Sunday, October 7, 2012

အဏ္ဏဝါစိုးမိုး ၏ သင်္ဘောသားလောက မှုခင်းများ, အပိုင်း (၅)

မူးယစ်ဆေးဝါးသုံးစွဲသူသင်္ဘောသား

တောင်အမေရိကတိုက်ရှိ နိုင်ငံတစ်နိုင်ငံက ဆိပ်ကမ်းမြို့တစ်မြို့မှာဖြစ်ခဲ့တာဖြစ်သည်။ ထိုမြို့၏ ဆင်းရဲသား ရပ်ကွက် ထဲက နာမည်ကြီးပြည်တန်ဆာအိမ်ကို ရဲတွေ ၀င်ရောက်စစ်ဆေးသည်။ ထိုအိမ်ကြီးသည် သုံးထပ် တိုက်တန်းလျားရှည်ကြီးဖြစ်သည်။ တိုက်ကြီး၏ အောက်ထပ်အခန်းတွေမှာ စားသောက်ဆိုင်၊ ဘီယာဆိုင်၊ အရက် ဆိုင်နှင့် လိင်တံအစွပ်နှင့် လိင်ဆက်ဆံမှုဆိုင်ရာ အသုံးအဆောင်ပစ္စည်းမျိုးစုံအပါအ၀င် အခြား ပစ္စည်းမျိုးစုံရောင်း သည့် စတိုးဆိုင်တွေရှိသည်။

အပေါ်ထပ် အခန်းတွေမှာတော့ နိုင်ငံတကာက လာကြသည့် ကမ္ဘာလှည့်ခရီးသည်တွေနှင့် သင်္ဘောသား တွေ လာရောက် ပျော်ပါးအိပ်စက်ကြသည့် ပြည့်တန်ဆာခန်းတွေရှိသည်။ တိုက်တန်းလျားကြီးဖြစ်လို့ ပြည့် တန်ဆာ လုပ်ငန်းအတွက် အထူးတည်ဆောက်ထားသည့် အဆောက်အဦးဖြစ်ဖွယ် ရှိသည်။ အိပ်ခန်းတွေ အနည်းငယ် ကျဉ်းသော်လည်း အခန်းတိုင်းမှာ အိမ်သာနှင့် ရေချိုးခန်းပါရှိသည်။ တစ်ခန်းမှာ ပြည့်တန်ဆာမ တစ်ယောက်စီ ရှိသည်။ အခန်းတိုင်းလိုလိုမှာပင် သူ့ဖောက်သည်နှင့်သူရှိနေကြသည်။

ဒီအိမ်ကြီးရျိရာ ရပ်ကွက်သည် လူနေရပ်ကွက်ဆိုသော်လည်း စနစ်တကျ ဖောက်လုပ်ထားသည့် လမ်းမရှိ၊ အဆောက်အဦးတွေ ကလည်း အနေအထားအမျိုးမျိုးဖြင့် ဖြစ်သလို ဆောက်ထားကြသည်။ စိမ်းစို အုပ်မှိုင်းနေသည့် သစ်ပင်တွေကလည်း ရပ်ကွက်အတွင်း ထူထပ်စွာ ပေါက်နေကြသဖြင့် ရာဇ၀တ်မှုခင်း များ ဖြစ်ချင်စရာကောင်းသည့်နေရာဖြစ်သည်။
ပြည့်တန်ဆာ အိမ်ကြီး၏ အောက်ထပ်က စားသောက်ဆိုင်နှင့် စတိုးဆိုင်တွေမှာ မူးယစ်ဆေးဝါးမျိုးစုံကို ၀ယ် လို့ ရသည်။ မိမိကြိုက်ရာ မူးယစ်ဆေးဝါးကို နာမည်ပြောနေတာကတော့ သူတိုပနိုင်ငံက ထုတ်သည့် ကိုကင်းဖြစ်သည်။ ဘိန်းဖြူလိုပစ္စည်းကတော့ ဈေးကြီးလို့ လူတိုင်း မသုံးစွဲနိုင်သည့် ပစ္စည်းဖြစ်သည်။ မူးယစ် ဆေးဝါးရောင်းသူတွေသည် ရဲတွေကို လိုင်းကြေးပေးထားသဖြင့် လွတ်လပ်စွာ ရောင်းဝယ်နေကြသည်။

အဲဒီပြည့်တန်ဆာအိမ်ကြီးကို ရဲတွေ ၀င်စစ်နေပြီဆိုတာကို သိသည့် အပေါ်ထပ်အခန်း က ယောက်ျား တစ်ယောက်သည် ပြတင်းပေါက်က ခုန်ချပြီး ထွက်ပြေးဖို့ကြိုးစားရာမှာ ခြေထောက်ကျိုးသွားပြီး အဖမ်းခံ လိုက်ရသည်။ ခြေထောက်ကျိုးသွားပြီး မပြေးနိုင်တော့လို့ အဖမ်းခံရသူကို စစ်ဆေးရာ နိုင်ငံခြားသား သင်္ဘောသားဖြစ်နေ သည်။
သင်္ဘောသား ကို စစ်ဆေးရာ သူသည် သူခုန်ချသည့် အခန်းက ကောင်မလေးနှင့် ပျော်ပါးရန်လာသူဖြစ် ကြောင်း သိရသည်။ ဘာကြောင့် ခုန်ချတာလဲဟု မေးကြည့်ရာ သူ့အဖြစ်ကို ပြောပြသည်။ သူနှင့် သူ့ကောင် မလေး သည် နိုက်ကလပ်မှာ တွေ့ကြပြီး ကောင်မလေးက ခေါ်လာလို့ ကောင်မလေးနေထိုင်သည့် အခန်းသို့ လိုက်လာ မိကြောင်း ပြောပြသည်။ ကောင်မလေးသည် မူးယစ်ဆေးဝါးသုံးစွဲသူဖြစ်ကြောင်းကို သူ့အခန်း ရောက်မှသိရသည်။ ကောင်မလေးက သူ့ကိုပါ မူးယစ်ဆေးဝါးသုံးစွဲရန် မြူဆွယ်သည်။ အမှန်တော့ ကောင် မလေးသည် သူ့လက်ဝယ်ရှိ မူးယစ်ဆေးဝါးကို ရောင်းချင်လို့ သင်္ဘောသား ကို မြူဆွယ်တာဖြစ်သည်။

" နိုး၊ ကိုယ် အဲဒါတွေ မလုပ်ဘူး၊ ဘီယာ အရက် နည်းနည်းပဲသောက်တယ် "
" စမ်းလုပ်ကြည့်လေ၊ သိပ်ကောင်းတယ် "
" ဘာကောင်းတာလဲ "
" ဘာကောင်းတာလဲဆိုတာ စမ်းကြည့်မှသိရမှာပေါ့ "
သူ စီမံပေးသည့် ဒေါ်လာ ၂၀ တန် မူးယစ်ဆေးဝါးကို သုံးစွဲပြီး ကာမဆက်ဆံလျှင် အကြာကြီး ဆက်ဆံလို့ရကြောင်း၊ မကြာခဏ ဆက်ဆံလို့လည်းရကြောင်း မြူဆွယ်သဖြင့် စိတ်ပါ လာပြီး ကောင်မလေးနှင့်အတူ မူးယစ်ဆေးဝါးသုံးစွဲနေမိရာမှ ကောင်မလေးနှင့် ကာမဆက်ဆံ ဖို့ပင် မေ့နေတော့ သည်ဟုဆိုသည်။

ပြည့်တန်ဆာအိမ်ကြီးကို ရဲတွေ ရောက်လာပြီး စစ်ဆေးနေပြီလို့ သိသောအခါ တစ်အိမ်လုံးမှာ ရှိနေ ကြသည့် နိုင်ငံခြားသားတွေ ၀ရုန်းသုန်းကားဖြစ်ပြီး ဆင်းပြေးသူပြေး၊ ပြတင်းပေါက်က ခုန်ချ ပြေးသူပြေးဖြစ် ကုန်ကြ သည်။ မူးယစ်ဆေးဝါး ရောင်းဝယ်သူနှင့် သုံးစွဲသူအားလုံးကို ဖမ်းဆီးပြီး တရားစွဲ ဆိုတော့ မည်ဖြစ်သည်။ ကောင်မလေးက သူ့ကို ထွက်ပြေးဖို့ ပြောသည်။ ထွက်ပြေးလျှင် ကောင်မလေးကို ဘာမျှ မလုပ်ရသေး ဘဲ ပေးထားသည့် ညအိပ်ကြေးနှင့် မူးယစ်ဆေးဝါးဖိုး စုစုပေါင်း ဒေါ်လာ ၅၀ ခန့် ဆုံးတော့ မည်ဖြစ်သည်။
ထွက်ပြေး လို့ လွတ်သွားလျှင် ဒေါ်လာ ငါးဆယ်ခန့်သာ ဆုံးမည်။ ထွက်မပြေးပဲ အဖမ်းခံလိုက်လျှင် ရဲစခန်း ရောက်မည်။ ဆီးစစ်လိုက်လျှင် မူးယစ်ဆေးသုံးစွဲထားတာ တွေ့တော့မည်။ တရားစွဲခံရတော့မည်။ မိမိသင်္ဘော သည် နက်ဖြန်နံနက်မှာ ဒီနိုင်ငံက ပြန်လည်ထွက်ခွာပြီး မိမိအလွန်ရောက်ဖူးချင်သည့် အမေရိကန်နိုင်ငံ ကို သွားတော့မည်။ ဘာမျှ စဉ်းစားမနေတော့ဘဲ အဖမ်းမခံဘူးဆိုပြီး ပထမထပ် ပြတင်းပေါက် က ခုန်ချပြီး ထွက်ပြေးရန် ဆုံးဖြတ်လိုက်တော့သည်။

ပြတင်းပေါက်က အောက်ကို ငုံ့ကြည့်လိုက်ရာ ပေ ၂၀ ခန့်သာမြင့်သည်ကိုတွေ့ရသည်။ မြက်တော နှင့် ခြုံပုတ်တွေပေါ် ကို ခုန်ချလျှင် ခြေကျိုးလက်ကျိုးမဖြစ်နိုင်ဘူးထင်ပြီး ခုန်ချလိုက်သည်။ မြက် တောနှင့် ခြုံပုတ်ပေါ် ကို ကျသော်လည်း ကျတာနဲ့ပြန်ထုလို့ မရတော့လို့ အဖမ်းခံလိုက်ရတာဖြစ် သည်။ စစ်ဆေးကြည့် ရာ ခြေလက်နှစ်ဖက်လုံး ခြေမျက်စိအထက်နားက ကြေမွပြီး ကျိုးနေတာတွေ့ ရသည်။
သင်္ဘောသားကို အဲဒီနိုင်ငံရှိ အဲဒီဆိပ်ကမ်းက ဆေးရုံမှာ တင်ထားခဲ့ရပြီး သင်္ဘောက အမေရိကန်နိုင်ငံကို ထွက်ခွာ သွားသည်။ သင်္ဘောမထွက်မီ အချိန်ကလေးမှာ သင်္ဘောကပ္ပတိန် သည် ဆေးရုံသို့လာပြီး သူ့တပည့် ကို နှုတ်ဆက်သည်။ သူ့တပည့်၏ နိုင်ငံကူးလက်မှတ်ကိုပေး သည်။ သင်္ဘောသား လုပ်သက်မှတ်တမ်း စာအုပ် (စီဒီစီ) ကို သင်္ဘောသားရှေ့မှာပင် လက်မှတ်ထိုး ပြီး ပေးအပ်သည်။ အလုပ်ဖြုတ်လိုက်ပြီ ဆိုသည့် သဘောဖြစ်သည်။ ကံကောင်းပါစေလို့ ဆုတောင်း ပေးသွားသည်။ သင်္ဘောသားရစရာရှိသည့် လစာငွေတွေ ကို ဒေသကိုယ်စားလှယ်ထံမှာ ပေးအပ် ထားခဲ့ကြောင်း ပြောပြီး နှုတ်ဆက်ထွက်ခွာသွားသည်။

သင်္ဘောသား ဆေးရုံကဆင်းလျှင် ဒေသကိုယ်စားလှယ်က လစာလက်ကျန်တွေကို ထုတ်ပေးပြီး သင်္ဘောသား ၏ နေရင်း အမိနိုင်ငံကို ပို့ပေးနိုင်မည်ဖြစ်သည်။ ဆေးရုံကို လာတွေ့သည့် ဒေသကိုယ် စားလှယ်စကားက မှတ်သား စရာကောင်းသည်။
" ဘာဖြစ်လို့ ခုန်ချပြီး ထွက်ပြေးတာလဲ၊ ရဲက ဖမ်းမိလည်း အရေးမကြီးဘူး၊ ရဲကို ပိုက်ဆံပေးလိုက် ရင်ပြီးတာပဲ၊ အဲဒီ ရဲတွေ လာစစ်တယ်ဆိုတာ ပိုက်ဆံလိုချင်လို့ လာစစ်တာ၊ အဲဒီအိမ်က ဈေးဆိုင် တွေအားလုံးမှာ မူးယစ်ဆေးတွေ ရောင်းနေကြတာ သူတို့သိတာပဲ၊ လိုင်းကြေးယူစားပြီး လွှတ်ပေး ထားသားပဲ "
အသိနောက်ကျ သွားခဲ့ပြီဖြစ်သည်။ ခြေနှစ်ဖက်လုံး ကျိုးခဲ့ပြီ၊ အလုပ်ပြုတ်ခဲ့ပြီ၊ နစ်နာခဲ့ပြီ။ နောင် အခါ ဆင်ခြင် ရတော့မည် လို့သာ တွေးနေမိသည်။
ကောင်းတာ လုပ်လျှင် ကောင်းတာဖြစ်မည်။ မကောင်းတာလုပ်လျှင် မကောင်းတာဖြစ်မည်။

အချစ်အတွက်အသက်ပေးသွားသည့် သင်္ဘောသား

၁၉၈၀ ခုနှစ် ၀န်းကျင်ကာလက စင်ကာပူနိုင်ငံမှာ အလုပ်ရှာနေကြသည့် မြန်မာသင်္ဘောသားလော ကကို တုန်လှုပ် သွားစေသည့် သတင်းတစ်ခုပေါ်ထွက်ခဲ့ဖူးသည်။ မြန်မာသင်္ဘောသားတစ်ယောက် ရေထဲခုန်ချပြီး မိမိကိုယ် ကို မိမိ သတ်သေသွားသည်ဆိုသည့်သတင်းဖြစ်သည်။
လူသေမှုဖြစ်ခဲ့သော်လည်း ရဲအရေးမပိုင်သည့် မှုခင်းဖြစ်သည်။ အခင်းဖြစ်ပွားရာ နေရာသည် နိုင်ငံတကာ ပိုင်နက် မှာ ဖြစ်နေသည့်အတွက် ဘယ်နိုင်ငံရဲကမှ အရေးယူလို့မရသည့် လူသေမှုဖြစ် ခဲ့သည်။ မိမိကိုယ်ကို မိမိ သတ်သေသွားသည့် သင်္ဘောသားသည် မြန်မာသင်္ဘောသားဖြစ်နေသည့်အတွက် စင်္ကာပူနိုင်ငံ မှာ ရောက်ရှိနေကြ သည့် မြန်မာသင်္ဘောသား လောကမှာတော့ ဒီသတင်းဟာ ရက် အတော် ကြာအောင် ပြောကြ ဆိုကြဖြင့် စိတ်ဝင်တစားရှိနေခဲ့ ကြသည်။

အဲဒီအချိန်မှာ ကျွန်တော်ကတော့ အလုပ်မရသေးဖို့ သောကဖြစ်နေသည်။ သူ့အရေးနှင့် ကိုယ့်အရေး ဆိုသလို သူများနိုင်ငံ မှာ အလုပ်မရှိအကိုင်မရှိပဲ ပွဲစားအိမ်မှာ နေရတာ ရင်ထဲမှာ မီး တောက်နေသည်။ သူများသေတာ အရေး မကြီး၊ မြန်မာပြည်မှာ ကျန်နေခဲ့ကြသည့် ဇနီးနှင့် သား သမီးတွေ ငတ်ပြီး သေကုန်ကြတော့ မှာပဲ ဆိုတဲ့ အတွေးဖြင့် ရင်ပူနေသည်။
ကျွန်တော် အလုပ်ရလို့ ဟောင်ကောင်ကုမ္ပဏီပိုင် သင်္ဘောတစ်စင်းကို တက်ရန် စင်္ကာပူမှ ဟောင်ကောင်ကို ထွက်ခွာ သွားခဲ့သည်။ ကျွန်တော်ရောက်ရှိသွားသည့် သင်္ဘောက ကုန်းပတ် ပထမအရာရှိ မစ္စတာ လူနာဒီသည် အင်ဒိုနီးရှား တရုတ်လူမျိုးဖြစ်သည်။ မြန်မာသင်္ဘောသားတွေကို အတောင်ခင်မင်သူဖြစ်သည်။ အဲဒီသင်္ဘော မှာ မြန်မာသင်္ဘောသား ကျွန်တော် တစ်ယောက်တည်းသာရှိသည်။ ကပ္ပတိန်က စင်္ကာပူတရုတ်၊ ကုန်းပတ် သင်္ဘောသား အားလုံးက အင်ဒိုနီးရှား လူမျိုးတွေ၊ စက်ခန်းက အင်ဂျင်နီယာတွေအားလုံးက ဟောင်ကောင် တရုတ်တွေဖြစ် သည်။

ကုန်းပတ် ပထမအရာရှိ မစ္စတာလူနာဒီသည် မြန်မာလူမျိုး ကျွန်တော့်ကို ခင်သည်။ သောက်ဖော် စားဖက် ဖြစ်သွားသည်။ သူသည် အလုပ်သင် ဘ၀၊ အငယ်တန်းအရာရှိဘ၀တွေမှာ မြန်မာသင်္ဘောသားတွေနှင့် လက်ပွန်း တတီး နေခဲ့ဖူးလို့ မြန်မာစကား တစ်လုံးနှစ်လုံးကိုတောင် ပြောတတ်နေသည်။ သူငယ်ချင်း၊ ခင့်ကိုချစ် တယ်၊ မောင့်ကိုချစ်တယ် ဆိုတာတွေနှင့် အခြားညစ် ညမ်းသည့်စကားတွေကို တတ်နေသည်။ တစ်နေ့မှာ သူကပြောသည်။

" ကျွန်တော် ပီအိုင်အယ်လ်လိုင်းက ကိုတာစင်္ကာပူရားဆိုတဲ့ ခရီးသည်တင် သင်္ဘောမှာ သတ်မိတ်နဲ့ လိုက်နေတုန်း က မြန်မာသင်္ဘောသားတစ်ယောက် ရေထဲခုန်ချပြီး သူ့ကိုယ်သူ သက် သေသွားဖူးတယ် "
ကျွန်တော် ဘုရားတ လိုက်မိသည်။ ကျွန်တော် သိချင်နေသည့် ဇာတ်လမ်းကို ပြောပြနိုင်သူနှင့် တည့် တည့်ကြီး လာတိုးနေပါရော လားဟု သတိရလိုက်သည်။ အဲဒီတုန်းက သူက အဲဒီသင်္ဘောမှာ သတ်မိတ် (ကုန်းပတ်တတိယအရာရှိ)ဟုဆိုသည်။ ကိုတာစင်္ကာပူးရားဆိုသည့် ခရီးသည်တင် သင်္ဘောကြီးသည် ပစိဖိတ်သမုဒ္ဒရာ ကမ်းခြေတစ်လျှောက်က နိုင်ငံတွေဖြစ်သည့် စင်ကာပူ၊ သြစတြေးလျ၊ နယူးဇီလန်၊ ဟာဝိုင်အီ၊ အမေရိကန်၊ ဂျပန်၊ ကိုရီးယား၊ ဟောင်ောင်၊ ထိုင်း၊ စင်္ကာပူ ပတ်ဆွဲနေသော သင်္ဘောကြီးဖြစ်သည်။ အပျော်စီး ခရီးသည်တွေနှင့် သန်းကြွယ်သူဌေးတွေ၊ ခရီး သွားသည့် ဇိမ်ခံသင်္ဘောကြီးဖြစ်သည်။ ဒီလို သင်္ဘောကြီး မျိုးမှာ မြန်မာသင်္ဘောသားတစ်ယောက် အလုပ်ရဖို့ မလွယ်သည့်ခေတ်ဖြစ်သည်။ ဒီခေတ်မှာ ဒီသင်္ဘောကြီးပေါ် မှာ အမှုထမ်းခွင့်ရနေသည့် မြန်မာအလုပ်သင် (ကဒက်)တစ်ယောက် ရေထဲခုန်ချပြီး သူ့ကိုယ်သူ သတ်သေ သွားခဲ့တာဟု ဆိုသည်။

" အဲဒီဇာတ်လမ်းကို ကြားဖူးတယ်၊ တိတိကျကျ မသိဘူး၊ ပြောပြစမ်းပါဦး "
" သူ့ရည်းစား လင်ယူသွားလို့ စိတ်ထိခိုက်ပြီး သူ့ကိုယ်သူ သက်သေသွားတာ "
သင်္ဘောကြီး စင်္ကာပူကိုရောက်တော့ သူ့မိခင်ဆီက ရေးပို့လိုက်သည့် စာတစ်စောင်ကိုရသည်။ စာနှင့်အတူ လက်ထပ်ပြီးစီးခြင်း သတင်းစာဖြတ်ပိုင်းလေး လည်း စာအိတ်ထဲမှာ ပါလာသည်။ မိခင်ကြီးရဲ့ စာထဲမှာ ရေးထား တာက သားရဲ့ချစ်သူဟာ သားကို သစ္စာဖောက်သွားပြီ။ မင်္ဂလာ ဆောင်တာတောင် မေမေတို့ကို မဖိတ်ဘူး၊ ၀မ်းမနည်း ပါနဲ့သားရယ်၊ သူ့ထက်သာတာကို မေမေရှာ ပြီး ငါ့သားနဲ့ ပေးစားပါ့မယ်၊ သားလေးအသက်ရှည်ပါစေ၊ ကျန်းမာပါစေ လို့ ရေးထားသည်။
" အဲဒီစာကို ရတဲ့နေ့မှာ စိတ်ထိခိုက်ပြီး အခန်းထဲက အပြင်ကို မထွက်တော့ဘူး၊ ညစာလည်း မစား တော့ဘူး။ သွားမေးတော့ ဥပုသ်စောင့်နေတယ် လို့ ပြောတယ်။ နောက်တစ်နေ့မှာ သူ့အခန်းကို သွားကြည့်တော့ သူမရှိတော့ဘူး။

အခန်းကို သော့ခတ်ထားလို့ မာစတာကီး (အထူးသော့)ဖြင့် ဖွင့်ဝင်ကြည့်ကြသည်။ အိပ်ရာကို အထူး သန့်ပြန့်အောင် ခင်း ထားသည်။ ခေါင်းအုံးပေါ်မှာ သူဆွဲနေကျ ရွှေဆွဲကြိုးလေးကို အသဲပုံ လေး ပြုလုပ် ထားတာတွေ့ရသည်။ အသဲပုံဆွဲကြိုး စည်းဝိုင်းလေး ရဲ့ အလယ်မှာ မြန်မာလို စာကလေး တစ်ကြောင်း ရေးထား တာ တွေ့ရသည်။
(အချစ်မရှိတော့တဲ့ လောကကြီးမှာ အသက်ရှင်ပြီး နေဖို့ မဖြစ်နိုင်တော့သည့်အတွက် လောကကြီးမှ ထွက်ခွာ သွားပါပြီ)။
အဲဒီသင်္ဘောကြီးပေါ်မှာ အတူအမှုထမ်းနေသည့် မြန်မာသင်္ဘောသားတစ်ယောက်က စာကိုဖတ်ပြီး အဓိပ္ပာယ်ပြန်ပြ သည်။ ကုန်းပတ် ပထမအရာရှိသည် ချက်ချင်းပင် ကပ္ပတိန်၏အခန်းကို ပြေးသွား ပြီး သတင်းပို့ သည်။  ကပ္ပတိန်သည် အထိတ်တလန့်ဖြစ်သွားပြီး ချက်ချင်းလိုက်လာကြည့်သည်။ ကပ္ပတိန်သည် အင်္ဂလိပ်လူမျိုး ထိပ်ပြောင်ကြီးဖြစ်နေသည်။ မြန်မာသင်္ဘောသားလေး ရေးထားခဲ့သည့်စာကို ဘာ သာပြန်ခိုင်း သည်။ အဓိပ္ပာယ်ကို သိသွားသောအခါ သူ့နဖူးပြောင်ကြီးကို လက်ဝါးဖြင့် ဖျန်းခနဲမြည် အောင် ရိုက်ပြီးပြောသည်။

" အိုးမိုင်ဂေါ့၊ လောကကြီးမှာ အချစ်မရှိပေမဲ့ အရက်ရှိလျှင် နေလို့ရပါတယ်ကွာ၊ လူရေထဲကျတယ် လို့ ကြေညာလိုက်၊ သင်္ဘောပြန်လှည့်လိုက်ရှာရမယ် "
ကပ္ပတိန် ၏ အမိန့်ရသည်နှင့် သင်္ဘောကြီး တစ်စီးလုံးမှာ တပ်ဆင်ထားသည့် အသံချဲ့စက်တွေမှ မင်း အိုဗာဘုတ် (လူရေထဲကျသည် ...)ဆိုတဲ့ သတိပေး ကြေညာချက်အသံ ထွက်လာသည်။ သင်္ဘောကြီး သည် နောက်ကြောင်းပြန်လှည့်ပြီး လာခဲ့ရာလမ်းမှာ တွေ့လိုတွေ့ငြားရှာသည်။ ကပ္ပတိန်သည် သူ၏ သားတပည့်လေး ၏ အသက်ကို ကယ်နိုင်မလားဆိုသည့် ရည်ရွယ်ချက်ဖြင့် ပစိဖိတ်သမုဒရာထဲ မှာ နှစ်ရက်တိတိလှည့်ပတ်ရှာခဲ့သေးသည်။

သင်္ဘောပေါ်မှာ စီးနင်းလိုက်ပါလာ သည့်လွှတ်တော်အမတ်နှင့် သန်းကြွယ်သူဌေးတွေက မိမိတို့သည် သြစတြေးလျနိုင်ငံ ကင်ဘာရာ မြို့မှာ ပြုလုပ်မည့် အစည်းအဝေးတက်ရန် နောက်ကျတော့မည်ဖြစ်ကြောင်း ကပ္ပတိန် ကို ထုချေလွှာတောင်းသည်။ ကုန်းပတ်ပထမအရာရှိက ကပ္ပတိန်ကို တင်ပြသည်။ ကပ္ပတိန်က အကြောင်းပြန် သည်။
" အဲဒီအကောင်တွေကို ပြောလိုက်၊ ကြာတယ်ထင်လို့ မစောင့်နိုင်ရင် ခုန်ချပြီး ရေကူးသွားကြလို့။ ငါ့သင်္ဘောသား ကို အသက်ရှင်လျက် တွေ့လိုတွေ့ငြား ရှာရမှာပဲ "
ကုန်းပတ်အရာရှိ ကလည်း ပါလီမာန်အမတ်ဆိုသူနှင့် သန်းကြွယ်သူဌေးတွေကို ကပ္ပတိန်ပြောခိုင်း သည့်အတိုင်း ပင် သွားပြောသည်။ အားလုံးပါးစပ်ပိတ်ထားကြသည်ဟုသိရသည်။ ကိုတာစင်ကာ ပူးရား ခရီးသည်တင် သင်္ဘောကြီး သည် နှစ်ရက်တိတိ ရှာဖွေလို့ မတွေ့တော့သည့်အခါမှာ သြစတြေလျနိုင်ငံကို ဦးတည် ခုတ်မောင်း သွားခဲ့သည်ဟု ဆိုပါသည်။
ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မည်။ မကောင်းတာလုပ်လျှင် မကောင်းတာဖြစ်မည်။

ဘရာဇီးနိုင်ငံမှာ ဓားဖြင့် အထိုးခံရသည့်ချစ်လိပ်ပြာသင်္ဘောသား
 
သင်္ဘောသားလောကမှာ ဘတ်တာဖလိုင်း (လိပ်ပြာ)လုပ်တယ်ဆိုသည့် စကားရှိသည်။ ဒီစကားလုံးသည် ဥပမာ အလင်္ကာမြောက်အောင် တင်စားထားသော စကားလုံးဖြစ်သည်။ အထူး သဖြင့် နိုင်ငံခြား သင်္ဘောကြီးတွေပေါ် ကိုတက်ပြီး သင်္ဘောသားတွေနှင့် ပျော် ပါးသော ကောင်မလေး တွေအကုန်လုံး နားလည်သော စကားလုံးဖြစ် သည်။
ဘတ်တာဖလိုင်း ဆိုသည်မှာ အင်္ဂလိပ်စကားဖြစ်သည်။ အဓိပ္ပာယ်က လိပ်ပြာကောင်ဟုဆိုကြသည်။ လိပ်ပြာ၏ သဘာဝ အရ ပန်းဝတ်ရည်ကိုစုပ်သည်။ ပန်းပွင့်တစ်ပွင့်ပြီး တစ်ပွင့်။ နောက်တစ်ပွင့်ဆီကို ပျံသွားပြီး ၀တ်ရည်ကို စုပ်ပြန်သည်။ လိပ်ပြာကောင်၏ ဤသဘာဝလုပ်ရပ်ကို အစွဲပြုပြီး သင်္ဘောသားလောက မှာ ကောင်မလေး တစ်ယောက်ပြီး နောက် တစ်ယောက် ပြောင်းတွဲ သူကို ဘတ်တာဖလိုင်းဟု ကောင်မလေးတွေက သတ်မှတ် ထားကြသည်။

ဘာတာဖလိုင်း ဆိုသော ဥပမာအလင်္ကာမြောက် ဗန်းစကားသည် သင်္ဘောသားလောကနှင့် ပြည့် တန်ဆာလောက မှာ မသိသူရှားသောစကားဖြစ်သည်။ ဒါကြောင့် သင်္ဘောသားလောကသား အချင်းချင်း သတိပေး စကားပြောကြားကြလေ့ရှိသည်။
" ဘရာဇီးနိုင်ငံ ကို ရောက်ရင် တစ်ယောက်ဆို၊ တစ်ယောက်၊ ပိတောက်ဆိုပိတောက် လုပ်နော် ကိုယ့်လူ၊ ဘတ်တာဖလိုင်း လုပ်ရင် မသာအတိုင်းဖြစ်သွားမယ် "
ဘရာဇီးနိုင်ငံ ဆိပ်ကမ်းမြို့ဖြစ်သည့် ဆန်းတော့စ်မှာ ဓားဖြင့် အထိုးခံရပြီး သေဆုံးသွားသည့် မြန်မာ သင်္ဘောသား တစ်ဦး၏ နာမည်ကို ပြောကြလေ့ရှိသည်။ ဘာတာဖလိုင်းလုပ်လျှင် ... ရဲ့ မသာ အတိုင်းဖြစ်သွား မည်လို့ ပြောကြတာဖြစ်သည်။ အဲဒီမြန်မာသင်္ဘောသားသည် ဘာတာဖလိုင်း လုပ်မိလို့ သူ့ချစ်သူဟောင်းက လူငှားပြီး ဓားဖြင့် ထိုး သတ်ခိုင်းလိုက်တာဖြစ်သည်။
သူတို့သင်္ဘော သည် ဂျပန်နှင့် တောင်အမေရိကတိုက်က နိုင်ငံတွေဖြစ်သည့် ပနားမား၊ ဘရာဇီး၊ အာဂျင်တီးနား၊ ဥရုဂွေး နိုင်ငံတွေ ဆီကို နှစ်လတစ်ခေါက် ပုံမှန်ပြေးဆွဲနေသည်။ ဂျပန်လို ဈေးကြီး ပြီး သင်္ဘောသားကို အထင်မကြီး သည့် နိုင်ငံမှာ အကြောသတ်ပြီး အမြီးကုပ်နေကြသော် လည်း တောင်အမေရိက လို ဈေးပေါပြီး နိုင်ငံခြားသား ကို အထင်ကြီးသည့် နိုင်ငံတွေမှာ ကောင်မချောချော လေးတွေကို တစ်ယောက်ပြီး တစ်ယောက် တွဲပြီး ကဲကြတော့သည်။

ဘရာဇီးနိုင်ငံ က ကောင်မလေးတွေ ချောကြပါသည်။ ဘရာဇီးသူလေးတွေသည် အချစ်ကြီးသလို အငြိုးလည်း ကြီးကြ သည်။ မိမိကို သစ္စာဖောက်သည်ဟု သိပြီဆိုလျှင် လူသတ်သမား ငှား၍သော် လည်းကောင်း၊ မိမိကိုယ်တိုင်သော် လည်းကောင်း ဘာတာဖလိုင်းလုပ်သည့် မိမိ၏ ချစ်သူကို သတ်ဖို့ ၀န်မလေးသူတွေဖြစ် သည်။
ကိုလိပ်ပြာတို့၏ သင်္ဘောသည် ဂျပန်နှင့် တောင်အမေရိကကို နှစ်လတစ်ကြိမ် (ရက်ဂူလာ) ပုံမှန်ပြေးဆွဲနေသည့် သင်္ဘောဖြစ်သည့် အတွက် အဲဒီသင်္ဘောက သင်္ဘောသားတွေကို တောင်အမေရိကတိုက်ရှိ ဆိပ်ကမ်းမြို့တွေ က ကောင်မလေးတွေ တနင့်တပိုးရကြလို့ အဲဒီသင်္ဘော က သင်္ဘောသားတွေကို တန်းတန်းစွဲ မခွဲတမ်း ဖက်တွယ် ထားကြသည်။

သင်္ဘောသားတွေကလည်း ဂျပန်နိုင်ငံက ဈေးချရောင်းသည့် အလှကုန်ပစ္စည်းတွေနှင့် အဟောင်း ဈေးဖြင့် မတရားလျှော့ရောင်း သည့် လျှပ်စစ်ပစ္စည်းအမျိုးမျိုးတွေကို ၀ယ်ယူ လာပြီး ကောင်မလေး တွေ ကို ပေး သည်။ ကောင်မလေးတွေက သူတို့ တစ်သက်နှင့်တစ်ကိုယ် ၀ယ်မသုံးနိုင်သည့် ဂျပန် နိုင်ငံလုပ် မီးပူ၊ ပန်ကာ၊ အပေါ်စက်၊ အောက်စက်၊ ရေခဲသေတ္တာ ဆိုတာတွေကို မိမိ၏ ချစ်သူ၊ သင်္ဘောသားဆီက ရနေသည့် အတွက် ကိုယ့်လူ ကို အသေဖက်တွယ်ထားတော့သည်။ ကိုယ့်လူက ဘတ်တာဖလိုင်း လုပ်သွားမှာ ကို ကြောက်လို့ သတိပေးစကားမကြာခဏ ပြောပေးနေရသည်။
" မီယာမိုး၊ ဘာတာဖလိုင်း မလုပ်ရဘူးနော်၊ လုပ်ရင်တော့ ဓားနဲ့ထိုးသတ်မယ် "
ဘရာဇီးနိုင်ငံ သည် နှစ်ပေါင်းတစ်ရာကျော်အောင် စပိန်ကိုလိုနီနိုင်ငံ ဖြစ်ခဲ့လို့ စပိန်စကားပြော သည်။ မီယာမိုး ဆိုတာ စပိန်ဘာသာစကား(အချစ်ဆုံးကြီး)လို့ အဓိပ္ပာယ်ရသည်။ မောင်ရေ ခင်ရေ လို့လည်း အဓိပ္ပာယ်ရသဖြင့် လိုအပ်သလို သုံးနိုင်သည်။ မီယာမိုးဆိုတဲ့အသံထွက်ဟာ မီနှင့် အာမို ကို ပေါင်းစပ်ထားတာဖြစ်သည်။ မီဆိုတာ (ငါ) အာမိုဆိုတာ (အချစ်)လို့ အဓိပ္ပာယ်ရသည်။ ငါ့ရဲ့ ချစ်သူလို့ ခေါ်လိုက်တာဖြစ်သည်။ စပိန်အမျိုးသမီး ကိုတွေ့လျှင် မီယာမိုးလို့သာ ခေါ်လိုက်ပါ။ စိတ် မဆိုးဘဲ ပြုံးပြသွားပါလိမ့်မယ်။

စပိန်စကားပြောသည့် အမျိုးသမီးက မီယာမိုးလို့ အခေါ်ခံရသည့် သင်္ဘောသားကလည်း မူချိုမီယာ မိုး (သိပ်ချစ်တာပဲကွယ်) လို့ ပြန်ပြောမည်ဖြစ်သည်။ အဲဒီလို ခိုင်မြဲနေသည့် သံယောဇဉ်ကြိုးကို ဖြတ်ပြီး ပန်းပွင့်ပြောင်းစုပ် ရန်ကြံစည်သည့် ချစ်လိပ်ပြာ မြန်မာသင်္ဘောသားတစ်ယောက်ဘရာဇီး နိုင်ငံ ဆန်းတော့စ်မြို့ မှာ ဓားထိုးအသတ်ခံလိုက်ရသည်။
ဂျပန်နိုင်ငံ လုပ် လက်ဆောင်ပစ္စည်းတွေ တစ်ပွေ့တစ်ပိုက်ဖြင့် ပြန်လာမည့် ချစ်သူသင်္ဘောသား ကို မျှော်နေသည့် ကောင်မလေး ခမျာ မျှော်ရကျိုးမနပ်ဖြစ်သွားသည်။ သူမ၏ ချစ်သူ သင်္ဘောသား က နောက်တစ်ယောက်နှင့် တွဲနေပြီး ဂျပန်ပြန်လက်ဆောင်တွေ ကိုလည်း နောက်တွဲနေသည့် ကောင် မလေး ကို ပေးပစ်လိုက် လို့ စိတ်နာသွားတော့သည်။

စိတ်နာတယ်ဆိုတာထက် စူဠသုပဘဒ္ဒါလို ခံစားရပြီး ရှက်သွားတာဖြစ်သည်။ အချစ်ဆုံးသူ၏ အမုန်းဖြစ်လို့ ဒင်း ကို သေအောင်သတ်ရမှ ကျေနပ်နိုင်မည်ဟု ကြုံးဝါးပြီး သင်္ဘောပေါ်က ပြန်ဆင်း သွားတော့သည်။ သူပြန်သွားလို့ ကိစ္စပြီးပြီ လို့ ထင်ထားသည့် ချစ်လိပ်ပြာ သင်္ဘောသား အတွက်မှား ခဲ့ပါသည်။ အဲဒီနေ့ညက နိုက်ကလပ်က အပြန် မှာ မှောင်ရိပ်ကထွက်လာသည့် လူသတ်သမားက သူ့ကိုမှရွေးပြီး ဓားဖြင့် အသေ ထိုးသတ်လိုက် ပါတော့သည်။

သင်္ဘောသား ကိုလိပ်ပြာ ကို သတ်သူဟာ စူဠသုဘဒ္ဒါပါလို့ စွပ်စွဲရမှာခက်နေသည်။ လူသတ်သမား သည် ကပ္ပလီ လူမည်း ယောက်ျားကြီးဖြစ်နေသည်။ အခင်းဖြစ်ပွားချိန်မှာ စူဠသုဘဒ္ဒါသည် အခြား သင်္ဘောတစ်စီးပေါ် မှာ ရောက်ရှိနေပြီး အခြားသင်္ဘောသားတစ်ယောက်၏ အသုံးတော်ခံအဖြစ် ၀န်ဆောင်မှုပေးနေသည့် အချိန်ဖြစ်နေသည်။
ဒီလူသတ်မှုဖြစ်စဉ် မှာ တရားခံလက်သည် ရှာမရဖြစ်သွားသည်။ လူမည်း လူသတ်သမား သည် မြန်မာသင်္ဘောသား ကို ဓားဖြင့် အသေထိုးသတ်ပြီး မှောင်၇ိပ်ထဲကို ၀င်ရောက်ပျောက်ကွယ် သွားခဲ့လို့ဖြစ် သည်။ လူသတ်သမား သည် အမျိုးသမီးမဟုတ်၊ ဒူဠသုဘဒ္ဒါ မဟုတ် ဆိုတာ မျက်မြင်သက်သေတွေက ထွက်ဆိုကြသည့် အတွက် တရားခံလက်သည်ရှာမရဖြစ် ခဲ့ရပါသည်။ သင်ခန်းစာကတော့ သင်္ဘောသား အပေါင်းတို့ သည် ဘရာဇီးနိုင်ငံ မှာ ဘာတာဖလိုင်း မလုပ်မိဖို့ပင်ဖြစ်သည်။
ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မည်။ မကောင်းတာလုပ်လျှင် မကောင်းတာဖြစ်မည်။

ဆက်ရန်
.

No comments: