Monday, October 8, 2012

အဏ္ဏဝါစိုးမိုး ၏ သင်္ဘောသားလောက မှုခင်းများ, အပိုင်း (၆)

စားပွဲထိုးကို ဓားဖြင့်ထိုးရန် လိုက်သည့်သင်္ဘောသား

ဂရိလိုင်းသင်္ဘောပေါ်မှာဖြစ်ခဲ့သည့် မှုခင်းဖြစ်သည်။ ဂရိကပ္ပတိန်နှင့် ဂရိလူမျိုး စားပွဲထိုးတို့ သည် မြန်မာသင်္ဘောသားတွေ ကို ငွေဝယ်ကျွန်လိုသဘောထားပြီး အစာရေစာဝအောင် မကျွေး သည့် ပြ ဿနာက စခဲ့သည်။ သင်္ဘောကုမ္ပဏီသည် ဂရိသင်္ဘောသားတစ်ယောက်လျှင် ရိက္ခာငွေ တစ်နေ့ကို ၇ ဒေါ်လာခွင့်ပြုသော်လည်း မြန်မာသင်္ဘောသားတစ်ောက်ကို ၄ ဒေါ်လာသာ ခွင့်ပြု သည့်အတွက် ဂရိလူမျိုး ကပ္ပတိန်နှင့် စားပွဲထိုးတို့က မြန်မာတွေကို မသေရုံကျွေးပြီး ကျွဲနွားတွေကို ခိုင်းသလို ခိုင်းစေတော့သည်။
ပြင်သစ်နိုင်ငံ ဆိပ်ကမ်းမြို့တစ်မြို့မှာ ကုန်ချရန် ကျောက်ချပြီး စောင့်ဆိုင်းနေစဉ် ပြဿနာတက်ပြီး အမှုဖြစ်ဖို့ ဇာတ်လမ်းစလာတော့သည်။ တတိယအရာရှိ မြင့်ဟန်သည် မခံမရပ်နိုင်ဖြစ်ပြီး ပေါက် ကွဲသည်။ သင်္ဘော၏ တက်မစင်၏ နံရံကို ပိတ်ကန်သည်။ စားပွဲကို လက်သီးဖြင့်ထုသည်။ ကပ္ပတိန်က တက်မစင်ကို တက်လာပြီး ဟန်မြင့်ကို ဟောက်မေး မေးသည်။

" မင်း ဘာဖြစ်နေတာလဲ၊ "
" ဘာဖြစ်နေတာမြင်လို့လဲ "
" နင်တို့ မြန်မာတွေကို ရေပဲတိုက်ထားဖို့ ကောင်းတယ် "
ကပ္ပတိန်က ဒီလိုပြောလိုက်တဲ့စကားသည် ဟန်မြင့်ကို နားလည်မှု လွဲသွားစေသည်။ အဲဒီနေ့က မြန်မာ သင်္ဘောသားတွေ ကို အရက်ထုတ်ရောင်းသည်။ ဟန်မြင့်တို့ အရက်ဝယ်သောက်ပြီး မူးကြ သည်။ မူးလာသည့် အခါ မကျေနပ်တာတွေ ပေါက်ကွဲတော့သည်။ ဒီသင်္ဘောမှာ မြန်မာသင်္ဘောသားကို အရက်မရောင်းရလို့ အမိန့်ထုတ်ထားသည်။ ဒီနေ့တော့ အလုပ်ပင်ပန်းကြ လို့ဆိုပြီး အရက်ထုတ်ရောင်းသည်။ ကပ္ပတိန်က ဒါကို ရည်ရွယ်ပြီး အရက်တိုက်ဖို့မကောင်း၊ ရေပဲ တိုက်ထားဖို့ကောင်းတယ်လို့ပြောလိုက်မိတာဖြစ်သည်။ အဲဒါကို ဟန်မြင့်က နားလည်မှု လွဲမှားသွား သည်။ မစွန်းရင်းက ရှိထားတော့ ကန်စွန်းခင်းက ငြိသွားတော့သည်။

" အေးပေါ့၊ ကျုပ်တို့ မြန်မာတွေကို ရေပဲတိုက်ထားပြီး ရိက္ခာငွေတွေကို ခင်ဗျား အိတ်ထဲချည်းထည့် ပေါ့ "
ဂရိကပ္ပတိန် သည် အကြီးအကျယ်ရှက်သွားပြီး ဟန်မြင့်ကို ပွေ့ချီကိုင်မြှောက်ပြီး ကြမ်းပြင် မှာ ပေါက်ချလိုက်သည်။ ဟန်မြင့် သည် သွားသုံးချောင်းကျိုးသွားပြီး သွေးအိုင်ထဲမှာ သတိလစ်ပြီး လဲ ကျနေတော့ သည်။ ဟန်မြင့်နှင့် အတူ တာဝန်ကျနေသည့် မြန်မာသင်္ဘောသားက ပြေးဆင်းလာပြီး သတင်းပို့ လို့ မြန်မာသင်္ဘောသား အားလုံး အိပ်ရာက ထလာကြပြီး ဟန်မြင့်ကို ပွေ့ထူကြသည်။ ပြင်သစ်နိုင်ငံ ဆိပ်ကမ်း အာဏာပိုင်ကို ဖုန်းဆက်ခေါ်ပြီး ဟန်မြင့်ကို ဆေးရုံတင်လိုက်ကြသည်။

ဒီကိစ္စနှင့် ပတ်သက်ပြီး မြန်မာသင်္ဘောသားတွေက မကျေနပ်လို့ ဂရိကပ္ပတိန်ကို ဆန္ဒပြရန် သင်္ဘော သားထမင်းစားခန်း မှာ စုရုံးတိုင်ပင်ကြသည်။ မြန်မာသင်္ဘောသားတွေကို တပည့်သားလို သဘော မထားဘဲ သွေးထွက်သံယိုဖြစ်အောင် နှိပ်စက်သည့် ကပ္ပတိန်နှင့်အတူ သင်္ဘောတစ်စီးတည်းမှာ အမှုမထမ်း လိုတော့ပါ။ ကပ္ပတိန်ကို အလုပ်ဖြုတ်ချင် ဖြုတ်၊ မဖြုတ်လျှင် ကျွန်ုပ်တို့ မြန်မာသင်္ဘောသား ၁၇ ယောက်ကို အလုပ်ဖြုတ် ပါ။ ယခုအချိန်ကစပြီး မြန်မာသင်္ဘောသားတွေ အားလုံး ဆန္ဒပြနေပါပြီဟု စာရေးပြီး ဆိပ်ကမ်းအာဏာပိုင် ကို ပေးလိုက်ကြသည်။
ဒီကိစ္စနှင့် ပတ်သက်ပြီး သင်္ဘောကုမ္ပဏီသည် ချက်ချင်းအကြောင်းမပြန်ဘဲ အချိန်ဆွဲနေသည့် အတွက် သင်္ဘောသား ထမင်းစားခန်း မှာ မြန်မာသင်္ဘောသားတွေ စုရုံးကြပြီး နောက်တစ်ဆင့် ဘာဆက်လုပ်ကြမလဲ တိုင်ပင်နေကြသည်။ ဒီအချိန်မှာ ဂရိလူမျိုးစားပွဲထိုးသည် မြန်မာတွေ အစည်းအဝေးလုပ်နေတာကို ရပ်ကြည့်နေပြီး မထီလေးစား ဟန်ဖြင့် လက်ပိုက်ရပ်နေသည်။ မြန်မာ သင်္ဘောသားအရာရှိတစ်ယောက်သည် ဂရိစားပွဲထိုး ကို အော်ပြောလိုက်သည်။

" ဟေ့ကောင်၊ ဒီမှာ ငါတို့ အစည်းအဝေးလုပ်နေတယ်၊ နားမထောင်နဲ့ "
" နင်တို့ မြန်မာတလို ပြောနေကြတာ၊ ငါဘယ်လိုလုပ် နားလည်မလဲ "
" နားလည်လည် မလည်လည် ထွက်သွား။ မင်းဒီမှာ ရပ်နေတာကို မမြင်ချင်ဘူး "
" မသွားဘူး၊ ငါ့ဟာငါနေတာ၊ ဘာဖြစ်လဲ "
မြန်မာသင်္ဘောသားအရာရှီသည် ခါးကြားမှာ အမြဲထိုးထားသည့် အသွားဆယ်လက်မလောက် ရှည်သည့် သားလှီးဓား ကို ဆွဲထုတ်ပြီး စားပွဲထိုးကို ထိုးဖို့လိုက်သည်။ စားပွဲထိုးသည့် သူ့ဆရာ ကပ္ပတိန်ဆီ ကို ပြေးပြီးတိုင်သည်။ ဒီလိုလုပ်လို့ ဒီလိုဖြစ်လာလျှင် ဒီလိုအရေးယူမည် ဆိုပြီး ထောင် ချောက် ဆင် ထားတာ ဖြစ်မည်။ ကပ္ပတိန်သည် မြန်မာသင်္ဘောသားတွေရှိရာ ထမင်းစားခန်းကို ချက် ချင်းရောက် ရှိလာသည်။ မြန်မာအရာရှိကို ကောက်မေး မေးသည်။

" မင်း ဘယ်လို ဖြစ်နေတာလဲ၊ မနေ့ကလည်း ကုန်းပတ်ပထမအရာရှီကို ဆွဲထိုးတယ်၊ ဒီနေ့လည်း စားပွဲထိုးကို ဓားနဲ့ထိုး ဖို့ လိုက်တယ်၊ မင်း အလုပ်ပြုတ်ချင်ပြီလား "
" ဟုတ်တယ် ပြုတ်ချင်တယ်၊ ခင်ဗျားနဲ့အတူ မနေဘူး၊ ကျုပ်ကို အခုချက်ချင်း ပြန်ပို့ "
" အေး ပို့မယ်၊ မင်းကို လက်ထိပ်ခတ်ပြီး အချုပ်နဲ့ ပြန်ပို့မယ်၊ ငါအခုပဲ ရဲကို သွားခေါ်မယ် "
" သွားခေါ်ချေ၊ နင့်အဖေရဲကို၊ ငါမနေ့ကတည်းက အထုပ်ပြင်ထားပြီးပြီ "
ကပ္ပတိန် သည် သင်္ဘောပေါ်က ဆင်းသွားပြီး ဆိပ်ကမ်းအာဏာပိုင်ရုံးကိုသွားသည်။ မိမိ၏ သင်္ဘော က မြန်မာအရာရှိ တစ်ယောက်သည် ဓားတ၀ငက့်ဝင့်ဖြင့် ရမ်းကားနေသည့်အတွက် ရဲ အချုပ်ထဲ ထည့်ပေးပါရန် သွားပြော သည်။ ဆိပ်ကမ်းအာဏာပိုင်က မနေ့က မြန်မာသင်္ဘောသား တွေလာပို့ထားသည့် ရာဇသံကို ထုတ်ပြ လိုက်သည်။

" အဲဒီကိစ္စကို အသာထားဦး၊ ခင်ဗျားကို အလုပ်ဖြုတ်ပေးဖို့ တောင်းဆိုထားတယ် "
ကပ္ပတိန်သည် မြန်မာ့ရာဇသံကို ဖတ်ကြည့်ပြီး အကြီးအကျယ်တုန်လှုပ်သွားသည်။ သူတို့ ဂရိလူမျိုး တွေသည် အလုပ်ပြုတ်မှာ ကို အလွန်ကြောက်ကြသည်။ သူတို့နိုင်ငံ၏ လူနေမှုအဆင့်အရ အလုပ် မရှိ၊ ၀င်ငွေမရှိဘဲ တစ်လမပြောနှင့် တစ်ပတ်ဆက်ရက်တောင် မနေနိုင်သည့်အတွက်ကြောက်တာ ဖြစ်သည်။ မြန်မာတွေကတော့ တစ်နှစ်လုပ်စာ ကို သုံးနှစ်လောက် ထိုင်စားတာတောင် မကုန် သည့် အတွက် အလုပ်ပြုတ်မှာ မကြောက်ဘဲ မတရားဘူး ထင်လျှင် ချဲလင်းခေါ်တော့သည်။
အဲဒီဖြစ်စဉ် မှာ မြန်မာသင်္ဘောသားတွေ ဘာမှမဖြစ်ဘဲ ဂရိလူမျိုး ကပ္ပတိန်နှင့် ကုန်းပတ်ပထမ အရာရှိတို့ အလုပ်ပြုတ်ပြီး သင်္ဘောက ဆင်းပြေးကြရသည်။ အဲဒီအမှုမှာ ဂရိလူမျိုးစားပွဲထိုးကို ဓား ဖြင့် ထိုးဖို့ လိုက်ခဲ့တာ ကျွန်တော် အဏ္စ၀ါစိုးမိုးပါ ခင်ဗျား။
မကောင်းတာလုပ်လျှင် မကောင်းတာဖြစ်မည်။ ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မည်။

ဂျပန်နိုင်ငံမှာ မော်တော်ဆိုင်ကယ်ခိုးသည့်သင်္ဘောသား
ကျွန်တော်တို့သင်္ဘောသည် ဂျပန်နိုင်ငံက ထွက်လာပြီး အမေရိကန် နိုင်ငံကိုသွားရန် ပစိဖိတ် သမုဒ္ဒရာကြီး ကို ဖြတ်နေပြီဖြစ်သည်။ မနေ့ညက မတော်မိုးချုပ်မှ ဂျပန်ဆိပ်ကမ်းက ထွက်ခွာလာ သည်။ ဒီနေ့ နံနက် ကျွန်တော် အိပ်ရာက နိုးလာတော့ သင်္ဘောကြီး၏ ကုန်းပတ်ပေါ်က မော်တော် ဆိုင်ကယ် စက်နိုးသံကို ကြားနေရသည်။
နံနက်စာ စားသောက်ပြီးတော့ တာဝန်ကျအရာရှိထံမှာ သင်္ဘောတည်နေရာကို သိရအောင် တက် မစင်ကို ကျွန်တော် တက်သွားသည်။ ရာသီဥတု သာယာနေသည့်အတွက် သင်္ဘောကြီးသည် ငြိမ်ပြီး တအိအိ ခုတ်မောင်းနေ သည်။ တက်မစင်က တာဝန်ကျအရာရှိထံမှ သိချင်တာတွေ မေးမြန်း တောင်းယူနေစဉ် ကုန်းပတ်ပေါ် က မော်တော်ဆိုင်ကယ် ခုတ်မောင်းနေတာ ကြားနေရ သည်။ တက်မစင်ကနေ ကုန်းပတ်ပေါ်ကို လှမ်းကြည့် လိုက်တော့ တက်မကိုင် သင်္ဘောသားတစ် ယောက်သည် မော်တော်ဆိုင်ကယ် တစ်စီးကို အသားကျ ခွစီးပြီး ကုန်းပတ်ပေါ်မှာ အသွားအပြန် မောင်းနှင်နေတာ တွေ့ရသည်။ ကျွန်တော် အတော်အံ့သြသွားသည်။ ဒီမော်တော်ဆိုင်ကယ် သင်္ဘောပေါ်ကို ဘယ်ကရောက်လာပါလိမ့်ဟု သိချင်လို့ တာဝန်ကျအရာရှိ ကိုမေးကြည့်ရသည်။

" ဒီမော်တော်ဆိုင်ကယ် ဘယ်ကရောက်လာတာလဲ "
" အဲဒီကောင်တွေ ခိုးလာကြတာလေ "
" ဟာ ဘယ်သူ့ဟာကို ခိုးလာကြတာလဲ "
" မသိဘူး၊ ဂင်းဂွေးနားမှာ လာရပ်ထားတဲ့ ဆိုင်ကယ်ကို ယူလာခဲ့ကြတာ "
ဂင်းဂွေဆိုတာ သင်္ဘောဆိပ်ခံဘောက်တားပေါ်ကနေ သင်္ဘောပေါ်ကို တက်တဲ့ဆင်းတဲ့ သင်္ဘော ပိုင်လှေကားကို ခေါ်တာဖြစ်သည်။ ဒီမော်တော်ဆိုင်ကယ်သည် သင်္ဘောကြီး၏ အရိပ်ကိုခိုပြီး သင်္ဘောကြီး ၏ လှေခါးနားမှာ ရပ်ထားတာ ကြာပြီဖြစ်သည်။ ဆိပ်ခံတံတားမှာ ငါးလာမျှားနေသူတွေ ထဲက တစ်ယောက် ၏ ဆိုင်ကယ်ထင်ပြီး ဂရုမစိုက်ဘဲ ထားခဲ့ကြသည်။

ဒီမော်တော်ဆိုင်ကယ်ကို ပိုင်ရှင်က တစ်နေ့လုံးလည်း လာမယူ၊ တစ်ညလုံးလည်း လာမယူ၊ နှစ် ရက်ခန့်ကြာအောင် ပိုင်ရှင်က လာမယူသောအခါ ဒီဆိုင်ကယ်ကို သင်္ဘောသားတွေ သတိထား စောင့်ကြည့်လာသည်။ ဟွန်ဒါ ၁၂၅ အမျိုးအစားဖြစ်သည်။ အတော်သစ်လွင်နေသေးသည်။ ဆီတိုင်ကီ ဖွင့်ကြည့်တော့ ဆီတစ်ဝက်လောက်ရှိနေသည်။
သင်္ဘောထွက်မည့် ညမှာတော့ သင်္ဘောသားတွေက ဆိပ်ခံတံတားမှာ ငါးလာမျှားသူ တစ်ယောက် တစ်လေ ရှိသလား ကြည့်လိုက်သည်။ တစ်ယောက်မှ မတွေ့ရဘဲ မော်တော်ဆိုင်ကယ်ကိုသာ တွေ့ သဖြင့် ညအမှောင်ကို အသုံးပြုပြီး မော်တော်ဆိုင်ကယ်ကို သင်္ဘောက ၀န်ချီစက် (ကရိန်း)ဖြင့် မတင်ယူလာခဲ့ကြတော့သည်ဟု ဆိုပါသည်။ သူတစ်ပါး ပိုင် ပစ္စည်းကို ပိုင်ရှင်မသိအောင် ယူလာတာဟာ ခိုးယူလာခဲ့တာဖြစ်သည်။

သင်္ဘောသားတွေကတော့ ခိုးယူလာသည့် မော်တော်ဆိုင်ကယ်ကို သင်္ဘောကြီး၏ ကုန်းပတ်ပေါ် မှာ ခေါက်တုန့်ခေါက်ပြန် စီးနေကြတော့သည်။ မစီးတတ်သေးသူတွေကလည်း အစီးသင်ကြ သည်။ မော်တော်ဆိုင်ကယ် ကလည်း ကောင်းလိုက်တာ လွန်ပါရော။ စက်နှိုးလိုက်လျှင် ၀ူးခနဲ နှိုး သည်။ တစ်စီးပြီးမောင်းကြည့်တော့လည်း စက်သံတောင် မကြားရဘဲ ငြိမ့်ပြီး လိမ့်နေသည်။ ဒီဆိုင်ကယ်မှာ ပိုင်ရှင် သတ်သတ်မှတ်မှတ် မရှိလို့ သင်္ဘောက အများပိုင်ဟု သတ်မှတ်ထားကြ သည်။

အမေရိကန်နိုင်ငံကို ရောက်သွားသောအခါ ဒီဆိုင်ကယ် ပြဿနာဇာတ်လမ်း စလာတော့သည်။  နိုင်ငံတစ်နိုင်ငံ၏ ဆိပ်ကမ်းတစ်ခုကို ရောက်ပြီဆိုလျှင် သင်္ဘောသားတို့ ပိုင်ဆိုင်သည့် ပစ္စည်း တွေကို တင်ပြ(ဒီကလဲယား) လုပ်ကြရသည်။ ဒီမော်တော်ဆိုင်ကယ်ကို ဘယ်သူပိုင်သလဲ ဆိုသည့် ပြဿနာဖြစ်လာသည်။ ဒီဆိုင်ကယ်မှာ ပိုင်ရှင် မရှိ ဖြစ်နေသည်။ သင်္ဘောပိုင်ဆိုင်ကယ်သဘော ဖြစ်သည်။
ဒီလိုလုပ် လို့ မရနိုင်ပါ။ မော်တော်ဆိုင်ကယ်ဖြစ်နေသည့်အတွက် တစ်စုံတစ်ယောက်က ပိုင်ဆိုင် ကြောင်း နာမည်ခံပေး ရမည်ဖြစ်သည်။ အဲဒီလို ဖြစ်လာတော့ မော်တော်ဆိုင်ကယ်ကို ဆိပ်ခံတံ တားပေါ်မှ သင်္ဘောပေါ် ကို ဆွဲတင်ရာမှာ ၀န်ချီစက်မောင်းပေးခဲ့ရသူ သင်္ဘောသားက နာမည်ခံ လိုက်ရသည်။

ဒါနဲ့ ပြီးရောလားဆိုတော့ မပြီးသေးပါ။ မော်တော်ဆိုင်ကယ်၏ လိုင်စင်နံပါတ်၊ စက်၏နံပါတ်၊ မော် ဒယ် ဆိုတာတွေ ကို စစ်ဆေးဖော်ပြရန် ရှာဖွေသောအခါ ဘာမှ မတွေ့ရဘဲ စနစ်တကျ ဖျက်ဆီးထား တာတွေ့ရှိ ရသည်။ အင်ဂျင်နံပါတ်ကို ကျောက်စက်ဖြင့် ပွတ်တိုက်ပြီး ဖျက်ထားတာ တွေ့ရသည်။ ဆိပ်ကမ်းအာဏာ ပိုင်က မေးသည်။
" ဒီဆိုင်ကယ် ဘယ်က ယူလာတာလဲ "
" ဂျပန်နိုင်ငံ က ယူလာတာပါ "
" ဂျပန်ကိုပြန်ပို့ပါ၊ အမေရိကန်မှာ လုံးဝမချပါနဲ့ "
အတော်ခေါင်းခဲစရာဖြစ်သွားသည်။ ဒီတော့မှ ဒီဆိုင်ကယ်ကို ခိုးယူလာသူဟာ သူမဟုတ်ပါ၊ ငါ မဟုတ်ပါ ဖြစ်ကုန်ကြ သည်။ ဆိုင်ကယ်ကို ၀န်ချီစက်မောင်းပေးသူ၊ ကူကိုင်ပေးသူ၊ ဆီပြည့်ပေး သူတွေ၊ တစ်ယောက် ကို တစ်ယောက် ထိုးချရိုးချကုန်ကြသည်။ နောက်ဆုံးမှာတော့ အားလုံးမှာ တာဝန်ရှိသည်။ ဂျပန်ပြည်ရောက် လျှင် သူ့နေရာမှာ ပြန်ထားလိုက်မည်ဟု သဘောတူကြသည်။

ဂျပန်ကိုရောက်သောအခါ မော်တော်ဆိုင်ကယ်ကို သင်္ဘောပေးက ပြန်ချပြီး သူ့နေရာမှာ ထားဖို့ လုပ်သည်။ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က သိသွားပြီး တားမြစ်သည်။ ဘယ်က မော်တော်ဆိုင်ကယ် လဲဟုမေးသည်။ အကြောင်းစုံပြောပြရာ ဂျပန်ဆိပ်ကမ်းအာဏာပိုင်က ပြုံးသည်။ အင်ဂျင်နံပါတ် ဖျက်ဆီးထားတာကြည့်ပြီး ပြောသည်။
" ဒီမော်တော်ဆိုင်ကယ်ပိုင်ရှင်ဟာ သူ့အမှိုက်ကို ပစ်စရာနေရာမရှိလို့ ခင်ဗျားတို့ သင်္ဘောအနီးမှာ လာပစ်သွားတာ "
ဒီတော့မှ သဘောပေါက်ကြတော့သည်။ ဂျပန်မှာ အဲဒီပြဿနာရှိ သည်။ မော်တော်ကား၊ မော် တော် ဆိုင်ကယ်တွေကို ဖျက်ဆီးခ သည် အသစ်တစ်စီး ၀ယ်ခလောက်နီးပါး ပိုင်ဆံပေးရသည်။ အဲဒီ တော့ လိုချင်သူ ယူသွားနိုင်အောင် ပစ် ထားခဲ့ပြီး လစ်သွားကြတော့သည်။

" အဲဒီတော့ ကျွန်တော်တို့ ဘာလုပ်ရမလဲ "
" အခုတော့ ဘာလုပ်လို့ ရတော့မလဲ၊ သူ့ဟာသူနေတာကို ခင်ဗျားတို့က သွားကိုင်တာကိုး။ ဂျပန်မှာ ချလို့ မရတော့ဘူး၊ ပြန်ယူသွား၊ ပင်လယ်ထဲ ပစ်ချလိုက်ပေတော့။ ဆီတွေစင်အောင် လုပ်ပြီးမှ ပစ်ချ၊ ရေထဲမှာ ဆီကွက်ကြီး ဖြစ်ပေါ်လာလို့ ပြဿနာ တက်နေဦးမယ် "
အတော် ဒုက္ခပေးသည့် မော်တော်ဆိုင်ကယ် ဖြစ်သည်။ ရေထဲပစ်ချတာတောင် ရေထဲမှ ဆီကွက် ကြီး ဖြစ်ပေါ်လာ လျှင် ဘယ်သင်္ဘောက ပစ်ချတယ် ဆိုတာကို စောင့်ကြည့်ပြီး ဓာတ်ပုံရိုက်နေသည့် ဂြိုလ်တုက သတင်းပို့ လိုက်လျှင် ဒေါ်လာသန်းနှင့်ချီပြီး ဒဏ်ရိုက်ခံရမည်ဖြစ်သည်။ မော်တော်ဆိုင် ကယ် ခိုးမိသူတွေ မှတ်လောက် သားလောက်အောင် ဖြစ်သွားကြသည်။
မကောင်းတာ လုပ်လျှင် မကောင်းတာဖြစ်မည်။ ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မည်။

ဒေါ်လာတစ်သန်းတန် ကိုယ်ထိလက်ရောက်မှု

ကျွန်တော်တို့သင်္ဘောသည် အမေရိကန်နိုင်ငံ၏ အနောက်ဘက်ခြမ်းက ဆိပ်ကမ်းမြို့တစ်မြို့၏ ဆိပ် ကမ်းတစ်ခုမှာ ဆိုက်ကပ်ထားသည်။ နိုင်ငံခြားသင်္ဘောကြီးတစ်စီး ဆိုက်ကပ်ပြီး ကုန်တင်၊ ကုန်ချ လုပ်ပြီဆိုလျှင် အနည်းဆုံး ငါးရက်မှ ခုနစ်ရ်ကြာလေ့ရှိသည်။ အကြောင်းတစ်စုံတစ်ရာကြောင့် ဆယ်ရက်ခန့်ကြာ သည့် အခါမျိုးလည်းရှိသည်။
ဒီအကြောင်းကို သိသည့် အမေရိကန်အမျိုးသမီးတွေ၊ နိုင်ငံခြားသင်္ဘောကြီးတွေပေါ် တက်လာကြ လေ့ရှိသည်။ ဒီအမျိုးသမီးတွေ သည် ဆင်းရဲငတ်ပြတ်နေလို့ ပြည့်တန်ဆာလုပ်ပြီး ငွေရှာဖို့လာသူ တွေ မဟုတ်။ ရည်ရွယ်ချက် နှစ်ခုဖြင့် လာ သူတွေဖြစ်သည်။

အရက်သောက်ချင်လို့၊ ကာမဆန္ဒဖြေဖျောက်ချင်လို့ သင်္ဘောပေါ်တက်လာကြတာ ဖြစ်သည်။ သင်္ဘောသားတွေ သည် အလုပ်ပင်ပန်း သူတွေဖြစ်လို့ အပန်းပြေအောင် ဘီယာ၊ အရက်သောက် ကြသူတွေ ဖြစ်သည်လို့ သူတို့ နားလည်ထားကြသည်။ မိသားစုနှင့် ခွဲခွာနေရသူတွေဖြစ်လို့ ကာမဆန္ဒ ရှိနေသူတွေလို့ သူတို့ ယုံကြည် ထားကြသည်။
နိုင်ငံခြားသင်္ဘောကြီးတွေပေါ် တက်လျှင် အရက်သောက်ရမည်။ သင်္ဘောသားတွေနှင့် အတူအိပ်ရ မည်ဆို သည့် မျှော်လင့်ချက်၊ ရည်ရွယ်ချက်ဖြင့် သင်္ဘောကို လာကြတာ ဖြစ်သည်။ ကုန်းကြောင်း လျှောက်လာတာ မဟုတ်။ လိုင်းကားစီးလာကြတာ မဟုတ်၊ ကိုယ်ပိုင်ကားတွေဖြင့် လာကြတာဖြစ် သည်။ သင်္ဘောမထွက်မချင်း၊ သင်္ဘောပေါ် မှာ နေကြတော့သည်။

သင်္ဘောပေါ်မှာ နေသည့်ရက်တွေမှာ အရက်ခေါ်တိုက်သည့် သင်္ဘောသားနှင့် အတူအိပ်သည်။ သင်္ဘောသားတွေ အတွက် ချက်ပြုတ်ထားသည့် ထမင်းတွေ၊ ဟင်းတွေကို စားသည်။ ဒီအမျိုးသမီး တွေသည် အစား ကို သိပ်ပြီး မမက်၊ အသောက်ကို မက်ကြသည်။ သင်္ဘောသားတွေ တည်ခင်းသည့် ဆေးလိပ်နှင့် အရက် ကို ဖွာရှိုက်၊ သောက်သုံးပြီး သင်္ဘောသားတွေရဲ့ အခန်းတွေမှာ စတည်းချနေတော့သည်။
သူတို့အုပ်စု ထဲမှာ သွေးဆိုးသူတစ်ယောက်တစ်လေ ပါတတ်သည်။ မူးလာသောအခါ အပြောအဆို၊ အနေ အထိုင် မဆင်ခြင်ဘဲ ထင်ရာဇွတ်ပြော၊ ထင်ရာဇွတ်လုပ်တတ်သူ၊ ရမ်းကားသူ ပါတတ်သည်။ ထိန်းမနိုင် သိမ်းမရဖြစ်တော့ သည်။ သင်္ဘောပေါ်မှာ လျှောက်သွားနေသည်။ သင်္ဘောသားတွေရဲ့ အခန်းတွေ ကို လျှောက်သွား၊ တံခါးဖွင့်ခိုင်းပြီး အတင်းဝင်ထိုင်သည်။ သော့ခတ်ထားသည့် အခန်း တွေ ကို ခြေဖြင့် ဆောင့်ကန် ဖွင့်ခိုင်းသည်။

အဲဒီလို ဖြစ်လာပြီဆိုလျှင် တာဝန်ကျသင်္ဘောသားက လိုက်ထိန်းပေးနေရသည်။ ရေထဲလိမ့်ကျ သွားမှာစိုး လို့ စောင့်ကြည့်ပေးနေရသည်။ ဒီအမျိုးသမီး ရေထဲလိပ်မ့်ကျပြီး သေသွားလျှင် သင်္ဘော ကို အမှုပတ် လာနိုင်သည်။ အထူးသဖြင့် ကန့်သတ်နယ်မြေဖြစ်သည့် တက်မစင်နှင့် စက်ခန်းကို မသွားအောင် တားမြစ်ရ သည်။ မူးနေသည့်အမျိုးသမီးက တက်မစင်ကို တက်ကြည့်ဖို့ လုပ်သည်။ တာဝန်ကျ သင်္ဘောသားက သွားခွင့်မပြုဘဲတားသည်။
အမျိုးသမီး က အတင်းသွားမည်လုပ်သည်။ တာဝန်ကျသဘော်သားက တာဝန်အရ တားမြစ်တာကို သူ့ကို နှောက်ယှက်သည်ဟုစွပ်စွဲသည်။ အမေရိကန်နိုင်ငံမှာ ဖြစ်နေသည့်အတွက် အရာရာတိုင်းကို လူ့အခွင့်အရေး ဆိုတာနဲ့ ဆက်စပ်ထားသည်။ ငါလုပ်ချင်တာ လုပ်မည်။ မည်သူမှ တားပိုင်ခွင့်မရှိ ဆိုသည့်ပုံစံဖြင့် အတင်းအဓမ္မရုန်းကန်ကြိုးစားသည်။ တာဝန်ကျသင်္ဘောသားက တောင်းပန်လို့ မရသည့်အခါ စိတ်တိုလာပြီး တွန်းလားထိုးလားဖြစ်လာသည်။

အဲဒီလိုဖြစ်လာသည့်အခါ အမေရိကန် အမျိုးသမီးက နင်တို့ ဘယ်နိုင်ငံက အကောင်မှန်းမသိသူ  သည် ငါကဲ့ သို့သော အမေရိကန်နိုင်ငံသူကို မထီလေးစား ဒီလိုလုပ်ရမလားဆိုသည့် ပုံဖြင့် တာဝန် ကျသင်္ဘောသားကို ပါးရိုက် လိုက်သည်။
ပါးရိုက်ခံရသည့် သင်္ဘောသားကလည်း မြန်မာလူမျိုးဖြစ်နေသည်။ ဒါမျိုးလုပ်လို့ကတော့ ဘာရ မလဲ ရွှေမြန်မာပဲ၊ မြန်မာ့သတ္တိကို ကမ္ဘက သိအောင် ပြသည့်အနေဖြင့် အမေရိကန် အမျိုးသမီးကို လက်သီးဖြင့် ထိုးလိုက်တော့ သည်။ အမျိုးသမီး ဖင်ထိုင်လဲကျသွားသည်။

အမျိုးသမီးသည် ဖင်ထိုင်လဲကျသွားရာမှ ကုန်းထပြီး ယိုင်ထိုး ယိုင်တိုင်ဖြင့် ထပြေးသည်။ မူးနေသူ ဖြစ်လို့ ရေထဲလိမ့်ကျသွားလျှင် အမှုက ပိုကြီးသွားနိုင်သည်။ အမျိုးသမီးသည် သူ့ အပေါင်းအသင်း တွေရှိရာကို ပြေးသွားပြီး သူလက်သီးဖြင့် အထိုးခံရကြောင်း သွားပြောသည်။ ၀ဲဘက်မျက်လုံး ပိတ်ပြီး ဖူးရောင်နေရာကို ပြသည်။ ရဲကို ဖုန်းဆက်ခေါ်ဖို့လုပ်သည်။
ဒီတော့ မှ ကျွန်တော်တို့ က ၀ိုင်းဝန်းတောင်းပန်ရသည်။ ရဲကိုတိုင်ပြီး အမှုဖွင့်ပါက အမေရိကန်မှာ အမျိုးသမီးကို ကိုယ်ထိ လက်ရောက်မှုဖြင့် ထောင်ကျနိုင်သည်။ ရဲကို မတိုင်ရန် ချော့ရတော့သည်။ မျက်စိတစ်ဖက် ဖူးယောင်နေ သည့် အမျိုးသမီးကို ရင်ခွင်ထဲမှာ အသာဆွဲသွင်းပြီး တယုတယ ပွတ် သပ်ပေးနေရသည်။

" ရဲကို မတိုင်ပါနဲ့၊ သင်္ဘောမှာရှိတဲ့ ဆေးဝါးတွေနဲ့ ကုသပေးပါ့မယ်။ သင်္ဘောမထွက်မချင်း သင်္ဘောပေါ်မှာပဲနေပါ။ အရက် လည်း ကြိုက်သလောက်သောက်ပါ။ အိပ်ချင်တဲ့အခန်းမှာ ၀င်အိပ် ပါ။ ကျွန်တော့်အခန်းမှာ လာအိပ် လည်း ရ ပါတယ်၊ ရဲကို မတိုင်ပါနဲ့နော် နော်လို့ "
မြန်မာပြည်က ကိုယ့်မယားကိုတောင် ဒီလို တယုတယ တစ်ခါမျှ မပြုစုခဲ့ဖူးပါ။ အခုဖြစ်လာ သည့် ပြဿနာကြောင့် မြန်မာသင်္ဘောသားထောင်ကျမည်စိုးလို့ အမေရိကန်အမျိုးသမီးကို ဖက်ပြီး နှာသံ လေးဖြင့် ညုနေ ရသည်။
" ရဲကို မတိုင်စေချင် ရင် လျော်ကြေးပေးပါ "
" ဘယ်လောက်ပေးရမလဲ ပြော "
အမျိုးသမီးက လက်ညှိုးတစ်ချောင်းထောင်ပြသည်။ ဘယ်လောက်လဲ၊ ဒေါ်လာတစ်ရာလား၊ တစ်ထောင် လား သေချာအောင်မေး ရသည်။

" ဘယ်လောက်လဲ ပြောပါဆိုနေ၊ တစ်ရာလား၊ တစ်ထောင်ကတော့ များပါတယ်ကွယ် "
" နိုး ... ၊ တစ်သန်း တစ်သန်း၊ ဒေါ်လာတစ်သန်း "
ဘုရားတ လိုက်မိသည်။ အမျိုးသမီးကို ရင်ခွင်ထဲက တွန်းထုတ်လိုက်မိတော့မတတ် အလန့်တကြား ဖြစ် သွားသည်။ နောက်မှ သတိရပြီး တယုတယဖက်ကာ ချော့ရတော့သည်။ ဖူးရောင်နေသည့် မျက်လုံးကိုလည်း အာငွေ့လေးဖြင့် ကြပ်ထုပ်ထိုးပေးရင်း ညုရသည်။
" မဖြစ်နိုင်လို့ပါ ညီမရယ်၊ အဲဒီကောင်လေးဟာ လစာဒေါ်လာ ၁၅၀ ပဲရတဲ့ ကဒက်ပါ၊ အမေမုဆိုးမကြီးကို လုပ်ကျွေးနေ တဲ့ မြန်မာလူငယ်လေးပါ၊ ဒေါ်လာငါးရာလောက်ယူပါနော် နော် နော်လို့ "
"မြန်မာ ဆိုလို့ မေတ္တာရှိလို့ လျော့ပေးလိုက်မယ်၊ တစ်ထောင် မလျော့ဘူး၊ နောက်ထပ် ဈေးမဆစ်နဲ့၊ ဒါနောက်ဆုံးစကားပဲ "
လက်သီးထိုးခံရသည့်အတွက် ဒေါ်လာတစ်ထောင် လျော်ကြေးပေးရတော့မည်ဖြစ်သည်။ ဒေါ်လာ တစ်သန်း မပေးရသည့်အတွက် တော်ပါသေးရဲ့ဟုတေးမိသည်။ ကပ္ပတိန်ကို တင်ပြတောင်းဆိုရာ ခွင့်ပြုသည်။ သင်္ဘောသား ၏လစာငွေမှ နည်းနည်းစီ ဖြတ်တောက်ပြီး ပြန်ဖြည့်သွားပါဟု အမိန့် ပေးသည်။

သင်္ဘောသား ၏ လက်သီးဖြင့် အထိုးခံရသည့်အတွက် ဒေါ်လာ တစ်ထောင်ရသည်ဆိုသည့်သတင်း ကို ကြားသည့်အခါ၊ သင်္ဘောပေါ်မှာ ရှိနေသည့် အမျိုးသမီးတွေက အထိုးခံချင်ပါသည်ဆိုပြီး လာ ရောက် စာရင်းပေးကြသည်။
" နင် တို့ကို လက်သီးနဲ့ မထိုးဘူး၊ ငါထိုးချင်တာ ပြောလိုက်ရမကောင်းဘူးဖြစ်မယ် "
လက်သီးသမား သင်္ဘောသား၏ လစာကို တရားဝင် ဖြတ်တောက်လို့ မရသည့်အတွက် လစဉ် အကြွေးတောင်း သလို ယူနေရသည့် အတွက် စိတ်ပျက်လာပြီး ကြာလာတော့ မတောင်းပဲ ထားလိုက်တော့သည်။ ကိုယ့်လူ ကိုလည်း နောင်မှာ ဒေါသမကြီးဖို့ မေတ္တာရပ်ခံထားရသည်။
မကောင်းတာလုပ်လျှင် မကောင်းတာဖြစ်မည်။ ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မည်။

ဆက်ရန်
.

6 comments:

ma yu said...

ဟားဟားဟားဟား

Anonymous said...

သဘောင်္သားလောက အကြောင်း မကောင်းတာ အခုမှ ကြားဖူးတယ်၊ အရမ်းနှိမ့်ကျတဲ့ သဘောင်္သား လောက ဖြစ်မှာပေါ့ ၊ ကျွန်မ သိသော သဘောင်္သား လောက က လူတွေက အဆင့်မြင့်မြင့် အမြင့်ကို ရောက်အောင် သွားကြတဲ့ သူတွေကြီးပဲ ၊ အကို အရင်း က အခု CE လက်ရှိ လုပ်နေတာပါ ၊ တခါမှ ဒါမျိုး မကြားဘူးပါ၊

Anonymous said...

အပေါ်က အနော်နီးမတ်နောက်တာပဲ..
မပြောပြတာဖြစ်မှာပေါ့.ဟဲ့။

အပေါ်မှာရေးတာသေချာဖတ်...
အရာ၇ှိတွေပါတယ်..သူငယ်မရဲ့.. ကပ်ကြွားနေပြန်ပီ။ ကျနော့်အကိုလဲ chief ပါပဲ..ကြုံကြွားတာမဟုတ်ဘူး။ပြောပြတာ။ သူပြောတာတွေလဲ စိတ်ဝင်စားဖို့ကောင်းတာပဲ..တဖက်ထဲမကြည့်နဲ့လေ...

Anonymous said...

How come your brother making ....with pro..... he told to you guys how they smart hahaa funny stupid girl or may be oldies lady
thinking fair enought...

Anonymous said...

သဘောင်္သားဆိုတာ နိုင်ငံတကာ ကဆိပ်ကမ်းတွေကို ကံအကြောင်းသင့်သလိုရောက်သွားပြီးတော့ သူများနှပ်တာခံလာရတဲ့သူတွေ ပြီးတော့မြန်မာပြည်ပြန်ရောက်တော့ လေကြီးတာသဘာဝ မယုံရင်တိတ်တိတ်လေးမေးကြည့် သူများ၁ကျပ်တန် ဆို ၂ကျပ်လောက်ပေးပြီးဝယ်ကြရတဲ့သူတွေလေ

Anonymous said...

Yes, I Think So. I Agree Your Commet.