည် နောက်တစ်နေ့တွင် ပျော်ရွှင်စွာ ခရီးဆက်ကြပြန်၏။ လမ်းတစ်လျှောက်တွင် အပြန်အလှန် စကား တတွတ်တွတ် ပြောပြီး ဖြည်းဖြည်းမှန်မှန် လျှောက်ကြ၏။ ယနေ့ ခရီးသည် တောင်အတက် မရှိသ လောက် ဖြစ်ပြီး ချောင်းရိုးအတိုင်း ဖောက်ထားသည့် လမ်းပြေပြေတွင် လျှောက်ရသည်ကများ၏။ အနား သည် ယနေ့ ပို၍ ရင်းနှီးဟန်ပြလာ၏။ သို့သော် တစ်ခါတစ်ရံတွင် အဓိပ္ပာယ်ဖော်ရခက်သော မျက်လုံးများ ဖြင့် ဂင်ရန်လီ အား ကြည့်နေတတ်၏။ ယမန်နေ့ညက ဂင်၇န်လီ၏ အပြုအမူကြောင့်ပေလော။ ဂင်ရန်လီ တွေားကည့်၏။
အနား သည် ခေတ္တ အမောဖြေ ရပ်နားသည့် အချိန်များတွင် သူ့ဘ၀ဇာတ်ကြောင်းကိုလည်း ပြောပြ၏။ သူမ သည် ယခုအသက် ၁၉ နှစ်ထဝြင်ပြီးဖြစ်ကြောင်း၊ သူမ၏ ငယ်ရည်းစားမှာ "မာဂမ် " ဆိုသဂျိန်ဖော့ဖြစ် ကြောင်း၊ သို့သော် သူမ ၏ အဖေသည် သဘောမတူ၊ မပေးစားဘဲ တရုတ်ပြည်မှ ကူးလာသည့် လီဆူတိုင်း ရင်းသား "အားဖူး " ဆိုသူနှင့် ပေးစားကြောင်း၊ ထိုသူသည် သူ့အား အလွန်နှိပ်စက်ကြောင်း၊ ပါးစပ်ကို ဓား မြှောင်နှင့်ထိုးရာ အရှောင်ကောင်း ၍ နှုတ်ခမ်းကိုသာ ထိကြောင်း၊ သူမ နှုတ်ခမ်းကွဲသွားပြီး အမာရွတ်ထင် ကျန်ခဲ့ကြောင်း ပြောပြပြီး အပေါ်နှုတ်ခမ်းတွင် တင်ကျန်နေသော အမာရွက်ကလေးကို ပြလေ၏။

ဤအကြောင်း မှန်ကန်ပါက အနား ကံကောင်းပါ၏။ အမှတ်မထင်ကြည့်လျှင် အမာရွတ်ကို မမြင်၊ မသိရ။ သေချာစွာ ဂရုပြုကြည့်မှသာ သတိပြုမြင်နေရ၏။ ဆက်လက်၍ သူ့အား နေ့စဉ်နှင့်အမျှ ရိုက်ပုတ်ကြိမ်းမောင်း ရုံမက ရုပ်ဆင်းအင်္ဂါ ပျက်အောင် ကြံစည်လာ၍ သူ့အား မပေါင်းတော့ဘဲ ကွာရှင်းပြတ် စဲပြီးဖြစ်ကြောင်း ပြောပြလေသည်။ ဂင်ရန်လီသည် အနား ပြောသမျှကို အမေးအမြန်းမရှိတိတ်ဆိတ်စွာ နားထောင်ပေးလေ ၏။ တစ်ခု ထူးခြားသည်မှာ အနားသည် သူ့ဘ၀ဇာတ်ကြောင်း ပြောပြသော်လည်း ဂင်ရန်လီ ၏ အကြောင်း မမေး၊ မစူးစမ်း။
ဂင်ရန်လီသည် လမ်းပြေသော နေရာများတွင် အနားအားဖြတ်ကျော်ကာ မျက်နှာချင်း ဆိုင်လိုက်ပြီး နောက် ပြန်ဆုတ် လမ်းလျှောက်တတ်လာ၏။ ခရီးသွားရင်း မျက်နှာချင်းဆိုင် စကားပြော ချင်၍ဖြစ်၏။ အနား၏ မျက်နှာကို ကြာည့်ချင်၍လည်းဖြစ်၏။

ချွေးသီးချွေးပေါက်များသည် အနား၏ မျက်နှာတစ်ပြင်လုံးတွင် သီးခိုနေကြ၏။ အနား ၏ နှာတံထိပ်တွင် ချွေးသီးတစ်လုံး တွဲလွဲခိုနေသည်ကိုပင် ဂင်ရန်လီ ကြည့်ကောင်းစွာဖြင့် ကြည့်နေ၏။ ဤသို့ သူ့အား စိုက် ကြည့်၍ နောက်ပြန်ဆုတ် လမ်းလျှောက်နေသော ဂင်ရန်လီကို အနားက ကသိကအောက် ခံစားရပုံမပေါ်၊ စိတ်တိုပုံမပြ။ ၀န်ပိသည့်ကြားကပင်အပြုံးပန်းပွင့်တွေ ခြွေပေးနေသေး၏။
သူမ သည် ချွေးသီးချွေးပေါက်များကိုသုတ်၍မပစ်။ သုတ်ပစ်၍လည်းနိုင်မည်မထင်။ ဒီတော့ ဦးခေါင်းနှင့် နဖူး ပေါ်မှထပ်မံ စီးကျလာသော ချွေးများသည် အနား၏ နှာတံပေါ်တွင် တွဲလွဲခိုနေသော ချွေးပေါက်နှင့်ပေါင်း စပ်ကာ အနား ၏ခြေမဆီသို့ စက်စက်ကျနေတော့သည်။

အနားသည် အတော်ပင် မောဟိုက်နေပြီ။ သို့နှင့် သူတို့သည် ရှုခင်းသာ၍ အများသူငါ ရပ်နားသည့်နေရာ တွင် နားကြ၏။ သူမသည် အလွယ်ခြင်းအား စပါယ်ရှယ်ပြုလုပ်ထားသည့် ၀ါးလုံးစင်တွင်ချကာ သူငါ ထိုင် ချလိုက်၏။ ပြီးလျှင် သူ ၏ ခေါင်းခုအ၀တ်စုတ်ဖြင့် မျက်နှာပြင်မှ ချွေးများကို သုတ်သင်နေ၏။
ဂင်ရန်လီ သည် အနားနှင့် အသားချင်း ထိလုမတတ်ကပ်၍ ထိုင်ချလိုက်၏။ ထိုအခါ အနားက -
" ဆရာ ကျွန်မနား ကပ်မထိုင်နဲ့ "
" ဘာဖြစ်လို့လဲ အနား "
" ကျွန်မ ချွေးတွေနဲ့ နံတယ် "
" ငါလည်း ချွေးတွေနဲ့ပဲ အနား၊ သူနံ ကိုယ်နံပေါ့ကွာ "
ဟုဆိုကာ အနား၏ ပခုံးကို မှီလိုက်တော့မယောင် လုပ်နေ၏။ ပြီးမှ တင်ပါးကို ကြွကာ စွေ့ခနဲခုန်ပြီးခြောက် လက်မမျှ ခွာပေးလေ၏။ အနားသည် ဂင်ရန်လီ၏ အပြုအမူကို ကြည့်ပြီး -
" ဆရာက ကြောင် တစ်ကောင်လိုပဲ " ဟု ဂင်ရန်လီ၏ သွက်လက်ပုံကို ထောမနာပြုလေသည်။ ဂင်ရန်လီ သည် အနား ထံမှ တကယ်ပင် ချွေးနံ့ရှူရှိုက်မိသော်လည်း သူ၏ နှာဝဆီသို့ သီးသန့်ထွက်၍ ပြေးဝင်လာသော အနား၏ ဆံပင်နံ့ သင်းသင်းကို ရှူမိရာ ပင်ပန်းမှု ဟူသရွေ့ ပျောက်ကွယ်သွားပြီး တစ်ကိုယ်လုံး လန်းဆန်းသွားသည်ဟု ခံစားမိလေသည်။

သူတို့သည် စကားတွေ ပြောကြသည်။ အကြည့်ချင်း ဖလှယ်ကြသည်။ ပြီးတော့ ပြိုင်တူ ပြုံးရယ်ကြသည်။ သူတို့သည် နာရီဝက်မျှ အမောဖြေပြီး ခရီးဆက်ကြလေသည်။
ထိုည တွင် သူတို့သည် ဆန်းဝမ်ဗိုလ်တဲသို့ ရောက်ကြ၏။ ထိုအချိန်က ဆန်းဝမ်တွင် တဲနှစ်လုံးရှိ၏။ တစ်တဲ နှင့် တစ်တဲ ချောင်းခြားသည်။ ဂင်ရန်လီနှင့် အနားတို့သည် အထက်တဲတွင် တည်းကြ၏။
ထိုဒေသ ၌ ၀န်ထမ်းများ၊ ခရီးသွားများ တည်းခိုရန် ဆောက်လုပ်ရေးဌာန ဗိုလ်တဲများ ဆောက်ပေးထား၏။ ဗိုလ်တဲ ဆိုသော်လည်း ၀ါးတန်းလျားမျှသာဖြစ်သည်။ ဗိုလ်တဲတစ်ခုနှင့်တစ်ခု အကွာအဝေး မတူကြ။ လမ်း အခြေအနေလိုက်၍ တစ်နေ့တာခရီးကို ချိန်ကာ ချောင်းရှိရာ နေရာများ ၌ မြေအနေအထားကောင်း သည့် နေရာများတွင် ဆောက်လုပ်ထားကြ၏။
အနား သည် ရေမိုးချိုး သန့်စင်ပြီး ဂင်ရန်လီအား ကောင်းစွာ ချက်ပြုတ်ကျွေးလေ၏။ ထမင်းစားပြီးချိန်တွင် အနား က အောက်တဲသို့ အလည်သွားမည်၊ အသိများကို ရေချိုးဆိပ် ၌တွေ့ခဲ့သည်။ ညမမှောင်ခင် ပြန်လာ မည်ဟု ခွင့်တောင်းပြီး သွားလေသည်။

ဂင်ရန်လီ သည် တဲ ၌ တစ်ကိုယ်တည်း ကျန်နေ၏။ ယနေ့ညတွင် ဤတဲ ၌ အနားနှင့် အိပ်ရတော့မည်။ အနား သည် ၁၉ နှစ်အပျိုအရွယ်။ ဗိုက်ပူ၊ တင်ကောက်မဟုတ်။ ပုပုညှက်ညှက်၊ မည်းမည်းကြုတ်ကြုတ် မဟုတ်။ ဖြောင့်စင်းသော ပေါင်တံ၊ ပြည့်ဝင်းသော လက်မောင်းအိုး များ ပိုင်ဆိုင်ထား၏။ ဂင်ရန်လီသည် အနား အား စိတ်ထဲတွင် ရုပ်လုံးဖော်ကြည့်နေတော့၏။
မှောင်ရီပျိုးသော အချိန်တွင် အနားသည် ထင်းမီးတုတ်ကို ဝှေ့ယမ်း၍ ပြန်လာ၏။ ထိုအချိန် ၌ ဂင်ရန်လီ သည် မီးဖိုဘေး ၌ အနား ထမ်းပိုးသော မွေ့ရာ၊ ဂွမ်းစောင်၊ ခြင်ထောင်တွေနှင့်အကျအန နေရာယူထားနေပြီ။ အနား သည် မီးတုတ်ကို မီးဖိုထဲထည့်ပြီး မီးမွှေးလိုက်၏။

ဂင်ရန်လီသည် အနား မည်သို့ လှုပ်ရှားနေသည်ကို ခြင်ထောင်လှန်၍ ကြည့်နေမိ၏။ သူမသည် ပလတ်စတစ်စပေ တွင် အိပ်ရာခင်း အနွမ်းကလေးခင်း၍ ချည်ကြမ်းစောင်ပါးပါးတစ်ထည်ခြုံကာ ကွေးချ လိုက်၏။ ထိုစောင် သည် အနားအား အနွေးဓာတ် မည်သို့ ပေးနိုင်မည်နည်း။ ဆောင်းကာလ၏ အအေးဒဏ် ကို မည်သို့ ကာကွယ်နိုင်မည်နည်း။ မိမိမှာကား အနား ကျောကော့အောင် ထမ်းပိုးခဲ့သည့် မွေ့ရာ၊ ဂွမ်း စောင်၊ ခြင်ထောင်တွေနှင့်။ ဂင်ရန်လီက ၌"အနား ၌"ဟု တိုးတိုးခေါ်လေ၏။
" ဘာလဲ ဆရာ "
" အချမ်းဘူးလား "
" ချမ်းလည်း ကျွန်မ ဘာတတ်နိုင်မလဲ၊ ကျွန်မမှာ ဒါပဲရှိတာ "
ဂင်ရန်လီ နှုတ်ဆိတ်သွား၏။ မိမိသည် တရားမျှတမှုရှိပါ၏လော။ သူမ၏ ကျောကုန်းပေါ်တွင် တစ်နေ့တာ ကာလပတ်လုံး နားခိုခဲ့သည့် မွေ့ရာ၊ ဂွမ်းစောင်၊ သူနှင့်အတူ မခြုံသင့်ပါသလော။ စိတ်အစဉ်သည် ကစဥ့် ကလျားဖြစ်နေ၏။
" အနား ... ငါ့ဆီ လာအိပ်ပါလား၊ အနား ... မင်းဆီ ငါလာခဲ့မယ်။ စောင် ပေါင်းခြုံရအောင် "
သို့သော် စကားလုံး များသည် အပြင်သို့ မရောက်။ တံတွေးနှင့်အတူ ၀မ်းခေါင်းထဲသို့ ၀င်ရောက် ပျောက်ကွယ် သွားလေတော့သည်။

အနားသည် တန်ရာတန်ကြေးရ၍ လိုက်လာခဲ့သည်ဆိုသော်လည်း မိမိနှင့် သူစိမ်းယောက်ျား တစ်ယောက် နှင့် ညအိပ် ရက်ရှည် ခရီးထွက်ရာတွင် ကြုံတွေ့နိုင်သည့်အရာ အားလုံးကို ရင်ဆိုင်ရန် အသင့်ဖြစ်ကောင်း ဖြစ်နေ လိမ့်မည်။ သူမသည် ယခုပင်လျှင် အမျိုးသမီး ခရီးဖော် ရှိလျက်နှင့် ထိုတဲတွင် မအိပ်ဘဲ သူ့ထံပြန် လာခဲ့ပြီ။
ကျန်းမာ သန်စွမ်းသည့် ယောက်ျားတစ်ဦးနှင့် မိန်းမပျိုတစ်ဦး၊ မှောငိုက်သည့်အကာလ ညအချိန်တွင် အတား အဆီး မရှိသည့် အခန်းတစ်ခန်းထဲတွင် အိပ်စက်နေကြလျှင် မည်သည့်အရာမဆို ဖြစ်နိုင်သည် မဟုတ်လော။ သူမသည် အိပ်ပျော်ဟန် မတူ။ ချမ်း၍လားမသိ။ မကြာခဏ လူးလိမ့်သံကြားနေရ၏။
ဂင်ရန်လီသည် ဂွမ်းစောင်ဖြင့် မျက်နှာအုပ်၍ မျက်စိအတင်းမှိတ်သော်လည်း အိပ်မပျော်နိုင်။ အနား ကိုပင် ခေါ်ရတော့မည်လော။ သို့တည်းမဟုတ် မိမိကိုယ်တိုင် ဂွမ်းစောင်မ၍ အနားအား လွှမ်းခြုံပေး ကာ နွေးထွေး စွာ အတူအိပ်စက်ကြမည်လော။

ဂင်ရန်လီ၏ ရင်ထဲတွင် တိုက်ပွဲတစ်ခု ပြင်းထန်စွာ ဖြစ်ပွားနေ၏။ ထိုမှ ညသန်းခေါင်ကျော် ကြက်ဦးတွန်ချိန် တွင်ကား ဂင်ရန်လီ သည် မောဟိုက်နွမ်းလျစွာ အိပ်ပျော်သွားလေ၏။
နောက်နေ့ စောစောထ ၍ အနားက ချက်ပြုတ်လေ၏။ ပြီးနောက် ထမင်းစားရန် ဂင်ရန်လီအား လှုပ်နိုးလေ သည်။ ဤဒေသ ၌ ခရီးသွားရာတွင် နံနက်ဝေလီဝေလ်း အိပ်ရာထထချင်း ထမင်းစားရသည့် ဒုက္ခသည် မသေး လှ။ ထမင်း မဆာသေး၊ မစားချင်သေးဟု မရ။ စားကို စားရမည်။ စား၍ မ၀င်လျှင်လည်း ပါးစပ်ပေါက် သို့ အတင်း သွတ်သွင်း၍ မျိုချရမည်။ ထိုသို့ မျိုဆို့ထားတာတောင်မှ တောင်တစ်တောင်ကျော်လျှင် အစာ ကြေပြီ၊ ဆာလာပြီ။
အနား က ထမင်းစားပြီး သူတို့အဖွဲ့နှင့် လိုက်တော့မည်။ အဖော်ကောင်းသည်ဟု ဆိုလေ၏။ ဂင်ရန်လီက အိပ်ရာ က မထချင်သေး။ သို့သော် လူးလဲထလိုက်၏။ ထလိုက်၏။
" အနား ... ညက အိပ်ပျော်ရဲ့လား " ဟု မေးလေ၏။

" ကျွန်မ ဘယ် အိပ်ပျော်နိုင်ပါ့မလဲ။ ချမ်းလို့ တစ်ညလုံး အိပ်လို့မရဘူး " ဟု လေသံပြတ်နှင့် ပြော၏။ ယမန် နေ့ က ဆရာ ... ဆရာဟု ပြောတတ်သော်လည်း ယနေ့ " ဆရာ " စကားလုံးပင် မပါတော့။ အနားသည် ရင်းနှီးမှုလည်း မပြတော့။ ထမင်းစားပြီး အထုပ်အပိုးပြင်ကာ ထသွားရန် ပြင်လိုက်၏။
" နေဦး၊ နေဦး၊ ငါ မကူမယ် " ဟုဆိုကာ ဂင်ရန်လီသူ့ထံ ကပ်သွား၏။
" မလိုဘူး၊ မလိုဘူး။ ကျွန်မ နိုင်ပါတယ် " ဟုဆိုကာ ထရံကို လက်နှစ်ဖက်ဖြင့် ကုတ်၍ အားယူထသွားလေ၏။ လွန်ခဲ့သည့် နှစ်ရက်ကဆိုလျှင် အထမ်းပိုးရာတွင် ဖြစ်စေ၊ ချရာတွင်ဖြစ်စေ ဂင်ရန် လီက မကူနေကျ။ ယနေ့သော်ကား ထိုသို့ မဟုတ်တော့ပြီ။ ဂင်ရန်လီများစွာ ခေါင်းဂှုပ်သွားရသည်။
အနားနှင့် ပတ်သက်၍ မိမိပြုမူပုံ မှားသွားပြီလေ။ ဂွမ်းစောင်တစ်ပိုင်းစီ မခြုံသင့်ပါသလော။ မွေ့ရာ မငှားသင့် ပါသလော။ မိမိ အလွန် တစ်ကိုယ်ကောင်းဆန်ခဲ့ပြီလော။
" ကျွန်မ သူတို့ နဲ့ လိုက်သွားမယ်။ သူတို့ စောစောထွက်မယ်လို့ ပြောတယ်။ ဆရာ နောက်မှ လိုက်ခဲ့ " ဟု ပြောကာ တဲ မှ သုတ်ခြေတွင် သွားလေတော့သည်။ ဂင်ရန်လီသည် အနား၏ အပြောအဆို၊ အပြုအမူကို ကြည့်ပြီး အံ့သြစွာဖြင့် ရေနွေးကြမ်းသောက်ကာ ကျန်နေခဲ့၏။ ပြီးမှ တစ်ကိုယ်တည်း နောက်မှ လိုက်လာခဲ့ ၏။

ထရူထီခေါ် ချောင်းတစ်ခု၏ ကြိုးတံတားပေါ်တွင် သူတို့အား မီလေ၏။ တံတားပေါ်တွင် စုစုပေါင်း ငါးယောက် စုဝေးထိုင်၍ အမောဖြေနေကြသည်။ အနားအပါအ၀င် မိန်းကလေးလေးယောက်နှင့် ယောက်ျား လေး တစ်ယောက်ဖြစ်၏။ အားလုံး ရွယ်တူနီးပါးရှိကြ၏။ အနားက မိတ်ဆက်ပေးလေ၏။ မိတ်ဆက်ပေး ဖော်ရ၍ ဂင်ရန်လီ ၀မ်းမြောက် ၀မ်းသာဖြစ်ခဲ့သည်။
ယောက်ျားလေး သည် ရဲတပ်သားဖြစ်ကြောင်း၊ ခရီးသွားဖော် မိန်းကလေးများသည် ရဲတပ်ဖွဲ့၏ ရိက္ခာပိုသူ များဖြစ်ကြောင်း၊ အားလုံး ပူတာအိုမြို့မှ ဖြစ်ကြောင်း သိရ၏။
အနားသည် ယမန်နေ့များနှင့် လုံးဝမတူတော့။ အလွန် အဓိပ္ပာယ်ဖော်ရခက်သော မျက်လုံးများနှင့် မကြာ ခဏကြည့် တတ်၏။ နာကြည်းမှုကို ပြသလော၊ သတ္တိကြောင်သူဟု ရှုတ်ချနေသလော၊ စာနာမှု ကင်းမဲ့သူဟု သတ်မှတ်သလော၊ ဂင်ရန်လီ မခွဲခြားတတ်တော့။

သို့နှင့် လမ်းခရီးတွင် သူတို့ ငါးဦးကတစ်ဖွဲ့။ ဂင်&န်လီ တစ်ယောက်တည်းကတစ်ဖွဲက လျှောက်လှမ်းကြ၏။ ထိုညတွင် " ငါ့လုဒမ် " ဗိုလ်တဲ၌ တည်းခိုကြ၏။ ဗိုလ်တဲသည် တံခါးမရှိသော်လည်း သီးသန့်အခန်းတစ်ခု ဖွဲ့ထားရာ ဂင်ရန်လီသည် ထိုအခန်း ၌ နေရာယူ၏။ အနားအား ထိုအခန်း ၌ပင် အိပ်ရန် ပြောသော်လည်း လက်မခံတော့။ ချမ်းသည်၊ သူတို့နှင့် အိပ်မည်ဟု ပြော၏။ ထမင်း စားချိန် ၌လည်း ဂင်ရန်လီအား ခူးခပ်ကျွေး ကာ သူတို့နှင့်သာ ပေါင်းစားတော့၏။ သူတို့မှာ ဟင်းမပါဘူးဟုဆိုကာ ဂင်ရန်လီ ခေါ်ဘူဒဲ ရှားပါးဒေသ ၌ စားရန် စပါယ်ရှယ် ကြော်ထားသည့် ဗာလချောင်ကြော် ကို သူတို့အား ကျွေးလိုက်လေ၏။ ဂင်ရန်လီသည် မည်သို့မျှ မတားတော့။ သူ ထမ်းလာတာပဲ၊ သူ ကျွေးပါစေ ဟု နှမြောသောစိတ်ကို ချိုးနှိမ်ပစ်လိုက်လေ သည်။

နောက်နေပတွင် ကံအားလျော်စွာ အနားတစ်ယောက်တည်း လျှောက်နေစဉ် ဂင်ရန်လီမီလေ၏။ အနားသည် ဂင်၇န်လီအား ဟက်ဟက်ပက်ပက် စကားမပြော။ အထမ်းလေးသည် ပင်ပန်းသည်၊ စကား မပြောနိုင်ဟု ဆိုလေ၏။ ဂင်ရန်လီက -
" အနား မင်းသိပ်ရက်စက်တာပဲကွာ။ မင်း ငါ့ကို တစ်ယောက်တည်း ပစ်ထားတယ်။ ငါ မင်းနဲ့အတူ လျှောက် ချင်တယ်၊ စကားပြောချင်တယ် " ဟုပြောရာ အနားက -
" ပစ်ထားတယ်၊ ရက်စက်တယ်၊ ဟုတ်လား၊ ဆရာ့ပစ္စည်း ဒီအထမ်းခေါ်ဘူဒဲ ရောက်ရင် ပြီးတာပဲ မဟုတ် လား၊ ဘာလိုသေး လို့လဲ။ ကျွန်မ ဒီပစ္စည်း အရောက်ပို့ပေးမယ် စိတ်ချ " ဟု ထိုးနှက်လိုက်လေသည်။

ဂင်ရန်လီ နငတ်ဆိတ်သွား၏။ ဆက်ပြောက အထမ်းချပြီး ပြန်သွားလျှင် မည်သို့ တတ်နိုင်မည်နည်း။ ဤသို့ သော အဖြစ်အပျက်လည်း ရှိခဲ့ဖူးသည်။ သူသည် အနား၏ နောက်မှ တိတ်ဆိတ်စွာ လိုက်နေ၏။ အနား သည် ခရီးသွား လမ်းလျှောက်ရာတွင် သူများတကာထက် တစ်မူထူးခြားစွာ လျှောက်တတ်၏။ သူမ သည် သူ၏ ဘယ်လက်၊ ညာလက်နှစ်ဖက်ဖြင့် သူ၏ ခါးသေးသေးကို ခါးထောက်ကိုင်ညှစ်၍ လျှောက်တတ် ၏။
ဂင်ရန်လီသည် အနား ကို ဤသို့ ပြုမူချက် တစ်စုံတစ်ရာ အဓိပ္ပာယ်ရှိမည်ဟု ယူဆပြီး မတ်စောက်သောတောင် တက်လမ်းများတွင် အနား၏ နည်းအတိုင်း ခါးကို လက်နှစ်ဖက်ဖြင့် ကိုင်ညှစ်ခါး ထောက်၍ လျှောက်ကြည့်ရာ ပို၍ အားရှိ သလိုရှိလာ၏။ မောပန်းသည့်အခါ ထိုနည်းဖြင့် လျှောက်လျှင် သက်သာရာရသည်ဟု ခံစားမိ၏။
အနားသည် နောက်နေ့များတွင် ဂင်ရန်လီနှင့် တွဲမလျှောက်မိအောင် တတ်နိုင်သမျှ ရှောင်လေ၏။ ဂင်ရန်လီ သည်လည်း အနားနှင့် တွဲလျှောက်ရန် နည်းလမ်းရှာ၏။ သို့သော် အောင်မြင်မှုကား အနည်းငယ်မသာ။ သူမ သည် ရဲသားနှင့် တွဲလျှောက်ကာ စကားပြောဆို ရယ်မောကြ၏။

" ဘယ့်နှယ် မောလို့စကားမပြောနိုင်ဆိုတဲ့ အနား၊ ခုကျတော့ ရဲသားနဲ့ ရယ်လို့မောလို့ အကြည်ဆိုက်နေ လိုက်ကြတာ " ဟု ယောက်ျားတန်မဲ့ ၀န်တိုစိတ်မွေးနေ၏။ အမှန်တော့ ရဲသားခမျာမှာလည်း အနား၏ ၀န်ထက် မပေါ့သော ဆန်ရိက္ခာကို ထမ်းနေရရှာသည်။
မည်သို့ပင်ရှိစေ၊ ခရီးစဉ်တစ်လျှောက်လုံး ဂင်ရန်လီအား အနားကပင် လွှမ်းမိုးနေ၏။ သွက်လက်ချက်ချာ သော အနား၊ စကားကို မနားတမ်း တတွတ်တွတ် ပြောနိုင်သော အနား၊ ငါးရံ့ကိုယ်လုံးပိုင်ရှင် အနား၊ မျက်နှာပေါ်တွင် ချွေးသီးခွေးပေါက် စီးကျနေသော်လည်း သုတ်မပစ်သည့် အနား၊ လီဆူးစကားသင်ပေး သောအနား။
ယခုသော်ကား သူ့အနားမကပ်ပြီ။ ရဲသားလေးနှင့် လုံးထွေး အကြည်ဆိုက်နေပြီ။ ဂင်ရန်လီ၏ ရင်တွင် မနာ လိုဝန်တိုမှုတွေ အစုအပြုံလိုက် မွေးဖွားနေ၏။ ငါးကြီးတစ်ကောင် မိလာပြီးမှ ရေထဲလွတ်ကျသွားသကဲ့သို့ တစ်ခါတစ်ရံတွင် ခံစားမိလေသည်။

အနားသည် သူ့အလွယ်ခြင်းကို ကူညီမပေးသည်ကိုပင် လက်မခံတော့။ ရဲသား မ ကူလျှင်ကား ပြုံးရွှင်စွာ ခံယူလေ၏။ ဤသို့ဖြင့် ဤခရီးစဉ်သည် အလွန်ပျော်ရွှင်ဖွယ် ကောင်းရာမှ ပျော်ရွှင်ဖွယ်ရာ တစ်စက်မှမရှိ သော၊ စိတ်အလွန်ဆင်းရဲသော ခရီးစဉ်သို့ ပြောင်းလဲသွား၏။ မိမိအခေါက်ခေါက် အခါခါ သွားခဲ့သောလမ်း များသည် ပို၍ ရှည်လျားလာကြ၏။ ပို၍ မတ်စောက်လာကြ၏။
မည်သို့ဖြစ်စေ သီတင်းတစ်ပတ်ကျော် ကြာသည့်အခါ သူတို့သည် ခေါ်ဘူဒဲသို့ ရောက်လာကြ၏။ အနား ပြောသကဲ့သို့ပင် ဂင်ရန်လီ၏ အထုပ်အပိုးများ ခေါ်ဘူဒဲသို့ ကောင်းစွာ ရောက်ရှိသွား၏။ ရောက်သည့်ညမှာ ပင် အနားသည် ထမင်းစားပြီး သူတို့အဖွဲ့ထံ ပြောင်းရွှေ့သွား၏။ တစ်ည တစ်လေတော့ တည်းခိုပါဆိုလည်း မရတော့။
နောက်နေ့များတွင် ဂင်ရန်လီသည် တာဝန်ပြန်လည် ထမ်းဆောင်နေရ၍ အနားနှင့် မဆက်သွယ်မိတော့။ တစ်ခါတစ်ရံ အနားသည် အ၀တ်အစား သန့်ပြန့်စွာ ၀တ်စားဖြီးလိမ်းပြီး ရဲသားတို့အဖွဲ့နှင့် သွားလာနေ သည်ကို တွေ့ရ၏။ ဖက်ဖူးရောင် ထဘီ၊ အင်္ကျီဖြူနှင့် အနားသည် ခရီးသွားဖော်နှင့်မတူ။ ဆရာမတစ်ဦး၊ စာရေးမတစ်ဦးနှင့်ပင် တူနေတော့သည်။

ဆက်ရန်
.

No comments: